အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း ၃၂၃ ကောင်းကင်နှင့်မြေကြီး၏ ရေစက်
တောင်ထိပ်ပေါ်ကနေ အောက်ဘက်ဆီသို့ လီချင်းချိုးကး ငုံ့ကြည့်နေမိသည်။
ကောာင်းကင်လက်မှုပညာခန်းမ၏ ခြံဝင်းအလယ်ဗဟို၌ ခမ်းနားထည်ဝါလှသော အစီအရင်စင်မြင့်တစ်ခု ရှိနေခဲ့ရာ၊ ၎င်းမှာ အဓိက နေရာကူးပြောင်းရေးအစီအရင်ပင် ဖြစ်သည်။
ထိုအဓိက နေရာကူးပြောင်းရေးအစီအရင်မှာ ရှစ်ထောင့်သဏ္ဌာန် ရှိပြီး စင်မြင့်ကို ထူးခြားလှသော ကျောက်ရိုင်းများဖြင့်သာ သွန်းလုပ်ထားခြင်းဖြစ်ပြီး၊ ၎င်း၏ ပတ်လည်တွင်မူ အမြင့် ငါးမီတာရှိသော ကျောက်တိုင်ကြီး ရှစ်တိုင်ရှိနေသည်။ တိုင်လုံးကိုယ်ထည်များပေါ်တွင်လည်း နက်နဲဆန်းကြယ်လှသော ရှေးဟောင်းပုံစံများပြည့်နှက်ဖုံးလွှမ်းနေခဲ့သည်။
ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များစွာက ထိုစင်မြင့်အစီအရင်အတွင်းသို့ ဝိညာဉ်ကျောက်တုံးများကို စဉ်ဆက်မပြတ် မြှုပ်နှံထည့်သွင်းနေကြရသည်။
လီချင်းချိုး လှမ်း၍ ခေါ်ဆိုလိုက်သော ဝိညာဉ်အသိအာရုံအဆင့်ရှိ တပည့်များသည်လည်း၊ ယခုအခါ ထိုနေရာ၌ အသင့်ရှိနေကြပြီ ဖြစ်သည်။ သူတို့၏ မျက်နှာထက်၌ တည်ကြည်လေးနက်မှုများ ရှိနေခဲ့ကြပြီး၊ အားလုံးမှာ တိုက်ပွဲဝင်ရန်အတွက် အပြည့်အဝ ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီ ဖြစ်၏။
ဝိညာဉ်အသိအာရုံအဆင့်ရှိ တပည့်တိုင်းသည် မြောက်ဘက်နယ်စပ်၌ မိစ္ဆာနယ်မြေ ရှိနေကြောင်း ကြိုတင်၍ သိရှိနားလည်ထားကြပြီး ဖြစ်သဖြင့်၊ မည်သူမျှ ပေါ့ဆဝံ့ခြင်း မရှိကြချေ။
လီချင်းချိုးကလည်း ဤတပည့်များအပေါ် များစွာ မျှော်လင့်ချက်ထားရှိပေသည်။ သူတို့အနက် အများစုမှာ ဓမ္မညီလာခံ၏ ထိပ်ဆုံး လူဆယ်ဦးစာရင်းဝင် ပါရမီရှင်များ ဖြစ်ကြပြီး၊ ချင်းရှောင်ဂိုဏ်း၏ အနာဂတ်အင်အားစုများကို ကိုယ်စားပြုနေကြသူများ ဖြစ်သည်။
လီချင်းချိုးသည် သူတို့ကို ရွှယ်ကျင်းလို တိုက်ပွဲများအတွင်း ကိုယ်တိုင်လေ့ကျင့်၍ ဂိုဏ်း၏ စစ်မှန်သော အားကိုးအားထားပြုရသည့် လူယုံတော်များ ဖြစ်လာကြရန် မျှော်လင့်နေခြင်း ဖြစ်၏။
သူ ယခုတစ်ကြိမ်တွင် ယွမ်လီကို စေလွှတ်ခဲ့ခြင်းမရှိသည့် အကြောင်းရင်းမှာ၊ ယွမ်လီ့ကို ဂိုဏ်း၏ ဝှက်ဖဲတစ်ချပ်အဖြစ်သာ အသုံးပြုသင့်သည်ဟု ယူဆထားသောကြောင့်ဖြစ်ပြီး၊ နေရာအနှံ့သို့ သွားရောက်ကာ အလုပ်ရှုပ်နေစေရန် မလိုလားသောကြောင့် ဖြစ်သည်။
လက်ရှိတွင်၊ ယွမ်လီသည် ထူးချွန်သည့်အဆင့်ရှိ ကျင့်ကြံရေးပါရမီနှင့် ထူးကဲလှသော နားလည်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ လက်ရှိအဆင့်လောက်နှင့်ရပ်တန့်နေမည့်သူမဟုတ်ဘဲ ပိုမို၍ သန်မာလာနိုင်သေးသည်။
ထို့ကြောင့်ပင်၊ လီချင်းချိုးက ယွမ်လီကို စိတ်အာရုံအားလုံးကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်စေလိုပြီး၊ ဂိုဏ်း၌ အစစ်အမှန် အရေးကြုံလာရသည့် အချိန်ကျမှသာ ထွက်ပေါ်လာစေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
လီချင်းချိုး၏ အကြည့်များက ကျောက်ကျိန်းနှင့် ကျိယာတို့၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ သူသည် ဤတပည့်နှစ်ဦးအပေါ်၌ ပိုမို၍ ကြီးမားလှသော မျှော်လင့်ချက်များ ထားရှိမိနေခြင်းဖြစ်ပြီး၊ သူတို့၏ ခွန်အားမှာ ဤအဆင့်၌သာ ရှိမနေသင့်ဟု ခံစားနေရသည်။
အစစ်အမှန်မူ၊ ကျောက်ကျိန်းနှင့် ကျိယာတို့က အလွန်ပင် ထူးချွန်ကြသည်။ ကျောက်ကျိန်းက ဝိညာဉ်အသိအာရုံအဆင့်ရှိ မိစ္ဆာနှစ်ကောင်ကို သုတ်သင်ခဲ့ဖူးသလို ကျိယာကလည်း မိစ္ဆာလှိုင်းလုံးကြီးများကို တစ်ကိုယ်တည်း ရင်ဆိုင်ခဲ့ဖူးသည်မဟုတ်ပါလား။
သို့သော်လည်း ရှန်ယွဲ့၊ ရွှီနင်း၊ ကျန်းကျောက်ရှား၊ ယွင်ချိုင်၊ ယွမ်လီတို့နှင့် နှိုင်းယှဉ်ပါက၊ သူတို့ထံ၌ တစ်စုံတစ်ခုသော လှုံ့ဆော်မှုစွမ်းအား အနည်းငယ် လိုအပ်နေသေးသကဲ့သို့ ရှိနေဆဲပင်။
လီချင်းချိုးကတော့ သူတို့အနေဖြင့် တိုက်ပွဲအတွေ့အကြုံများကို ပိုမို၍ မြှင့်တင်ရန် လိုအပ်နေသေးသည်ဟု ယူဆထားသည်။
မကြာမီမှာပင်၊ အဓိက နေရာကူးပြောင်းရေးအစီအရင်ကို စတင်၍ အသက်သွင်းလိုက်လေသည်။ စင်မြင့်ကြီးမှာ ပြင်းထန်စွာ လှုပ်ခါလာခဲ့ပြီး၊ ကျောက်တိုင်ကြီး ရှစ်တိုင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံးများထံမှ ပြင်းထန်လှသော ရောင်စုံအလင်းတန်းများ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ကြပြီ ဖြစ်သည်။
ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များ၏ အချက်ပြမှုအောက်တွင်၊ ကျောက်ကျိန်းက အဖွဲ့ကို ဦးဆောင်လျက် စင်မြင့်ပေါ်သို့ စတင်၍ လျှောက်လှမ်းတက်လိုက်ရာ၊ အခြားသူများကလည်း ၎င်း၏နောက်မှ အနီးကပ် လိုက်ပါလာခဲ့ကြသည်။
ဤစင်မြင့်ကြီးမှာ အလွန်ပင် ကျယ်ဝန်းလှသဖြင့်၊ လူပေါင်း တစ်ဆယ့်ငါးဦး ရပ်နေသည့်တိုင်အောင် မည်သို့သော အနေကြပ်မှုကိုမျှ ခံစားရခြင်း မရှိချေ။
ပြင်းထန်လှသောအလင်းတန်းများ စင်မြင့်ထက်မှနေ၍ လှည့်ပတ်ထွက်ပေါ်လာခဲ့ကြပြီး၊ ကျောက်တိုင်ကြီး ရှစ်တိုင်မှ အလင်းတန်းများနှင့် ပေါင်းစပ်၍ ထိုတပည့် တစ်ဆယ့်ငါးဦး၏ ပုံရိပ်များကို တစ်ခဏချင်းပင် ဝါးမြိုသွားခဲ့လေတော့သည်။ စင်မြင့်ကြီးမှာ ပိုမို၍ ပြင်းထန်စွာ တုန်ခါလာခဲ့ရပြီး၊ လီချင်းချိုးပင်လျှင် မိမိ၏ ခြေဖဝါးအောက်ရှိ မြေပြင်ကြီး အနည်းငယ် တုန်ခါနေကြောင်း အထင်အရှား ခံစားလိုက်ရသည်။
ဘုန်း...
တောက်ပလှသောအလင်းတန်းကြီးတစ်ခုက ကောင်းကင်လက်မှုပညာခန်းမအတွင်းမှနေ၍ ဟုန်းခနဲ ထွက်ပေါ်လာခဲ့ပြီးနောက်၊ ကောင်းကင်ယံကြီးကို ဖောက်ထွင်းလျက် ပျံတက်သွားခဲ့သဖြင့်၊ ဂိုဏ်းအတွင်းရှိ တပည့်များစွာ၏ အာရုံစိုက်မှုများကို ရရှိသွားခဲ့သည်။
လီချင်းချိုးက ကျောက်ကျိန်းနှင့် အခြားသူများ၏ အရှိန်အဝါများ ရုတ်ချည်း ပျောက်ကွယ်သွားကြောင်း အာရုံခံမိလိုက်၏။ သူသည် တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ဖွင့်လှစ်လိုက်ပြီး တပည့်များ၏ ပုံရိပ်များ ဘေးကင်းစွာ ရှိနေဆဲဖြစ်ကြောင်း မြင်တွေ့လိုက်ရမှသာ၊ စိတ်အေးသွားခဲ့ရပြီး ကျင့်ကြံခြင်းလုပ်ငန်းစဉ်ဆီသို့ ပြန်လည်၍ အာရုံစိုက်လိုက်တော့သည်။
နောင်လာမည့် ရက်များအတွင်း၊ ဂိုဏ်းတစ်ခွင်လုံး၌ ဆွေးနွေးနေကြသည်မှာ ဤနေရာကူးပြောင်းရေးအစီအရင်အကြောင်းသာ ဖြစ်၏။
ကောင်းကင်လက်မှုပညာခန်းမ၏ လုပ်ဆောင်မှုအရှိန်မှာ မြန်ဆန်လှပေသည်။ သူတို့သည် ဂိုဏ်း၏ မသေမျိုးမြို့တော်များနှင့် ကင်းစခန်းအသီးသီးဆီသို့ ဆက်သွယ်နိုင်ရန်အတွက်၊ အစီအရင်စင်မြင့်များကို အဆက်မပြတ် စတင်၍ တည်ဆောက်နေခဲ့ကြပြီ ဖြစ်သည်။
ဆောင်းဦးရာသီ ပိုမို၍ နက်ရှိုင်းလာခဲ့ပြီ….
တောအုပ်ငယ်တစ်ခုအတွင်းရှိ ကျောက်တုံးကြီးတစ်တုံး၏ အပေါ်၌ ဟူယန် တင်ပလ္လင်ခွေလျက် ထိုင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ပတ်လည်၌မူ ဝတ်ထားသည့် ဝတ်စုံဖြူကို လှုပ်ခါစေနိုင်သည့် အဖြူရောင်ချီစွမ်းအင်များ ဝေဝါးစွာမြင်နေရသည်။
“ဒါက ဘယ်မကောင်းမှုကိုမဆို မကြောက်ရွံ့တဲ့ ကျော်ကြားလှတဲ့ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီလား...”
အမျိုးသမီးတစ်ဦး၏ စကားသံ ညင်သာစွာ ထွက်ပေါ်လာသဖြင့် ဟူယန် မျက်လုံးမ ဖွင့်လိုက်ပြီးနောက် ခေါင်းကို လှည့်၍ ကြည့်ရှုလိုက်ရာ၊ မိမိနှင့် တစ်နေ့တည်း ဂိုဏ်းသို့ ဝင်ရောက်လာခဲ့ဖူးသော ကျူးချင်းလင်းက မိမိထံသို့ ဦးတည်၍ လျှောက်လှမ်းလာနေကြောင်း မြင်တွေ့လိုက်ရသည်။
ယခုအခါ အရွယ်ရောက်ကြီးပြင်းခဲ့ပြီဖြစ်သော ကျူးချင်းလင်းမှာ အလွန်ပင် လှပကျော့ရှင်းလှသည်။ ဂိုဏ်းအတွင်းရှိ ကောလာဟလများကို ဆွေးနွေးတတ်ကြသော တပည့်အချို့၏ ထင်မြင်ချက်အရဆိုလျှင်၊ သူမသည် ချင်းရှောင်ဂိုဏ်း၏ ထိပ်ဆုံး မသေမျိုးအသွင်အပြင်ရှိသူ လူဆယ်ဦးစာရင်းအတွင်း၌ပင် ပါဝင်နေခဲ့သူ ဖြစ်၏။
ဤပြိုင်ဘက်ကင်းလှပသော ကျူးချင်းလင်း ချဉ်းကပ်လာသည်ကို မြင်တွေ့ရသည့်တိုင်အောင်၊ ဟူယန်၏ ရင်ထဲ၌ မည်သို့သော ဝမ်းမြောက်မှုကိုမှ ခံစားရခြင်းမရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ခေါင်းကိုက်နေလေသည်။
လွန်ခဲ့သော နှစ်များအတွင်း၊ ကျူးချင်းလင်းက သူ့ကို မြင်တွေ့ရသည့် အခါတိုင်း လာရောက်၍ နှုတ်ဆက်လေ့ရှိသဖြင့်၊ သူသည်လည်း အလိုက်သင့် ပြန်လည်၍ စကားဆိုခဲ့ရခြင်း ဖြစ်သည်။ သူတို့ကြားမှ ဆက်ဆံရေးမှာ ရင်းနှီးလှသည်မဟုတ်သော်လည်း၊ သူသည် လူနုံလူအမဟုတ်သဖြင့် သူမ မိမိအပေါ်၌ များစွာ စိတ်ဝင်စားနေကြောင်း ကောင်းစွာ ခံစားမိနေခဲ့သည်။
သူမ မည်မျှပင် လှပပါစေဦးတော့၊ ဟူယန်အနေဖြင့် ကျူးမိသားစုနှင့် ကြီးကြီးမားမား ပါဝင်ပတ်သက်လိုခြင်း မရှိချေ။
ထို့အပြင် သူ့နှလုံးသားအတွင်း၌မူ တွမ့်ရှောင်ကျွမ်း၏ ပုံရိပ်သာ ရှိနေခဲ့ပြီ ဖြစ်သည်။ တွမ့်ရှောင်ကျွမ်း၏ အသွင်အပြင်မှာ အလွန်အမင်း ထူးခြားစွာ လှပခြင်းမရှိသော်လည်း၊ သူတို့နှစ်ဦး၏ စရိုက်လက္ခဏာများ တူညီကြသဖြင့် သူမနှင့်အတူ ရှိနေရသည့် အချိန်ကိုသာ ပိုမို၍ နှစ်သက်သည်။
သေချာသည်မှာ ဂိုဏ်းအတွင်းရှိ တပည့်များ၏ အသွင်အပြင်မှာ မည်မျှပင် သာမန်ဖြစ်ပါစေဦးတော့၊ ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးနောက်တွင်မူ တဖြည်းဖြည်းနှင့် ပိုမို၍ ကြည့်ကောင်းလာကြမည်ဖြစ်ကာ၊ အထူးသဖြင့် သူတို့၏ ကိုယ်ပေါ်မှ အရှိန်အဝါများ ပြောင်းလဲသွားကြမည် ဖြစ်သည်။
“ဟုတ်ပါတယ်...” ဟု ဟူယန်က ပြန်လည်ဖြေကြားလိုက်၏။
သူ့ရဲ့ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီအကြောင်းမှာ ဂိုဏ်းအတွင်း၌ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ အကြောင်းမူကား သူသည် လွန်ခဲ့သော နှစ်များအတွင်း တိုက်ခိုက်ရေးစွမ်းရည်များ မြင့်မားလာစေရန်အတွက် သိုင်းပညာစင်မြင့်ဆီသို့ မကြာခဏ သွားရောက်လေ့ကျင့်ခဲ့ဖူးသောကြောင့်ပင်။
မည်သည့်ကျင့်ကြံသူမဆို၊ ထိုကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီနှင့် မူလချီစွမ်းအင်တို့မှာ လုံးဝ ကွဲပြားခြားနားလှသော အရာနှစ်ခု ဖြစ်ကြောင်း ကောင်းစွာ ခံစားမိနိုင်ကြပေသည်။
သူမ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ ဟူယန်က ခန္ဓာကိုယ်ပတ်လည်ရှိ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ကျူးချင်းလင်းက သူ့ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီးနောက်….
“ဒီတစ်ကြိမ်ကျင်းပမည့် ဓမ္မညီလာခံမှာ ဘယ်လောက်ထိ ယုံကြည်မှု ရှိနေပြီလဲ...”
ဟူယန်က နှိမ့်ချသော စကားလုံးများကို ပြောဆိုရန် ပြင်လိုက်သော်လည်း၊ စီနီယာအစ်မ၏ သွန်သင်ချက်များကို ပြန်လည်အမှတ်ရသွားခဲ့သဖြင့်…
“ကျန်တဲ့လူတွေအားလုံးက ငါ့ကို လာရောက်စိန်ခေါ်ကြမယ့်သူတွေချည်းပါပဲ...”
ထိုစကားကြောင့် ကျူးချင်းလင်း မှင်တက်သွားခဲ့လေသည်။ ဟူယန်၏ ပါးစပ်မှ ဤကဲ့သို့သော စကားလုံးများ ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။
ထိုစကားကို ပြောဆိုပြီးနောက်တွင်မှ၊ ဟူယန်၏ ရင်ထဲတွင် လွတ်လပ်သော ခံစားချက်တစ်ခုကို အစစ်အမှန် ခံစားလိုက်ရသည်။
ထင်ရှားသည်မှာ စီနီယာအစ်မသည်လည်း ဤကဲ့သို့သော ခံစားချက်မျိုးကို အမြဲတမ်း ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်ရမည်။
သူသည် ငယ်စဉ်ဘဝ အတွေ့အကြုံများကြောင့်၊ အမြဲတမ်း သတိကြီးစွာဖြင့် နှိမ့်ချတတ်သူတစ်ဦး ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ အခြားသူများကို ထားရှိဦးတော့၊ သူကိုယ်တိုင်ပင်လျှင် မိမိ၏ စရိုက်မှာ များစွာ ပျင်းရိဖွယ်ကောင်းလှသည်ဟု ယူဆထားဖူးသည်။
တွမ့်ရှောင်ကျွမ်းကို သဘောကျရခြင်း၏ အဓိက အကြောင်းရင်းမှာလည်း သူမက ပွင့်လင်းရိုးသားပြီး ပျော်ရွှင်တတ်သူတစ်ဦး ဖြစ်ကာ၊ စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သောကြောင့်ပင်။
သူသည်လည်း ထက်မြက်လှသော လူတစ်ဦးအဖြစ် ပြောင်းလဲချင်နေပြီ။
“နင်က ဒီလိုတွေးထားတာကိုး... ကောင်းပါပြီ... ငါ နင့်ကို သေချာပေါက် စိန်ခေါ်ပါ့မယ်...”
ကျူးချင်းလင်က ပြင်းထန်လှသော အကြည့်များဖြင့် ဟူယန်ကို စိုက်ကြည့်လိုက်သည်။
၎င်းက ဟူယန်ကို အံ့အားသင့်သွားစေခဲ့ရသည်။ ဘာဖြစ်လို့ ဒီလောက်ထိ ငါ့အပေါ် စိတ်အားထက်သန်လာခဲ့ရတာလဲဟင်..
သို့သော်လည်း၊ ကိစ္စရပ်များမှာ ဤအခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ၊ အခြားသောအရာများကို ဂရုစိုက်မနေတော့ဘဲ …
“ငါ ရှုံးနိမ့်မှာ မဟုတ်ဘူး...”ဟုသာ တုံ့ပြန်လိုက်သည်။
ကျူးချင်းလင်းက သူ့ကို လေးနက်စွာ တစ်ချက်ကြည့်ရှုလိုက်ပြီးနောက်၊ အခြားသော အရပ်မျက်နှာဆီသို့ လှည့်ထွက်သွားလေသည်။
သူမ ဤကဲ့သို့ လွယ်လွယ်နှင့် ထွက်ခွာသွားသည်ကို မြင်တွေ့ရသဖြင့်၊ ဟူယန်လည်း များစွာ တွေးတောမနေတော့ဘဲ၊ မျက်လုံး ပိတ်လိုက်ကာ ဆက်လက်၍ ကျင့်ကြံနေမိတော့သည်။
သူသည် ကိုယ်ပိုင် မသေမျိုးဂူအတွင်း၌ ကျင့်ကြံခြင်းမပြုဘဲ ပြင်ပ၌ လာရောက်နေရခြင်း၏ အဓိက အကြောင်းရင်းမှာ၊ ပြင်ပ၌ ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားများကို ပိုမို၍ ကောင်းမွန်စွာ ခံစားမိနိုင်သောကြောင့် ဖြစ်သည်။
သူသည် ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီနှင့် ကောင်းကင်နှင့်မြေကြီးကြား၌ တစ်စုံတစ်ခုသော ဆက်နွှယ်မှုများ ရှိနေကြောင်း တွေ့ရှိလိုက်ရသဖြင့်၊ ၎င်းကို သိမြင်နားလည်နိုင်ရန်အတွက် ကြိုးစားနေခြင်း ဖြစ်ပေသည်။
ဟူယန်နှင့် ကျူးချင်းလင်းတို့ကြားမှ စကားပြောဆိုမှုမှာ တတိယအကြိမ်မြောက် ဓမ္မညီလာခံကြီး၏ ရှုထောင့်ငယ်တစ်ခုမျှသာ ဖြစ်၏။ ဂိုဏ်းအတွင်းရှိ ပါရမီရှင်တပည့်များစွာမှာလည်း မိမိတို့၏ ကိုယ်ပိုင်ယုံကြည်မှုများကို ထုတ်ဖော်ပြောဆိုလာခဲ့ကြပြီဖြစ်ရာ၊ ၎င်းက ဂိုဏ်းအတွင်းရှိ လေထုကို ပိုမို၍ ဆူပွက်လာစေခဲ့တော့သည်။
အခြားတစ်ဖက်တွင်မူ...
မိစ္ဆာနှိမ်နင်းရေးစေတီတော်၏ အောက်ဆုံးအလွှာ၌….
ယန်ချင်းတယောက် နံရံကို မှီလျက် ထိုင်နေခဲ့ပြီး၊ အချုပ်ခန်းတံခါး၏ ပြင်ပဆီသို့ ဝေဝါးစွာ စိုက်ကြည့်နေသည်။
သူသည် ပြိုလဲပျက်စီးနေပုံရသော်လည်း၊ အစစ်အမှန်မူ ရင်ထဲ၌ မျှော်လင့်ချက်အရောင်အဝါငယ်တစ်ခု ရှိနေဆဲပင်။
သူသည် မျက်နှာဖုံးစွပ်ထားသော ချင်းရှောင်ဂိုဏ်းတပည့် မိမိထံသို့ ထပ်မံ၍ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ထိုပုံရိပ်ယောင်မြင်ကွင်း ကုန်လွန်သွားခဲ့သည်မှာ ကာလကြာမြင့်လှပြီ ဖြစ်ရာ ၎င်းမှာ အတုအယောင်တစ်ခု ဖြစ်လိမ့်မည်ဟုပင် သံသယဝင်မိဖူးသော်လည်း၊ ထိုအတွေး ဖြစ်ပေါ်လာတိုင်း ချက်ချင်းပင် ပြန်လည်၍ ဖျက်ဆီးပစ်လေ့ရှိသည်။
ဘေးဘက်ရှိ မိစ္ဆာမျောက်မည်းမှာမူ ယခုအခါ ငြိမ်သက်နေခဲ့ပြီ ဖြစ်၏။ ဟယ်ကျင်းရှုဟုခေါ်သော ထိုတပည့်ရူးက မျောက်မိစ္ဆာ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်စုံတစ်ခုကို ထိုးသွင်းခဲ့ပြီးကတည်းက၊ မျောက်မိစ္ဆာမှာ ပျော့ခွေလျက် စွမ်းအားမဲ့နေခဲ့ရရှာသည်။
အကယ်၍ ယန်ချင်းအနေဖြင့် ၎င်း၏ အရှိန်အဝါကို အာရုံမခံနိုင်တော့ပါက၊ ထိုမျောက်မိစ္ဆာ သေဆုံးသွားခဲ့ပြီဟုပင် ထင်မှတ်မိပေလိမ့်မည်။
မိစ္ဆာမျောက်မည်း၏ ဝေဒနာခံစားနေရသော အခြေအနေက၊ ယန်ချင်းကို အချိန်များစွာ မကျန်တော့ကြောင်း ကြိုတင်၍ အရိပ်အယောင်များ ပေးနေခဲ့ခြင်း ဖြစ်၏။
ထိုစဉ်မှာပင်၊ ယန်ချင်း၏ မျက်ခွံများမ အနည်းငယ် လှုပ်ခါသွားခဲ့ရသည်။ သူသည် တစ်စုံတစ်ခုကို အလိုလို ခံစားမိလိုက်သဖြင့် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး၊ အချုပ်ခန်းတံခါးဝဆီသို့ အသည်းအသန် တွားသွားလိုက်၏။ သူသည် အနီးနားရှိ မိစ္ဆာမျောက်မည်း၏ ပုံရိပ် မရှိတော့ကြောင်းနှင့် အခြားသော အကျဉ်းသားများကိုလည်း မြင်တွေ့ရခြင်းမရှိတော့ကြောင်း တွေ့ရှိလိုက်ရသဖြင့်၊ ရင်ထဲ၌ အတိုင်းအဆမရှိ ဝမ်းမြောက်သွားခဲ့သည်။
ပုံရိပ်ယောင်မြင်ကွင်း ရောက်ရှိလာခဲ့ပြီ….
သူသည် စင်္ကြံလမ်း၏ အဆုံးရှိ အမှောင်ထုအတွင်းသို့ စူးစိုက်ကြည့်ရှုလိုက်ရာ၊ သူ့ မျက်လုံးများအတွင်း၌ မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
မကြာမီမှာပင်၊ အမှောင်ထုအတွင်းမှ ခြေသံများ ထွက်ပေါ်လာခဲ့ပြီး၊ မျက်နှာဖုံးကို ဝတ်ဆင်ထားသော ရှဲ့ရှုက ယန်ချင်း၏ မျက်စိရှောက်မှောက်သို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်ပေါ်လာခဲ့လေသည်။
“မင်း နောက်ဆုံးတော့ ပေါ်လာခဲ့ပြီပဲ... မင်း ဘာတွေလုပ်နေလို့ ငါ့ကို ဒီလောက်အထိ ကြာအောင် စောင့်ခိုင်းထားရတာလဲ...”
ယန်ချင်းက စိုးရိမ်တကြီးဖြင့် တလဆက် မေးမြန်းလိုက်သည်။
“မနက်ဖြန်ကျရင်... ချင်းရှောင်ဂိုဏ်းက မင်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးတော့မှာ… ချင်းရှောင်ဂိုဏ်းက အခုဆို အလွန် အစွမ်းထက်တဲ့ အစီအရင်တွေကိုလည်း တည်ဆောက်ထားတာမို့၊ ငါ့အနေနဲ့ မင်းကို ဘေးကင်းအောင် ခိုးထုတ်သွားဖို့ အခွင့်အရေး ရှာမတွေ့သေးဘူး... မင်း အရင်ဆုံး ချင်းရှောင်ဂိုဏ်းကို အညံ့ခံလိုက်ပြီး၊ အသက်ထိန်းချုပ်အဆောင်ရဲ့ ချုပ်ကိုင်မှုကို လက်ခံလိုက်ရမယ်... ငါ့မှာ အဆောင်ကို ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်း ရှိတယ်...အချိန်မတိုင်ခင်အထိတော့၊ မင်း စိတ်ကို အေးအေးထားပြီး ချင်းရှောင်ဂိုဏ်းတပည့်တစ်ဦးအဖြစ်ပဲ ဟန်ဆောင်နေစမ်းပါ... တဇွတ်ထိုးဆန်တာတွေ လုံးဝ မလုပ်နဲ့ဦးနော်...”
ထိုစကားကို ကြားလိုက်ရသောအခါ၊ ယန်ချင်း ဒေါသအိုး ပေါက်ကွဲသွားပြီး အော်ဟစ်လိုက်လေသည်။
“မင်း ငါ့ကို လာကစားနေတာလား.. မင်းက ငါ့ကို အသက်ထိန်းချုပ်အဆောင်ရဲ့ ချုပ်ကိုင်မှုကို လက်ခံခိုင်းတယ် ဟုတ်လား...”
ကောင်းကင်ငရဲဘုံပင်လယ်ပြင်အတွင်း၌အသက်ထိန်းချုပ်အဆောင်ဟူသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ ထိုအဆောင်ကို ချုပ်ကိုင်ထားသူကိုယ်တိုင် မဖျက်ဆီးပေးသရွေ့၊ ၎င်းကို အတင်းအကျပ် ဖြိုခွင်းရန် မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိရှိထားသည်မဟုတ်ပါလား။
အသက်ထိန်းချုပ်အဆောင်ကို လက်ခံလိုက်ခြင်းဟူသည်မှာ၊ မိမိ၏ အသက်ကို အခြားသူတစ်ဦးဦး၏ လက်ထဲသို့ အပ်နှံလိုက်ခြင်းနှင့် တူညီလှပေသည်။ ယန်ချင်းအနေဖြင့် ၎င်းကို မည်သို့ကြောင့် လက်ခံနိုင်ပါမည်နည်း။
“အကယ်၍ မင်း မလိုလားဘူးဆိုရင်လည်း၊ ဒီအတိုင်းပဲ သေနေ့ကို စောင့်နေလိုက်တော့... ဟယ်ကျင်းရှုက မင့်ရဲ့ ဝိညာဉ်အမြစ်ကို တူးထုတ်ပစ်ဖို့ စီစဉ်နေပြီ...”
ရှဲ့ရှု၏ လေသံမှာ အလွန်ပင် အေးစက်လှသည်။
ထိုစကားကို ကြားသိလိုက်ရသောအခါ၊ ယန်ချင်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ သူ့ မျက်စိထဲတွင်မူ၊ ဟယ်ကျင်းရှုဟူသည်မှာ လူတစ်ဦး၏ ဝိညာဉ်အမြစ်ကို အမှန်တကယ်ပင် တူးထုတ်ပစ်ဝံ့သည့် ကျင့်ကြံသူရူးတစ်ဦး ဖြစ်သည်။ သူသည် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ခါမျှ မကြားဖူးခဲ့ဖူးသော်လည်း၊ ဤအခိုက်အတန့်၌မူ အစစ်အမှန် ကြောက်ရွံ့သွားခဲ့ရခြင်း ဖြစ်၏။
သေဆုံးခြင်း သို့မဟုတ် မိမိ၏ အသက်ကို အခြားသူတစ်ဦးဦး၏ လက်ထဲသို့ အပ်နှံလိုက်ခြင်း…..
အကယ်၍ ၎င်းမှာ အချုပ်ခန်းအတွင်းသို့ စတင်ချုပ်နှောင်ခြင်း ခံခဲ့ရဖူးသော ယန်ချင်းသာ ဖြစ်ခဲ့မည်ဆိုပါက၊ သူ သေချာပေါက် သေဆုံးခြင်းကိုသာ ရွေးချယ်ပေလိမ့်မည်။
သို့သော်လည်း ဤမျှအနှစ်များစွာကြာအောင် နှိပ်စက်ညှင်းပန်းမှုများကို ကြံ့ကြံ့ခံလျက် ကျော်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ ယခုအချိန်၌ သေဆုံးသွားခဲ့မည်ဆိုပါက၊ အတိတ်က ခံစားခဲ့ရဖူးသမျှ ဝေဒနာများမှာ အချည်းနှီး ဖြစ်သွားရမည်မဟုတ်ပါလား။
၎င်းပြင်၊ ဤလူက မိမိအား အသက်ထိန်းချုပ်အဆောင်ကို ပြန်လည်၍ ဖျက်ဆီးပေးနိုင်မည့် နည်းလမ်း ရှိသည်ဟု ပြောဆိုခဲ့ဖူးသည် မဟုတ်ပါလား။ အကယ်၍ ထိုသူသာ အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက မည်သို့ဖြစ်လာမည်နည်း။
ယန်ချင်း၏ ရင်ထဲ၌ ပြင်းထန်လှသော ဝေခွဲမရမှုများ ဖြစ်ပေါ်နေခဲ့ပြီး၊ ရှဲ့ရှုမှာမူ လှည့်ထွက်၍ အမှောင်ထုအတွင်း၌ပျောက်ကွယ်သွားခဲ့ချေပြီ။
ပုံရိပ်ယောင်မြင်ကွင်း ကွာကျသွားခဲ့ပြီဖြစ်ကာ၊ ဘေးတစ်ဖက်တစ်ချက်မှ အသက်ရှူသံများ ထွက်ပေါ်လာခဲ့ပြန်သဖြင့်၊ ယန်ချင်းကို အစစ်အမှန်လောကအတွင်းသို့ ပြန်လည်ရောက်ရှိသွားစေခဲ့တော့သည်။
သူသည် ထိုညဉ့်နက်ပိုင်းအချိန်ကို မည်သို့ ကျော်ဖြတ်ခဲ့ရသည်ကိုပင် မသိရှိတော့ချေ။
အနီးနားသို့ ချဉ်းကပ်လာသော ခြေသံများကို ကြားသိလိုက်ရသည့် အခါမှသာ၊ နောက်ဆုံးတွင် သတိပြန်လည်လာခဲ့ရရှာသည်။
သူသည် မိမိ တစ်ခါမျှ မမြင်ဖူးခဲ့ဖူးသော ခန့်ညားလှသည့် အမျိုးသားတစ်ဦး ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရပြီး ၎င်း၏နောက်တွင်မူ ဟယ်ကျင်းရှု၊ ယုလန်နှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသော ဆန်းကြယ်လှသည့် လူတစ်ဦးတို့ လိုက်ပါလာကြကြောင်း မြင်တွေ့လိုက်ရသည်။
ထိုမျက်နှာဖုံးစွပ်လူကို ကြည့်ရှုရင်း၊ ယန်ချင်း နားမလည်နိုင်စွာဖြင့် ရှဲ့ရှုကို တွေးတောမိသွားသော်လည်း၊ သူတို့ ဝတ်ဆင်ထားသော မျက်နှာဖုံးများမှာ ကွဲပြားခြားနားလှသဖြင့် အပြည့်အဝ စိတ်မချရဲပေ။
ရောက်ရှိလာခဲ့သောသူမှာ အခြားသူမဟုတ်ဘဲ လီချင်းချိုးပင် ဖြစ်၏။
လီချင်းချိုးက ချူကျင်းနှင့် အခြားသူများကို ခေါ်ဆောင်၍ ယန်ချင်း၏ အချုပ်ခန်းတံခါးဝသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယန်ချင်းကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက်…
“မင်းက ဝိညာဉ်ပင်လယ်ထဲမှာ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရတယ်လို့ ငါ ကြားဖူးပါတယ်... မင်းကို ဒီအတိုင်း သတ်ပစ်လိုက်မယ်ဆိုရင် နှမြောစရာကောင်းမှာပေါ့... မင်း ချင်းရှောင်ဂိုဏ်းထဲဝင်ချင်လား ... အကယ်၍ ဝင်ချင်တယ်ဆိုရင်…ငါ့ရဲ့ အသက်ထိန်းချုပ်အဆောင်ကို လက်ခံလိုက်… မင်း ငါ့ရဲ့ အပြည့်အဝ ယုံကြည်မှုကို ရရှိသွားတဲ့နေ့ကျရင်တော့၊ ငါ ဒါကိုဖျက်ဆီးပေးပါ့မယ်... မဟုတ်ရင်တော့၊ မင်း ချက်ချင်း သေဆုံးသွားနိုင်တယ်..”
သူသည် အလွန်ပင် ပွင့်လင်းပြတ်သားလှပြီး၊ သူ ပြောဆိုလိုက်သော စကားလုံးများမှာလည်း ရှဲ့ရှု မိမိအား မှာကြားခဲ့ဖူးသည်များနှင့် တူညီလှပေသည်။
ယန်ချင်း ပါးစပ်ကို ဟလိုက်သော်လည်း၊ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များအားလုံး ဆိတ်သုဉ်းသွားသလို ခံစားလိုက်ရသဖြင့် အားကိုးရာမဲ့စွာဖြင့်… “ကျွန်တော်... လက်ခံဖို့ လိုလားပါတယ်...”ဟုဆိုကာ လက်ခံလိုက်သည်။
လီချင်းချိုးက မည်သို့သော လေရှည်ခြင်းကိုမှ မပြုလုပ်တော့ဘဲ၊ ဝေထျန်းရှုံး အသစ်ပြန်လည်သွန်းလုပ်ထားခဲ့သော အသက်ထိန်းချုပ်အဆောင်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီးနောက် မန္တန်များကို စတင်၍ ရွတ်ဆိုလိုက်လေတော့သည်။
ချူကျင်းနှင့် အခြားသူများသည်လည်း ဤအသက်ထိန်းချုပ်အဆောင်အပေါ် များစွာ စိတ်ဝင်စားနေကြသဖြင့်၊ လုပ်ဆောင်မှုများကို အာရုံစိုက် စောင့်ကြည့်နေခဲ့ကြသည်။
မကြာမီမှာပင်၊ ယန်ချင်း၏ ဝေဒနာပြင်းထန်လှသော အော်ဟစ်ညည်းတွားသံကြီး မိစ္ဆာနှိမ်နင်းရေးစေတီတော်၏ အောက်ဆုံးအလွှာအတွင်း၌ ဟိန်းထွက်လာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ရင်ကွဲနာကျဖွယ် ကောင်းလှသဖြင့်၊ ဘေးဘက်အခန်းအတွင်းရှိ မိစ္ဆာမျောက်မည်းပင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့ရှာသည်။
အခြားသော အချုပ်ခန်းများအတွင်းရှိ အကျဉ်းသားများသည်လည်း ကြောက်ရွံ့ထိတ်လန့်စိတ်များဖြင့် တုန်လှုပ်နေခဲ့ကြရပြီး၊ အမှောင်ထုအတွင်း ပုန်းကွယ်နေကာ အပြင်သို့ လုံးဝ မထွက်ဝံ့ကြတော့ချေ။
ကာလကြာမြင့်စွာ အချိန်ကုန်လွန်သွားခဲ့ပြီးနောက်….
လီချင်းချိုးက အသက်ထိန်းချုပ်အဆောင်ကို သိုလှောင်အိတ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်လေသည်။ သူသည် အချုပ်ခန်းအတွင်းရှိ သွေးအိုင်ထဲ၌ လဲလျောင်းနေရှာသော ယန်ချင်းကို ကြည့်ရှုရင်း မှာကြားလိုက်သည်။
“မင်း စည်းကမ်းတကျ နေထိုင်သရွေ့ ချင်းရှောင်ဂိုဏ်းက မင်းအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး... ဖြစ်နိုင်တာက တစ်နေ့ကျရင် မင်း အခုလို ရွေးချယ်မှုအပေါ်မှာ ဝမ်းမြောက်မိလိမ့်မယ်... အတိတ်ကို ပြန်ကြည့်လိုက်ရင်၊ ဒါဟာ ဘေးဒုက္ခတစ်ခု မဟုတ်ဘဲ ကံကောင်းခြင်းတစ်ခု ဖြစ်နေပါလိမ့်မယ်...”
ပြောပြီးသည်နှင့် လီချင်းချိုး ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ယုလန်နှင့် အခြားသူများကလည်း သူ့ကို ချက်ချင်းပင် ဦးညွှတ်လျက် အရိုအသေပေးလိုက်ကြသည်။ လီချင်းချိုး၏ ပုံရိပ် အမှောင်ထုအတွင်း၌ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးမှ သူတို့တွေ ယန်ချင်းဘက်သို့ မျက်နှာမူလိုက်ကြတော့သည်။
မိစ္ဆာနှိမ်နင်းရေးစေတီတော်အတွင်းမှ ထွက်ခွာလာခဲ့ပြီးနောက်၊ လီချင်းချိုးက တောင်ပေါ်သို့ တိုက်ရိုက်ပင် လျှောက်လှမ်းတက်ခဲ့သည်။
ယန်ချင်းကို သိမ်းသွင်းလိုက်ခြင်းမှာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ချေ။ လောလောဆယ် ယန်ချင်းကို သတ်ပစ်၍ မရနိုင်သေးသော်လည်း၊ လီချင်းချိုးအနေဖြင့် အစီအစဉ်များစွာကို ကြိုတင်၍ စနစ်တကျ ချမှတ်ထားခဲ့ပြီး ဖြစ်ရာ ယန်ချင်းသည် မိမိအတွက် အရေးကြီးလှသော အသုံးချခံ ဝှက်ဖဲတစ်ချပ် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း၊ ယန်ချင်းကို သစ္စာခံစေခဲ့ပြီးပြီ ဖြစ်ရာ၊ သူသည် ဤဝိညာဉ်ပင်လယ်မှ ပါရမီရှင်တွင် မည်သို့သော စနစ်မျက်နှာပြင်မျိုး ရှိနေသနည်းဟူသောအချက်နှင့်၊ မည်သို့သော ခွန်အားများကြောင့် တူညီသော နယ်ပယ်အတွင်း၌ မိမိကိုယ်မိမိ ပြိုင်ဘက်ကင်းသူ ဖြစ်ကြောင်း ကြွေးကြော်ဝံ့သနည်းဟူသောအချက်အပေါ်များစွာ စပ်စုလိုစိတ် ဖြစ်ပေါ်နေမိတော့သည်။