← Chapters

အခန်း ၉၆၆

Vol. 65 Ch. 966

အခန်း ၉၆၆

Vol. 65 Ch. 966

အခန်း ၉၆၆ - ဒါက ငါတို့ သာမန်အလုပ်လုပ်ရင်းစားတဲ့ အစားအစာပါ

ကျန်းမုန့်လောင်၏ ခွင့်ပြုချက်ရသည်နှင့် သူတို့လည်း ထိုနေရာမှ ချက်ချင်း ထွက်ပြေးသွားကြသည်။

ထို့နောက် ရတနာရှာဖွေရေးနယ်မြေထဲရှိ သူတို့၏ အပေါင်းအသင်းများထံသို့ အသိပေးရန် နည်းလမ်းများကို ချက်ချင်း ရှာဖွေခဲ့ကြသည်။

"အကုန်လုံးကို ပြောလိုက်။ အခုကစပြီး အဆင့်လေးအထွတ်အထိပ်သက်ရှိ ဒါမှမဟုတ် အဆင့်ငါးအခြေခံသက်ရှိကိုတွေ့ရင် ချက်ချင်းလှည့်ပြေးကြလို့"

...

"အဆင့်ငါးစွမ်းအင်သလင်းကျောက် အတုံးနှစ်ရာကျော်၊ ကြယ်အမြုတေတစ်ခု၊ အဖိုးတန်ဆေးဖက်ဝင်အပင် အမျိုးလေးရာကျော်၊ အဆင့်မြင့်သတ္တုရိုင်းတန်ချိန်ငါးရာကျော်နဲ့ စုစုပေါင်းစကြဝဠာဒင်္ဂါး ၇၂ထရီလီယံတောင်ဆိုတော့ တော်တော်လေးတွက်ခြေကိုက်တာပဲ"

ကျန်းမုန့်လောင်က လုယက်ရရှိထားသည့် အရာများကို ဝမ်းသာအားရ ရေတွက်နေချေသည်။

စိတ်ရင်းစေတနာလား။ နတ်သူငယ်မျိုးနွယ်စုကို တောင်းပန်ဖို့လား။ ဆောရီးပဲ... အဲဒါတွေက ဖြစ်လာမှာမဟုတ်ဘူး။ သူက ဟန်ဆောင်ကောင်းရုံသက်သက်ပဲ။

"မင်းတို့အဆင်ပြေကြရဲ့လား"

ကျန်းမုန့်လောင်က လူငယ်နတ်သူငယ်များထံသို့ လျှောက်သွားလိုက်သည်။ တိုင်ရန်နိုဆောရပ်စ်ကလည်း ချစ်စရာကောင်းသော ဘိုတာမွန်ပုံစံသို့ ပြန်ပြောင်းသွားပြီး ကျန်းမုန့်လောင်၏ ပခုံးပေါ်သို့ ပြန်ရောက်နေလေပြီ။

"သတ်မယ်ဆိုရင်လည်း သတ်လိုက်ပါ။ ငါတို့အနေနဲ့ အရှုံးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ခေါင်းဆောင်ဖြစ်သူ နတ်သူငယ်လူငယ်က အလျှော့မပေးလိုဟန် အမူအရာဖြင့် ပြောလိုက်သည်။

"မင်းက ငါတို့ရထားတဲ့ ရတနာတွေကြောင့် ငါတို့ကို ကယ်တင်ခဲ့တာ မဟုတ်လား။ အဲဒါတွေကို လိုချင်ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်။ သဘောကောင်းချင်ယောင် ဆောင်နေစရာ မလိုပါဘူး"

"အယ်... ဒီစကားကို ငါ သိပ်သဘောမကျဘူးနော်။ ငါ့ကို ဘာများထင်နေတာလဲ။ လုယက်သူလား။ ဒါမှမဟုတ် ဓားပြလား"

"မဟုတ်လို့လား။ ရှင်တို့ရီထျန်းဂိုဏ်းဝင်တွေ လုပ်ခဲ့တဲ့ ကိစ္စတွေကို ရှင်ကိုယ်တိုင် မသိလို့လား"

အခြားနတ်သူငယ်မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။

"ငါတို့ ဘာလုပ်ခဲ့လို့လဲ။ ငါတော့ ဘာမှမသိပါဘူး"

ဤလူများမှာ ကျန်းမုန့်လောင် မြို့မှ ထွက်ခွာလာပြီးနောက် ပထမဆုံး ကြုံတွေ့ရသော လူစုဖြစ်သည်။ ရတနာရှာဖွေရေးနယ်မြေထဲတွင် အခြားရီထျန်းဂိုဏ်းဝင်များ ဘာလုပ်ခဲ့ကြသလဲဆိုသည်ကို သူ တကယ်မသိပေ။

သူ့ကိုယ်သူတော့ ငွေရှာခြင်းနှင့် အခြားသူများ၏ ပြဿနာများကို ဖြေရှင်းပေးခြင်းဟုသာ ယုံကြည်ထားသည်။ လူအများက ငွေပေးပြီး သူက အကာအကွယ်နှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးသည်။ ထို့ကြောင့် ဤသည်မှာ လိပ်ပြာလုံရသည့် မျှတသော အပေးအယူတစ်ခုပင်။

"ရှင် မသိဘူးလား။ ရှင့်ရဲ့ရီထျန်းဂိုဏ်းထဲက ချီဂွေဗားရာဆိုတဲ့လူက တခြားမျိုးနွယ်စုက ရတနာရှာဖွေသူတွေ ရှာတွေ့ထားတဲ့ ရတနာတွေကို နေရာတကာမှာ လိုက်လုနေတယ်လို့ ကျွန်မ ကြားတယ်"

"ပြီးတော့ တခြားလူတွေကို လျှပ်စစ်ရှော့တိုက်ပြီး တခြားမျိုးနွယ်စုတွေမှာရှိတဲ့ မိန်းကလေးတွေကို လိုက်နှောင့်ယှက်နေတဲ့ ဝူချန်းဆိုတဲ့လူလည်း ရှိသေးတယ်"

"တာကူမီ ဖူဂျီဝါရာလို့ခေါ်တဲ့ တစ်ယောက်ကလည်း ဇူဒါမျိုးနွယ်စုရဲ့ စစ်ရထားကြီးကို ရထားပြီးကတည်းက နေရာအနှံမှာ လူတွေကို လိုက်တိုက်ခိုက်နေတယ်လို့လည်း ကြားမိသေးတယ်"

...

ဤစွပ်စွဲချက်တစ်ခုစီတိုင်းသည် ရီထျန်းဂိုဏ်းအကြောင်း တစ်ဆင့်စကားတစ်ဆင့်နား ပျံ့နှံ့ခဲ့သည်။ သူတို့က တစ်ကိုယ်တည်း သွားလာနေသူများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ခွန်အားကြီးမားသည့်အပြင် ထူးဆန်းပြီး အဓိပ္ပာယ်မရှိသော နည်းလမ်းများဖြင့် အခြားသူများထံမှ ရတနာများနှင့် ပစ္စည်းများကို လုယက်နေကြသဖြင့် နေရာအနှံ့တွင် တိုင်တန်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။

"ကျွတ် ကျွတ်... ပါရမီရှင်တွေချည်းပဲ။ ငါ့ရဲ့ရီထျန်းဂိုဏ်းသားတွေ ပီသပါပေတယ်"

ထိုအကြောင်းများကို ကြားလိုက်ရသောအခါ ကျန်းမုန့်လောင်မှာ ကျေနပ်သွားဟန်တူသည်။

"နောက်ဆုံးတော့ အားလုံးက ဘွဲ့ရဖို့ သင်ယူနေကြပြီပဲ။ အခုဆိုရင် သူတို့ဘာသာသူတို့ ကြွားလုံးထုတ်နိုင်နေကြပြီ။ ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ငါ တကယ်ကျေနပ်မိတယ်"

"သူက အဲဒီအတွက်တောင် ဂုဏ်ယူနေသေးတယ်"

ဂုဏ်ယူဝင့်ကြွားနေလေဟန် အမူအရာကို မြင်လိုက်ရသောအခါ နတ်သူငယ်များမှာ ကျန်းမုန့်လောင်ကို ပို၍ပင် ရွံရှာသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

"လုပ်ချင်တာသာ လုပ်ပါ။ ဒဏ်ရာမရထားဘူးဆိုရင်တောင် ငါတို့က မင်းကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ ငါတို့တောင်းဆိုချင်တာက မြန်မြန်သာ အဆုံးသတ်ပေး။ ငါတို့ကို အရှက်မခွဲပါနဲ့"

"ဘာလို့လဲ။ ငါက အဲဒီလိုလူစားမျိုးနဲ့ တူနေလို့လား။ ငါက ငါတို့ရီထျန်းဂိုဏ်းရဲ့ ကိုယ်ကျင့်တရားစံပြပုဂ္ဂိုလ်အဖြစ် သုံးနှစ်ဆက်တိုက် သတ်မှတ်ခံထားရတဲ့လူပါကွ။ ငါ အဲဒီလိုကိစ္စမျိုး ဘယ်တော့မှမလုပ်ဘူး။ ငါက ငြိမ်းချမ်းရေးကို မြတ်နိုးတယ်။ သူမ​ျားတွေကို အနိုင်ကျင့်တဲ့လူတွေကို ကြည့်မရဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီနေ့ ငါနဲ့ဆုံရတာ မင်းတို့ ကံကောင်းတယ်လို့သာ မှတ်လိုက်။ လူတွေပြောကြသလိုပေါ့။ ဆုံတွေ့ရတာက ကံကြမ္မာပဲလေ။ ငါတို့ သူငယ်ချင်းတွေ လုပ်ကြမလား"

"ကိုယ်ကျင့်တရားစံပြပုဂ္ဂိုလ်လား"

လူအမြောက်အများက လှောင်ပြောင်လေဟန် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့ကို အကန်းတွေများ မှတ်နေလား။

သူသည် ရီထျန်းဂိုဏ်း၏ အဆင့်အတန်းကို အသုံးချ၍ ထိုရတနာရှာဖွေသူများ၏ ပစ္စည်းများကို သိမ်းယူသွားကြောင်း သူတို့မျက်လုံးဖြင့် တပ်အပ်မြင်လိုက်ရသည် မဟုတ်ပါလော။

သူက ယုတ်မာရုံသာမက အရှက်လည်း ကင်းမဲ့လှပေသည်။

သို့သော် ကျန်းမုန့်လောင်သည် သူတို့၏ အမူအရာကို ဂရုမစိုက်ပါဘဲ နို့လက်ဖက်ရည်ခွက်တချို့နှင့် အစားအစာတချို့ကို ထုတ်ယူကာ လှမ်းပေးလိုက်သည်။

"နို့လက်ဖက်ရည် သောက်ဦးမလား"

အစားအစာမှာ အရောင်အသွေးစုံလင်ပြီး မွှေးကြိုင်နေသော်လည်း နတ်သူငယ်ရတနာရှာဖွေသူများကမူ ကျန်းမုန့်လောင်ပေးသော အရာများကို သတိထားနေကြဆဲဖြစ်ပြီး အလွယ်တကူလက်ခံဖို့ မဝံ့မရဲဖြစ်နေကြသည်မှာ ထင်ရှားလှသည်။

"ဘာဖြစ်လို့လဲ။ ငါ အဆိပ်ခတ်ထားမှာ ကြောက်လို့လား"

ကျန်းမုန့်လောင်လည်း မျက်လုံးလှန်ပြလိုက်သည်။

"မင်းတို့ပဲ စဉ်းစားကြည့်​​​လေ။ မင်းတို့ဆီမှာ ငါ လိုချင်လောက်တဲ့အရာများ ရှိလို့လား။ ငါသာ မင်းတို့ကို လက်စရှင်းပစ်ချင်တယ်ဆိုရင် ဘာအားစိုက်ထုတ်စရာမှ မလိုဘူးလေ။ အဆိပ်ခတ်ဖို့ လိုသေးလို့လား"

"မင်းတို့ အဆင့်ခြောက်သိုင်းလက်နက်တစ်ခု ရထားတယ်လို့ စောစောက ငါ ကြားလိုက်တယ်

သူတို့ ခေါင်းညိတ်ပြကြသည်။ အခြားလူများ ကြားသွားခဲ့ပြီဖြစ်ရာ ၎င်းမှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။

နတ်သူငယ်အမျိုးသားက သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်လေးတစ်လက်ကို ယူလိုက်သည်။ ၎င်းမှာ အဂ္ဂိရတ်ပညာနှင့် နည်းပညာတို့ ပေါင်းစပ်ထားခြင်းဖြစ်လေရာ မြားများမလိုအပ်ဘဲ ပြင်ပစွမ်းအင်များကို စုပ်ယူ၍ မြားများအဖြစ် ဖန်တီးနိုင်စွမ်းရှိ၏။ ၎င်းမှာ အဆင့်ခြောက် သိုင်းလက်နက်များထဲတွင်ပင် ထိပ်တန်းအဆင့် ဖြစ်ပေသည်။

"ရိုးရိုးသားသားပြောရရင် ဒီပစ္စည်းက ငါ့အတွက်တော့ လိုချင်စရာကောင်းတဲ့ပစ္စည်း လုံးဝမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါက ကြောင်ချေးကော်ဖို့အတွက်တောင် အဆင့်ခြောက်သိုင်းလက်နက်ဂေါ်ပြားကို သုံးတာ။ ဒီပစ္စည်းက ငါ့အိမ်မှာဆိုရင် အသုံးမကျဘူး"

"ဟုတ်ပါရဲ့"

နတ်သူငယ်ရတနာရှာဖွေသူများက ခါးသက်သက် ရယ်မောလိုက်ကြသည်။ ရီထျန်းဂိုဏ်း၏ အဂ္ဂိရတ်ပညာမှာ မည်မျှအင်အားကောင်းကြောင်း သူတို့ ကြားဖူးသည်။ မည်သည့် အဆင့်ခြောက်သက်ရှိအတွက်မဆို အဖိုးမဖြတ်နိုင်သော အဆင့်ခြောက်သိုင်းလက်နက်တစ်ခုမှာ ကျန်းမုန့်လောင်အတွက်တော့ သာမန်မျှသာ ဖြစ်နေပေသည်။

တကယ်တော့ သူတို့တွင် ကျန်းမုန့်လောင် လောဘတက်လောက်စရာ ဘာတစ်ခုမှ မရှိသည်မှာ အမှန်ပင်။

ခေါင်းဆောင်ဖြစ်သူ လူငယ်နတ်သူငယ်က ကျန်းမုန့်လောင်၏ နို့လက်ဖက်ရည်နှင့် ကြက်တောင်ပံကင်ကို လက်ခံပြီး တစ်ကိုက်ကိုက်စားလိုက်သည်။ အစားအသောက်၏ စွမ်းအင်များ ထွက်ပေါ်လာသည်နှင့် သူ့မျက်လုံးအရောင်ကား ချက်ချင်း ပြောင်းလဲသွားသည်။

"ဘလိတ်.. မင်းရဲ့ဒဏ်ရာ"

အခြားနတ်သူငယ်များက သိသိသာသာ သက်သာလာသော သူ့ဒဏ်ရာကို အံ့သြတကြီး လက်ညှိုးထိုးပြလိုက်ကြသည်။ သူ့အရှိန်အဝါများပင် ပိုမိုပြည့်ဝလာပြီး အားအင်များ ပြည့်ဖြိုးလာခဲ့သည်။

"ဒါက ဘာလဲ။ တကယ်အံ့သြဖို့ကောင်းတာပဲ"

ဘလိတ်ဟုခေါ်သော နတ်သူငယ်က ကျန်းမုန့်လောင်ကို အံ့သြတကြီး ပြောလိုက်သည်။

"ဒါက ငါတို့ နတ်သူငယ်မျိုးနွယ်စုရဲ့ မိခင်သစ်ပင်ကရတဲ့ သစ်ရည်ထက်တောင် ပိုကောင်းသေးတယ်"

နတ်သူငယ်မျိုးနွယ်စု၏ ထူးခြားသော မွေးဖွားမှုဖြစ်စဉ်သည် သဘာဝတရား၏ စွမ်းအားကို အသုံးပြုပြီး အသက်စွမ်းအင်များ ပြည့်ဝနေသော သစ်ပင်များကဲ့သို့သော အပင်များကို ပထမရွေးချယ်မှုအဖြစ် သတ်မှတ်ထားသည်။ သူတို့၏ အသက်ကို မိခင်သစ်ပင်မှ မွေးဖွားပေးပြီး ထိန်းသိမ်းစောင့်ရှောက်ပေးထားခြင်းပင်။

နတ်သူငယ်စွမ်းအင်များဖြင့် အာဟာရဖြည့်တင်းပေးထားသော မိခင်သစ်ပင်၏ သစ်ရည်သည် ကုသခြင်းနှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း စွမ်းရည်များကို ပိုင်ဆိုင်ထားသော်လည်း ကျန်းမုန့်လောင် ပေးသောအရာကမူ မိခင်သစ်ပင်၏ သစ်ရည်အာနိသင်ထက် ဆယ်ဆမက သာလွန်နေပေသည်။

"ပုလဲကန်စွန်းဥနို့လက်ဖက်ရည်နဲ့ ကြက်တောင်ပံကင် အစပ်ပါ။ ငါတို့ရီထျန်းဂိုဏ်းက ပုံမှန်စားနေကျ အစားအစာတွေပဲလေ"

"မင်းတို့က ဗိုက်ဆာရင် ဒါတွေကို ပုံမှန်စားတယ်ပေါ့"

နတ်သူငယ်များမှာ တစ်ဖန်ဆွံ့အသွားကြပြန်သည်။

သူတို့မိခင်သစ်ပင်၏ သစ်ရည်သည် အလွန်အဖိုးတန်လှပေသည်။ တစ်နှစ်လျှင် တစ်စက်ရရှိခြင်းကပင် နတ်သူငယ်တစ်ယောက်အတွက် အံ့မခန်းအရာတစ်ခု ဖြစ်နေလေပြီ။ သို့တိုင် ဤမျှမြင့်မြတ်သော အရာများက ရီထျန်းဂိုဏ်းအတွက်မူ နေ့စဉ်စားသောက်နေကျ အစားအစာတစ်ခု ဖြစ်နေသည်လား။ ထို့ကြောင့်လည်း သူတို့အားလုံးက မကောင်းဆိုးဝါးများအလား ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေကြခြင်း ဖြစ်ပေမည်။

"ကျွန်တော်တို့ဘက်က ရိုင်းစိုင်းခဲ့မိပါတယ်"

ဘလိတ်က မတ်တတ်ရပ်၍ ကျန်းမုန့်လောင်ကို နတ်သူငယ်မျိုးနွယ်စု၏ နှုတ်ဆက်ဟန်ဖြင့် နှုတ်ဆက်လိုက်သည်။

"ကျွန်တော်တို့ကို မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော်တို့က စီလီယာစကြဝဠာအင်ပါယာက ရတနာရှာဖွေသူတွေပါ။ ကျွန်တော်ကတော့ ဘလိတ်ပါ။ ကျွန်တော်တို့ စကြဝဠာအင်ပါယာရဲ့ မင်းသားတစ်ပါးပေါ့"

"ဪ.. မင်းမျိုးမင်းနွယ်ပဲ"

"ကျွန်​တော်တို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို နတ်သူငယ်မျိုးနွယ်စုရဲ့ အခင်ဆုံးမိတ်ဆွေအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိပါတယ်"

ဘလိတ်က ကြေညာလိုက်သည်။

"သူတို့ကတော့ အယ်လ်ဗင်နဲ့ သိုက်အန်းရှီတဲ့။ ကျွန်တော့်ညီမနှစ်ယောက်ပါ"

"သူကတော့ လီဂိုလတ်စ်ပါ။ ကျွန်တော့်ညီပေါ့"

"မင်းတို့ရဲ့ မိဘတွေက တစ်ခုခုတော့ တစ်ခုခုပဲ။ အဲဒီမှာ မိသားစုစီမံကိန်းတွေဘာတွေ မလုပ်ကြဘူးလား။ ဒုတိယမြောက် ဒါမှမဟုတ် တတိယမြောက် ကလေးအတွက် ထောက်ပံ့ကြေးတွေ ပေးလို့လား။ လူဦးရေနည်းပါးလာတဲ့ ပြဿနာတွေကြောင့် ကလေးအများကြီး ယူကြတာလား"

ကျန်းမုန့်လောင်က ဗြုန်းစားကြီး ဝင်ပြောလိုက်သည်။

နတ်သူငယ်များ၏ မျက်နှာကား နေရခက်သွားကြသည်။

"ကျောင်းအုပ်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ။ နတ်သူငယ်တွေက ကိုယ်ဝန်ဆောင်ပြီး မွေးဖွားလာတာ မဟုတ်ဘူးလေ။ သူတို့က နတ်သူငယ်မိခင်သစ်ပင်ကနေ ပေါက်ဖွားလာကြတာဆိုတော့ သူတို့အားလုံးက မောင်နှမတွေချည်းပဲပေါ့။ ဒါက မျိုးနွယ်စုတွေရဲ့ အခြေခံဗဟုသုတပါ"

"ဟားဟားဟား.. ငါမှားသွားတယ်"

ကျန်းမုန့်လောင် ခေါင်းတကုတ်ကုတ်လုပ်လိုက်သည်။

"ငါက အမြွှာဝေလငါး စကြဝဠာအင်ပါယာထဲက ကမ္ဘာမြေမျိုးနွယ်စုက ကျန်းမုန့်လောင်ပါ"

"ခင်ဗျားနာမည်က ယာဂါမီတာအိချိ မဟုတ်ဘူးလား"

"ဪ.. အဲဒါက ငါ့ရဲ့နာမည်တုလေ။ ငါ့မှာ နာမည်တုတွေ အများကြီးရှိသေးတယ်။ သူတို့နဲ့ပါ မိတ်ဆက်ပေးရမလား"

"ဟေး.. ဟေး.. ဟေး.. စားပဲစားမနေကြနဲ့လေ"

••••••••••••••••••••••••••••

All Chapters