← Chapters

ဂိုဏ်းချုပ်ဟောင်း

Vol. 10 Ch. 94

ဂိုဏ်းချုပ်ဟောင်း

Vol. 10 Ch. 94

ဝမ်ရှန်းသည် ဝင်ပေါက်အနီးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင်ထိုင်ကာ မျက်လုံးများကို မှိတ်ပြီး သူ၏အခြေအနေကို အထွတ်အထိပ်သို့ရောက်အောင် ချိန်ညှိလိုက်သည်။ တဖြည်းဖြည်းနှင့် သူသည် ထူးဆန်းသော စိတ်အခြေအနေတစ်ခုထဲသို့ ရောက်ရှိသွားသည်။

အတွင်းပိုင်းကို ကြည့်လိုက်သောအခါ သူသည် ပုံရိပ်ယောင်နယ်မြေတစ်ခုကို မြင်တွေ့နေရပုံ ရသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ မှောင်မည်းနေသော်လည်း အလယ်ဗဟိုတွင် ရှေးဟောင်းဓားတစ်လက်မှာ အပြာရောင်အလင်းဖျော့ဖျော့ဖြင့် လင်းလက်နေသည်။

၎င်း၏ ဓားသွားနှင့် လက်ကိုင်မှာ ထင်ရှားသော ပုံသဏ္ဍာန် မပေါ်သေးသော်လည်း ဓား၏ ပုံသဏ္ဍာန်အတွင်းတွင် ကြယ်ခုနစ်လုံးမှာ ခုနှစ်စင်ကြယ်အနေအထားအတိုင်း ရှိနေသည်။

သူ့ရှေ့တွင် ရှိနေသည်မှာ သူ၏ ဓားတာအို - သူ၏ ဓားဆန္ဒ၏ အရင်းအမြစ်ပင်ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ သူ၏ အတွင်းပိုင်းစွမ်းအင်လှည့်ပတ်မှု၊ သူ၏ အတွင်း၌ မဖွဲ့စည်းရသေးသော ဝိညာဉ်စင်မြင့်ကို ကိုယ်စားပြုသည်။ ၎င်းမှာ အတော်လေးပြည့်ဝနေပြီဖြစ်ပြီး ကွက်လပ်အနည်းငယ်သာ ကျန်တော့သည်။

တဖြည်းဖြည်းနှင့် တာအိုဝတ်စုံများ ဝတ်ဆင်ထားပြီး ဓားတစ်လက်စီကိုင်ဆောင်ထားသော လူငယ်အယောက်သုံးဆယ်ကျော်မှာ ခြံဝင်းအပြင်တွင် စုဝေးလာကြသည်။

ဝမ်ရှန်းသည် တောင်အောက်ခြေမှ ပြင်းထန်သော ဓားဆန္ဒတစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးကို ဖွင့်လိုက်သည်။ အမှန်ပင် ကောင်းရှီရှင်းနှင့် ကျိုးရင်လောင်တို့ လှေကားထစ်များမှ တက်လာသည်ကို သူ မြင်လိုက်ရသည်။

သူ ထရပ်လိုက်သောအခါ လူအချို့က သူ့ကို နှုတ်ဆက်ကြသည်။

“မင်္ဂလာပါ စီနီယာအစ်ကိုဝမ်”

“မင်္ဂလာပါ ဂျူနီယာညီလေးဝမ်”

“စီနီယာအစ်ကိုဝမ်က အဆင့်တက်တော့မှာလား”

ဝမ်ရှန်းက လက်သီးဆုပ် နှုတ်ဆက်ပြီး ပြုံး၍ ပြန်ဖြေလိုက်သည်။ ကောင်းရှီရှင်း ရောက်လာသောအခါ ဝမ်ရှန်းက ယဉ်ကျေးစွာကြိုဆိုပြီး သူနှင့်အတူ ခြံဝင်းထဲသို့ ဝင်ခဲ့သည်။

မီးဖိုထဲတွင် ရေနွေးအိုးတည်နေသော ချီဝမ်က အိမ်ထဲမှ လတ်လတ်ဆတ်ဆတ်ဖျော်ထားသော လက်ဖက်ရည်ကို အမြန်သွားယူပြီး သူမ၏ စီနီယာအစ်ကိုနှင့် ဆရာဦးလေးအတွက် ပြတင်းပေါက်တွင် တင်ပေးလိုက်သည်။

ယနေ့သည်လည်း အခြားနေ့များကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သူထင်ခဲ့သော်လည်း မျှော်လင့်မထားဘဲ အသားညိုညို၊ ပိန်ပိန်ပါးပါးတာအိုဆရာက ဝမ်ရှန်းကို အနည်းငယ် ပြုံးပြလိုက်သည်။

“ဒါ မင်းနဲ့ လာပြီး လေ့ကျင့်တာ နောက်ဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်”

ဝမ်ရှန်း ခဏမျှ မှင်တက်သွားပြီး ကောင်းရှီရှင်းကို လေးနက်စွာ ဦးညွှတ်လိုက်သည်။ သူက အကြောင်းပြချက်ကို မမေးပေ၊၊

“ဆရာဦးလေးရဲ့ လမ်းညွှန်မှုတွေကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

ကောင်းရှီရှင်းက ခေါင်းခါလိုက်သည်။

“အဲဒီလိုစကားတွေ မလိုပါဘူး။ ငါတို့က လေ့ကျင့်နေကြပြီး တစ်ယောက်ကိုတစ်ယောက် အကျိုးပြုနေကြတာပဲ။ ဒါပေမဲ့ မင်းရဲ့ လမ်းစဉ်က ငါ့လမ်းစဉ်အပေါ် သက်ရောက်မှုရှိလာပြီ။ ငါသာ မင်းနဲ့ ဆက်ပြီး လေ့ကျင့်နေရင် ငါ့ရဲ့ ကိုယ်ပိုင်တာအိုကနေ လမ်းလွဲသွားမှာကို စိုးရိမ်မိတယ်”

“ကျွန်တော်လည်း အဲဒါကိုစဉ်းစားမိပါတယ်။ အဲဒါကြောင့် ဒီနေ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်တာအိုကို အတည်ပြုဖို့အတွက် ဆရာဦးလေးနဲ့ အကောင်းဆုံးလှုပ်ရှားမှုအချို့ကို ဖလှယ်ချင်ပါတယ်”

“ကောင်းပြီလေ”

ကောင်းရှီရှင်း၏ အပြုံးမှာ အနည်းငယ်တောင့်တင်းနေသော်လည်း သူ အမှန်တကယ်ပျော်ရွှင်နေသည်မှာ သံသယဖြစ်စရာမရှိပေ။

ထို့နောက် သူတို့၏ဓားများကို ဆွဲထုတ်ကာ တစ်ဦးနှင့်တစ်ဦး ၁၀မီတာအကွာတွင် နေရာယူလိုက်ကြသည်။

ဒါဟာ သူတို့အတွက် နောက်ဆုံး လေ့ကျင့်တိုက်ခိုက်ခွင့်ဖြစ်နိုင်မှန်းသိနေကြတဲ့အတွက် တိုက်ပွဲမှ နောက်ထပ်အသိအမြင်သစ်တွေရနိုင်ရန် နှစ်ယောက်လုံးအစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်လိုက်ကြတယ်။

ဝမ်ရှန်းက အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ရှေ့သို့ အနည်းငယ် စောင်းလိုက်သည်။ သူ၏ အစစ်မှန်ချီများ တိုးလာသည်နှင့်အမျှ ဓား၏ မြည်ဟည်းသံက သူ့ကိုယ်ထဲတွင် ပဲ့တင်ထပ်လာသည်။

အခြားတစ်ဖက်တွင်မူ ကောင်းရှီရှင်းက သူ၏ ဓားကို ဘေးတိုက်မြှောက်လိုက်သည်။ ထိုအချိန်တွင် သူသည် အလွန်ထက်ရှသော ဓားဆန္ဒများကို ထုတ်လွှတ်နေသည်။

ဝူတန်းတပည့် အများအပြားက မျက်စိမှိတ်ကာ လေ့လာရန် ဝိညာဉ်အသိစိတ်ကို အသုံးပြုလိုက်ကြသည်။ သူတို့၏ အာရုံထဲတွင် ရှေးဟောင်းဓားပုံရိပ်ယောင်နှစ်ခုမှာ လေထုထဲတွင် ပုံပေါ်လာပုံရသည်။

ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းတို့နှစ်ယောက် ကြိုက်သလောက်လေ့ကျင့်လို့ ရပါတယ်၊၊ ဒါပေမဲ့ တစ်ဖက်လူကို ထိခိုက်ဒဏ်ရာရအောင်အထိတော့ အလွန်အကျွံမလုပ်ကြနဲ့ဦး”

ထိုအမျိုးသားသည် စကားပြောစဥ်က တောင်ပတ်လမ်းပေါ်တွင်ရှိနေပြီး အတော်ဝေးသေးသော်လည်း စကားဆုံးသွားချိန်တွင် ခြံတံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလျက် ဝမ်ရှန်းကို လေ့လာနေသည်။

နောက်ထပ် စီနီယာတစ်ယောက်လား။

ဝမ်ရှန်း မပေါ့ဆရဲပေ။ ဆံပင်ဖြူနှင့် ထိုလူကြီး၏ ကျင့်ကြံခြင်းအဆင့်အတိအကျကို သူမသိနိုင်သလို သူ့ထံမှ မည်သည့်ဖိအားမျိုးကိုမှ မခံစားရသော်လည်း စကားပြောပုံအရ ထိုလူမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း ထင်ရှားလေသည်။

အမှန်စင်စစ် ဝမ်ရှန်းသည် ထိုလူ၏တည်ရှိမှုက ကျုံးနန်တောင်သို့ မထွက်ခွာမီက သူ၏ဆရာပုံစံနှင့် အလွန်ဆင်တူနေကြောင်း တွေ့ရှိလိုက်ရသည်။

ဝမ်ရှန်း ရှေ့သို့တက်ပြီး နှုတ်ဆက်တော့မည့်အချိန်တွင် ကောင်းရှီရှင်းက ရိုသေစွာဦးညွှတ်လိုက်သည်။

“ဆရာ… ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”

“မင်းရဲ့ ဆရာဦးလေးတွေက ငါ့ကို ပြောနေကြတယ်၊၊ ချင်ယန်ဇီက ကံကောင်းပြီး ပြိုင်ဘက်ကင်းတဲ့ ဓားတစ်လက်ကို ကောက်ရထားတယ်ဆိုပဲ။ ငါက တစ်ဘဝလုံး ဓားအကြောင်းကို လေ့လာလာခဲ့တာဆိုတော့ ကိုယ်တိုင်လာကြည့်ရမှာပေါ့”

ထိုလူကြီးက ပြန်ဖြေလိုက်သည်။

ဝမ်ရှန်း ခြောက်ကပ်စွာ ရယ်လိုက်သည်။

ငါက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဓားဖြစ်သွားရတာလဲ…။

နေဦး… သူက ကောင်းရှီရှင်းရဲ့ဆရာဟုတ်လား…။

အရင်တုန်းက ကျိုးရင်လောင်ပြောခဲ့တာက တာအိုဆရာကောင်းရှီရှင်းက ဂိုဏ်းထဲမှာ အဆင့်အမြင့်ဆုံးအကြီးအကဲဆို။ အဲဒါဆိုရင်... သူက ဂိုဏ်းချုပ်ဟောင်းပေါ့။

ကောင်းကင်အဆင့်သတ်မှတ်ချက်သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးရှိ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များကို စုစည်းဖော်ပြထားသည်ဆိုသော်လည်း လောကီနယ်ပယ်နှင့် အဆက်အသွယ်ဖြတ်ကာ သီးခြားနေထိုင်သည့် ကျွမ်းကျင်သူများနှင့် သက်ရှိထင်ရှားရှိ၊မရှိ မသိရတော့သော အကြီးအကဲများကိုမူ ထည့်သွင်းတွက်ချက်နိုင်ခြင်းမရှိပေ။

ဝူတန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ယွမ်ဖူကျန်းရန်သညိ ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးဖြစ်သည်။ သူသည် အချိန်အများစုကို တောင်ပေါ်တွင်သာ ကျင့်ကြံနေထိုင်သဖြင့် လူမြင်ကွင်းသို့ ထွက်လာခဲလှသည်။ ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ကြေညာသည့်အချိန်တွင် သူ၏ကျင့်ကြံခြင်းအဆင့်မှာ မည်မျှအထိ နက်ရှိုင်းနေမည်ကို မည်သူမျှအတတ်မပြောနိုင်ပေ။ ထို့ကြောင့် သူသည် အဆိုပါစာရင်းတွင် ပါဝင်လိမ့်မည်မဟုတ်ပေ။

ရွှေအမြုတေကိုပင် အပြည့်အဝမဖွဲ့စည်းနိုင်သေးမီ ထိုသို့သော ထင်ရှားကျော်ကြားသည့် ဆရာကြီးတစ်ဦးနှင့် ဆုံတွေ့ခွင့်ရခြင်းမှာ ရှားပါးလှသောအခွင့်အရေးပင်ဖြစ်သည်။

ဝမ်ရှန်းသည် အရိုအသေပေးရန် ရှေ့သို့တက်လိုက်ပြီး အခြားဝူတန်းတပည့်ငယ်များကလည်း အပြေးအလွှားလာရောက်ဦးညွှတ်လိုက်ကြသည်။ သူ၏ တိုက်ရိုက်တပည့်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အားလုံးက သူ့ကို ဆရာဘိုးဘေးဟု ခေါ်လိုက်ကြသည်။

သို့သော် ချင်ယန်ဇီသည် ဝူတန်း၏ တာအိုမျိုးဆက်ဝင်မဟုတ်သဖြင့် ဝမ်ရှန်းအနေဖြင့်မူ သူ့အား ဆရာကြီးဟုသာ ခေါ်ဆိုနိုင်သည်။

“အားနာစရာမလိုပါဘူး”

ယွမ်ဖူကျန်းရန်က ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။

သူသည် သူ၏ကျယ်ပြန့်သော ဝတ်ရုံလက်စကို ပေါ့ပါးစွာ ဝေ့ယမ်းလိုက်ပြီး တံခါးကို ကျော်ဖြတ်ဝင်လာသည်။ လက်ကို တစ်ချက်လှုပ်ယမ်းလိုက်ရုံဖြင့် အိမ်မကြီးအတွင်းရှိ ထိုင်ခုံကြီးတစ်လုံးမှာ လေထဲတွင် ပျံဝဲထွက်လာပြီး ဝင်ပေါက်ရှေ့၌ ကျလာသည်။ ဆရာကြီးသည် အေးအေးလူလူပင် ထိုင်လိုက်၏။

သူ၏ လှုပ်ရှားမှုတိုင်းတွင် လောကကြီးနှင့် လုံးဝစည်းချက်ကျနေသည့်အလား တည်ငြိမ်အေးချမ်းသည့် အရိပ်အယောင်များထွက်ပေါ်နေသည်။ ဒေါသကြီးတတ်သော သဘာဝမရှိလျှင် တောင်ပေါ်တွင် အချိန်ကြာမြင့်စွာ ကျင့်ကြံသူများသည် များသောအားဖြင့် သူကဲ့သို့ပင် တည်ငြိမ်အေးစက်ပြီး ပြင်ပနှောင့်ယှက်မှုများကြောင့် တုန်လှုပ်ခြင်းမရှိသူများ ဖြစ်လာတတ်ကြသည်။

၎င်းမှာ တာအိုကျင့်ကြံသူများရှာဖွေနေသည့် စိတ်အခြေအနေပင် ဖြစ်သည်။

ယွမ်ဖူကျန်းရန်၏ တာအိုနယ်ပယ်မှာ သူ၏ကျင့်ကြံခြင်းအဆင့်ထက် များစွာသာလွန်နေကြောင်း ဝမ်ရှန်း နားလည်လိုက်သည်။

ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်များ ပြန်လည်နိုးထလာသော်လည်း လူငယ်ကျင့်ကြံသူများ၏ တာအိုအပေါ် နားလည်မှုမှာ အားနည်းသေးသဖြင့် အဆင့်တက်ရန် နှေးကွေးနေကြဆဲဖြစ်သည်။ ဝါရင့်ဆရာကြီးများအတွက်မူ အဓိကအတားအဆီးမှာ သူတို့၏ အိုမင်းရင့်ရော်လာသည့် ခန္ဓာကိုယ်နှင့် ဆုတ်ယုတ်လာသည့် သက်စောင့်ခွန်အားများသာဖြစ်သည်။

ကံကောင်းသည်မှာ တာအိုကို အချိန်ယူတည်ဆောက်ရသော်လည်း အိုမင်းလာသည့် ခန္ဓာကိုယ်နှင့် အားနည်းလာသည့် သက်စောင့်ခွန်အားများကိုမူ ကမ္ဘာဦးချီများဖြင့် ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ထို့ကြောင့် ဆရာကြီးများမှာ ဆရာကြီးများဖြစ်နေဆဲပင်… ယွမ်ဖူကျန်းရန်မှာလည်း ထိုနည်းလည်းကောင်းပင်၊၊

ထို့ကြောင့်လည်း မုဝမ်ရွှမ်းကဲ့သို့ ထူးခြားသောပါရမီနှင့် သိမြင်နိုင်စွမ်းရှိသူများသည် ပြိုင်ဘက်ကင်းသော အားသာချက်ကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

“ယန်ဇီမြစ်ရဲ့ လှိုင်းလုံးတွေက ရှေ့လှိုင်းကို နောက်လှိုင်းက တွန်းတင်ပြီး တစ်လှိုင်းထက်တစ်လှိုင်း ပိုသာလွန်လာတယ်၊၊ လှိုင်းဟောင်းတွေကိုတော့ ကမ်းခြေမှာ ရိုက်ခတ်ပျက်စီးသွားဖို့ပဲ ချန်ထားရစ်တယ်” ဆိုသည့် စကားအတိုင်း ဖြစ်လာလျှင်လည်း အံ့သြစရာမဟုတ်ပေ။

ယွမ်ဖူကျန်းရန်သည် ကောင်းရှီရှင်းနှင့် ဝမ်ရှန်းကို ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်စလုံးက ဓားအပေါ်မှာပဲ အရမ်းအာရုံစိုက်နေကြတယ်။ တာအိုကိုလည်း လျစ်လျူမရှုကြနဲ့။ လေ့ကျင့်တာက ကိစ္စမရှိပေမယ့် တစ်ယောက်ကို တစ်ယောက်တော့ ဒဏ်ရာမရစေနဲ့။ တင်းလွန်းရင် ပြတ်တတ်တယ်။ အမှားတစ်ချက်က မင်းတို့ရဲ့ တာအိုနယ်ပယ်ကို ထိခိုက်စေနိုင်တယ်”

“တင်းလွန်းရင် ပြတ်တတ်တယ်” ဆိုသည့်စကားကို ဝမ်ရှန်းသည် သူ၏ဆရာ့ထံမှ ယခင်က ကြားဖူးခဲ့သည်။

ယွမ်ဖူကျန်းရန်၏ အကြံပြုချက်မှာ သူတို့အကျိုးအတွက်ဖြစ်ကြောင်းသိသဖြင့် ဝမ်ရှန်းက ချက်ချင်းပင် ဦးညွှတ်လိုက်သည်။

“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး”

ဝမ်ရှန်းနှင့်မတူဘဲ ကောင်းရှီရှင်းက ခေါင်းခါလိုက်သည်။

“ဆရာ… ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန်တွန်းအားမပေးရင် ထိပ်ဆုံးကိုရောက်ဖို့ ခက်ခဲပါလိမ့်မယ်”

“သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေပြီဖြစ်တဲ့ ငါလိုလူအိုကြီးက ကမ္ဘာဦးချီတွေ နိုးထလာတာကြောင့် ဆက်ပြီးကျင့်ကြံခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ ဓားရဲ့ အထွတ်အထိပ်ဆိုတာ ဓားပဲရှိသေးတာပါ”

ယွမ်ဖူကျန်းရန်က သက်ပြင်းချရင်း ပြောသည်။

“ငါ့ဘဝတစ်လျှောက်လုံး ဓားလမ်းစဉ်အတွက် မြှုပ်နှံခဲ့ပေမယ့် အနှစ် ၅၀ လောက် စဉ်းစားဆင်ခြင်ပြီးမှသာ အဲဒီအမှန်တရားကို နားလည်ခဲ့တယ်။ ဒါကို ငါ မင်းကို အကြိမ်ကြိမ်ပြောခဲ့ပေမယ့် မင်းက နားမထောင်ဘူး”

ကောင်းရှီရှင်းက ခါးသက်စွာ ပြုံးလိုက်သည်။ သူ၏ဆရာ့ရှေ့တွင်မူ သူ၏အမူအရာမှာ များစွာ သဘာဝကျနေသည်။

ဝမ်ရှန်းသည် ဘေးတွင် ကြောင်စီစီဖြင့် ရပ်နေသော ချီဝမ်ကို လက်ဟန်ပြလိုက်သည်။ သူမသည် ဇဝေဇဝါဖြင့် မျက်တောင်ခတ်ရင်း သူမ၏စီနီယာအစ်ကိုကို ထိတ်လန့်တကြားကြည့်လိုက်သည်။

“ဆရာကြီးကို လက်ဖက်ရည် ငှဲ့ပေးလိုက်လေ”

“အော်... ဟုတ်”

ချီဝမ်သည် အပြေးအလွှားလက်ဖက်ရည်ငှဲ့ကာ ဆရာကြီးအနားသို့ ဂရုတစိုက်သွားလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ယွမ်ဖူကျန်းရန်က သူမကို ခဏမျှ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။ သူက ပြုံးလျက် ခေါင်းညိတ်ကာ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ တစ်ငုံသောက်ပြီးနောက် တိတ်ဆိတ်စွာပင် ကိုင်ထားလိုက်၏။

“စကြစို့” ကောင်းရှီရှင်းက ဝမ်ရှန်းဘက်သို့ လှည့်လိုက်သည်။

“အရင်အတိုင်းပဲ တိုက်ကြမယ်။ အလျှော့မပေးနဲ့”

ဝမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။

“နားလည်ပါပြီ”

နှစ်ဦးသား အနေအထားယူလိုက်ကြသည်။

ယွမ်ဖူကျန်းရန်က ပြုံးရုံသာပြုံးပြီး ကြည့်နေသည်။ သူ၏ ခေါင်းမာသောတပည့်ကို ဖျောင်းဖျ၍မရမှန်း သူသိပြီးသားဖြစ်သည်။ ထို့နောက် သူသည် ဝမ်ရှန်းကို လေ့လာကြည့်ရှုနေသည်။

သူသည် ဝမ်ရှန်း၏ ဓားသိုင်းကို ကြည့်ရှုရန် တောင်အတွင်းမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုလူငယ်မှာ ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိရပါက လမ်းညွှန်မှုပေးရန် သူတွန့်ဆုတ်နေမည်မဟုတ်ပေ။

တပည့်ငယ်များသည် ခြံဝင်းပတ်လည်တွင် တိတ်ဆိတ်စွာရပ်နေကြပြီး ဓားသမားနှစ်ဦးက ရင်ဆိုင်နေသည်ကို အာရုံစိုက်ကြည့်နေကြသည်။

All Chapters