← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀ ကောင်းကင်နေမင်းနယ်ပယ်သို့ အဆင့်တက်လှမ်းခြင်း….

“ဂိုဏ်းချုပ်က အတိဒုက္ခ ရင်ဆိုင်ကျော်ဖြတ်တော့မှာလား...”

ကောင်းကင်လက်မှုပညာခန်းမမှ တပည့်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်၏။ သူတို့၏ နှလုံးသားအတွင်း၌ ဂိုဏ်းချုပ်သည်သာ အစွမ်းထက်ဆုံးသော ဖြစ်တည်မှုကြီး ဖြစ်ပေသည်။ ချင်းရှောင်ဂိုဏ်း၏ သမိုင်းတစ်လျှောက် ပထမဆုံးသော ကောင်းကင်ဘုံအတိဒုက္ခကိုလည်း သူကိုယ်တိုင်ပင်လျှင် စတင်လှုံ့ဆော်ခဲ့ဖူးသည်မဟုတ်ပါလား။

အကယ်၍ ဂိုဏ်းချုပ်သာ အတိဒုက္ခကို ထပ်မံ၍ ရင်ဆိုင်ကျော်ဖြတ်မည်ဆိုပါက ထိုအဓိပ္ပာယ်မှာ ပိုမိုမြင့်မားသော နယ်ပယ်အဆင့်တစ်ခုဆီသို့ ထပ်မံ၍ အဆင့်တက်လှမ်းတော့မည်ဟူသောအချက် ဖြစ်ပေလိမ့်မည်။

ဝိညာဉ်အသိအာရုံအဆင့်ထက် များစွာ ပိုမိုမြင့်မားလှသော မဟာနယ်ပယ်ကြီးတစ်ခု...

တစ်ခဏမျှ မှင်တက်သွားခဲ့ရပြီးနောက်တွင် ဟူယန်က လီချင်းချိုးကို ကြည်ညိုလေးစားလှသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်ရင်း….

“ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ အဆင့်တက်လှမ်းမယ့် ကိစ္စကို နောက်ထပ် ရက်အနည်းငယ်လောက် ကြိုတင်ပြီးတော့ ရွှေ့ဆိုင်းထားလိုက်ပါ့မယ်...”

အခြားသော ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များကလည်း မည်သို့သော ကန့်ကွက်မှုမျိုးမျှ မရှိခဲ့ကြချေ။

ဂိုဏ်းအတွင်းရှိ မည်သူကများ တောင်ပေါ်သို့ တက်ရောက်၍ ဂိုဏ်းချုပ်ကို မောင်းထုတ်ရဲမည်နည်း။

သူတို့တွေ တောင်အောက်ဆင်းသက်ခြင်းမျိုးလည်း မပြုကြဘဲ စင်မြင့်ထက်ရှိ လီချင်းချိုး၏ ပုံရိပ်ကို စပ်စုလိုစိတ်များဖြင့်သာ သေသေချာချာ စောင့်ကြည့်နေခဲ့ကြတော့သည်။

လီချင်းချိုးသည် ယခုအခါ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေအတွင်းသို့ အပြည့်အဝ ဝင်ရောက်သွားခဲ့ပြီဖြစ်ရာ မိမိ၏ ကိုယ်ပိုင်​ဓမ္မပုံရိပ်ကို သွန်းလုပ်ရန်အတွက်သာ စိတ်အာရုံစိုက်ထားခဲ့လေသည်။ ချင်းရှောင်ဂိုဏ်းအတွင်း၌ ရှိနေခဲ့ခြင်းဖြစ်သဖြင့် ပြင်ပမှ လာရောက်၍ လျှို့ဝှက်တိုက်ခိုက်ကြမည့် အန္တရာယ်များကို ကြောက်ရွံ့ခြင်း မရှိချေ။ ၎င်းအပြင် သူ့ထံ၌ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ ရှိနေခဲ့ပြီ ဖြစ်ရာ အကယ်၍ တိုက်ခိုက်ခြင်း ခံရမည်ဆိုပါကလည်း ထိုကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက သူ့ရဲ့ ခန္ဓာကိုယ်ကြိ သဘာဝအတိုင်း အလိုလို ကာကွယ်ပေးသွားမည် ဖြစ်သည်။

သူ၏ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီသည် ဟူယန်နှင့် လုံးဝ နှိုင်းယှဉ်၍ ရနိုင်ခြင်းမရှိဘဲ မည်သည့် ဝိညာဉ်အသိအာရုံအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကမျှ သူ့အား ဒဏ်ရာရအောင် လုပ်ဆောင်နိုင်စွမ်း မရှိချေ။

လီချင်းချိုး၏ ရင်ထဲ၌ အစီအစဉ်များ ရှိပြီးသားပင်။

သူသည် လက်ရှိ ပိုင်ဆိုင်ထားခဲ့ဖူးသော ကိုယ်ပိုင်ကံကြမ္မာများမှတစ်ဆင့် ​ဓမ္မပုံရိပ်ကို သွန်းလုပ်ရန်အတွက် ပြင်ဆင်လိုက်တော့သည်။

အချို့သော ကံကြမ္မာများမှာမူ ပုံရိပ်အသွင်သဏ္ဌာန်အဖြစ် ပြောင်းလဲရန်အတွက် သင့်တော်လှခြင်းမရှိသဖြင့် ‘မွေးရာပါ ဓားရူးသွပ်သူ’ ‘အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ’ ‘လူသားလောက၏ တစ္ဆေနတ်ဘုရား’ ‘ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ’ နှင့် ‘ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်’ ဟူသော ကံကြမ္မာငါးမျိုးကိုသာ ပီပြင်အောင် သွန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူ့ရဲ့ ​ဓမ္မပုံရိပ်နယ်ပယ် သေးငယ်လွန်း၍ မရနိုင်ချေ။ ခံစားချက်အရဆိုလျှင် ၎င်းမှာ ပိုမိုကြီးမားကျယ်ပြန့်လေလေ ပို၍ ကောင်းမွန်လေလေ ဖြစ်ရမည်ဖြစ်ကာ အကောင်းဆုံးအနေဖြင့် အဆုံးမဲ့အထိ ကျယ်ဝန်းနေသင့်ပေသည်။

ကမ္ဘာကြီး မည်မျှပင် ကျယ်ဝန်းပါစေဦးတော့ သူ့ရဲ့ ​ဓမ္မပုံရိပ်မှာလည်း ထိုမျှအထိ ကြီးမားကျယ်ပြန့်နေရမည် ဖြစ်သည်။

စိတ်ကူးစိတ်သန်းများက ခမ်းနားထည်ဝါလှသော်လည်း လုပ်ဆောင်မှုအပိုင်းကိုမူ အဆင့်ဆင့် စနစ်တကျပြင်ဆင်ရပေမည်။

လီချင်းချိုး၏ အတွေးများ ကြီးထွားလာခဲ့သည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီများလည်း တစ်ဟုန်ထိုး ဆူပွက်လာခဲ့ကြပြီး အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်၏ ဘေးပတ်ပတ်လည်၌ လှည့်ပတ်၍ စုဝေးလာခဲ့ကြပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင်မူ လီချင်းချိုး၏ ဝိညာဉ်ပေါ်တွင် အပြောင်းအလဲအချို့ စတင်၍ ပေါ်ထွက်လာခဲ့လေပြီ။ ဝိညာဉ်ကို ဖုံးကွယ်ထားခဲ့သော မူလချီစွမ်းအင်များ အပြင်းအထန် ဆူပွက်လာခဲ့ကြပြီး တဖြည်းဖြည်းနှင့် ငွေရောင်ပုံရိပ် ငါးခုအဖြစ်သို့ စတင်၍ စုစည်းသွားခဲ့ကြသည်။

လီချင်းချိုးအတွက်မူ ဤလုပ်ဆောင်မှုအဆင့်မှာ နှေးကွေးလှသည်ဟု ခံစားရသော်လည်း လက်တွေ့လောကအတွင်း၌မူ အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

လီရွှယ်တောင်ထွတ်၏ တောင်ထိပ်ပေါ်၌ စုဝေးရောက်ရှိလာကြသော တပည့်အရေအတွက် ပိုမို၍ များပြားလာခဲ့ပြီး ဂိုဏ်းချုပ်အနေဖြင့် အဆင့်တက်လှမ်းရင်း အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်တော့မည်ဟူသော သတင်းများ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သဖြင့် ဤခမ်းနားလှသော မြင်ကွင်းကြီးကို ကြည့်ရှုနိုင်ရန်အတွက် လူပေါင်းများစွာ ဆက်လက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပေသည်။

ဂိုဏ်းချုပ် ရင်ဆိုင်ကျော်ဖြတ်မည့် အတိဒုက္ခကြီးဟူသည်မှာ ဝိညာဉ်အသိအာရုံအဆင့်ကို ကျော်လွန်လျက် ပိုမိုမြင့်မားလှသော မဟာနယ်ပယ်ကြီးတစ်ခုဆီသို့ တက်လှမ်းခြင်း ဖြစ်ရမည်မှာ သေချာလှပေသည်။

လီတုန်းယွဲ့ ၊ လီစစ်ကျင်၊ ရွှီနင်း ယွင်ချိုင် ၊လီရှို့ကျန်း ၊လီရှို့မင် နှင့် အခြားသောသူများလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ အချို့သော တပည့်များမှာက ချင်းရှောင်ဓားများကို စီးနင်း၍ လေထုထဲ၌ လွင့်ပျံနေကြရင်း လီချင်းချိုးကို ကြည့်ရှုနေခဲ့ကြသည်။

လီချင်းချိုး၏ ကောင်းကင်အတိဒုက္ခ အစစ်အမှန် ကျရောက်လာခြင်းမရှိသေးသော်လည်း သူသည် ကောင်းကင်နှင့်မြေကြီး၏ ခွန်အားများကို စတင် လှုံ့ဆော်ခဲ့ပြီဖြစ်ရာ သူ့ ခန္ဓာကိုယ်ထက်မှနေ၍ ကြီးမားကျယ်ပြန့်လှသော ဖိအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သဖြင့် ဘေးပတ်ပတ်လည်ရှိ ပွဲကြည့်ပရိသတ်အားလုံး၏ နှလုံးသားများကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

ထိုသူမှာ မိမိတို့၏ ဂိုဏ်းချုပ် ဖြစ်နေခဲ့ခြင်းကြောင့်သာ တပည့်များ၏ ရင်ထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများကို ခံရခြင်းမရှိဘဲ စိုးရိမ်ပူပန်မှုများကို လေးစားကြည်ညိုစိတ်များအဖြစ်သို့သာ ပြောင်းလဲလိုက်ကြတော့သည်။

ချင်းရှောင်ဂိုဏ်း၏ တပည့်တိုင်း ကောင်းစွာ ယုံကြည်ထားကြသည်မှာ ဂိုဏ်းချုပ်က သူတို့အပေါ် ဘယ်သောအခါမှ ဘေးအန္တရာယ် ဖြစ်စေလိမ့်မည်မဟုတ်ဟူသောအချက်ပင်။

အရိပ်ထဲတွင်ပုန်းနေရသော တပည့်များပင်လျှင် လီချင်းချိုးအပေါ် မည်သို့သော သံသယမျိုးမှ ရှိမနေခဲ့ကြဖူးချေ။ ယနေ့တိုင်အောင် လီချင်းချိုး၏ သူရဲကောင်းဆန်ဆန် စွမ်းဆောင်ချက်ပုံပြင်များမှာ ဂိုဏ်းအတွင်း၌ ကျယ်ပြန့်စွာ ပြန့်နှံ့နေခဲ့ဆဲဖြစ်ပြီး မျိုးဆက်သစ်တပည့်များအား မတရားမှုကို တိုက်ဖျက်၍ ဖြောင့်မတ်စွာ ရပ်တည်နိုင်ရန်အတွက် အမြဲတမ်း စိတ်ဓာတ်ခွန်အားများ ပေးစွမ်းနေခဲ့သည်မဟုတ်ပါလား။

လီချင်းချိုး အသက်ရှင်နေသရွေ့တော့ ချင်းရှောင်ဂိုဏ်းဟူသည်မှာ ဖြောင့်မတ်ခြင်းတရားကို လက်ကိုင်ထားသော စစ်မှန်သော ဖြောင့်မတ်သည့် လမ်းစဉ်ဂိုဏ်းကြီးအဖြစ်သာ အမြဲတမ်း တည်တံ့နေပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းနှစ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

လီရွှယ်တောင်ထွတ်ပေါ်၌ စောင့်ကြည့်နေကြသော အရေအတွက်မှာ လျော့နည်းသွားခြင်းမရှိသည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် ပိုမို၍ပင် တိုးပွားလာခဲ့ရလေသည်။

ဘေးချင်းယှဉ်လျက်ရှိသော တောင်ထွတ်အသီးသီးမှ တပည့်များပင်လျှင် ဝေးကွာလှသော အရပ်မှနေ၍ငေးကြည့်နေခဲ့ကြသည်။

လိပ်တက်လာသော မိုးကြိုးတိမ်တိုက်ကြီးများသ တစ်ဟုန်ထိုး ရောက်ရှိလာခဲ့ကြပြီး လီရွှယ်တောင်ထွတ် တစ်ခုလုံးကို လျင်မြန်စွာပင် ဖုံးလွှမ်းသွားခဲ့လေသည်။

လီရှို့မင်က အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ထက်ဆီသို့ စိုက်ကြည့်လိုက်ရင်း ရုတ်ခြည်း မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်လေသည်။

“အစ်ကိုကြီး... ဟိုမှာ ကြည့်စမ်းပါဦး...”

အနီးနားရှိ လီရှို့ကျန်းနှင့် အခြားသူများလည်းချက်ချင်းကြည့်လိုက်ကြတော့ လီချင်းချိုး၏ ခန္ဓာကိုယ်အတွင်းမှ မူလချီစွမ်းအင်များ ထွက်ပေါ်လာခဲ့ကြပြီးနောက် သူ့ နောက်ကွယ်ရှိ လေထုထဲ၌ တဖြည်းဖြည်းနှင့် ကြီးမားလှသော ငွေရောင်ပုံရိပ်ငါးခုအဖြစ်သို့ စုစည်းသွားခဲ့ကြပြီ ဖြစ်ကြောင်း ထင်ရှားစွာ မြင်တွေ့လိုက်ကြရသည်။

ထိုပုံရိပ်ကြီး ငါးခုစလုံးမှာ ကွဲပြားခြားနားလှသော ခန္ဓာကိုယ်တည်ဆောက်ပုံများနှင့် ကိုယ်ဟန်အနေအထားများကို ပိုင်ဆိုင်ထားကြပြီး အားလုံးထက်မှနေ၍ နတ်ဘုရားများ လောကသို့ ဆင်းသက်လာခဲ့ကြသည့်အလား ကြီးမားကျယ်ပြန့်လှသော ဖိအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်နေခဲ့ကြသည်။

“အဲ့..အဲ့တာ ဘာလဲ...”

ယန်ကျွယ်တိန်၏ မျက်နှာထက်၌ ကြီးမားလှသော ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့လေသည်။ သူတစ်ဦးတည်းတင်မကဘဲ လီချင်းချိုး၏ ခန္ဓာကိုယ်ပေါ်ရှိ ထိုပုံရိပ်ကြီး ငါးခုကို ကြည့်ရှုနေကြသော အခြားသောသူများအားလုံးလည်း မျက်နှာအမူအရာများ ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။

ထိုပုံရိပ်ကြီး ငါးခုစလုံးမှာ လီချင်းချိုးကိုယ်တိုင်နှင့် တူညီသော အသွင်သဏ္ဌာန် ရှိမနေခဲ့ကြဘဲ ပိုမို၍ နက်နဲဆန်းကြယ်လှပေရာ အချို့မှာ ပိုမို၍ပင် ထွားကျိုင်းသန်မာလှပေသည်။

“ဒါတွေက... မူလဘိုးဘေးနတ်မင်းကြီး ငါးပါးများလား...”

တပည့်တစ်ဦးက ရုတ်တရက် အံ့ဩတကြီး ရေရွတ်မိလိုက်သဖြင့် ၎င်းက လူအုပ်ကြီးကြား၌ ကြီးမားလှသော ဆူညံမှုများကို ဖြစ်ပေါ်စေခဲ့သည်။

မူလဘိုးဘေးနတ်မင်းကြီး ငါးပါးဟူသည်မှာ ချင်းရှောင်ဂိုဏ်းအတွင်း၌ အမြဲတမ်း ရိုသေပူဇော်လေ့ရှိကြသော မသေမျိုးနတ်ဘုရားကြီးများ ဖြစ်ကြပြီး လောကီပြည်သူလူထုတစ်ရပ်လုံးကပါ များစွာ ကိုးကွယ်ယုံကြည်ကြသော အရာများ ဖြစ်ကြပေသည်။

ရွှမ်မင်းဆက် တည်ထောင်ပြီးစီးသွားခဲ့ပြီးနောက် နန်းတွင်းအရာရှိကြီးများ၏ မြှင့်တင်ပေးမှုများကြောင့် မူလဘိုးဘေးနတ်မင်းကြီး ငါးပါးအကြောင်း ကိုးပြည်ထောင်နယ်မြေတစ်ခုလုံးနှင့် မြောက်ဘက်နယ်စပ်အထိ ပြန့်နှံ့သွားခဲ့ပြီဖြစ်ရာ ယခုခေတ်ကာလအတွင်း အကျော်ကြားဆုံးသော မသေမျိုးနတ်ဘုရားကြီးများ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းမှ တပည့်များမှာ ကျင့်ကြံခြင်းကို ပြုလုပ်နေကြသူများ ဖြစ်ကြသဖြင့် ထိုမူလဘိုးဘေးနတ်မင်းကြီး ငါးပါးအပေါ်၌ ထူးခြားလှသော စိတ်ကူးစိတ်သန်းများ ရှိမနေခဲ့ကြဖူးသော်လည်း ၎င်းတို့မှာ အစစ်အမှန် တည်ရှိနေခဲ့ကြလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့ခြင်း မရှိကြချေ။

မူလဘိုးဘေးနတ်မင်းကြီး ငါးပါးက... ဂိုဏ်းချုပ်ကိုယ်တိုင် ဖြစ်နေခဲ့တာလား

ထိုက်ယိ၊ထိုက်ချူး၊ ထိုက်ရှီ၊ထိုက်စုနှင့် ထိုက်ကျိတို့ အားလုံးက ဂိုဏ်းချုပ်၏ ကိုယ်ပွားပုံရိပ်များ ဖြစ်နေခဲ့ကြခြင်း ဖြစ်ပေမည်။

သာမန်တပည့်ငယ်များကို ထားရှိဦးတော့ ခန်းမသခင်များပင်လျှင် ရင်ထဲ၌ ကြီးမားလှသော ထိတ်လန့်မှုများကို ခံစားလိုက်ကြရသည်။

ကျန်းယွီချွန်း၊လီတုန်းယွဲ့ ၊လီစစ်ကျင်နှင့် လီစစ်ဖုန်း တိုမှာ ပိုမို၍ပင် မှင်တက်သွားခဲ့ကြသည်။

စီနီယာအစ်ကိုကြီး စဉ်းစားတွက်ချက်ခဲ့ဖူးသော ထိုမသေမျိုးနတ်ဘုရားကြီးများက ဒီအတိုင်း စိတ်ကူးပေါက်ရာ ဖန်တီးထားခဲ့ခြင်း မဟုတ်ဘူးလား….

သို့သော်လည်း သူတို့ မသိရှိကြသည်မှာ လီချင်းချိုးအနေဖြင့် တမင်တကာ မူလဘိုးဘေးနတ်မင်းကြီး ငါးပါး၏ ပုံရိပ်များကို ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်မိုးကြိုးဝိညာဉ်အမြစ်နှင့် အကြိမ်တစ်ရာသန့်စင်ခြင်း ပါရမီတို့ကို ပုံရိပ်အသွင်သဏ္ဌာန်အဖြစ် ပြောင်းလဲရန် ခက်ခဲသောကြောင့်ချန်ရစ်ခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူ့ရဲ့ ​ဓမ္မပုံရိပ် အရေအတွက်မှာ ငါးခုထက်ပင် များပြားနေဦးမည် ဖြစ်သည်။

ထို​ဓမ္မပုံရိပ်ကြီး ငါးခု၏ အောက်ခြေအပိုင်းများမှာ လီချင်းချိုး၏ ခန္ဓာကိုယ်အတွင်းသို့ စတင်၍ ပေါင်းစပ်သွားခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ယပ်တောင်တစ်ခုအလား လွင့်ပျံနေခဲ့ကြပြီး ပိုမို၍ မြင့်မြတ်လှသော နတ်ဘုရားအရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။

​ဓမ္မပုံရိပ်တစ်ခုက ဓားကို ကိုင်ဆောင်ထားခဲ့သလို တစ်ခုမှာ တစ္ဆေနတ်ဘုရားတစ်ဦးအလား ရှိနေခဲ့ပြီး တစ်ခုမှာမူ ရင်ဘတ်ထက်၌ လက်နှစ်ဖက်ကို ကန့်လန့်ဖြတ် ထားရှိကာ တစ်ခုမှာ ဖြောင့်မတ်ခြင်းချီများဖြင့် ပြည့်နှက်နေပြ နောက်ဆုံးတစ်ခုမှာမူ အလွန်ပင် ထွားကျိုင်းသန်မာလှပေသည်။

သူတို့အားလုံး အပြည့်အဝ ပေါ်ထွက်လာခဲ့ကြပြီဖြစ်ရာ စောင့်ကြည့်နေကြသော ပွဲကြည့်ပရိသတ်တိုင်း စိတ်ဝိညာဉ်များပင် လှုပ်ခတ်သွားခဲ့ကြသည်။

၎င်းက မန္တန်တစ်ခုလား သို့မဟုတ် နတ်ဘုရားစွမ်းရည်တစ်ခုလား...

လီချင်းချိုး ရုတ်ခြည်း မျက်လုံးများကို ဖွင့်လိုက်ရာ သူ့မျက်ဝန်းများအတွင်းမှနေ၍ အေးစက်လှသော အလင်းတန်းများ တစ်ဟုန်းထိုး ထွက်ပေါ်လာခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားစွမ်းပကားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ဘေးပတ်ပတ်လည် မိုင်ပေါင်းများစွာသော အရပ်အထိ လွှမ်းမိုးသွားခဲ့သည်။ ဤနယ်ပယ်အတွင်းရှိ ရှိသမျှသော လူသားအားလုံး မိမိတို့ကိုယ်မိမိ အခြားသော ကမ္ဘာတစ်ခုအတွင်းသို့ ရုတ်တရက် ရောက်ရှိသွားခဲ့ကြရသည့်အလား ခံစားလိုက်ကြရရုံတင်မက ထိုမှောင်မိုက်သော ကမ္ဘာအတွင်း၌ လီချင်းချိုး၏ ​ဓမ္မပုံရိပ်ကြီး ငါးခုမှာ အလွန်ပင် ကြီးမားကျယ်ပြန့်လှပြီး ကောင်းကင်နှင့်မြေကြီးကြား၌ မတ်တတ်ရပ်တည်နေကြလျက် မိမိတို့အား အထက်မှနေ၍ ငုံ့ကြည့်နေကြကြောင်း အစစ်အမှန် မြင်တွေ့လိုက်ရသည်။

အရာအားလုံးမှာ ပုံရိပ်ယောင်မြင်ကွင်းတစ်ခုအလား ရှိနေခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

တပည့်များ ပြန်လည်၍ မတုံ့ပြန်နိုင်ကြသေးမီ အချိန်မှာပင် သူတို့၏ အမြင်အာရုံများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ရာ ၎င်းမှာ အစစ်အမှန်လောကလား သို့မဟုတ် အတုအယောင်လားဟူသောအချက်ကို ခွဲခြားရန် ခက်ခဲနေခဲ့သည်။

ဂျိန်း………

မိုးခြိမ်းသံကြီး ပြင်းထန်စွာ မြည်ဟိန်းလာခဲ့သဖြင့် လူတိုင်း၏ အတွေးများကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက်တော့သည်။

“အစောက မင်းတို့လည်း အဲဒီမြင်ကွင်းကို မြင်လိုက်ကြရလားဟင်...”

“မြင်လိုက်ရတယ်... ကျွန်တော်ဆိုရင် အခြားကမ္ဘာတစ်ခုထဲကို ရောက်သွားသလို ခံစားလိုက်ရပြီး ကောင်းကင်နဲ့မြေကြီးကြားမှာ ကြီးမားလှတဲ့ ပုံရိပ်ကြီးငါးခု မတ်တတ်ရပ်နေတာကို မြင်ခဲ့ရတာ... ဟုတ်တယ် ဒါဟာ ဂိုဏ်းချုပ်ရဲ့ ကိုယ်ပေါ်က ပုံရိပ်တွေပဲ ဖြစ်ရမယ်...”

“ကျွန်တော်လည်း တူတူပဲ... ဒါဟာ အစစ်အမှန်ပဲ ပုံရိပ်ယောင်မြင်ကွင်းတစ်ခု မဟုတ်ဘူး..”

“ တကယ့်ကို အစစ်အမှန်ဆန်လွန်းတယ်... ဖိအားတွေကြောင့် ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မူလချီစွမ်းအင်တွေတောင်မှ လုံးဝ ခဲသွားခဲ့တယ်...”

“အဟုတ်ပဲ...”

တပည့်များ အချင်းချင်း ဆွေးနွေးပြောဆိုနေခဲ့ကြပြီး အားလုံးမ အလွန်ပင် စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြသည်။ ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများပင်လျှင် လီချင်းချိုး၏ ဤ​ဓမ္မပုံရိပ်နယ်ပယ်ကြောင့် ရင်ထဲ၌ ကြီးမားလှသော ထိတ်လန့်မှုများ ဖြစ်ပေါ်သွားခဲ့ကြသည်။

သူတို့အနေနှင့် အစောက ပုံရိပ်ယောင်မြင်ကွင်းမှာ မည်သည့်အရာ ဖြစ်ကြောင်း ကောင်းစွာ နားလည်နိုင်စွမ်း မရှိကြသော်လည်း သူတို့၏ အသိစိတ်ကမူ ၎င်းမှာ ပုံရိပ်ယောင်မန္တန်တစ်ခု မဟုတ်ကြောင်း ထင်ရှားစွာ ပြောဆိုနေသည်။

လီချင်းချိုး ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်တော့ လိပ်တက်နေသော မိုးကြိုးတိမ်တိုက်ကြီးများအတွင်း၌ လျှပ်စီးအလင်းတန်းများမှာ အဆက်မပြတ် လှုပ်ခါနေခဲ့ကြပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ကောင်းကင်အတိဒုက္ခကြီး စတင်တော့မည်….

“အားလုံး... ဒီနေရာကနေ ထွက်ခွာသွားကြ... တောင်ထိပ်ရဲ့ အနီးအနားဆီကို လုံးဝ မချဉ်းကပ်ကြနဲ့ဦး...”

လီချင်းချိုးက စကားဆိုလိုက်ရာ သူ့ အသံမှာ ကျယ်လောင်လှသဖြင့် လူတိုင်း၏ နားစည်အတွင်းသို့ ရှင်းလင်းစွာဖြင့် ရောက်ရှိသွားခဲ့လေသည်။

သူ့ရဲ့ ဂုဏ်သတင်းနှင့် အာဏာစွမ်းရည်မှာ အလွန်ပင် မြင့်မားသဖြင့်သူ စကားပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်း တောင်အောက်သို့ အလောတကြီး ပြန်လည်ဆင်းသက်လိုက်ကြရသလို အချို့မှာလည်း မိမိတို့၏ ဓားများကို စီးနင်းလျက် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

အသက်ရှူသံ သုံးကြိမ်မျှမပြည့်မီ အချိန်အတွင်းမှာပင် လီရွှယ်တောင်ထွတ်၏ တောင်ထိပ်ပေါ်၌ သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

ချင်းရှောင်တောင်ပေါ်ရှိ ခြံဝင်းတစ်ခု၏ အတွင်း၌ ….

ယန်ချင်း အခန်းအတွင်းမှ ထွက်လာပြီး လီရွှယ်တောင်ထွတ်ရှိရာ အရပ်မျက်နှာဆီသို့ လှမ်း ကြည့်လိုက်တော့ ဒဏ်ရာအမာရွတ်များ ပြည့်နှက်နေသော မျက်နှာထက်၌ ကြီးမားလှသော ထိတ်လန့်မှုများ ဖြစ်ပေါ်သွားခဲ့သည်။

ဝိညာဉ်ပင်လယ်အတွင်း၌ဆိုလျှင် သူသည် စီနီယာများစွာ အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်နေခဲ့ကြသည်ကို မကြာခဏ မြင်တွေ့ဖူးခဲ့သည်။ ထိုအတွေ့အကြုံများအရ တွက်ချက်ကြည့်ရမည်ဆိုပါက လီရွှယ်တောင်ထွတ်ထက်၌ ပေါ်ထွက်နေခဲ့သော ကောင်းကငအတိဒုက္ခက ဝိညာဉ်အသိအာရုံအဆင့်ရှိအတိဒုက္ခမျိုး လုံးဝ မဟုတ်ချေ။

“တစ်စုံတစ်ယောက်က... အစစ်အမှန် ကောင်းကင်နေမင်းနယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီ... ဒီချင်းရှောင်ဂိုဏ်းကတော့...”

ယန်ချင်း၏ ရင်ထဲ၌ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ချေပြီ။ နှစ်ပေါင်းသုံးဆယ်တာ ကာလအတွင်းမှာတင် ချင်းရှောင်ဂိုဏ်းအတွင်းရှိ လူသားတစ်ဦးက သာမန်လူသားဘဝမှနေ၍ ကောင်းကင်နေမင်းနယ်ပယ်အထိ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ခြင်း…..

မည်သို့ ဖြစ်နိုင်မည်နည်း…..

သို့သော်လည်း ယွမ်လီနှင့် ယွင်ချိုင်တို့၏ တည်ရှိမှုများကို ပြန်လည်တွေးတောမိသွားခဲ့သည့် အခါတွင် ၎င်းကို မယုံကြည်ဘဲ မနေနိုင်တော့ချေ။

သူသည် ချင်းရှောင်ဂိုဏ်းဟူသည်မှာ နောင်အနာဂတ်တွင် ဝိညာဉ်ပင်လယ်ကိုပင် သေချာပေါက် ကျော်လွန်သွားနိုင်စွမ်း ရှိလိမ့်မည်ဟု ရုတ်ခြည်း ခံစားလိုက်ရသည်။

ဤအတွေး ရှိလာခဲ့ပြီးနောက်ပိုင်းတွင်မူ ၎င်းက သူ့ရဲ့ စိတ်အာရုံတစ်ခုလုံးကို လျင်မြန်စွာပင် ဖုံးလွှမ်းသွားခဲ့ပြီး သူ့ရဲ့ စိတ်နေသဘောထားများကိုပါ ပြောင်းလဲသွားစေခဲ့သည်။

သူသည် အတိတ်တုန်းက လီချင်းချိုး ပြောကြားခဲ့ဖူးသော စကားလုံးများကို ပြန်လည် အမှတ်ရသွားခဲ့သည်။ ဖြစ်နိုင်သည်မှာ ချင်းရှောင်ဂိုဏ်းအတွင်း၌ ကျန်ရစ်နေခဲ့ရခြင်းက မိမိအတွက် ဘေးဒုက္ခတစ်ခု မဟုတ်ဘဲ ကြီးမားလှသော ကံကောင်းခြင်းအခွင့်အရေးတစ်ခု ဖြစ်နေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ယွီစီရင်စု၏ နယ်စပ်အရပ်၌ တည်ရှိသော အဆုံးမရှိလှသော တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံးသော နေရာတွင် တောင်ထွတ်များစွာကြား၌ မြို့တော်တစ်ခု မတ်တတ်ရပ်တည်နေခဲ့ပြီး ၎င်း၏ မြို့တံတိုင်းများမှာ မြင့်မားလှသော သစ်ပင်ကြီးများ၏ ဖုံးလွှမ်းခြင်းကို ခံထားရသည်။

မြို့တွင်းရှိ အမြင့်ဆုံးသော အဆောက်အအုံထက်၌ တရားထိုင်နေခဲ့သော ယွမ်လီက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး အရှေ့ဘက်အရပ်ဆီသို့ ကြည့်လိုက်ရင်း ချက်ချင်းမျက်မှောင်ကြုံ့သွားခဲ့သည်

“ဒီကံကောင်းခြင်း ကောင်းကင်ဘုံရဲ့ စွမ်းအားတွေက...”

သူသည် အရှေ့ဘက်အရပ်၌ အလွန်ပင် ပြင်းထန်လှသော ကောင်းကင်နှင့်မြေကြီး၏ ခွန်အားများ စုဝေးနေကြကြောင်း ကောင်းစွာ အာရုံခံမိနေခဲ့ရုံတင်မက ၎င်းနှင့်အတူ ကောင်းကင်အတိဒုက္ခ၏ နတ်ဘုရားစွမ်းပကားများကိုပါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

၎င်းမှာ ဝိညာဉ်အသိအာရုံအဆင့်ရှိ အတိဒုက္ခမျိုး မဟုတ်ဘဲ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါမျိုး ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ထိုအရပ်မျက်နှာမှာ. ချင်းရှောင်ဂိုဏ်း တည်ရှိရာ အရပ်မျက်နှာ ဖြစ်ရမည်။

ဂိုဏ်းအတွင်း၌ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းလှသော ပါရမီရှင်တစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့ပြန်ပြီလား.

ယွမ်လီသည် မိမိ၏ ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ် ပါရမီပွင့်လာခဲ့ပြီးနောက်ပိုင်းတွင်လည်း မည်သို့သော မောက်မာမှုမျိုးကိုမှ ပြသခဲ့ခြင်း မရှိဖူးချေ။ သူ့ရဲ့ ခံစားချက်အရ မိမိအနေဖြင့် ပါရမီပွင့်လာနိုင်စွမ်း ရှိခဲ့သည်ဆိုပါက အခြားသောသူများမှာလည်း သေချာပေါက် ပွင့်လာနိုင်စွမ်း ရှိကြပေလိမ့်မည်။ အထူးသဖြင့် ဆရာသခင်၏မြော်မြင်နိုင်စွမ်းအောက်တွင် ပုန်းကွယ်နေခဲ့ကြသော ပါရမီရှင်များစွာကို သေချာပေါက် ရှာဖွေဖော်ထုတ်ပေးနိုင်လိမ့်မည်။

ယွမ်လီ၏ ရင်ထဲ၌ ဖိအားအချို့ကို ခံစားလိုက်ရသည်။ သူသည် မိမိ၏ လက်ရှိခွန်အားအပေါ်၌သာ ကျေနပ်နှစ်သိမ့်နေ၍ မရနိုင်တော့ချေ။ အကယ်၍ သူသာ ဂိုဏ်းအတွင်း အစွမ်းထက်ဆုံးသော တပည့်ကြီးဟူသော ဂုဏ်ပုဒ်ကို ဆက်လက်၍ ထိန်းသိမ်းထားလိုသည်ဆိုပါက သေချာပေါက် အပြင်းအထန် ကြိုးစားအားထုတ်ကျင့်ကြံရမည် ဖြစ်သည်။

ဂိုဏ်းတူဦးလေးကျန်းထံမှ ကြားသိခဲ့ဖူးသည်မှာ ဆရာက ဂျူနီယာညီငယ်တစ်ဦးကို သွားရောက်ရှာဖွေရန် စီနီယာအစ်ကိုကြီး ရှန်ယွဲ့ကို စေလွှတ်ထားခဲ့ဖူးပြီး ထိုဂျူနီယာညီငယ်၏ ပါရမီအဆင့်မှာ မိမိထက်ပင် များစွာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဖြစ်နိုင်သည်မှာ... ထိုဂျူနီယာညီငယ်လေး ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီလား...

ယွမ်လီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးပြန်ပိတ်၍ စိတ်နေသဘောထားများကို ပြန်လည်ညှိနှိုင်းလိုက်ရင်း ဆက်လက် ကျင့်ကြံနေခဲ့သည်။

လိပ်တက်လာသော မိုးကြိုးတိမ်တိုက်ကြီးများက ကျယ်ပြောလှသော ထိုက်ခွန်းတောင်တန်းတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်ရာ ချင်းရှောင်ဂိုဏ်းတစ်ခုလုံးအား ကြီးမားလှသော ဖိနှိပ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး နားကွဲလုမတတ် မြည်ဟိန်းနေခဲ့သော မိုးခြိမ်းသံကြီးများမှာလည်း ဆက်လက်၍ ဟိန်းထွက်နေခဲ့သည်။

ဤသတင်းမှာ ဂိုဏ်းတစ်ခွင်လုံးသို့ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်၏။ ဂိုဏ်းအတွင်းရှိ တပည့်တိုင်း ကောင်းစွာ သိရှိထားကြသည်မှာ ဂိုဏ်းချုပ်က ယခုအခါ အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်နေခြင်း ဖြစ်ပေသည်။

ဤကဲ့သို့သော ကောင်းကင်ဘုံ၏ နတ်ဘုရားစွမ်းပကားများက တပည့်များအား ဂိုဏ်းချုပ်၏ မဟာခွန်အားများကို တိုက်ရိုက်ပင် အာရုံခံမိစေခဲ့သည်။

ကောင်းကင်လက်မှုပညာခန်းမမှ အတိဒုက္ခရင်ဆိုင်ရာ အစီအရင်များ ရှိနေခဲ့သည့်တိုင်အောင် အကယ်၍ သူတို့ကိုယ်တိုင်သာ ဤသို့သော ကောင်းကင်အတိဒုက္ခကြီးနှင့် ကြုံတွေ့ရမည်ဆိုပါက လုံးဝ အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိကြလိမ့်မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင်မူ ဝေထျန်းရှုံးက ခေါင်မိုးထက်တွင် ရပ်၍ လီရွှယ်တောင်ထွတ်ဆီသို့ စိုက်ကြည့်နေပြီး သူ့မျက်နှာထက်၌ ကြီးမားလှသော ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။

“သူ ကြုံတွေ့ရတဲ့ ကောင်းကင်အတိဒုက္ခက... တကယ်ပဲ ဒီလောက်ထိ ပြင်းထန်တာလား...”

လွန်ခဲ့သောနှစ်များစွာက မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသော ဘေးဒုက္ခနှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ လီချင်းချိုး ကြုံတွေ့နေရသည်နှင့် မည်သို့မျှ နှိုင်းယှဉ်၍ ရနိုင်ခြင်းမရှိကြောင်း သိခဲ့ရသည်။ ၎င်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ဘဲ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်အတိဒုက္ခမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။

ကောင်းကင်အတိဒုက္ခ ပြင်းထန်လေလေ အတိဒုက္ခရင်ဆိုင်သူ၏ ခွန်အားမှာလည်း ထိုမျှအထိ ပိုမို၍ ပြင်းထန်လေလေပင်။

သူ့ထံ၌ မယုံနိုင်စရာကောင်းလှသော အတွေးတစ်ခုပင် ဖြစ်ပေါ်လာခဲ့ချေပြီ။

လီချင်းချိုးသည် ကောင်းကင်နေမင်းနယ်ပယ်သို့ အစစ်အမှန် ရောက်ရှိခြင်းမရှိသေးသည့်တိုင်အောင် ခွန်အားမှာ သူ(ဝေထျန်းရှုံး)အထွတ်အထိပ်ကာလတုန်းကထက်ပင် များစွာ ပိုမို၍ သန်မာနေနိုင်စရာ အကြောင်း ရှိနေခဲ့ခြင်း ဖြစ်ပေမည်။

လီချင်းချိုးအနေဖြင့် ဝိညာဉ်အသိအာရုံအဆင့်နှင့် ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်မည့် အံ့ဩစရာကောင်းလှသော စွမ်းဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိပါသလား...

သူ တွေးတောလေလေ ပိုမို၍ ဖြစ်နိုင်ခြေ ရှိလှသည်ဟု ခံစားရလေလေပင်…

ချင်းရှောင်ဂိုဏ်းအတွင်း၌ အစစ်အမှန် ကြောက်မက်ဖွယ်ကောင်းလှသောအရာဟူသည်မှာ ထိုပါရမီရှင်ကလေးများ မဟုတ်ဘဲ လီချင်းချိုးကိုယ်တိုင် ဖြစ်ပေသည်။ လီချင်းချိုး၏ မွေးရာပါ ပါရမီက မည်သူ့ထက်မဆို များစွာ ပိုမို မြင့်မားလှပေသည်။

ထိတ်လန့်မှုများ ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင်မ ဝေထျန်းရှုံး ရင်ထဲ၌ စိတ်လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။

ဤသို့သော လူသားတစ်ဦးက ချင်းရှောင်ဂိုဏ်းကို ဦးဆောင်နေခဲ့ပြီဖြစ်ရာ ဂိုဏ်းအနေဖြင့် နောင်အနာဂတ်တွင် ထာဝရမသေမျိုးမဟာမိတ်အဖွဲ့ကို ကျော်လွန်သွားနိုင်စွမ်း မရှိဘဲ နေမည်မဟုတ်ပေ။

အကယ်၍ ယွမ်လီက ဝေထျန်းရှုံးကို လက်စားချေနိုင်မည့် မျှော်လင့်ချက်များကို ပေးစွမ်းနိုင်ခဲ့ဖူးသည်ဆိုပါက လီချင်းချိုးကမူ သူ့အား သေချာပေါက် အောင်မြင်နိုင်လိမ့်မည်ဟူသော ယုံကြည်မှုများကို အပြည့်အဝ ပေးစွမ်းနိုင်သည်။

ထို့ကြောင့် ဤခမ်းနားလှသော ကောင်းကင်ဘုံအတိက္ခကြီးအား စတင်၍ ကျေနပ်စွာဖြင့် စောင့်ကြည့်နေမိတော့သည်။

ကောင်းကင်အတိဒုက္ခကြီးသည် ကာလကြာမြင့်စွာ အချိန်ယူပြီးနောက် ကျဆင်းလာခဲ့ပြီဖြစ်သည်။

ကျဆင်းလာခဲ့သော ကောင်းကင်မိုးကြိုးချက်တိုင်းက ကြီးမားကျယ်ပြန့်လှသော ကောင်းကင်ဘုံ၏ နတ်ဘုရားစွမ်းပကားများနှင့် ပေါင်းစပ်နေကြသဖြင့် လောကကြီးတစ်ခုလုံးကို အလင်းနှင့်အမှောင်ကြား၌ အဆက်မပြတ် လှုပ်ခါနေစေခဲ့သည်။

နှစ်နာရီခန့်အကြာတွင် ကောင်းကင်အတိဒုက္ခကြီး နောက်ဆုံးတွင် ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခဲ့သည်။

လီချင်းချိုးလည်း ကောင်းကင်နေမင်းနယ်ပယ်သို့ အောင်မြင်ချောမွေ့စွာ အဆင့်တက်လှမ်းနိုင်ခဲ့လေသည်။

လီရွှယ်တောင်ထွတ်၏ အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ထက်၌….

လီချင်းချိုး လေထုထဲ၌ တင်ပလ္လင်ခွေလျက် ထိုင်နေခဲ့ပြီး သူ့ ဝတ်စုံများမှာလည်း ပြင်းထန်စွာ လှုပ်ခါနေကြသည်။ သူ့ခန္ဓာကိုယ်ထက်၌ မည်သို့သော ထိခိုက်ဒဏ်ရာမျိုးမှ ရှိမနေခဲ့ဖူးသလို ​ဓမ္မပုံရိပ်ကြီး ငါးခုမှာလည်း ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်၍ ပေါင်းစပ်သွားခဲ့ကြပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း သူသည် ကိုးဆယ့်ကိုးချက်သော ကောင်းကင်မိုးကြိုးချက်များကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရသည်။ မိုးကြိုးချက်တိုင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ဝိညာဉ်အသိအာရုံအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကို ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။

ကောင်းကင်မိုးကြိုးဝိညာဉ်အမြစ်အပေါ် အားကိုး၍ ထိုကောင်းကင်မိုးကြိုးစွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်ခဲ့သဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုမို၍ သန်မာလာစေခဲ့ရုံတင်မက ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကိုလည်း ပိုမို အစွမ်းထက်လာစေခဲ့သည်။

သူ့အတွက်မူ အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်ခြင်းက အစစ်အမှန် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့ပြီး ကြီးမားလှသော ကံကောင်းခြင်းအခွင့်အရေးတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

သူ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သည့် ထိုခဏ၌ပင် သတိပေးချက်တစ်ခု သူ၏ မျက်စိရှေ့မှောက်၌ ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာခဲ့လေသည်။

All Chapters