အခန်း ၉၆၉
Vol. 65 Ch. 969
အခန်း ၉၆၉ - သူတို့ဘက်က အရင်စလှုပ်ရှားခဲ့တာ
"မင်းတို့ရဲ့ မြို့အရှင် ဘယ်မှာလဲ။ မင်းတို့ရဲ့မြို့အရှင်ကို အပြင်ထွက်ခဲ့ခိုင်းလိုက်။ ငါ့ဆီမှာ ငွေချေထားတဲ့ မှတ်တမ်းရှိတယ်။ မြို့ဝင်ကြေးလည်း ပေးပြီးပြီ။ မြို့ထဲက ဟိုတယ်တောင် ဘိုကင်လုပ်ထားပြီးပြီ။ ငါ့ကို ဘာကိစ္စအထဲပေးမဝင်တာလဲ"
"ငါ့ပိုက်ဆံတွေ ပြန်ပေး"
ကျန်းမုန့်လောင်က မြို့ထဲသို့ အကျယ်ကြီး အော်ဟစ်လိုက်သော်လည်း မည်သူကမှ သူ့ကို ဂရုမစိုက်ကြပေ။ မြို့ရိုးပေါ်ရှိ လူများသည် လူတစ်ယောက်ကို ရင်ဆိုင်နေရခြင်းမဟုတ်ပါဘဲ ကြမ်းကြုတ်လှသော သားရဲတစ်ကောင်ကို ရင်ဆိုင်နေရသည့်အလား အလွန်အမင်း သတိထားနေသော အမူအရာဖြင့် သူ့ကို စောင့်ကြည့်နေကြသည်။
"အစ်ကိုကျန်း.. သူတို့က ကျွန်တော်တို့ကို... ပိုမှန်အောင်ပြောရရင် အစ်ကို့ကို မြို့ထဲပေးဝင်မယ့်ပုံမပေါ်ဘူး"
ဘလိတ်နှင့် အခြားသူများက ခါးသက်သက်ပြုံးလျက် ပြောလိုက်သည်။ သူတို့လည်း ကျန်းမုန့်လောင်နှင့် ပတ်သက်နေသောကြောင့် အန္တရာယ်ရှိသူများအဖြစ် သတ်မှတ်ခံလိုက်ရပုံပေါ်သည်။
"အစ်ကိုကျန်း... အရင်က ဒီမြို့က လူတွေနဲ့ ပဋိပက္ခတစ်ခုခု ဖြစ်ဖူးလို့လား"
ကျန်းမုန့်လောင် ခေါင်းခါပြလိုက်သည်။ တစ္ဆေခြောက်သလို ကြီးမားကျယ်ပြန့်လှသော နေရာကြီးတွင် လူအမြောက်အမြား ရှိသော်လည်း အဖွဲ့တစ်ဖွဲ့တည်းနှင့် ပြန်ဆုံနိုင်မည့် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။ သူသည် မြို့အရှင်နှင့် လုံးဝ ပတ်သက်ဖူးခြင်း မရှိသည်မှာ သေချာသည်။
"သူတို့က 'ရီထျန်းဂိုဏ်း'ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ အဲဒီလိုတုံ့ပြန်ကြတာ။ အစ်ကိုတို့အဖွဲ့ထဲက တစ်ယောက်ယောက်ကများ သူတို့နဲ့ ပြဿနာတက်ဖူးလို့များလား"
ဘလိတ်က မေးလိုက်သည်။
"အဲဒီကိစ္စကိုတော့ ငါလည်း မသိဘူး။ ငါတို့အဖွဲ့က ဒီတစ်ခါ လူအယောက်လေးသောင်းတောင် လာတာ။ တစ်ယောက်ယောက်က ဒီကို ဖြတ်သွားခဲ့တာမျိုးတော့ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ပဋိပက္ခဖြစ်ခဲ့လားဆိုရင်တော့..."
ကျန်းမုန့်လောင်က မြို့ကို တစ်ချက် လှမ်းကြည့်လိုက်၏။
"...တကယ်လို့ ပဋိပက္ခတစ်ခုခုသာ ဖြစ်ခဲ့ရင် ဒီမြို့ကြီး ဘာဘီကျူးဖြစ်သွားလောက်ပြီ"
"ဘာဘီကျူးဖြစ်သွားပြီ။ ဘာအဓိပ္ပာယ်လဲ"
"ဪ ဘာမှမဟုတ်ပါဘူး"
ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်သည်။
အကယ်၍ တကယ်သာ ပဋိပက္ခဖြစ်ခဲ့လျှင် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ ပထမတစ်ခုက ဤမြို့သည် ရီထျန်းဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သွားပေလိမ့်မည်။
ဒုတိယဖြစ်နိုင်ခြေကတော့ ဤမြို့ကြီး အပျက်အစီးပုံကြီး ဖြစ်သွားလောက်ပြီ။
ယခုမူ ဤမြို့ကြီးက အကောင်းပကတိအတိုင်း ရှိနေသေးသည့်အတွက် ဘာပဋိပက္ခမှ မဖြစ်ခဲ့ဘူးဟု ဆိုလိုသည်။
ရုတ်ခြည်းပင် မြို့ကို ဝန်းရံထားသော မြို့ရိုးဆီမှ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ မူလက လှပစွာ အလှဆင်ထားသော မြို့ရိုးတွင် သိပ်သည်းစွာ တပ်ဆင်ထားသော အမြောက်စင်များ ရုတ်ခြည်း ထွက်ပေါ်လာသည်။
ခဏအကြာတွင် အမြောက်စင်များအားလုံးက ကျန်းမုန့်လောင်နှင့် အခြားသူများထံသို့ ချိန်ရွယ်လာကြသည်။
"ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ကာကွယ်ရေးစနစ်ကိုတောင် အသက်သွင်းလိုက်တာလဲ"
"ဒီလက်နက်တွေကို အရင်က ကျွန်တော် မြင်ဖူးတယ်။ ပြီးခဲ့တဲ့တစ်ခေါက် သားရဲဒီရေလှိုင်းတုန်းက မြို့ရဲ့ကာကွယ်ရေးစနစ်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ခဲ့တာ။ ဒီလက်နက်တွေက သိပ်အစွမ်းထက်တယ်။ တစ်ချက်ပစ်လိုက်တာနဲ့ အဆင့်ငါးထိပ်သီး သားရဲ အကောင်ရေရာပေါင်းများစွာ ပြာကျသွားစေနိုင်တယ်"
ပင်မအမြောက်ကြီးများဆိုလျှင် အဆင့်ခုနစ်သက်ရှိတစ်ယောက်ကိုပင် အပြင်းအထန် ဒဏ်ရာရစေနိုင်သည်။ သို့မဟုတ် သေပင် သေစေနိုင်သည်။ ဤအဆင့်ရှိသော လက်နက်များကို လက်ရှိစကြဝဠာမျိုးနွယ်စုများထဲတွင် ထုတ်လုပ်နိုင်သည့် မျိုးနွယ်စုဟူ၍ များများစားစားမရှိချေ။
"သူတို့က ဘာလုပ်ချင်နေတာလဲ"
ဤလက်နက်များ၏ စွမ်းအားကို သေချာမသိသော်လည်း ဘလိတ်နှင့် အခြားသူများမှာ ခြေနှစ်လှမ်းခန့် အလိုလိုနောက်ဆုတ်လိုက်ကြသည်။ သို့သော် ဒေါသတကြီး ဝင်ရောက်လာသော သားရဲဒီရေလှိုင်းကို ခံနိုင်ရည်ရှိပြီး ဤနေရာတွင် အခိုင်အမာ ရပ်တည်နိုင်သော မြို့တစ်မြို့အတွက်မူ ခိုင်မာသော ကာကွယ်ရေးစွမ်းအားသက်သက်ဖြင့် မလုံလောက်ပေ။ ဤလက်နက်များမှာ လွန်စွာ အစွမ်းထက်မည်မှာ သေချာပေသည်။
"ကျောင်းအုပ်ကြီး... သတိထားပါ။ ဒီမြို့ဆီက ရထားတဲ့ အချက်အလက်တွေအရ ဒီလက်နက်တွေက အဆင့်ခုနစ်သက်ရှိတွေကိုတောင် ခြိမ်းခြောက်နိုင်လောက်တဲ့အထိ ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ကျွန်တော် အတည်ပြုပေးနိုင်ပါတယ်"
ရုတ်တရက်ဆိုသလိုပင် အမြောက်စင်များက တစ်ခုပြီးတစ်ခု စွမ်းအင်များ စတင်ဖြည့်သွင်းကြသည်။ အစိမ်းရောင်အလင်းတန်းများမှာ အလွန်ပြင်းထန်လှသဖြင့် ကျန်းမုန့်လောင်၏ မျက်လုံးကိုပင် ကျိန်းစပ်သွားစေသည်။
"နောက်ဆုတ်ကြ"
ကျန်းမုန့်လောင်က အော်ပြောလိုက်ပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် ဖုံးကွယ်ထားသော အရိပ်စစ်သည်တော်တစ်ယောက်ကို ချက်ချင်းဆိုသလို အသက်သွင်းလိုက်သည်။
"ဝုန်း"
ပြင်းထန်လှသော ပေါက်ကွဲမှုကြီးက လွင့်မျောကျွန်းကြီး တစ်ခုလုံးကို တုန်ခါသွားစေသည်။
"ဘာတွေဖြစ်ကုန်တာလဲ။ သူတို့က မြို့ရဲ့လက်နက်တွေကိုသုံးပြီး ရတနာရှာဖွေသူတွေကို တကယ်တိုက်ခိုက်နေတာလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မြို့ဝင်ကြေး မပေးရင်တောင် ဒါက နည်းနည်းလွန်မနေဘူးလား"
"ဟုတ်ပါရဲ့။ ပြဿနာရှာတဲ့ လူနည်းနည်းကို ဖြေရှင်းဖို့ဆိုရင်လည်း မြို့တာဝန်ရှိသူတွေက လူနည်းနည်းလောက်ပဲ လွှတ်လိုက်လို့ မရဘူးလား"
"ရှူး... ငါ အခုလေးတင် ကြားလိုက်တာ။ သူတို့အထဲမှာ ရီထျန်းဂိုဏ်းက လူတစ်ယောက် ပါတယ်တဲ့"
"ဟင်... ရီထျန်းဂိုဏ်း ဟုတ်လား။ သူတို့က တော်တော်သတ္တိကောင်းတာပဲ"
"ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးက သူတို့ကို လိုက်ရှာနေတယ်ဆိုတာ သူတို့မသိဘူးလား။ စကြဝဠာအင်ပါယာအရှင်သခင်တွေအကုန်လုံးက ရီထျန်းဂိုဏ်းဝင်တွေကို ဆုကြေးငွေတွေအများကြီး ထုတ်ထားတယ်လို့ ငါ ကြားထားတယ်။ အခုတော့ သူတို့က မြို့ထဲကိုတောင် ရဲရဲတင်းတင်း ဝင်လာရဲတယ်ပေါ့လေ"
"အစ်ကိုရေ... ခင်ဗျားသတင်းက ဘယ်ကရတာလဲ။ ကျွန်တော်ကြားတာကတော့ ရီထျန်းဂိုဏ်းက တခြားလူတွေကို လိုက်ရှာနေတာတဲ့"
ရုတ်တရက် ဖြစ်ပွားသော ဤတိုက်ပွဲနှင့်ပတ်သက်ပြီး မြို့တစ်မြို့လုံး ဆွေးနွေးသံများဖြင့် ဆူညံသွားသည်။ မူလက မြို့ရိုးနှင့် အလှမ်းဝေးသော နေရာများရှိ လူများပင် ထိုပြကွက်ကို ကြည့်ရှုရန် နေရာတစ်ခုရှာဖို့ အုံလိုက်ကျင်းလိုက် ထွက်လာကြသည်။
ယခုအချိန်တွင် ယူကတ်စ်သည် သူ့လူများနှင့်အတူ မြို့ရိုးနားသို့ ရောက်နေပြီဖြစ်၏။ တီးတိုးပြောဆိုနေသူများလည်း ချက်ချင်း ပါးစပ်ပိတ်လိုက်ကြသည်။ အကြောင်းမှာ ဤမြို့အရှင်သည် ရမ်းသန်းပြီး ရန်စ၍ရနိုင်သည့်လူ မဟုတ်ကြောင်း သူတို့ သိထားသောကြောင့်ပင်။ စကားမှားသွားပါက ပြင်းထန်သော အကျိုးဆက်များ ခံစားရနိုင်သည်။
"မင်းသား... အမိန့်အတိုင်း ကျွန်တော်တို့ တိုက်ခိုက်လိုက်ပါပြီ"
"ဟားဟားဟား... ရီထျန်းဂိုဏ်း... မင်းတို့ ဘယ်လောက်ပဲ အစွမ်းထက်ထက် အဆင့်ခုနစ် သက်ရှိကိုတောင် သတ်နိုင်တဲ့ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိပါ့မလား"
ယူကတ်စ်က ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ကြည့်ရင်း မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။
"ဟိုကောင်မ... ငါနဲ့ မဆုံပါစေနဲ့လို့ ဆုတောင်းထား။ ငါ ရတနာရှာဖွေရေးနယ်မြေထဲက ထွက်တာနဲ့ မင်းကို မသတ်ခင် ပျော်ပါးပစ်မယ်"
"သူတို့ သေသွားပြီလား"
"အနီးအနားက သက်ရှိအချက်ပြတွေကို ကျွန်တော် ချက်ချင်း စစ်ဆေးလိုက်ပါ့မယ်"
ထောက်လှမ်းရေးစက်က မီးခိုးငွေ့များကြားသို့ ဖြတ်သန်းပြီး စကန်ဖတ်လိုက်သော်လည်း ရတနာရှာဖွေသူ၏ မျက်နှာကား ရုတ်ခြည်း ပျက်ယွင်းသွားသည်။
"မင်းသား... သက်ရှိအချက်ပြတွေ ရှိနေတုန်းပါပဲ"
"ဒီလောက်ပစ်တာတောင် အသက်ရှင်နေသေးတယ်ဆိုတော့ သူတို့မှာ အစွမ်းတချို့တော့ ရှိသားပဲ"
ရီထျန်းဂိုဏ်းဝင်များမှာ လွန်စွာ ချမ်းသာကြွယ်ဝကြောင်း သိထားသဖြင့် ယူကတ်စ် သိပ်မအံ့ဩမိပေ။ အကယ်၍ သူတို့တွင် အဆင့်မြင့်သိုင်းလက်နက်များ ရှိပါက တစ်ချက်လောက်တော့ ခံနိုင်ရည်ရှိကောင်းရှိလိမ့်မည်။
သို့သော် ကာကွယ်နိုင်လျှင်ပင် ပေါက်ကွဲမှုလှိုင်း၏ ဖျက်ဆီးနိုင်စွမ်းက အဆင့်ငါးသက်ရှိတစ်ယောက်၏ ခံနိုင်ရည်ထက် ပိုနေပေလိမ့်မည်။ မသေလျှင်ပင် သေလုမျောပါး ဖြစ်နေလောက်ပြီ။
"မသေသေးရင် နောက်တစ်ချက် ထပ်ပစ်လိုက်"
ယူကတ်စ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ဤကာလအတွင်း သူသည် အရင်းအမြစ်အမြောက်အများကို စုဆောင်းနိုင်ခဲ့သည်။ ပစ်ချက်အနည်းငယ်ဖြင့် 'အဆင့်ငါးစွမ်းအင်သလင်းကျောက်'တစ်ခု ကုန်သွားနိုင်သော်လည်း သူကတော့ အသုံးပြုရန် ဝန်လေးမနေပေ။
"မင်းသား... သူတို့ရဲ့ သက်ရှိအချက်ပြတွေက နည်းနည်းလေးမှ လျော့မသွားပါဘူး"
"ဘာ"
ိုထိုအချိန်တွင် ယူကတ်စ်လည်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ဆိုလိုသည်မှာ ဤပစ်ခတ်မှုက ရီထျန်းဂိုဏ်းသားကို နည်းနည်းလေးမှ အန္တရာယ်မပေးနိုင်ဘူးလား။
"ဝှစ်"
အားပြင်းသော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ပေါက်ကွဲမှုအနီးရှိ မီးခိုးငွေ့များကို လွင့်စင်သွားစေသည်။
အနက်ရောင်ရုပ်သေးရုပ်တစ်ရုပ်သည် ကျန်းမုန့်လောင်၏ အရှေ့တွင် ရပ်နေပြီး အပြာနုရောင် ကာကွယ်ရေးဒိုင်းတစ်ခုဖြင့် ဝန်းရံလျက် ကျန်းမုန့်လောင်နှင့် အခြားသူများကို အန္တရာယ်ကင်းစေရန် စောင့်ရှောက်ပေးထားသည်။
"အဲဒါ ဘာကြီးလဲ"
ယူကတ်စ်က ထိုအနက်ရောင်ပုံရိပ်ကို သတိထား၍ ကြည့်လိုက်သည်။
"ထားလိုက်တော့... ဆက်ပစ်နေစမ်း"
ရောင်ခြည်အမြောက်များ တစ်ခုပြီးတစ်ခု ဆက်တိုက် ပစ်ခတ်သော်လည်း အနက်ရောင်ရုပ်သေးရုပ်သည် အစောင့်အရှောက် နတ်ဘုရားတစ်ပါးအလား ရောင်ခြည်အမြောက်တိုင်းကို အားစိုက်ထုတ်စရာမလိုဘဲ ကာကွယ်ဖယ်ရှားပေးနေချေသည်။
ဤရုပ်သေးရုပ်ကို မောင်းနှင်ရန် ကြယ်အမြုတေတစ်လုံး လိုအပ်ပြီး အလွန်တရာလည်း အဆင့်မြင့်မားလှသည်။ အဆင့်ရှစ်သက်ရှိတစ်ယောက်ပင် ထိုရုပ်သေးရုပ်ကို ဘာမှသိပ်မလုပ်နိုင်ချေ။ ရောင်ခြည်အမြောက်က သူ့ဆေးသားကိုပင် ကွာကျအောင် မလုပ်နိုင်ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘာလို့လဲ။ အဲဒီအနက်ရောင်အကောင်က အဆင့်ရှစ်သက်ရှိလား။ မဖြစ်နိုင်တာ"
ယူကတ်စ်၏ လက်နှင့် ခြေထောက်များ အနည်းငယ် တုန်ယင်လာသည်။
"အစ်ကိုကျန်း... ဒါက..."
ဘလိတ်နှင့် အခြားသူများမှာ အနက်ရောင်အကောင်ကြီးကို အကဲခတ်ရင်း မေးလိုက်သည်။ ၎င်းထံမှ ထွက်ပေါ်နေသော သက်ရှိစွမ်းအင်ကို သူတို့ ခံစားမိသော်လည်း သက်ရှိအစစ်များနှင့် ကွာခြားနေပြီး ပိုမို တောင့်တင်းကာ စက်ယန္တရားဆန်သော သဘာဝရှိကြောင်း သတိပြုမိကြသည်။
သူတို့က ပေါက်ကွဲမှုဗဟိုချက်တွင် ရှိနေသဖြင့် ပေါက်ကွဲမှု၏ စွမ်းအားကို ခံစားခဲ့ကြရသည်။ သူတို့၏ ထောက်လှမ်းရေးစက်များမှာ အဆင့်ခြောက် ထိပ်သီးသက်ရှိတစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုအထိသာ တိုင်းတာနိုင်သော်လည်း ဤပေါက်ကွဲမှု၏ စွမ်းအင်ပြင်းအားမှာမူ ထောက်လှမ်းရေးစက်များ၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်နေပြီဖြစ်၏။
"ကောက်ရထားတာ။ မိုက်တယ်မလား"
"ကောက်ရထားတာ ဟုတ်လား"
ဘလိတ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် အရာက ကောက်ရထားတာတဲ့လား။
"ဟီးဟီး... ငါက ဒီမြို့ကိုသိမ်းဖို့ အကြောင်းပြချက် တစ်ခုခုရှာရမလားလို့ စဉ်းစားနေတာ။ အခုတော့ အကြောင်းပြချက် ရသွားပြီ"
ကျန်းမုန့်လောင် အော်ပြောလိုက်သည်။
"ပြဿနာစရှာတာ ငါမဟုတ်ဘူးနော်။ သူတို့က ငါ့ပိုက်ဆံကို ယူပြီးတော့ ငါ့ကို အထဲပေးမဝင်ဘူး။ ပိုက်ဆံလည်း ပြန်မပေးဘူး။ ပြီးတော့ အခု လူကိုတောင် တိုက်ခိုက်သေးတယ်"
"ကျန်းမုန့်လောင်ဘက်က ဘာအမှားမှ လုပ်ထားတယ်လို့ မထင်ပါဘူး။ ငါက လက်တုံ့ပြန်ရုံသက်သက်ပါပဲ"
*******************