← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂ လူတို့၏ စိတ်နှလုံးအတွင်းမှ မိစ္ဆာအရိပ်

​‘မဆိုးဘူးပဲ... ရှန်ယွဲ့... ခင်ဗျားက ကျုပ်အတွက် ဆုလာဘ်တွေကို ဘယ်နှစ်ကြိမ်တိုင်အောင် ယူဆောင်ပေးခဲ့တာလဲ...ခင်ဗျားသာ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပေါ့...’

​လီချင်းချိုး ရင်ထဲမှ တိတ်တဆိတ် ရေရွတ်မိလိုက်၏။ ရှန်ယွဲ့သည် သူ့အတွက် အမြဲတမ်း ထူးခြားလှသော အံ့အားသင့်မှုများကို ယူဆောင်ပေးနိုင်စွမ်း ရှိပေသည်။

​သူသည် ရှန်ယွဲ့ကို ကူညီပံ့ပိုးပေးရန်အတွက် လူတစ်ယောက်ကို စေလွှတ်ရမည်လောဟူသည့် အချက်ကို စတင်၍ စဉ်းစားဆင်ခြင်လိုက်သည်။

​ဂိုဏ်းချုပ်တစ်ဦးအနေဖြင့်၊ မိမိဂိုဏ်း၏ တပည့်တစ်ဦး ပြင်ပ၌ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည်ဟူသော အချက်ကို ကြားသိရပါက မည်သို့မျှ မသိကျိုးကျွံပြု၍ မရနိုင်သည်မဟုတ်ပါလား။

​လီချင်းချိုးအနေနှင့် ရှန်ယွဲ့၏ ခွန်အားကို အပြည့်အဝ ယုံကြည်ထားသော်လည်း၊ ကူညီမည့်သူကို ကြိုတင်စေလွှတ်ထားခြင်းက ပိုမို၍ သေချာပေမည်။

​သူသည် ကာလကြာမြင့်စွာ စဉ်းစားပြီးနောက်တွင်မှ၊ ကျန်းကျောက်ရှားကို စေလွှတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

​ဖြစ်နိုင်သည်မှာ ကျန်းကျောက်ရှား၏ ‘လောကီရေးရာ စစ်မှန်သောနဂါး’ ကံကြမ္မာက ထူးခြားလှသော အကျိုးသက်ရောက်မှုများကို ပေါ်ထွက်လာစေပြီး ချင်းရှောင်ဂိုဏ်းအတွက် ပိုမိုကြီးမားလှသော အံ့အားသင့်မှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်။

​စိတ်ထဲမှ ဆုံးဖြတ်ချက် ပြီးစီးသွားခဲ့ပြီးနောက်တွင်မူ၊ ဤကိစ္စကို ဆက်လက်၍ မတွေးတောတော့ဘဲ၊ ဂျူနီယာညီမငယ်က သူမ၏ တပည့်များအကြောင်းကို မိတ်ဆက်ပေးနေသည်ကို စိတ်ရှည်စွာဖြင့် ဆက်လက်၍ နားထောင်နေခဲ့ကာ၊ တစ်ပြိုင်နက်တည်းမှာပင် တာအိုမျိုးဆက် စနစ်မျက်နှာပြင်မှတစ်ဆင့် သူတို့၏ သစ္စာစောင့်သိမှုများကိုလည်း စစ်ဆေးနေခဲ့သည်။

​နောက်ဆုံးတွင်မူ၊ လီစစ်ကျင်နှင့် လီတုန်းယွဲ့တို့၏ တပည့်များထံ၌ မည်သို့သော ပုံမှန်မဟုတ်သည့် အခြေအနေကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ချေ။ ၎င်းက သူတို့သည် တပည့်လက်ခံသည့် ကိစ္စရပ်များအပေါ်၌ များစွာ စည်းကမ်းကြီးကြပြီး ဇွတ်တရုတ်လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

​ကျန်းယွီချွန်းနှင့် အခြားသူများ ထွက်ခွာသွားခဲ့ကြပြီးနောက်၊ လီချင်းချိုးက ဂိုဏ်းချုပ်အမိန့်ပြားကို ထုတ်ယူလိုက်ပြီး ကျန်းကျောက်ရှားကို ဆက်သွယ်လိုက်လေသည်။

​ကောင်းကင်လက်မှုပညာခန်းမမှ ဝူရှင်းယွဲ့ ၏ အဆင့်မြှင့်တင်ပေးမှုများကြောင့်၊ လီချင်းချိုး၏ လက်ထဲရှိ ဂိုဏ်းချုပ်အမိန့်ပြားက အခြားသော ခန်းမသခင်များနှင့် အကြီးအကဲများကို တိုက်ရိုက် ဆက်သွယ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။

​ဝေထျန်းရှုံးကိုယ်တိုင်ပင်လျှင် ဝူရှင်းယွဲ့က မှော်ပစ္စည်းများ သွန်းလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၌ ထူးခြားလှသော စိတ်ကူးစိတ်သန်းများ ရှိသူဖြစ်ကြောင်း ချီးကျူးခဲ့ဖူးသည်။

​ဤဂိုဏ်းချုပ်အမိန့်ပြား ရှိနေခဲ့သဖြင့်၊ လီချင်းချိုးအနေဖြင့် ရှောင်ဝူချင်းကို များစွာ ဒုက္ခပေးနေရန် မလိုတော့ဘဲ၊ ရှောင်ဝူချင်းသည်လည်း ကျင့်ကြံခြင်းအတွက် ပိုမို၍ အချိန်ရလာခဲ့ပြီ ဖြစ်သည်။

​မကြာမီမှာပင်...

​ကျန်းကျောက်ရှား ကောင်းကင်ယံထက်မှ ဆင်းသက်လာခဲ့ပြီး၊ လီချင်းချိုး၏ မျက်နှာချင်းဆိုင်ရှိ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

​“ ဘာဖြစ်လို့ ခေါ်တာလဲ...”

​“ရှန်ယွဲ့တစ်ယောက် ဒုက္ခကြုံတွေ့နေရပုံရတယ်... မင်း အနောက်ဘက်နယ်စပ်ကို ဖြတ်သန်းပြီး သူ့ကိုသွားရှာလိုက်ပါ…ပြီးရင် တာဝန် ပြီးဆုံးအောင်လည်း ကူညီပေးလိုက်..”

​သူသည် ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းပေလွှာကို ထုတ်ယူ၍ ပေးအပ်လိုက်ရာ၊ ၎င်း၏ အတွင်း၌ ရှန်ယွဲ့၏ လက်ထဲတွင် ရှိနေသော မြေပုံလမ်းကြောင်းအတိုင်း အတိအကျ ပါဝင်နေခဲ့ခြင်း ဖြစ်၏။

​ထိုအကြောင်းကို ကြားရသောအခါ၊ ကျန်းကျောက်ရှားက ကျောက်စိမ်းပေလွှာကို လှမ်းယူလိုက်ပြီးနောက်၊ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်လေသည်။

​“ အစ်ကိုကြီးရဲ့ တပည့်ငယ်လေးကို ရှာဖွေဖို့ တာဝန်လား..”

​သူသည် အနောက်ဘက် အန္တရာယ်နယ်မြေကို ဖြတ်သန်းရမည့် ကိစ္စရပ်အပေါ် မည်သို့သော ဖိအားကိုမှ ခံစားရခြင်းမရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ရင်ထဲ၌ အနည်းငယ်ပင် မျှော်လင့်တောင့်တမိနေခြင်း ဖြစ်သည်။

​“ဟုတ်တယ်... အကယ်၍ သူ့ကို ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ မတွေ့ဘူးဆိုရင်လည်း မင်းရဲ့ ဘေးကင်းမှုကိုပဲ အဓိကထားရမယ်... နောင်ဖြစ်ပေါ်လာမယ့် ကံကြမ္မာတစ်ခုနဲ့ နှိုင်းယှဉ်ရင်၊ ငါက မင်းတို့ကို ပိုပြီးတော့ တန်ဖိုးထားတယ်...”

​ကျန်းကျောက်ရှားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး….

“အစ်ကိုကြီးက လူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်ဖို့အတွက် ဒီလိုချိုသာတဲ့ စကားလုံးတွေကို ပြောဆိုရတာကိုသိပ်သဘောကျတာပျဲနာ်... ပြန်သွားပြီး ပစ္စည်းတွေ ပြင်ဆင်လိုက်ဦးမယ်၊ ဒီနေ့ပဲ ချက်ချင်း ထွက်ခွာတော့မယ်...”

​ပြောပြီးသည်နှင့် လှည့်ထွက်၍ ကောင်းကင်ယံသို့ ခုန်တက်လိုက်ရာ၊ ဓားအလင်းတန်းတစ်ခုအလား ပြောင်းလဲသွားခဲ့ပြီးနောက် ခြံဝင်း၏ ပြင်ပ၌ တစ်ခဏချင်းပင် ပျောက်ကွယ်သွားခဲ့လေတော့သည်။

​လီချင်းချိုးက ကျန်းကျောက်ရှား ထွက်ခွာသွားခဲ့သော အရပ်မျက်နှာဆီသို့ ငေးစိုက်ကြည့်ရှုရင်း၊ ရင်ထဲ၌ တွေးတောနေမိ၏။

​သူသည် ယခုတစ်ကြိမ် ရရှိထားခဲ့သော ကံကောင်းခြင်းအခွင့်အရေးကို လောလောဆယ် အသုံးမပြုသေးဘဲ၊ ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိသည့် အချိန်ကျမှသာ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်ရာ၊ သို့မှသာ ပိုမိုကြီးမားလှသော တန်ဖိုးရှိသည့်အရာကို ရရှိနိုင်မည် ဖြစ်သည်။

​သူ ယခုချိန်၌များစွာ စပ်စုလိုစိတ် ဖြစ်ပေါ်နေမိသည်မှာ ရှန်ယွဲ့ မည်သည့်အကြောင်းကြောင့် ကျင့်ကြံရေးဂိုဏ်းတစ်ခုကို သွားရောက်ရန်စမိခဲ့သနည်း၊ ပြီးတော့ ထိုဂိုဏ်းက သူ့အား ဤမျှအထိ လိုက်လံဖမ်းဆီးရလောက်အောင် သူ မည်သည့်အရာကို လုပ်ဆောင်ခဲ့ဖူးသနည်းဟူသော အချက်ပင် ဖြစ်သည်။

……………………

​ပြာလွင်လှသော ကောင်းကင်ယံကြီး၏ အောက်၌၊ ကျယ်ပြောလှသော မြစ်ကြီးတစ်စင်းသည် ရစ်ခွေနေသော နဂါးကြီးတစ်ကောင်အလား မြေပြင်ပေါ်တွင် ဖြတ်သန်းစီးဆင်းနေခဲ့သည်။ အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက၊ မြစ်ရေလှိုင်းကြီးများက ပင်လယ်ပြင်၏ လှိုင်းလုံးကြီးများအလား ဆူပွက်နေခဲ့ကြပြီး၊ အရာအားလုံးကို ဝါးမြိုသိမ်းပိုက်နိုင်လောက်သော အရှိန်အဝါမျိုး ရှိနေလေ၏။

နီမြန်းလှသော သစ်သားလှေတစ်စင်းသည် မြစ်ရေပြင်ပေါ်တွင် ဖြည်းညင်းစွာ ရွေ့လျားနေပြီး အထက်ကောင်းကင်ယံမှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ သစ်ရွက်လေးတစ်ရွက်အလား သေးငယ်လှသော်လည်း၊တကယ်တမ်းတွင် ၎င်းမှာ အလွန်ပင် ကြီးမားကျယ်ပြန့်လှပြီး အဆောက်အအုံတစ်ခုတည်ဆောက်ထားသကဲ့သို့ ရှိနေခဲ့ခြင်း ဖြစ်သည်။

​လင်းလင်ကျိုးက လှေ၏ ဘေးတစ်ဖက်တွင် မှီလျက် ထိုင်နေခဲ့ပြီး၊ ဓားကို ရင်ခွင်အတွင်း၌ ပွေ့ပိုက်ထားကာ ခရီးဆောင်အိတ်ကိုလည်း ဘေး၌ ချထားသည်။

​ထျန်းချင်းမသေမျိုးဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီးနောက်၊ အရှေ့ဘက်အရပ်ဆီသို့ ဦးတည်၍ ခရီးနှင်ခဲ့ခြင်း ဖြစ်၏။ လမ်းခရီးစဉ်မှာ သူ ကြိုတင်တွက်ချက်ထားခဲ့သည်ထက် များစွာ ပိုမိုခက်ခဲလှပေသည်။ ကံကောင်းထောက်မစွာဖြင့်၊ ကျင့်ကြံခြင်းကို မပြုလုပ်နိုင်သော်လည်း သိုင်းပညာကို အပြင်းအထန် လေ့ကျင့်ခဲ့ဖူးသူ ဖြစ်သဖြင့်၊ သိုင်းပညာစွမ်းရည်များက လမ်းခရီးအတွင်းမှ အခက်အခဲအချို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လုံလောက်မှု ရှိနေခဲ့ခြင်း ဖြစ်သည်။

​ဤအခိုက်အတန့်တွင်၊ အလွန်ပင် ဆာလောင်မွတ်သိပ်နေခဲ့ပြီ ဖြစ်ရာ၊ မျက်နှာတစ်ခုလုံး ဖြူလျော်နေခဲ့ပြီး နေ့ရက်ပေါင်းများစွာကြာအောင် အစာငတ်ပြတ်နေခဲ့ရသူတစ်ဦးအလား ဖြစ်နေလေ၏။

​ထိုစဉ် လှေလုပ်သားတစ်ဦး သူ့ထံ လျှောက်လှမ်းလာခဲ့ပြီးနောက် …. “မင်းက ဒီအတိုင်းပဲ အမြဲတမ်း အစာငတ်ခံနေဖို့ စဉ်းစားထားတာလား...”

​လင်းလင်ကျိုးက….

“ငါ လှေပေါ်ကနေ ဆင်းသွားပြီးတာနဲ့၊ စားစရာတစ်ခုခု ရှာဖွေနိုင်မှာပါ...”

​ “လှေပေါ်က ဆင်းတဲ့အထိ စောင့်မလို့ ဟုတ်လား... ဒီရေလှိုင်းတွေကို ကြည့်စမ်းပါဦး... နောက်ထပ် ရက်အနည်းငယ်အထိ ရပ်တန့်မှာ မဟုတ်ဘူးနော်...”

​လင်းလင်ကျိုးကတော့ တိတ်ဆိတ်စွာဖြင့်သာ နေခဲ့သည်။ အစစ်အမှန်မူ၊ သူသည် အလွန်ပင် ဆာလောင်မွတ်သိပ်နေခဲ့ပြီ ဖြစ်သဖြင့် ခေါင်းမူးနောက်နေခဲ့ပြီး၊ စိတ်ဓာတ်စွမ်းအားတစ်ခုတည်းဖြင့်သာ ကြံ့ကြံ့ခံလျက် တောင့်ခံထားရခြင်း ဖြစ်၏။

​လှေလုပ်သားက ရင်ခွင်အတွင်းမှ ဆီစက္ကူဖြင့် ထုပ်ပိုးထားသော အထုပ်တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် လင်းလင်ကျိုးထံသို့ ပစ်ပေးလိုက်လေသည်။ သူသည် ထိုအထုပ်ကို လှမ်း၍ ဖမ်းယူလိုက်ပြီးနောက် ဖွင့်လှစ်ကြည့်ရှုလိုက်ရာ၊ အတွင်း၌ မုန့်ပြားနှစ်ချပ် ပါဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။

​သူသည် လှေလုပ်သားကို မော့ကြည့်လိုက်သော်လည်း၊ လှေလုပ်သားမှာမူ မည်သည့်စကားမျှ ထပ်မံပြောဆိုခြင်းမပြုဘဲ လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။

ထိုအခါ ​လင်းလင်ကျိုး၏ အမူအရာ ရှုပ်ထွေးသွားခဲ့လေသည်။

“ကျေးဇူးတင်ပါတယ်...”

​သူသည် ချက်ချင်းပင် မုန့်ပြားကို ကောက်ယူလိုက်ပြီးနောက် စားသောက်ရန် ပြင်လိုက်သော်လည်း၊ မုန့်ပြားနှင့် ခြောက်သွေ့လှသော နှုတ်ခမ်းလွှာတို့ ထိတွေ့တော့မည့် ထိုအခိုက်အတန့်၌၊ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့ရပြန်သည်။

​ဆရာသခင် ဖြစ်သူ၏ သတိပေးချက်ကို ရုတ်တရက် အမှတ်ရသွားခဲ့ခြင်း ဖြစ်သည်။

လူတို့၏ စိတ်နှလုံးဟူသည်မှာ အကြောက်ရွံ့ဆုံးသော အရာ ဖြစ်ပေသည်။

​လင်းလင်ကျိုးက လှေလုပ်သား ထွက်ခွာသွားခဲ့သော အရပ်မျက်နှာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်တော့ လှေလုပ်သားက လှေခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါမှသာ၊ မုန့်ပြားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ဆီစက္ကူအထုပ်ကိုမူ ဘေးသို့ လှမ်း၍ ပစ်ချလိုက်လေတော့သည်။

​ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင်မှ၊ မျက်လုံးများကို ပိတ်လိုက်ပြီး ဆာလောင်မှုများကို မေ့ပျောက်သွားစေရန်အတွက် အပြင်းအထန် ကြိုးစားနေမိတော့သည်။

​‘ဆရာ... လမ်းခရီက ဒီလောက်အထိ ခက်ခဲလှတာကို ဆရာ ဘယ်လိုများ ဖြတ်သန်းခဲ့ရတာလဲ...’

​လင်းလင်ကျိုး စိတ်ထဲကနေ သက်ပြင်းချမိလိုက်၏။ သူသည် ယခင်က ဆရာဖြစ်သူ မိမိအား ကယ်တင်ခဲ့ဖူးသော နေရာကိုပင် ကျော်ဖြတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း၊ ရှေ့ခရီးလမ်းမှာမူ ကြမ်းတမ်းလှဆဲဖြစ်ကာ၊ ကိုးပြည်ထောင်နယ်မြေနှင့် ပတ်သက်သော သတင်းအချက်အလက်အစအနလေးတောင် ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။ ဆရာဖြစ်သူ ညွှန်ပြခဲ့ဖူးသော အရပ်မျက်နှာအတိုင်းသာ အရှေ့ဘက်သို့ ဦးတည်၍ ခရီးနှင်နေခဲ့ခြင်းဖြစ်ပြီး၊ ဝေးကွာလှသော နေရာ၌ ကောင်းကင်ယံအထိ မြင့်မားလှသော အကာအကွယ်နံရံကြီးများအလား ရှိနေခဲ့သည့် အန္တရာယ်နယ်မြေတစ်ခုကို ဖြတ်သန်းပြီးမှသာ ကိုးပြည်ထောင်နယ်မြေသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

​တဖြည်းဖြည်းနှင့်၊ လင်းလင်ကျိုး အလွန်ပင် ပင်ပန်းနွမ်းနယ်လာခဲ့သဖြင့် အိပ်ငိုက်လာခဲ့လေသည်။

လှေကြီးသည်လည်း လှုပ်ခါနေခဲ့ခြင်းဖြစ်ရာ၊ ၎င်းက အိပ်ချင်မူးတူး ဖြစ်နေသော သူ့ကို အိပ်မက်ကမ္ဘာအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားစေခဲ့တော့သည်။

​အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်ကို မသိရှိရသော်လည်း၊ လင်းလင်ကျိုးသည် မိမိ၏ ခန္ဓာကိုယ်အား တစ်စုံတစ်ယောက်က ပင့်မြှောက်လိုက်သလို ရုတ်တရက် ခံစားလိုက်ရ၏။ မသိစိတ်ကြောင့် ပြန်လည်၍ ရုန်းကန်လိုခဲ့သော်လည်း၊ မိမိကိုယ်မိမိ ပြန်လည်၍ ထိန်းချုပ်လိုက်ရသည်။ သူသည် ဤလူများ မိမိအပေါ် မည်သို့သော အကြံအစည်များ ရှိနေကြသနည်းဟူသောအချက်ကို စောင့်ကြည့်လိုနေသောကြောင့် ဖြစ်၏။

မျက်လုံးများကို ပိတ်ထားခဲ့သည့်တိုင်အောင်၊ လူနှစ်ဦးက သူ့ကို ထမ်းပိုးထားကြကြောင်း ကောင်းစွာ အာရုံခံနိုင်သည်။ သူသည် မိမိအား မုန့်ပြားပေးခဲ့ဖူးသော လှေလုပ်သား၏ စကားသံကို ကြားသိလိုက်ရသည့်အခါတွင်မူ၊ ရင်ထဲမှ တိတ်တဆိတ် ဒေါသထွက်နေခဲ့သည်။

ဆရာဖြစ်သူ ပြောကြားခဲ့သော စကားများမှာ သွေးထွက်အောင် မှန်ကန်လှပေသည်။

​လှေပေါ်၌ ရက်ပေါင်းများစွာ နေထိုင်ခဲ့စဉ်အတွင်း၊ လှေပေါ်ရှိ လှေလုပ်သားများအားလုံး သိုင်းပညာတတ်ကျွမ်းကြကြောင်း ကြိုတင် သတိပြုမိထားခဲ့ဖူးသလို ထိုအထက်တန်းလွှာမိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးအစောင့်အရှောက်များအကြောင်းကိုလည်း ကောင်းစွာ သိရှိထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အစစ်အမှန် တိုက်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက၊ သူ သေချာပေါက် ကောင်းမွန်သောအလှည့်အပြောင်းနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်ပေ။

​အကယ်၍ သူသာ လှေပေါ်မှ ခုန်ချခဲ့မည်ဆိုပါကလည်း၊ ဤကျယ်ပြောလှသော မြစ်ကြီးထဲကနေ မြစ်ကမ်းပါးဆီသို့ မရောက်နိုင်မီအချိန်မှာပင်၊ မြစ်အတွင်းရှိ မိစ္ဆာသားရဲကြီးများ၏ ဝါးမြိုခြင်းကို ခံရမည်မှာ သေချာသည်။ ထို့ကြောင့် လှုပ်ရှားခြင်းမပြုဘဲ ထိုသူများ၏ အကြံအစည်အတိုင်း အလိုက်သင့် နေထိုင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

​မကြာမီမှာပင်၊ အခန်းတစ်ခုအတွင်းသို့ ပစ်ချလိုက်ကြောင်း ခံစားလိုက်ရ၏။ ညင်သာစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ လှေလုပ်သားနှစ်ဦးက တံခါးကို ပိတ်လိုက်ကြပြီးနောက် တံခါးပြင်ပမှ သံကြိုးခတ်သံများကိုပါ ကြားသိလိုက်ရသည်။

​ထိုလှေလုပ်သားနှစ်ဦး၏ ခြေသံများ ဝေးကွာသွားခဲ့ပြီးနောက်တွင် လင်းလင်ကျိုး မတ်တတ်ရပ်လိုက်တော့သည်။ အခန်းအတွင်း၌ မှောင်မိုက်နေခဲ့ပြီး၊ နံရံထက်မှ သေးငယ်လှသော အပေါက်ငယ်တစ်ခုမှတစ်ဆင့်သာ နေရောင်ခြည်အချို့ ဖြာကျနေခဲ့ခြင်း ဖြစ်၏။

​လင်းလင်ကျိုး လှည့်ပတ်ကြည့်ရှုလိုက်သည့် အခါတွင်မူ၊ ဤအခန်းအတွင်း၌ အခြားသောသူများစွာလည်း ရှိနေကြပြီး အားလုံး မြေပြင်ပေါ်တွင် လဲလျောင်းနေကြကြောင်း မြင်တွေ့လိုက်ရသည်။ ၎င်းတို့ထဲတွင် အမျိုးသားရော အမျိုးသမီးပါ ပါဝင်နေခဲ့ကြပြီး အသက်အရွယ် ကွဲပြားသော်လည်း အားလုံးမှာ အလွန်ပင် ငယ်ရွယ်နုပျိုကြသူများ ဖြစ်ကြသည်။

​‘သူတို့တွေ ဘာလုပ်ချင်နေကြတာလဲ...’

လင်းလင်ကျိုးက မျက်မှောင်ကြုံ့လိုက်ရင်း၊ နားမလည်နိုင်စွာဖြင့် တွေးတောနေမိသည်။

​သူသည် ထိုလူများ အသက်ရှင်နေဆဲ ရှိမရှိဟူသောအချက်ကို စစ်ဆေးရန်အတွက် ရှေ့သို့ လှောက်လှမ်းရန် ပြင်လိုက်၏။

​“ငါ မင့်ကို မလှုပ်ရှားဖို့ အကြံပြုချင်တယ်... ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး လှဲနေပြီး သတိလစ်ဟန် ဆောင်နေစမ်းပါ... မဟုတ်ရင် ဝမ့်ယင်းဂိုဏ်းက အစေခံတွေ သတိပြုမိအောင် လုပ်မိရင် ကြီးမားတဲ့ ဒုက္ခနဲ့ ကြုံရလိမ့်မယ်...”

အ​မှောင်ထုအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မည်သူ စကားပြောဆိုနေသည်ကို အာရုံခံနိုင်ခြင်းမရှိသော်လည်း၊ တစ်ဖက်လူ၏ စကားလုံးများက သူ့ကို တားဆီးထားနိုင်ခဲ့ သတိကြီးစွာဖြင့် မြေပြင်ပေါ် လဲလျောင်းလိုက်ပြီးနောက်၊ သူ့အကြည့်များကို အမှောင်ထုအတွင်းသို့ စူးစိုက်ထားလိုက်တော့သည်။

​“မင်း ဘယ်သူလဲ... မင်းလည်း ဒီအခန်းထဲမှာ ရှိနေတာလား...”

​“မင်း တဇွတ်ထိုး မလုပ်သရွေ့တော့၊ ငါ မင့်ကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်ပါတယ်... အရင်ဆုံး သူတို့တွေ လှေဆိပ်ကပ်မယ့် အချိန်အထိ စောင့်ဆိုင်းကြတာပေါ့...”

​ထိုအသံ ထပ်မံထွက်ပေါ်လာခဲ့ပြန်ရာ၊ အသံကို နားထောင်ခြင်းအားဖြင့် ၎င်းမှာ အမျိုးသားတစ်ဦး ဖြစ်ရမည်။

လင်းလင်ကျိုးက သေသေချာချာ စဉ်းစားပြီးနောက် လောလောဆယ် တစ်ဖက်လူ၏ အစီအစဉ်အတိုင်း လိုက်နာရန် ဆုံးဖြတ်လိုက်တော့သည်။

​“ဝမ့်ယင်းဂိုဏ်းဆိုတာ ဘယ်လိုမျိုးဂိုဏ်းမျိူးလဲ..”

​“လောကီပြည်သူတွေရဲ့ အထက်မှာ ရှိနေတဲ့ မသေမျိုးကျင့်ကြံရေးဂိုဏ်းတစ်ခုပဲလေ... ပြီးတော့ ဝမ့်ယင်းဂိုဏ်းက မိစ္ဆာလမ်းစဉ်ကျင့်သုံးတဲ့ ဂိုဏ်းတစ်ခုပဲ...”

​မသေမျိုးကျင့်ကြံရေးဂိုဏ်းတစ်ခု….

ထိုစကားကို ကြားလိုက်ရသောအခါ လင်းလင်ကျိုး၏ ရင်ထဲ၌ ကြီးမားလှသော လှိုင်းလုံးကြီးများ ဆူပွက်သွားခဲ့လေပြီ။ ထျန်းချင်းမသေမျိုးဂိုဏ်း၌ နေထိုင်ခဲ့ဖူးသူ ဖြစ်သဖြင့်၊ ကျင့်ကြံသူများ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ကောင်းစွာ သိရှိထားသည်မဟုတ်ပါလား။

​သူသည် ကိုးပြည်ထောင်နယ်မြေသို့ သွားရောက်မည့် လမ်းခရီးအတွင်း၌ ဘာဖြစ်လို့ အခြားသော ကျင့်ကြံရေးဂိုဏ်းတစ်ခုနှင့် ထပ်မံ၍ ကြုံတွေ့ရရသနည်း။ ဘာဖြစ်လို့ ဆရာက ယခင်က ဤကဲ့သို့သော ဂိုဏ်းမျိုးနှင့် ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့ရတာလဲ။

​သူ ထပ်မံ၍ တွက်ချက်မိသည်မှာ - အကယ်၍ ဆရာသာ ယခင်က ဝမ့်ယင်းဂိုဏ်းနှင့် အရင်ဆုံး ဆုံတွေ့ခဲ့ဖူးမည်ဆိုပါက သေချာပေါက် ကြီးမားလှသော အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သဖြင့်၊ နောင်တွင် မိမိနှင့် ဆုံတွေ့နိုင်စရာ အကြောင်းမရှိတော့ချေ။ ၎င်းမှာ ကြီးမားလှသော ကံကောင်းမှုတစ်ခုဟု ဆိုရမည် ဖြစ်၏။

​ထိုစဉ်မှာပင်၊ တံခါးပြင်ပမှ ခြေသံများ ထွက်ပေါ်လာခဲ့သဖြင့်၊ လင်းလင်ကျိုး အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ထပ်မံ၍ စကားမပြောရဲတော့ဘဲ၊ အခန်းအတွင်း၌လည်း ပြန်လည်၍ တိတ်ဆိတ်သွားခဲ့လေသည်။

​ကျန်းကျောက်ရှား ထွက်ခွာသွားခဲ့ပြီး တစ်လအကြာတွင်၊ ချင်းရှောင်ဂိုဏ်းအတွင်း၌ ကြီးမားလှသော ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းမှာ ယွမ်လီ အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်နေခြင်း ဖြစ်၏။

​မိုးကြိုးအတိဒုက္ခကို ရင်ဆိုင်ရခြင်းဟူသည်မှာ ဂိုဏ်းအတွင်း၌ တွေ့ရခဲလှသောအရာ မဟုတ်တော့ဘဲ၊ အချိန်အတန်ကြာတိုင်း တပည့်များက အတိဒုက္ခကို ကျော်ဖြတ်လျက် ဝိညာဉ်အသိအာရုံအဆင့်သို့ တက်လှမ်းလေ့ရှိကြစမြဲပင်။

အတိဒုက္ခကို ကျော်ဖြတ်နိုင်သူ အရေအတွက် ပိုမိုများပြားလာခဲ့သည်နှင့်အမျှ၊ ဂိုဏ်းအတွင်းရှိ တပည့်များသည်လည်း ကောင်းကင်အတိဒုက္ခအပေါ် အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်လာခဲ့ကြပြီ ဖြစ်၏။ ထင်ရှားသည်မှာ ပိုမို၍ သန်မာလေလေ၊ ကြုံတွေ့ရမည့် ကောင်းကင်အတိဒုက္ခမှာလည်း ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလေလေပင်။

​ယွမ်လီကလည်း ဤအချက်ကို အပြည့်အဝ သက်သေပြနိုင်ခဲ့သည်။ အကြောင်းမူကား ယွမ်လီသည် ကောင်းကင်အတိဒုက္ခ၏ မိုးကြိုးချက်ပေါင်း ကိုးဆယ့်ကိုးချက် အပြည့်ကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ မိုးကြိုးတစ်ချက်ချင်းစီတိုင်း၏ အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့်၊ လီရွှယ်တောင်ထွတ် တစ်ခုလုံးကိုပင် အပိုင်းပိုင်း ပြိုလဲပျက်စီးသွားစေတော့မည့်အလားပင်။

​ကိုးဆယ့်ကိုးချက်သော မိုးကြိုးအတိဒုက္ခဟူသည်မှာ ယွမ်လီနှင့် အခြားတပည့်များကြားမှ ပါရမီကွာဟချက်ကို အပြည့်အဝ သက်သေပြရန် လုံလောက်ပေသည်။ အချို့သောသူများက ဂိုဏ်းချုပ်အကြောင်းကိုပင် ပြန်လည်တွေးတောမိသွားကြသည်။

လူအများ၏ ပြောစကားအရဆိုလျှင် ဂိုဏ်းချုပ် ဝိညာဉ်အသိအာရုံအဆင့်သို့ တက်လှမ်းခဲ့စဉ်တုန်းကလည်း၊ ကိုးဆယ့်ကိုးချက်သော မိုးကြိုးအတိဒုက္ခကြီးကိုပင် ကျော်ဖြတ်ခဲ့ဖူးကြောင်း သိရသည်။

​ထို့ကြောင့်ပင်၊ ဂိုဏ်းအတွင်း၌ မိုးကြိုးအတိဒုက္ခနှင့် ပတ်သက်သော ဆွေးနွေးမှုများ ဆူပွက်လာခဲ့လေသည်။ ယွမ်လီ အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ခြင်းက ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်များ၏ အသိုင်းအဝိုင်းအပေါ် ကြီးမားလှသော လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်များသည် ထိုအခါမှသာ အလွန်အမင်း အစွမ်းထက်လှသော ယွမ်လီသည် ယခင်က မူလအားဖြည့်နယ်ပယ်၌သာ ရှိနေသေးကြောင်း အံ့အားသင့်ဖွယ် သဘောပေါက်သွားခဲ့ကြသည်။

​မည်သူမျှ ယွမ်လီကို သွားရောက်စိန်ခေါ်ရန် မဝံ့ရဲကြချေ။ အကြောင်းမူကား ကျန်းကျောက်ရှားပင်လျှင် ယွမ်လီ၏ လက်သီးချက်များအောက်၌ ရှုံးနိမ့်ခဲ့ဖူးကြောင်း သူတို့ ကြိုတင်ကြားသိထားကြပြီးဖြစ်ရာ၊ ဤကဲ့သို့သော သာဓက ရှိနေခဲ့ပြီးဖြစ်သဖြင့် မည်သူကများ ယွမ်လီကို သွားရောက်စိန်ခေါ်ဝံ့မည်နည်း။

​အချိန်ကာလမှာ ဆောင်းဦးရာသီအစောပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ဓမ္မညီလာခံ ကျင်းပရန်အတွက် လအနည်းငယ်မျှသာ အချိန်လိုတော့သဖြင့်၊ ဂိုဏ်းအတွင်း၌လည်း များစွာ စည်ကားနေခဲ့ပြီ ဖြစ်သည်။ ပြင်ပ၌ အတွေ့အကြုံလေ့ကျင့်ရေးဆင်းနေခဲ့ကြသော တပည့်များစွာမှာလည်း၊ ဤခမ်းနားလှသော ပွဲတော်ကြီးကို လက်လွှတ်မခံလိုကြသဖြင့် ဂိုဏ်းသို့ ကြိုတင်၍ ပြန်လည်ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။

​ယနေ့တွင်မူ၊ မြောက်ဘက်နယ်စပ်၌ တည်ရှိသော မိစ္ဆာနှိမ်နင်းရေးမသေမျိုးမြို့တော်မှ သတင်းအချက်အလက်အချို့ ရောက်ရှိလာခဲ့ရာ၊ ၎င်းမှာ မိစ္ဆာသားရဲတစ်ကောင်၏ ခြေရာလက်ရာများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း လီယန် အနေဖြင့် အခုထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဟူသော အချက် ဖြစ်ပေသည်။

​ထိုအကြောင်းကို သိရှိပြီးနောက်၊ လီချင်းချိုးက ရှောင်ဝူချင်းအား လင်းရှောင်ခေါင်းလောင်းကို ချက်ချင်းပင် မြည်ဟိန်းစေခဲ့သည်။ ခန်းမသခင်များ အလျင်အမြန်ပင် စုဝေးရောက်ရှိလာခဲ့ကြပြီဖြစ်ရာ၊ လီချင်းချိုးက သတင်းများကို မျှဝေပေးလိုက်ပြီးနောက် အားလုံးအား တန်ပြန်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အတူတကွ ဆွေးနွေးစေခဲ့သည်။

​“ ပေါ့ဆလို့ မဖြစ်ဘူး... ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ အတွင်းစည်းတပည့်တွေကို ထပ်မံပြီးတော့ စေလွှတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်...” ဟု ကျူးယန်က အရင်ဆုံး စတင်၍ စကားဆိုလိုက်သည်။

​ကျုံးထျန်းမသေမျိုးမြို့တော်၏ ဘေးဒုက္ခဆိုးကြီးအတွင်း၌၊ကျူးမိသားစုသည် ကြီးမားလှသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရဖူးခြင်း ဖြစ်သည်။ အကြောင်းမူကား ကျုံးထျန်းမသေမျိုးမြို့တော်မှာ ဂိုဏ်း၏ ပထမဆုံးသော မြို့ခွဲဖြစ်သဖြင့်၊ ကျုးမိသားစုက ကြီးမားလှသော ကြိုးစားအားထုတ်မှုများကို ပုံအောထားခဲ့ဖူးပြီး လူပေါင်းများစွာကိုလည်း ထိုမြို့အတွင်းသို့ ထည့်သွင်းထားခဲ့ဖူးသောကြောင့် ဖြစ်၏။ ရလဒ်အနေဖြင့်မူ၊ ထိုဘေးဒုက္ခကြောင့် မိသားစုဝင်ပေါင်း နှစ်ဆယ်ကျော်မျှ အသက်ပေးလှူသွားခဲ့ရရှာသည်။

​သဘာဝအတိုင်းပင် ကျူးမိသားစုအတွင်း၌ မကျေနပ်မှုအချို့ ရှိနေခဲ့ကြသော်လည်း၊ သူတို့သည် ၎င်းအတွက် မည်သူ့ကိုမျှ အပြစ်တင်၍မရနိုင်ကြောင်း ကောင်းစွာ သိရှိထားကြသဖြင့်၊ သည်းခံခြင်းတရားကိုသာ လက်ကိုင်ထားလျက် ကွယ်လွန်သွားခဲ့ကြသူများ၏ မိသားစုဝင်များကို နှစ်သိမ့်ပေးနေခဲ့ကြရသည်။

​“ကျွန်တော်တို့တွေ ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ တပည့်တွေကို ထပ်မံစေလွှတ်ဖို့ တကယ်ကို လိုအပ်တယ်... လက်ရှိ ချင်းရှောင်ဂိုဏ်းက အတိတ်ကနဲ့ မတူညီတော့တာမို့၊ကျွန်တော်တို့ဘက်ကနေ ပိုမိုများပြားလှတဲ့ အင်အားစုတွေကို စေလွှတ်နိုင်စွမ်း ရှိနေပါပြီ...”

ရွှယ်ကျင်းက ပြန်လည်၍ ထောက်ခံစကားဆိုလိုက်ပြီး၊ သူကိုယ်တိုင်လည်း မြောက်ဘက်သို့ သွားရောက်ရန်အတွက် အဆိုပြုခဲ့လေသည်။

​အခြားသော ခန်းမသခင်များကလည်း တစ်ဦးပြီးတစ်ဦး ပြောဆိုကြပြီး၊ မည်သူမျှ ကြောက်ရွံ့ထိတ်လန့်မှုများကို ပြသခြင်းမရှိဘဲ မိစ္ဆာသားရဲကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက်သာ ရွေးချယ်လိုက်ကြသည်။

​ဝေထျန်းရှုံးကတော့ မည်သည့်စကားမျှ မပြောခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူသည် ဒုတိယခန်းမသခင်တစ်ဦးမျှသာ ဖြစ်သည်မဟုတ်ပါလား။

ဤစုဝေးမှုအတွင်းသို့ လာရောက်ပါဝင်ခွင့်ရခြင်းကပင်၊ သူ့အား ကြီးမားလှသော မျက်နှာသာပေးမှုကို ပြသနေခြင်း ဖြစ်ရမည်။

​သူသည် ချင်းရှောင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မိမိ၏ အစွမ်းရှိသမျှကို ကိုင်တွယ်ဖြေရှင်းပေးရန် ဆုံးဖြတ်ထားခဲ့ပြီဖြစ်သော်လည်း၊ ဂိုဏ်း၏ အစစ်အမှန်အာဏာပိုင်များသည် စစ်မှန်သော ကြီးပြင်းမှုများကို ရရှိနိုင်ရန်အတွက် ရွေးချယ်မှုပေါင်းစုံကို ကိုယ်တိုင် ဖြတ်သန်းကြရမည် ဖြစ်ကြောင်းလည်း သူ ကောင်းစွာ နားလည်ထားသည်။

​မည်သူမျှ အခြားသော သဘောထားကွဲလွဲမှုများ မရှိကြတော့သည်ကို မြင်တွေ့လိုက်ရသောအခါမှသာ၊ လီချင်းချိုးက အမည်များကို ချက်ချင်းပင် ခေါ်ဆိုလိုက်ပြီး၊ ကျောက်ကျိန်းနှင့် ကျိယာတို့အပါအဝင် ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်ပေါင်း တစ်ဆယ့်ငါးဦးကို တစ်ပြိုင်နက်တည်း ရွေးချယ်လိုက်တော့သည်။

​“ဒုတိယခန်းမသခင်ဝေ... နေရာရွေးပြောင်းရေးအစီအရင်ကို အသုံးပြုလို့ ရပြီလား...”

လီချင်းချိုးက လှမ်းကြည့်၍ မေးမြန်းလိုက်တော့​ဝေထျန်းရှုံးက ခေါင်းညိတ်ပြလိုက်ရင်း…

“အသုံးပြုလို့ ရပါပြီ... ကျုပ်တပည့်တွေကို ဝိညာဉ်ကျောက်တုံးတွေ ကြိုတင်ပြင်ဆင်ခိုင်းလိုက်ပါ့မယ်...”

​ကိစ္စရပ်များအားလုံးကို အတည်ပြုပြီးစီးသွားခဲ့ပြီ ဖြစ်ရာ၊ လီချင်းချိုးက ချက်ချင်းပင် သွားရောက်အကောင်အထည်ဖော်ရန် မှာကြားလိုက်လေသည်။

​ဤသည်က ချင်းရှောင်ဂိုဏ်းအနေဖြင့် စစ်ကူများစေလွှတ်ရန်အတွက် နေရာရွေ့ပြောင်းရေးအစီအရင်ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခြင်း ဖြစ်ရာ၊ လီချင်းချိုးကိုယ်တိုင်လည်း ရလဒ်အပေါ် များစွာ မျှော်လင့်တောင့်တနေမိတော့သည်။

All Chapters