← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉ လီချင်းချိုး၏ ​ဓမ္မပုံရိပ်

လင်းလင်ကျိုး အဝေးသို့ ငေးကြည့်လိုက်တော့ တောင်စောင်းအတိုင်း လျှောက်လှမ်းလာသော ကျွန်အဖွဲ့တစ်ခုကို မြင်တွေ့လိုက်ရသည်။ သူတို့အထဲတွင် အသက် နှစ်နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦးကို ပွေ့ချီထားသည့် အမျိုးသမီးတစ်ဦး ပါဝင်နေသည်။ ထိုမိခင်နှင့်သားသမီး နှစ်ဦးစလုံးမှာ အလွန်ပင် ညစ်ပတ်ပေရေနေကြပြီး အမျိုးသမီး၏ ပါးပြင်ထက်၌လည်း ဒဏ်ရာများ ရှိနေခဲ့သည်။

ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူ နှစ်ဦးက ထိုကျွန်အဖွဲ့ကုိ နှင်ထုတ်နေကြပြီး အခါအားလျော်စွာ ကြာပွတ်များဖြင့် ရိုက်နှက်နေကြသည်။ ဤမြင်ကွင်းက လင်းလင်ကျိုးကို သူကိုယ်တိုင် ဤနေရာသို့ စတင်ရောက်ရှိလာခဲ့စဉ်က အခြေအနေများကို ပြန်လည် အမှတ်ရသွားစေခဲ့သည်။

လင်းလင်ကျိုး၏ အကြည့်များ ထိုနှစ်နှစ်အရွယ် ကလေးငယ်ထံသို့ ကျရောက်သွားခဲ့ပြီးနောက် သူ့ ရင်ထဲ၌ ဒေါသနှင့် သနားကြင်နာမှုများ တစ်ပြိုင်နက်တည်း ဆူပွက်လာခဲ့တော့သည်။

‘အကယ်၍ ဆရာသာ ဒီနေရာမှာ ရှိနေခဲ့မယ်ဆိုရင် သူ သေချာပေါက် ရှေ့ကို ထွက်လာလိမ့်မယ်... ဒါပေမဲ့ ငါကတော့ ဆရာ့လောက် မစွမ်းဆောင်နိုင်ဘူး...’

လင်းလင်ကျိုး ရင်ထဲမှနေ၍ ခါးသီးစွာ တွေးတောမိလိုက်၏။ ထိုစဉ်တုန်းက သူသည်လည်း လင်းရွှင်းဖုန်း၏ ကယ်တင်ခြင်းကို ခံခဲ့ရဖူးပြီ လက်ရှိ အမည်ကိုပင် ထိုသူထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုကလေးငယ်ကို ကြည့်ရှုရင်း မိမိကိုယ်မိမိ ပြန်လည်၍ အမှတ်ရသွားခဲ့မိပြီး ကလေးကို ကာကွယ်ပေးလိုသည့် ပြင်းထန်လှသော စိတ်ဆန္ဒမျိုး ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း သူသည် မိမိကိုယ်ကိုပင် မကယ်တင်နိုင်သည့် အခြေအနေတွင် ရှိနေခဲ့ရာ အခြားသူများကို မည်သို့ ပံ့ပိုးပေးနိုင်မည်နည်း။

“ဝမ့်ယင်းဂိုဏ်းကကောင်တွေ တကယ်ကို ယုတ်ညံ့လွန်းတယ်...”

ဝမ်ဖုန်း၏ အသံ သူ့ဘေးနားမှ ထွက်ပေါ်လာခဲ့သည်။ ထိုစကားကို ကြားလိုက်ရသောအခါ လင်းလင်ကျိုးက သူကို မျက်စောင်းခဲ၍ကြည့်လိုက်မိသည်။

သူသည် ဤ ဝိညာဉ်သတ္တုတွင်း အတွင်း၌ ကာလကြာမြင့်စွာ ပိတ်လှောင်ခံထားရသော်လည်း အတိတ်က အဖြစ်အပျက်များကို လုံးဝ လက်မလျှော့နိုင်သေးချေ။

ယခုအခါ ကိုးပြည်ထောင်နယ်မြေဆီသို့ ရောက်ရှိရန်ဝေးစွ အသက်ရှင်နိုင်ဦးမည်လားဆိုသည့် အချက်ပင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီ ဖြစ်၏။

ဝမ်ဖုန်းမှာမူ အလွန်ပင် စိတ်သဘောထား ပွင့်လင်းလှသူဖြစ်ပြီး လင်းလင်ကျိုးကို ဤကဲ့သို့သော အခြေအနေမျိုး ရောက်ရှိသွားစေခဲ့သည့်အပေါ်၌ မည်သို့သော အပြစ်ရှိစိတ်ကိုမှ ခံစားရခြင်း မရှိချေ။ သူ့ အမြင်အရဆိုလျှင် လင်းလင်ကျိုးအနေနှင့် ထိုလှေပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်ကတည်းက ဤကဲ့သို့သော အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရမည်မှာ သေချာပေါက် ဖြစ်ပေသည်။ သူသည် လင်းလင်ကျိုးကို မည်သို့သော ကတိစကားမျှ ပေးအပ်ခဲ့ခြင်းမရှိသလို မိမိ၏ အစီအစဉ်များကို နှောင့်ယှက်ခြင်း မပြုစေလိုရုံမျှသာ ဖြစ်သည်။

“ဒီနေ့အတွက်. သတ်မှတ်ထားတဲ့ ပမာဏ မပြည့်မီတဲ့သူတိုင်း အဆိုးရွားဆုံးသော မိစ္ဆာတစ္ဆေတွေကို အစာကျွေးဖို့သာ ပြင်ထားကြပေတော့...”

ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ကျောက်ဆောင်ထိပ်ပေါ်တွင် ရပ်လျက် ဝိညာဉ်သတ္တုတွင်းအတွင်းရှိ ကျွန်များကို ငုံ့ကြည့်ရင်း အော်ဟစ်လိုက်သည်။ သူ့အသံမှာ မူလချီစွမ်းအင်များဖြင့် ပေါင်းစပ်ထားသဖြင့် ဝိညာဉ်သတ္တုတွင်း တစ်ခုလုံးအနှံ့ ဟိန်းထွက်သွားခဲ့သည်။ ဤနေရာရှိ ကျွန်များမှာ ယခုအခါ အာရုံခံစားမှုမဲ့နေကြပြီဖြစ်ရာ မည်သို့သော တုံ့ပြန်မှုမျှ မရှိသလို စိုးရိမ်မှုများလည်း မရှိကြဘဲ တိတ်ဆိတ်စွာဖြင့်သာ အလုပ်လုပ်နေကြလေသည်။

လင်းလင်ကျိုးလည်း အကြည့်များကို ရုပ်သိမ်းလိုက်ပြီးနောက် လုပ်ငန်းသုံးကိရိယာများကို ကောက်ယူကာ သူ့ရှေ့ရှိ ကျောက်ဆောင်များကို ဆက်လက်၍ တူးဖော်နေတော့သည်။

ဆောင်းဦးရာသီ ရောက်ရှိလာခဲ့ပြန်ပြီ…….

ယန်ချင်းတယောက် ခေါင်မိုးစွန်းပေါ်တွင် ရပ်လျက် ဝေးကွာလှသော တောင်တန်းကြီးများကို ငေးကြည့်နေကာ အတွေးများစွာဖြင့် နစ်မြုပ်နေခဲ့ပြီး စိတ်အာရုံများမှာလည်း အရပ်မျက်နှာအမျိုးမျိုးသို့ လွင့်မျောနေခဲ့သည်။

ချင်းရှောင်ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာခဲ့ပြီးနောက်တွင် ဤဂိုဏ်း၏ အကြောင်းကို ပိုမို၍ နက်နဲစွာ နားလည်လာခဲ့ရသည်။ထိုအချက်ကြောင့်ပင် သူ့ခံစားချက်များ အလွန်ပင် ရှုပ်ထွေးနေခြင်းဖြစ်သည်။

ဤဂိုဏ်းမှာ အမှန်တကယ် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်မျှသာ ရှိသေးသည် မဟုတ်ပါလား။

ချင်းရှောင်ဂိုဏ်းနှင့် ဝိညာဉ်ပင်လယ်တို့ကြား၌ ကြီးမားလှသော ကွာဟချက်များ ရှိနေခဲ့သော်လည်း ၎င်းမှာ နှစ်ပေါင်းသုံးဆယ်အတွင်း တည်ဆောက်နိုင်ခဲ့သော ဂိုဏ်းတစ်ခုနှင့် မတူညီလှပေ၊ အထူးသဖြင့် ချင်းရှောင်တောင်မှာ ကိုးပြည်ထောင်နယ်မြေ၏ ဆိတ်သုဉ်းလှသော အရပ်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

ယန်ချင်းသည် ယခင်က လီချင်းချိုးကို အခြားသောအရပ်မှ ရောက်ရှိလာသော မဟာကျင့်ကြံသူကြီးတစ်ဦးဟု ထင်မှတ်ထားခဲ့ဖူးသော်လည်း လီချင်းချိုးမှာ ကိုးပြည်ထောင်နယ်မြေ၏ မူလဒေသခံတစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့ခြင်း မရှိချေ။

လွန်ခဲ့သော ခြောက်လခန့်ကာလအတွင်း ဓမ္မညီလာခံကြီး တစ်ခုလုံးကို ကြည့်ရှုလေ့လာခဲ့ဖူးသည်။ ချင်းရှောင်ဂိုဏ်းအတွင်း၌ ပါရမီရှင်များစွာ ရှိနေကြောင်း ဝန်ခံရမည် ဖြစ်၏။ ဝိညာဉ်ပင်လယ်အတွင်း၌ပင် ထိုကဲ့သို့သော ပါရမီရှင်များကို တွေ့ရခဲလှပြီး အချို့မှာ သူ့ကို သိမ်ငယ်လာသလိုပင် ခံစားရစေသည်။

ဤပါရမီရှင်များသည် အခြားသောအရပ်မှ ရောက်ရှိလာသူများ မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်းမှ ကိုးပြည်ထောင်နယ်မြေအတွင်း၌ ရှာဖွေတွေ့ရှိခဲ့သော တပည့်များ ဖြစ်ကြသဖြင့် ယန်ချင်းအတွက် လုံးဝကို မယုံနိုင်စရာ ဖြစ်နေခဲ့ခြင်း ဖြစ်၏။

သူသည် မိမိကိုယ်မိမိ ပါရမီရှင်အစစ်အမှန် မဟုတ်ဘဲ ဝိညာဉ်ပင်လယ်မှ အရင်းအမြစ်များကို အသုံးပြု၍ ဖန်တီးထားသော အတုအယောင် ပါရမီရှင်တစ်ဦးမျှသာ ဖြစ်မည်လောဟူသည့် အတွေးမျိုးပင် ဖြစ်ပေါ်လာခဲ့ရသည်။

သူသည် ယခုအခါ ကျင့်ကြံမှုကို ပြန်လည် ရရှိခဲ့ပြီဖြစ်သော်လည်း ယခင်ကလို မာန်မာနများ ဆိတ်သုဉ်းသွားခဲ့ရပြီး များစွာ လမ်းပျောက်နေခဲ့ပြီ ဖြစ်၏။

ဝိညာဉ်ပင်လယ်သို့ ပြန်သွားရန်လည်း စိတ်ကူးမရှိတော့ချေ။ ကျင့်ကြံခြင်းကိုပင် ထပ်မံ၍ မပြုလုပ်ချင်တော့ပေ။

“မင်းက ဝိညာဉ်ပင်လယ်ကနေ လာတဲ့ ပါရမီရှင်တစ်ဦးလို့ ငါ ကြားဖူးတယ်... ဝိညာဉ်ပင်လယ်က ဘယ်လောက်အထိ စွမ်းဆောင်ရည် ရှိသလဲဆိုတာကိုတော့ ငါ မသိပေမဲ့ မင်းရဲ့ ခွန်အားကိုတော့ စမ်းသပ်ကြည့်ချင်မိတယ်...”

အမျိုးသမီးတစ်ဦး၏ အသံက ယန်ချင်း၏ အတွေးများကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ သူ လှည့်ကြည့်လိုက်တော့ ခြံဝင်း၏ အပြင်ဘက် တံတိုင်ပေါ်တွင် ရပ်နေ၍ မိမိအား ကြည့်ရှုနေသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ ယွင်ချိုင်ပင် ဖြစ်သည်။

ယန်ချင်း မျက်မှောင်ကြုံ့လိုက်မိသည်။ သူသည် ယွင်ချိုင်နှင့် မည်သို့သော ဆက်ဆံရေးမျိုးမျှ ရှိမနေခဲ့ဖူးသလို သူမ၏ ကိုယ်ပိုင်အချက်အလက်များကိုလည်း သိရှိခြင်းမရှိသော်လည်း သူမသည် ဂိုဏ်းအတွင်း၌ အလွန်ပင် အရေးပါလှသော နေရာတစ်ခု၌ ရှိနေသူ ဖြစ်ရမည်ဟု ခန့်မှန်းနိုင်လိုက်သည်။

သူသည် ဝိညာဉ်အသိအာရုံအဆင့် ပဉ္စမအဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ချင်းရှောင်ဂိုဏ်း၏ ထိပ်တန်းအဆင့်အတွင်း၌ ရှိနေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူ့ရဲ့ ဂုဏ်သတင်းမှာ လူသိများခြင်း မရှိသေးဘဲ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေခြင်းက ချင်းရှောင်ဂိုဏ်းအနေဖြင့် သူ့ရဲ့ အမည်ကို ထုတ်ဖော်ရန် မလိုလားကြောင်း အထင်အရှား သက်သေပြနေခြင်းပင် ဖြစ်သည်။

ယန်ချင်း စကားပြောဆိုရန် စိတ်ကူးမရှိချေ။ ယွင်ချိုင်၏ စိန်ခေါ်မှုကို အေးစက်လှသော အကြည့်များဖြင့်သာ တုံ့ပြန်လိုက်သည်။

သူသည် သူမ၏ ကျင့်ကြံမှု မိမိထက် နိမ့်ကျနေကြောင်းကိုလည်း သိရှိထားခဲ့ပြီဖြစ်ရာ သူမအနေဖြင့် ပြိုင်ဘက် မဖြစ်နိုင်ကြောင်း အစစ်အမှန် ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။

သူသည် အကြည့်များကို ဝေးကွာလှသော အရပ်ဆီသို့ ပြန်လည်၍ ရွှေ့ပြောင်းလိုက်ပြီး နောင်အနာဂတ်အကြောင်းကို စဉ်းစားခြင်းမရှိသလို နောင်တရခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျိုးလည်း မရှိတော့ဘဲ အသိစိတ်ဆုံးရှုံးသွားခဲ့သူအလား တိတ်ဆိတ်စွာဖြင့်သာ ရပ်တည်နေခဲ့တော့သည်။

ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ယွင်ချိုင် သရော်လိုက်မိသည်။

“ဒါဆိုရင် ဝိညာဉ်ပင်လယ်က ပါရမီရှင်တွေက အလွယ်တကူ စိတ်ဓာတ်ကျတတ်ကြတာပေါ့... ဂိုဏ်းချုပ် ဘာဖြစ်လို့ နင့်ကိုအသက်ရှင်ခွင့်ပေးထားလဲ ငါ တကယ်ကို နားမလည်တော့ဘူး... နင်က ငါတို့ ချင်းရှောင်ဂိုဏ်းရဲ့ ဝိညာဉ်ချီစွမ်းအင်တွေကို အလကားဖြန်းတီးနေတာပဲ...”

ထိုစကားလုံးကြောင့် ယန်ချင်း၏ မျက်နှာထား ချက်ချင်းပင် အေးစက်သွားခဲ့ရသည်။ သူသည် ယွင်ချိုင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ့ မျက်လုံးများအတွင်း၌ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာခဲ့ပြီး အရှိန်အဝါမှာလည်း ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ငရဲပင်လယ်ပြင်အတွင်း၌ သူ့ကို ဤသို့သော လေသံမျိုးဖြင့် စကားဆိုဝံ့သူ အလွန်ပင် နည်းပါးလှပေသည်။

ဒေါသထွက်သွားခဲ့သော ယန်ချင်းက ယခင်က ဂုဏ်အရှိန်အဝါများကို ပြန်လည်၍ ရရှိသွားခဲ့ရာ သူ့ ခြေထောက်အောက်ရှိ အိမ်ပင် တုန်ခါသွားခဲ့ရတော့သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါ ယွင်ချိုင်၏ နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

သူမက ချင်းရှောင်ဓားကို ဆွဲထုတ်လိုက်ပြီးနောက် ယန်ချင်းကို ဓားဖြင့် ချိန်ရွယ်ကာ…

“ နင့်ရဲ့ ဝိညာဉ်ပင်လယ်က ခွန်အားတွေကို သက်သေပြလိုက်စမ်းပါ...”

ယန်ချင်းသည် ညာလက်ကို မြှောက်လိုက်ပြီးနောက် လက်ချောင်းနှစ်ချောင်းကို နှုတ်ခမ်းရှေ့၌ ထားရှိလိုက်ပြီး ယွင်ချိုင်ကို ငုံ့ကြည့်လျက် အေးစက်စွာ ဆိုလိုက်‌လေသည်။

“မင်း သေလမ်း ရှာနေတာပဲ...”

ယွင်ချိုင် လေထဲသို့ခုန်တက်သွားခဲ့ပြီးနောက် ဓားကို ကိုင်ဆောင်လျက် ယန်ချင်းထံသို့ ဦးတည်၍ တစ်ဟုန်ထိုး ချီတက်သွားလေသည်။

…………………

ညဉ့်နက်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ပျော်ရွှင်နေခဲ့သော လီချင်းချိုးက လင်းရှောင်ဝင်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

ကာလကြာမြင့်စွာ လေ့လာစူးစမ်းပြီးနောက်တွင်မူ သူသည် မိမိ၏ မူလချီစွမ်းအင်များကို ဝိညာဉ်ပေါ်သို့ အောင်မြင်စွာ ထိတွေ့နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မူလချီစွမ်းအင်များကို ဝိညာဉ်ပေါ်သို့ ကပ်ငြိစေရန်မှာ မည်သို့မျှ ခက်ခဲလှသော ကိစ္စရပ်တစ်ခု မဟုတ်တော့ချေ။

ကောင်းကင်နေမင်းနယ်ပယ်ဆီသို့ ဦးတည်နေခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည့်အခါတွင်မူ လမင်းကြီးကို ငေးမောကြည့်ရှုနေသော ချူကျင်းကို မြင်တွေ့လိုက်ရသည်။

ခြေသံများကို ကြားသိလိုက်ရသဖြင့် ချူကျင်း ချက်ချင်းပင် နောက်လှည့်ပြီး လီချင်းချိုးကို ဦးညွှတ်လိုက်လေသည်။

………………….

ဓမ္မညီလာခံအတွင်း ရှောင်ဝူချင်း၏ရှုံးနိမ့်သွားခဲ့ပြီးနောက်တွင် လီချင်းချိုးက သူ့အား အပြင်းအထန် ကျင့်ကြံရန်အတွက် ဂိုဏ်းပြင်ပသို့ ပြန်လည်စေလွှတ်လိုက်ပြီ ဖြစ်သည်။

ရှောင်ဝူချင်းမှာ ပါရမီနှစ်မျိုးစလုံး ထူးချွန်လှသဖြင့် ကျင့်ကြံခြင်းကို နှောင့်နှေးစေခြင်းမှာ များစွာ နှမြောစရာကောင်းလှပေသည်။ လီချင်းချိုးအနေဖြင့် အလုပ်ခိုင်းစေရန်အတွက် လူအများစု ရှိနေခဲ့ပြီ ဖြစ်၏။

ချင်းရှောင်အမိန့်ပြား ရှိနေခဲ့သဖြင့် လီချင်းချိုးအနေဖြင့် တစ်စုံတစ်ယောက်ကို မိမိအတွက် အလုပ်ကိစ္စများ လုပ်ဆောင်စေရန် သီးသန့် ခေါ်ဆောင်ထားရန် မလိုအပ်တော့ချေ။

“ဘာဖြစ်တာလဲ... အရေးကြီးတဲ့ ကိစ္စများ ရှိနေသလား...”

“ယွင်ချိုင်က ယန်ချင်းကို သွားရှာခဲ့တယ်... သူတို့နှစ်ဦးစလုံး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြပါတယ်...”

“ရလဒ်က ဘယ်လိုဖြစ်သွားသလဲ...”

“ယန်ချင်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိသွားခဲ့ပြီး လုံးဝ ရှုံးနိမ့်သွားခဲ့ပါတယ်... ဟယ်ကျင်းရှု သူ့ကို ကုသပေးနေပါတယ်...”

“ဒါဆိုရင်တော့ ငါတို့ ချင်းရှောင်ဂိုဏ်းက ပါရမီရှင်တွေက ပိုပြီးတော့ စွမ်းဆောင်နိုင်စွမ်း ရှိနေကြတာပေါ့...”

လီချင်းချိုးက အံ့အားသင့်သွားခြင်းမရှိဘဲ တဟက်ဟက် ရယ်မောလိုက်သည်။

ချူကျင်းက နားမလည်နိုင်စွာဖြင့်…

“ဘာဖြစ်လို့ ယွင်ချိုင်ကို အနိုင်ယူခိုင်းလိုက်ရတာလဲ...”

ယန်ချင်း လွတ်လပ်ခွင့် ပြန်လည်ရရှိခဲ့ပြီးနောက်ပိုင်းတွင် လီချင်းချိုးအနေဖြင့် ယန်ချင်းကို သိမ်းသွင်းလိုခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ ယွင်ချိုင်ကို စေလွှတ်၍ အရှက်ရအောင် လုပ်ဆောင်လိုက်ခြင်းမှာ သူ နားလည်နိုင်စွမ်း မရှိသော ကိစ္စရပ်တစ်ခု ဖြစ်နေခဲ့သည်။

“သူက အတော်လေးကို စိတ်ဓာတ်ကျနေခဲ့တာလေ... သူ့ကို အားပေးစကား ပြောရုံလောက်နဲ့ မလုံလောက်သေးဘူး... သူကိုယ်တိုင် အားနည်းတယ်လို့ ယူဆထားတဲ့ လူတစ်ယောက်ဆီကနေ အရှက်ရအောင် အနိုင်ကျင့်ခံလိုက်ရမယ်ဆိုရင်တော့ သူ့ရဲ့ တိုက်ခိုက်လိုစိတ်တွေ ပြန်လည် ဆူပွက်လာနိုင်စရာ အကြောင်း ရှိနေမှာပေါ့...”ဟု လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားလိုက်လေသည်။

သူသည် စားပွဲရှည်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီးနောက် ပြင်ဆင်ထားသော လက်ဖက်ရည်ကြမ်းကို မိမိဘာသာ ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

ချူကျင်း သူ့ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး….

“အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ကနေ သတင်းတွေ ရောက်လာခဲ့ပါတယ်... လတ်တလောမှာ အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ရဲ့ အပြင်ဘက် တောနက်တွေထဲမှာ ဆန်းကြယ်လှတဲ့ ကျင့်ကြံသူတွေ ပေါ်ထွက်နေခဲ့ကြတယ်... သူတို့က တစ်ယောက်တည်း မဟုတ်ဘူး အရေအတွက်ကလည်း တဖြည်းဖြည်း များပြားလာနေခဲ့သလို သူတို့ကလည်း ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့ကို အစပျိုးခြင်း မပြုကြပါဘူး... ဒါဟာ ကောင်းတဲ့ အရိပ်အယောင်တော့ မဟုတ်ဘူး...”

“ယွမ်လီ ဘာမှ မလုပ်ခဲ့ဘူးလား...”

“သူ လုပ်ဆောင်ခဲ့ပါတယ်... သူက သူတို့ထဲက နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့ပေမဲ့ သူတို့မှာ တစ္ဆေပုံစံ မှော်ပစ္စည်းတွေ ရှိနေခဲ့သလို အမြင်အာရုံနဲ့ ဝိညာဉ်အသိအာရုံတွေကိုပါ ဖုံးကွယ်ထားနိုင်တဲ့ တစ္ဆေမြူခိုးတွေကို ဖန်တီးခဲ့ကြတာမို့ လွတ်မြောက်သွားခဲ့ကြပါတယ်...”

ချူကျင်းက ဤကိစ္စကို များစွာ ခံစားချက်ပါပါဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်၏။

သူ လက်ခံရရှိခဲ့သော သတင်းအချက်အလက်များအရဆိုလျှင် ယွမ်လီ၏ ခွန်အားမှာ အလွန်ပင် ပြင်းထန်လှပေရာ ထိုသူတို့မှာ ယွမ်လီနှင့် တူညီသော နယ်ပယ်အဆင့်တွင် ရှိမနေခဲ့ကြသည့်အလား ဖြစ်နေခဲ့သည်။

ယွမ်လီသည် ထိုနေရာ၌ လအနည်းငယ်ခန့်သာ နေထိုင်ခဲ့ရသေးသော်လည်း အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်အတွင်းရှိ သူ့ရဲ့ ဂုဏ်သတင်းမှာမူ ဂူးချန်ဖိန်ထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။

“တစ္ဆေပုံစံ မှော်ပစ္စည်း ဟုတ်လား... ကြည့်ရတာ သူတို့တွေက ဖြောင့်မတ်တဲ့ လမ်းစဉ်က လူတွေတော့ မဟုတ်လောက်ဘူး...”

“ဖြစ်နိုင်တာက ဝမ့်ယင်းဂိုဏ်းနဲ့ ဆက်နွှယ်မှုတွေ ရှိနေတာ ဖြစ်ပါလိမ့်မယ်... အရင်တုန်းက တစ္ဆေမြို့တော်က သူတို့ရဲ့ ဂိုဏ်းခွဲ မဟုတ်ဘူးလား... ဖြစ်နိုင်တာက ကျွန်တော်တို့တွေ တစ္ဆေမြို့တော်ကို သိမ်းပိုက်လိုက်တာက သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားတယ်ထင်တယ်...”

“ဝမ့်ယင်းဂိုဏ်းကို စုံစမ်းထောက်လှမ်းဖို့အတွက် လူတွေ စေလွှတ်နိုင်မည့် နည်းလမ်းကို ရှာဖွေကြည့်ပါဦး...”

ချူကျင်းသည် ဂိုဏ်း၏ ထောက်လှမ်းရေးကိစ္စရပ်များကို တာဝန်ယူရသော တပည့်အဖွဲ့တစ်ခု ရှိနေခဲ့ပြီး သူတို့၏ ကျင့်ကြံမှုအဆင့်မှာလည်း ယခုအခါ နိမ့်ကျနေခြင်း မရှိတော့ချေ။

အကယ်၍ သူတို့သာ ဝမ့်ယင်းဂိုဏ်းကို တိုက်ခိုက်ခြင်းမပြုဘဲ စောင့်ဆိုင်းနေခဲ့မည်ဆိုပါက ချင်းရှောင်ဂိုဏ်းအနေဖြင့် အလွန်ပင် အားနည်းသွားလိမ့်မည်ဖြစ်ရာ ထို့ကြောင့် လီချင်းချိုးက ဝမ့်ယင်းဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရရှိနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားလိုနေခြင်း ဖြစ်၏။

“ကျွန်တော် စီစဉ်ထားပြီးပါပြီဗျ...”

“အဲဒါဆိုရင်တော့ ကောင်းတာပေါ့...”

ပြောပြီးသည်နှင့် လီချင်းချိုးက လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်လေသည်။

ချူကျင်းက အနှောင့်အယှက် မပြုတော့ဘဲ အရိုအသေပေးကာ ထွက်ခွာသွားခဲ့တော့သည်။

လီချင်းချိုးတယောက်တည်းကျန်ခဲ့တော့ ညဉ့်နက်ပိုင်း ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်ရာ မိုးတိမ်များက တောက်ပလှသော လမင်းကြီးကို တဖြည်းဖြည်းချင်း ဖုံးကွယ်သွားခဲ့ကြပြီ ဖြစ်သည်။

“ဝမ့်ယင်းဂိုဏ်း...”

………………..

ဆောင်းရာသီ မိုးနှင်းခဲများ တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ကြပြီး ဓမ္မညီလာခံ၏ စည်ကားသိုက်မြိုက်မှုများလည်း နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့ပြီဖြစ်ရာ ချင်းရှောင်ဂိုဏ်းမှာ အေးဆေးငြိမ်းချမ်းမှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

နိုဝင်ဘာလ၏ နောက်ပိုင်းကာလ၌……

လီချင်းချိုး လီရွှယ်တောင်ထွတ်ရှိ အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ဆီသို့ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့၏။

သူသည် တင်ပလ္လင်ခွေလျက် မျက်လုံးများကို ပိတ်ထားခဲ့ပြီး အသိစိတ်က မိမိအနေဖြင့် ​ဓမ္မပုံရိပ်ကို သွန်းလုပ်လိုက်ပြီဆိုပါက ကောင်းကင်ဘုံ၏ စွမ်းအားကြီးမားမှုများကို ကြုံတွေ့ရလိမ့်မည်ဟု ပြောဆိုနေခဲ့သဖြင့် အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ဆီသို့ ကြိုတင်၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

သူသည် မိမိ၏ မူလချီစွမ်းအင်များကို ဝိညာဉ်ပေါ်တွင် အောင်မြင်စွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီ ဖြစ်သလို မိမိ၏ ​ဓမ္မပုံရိပ်အပေါ်၌လည်း အတိုင်းအတာတစ်ခုအထိ အာရုံခံနိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူ စဉ်းစားရမည့်အချက်မှာ ဤ​ဓမ္မပုံရိပ်က မည်သို့သော အသွင်သဏ္ဌာန် ရှိနေရမည်နည်းဟူသောအချက်ပင်။

ဝေထျန်းရှုံး၏ ပြောစကားအရဆိုလျှင် ​ဓမ္မပုံရိပ် ပေါ်ထွက်လာခဲ့ပြီဆိုပါက ၎င်းသည် ရန်သူများကို မိမိကိုယ်တိုင် ချုပ်ကိုင်ထားနိုင်သော နယ်ပယ်တစ်ခုအတွင်းသို့ ဆွဲခေါ်နိုင်လိမ့်မည် ဖြစ်သည်။

နယ်ပယ်တစ်ခုဆိုသည်မှာ အဘယ်နည်း….

လီချင်းချိုးကတော့ ၎င်းမှာ ရန်သူအား လက်တွေ့ဘဝမှ ခွဲထုတ်လိုက်သော ကမ္ဘာငယ်တစ်ခု ဖြစ်သင့်သည်ဟု ခံစားမိနေခဲ့သည်။

မေးခွန်းတစ်ခုကိုလည်း တွေးတောမိလိုက်သည်။

​ဓမ္မပုံရိပ်၏ နယ်ပယ်မှာ မည်မျှအထိ ကျယ်ဝန်းလှသင့်သနည်းဟူသောအချက်ပင်။

သေးငယ်လျှင် ရန်သူအား ပိုမိုထိရောက်စွာ ချုပ်ကိုင်ထားနိုင်ခြင်းဟူသော အကျိုးကျေးဇူး ရှိသော်လည်း အားနည်းချက်မှာ ရန်သူကို ချုပ်ကိုင်ထားရန် မလွယ်ကူလှပေ။

အကယ်၍ ၎င်းမှာ ကြီးမားလှမည်ဆိုပါက သွန်းလုပ်ရမည့် ခက်ခဲမှုမှာလည်း သေချာပေါက် ပိုမိုမြင့်မားလာပေလိမ့်မည်။

သူ့နယ်ပယ်အတွင်း၌ မည်သို့သော မြင်ကွင်းမျိုး ရှိနေသင့်သနည်းဟူသောအချက်နှင့် ထိုနယ်ပယ်အတွင်း၌ မည်သို့သော ကိုယ်ဟန်အနေအထားဖြင့် ရှိနေသင့်သနည်းဟူသောအချက်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

လီချင်းချိုး နက်နဲစွာ စဉ်းစားနေခဲ့သည့် ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီများ အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်အပေါ်၌ တဖြည်းဖြည်းနှင့် စုဝေးလာခဲ့ကြပြီး လေထု၏ ပုံစံများကို ပီပြင်လာစေခဲ့သည်။

ဝေထျန်းရှုံးက ကောင်းကင်လက်မှုပညာခန်းမအတွင်း၌ ကျင့်ကြံနေခဲ့ရင်း မျက်လုံး ဖွင့်၍ ပြတင်းပေါက်၏ အပြင်ဘက်ကို ငေးကြည့်လိုက်သည်။

“ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါတွေ... သူ အောင်မြင်တော့မှာပဲ... ဒါက မြန်လွန်းနေတာပဲ...”

ဝေထျန်းရှုံး မိမိဘာသာ တိုးညှင်းစွာ ရေရွတ်မိလိုက်ရင်း လေသံအတွင်း၌ ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း၊ သူသည် ဝိညာဉ်အသိအာရုံအဆင့် နဝမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး ​ဓမ္မပုံရိပ်ကို သွန်းလုပ်ရန်အတွက် ကြိုးစားခဲ့စဉ်က တစ်နှစ်တာ ကာလတစ်ခုလုံးကို အချိန်ယူခဲ့ရဖူးသည်။ ထိုကဲ့သို့သော မြန်ဆန်မှုမျိုးက ရှန်ယွမ်ဂိုဏ်းကို တုန်လှုပ်သွားစေခဲ့ပြီး ဂိုဏ်းချုပ်၏ ချီးကျူးမှုကို ရရှိခဲ့ဖူးသည်။

သို့သော်လည်း ယခုအခါ လီချင်းချိုးနှင့် နှိုင်းယှဉ်လိုက်သည့် အခါတွင်မူ သူသည် အတိတ်က ရရှိခဲ့ဖူးသော ချီးကျူးမှုများမှာ ဟာသတစ်ခုအလား ခံစားလိုက်ရတော့သည်။

“မင်းလိုမျိုး စွမ်းအားကြီးမားတဲ့ လူတစ်ယောက်က ဘယ်လိုမျိုး ​ဓမ္မပုံရိပ်ကို ဖန်တီးမလဲဆိုတာ...”

ဝေထျန်းရှုံး အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လီချင်းချိုး၏ ​ဓမ္မပုံရိပ်ကို စောင့်ကြည့်ရန်အတွက် အားခဲနေမိတော့သည်။

ထို့နောက် မျက်လုံးများကို ပိတ်လိုက်ပြီး ဟွမ်ယွမ်ကျမ်းစာကိုသာ ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။

သူ ဟွမ်ယွမ်ကျမ်းစာကို ရရှိခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ ပြည့်စုံမှုများကြောင့် စွဲလမ်းနေခဲ့ရခြင်း ဖြစ်သည်။ အခြားသော ကျင့်စဉ်များကို ကျင့်ကြံခဲ့ဖူးသော ကျင့်ကြံသူတစ်ဦးသာလျှင် ၎င်း၏ ပြည့်စုံမှုကို ပိုမို ခံစားနိုင်ကြပေသည်။

ဟွမ်ယွမ်ကျမ်းစာ၌ တောက်ပလှသော ဝိသေသလက္ခဏာများ မရှိသော်လည်း ၎င်း၏ ခွန်အားမှာ သန့်စင်ပြီး ပြည့်စုံလှပေသည်။ ၎င်းမှတစ်ဆင့် ကျင့်ကြံရရှိသော မူလချီစွမ်းအင်မှာ အညစ်အကြေးကင်းစင်သလို အလွန်ပင် တည်ငြိမ်လှပေသည်။

ဟွမ်ယွမ်ကျမ်းစာက ဝေထျန်းရှုံးကို မူလကျင့်ကြံမှုများ ပြန်လည် ရရှိစေနိုင်မည့် မျှော်လင့်ချက်များ ပေးစွမ်းနိုင်ခဲ့သဖြင့် သူသည် ယခုအခါ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့ပြီး ပြင်ပသို့ ထွက်ခွာခြင်းမျိုး မရှိခဲ့ချေ။

ချင်းရှောင်ဂိုဏ်းသည် ယနေ့ခေတ်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် တပည့်တစ်ဦး သို့မဟုတ် နှစ်ဦးသည် ရက်အနည်းငယ်ကြာတိုင်း လီရွှယ်တောင်ထွတ်ဆီသို့ တက်ရောက်လျက် အတိဒုက္ခကို ကျော်ဖြတ်ကာ အဆင့်တက်လှမ်းလျက် ရှိကြသည်။

နောက်တစ်နေ့ နံနက်ခင်းတွင် ဟူယန် အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်ရန်အတွက် လီရွှယ်တောင်ထွတ်ဆီသို့ တက်ရောက်လာခဲ့သည်။

သူ့အနားတွင် ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များက သူ့အတွက် အတိဒုက္ခရင်ဆိုင်ရာ အစီအရင်များကို ပြင်ဆင်ပေးရန် လိုက်ပါလာခဲ့ကြသည်။ ဤသည်မှာ ချင်းရှောင်ဂိုဏ်းမှ မိမိ၏ တပည့်များအပေါ်ထားရှိသော ဂရုစိုက်မှုများပင် ဖြစ်သည်။မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေကြသူများက ဂိုဏ်းထံသို့ အတိဒုက္ခရင်ဆိုင်ရာ အရင်းအမြစ်များကို လျှောက်ထားနိုင်ကြသည်။

သူတို့တွေ တောင်ထိပ်သို့ ရောက်ရှိသွားခဲ့သည့် အခါတွင် ရပ်တန့်သွားခဲ့ကြပြီး အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ထက်ရှိ ပုံရိပ်တစ်ခုကို အံ့ဩတကြီးဖြင့် ငေးကြည့်နေမိကြတော့သည်။

ဘာဖြစ်လို့ ဂိုဏ်းချုပ်က ဒီနေရာမှာ ရှိနေရတာလဲ……

All Chapters