← Chapters

အခန်း ၉၇၁

Vol. 65 Ch. 971

အခန်း ၉၇၁

Vol. 65 Ch. 971

အခန်း ၉၇၁ - ဒါက အစပဲ ရှိသေးတယ်

ကျန်းမုန့်လောင်၏ အရိပ်စစ်သည်တော်များမှာ မြို့၏ ကာကွယ်ရေးစနစ်ကို တစ်ချက်ပြီးတစ်ချက် တရစပ်တိုက်ခိုက်နေကြပြီး မြို့တွင်းရှိ လူများမှာမူ ဘာမှမလုပ်နိုင်ပါဘဲ လက်မှိုင်ချကာ ကြည့်နေရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။

မြို့ကြီးသည် အဝင်အထွက် လုံးဝပိတ်ဆို့ထားသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ မည်သူမှ ဝင်ထွက်၍ မရနိုင်တော့ပေ။ မြို့အတွင်းရှိ စွမ်းအင်သလင်းကျောက်များကိုလည်း ပြန်လည်မဖြည့်တင်းနိုင်ဘဲ လျော့နည်းကုန်ဆုံးနေချေသည်။

ယခင်က မြို့ထဲတွင် စွမ်းအင်သလင်းကျောက် အမြောက်အမြား သိုလှောင်ထားပြီး ရတနာရှာဖွေသူများကလည်း ဤကာလအတွင်း စွမ်းအင်အရင်းအမြစ်များစွာကို စုဆောင်းထားနိုင်ခဲ့သော်လည်း မည်သူကမျှ ရီထျန်ဂိုဏ်းရှိ လူများကို အထင်မသေးရဲကြပေ။ သူ့ထံတွင် ကြယ်အမြု​တေ ဘယ်လောက်များများ ရှိနေဦးမလဲဆိုသည်ကို မည်သူ သိနိုင်မည်နည်း။

ယခုအချိန်တွင် သူတို့အနေနှင့် မြို့ထဲရှိ စွမ်းအင်သလင်းကျောက်များ မကုန်ခင် ကျန်းမုန့်လောင်၏ ကြယ်အမြုတေများ အရင်ကုန်သွားပြီး သူ့အတွက် ထွက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ရန်သာ ဆုတောင်းရုံပင်။

ထို့ကြောင့် မြို့ထဲရှိ လူတိုင်းသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော ဤနေ့ရက်များကို သုံးရက်တိုင်တိုင် သည်းခံဖြတ်သန်းခဲ့ကြရပြီး အိပ်ပျော်နေချိန်၌ပင် မြို့ပြင်မှ မြေကြီးများတုန်ခါသွားလောက်သည့် အသံကြီးများကို ကြားနေရသည်။

ကျန်းမုန့်လောင်ကမူ အံ့သြစရာကောင်းလောက်အောင်ပင် မြို့ပြင်၌ တဲလေးတစ်ခု ထိုးထားခဲ့သည်။ သူနှင့် သူ့အဖွဲ့သည် ထိုနေရာတွင် နေ့စဉ်စားသောက်နေထိုင်ကြပြီး ကျန်းမုန့်လောင်က သူတို့ကို ကမ္ဘာမြေ၏ အရသာရှိသော အစားအစာများကို မြည်းစမ်းခွင့်ပေးခဲ့လေရာ သူတို့အကြား ပိုမိုရင်းနှီးကျွမ်းဝင်လာခဲ့သည်။

"မင်း ဘာလိုချင်နေတာလဲ"

ယူကတ်စ်၏ သည်းခံနိုင်စွမ်းမှာ ကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေချေပြီ။ ဤနှုန်းအတိုင်းသာဆိုလျှင် ရတနာရှာဖွေပွဲမပြီးဆုံးခင် သူတို့အနေနှင့် ဤမြို့ထဲတွင် ပိတ်မိနေနိုင်ခြေရှိပြီး စွမ်းအင်သလင်းကျောက်အမြောက်အမြား ဆုံးရှုံးရမည့်အပြင် အပြင်ထွက်၍ရှာဖွေနိုင်မည် မဟုတ်သောကြောင့် အခြားရတနာများကိုလည်း လက်လွတ်ဆုံးရှုံးရပေတော့မည်။

"ငါ ဘာမှမလိုချင်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါက စာရင်းရှင်းဖို့၊ ပိုက်ဆံပြန်တောင်းဖို့၊ တောင်းပန်ခိုင်းဖို့နဲ့ လျော်ကြေးတောင်းဖို့သက်သက် လာခဲ့တာ။ တစ်ခုမှ ချန်ထားလို့မရဘူးနော်"

"မင်းနဲ့ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူး"

ယူကတ်စ်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ ကျန်းမုန့်လောင် ပြောသွားသော အချက်သုံးချက်ထဲမှ မည်သည့်အရာကိုမှ သူ မဖြည့်ဆည်းပေးနိုင်ပေ။

"ဒီမှာ အချိန်ဖြုန်းနေတော့ရော မင်းအတွက် ဘာအကျိုးရှိမှာလဲ။ ငါတို့တွေ နှစ်ဦးနှစ်ဖက် သေကြေပျက်စီးဖို့ ဦးတည်နေကြတာနော်။ ခဏတာဒေါသလေးအတွက်နဲ့ ဒီလောက်များတဲ့ ကြယ်အမြုတေတွေကို ဖြုန်းတီးပစ်ရတာ တန်လို့လား"

"ငါက လုပ်ချင်လို့လေ။ မင်း ငါ့ကို တားနိုင်လို့လား"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"အဲဒီအရာတွေက သန်းတစ်ရာလောက် တန်ချင်တန်လိမ့်မယ်။ ငါကတော့ ဂရုမစိုက်ဘူး။ ပိုက်ဆံနဲ့ဝယ်လို့ရတဲ့အရာတွေ ဖြစ်နေသရွေ့ အမှိုက်တွေပဲ"

"အရူး...မင်းက အရူးပဲ"

ကြယ်အမြုတေသန်းတစ်ရာအကြောင်း လွယ်လင့်တကူပြောနေပေသည်။ တကယ်တမ်းတွင် ထိုပမာဏသည် ထိပ်တန်းအဆင့်ငါးမျိုးနွယ်စုတစ်ခု၏ အမြင့်ဆုံးကြွယ်ဝမှုထက်ပင် ပိုတန်ဖိုးရှိနေပေသည်။

"ငါတို့ရဲ့အရှိန်က နည်းနည်းနှေးနေတယ်လို့ မင်း ထင်နေတယ်မလား"

ကျန်းမုန့်လောင်က ခပ်ရေးရေး ပြုံးပြလိုက်သည်။

တကယ်တော့ လွန်ခဲ့သည့်သုံးရက်အတွင်း သူသည် ကြယ်အမြုတေအနည်းငယ်သာ အသုံးပြုခဲ့ရပြီး ဤမြို့အနေနှင့်လည်း အဆင့်ငါးစွမ်းအင်သလင်းကျောက် သောင်းဂဏန်းအနည်းငယ်ခန့်သာ သုံးစွဲရသေးသည်။

ဤကဲ့သို့သော မြို့တစ်မြို့အတွက် အဆင့်ငါး စွမ်းအင်သလင်းကျောက် သန်းဂဏန်းအနည်းငယ် သို့မဟုတ် ထိုထက်မက ရှိနေခြင်းမှာ အလွန်သာမန်ဆန်လှသော ကိစ္စပင်။ ဤနှုန်းအတိုင်းဆိုလျှင် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး အမှန်တကယ်ပင် အချိန်ကြန့်ကြာပြီး ထိရောက်မှုမရှိသလို ဖြစ်နေတော့သည်။

"ဒါဆိုရင်လည်း... မင်းအတွက် ငါ အရှိန်မြှင့်ပေးရတာပေါ့"

ကျန်းမုန့်လောင်က လက်တစ်ချက် ဝှေ့ယမ်း၍ နောက်ထပ် အရိပ်စစ်သည်တော်ဆယ်ယောက်ကို ခေါ်ထုတ်လိုက်ပြီး သူတို့ထံသို့ နတ်ဘုရားအမြုတေဒါဇင်ပေါင်းများစွာကို တပ်ဆင်ပေးလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယူကတ်စ်၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားလေသည်။ လူပုံစံ လက်နက်တစ်ခုတည်းနှင့်ပင် ကြောက်မက်ဖွယ်ကောင်းနေလေပြီ။ အဆင့်ငါးထိပ်သီးမျိုးနွယ်စုတစ်ခုကိုပင် ခြိမ်းခြောက်ရန် လုံလောက်နေပြီဖြစ်၏။ ဤရတနာရှာဖွေရေးနယ်မြေတွင် ထိုအရာကိုသာ တွေ့ရှိလိုက်ရပါက လူဆယ်သန်းမဟုတ်လျှင်ပင် သန်းနှင့်ချီသော လူများအကြား လုယက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

သို့သော် သူကတော့ ဤနေရာတွင် နောက်ထပ်ဆယ်ရုပ်ကို ပေါ့ပေါ့ပါးပါး ထပ်ထုတ်လာပြန်သည်။

သူက တကယ်ကြီး ဒီပစ္စည်းတွေကို မြေကြီးပေါ်ကနေ ကောက်ရလာတာလား။ ဘာလို့ ကောင်းတဲ့ပစ္စည်းမှန်သမျှ သူ့လက်ထဲချည်းပဲ ရောက်သွားရတာလဲ။

သို့သော် ယခုအချိန်ကား ဤအရိပ်စစ်သည်တော်များကို ကြည့်ပြီး အံ့သြတုန်လှုပ်နေရမည့် အချိန်မဟုတ်ပေ။ နောက်ထပ်အရိပ်စစ်သည်တော်ဆယ်ဦး ထပ်တိုးလာသဖြင့် သူတို့မြို့၏ ကာကွယ်ရေးစနစ် စွမ်းအင်သုံးစွဲမှုနှုန်းမှာ ဆယ်ဆခန့် တိုးလာမည်ဖြစ်ပြီး ထိုအဖြစ်မှာ အကြောက်ရဆုံးအပိုင်းပင်။

"ချစမ်း... အ​သေချစမ်း။ ဒီမြို့ကို ငါ့အတွက် ဖြိုချပစ်လိုက်"

အရိပ်စစ်သည်တော် ၁၁ယောက်စလုံးသည် စွမ်းအင်ကုန်ကျစရိတ်ကို ဂရုမစိုက်ပါဘဲ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။

သာမန်လက်နက်ခဲယမ်းများသည် အချိန်အကြာကြီး စွမ်းဆောင်ရည်မြင့်မားစွာ လည်ပတ်နိုင်ခြင်း မရှိပေ။ သို့သော် အရိပ်စစ်သည်တော်များ၏ ဖွဲ့စည်းတည်ဆောက်ထားသော ပစ္စည်းများမှာ အလွန် အစွမ်းထက်လှပြီး ခိုင်ခံ့ရုံသာမက ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်စွမ်းလည်း ရှိကြသည်။ စွမ်းအင်လုံလောက်မှု ရှိနေသရွေ့ စက်ပူသွားမည်ကို စိုးရိမ်စရာမလိုဘဲ အမြင့်ဆုံးစွမ်းအားဖြင့် အနားမယူစတမ်း တိုက်ခိုက်နိုင်ကြသည်။

"ဥက္ကာပျံမိုး"

"မိုးကြိုးကုဋေကုဋာကောင်းကင်အကျဉ်းထောင်"

"ထိုက်တောင် ဥက္ကာခဲကျဆင်းခြင်း"

"နဂါးဧကရာဇ်အပြိုင်ကမ္ဘာ"

"ဂိုင်ယာစွမ်းအင်အမြောက်"

"လိပ်ကျောင်းတော်ချီစွမ်းအင်လှိုင်း"

"အာကာသရောင်ခြည်"

...

ရုတ်ခြည်းပင် ဆယ်ဆမျှတိုးလာသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်ဝယ် ယူကတ်စ်လည်း နောက်ဆုံးတော့ ထိတ်လန့်သွားခဲ့ရလေပြီ။

သူသည် မြို့အပေါ် အမြင့်ဆုံးထိန်းချုပ်ခွင့်အာဏာကို ကိုင်စွဲထားပြီး အရင်းအမြစ်အားလုံးကို သူ့သဘောအတိုင်း အသုံးပြုနိုင်သည်။ ဤမြို့တွင် မူလက အဆင့်ငါးစွမ်းအင်သလင်းကျောက် ၅သန်း သိုလှောင်ထားသော်လည်း ယခင်တစ်ခေါက် သားရဲဒီရေလှိုင်းအတွင်း ၁သန်းခန့် သုံးစွဲခဲ့ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်းမုန့်လောင်၏ တိုက်ခိုက်မှုကြောင့် စွမ်းအင်သလင်းကျောက် သုံးသောင်းခန့်သာ ကုန်ဆုံးခဲ့သည်။

သို့သော် ယခုအချိန်တွင် စွမ်းအင်သုံးစွဲမှုနှုန်းမှာ ဆယ်ဆသာမက အဆငါးဆယ်ကျော်အထိ မြင့်တက်လာသည်။ အဘယ်ကြောင့်ဆိုသော် အရိပ်စစ်သည်တော် တစ်ဦးတည်းသာ ရှိစဉ်က ကာကွယ်ရေးစနစ်သည် နေရာတစ်နေရာကိုသာ အားဖြည့်ရန် လိုအပ်ခဲ့သော်လည်း ယခုမူ သူတို့ဘက်က အရေအတွက်ဆယ်ဆတိုးလာသောအခါ တိုက်ခိုက်ခံရသည့် ဧရိယာမှာလည်း ဆယ်ဆကျယ်ပြန့်လာသောကြောင့်ပင်။ ဤစွမ်းအင်ထိန်းညှိမှုနှင့် ထုတ်လွှင့်မှုစွမ်းအား လိုအပ်ချက် တိုးလာသောကြောင့် တစ်စက္ကန့်လျှင် သလင်းကျောက်ပေါင်းများစွာကို အရူးအမူးကုန်ဆုံးစေသည့် နှုန်းအထိ ရောက်သွားစေသည်။

စကြဝဠာနေ့တစ်ရက်အတွင်းမှာပင် သူတို့ စွမ်းအင်သလင်းကျောက် ငါးသန်းမှ ခြောက်သန်းဝန်းကျင်အထိ သို့မဟုတ် ထိုထက်ပို၍ပင် ကုန်ဆုံးလုမတတ်ဖြစ်ချေမည်။ ဤနှုန်းအတိုင်းဆိုလျှင် မြို့ထဲရှိ စွမ်းအင်သလင်းကျောက်များ လုံးဝမကုန်ခင်အထိ တစ်ပတ်ခန့်သာ တောင့်ခံထားနိုင်မည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် သူတို့အနေနှင့် တစ်ဖက်လူထံတွင် အသနားခံရမည့်အပြင် အကျိုးဆက်များကလည်း သိသာလှ၏။

"သောက်ကျိုးနည်း... သူ့ရဲ့ ကြယ်အမြုတေတွေက တကယ်ကုန်သွားတယ်ဆိုတာ မရှိဘူးလား"

အရိပ်စစ်သည်တော်များ အရေအတွက်တိုးလာခြင်းမှာ ကြယ်အမြုတေသုံးစွဲမှုကိုလည်း ရုတ်တရက်မြင့်တက်သွားစေသဖြင့် သူတို့မျက်စိရှေ့မှာတင် ကြယ်အမြုတေအပုံကြီးမှာ သိသိသာသာ လျော့နည်းသွားသည်။

နှစ်ရက်အတွင်းမှာပင် မြို့ထဲရှိ အဆင့်ငါးစွမ်းအင်သလင်းကျောက် ၁.၈သန်း အသုံးပြုပြီးသွားလေရာ ယူကတ်စ်က မြို့ထဲရှိ လူတိုင်းကို ချက်ချင်းဆင့်ခေါ်ကာ စွမ်းအင်သလင်းကျောက်များ စတင်စုဆောင်းခိုင်းခဲ့သဖြင့် နောက်ထပ်ငါးသိန်းခန့်ကို အနိုင်နိုင် ထပ်မံစုဆောင်းနိုင်ခဲ့သည်။

နောက်ဆုံးတွင် ကျန်းမုန့်လောင်ရှေ့ရှိ ကြယ်အမြုတေအပုံကြီး ကုန်သွားသဖြင့် ဤမြင်ကွင်းကို မြင်လိုက်ရသော ယူကတ်စ်၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားလေသည်။

"ဟားဟားဟား... မင်းရဲ့ ကြယ်အမြုတေတွေ တကယ်ကုန်သွားပြီ မဟုတ်လား"

ယူကတ်စ်က ပြောလိုက်သည်။

"မင်း ထွက်သွားလို့ရပြီ။ ခုနက ဖြစ်ခဲ့တာတွေကို ငါ ခွင့်လွှတ်ပေးလိုက်မယ်"

ယူကတ်စ်သည် ကျန်းမုန့်လောင်အား အပြတ်အသတ် ရန်မရှာရဲပေ။ အရေးပေါ်အခြေအနေအတွက် သူ့ဆီတွင် ကြယ်အမြုတေတစ်လုံးနှစ်လုံးလောက် ကျန်နေသေးသလားဆိုသည်ကို မည်သူမှ မသိနိုင်သောကြောင့်ပင်။ အထူးသဖြင့် နောက်ဆုံးတွင် အသေခံတိုက်ခိုက်လာနိုင်ခြေရှိသဖြင့် သူ့ကို မဆင်မခြင်တိုက်ခိုက်ခြင်းက ခန့်မှန်းရခက်သော အန္တရာယ်မျိုး ကျရောက်စေနိုင်သည်။

"ဪ... ဒါနဲ့တင်ပြီးသွားပြီလို့ ထင်နေတာလား။ ဒါက အစပဲ ရှိသေးတယ်"

ကျန်းမုန့်လောင်က ရယ်မောလိုက်ပြီးနောက် ယခင်ပမာဏထက် နှစ်ဆပိုများသော ကြယ်အမြုတေအပုံကြီးကို ထပ်ထုတ်ပြလိုက်သည်။

သားရဲဒီရေလှိုင်းအတွင်း ကျန်းမုန့်လောင်၏ အရိပ်စစ်သည်တော်များမှာ အဆင့်ခြောက်နှင့်အထက် သက်ရှိအမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့သည်။ အချို့သော အဆင့်ရှစ်သက်ရှိများ သေဆုံးသွားလျှင်ပင် အပိုင်းအစများစွာ ကျကျန်ရစ်တတ်သည်။ ယခင်က စကြဝဠာကုန်သွယ်ရေးစျေးကွက်မှ သူ ဝယ်ယူခဲ့သော ကြယ်အမြုတေနှင့်ပါ ပေါင်းလိုက်လျှင် ဤပမာဏသည် စုစုပေါင်း၏ ဆယ်ပုံတစ်ပုံမျှပင် မရှိသေးပေ။

"တော်ပြီ... မင်းနဲ့ ကစားနေဖို့ ငါ့မှာ အချိန်မရှိဘူး"

ကျန်းမုန့်လောင်က နောက်ထပ်အရိပ်စစ်သည်တော်တစ်သုတ်လိုက်ကြီးကို ထပ်မံဆင့်ခေါ်လိုက်၏။ ဤတစ်ကြိမ်တွင် အကောင်ရေတစ်ရာတိတိပင်။

ဤအရိပ်စစ်သည်တော် ၁၁၁ယောက်က ယူကတ်စ်၏ အမြင်အာရုံကို အမှောင်ကျသွားစေသည်။

ဒါက ဘယ်လိုလုပ်တရားမျှတမှာလဲ။ သူက ဇူဒါစကြဝဠာအင်ပါယာခေါင်းဆောင်ရဲ့ လျှို့ဝှက်သားတော်များလား။ ဘာလို့ ဒီလိုပစ္စည်းကောင်းတွေအကုန်လုံးက သူ့လက်ထဲကိုပဲ ရောက်သွားရတာလဲ။

အကယ်၍သာ အပြင်က လက်တွေ့ကမ္ဘာမှာဆိုလျှင် ဤအရိပ်စစ်သည်တော်၁၁၁ယောက်က သူတို့၏ စကြဝဠာအင်ပါယာကိုပင် မြေလှန်ပစ်နိုင်စွမ်း ရှိ၏။

ဤတစ်ကြိမ်တွင်မူ ယူကတ်စ်သည် အကြောက်တရား၏ လွှမ်းမိုးမှုကတစ်ဆင့် ဖြစ်ပေါ်လာသော မျှော်လင့်ချက်ကင်းမဲ့မှုကို နောက်ဆုံးတွင် ခံစားလိုက်ရချေပြီ။

"မင်းသား... ကျွန်တော်တို့ဆီမှာ စွမ်းအင်သလင်းကျောက် ၂သန်းပဲ ကျန်ပါတော့တယ်"

...

"မင်းသား... ၁.၅သန်းပဲ ကျန်ပါတော့တယ်"

"မင်းသား... ၁သန်းပဲ ကျန်ပါတော့တယ်"

"ငါးသိန်း"

"တစ်သိန်း"

"မင်းသား... ကျွန်တော်တို့ရဲ့ စွမ်းအင်သလင်းကျောက်တွေ အကုန်ကုန်သွားပါပြီ"

ကာကွယ်ရေးစနစ်ရှိ စွမ်းအင်နယ်ပယ်သည် တဖြည်းဖြည်း အရောင်မှေးမှိန်လာသည်နှင့်အမျှ ကာကွယ်ရေးစနစ် လုံးဝပြိုကျသွားပြီဖြစ်ကြောင်း အချက်ပြလိုက်လေရာ မြို့ကြီးလည်း နောက်ဆုံးကာကွယ်ရေးခံတပ်ကို လက်လွှတ်လိုက်ရလေပြီ။

"ဟဲဟဲ"

ကျန်းမုန့်လောင်က မိစ္ဆာဆန်ဆန် အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်၏။

"မင်း အပြင်ထွက်လာပြီး ဒူးထောက်ရင်း အောင်နိုင်သူသီချင်းကို ဆိုပြမှာလား။ ဒါမှမဟုတ် မင်းကို အပြင်ဆွဲထုတ်ပြီးမှ ဆိုခိုင်းရမလား"

********************

All Chapters