← Chapters

အခန်း ၉၆၇

Vol. 65 Ch. 967

အခန်း ၉၆၇

Vol. 65 Ch. 967

အခန်း ၉၆၇ - ဒါကြောင့် သူတို့ ကြောက်သွားတာလား

ဗိုက်ကားအောင် စားသောက်ပြီးနောက် ကျန်းမုန့်လောင်နှင့် နတ်သူငယ်လူငယ်များမှာ တဖြည်းဖြည်း ရင်းနှီးသွားကြပြီး ညီအစ်ကိုများဟုပင် စတင်ခေါ်ဝေါ်နေကြလေပြီ။

"အစ်ကိုကျန်းက ရီထျန်ဂိုဏ်းက တခြားလူတွေထက် ပိုသဘောကောင်းသားပဲ။ ကျွန်တော်တို့ ဆုံဖူးသမျှထဲမှာ ရက်ရောပြီး စိတ်ကောင်းရှိတဲ့ ပထမဆုံးလူပဲ"

ဘလိတ်က ပြောလိုက်လေသည်။

"အစ်ကို မသိလို့နော်။ ဒီရတနာရှာဖွေရေးနယ်မြေထဲမှာဆိုရင် တစ်ခါတလေ ကိုယ့်မျိုးနွယ်အချင်းချင်းတောင် သတိထားနေရတာ"

"တကယ်တော့ အဲဒါက မင်းတို့က ငါတို့ရီထျန်ဂိုဏ်းအပေါ် အမြင်စောင်းနေကြလို့ပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ခုနက မင်းပြောသလိုပေါ့... ရီထျန်ဂိုဏ်းကလူတွေ လုပ်တာကို မင်းတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရလို့လား"

ထိုလေးယောက်စလုံး ခေါင်းခါလိုက်ကြသည်။ သူတို့မှာ ကောလာဟလများကိုသာ ကြားဖူးခြင်းဖြစ်ပြီး ကိုယ်တိုင် မမြင်ဖူးပေ။

"တွေ့လား... ကိုယ်တိုင်တောင် မမြင်ဖူးဘဲနဲ့ ရီထျန်ဂိုဏ်းကလူတွေအားလုံးကို ကြမ်းကြုတ်ရက်စက်ပါတယ်ဆိုပြီး ဘယ်လိုလုပ်ပြီး အပိုင်ပြောနိုင်မှာလဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"တကယ်လို့ မင်းတို့သာ ငါတို့အကြောင်းကို အရင်က မကြားဖူးဘူးဆိုရင် ငါတို့အဖွဲ့အစည်းကို ဘယ်လိုထင်မလဲ"

ဘလိတ်ခမျာ ကြောင်အမ်းသွားလေသည်။

"အစ်ကိုကျန်းက ဒီလောက်တောင် ကြင်နာတတ်တာဆိုတော့ အစ်ကိုတို့အဖွဲ့အစည်းထဲက တခြားလူတွေလည်း စိတ်ကောင်းရှိကြမှာ သေချာတယ်"

"ဒါပေါ့။ အရာရာက ကြိုတင်တွေးဆချက်တွေ ဖြစ်နေတတ်တယ်။ အမှန်တရားကို မသိဘဲနဲ့ ဝေဖန်ပိုင်ခွင့် မရှိဘူးလေ။ လူတွေက ရီထျန်ဂိုဏ်းက နေရာအနှံ့ လုယက်သတ်ဖြတ်နေပါတယ်ပြောတိုင်း မင်းတို့က ယုံနေတာလား။ ငါ့အထင်တော့ သူတို့တွေ မနာလိုဖြစ်နေကြတာပဲ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။

"ဒီတစ်ခေါက် ရတနာတိုက်ပွင့်တော့ ငါတို့ဂိုဏ်းက နေရာပေါင်း ငါးသောင်းတောင် ရခဲ့တာ။ စကားပုံတစ်ခု ရှိတယ်လေ... အပင်မြင့်ရင် လေတိုက်ခံရတယ်တဲ့။ တခြားလူတွေက ငါတို့အပေါ် အမြင်မကြည်ကြတော့ ဒီလိုနည်းနဲ့ ငါတို့သိက္ခာကို ချချင်နေကြတာ။ ပြီးတော့ လူတိုင်းက ငါတို့ကို တော်လှန်လာအောင် လှုံ့ဆော်နေကြတာပေါ့။ မင်းတို့ကသာ ယုံသွားရင် အဲဒီလူတွေ အကြံအောင်သွားလိမ့်မယ်"

"အစ်ကိုကျန်းပြောတာ မှန်တယ်"

သိုက်အန်းရှီက ကျန်းမုန့်လောင်ကို လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် သူရဲကောင်းတစ်ယောက်အလား ပေါ်လာပြီး ယုတ်မာသော ထိုတိုက်ခိုက်သူများကို ခြောက်လှန့်မောင်းထုတ်ပေးကတည်းက သူ(မ)သည် သူ၏ အမာခံပရိသတ် ဖြစ်သွားခဲ့သည်။

"တကယ်တော့ သူတို့ပြောတာတွေက လုံးဝမှန်တာလည်း မဟုတ်သလို လုံးဝအလိမ်အညာတော့လည်း မဟုတ်ဘူး"

ကျန်းမုန့်လောင်က ဆိုသည်။

"ငါတို့ရီထျန်ဂိုဏ်းထဲက လူတွေက အကြောင်းပြချက်ရှိရှိ လုပ်တတ်ကြတယ်။ ကိုယ်ချင်းစာတရား ထားတတ်ကြတယ်။ သူတစ်ပါးက ငါတို့ကို မစော်ကားရင် ငါတို့ကလည်း မနှောင့်ယှက်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က အတင်းအကျပ်ရန်စမယ်ဆိုရင်တော့ ငါတို့ကလည်း အနိုင်ကျင့်ခံနေမှာ မဟုတ်ဘူး။ ငါတို့လူတွေလည်း မတတ်သာလို့ လက်တုံ့ပြန်ခဲ့တာ ဖြစ်မှာပါ"

"ဟုတ်တယ်"

ဘလိတ်ကလည်း ခေါင်းညိတ်ထောက်ခံရင်း ကျန်းမုန့်လောင်၏ ယုတ္တိရှိသော စကားများကြောင့် အတွေးအခေါ်မှိုင်းတိုက်ခံလိုက်ရလေပြီ။

"ဒါနဲ့ စကားမစပ်... သားရဲဒီရေလှိုင်းဖြစ်ပြီးကတည်းက ဒီရတနာရှာဖွေရေးနယ်မြေရဲ့ ညဘက်တွေက သိပ်အန္တရာယ်များတယ်။ အခုလည်း မှောင်တော့မယ်... မင်းတို့ ဘယ်သွားဖို့ စိတ်ကူးထားလဲ"

"ကျွန်တော်လည်း အဲဒါကို အစ်ကိုနဲ့ တိုင်ပင်မလို့ပဲ"

ဘလိတ်က ဆိုချေသည်။

"ကျွန်တော်တို့ နတ်သူငယ်တွေမှာ ကိုယ့်ရဲ့အရှိန်အဝါကို သဘာဝတရားနဲ့ ရောနှောထားနိုင်တဲ့ အထူးစွမ်းရည်တချို့ရှိတယ်။ ညဘက်ဆိုရင်တောင် သားရဲတွေက ကျွန်တော်တို့ကို ရှာမတွေ့နိုင်ပေမဲ့ ဒါက ရေရှည်တော့ မဆင်မပြေဘူးလေ။ တခြားရတနာရှာဖွေသူတွေဆီက ကြားတာတော့ မြောက်ဘက်မှာ မြို့ကြီးတစ်မြို့ ရှိတယ်တဲ့။ ကျွန်တော်တို့ အဲဒီဘက်ကို သွားဖို့ ပြင်နေတာ"

"အနီးအနားမှာ မြို့တစ်မြို့ ရှိတာလား"

ကျန်းမုန့်လောင်၏ မျက်လုံးများ တောက်ပသွားသည်။ အကယ်၍ ထိုသို့ဆိုလျှင် သူ၏ ဒုတိယမြောက်ဟိုတယ်ခွဲကို အကောင်အထည်ဖော်ရန် နေရာရပြီဖြစ်၏။

"သူများတွေဆီက ကြားတာဆိုပေမဲ့ မှားဖို့တော့ မရှိပါဘူး။ အစ်ကိုပါ ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့မလား။ လမ်းမှာ အဖော်ရတာပေါ့"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်လည်း တစ်ယောက်တည်း ပျင်းရိနေသဖြင့် စကားပြောဖော်ရခြင်းကို သဘောကျမိသည်။

...

မြောက်ဘက်သို့ သုံးရက်တိုင်တိုင် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် ခံ့ညားထည်ဝါသော မြို့တစ်မြို့ကို လှမ်းမြင်လိုက်ရသည်။ ထိုမြို့သည် ကျွန်းတစ်ကျွန်းသဏ္ဌာန် ရှိပြီး ကောင်းကင်ယံထက်တွင် "ကောင်းကင်မြို့တော်"ကဲ့သို့ ပေါ်လောပေါ်နေလေသည်။

"နောက်ဆုံးတော့ ရောက်ပြီ"

ဘလိတ်နှင့် တခြားသူများ သက်ပြင်းချနိုင်သွားသည်။

"သူတို့ ပြောတဲ့အတိုင်းပဲ... ကောင်းကင်မှာ ပေါလောပေါ်နေတဲ့ မြို့ကြီးပဲ"

"လှလိုက်တဲ့ မြို့တော်ကြီး"

လူတိုင်းက ကောင်းကင်မြို့တော်ကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်ကြသည်။ အကယ်၍ ကျန်းမုန့်လောင်၏ မြို့တော်က နည်းပညာအငွေ့အသက်များ ပြည့်နှက်နေသည့် အနာဂတ်မြို့တော်ဆိုလျှင် ဤမြို့တော်မှာမူ စိတ်ကူးယဉ်ကမ္ဘာထဲတွင်သာ ရှိနိုင်မည့် အိမ်မက်ဆန်ဆန် မြို့တော်တစ်ခုပင်။

"သွားကြစို့... အခြေအနေကို အရင်စုံစမ်းကြည့်ရအောင်"

ကျန်းမုန့်လောင်က မြို့ဝင်ပေါက်ဆီသို့ ဦးဆောင်ပြီး လမ်းသွားလမ်းလာတစ်ယောက်ကို ပေါ့ပေါ့ပါးပါးပင် ဆွဲခေါ်လိုက်၏။

"ကိုယ့်လူ... စပ်စပ်လေးနဲ့ အရသာရှိတဲ့ မာလာချောင်းတစ်ထုပ်လောက် စားမလား"

ထိုရတနာရှာဖွေသူမှာ သိချင်စိတ်ဖြင့် တစ်ချောင်းယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများ တောက်ပသွားသည်။ အကြောင်းမှာ မာလာချောင်းဟုခေါ်သော ဤအရာကား မျိုးရိုးဗီဇပြောင်းလဲရေးဆေးရည်ထက်ပင် ပိုအစွမ်းထက်သည်ဟု ခံစားလိုက်ရသောကြောင့်ပင်။

ကျန်းမုန့်လောင်၏ မေးခွန်းများကို ထိုလူက သွက်သွက်လက်လက်ပင် ပြန်လည်ဖြေကြားပေးခဲ့သည်။ ကျန်းမုန့်လောင်လည်း သူလိုချင်သော အချက်အလက်များကို လျင်မြန်စွာ ရရှိသွားပြီး ထိုရတနာရှာဖွေသူမှာမူ ကျန်ရှိနေသော မာလာချောင်းတစ်ဝက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အသက်လုပြေးသည့်အလား ထွက်ပြေးသွားတော့သည်။

"ဘယ်လိုလဲ..."

"အကုန်ရှင်းသွားပြီ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီမြို့ကို အရမ်းအစွမ်းထက်တဲ့ အဆင့်ငါးထိပ်သီးမျိုးနွယ်စုသုံးခုက ရတနာရှာဖွေသူတွေ ပူးပေါင်းထိန်းချုပ်ထားတာ။ သူတို့မှာ စုစုပေါင်း လူအင်အားနှစ်ရာကျော်ရှိတယ်။ အသန်မာဆုံးလူက 'အဆင့်ခြောက်သက်ရှိ'တဲ့။ ကျန်တဲ့လူတွေအကုန်လုံးကတော့ 'အဆင့်ငါးထိပ်သီးသက်ရှိ'တွေပဲ"

"ဘာ... အဆင့်ခြောက်သက်ရှိ ဟုတ်လား"

လူတိုင်း အံ့အားသင့်သွားကြသည်။ အကြိမ်တိုင်းတွင် ရတနာရှာဖွေရေးနယ်မြေအတွင်း၌ ပစ္စည်းကောင်းရရှိသူများ ရှိတတ်စမြဲပင်။ အချို့က ရှားပါးရတနာများကို ရရှိကြပြီး အချို့က အင်အားအဆမတန် တိုးတက်လာကာ အချို့မှာမူ သက်ရှိအဆင့်အတန်း၏ အတားအဆီးများကို ကျော်ဖြတ်ကာ မသေမျိုး "အဆင့်ခြောက်သက်ရှိ"များ ဖြစ်လာကြသည်။

သို့သော် လူနည်းစုသာ ထိုသို့သော ကံကောင်းမှုမျိုးကို ရရှိကြသည်။ မျိုးနွယ်စုထရီလီယံပေါင်းများစွာနှင့် ဘီလီယံပေါင်းများစွာသော သက်ရှိများထဲတွင် အကြိမ်တိုင်း၌ အယောက်ရာဂဏန်းမျှသာ ဤကဲ့သို့သော အဆင့်သို့ ရောက်ရှိနိုင်ကြသည်။

"သူတို့ရဲ့ဘုရင်က ငါတို့ရီထျန်ဂိုဏ်းဆီက စွမ်းအင်ဆေးလုံးကို ဝယ်ပြီး ရတနာရှာဖွေရေးနယ်မြေထဲ ဝင်လာကတည်းက အဆင့်တက်သွားတာထင်တယ်"

"သူတို့ တကယ် ရင်းနှီးမြှုပ်နှံနိုင်ကြတာပဲနော်"

"အဆင့်ခြောက်သက်ရှိတစ်ယောက်က မြို့တစ်မြို့လုံးကို လွှမ်းမိုးထားနိုင်ဖို့ တကယ်လုံလောက်တယ်"

လက်ရှိစျေးကွက်အတွင်း၌ စွမ်းအင်ဆေးလုံးများမှာ ရောင်းချသူ မရှိသလောက် ရှားပါးနေပြီး စျေးနှုန်းကလည်း ကျန်းမုန့်လောင် စတင်ရောင်းချစဉ်ကထက် ငါးဆမှ ခြောက်ဆအထိ မြင့်တက်နေလေရာ ထိုစျေးနှုန်းဖြင့် ဝယ်ယူရန် အလွန်ခက်ခဲနေဆဲပင်။

သူတို့အဖွဲ့ မြို့ဝင်ပေါက်သို့ ရောက်ရှိလာချိန်တွင် ထိုနေရာတွင် မြို့၏တည်ငြိမ်မှုကို ထိန်းသိမ်းရန် အဆင့်ငါးထိပ်သီးသက်ရှိ ဒါဇင်ပေါင်းများစွာက စောင့်ကြပ်နေကြပြီး ဝင်ရောက်မည့်လူတိုင်း မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးမှုကို ဖြတ်သန်းရသည်။

"မြို့ထဲကို ဝင်မယ့်လူတိုင်း ကိုယ့်မျိုးနွယ်စုနဲ့ နာမည်ကို စာရင်းသွင်းရမယ်။ မြို့ဝင်ကြေးက တစ်ခါဝင်ရင် စကြဝဠာဒင်္ဂါးတစ်သိန်း။ မြို့ထဲမှာ တည်းခိုစရာ နေရာအမျိုးမျိုး ရှိပြီး တစ်ရက်ကို စကြဝဠာဒင်္ဂါးငါးသိန်းကနေ ငါးသန်းအထိ ကျသင့်မှာပါ"

"ဒီစျေးနှုန်းက သိပ်မများပါဘူး"

နတ်သူငယ်များက ခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်တယ်... မများပါဘူး"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ဤမျှ စျေးသက်သက်သာသာ သတ်မှတ်ထားသည့်အတွက် ကျိန်ဆဲနေမိသည်။

သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲ။ စီးပွားရေးရော သေချာလုပ်တတ်ရဲ့လား။

"အသစ်ရောက်လာတဲ့လူတွေ ဒီမှာစာရင်းသွင်းပါ"

ဂိတ်စောင့်ရတနာရှာဖွေသူက မောက်မာလှသော လေသံဖြင့် ပြောလိုက်သည်။

"ဆီလီယာစကြဝဠာအင်ပါယာက ဘလိတ်ပါ"

"ဆီလီယာစကြဝဠာအင်ပါယာက အယ်လ်ဗင်ပါ"

...

"မင်းကရော..."

"အမြွှာဝေလငါးစကြဝဠာအင်ပါယာက ကျန်းမုန့်လောင်ပါ"

"အမြွှာဝေလငါး..."

ရုတ်တရက်ဆိုသလို ရတနာရှာဖွေသူ၏ သူငယ်အိမ်များမှာ သိသိသာသာ ကျယ်သွားချေသည်။

"မင်းက အမြွှာဝေလငါးစကြဝဠာအင်ပါယာကလား"

လူတိုင်း သိကြသည့်အတိုင်း ရီထျန်ဂိုဏ်းသည် "အမြွှာဝေလငါးစကြဝဠာအင်ပါယာ" ဟုခေါ်သော အဆင့်ငါးအခြေခံမျိုးနွယ်စုမှ လာခြင်းပင်။

သို့သော် သူသည် အနည်းငယ်မျှသာ လန့်သွားခြင်းပင်။ သူတို့သည် ရီထျန်ဂိုဏ်းမှ လူများကိုသာ အဓိက သတိထားနေကြခြင်း ဖြစ်၏။

"မင်းက ဘယ်အဖွဲ့အစည်းကလဲ"

"ဪ... ကျွန်တော်က ရီထျန်ဂိုဏ်းကပါ"

"ရီထျန်ဂိုဏ်း ဟုတ်လား... မင်းက ရီထျန်ဂိုဏ်းကလား"

ထိုအချိန်တွင် ဂိတ်စောင့်ရတနာရှာဖွေသူ၏ မျက်နှာအမူအရာကား ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

သူသာမက အခြားဂိတ်စောင့်များအားလုံးလည်း သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား ဖြစ်သွားကြသည်။

"အားလုံး ချက်ချင်း မြို့ထဲဝင်ကြ။ မြို့တံခါးတွေကို ပိတ်လိုက်။ ကာကွယ်ရေးစနစ်တွေကို အမြင့်ဆုံးအထိ မြှင့်တင်ထား။ မြို့တော်ဝန်ကို ချက်ချင်း အကြောင်းကြားပြီး အမြင့်ဆုံး သတိပေးချက်အဆင့် သတ်မှတ်လိုက်။ သတိပြုပါ... ဒါဟာ လေ့ကျင့်ခန်း ဆင်းနေမဟုတ်ပါ။ သတိပြုပါ... ဒါဟာ လေ့ကျင့်ခန်းဆင်းနေတာ မဟုတ်ပါ"

လူတိုင်းမှာ လန့်ဖျပ်သွားသော ငှက်အုပ်များအလား မြို့ထဲသို့ အလုအယက် တိုးဝှေ့ဝင်ရောက်သွားပြီး မြို့တံခါးများကို ချက်ချင်းပိတ်ကာ ကာကွယ်ရေးစွမ်းအင်ဒိုင်းကို အသက်သွင်းလိုက်ကြသည်။ သားရဲဒီရေလှိုင်း စတင်တိုက်ခိုက်စဉ်ကတည်းက ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမှမဖြစ်ခဲ့ဖူးပေ။

"ဘာတွေဖြစ်ကုန်တာလဲ"

ကျန်းမုန့်လောင်နှင့် နတ်သူငယ်လူငယ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

"ငါက အဲဒီလောက်တောင် ကြောက်စရာကောင်းလို့လား"

ဘလိတ်နှင့် အခြားသူများလည်း ခေါင်းခါပြကြသည်။

"မဖြစ်နိုင်တာ... ရီထျန်ဂိုဏ်းဆိုတဲ့ စကားလေးနှစ်ခွန်းတည်းနဲ့တင် သူတို့ ဒီလောက်အထိ ကြောက်လန့်သွားကြတာလား"

***********************

All Chapters