တိုးတတ်မှုများ
Vol. 10 Ch. 93
မည်သည့်ရလဒ်မျိုးမဆိုရရှိရန် အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ဝမ်ရှန်းထံမှ သိလိုက်ရသောအခါ ချီဝမ်လည်း သူမ၏ နှုတ်ခမ်းကို စူလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားပုံရသည်။
“ဖြတ်လမ်းရော မရှိဘူးလားဟင်”
သူမက စိုးရိမ်တကြီး မေးလိုက်သည်။
ဝမ်ရှန်းသည် စီနီယာအစ်ကိုကြီး ပီသစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေသည်၊၊
“ဖြတ်လမ်းအများစုက လမ်းမှားတွေပဲ။ ကျင့်ကြံခြင်းဆိုတာ ကိုယ်ကျင့်တရားကို အရင်ပြုပြင်ရတယ်၊၊ ပြီးမှ စိတ်ဓာတ်ကို ပြုပြင်ရတယ်။ အဲဒါတွေပြီးမှသာ တာအိုနဲ့ နည်းစနစ်တွေကို ကျင့်ကြံရမယ်”
“မင်းအနေနဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းချင်တယ်ဆိုရင် အရင်ဆုံး မင်းရဲ့ရည်ရွယ်ချက်ကို နားလည်ရမယ်။ တာအိုကို ကျင့်ကြံတယ်ဆိုတာ တာအိုရဲ့ အနှစ်သာရကို ရှာဖွေတာဖြစ်ပြီး အစွမ်းထက်တဲ့ နည်းစနစ်တွေကို သင်ယူရုံသက်သက်မဟုတ်ဘူး”
“ဓားသိုင်းတွေ၊ အဆောင်တွေနဲ့ ဂါထာမန္တန်တွေဆိုတာ ကိုယ့်ရဲ့ လမ်းစဉ်ကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေပဲဖြစ်တယ်။ မင်းရဲ့ တာအိုကသာ မင်းရဲ့ အခြေခံဖြစ်ရမယ်၊၊ နည်းလမ်းကို အဆုံးသတ်လို့ မှားယွင်းမမှတ်ယူပါနဲ့… တကယ့်အရေးကြီးတဲ့အရာကို မျက်ခြေမပြတ်ပါစေနဲ့”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ရှန်းက ပြုံးလိုက်သည်။
“ဒါတွေအားလုံးက မင်းအဖေ ငါ့ကို သင်ပေးခဲ့တာတွေပဲ။ ငါ အသက် ၁၇နှစ်မှာ သူ့တပည့်ဖြစ်လာတော့ ငါ ရောက်ရောက်ချင်းမှာပဲ သူက ငါ့ကို အခုလိုပဲဆုံးမခဲ့တယ်”
ချီဝမ်က ပြန်ပြုံးပြပြီး ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်ဝန်းထဲမှ အရိပ်အယောင်များအရ သူမ စိတ်မပြောင်းလဲသေးကြောင်း သိသာနေသည်။
ဝမ်ရှန်းက အကြောင်းအရာကို ပြောင်းလိုက်သည်။
“ဆရာကတော် တကယ်တမ်း ဘာအလုပ်လုပ်လဲဆိုတာ မင်းမသိဘူးလား”
“အမြဲတမ်း အလုပ်ရှုပ်နေတာပဲ သိတယ်။ အလယ်တန်းကျောင်းတုန်းကဆိုရင် တစ်ပတ်လုံးလုံး သူ့ကို မမြင်ရတဲ့ အချိန်တွေရှိခဲ့တယ်။ သူက ကျွန်မကို ဒါတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောပြခဲ့ဘူး”
သူက ပို၍ နာကျင်စရာကောင်းသော အကြောင်းအရာကို ဆွမိသွားပြီဖြစ်ကြောင်း ဝမ်ရှန်း သတိထားမိကာ သက်ပြင်းချလိုက်သည်။
“သူ့မှာလည်း ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိမှာပါ”
“ကျွန်မ နားလည်ပါတယ်… စိတ်မပူပါနဲ့”
ချီဝမ်က သူမ၏ နားနောက်သို့ ဆံစလေးကို သပ်တင်ရင်း ပြောလိုက်သည်။ သူမ သိသိသာသာ ပိန်သွားပြီး အားနည်းနေပုံ ရသည်။
“ဒါ ကျွန်မအမှားပါ၊၊ သူ့ကို အပြစ်မတင်ပါဘူး”
ဝမ်ရှန်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူ့ဂျူနီယာညီမလေး၏ ထူးထူးခြားခြားတက်ကြွနေသည့်ပုံစံမှာ တစ်မျိုးကြီးဖြစ်နေသည်ဟု သူ ခံစားနေရသည်။
တစ်ခါတရံတွင် အလွန်ပုံမှန်ဖြစ်နေခြင်းမှာ တစ်ခုခုမှားယွင်းနေသည့် လက္ခဏာပင်။ သူမ တစ်ခုခုကို ရင်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားပုံရသည်။
သို့သော် သူသည် သူမ၏ ဂိုဏ်းတူအစ်ကိုသာဖြစ်ပြီး မောင်နှမအရင်းမဟုတ်ပေ။ အလွန်အကျွံဝင်ရောက်စွက်ဖက်ခြင်းမှာ သူ၏ကိစ္စမဟုတ်ပေ။ သူမကို ရှုပ်ထွေးမှုများမှ ဝေးရာ တောင်ပေါ်သို့ ခေါ်ဆောင်လာခြင်းမှာပင် ဆရာ့ကျေးဇူးကိုဆပ်ရန် သူလုပ်ဆောင်နိုင်သည့် အကောင်းဆုံးအရာဖြစ်နေပြီ ဖြစ်သည်။
ယခုမူ ဆရာ မကြာခင်ပြန်လာပြီး သူ၏ တည်ငြိမ်ပြီး နောက်ပြောင်ကျီစယ်ကာ ပျော်ရွှင်တတ်သော နွေးထွေးမှုဖြင့် သူမ၏ နာကျင်နေသောနှလုံးသားကို နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟုသာ သူမျှော်လင့်နိုင်လေသည်။
ချီဝမ်နှင့် ခဏမျှ စကားပြောပြီးနောက် ဝမ်ရှန်းသည် မုဝမ်ရွှမ်းကို ရှာဖွေကာ ချီဝမ်ကို တာအိုနည်းစနစ်များ အလွယ်တကူမသင်ပေးရန် မှာကြားလိုက်သည်။
ချီဝမ် တတ်မြောက်သွားမှာကို စိုးရိမ်၍ မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ သူမ စိတ်လောသွားပြီး နောင်အနာဂါတ်၌ ကျင့်ကြံခြင်းကို ထိခိုက်သွားမည်ကို စိုးရိမ်ခြင်းသာဖြစ်သည်။
အခြားသူကို ကျင့်ကြံခြင်းသင်ကြားပေးခြင်းမှာ မိမိကိုယ်တိုင်ကျင့်ကြံခြင်းနှင့် လုံးဝခြားနားသည်။ သူနှင့် မုဝမ်ရွှမ်းသည် ထို့ကဲ့သို့သောအရာမျိုးကို အပြည့်အဝနားမလည်ကြသေးပေ။
****
တောင်ပေါ်သို့ ပြန်ရောက်ပြီးနောက် လဝက်ကျော်အတွင်း ဝမ်ရှန်းသည် ဝူတန်း၏ မျိုးဆက်သစ်တပည့်များအကြား အတော်လေးလူသိများလာခဲ့သည်။
ယခုအခါ တတိယမျိုးဆက်တပည့်များထဲတွင် အစွမ်းထက်ဆုံးဓားသမားမှာ တာအိုဆရာဖေးယွီဖြစ်ကြောင်း လူတိုင်းသိကြလေသည်။ သူနှင့် ကောင်းရှီရှင်းတို့ လေ့ကျင့်တိုက်ခိုက်သည့်အခါတိုင်း လူအများအပြားကပင် သူ့အား ဓားသိုင်းအကြောင်း မေးမြန်းကြသည်။
သို့သော် ဝမ်ရှန်းသည် မိမိကိုယ်ကိုယ် ကျွမ်းကျင်သူတစ်ဦးအဖြစ် ဘယ်သောအခါမှ မသတ်မှတ်ခဲ့ပေ။ အခြားသူများနှင့် ဆက်ဆံပြီး အမြင်ချင်းဖလှယ်ခြင်းမှာ မိမိ၏ တိုးတက်မှုအတွက်သာ အကျိုးရှိလိမ့်မည်ဟု ယုံကြည်ကာ သူသည် နှိမ့်ချစွာနေထိုင်ခဲ့သည်။
မိတ်ဆွေဖွဲ့ခြင်းနှင့် တာအိုအကြောင်းဆွေးနွေးခြင်းမှာ တောင်ပေါ်တွင် ကျင့်ကြံခြင်း၏ ပျော်ရွှင်မှုများပင် ဖြစ်သည်။ အနည်းဆုံးတော့ ၎င်းတို့က အထီးကျန်ခြင်းကို အဝေးတွင် ရှိနေစေသည်။ သူ၏ တရားထိုင်ခြင်းနှင့် တာအိုကို နားလည်သဘောပေါက်ခြင်းတို့ကို မနှောင့်ယှက်စေရန်သာ သူ သတိထားရမည်ဖြစ်သည်။
သူနှင့် ကောင်းရှီရှင်းတို့၏ လေ့ကျင့်ခန်းများမှာ တပည့်များစွာ လာရောက်ကြည့်ရှုသည့်ပွဲများဖြစ်လာသည်။ အတိတ်က တာအိုကိုယ်ခံပညာများထင်ရှားကျော်ကြားခဲ့မှုကြောင့် ဝူတန်းရှိ လူအများအပြားမှာ ဓားသိုင်းကို လေ့ကျင့်ကြသည်။ ၎င်းမှာ အဓိကလမ်းစဉ်မဟုတ်သော်လည်း အတော်အသင့်အင်အားကြီးမားဆဲဖြစ်သည်။
ဝမ်ရှန်းကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ ဖြူဖွေးသော ဆံပင်များရှိသည့် သက်ကြီးပိုင်းတာအိုဆရာအချို့က သူနှင့် ကောင်းရှီရှင်းတို့၏ လက်ရည်စမ်းပွဲများကို လာရောက်ကြည့်ရှုခြင်းပင် ဖြစ်သည်။ ၎င်းတို့က သူတို့ နှစ်ဦးကို လမ်းညွှန်ချက်များပင် ပေးခဲ့ရာ ဝမ်ရှန်းအား နက်ရှိုင်းသော အသိအမြင်များကို ရရှိစေခဲ့သည်။
ကျင့်ကြံသူများအနေဖြင့် ထိုဝါရင့် ဓားကျင့်ကြံသူများသည် ကမ္ဘာဦးချီပြန်လည်နိုးထခြင်းမတိုင်မီကပင် သူတို့၏ သက်တမ်းအများစုကို တာအိုအတွက် မြှုပ်နှံထားသူများဖြစ်သည်။ ထို့ကြောင့် သူသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း သူတို့ စုဆောင်းထားသော တန်ဖိုးမဖြတ်နိုင်သည့် ဗဟုသုတများကို ရေထဲနှစ်ထားသော ဂွမ်းစကဲ့သို့ပင် စိတ်အားထက်သန်စွာ မှတ်သားခဲ့သည်။
ချင်ယန်ဇီ၏ တပည့်များ၏ မျိုးဆက်မှာ ဝူတန်းနှင့် ကွဲပြားသော်လည်း ဝူတန်းဂိုဏ်းက သူတို့ကို အပြင်လူကဲ့သို့ မဆက်ဆံပေ။ ဝူတန်း၏ အဓိကတာအိုကျမ်းစာများကို ကြည့်ရှုရန်အတွက် ဂိုဏ်းချုပ်၏ ခွင့်ပြုချက်လိုအပ်သည်မှလွဲ၍ သူတို့သည် တောင်ပေါ်ရှိမည်သည့်နေရာကိုမဆို လွတ်လပ်စွာသွားလာနိုင်သည်။
တာအိုမျိုးဆက်များ၏ အခြေခံအဖြစ် ကျင့်ကြံခြင်းနည်းစနစ်များကို သူတို့၏ အလုံခြုံဆုံးလျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ထားကြသည်။ ၎င်းတို့ကို သူတို့ပတ်ဝန်းကျင်တွင်ဖွဲ့စည်းထားသော ဂိုဏ်းများအတွင်း၌ပင် အလွယ်တကူမျှဝေခြင်းမရှိကြပေ။
ဓားသိုင်းကို လေ့ကျင့်ခြင်းအပြင် ဝမ်ရှန်းသည် ချီဝမ်ကို သူပေးခဲ့သော အကြံပြုချက်ကိုလည်း သတိရကာ ကိုယ်တိုင်ကျင့်သုံးနေသည်။ သူသည် လေ့ကျင့်တိုက်ခိုက်ခြင်းမရှိသည့် အချိန်များတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ရန်သာ အချိန်အများစုကို အသုံးပြုခဲ့သည်။
သူသည် သူ၏ အတွင်းပိုင်းစွမ်းအင်လှည့်ပတ်မှုကို ပိတ်ဆို့သည့် နည်းလမ်းကို စတင်နားလည်နေပြီ ဖြစ်သည်။ ကြိုးစားမှုတိုင်းတွင် သူသည် အောင်မြင်မှုနှင့် ပိုမိုနီးစပ်လာခဲ့သည်။
အားလုံး အဆင်ပြေပါက လဝက်အတွင်း သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ တတိယအဆင့်သို့ တရားဝင်ရောက်ရှိလိမ့်မည် ဖြစ်သည်။ သူ့ကိုယ်သူ မလောရန်သတိပေးလိုက်သည်၊၊ အရာရာကို သဘာဝအတိုင်းဖြစ်ပျက်စေခြင်းက အကောင်းဆုံးပင်။
အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ကျော်ဖြတ်ရန်မှာပင် ဤမျှခက်ခဲနေပါက သူ၏ ဆရာမှာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် ပို၍ပင် ခက်ခဲသော အခက်အခဲများကို ရင်ဆိုင်နေရပေလိမ့်မည်။
ဆရာ ဘယ်တော့ပြန်လာမှာလဲ…။ သူ့သမီးနဲ့ ပြန်တွေ့ရင် သူ ဘယ်လောက်တောင် အံ့သြသွားမလဲ…။
ဆရာတော့ ငိုမှာသေချာတယ်…။
မျက်ရည်များ ဝိုင်းနေသော ချင်ယန်ဇီ၏ အမြဲတမ်းနုပျိုနေသည့် မျက်နှာကို မြင်ယောင်မိတိုင်း သူ ထူးဆန်းသောကျေနပ်မှုကို ခံစားလိုက်ရသည်။
တစ်နေ့တွင် ဝမ်ရှန်းသည် ကျင့်ကြံနေရင်း အချိန်မရွေးအဆင့်တက်နိုင်တော့မည်ဟု ခံစားလိုက်ရသည်။ သူသည် မိမိကိုယ်ကို မလောရန် သတိပေးလိုက်ပြီး အနားယူကာ သင့်တော်သောအချိန်ကို စောင့်ဆိုင်းရန် ရွေးချယ်လိုက်သည်။
နေလုံးကြီးက ဝင်ချည်၊ထွက်ချည်နှင့် ကြယ်များမှာလည်း ကောင်းကင်ယံတွင် နေရာပြောင်းလာကြသည်။ မကြာမီပင် ဆရာဦးလေးကောင်းနှင့် သူ၏ ရှစ်ကြိမ်မြောက် လက်ရည်စမ်းတိုက်ခိုက်ပွဲသို့ ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ ခုနစ်ကြိမ်မြောက်ပွဲစဉ်အတွင်း သက်ကြီးပိုင်းတာအိုဆရာများ ကြည့်ရှုနေစဉ် ဝမ်ရှန်းသည် မိနစ်သုံးဆယ်ခန့်အထိ ကောင်းရှီရှင်းကို ယှဉ်ပြိုင်နိုင်ခဲ့သည်။
၎င်းက ကျိုးရင်လောင်ကို လုံးဝ စကားမပြောနိုင်အောင်ဖြစ်သွားစေသည်။
အရင်ဆုံးလမ်းညွှန်မှုတောင်းခဲ့တာက ငါမဟုတ်ဘူးလား…။ မူလစိန်ခေါ်သူဖြစ်ခဲ့တဲ့ သူက ဘယ်လိုလုပ် ဘေးကကြည့်ရသူသက်သက်ဖြစ်သွားရတာလဲ။ ပိုဆိုးတာက အခုဆိုရင် သူက ဘေးမှာ လက်ဖက်ရည်နဲ့ ပဝါတွေတောင် လိုက်ပေးနေရလေပြီ။
ဝမ်ရှန်း၏ လျင်မြန်သော တိုးတက်မှုမှာ ရုတ်တရက်ခွန်အားများတိုးလာခြင်းကြောင့် မဟုတ်ပေ။ ခွန်အား၏ တကယ့်ခုန်ပျံကျော်လွှားမှုမှာ ပုံမှန်အားဖြင့် တာအိုအဆင့်တက်မှသာ ရရှိနိုင်ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ သူ၏ တိုးတက်မှုမှာ ဓားအပေါ် နက်ရှိုင်းသော နားလည်မှုကြောင့် ဖြစ်သည်။ ခုနှစ်စင်ကြယ်ဓားအစီအရင်နှင့် ခုနှစ်စင်ကြယ်ဓားသိုင်းတို့မှာ ပေါင်းစည်းလာပြီး သူ၏ အတွင်းပိုင်းမှ ခုနှစ်စင်ကြယ်ဓားဆန္ဒက ပို၍ သန့်စင်လာခဲ့သည်။
သို့သော်လည်း ကောင်းရှီရှင်းသာ အစွမ်းကုန်တိုက်ခိုက်မည်ဆိုပါက သူက အကွက် ၁၀၀ ထက် ပိုခံနိုင်မည်မဟုတ်ဟု ခန့်မှန်းထားသည်။
တောင်ပေါ်တွင် နေခဲ့သည့် နှစ်များကို ပြန်ကြည့်လျှင် အိပ်မက်ထဲတွင် နေထိုင်နေရသကဲ့သို့ပင်။
ဝမ်ရှန်း တပည့်စဖြစ်ခါစက သူ၏ ရည်မှန်းချက်မှာ မြေကမ္ဘာအဆင့်သတ်မှတ်ချက်၊ လူသားအဆင့်သတ်မှတ်ချက် သို့မဟုတ် လူသစ်အဆင့်သတ်မှတ်ချက်များတွင် ပါဝင်ရန်သာဖြစ်သည်။
သို့သော် ဝမ်ရှန်းသည် ယခုအခါ ပို၍ ယုံကြည်မှုရှိလာပြီ ဖြစ်သည်။ အဆင့်သတ်မှတ်ချက်များ တရားဝင်ထွက်ပေါ်လာသောအခါ ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် သူ့၏ ဂိုဏ်းမှ လူသုံးဦးပါဝင်ရန် မျှော်လင့်ရင်း သူသည် ကိုယ့်ကိုယ်ကို ပို၍ တွန်းအားပေးလိုက်သည်။ ထိုကဲ့သို့သော အောင်မြင်မှုမျိုးမှာ ကျင့်ကြံခြင်းလောကတွင် သူတို့ကို ပြိုင်ဘက်ကင်းဖြစ်စေလိမ့်မည်။
ဒါက လက်တွေ့မှာတော့ သိပ်ပြီး အဓိပ္ပာယ်ရှိလှတာ မဟုတ်ပေမယ့်လည်းပေါ့။
****
အရုဏ်တက်ချိန်တွင် ခြံဝင်းပြင်ပမှ လေနှင့်အတူ လွင့်ပါလာသော ရယ်မောသံများက ဝမ်ရှန်းကို တရားထိုင်နေရာမှ နိုးလာစေသည်။ သူ၏ တံခါးဝသို့ ဦးတည်နေသော တောင်ပတ်လမ်းပေါ်တွင် တပည့်ငယ်အချို့လာနေကြသည်။
ချီဝမ်သည် ဝန်းထဲတွင် တံမြက်စည်းဖြင့် သစ်ရွက်ခြောက်များကို လှည်းကျင်းနေပြီး မုဝမ်ရွှမ်းက အနီးရှိတောအုပ်ငယ်လေးတွင် တရားထိုင်နေသည်။
မုဝမ်ရွှမ်းသည် လွန်ခဲ့သော လက်ရည်စမ်းပွဲအချို့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့သည်။ သူမသည် ဓားလမ်းစဉ်ကို စိတ်ဝင်စားမှုနည်းပါးပြီး လူများလွန်းသည့်အခါ မည်သည့်နေရာတွင်ရပ်ရမည် သို့မဟုတ် ထိုင်ရမည်ကို မသေချာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ ဝေးဝေးတွင်သာနေရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။