← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅ နက်နဲဆန်းကြယ်လှသော လီချင်းချိုး

​နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ယခုနှစ်တွင် လီချင်းချိုး အသက် လေးဆယ့်ခြောက်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ် ရှိခဲ့ပြီဖြစ်ရာ ဝိညာဉ်အသိအာရုံအဆင့် နဝမအဆင့် သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​သူသည် ချင်းရှောင်ဂိုဏ်းအတွင်း၌ ကျင့်ကြံမှုအရှိန် အမြန်ဆန်ဆုံးသော လူတစ်ဦးဖြစ်သော်လည်း ဂိုဏ်းသားများမှာ သူ့ရဲ့ အစွမ်းထက်မှုအပေါ် ကျင့်သားရနေခဲ့ကြပြီဖြစ်သဖြင့် မည်သူမျှ ၎င်းအပေါ် ကြီးကြီးမားမား တွေးတောနေခြင်း မရှိကြချေ။

​တောင်စောင်းချောက်ကမ်းပါးထက်၌…

လီချင်းချိုး မျက်မှောင်ကြုံ့လျက် အောက်ဘက်ရှိ ရှုခင်းများကို ငုံ့ကြည့်ရင်း ကောင်းကင်နေမင်းနယ်ပယ်၏ ​ဓမ္မပုံရိပ် အကြောင်းကို စဉ်းစားဆင်ခြင်နေခြင်း ဖြစ်သည်။

​​ဓမ္မပုံရိပ် မည်သို့ ပေါ်ထွက်လာရသနည်းဟူသော အချက်ကို တွေးတောနေခြင်းဖြစ်သည်။

​မူလက ဓမ္မပုံရိပ်ဟူသည်မှာ ခန္ဓာကိုယ်ပြင်ပ၌ ထွက်ပေါ်လာသော ခွန်အားစွမ်းအင်များ၏ အသွင်သဏ္ဌာန်တစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း ဟွမ်ယွမ်မဟာကျမ်းစာကို သေသေချာချာ လေ့လာပြီးနောက်တွင်မူ ၎င်းမှာ ထိုသို့မဟုတ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။

​​ဓမ္မပုံရိပ်ဟူသည်မှာ ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေခြင်းဖြစ်ပြီး၊ ရုပ်ခန္ဓာနှင့် ဝိညာဉ်ကြား၌ တည်ရှိနေခြင်းဖြစ်ကာ ၎င်းမှာ ဝိညာဉ်ကို ကာကွယ်ပေးနိုင်မည့် ဝိညာဉ်၏ ပြင်ပဝတ်ရုံတစ်ခုနှင့် ပိုမို၍ တူညီလှပေသည်။

​လီချင်းချိုး၏ ကျင့်ကြံမှု တိုးတက်နေဆဲဖြစ်သော်လည်း သူသည် ရှေ့သို့ ဆက်လက်၍ တက်လှမ်းနိုင်ရန်အတွက် ကိုယ်ပိုင်​ဓမ္မပုံရိပ်ကို မည်သို့ ဖန်တီးရမည်ဟူသောအချက်ကို စတင် စဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။

​သူ ​ဓမ္မပုံရိပ်ကို သိမြင်နားလည်သွားခဲ့သည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်နေမင်းနယ်ပယ်သို့ တိုက်ရိုက် အဆင့်တက်နိုင်လိမ့်မည် ဖြစ်၏။

​​ဓမ္မပုံရိပ်ဟူသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ခွန်အားများနှင့် ဆက်နွှယ်နေခဲ့ခြင်းဖြစ်သဖြင့် ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားများကို အာရုံခံနိုင်ရန်အတွက် မသေမျိုးဂူအတွင်းမှ လီချင်းချိုး ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

​သူသည် ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားများကြား၌ ရပ်တည်နေခဲ့သဖြင့် ကောင်းကင်နှင့်မြေကြီး၏ ခွန်အားများကို အာရုံခံမိနိုင်သော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိရှိသေးချေ။

​ စိတ်ကို တည်ငြိမ်အောင် အပြင်းအထန် ကြိုးစားကြည့်လိုက်သည်။ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို ပိုင်ဆိုင်ထားသူဖြစ်သဖြင့် သဘာဝအတိုင်းပင် စိတ်နှလုံးတည်ငြိမ်ပြီး တရားမှတ်သည့် အခြေအနေအတွင်းသို့ လွယ်လွယ်နှင့် ဝင်ရောက်နိုင်စွမ်း ရှိပေသည်။

​သို့သော်လည်း အရာအားလုံးကို တရားမှတ်ရုံမျှဖြင့် သိမြင်နားလည်နိုင်ခြင်း မရှိချေ။ ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်က ကောင်းကင်နှင့်မြေကြီး၏ ခွန်အားအချို့ကို လှုပ်ရှားစေနိုင်သည့်တိုင်အောင် သူ လိုလားတောင့်တနေခဲ့သော ကောင်းကင်နှင့်မြေကြီးကြားမှ ဆက်နွှယ်မှုများကို အာရုံခံမိနိုင်ခြင်း မရှိသေးချေ။

လီချင်းချိုး ထိုနေရာ၌ နှစ်နာရီခန့်ကြာအောင် မတ်တတ်ရပ်နေခဲ့သော်လည်း မည်သည့်သိမြင်မှုကိုမှ မရရှိခဲ့ဖူးချေ။

​သူသည် ရုတ်တရက် လူတစ်ယောက်ကို တွေးတောမိသွားခဲ့သဖြင့် ထိုနေရာမှ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

​သူ ပျံသန်းနေစဉ်အတွင်း တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ဖွင့်လှစ်လိုက်ပြီး ယန်ရွှမ်၏ ကိုယ်ပိုင်အချက်အလက်များကို ရှာဖွေကာ ကံကြမ္မာတစ်ခုကို စူးစိုက်ကြည့်ရှုလိုက်သည်။

​[ကောင်းကင်နှင့်မြေကြီး၏ နှလုံးသား - ကောင်းကင်နှင့်မြေကြီးအတွင်းရှိ အရာခပ်သိမ်းအပေါ် သာမန်လူထက် သာလွန်သော အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး၊ သစ်ပင်ပန်းမာန်များ၏ စိတ်ဝိညာဉ်များကို အာရုံခံမိနိုင်စွမ်းရှိကာ ပါရမီမပွင့်သေးသော သက်ရှိများနှင့်လည်း ဆက်သွယ်ပြောဆိုနိုင်သည်။]

အနာဂတ်၏ လူသားလမ်းစဉ် ဘိုးဘေးကြီးသည် သဘာဝအတိုင်းပင် ကောင်းကင်နှင့်မြေကြီးကို အာရုံခံနိုင်စွမ်း ရှိနေပုံရသည်။ ဖြစ်နိုင်သည်မှာ သူသည် လီချင်းချိုးအတွက် စိတ်ကူးစိတ်သန်းအချို့ကို ပေးစွမ်းနိုင်ပေလိမ့်မည်။

​ယန်ရွှမ်သည် ယခုအတောအတွင်း ဝိညာဉ်ပစ္စည်းခန်းမ၌သာ အမြဲတမ်း နေထိုင်နေခဲ့ခြင်း ဖြစ်၏။သူသည် လီတုန်းယွဲ့၏ တပည့်တစ်ဦးဖြစ်သည့်အပြင် ထူးချွန်လှသော ပါရမီနှစ်မျိုးကြောင့် ဝိညာဉ်ပစ္စည်းခန်းမအတွင်း၌ အစွမ်းအထက်ဆုံးသော တပည့်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ ဂုဏ်သတင်း မြင့်မားလာခဲ့ပြီ ဖြစ်သည်။

လီချင်းချိုး ဝိညာဉ်ပစ္စည်းခန်းမ၏ ခြံဝင်းအတွင်းသို့ တိုက်ရိုက်ပင် ဆင်းသက်လိုက်ရာ အနီးနားရှိ ဝိညာဉ်ပစ္စည်းခန်းမမှ တပည့်များကို ထိတ်လန့်သွားစေခဲ့သဖြင့် သူတို့တွေ ချင်းရှောင်ဓားများကို ချက်ချင်းပင် ဆွဲထုတ်လိုက်ကြသည်။ သို့သော် လာရောက်သူမှာ ဂိုဏ်းချုပ်ဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါမှသာ သူတို့အားလုံး သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြပြီး လီချင်းချိုးကို ဦးညွှတ်လိုက်ကြလေသည်။

​လီချင်းချိုးက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့သို့ လှောက်လှမ်းသွားခဲ့သည်။

ဝိညာဉ်အသိအာရုံကို ဖြန့်ကျက်လိုက်သဖြင့် ယန်ရွှမ်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

​ယန်ရွှမ်သည် ဂိုဏ်း၏ တရားဝင်တာဝန်များဖြင့် အလုပ်ရှုပ်နေခြင်းမဟုတ်ဘဲ ဝိညာဉ်ပစ္စည်းခန်းမ၏ နောက်ကွယ်ရှိ သစ်တောအတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေခဲ့ခြင်း ဖြစ်၏။

​လီချင်းချိုး သူ့အနားသို့ မချဉ်းကပ်ရသေးမီအချိန်မှာပင် ယန်ရွှမ်က လှုပ်ရှားမှုများကို အာရုံခံမိသွားခဲ့သဖြင့် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး ကြည့်ရှုလိုက်သည် သစ်တောအတွင်းမှ လျှောက်လှမ်းထွက်ပေါ်လာသော လီချင်းချိုးကို မြင်တွေ့လိုက်ရသည့်အခါ အလျင်အမြန် ဦးညွှတ်လိုက်သည်။

​“မင်း ဘာဖြစ်လို့ ဒီနေရာမှာ တရားထိုင်နေရတာလဲ...”

​သူသည် ယန်ရွှမ်၏ ခန္ဓာကိုယ်ပတ်လည်၌ မည်သို့သော ဝိညာဉ်ချီလှုပ်ခတ်မှုမျိုးကိုမှ အာရုံမခံမိခဲ့ချေ ထိုအဓိပ္ပာယ်မှာ ယန်ရွှမ်သည် ဝိညာဉ်ချီများကို စုပ်ယူနေခြင်းမဟုတ်ဘဲ တိတ်ဆိတ်စွာဖြင့်သာ စဉ်းစားဆင်ခြင်နေခြင်း ဖြစ်ပေသည်။

​ “အခုလို ကောင်းကင်နှင့်မြေကြီးရဲ့ သဘာဝတရားတွေကို အာရုံခံတာက ကျွန်တော့်ရဲ့ စိတ်နှလုံးကို တည်ငြိမ်သွားစေနိုင်သလို ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်အပေါ်မှာလည်း ပိုပြီးဝောာ့ ရှင်းလင်းတဲ့ စိတ်ကူးတွေ ရရှိစေနိုင်လို့ပါ...”

​လီချင်းချိုး သူ့ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီးနောက် တင်ပလ္လင်ခွ ထိုင်လိုက်ကာ သူ့ကိုလည်း ထိုင်ရန်အတွက် အချက်ပြလိုက်သည်။

​ယန်ရွှမ်သည်လည်း အရိုအသေတန်နေခြင်းမရှိဘဲ ထိုင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လီချင်းချိုးနှင့် များစွာ ရင်းနှီးပြီးသား ဖြစ်သည်မဟုတ်ပါလား။

အတိတ်တုန်းက သူ အထီးကျန်လျက် အားကိုးရာမဲ့စွာဖြင့် ဆိတ်သုဉ်းလှသော ကောင်းကင်တောင်ပေါ်၌ ရှိနေခဲ့စဉ်တုန်းက သူ့ကို ချင်းရှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်ခဲ့ကြသူများမှာ လီချင်းချိုးနှင့် လီတုန်းယွဲ့တို့ ဖြစ်ကြသည်။ သူ့ နှလုံးသားအတွင်း၌ လီချင်းချိုးနှင့် လီတုန်းယွဲ့တို့သည် တူညီသော အဆင့်အတန်း၌ ရှိနေခဲ့ကြသူများ ဖြစ်သည်။ သူ့ရဲ့နေ့စဉ်ဘဝအတွင်း၌လည်း လီချင်းချိုးက လီတုန်းယွဲ့ထံသို့ လာရောက်လည်ပတ်သည့် အခါတိုင်း သူ့ကို တွေ့ရှိပါက စကားအနည်းငယ် ပြောဆိုလေ့ရှိစမြဲပင် ဖြစ်ရာ ၎င်းက သူ့အား ပထမဆုံး ဆုံတွေ့ခဲ့ဖူးစဉ်ကကဲ့သို့သော ခံစားချက်မျိုးကို ရရှိစေသဖြင့် သူသည်လည်း ဤသို့သော ဆက်ဆံရေးမျိုးကို များစွာ သဘောကျပေသည်။

​“မင်းအတွက်... ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားဆိုတာ ဘာလဲ...”

​ထိုစကားကို ကြားရသောအခါ ယန်ရွှမ်က လီချင်းချိုး သူ့ကိုစမ်းသပ်နေသည်ဟု ထင်လိုက်သည်။

“ကျွန်တော့်ရဲ့ အမြင်အရဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝတရားဆိုတာ အရာခပ်သိမ်းပါပဲ... ကိုယ့်ရဲ့ စိတ်ကို ကိုယ့်ဆီကနေ ဖယ်ထုတ်လိုက်ပြီးတော့ ကိုယ်ပိုင်ဖြစ်တည်မှုတွေ ရှိနေကြတဲ့ ကောင်းကင်နှင့်မြေကြီးကို သေသေချာချာ စောင့်ကြည့်လိုက်မယ်ဆိုရင် အသက်ဝင်မှုတွေကို အစစ်အမှန် ခံစားရလိမ့်မယ်..... ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝတရားဆိုတာ တစ်ခုလုံးအတိုင်းအတာလည်း ဖြစ်နိုင်သလို တစ်ဦးချင်းစီရဲ့ အသွင်သဏ္ဌာန်အဖြစ်လည်း ယူဆလို့ ရပါတယ်...”

​လီချင်းချိုး နားထောင်ရင်း ယန်ရွှမ်၏ ရှုမြင်ချက်မှာ များစွာ ဆန်းသစ်လှသည်ဟု ခံစားလိုက်ရသဖြင့် ပိုမို၍ စိတ်ဝင်စားသွားခဲ့လေသည်။

​ထင်ရှားသည်မှာ သူသည် မှန်ကန်သော လူသားတစ်ဦးကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

​လီချင်းချိုး ငြင်းပယ်ခြင်းမပြုသည်ကို မြင်တွေ့လိုက်ရသောအခါမှသာ ယန်ရွှမ်က သတ္တိရှိရှိဖြင့် ဆက်လက်၍ ပြောဆိုတော့သည်။ သူ စကားပြောဆိုလေလေ ပိုမို၍ စိတ်လှုပ်ရှားလာလေလေဖြစ်ကာ စကားလုံးများကို မရပ်တန့်နိုင်လောက်အောင်ပင် ဖြစ်လာခဲ့သည်။

​သူသည် တိတ်ဆိတ်စွာ ထိုင်လျက် တောင်တန်းများကို စောင့်ကြည့်ရသည်ကို သဘောကျသလို ရေပြင်ကို စောင့်ကြည့်ခြင်း၊ လေပြင်းများကို ခံစားရခြင်းနှင့် မိုးရေစက်များကို ခံစားရခြင်းများကို များစွာ နှစ်သက်လှသော်လည်း သူ့ထံ၌ မည်သည့်လူယုံတော်မျှ ရှိမနေခဲ့ဖူးချေ။ မည်သူမျှ ဤသို့သော ကိစ္စရပ်များအပေါ် စိတ်ဝင်စားခြင်းမရှိကြသဖြင့် သူသည် အမြဲတမ်း ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားများကို တစ်ကိုယ်တည်းသာ အာရုံခံနေခဲ့ခြင်း ဖြစ်သည်။

​တစ်စုံတစ်ယောက်က သူ့ကို ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းလာခြင်းက တွေ့ရခဲလှသောအရာဖြစ်ပြီး ထိုသူမှာလည်း ဂိုဏ်းချုပ်ကိုယ်တိုင် ဖြစ်နေခဲ့ပြန်ရာ သူ မည်သို့ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

​ဖြစ်နိုင်သည်မှာ ၎င်းက လီချင်းချိုး၏ အမြင်အာရုံမှားယွင်းမှု ဖြစ်နိုင်သော်လည်း ယန်ရွှမ်က သူနားလည်ထားသည့် ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားများကို ဖော်ပြပြောဆိုလိုက်သည့် ထိုခဏ၌ ဘေးပတ်ပတ်လည်ရှိ သစ်တောကြီးမှာ ပိုမို၍ သက်ဝင်လှုပ်ရှားလာခဲ့သလို အစစ်အမှန် ခံစားလိုက်ရသည်။

​သစ်ပင်ပန်းမာန်များမှာ ပိုမိုပြင်းထန်လှသော သက်စွမ်းအားများကို ရရှိသွားခဲ့ကြသည့်အလား ရှိနေခဲ့ကြပြီး ယန်ရွှမ်၏ စကားလုံးများကို ကျေနပ်စွာဖြင့် ထောက်ခံနေကြပုံ ရသည်။

​စိတ်ဝင်စားစရာကောင်းလှပေသည်။

​လီချင်းချိုးသည် နားထောင်နေရုံမျှသာ မဟုတ်ဘဲ ဤအခွင့်အရေးကို အသုံးချ၍ မိမိ၏ ကိုယ်ပိုင်ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားများကိုပါ စိတ်ကူးပုံဖော်ကြည့်ရှုလိုက်တော့သည်။

……………..

​နှစ်သစ်ကူးပွဲတော် ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင်မူ ချင်းရှောင်ဂိုဏ်းတစ်ခွင်လုံး ဓမ္မညီလာခံ ကျင်းပရေးကိစ္စရပ်များအပေါ်၌သာ အပြည့်အဝ အာရုံစိုက်လုပ်ဆောင်နေခဲ့ကြပြီ ဖြစ်သည်။ နေ့စဉ်ရက်ဆက် တပည့်ပေါင်းများစွာနှင့် ဘုရားဖူးဧည့်သည်အမြောက်အပြား ထိုက်ခွန်းတောင်တန်းအတွင်းသို့ တရဟော ဝင်ရောက်လာခဲ့ကြပြီ ဖြစ်ရာ ကျယ်ပြောလှသော ထိုက်ခွန်းတောင်တန်းအတွင်းရှိ တောင်ထွတ်တစ်ခုချင်းစီတိုင်းတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့လေသည်။

​ထိုနေရာများ၌ မန္တန်များကို လေ့ကျင့်နေကြသော တပည့်များ ရှိနေခဲ့ကြသလို တောင်တန်းများဆီသို့ လာရောက်လည်ပတ်ကြသော အထက်တန်းလွှာအရာရှိကြီးများလည်း ရှိနေခဲ့ကြပြီး တောင်တန်းနှင့် ရေပြင်ကို အခြေပြုလျက် ကဗျာများ စပ်ဆိုကာ ပန်းချီဆွဲနေကြသော ပညာရှိများနှင့် ကဗျာဆရာများလည်း ရှိနေခဲ့ကြသည်မဟုတ်ပါလား။

​လီချင်းချိုးကတော့ ဓမ္မညီလာခံ၏ ကိစ္စရပ်များအတွင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။ သူသည် အခါအားလျော်စွာ ယန်ရွှမ်ထံသို့ သွားရောက်၍ ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားများကိုသာ အတူတကွ ဆွေးနွေးလေ့ရှိသည်။ သူတို့ ဆုံတွေ့သည့် အကြိမ်အရေအတွက် ပိုမိုများပြားလာခဲ့သည်နှင့်အမျှ ဤကိစ္စမှာ ဂိုဏ်းအတွင်း၌ ပြန့်နှံ့သွားခဲ့ရလေတော့သည်။

​ဝိညာဉ်ပစ္စည်းခန်းမမှ တပည့်များ များစွာ စိတ်လှုပ်ရှားသွားခဲ့ကြပြီး ဂိုဏ်းချုပ်က ယန်ရွှမ်ကို အထူးတလည် မြေတောင်မြှောက်ပေးရန် ရည်ရွယ်ချက် ရှိနေခဲ့ခြင်း ဖြစ်ရမည်ဟု ယုံကြည်ထားလိုက်ကြသည်။

​ဤသတင်းမှာ ခန်းမအသီးသီးနှင့် အထက်တန်းလွှာမိသားစုများဆီသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။

​ယန်ရွှမ် ကိုယ်ပိုင်မသေမျိုးဂူအတွင်းသို့ ပြန်လာသည့် အခါတိုင်း သူနှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးစားကြသော လူများစွာ၏ တားဆီးခြင်းကို ခံရစမြဲပင် ဖြစ်၏။ လူအများအပြားမှာ သူ့အား မိသားစုချင်း အိမ်ထောင်ပြုစေရန်အတွက်ပင် စီစဉ်လိုကြသဖြင့် ၎င်းက သူ့အား များစွာ အနှောက်အယှက်ဖြစ်စေခဲ့သည်။

​အကြောင်းရင်းများကို သဘောပေါက်သွားခဲ့ပြီးနောက်ပိုင်းမှသာ ဂိုဏ်းချုပ်၏ ကြီးမားလှသော လွှမ်းမိုးမှုစွမ်းအားများကို ပိုမို၍ အထင်အရှား သိရှိနားလည်သွားခဲ့ရလေသည်။

​လီတုန်းယွဲ့က ဤအကြောင်းအရာများကို လီချင်းချိုးအား ပြောပြခဲ့ဖူးသော်လည်း လီချင်းချိုးက ဘာကိုမှ ဂရုစိုက်မနေဘဲ မိမိ စိတ်ကြိုက်သာ ဆက်လက်၍ လုပ်ဆောင်နေခဲ့၏။

​လီချင်းချိုးအတွက် နယ်ပယ်အဆင့်တက်လှမ်းနိုင်မည့် ကိစ္စရပ်ကသာ အရေးအကြီးဆုံးသော အရာ ဖြစ်သဖြင့် ဤမျှအထိ သေးငယ်လှသော ကိစ္စရပ်များကို လိုက်လံကိုင်တွယ်နေရန်အတွက် အချိန်မရှိပေ။

​ ဖေဖော်ဝါရီလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဓမ္မညီလာခံအတွက် စာရင်းပေးသွင်းခြင်းများ စတင်ခဲ့လေပြီ ဖြစ်သည်။ အတွေ့အကြုံခန်းမ၏ တံခါးဝမှာလည်း လူအုပ်ကြီးကြောင့် ပြားချပ်လုနီးပါးအထိပင်…

​ယနေ့တွင်မူ လီချင်းချိုးက ဝေထျန်းရှုံးကို ခေါ်ထားလိုက်သည်။ ဝေထျန်းရှုံးသည် မူလက ကြီးမားလှသော ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ခိုင်းရန်အတွက် ခေါ်ထားခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လီချင်းချိုးက ​ဓမ္မပုံရိပ်နှင့် ပတ်သက်သော ကိစ္စရပ်များကို မေးမြန်းလာလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့ခြင်း မရှိချေ။

​“မင်း ဝိညာဉ်အသိအာရုံအဆင့်ရြ့ နဝမအဆင့်ကို ရောက်သွား.ဟုတ်လား...”

ဝေထျန်းရှုံးက မျက်လုံးများ ပြူးကျယ်လျက် မေးမြန်းလိုက်သည်။

​လီချင်းချိုး၏ အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာက ကိုယ်ပိုင်အရှိန်အဝါများကို ထိန်းချုပ်ထားနိုင်စွမ်း ရှိသဖြင့် ကျင့်ကြံမှုအဆင့် ဝေဝါးနေခဲ့ခြင်း ဖြစ်သည်။ ဝေထျန်းရှုံးအနေဖြင့် လီချင်းချိုးက ဝိညာဉ်အသိအာရုံအဆင့်အတွင်း၌သာ ရှိနေဆဲဖြစ်ကြောင်း ခန့်မှန်းနိုင်သော်လည်း မညသည့်အဆင့်ကို ရောက်ရှိနေသည်ကိုမူ သိရှိနိုင်ခြင်း မရှိချေ။

​ဝေထျန်းရှုံးကိုယ်တိုင်မှာ ဒဏ်ရာများမှ ပြန်လည် နာလန်ထူရန်အတွက် ကြိုးစားနေရဆဲဖြစ်ပြီး ကိုယ်ပိုင်နယ်ပယ်အဆင့်ကို ပြန်လည်ရရှိရန်အတွက် ခရီးလမ်းမှာ ဝေးကွာနေဆဲပင်။

​သူသည် မိမိ၏ နယ်ပယ်အဆင့်ကို ပြန်လည်၍ မရရှိနိုင်သေးမီ အချိန်မှာပင် လီချင်းချိုး ကျော်တက်တော့မည့်အခြေအနေသို့ ရောက်ရှိလာခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ထိုအဓိပ္ပာယ်မှာ နောင်အနာဂတ်တွင် လီချင်းချိုး၏ ဖိနှိပ်ခြင်းကို ထာဝရ ခံရတော့မည်ဟူသောအချက် မဟုတ်ပါလား။

​သူ့ရင်ထဲ၌ ခါးသီးမှုအချို့ ဖြစ်ပေါ်သွားခဲ့ရသော်လည်း ကြောက်ရွံ့ခြင်းမရှိခဲ့ချေ။ နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းခဲ့ကြစဉ်အတွင်း လီချင်းချိုး သူ့အပေါ် အသက်ထိန်းချုပ်အဆောင်ဖြင့် ဘယ်သောအခါမှ နှိပ်စက်ညှင်းပန်းခဲ့ဖူးခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ့အပေါ်၌ ကောင်းမွန်စွာ ဆက်ဆံပေးခဲ့ဖူးရုံတင်မက စွမ်းဆောင်ချက်များအပေါ်၌လည်း အသိအမှတ်ပြုမှုများနှင့် ရိုသေမှုများကို အပြည့်အဝ ပေးအပ်ခဲ့ဖူးသည်။

အတိတ်တုန်းက ရှန်ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် သူ့အပေါ်၌ ဤကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံပေးခဲ့ဖူးခြင်း မရှိခဲ့ချေ။

​သူ့သည် နှလုံးသားထဲကနေ လီချင်းချိုးအပေါ် လွန်စွာ သစ္စာခံ နာခံနေခဲ့ပြီ ဖြစ်သော်လည်း ရှန်ယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားရန် လိုအပ်နေသေးသဖြင့် ၎င်းကို အပြင်သို့ ထုတ်ဖော်မပြသခဲ့ပေ။

​“ဟုတ်တယ်... ငါ ဒီနှစ်အတွင်း အဆင့်တက်ခြင်းကို ပြီးဆုံးအောင် လုပ်ဆောင်ဖို့ စီစဉ်ထားတယ်… အဆင့်တက်ပြီးမှ ထိုက်ကျွယ်ဂိုဏ်းရဲ့ ပျက်စီးသွားတဲ့ နယ်မြေဆီ သွားပြီး ထိုက်ကျွယ်နတ်ဓားကို သွားရှာမယ်...”

လီချင်းချိုးက အစီအစဉ်များကို ထုတ်ဖော်ပြောဆိုလိုက်သဖြင့် ​ဝေထျန်းရှုံး ပိုမို အံ့အားသင့်သွားခဲ့ရသည်။

“ထိုက်ကျွယ်နတ်ဓား ဟုတ်လား... ငါ ဒီအကြောင်းကို တစ်ကြိမ်ပဲ ပြောခဲ့ဖူးတာကို မင်း ဒီလောက်တောင် စိတ်ဝင်စားနေခဲ့တာလား...”

​လီချင်းချိုးက ခေါင်းယမ်းပြလိုက်သည်။ သူသည် ပိုင်နင်းအာ ရရှိခဲ့ဖူးသော ဓားသခင်ကြီး၏ စမ်းသပ်မှုအကြောင်းကို ပြန်လည် ပြောပြလိုက်ပြီး ထိုက်ကျွယ်နတ်ဓား၏ အသိအမှတ်ပြုမှုကို ရရှိထားခဲ့ပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုလိုက်လေသည်။

ထိုအခါ ​ဝေထျန်းရှုံး လုံးဝ မှင်တက်သွားတော့သည်။

​သူသည် ထိုက်ကျွယ်နတ်ဓား၏ ခွန်အားစွမ်းပကားများ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိရှိနားလည်ထားသူ ဖြစ်သည်။

​မိမိ မသိရှိနိုင်သော အခြေအနေမျိုး၌ လီချင်းချိုးသည် ဤကဲ့သို့သော ကြီးမားလှသည့် ကံကောင်းခြင်းအခွင့်အရေးမျိုးကို အမှန်တကယ်ပင် ရရှိထားခဲ့ခြင်း ဖြစ်ရမည်။

​သူသည်လည်း ထိုက်ကျွယ်နတ်ဓား၏ ဓားသခင်ကြီးအကြောင်းကို ကြားဖူးပေသည်။ လူအများ၏ ပြောစကားအရဆိုလျှင် ထိုက်ကျွယ်ဂိုဏ်း၏ နောက်ဆုံး နှစ်ငါးရာ ကာလအတွင်း၌ မည်သူမျှ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခြင်းမရှိခဲ့ကြဖူးရာ ထိုအဓိပ္ပာယ်မှာ ထိုက်ကျွယ်ဂိုဏ်း ပျက်စီးသွားခဲ့သည့် အချိန်အထိ မည်သူမျှ ထိုက်ကျွယ်နတ်ဓားကို မယူနိုင်ခဲ့ကြသည့် အဓိပ္ပါယ်ပင်။

​ထိုဓားသခင်ကြီး၏ စမ်းသပ်မှုဟူသည်မှာ စမ်းသပ်မှုရင်ဆိုင်သူ၏ ပါရမီအဆင့်အပေါ်၌ အပြည့်အဝမူတည်နေပြီး စမ်းသပ်မှုရင်ဆိုင်သူ၏ ကျင့်ကြံမှုအဆင့်အပေါ် မူတည်၍ ဓားသခင်ကြီး၏ ကျင့်ကြံမှုကိုလည်း ပြန်လည်၍ ညှိနှိုင်းပေးလေ့ရှိကြောင်း သိရသည်။

​သူ လီချင်းချိုး၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ရခြင်းမှာ မဆန်းလှတော့ချေ ဤလူသားကို သာမန်လူတို့၏ စဉ်းစားမှုတွေးခေါ်ပုံများဖြင့် လုံးဝ တိုင်းတာ၍ မရနိုင်ပေ။

​ဝေထျန်းရှုံးက သက်ပြင်းတစ်ချက် ချလိုက်ပြီး…

“အကယ်၍ မင်း ​ဓမ္မပုံရိပ်ကို ဖန်တီးချင်တယ်ဆိုရင် အရင်ဆုံး မင်းရဲ့ ဝိညာဉ်အမြစ်က ဘာလဲဆိုတာကို သေချာပေါက် သိထားဖို့ လိုအပ်တယ်... ပြန်စဉ်းစားကြည့်ရရင် ငါတို့ ဂိုဏ်းအတွင်းမှာ ဝိညာဉ်အမြစ်ကို စမ်းသပ်စစ်ဆေးတဲ့ စနစ်မျိုး ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးဘူး... သဘာဝအတိုင်းဆိုရင်တော့ ဝိညာဉ်အသိအာရုံအဆင့်ကို ခြေချပြီးတာနဲ့ ကိုယ်ပိုင်ဝိညာဉ်အမြစ် ဂုဏ်သတ္တိတွေကို သိရှိနိုင်စွမ်း ရှိကြစမြဲပဲ... မင်းအနေနဲ့လည်း တပည့်တွေရဲ့ ဝိညာဉ်အမြစ် ဂုဏ်သတ္တိတွေကို ခွဲခြားမြင်နိုင်စွမ်း ရှိနေတာပဲကို ဘာဖြစ်လို့ တပည့်ရွေးချယ်ပွဲအတွင်းမှာ ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ တပည့်တွေကို မစမ်းသပ်ခိုင်းတာလဲ...”

​လီချင်းချိုးသည် ဟွမ်ယွမ်ကျမ်းစာ၏ ထူးခြားလှသော သဘာဝတရားများကို ကာလကြာမြင့်စွာကတည်းက ရှာဖွေတွေ့ရှိထားခဲ့ပြီး ဖြစ်သည်။ ပါရမီ မည်မျှပင် ဆိုးရွားပါစေဦးတော့ ကြိုးစားအားထုတ်လိုစိတ် ရှိနေသရွေ့တော့ အနှေးနှင့်အမြန် မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနိုင်စွမ်း ရှိပေသည်။

​ယခုအချိန်အထိ ရရှိထားခဲ့ဖူးသော ရှေးဟောင်းကျင့်ကြံရေးစာအုပ်များမှတစ်ဆင့် အခြားသော ကျင့်ကြံရေးဂိုဏ်းများသည်လည်း ဝိညာဉ်အမြစ် စမ်းသပ်မှုများကို ပြုလုပ်လေ့ရှိကြကြောင်း သိရှိထားသော်လည်း ထိုစည်းကမ်းမျိုးကို ဂိုဏ်းအတွင်း၌ ချမှတ်ရန် မဝံ့ရဲခဲ့ချေ။

​အကယ်၍ သူသာ ဝိညာဉ်အမြစ် စမ်းသပ်မှုစနစ်ကို ချမှတ်လိုက်ပြီးနောက် တပည့်အချို့ထံ၌ ဝိညာဉ်အမြစ် စမ်းသပ်မတွေ့ရှိခဲ့ပါက သူတို့ကို တိုက်ရိုက် စွန့်လွှတ်ရမည်လော။

​အကယ်၍ စွန့်လွှတ်ခြင်းမပြုဘဲ ဆက်လက်၍ မြေတောင်မြှောက်ပေးခဲ့ပြီးနောက် ထိုတပည့်များသာ နောက်ဆုံးတွင် မူလချီစွမ်းအင်များကို ကျင့်ကြံနိုင်သွားခဲ့ကြမည်ဆိုပါက ဟွမ်ယွမ်ကျမ်းစာ၏ ဆန်းကြယ်လှသော စွမ်းပကားများ ပြင်ပသို့ ပေါက်ကြားသွားမည် မဟုတ်ပါလား။

​လီချင်းချိုးက ဝေထျန်းရှုံးကို လှမ်းကြည့်၍ …

“ငါအပါအဝင် လူတိုင်းရဲ့ ဝိညာဉ်အမြစ်ကို အပြည့်အဝ စမ်းသပ်စစ်ဆေးနိုင်တယ်ဆိုတာ မင်း သေချာလို့လား…”

​ဝေထျန်းရှုံးက မျက်မှောင်ကြုံ့လိုက်…

“မင်း ဘာကို ဆိုလိုတာလဲ..”

​သူသည် ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံထားသူ မဟုတ်သဖြင့် ဟွမ်ယွမ်ကျမ်းစာ၏ ဆန်းကြယ်မှုများကို သိရှိခြင်းမရှိချေ။ ရှန်ယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်ခဲ့ဖူးသကဲ့သို့ ကောင်းကင်နေမင်းနယ်ပယ်၏ စစ်မှန်သော ကျင့်ကြံသူကြီးတစ်ဦးလည်း ဖြစ်ခဲ့ဖူးသဖြင့် ဂိုဏ်းငယ်လေးတစ်ခု၏ ကျင့်စဉ်ကို မည်သို့ကြောင့် ပြောင်းလဲ ကျင့်ကြံမည်နည်း။

​“ငါ ရှေးဟောင်းစာအုပ်အချို့ကို ဖတ်ဖူးပါတယ်... ထိုက်ကျွယ်ဂိုဏ်းနဲ့ ဝမ့်ယင်းဂိုဏ်းကလည်း တပည့်သစ်တွေအပေါ် ဝိညာဉ်အမြစ် စမ်းသပ်မှုတွေကို ပြုလုပ်လေ့ရှိကြတယ်... ဒါပေမဲ့ ငါ ထင်တာကတော့ ဒီလိုလုပ်တာ သိပ်ပြီးတော့ မကောင်းဘူး... လုံးဝကို အပိုင်တွက်ချက်လွန်းရာ ရောက်နေတယ်... လူသားတွေရဲ့ ခန္ဓာကိုယ်က အင်မတန် ဆန်းကြယ်ထူးဆန်းတာမို့ ဘယ်သူကများ အပြည့်အဝ ဖောက်ထွင်းမြင်နိုင်မှာလဲ... ငါ့ရဲ့ထင်မြင်ယူဆချက်အရဆို လူတိုင်း ဒါမှမဟုတ် သက်ရှိအရာခပ်သိမ်းတိုင်းမှာ ဝိညာဉ်အမြစ်တွေ ရှိကြစမြဲဖြစ်ပေမယ့် အချို့သော ဝိညာဉ်အမြစ်တွေက အလွန် သေးငယ်လွန်းတာကြောင့် လွယ်လွယ်နဲ့ စမ်းသပ်မတွေ့ရှိနိုင်တာလဲ ဖြစ်နိုင်တယ်...”

​ဤသို့သော ခန့်မှန်းချက်များမှာ ဟွမ်ယွမ်ကျမ်းစာ၏ ဆန်းကြယ်လှသော ခွန်အားစွမ်းပကားများအပေါ် အခြေခံခြင်း ဖြစ်သည်။

​ဝိညာဉ်အမြစ်ဟူသည်မှာ မူလချီစွမ်းအင် ဂုဏ်သတ္တိများ၏ ဇာစ်မြစ် ဖြစ်သည်။ မူလချီစွမ်းအင်ကို ကျင့်ကြံနိုင်စွမ်း ရှိနေခဲ့ပြီဆိုကတည်းက ထိုသူ့ထံ၌ ဝိညာဉ်အမြစ် ရှိနေကြောင်း သက်သေပြနေခြင်းပင်။

ထိုသုံးသပ်ချက်ကြောင့်

​ဝေထျန်းရှုံး၏ ရင်ထဲ၌ လှုပ်ခတ်သွားခဲ့သည်။သူသည် မသိစိတ်ကြောင့် ပြန်လည် ငြင်းဆန်လိုသော်လည်း သဘာဝကျလှသည်ဟု ခံစားလိုက်ရပြန်သည်။

​ကျင့်ကြံရေးလောကအတွင်း၌ အဆင့်နိမ့်ဝိညာဉ်အမြစ်ပိုင်ရှင်များ သို့မဟုတ် ဝိညာဉ်အမြစ်မရှိကြသော လူသားများက ကံကောင်းခြင်းအခွင့်အရေးများကြောင့် ကျင့်ကြံရေးလောက၏ မဟာကျွမ်းကျင်သူကြီးများ ဖြစ်လာခဲ့ကြဖူးသည့် သာဓကပုံပြင်များစွာ ရှိနေခဲ့သည်မဟုတ်ပါလား။

​သို့သော်လည်း ဤသို့သော ကံကောင်းခြင်းအခွင့်အရေးများဟူသည်မှာ အလွန်ပင် နည်းပါးလှသည်။ ကျင့်ကြံရေးဂိုဏ်းများအတွက်ဆိုလျှင်မူ ၎င်းအပေါ်၌ ပုံအော၍ လောင်းကြေးထပ်ရန် မထိုက်တန်လှချေ။ အရင်းအမြစ် ကန့်သတ်ချက်များ ရှိနေခဲ့ခြင်းဖြစ်သဖြင့် သူတို့အနေနှင့် အနာဂတ်ကို မြင်တွေ့နိုင်စရာမရှိသော လောင်းကြေးထပ်မှုကို ပြုလုပ်မည့်အစား အနာဂတ်ကို မြင်တွေ့နိုင်စွမ်းရှိသော တပည့်များကိုသာ ပို၍ ပျိုးထောင်ပေးလိုကြစမြဲပင်။

​တပည့်တစ်ဦး သို့မဟုတ် နှစ်ဦးဆိုလျှင် ကိစ္စမရှိသော်လည်း ကျင့်ကြံရေးဂိုဏ်းတစ်ခု မည်မျှပင် အစွမ်းထက်ပါစေဦးတော့ မြင်တွေ့သမျှ လူတိုင်းကို လက်ခံ၍ မျှတသော အရင်းအမြစ်များကို ပေးအပ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

​ဝေထျန်းရှုံး သေသေချာချာ စဉ်းစားတွက်ချက်လိုက်တော့ ချင်းရှောင်ဂိုဏ်းမှ တပည့်များ ကျင့်ကြံခြင်းလမ်းစဉ်သို့ ရောက်ရှိနိုင်စွမ်းရှိသော အချိုးအစားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှကြောင်း ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

​သာမန်အခြေအနေအောက်တွင် လူဆယ်ဦးအနက် တစ်ဦးသာ ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်နိုင်စွမ်း ရှိကြသော်လည်း ချင်းရှောင်ဂိုဏ်း၏ မှတ်ပုံတင်တပည့် အရေအတွက်မှာ သာမန်အလုပ်ကြမ်းတပည့်များ၏ ဆယ်ပုံတစ်ပုံမျှသာ ရှိနေခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။

ထိုအချက်ကိုတွေးတောမိသွားခဲ့ပြီးနောက်မှသာ သူသည် ချင်းရှောင်ဂိုဏ်းအတွင်း၌ သူကိုယ်တိုင် အခုထိ ဖောက်ထွင်းမြင်နိုင်ခြင်းမရှိသေးသော ရှုထောင့်များစွာ ရှိနေဆဲဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

​ လီချင်းချိုးကို ထပ်မံ၍ လှမ်းကြည့်လိုက်မိရာ လီချင်းချိုးသည် မည်မျှအထိ နက်နဲဆန်းကြယ်လှသော လူသားတစ်ဦး ဖြစ်ကြောင်း ရုတ်ခြည်းပင် ခံစားလိုက်ရတော့သတည်း...။

All Chapters