← Chapters

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇ အစွမ်းထက်ဆုံးနှင့် အစွမ်းထက်ဆုံးတို့ ထိပ်တိုက်တွေ့ခြင်း

​ဓမ္မညီလာခံစတင်ကျင်းပပြီးနောက်တွင် လီချင်းချိုးက ပြိုင်ပွဲများကို သွားရောက်ကြည့်ရှုခြင်း မပြုခဲ့ဘဲ မသေမျိုးဂူအတွင်း၌သာ သီးသန့်နေထိုင်၍ ​ဓမ္မပုံရိပ်အကြောင်းကိုသာ ဆက်လက် စဉ်းစားဆင်ခြင်နေခဲ့သည်။

​သူ့ထံ၌ ​ဓမ္မပုံရိပ်နှင့် ပတ်သက်သော အခြေခံစိတ်ကူးအချို့ ရှိနေခဲ့ပြီဖြစ်သော်လည်း ၎င်းတို့ကို မည်သို့ တိကျစွာ အကောင်အထည်ဖော်ရမည်ဟူသောအချက်ကို ဆက်လက်တွက်ချက်ရန် လိုအပ်နေသေးသည်။

ထိုစဉ် ​သူ့ရင်ထဲ၌ အတွေးတစ်ခု ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့သည်။

‘အကြိမ်တစ်ရာသန့်စင်ခြင်း’ ကံကြမ္မာကို အသုံးပြု၍ ယွမ်ယန်မဟာကျမ်းစာကို အစဉ်တစိုက် စဉ်းစားဆင်ခြင်နေမည်ဆိုပါက ဖြစ်နိုင်သည်မှာ ထိုကျမ်းစာ၏ လမ်းညွှန်မှုများက ​ဓမ္မပုံရိပ်ကို သွန်းလုပ်နိုင်ရန်အတွက် ကူညီပေးနိုင်ပေလိမ့်မည်။

​ထိုစိတ်ကူး ရှိလာခဲ့ပြီးနောက် ချက်ချင်းပင် စတင်၍ လုပ်ဆောင်တော့သည်။

​သူသည် ယွမ်ယန်မဟာကျမ်းစာကိုသာ အပြည့်အဝ အာရုံစိုက်၍ စဉ်းစားဆင်ခြင်နေခဲ့သလို တစ်ပြိုင်နက်တည်းမှာပင် ဘေးပတ်ပတ်လည်၌ ဓားဝိညာဉ်များကို စုစည်းလျက် ဝိညာဉ်ချီများကို စုပ်ယူကျင့်ကြံနေခဲ့ပြီး မူလချီစွမ်းအင်များ ကြီးထွားမှုကိုလည်း မနှောင့်နှေးစေခဲ့ပေ။

​အချိန်ကာလမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး​မျက်စိတစ်မှိတ်အတွင်းမှာပင် ဇူလိုင်လသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​ဓမ္မညီလာခံသည် ယခုအခါ ထိပ်ဆုံး လူဆယ်ဦးစာရင်းဝင် ရာထူးနေရာများအတွက် ပြိုင်ဆိုင်မှုအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ထိပ်ဆုံး ပါဝင်ခွင့်ရရှိထားခဲ့သော တပည့် ခြောက်ဆယ့်လေးဦးအနက် ငါးဦးမျှသာ မူလအားဖြည့်နယ်ပယ် နဝမအဆင့်အောက် နိမ့်ကျနေခဲ့ကြခြင်း ဖြစ်ရာ ၎င်းက ချင်းရှောင်ဂိုဏ်း၏ ကြီးမားနက်နဲလှသော အခြေခံအုတ်မြစ်များကို အထင်အရှား ပြသနေခြင်းပင် ဖြစ်သည်။

​ထိုထိပ်ဆုံး ခြောက်ဆယ့်လေးဦးစာရင်းဝင် တပည့်တိုင်းသည်လည်း နန်းတွင်းအရာရှိကြီးများနှင့် အထက်တန်းလွှာမိသားစုများ လာရောက်၍ စည်းရုံးသိမ်းပိုက်ကြမည့် အဓိက ပစ်မှတ်ကြီးများ ဖြစ်လာခဲ့ကြရသည်။

​သို့သော်လည်း ဂိုဏ်းချုပ်အနေဖြင့် လပေါင်းများစွာကြာအောင် ပေါ်ထွက်လာခဲ့ခြင်းမရှိသည့်အချက်ကိုမူ မည်သည့်တပည့်မျှ သတိပြုမိခြင်း မရှိခဲ့ကြချေ။

​မသေမျိုးဂူ၏ အတွင်း၌….

​ယွင်ချိုင်သည် ကျောက်စားပွဲ၏ ဘေး၌ ထိုင်လျက် လက်ဖက်ရည်ကြမ်း သောက်ရင်း ကျောက်ကုတင်ထက်၌ တရားထိုင်နေသော လီချင်းချိုးအား စိုက်ကြည့်နေခဲ့သည်။

“ဂိုဏ်းချုပ် တကယ်ပဲ ဓမ္မညီလာခံကို သွားမကြည့်တော့ဘူးလား...ဒီတခေါကက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်...”

​သူမသည် ယခင်အကြိမ် ဓမ္မညီလာခံကြီး၏ နံပါတ်တစ် ရာထူးရရှိသူ ဖြစ်ခဲ့သော်လည်း ဂျူနီယာညီငယ်၊ ညီမငယ်များအပေါ်၌ အထင်သေးခြင်း အလျှင်းမရှိခဲ့ချေ။ သူမ ပြိုင်ပွဲများကို သွားရောက်ကြည့်ရှုခဲ့ဖူးပြီးပြီ ဖြစ်သလို ဂျူနီယာတပည့်ငယ်အချို့ထံ၌ ထူးခြားလှသော ပါရမီများ ရှိနေကြကြောင်းကိုလည်း ရှာဖွေတွေ့ရှိထားခဲ့ဖူးပြီ ဖြစ်ရာ ၎င်းက ဂိုဏ်းအတွင်းရှိ ပါရမီရှင်များမှာ အမှန်တကယ်ပင် စဉ်ဆက်မပြတ် ထွက်ပေါ်လာနေကြခြင်း ဖြစ်ရမည်ဟု သူမကိုယ်တိုင်ပင် အံ့ဩတီးတိုး ရေရွတ်မိစေခဲ့သည်မဟုတ်ပါလား။

​လီချင်းချိုးက မျက်လုံးများကို ပိတ်ထားရင်း…

“ထိပ်ဆုံး သုံးယောက် ပြိုင်မယ့်အချိန်ကျမှပဲ ငါ သွားတော့မယ်...”

​ “ဟူယန်က နံပါတ်တစ် ရာထူးကို ရချင်မှ ရမှာနော်... အဲဒီအခါကျရင် ဂိုဏ်းချုပ် စိတ်ပျက်မသွားရဘူးနော်..”

​“ငါက ဘာဖြစ်လို့ စိတ်ပျက်ရမှာလဲ.”

​“ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ် ရာထူးက ဂိုဏ်းချုပ်ရဲ့ တပည့်ဆီ ရောက်မလာနိုင်လို့ပေါ့...”

​“ပြီးခဲ့တဲ့တစ်ကြိမ်တုန်းကလည်း ဒီလိုပဲ မဟုတ်ဘူးလား...”

​” မတူဘူးလေ...ကျွန်မက ဂိုဏ်းချုပ်ရဲ့ တရားဝင်တပည့် မဟုတ်ပေမယ့်လည်း တခြားတပည့်တစ်ယောက်ထက်စာရင် ပိုပြီးတော့ ရင်းနှီးပါတယ်... ဂိုဏ်းတစ်ခုလုံးမှာ ဘယ်သူကများ ကျွန်မကို ဂိုဏ်းချုပ်ရဲ့လူတစ်ယောက်လို့ မသိဘဲ နေမှာလဲ...”

​“......”

​ယွင်ချိုင်သည် ဂိုဏ်းချုပ်၏ ဇနီးဖြစ်လာလိုသည်ဟူသော ကောလာဟလများ ဂိုဏ်းအတွင်း ပြန့်နှံ့သွားခဲ့ပြီးကတည်းက ဟန်ဆောင်နေခြင်းမရှိတော့ချေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုအ‌‌ကြောင်းနှင့် ပတ်သက်၍ မေးမြန်းလာခဲ့မည်ဆိုပါကလည်း သူမက ပွင့်ပွင့်လင်းလင်းပင် တိုက်ရိုက် ဝန်ခံလေ့ရှိစမြဲပင်။

​ဤသည်ကပင် အထက်တန်းလွှာမိသားစုများအား မိမိတို့၏ သားသမီးများကို ထိန်းသိမ်းထားစေခဲ့ရပြီး ယွင်ချိုင်အပေါ် လာရောက်၍ မျက်နှာလိုမျက်နှာရ လုပ်ဆောင်ခြင်းမျိုး မပြုဝံ့ကြတော့ဘဲ အမျိုးသမီးတပည့်ငယ်များမှာလည်း သူမအပေါ်၌ ပိုမို၍ ရိုသေလေးစားစိတ်များ ဖြစ်ပေါ်လာခဲ့ကြရခြင်း ဖြစ်ပေသည်။

​ကြီးမားလှသော ခွန်အားစွမ်းရည်များနှင့် ဤသို့သော စိတ်နေသဘောထားများ ရှိနေခဲ့ပြီဖြစ်ရာ သူမသည် နောင်အနာဂတ်တွင် ဂိုဏ်းချုပ်၏ ဇနီးဖြစ်လာရန်အတွက် သေချာသလောက် ရှိနေခဲ့ပြီ မဟုတ်ပါလား။

​အကယ်၍ သူမသာ ဂိုဏ်းချုပ်ကတော် ဖြစ်ခဲ့မည်ဆိုပါက ဂိုဏ်းတစ်ခုလုံးတွင်လည်း မည်သူမျှ ငြင်းပယ်ဝံ့ကြလိမ့်မည်မဟုတ်ပေ။

​“ဟူယန်ရှုံးမှာ မဟုတ်ဘူး...”

​လီချင်းချိုး ပြန်လည်၍ ဖြေကြားလိုက်ချိန်တွင် သူ့လေသံမှာ အလွန်ပင် တည်ငြိမ်လှပြီး ကြိုတင်၍ သတ်မှတ်ပြီးသား အခြေအနေတစ်ခုကို ပြောဆိုနေသကဲ့သို့ ရှိနေတော့သည်။

​သူသည် မူလက ဟူယန်အနေဖြင့် သေချာပေါက် အနိုင်ရရှိလိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ထားခဲ့ခြင်းမျိုး မဟုတ်သော်လည်း ယခု ယွင်ချိုင်က ဤကဲ့သို့ လာရောက်၍ ဆွပေးလိုက်သည့် အခါတွင်မူ လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။

​အကယ်၍ သူ့ လောင်းကြေးလွဲသွားခဲ့မည်ဆိုပါကလည်း ယွင်ချိုင်အနေနှင့် လှောင်ပြောင်ရုံမျှသာ ပြုလုပ်ပေလိမ့်မည်ဖြစ်ကာ သူတို့ကြားမှ လောင်းကြေးကို ပြင်ပသို့ သေချာပေါက် ထုတ်ဖော်ပြောဆိုလိမ့်မည်မဟုတ်ချေ။ ဤမိန်းကလေးသည် လီချင်းချိုး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရန်အတွက် သူကိုယ်တိုင်ထက်ပင် ပိုမို၍ ဂရုစိုက်တတ်သူ ဖြစ်သည်မဟုတ်ပါလား။

​အကယ်၍ ပြင်ပ၌ လီချင်းချိုးအပေါ် မကျေမနပ် ပြောဆိုသံများကို ကြားသိရပါကလည်း ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလေ့ရှိစမြဲပင် ဖြစ်ရာ ထို့ကြောင့်ပင် သူမ လူပေါင်းများစွာနှင့် အဆင်မပြေ ဖြစ်ခဲ့ဖူးကြောင်း ချူကျင်း ပြောပြခဲ့ဖူးသည်။

​ထိုစကားကို ကြားရသောအခါမှသာ ယွင်ချိုင် ပြန်လည်၍ မငြင်းခုံတော့ချေ။

“ဒါဆိုရင် ဟူယန်ဆီမှာ အခုထိ ထုတ်မသုံးရသေးတဲ့ လျှို့ဝှက်ခွန်အားတွေ ရှိနေသေးပုံရတာပဲ...”

​

“မင်း အတော်လေးကို အားနေလို့လား.. အကယ်၍ အခြားကိစ္စ မရှိဘူးဆိုရင်တော့ မင်း ပြန်ပြီးတော့ပဲ ကျင့်ကြံသင့်တယ်...”

​ “အခြားကိစ္စ မရှိရင် ရှင့်ကိုလာ ရှာလို့မရဘူးလား...”

​“ငါ အခုလတ်တလောမှာ ကိုယ်ပိုင်စွမ်းရည်တွေ လေ့ကျင့်နေတာမို့ စိတ်တည်ငြိမ်ဖို့ လိုအပ်တယ်...”

​”ဟွန့်…ကျွန်မ ဟွမ်ယွမ်ကျမ်းစာအပေါ် တစ်စုံတစ်ခုသော သိမြင်မှုအသစ်တွေ ရထားလို့ တမင်တကာပြောပြတာပါနော်...”

​ယွင်ချိုင်၏ စကားလုံးများကြောင့်ပ လီချင်းချိုး ချက်ချင်းမျက်လုံး ဖွင့်လိုက်ရပြီး သူမကို စပ်စုလိုစိတ်ဖြင့် စိုက်ကြည့်လိုက်မိတော့သည်။

​ယွင်ချိုင်က လီချင်းချိုးကို စောင်းကြည့်လိုသော စိတ်ဆန္ဒများကို အသာအယာ ထိန်းချုပ်လိုက်ရင်း…

“ဟွမ်ယွမ်ကျမ်းစာထဲကနေတစ်ဆင့် ​ဓမ္မပုံရိပ်ကို ကျင့်ကြံနိုင်မည့် လျှို့ဝှက်နည်းလမ်းတွေကို သိမြင်နားလည်ထားခဲ့တာ…... ရှင် အခုလတ်တလော မကြာခဏ တံခါးပိတ်ကျင့်ကြံနေတာကို ကြည့်ခြင်းအားဖြင့် ပိုမိုမြင့်မားတဲ့ နယ်ပယ်အဆင့်တစ်ခုဆီကို တက်လှမ်းဖို့ ကြိုးစားနေတာ ဖြစ်ရမယ်လို့ ခန့်မှန်းမိတာကြောင့် တမင်တကာ လာရှာတာပါ...”

ထိုစကားကို‌ပြောနေရင်း သူမ မျက်ဝန်းအတွင်း၌ ဝမ်းနည်းမှုအရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။

​အကယ်၍ အခြားသော တစ်စုံတစ်ယောက်ကသာထိုစကားမျိုး ပြောဆိုခဲ့ခြင်း ဖြစ်မည်ဆိုပါက လီချင်းချိုးအနေဖြင့် အဓိပ္ပာယ်မရှိသော စကားလုံးများအဖြစ်သာ သတ်မှတ်ပေလိမ့်မည်။ မိမိထက် စောစီးစွာ ဟွမ်ယွမ်ကျမ်းစာအပေါ် သိမြင်မှုများ ရရှိနိုင်မည့်သူ မည်သို့ကြောင့် ရှိနိုင်ပါမည်နည်း။

​သို့သော်လည်း ယွင်ချိုင်ကမူ ခြားနားလှပေသည် သူမ၌ ‘အကြိမ်တစ်ရာသန့်စင်ခြင်း’ ပါရမီ ရှိနေခဲ့ရုံတင်မက အခြားသော မန္တန်များကို ကျင့်ကြံခြင်းမပြုဘဲ ဟွမ်ယွမ်ကျမ်းစာတစ်ခုတည်းအပေါ်၌သာ အမြဲတမ်း စိတ်အာရုံစိုက်ထားခဲ့သူ ဖြစ်သဖြင့် သေချာပေါက် ​ဓမ္မပုံရိပ် ကျင့်ကြံခြင်းဆိုင်ရာ နည်းလမ်းများကို ကြိုတင်၍ သိမြင်သွားနိုင်စွမ်း ရှိပေသည်။

​ဤမိန်းကလေးသည် ဝိညာဉ်အသိအာရုံအဆင့် တတိယအဆင့်၌သာ ရှိသေးသော်လည်း ​ဓမ္မပုံရိပ်၏ အခြေအနေများကို ကြိုတင်၍ ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်း ဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပေသည်။

​လီချင်းချိုးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး….

“ငါ့အပေါ်ထားရှိတဲ့ မင်းရဲ့ စိတ်ခံစားချက်တွေနဲ့ ကြင်နာမှုတွေက.. အစစ်အမှန်ဆိုတာ ငါနားလည်ထားပြီးသားပါ... ငါ အစောက ပြောခဲ့တာကလည်း မင်း ပိုပြီးတော့ သန်မာလာစေဖို့ပါပဲ... မင်းရဲ့ ရည်မှန်းချက်တွေကို ငါကောင်းကောင်းသိနေတာကြောင့် မင်း သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်... မင်း ဂိုဏ်းအတွင်းမှာ အစွမ်းထက်ဆုံးသော လူတစ်ဦး ဖြစ်လာမည့်ရက်ကို ငါ မျှော်လင့်စောင့်စားနေပါ့မယ်...”

​ထိုစကားကို ကြားလိုက်ရသောအခါမှသာ ယွင်ချိုင် ချက်ချင်းပင် ဝမ်းမြောက်သွားခဲ့လေသည်။

လီချင်းချိုးအပေါ် ရှုမြင်သော သူမ၏ အကြည့်များမှာလည်း ရေပြင်အလား ညင်သာနူးညံ့သွားခဲ့ရပြီး သူမ မတ်တတ်ရပ်လိုက်ရင်း သူ့ထံသို့ လျှောက်လှမ်းသွားရန် ပြင်လိုက်သည်။

​“ထိုင်ပြီးတော့ပဲ ပြောပါ... ငါတို့ အရင်ဆုံး ​ဓမ္မပုံရိပ်အကြောင်းကိုပဲ ဆွေးနွေးကြရအောင်...”

​လီချင်းချိုး အလောတကြီးပင် တားဆီးလိုက်ရသဖြင့် ရင်ထဲ၌ ထိတ်လန့်သွားခဲ့ရ၏။

ဒီကောင်မလေး ဘာလုပ်ချင်နေတာလဲ…

​သူမ၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကြောင့် နန်ကုန်းအာ၊ လင်းချွမ်နှင့် တစ္ဆေနဂါးကြီးတို့ တည်ရှိနေခြင်းကို သေချာပေါက် ဖောက်ထွင်းမြင်နိုင်စွမ်း ရှိပေသည်။ သူတို့ ရှိနေကြသည်ကို သိရှိထားပါလျက်နှင့်ပင် မည်သို့ကြောင့် ဤမျှအထိ သတ္တိရှိရှိ လုပ်ဆောင်ဝံ့ရသနည်း။

​ယွင်ချိုင်လည်း ရင်ထဲမှ အနည်းငယ် ဝမ်းနည်းသွားခဲ့ရသော်လည်း ကုလားထိုင်တွင် ပြန်ထိုင်လိုက်ရရှာတော့သည်။

“ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးရလာတဲ့ မူလချီစွမ်းအင်ဆိုတာ အစစ်အမှန်မူ အခြားကျင့်စဉ်တွေက ချီစွမ်းအင်တွေနဲ့ လုံးဝကို ကွဲပြားခြားနားတယ်... ဒီချီစွမ်းအင်တွေက အလွန် ဖြူစင်မြင့်မြတ်လှသလို တစ်စုံတစ်ခုသော ဖန်တီးမှုဆိုင်ရာ ခွန်အားတွေကိုလည်း ပိုင်ဆိုင်ထားတယ်...အဲ့ဒီ့မူလချီစွမ်းအင်တွေကို ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ တိုက်ရိုက် ဖြန့်ကျက်လိုက်ပြီးတော့ ဝိညာဉ်နဲ့ ရှိနေခဲ့တဲ့ အကွာအဝေးကို အာရုံခံရင်း ဝိညာဉ်ပေါ်ကို သွားရောက်ကပ်ငြိစေရမယ်... ဒီခြေလှမ်းကသာ ​ဓမ္မပုံရိပ်ကို သွန်းလုပ်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ... အဲ့အဆင့်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကိုတော့ သေချာမသိသေးဘူး...”

​“​ဓမ္မပုံရိပ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒါက နောက်ထပ် မဟာနယ်ပယ်ကြီးဆီ တက်လှမ်းနိုင်မည့် အဆင့်အတန်းတစ်ခု ဖြစ်တယ်ဆိုတာကိုပဲ သိထားတာပါ... ဘယ်လိုမျိုး အရာလဲဆိုတာကိုတော့ အခုထိ သေချာမသိသေးဘူး... ရှင်ရော သိလား...”

​သူမ ​ဓမ္မပုံရိပ် တည်ရှိနေကြောင်းကို သဘောပေါက်သွားခဲ့ကတည်းက ထိုအကြောင်းကိုသာ အမြဲတမ်း တွေးတောနေမိသဖြင့် လီချင်းချိုးထံသို့ လာရောက်၍ မေးမြန်းခြင်း ဖြစ်သည်။

​သူမသည် ဂိုဏ်းတစ်ခုလုံးတွင် လီချင်းချိုးတစ်ဦးတည်းသာ ​ဓမ္မပုံရိပ်နှင့် ပတ်သက်သော ကိစ္စရပ်များကို သိရှိနိုင်လိမ့်မည်ဟု ယူဆထားသည်။

​ထိုအကြောင်းကို ကြားသိရသောအခါ လီချင်းချိုး များစွာ ဝမ်းမြောက်သွားခဲ့လေသည်။ ယွင်ချိုင်၏ သိမြင်မှုများက သူ့အတွက် စဉ်းစားဆင်ခြင်ရမည့် အချိန်များစွာကို သက်သာစေခဲ့ပြီဖြစ်ရာ တိုက်ရိုက်ပင် သွားရောက်အကောင်အထည်ဖော်နိုင်ပြီ ဖြစ်သည်။

​ယွင်ချိုင်အပေါ် ရှုမြင်သော အကြည့်များလည်း ပြောင်းလဲသွားခဲ့ချေပြီ။ ထို့နောက်တွင်မူ မိမိ သိရှိထားခဲ့ဖူးသော ​ဓမ္မပုံရိပ်နှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည်၍ မျှဝေပေးလိုက်တော့သည်။

​သူ ပြောလို့ပြီးသွားခဲ့ပြီးနောက်ပိုင်းတွင်မူ ယွင်ချိုင်က ​ဓမ္မပုံရိပ်အပေါ် ပိုမို၍ မျှော်လင့်တောင့်တစိတ်များ ဖြစ်ပေါ်သွားခဲ့သည်။သူမက ကြည်ညိုလေးစားလှသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်ရင်း….

“ဂိုဏ်းချုပ်က ဘာမဆို သိနေတာပဲ...”

​လီချင်းချိုးမှာ အရေထူလှသူ ဖြစ်သဖြင့် ဤအချက်အလက်များကို ဝေထျန်းရှုံးထံမှ မေးမြန်းထားခဲ့ခြင်း ဖြစ်ကြောင်းကို ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ချေ။

​သူတို့နှစ်ဦး အတန်ကြာအောင် ဆက်လက်စကားပြောဆိုခဲ့ကြပြီးနောက် ယွင်ချိုင်သည်လည်း သူ့အား များစွာ နှောင့်ယှက်ခြင်းမပြုတော့ဘဲ မကြာမီမှာပင် ထွက်ခွာသွားခဲ့တော့သည်။

​သူမ ထွက်ခွာသွားခဲ့ပြီးနောက် လီချင်းချိုးက သူမ ပြောပြခဲ့ဖူးသော နည်းလမ်းအတိုင်း စတင် စမ်းသပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ မူလချီစွမ်းအင်များကို ညီတူညီမျှ ဖြန့်ကျက်လိုက်ရင်း ဝိညာဉ်ပေါ်သို့ သွားရောက် ကပ်ငြိစေရန်အတွက် ကြိုးစားလိုက်တော့သည်။

​ဤနည်းလမ်းမှာ နားထောင်ရ လွယ်ကူလှသော်လည်း အစစ်အမှန် လုပ်ဆောင်ရသည့် အခါတွင်မူ များစွာ ခက်ခဲလှပေသည်။

​ဝိညာဉ်ဟူသည်မှာ ခန္ဓာကိုယ်အတွင်း၌ ရှိနေခဲ့သော်လည်း ၎င်းမှာ ထိတွေ့၍မရနိုင်ဘဲ မြင်တွေ့နိုင်ခြင်းမရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်ပြီး အခြားသော နေရာလွတ်တစ်ခုအတွင်း၌ တည်ရှိနေသလိုပင်။

မူလချီစွမ်းအင်များကို ဝိညာဉ်ပေါ်သို့ သွားရောက် ထိတွေ့စေလိုခြင်းဟူသည်မှာ စိတ်ထဲမှ စဉ်းစားနေရုံမျှဖြင့် လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ချေ။

​ဝိညာဉ်အသိအာရုံအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသည် စိတ်ဝိညာဉ်ကို ကြည့်ရှုနိုင်စွမ်း ရှိကြသော်လည်း မိမိ၏ ကိုယ်ပိုင်ဝိညာဉ်ကိုမူ တိုက်ရိုက် အာရုံခံမိနိုင်ခြင်း မရှိကြသေးချေ။

​ထို့ကြောင့် လီချင်းချိုးက ကိုယ်ပိုင်ဝိညာဉ်ကို အစစ်အမှန် အာရုံခံမိနိုင်ခြင်းကသာ ကောင်းကင်နေမင်းနယ်ပယ်သို့ တက်လှမ်းနိုင်မည့် သော့ချက် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။

​သူသည် ​ဓမ္မပုံရိပ်ကို သွန်းလုပ်မည့် ကိစ္စရပ်ကို ခေတ္တမျှ ဘေးဖယ်ထားခဲ့လိုက်ပြီး ကိုယ်ပိုင်ဝိညာဉ်ကို စတင် အာရုံခံမိနိုင်ရန်အတွက်သာ အပြင်းအထန် စဉ်းစားဆင်ခြင်နေမိတော့သည်။

​ဩဂုတ်လသို့ ရောက်ရှိလာသောအခါ ရာသီဥတု ပိုမိုပူပြင်းလာခဲ့သည်။

​တတိယအကြိမ်မြောက် ဓမ္မညီလာခံ၏ ထိပ်ဆုံး လူဆယ်ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ ဟူယန်၊ရှောင်ဝူချင်း၊လျန်ယွီလင်း၊ ပိုင်ယွီထျန်း၊ယန်တောက်ကျုံး၊ ပိုင်ယန်ဘိုးဘေး ၊ရှဲ့ရှု၊နင်းရှု၊ ချင်ကျောက်ရွှီနှင့် ဝမ်မန်တို့ ဖြစ်ကြသည်။

​လီရှို့ကျန်းနှင့် လီရှို့မင်တို့၏ ကျင့်ကြံမှုအဆင့်များ လိုက်မီလာခဲ့ကြပြီ ဖြစ်သော်လည်း သူတို့သည် အသက်အရွယ် ငယ်ရွယ်လွန်းသေးသဖြင့် မန္တန်များကို လေ့ကျင့်ရန်အတွက် အချိန်အလုံအလောက် မရှိခဲ့ကြပေ။ ထို့ကြောင့်ပင် ထိပ်ဆုံး လူဆယ်ဦးစာရင်းအတွင်းသို့ ပါဝင်နိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း သူတို့၏ မွေးရာပါ ပါရမီများက ဂိုဏ်းတစ်ခုလုံးကို ကြီးမားလှသော တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး သူတို့သည် ဟူယန်၏ နေရာကို အစားထိုး၍ ချင်းရှောင်ဂိုဏ်း၏ အတောက်ပဆုံးသော ပါရမီရှင်ကလေးများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။

​လူတိုင်း ကောင်းစွာ သိရှိထားကြသည်မှာ ဟူယန်သည် ရွှီနင်းနှင့် ယွင်ချိုင်တို့လို မကြာမီမှာပင် မူလအားဖြည့်နယ်ပယ်ကို ကျော်လွန်သွားတော့မည်ဖြစ်ကာ ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ကို မျိုးဆက်သစ်တပည့်များထံသို့ လက်ဆင့်ကမ်းပေးအပ်ရတော့မည် ဟူသောအချက်ပင်။

​နောက်ထပ်ဆိုလျှင်မူ ထိပ်ဆုံး သုံးဦး ရာထူးအတွက် ပြိုင်ဆိုင်မှုအဆင့် ဖြစ်ပေတော့မည်။

​တစ်လနီးပါးမျှ စဉ်းစားဆင်ခြင်ပြီးနောက်ပိုင်းတွင် လီချင်းချိုးက ဝိညာဉ်အသိအာရုံမှတစ်ဆင့် မိမိ၏ ကိုယ်ပိုင်ဝိညာဉ်ကို ဖောက်ထွင်းမြင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း မူလချီစွမ်းအင်များကို ဝိညာဉ်ပေါ်သို့ သွားရောက် ကပ်ငြိစေရန် ကြိုးစားရသည့် ကိစ္စမှာ ခက်ခဲလှသော တာဝန်တစ်ခုအဖြစ် ရှိနေဆဲပင်။

​ခက်ခဲလှသည်ဆိုသော်လည်း စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ချေ။

​ဝေထျန်းရှုံး၏ စကားအရဆိုလျှင် အသက်ငါးဆယ်မပြည့်မီ အချိန်အတွင်းမှာပင် ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့သည့် သာဓကမျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ဖူးကြောင်း သိရသည်။

​ယနေ့တွင်မူ….

​ချူကျင်းက အရေးကြီးလှသော ကိစ္စရပ်တစ်ခု ရှိနေသဖြင့် သူ့ထံသို့ ရုတ်တရက် ရောက်ရှိလာခဲ့လေသည်။

​လီချင်းချိုးက သူ့ကို မသေမျိုးဂူအတွင်းသို့ ဝင်ရောက် စကားပြောဆိုခွင့် ပြုလိုက်သည်။

​“ဂိုဏ်းချုပ်... အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ရဲ့ အပြင်ဘက်မှာ ဆန်းကြယ်လှတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ခြေရာလက်ရာတွေ ရှာဖွေတွေ့ရှိခဲ့တယ်..... သူက မြို့ထဲ ခိုးဝင်ဖို့ ကြိုးစားခဲ့ဖူးပြီး တပည့်တွေရဲ့ ရှာတွေ့သွားတော့ တောနက်တောင်တန်းကြီးတွေထဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်... မသေမျိုးမြို့တော်က တပည့်တွေလည်း သူ့ကို အခုထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး...”

​လီချင်းချိုးက မျက်မှောင်ကြုံ့လိုက်ပြီး…

“ကျင့်ကြံမှုအဆင့် ဘယ်လောက်ရှိလဲ...”

​“ဝိညာဉ်အသိအာရုံအဆင့် ဒုတိယအဆင့်မှာ ရှိနေတဲ့ ကူးချန်ဖိန် တောင်မှ သူ့ကို လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါဘူး...”

​ထိုစကားကို ကြားရသောအခါ လီချင်းချိုးအနေဖြင့် တစ်ဖက်လူသည် ကိုးပြည်ထောင်နယ်မြေအတွင်းရှိ ဂိုဏ်းငယ်လေးတစ်ခုမှ ကျင့်ကြံသူတစ်ဦး မဟုတ်ဘဲ ပြင်ပလောကမှ ဂိုဏ်းကြီးတစ်ခုမှ ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်ဟု ကောင်းစွာ ခန့်မှန်းနိုင်ခဲ့သည်။

​အနောက်ဘက်အရပ်ကနေ လာတာ….

“ကူးချန်ဖိန်ကို လှမ်းပြောလိုက်ပါ... ငါ ယွမ်လီကို လွှတ်လိုက်မယ်….. သူ့ကိုလည်း ဇွတ်တရုတ် လုံးဝ မလုပ်ဖို့ မှာလိုက်ဦး...”

​“ကောင်းပါပြီ...”

​ချူကျင်းက အမိန့်ကို နာခံ၍ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

​ချူကျင်း မသေမျိုးဂူအတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် လီချင်းချိုးက ဂိုဏ်းချုပ်အမိန့်ပြားကို ထုတ်ယူလိုက်ပြီး ယွမ်လီထံသို့ ဆက်သွယ်လိုက်ကာ အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ဆီသို့ ချက်ချင်း ထွက်ခွာသွားရန်အတွက် အမိန့်ပေးလိုက်တော့သည်။

​အနောက်ဘက်အရပ်မှ ကျင့်ကြံရေးဂိုဏ်းတစ်ခုနှင့် ပတ်သက်လာခဲ့ပြီဖြစ်ရာ လီချင်းချိုးအနေဖြင့် မောက်မာဝံ့ခြင်းမရှိဘဲ လက်ရှိအစွမ်းထက်ဆုံးသော တပည့်ကြီးကိုသာ စေလွှတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

​‘ငါလည်း အမြန်ဆုံး အဆင့်တက်နိုင်ဖို့အတွက် အသည်းအသန် ကြိုးစားရတော့မယ်...’

​လီချင်းချိုး၏ မျက်ဝန်းများအတွင်း၌ အရောင်များ လှုပ်ခတ်သွားခဲ့ပြီးနောက် မျက်လုံးများကို ပြန်ပိတ်လိုက်တော့သည်။

​ယွမ်လီ တောင်ပေါ်မှ ထွက်ခွာသွားခဲ့သည့် ကိစ္စမှာ ဂိုဏ်းအတွင်းရှိ တပည့်များကို လှုပ်ခတ်သွားစေခဲ့ခြင်းမရှိဘဲ အားလုံးက ဓမ္မညီလာခံကြီးအပေါ်၌သာ အပြည့်အဝ အာရုံစိုက်နေခဲ့ကြဆဲပင်။

​ထိပ်ဆုံး သုံးဦး ရာထူးအတွက် ပြိုင်ဆိုင်မှုများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသဖြင့် ၎င်းက မြေပြင်ပေါ်မှ အထက်တန်းလွှာအရာရှိကြီးများနှင့် ဘုရားဖူးဧည့်သည်များအပါအဝင် ပွဲကြည့်ပရိသတ်ပေါင်း နှစ်သိန်းကျော်မျှကို လာရောက် အားပေးစေခဲ့သည်။

​ပထမဆုံးသော ပြိုင်ပွဲမှာ ဟူယန်နှင့် ယန်တောက်ကျုံးတို့၏ပြိုင်ပွဲပင်…

​ဤပြိုင်ပွဲမှာ အလွန်ပင် စည်ကားသိုက်မြိုက်လှပေသည်။ ထောက်ခံမှုအများဆုံး ရရှိထားခဲ့ဖူးသော ဟူယန်သည်လည်း တစ်နာရီနီးပါးခန့်ကြာအောင် အပြင်းအထန် တိုက်ခိုက်ပြီးမှသာ ယန်တောက်ကျုံးကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။

​ယန်တောက်ကျုံးပြသခဲ့ဖူးသော သိုင်းပညာစွမ်းရည်များက ပွဲကြည့်ပရိသတ်အားလုံးကို ကြီးမားလှသော တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သူသည် ဓားသိုင်းများ၊‌ခြေကန်ချက်များ၊ လက်သိုင်းများနှင့်ခြေလှမ်းသိုင်းကွက်ပေါင်းစုံကို အစွမ်းကုန် ထုတ်သုံးပြခဲ့သဖြင့် သိုင်းပညာ၏ ထူးခြားလှသော စရိုက်လက္ခဏာများကို အပြည့်အဝ ဖော်ပြပေးနိုင်ခဲ့သည်မဟုတ်ပါလား။

​တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် ရှီးမြစ် ဘေးတစ်ဖက်တွင် ဟိန်းထွက်လာခဲ့သော ချီးကျူးသြဘာပေးသံများအားလုံးမှာ ယန်တောက်ကျုံးအတွက်သာ ဖြစ်နေချဲ့လသည်။

​ဟူယန် သိုင်းပညာစင်မြင့်ထက်မှ ဆင်းလာခဲ့သည့် အချိန်၌ သူ့ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သော ယန်တောက်ကျုံး၏ ပုံရိပ်မှာ များစွာ ဆိတ်သုဉ်းခြောက်ကပ်နေခဲ့သည်။

​“နင် တကယ်ကို အံ့ဩစရာကောင်းလွန်းတယ်...”

​တွမ့်ရှောင်ကျွမ်းက ချက်ချင်းပင် ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ အခြားသောသူများနှင့် မတူညီဘဲ သူမတဉီးတည်းကသာ ဟူယန်အတွက် ချီးကျူးအားပေးစကား ဆိုခြင်းဖြစ်ပြီး သူ့အပေါ် ရှုမြင်သော သူမ၏ အကြည့်များအတွင်း၌လည်း ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။

​ဟူယန်က နားမလည်နိုင်စွာဖြင့် ပြုံးလိုက်ပြီး…

“ဒီအခြေအနေမျိုးအထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရတာမို့ နင် စိတ်ပျက်သွားပြီထင်နေတာ...”

​“ဘယ်လိုဖြစ်လို့ စိတ်ပျက်ရမှာလဲ... နင်တကယ်ကို သန်မာတာပဲလေ တစ်ဖက်လူကလည်း အင်မတန် အစွမ်းထက်နေခဲ့လို့ပါ... ငါ့ မျက်စိထဲမှာ နင်က အနှေးနဲ့အမြန်ဆိုသလို ကမ္ဘာမြေပေါ်မှာ နံပါတ်တစ် အရှင်သခင်ကြီး ဖြစ်လာမှာ သေချာတယ်... ငါနင့်ကို ယုံကြည်သလို နင် ကမ္ဘာမြေပေါ်မှာ နံပါတ်တစ် ဖြစ်လာမည့်ရက်ကိုလည်း မျှော်လင့်စောင့်စားနေပါ့မယ်...”

တွမ့်ရှောင်ကျွမ်းက တောက်ပစွာ ပြုံးလိုက်ရင်း ဟူယန်၏လက်မောင်းကို လှမ်းချိတ်လိုက်သဖြင့် ယူယန်တကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

​သိုင်းပညာစင်မြင့်ထက်၌ ရပ်တည်နေဆဲဖြစ်သော ယန်တောက်ကျုံး၏ မျက်နှာထက်၌မူ ခါးသီးလှသော အမူအရာများ ရှိနေခဲ့သည်။

​သူသည် အတိတ်ကာလကတည်းက ထျန်းရွှမ်တောင်၏ အစွမ်းထက်ဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ အသက် ငါးဆယ့်ခုနစ်နှစ်အရွယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ အသက် နှစ်ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသော ဟူယန်၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ပေသည်။

​သူသည် ဟူယန်က ဂိုဏ်းအတွင်း အစွမ်းထက်ဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ကြိုတင်၍ သိရှိနားလည်ထားသော်လည်း လက်ခံနိုင်ခြင်း မရှိသေးချေ။

​သူ့ရဲ့ စိတ်နှလုံးသား ထပ်မံ၍ လှုပ်ခါသွားခဲ့ရပြန်သည်။

​သူ တကယ်ပဲ သိုင်းပညာလမ်းစဉ်အပေါ်၌သာ ဆက်လက်၍ အားကိုးတောင့်ခံနေသင့်ပါသလား...

​အကယ်၍ သူသာ မသေမျိုးလမ်းစဉ်ကို ပြောင်းလ ကျင့်ကြံခဲ့မည်ဆိုပါက ပိုမိုကောင်းမွန်လှသော ရလဒ်များကို ရရှိလာနိုင်ပါမည်လားဟူသောအချက်ကို စတင်တွေးတောနေပြီဖြစ်သည်။

​စင်မြင့်အောက်ခြေ၌မူ ပိုင်ယန်ဘိုးဘေးနှင့် ပိုင်ယွီထျန်းတို့က ယန်တောက်ကျုံးကို ရှုပ်ထွေးလှသော အကြည့်များဖြင့် ကြည့်ရှုနေခဲ့ကြသည်။ သူတို့သည် ဖုန်းရှားတောင်မှ ဖြစ်ကြပြီး ဖုန်းရှားတောင်နှင့် ထျန်းရွှမ်တောင်တို့ဟူသည်မှာ အတိတ်တုန်းက သိုင်းလောကအတွင်းရှိ မွန်မြတ်လှသော စံပြတောင်ကြီးနှစ်လုံး ဖြစ်ခဲ့ဖူးသည်။ သူတို့တွေ သိုင်းပညာလမ်းစဉ်ကို စွန့်လွှတ်ခဲ့ကြပြီဖြစ်သော်လည်း ယန်တောက်ကျုံးကမူ အခုထိ ကြံ့ကြံ့ခံ တောင့်ခံထားဆဲဖြစ်သဖြင့် သူတို့၏ ရင်ထဲ၌ နားမလည်နိုင်လောက်အောင်ပင် အရှက်ရစိတ်အချို့ ဖြစ်ပေါ်သွားခဲ့လေသည်။

All Chapters