← Chapters

အခန်း ၉၇၀

Vol. 65 Ch. 970

အခန်း ၉၇၀

Vol. 65 Ch. 970

အခန်း ၉၇၀ - မင်းက ငါ့ကျွမ်းကျင်မှုကို စိန်ခေါ်နေတာလား

"အစ်ကိုကျန်း... အဆင်ပြေရဲ့လား။ ခုနက ဒဏ်ရာရသွားသေးလား"

ဘလိတ်နှင့် အခြားသူများက စိုးရိမ်တကြီး မေးလိုက်ကြသည်။

"ငါက အဆင်ပြေပါတယ်။ ဒါပေမဲ့ သူတို့တော့ ပြဿနာတက်ပြီ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဘလိတ်... မင်းကို ငါပြောဖူးတယ်နော်။ ငါတို့ရီထျန်ဂိုဏ်းက 'သူတစ်ပါးက ကိုယ့်ကိုမစော်ကားရင် ကိုယ်ကလည်း မနှောင့်ယှက်ဘူး'ဆိုတဲ့ မူဝါဒကို ကျင့်သုံးတာ။ အခု မင်းမြင်တဲ့အတိုင်းပဲ။ သူတို့က အရင်စလှုပ်ရှားခဲ့တာ။ နောက်ပိုင်း ငါ တစ်ခုခုလွန်လွန်ကျူးကျူးလုပ်မိရင်တောင် ငါ့ကို အပြစ်လာမတင်နဲ့တော့"

"သူတို့ အရမ်းလွန်လွန်းတယ်"

ခရီးသွားနေစဉ်အတွင်း ဘလိတ်နှင့် အခြားသူများသည် ရီထျန်းဂိုဏ်းအပေါ် အမြင်ကောင်းရှိလာခဲ့ကြသည်။ အထူးသဖြင့် ကျန်းမုန့်လောင်၏ ကြင်နာမှုနှင့် ဟာသဉာဏ်ကို လေးစားသဘောကျမိပြီး သူ့ကို နက်နက်ရှိုင်းရှိုင်း ခင်မင်ရင်းနှီးလာခဲ့ကြသည်။

သို့သော် ကျန်းမုန့်လောင်သည် အမှားတစ်စုံတစ်ရာ မလုပ်ခဲ့သော်လည်း မြို့တံခါးဝမှ နှင်ထုတ်ခံခဲ့ရသည်။ ထို့ပြင် သူတို့သည် အကြောင်းမဲ့သက်သက် တိုက်ခိုက်ခံခဲ့ရပြီး ပစ်မှတ်များထဲတွင် ကျန်းမုန့်လောင်သာမက အခြားသူများလည်း ပါဝင်ခဲ့သည်။

အနက်ရောင်ရုပ်သေးရုပ်သာ ထိုတိုက်ခိုက်မှုကို မကာကွယ်ပေးခဲ့လျှင် ယခုအချိန်၌ သူတို့လည်း အမြောက်စာ ဖြစ်သွားလောက်ပြီဟုပင် တွေးကြည့်၍ရသည်။ သူတို့ကိုယ်တိုင်ပင် နာကျည်းမိသောကြောင့် ကျန်းမုန့်လောင်အနေနှင့် အကျိုးအကြောင်းမသင့်သော ကိစ္စတစ်ခုခုကို လုပ်ချင်နေလျှင်ပင် သူတို့ နားလည်ပေးနိုင်သည်။

"ဒါပေမဲ့ အစ်ကိုကျန်း... ဘာပဲဖြစ်ဖြစ် ဒါက မြို့ကြီးတစ်မြို့လေ။ အစ်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ဘလိတ်က မေးလိုက်သည်။

"သေချာတာပေါ့... သူတို့ရဲ့ မြို့အရှင်ကို အပြင်ဆွဲထုတ်ပြီး ပညာပေးမယ်။ မြို့ဝင်ကြေးကို ပြန်တောင်းမယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပါတောင်းမယ်"

"ကျွန်တော်တို့ သတိထားသင့်တယ်ထင်တယ်။ အစ်ကို့ရုပ်သေးရုပ်က အစွမ်းထက်ပေမဲ့ သူတို့ရဲ့ ကာကွယ်ရေးစနစ်ကိုလည်း အထင်သေးလို့မရဘူး။ ရောင်ခြည်အမြောက်က အစ်ကို့ရုပ်သေးရုပ်ကို ဒုက္ခမပေးနိုင်ပေမဲ့ အစ်ကို့ရုပ်သေးရုပ်ကလည်း သူတို့ရဲ့ ကာကွယ်ရေးဒိုင်းကို ဖောက်ချင်မှ ဖောက်နိုင်မှာ"

သားရဲဒီရေလှိုင်းကို ကြုံတွေ့ခဲ့ဖူးသော ဘလိတ်သည် ထိုအရာမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိထားသည်။ ခိုင်မာသော ကာကွယ်ရေးစနစ်များသာ မရှိပါက အဆင့်ရှစ်သက်ရှိ သားရဲတစ်ကောင်က မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။

ယခုအချိန်အထိ တောင့်ခံနိုင်ခြင်းမှာ မြို့၏ အလုံးစုံကာကွယ်ရေးစနစ်က အဆင့်ရှစ်သက်ရှိတစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိကြောင်း ပြသနေသည်။ ကျန်းမုန့်လောင်က ဤခံတပ်မျိုးကို မည်သို့ချိုးဖျက်နိုင်မည်နည်း။

"မင်းတို့ စိတ်ပူစရာမလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"တကယ်သည်းမခံနိုင်တော့ဘူး။ ဒီနေ့မှ လက်စားမချေနိုင်ရင် ငါ လိုက်ဖ်လွှင့်ပြီး ချီးစားပြမယ်"

ကျန်းမုန့်လောင် ဤမျှအထိ ဒေါသကြီးတတ်လိမ့်မည်ဟု ဘလိတ် မထင်ထားပေ။ မြို့ဝင်ကြေးကလည်း သိပ်မများလှပေ။ ရီထျန်းဂိုဏ်းအကြောင်း သိထားသလောက်ဆိုလျှင် ဤပမာဏမှာ ပါ့မွှားမျှသာ။

မြို့အရှင်က သူ့ကို တိုက်ခိုက်ခဲ့သော်လည်း ကျန်းမုန့်လောင် ထိခိုက်ဒဏ်ရာ မရခဲ့ပေ။ တကယ်တမ်းတွင် သူသည် ကြီးကြီးမားမား ဆုံးရှုံးနစ်နာမှု ဘာမှမရှိခဲ့ပေ။ သည်အတိုင်း လွှတ်ထားလိုက်လည်း အဆင်ပြေသည်။

သို့သော် ကျန်းမုန့်လောင်၏ အဘိဓာန်တွင် 'သည်းခံခြင်း' ဟူသော စကားလုံးမျိုး မရှိပေ။

"မင်းက မြို့အရှင်လား"

ကျန်းမုန့်လောင်၏ အကြည့်က မြို့ရိုးပေါ်ရှိ ယူကတ်စ်ထံသို့ ကျရောက်သွားသည်။ သူတစ်ယောက်တည်းသာ မျိုးရိုးဗီဇအလွှာ အဆင့်ခြောက်သက်ရှိသို့ ရောက်ရှိနေသည်။

"ဘာလို့ ငါ့ကို မြို့ပြင်မှာ ထုတ်ထားရတာလဲ။ ဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ။ ငါနဲ့ မင်းမှာ ဘာရန်ငြိုးရန်စ ရှိလို့လဲ"

"ဘာအကြောင်းပြချက်မှ မရှိဘူး။ မင်းက ရီထျန်းဂိုဏ်းကဖြစ်နေလို့ မင်း သေရမယ်"

ယူကတ်စ်၏ အမုန်းတရားကား ချန်ပင်းယွီထံမှ ရီထျန်းဂိုဏ်းတစ်ခုလုံးထံသို့ ပြောင်းလဲသွားခဲ့လေပြီ။

"မင်းရဲ့မြို့ကို ငါ ဖြိုချပစ်လိုက်မှာ မကြောက်ဘူးလား"

ကျန်းမုန့်လောင်က အန္တရာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါ့မြို့ကို ဖြိုချမယ် ဟုတ်လား"

ယူကတ်စ်ကမူ နှာခေါင်းရှုံ့လိုက်လေသည်။

"မင်းတစ်ယောက်တည်းနဲ့လား။ သားရဲဒီရေလှိုင်းတောင် ငါ့မြို့ကို မဖျက်ဆီးနိုင်ခဲ့တာ။ မင်းလုပ်နိုင်မယ်လို့များ ဘာကြောင့်ထင်ရတာလဲ။ ငါ့ရဲ့ ကာကွယ်ရေးစနစ်က အဆင့်ရှစ်သက်ရှိရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်ကွ"

"ဒါဆိုလည်း စမ်းကြည့်လေ"

ကျန်းမုန့်လောင်က တဟားဟားရယ်လိုက်၏။

"အခုချက်ချင်း မြို့ပြင်ထွက်လာခဲ့။ ဒူးထောက်ပြီး 'အောင်နိုင်သူ'သီချင်းကို ဆိုပြ။ ငါကိုယ်တိုင် မင်းကို အပြင်ကို ဆွဲထုတ်ရမယ်ဆိုရင်တော့ အဲဒါနဲ့တင် မပြီးဘူးနော်"

"ဟားဟားဟား... မင်းတို့ရီထျန်းဂိုဏ်းက လူတွေ အစွမ်းထက်တယ်ဆိုတာ ငါသိပါတယ်။ ငါ မင်းကို နိုင်ဖို့တော့ မသေချာဘူး။ ဒါပေမဲ့ ငါက ဒီမြို့ထဲမှာ ရှိနေတာ။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ။ သတ္တိရှိရင် မြို့ထဲဝင်လာပြီး ငါ့ကို လာရိုက်လှည့်လေ"

ယူကတ်စ်သည် ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုကို ခံစားရင်း ကျန်းမုန့်လောင်ကို တတ်နိုင်သမျှ လှောင်ပြောင်လိုက်သည်။

"ကောင်းပြီလေ... ဒါက ငါကြားဖူးသမျှထဲမှာ အအဓိပ္ပာယ်အမဲ့ဆုံးတောင်းဆိုမှုပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကိုယ့်လူတို့... ခင်ဗျားတို့လည်း ကြားတဲ့အတိုင်းပဲနော်။ သူကိုယ်တိုင်က ငါ့ကိုအပြင်ဆွဲထုတ်ပြီး ရိုက်ခိုင်းတာ။ ရီထျန်းဂိုဏ်းက အနိုင်ကျင့်တာ မဟုတ်ဘူးနော်"

"နောက်ဆုတ်နေကြ"

ကျန်းမုန့်လောင်က ဘလိတ်နှင့် အခြားသူများကို အမိန့်ပေးလိုက်သည်။

ဘလိတ်နှင့် အခြားသူများလည်း ကျန်းမုန့်လောင် ဤတစ်ကြိမ်တွင် တကယ်လုပ်တော့မည်ဖြစ်ကြောင်း သိလိုက်သည်။

"အထဲဝင်သွားပြီး ဒီမြို့ကို ဖြိုချပစ်လိုက်စမ်း"

အနက်ရောင်စစ်သည်တော်၏ မှေးမှိန်နေသော မျက်လုံးများမှာ ရုတ်တရက် ပြန်တောက်ပလာပြီး ခံစားချက်ကင်းမဲ့သော လူသတ်သမားတစ်ဦးအလား မြို့ဆီသို့ ပြေးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လေထဲတွင် ထူထပ်သော စွမ်းအင်တစ်ရပ် စုစည်းလာပြီး အစွန်းရောက် စကြဝဠာမူလစွမ်းအင်အဖြစ် ဖိသိပ်ခံလိုက်ရသည်။

"ဥက္ကာပျံမိုး"

ကျန်းမုန့်လောင်နှင့် အနက်ရောင်စစ်သည်တော်တို့ နှစ်ယောက်စလုံး ဤစကားလုံးများကို တစ်ပြိုင်နက်တည်းနီးပါး ရေရွတ်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် ငရဲပြည်ရောက်သွားသလို ခံစားလိုက်ရပြီး လေထုထဲတွင် လောင်ကျွမ်းနေသော အနံ့များဖြင့် ပြည့်နှက်သွားသည်။ ကောင်းကင်ယံတွင် ဧရာမမှော်ဝင်္ကပါတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများ ပါရှိသည့် ဧရာမ ဥက္ကာခဲကြီးများက မြို့ကို လွှမ်းခြုံသွားတော့သည်။

ဂိမ်းတော်တော်များများရှိ မှော်ဆရာများအတွက် အဆင့်မြင့် စွမ်းရည်တစ်ခုဖြစ်သော "ဥက္ကာပျံမိုး"သည် ကျန်းမုန့်လောင် ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် သင်ယူခဲ့သော တားမြစ်မှော်ကျိန်စာတစ်ခု ဖြစ်၏။ အရိပ်စစ်သည်တော်ကို အသုံးပြုနိုင်ရန် အာရုံကြောချိတ်ဆက်မှုကို အသုံးပြုလိုက်ခြင်းကား ကမ္ဘာပျက်ကပ် တိုက်ခိုက်မှုတစ်ခုနှင့် တူညီလှသည်။

"ဒါက... ကမ္ဘာပျက်တော့မှာလား"

ရတနာရှာဖွေသူများက ကောင်းကင်ကို ကြောင်အမ်းအမ်းဖြင့် မော့ကြည့်နေကြသည်။

"မင်းသား... ဒီစွမ်းအင်လှိုင်းက အဆင့်ရှစ်ထိပ်သီး သက်ရှိထက်ကို ကျော်နေပါပြီ"

ယူကတ်စ်၏ လက်အောက်ငယ်သားများက ထိတ်လန့်တုန်လှုပ်နေသော အမူအရာများကို ပြသလာကြသည်။

ဒါက အဆင့်ငါးထိပ်သီးသက်ရှိတိုက်ပွဲ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်အစွမ်းထက်တဲ့ စွမ်းအားတွေ ထွက်နေရတာလဲ။ ဒါကို တားပေးမယ့်လူ မရှိဘူးလား။ ဒီနေရာမှာ စည်းဖောက်နေတဲ့လူများ ရှိနေတာလား။

"ငါတို့ ခံနိုင်ရည် ရှိပါ့မလား"

ယူကတ်စ်က စိုးရိမ်တကြီး မေးလိုက်လေသည်။

"မသေချာပါဘူး။ ဒါပေမဲ့ မြို့အတွက် စွမ်းအင်သုံးစွဲမှုက သားရဲဒီရေလှိုင်းတုန်းကထက် ပိုများလာနိုင်ပါတယ်"

သူ့စကားအဆုံးတွင် မြို့တစ်မြို့လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ကာကွယ်ရေးစနစ်၏ အလင်းအမြှေးပါးနှင့် တိုက်မိသည့်အကြိမ်တိုင်း ထိုအရာ၏ စွမ်းအင်သိုလှောင်မှုမှာ သိသိသာသာ လျော့ကျသွားသည်။

"မြန်မြန်... ကာကွယ်ရေးစနစ်ကို စွမ်းအင်ဖြည့်လိုက်"

အဆင့်ငါးစွမ်းအင်သလင်းကျောက် အမြောက်အများကို ဓာတ်ပေါင်းဖိုထဲသို့ ပစ်ထည့်လိုက်သည်။ အလင်းကွန်ယက်သည် ဥက္ကာပျံမုန်တိုင်းအောက်တွင် တုန်ခါနေသော်လည်း တစ်ခါမှတော့ ကွဲအက်မသွားခဲ့ပေ။

ဥက္ကာပျံမုန်တိုင်းသည် သုံးမိနစ်တိတိ ကြာမြင့်ခဲ့ပြီး ဤသုံးမိနစ်အတွင်း သုံးစွဲခဲ့သော စွမ်းအင်မှာ သားရဲဒီရေလှိုင်းတိုက်ခိုက်စဉ်က နာရီအတော်ကြာအောင် သုံးစွဲခဲ့ရသည့် ပမာဏနှင့် ညီမျှလေသည်။

ယူကတ်စ်ခမျာ သူ့နဖူးထက်က ချွေးများကို သုတ်လိုက်သည်။

"ဟားဟားဟား... မင်း ငါ့ကို ဘာမှမလုပ်နိုင်ဘူး ထင်တယ်နော်"

မြို့၏ ကာကွယ်ရေးစနစ်မှာ လုံလောက်စွာ ခိုင်မာကြောင်း အတည်ပြုပြီးနောက် ယူကတ်စ်လည်း စိတ်သက်သာရာ ရသွားသည်။

"ငါ့မြို့မှာ စွမ်းအင်သလင်းကျောက်တွေ အများကြီး စုဆောင်းထားတယ်။ မင်းထက် ပိုခံနိုင်ရည်ရှိအောင် စောင့်ဖို့ ငါ့မှာအချိန်ရှိတယ်။ မင်းရဲ့ရုပ်သေးရုပ်မှာ စွမ်းအင်အကန့်အသတ်မရှိဘူးဆိုတာ ငါ မယုံဘူး"

"ဪ... ဟုတ်လား"

ကျန်းမုန့်လောင်က အဓိပ္ပာယ်ဖော်မရသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

"မင်းရဲ့ စွမ်းအင်သလင်းကျောက်လေးတွေက ဘယ်လောက်ကြာကြာခံမယ်လို့ ထင်နေတာလဲ။ ငါနဲ့ အရင်းအမြစ်ချင်း ပြိုင်ချင်တာလား။ ငါ့ရဲ့ကျွမ်းကျင်မှုကို လာစိန်ခေါ်နေတာလား"

ကျန်းမုန့်လောင်သည် လက်တစ်ချက်ဝှေ့ယမ်း၍ ကြယ်အမြုတေတစ်ခုကို ထုတ်ယူပြီး အရိပ်စစ်သည်တော်၏ စွမ်းအင်မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအရာကို တိုက်ခိုက်ရေးသက်သက်အတွက် အသုံးပြုပါက ကြယ်အမြုတေတစ်ခုမှာ အချိန်ကြာမြင့်စွာ သုံးစွဲရန် လုံလောက်သော်လည်း စွမ်းရည်ကို မကြာခဏ အသုံးပြုပါက စွမ်းအင်သုံးစွဲမှုလည်း အဆမတန် များပြားလာမည်သာ။

"ကြယ်အမြုတေ... အဲဒါ ကြယ်အမြုတေပဲ"

တစ်စုံတစ်ယောက်က ထိုအဆင့်မြင့်စွမ်းအင်ပစ္စည်းကို ချက်ချင်း မှတ်မိသွားသည်။

"ဒီဟာတစ်လုံးက အဆင့်ငါးစွမ်းအင်သလင်းကျောက် ထောင်ပေါင်းများစွာနဲ့ ညီမျှတယ်"

"အဆင့်ခြောက်နဲ့အထက် သားရဲတွေကိုသတ်မှ ဒါတွေကျလာဖို့ အခွင့်အရေးနည်းနည်းရှိတာလို့ ငါ ကြားဖူးတယ်။ သားရဲဒီရေလှိုင်းတုန်းက အဆင့်ခုနစ် သက်ရှိတွေဆီကနေ ငါတို့မြို့က တစ်ဒါဇင်လောက် စုဆောင်းနိုင်ခဲ့တယ်မဟုတ်လား"

"ဝိုး"

ထိုအချိန်တွင် ကျန်းမုန့်လောင်သည် ကြယ်အမြုတေအပုံလိုက်ကြီးကို လောင်းချလိုက်လေရာ တစ်ချက်ကြည့်ရုံဖြင့် ထောင်ပေါင်းများစွာ ရှိနေဟန်တူသည်။

ကျန်းမုန့်လောင်က သူ့လက်ဖဝါးထဲတွင် နှစ်လုံးခန့်ယူ၍ ပေါ့ပေါ့ပါးပါး ကစားနေချေသည်။

"မင်းကိုယ်မင်း အစွမ်းထက်တယ်လို့ ထင်နေတာလား။ မင်းကိုယ်မင်း သိပ်မိုက်တယ်ထင်နေလား။ မင်းကို ငါ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား။ စောင့်ကြည့်လိုက်ကြရအောင်... မင်းမြို့ရဲ့ ကာကွယ်ရေးစနစ်စွမ်းအင်က အရင်ကုန်မလား။ ငါ့ရဲ့ ကြယ်အမြုတေတွေက အရင်ကုန်သွားမလားဆိုတာကိုပေါ့"

**********************

All Chapters