အခန်း ၉၆၅
Vol. 65 Ch. 965
အခန်း ၉၆၅ - ငါတို့က အကျိုးအကြောင်း နားလည်တဲ့လူတွေပါ
"ခွန်အားသုံးပြီး ဖျန်ဖြေမယ်တဲ့လား။ ဘာကို ဆိုလိုချင်တာလဲ'
ထူးဆန်းလှသော ဤဝေါဟာရကြောင့် လူတိုင်း အနည်းငယ် တွေဝေသွားကြသည်။
"စကားနဲ့ပြောပြီး ဖျန်ဖြေလို့ အဆင်မပြေမှတော့ မင်းတို့တွေအကုန်လုံးကို သတ်ပစ်လိုက်ရုံပေါ့။ ဒါဆိုရင် အငြင်းပွားတာတွေ ရပ်တန့်သွားလိမ့်မယ်လေ"
ကျန်းမုန့်လောင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
နတ်သူငယ်မျိုးနွယ်စုသည် ငြိမ်းချမ်းရေးကို အမြတ်နိုးဆုံးဖြစ်ပြီး စစ်ပွဲကို ရွံရှာကြသည်။ ကျန်းမုန့်လောင်၏ စကားက သူတို့၏ ကမ္ဘာ့အမြင်ကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ ယုတ္တိမျိုးလဲ။ ကြားဝင်ဖျန်ဖြေပေးတယ်ဆိုတာ လူတိုင်း အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေမရှိဘဲ အဆင်ပြေပြေနေနိုင်အောင် လုပ်ပေးတာ မဟုတ်ဘူးလား။
လူတွေက မင်းရဲ့ ဖျန်ဖြေမှုကို နားမထောင်ဘဲ ဆက်တိုက်ခိုက်ချင်နေရင် သူတို့ကို သတ်ပစ်ဖို့ မင်းက ဆုံးဖြတ်ထားတယ်ပေါ့...
တိုက်ပွဲကို ရပ်တန့်နိုင်တယ်ဆိုပေမဲ့ ဒါက အရမ်း အဓိပ္ပာယ်မဲ့လွန်းနေတယ်လေ...
ဤကိစ္စက ကျိုးကြောင်းသင့်တော်မှု ရှိမရှိဆိုသည်ကို အသာထား။ ကျန်းမုန့်လောင်ဘက်တွင် လူတစ်ယောက်နှင့် စကြဝဠာသားရဲတစ်ကောင်သာ ရှိပြီး ကျန်တစ်ဖက်တွင်မူ အဆင့်ငါးအထွတ်အထိပ် ရတနာရှာဖွေသူ၁၆ယောက်အထိ ရှိ၏။ အတိအကျပြောရလျှင် ဘယ်သူက ဘယ်သူ့ကို သတ်မတဲ့လဲ။
"ဟားဟားဟား.. အရူးတစ်ယောက် ရောက်လာတဲ့ပုံပဲ"
"ငါတို့ကိုသတ်မယ် ဟုတ်လား။ မင်းရဲ့သားရဲကသာ အဆင့်ငါးအထွတ်အထိပ်မှာဆိုရင် ငါတို့ နည်းနည်းလောက် ကြောက်ချင်ကြောက်လိမ့်မယ်။ မင်းက အဆင့်ခြောက်သိုင်းလက်နက်ကို အားကိုးနေတဲ့ သာမန်အဆင့်ငါး အခြေခံသက်ရှိလေးပဲဟာကို။ မင်းတစ်ယောက်တည်းနဲ့ ငါတို့တွေကို ခြိမ်းခြောက်နိုင်မယ်လို့များ ထင်နေတာလား"
"အခု ငါတို့ စိတ်ပြောင်းသွားပြီ။ မင်းရဲ့ သိုင်းလက်နက်ကိုပါ ပေးလိုက်စမ်း။ မဟုတ်ရင် အိုမင်းမစွမ်းဖြစ်ပြီး ဒဏ်ရာရနေတဲ့ နတ်သူငယ်တွေနဲ့အတူ မင်းပါ သေရလိမ့်မယ်"
"ဟူး.. ဒီနေ့ခေတ် လူတွေက ဘာလို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေကြတာလဲ"
ကျန်းမုန့်လောင်က ပညာရှိအဘိုးအိုတစ်ယောက်အလား သက်ပြင်းချ၍ ခေါင်းခါယမ်းလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ယုံကြည်မှုလွန်ကဲလွန်းရင်တော့ အသာလေး ဖျက်ဆီးခံရတတ်တယ်"
"သူ့ကို အထင်မသေးနဲ့။ ဒီကောင်က ငါတို့တွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေတာ။ အဲဒါက ဟန်ဆောင်နေတာ မဟုတ်ဘူး"
လူတစ်ယောက်ကမူ ကျန်းမုန့်လောင်၏ အမူအရာမှာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ထိုကဲ့သို့သော ခိုင်မာလှသည့် ယုံကြည်မှုမျိုးကို ဟန်ဆောင်၍ မရနိုင်ပေ။
"လော့ဒင်.. မင်း အရမ်းသတိထားလွန်းနေတာပါကွာ။ ငါတို့ထဲက ဘယ်သူကမှ ထိပ်သီးစာရင်းဝင်ထဲမှာ မပါဘူးဆိုပေမဲ့ မင်းက ထိပ်ဆုံးအယောက်တစ်သိန်းစာရင်းထဲမှာ ပါတာပဲလေ။ သူက ငါတို့၁၆ယောက်ကို တိုက်ခိုက်မယ်ပေါ့။ သူ့ကိုယ်သူ ရီထျန်းဂိုဏ်းကလို့များ ထင်နေတာလား"
"အယ်"
ကျန်းမုန့်လောင်က အံ့သြသွားဟန်တူသည်။
"မင်းတို့က ဘယ်လိုလုပ်သိတာလဲ။ ငါ ဝတ်ရုံလည်း မဝတ်ထားဘဲနဲ့ မင်းတို့က ငါ့ကို မှတ်မိနေတာလား"
"ဘာ"
ချက်ချင်းဆိုသလိုပင် ထိုလူ၁၆ယောက်မှာ ကျောက်ရုပ်အလား ငြိမ်သက်သွားကြသည်။
သူတို့၏ အကြည့်အောက်မှာပင် ကျန်းမုန့်လောင်က ရီထျန်းဂိုဏ်းကို ကိုယ်စားပြုသော ဝတ်ရုံဖြူတစ်ထည်ကို ထုတ်လိုက်သည်။
"ဟူး.. ငါက လူမသိသူမသိနေချင်တာကို မင်းတို့တွေက ငါ့ကို မှတ်မိသွားကြတယ်ပေါ့လေ"
"သွားပြီ... အားလုံးပြီးသွားပြီ..."
ထို၁၆ယောက်ခမျာ ရုတ်တရက်ဆိုသလို အသက်ရှူမဝတော့သလို ခံစားလိုက်ရသည်။
ဤရတနာရှာဖွေရေးနယ်မြေထဲတွင် လူတိုင်းက မဖြစ်မနေ ယှဉ်ပြိုင်ကြရသည်တော့ မဟုတ်ပေ။ အကယ်၍ သူတို့က အကျိုးအမြတ်အတွက် ရည်ရွယ်ချက်မရှိဘဲ စွမ်းရည်တူညီသောလူ သို့မဟုတ် အဖွဲ့တစ်ဖွဲ့နှင့် ဆုံတွေ့ပါက အများစုမှာ ပြင်းထန်လှသော ပဋိပက္ခများကို ရင်ဆိုင်လေ့မရှိကြပေ။ တစ်ခါတလေ သူတို့သည် သတင်းအချက်အလက်များကိုသာ ဖလှယ်လေ့ရှိကြ၏။
ဤကာလအတွင်း သူတို့သည် အဖွဲ့ပေါင်းရာနှင့်ချီ၍ ဆုံတွေ့ခဲ့ပြီး သူတို့ထံမှ အချက်အလက်အများအပြားကို သိခဲ့ရသည်။
သို့သော် သတင်းအများစုမှာ ရီထျန်းဂိုဏ်းနှင့်သာ သက်ဆိုင်နေပေသည်။ ဤရတနာရှာဖွေရေးနယ်မြေ စတင်ဖွင့်လှစ်ကတည်းက သူတို့သည် မျိုးနွယ်စုအားလုံး၏ အာရုံစိုက်ရာဗဟိုချက် ဖြစ်လာခဲ့သည်။
မကြာသေးခင်က သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ခံတပ်အကြောင်းအပြင် ရီထျန်းဂိုဏ်းဝင်များနှင့် ပတ်သက်သည့် ပုံပြင်များကလည်း ရတနာရှာဖွေရေးနယ်မြေထဲတွင် ပျံ့နှံ့နေပြီး တစ်ခုက နောက်တစ်ခုထက် ပိုအားကောင်းကာ ပို၍ပင်လွန်ကျူးနေပေသည်။
လျှိုညီအစ်ကိုဟု ကိုယ့်ကိုယ်ကိုယ် သမုတ်ထားသူတစ်ယောက် အဆီတုံးမြွေဟုခေါ်သော စကြဝဠာသားရဲတစ်ကောင်ကို စီးနင်းလေ့ရှိ၏။ သတင်းများအရ သူသည် စီးကရက်ဟုခေါ်သော အရာတစ်ခုကို အမြဲသောက်လေ့ရှိပြီး မီးတောက်နေသော အဖျားကို သူ့ပါးစပ်ထဲသို့ ထည့်ထားတတ်သည်ဟု ဆို၏။ ထို့ပြင် တစ်ချိန်တည်းမှာပင် သူသည် ပြာရည်ပုလင်းတစ်လုံးကို ကိုင်ထားပြီး ရေဆာသည့်အခါ ထိုရေကို သောက်လေ့ရှိသည်။ စင်စစ်ထူးခြားဆန်းကြယ်သူတစ်ဦးပင်။
အခြားတစ်ယောက်ဖြစ်သည့် လုပန်ဝေ့အမည်ရှိ ပိန်ပိန်ပါးပါး လူတစ်ယောက်မှာ မျောက်တစ်ကောင်အလား ပိန်ချုံးနေပြီး နားကွဲမတတ် စူးရှလှသော အသံများကို အဆက်မပြတ် အော်ဟစ်လေ့ရှိသည်။
ထိုနှစ်ယောက်မှာ ခွဲခြား၍မရသော အတွဲတစ်တွဲဖြစ်ပြီး နေရာအနှံ့ လျှောက်သွားနေတတ်ကြသည်။
သူတို့သည် လုံးဝ အရှက်မရှိကြပေ။ ရတနာရှာဖွေသူများကို ဘယ်သောအခါမှ တိုက်ရိုက် မတိုက်ခိုက်ဘဲ အခြားနည်းလမ်းတစ်ခုကိုသာ ရွေးချယ်လေ့ရှိသည်။ သားကောင်ကို တွေ့သောအခါတွင်မူ သူတို့အချင်းချင်း စတင်တိုက်ခိုက်ကြသည်။
တစ်ယောက်က "လုပန်ဝေ့.. မင်း လူယုတ်မာကောင်" ဟု အော်ဟစ်ပြီး နောက်တစ်ယောက်ကမူ "သေနာကျိုးကန်း ဝတုတ်ကောင်"ဟု ကျိန်ဆဲ၍ နာရီဝက်ခန့် အဆက်မပြတ် ငြင်းခုံကြသည်။
ထိုအခါ အခြားရတနာရှာဖွေသူများက သိချင်စိတ်ဖြင့် ကြည့်ရှုရန် စုရုံးလာကြသည်။
သို့သော် ဤသည်မှာ သူတို့၏ ရည်ရွယ်ချက်ပင်။
သူတို့ စတင်တိုက်ခိုက်သည့်အခါတိုင်း ထိုမြင်ကွင်းကား သာမန်လူများကို သားကောင်ဖြစ်စေသော နတ်ဘုရားတိုက်ပွဲတစ်ပွဲ ဖြစ်လာသည်။ သူတို့၏ အင်အားမှာ လူသားပုံစံ စကြဝဠာသားရဲများနှင့် ဆင်တူပြီး တိုက်ပွဲတစ်ခုချင်းစီ၏ ဂယက်ရိုက်ခတ်မှုကြောင့် လူအုပ်စုကြီးတစ်ခုလုံး ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်ပေါ်တတ်သဖြင့် သူတို့အနေနှင့် လုယက်ရန် အခွင့်အရေး ရသွားသည်။
ထိုအချိန်မှသာ ရတနာရှာဖွေသူများလည်း သူတို့ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
သူခိုးကြီးဂွေဗားရာဟုခေါ်သော အခြားရီထျန်းဂိုဏ်းဝင်တစ်ယောက်လည်း ရှိသေးသည်။ သူသည် တိုက်ခိုက်ခြင်းကို မနှစ်သက်သော်လည်း သူဖြတ်သွားသည့် မည်သည့်နေရာတွင်မဆို လူအများမှာ သူတို့၏ ဘဏ်လက်ကျန်ငွေနှင့် အဝတ်အစားများမှလွဲ၍ အရာအားလုံး ပျောက်ဆုံးသွားကြောင်း တွေ့ရလေ့ရှိသည်။ အထူးသဖြင့် သူသည် နည်းပညာနှင့် အီလက်ထရောနစ်ပစ္စည်းများကို နှစ်သက်ပြီး အချို့လူများ၏ အေအိုင်များကိုပင် ခိုးယူသွားတတ်သည်။
ဤနေရာတွင် မိမိ၏အေအိုင်ကို ဆုံးရှုံးရခြင်းကား အသက်အန္တရာယ်ရှိစေနိုင်သည်။
ဂိုဏ်းထဲတွင် တွေ့ရသော အခြားသူများအားလုံးကလည်း ထူးခြားသောစွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ ဥပမာအားဖြင့် ကိုယ့်ကိုယ်ကိုယ် အချိန်စီမံခန့်ခွဲမှုဆရာတစ်ဆူဟု သတ်မှတ်ထားသူတစ်ယောက်သည် ရေတွက်၍မရနိုင်သော ကိုယ်ပွားများ ရှိနေဟန်တူသည်။ သူသည် တစ်ချိန်တည်းမှာပင် စကြဝဠာသားရဲများကို အမဲလိုက်ပြီး နောက်တစ်ချိန်တွင် အခြားနေရာ၌ လုယက်နေတတ်သဖြင့် အဆင့်မြင့်အာကာသနိယာမများစွာကို တတ်မြောက်ထားသည်ဟု သံသယရှိမိသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ပေါင်းများစွာ ရှိ၏။ ယခုအချိန်အထိ ရီထျန်းဂိုဏ်းဝင် မည်သူတစ်ဦးတစ်ယောက်ကိုမှ အလွယ်တကူ ကိုင်တွယ်ဖြေရှင်း၍ မရခဲ့ပေ။
ယခု သူတို့ရှေ့ရှိ လူငယ်လေးမှာ ရီထျန်းဂိုဏ်းမှဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့၏ ခြေထောက်များ တုန်ယင်လာလေတော့သည်။
"ဘာဖြစ်သွားတာလဲ။ မင်းတို့ပဲ တိုက်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ လုပ်လေ"
ကျန်းမုန့်လောင်က ပျော်ရွှင်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဘာလို့ ရပ်သွားတာလဲ"
"အာ.. လူကြီးမင်းပြောတာ မှန်ပါတယ်။ ဓားကိုချပြီး ဉာဏ်အလင်းပွင့်သွားပါပြီ။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့လူတွေပါ။ လူကြီးမင်းရဲ့ စကားတွေကို ကြားပြီးတဲ့နောက် ကျွန်တော်တို့ လုံးဝနားလည်သဘောပေါက်သွားပါပြီ"
"ဟုတ်ပါတယ်။ ကျွန်တော် အခုလေးတင် ပြန်စဉ်းစားကြည့်လိုက်တာ။ ကျွန်တော်တို့ တကယ်မှားသွားပါတယ်။ ကျွန်တော်တို့ အဲဒီလောက်အထိ အရှက်မရှိတဲ့ အလုပ်တွေကို မလုပ်သင့်ပါဘူး။ ကျွန်တော်တို့မှာ လက်တွေ ခြေထောက်တွေ ရှိတာပဲ။ ရတနာတွေကို ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားရှာဖွေသင့်တာပေါ့"
"ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပေးပါ့မယ်"
ကျန်းမုန့်လောင်၏ စွမ်းအားအစစ်အမှန်ကို သူတို့ မမြင်ဖူးသေးသော်ငြား အကယ်၍ မြင်လိုက်ရပြီဆိုလျှင်လည်း ဤရတနာရှာဖွေရေးခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ကြောင်း သူတို့ သိထားကြသည်။
"ခဏနေဦး.. မင်းတို့ကို ထွက်သွားလို့ရတယ်လို့ ငါ ပြောမိလို့လား"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်သည်။
"မင်းတို့ကို ငါက ဆက်တိုက်ခိုက်ဖို့ ပြောထားတယ်လေ။ ငါ့ကို မခန့်လေးစား လုပ်တာလား။ ဒါမှမဟုတ် အထင်သေးနေတာလား"
ရတနာရှာဖွေသူ အဖွဲ့နှစ်ဖွဲ့စလုံးမှာ ငိုချင်လာသည်။
စောစောကတော့ ခင်ဗျားပဲ မတိုက်ခိုက်ကြဖို့ ပြောနေပြီးတော့ အခုကျတော့ တိုက်ခိုက်စေချင်နေပြန်ပြီ။ ခင်ဗျား ဘာလိုချင်နေတာလဲ။
"ငါ အရမ်းခက်ခဲအောင် မလုပ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းတို့က သူတို့ကို လိုက်ဖမ်းပြီး ဒီလိုအခြေအနေမျိုး ရောက်အောင် လုပ်ခဲ့တာဆိုတော့ တောင်းပန်ပြီး စိတ်ရင်းစစ်မှန်ကြောင်း ပြသတဲ့အနေနဲ့ တစ်ခုခုပေးလိုက်တာက တရားမျှတတယ် မဟုတ်ဘူးလား"
"တရားမျှတပါတယ်.. အရမ်းတရားမျှတပါတယ်"
"အဟမ်း.. အဟမ်း"
ကျန်းမုန့်လောင်က ချောင်းဟန့်၍ အရှက်မရှိ ပြောလိုက်သည်။
"အဲဒီပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို ငါ့ဆီ အရင်ပေးလိုက်။ သူတို့ကိုယ်စား ငါ သိမ်းထားပေးပြီး မင်းတို့ရဲ့စေတနာက လုံလောက်မှုရှိမရှိ စစ်ဆေးပေးမယ်။ တကယ်လို့ မလုံလောက်ဘူးဆိုရင်တော့ ဘာဖြစ်မယ်ဆိုတာ မင်းတို့ သိပါတယ်"
ဤအချိန်ရောက်မှ သူတို့ နားမလည်သေးလျှင်မူ တကယ့်ငတုံးများသာ ဖြစ်ပေလိမ့်မည်။
ဤရီထျန်းဂိုဏ်းဝင်သည် ကြားဝင်ဖျန်ဖြေပေးရန် ရောက်လာခြင်း မဟုတ်ပါဘဲ လုယက်ရန်အတွက် အကြောင်းပြချက်တစ်ခုဖြင့် ရောက်လာခြင်းသာ ဖြစ်၏။ ထိုမျှသန့်စင်သော အကြောင်းပြချက်၊ ထိုမျှမွန်မြတ်သော ရည်ရွယ်ချက်များကြောင့် သူတို့ကိုယ်တိုင်ပင် ယုံကြည်လုနီးပါး ဖြစ်သွားသည်။
သို့သော် သူတို့ ထောင်ချောက်ထဲသို့ ကျသွားပြီဖြစ်လေရာ ဘာရွေးချယ်စရာများ ရှိတော့မည်နည်း။
သူတို့စုဆောင်းထားသမျှ ရတနာအားလုံးကို လွှဲပြောင်းပေးလိုက်ပြီးနောက် သူတို့၏ စကြဝဠာဘဏ်အကောင့်ထဲရှိ ငွေအားလုံးကိုပါ ကျန်းမုန့်လောင်ထံသို့ လွှဲပေးလိုက်ကြသည်။
ရီထျန်းဂိုဏ်း၏ "တိုက်ခိုက်မှုသုံးကြိမ်"မူဝါဒကို သူတို့ ကောင်းကောင်းသိသည်။ ထို့ကြောင့် ရိုက်နှက်ခံရပြီး အကုန်အစင် လုယက်ခံရမည့်အစား အရာအားလုံးကို ချက်ချင်းလွှဲပြောင်းပေးလိုက်ခြင်းက အကောင်းဆုံးပင်။
"လူကြီးမင်းတာအိချိ.. ကျွန်တော်တို့ရဲ့ စိတ်ရင်းစေတနာကို ပြသပြီးပြီဆိုတော့ အခု သွားလို့ရပြီလား"
အဖွဲ့တစ်ဖွဲ့က သတိကြီးကြီးထား၍ မေးလိုက်သည်။
"သွားကြ.. သွားကြ"
ကျန်းမုန့်လောင်မှာ လုယက်ရရှိထားသော ပစ္စည်းများကို ရေတွက်နေရသဖြင့် သူတို့ကို ဂရုမစိုက်နိုင်တော့ပေ။
"ငါတို့ရီထျန်းဂိုဏ်းက အကျိုးအကြောင်း နားလည်ပါတယ်။ လူတွေက ငါတို့ကို မစော်ကားသရွေ့ ငါတို့ကလည်း သူတို့ကို ပြန်မစော်ကားပါဘူး။ မင်းတို့ရဲ့အမှားကို မင်းတို့ကိုယ်တိုင်သိလို့ နစ်နာကြေးပေးခဲ့ပြီပဲ။ တကယ်လို့ မင်းတို့ကို ထွက်မသွားခိုင်းဘူးဆိုရင် ငါတို့က ဓားပြတွေဖြစ်သွားမှာပေါ့။ ငါတို့မှာလည်း ကိုယ်ကျင့်တရားတွေ ရှိပါတယ်"
************************