အခန်း ၉၆၃
Vol. 65 Ch. 963
အခန်း ၉၆၃ - ယာဂါမီတာအိချိမျက်နှာကို ထောက်ထားကြပါဦး
"ထူးဆန်းလိုက်တာ။ လမ်းတစ်လျှောက်လုံး သားရဲတစ်ကောင်လေးတောင် ဘာလို့မတွေ့ရတာပါလိမ့်"
ကျန်းမုန့်လောင်သည် ဦးတည်ရာတစ်ခုသို့ ရက်အတော်ကြာအောင် ပျံသန်းလာခဲ့သည်။ အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်သက်ရှိများကို မတွေ့ရခြင်းမှာ နားလည်ပေးနိုင်စရာပင်။ အကြောင်းမှာ ထိုကဲ့သို့သော အဆင့်မြင့်သားရဲများမှာ အလွန်ပေါများခြင်း မရှိသောကြောင့်ပင်။
သို့သော် အဆင့်ငါးသားရဲတစ်ကောင်ကိုပင် မတွေ့ရခြင်းမှာမူ အနည်းငယ် အဓိပ္ပာယ်မဲ့လွန်းလှသည်။
"ကျောင်းအုပ်ကြီး.. ဘိုတာမွန်မှာ နဂါးမျိုးနွယ်စုရဲ့ သွေးဆက်ခံမှု ပါဝင်တဲ့အပြင် သူ့ရဲ့ အမြင့်ဆုံးပုံစံက နဂါးမျိုးနွယ်စုရဲ့ ရန်သူတော်ကြီးတောင် ဖြစ်နေတာပါ။ သူက ငယ်ရွယ်တဲ့ အဆင့်မှာပဲ ရှိနေသေးတယ်ဆိုပေမဲ့ ပြောရမယ်ဆိုရင် သူ့ရဲ့သွေးဆက်ခံမှုက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ စကြဝဠာသားရဲတွေကြားမှာ သွေးဆက်ခံမှုအဆင့်သတ်မှတ်ချက်တွေက အရမ်းတင်းကျပ်တဲ့အတွက် ဘိုတာမွန်ရဲ့ အငွေ့အသက်ကို ခံစားမိရုံနဲ့တင် တခြားသားရဲတွေ လန့်ပြေးသွားကြတာ ဖြစ်ပါလိမ့်မယ်"
"မင်းက တကယ်အထင်ကြီးချင်စရာပဲ"
ကျန်းမုန့်လောင်က သူ့ပခုံးပေါ်ရှိ ဘိုတာမွန်ကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"သာမန်လောက်ပါပဲ။ အစ်ကိုကြီးကမှ တကယ်အထင်ကြီးချင်စရာကောင်းတာပါ"
ဘိုတာမွန်က နေကာမျက်မှန်တစ်လက်ကို တပ်ထားပြီး ပါးစပ်ထဲတွင်လည်း ဆေးလိပ်တစ်လိပ်ကို ကိုက်ထားသေးသည်။
ဘိုတာမွန်လို ချစ်စရာကောင်းသည့် ကောင်လေးတစ်ကောင်က အဘယ်ကြောင့်များ ဤမျှ လမ်းသရဲဆန်သည့် သတ္တဝါလေးအဖြစ် ပြောင်းလဲသွားရသလဲဟု သိချင်နေပါက ကျန်းမုန့်လောင်ကိုသာ မေးကြည့်သင့်ပေသည်။
'တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး"ဟူသော စကားအတိုင်း ကျန်းမုန့်လောင်က ဤနေရာတွင် သူလုပ်ချင်ရာကို လွတ်လွတ်လပ်လပ် လုပ်နေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူနှင့်အတူ အမြဲသွားလာနေသော ဤအကောင်ပေါက်လေးအနေနှင့် မည်သည့် အလေ့အကျင့်ကောင်းများကို သင်ယူနိုင်မည်နည်း။
နာမည်ပြောင်နှင့် ပတ်သက်၍မူ ကျန်းမုန့်လောင်သည် ဘောလုံးလေးတစ်လုံးက သူ့ကို နေ့တိုင်း "အဖေ" ဟု ခေါ်နေခြင်းမှာ အလွန်ထူးဆန်းသည်ဟု ခံစားရသဖြင့် ဘိုတာမွန့်ကို သူ့အား "အစ်ကိုကြီး"ဟုသာ ပြောင်းခေါ်ခိုင်းခဲ့သည်။
ထိုမျှသာမက ဤသို့အလိုလိုက်ထားသည့် ကာလတစ်ခုအကြာတွင် ဘိုတာမွန်လေးသည် တိုင်ရန်နိုဆောရပ်စ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲရန် အဆင်သင့်ဖြစ်နေချေပြီ။ သူ့သက်ရှိအဆင့်ကလည်း အဆင့်လေးသို့ ရောက်လာခဲ့သည်။ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုက သူ့ကို အဆင့်ခြောက်သက်ရှိအဖြစ်သို့ တွန်းပို့ပေးနိုင်သည်ဖြစ်ရာ ဤသည်မှာ သူ့အတွက် သိသာထင်ရှားသော အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။
"ဟူး.. သားရဲတွေ မရှိရင်လည်း ထားပါတော့။ ဒါပေမဲ့ မြို့တစ်မြို့ရဲ့ အရိပ်အယောင်လေးတောင် ဘာလို့ မတွေ့ရတာလဲ"
ကျန်းမုန့်လောင်က လူအရိပ်အယောင် တစ်စုံတစ်ရာမျှမရှိဘဲ ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသော တောင်တန်းများနှင့် လွင်ပြင်များကို လှမ်းကြည့်လိုက်သည်။
"ဒီအတိုင်းသာ ဆက်သွားနေရင် ငါ့ဟိုတယ်ကိုတောင် လက်ခွဲဖွင့်လို့ ရတော့မှာမဟုတ်ဘူး"
"ကျောင်းအုပ်ကြီး.. ရှေ့နားမှာ စွမ်းအင်တုံ့ပြန်မှုတစ်ခုကို ကျွန်တော် ထောက်လှမ်းမိပါတယ်"
ကောထန်က ရုတ်တရက် ပြောလိုက်သည်။
"လူအယောက်နှစ်ဆယ်သုံးဆယ်လောက် ရှိနိုင်ပါတယ်။ အကုန်လုံးက အဆင့်ငါး အထွတ်အထိပ် သက်ရှိတွေချည်းပဲ"
"နောက်ဆုံးတော့ လူတွေ တွေ့ရပြီပဲ။ ဘိုတာမွန်.. သွားနှုတ်ဆက်ကြရအောင်"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"သူတို့ဆီမှာ အနီးအနားက မြို့တွေနဲ့ ပတ်သက်တဲ့ သတင်းတချို့ ရှိကောင်းရှိနိုင်တယ်"
"ရတာပေါ့ အစ်ကိုကြီးရ"
ဘိုတာမွန်လေးက တက်ကြွနေပုံရသည်။ အကြောင်းမှာ မွေးဖွားလာပြီးကတည်းက သူ့အတွက် ဤသည်မှာ ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းဖြစ်လေရာ အရာအားလုံးအပေါ် စပ်စုချင်စိတ်များ ဖြစ်ပေါ်နေသောကြောင့်ပင်။
...
ထူထပ်လှသော သစ်တောကြီးတစ်ခု၏ အစွန်အဖျားတွင် ပုံရိပ်ငါးခုက လျင်မြန်စွာ ရွေ့လျားနေသည်။ သူတို့တွင် အလွန်ထင်ရှားသော လိင်ပိုင်းဆိုင်ရာ လက္ခဏာများ ရှိကြ၏။ အမျိုးသမီးသုံးယောက်နှင့် အမျိုးသားနှစ်ယောက်ပင်။ အားလုံးမှာ သွယ်လျသော ကိုယ်ခန္ဓာများနှင့် အလွန်လှပသော ရုပ်သွင်များ ရှိကြသည်။ သူတို့၏ ထူးခြားသော နားရွက်များအရ သူတို့သည် သီးခြားစကြဝဠာအင်ပါယာတစ်ခုမှ နတ်သူငယ်မျိုးနွယ်စုများ ဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပေသည်။
သို့သော်လည်း ပုံမှန်ရှိနေကျ သူတို့၏ ကြော့ရှင်းမှုများမှာ သိသိသာသာ ပျောက်ဆုံးနေပြီး ဆီးနှင်းအလား ဖြူဖွေးသော အသားအရည်ပေါ်တွင် သွေးစက်များ ထင်ကျန်နေခြင်းမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲလာခဲ့ရကြောင်း ညွှန်ပြနေပေသည်။
"သောက်ကျိုးနည်း.. အဲဒီလူယုတ်မာက ငါတို့ကို တကယ်ကြီး ချုံခိုတိုက်ခိုက်ရဲတယ်ပေါ့လေ"
"အဲဒီသားရဲကသာ ငါတို့ရဲ့ စွမ်းအင်တွေအားလုံးနီးပါးကို စုပ်ယူမသွားဘူးဆိုရင် သူတို့ကို ငါတို့က ကြောက်နေစရာလား"
ကျောဘက်တွင် ရွှေရောင်လေးတစ်လက်ကို လွယ်ထားသော နတ်သူငယ်အမျိုးသားတစ်ယောက်က အလျှော့မပေးလိုသော အမူအရာဖြင့် ပြောလိုက်သည်။ သူ့ပခုံးပေါ်တွင် တစ်စုံတစ်ခုက ဆွဲဖြဲထားသည့်နှယ် နက်ရှိုင်းလှသော ဒဏ်ရာတစ်ခု ရှိနေချေသည်။
"အဲဒီသားရဲဆီကနေ အဆင့်ခြောက်သိုင်းလက်နက်တစ်ခု ထွက်ကျလာမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက ခဏခဏ ဖြစ်လေ့ရှိတဲ့ကိစ္စ မဟုတ်ဘူးလေ။ ဒါကြောင့် ပစ်မှတ်ထားခံရတာကလည်း ရှောင်လို့မရဘူးပေါ့"
"ငါတို့သာ အဆုံးအထိ တောင့်ခံထားနိုင်မယ်ဆိုရင် ဘုရင်ကြီးပေးမယ့် ဆုလာဘ်က ငါတို့ မျှော်လင့်ထားတာထက် သေချာပေါက် သာမှာပဲ"
သားရဲတစ်ကောင်ထံမှ ပစ္စည်းများ ထွက်ကျလာသောအခါ အရည်အသွေးကို အလင်းစက်လုံး၏ အရောင်ဖြင့် အကဲဖြတ်နိုင်ပေသည်။ အကယ်၍ အဖြူရောင်ဆိုပါက အရည်အသွေးမှာ သာမန်မျှသာဖြစ်ပြီး အစိမ်းရောင်အလင်းစက်လုံးဆိုလျှင်မူ ပိုကောင်းမည်သာ။ အနီရောင်အလင်းစက်လုံးဆိုပါက အခြေခံအားဖြင့် အဆင့်ငါးစွမ်းအင်သလင်းကျောက်များ သို့မဟုတ် ၎င်းနှင့် အဆင့်တူသော အရာများဟု ဆိုလိုပေသည်။
ခရမ်းရောင်ကမူ အလွန်အမင်း ရှားပါးပြီး ထိုကဲ့သို့သော ရတနာများမှာ ယေဘုယျအားဖြင့် စကြဝဠာဒင်္ဂါး ဘီလီယံဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းချီ၍ပင် တန်ကြေးရှိနိုင်ပေသည်။
စောစောက သူတို့ အဆင့်ငါး အထွတ်အထိပ် သက်ရှိ သားရဲတစ်ကောင်ကို ပူးပေါင်းဖမ်းဆီးခဲ့ကြလေရာ ထိုသားရဲထံမှ အနက်ရောင်အလင်းစက်လုံးတစ်ခု ထွက်ကျလာခဲ့သည်။
လူအများအပြားသည် အခြားသူများ အမဲလိုက်နေချိန်တွင် သတ်ဖြတ်လုယက်လိုသော ရည်ရွယ်ချက်များ ရှိတတ်ကြသော်လည်း ထိုနည်းလမ်းမှာ သူတို့ရရှိမည့် အကျိုးအမြတ်က တိုက်ခိုက်ခြင်း၏ ကုန်ကျစရိတ်ထက် သာလွန်နေမည်ဟူသော အချက်အပေါ်တွင် အခြေခံပေသည်။
သူတို့ အမဲလိုက်နေချိန်တွင် အနီးအနား၌ လူတစ်စု ပုန်းကွယ်နေသည်ကို ခံစားမိခဲ့သည်။ အကယ်၍ အစိမ်းရောင် သို့မဟုတ် အနီရောင် အလင်းစက်လုံးတစ်ခုသာ ဖြစ်မည်ဆိုပါက ထိုလူများအနေနှင့် အလွန်ဆုံးရှိလှ မနာလိုရုံသာ ဖြစ်နိုင်ပေသည်။ အကြောင်းမှာ နတ်သူငယ်မျိုးနွယ်စုများသည် ပုံမှန်လူသားသိုင်းပညာရှင်များထက် များစွာ ပိုမိုအားကောင်းသော စွမ်းအင်အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားကြပြီး စကြဝဠာဒင်္ဂါး ဘီလီယံအနည်းငယ်ခန့် တန်ဖိုးရှိသော ပစ္စည်းများအတွက်နှင့် ပြင်းထန်သော ပဋိပက္ခတစ်ခုကို စတင်ရန် မလိုအပ်သောကြောင့်ပင်။
သို့သော် ထိုအနက်ရောင်အလင်းစက်လုံးကို မြင်လိုက်ရသောအခါတွင်မူ သူတို့ မအောင့်အည်းနိုင်တော့ပေ။ အနက်ရောင်စက်လုံးထဲမှ ထွက်ပေါ်လာမည့် ပစ္စည်းများသည် အဆင့်ခြောက်သက်ရှိများပင် လိုချင်တပ်မက်မည့် ရတနာများ ဖြစ်လာနိုင်ခြေမြင့်လှသည်။
ဤနတ်သူငယ်ရတနာရှာဖွေသူများ သတိလက်လွတ်ဖြစ်သွားသည့် အခိုက်အတန့်တွင် အဖွဲ့ငယ်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
အကယ်၍ သူတို့သာ အင်အားအပြည့်အဝ ရှိနေမည်ဆိုပါက ဤလူများကို ကြောက်ရွံ့နေမည် မဟုတ်သော်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဖြတ်သန်းပြီးနောက် သူတို့ခမျာ အင်အားကုန်ခမ်းကာ ဒဏ်ရာများလည်း ရထားကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့အနေနှင့် တိုက်ပွဲတစ်ခု၌ အရေးနိမ့်မည်မှာ သေချာပေါက်ပင်။
"ဘုန်း"
ရုတ်တရက်ဆိုသလို ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခုက သူတို့ဘက်မှ ထွက်ပေါ်လာပြီး ကြမ်းတမ်းသော ပေါက်ကွဲမှုလှိုင်းလုံးကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ လွင့်စင်သွားခဲ့ရသည်။
သူတို့ အလောတကြီး ထွက်ပြေးနေစဉ်အတွင်း တိုက်ခိုက်မှုလှိုင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ ယခုအခါတွင်မူ အသက်ရှင်ကျန်ရစ်လိုသော စိတ်ဆန္ဒတစ်ခုတည်းကိုသာ အားကိုးနေရသည်။ ဤတိုက်ခိုက်မှုကြောင့် သူတို့ မတ်တတ်ရပ်ရန်ပင် အလွန်ခက်ခဲသွားသည်။
"ကဲ.. နတ်သူငယ်မိတ်ဆွေတို့က ဘယ်သွားဖို့ စီစဉ်နေကြတာလဲ"
ထူထပ်သော မြူခိုးများအကြား လောဘတကြီး မျက်နှာထားများဖြင့် အခြားရတနာရှာဖွေသူအချို့ ထွက်ပေါ်လာသည်။ သူတို့ထဲရှိ တစ်ယောက်၏ ပခုံးပေါ်တွင် အသေးစားအလင်းတန်းအမြောက်တစ်လက် ပါရှိချေသည်။ ၎င်းမှာ ယခင်တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထင်ရှားလှပေသည်။
"ဒီလက်ကိုင်အလင်းတန်းအမြောက်က တကယ်အစွမ်းထက်တာပဲ။ လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်း သောင်းဂဏန်းကတည်းက တည်ရှိခဲ့တဲ့ မျိုးနွယ်စုတစ်ခုကနေ ရလာတာဆိုပေမဲ့ အဆင့်ငါးအလင်းတန်းအမြောက်ထက် ပိုပြီးထိရောက်တယ်"
"နတ်သူငယ်မိတ်ဆွေတို့.. ပစ္စည်းတွေကို ပေးလိုက်ပါတော့"
"အဆင့်ငါးအထွတ်အထိပ်သက်ရှိရှစ်ယောက်ရယ် ရတနာရှာဖွေရေးနယ်မြေထဲက ရလာတဲ့ နည်းပညာလက်နက်တွေရယ်"
နတ်သူငယ်များ၏ အမူအရာကား လေးနက်တည်ကြည်သွားသည်။
အစောပိုင်းက အလင်းတန်းအမြောက်၏ အစွမ်းမှာ အလွန်ကြီးမားလှသဖြင့် သူတို့ကို အပြင်းအထန်ဒဏ်ရာရစေနိုင်ပြီး သူတို့သည် တစ်ဖက်လူ၏ပြိုင်ဘက် လုံးဝမဟုတ်ကြောင်း ထင်ရှားနေပေသည်။
သို့သော် ယခုအချိန်တွင်သာ ပစ္စည်းများကို လက်လွှတ်လိုက်မည်ဆိုပါက သူတို့ ကြိုးစားအားထုတ်ထားသမျှ အရာအားလုံး အလဟဿဖြစ်သွားပေလိမ့်မည်။ ထို့ပြင် ပစ္စည်းများကို ပေးလိုက်မည်ဆိုလျှင်ပင် သူတို့ကို အလွတ်ပေးမည်ဟု အာမခံချက် မရှိပေ။ ဤသတင်းသာ ပျံ့နှံ့သွားပါက သူတို့အတွက် ပြဿနာများကို ဆွဲဆောင်နိုင်ပေသည်။
အဆင့်ခြောက် သိုင်းလက်နက်တစ်ခုဆိုသည်မှာ လူထောင်ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီသော လူများကိုပင် တစ်ယောက်ကိုတစ်ယောက် အရူးအမူးသတ်ဖြတ်လာစေရန် အကြောင်းဖန်ဖို့ လုံလောက်ပေသည်။
ထိုအချိန်ဝယ် သူတို့ကို လိုက်လံဖမ်းဆီးနေသော ရတနာရှာဖွေသူများလည်း ရောက်လာကြလေရာ သုံးပွင့်ဆိုင်အခြေအနေတစ်ခုကို ဖန်တီးလိုက်လေသည်။
"မင်းတို့က ဘယ်ကမှန်းမသိ ရောက်လာပြီး ငါတို့ရဲ့ သားကောင်ကို လုယူနိုင်မယ်လို့ ထင်နေတာလား။ ထွက်သွားစမ်း.. မဟုတ်ရင် မင်းတို့ကိုပါ သတ်ပစ်မယ်"
"စကားကြီးစကားကျယ်တွေ ပြောမနေနဲ့။ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ စောင့်ကြည့်လိုက်ကြတာပေါ့"
နှစ်ဖက်စလုံးတွင် လူရှစ်ယောက်စီရှိပြီး အင်အားချင်းကလည်း အလွန်ဘက်မျှနေသော်ငြား ဤအဖိုးတန်အဆင့်ခြောက်သိုင်းလက်နက်အတွက် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခုကိုတော့ ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပေ။
"စူပါမီးတောက်"
တိုက်ပွဲစတင်တော့မည့်ဆဲဆဲတွင် ရုတ်တရက်ဆိုသလို ပူပြင်းလောင်ကျွမ်းနေသော မီးလုံးကြီးတစ်လုံးက အထက်မှ ဆင်းသက်လာပြီး ထိုအဖွဲ့နှစ်ဖွဲ့ကြားသို့ ကျရောက်လာသည်။
"အဲဒါ ဘာကြီးလဲ"
အဖွဲ့သုံးဖွဲ့စလုံး အံ့အားသင့်သွားကြသည်။ မီးလုံး၏ ပေါက်ကွဲမှုမှာ နျူကလီးယားဗုံးတစ်လုံး၏ အစွမ်းသတ္တိမျိုး ပါဝင်ပြီး အပူချိန်ကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားလှ၏။
ကြည့်ရသည်မှာ သန္ဓေတည်စဉ်ကာလအတွင်း ကျန်းမုန့်လောင်၏ ထူးဆန်းမီးတောက်ကို စုပ်ယူထားခဲ့သော ဘိုတာမွန်လေးသည် ဆင့်ကဲပြောင်းလဲပြီးနောက် ထူးဆန်းမီးတောက်၏ အရိုင်းဆန်သော စွမ်းအားမျိုးနှင့်အတူ မီးတောက်များကိုပါ မှုတ်ထုတ်နိုင်ခြင်း ဖြစ်ဟန်တူသည်။
"ဘယ်သူလဲ"
"ဒုန်း.. ဒုန်း.. ဒုန်း"
ဆူညံလှသော ခြေသံများနှင့်အတူ အမြင့် ဆယ်မီတာကျော်ရှိသော လိမ္မော်ရောင် သတ္တဝါကြီးတစ်ကောင်က သူတို့ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။ ထိုသတ္တဝါတွင် သေးငယ်သော ရှေ့ခြေလက်တစ်စုံနှင့် တုတ်ခိုင်သော အမြီးတစ်ခု ပါရှိပြီး သူ့ပါးစပ်က ထွက်လာသော အပူငွေ့များကြောင့် အစောပိုင်းတုန်းက မီးလုံးမှာ ဤသတ္တဝါထံမှ ထွက်လာကြောင်း သိသာလှသည်။
ရုတ်ခြည်းပင် ထိုသတ္တဝါကြီး၏ ပခုံးပေါ်တွင် လူသားရတနာရှာဖွေသူတစ်ယောက် ရပ်နေသည်ကို သူတို့ သတိထားမိလိုက်သည်။
"ဟေး"
ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။
"မင်းတို့တွေအားလုံး တိုက်ခိုက်နေတာကို ရပ်လိုက်တာ ပိုကောင်းမယ်။ ငါ့သူငယ်ချင်း ယာဂါမီ တာအိချီရဲ့ မျက်နှာကို ထောက်ထားကြဦး"
**************************