← Chapters

မီးမျိုးစေ့

Vol. 10 Ch. 91

မီးမျိုးစေ့

Vol. 10 Ch. 91

အိမ်ထဲတွင်မူ ချီဝမ်က မိနစ်ဝက်ခန့် မှင်သက်ကာ ကြည့်နေပြီးနောက် တီးတိုးရေရွတ်လိုက်သည်၊၊

“စီနီယာအစ်ကိုက... တကယ်ပဲ ဒီလောက်အထိ သန်မာတာလား”

“အွန်း”

မုဝမ်ရွှမ်းက ခေါင်းငြိမ့်ပြလိုက်သည်၊၊ တိုက်ပွဲကို မျက်တောင်မခတ်တမ်းကြည့်နေရင်း သူမ၏ နှုတ်ခမ်းများမှာ သိမ်မွေ့သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်၊၊

ချီဝမ် သက်ပြင်းချလိုက်မိသော်လည်း ယခုတစ်ကြိမ်တွင် သူမ ငိုမနေတော့ပေ၊၊

သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းနှင့် ဖြစ်ပွားခဲ့သော ကိစ္စမှာ သူမကို အလွန်ထိခိုက်စေခဲ့၏၊၊ သူမ၏ နားလည်မှုတွင် သူမမှာ အားကိုးထိုက်သော အမျိုးသမီးတစ်ဦးဖြစ်သည့် သူမ၏ မိခင်လက်ထဲတွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်၊၊ သူမ၏ မိခင်က ကုမ္ပဏီကြီးတစ်ခုကိုပင် စီမံခန့်ခွဲနိုင်ပြီး ချီဝမ်၏ အနာဂတ်ကို ချမ်းသာကြွယ်ဝပြီး လုံခြုံရေးကို အာမခံနိုင်သူဖြစ်သည်၊၊

ချီဝမ်မှာ သူမ၏ မိခင်နှင့် လုံးဝ မတူပေ၊၊ သူမမှာ ချင်ယန်ဇီနှင့် ပိုတူပြီး ပျော်ပျော်နေတတ်သူဖြစ်သော်လည်း ဉာဏ်ရည်မှာမူ အနည်းငယ်အားနည်းသည်ဟု ဆိုရပေလိမ့်မည်၊၊ တက္ကသိုလ်မတက်မီအထိ သူမသည် မိခင်၏ ကာကွယ်မှုအောက်တွင်သာရှိနေခဲ့သဖြင့် လောကကြီးအကြောင်းကို ဘာမှမသိခဲ့ပေ၊၊

သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းထဲ ဝင်ရောက်ခဲ့ခြင်းမှာ လောကကြီး၏ အပြောင်းအလဲများက ယူဆောင်လာပေးသည့် အခွင့်အရေးတစ်ခုဟု သူမ ယူဆခဲ့သောကြောင့်ဖြစ်သည်၊၊ အဆိုပါအသင်းကို ငွေကြေးထောက်ပံ့ခြင်းမှာ သူမ၏ ပထမဆုံးသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သော်လည်း ၎င်းမှာ ဘေးဒုက္ခအဖြစ်သို့ ပြောင်းလဲသွားလုနီးပါး ဖြစ်ခဲ့ရသည်၊၊

သူမမိခင်၏ ပါးတစ်ချက်ရိုက်ခြင်းက သူမ၏ မာန၊ ထာဝရရှင်သန်ခြင်းဆိုင်ရာအိပ်မက်နှင့် သူမ ခေတ္တမျှ စိတ်ကူးခဲ့သော တိုးတက်ကြီးပွားရေး ရည်မှန်းချက်များကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်၊၊ သို့သော်လည်း သူမသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ အမှားများကိုလည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်၊၊

ဝမ်ရှန်းက သူမကို ပြင်းပြင်းထန်ထန် သတိပေးပြီးနောက်တွင် သူမက ပို၍ပင် အပြစ်ရှိသကဲ့သို့ ခံစားလာရသည်၊၊

ကျောင်းသားထောင်ပေါင်းများစွာကို သူမက ဒုက္ခပေးခဲ့သည်ဟု ယုံကြည်နေမိသည်၊၊ ထိုအပြစ်ရှိစိတ်မှာ သူမ၏ နှလုံးသားထဲတွင် သမုဒ္ဒရာကြီးတစ်ခုအလား ကြီးထွားလာခဲ့၏၊၊ ထို့ကြောင့် ယခုအချိန်တွင် သူမအား ထိုအပြစ်ရှိစိတ်နှင့် နာကျင်မှုများမှ အနည်းငယ်မျှ အာရုံလွှဲပေးနိုင်သည့်အရာမှန်သမျှမှာ သူမအတွက် စိတ်သက်သာရာရစရာဖြစ်နေတော့သည်၊၊

လက်ရည်စမ်းပွဲမှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည်၊၊ ဝမ်ရှန်း၏ ဓားကွက်များထဲမှ အားနည်းချက်ကို တိကျစွာရှာဖွေတွေ့ရှိလိုက်ပြီးနောက် ကောင်းရှီရှင်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို လျင်မြန်စွာရပ်တန့်စေလိုက်သည်၊၊

ဝမ်ရှန်းသည် ချောမွေ့ပြေပြစ်စွာ နောက်ဆုတ်လိုက်သည်၊၊ သူ၏ စိတ်ထဲတွင် အသိမြင်သစ်များဖြင့် ပြည့်နှက်နေ၏၊၊ ၎င်းမှာ မိုးခေါင်ရေရှားနေသောအချိန်တွင် ချိုမြိန်သောမိုးရေစက်များနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ပင် ဖြစ်သည်၊၊

ကောင်းရှီရှင်းက ဝမ်ရှန်းကို သူ၏ အသိအမြင်များကို ပြန်လည်သုံးသပ်ရန် အချက်ပြလိုက်သည်၊၊ ထို့နောက် သူကိုယ်တိုင်လည်း ရင်ပြင်ထဲတွင်ပင် တင်ပလ္လင်ခွေထိုင်ကာ တရားမှတ်နေလေ၏၊၊

ဝမ်ရှန်းသည်လည်း ချက်ချင်းပင် ထိုအတိုင်း လိုက်လုပ်ကာ တရားထိုင်လိုက်သည်၊၊ သူ၏ဘေးတွင် အနက်ရှိုင်းဆုံးနားစွင့်သူဓားမှာ ညင်သာစွာတုန်ခါနေ၏၊၊

အဆင့်တူညီသောပြိုင်ဘက်တစ်ဦးနှင့် လက်ရည်စမ်းခြင်းမှာ မိမိ၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိရန်နှင့် သူတစ်ပါး၏ အားသာချက်များကို သင်ယူရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်၊၊ ဝမ်ရှန်းကဲ့သို့ပင် ကောင်းရှီရှင်းမှာလည်း သူတို့၏ လက်ရည်စမ်းပွဲမှ အဖိုးတန်သောအသိအမြင်များရရှိခဲ့၏၊၊

သူတို့သည် တစ်နာရီခန့် တရားထိုင်ပြီးနောက် ဓားကျင့်ကြံခြင်းနှင့် ပတ်သက်သည့် သူတို့၏ အတွေးအမြင်များကို မျှဝေကြ၏၊၊ ထို့နောက်တွင်မူ နောက်ထပ်တစ်ကြိမ် လက်ရည်စမ်းကြပြန်သည်၊၊

ထိုနေ့တွင် ကောင်းရှီရှင်းနှင့် ဝမ်ရှန်းတို့မှာ လေး ငါးကြိမ်ခန့် လက်ရည်စမ်းခဲ့ကြသည်၊၊ ဘေးတွင် အဆင်မပြေစွာရပ်နေသော ကျိုးရင်လောင်ကို သတိထားမိသွားသောအခါ သူ့ကိုပါ လေ့ကျင့်ရေးထဲသို့ ဆွဲခေါ်လိုက်ကြ၏၊၊

အမှန်တကယ်တွင်မူ ၎င်းမှာ လွှမ်းမိုးနိုင်သော ခွန်အားနှင့် ရုန်းကန်နေရသော ခံနိုင်ရည်တို့ကြားမှ ရိုးရှင်းသောတိုက်ပွဲတစ်ခုမျှသာဖြစ်သည်၊၊

နေဝင်ချိန်ရောက်သောအခါ ဝမ်ရှန်းသည် လက်ရည်စမ်း၍ မဝသေးသော်လည်း ကောင်းရှီရှင်းနှင့် ကျိုးရင်လောင်တို့ကို တောင်အောက်အထိ လိုက်လံပို့ဆောင်ပေးလိုက်သည်၊၊ သူတို့ နောက်တစ်ကြိမ် ဘယ်တော့တွေ့နိုင်မလဲဟု မေးချင်သော်လည်း လမ်းညွှန်မှုများ ထပ်မံတောင်းဆိုခြင်းက ကောင်းရှီရှင်း၏ ကျင့်ကြံမှုကို နှောင့်ယှက်ရာရောက်မည် စိုးသောကြောင့် သူ ချုပ်တည်းထားလိုက်သည်၊၊

သို့သော် တစ်ရက်သာကြာပြီးနောက် ကျိုးရင်လောင်သည် ကောင်းရှီရှင်းနှင့်အတူ ပြန်ရောက်လာသည်၊၊ ကျိုးရင်လောင်၏ ရင်းနှီးသော ဂျူနီယာ ၃၊၄ ယောက်လည်း သူတို့နှင့်အတူ ပါလာကြ၏၊၊

သေးငယ်သော ခြံဝင်းလေးမှာ ရုတ်တရက် စည်ကားသွားခဲ့သည်၊၊

****

တောင်ပေါ်သို့ ပြန်ရောက်သည်မှာ တစ်ပတ်သာရှိသေးသော်လည်း ဝမ်ရှန်းသည် ဓားတာအိုတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်၊၊

သူနှင့် ကောင်းရှီရှင်းသည် ရှေးဟောင်းဒဏ္ဍာရီထဲမှ ဘိုရာနှင့် ဇီချီတို့ကဲ့သို့ဖြစ်နေသည်၊၊ သူတို့သည် သူတို့၏ ဓားများမှတစ်ဆင့် စကားပြောကြသည်၊ ဓားဆန္ဒများကို ဖလှယ်ကြသည်၊ တစ်ဦးနှင့်တစ်ဦး ဆရာဖြစ်သလို၊ မိတ်ဆွေလည်း ဖြစ်လာကြသည်၊၊

ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားသိုင်းကို ကျွမ်းကျင်နေပြီဖြစ်သော်လည်း ၎င်းကို သူ၏ ခုနှစ်စင်ကြယ်ဓားအစီအရင်ထဲသို့ ပေါင်းစပ်ရန်မှာမူ နောက်ထပ် စဉ်းစားဆင်ခြင်မှုနှင့် ပြုပြင်မွမ်းမံမှုများလိုအပ်နေသေးသည်၊၊

သူတို့၏ လက်ရည်စမ်းပွဲများအကြောင်းမှာ တောင်တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်၊၊ နောက်ဆုံးတွင် ထိုရင်ပြင်လေးမှာ ဓားသိုင်းကို ဝါသနာပါသောတပည့်များအတွက် အားကျစရာနေရာတစ်ခုဖြစ်လာခဲ့သည်၊၊

ကောင်းရှီရှင်း စတုတ္ထအကြိမ်မြောက်လာရောက်ချိန်တွင် သူတို့မှာ တပည့် အယောက် ၂၀၊ ၃၀ခန့်၏ အာရုံစိုက်မှုကို ရရှိနေပြီဖြစ်သည်၊၊ သူတို့သည် ခြံစည်းရိုးတံတိုင်းများပေါ်တွင်ထိုင်ကာ တစ်နေ့လျှင် နာရီဝက်ခန့် ကြာတတ်သည့် လက်ရည်စမ်းပွဲများကို ကြည့်ရှုနေကြသည်၊၊

ကျိုးရင်လောင်မှာမူ ၎င်းကို အတော်လေးစိတ်ပျက်နေမိသည်၊၊ သူသည် မူလက ဝမ်ရှန်းထံမှ ဓားသိုင်းအကြံဉာဏ်များရယူရန် မျှော်လင့်ခဲ့သော်လည်း ယခုမူ သူမှာ နောက်ခံလူတစ်ဦးထက် မပိုတော့ပေ၊၊

စည်ကားနေသော ပတ်ဝန်းကျင်ကြောင့်လည်းဖြစ်နိုင်သည်… ချီဝမ်သည်လည်း တဖြည်းဖြည်းနှင့် အင်အားများပြန်လည်ရရှိလာသည်၊၊ တာအိုဝတ်စုံဝတ်ထားသော စီနီယာအစ်ကိုများနှင့် ရိုးရာဝတ်စုံဝတ်ထားသော စီနီယာအစ်မများ ခြံဝင်းထဲတွင် သွားလာနေသည်ကို ကြည့်ရင်း သူမ၏ စိတ်မကောင်းဖြစ်မှုများမှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်၊၊

နောက်ဆုံးတွင် ဝမ်ရှန်းက သူမအတွက် မှာပေးထားသည့် အထူးချုပ်ဝတ်စုံနှစ်ထည် ရောက်ရှိလာသည်၊၊ မုဝမ်ရွှမ်း၏ ပုံစံကို အတုယူကာ သူမသည် ဝတ်စုံရှည်ကို ဝတ်ဆင်ပြီး မှန်ရှေ့တွင် လှည့်ပတ်ကြည့်နေရင်း သူမ၏ ပျော်ရွှင်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ၊၊

သူမကို ကြည့်ရင်း ဝမ်ရှန်း ကြိတ်ပြုံးနေမိသည်၊၊

အမှန်တကယ်ပင် အမျိုးသမီးတစ်ဦးကို လှပသော အဝတ်အစားများထက် ပို၍ ပျော်ရွှင်စေနိုင်သည့်အရာ မရှိပေ၊၊ ရှေးလူကြီးများ ပြောခဲ့သည်မှာ မမှားနိုင်ပေ၊၊

****

ချီဝမ်၏ တက္ကသိုလ်ဟောင်း၊၊ ဝမ်ရှန်း တောင်ပေါ်သို့ ပြန်ရောက်ပြီး ရှစ်ရက်မြောက်နေ့၊၊

ကျောင်းဝင်း၏ ထောင့်တစ်နေရာရှိ သာမန်အမျိုးသားလေးယောက်အိပ်ဆောင်တစ်ခုအတွင်း ကျောင်းသားသုံးဦးသည် ဂိမ်းထဲတွင် အသည်းအသန်တိုက်ပွဲဝင်နေကြသည်၊၊ တစ်ခါတစ်ရံတွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသလို တစ်ခါတစ်ရံတွင်မူ စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ကြ၏၊၊

၎င်းမှာ အခြားသောအဆောင်များနှင့် မခြားနားလှပေ၊၊

တက္ကသိုလ်ကျောင်းသားများသည် esports လောက၏ အဓိကအသက်သွေးကြောများဖြစ်ကြသည်၊၊ သူတို့သည် သူတို့၏ လူငယ်ဘဝနှင့် ဝါသနာများကို အစစ်မှန်မဟုတ်သော တိုက်ပွဲမြေပြင်များထဲတွင် ပုံအောထားကြပြီး ခဏတာအောင်ပွဲခံရသည့် အရသာနှင့် စိတ်လှုပ်ရှားမှုကို လိုက်လံရှာဖွေနေကြခြင်း ဖြစ်သည်၊၊

ပွဲအချို့ ကစားပြီးနောက် ညစာစားချိန်သို့ ရောက်ရှိလာတော့သည်၊၊ ကျောင်းသားသုံးဦးမှာ ပျင်းရိစွာ အကြောဆန့်လိုက်ကြပြီး မွန်းလွဲခင်းတစ်ခုလုံး ဆက်တိုက်ရှုံးနိမ့်ခဲ့ရသည့်ပွဲများကို အဆုံးသတ်လိုက်ကြသည်၊၊ ထို့နောက် မည်သူက ကန်တင်းသို့သွားကာ ထမင်းသွားဝယ်မည်ကို စတင်ဆုံးဖြတ်လိုက်ကြသည်၊၊

သူတို့သည် အကြိတ်အနယ်အရှုံးအနိုင်ကစားကြပြီးနောက် နောက်ဆုံးတွင် တစ်ဦးက သက်ပြင်းချကာ ကျန်နှစ်ဦးပေးသည့် ငွေများကို လက်ခံလိုက်သည်၊၊ သူသည် အဝတ်အစားလဲ၊ ဖိနပ်စီးပြီး အနီးဆုံးကန်တင်းသို့ ထွက်ခွာသွားတော့သည်၊၊

“ငါ ခဏလောက် အိပ်လိုက်ဦးမယ်… လောင်နူး မင်းဆော့ဦးမှာလား”

ပြတင်းပေါက်နားတွင် ထိုင်နေသော မျက်မှန်နှင့် ကျောင်းသားက ပြန်ဖြေလိုက်သည်၊၊

“နောက်တစ်ပွဲလောက် ဆော့ဦးမယ် သူငယ်ချင်းအချို့က ငါ့ကို စောင့်နေကြလို့”

“အေး… ထမင်းစားချိန်ကျရင် ငါ့ကို နှိုးလိုက်ဦး”

“အိုကေ”

လောင်နူးက ခပ်သွက်သွက်ပင်ပြန်ဖြေလိုက်သည်၊၊ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖိုင်တစ်ခုကို နှိပ်လိုက်သည်၊၊ ၎င်းကို ဖြည်လိုက်သောအခါ ရှေးဟောင်းတိုက်ပွဲပုံစံပလက်ဖောင်းတစ်ခု ထွက်ပေါ်လာ၏၊၊

သူသည် အကောင့်ဝင်ကာ Lobby အခန်းတစ်ခုဖွဲ့လိုက်သည်၊၊ လျှို့ဝှက်နံပါတ်တစ်ခုသတ်မှတ်လိုက်ပြီး ခဏမျှ စောင့်နေလိုက်သည်၊၊

ညနေ ၅ နာရီ ၄၅ မိနစ် တိတိတွင် စနစ်မှ မက်ဆေ့ချ်နှစ်ခု တက်လာသည်၊၊

စနစ်- မီးသူတောင်စင်က အခန်းထဲသို့ ဝင်ရောက်လာပါပြီ၊၊

စနစ်- သဘောထားကွဲလွဲသူတာအိုဆရာ အခန်းထဲသို့ ဝင်ရောက်လာပါပြီ၊၊

လောင်နူး အနည်းငယ်မျက်မှောင်ကြုတ်သွားသည်၊၊ အဖွဲ့ခေါင်းဆောင်နှင့် သဘောထားကွဲလွဲသူတာအိုဆရာတို့ပဲ ကျန်တော့တာလား၊၊

မျက်နှာချင်းဆိုင် ကုတင်ပေါ်တွင် ဂိမ်းဆော့နေသော သူ၏ သူငယ်ချင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လောင်နူးသည် စိတ်ကို တည်ငြိမ်အောင်ထားကာ မက်ဆေ့ချ်တစ်စောင်ကို ခပ်သွက်သွက်ပေးပို့လိုက်သည်၊၊

နူးအာကျန်းယန်- ခေါင်းဆောင် ညွှန်ကြားစရာရှိလား၊၊

မီးသူတော်စင်- အသင့်အနေအထားမှာပဲနေပါ၊၊ နောက်ထပ် ညွှန်ကြားချက်မရှိသေးဘူး၊၊ တက္ကသိုလ်မှာ ဘာထူးခြားတာရှိလဲ၊၊

နူးအာကျန်းယန်- ကျင့်စဉ်ရှိတဲ့ ကျောင်းသားတွေကို စောင့်ကြည့်နေကြတုန်းပဲ အဲဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေကို ပိတ်ပင်ထားပေမဲ့ ကျွန်တော်တို့ ခိုးထုတ်ထားတဲ့ ဗီဒီယိုအချို့ကတော့ အတွင်းထဲမှာ ပြန့်နေတုန်းပဲ၊၊

မီးသူတော်စင်-ကောင်းပြီ၊၊ အစီအစဉ်အတိုင်းဆက်လုပ်ပါ၊၊ အလောတကြီး လုပ်စရာမလိုဘူး၊၊ ငါတို့မှာ အချိန်တွေ အများကြီးရှိသေးတယ်၊၊

သဘောထားကွဲလွဲသူတာအိုဆရာ- ခေါင်းဆောင် အခုအခြေအနေအရ မီးမျိုးစေ့တွေကို ဘယ်လိုဆက်ပြီး စုဆောင်းကြမလဲ၊၊

မီးသူတော်စင်- အရင်က ငါတို့ ဆက်သွယ်ထားတဲ့ အဖွဲ့အစည်းတွေက ငါတို့ရဲ့ အစီအစဉ်တွေကို အရမ်းစိတ်ဝင်စားနေကြတယ်၊၊ သူတို့ရဲ့ ကိုယ်စားလှယ်တစ်ယောက်နဲ့ ငါအဆက်အသွယ်ရထားပြီးပြီ၊၊ အရင်အကြီးအကဲတွေဆီက ရထားတာတွေနဲ့ပါ ပေါင်းလိုက်ရင် မီးမျိုးစေ့တွေအတွက် စိုးရိမ်စရာမလိုတော့ဘူး၊၊

မျက်မှန်နှင့် ကျောင်းသား၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ၏ အသက်ရှူသံမှာလည်း ပြင်းထန်လာသည်၊၊

နူးအာကျန်းရန်- မီးမျိုးစေ့တွေ အလုံအလောက်ရှိနေပြီဆိုရင် ဘာကို စောင့်နေကြတာလဲ၊၊

မီးသူတော်စင်- အခွင့်အရေးတစ်ခုကို စောင့်နေတာ၊၊

သဘောထားကွဲလွဲသူတာအိုဆရာ- အချိန်တိုအတွင်းမှာ အထိရောက်ဆုံးပြန့်နှံ့သွားဖို့အတွက် ပြင်ဆင်မှုတွေ ပိုလုပ်ဖို့ လိုအပ်တယ်၊၊ ဆိုက်ဘာရဲတပ်ဖွဲ့ကို လျှော့မတွက်နဲ့ သူတို့မှာ ကွန်ရက်ရဲ့ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်နိုင်တဲ့ အာဏာရှိတယ်၊၊

မီးသူတော်စင်- ဒီနေ့အတွက် ဒီလောက်ဆိုရပြီ၊၊ နောက်တစ်ကြိမ်တွေ့ဆုံပွဲက နောက်သုံးရက်နေရင် ည ၉ နာရီ ၂၅ မိနစ်မှာ ဖြစ်မယ်၊၊

မီးသူတော်စင်- အဲဒီမတိုင်ခင် မင်းတို့ရဲ့ အီးမေးလ်ထဲကို လျှို့ဝှက်ဆက်သွယ်ရမယ့် အချက်အလက်တွေ ပို့ပေးမယ်၊၊

မီးသူတော်စင်- တကယ်လို့ ဘယ်သူမဆို နှုတ်ထွက်ချင်တယ်ဆိုရင်တော့ ပေါ်မလာပါနဲ့တော့၊၊

စနစ်- မီးသူတော်စင် အခန်းထဲမှ ထွက်ခွာသွားပါပြီ၊၊

စနစ်- သဘောထားကွဲလွဲသူတာအိုဆရာ အခန်းထဲမှ ထွက်ခွာသွားပါပြီ၊၊

All Chapters