အခန်း ၃၂၁
Vol. 33 Ch. 321
အခန်း ၃၂၁ လိုက်လံဖမ်းဆီးခြင်း
စစ်မှန်သော သခင်ကြီး ခြောက်ဦး၏ ရာထူးနေရာများကို အတည်ပြုပြီးစီးသွားခဲ့ပြီးနောက်၊ လီချင်းချိုးသည် ကျင့်ကြံခြင်းလမ်းစဉ်အတွင်းသို့ ချက်ချင်းပင် ပြန်လည်၍ အာရုံစိုက်လိုက်လေသည်။ သူသည် ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိရန် နီးကပ်လာလေလေ၊ ရင်ထဲ၌ ပိုမို၍ မျှော်လင့်တောင့်တမိလေလေပင်။
လီချင်းချိုး ကျင့်ကြံခြင်း၌ နစ်မြုပ်နေခဲ့သည့် ထိုအချိန်အတောအတွင်း၊ ဂိုဏ်းအတွင်း၌လည်း ဓမ္မညီလာခံ ကျင်းပရန်အတွက် စတင်၍ ပြင်ဆင်နေခဲ့ကြပြီ ဖြစ်သည်။
ကောင်းကင်ဘုံမဟာအစီအရင် တည်ရှိနေခြင်းကြောင့်၊ ပြင်ပလူသားများအနေဖြင့် ချင်းရှောင်ဂိုဏ်းအတွင်းသို့ လွယ်လွယ်နှင့် ဝင်ရောက်နိုင်ခြင်းမရှိတော့ရာ၊ ၎င်းက ဂိုဏ်း၏ အမိန့်စီမံခန့်ခွဲမှုကဏ္ဍအပေါ် များစွာ ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။
ဤကိစ္စရပ်များကို အတွေ့အကြုံခန်းမ နှင့် စည်းကမ်းထိန်းသိမ်းရေးခန်းမတို့က ပူးပေါင်း၍ ကိုင်တွယ်ဖြေရှင်းနေကြခြင်း ဖြစ်သည်။ အတွေ့အကြုံခန်းမမှာ မူလကပင် ဂိုဏ်း၏ သံတမန်ရေးရာများနှင့် လှုပ်ရှားမှုများကို တာဝန်ယူရသော ဌာနဖြစ်ပြီး၊ ၎င်း၏ အကြီးအကဲဖြစ်သူ ယန်ကျွယ်တိန် သည်လည်း ဓမ္မညီလာခံများကို ကျင်းပပေးရသည့်အတွက် ဘယ်သောအခါမှ ပင်ပန်းနွမ်းနယ်ခြင်း မရှိခဲ့ဖူးချေ။
ကျန်းယွီချွန်း၏ ထိန်းချုပ်ရေးခန်းမမှာ ကောင်းကင်လက်မှုပညာခန်းမနှင့်အတူ မသေမျိုးမြို့တော်များ တည်ဆောက်ရေးကိစ္စရပ်များကို ဆွေးနွေးနေခဲ့ကြ၏။ ချင်းရှောင်ဂိုဏ်းက ယခုနှစ်အတွင်း နောက်ထပ် မသေမျိုးမြို့တော် လေးခုကို ထပ်မံ၍ တည်ဆောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ချင်းရှောင်ဂိုဏ်း၏ မသေမျိုးမြို့တော်များဟူသည်မှာ လောကီလူသားများ၏ မြို့ကြီးပြကြီးများနှင့် မတူညီဘဲ အလွန် ကြီးမားကျယ်ပြန့်ခြင်းမရှိလှချေ။ ၎င်းတို့မှာ တပည့်များ နေထိုင်လျက် ဂိုဏ်း၏ နယ်မြေများကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ အဓိက ရည်ရွယ်ခြင်း ဖြစ်သည်။
ကောင်းကင်လက်မှုပညာခန်းမသည်လည်း နေရာကူးပြောင်းရေးအစီအရင်များကို စတင်၍ စမ်းသပ်ရန် ပြင်ဆင်နေခဲ့ကြပြီဖြစ်ရာ၊ ၎င်းတို့သည်လည်း ချင်းရှောင်ဂိုဏ်းအတွက် အလွန်ပင် အရေးပါလှပေသည်။ အကယ်၍ နေရာကူးပြောင်းရေးအစီအရင်သာ မရှိခဲ့ပါက၊ ချင်းရှောင်ဂိုဏ်းအနေဖြင့် ပြင်ပအရပ်များဆီသို့ နယ်မြေချဲ့ထွင်ခြင်း သို့မဟုတ် စူးစမ်းရှာဖွေခြင်းများကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။
လီချင်းချိုးက တံခါးပိတ်ကျင့်ကြံခြင်းကို ကြာမြင့်စွာ ပြုလုပ်လေ့မရှိတော့ချေ။
သူသည် ဆယ်ရက် သို့မဟုတ် လဝက်ခန့်ကြာမှသာ မသေမျိုးဂူအတွင်းမှ တစ်ကြိမ်မျှ ထွက်ပေါ်လာလေ့ရှိခြင်း ဖြစ်၏။
လဝက်ခန့် ကာလမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ၊ ဝိညာဉ်အသိအာရုံအဆင့် နဝမအဆင့် သို့ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူ ဝိညာဉ်အသိအာရုံအဆင့် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးနောက်တွင် ယွမ်ယန်ကျမ်းစာကနေ သူ့ထံသို့ ကောင်းကင်နေမင်းနယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်မည့် လျှို့ဝှက်နည်းလမ်းများကို ပေးပို့လာခဲ့သလို ထိုနယ်ပယ်နှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကိုလည်း တစ်ပြိုင်နက်တည်း ပံ့ပိုးပေးခဲ့သည်။
‘ဓမ္မပုံရိပ်”
၎င်းမှာ နတ်ဘုရားစွမ်းပကားတစ်ခုအလား ခံစားရစေသော်လည်း၊ တစ်ဖက်မှလည်း ခြားနားမှုအချို့ ရှိနေခဲ့ပြန်သည်။
လီချင်းချိုးက ဤကိစ္စနှင့် ပတ်သက်၍ နောင်တွင် ဝေထျန်းရှုံးအား သွားရောက်ဆွေးနွေးရမည်ဟု တွေးထားလိုက်သည်။
သူ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက်၊ အနီးအနားရှိ ဓားဝိညာဉ်များကို စတင်၍ စုပ်ယူလိုက်လေသည်။
အတန်ကြာပြီးနောက်တွင်မှ၊ နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ကာ၊ ဂိုဏ်းအတွင်းရှိ တပည့်များအား မိမိတို့၏ ဂိုဏ်းချုပ် အသက်ရှင်နေဆဲဖြစ်ကြောင်း သိရှိစေရန်အတွက် အပြင်သို့ ထွက်၍ လမ်းလျှောက်ရန် ပြင်ဆင်လိုက်တော့သည်။
ထိုစဉ် လင်းချွမ် ပျံသန်းရောက်ရှိလာခဲ့ပြီး ဝမ်းမြောက်လှသော လေသံဖြင့်…
“စီနီယာအစ်ကိုကြီး... ကျွန်တော့်မှာလည်း အခု ဝိညာဉ်အသိအာရုံ ရှိနေပြီ...”
သူသည် သာမန်တစ္ဆေတစ်ကောင် မဟုတ်တော့ချေ။တစ္ဆေရင်သွေး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးကတည်းက ခွန်အားရော ပါရမီပါ များစွာ မြင့်မားလာခဲ့ခြင်း ဖြစ်သည်။
အထူးတလည် ပြောရမည်ဆိုပါက၊ သူသည် အတိဒုက္ခကိုပင် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရခြင်း မရှိပေ။
၎င်းမှာ လင်းချွမ်က လီချင်းချိုးကို မိမိ၏ သခင်အဖြစ် ကာလကြာမြင့်စွာကတည်းက ခံယူထားခဲ့သောကြောင့် ဖြစ်နိုင်ပေမည်။
လီချင်းချိုး လင်းချွမ်ကို ကြည့်ရှုရင်း ရင်ထဲ၌ နားမလည်နိုင်စွာဖြင့် တွေးတောနေမိသော်လည်း၊ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် ချီးကျူးလိုက်လေသည်။
“မဆိုးပါဘူး... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးပဲ...”
နန်ကုန်းအာက မလှမ်းမကမ်းမှနေ၍ လင်းချွမ်အား မနာလိုလှသော မျက်လုံးများဖြင့် လှမ်း၍ ကြည့်ရှုနေသည်။ သူမကတော့ လက်ရှိအချိန်အထိ မူလအားဖြည့်နယ်ပယ် နဝမအဆင့်၌သာ ရှိနေသေးသောကြောင့် ဖြစ်သည်။
မိမိ၏ တစ္ဆေအစေခံများနှင့် ပတ်သက်၍ လီချင်းချိုးက သူတို့ ပိုမို၍ သန်မာလာကြရန် သဘာဝအတိုင်းပင် မျှော်လင့်မိနေခြင်းဖြစ်ရာ၊ သို့မှသာ နောင်တိုက်ပွဲများအတွင်း မိမိအတွက် ဝန်ထုပ်ဝန်ပိုးများကို ပိုမို၍ မျှော်လင့်ထမ်းဆောင်ပေးနိုင်ကြမည် မဟုတ်ပါလား။
ညာလက်နောက်ကျောဘက်ရှိ မဟူရာအမှတ်အသားကို အသာအယာ ပုတ်လိုက်ရင်း ပြုံးလိုက်ကာ…
“မင်းလည်း တူတူပဲ... တစ်နေ့ခင်းလုံး အိပ်မနေနဲ့ဦး... ကိုယ့်ဘာသာလည်း ကြိုးစားပြီးတော့ ကျင့်ကြံစမ်းပါ...”
တစ္ဆေနဂါးကြီးမှာ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိထားခဲ့ပြီ ဖြစ်သော်လည်း၊ လီချင်းချိုးထံ သစ္စာခံပြီးကတည်းက သူ့ ခန္ဓာကိုယ်အတွင်း၌ အမြဲတမ်း အိပ်ပျော်နေခဲ့ပြီး အပျင်းကြီးနေသည်။
“ကောင်းပါပြီ... သခင်...”
တစ္ဆေနဂါးကြီး၏ ပင်ပန်းနွမ်းနယ်လှသော စကားသံ တိုးညှင်းစွာ ထွက်ပေါ်လာတော့ လီချင်းချိုး တဟက်ဟက် ရယ်မောလိုက်ရင်း ခေါင်းယမ်းပြလိုက်ပြီးနောက်၊ လှည့်ထွက်၍ ထွက်ခွာခဲ့တော့သည်။
မသေမျိုးဂူအတွင်းမှ ထွက်ခွာလာခဲ့ပြီးနောက်၊ လင်းရှောင်ဝင်းကို ဖြတ်သန်း၍ တောင်အောက်သို့ ဆင်းလာခဲ့သည်။
သူ လမ်းလျှောက်နေစဉ်အတွင်း၊ တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ဖွင့်လှစ်လိုက်ပြီး ဤအတောအတွင်း တိုးတက်လာခဲ့သော တပည့်သစ်များ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
သူသည် ယခုတစ်ကြိမ်တွင် လဝက်ခန့်ကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်၏။ တပည့်အရေအတွက် သိသိသာသာ လျော့နည်းသွားခြင်းမျိုး မရှိစေရန်အတွက် နေ့စဉ် စစ်ဆေးလေ့ရှိသော်လည်း၊ တပည့်သစ်များ၏ အသေးစိတ်အချက်အလက်များကို သေသေချာချာ ကြည့်ရှုခဲ့ဖူးခြင်း မရှိချေ။
ဤလဝက်ခန့် အချိန်အတွင်းမှာပင်၊ ချင်းရှောင်ဂိုဏ်း၌ မှတ်ပုံတင်တပည့် ခြောက်ရာကျော် ထပ်မံ၍ တိုးပွားလာခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
တပည့်ရွေးချယ်ပွဲ၏ သတ်မှတ်စံနှုန်းများ မြင့်မားလာနေခဲ့သော်လည်း၊ ဤမျှအထိ တပည့်အရေအတွက် များပြားနေသေးခြင်းက၊ ကိုးပြည်ထောင်နယ်မြေအတွင်းရှိ ချင်းရှောင်ဂိုဏ်း၏ ကြီးမားလှသော ဂုဏ်သတင်းများကို အထင်အရှား သက်သေပြနေခြင်းပင် ဖြစ်၏။
ဝေထျန်းရှုံး ဂိုဏ်းသို့ ဝင်ရောက်လာခဲ့ပြီးကတည်းက၊ တပည့်ရွေးချယ်ပွဲအတွင်း ပုံရိပ်ယောင်စမ်းသပ်မှုအဆင့်တစ်ခုကို ထပ်မံ၍ ဖြည့်စွက်ထားခဲ့ကြသည်။ ၎င်းမှာ တပည့်သစ်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ စိတ်နေသဘောထားများနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းများကို အဓိက စမ်းသပ်ခြင်း ဖြစ်သည်။ ဝိညာဉ်အမြစ်ပါရမီနှင့် ပတ်သက်၍မူ၊ လီချင်းချိုးအနေဖြင့် စမ်းသပ်စရာမလိုဘဲ တိုက်ရိုက်ပင် မြင်တွေ့နိုင်သဖြင့် ကြီးကြီးမားမား အလေးထားခြင်း မရှိချေ။
သူ ပိုမို၍ ဂရုစိုက်သည်မှာ တပည့်များ၏ စာရိတ္တနှင့် စိတ်နေသဘောထားများသာ ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင်၊ လီချင်းချိုးက အာရုံများစွာ ခွဲထားနိုင်စွမ်းရှိသဖြင့်၊ မိမိအား ဖြတ်သန်းနှုတ်ဆက်ကြသော တပည့်များကို အခါအားလျော်စွာ ခေါင်းညိတ်ပြလျက် ပြန်လည်၍ စကားဆိုနေခဲ့သည်။
ဤဂိုဏ်းချုပ်သည် ယခင်အတိုင်းပင် အမြဲတမ်း သိမ်မွေ့နူးညံ့လှပေသည်။ သူသည် ပြောင်းလဲခြင်းမရှိသော်လည်း၊ တပည့်များအတွက်မူ ခံစားချက်ချင်း တူညီခြင်းမရှိပေ။
ဂိုဏ်းချုပ်၏ ဂုဏ်သတင်းနှင့် အရှိန်အဝါများ ပိုမို၍ မြင့်မားလာနေခဲ့သည့်တိုင်အောင် မိမိတို့အပေါ်၌ ဤကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံပေးနေဆဲဖြစ်သဖြင့်၊ တပည့်များ အလွန်ပင် စိတ်လှုပ်ရှားတက်ကြွကြရပြီး သူ့အပေါ်၌ ပိုမို၍ ရိုသေလေးစားစိတ်များ ဖြစ်ပေါ်လာကြရခြင်း ဖြစ်ပေသည်။
ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါမှသာ၊ လီချင်းချိုး လင်းရှောင်ဝင်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့ ခြံဝင်းအတွင်း၌ အပြင်းအထန် ငြင်းခုံနေကြသည်ကို မြင်တွေ့လိုက်ပြီး ဂျူနီယာညီမနှစ်ဦး၏ ပြင်းထန်လှသော ပြောဆိုမှုများကို ရင်ဆိုင်နေရသဖြင့်၊ ကျန်းယွီချွန်းမှ မည်သို့မျှ ပြန်လည်၍ မခုခံနိုင်တော့ဘဲ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ရှာသည်။
လင်းရှောင်ဝင်းအတွင်း၌ ထူးခြားလှသော ကန့်သတ်ချက်တစ်ခု ရှိနေခဲ့သည်။လီချင်းချိုးကိုယ်တိုင် တမင်တကာ အာရုံခံနားထောင်ခြင်းမပြုပါက၊ ခြံဝင်းပြင်ပမှနေ၍ အတွင်းရှိ စကားသံများကို ကြားသိနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူတို့ သုံးဦး အဘယ့်ကြောင့် ဤမျှအထိ ပြင်းထန်စွာ ငြင်းခုံနေကြရသနည်းဟူသောအချက်အပေါ် များစွာ စပ်စုလိုနေမိသည်။
လီချင်းချိုး ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ၊ လီစစ်ကျင်က အလျင်အမြန်ပင် လက်ဝှေ့ယမ်းပြ၍….
“စီနီယာအစ်ကိုကြီး... မြန်မြန်လာပါဦး... ကျွန်မတို့အတွက် တရားသူကြီး လုပ်ပေးပါဦး...”
ကျန်းယွီချွန်းက လီချင်းချိုးကို လှည့်ကြည့်လိုက်တော့ သူ့ မျက်လုံးအတွင်း၌ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လီချင်းချိုးက ကိုယ်ပိုင်ကုလားထိုင်တွင် ထိုင်လိုက်ရင်း …
“ဘာတွေ ဖြစ်နေကြတာလဲ... မင်းတို့ ဘာဖြစ်လို့ ဒီလောက်အထိ ငြင်းခုံနေကြရတာလဲ...”
အမှန်အတိုင်းဆိုရသော်၊ သူသည် ဤသို့သော မြင်ကွင်းမျိုးကို များစွာ လွမ်းဆွတ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူတို့ ငယ်စဉ်ဘဝက အခြေအနေများနှင့် တူညီလှပြီး၊ ကျန်းယွီချန်းမှာ အမြဲတမ်း အနိုင်ကျင့်ခံရသော လူတစ်ဦးအဖြစ် ပြန်လည်၍ ရောက်ရှိသွားခဲ့ပြီ မဟုတ်ပါလား။
လက်ရှိ ကျန်းယွီချန်းသည် ချင်းရှောင်ဂိုဏ်း၏ ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် ထိန်းချုပ်ရေးခန်းမသခင် ဖြစ်သော်လည်း၊ တကယ်တမ်းတွင် ဒုဂိုဏ်းချုပ်တစ်ဦးအလား ရှိနေခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းအတွင်းရှိ မည်သူမျှ သူ့ကို မဖီဆန်ဝံ့ကြဘဲ၊ သူသည် ဤကဲ့သို့ သနားစဖွယ်ကောင်းလှသော အခြေအနေမျိုးနှင့် မကြုံတွေ့ရသည်မှာ ကာလကြာမြင့်လှပြီ ဖြစ်သည်။
လီစစ်ကျင်က….
“တာဝန်ခန်းမက တပည့်ဖြစ်တဲ့ နင်းရှုက ဝိညာဉ်ဘဏ္ဍာခန်းမက တပည့်ဖြစ်တဲ့ ယဲ့နန်ကို ဒဏ်ရာရအောင် လုပ်ခဲ့ပါတယ်... အဲဒါကို ယန်ရွှမ်က မတရားမှုကို မခံနိုင်လို့ ဝင်ဖြန်ဖြေရင်း နင်းရှုကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ပြန်လုပ်ခဲ့တာပါ... အခုတော့ နင်းမိသားစုက မကျေနပ်ကြလို့ စီနီယာအစ်ကိုကြီးဆီ လာပြီး တရားမျှတမှု ရှာပေးဖို့ တောင်းဆိုနေကြတယ်... ကိစ္စက တော်တော်လေးကို ကြီးသွားခဲ့ပြီ ...”
လီချင်းချိုးအနေနှင့် နင်းရှုဟူသော အမည်အပေါ် မည်သို့သော အမှတ်သညာမျှ မရှိသော်လည်း၊ ယဲ့နန်ကိုတော့ ကောင်းစွာ မှတ်မိနေသည်။
ယဲ့နန်တွင် ‘မွေးရာပါ သူရဲကောင်း’ နှင့် ‘ရုတ်ခြည်းသိမြင်ခြင်း’ ဟူသော ကံကြမ္မာများ ရှိနေခဲ့သဖြင့် များစွာသော အလားအလာများကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ ကျင့်ကြံရေးပါရမီ မဆိုးလှသော်လည်း၊ လက်ရှိ အတွင်းစည်းတပည့်များကြားတွင် အလွန်အမင်း ထူးခြားစွာ တောက်ပခြင်း မရှိသေးပေ။
သေချာသည်မှာ၊ လီချင်းချိုး ယဲ့နန်ကို မှတ်မိနေရခြင်း၏ အဓိက အကြောင်းရင်းမှာ ယဲ့နန်း၏ဆရာကြောင့်သာ ဖြစ်သည်။ ထိုဆရာသည် ယခင်က ငရဲချီလင်ကို ခိုးယူဖို့ တောင်ပေါ်သို့ တက်ရောက်ခဲ့ဖူးပြီး နောက်ဆုံးတွင် ဤနေရာ၌ပင် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
လီချင်းချိုးက ထိုစဉ်က ရန်ငြိုးရန်စများကို ရှင်းလင်းနိုင်ရန်အတွက် ယဲ့နန်ကို လာရောက်စေကာ ကိစ္စရပ်များကို သေသေချာချာ ရှင်းပြပေးခဲ့ဖူးသည်။
ယဲ့နန်၏ သစ္စာစောင့်သိမှုကို ကြည့်ခြင်းအားဖြင့်၊ သူသည် လီချင်းချိုး သို့မဟုတ် ချင်းရှောင်ဂိုဏ်းအပေါ် မည်သို့သော ရန်ငြိုးရန်စမျှ ထားရှိခြင်းမရှိသည်မှာ ထင်ရှားလှပေသည်။
ထိုအကြောင်းကို ကြားသိပြီးနောက်၊ လီချင်းချိုးက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
“ဒီကိစ္စက ယွီချန်းနဲ့ ဘာဆိုင်လို့လဲ... ရွှယ်ကျင်း ဘယ်ရောက်နေလို့လဲ...”
ကျင့်ကြံရေးခန်းမသခင် ဖြစ်သည့်ရွှယ်ကျင်းက ဘာဖြစ်လို့ ထွက်မလာသေးတာလဲ…
လီစစ်ကျင်က …
“ရွှယ်ကျင်းက နင်းရှုဘက်ကနေ ရပ်တည်ပေးဖို့ ငြင်းဆန်ခဲ့သလို၊ နင်းမိသားစုနဲ့လည်း အဆင်မပြေ ဖြစ်ခဲ့တယ်... အဲ့ဒါကြောင့်၊ နင်းမိသားစုက ဒုတိယစီနီယာအစ်ကိုကြီးဆီ သွားပြီး အကူအညီတောင်းခဲ့ကြတာ.. ဒုတိယအစ်ကိုကြီးကလည်း နင်းရှုကို မသေမျိုးမြို့တော်တစ်ခုဆီ သွားပြီး တာဝန်ထမ်းဆောင်စေဖို့ အမိန့်ပေးရင်းနဲ့၊ နင်းမိသားစုအပေါ် လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်... ဒါပေမဲ့ ဒါက မတရားဘူးလေ... နင်းရှုက အမှားလုပ်ခဲ့တဲ့သူ ဖြစ်တာကို၊ ဘာဖြစ်လို့ သူက လျော်ကြေးရရမှာလဲ... ဒါဆိုရင် ယဲ့နန် ခံစားခဲ့ရတဲ့ ဒဏ်ရာတွေကျတော့ ဘယ်လိုလုပ်မလဲ...”
လီချင်းချိုး အခြေအနေများကို နားလည်သွားခဲ့ချေပြီ။ အစစ်အမှန်မူ ၎င်းမှာ နင်းမိသားစု၏ အင်အားကြီးမားမှုကြောင့်သာ ဖြစ်ပေသည်။
သူသည် ယခင်က နင်းမိသားစုအပေါ် ကြီးကြီးမားမား အာရုံစိုက်ခဲ့ခြင်း မရှိချေ။ အကြောင်းမူကား ဂိုဏ်းအတွင်း၌ အထက်တန်းလွှာမိသားစုများစွာ ရှိကြပြီး၊ နင်းမိသားစုမှာမူ ထိပ်ဆုံး ဆယ်ဦးစာရင်းအတွင်း၌ပင် ပါဝင်ခြင်းမရှိသောကြောင့်ပင်။
လီချင်းချိုးက ကျန်းယွီချန်းကို လှမ်းကြည့်လျက် မေးမြန်းလိုက်သည်။
“မင်း ဘာဖြစ်လို့ အခုလို စီစဉ်ခဲ့ရတာလဲ...”
ကျန်းယွီချန်းက နားမလည်နိုင်စွာဖြင့်….
“နင်းရှုက အနည်းငယ် မောက်မာစော်ကားတတ်တာ မှန်ပေမဲ့၊ သူ တာဝန်ခန်းမအပေါ် ပံ့ပိုးပေးခဲ့တဲ့ စွမ်းဆောင်ချက်တွေ မနည်းလှဘူး... ဒါ့အပြင် သူ့မိဘတွေနဲ့ အစ်ကိုဖြစ်သူကလည်း ကျုံးထျန်းမသေမျိုးမြို့တော် ဘေးဒုက္ခအတွင်းမှာ သေဆုံးခဲ့ကြတယ်... ဒါ့အပြင်၊ ကျွန်တော် စုံစမ်းသိရှိရသလောက်ဆိုရင် နင်းရှုနဲ့ ယဲ့နန်ကြားက ပဋိပက္ခက နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်လို့၊ သူတို့နှစ်ဦး မကြာခဏ တိုက်ခိုက်လေ့ရှိကြပြီး တစ်ခါတလေ ယဲ့နန်က သူ့ကို ဒဏ်ရာရအောင်လုပ်သလို တစ်ခါတလေ သူက ယဲ့နန်ကို ဒဏ်ရာရအောင် လုပ်ခဲ့ကြတယ်... ဒီတစ်ကြိမ်မှာ ယန်ရွှမ်နဲ့ ဆုံသွားခဲ့လို့၊ ယန်ရွှမ်က နင်းရှုကို သင်ခန်းစာပေးလိုက်တဲ့အတွက်ကြောင့်သာ ကိစ္စက အခုလို အခြေအနေမျိုးအထိ ပြောင်းလဲသွားခဲ့တာပါ...”
ကျုံးထျန်းမသေမျိုးမြို့တော် ဘေးဒုက္ခကြီး…..
ဤအကြောင်းအရာကို ကြားသိလိုက်ရသောအခါ၊ လီချင်းချိုး၏ မျက်နှာထက်မှ အပြုံးများ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။ ထိုဘေးဒုက္ခကြီးမှာ ချင်းရှောင်ဂိုဏ်း သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
ဂိုဏ်းအတွက် အသက်ပေးလှူသွားခဲ့ကြသော တပည့်များအားလုံး၏ အမည်များကိုလည်း၊ နောင်မျိုးဆက်များ သတိရနေစေရန်အတွက် ကျောက်ပေလွှာများပေါ်၌ မှတ်တမ်းတင် ထုဆစ်ပေးထားခဲ့ကြပြီ ဖြစ်သည်။
လီတုန်းယွဲ့က မျက်မှောင်ကြုံ့လိုက်ပြီး…
“ဒုတိယစီနီယာအစ်ကိုကြီး... အစ်ကိုပြောတာ မှားနေပြီ... ယန်ရွှမ်က သူ့ရဲ့ ဂျူနီယာညီငယ်ကို ကူညီပေးခဲ့တာ ဘာမှားလို့လဲ...”
လီစစ်ကျင်ကလည်း ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
“ဘာလဲ အဲ့တပည့်က အစ်ကိုကြီးရဲ့ နင်းမျိုးနွယ်ဝင် တစ်ဦး ဖြစ်နေခဲ့လို့လား..”
ဂိုဏ်း ပိုမိုကြီးထွားလာခဲ့သည်နှင့်အမျှ၊ သူတို့အားလုံး တပည့် အမြောက်အမြား စတင်၍ လက်ခံခဲ့ကြခြင်း ဖြစ်ပြီး၊ အထူးသဖြင့် ကျန်းယွီချန်းက တပည့်အများဆုံးလက်ခံခဲ့ပြီး အထက်တန်းလွှာမိသားစုများစွာက သူနှင့် ဆက်ဆံရေးကောင်းမွန်ရန်အတွက် အမြဲတမ်း ကြိုးစားနေခဲ့ကြသောကြောင့် ဖြစ်သည်။
ကျန်းယွီချန်းက မိမိကိုယ်မိမိ ပြန်လည်၍ ကာကွယ်ပြောဆိုလိုသော်လည်း၊ လီချင်းချိုး စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ တိတ်ဆိတ်စွာ နေရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သူ့ရင်ထဲ၌မူ မိမိသည် တပည့်တစ်ဦး၏ အသက်ချမ်းသာပေးရန် တောင်းပန်မှုများကြောင့် ဝင်ရောက်ကိုင်တွယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
သူ့ အမြင်အရဆိုလျှင် ဤကိစ္စမှာ ကြီးမားလှသော ကိစ္စတစ်ခု မဟုတ်ပေ။ နင်းရှု ခံစားခဲ့ရသော ဒဏ်ရာများမှာ ယဲ့နန်ထက်ပင် ပိုမို၍ ပြင်းထန်လှသည်ဖြစ်ရာ၊ ဤမျှအထိ ခံရခက်သော အခြေအနေမျိုးသို့ မရောက်ရှိသင့်ပေ။
သူသည် နင်းမိသားစု၏ မျက်နှာကြောင့် ယဲ့နန်ကို ဖိနှိပ်လိုခြင်းမရှိသလို နင်းရှုကိုလည်း ပြင်းထန်စွာ အပြစ်ပေးရန် မလိုလားခဲ့ခြင်း ဖြစ်သည်။
အခြေအနေများကို နားထောင်ပြီးနောက်တွင် လီချင်းချိုး ဒေါသထွက်ခြင်း မရှိခဲ့ချေ။ သူ့ အမြင်အရဆိုလျှင် ဤသို့သော ကိစ္စရပ်များ ဂိုဏ်းအတွင်း၌ ရှိကြစမြဲပင်။
လူသားဟူသည်မှာ စိတ်ခံစားချက်များ ရှိကြစမြဲဖြစ်သလို ဂိုဏ်းအတွင်း၌လည်း အထက်တန်းလွှာမိသားစုများနှင့် အင်အားစုများစွာ ရှိနေကြပြီ ဖြစ်ရာ၊ လူအများစုမှာ မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များအတွက် ရန်ငြိုးရန်စများကို အသုံးချတတ်ကြပေလိမ့်မည်။
အကယ်၍ သူသာ ဤသို့သော သေးငယ်လှသည့် ကိစ္စရပ်တိုင်းကို လိုက်လံကိုင်တွယ်နေရမည်ဆိုပါက၊ သေချာပေါက် အလုပ်ဒဏ်ပိ၍ သေဆုံးသွားရမည် မဟုတ်ပါလား။
“ကောင်းပြီလေ... နင်းရှု ဒဏ်ရာတွေ ပျောက်ကင်းသွားပြီဆိုရင်၊ သူ့ကို ယဲ့နန်ဆီ သွားပြီး တောင်းပန်ခိုင်းလိုက်... အဲဒီနောက်မှပဲ မသေမျိုးမြို့တော်ဆီ တာဝန်ထမ်းဆောင်ဖို့ သွားခိုင်းလိုက်... အကယ်၍ တစ်စုံတစ်ယောက်က ဒီကိစ္စအပေါ် မကျေနပ်ဘူးဆိုရင်၊ ဒါဟာ ငါ့ရဲ့ အမိန့်လို့သာ ပြောလိုက်ပါ...”
လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် စကားဆိုလျက် ဤကိစ္စရပ်ကို အဆုံးအဖြတ် ပေးလိုက်လေသည်။
ကျန်းယွီချန်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက်၊လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
လီစစ်ကျင်ကမူ ရင်ထဲ၌ မကျေနပ်သေးသော်လည်း၊ လီတုန်းယွဲ့က သူမ၏ လက်ကို လှမ်း၍ ဆွဲလိုက်သဖြင့်၊ သူမသည်လည်း လက်လျှော့လိုက်ရရှာတော့သည်။
လီချင်းချိုးက သူတို့ကို ကြည့်ရှုရင်း…
“နောင်အနာဂတ်မှာ အခက်အခဲတွေ ရှိလာခဲ့မယ်ဆိုရင်၊ ငါ့ဆီကိုပဲ တိုက်ရိုက် လာခဲ့ကြပါ... ငါ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးအားလုံးကို ထမ်းပေးပါ့မယ်...”
အတိတ်ကာလကဆိုလျှင်၊ သူသည် မိမိ၏ ဂျူနီယာညီငယ်၊ ညီမငယ်များအား ကိုယ်တိုင် ကြီးပြင်းလာစေရန် မျှော်လင့်ခဲ့ဖူးသော်လည်း၊ ယခုအခါတွင်မူ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးများကို ပိုမို၍ ထမ်းဆောင်ပေးရန် လိုလားနေခဲ့ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်၊ သူတို့၏ ကြိုးစားအားထုတ်မှုများ ရှိနေခဲ့ခြင်းကြောင့်သာ၊သူ့အနေနှင့် စိတ်အေးချမ်းသာစွာဖြင့် တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်နိုင်ခဲ့ခြင်း မဟုတ်ပါလား။
သူသည် ရန်ငြိုးရန်စများနှင့် မကျေနပ်မှုအားလုံးကို သူတယောက်တည်းတာဝန်ယူရန် လိုလားနေခြင်း ဖြစ်သည်။ အကယ်၍ မည်သူမဆို မကျေနပ်ပါက မိမိထံသို့ လာရောက်၍ ပြဿနာရှာနိုင်ပေသည်။
လီစစ်ကျင်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
“စီနီယာအစ်ကိုကြီး... ဒါဆိုရင် ယဲ့နန်နဲ့ ယန်ရွှမ်တို့ကိုလည်း ဂိုဏ်းကနေ ရာထူးတိုးပေးရမှာ မဟုတ်ဘူးလား...”
လီချင်းချိုးက သူမကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်….
“သူတို့ကို ရာထူးတိုးပေးလို့ ရမလားဆိုတာက မင်းရဲ့ စတုတ္ထအစ်မရဲ့ ကိစ္စ မဟုတ်ဘူးလား... ဘာလဲ... မင်းက သူတို့ကို ငါ့ရဲ့ လက်အောက်ထဲကို ထည့်ပေးစေချင်လို့လား...”
ထိုစကားကို ကြားလိုက်ရသောအခါမှသာ၊ လီစစ်ကျင်၏ မျက်နှာထက်၌ ချက်ချင်းပင် အပြုံးများ ပြည့်နှက်သွားခဲ့ရပြီး ….
“စီနီယာအစ်ကိုကြီးကသာ အမြဲတမ်း တရားမျှတဆုံးပါပဲ...”
လီချင်းချိုးထံမှ ဤစကားလုံးများကို ရရှိသွားခဲ့ပြီ ဖြစ်ရာ၊ လီတုန်းယွဲ့အနေဖြင့်လည်း နင်းမိသားစုထံမှ ဖိအားများကို ဂရုစိုက်ရန် မလိုတော့ဘဲ ယဲ့နန်နှင့် ယန်ရွှမ်တို့ကို ရာထူးတိုးပေးနိုင်ပြီ ဖြစ်သည်။
လီချင်းချိုးက ခေါင်းစဉ်ကို ပြောင်းလိုက်သည့်အနေဖြင့်…
“ငါတို့အားလုံး အချိန်ရတုန်း၊ တပည့်တွေအကြောင်း ဆွေးနွေးကြတာပေါ့... မင်းတို့တစ်ယောက်ချင်းစီက သူတို့ရဲ့ အခြေအနေတွေကို ပြောပြစမ်းပါ...”
အတိတ်တုန်းက ဂျူနီယာညီငယ်၊ ညီမငယ်များ တပည့်လက်ခံသည့် အခြေအနေအပေါ် ကြီးကြီးမားမား စပ်စုခဲ့ခြင်း မရှိချေ။ သို့သော် ယခု ပြန်လည်တွေးတောမိသည့်အခါတွင်မူ၊ သူတို့ လှည့်စားခြင်းမခံရစေရန်အတွက် ကြိုတင်၍ မေးမြန်းထားသင့်သည်ဟု ခံစားလိုက်ရခြင်း ဖြစ်၏။
ကျန်းယွီချန်းက တပည့်များအကြောင်းကို အရင်ဆုံး စတင်၍ မိတ်ဆက်ပေးလေသည်။ သူ စကားပြောဆိုနေစဉ်အတွင်း၊ လီချင်းချိုးက တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ဖွင့်လှစ်လိုက်ပြီး နင်းရှု၏ အချက်အလက်များနှင့် ကျန်းယွီချန်း၏ ပုံရိပ်ကို ရှာဖွေကြည့်ရှုလိုက်သည်။
နင်းရှု၏ အချက်အလက်များကို ရှာဖွေတွေ့ရှိသွားခဲ့သည့် အခိုက်အတန့်တွင်၊ ဤနင်းမိသားစုမှ သခင်လေး၏ သစ္စာစောင့်သိမှုမှာ သူ ထင်မှတ်ထားခဲ့သည်ထက် များစွာ ကျော်လွန်နေခဲ့ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
နင်းရှု၏ လီချင်းချိုးအပေါ် သစ္စာစောင့်သိမှုမှာ ၉၈ ဖြစ်ပြီး၊ ဂိုဏ်းအပေါ် သစ္စာစောင့်သိမှုမှာမူ ၉၇ ဖြစ်နေခဲ့သည်။
ဘာဖြစ်လို့ ဒီလောက်မြင့်မားနေရတာလဲ…
လီချင်းချိုးသည် မိမိအနေဖြင့် နင်းရှုနှင့် စကားပမာဏ မည်မျှအထိ ပြောဆိုခဲ့ဖူးကြောင်းကိုပင် ပြန်လည်၍ အမှတ်မရနိုင်တော့ပေ။
ကျန်းယွီချန်း၏ တပည့်များ၏ သစ္စာစောင့်သိမှုများမှာလည်း ရှစ်ဆယ်နှင့် ကိုးဆယ့်တစ်ကြားတွင် ရှိနေကြသဖြင့်၊ မဆိုးလှပေ။ သူတို့ထဲ၌ မည်သည့်သူလျှိုမျှ ရှိမနေခဲ့ချေ။
ကျန်းယွီချန်းသည် လွန်ခဲ့သော နှစ်များအတွင်း မိမိလက်ခံခဲ့ဖူးသော တပည့် တစ်ဆယ့်ငါးဦးအကြောင်းကို မိတ်ဆက်ပြီးစီးသွားခဲ့ပြီးနောက်၊ လီစစ်ကျင်သည်လည်း သူမ၏ တပည့်များအကြောင်းကို စတင်၍ မိတ်ဆက်ပေးလေသည်။
[သင့်ရဲ့ တာအိုမျိုးဆက်အတွင်းရှိ တပည့်တစ်ဦးသည်၊ အခြားသော ကျင့်ကြံရေးအင်အားစုတစ်ခု၏ လိုက်လံဖမ်းဆီးခြင်းကို ပထမဆုံးအကြိမ် ခံနေရသဖြင့်... သင့်အတွက် ကံကောင်းခြင်းအခွင့်အရေးတစ်ခုကို ရရှိထားခဲ့ပြီ ဖြစ်သည်။]
မနသတိပေးချက်တစ်ခု လီချင်းချိုး၏ မျက်စိရှေ့မှောက်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သဖြင့်၊ သူ့အား များစွာ ထိတ်လန့်သွားစေခဲ့သည်။
ကျင့်ကြံရေးဂိုဏ်းတစ်ခုရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတယ်တဲ့လား…..
တာအိုမျိုးဆက်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရနိုင်သော မည်သည့်အင်အားစုမဆို၊ ကိုးပြည်ထောင်နယ်မြေအတွင်းရှိ ဂိုဏ်းငယ်လေးတစ်ခု မဟုတ်သည်မှာ ထင်ရှားလှပေသည်။
၎င်းမှာ အနောက်ဘက်သို့ ထွက်ခွာသွားခဲ့သော ရှန်ယွဲ့လား၊ သို့မဟုတ် တောင်ဘက်သို့ သွားရောက်ခဲ့သော ချင်ယဲ့လား။
လီချင်းချိုး၏ အသိစိတ်ကတော့ ၎င်းမှာ ရှန်ယွဲ့ ဖြစ်ရမည်ဟု ပြောဆိုနေခဲ့သည်။ ရှန်ယွဲ့တစ်ဦးတည်းသာ ဤသို့သော လိုက်လံဖမ်းဆီးခြင်းမျိုးကို ခံနိုင်စွမ်း ရှိပေလိမ့်မည်။အကယ်၍ ချင်ယဲ့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အခြားသော ကျင့်ကြံရေးဂိုဏ်းတစ်ခုနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် သေဆုံးသွားခဲ့မည်မှာ ကြာလှပေလိမ့်မည် မဟုတ်ပါလား။