အခန်း ၉၇၃
Vol. 65 Ch. 973
အခန်း ၉၇၃ - ပြီးမှ စကားပြန်မရုပ်သိမ်းကြေးနော်
"မင်း... မင်း ငါ့မြို့ကို သိမ်းလိုက်တာလား"
ယူကတ်စ်က ကျန်းမုန့်လောင်အား မယုံနိုင်လေဟန်ဖြင့် ကြည့်လိုက်သည်။
သူ၏ဉာဏ်ရည်တုစနစ်မှာ အာကာသမျိုးနွယ်စုများကြားတွင် အကောင်းဆုံးနှင့် အဆင့်အမြင့်ဆုံးစနစ်ဖြစ်၏။ သူ့စနစ်ထံမှ အတင်းအဓမ္မထိန်းချုပ်ခွင့်ကို လုယူနိုင်သော ဉာဏ်ရည်တုစနစ်များ ရှိနိုင်သော်လည်း ယခုလို အလွယ်တကူ လုယူသွားနိုင်ရန်မှာတော့ လုံးဝမဖြစ်နိုင်သော ကိစ္စပင်။
"မင်းရဲ့မြို့ ဟုတ်လား"
ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။
"ဒီမြို့မှာ မင်းနာမည် ရေးထားလို့လား။ မင်းက မင်းဟာလို့ပြောရုံနဲ့ မင်းဟာဖြစ်သွားရောလား"
ဤမြို့ကို ရရှိရန်အတွက် ယူကတ်စ်ခမျာ မည်သည့်ရင်းနှီးပေးဆပ်မှုမှ မလုပ်ခဲ့ရပေ။ မြို့တွင် အရိပ်စစ်သည်တော်များကဲ့သို့ သန်မာသော အစောင့်အရှောက်များလည်း ရှိမနေခဲ့ချေ။ သူသည် မြို့ကို ထိန်းချုပ်နိုင်ရန် ရက်အနည်းငယ်မျှသာ အချိန်ယူခဲ့ရပြီး အလွန်ဆုံးရှိလှ ရံဖန်ရံခါဝင်ရောက်လာတတ်သော သားရဲအချို့ကို မောင်းထုတ်ရုံမှလွဲ၍ ဘာတစ်ခုမှ မလုပ်ခဲ့ရချေ။
"ဒါဆို မင်းမှာရော ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ"
"ဘာလို့လဲဆိုတော့ ငါက လူတွေအားကိုးရတဲ့သူမို့လို့လေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အခုအချိန်မှာ ငါကလွဲရင် ဒီမြို့ရဲ့ မြို့အရှင်ဆိုတဲ့ တာဝန်ကြီးကို ထမ်းဆောင်နိုင်မယ့်စွမ်းရည်မျိုး ဘယ်သူ့ဆီမှာ ရှိသေးလို့လဲ"
"မင်းပြောချင်တဲ့အဓိပ္ပါယ်က ဘာလဲ"
"မကြာခင် မင်းသိလာမှာပါ"
ကျန်းမုန့်လောင်က ခန့်မှန်းရခက်သော အပြုံးတစ်ပွင့်ကို ပြုံးပြလိုက်သည်။
သူသည် မြို့ရိုးပေါ်သို့ တက်သွားပြီး မြို့ထဲရှိ သန်းနှင့်ချီသော နေထိုင်သူများကို လှမ်းပြောလိုက်သည်။
"အားလုံးပဲ... ငါ တောင်းပန်ပါတယ်။ ငါ့ရဲ့ ပုဂ္ဂိုလ်ရေးလက်စားချေမှုက မင်းတို့အားလုံးကို လန့်အောင်လုပ်မိသွားတယ်"
ရတနာရှာဖွေသူများအားလုံး၏ မျက်နှာထက်တွင် ကြောက်ရွံ့စိုးရိမ်မှုများ အထင်းသားပေါ်လွင်နေချေသည်။ သူတို့သည် ရီထျန်းဂိုဏ်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း ကြားဖူးထားကြသည်။ သူတို့သည် ဂိုဏ်း၏ 'မ'သုံးလုံးမူဝါဒကို အပြည့်အဝနီးပါး လက်တွေ့ကျင့်သုံးကြောင်း သိရှိထားကြသည်။
မြို့ထဲရှိ ရတနာရှာဖွေသူတချို့မှာ အဝေးက ပြောင်းရွှေ့လာကြသူများဖြစ်ပြီး မြို့ပေါင်းများစွာသည် ရီထျန်းဂိုဏ်း၏ လုယက်ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း သတင်းများ သယ်ဆောင်လာကြသည်။
ယခုမူ မြို့၏ ကာကွယ်ရေးစနစ်မှာ ပျက်စီးသွားခဲ့ချေပြီ။ ကျန်းမုန့်လောင်၏ အမြင်တွင် သူတို့သည် ရွေ့လျားနေသော ငွေထုတ်စက်များသာ ဖြစ်နေတော့သည်။ ထိုအရိပ်စစ်သည်တော်၁၁၁ဦးကို ပိုင်ဆိုင်ထားသရွေ့ သူတို့အနေနှင့် ခုခံရန် လမ်းစမရှိတော့ဘူးဟု ယုံကြည်ထားကြသည်။
အကယ်၍ ကျန်းမုန့်လောင်ကသာ သူတို့ကို ဓားပြတိုက်ချင်ပါက သူတို့ဘက်က အလျှော့ပေးရန်သာ တတ်နိုင်ပေမည်။ သူတို့အနေနှင့် အခြားဘာများလုပ်နိုင်မည်နည်း။
"မစိုးရိမ်ကြပါနဲ့။ ငါတို့ရီထျန်းဂိုဏ်းက အကြောင်းပြချက်မရှိဘဲ အနိုင်ကျင့်တတ်တဲ့လူတွေ မဟုတ်ပါဘူး။ ခုနက ငါ့လုပ်ရပ်တွေက နည်းနည်းကြမ်းတမ်းသွားပေမဲ့ ငါ့မှာလည်း အကြောင်းပြချက်နဲ့ သက်သေအထောက်အထား ရှိပါတယ်။ ဒါကြောင့် အားလုံးအပေါ် ဒေါသပုံချမှာ မဟုတ်ပါဘူး။ ဘယ်သူကမှ ငါ့ကို ပြဿနာမရှာဘူးဆိုရင် ငါလည်း ရမ်းကားမှာမဟုတ်ဘူးလို့ ကတိပေးပါတယ်"
ကျန်းမုန့်လောင်က ယုံကြည်မှုအပြည့်ဖြင့် ကတိပြုလိုက်သည်။
ကျန်းမုန့်လောင်၏ အာမခံချက်ကြောင့် သူတို့၏ အမူအရာကား အနည်းငယ် ပြေလျော့သွားကြသည်။
ယခင်ကတည်းက ကျန်းမုန့်လောင်၏ ဒေါသပစ်မှတ်မှာ အမှန်တကယ်ပင် ယူကတ်စ်သာဖြစ်၏။ သူသည် အပြစ်မဲ့သူများကို လုံးဝအန္တရာယ်မပြုခဲ့ချေ။ သူသည် ကောလာဟလများထဲတွင် ပြောစမှတ်တွင်နေသော ရီထျန်းဂိုဏ်း၏ နာမည်ဆိုးနှင့် လုပ်ရပ်များအတိုင်း မဟုတ်ချေ။
"မင်းတို့ကို ငါ ဖုံးကွယ်မထားပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ခုနလေးတင် မြို့အရှင်ဟောင်း မစ္စတာယူကတ်စ်က သူ့အမှားသူ သိသွားလို့ လျော်ကြေးအနေနဲ့ ဒီမြို့ကို ငါ့ဆီ သူ့သဘောဆန္ဒအလျောက် လွှဲပြောင်းပေးအပ်ခဲ့တယ်။ အခုတော့ ထိန်းချုပ်ခွင့်က ငါ့လက်ထဲ ရောက်နေပါပြီ"
"သောက်ပေါက်ကရတွေ ပြောနေတာ"
ယူကတ်စ်သည် စိတ်ထဲတွင် ကျန်းမုန့်လောင်အား အကြိမ်တစ်ရာမက ကျိန်ဆဲလိုက်သည်။
သဘောဆန္ဒအလျောက် လွှဲပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက ဓားပြတိုက်နေတာလေ။
"ဒါပေမဲ့ ငါက အာဏာရှင်ဆန်ဆန်လုပ်တဲ့လူ မဟုတ်ပါဘူး။ အားလုံးရဲ့ သဘောထားကို လေးစားပါတယ်။ တကယ်လို့ အားလုံးက ဒီမြို့ကို ငါ့ကိုစီမံခန့်ခွဲခွင့်ပေးချင်တယ်ဆိုရင်တော့ ငါက မြို့အရှင်တာဝန်ကိုယူပြီး မင်းတို့အားလုံးကိုယ်စား မြို့ကို စီမံအုပ်ချုပ်ပြီး ကာကွယ်ပေးပါ့မယ်။ တည်းခိုခကိုလည်း အနည်းဆုံးပမာဏလောက်ပဲ ကောက်ခံမှာပါ"
"ဒါပေမယ့် အားလုံးက သဘောမတူဘူးဆိုရင်တော့ ငါ ချက်ချင်းထွက်သွားပါ့မယ်။ ဘာမှတွန့်ဆုတ်နေမှာ မဟုတ်သလို အင်အားသုံးပြီး မြို့ကိုသိမ်းပိုက်တာမျိုးလည်း လုံးဝလုပ်မှာမဟုတ်ပါဘူး"
ဤစကားနှစ်ခွန်းကြောင့် လူတိုင်းထံမှ ကြည်ညိုလေးစားမှုများကို ချက်ချင်းပင် ရရှိခဲ့သည်။
ဤလူများက မြို့ထဲတွင် နေထိုင်ကြသော်လည်း မည်သူကများ ပိုက်ဆံပေးချင်မည်နည်း။
ယူကတ်စ်ကသာ အဆင့်ခြောက်သက်ရှိတစ်ယောက် ဖြစ်မနေဘူးဆိုလျှင်...
သူကသာ အခြားလူများထက် အရင်ဦးအောင် မြို့၏ ထိန်းချုပ်ခွင့်နှင့် အရင်းအမြစ်အားလုံးကို ရရှိမထားဘူးဆိုလျှင်...
ယူကတ်စ်က ခွန်အားသုံးပြီး မြို့အရှင်ဖြစ်လာခဲ့သည်မဟုတ်လော။
"တစ်ယောက်ယောက်ကများ သဘောထားကွဲလွဲတာရှိရင် လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။ အားလုံးကို ငါ လေးစားပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီမြို့က ငါတို့အားလုံးနဲ့ သက်ဆိုင်သင့်တယ်လို့ ထင်တယ်။ လူတစ်ဦးတစ်ယောက်တည်းနဲ့မှ မဆိုင်တာ"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ရဲတင်းစွာ ထပြောလိုက်သည်။
"ငါလည်း အဲဒီလိုပဲထင်တယ်။ ငါတို့ဒီလောက်လူအများကြီးနဲ့ မြို့ကို လည်ပတ်အောင်လုပ်ဖို့ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး"
"ကောင်းပြီလေ။ ဒါဆိုရင်လည်း ငါ အတင်းအကျပ် မလုပ်တော့ပါဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ဒါဆို ငါ ထပ်ပြီးအနှောင့်အယှက်မပေးတော့ပါဘူး။ အချောအလှလေးတို့ရေ နှုတ်ဆက်ခဲ့ပါတယ်။ သိုင်းလောကမှာ ပြန်ဆုံကြတာပေါ့"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်သည် အမှန်တကယ်ပင် အရိပ်စစ်သည်တော်များကို သိမ်းဆည်းပြီး မြို့ထဲမှ ထွက်ခွာရန် ပြင်လိုက်တော့သည်။
"သူ တကယ်ထွက်သွားတော့မလို့လား"
ထိုရတနာရှာဖွေသူများ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လေဟန် အမူအရာများ ပေါ်ပေါက်လာသည်။
"ငါတို့တွေ ရီထျန်းဂိုဏ်းအပေါ် အထင်လွဲနေခဲ့တာများလား။ ကောလာဟလတွေထဲကလောက်လည်း ကြောက်စရာမကောင်းပါဘူး"
"ဟုတ်တယ်။ သူတို့ရဲ့စကားပြောပုံက အကျိုးအကြောင်းဆီလျော်ပြီး ဖော်ရွေတဲ့ပုံစံပဲ။ ဘယ်ကောင်ကများ သူတို့နာမည်ကို ဖျက်ဆီးနေတာလဲ"
အကယ်၍ ယူကတ်စ်၏ အုပ်ချုပ်မှုပြီးဆုံးသွားပြီး မြို့က လူတိုင်းနှင့် သက်ဆိုင်သွားမည်ဆိုပါက သူတို့အနေနှင့် ထိုကုန်ကျစရိတ်များကို ပေးဆောင်ရန် လိုတော့မည်မဟုတ်ပေ။ ဤသည်မှာ အလွန်ကောင်းမွန်သော သတင်းတစ်ရပ်ပင်။
သူတို့၏အမြင်တွင် ကျန်းမုန့်လောင်သည် အာဏာရှင်စနစ်ကို တွန်းလှန်ပေးခဲ့သော သူရဲကောင်းတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲသွားတော့သည်။
သူတို့၏ ရင်ထဲတွင် အပြစ်ရှိသလို ခံစားချက်များ၊ ကျေးဇူးတင်မှုများနှင့် လေးစားအားကျမှုများပင် စတင်ပေါက်ဖွားလာခဲ့သည်။
"အူး...ဝူး..."
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံ၌ အမည်းရောင် တိမ်တိုက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး မြေကြီးမှာ ခပ်သဲ့သဲ့တုန်ခါသွားသည်။
"သားရဲလှိုင်းကြီး.... သားရဲလှိုင်းကြီး လာနေပြီ"
အဝေးတစ်နေရာတွင် ရတနာရှာဖွေသူတစ်ယောက်သည် အားအင်ကုန်ခမ်းနေသည့်တိုင် စိတ်စွမ်းအားတစ်ခုတည်းကိုသာ အားကိုးလျက် ဤနေရာအထိ ရောက်အောင် အစွမ်းကုန် ပျံသန်းလာခဲ့သည်။
သားရဲလှိုင်းကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း ရံဖန်ရံခါတွင် ရက်စက်ကြမ်းကြုတ်သော သားရဲအုပ်စုငယ်များ လှည့်လည်သွားလာနေဆဲပင်။
နောက်ဆုံးတွင် ထိုရတနာရှာဖွေသူသည် မြို့ရှေ့သို့ ရောက်လာခဲ့သည်။
"အဆင့်ငါးအထွတ်အထိပ်သားရဲကောင်ရေ သန်းဆယ်ဂဏန်း၊ အဆင့်ခြောက်သားရဲကောင်ရေ ဆယ်ဂဏန်း၊ အဆင့်ခုနစ်သားရဲတစ်ကောင်ပါ ဒီဘက်ကို ဦးတည်နေတယ်"
"ဘာ"
"မြန်မြန်လုပ် ကာကွယ်ရေးစနစ်ကို ဖွင့်လိုက်။ မြို့ရဲ့ ကာကွယ်ရေးစနစ်ကို အမြန်ဖွင့်လိုက်"
"ဘာကာကွယ်ရေးစနစ်ကို ဖွင့်ရမှာလဲ။ ငါတို့ဆီမှာ ဖွင့်ဖို့ စွမ်းအင်မှ မရှိတော့တာ"
မြို့၏ စွမ်းအင်သလင်းကျောက်သိုလှောင်မှုကို ယူကတ်စ်က စီမံခန့်ခွဲခဲ့ခြင်းဖြစ်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကျန်းမုန့်လောင်၏ ပိတ်ဆို့တိုက်ခိုက်မှုအတွင်း ထိုစွမ်းအင်များကို အကုန်သုံးပစ်ခဲ့ပြီးဖြစ်၏။
ရတနာရှာဖွေသူများ၏ လက်ထဲတွင် မူလက သလင်းကျောက်အချို့ ရှိခဲ့သော်လည်း နောက်ဆုံးကြိုးပမ်းမှုအဖြစ် ယူကတ်စ်က အတင်းအဓမ္မ သိမ်းယူသွားခဲ့သည်။ သူတို့ထံတွင် တစ်စနှစ်စသာ ကျန်ကောင်းကျန်နိုင်မည်ဖြစ်ရာ ထိုအရာများဖြင့် မြို့၏ ကာကွယ်ရေးကို သီသီလေးဖွင့်နိုင်ခဲ့လျှင်ပင် ထိုသားရဲများ၏ တိုက်ခိုက်မှုအောက်တွင် သေချာပေါက် ပြိုကျသွားပေမည်။
မြို့တွင် လူသန်းအနည်းငယ် ရှိသော်လည်း သန်းဆယ်ချီသော အဆင့်ငါးသားရဲများကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်လေရာ အဆင့်ခြောက်နှင့် အဆင့်ခုနစ်များဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။
ဤအချက်ကို တွေးမိသောအခါ လူတိုင်းက ယူကတ်စ်အား ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
"ဒါတွေအကုန် သူ့အမှားတွေချည်းပဲ။ ကိုယ်ကျိုးစီးပွားအတွက်နဲ့ တစ်မြို့လုံးရဲ့ လုံခြုံရေးကို လျစ်လျူရှုခဲ့တာ"
"ဟုတ်တယ်။ တခြားလူတွေ စည်းကမ်းတကျ နေနေတဲ့အချိန်မှာ သူက သွားပြီး ပြဿနာရှာတယ်လေ။ အခုတော့ ဘယ်လိုလုပ်မလဲ"
"လူယုတ်မာ ငတုံး"
လူတိုင်းမှာ မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။
ထွက်ပြေးမလား။ အမှန်ပင်။ သူတို့ ထွက်ပြေးနိုင်သည်။ သို့သော် ညဉ့်နက်နေပြီဖြစ်သည့်အတွက် ယခုအချိန် မြို့ထဲက ထွက်သွားခြင်းမှာ သေတွင်းထဲ ခုန်ဆင်းသည်နှင့် သိပ်မကွာခြားလှပေ။
နေခဲ့မလား။ သူတို့အနေနှင့် ထွက်ပြေးခြင်းက ပိုကောင်းပေလိမ့်မည်။ ထွက်ပြေးပါက အနည်းဆုံးတော့ နောက်ထပ် နာရီအနည်းငယ်လောက် အသက်ဆက်ရှင်နိုင်ဦးမည်။
"မဟုတ်သေးဘူး။ ခဏလေး... ငါတို့ လမ်းဆုံးသွားတာ မဟုတ်သေးဘူး။ ရီထျန်းဂိုဏ်းက ဒီလူကြီးမင်းရှိသေးတယ်လေ"
"ဟုတ်သားပဲ။ သူ့ကို ငါတို့ ဘယ်လိုလုပ် မေ့နေရတာလဲ"
ကျန်းမုန့်လောင်က တောင်လိုပုံနေသော ကြယ်အမြုတေများကို ထုတ်ယူခဲ့ကြောင်း သူတို့ မြင်တွေ့ခဲ့ရသည်။ ဤမျှတန်ဖိုးကြီးမားသော အရာများကိုပင် ပိုင်ဆိုင်ထားသည်ဖြစ်ရာ အဆင့်ငါးစွမ်းအင်သလင်းကျောက်သန်းအနည်းငယ်ကို သူ့အနေနှင့် မထုတ်ပေးနိုင်စရာ အကြောင်းရှိမည်လား။
အကယ်၍ သူကသာ မြို့ကို ကူညီဖို့ ဆန္ဒရှိမည်ဆိုလျှင် ဤမြို့ကလည်း ကပ်ဘေးက သေချာပေါက် လွတ်မြောက်နိုင်မည်သာ။
"တောင်းပန်ပါတယ် ဆရာ... လူကြီးမင်းရဲ့ နာမည်ကို မေးလို့ရမလား"
ရတနာရှာဖွေသူတစ်ယောက်က ဦးဆောင်ပြီး မေးလိုက်သည်။
"ငါ့နာမည်က ကျန်းမုန့်လောင်ပါ"
"မစ္စတာကျန်းမုန့်လောင်... ခင်ဗျားလည်း ကြားတဲ့အတိုင်းပဲ။ ကျွန်တော်တို့ဆီကို သားရဲလှိုင်းကြီး လာနေပြီ။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ဘာကာကွယ်ရေးအစီအမံမှလည်း မရှိတော့ဘူး။ လူကြီးမင်းဆီမှာ ကြယ်အမြုတေတွေ၊ စွမ်းအင်သလင်းကျောက်တွေ အများကြီးရှိတာ ကျွန်တော်တို့သိပါတယ်။ လူကြီးမင်းအနေနဲ့ ကျွန်တော်တို့ကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"ဒါက..."
ကျန်းမုန့်လောင်ခမျာ အခက်တွေ့နေဟန်ဖြစ်သွားသည်။
"မစ္စတာကျန်း... ကျွန်တော်တို့ဘက်က လူကြီးမင်းကို မြို့အရှင်အဖြစ် ထောက်ခံပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ အခကြေးငွေတွေလည်း ဆက်ပေးပါ့မယ်။ လူကြီးမင်းကသာ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးဖို့ တောင်းပန်ပါတယ်"
"ဒါက သိပ်အဆင်မပြေဘူး မဟုတ်လား"
ကျန်းမုန့်လောင်သည် နှစ်သစ်ကူးမုန့်ဖိုးရရှိချိန်တွင် မယူချင်ယောင်ဆောင်သော လူတစ်ယောက်၏ မျက်နှာအမူအရာမျိုး လုပ်ပြလိုက်သည်။
"တစ်ယောက်ယောက်က ကွယ်ရာမှာ အတင်းတုပ်မှာ စိုးရိမ်မိတယ်"
"အတင်းပြောရဲရင် ပြောကြည့်ပါလား။ အဲဒီလူကို ကျွန်တော် အလွတ်မပေးဘူး"
"ဒါပေါ့။ လူကြီးမင်းက ကျွန်တော်တို့အားလုံး အားကိုးရမယ့်သူပါ။ လူကြီးမင်းကလွဲပြီး တခြားဘယ်သူကများ မြို့အရှင်ဖြစ်ဖို့ အရည်အချင်းပြည့်မီမှာလဲ"
ထိုအချိန်တွင် မြို့ထဲရှိ ရတနာရှာဖွေသူများအားလုံးမှာ အံ့သြဖွယ်ကောင်းလောက်အောင် သဘောထားချင်း တူညီသွားကြသည်။
"ဒီလိုဆိုမှတော့လည်း"
ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် အကြံအောင်သွားသော အပြုံးတစ်ပွင့် ပေါ်လာချေသည်။
"မင်းတို့တွေ ပြီးမှ ကိုယ့်စကားကိုယ် ပြန်မရုပ်သိမ်းကြေးနော်"
******************