← Chapters

အခန်း ၉၇၂

Vol. 65 Ch. 972

အခန်း ၉၇၂

Vol. 65 Ch. 972

အခန်း ၉၇၂ - ရက်လွန်ကြေးများ

"အစ်ကိုကျန်းက မြို့ရဲ့ကာကွယ်ရေးစနစ်ကို တကယ်ချိုးဖျက်နိုင်လိမ့်မယ်လို့ ငါယုံတောင်မယုံနိုင်ဘူး"

"သူတစ်ယောက်တည်းနဲ့ တစ်မြို့လုံးကို ယှဉ်ချလိုက်တာပဲ"

ကျန်းမုန့်လောင်၏ အရိပ်စစ်သည်တော်များက မြို့၏ကာကွယ်ရေးစနစ်ကို အလုံးစုံဖျက်ဆီးပစ်လိုက်သည်ကို ဘလိတ်နှင့် အခြားသူများက မယုံနိုင်လေဟန်ဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ ယခုအခါ တစ်မြို့လုံးရှိ စွမ်းအင်များမှာ နောက်ဆုံးတစ်စက်အထိ ကုန်ခန်းသွားခဲ့လေပြီ။

ထိုအခြေအနေတွင် ကျန်းမုန့်လောင်ကိုယ်တိုင်လှုပ်ရှားရန်ပင် မလိုတော့ချေ။ အကယ်၍ အဆင့်ခြောက်အထက်ရှိ သားရဲတစ်ကောင်ကသာ မြို့ကို ဝင်တိုက်မည်ဆိုလျှင် ကာကွယ်ရေးစနစ်မရှိတော့သည့် ရတနာမုဆိုးများအားလုံးမှာ အသတ်ခံရရန်စောင့်နေသည့် သိုးငယ်များအလား ခုခံနိုင်စွမ်းကင်းမဲ့နေပေလိမ့်မည်။

"ပြေးတော့"

ဤသည်မှာ ယူကတ်စ်၏ စိတ်ထဲတွင် ကျန်ရစ်နေသော တစ်ခုတည်းသော အတွေးပင်။ ကြောက်မက်ဖွယ်ကောင်းသော အရိပ်စစ်သည်တော်များကို ရင်ဆိုင်ရချိန်တွင် သူ့တွင် ဘာခုခံနိုင်စွမ်းမှ ရှိမနေခဲ့ချေ။

"မင်းက ထွက်ပြေးနိုင်မယ်ထင်နေတာလား။ ပြေးလို့လွတ်မယ်များ ထင်နေလား"

အရိပ်စစ်သည်တော်တစ်ယောက်က မျက်စိတစ်မှိတ်အတွင်း ယူကတ်စ်၏ဘေးနားသို့ ရောက်လာပြီး သူ့အား ကြက်ပေါက်လေးတစ်ကောင်နှယ် ဆွဲမ၍ ကျန်းမုန့်လောင်ထံသို့ ခေါ်ဆောင်လာခဲ့သည်။

"ငါတို့ရဲ့မင်းသားကို လွှတ်လိုက်စမ်း"

ယူကတ်စ်နှင့် မျိုးနွယ်စုတူသော ရတနာရှာဖွေသူများမှာ ချက်ချင်းပင် စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။

အရှင်ဘုရင်က ရတနာရှာဖွေရေးနယ်မြေထဲတွင် သူတို့၏မင်းသားအား ကာကွယ်ရန် ထပ်တလဲလဲ သတိပေးထားသည်။ သို့သော် အရိပ်စစ်သည်တော်များ၏ စွမ်းအားမှာ သူတို့၏ခုခံနိုင်စွမ်းထက် ကျော်လွန်နေသည်။ သူတို့အားလုံး ပေါင်းတိုက်လျှင်ပင် အရိပ်စစ်သည်တော်ကို အစင်းရာလေးတစ်ခုထင်အောင် လုပ်နိုင်မည်မဟုတ်ပေ။

"မင်းတို့လွှတ်ဆိုတိုင်း ငါက လွှတ်ပေးရမှာလား။ ဒါဆို ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ"

ကျန်းမုန့်လောင်က ယူကတ်စ်ထံသို့ လျှောက်သွားပြီး ဖော်ပြ၍မရသော အပြုံးမျိုးဖြင့် ကြည့်လိုက်သည်။

"မင်းပဲ ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ပြောခဲ့တာမလား"

"ဘာ... မင်း ဘာလိုချင်လို့လဲ"

ယူကတ်စ် ခြိမ်းခြောက်လိုက်လေသည်။

"မင်း ငါ့ကို တစ်ခုခုလုပ်ရဲလုပ်ကြည့်။ ငါ့အဖေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

"မင်းအဖေက ဘာကောင်မို့လို့လဲ"

ကျန်းမုန့်လောင်ကလည်း လှောင်ပြောင်လိုက်သည်။

"မင်းအဖေက အဆင့်ကိုးသက်ရှိမို့လို့လား"

ယူကတ်စ်ခမျာ ခဏမျှ ကြက်သေသေသွားသည်။ ဤလောကတွင် အဆင့်ကိုးသက်ရှိဆိုသည်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်သည်အထိ နည်းပါးလှသည်။ သူ့အဖေမှာ အဆင့်ရှစ် အထွတ်အထိပ်သက်ရှိတစ်ဦးသာ ဖြစ်၏။

"ဒါဆို မင်းအဖေက အဆင့်ကိုးမဟုတ်ဘူးထင်ပါရဲ့။ ဒါဆို ဘာလို့ လေလုံးထွားနေသေးလဲ"

"ဖြန်း"

ကျန်းမုန့်လောင်သည် လက်မြှောက်၍ ယူကတ်စ်၏ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။

"မင်းက တော်တော်မာန်တက်နေတာပဲ"

"ဒီမှာရှိတဲ့လူတိုင်း ငါ့အတွက် သက်သေခံပေးနိုင်တယ်မလား။ သူကိုယ်တိုင် ပြောခဲ့တာနော်။ ငါသတ္တိရှိရင် သူ့ကိုဖမ်းပြီး ရိုက်လှည့်ဆိုလို့။ သူကိုယ်တိုင် တောင်းဆိုခဲ့တာပဲ"

ဖြောင်းခနဲ အချက်အနည်းငယ် အရိုက်ခံရပြီးနောက် ယူကတ်စ်၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖောင်းအစ်သွားသည်။

"မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ ငါ့တစ်သက်မှာ ဒီလောက်အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုမှုမျိုး တစ်ခါမှ မကြားဖူးသေးဘူး"

"သေစမ်း... မင်းက ပြန်တောင်ချရဲသေးတယ်ပေါ့"

ကျန်းမုန့်လောင်၏ စကားကို ကြားသောအခါ လူတော်တော်များများ မျက်လုံးပြူးသွားကြသည်။ ယူကတ်စ်မှာ အမြဲတမ်း သတ္တိကြောင်ပြီး အလိုလိုက်ခံထားရသော သူဌေးသားပေါက်စနှယ်။ အရိုက်ခံရပြီးနောက် ပြန်လည်ခုခံရန် သေချာပေါက် ကြောက်ရွံ့နေမည်သာ။

သူက ပြန်ချရဲတယ်တဲ့လား။

အကယ်၍ သူတို့သာ ယူကတ်စ်၏ နေရာတွင်ဆိုလျှင် ပြန်ခုခံရန် သတ္တိရှိမည်လားဟု ကိုယ့်ကိုယ်ကိုယ် မေးကြည့်မိကြသည်။ သို့သော် သူတို့၏ရင်ထဲရှိ အဖြေမှာ အသေအချာပင် 'ဟင့်အင်း'ဟူ၍သာ ဖြစ်သည်။

ရုတ်တရက်ဆိုသလိုပင် သူတို့အနေနှင့် ယူကတ်စ်အား သတ္တိရှိသော ယောက်ျားတစ်ယောက်အဖြစ် မြင်ကာ လေးစားသွားသည်။

သို့သော် အဖြစ်အပျက်ကို သေချာမြင်လိုက်ရသောအခါ သူတို့၏ နဖူးထက်တွင် မယုံကြည်နိုင်မှုကြောင့် အရေးအကြောင်းများ ထင်လာသည်။ အမှန်တကယ်တွင် ကျန်းမုန့်လောင်ကသာ ယူကတ်စ်အား တစ်ဖက်သတ် ရိုက်နှက်နေခြင်းဖြစ်ပြီး ယူကတ်စ်မှာမူ နာကျင်စွာ အော်ဟစ်နေရုံမှလွဲ၍ ပြန်လည်ခုခံနေခြင်း အလျဉ်းမရှိပေ။

သို့သော် ကျန်းမုန့်လောင်၏ နောက်ဆက်တွဲစကားများက သူတို့၏ အတွေးများကို လုံးဝရိုက်ချိုးပစ်လိုက်ပြန်သည်။

"သောက်ကျိုးနည်း... မင်းက မင်းမျက်နှာကိုသုံးပြီး ငါ့လက်ဝါးကို လာရိုက်တယ်ပေါ့"

"မင်း ငါ့ကို ချုံခိုတိုက်တာပဲ။ မင်းဗိုက်နဲ့ ငါ့ခြေထောက်ကို လာကန်တယ်ပေါ့လေ"

"တော်တော်အောက်တန်းကျတဲ့ကောင်... မင်းခေါင်းနဲ့ ငါ့လက်သီးကို လာဆောင့်ပြန်ပြီပေါ့"

ကျန်းမုန့်လောင်မှာ ယူကတ်စ်ကို ရိုက်နှက်နေရင်း တစ်ချိန်လုံး ပွစိပွစိရေရွတ်နေသည်။

"ဒါကို ခုခံတယ်လို့ ခေါ်တာလား"

ရတနာရှာဖွေသူများမှာ ကြက်သေသေသွားကြသည်။ ဘယ်လောက်မျက်နှာပြောင်တိုက်ပြီး အရှက်မရှိသူကများ ဤလုပ်ရပ်မျိုးကို လုပ်ရက်ရလေသလဲ။

တစ်သက်နှင့်တစ်ကိုယ် တစ်ပါးသူ၏ လက်သီးအား မိမိမျက်နှာဖြင့် ဝင်တိုက်သည်ဟူသော အဖြစ်အပျက်ကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ယူကတ်စ်သည် အဆင့်ခြောက်သက်ရှိတစ်ယောက်ဖြစ်သော်လည်း ချန်ပင်းယွီပင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်သည်။ ထို့ကြောင့် အသက်အန္တရာယ်ဖြစ်စေလောက်သည့် လက်သီးချက်များ ပိုင်ဆိုင်ထားသော ကျန်းမုန့်လောင်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။

"ဘုန်း"

ကျန်းမုန့်လောင်သည် ယူကတ်စ်အား မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် စတင်ရှာဖွေတော့သည်။

"ဪ... အဆင့်မြင့်နေရာလွတ်သိုလှောင်ရေးကိရိယာပဲ။ ပစ္စည်းတွေအများကြီး သိမ်းထားတယ်မလား"

"ဒီအဝတ်အစားတွေကလည်း တော်တော်မိုက်တာပဲ။ ချွတ်စမ်း"

"ဒီဘောင်းဘီကလည်း မဆိုးဘူးပဲ။ ချွတ်လိုက်"

"ဒီအတွင်းခံချပ်ဝတ်ကလည်း တန်ဖိုးကြီးမယ့်ပုံပဲ။ ချွတ်လိုက်စမ်း"

...

မိနစ်အနည်းငယ်ကြာသောအခါ ယူကတ်စ်ခမျာ အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့သည်အထိ အချွတ်ခံလိုက်ရသည်။

မြို့ကို သိမ်းပိုက်ပြီးကတည်းက ယူကတ်စ် ပစ္စည်းအမြောက်အမြားကို စုဆောင်းထားသည်။ သုံးစွဲပစ်လိုက်ပြီဖြစ်သော စွမ်းအင်သလင်းကျောက်များမှလွဲ၍ ကျန်အရာအားလုံးမှာ သူ့ခန္ဓာကိုယ်ပေါ်တွင်သာ ရှိနေချေသည်။

"ကျေးဇူးပဲ သူဌေးကြီး"

ကျန်းမုန့်လောင်က ပစ္စည်းများအားလုံးကို ဝမ်းသာအားရ သိမ်းဆည်းလိုက်ချိန်တွင် ယူကတ်စ်၏ ခေါင်းပေါ်ရှိ အနီရောင်မီးတောက်မှာ တဖြည်းဖြည်းနှင့် လိမ္မော်ရောင်သို့ ပြောင်းလဲသွားလေသည်။

"တစ်ခုခုလွတ်သွားသလိုပဲ"

ကျန်းမုန့်လောင် စဉ်းစားရေရွတ်လိုက်သည်။

"ဘော့စ်... ပိုက်ဆံတွေ မသိမ်းရသေးဘူးလေ"

"အာ... ဟုတ်သားပဲ"

ကျန်းမုန့်လောင်သည် ဤကာလအတွင်း မြို့မှ ကောက်ခံရရှိထားသော ဝင်ကြေးနှင့် တည်းခိုခငွေအမြောက်အမြားကို မေ့လုနီးပါးဖြစ်သွားကြောင်း သတိပြုမိသဖြင့် သူ့နဖူးသူ ရိုက်လိုက်သည်။

"ငါ့မှာရှိသမျှအကုန် မင်းကို ပေးပြီးပြီလေ။ ဘာလိုချင်သေးလို့လဲ"

ယူကတ်စ်ခမျာ သူ့အရှက်ကို ဖုံးကွယ်ထားသော နောက်ဆုံးအဝတ်အစားလေးကို ကာကွယ်ရင်း ပြောလိုက်သည်။

"မင်းရဲ့အတွင်းခံကို ငါစိတ်မဝင်စားဘူး။ ငါက နှာဘူးမှ မဟုတ်တာ"

ကျန်းမုန့်လောင်က ဆက်ပြောလေသည်။

"ငါက အကြောင်းပြချက်မရှိဘဲ ဓားပြတစ်ယောက်လို အနိုင်ကျင့်နေတယ်လို့ မင်းထင်နေလား"

ဓားပြတစ်ယောက်လိုလား။ သူက ဓားပြစစ်စစ်ကြီးလေ။

ယူကတ်စ်ခမျာ ထိုသို့တွေးမိသော်လည်း နှုတ်ကတော့ ထုတ်မပြောရဲပေ။ အခြားရတနာရှာဖွေသူများကလည်း အလားတူပင် တွေးတောနေကြသည်။

လူတစ်ယောက်ကို ရိုက်နှက်ပြီး အကုန်ချွတ်ယူသွားတာ မင်းမှ ဓားပြမဟုတ်ရင် ဘယ်သူက ဓားပြဖြစ်ရမှာလဲ...

"မင်းကို သင့်တော်တဲ့ အကြောင်းပြချက်တစ်ခုနဲ့ ရှင်းပြဖို့လိုမယ်ထင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းတို့မြို့ကို လာတုန်းက စည်းကမ်းအတိုင်း ငါ ဝင်ကြေးပေးခဲ့တယ်။ ငါ ဘာများ အမှားလုပ်ခဲ့လို့လဲ"

"ဒါဆို ဘာလို့ ငါ့ကိုမောင်းထုတ်ဖို့ မြို့တံခါးပိတ်ပြီး လက်နက်တွေနဲ့ပါ တိုက်ခိုက်ရတာလဲ။ ငါက လပေါင်း၃၀၀ကျော်ပဲရှိသေးတဲ့ ကလေးတစ်ယောက်နော်"

ကျန်းမုန့်လောင်၏ စကားများမှာ ဒေါသထွက်ချင်စရာ ကောင်းလှသော်လည်း သူပြောသည့် စကားများမှာ မမှားကြောင်းကိုမူ သူတို့ ဝန်ခံရပေမည်။ မြို့တွင်းသို့ ဝင်ရောက်ရန် သူ့ဘက်က ရိုးရိုးသားသား ဝင်ကြေးပေးခဲ့ပြီး ပြဿနာလည်း မရှာခဲ့သလို စည်းကမ်းတစ်ခုကိုမှ ချိုးဖောက်ခြင်း မရှိပေ။ ထိုသို့ဆိုလျှင် သူ့ကို အဘယ်ကြောင့် မောင်းထုတ်သင့်သလဲ။

ဝင်ကြေးကို ပြန်မအမ်းရုံသာမက သူ့ကိုပါ တိုက်ခိုက်ခဲ့သောကြောင့် ကျန်းမုန့်လောင်ဘက်က ဥပဒေအရသော်လည်းကောင်း၊ ကျင့်ဝတ်အရသော်လည်းကောင်း မှန်ကန်နေပေသည်။

တိုက်ခိုက်ခံရပြီးနောက် တစ်စုံတစ်ယောက်က မိမိကိုယ်ကိုကာကွယ်ရန် တန်ပြန်တိုက်ခိုက်ခြင်းမှာ တစ်စုံတစ်ရာ မှားယွင်းနေသလော။ မဟုတ်ချေ။ လုံးဝမမှားပေ။

"တရားမျှတမှုကို ရှာဖွေဖို့ ငါ အချိန်တွေငွေတွေ အများကြီး ကုန်ဆုံးခဲ့ရတယ်။ လျော်ကြေးအနေနဲ့ ပစ္စည်းတွေကို ယူတာ ဘာမှားနေလို့လဲ"

"ငါ့မှာရှိသမျှအကုန် မင်းကို ပေးပြီးပြီလေ။ အခုဆိုရင် မင်းရဲ့ကုန်ကျစရိတ်တွေ ကျေလောက်ပြီမဟုတ်ဘူးလား"

ယူကတ်စ်က ညည်းညူလိုက်သည်။

"အင်း... ကုန်ကျစရိတ်တွေတော့ ကျေပြီ။ ဒါပေမဲ့ ဝင်ကြေးပြန်မအမ်းရသေးဘူးလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"စကြာဝဠာဒင်္ဂါးတစ်သိန်းတည်းပဲဟာ။ ငါ မင်းကို ပြန်အမ်းပေးပါ့မယ်"

ဤကာလအတွင်း ယူကတ်စ်သည် အနည်းဆုံး စကြာဝဠာဒင်္ဂါး ကွာဒရီလီယံအနည်းငယ်မျှ ရှာဖွေနိုင်ခဲ့သောကြောင့် ထိုငွေပမာဏတော့ ပြတ်လပ်မနေပေ။

"မလောက်ဘူး"

ကျန်းမုန့်လောင်က ပြောလေသည်။

"အာကာသဒင်္ဂါးတစ်သိန်းကို ဘဏ်ထဲထည့်ထားရင် အတိုးရတယ်ကွ။ မင်း ရက်လွန်ကြေးတွေပါ လျော်ပေးရမယ်"

"မင်း ဘယ်လောက်လိုချင်လဲဆိုတာသာ ပြောစမ်းပါ"

စကြာဝဠာဒင်္ဂါး တစ်သိန်းကို မဆိုထားနှင့်။ ရက်လွန်ကြေးနှင့် ပေါင်းလျှင်ပင် ဘယ်လောက်ကျနိုင်မည်နည်း။

"တစ်ရက်ကို အတိုးက ၁၀၀၀၀ရာခိုင်နှုန်း။ ငါးရက်ဆိုတော့ အဆတစ်ဘီလီယံပဲ။ ကြယ်ဆယ်ပွင့်လောက်သာ ပေးလိုက်။ စကြာဝဠာဒင်္ဂါးတစ်သိန်းထဲက ကျန်တဲ့ငွေကို ငါထပ်မတောင်းတော့ဘူး"

"မင်း ငါ့ကို ဓားပြသာတိုက်လိုက်ပါတော့လား"

ယူကတ်စ်လည်း ဒေါသတကြီး ထအော်မိသည်။

နေ့စဉ်အတိုး ၁၀၀ရာခိုင်နှုန်းတဲ့လား။ ငွေတိုးချေးစားသူများပင် ဤမျှအထိ ခေါင်းပုံမဖြတ်ပေ။ ဤကာလအတွင်း သူရှာထားသည့် ငွေများကို အကုန်ပေါင်းလျှင်ပင် ကြယ်ဆယ်ပွင့် မရပါချေ။

"မင်းပြောတာ မှန်တယ်။ ငါ မင်းကို ဓားပြတိုက်နေတာပဲ"

အရိပ်စစ်သည်တော်၁၁၁ယောက်က သူ့ကို ချက်ချင်း ဝိုင်းထားလိုက်သည်။

...

"ဒီကောင်လေးမှာ ပိုက်ဆံအများကြီး ရှိတာပဲ"

ကျန်းမုန့်လောင်၏ "ကြမ်းတမ်းသော သွန်သင်ဆုံးမမှုများ"အောက်တွင် ယူကတ်စ်သည် သူနှင့်အတူပါလာသော ရတနာရှာဖွေသူများထံမှ ကြယ်ဆယ်ပွင့်ကို စုဆောင်း၍ လွှဲပေးလိုက်ရသည်။

ယူကတ်စ်ကို လုယက်ပြီးနောက် သူ့ခေါင်းပေါ်ရှိ မီးတောက်မှာ အဆုံးတွင် အစိမ်းရောင်တောက်တောက်သို့ ပြောင်းလဲသွားလေတော့သည်။

"ဟင်း... မိုက်တယ်ဟေ့။ ဒီအရောင်လေးက ဘယ်လောက်တောင် ကျန်းမာရေးနဲ့ ညီညွတ်လိုက်သလဲ။ ကြည့်စမ်းပါဦး"

"ကောထန်... မြို့ကိုထိန်းချုပ်ဖို့ ကူညီပေးဦး"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"ကျွန်တော့်တာဝန်သာ ထားလိုက်ပါ"

စက္ကန့်အနည်းငယ်အကြာတွင် သူ့ဉာဏ်ရည်တုစနစ်မှ မြို့အား ထိန်းချုပ်ခွင့်ဆုံးရှုံးသွားကြောင်း အသိပေးလာသောအခါ ဝက်ခေါင်းတစ်လုံးအလား ဖောင်းအစ်နေသော ယူကတ်စ်၏ မျက်နှာထက်တွင် တုန်လှုပ်ချောက်ချားလေဟန် အမူအရာများ ဖြတ်ပြေးသွားသည်။ ယခုအခါတွင်မူ သူသည် လုံးဝဒေဝါလီခံလိုက်ရ​ချေပြီ။

*****************

All Chapters