← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈ ကျင့်ကြံရေးဂိုဏ်းများကြားမှ စစ်ပွဲ

ယန်တောက်ကျုံးသည် ဟူယန်၏လက်အောက်၌ ရှုံးနိမ့်ခဲ့ရသဖြင့် ထိပ်ဆုံးသုံးဦးစာရင်း၏ ပြင်ပ၌သာ ကျန်ရစ်ခဲ့ရရှာသော်လည်း၊ သူကိုယ်တိုင်မှာ ဝေခွဲမရဖြစ်နေခဲ့‌သည်။

သိုင်းဘိုးဘေးခန်းမမှ တပည့်များကတော့အလွန်ပင် စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြပြီ ဖြစ်၏။

သိုင်းဘိုးဘေးခန်းမမှ တပည့်များဟူသည်မှာ ကျင့်ကြံရေးပါရမီ အလွန်ပင် နိမ့်ကျကြသူများ ဖြစ်ကြသော်လည်း၊ သိုင်းလမ်းစဉ်အတွင်းရှိ သိုင်းပညာရပ်များက သူတို့ကို အခြားသော ကျင့်ကြံသူတပည့်များကို လိုက်မီနိုင်ရန်အတွက် အခွင့်အရေးများ ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ယန်တောက်ကျုံးသည် ထိပ်ဆုံးလူဆယ်ဦးစာရင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး မူလအားဖြည့်နယ်ပယ် နဝမအဆင့်ရှိ ကျွမ်းကျင်သူများနှင့် ပြင်းထန်စွာ အားပြိုင်နိုင်ခဲ့ခြင်းက၊ သိုင်းလမ်းစဉ်သည် အခြားသောအရာများထက် နိမ့်ကျခြင်းမရှိကြောင်း သက်သေပြရန်အတွက် လုံလောက်လှပေသည်။ ထို့ကြောင့် သိုင်းဘိုးဘေးခန်းမမှ တပည့်များ မည်သို့ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

သူတို့၏ အမြင့်ဆုံးအတိုင်းအတာသည် ယန်တောက်ကျုံးမျှသာ ဖြစ်နေဦးမည်ဆိုပါကလည်း၊ ၎င်းမှာ သူတို့ ရည်မှန်းချက်ထားရှိရန်အတွက် လုံလောက်လှပေသည်။

ထိပ်ဆုံးလူဆယ်ဦး၏ ပြိုင်ပွဲများကို သုံးရက်လျှင် တစ်ကြိမ် ကျင်းပခြင်း ဖြစ်၏။ နောင်လာမည့် သုံးရက်တာ ကာလပတ်လုံး၊ ဂိုဏ်းတစ်ခုလုံး၌ ဆွေးနွေးနေကြသည်မှာ ယန်တောက်ကျုံး၏ သိုင်းလမ်းစဉ်အကြောင်းသာ ဖြစ်သည်။ တပည့်ပေါင်းများစွာမှာလည်း ဆရာသခင်များထံမှ ပညာသင်ယူနိုင်ရန်အတွက် သိုင်းဘိုးဘေးခန်းမဆီသို့ တရဟော သွားရောက်ခဲ့ကြပြီ ဖြစ်ရုံတင်မက၊ ယန်တောက်ကျုံးသည်လည်း တစ်ပွဲတည်းနှင့်ပင် ကျော်ကြားလာခဲ့ပြီဖြစ်ရာ၊ ၎င်းက သိုင်းဘိုးဘေးခန်းမ အကြီးအကဲ၏ အစစ်အမှန်ခွန်အားများကို အထင်အရှား သက်သေပြနေခြင်းပင် ဖြစ်၏။

သုံးရက်လွန်ပြီးနောက်တွင်မူ ဒုတိယမြောက် ပြိုင်ပွဲဖြစ်သော၊ ရှဲ့ရှုနှင့် ပိုင်ယန်ဘိုးဘေးတို့၏ ပြိုင်ပွဲ ရောက်ရှိလာခဲ့လေပြီ။

ရှဲ့ရှုက ကိုယ်ပိုင် ပုံရိပ်ယောင်မန္တန်များကို ပထမဆုံးအကြိမ်အဖြစ် ထုတ်သုံးပြခဲ့ပြီး၊ ပိုင်ယန်ဘိုးဘေးကို တစ်ကွက်တည်းနှင့်ပင် အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သဖြင့်၊ ပွဲကြည့်ပရိသတ်အားလုံးကို မှင်တက်သွားစေခဲ့သည်။

ကျန်ရှိနေခဲ့ကြသော ထိပ်ဆုံးလူဆယ်ဦးစာရင်းဝင် တပည့်များမှာ ထိုအခါမှသာ ရှဲ့ရှု၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းပကားများကို တွေ့ရှိသွားခဲ့ကြရခြင်းဖြစ်ပြီး၊ ၎င်းတို့ထဲ၌ ဟူယန်လည်း ပါဝင်နေခဲ့သည်။

ဂိုဏ်းအတွင်းရှိ တပည့်များအားလုံး ဓမ္မညီလာခံကြီး၏ စည်ကားမှုများအတွင်း၌ နစ်မြုပ်နေခဲ့ကြသည့် ထိုအချိန်အတောအတွင်း၊ လီချင်းချိုးက လင်းရှောင်ဝင်းအတွင်း၌ အရေးကြီးလှသော အစည်းအဝေးတခု‌ဆင့်ခေါ်ခဲ့သည်။

အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်မှ အခြေအနေများကို အသေးစိတ် ရှင်းပြလိုက်ရာ၊ ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများ ချက်ချင်းပင် မျက်မှောင်ကိုကြုံ့လိုက်ကြသည်။

ဝိညာဉ်အသိအာရုံအဆင့်ရှိ ဆန်းကြယ်လှသော ကျင့်ကြံသူတစ်ဦးက ချင်းရှောင်ဂိုဏ်း၏ မြို့ခွဲကို လာရောက် ထောက်လှမ်းနေခြင်းဟူသည်မှာ ဘယ်သောအခါမှ ကောင်းမွန်လှသော အရာတစ်ခုမဟုတ်နိုင်ပေ။ ထင်ရှားသည်မှာ ချင်းရှောင်ဂိုဏ်းသည် အခြားသော ကျင့်ကြံရေးဂိုဏ်းကြီးများ၏အာရုံစိုက်မှုနယ်ပယ်ထဲသို့ စတင် ဝင်ရောက်သွားခဲ့ချေပြီ။

ချင်းရှောင်ဂိုဏ်းသည် နှစ်ပေါင်းသုံးဆယ်တိုင်အောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်ပြီး ရန်သူများစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း၊ မည်သည့်ကျင့်ကြံရေးဂိုဏ်းကြီးတစ်ခုနှင့်မျှ အစစ်အမှန် စစ်ပွဲဖြစ်ပွားခဲ့ဖူးခြင်း မရှိသေးချေ။

ကိုးပြည်ထောင်နယ်မြေအတွင်းရှိ ကျင့်ကြံရေးဂိုဏ်းများအကြောင်းကို ပြောရမည်ဆိုပါကလည်း၊ ထိုဂိုဏ်းများကို စစ်မှန်သော ကျင့်ကြံရေးဂိုဏ်းကြီးများအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်ပေ။

လက်ရှိ ချင်းရှောင်ဂိုဏ်းသည် အလွန်ပင် အစွမ်းထက်လှသည်မှာ မှန်သော်လည်း၊ ၎င်းမှာ မည်သည့်အင်အားစုနှင့် နှိုင်းယှဉ်ရမည်နည်းဟူသည့်အချက်ပေါ်၌သာ မူတည်ပေသည်။ ကိုးပြည်ထောင်နယ်မြေအတွင်းရှိ မည်သည့်အင်အားစုနှင့်မဆို နှိုင်းယှဉ်ပါက ၎င်းမှာ လုံးဝကို ဖိနှိပ်ဖျက်ဆီးနိုင်စွမ်း ရှိသော်လည်း၊ ပြင်ပလောကမှ အခြားသော ကျင့်ကြံရေးဂိုဏ်းကြီးများ မည်မျှအထိ သန်မာကြသည်ကိုမူ သူတို့ ကောင်းစွာ သိရှိခြင်း မရှိကြသေးချေ။

တစ်ခဏအတွင်းမှာပင်၊ လင်းရှောင်ဝင်းတစ်ခုလုံးမှာ တိတ်ဆိတ်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ဝေထျန်းရှုံးသည်လည်း မျက်မှောင်ကြုံ့နေသည်။

ကျင့်ကြံရေးဂိုဏ်းတိုင်း၌ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးစီ ပိုင်ဆိုင်ထားကြခြင်းမျိုး မဟုတ်သည့်တိုင်အောင်၊ ချင်းရှောင်ဂိုဏ်းသည် ယခုအခါ ဖွံ့ဖြိုးတိုးတက်မှု အစောပိုင်းအဆင့်၌သာ ရှိနေသေးသဖြင့် ချင်းရှောင်ဂိုဏ်းအား အခြားသော ဂိုဏ်းကြီးများနှင့် စောစောစီးစီး ပြိုင်ဆိုင်မှုများ မပြုလုပ်စေလိုသေးချေ။

ထိုပါရမီရှင်ကလေးများကို ဘေးဖယ်ထားခဲ့မည်ဆိုပါကလည်း၊ ချင်းရှောင်ဂိုဏ်းမှ တပည့်အများစုနှင့် တူညီသော နယ်ပယ်အဆင့်ရှိ ပြင်ပကျင့်ကြံသူများကြား၌ ကြီးမားလှသော ကွာဟချက်အချို့ ရှိနေဆဲပင်။ ၎င်းမှာ ကျင့်ကြံခြင်း အချိန်ကာလနှင့် ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်ချင်း ကွာခြားချက်များကြောင့် ဖြစ်၏။

သေချာသည်မှာ သူသည် ချင်းရှောင်ဂိုဏ်းကို အထင်သေးနေခြင်းမဟုတ်ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ချင်းရှောင်ဂိုဏ်း၏ အနာဂတ် စဉ်ဆက်မပြတ် ကြီးထွားလာနိုင်သရွေ့ စိတ်ကူးပုံဖော်ရန်ပင် ခက်ခဲလောက်အောင် မြင့်မားလာလိမ့်မည်ဟု ယူဆထားခြင်း ဖြစ်ပေသည်။

ယန်ကျွယ်တိန်က အရင်ဆုံး စတင်၍ စကားဆိုလိုက်သည်။

“ကျုပ်တို့တွေ ကြောက်နေစရာ ဘာလိုလို့လဲ... အကယ်၍ တစ်ဖက်လူက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုရင်တော့၊ တိုက်ခိုက်လိုက်ရုံပဲပေါ့... သူတို့ ဘယ်လောက်ပဲ သန်မာပါစေဦးတော့၊ မြောက်ဘက် မိစ္ဆာနယ်မြေအတွင်းက မိစ္ဆာတွေထက် ပိုပြီးတော့ အန္တရာယ်ကြီးနိုင်ပါ့မလား... ဒါဟာ ကျူပ်တို့ အနှေးနဲ့အမြန် ရင်ဆိုင်ကြရမယ့် ပြဿနာတစ်ခုပဲ မဟုတ်ဘူးလား...”

ကျန်းယွီချွန်းက ခေါင်းညိတ်ပြလိုက်ရင်း… “မှန်တာပေါ့... အကယ်၍ ရှောင်လွှဲလို့မရနိုင်ဘူးဆိုရင်လည်း၊ ထိပ်တိုက်ရင်ဆိုင်ကြရုံပဲလေ... ဒါဟာ အနောက်ဘက် အန္တရာယ်နယ်မြေကို သွားပြီး နယ်မြေချဲ့ထွင်မယ့် အစီအစဉ်တွေအတွက်လည်း အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တာပဲ မဟုတ်လား...”

အခြားသော ခန်းမသခင်များကလည်း တစ်ဦးပြီးတစ်ဦး ပြောဆိုလာခဲ့ကြပြီဖြစ်ရာ၊ အချို့က သတိကြီးစွာ ထားရှိရန် လိုလားကြပြီး အချို့ကမူ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့ကြသည်။

“ အခြေအနေတွေကို အရင်ဆုံး စောင့်ကြည့်လေ့လာနိုင်ဖို့အတွက်၊ ယွမ်လီကို လွှတ်လိုက်ပြီ ”

သူ့ထံ၌ အစီအစဉ်များ ရှိပြီးသား ဖြစ်သော်လည်း ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများကို လာရောက်၍ ဆွေးနွေးစေခြင်း၏ အဓိက အကြောင်းရင်းမှာ၊ ဤအကြောင်းအရာများကို ကြိုတင် သိရှိထားစေ၍ ဖိအားများကို စောစောစီးစီး ရင်ဆိုင်စေလိုသောကြောင့်ဖြစ်ပြီး၊ နောင်တွင် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ ဝေခွဲမရ ဖြစ်မသွားစေရန်အတွက် ဖြစ်၏။

ယွမ်လီ သွားရောက်ခဲ့ပြီ ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါမှသာ၊ အဆင့်မြင့်အရာရှိကြီးများအားလုံး စိတ်အေးသွားခဲ့ကြသည်။

လီချင်းချိုးက လူအုပ်ကြီးကို လှည့်လည်ကြည့်ရှုလိုက်ပြီး….

“အကယ်၍ ဒါက အစစ်အမှန် ကျင့်ကြံရေးဂိုဏ်းတစ်ခုဖြစ်ပြီး ငါတို့အပေါ် ရန်လိုမယ့် ရည်ရွယ်ချက်တွေ ရှိနေမယ်ဆိုရင်တော့၊ ဒါဟာ ငါတို့ ချင်းရှောင်ဂိုဏ်းအနေနဲ့ ကျင့်ကြံရေးဂိုဏ်းတစ်ခုနဲ့ ပထမဆုံးအကြိမ်အဖြစ် ဆင်နွှဲရမည့် မဟာစစ်ပွဲကြီး ဖြစ်လာလိမ့်မယ်... ငါတို့တွေ အတိတ်ကလိုမျိုး ရှုပ်ထွေးတဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်လို့ မရနိုင်တော့ဘူး၊ သေချာပေါက် တညီတညွတ်တည်းရှိတဲ့ အမိန့်ပေးစေခိုင်းမှုတွေနဲ့ စစ်အင်အား ဖြန့်ကျက်မှုတွေ ရှိရမယ်... မင်းတို့ထဲက ဘယ်သူကများ ကိုယ့်ကိုကိုယ် ဒီလို စွမ်းဆောင်ရည်မျိုး ရှိတယ်လို့ ယူဆထားလဲ...”

ကျင့်ကြံရေးဂိုဏ်းကြီးများဟူသည်မှာ လူအင်အားများ၊ အစီအရင်များ၊ မှော်ပစ္စည်းများနှင့် မိစ္ဆာအဖော်သားရဲများစွာကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ အကယ်၍ မဟာစစ်ပွဲကြီးတစ်ခုသာ စတင်ဖြစ်ပွားခဲ့မည်ဆိုပါက၊ ၎င်းမှာ အင်အားစုနှစ်ခု တစ်စုံတစ်ခုသော နေရာ၌ တွေ့ဆုံ တိုက်ခိုက်လိုက်ရုံမျှဖြင့် ပြီးဆုံးသွားမည့် ကိစ္စမျိုး မဟုတ်သလို လူတစ်ဦးတည်းက ရန်သူ့နယ်မြေအတွင်းသို့ တိုက်ရိုက်ဝင်ရောက် သတ်ဖြတ်ခြင်းဖြင့်လည်း ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။

ဤသည်က လောကီလူသားများ၏ စစ်ပွဲများထက်များစွာ ပိုမို၍ ရှုပ်ထွေးဆန်းပြားလှသော မဟာစစ်ပွဲကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ရွှယ်ကျင်းက အရင်ဆုံး စတင်၍…

“ကျွန်တော် လုပ်နိုင်ပါတယ်... ကျွန်တော့်အနေနဲ့ များပြားတဲ့ တပည့်တွေရဲ့ စစ်ဆင်ရေးကို မဦးဆောင်ခဲ့ဖူးသေးဘူးဆိုပေမဲ့၊ ပုံမှန်အားဖြင့် စစ်ဗျူဟာစာအုပ်တွေကို ဖတ်ရှုလေ့ရှိသလို ကျွန်တော်ကိုယ်တိုင်ကလည်း စစ်မှန်သော သခင်ကြီးတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်လို့၊ သေချာပေါက် ပိုမိုများပြားလှတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာပါ...”ဟု‌ဆိုလေသည်။

လီချင်းချိုး ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရွှယ်ကျင်းက သူ့ကို အမြဲတမ်း စိတ်အေးချမ်းသာမှု ပေးစွမ်းနိုင်သူ ဖြစ်သည်။ ဂိုဏ်း၌ အခက်အခဲများနှင့် ကြုံတွေ့ရသည့် အခါတိုင်း၊ ရွှယ်ကျင်း ဘယ်သောအခါမှ နောက်ဆုတ်ခဲ့ခြင်းမရှိဘဲ အမြဲတမ်း တက်ကြွစွာဖြင့် ရင်ဆိုင်လေ့ရှိသည်။ ဤသည်ကပင် ရွှယ်ကျင်းကို စစ်မှန်သော သခင်ကြီးတစ်ဦးအဖြစ် ရွေးချယ်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်းများထဲမှ တစ်ချက် ဖြစ်ပေသည်။

“ကျွန်တော်လည်း သွားချင်ပါတယ်...” ဟု လီစစ်ဖုန်းကလည်း အဆိုပြသည်။

“မင်းကတော့ အနားယူလိုက်ပါဦး...”

လီချင်းချိုးက သူ့ကို မျက်ခဲ၍ကြည့်လိုက်သဖြင့် လီစစ်ဖုန်းကို ချက်ချင်းပင် စိတ်ဓာတ်ကျသွားစေခဲ့သည်။

အခြားသောသူများမှာ လီစစ်ဖုန်းကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

ကျန်းယွီချွန်းက….

“တကယ်ဆို ငါတို့တွေထဲကနေ ရွေးချယ်နေဖို့ မလိုဘူး... ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက ဂိုဏ်းရဲ့ အရေးကြီးတဲ့ ရာထူးနေရာတွေကို ကိုင်တွယ်ထားကြသူတွေ ဖြစ်လို့၊ ပြင်ပစစ်ဆင်ရေးတစ်ခုအတွက်နဲ့ ဂိုဏ်းအတွင်းပိုင်းရဲ့ တည်ငြိမ်မှုတွေကို လျစ်လျူရှုထားလို့ မရနိုင်ဘူး...ဒီအ‌‌ခြေနေက တပည့်တွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်အလားအလာတွေကို ပြသနိုင်မည့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်လာနိုင်တာပဲ မဟုတ်လား...”

သူ့စကားလုံးများကို ရောက်ရှိနေကြသော အဆင့်မြင့်အရာရှိကြီး အများစုက ထောက်ခံခဲ့ကြသည်။

အစစ်အမှန်မူ၊ လီချင်းချိုး၏ ရင်ထဲ၌ ကြိုတင်၍ ရွေးချယ်ထားပြီးသား လူအချို့ ရှိပြီးသားပင်။

ချင်းရှောင်ဂိုဏ်းအတွင်း၌များပြားလှသော တပည့်အရေအတွက် ရှိနေခဲ့ပြီဖြစ်ရာ၊ သူတို့ထဲ၌ ခေါင်းဆောင်မှု ပါရမီရှိကြသော လူသားများရှိနေကြမည်သာ။

လီချင်းချိုးက ထူးခြားလှသော ကိုယ်ပိုင်ပါရမီရှိကြသည့် တပည့်များ၏ အခြေအနေများကို အမြဲတမ်း ဂရုစိုက်လေ့ရှိပြီး၊ ၎င်းတို့ကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ မိမိ၏ ကိုယ်ပိုင်မှတ်တမ်းစာအုပ်ထက်၌ လျှို့ဝှက်စွာဖြင့် မှတ်တမ်းတင် ထုဆစ်ထားခဲ့ခြင်း ဖြစ်သည်။

လီချင်းချိုးသည် ပြင်ပ၌ ထူးခြားစွာ တောက်ပလှသော ကျင့်ကြံရေးပါရမီရှင်များကို ပွင့်ပွင့်လင်းလင်း မြေတောင်မြှောက်ပေးလေ့ရှိသလို တစ်ပြိုင်နက်တည်းမှာပင် ဆန်းကြယ်လှသော ကိုယ်ပိုင်ပါရမီရှိကြသည့် တပည့်များကိုလည်း လျှို့ဝှက်စွာဖြင့် ကြိုတင်ပျိုးထောင်ပေးလေ့ရှိစမြဲပင်။

သေချာသည်မှာ သူသည် ထိုတပည့်များနှင့် မဆုံတွေ့ဘဲ အမြဲတမ်း အမှောင်ထုအတွင်း၌သာ နေထိုင်ခဲ့ခြင်း မဟုတ်ချေ။ သူသည် သူတို့နှင့် သီးသန့်ဆုံတွေ့လေ့ရှိပြီး၊ ၎င်းမှာ တမင်တကာမဟုတ်ဘဲ တိုက်ဆိုင်မှုတစ်ခုအလား မြင်တွေ့စေခဲ့ခြင်း ဖြစ်သည်။ သူတို့ကြားတွင် ဆက်ဆံရေး ကောင်းမွန်လှသဖြင့်၊ ထိုတပည့်များအား အခြားသော တပည့်များက မတရားဘူးဟု ထင်မှတ်သွားကြမည်ကို စိုးရိမ်သလို ဟန်ဆောင်လျက်၊ ဤအကြောင်းအရာများကို ပြင်ပသို့ လုံးဝ ထုတ်ဖော်မပြောဆိုကြရန် မှာကြားလေ့ရှိသည်။

ထိုတပည့်များ၏ သစ္စာစောင့်သိမှု အလွန်ပင် လျင်မြန်စွာဖြင့် မြင့်မားလာခဲ့ကြသောကြောင့် ဤသို့သော နည်းလမ်းမှာ အလွန်ပင် ထိရောက်လှသည်။

လီချင်းချိုးက ဝေထျန်းရှုံးကို လှမ်းကြည့်လိုက်ပြီး…

“ဒုတိယခန်းမသခင်ဝေ... မင်းဘက်ကလည်း သဘောထားအချို့ ပေးစမ်းပါဦး... မင်းက ငါတို့အားလုံးထက် ပိုများတဲ့ ကျင့်ကြံခြင်း အတွေ့အကြုံတွေ ပိုင်ဆိုင်ထားတာမို့၊ ငါတို့တွေ မင်းရဲ့ အတွေ့အကြုံတွေကို လိုအပ်နေပြီ...”

ဝေထျန်းရှုံးသည် ယခုအခါ ကောင်းကင်လက်မှုပညာခန်းမ၏ ဒုတိယခန်းမသခင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်၏။ သူ့ရဲ့ ထူးချွန်လှသော စွမ်းဆောင်ရည်များက ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများ၏ အသိအမှတ်ပြုမှုများကို ရရှိထားခဲ့ပြီး ဖြစ်ရုံတင်မက၊ နက်နဲလှသော ကျင့်ကြံမှုနှင့် အသက်အရွယ်တို့ကြောင့်လည်း လူတိုင်းက သူ့ကို ရိုသေလေးစားကြသည်။

ထိုစကားကို ကြားရသောအခါမှသာ၊ ဝေထျန်းရှုံးက ကျင့်ကြံရေးဂိုဏ်းကြီးများ စစ်မဟာဗျူဟာ ဆင်နွှဲလေ့ရှိကြသည့် နည်းလမ်းများကို စတင်ပြောဆိုတော့သည်။

လူတိုင်း အပြည့်အဝ အာရုံစိုက် နားထောင်နေခဲ့ကြပြီးနောက်၊ မကြာမီမှာပင် ကြီးမားလှသော ထိတ်လန့်မှုများ ဖြစ်ပေါ်သွားခဲ့ကြသည်။

ကျင့်ကြံသူများကြားမှ မဟာစစ်ပွဲကြီးတစ်ခုဟူသည်မှာ ဤမျှအထိ ရှုပ်ထွေးဆန်းပြားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ ထိုအဆုံးမရှိလှသော နည်းလမ်းပေါင်းစုံအကြောင်းကို ကြားသိရုံမျှဖြင့်ပင် ကြက်သီးထလာခဲ့လေသည်။

လဝက်ခန့်ကြာအောင် ပြင်းထန်စွာ အားပြိုင်ပြီးနောက် တတိယအကြိမ်မြောက် ဓမ္မညီလာခံကြီး၏ ထိပ်ဆုံး သုံးဦးစာရင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ ဟူယန်၊ ရှဲ့ရှုနှင့် ချင်ကျောက်ရွှီတို့ ဖြစ်ကြသည်။

ချင်ကျောက်ရွှီမှာ ချင်ယဲ့၏ မိသားစုဝင် အမျိုးသမီးတစ်ဦး ဖြစ်ပြီး၊ ထူးချွန်လှသော ပါရမီနှင့် ထူးခြားလှသော ကိုယ်ပိုင်ကံကြမ္မာတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ လက်ရှိ ချင်းရှောင်ဂိုဏ်းအတွင်း၌၊ ချင်မိသားစု၏ အင်အားမှာ ကြီးမားလှပေသည်ဖြစ်ရာ၊ ထို့ကြောင့်ပင် ချင်မိသားစုအတွင်းမှ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခြင်းက ကြီးမားလှသော အံ့ဩစရာတစ်ခု မဟုတ်တော့ချေ။

ချင်ကျောက်ရွှီသည် ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ခြေချခဲ့စဉ်ကတည်းက ကိုယ်ပိုင် ပါရမီများကို ပြသနိုင်ခဲ့ဖူးသဖြင့် ကာလကြာမြင့်စွာကတည်းက ကျော်ကြားခဲ့ဖူးသူ ဖြစ်သော်လည်း၊ ထိပ်တန်းပါရမီရှင်များနှင့် အတန်ငယ် ကွာဟချက်များ ရှိနေခဲ့စမြဲပင်။

ဟူယန်မှလွဲ၍၊ ယခုတစ်ကြိမ် ဓမ္မညီလာခံ၏ ထိပ်ဆုံးသုံးဦးစာရင်းဝင် အခြားနှစ်ဦးမှာမူ ဂိုဏ်းအတွင်း၌ တိတ်ဆိတ်စွာဖြင့် ကြီးပြင်းလာခဲ့ကြသော လူမသိသူမသိ ရွက်ပုန်းသီး ပါရမီရှင်များ ဖြစ်ကြသည်။

ဤသည်ကပင် ချင်းရှောင်ဂိုဏ်း၏ ကြီးမားလှသော အခြေခံအုတ်မြစ်များကို သက်သေပြနေခြင်း ဖြစ်၏။ ပြင်ပ၌ ထင်ရှားစွာ တောက်ပနေကြသော တပည့်များကို ဘေးဖယ်ထားခဲ့မည်ဆိုလျှင်ပင်၊ အမှောင်ထုအတွင်း၌ တိတ်ဆိတ်စွာဖြင့် ကြီးပြင်းနေကြသော ပါရမီရှင်များစွာ ရှိနေဆဲပင်။

စက်တင်ဘာလသို့ ရောက်ရှိလာသောအခါမှသာ နံပါတ်တစ် ရာထူးအတွက် ပြိုင်ဆိုင်မှုအဆင့် စတင်ခဲ့လေသည်။

နောက်ဆုံးတွင်မူ ဟူယန်ကသာ နံပါတ်တစ် ရာထူးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ကြီးမားလှသော ဂုဏ်သတင်းများကို ပြန်လည် သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် တတိယအကြိမ်မြောက် ဓမ္မညီလာခံ ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခဲ့ရသော်လည်း ဂိုဏ်းအတွင်းရှိ စည်ကားမှုများမှာ ဆက်လက်၍ ရှိနေခဲ့ဆဲပင်။

ဆည်းဆာအချိန်၌ ဟူယန် လီချင်းချိုးကို လာရောက်၍ ရှာဖွေခဲ့သည်။

“အကယ်၍ ကျွန်တော့်ရဲ့ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက ပုံရိပ်ယောင်မန္တန်တွေကို မကြောက်ရွံ့တာမျိုးသာ မရှိခဲ့ဘူးဆိုရင် ရှဲ့ရှုကို အနိုင်ယူနိုင်ဖို့ လုံးဝ မလွယ်ကူဘူး...”

“ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီဆိုတာ မင်းရဲ့ ကိုယ်ပိုင်ပါရမီဖြစ်သလို ပုံရိပ်ယောင်မန္တန်တွေကို ကျွမ်းကျင်တာကလည်း ရှဲ့ရှုရဲ့ ကိုယ်ပိုင်ပါရမီပဲလေ... လောကကြီးမှာ အကယ်၍ ဆိုတဲ့ စကားလုံးတွေ မရှိပါဘူး... မင်းကတော့ အစစ်အမှန် နံပါတ်တစ် ရာထူးကို ရရှိခဲ့သူပဲ…...ကိုယ့်ကိုကိုယ် သံသယဝင်နေမယ့်အစား အားနည်းချက်တွေကို သေသေချာချာ ပြန်လည်သုံးသပ်ပြီးတော့ ပိုပြီးတော့ သန်မာလာအောင်ပဲ ကြိုးစားသင့်တယ်...”

ဟူယန်ထံ၌ ရွှီနင်း သို့မဟုတ် ယွင်ချိုင်တို့လို ပြိုင်ဘက်ကင်းလှသော ဖိနှိပ်မှုစွမ်းအားများ ရှိမနေခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ယခုတစ်ကြိမ် ဓမ္မညီလာခံကြီး၏ ပြိုင်ဆိုင်မှုအရှိန်အဟုန်မှာ ယခင် နှစ်ကြိမ်တုန်းကနှင့် လုံးဝ နှိုင်းယှဉ်၍ ရနိုင်ခြင်း မရှိချေ။

အချိန်ကာလ ကုန်လွန်သွားခဲ့သည်နှင့်အမျှ နောင်ကျင်းပမည့် ဓမ္မညီလာခံကြီးများမှာလည်း ဤကဲ့သို့ပင် ဖြစ်လာပေလိမ့်မည်။ဖြစ်နိုင်သည်မှာ အနာဂတ်တွင် နံပါတ်တစ် ရာထူးရရှိသူနှင့် ကပ်သီလေး ရှုံးနိမ့်သွားခဲ့ကြသူများစွာ ရှိလာနိုင်ပေသည်။

ထိုစကားကို ကြားရသောအခါမှသာ ဟူယန်သည်လည်း သဘာဝကျသည်ဟု ခံစားလိုက်ရသဖြင့် များစွာ အတွေးလွန်နေခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။

“အခုအချိန်ကစပြီး မင်းက ဂိုဏ်းရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတဲ့ တပည့်တစ်ယောက် မဟုတ်တော့ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ မင်း ဂိုဏ်းအတွက် ကြိုးစားအားထုတ်ရမှာ ဖြစ်သလို ဂျူနီယာတပည့်ငယ်တွေကိုလည်း ကာကွယ်စောင့်ရှောက်ရတော့မှာ... အမြန်ဆုံး ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်ရှိအောင် ကြိုးစားစမ်းပါ... ရှေ့ဆက်ရမယ့် လမ်းခရီးက ငြိမ်းချမ်းမှာ မဟုတ်ဘူး၊ ချင်းရှောင်ဂိုဏ်းက ကြီးမားတဲ့ ဒုက္ခတွေနဲ့ ထပ်ပြီးတော့ ကြုံတွေ့ရဦးမှာ...”

ထိုစကားကို ကြားသိရသော်လည်း ဟူယန်အနေဖြင့် အံ့အားသင့်ခြင်း မရှိခဲ့ချေ။ ဘဝဟူသည်မှာ မည်သို့အမြဲတမ်း အဆင်ပြေချောမွေ့နေနိုင်မည်နည်း။

ချင်းရှောင်ဂိုဏ်းကဲ့သို့သော ကြီးမားကျယ်ပြန့်လှသည့် အင်အားစုကြီးတစ်ခုအတွက်ဆိုလျှင်မူ ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဘေးဒုက္ခများမှာ ပိုမို၍ ကြီးမားကျယ်ပြန့်လာလိမ့်မည် ဖြစ်သည်။

“နောင်အနာဂတ်ကျရင် ကျွန်တော့်အတွက် တာဝန်တွေကို စိတ်ကြိုက်သာ စေခိုင်းပါ…ဆရာ... ကျွန်တော် အခု ဂိုဏ်းအတွက် ဖိအားအချို့ကို ကူညီထမ်းဆောင်ပေးနိုင်စွမ်း ရှိနေပါပြီ...”

“အရင်ဆုံး ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်အောင်သာအရင်လုပ်စမ်းပါ...”

လီချင်းချိုးက လက်ဝှေ့ယမ်းပြ၍ ဆိုလိုက်လေတော့ ဟူယန်လည်း ဆက်လက်၍ မပြောဆိုတော့ချေ။

ဆရာတပည့်နှစ်ယောက်သား အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသည်အထိ ကြာမြင့်အောင် ဆက်လက်စကားပြောဆိုခဲ့ကြပြီးနောက်မှသာ ဟူယန် ထွက်ခွာသွားခဲ့တော့သည်။

‘ဒီကလေးတောင် ကြီးပြင်းလာခဲ့ပြီပဲ... အချိန်တွေ တကယ်ကို မြန်ဆန်လွန်းတယ်... ငါ နောက်ထပ် ဘယ်သူ့ကိုများ မြေတောင်မြှောက်ပေးရဦးမလဲ...’

လီချင်းချိုး ရင်ထဲမှ တိတ်တဆိတ် တွေးတောနေမိ၏။ သူ ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဆိုပါက တပည့်များကို ပြန်လည် ပျိုးထောင်ပေးရန်အတွက် အချိန်အလုံအလောက် ရှိလာပေလိမ့်မည်။

တပည့်များကို မြေတောင်မြှောက်ပေးခြင်းဟူသည်မှာ ဂိုဏ်း၏ အနာဂတ်အတွက် ဖြစ်ရုံတင်မက သူ့အတွက်လည်း တစ်စုံတစ်ခုသော အောင်မြင်မှုဆိုင်ရာ ခံစားချက်များကို ပေးစွမ်းနိုင်သဖြင့် ၎င်းကို အလုပ်ရှုပ်သောအရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိချေ။

သို့သော်လည်း သူ ကိုယ်တိုင် သင်ကြားပြသပေးမည့် တပည့်ဟူသည်မှာ မိမိ၏ ဂိုဏ်းချုပ်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်စေရန်အတွက် သေချာပေါက် ပြိုင်ဘက်ကင်းလှသော ပါရမီကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ရမည် ဖြစ်သည်။

၎င်းမှာ လီချင်းချိုးအနေဖြင့် ဂုဏ်ပကာသန ပြသလိုခြင်းကြောင့် မဟုတ်ဘဲ ဂိုဏ်းချုပ်၏ တပည့်တစ်ဦးအဖြစ် ရပ်တည်ရခြင်းဟူသည်မှာ အလိုလိုပင် ကြီးမားလှသော ဖိအားများကို ကြံ့ကြံ့ခံကြရမည် ဖြစ်သောကြောင့်ပင်။ အကယ်၍ လုံလောက်လှသော ပါရမီမျိုး ရှိမနေခဲ့ဖူးဆိုပါက သူတို့အနေနှင့် ထိုဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်နိုင်ကြလိမ့်မည်မဟုတ်ပေ။

၎င်းမှာ ပြင်ပလောက၌သာ အမြဲတမ်း နေထိုင်လိုနေခဲ့ပြီး ဂိုဏ်းသို့ ပြန်လာရန် မလိုလားခဲ့ရှာသော ချင်ယဲ့လိုပင် ဖြစ်နေမည်။ အကြောင်းမူကား သူသည် အခြားသူများနှင့် နှိုင်းယှဉ်ခြင်း ခံရမည်ကို စိုးရိမ်သလို လီချင်းချိုးအတွက် မျက်နှာပျက်စရာများ ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့နေခဲ့သောကြောင့် ဖြစ်သည်။

ပါရမီမပွင့်သေးမီအချိန်က ယွမ်လီသည်လည်း ဤကဲ့သို့ ဖြစ်ခဲ့ဖူးပြီး ကြီးမားလှသော ဖိအားများကို တစ်ကိုယ်တည်း ကြံ့ကြံ့ခံ တောင့်ခံထားခဲ့ရဖူးသည်မဟုတ်ပါလား။

ဟူယန်၏ ပါရမီမှာ အလွန်ပင် မြင့်မားလှသည်မှာ မှန်သော်လည်း သူသည်လည်း ပုံမှန်အားဖြင့် ကြီးမားလှသော ဖိအားများကို ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးရှိ တပည့်များက သူ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်ရာ အကယ်၍ သူ့ထံ၌အနည်းငယ်မျှသော အားနည်းချက်တစ်ခု ရှိနေခဲ့မည်ဆိုပါကလည်း ၎င်းမှာ လူအများစုကြား၌ ကြီးမားကျယ်ပြန့်စွာ ဆွေးနွေးရမည့် ခေါင်းစဉ်တစ်ခု ဖြစ်လာရစမြဲပင်။

‘အကယ်၍ ယင်ကျင်းရှင်းသာ ဂိုဏ်းကို ပြန်မလာနိုင်တော့ဘူးဆိုရင် ငါ ဂိုဏ်းထဲကနေပဲ နောက်ထပ်တယောက် ရွေးချယ်ရမှာပေါ့...’

ရှန်ယွဲ့ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ ကျင့်ကြံရေးဂိုဏ်းကြီးများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီ ဖြစ်ရာ ၎င်းက သူ့အား ယင်ကျင်းရှင်းတစ်ယောက် ဘေးဒုက္ခများနှင့် ကြုံတွေ့နေရပြီလားဟူသောအချက်အပေါ် စတင်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ယန်ဓာတ်လွန်ကဲသောခန္ဓာကိုယ်ကို မရရှိနိုင်တော့ခြင်းက နှမြောစရာကောင်းလှသည်မှာ မှန်သော်လည်း လီချင်းချိုးအနေဖြင့် ၎င်းအတွက်ကြောင့် စိတ်ပျက်အားငယ်နေလိမ့်မည်မဟုတ်ချေ။

သူ့အတွက် အစစ်အမှန် အားကိုးအားထားပြုရာဟူသည်မှာ မည်သည့်အခါကမျှ တပည့်တစ်ဦးတစ်ယောက်၏ ထူးခြားလှသော ကိုယ်ပိုင်ကံကြမ္မာတစ်ခုတည်းပေါ်၌သာ ရှိနေခဲ့ခြင်းမဟုတ်ဘဲ ချင်းရှောင်ဂိုဏ်းတစ်ခုလုံး၏ တည်ရှိမှုပေါ်၌သာ အပြည့်အဝ ရှိနေခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

ဆည်းဆာအချိန်၏ အောက်၌ တောင်တန်းများကြားတွင် တည်ရှိသော ကျောက်တွင်းတစ်ခုအတွင်း၌ မရေမတွက်နိုင်သော ကျွန်များစွာက ကျောက်ရိုင်းများကို တူးဖော်၍ သယ်ယူပို့ဆောင်နေခဲ့ကြရသည်။

လင်းလင်ကျိုးသည်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ယခုချိန်တွင် သူ့အရေပြားများ မည်းမှောင်နေခဲ့ပြီဖြစ်ကာ ဝတ်စုံများမှာလည်း စုတ်ပြဲနေခဲ့ပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေခဲ့ရှာသည်။ သူ့ကို ကြည့်ရသည်မှာ ထျန်းချင်းမသေမျိုးဂိုဏ်းအတွင်းမှ စတင်ထွက်ခွာလာခဲ့စဉ်တုန်းကနှင့် လုံးဝ ခြားနားလှသော လူသားတစ်ဦးအလား ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် လက်ထဲရှိ တူးဖော်ရေးကိရိယာများကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီးနောက် ဝေးကွာလှသော နေရာဆီသို့ ဝေဝါးလှသော မျက်လုံးများဖြင့် လှမ်း၍ ကြည့်ရှုလိုက်မိသည်။

သူသည် ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရဖူးသည့် မြင်ကွင်းများကို ပြန်လည်တွေးတောမိသွားခဲ့ရသဖြင့် ရင်ထဲ၌ များစွာသော ခါးသီးမှုများကို ခံစားလိုက်ရသည်။

အကယ်၍ ဤကဲ့သို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ကို ကြိုတင်သိရှိထားခဲ့ဖူးမည်ဆိုပါက ထိုစဉ်တုန်းက မြစ်ထဲသို့သာ တိုက်ရိုက် ခုန်ချလိုက်သင့်ပေသည်။ သို့မှသာ လွတ်မြောက်နိုင်မည့် အခွင့်အရေး အနည်းငယ်မျှ ရှိနေဦးမည် မဟုတ်ပါလား။

၎င်းကို တွေးတောမိသွားခဲ့ပြီးနောက် ဘေးနားရှိ အမျိုးသားတစ်ဦးကို လှမ်း၍ ကြည့်ရှုလိုက်မိ၏။ ဤလူသည် အလွန်ပင် ပိန်လှီနေပြီး မိမိထက်ပင် များစွာ ပိုမို၍ ဝေဒနာခံစားနေရပုံ ရပေသည်။

အတိတ်တုန်းက ဤလူသည် မိမိကိုယ်မိမိ အလွန်ပင် အစွမ်းထက်သလို ဟန်ဆောင်ပြခဲ့သဖြင့် လင်းလင်ကျိုးအနေဖြင့် ထိုသူဏ္၏ စကားလုံးများကို ယုံကြည်မိထားခဲ့ကာ အစီအစဉ်အတိုင်း လိုက်နာ၍ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့်မူ လှေဆိုက်ကပ်လိုက်သည့် အခိုက်အတန့်မှာပင် ဝမ့်ယင်းဂိုဏ်းမှ တပည့်များနှင့် ထိပ်တိုက်ကြုံတွေ့ခဲ့ပြီးဤလူသည်လည်း တစ်ကွက်တည်းနှင့်ပင် ရှုံးနိမ့်သွားခဲ့သည်။

ဤလူ၏ အမည်မှာ ဝမ်ဖုန်း ဖြစ်၏။ ဇနီးဖြစ်သူမှာ ဝမ့်ယင်းဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသဖြင့် ယခုအခါ မည်သည့်အရပ်သို့ ရောက်ရှိနေသည်ကို မသိရှိရတော့ချေ။ သူသည် ဇနီးကို ရှာဖွေနိုင်ရန်အတွက် တမင်တကာ အဖမ်းခံခဲ့ခြင်း ဖြစ်သော်လည်း ကျင့်ကြံမှုများ ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ ယခုအခါတွင်မူ ဤနေရာ၌ သူတစ်ပါး၏ နှိပ်စက်ညှင်းပန်းမှုများကိုသာ ကြံ့ကြံ့ခံ ရင်ဆိုင်နေရရှာတော့သည်။

“ဟေး... ကြည့်စမ်းပါဦး... ဘာဖြစ်လို့ ဒီနေရာကို ကလေးတစ်ယောက် ရောက်လာတာလဲ... သူ့ ကြည့်ရတာ အသက် သုံးနှစ်တောင် ပြည့်သေးပုံမရဘူး ..”

ဘေးနားရှိ တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သဖြင့် ၎င်းက လင်းလင်ကျိုး၏ အာရုံစိုက်မှုများကို ရရှိသွားစေခဲ့ပြီး ထိုအရပ်ဆီသို့ လှမ်း၍ ကြည့်ရှုစေခဲ့သည်။

All Chapters