အမြုတေဖွဲ့စည်းခြင်းအဆင့်
Vol. 10 Ch. 96
ဝမ်ရှန်းသည် လက်ရည်စမ်းပွဲတွင် ရှုံးနိမ့်သွားခဲ့သည်၊၊ သို့သော် ထိုအချိန်တွင် တိုက်ခိုက်သူများနှင့် ဘေးမှကြည့်နေသူများသည် ရလဒ်ကို အရေးမစိုက်နိုင်ကြတော့ချေ၊၊
တပည့်ငယ်များသည် ဓားသမားနှစ်ဦးပြသခဲ့သည့် တာအိုစည်းချက်၊ ရည်ရွယ်ချက်၊ နည်းစနစ်၊ ကျင့်စဉ်နှင့် ပုံစံများထဲတွင် နစ်ဝင်နေကြသည်၊၊ သူတို့ ပို၍ စဉ်းစားလေလေ ထိုလက်ရည်စမ်းပွဲကို ကြည့်ရသည်မှာ ပို၍ စွဲလန်းလာလေပင်၊၊
တပည့်ငယ်များသည် သူတို့၏ အသက်ရှူသံပြင်းပြင်းတစ်ချက်ကပင် ခြံဝင်းအတွင်းရှိ ကျန်ရစ်နေသော တာအိုစည်းချက်ကို အနှောင့်အယှက်ဖြစ်စေမည်စိုးသောကြောင့် အသက်ကိုပင် အောင့်ထားကြသည်၊၊
ယွမ်ဖူကျန်းရန်သည် လက်ဖက်ရည်သောက်ရင်း ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်၏၊၊ သူသည် မုတ်ဆိတ်ကိုသပ်ရင်း ခပ်တိုးတိုးရယ်မောနေကာ ကိုယ်ပိုင်အတွေးများတွင် နစ်မျောနေပုံရသည်၊၊
သူ့နောက်တွင်ရှိသော ချီဝမ်သည်လည်း တစ်စုံတစ်ခုကို နားလည်သဘောပေါက်သည့် အခိုက်အတန့်ကို ခံစားနေရလေ၏၊၊
ကျင့်ကြံခြင်းဆိုသည်မှာ နည်းစနစ်များရယူရန်၊ လေ့ကျင့်ရန်နှင့် သဘာဝအတိုင်းတိုးတက်လာရန်သာဖြစ်သည်ဟု သူမ တစ်ချိန်က ယုံကြည်ခဲ့ဖူးသည်၊၊ ယခုမူ ကျင့်ကြံခြင်းလမ်းစဉ်သည် နည်းစနစ်နှင့် အရင်းအမြစ်များထက်မကပိုမိုလိုအပ်ကြောင်း သူမ စတင်နားလည်လာပြီ ဖြစ်သည်၊၊ ပါရမီ၊ မျိုးရိုး၊ တာအိုနယ်ပယ်၊ တာအိုပညာ၊ စိတ်အခြေနေနှင့် အခြားသောအကြောင်းအရာများစွာက အကျိုးသက်ရောက်နေသည်၊၊
အခြေခံနည်းစနစ်မပြည့်စုံဘဲ ကျင့်ကြံခြင်းလမ်းစဉ်ထဲသို့ ခြေစုံပစ်ဝင်သူများကို စစ်မှန်သောကျင့်ကြံသူများဟု မသတ်မှတ်နိုင်ပေ၊၊
ခြံဝင်းအတွင်း၌ ကောင်းရှီရှင်းသည် နောင်တအနည်းငယ်ရောယှက်နေသောသက်ပြင်းကို ချလိုက်သော်လည်း ကျေနပ်သည့်အရိပ်အယောင်လည်းရှိနေသည်၊၊ သူက ဝမ်ရှန်းဘက်သို့ လှည့်လိုက်သည်၊၊
ဝမ်ရှန်းသည် တိုက်ပွဲမှ လုံလောက်စွာ နားလည်သဘောပေါက်သွားပြီဖြစ်ကြောင်း ယွမ်ဖူကျန်းရန် ခံစားမိသည်၊၊ သူ စိတ်ကြည်လင်နေသဖြင့် တပည့်များကိုခေါ်ယူကာ တာအိုအကြောင်းဆွေးနွေးပြီး လမ်းညွှန်မှုအချို့ပေးရန် ဆုံးဖြတ်လိုက်သည်၊၊ သို့သော် သူ မလှုပ်ရှားမီ တစ်စုံတစ်ခုကိုခံစားမိသွားပြီး အံ့အားသင့်စွာဖြင့် ဝမ်ရှန်း၏ ကျောပြင်ကို လှည့်ကြည့်လိုက်သည်၊၊
ဝမ်ရှန်း၏ ကိုယ်ပတ်လည်တွင် ကမ္ဘာဦးချီအမျှင်တန်းများ လှည့်ပတ်နေသည်၊၊ ၎င်းတို့သည် သူ၏ ကိုယ်တွင်းသို့ စိမ့်ဝင်ရန်ကြိုးစားနေသော်လည်း အပြင်ဘက်တွင် ပိတ်ဆို့ခံထားရပုံရ၏၊၊
ပြီးပြည့်စုံခြင်းခံစားချက်နှင့်ပြည့်နှက်နေသော ဝိညာဉ်အသိစိတ်ဖြင့် လွှမ်းခြုံထားကာ ဝမ်ရှန်းသည် လှုပ်ရှားမှုမရှိဘဲ ရပ်နေသည်၊၊ သူ၏ ကိုယ်ပတ်လည်တွင် သူ့အတွက်သီးသန့်ဖြစ်နေသော ကမ္ဘာငယ်လေးတစ်ခုဖြစ်တည်လာသကဲ့သို့ပင်၊၊
သူသည် အဆင့်တက်ခြင်းကို ဖြတ်သန်းနေခြင်း ဖြစ်သည်၊၊
လောကကြီးက ငါရှိမှန်းမသိသော်လည်း ငါရပ်တည်ရန် နေရာလေးတစ်ခုကို ဖန်တီးခဲ့သည်၊၊
ငါ့ရဲ့နှလုံးသား၊ ဝိညာဉ်၊ အသက်ရှူသံနဲ့ စိတ်ဓာတ်တွေဟာ လောကကြီးနဲ့ တစ်သားတည်းဖြစ်သွားတာကြောင့် လောကကြီးက ငါရှိမှန်း သိသင့်ပြီ၊၊
ဒါဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်လား…၊၊
ဝမ်ရှန်းသည် သူ၏ သွေးကြောများအတွင်း တိုးဝှေ့နေသော အစစ်မှန်ချီကို ခံစားနေရသည်၊၊ ၎င်းသည် အဆက်မပြတ်စီးဆင်းနေသော်လည်း ပြင်ပလွှမ်းမိုးမှုများမှ ကင်းလွတ်နေသည်၊၊ သူ၏ ဝိညာဉ်စင်မြင့် စတင်ပုံဖော်လာသည်ကိုလည်းကောင်း၊ နက်ရှိုင်းသောတာအိုစည်းချက်က ၎င်းအတွင်း၌ လည်ပတ်နေသည်ကိုလည်းကောင်း… သူ စောင့်ကြည့်နေခဲ့သည်၊၊
သူ၏ ဝိညာဉ်အသိစိတ်သည် ဆက်လက်ကြီးထွားလာပြီး အစစ်မှန်ချီများမှာလည်း ပိုမိုသန့်စင်လာသည်၊၊ ကာလရှည်ကြာပိတ်ထားသော တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သကဲ့သို့ ရှေ့တွင် ကြည်လင်ဖြောင့်တန်းသောလမ်းတစ်ခု ပေါ်လာသည်၊၊
သူသည် သက်သောင့်သက်သာရှိမှု၊ ပြည့်စုံမှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ဆက်လက်ခံစားလိုသဖြင့် နားလည်သဘောပေါက်မှုအခိုက်အတန့်မှ နိုးထရန် ဝန်လေးနေသည်၊၊
ထိုအရာအားလုံးကြားတွင် တစ်စုံတစ်ယောက်က သူ့နားထဲ၌ တီးတိုးပြောနေသကဲ့သို့ ဝမ်ရှန်း ခံစားရသည်၊၊ တစ်ခါတစ်ရံတွင် ကောင်းကင်ဘုံမှ နတ်မင်းတစ်ပါးကဲ့သို့… တစ်ခါတစ်ရံတွင်မူ ငရဲဘုံမှ အထီးကျန်ဝိညာဉ်တစ်ခုနှင့် ပိုတူနေသည်၊၊
မကြာမီ ဝမ်ရှန်း၏ နှလုံးသားအတွင်းမှ ဓားသံတစ်ချက်ထွက်ပေါ်လာသည်၊၊ ထိုတီးတိုးပြောသံများ ချက်ချင်းပျောက်ကွယ်သွားသည်၊၊
သူ၏ အတွင်းပိုင်းစွမ်းအင်လည်ပတ်မှုပြီးဆုံးသွားပြီ ဖြစ်သည်၊၊
အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် သူသည် မိမိကိုယ်ကို အဆက်မပြတ်သန့်စင်နိုင်ကာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန်အတွက် သူ၏ တာအိုခန္ဓာကို သဘာဝတရားနှင့် စည်းချက်ကျသောအခြေအနေသို့ တဖြည်းဖြည်းရောက်ရှိအောင် လုပ်ဆောင်နိုင်သည်၊၊
ထို့အပြင် အတွင်းပိုင်းစွမ်းအင်လည်ပတ်မှုမှတစ်ဆင့် သူသည် မိမိကိုယ်မိမိထောက်ပံ့ရန်အတွက် အစစ်မှန်ချီကို စုပ်ယူနိုင်ပြီ ဖြစ်သည်၊၊ ၎င်းကို အသုံးပြု၍ အစစ်မှန်ချီအား ကိုယ်တွင်း၌ စီးဆင်းစေကာ အသက်ကို အချိန်အကြာကြီး အောင့်ထားနိုင်သည်၊၊
ထိုအချိန်တွင် သူ၏ ယခင်ဘဝက တာအိုအတွေ့အကြုံများအားလုံးမှာ အသုံးမဝင်တော့ပေ၊၊ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်ဘဝက အပူတပြင်းရှာဖွေခဲ့သော်လည်း တစ်ခါမျှ မရောက်ရှိခဲ့ဖူးသော နယ်ပယ်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်၊၊
အရာအားလုံးသည် သဘာဝအတိုင်းဖြစ်ပျက်ခဲ့သည်၊၊ ၎င်းက သူ့ကို ကြီးမားသောကျေနပ်မှုကိုပေးသော်လည်း ပိုမိုမြင့်မားသောနေရာသို့ တက်လှမ်းရန်အတွက် ပို၍ တောင့်တလာမိစေသည်၊၊
၎င်းသည် တာအို၏ စစ်မှန်သည့် ဆွဲဆောင်မှုပင်၊၊
ဝမ်ရှန်းသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့ဘဲ တင်ပျဉ်ခွေထိုင်ကာ မိမိကိုယ်တွင်းရှိ အပြောင်းအလဲများကိုသာ အာရုံစိုက်နေသည်၊၊
အဆင့်တက်ခြင်းတိုင်းသည် ကျင့်ကြံသူများအတွက် ရှားပါးသောအခွင့်အရေးဖြစ်သည်၊၊ ကောင်းကောင်းဆုပ်ကိုင်နိုင်ပါက အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိနိုင်ပေ၊၊
ဝမ်ရှန်း တရားထိုင်နေသည်ကိုကြည့်ရင်း ယွမ်ဖူကျန်းရန်က ရှေ့သို့ တိုးလာသည်၊၊ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဝမ်ရှန်း၏ ပတ်ပတ်လည်တွင် ပြင်ပနှောင့်ယှက်မှုများမှ ကာကွယ်ရန် အစစ်မှန်ချီဖြင့် ပြုလုပ်ထားသော အကာအကွယ်တစ်ခုကို ဖန်တီးပေးလိုက်သည်၊၊ ထို့နောက် လက်အသာယမ်းပြလိုက်ရာ တပည့်များသည် ရိုသေစွာဖြင့် ထွက်ခွာသွားကြသည်၊၊
ကောင်းရှီရှင်းသည် ဝမ်ရှန်းကို အနည်းငယ်ကြည့်လိုက်သည်၊၊ ထို့နောက် သူ၏ ဆရာကို ဦးညွှတ်ကာ တပည့်ငယ်များနှင့်အတူ ထွက်ခွာသွားသည်၊၊ သူသည် ဘာတွယ်တာမှုမှ မရှိတော့ပုံရသည်၊၊ ဓားကို ကိုင်ဆောင်ကာ တောင်ပေါ်မှ ပေါ့ပေါ့ပါးပါးဆင်းသွားခြင်းက သူ၏ စိတ်နှလုံးကြည်လင်မှုကို ပြသနေသည်၊၊
နောက်တစ်နေ့တွင် ကောင်းရှီရှင်းသည် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်တော့မည် ဖြစ်သည်၊၊ သူသည် ဓားတာအိုနှင့် ပတ်သက်၍ ဝမ်ရှန်းနှင့် လက်ရည်စမ်းတော့မည် မဟုတ်ပေ၊၊
ရုတ်တရက် အဆင့်တက်သွားခြင်းကြောင့် ဝမ်ရှန်းလည်း ကောင်းရှီရှင်းကို ကျေးဇူးတင်စကားပြောခွင့်မရခဲ့ပေ၊၊ ပြီးခဲ့သည့် ၂ပတ်သည် များစွာအကျိုးရှိခဲ့ပြီး သူ၏ ရှေ့လျှောက်ကျင့်ကြံခြင်းအပေါ် သိသာသောသက်ရောက်မှုရှိစေခဲ့သည်၊၊
မကြာမီ ယွမ်ဖူကျန်းရန်၊ ချီဝမ်နှင့် ကျိုးရင်လောင်တို့သာ ခြံဝင်းအတွင်း ကျန်ရစ်တော့သည်၊၊
ယွမ်ဖူကျန်းရန်သည် မျက်စိမှိတ်ကာ တိတ်ဆိတ်နေပြီး ကျိုးရင်လောင်မှာမူ ခြံတံခါးဝတွင် စောင့်ကြပ်ရန် ဆုတ်ခွာသွားသည်၊၊ ချီဝမ်သည် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေကာ ဘာဖြစ်နေမှန်းမသိရှာပေ၊၊
“စီနီယာအစ်ကို ဒဏ်ရာရသွားတာလား”
စိုးရိမ်စိတ်အချို့ သူမနှလုံးသားတွင် ဖြစ်ပေါ်လာသော်လည်း မည်သည့်အသံမျှ မပြုရဲပေ၊၊ သူမ၏ စီနီယာအစ် မကြာမီပြန်လာရန်သာ ဆုတောင်းနေမိသည်၊၊
ယွမ်ဖူကျန်းရန်သည် ဝမ်ရှန်းကို လမ်းညွှန်မှုပေးရန်အတွက် အနားတွင် ရှိနေခဲ့သည်၊၊ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဝမ်ရှန်းနှင့် ကောင်းရှီရှင်းတို့၏ လက်ရည်စမ်းပွဲကို လာရောက်ကြည့်ရှုခဲ့ကြသော အခြားတာအိုဆရာများကဲ့သို့ပင် ယွမ်ဖူကျန်းရန်သည်လည်း ဝမ်ရှန်း၏ ပါရမီကို အသိအမှတ်ပြုခဲ့သည်၊၊
ဝမ်ရှန်းသည် ဝူတန်း၏ တာအိုမျိုးဆက်မှ မဟုတ်သော်လည်း ဝူတန်းတောင်ပေါ်တွင်နေထိုင်သော ကျင့်ကြံသူတစ်ဦးဖြစ်သည်၊၊ သူ၏ အနာဂတ်သည် ဤနေရာနှင့် မလွဲမသွေဆက်နွှယ်နေလိမ့်မည်၊၊
ဝူတန်း၏ မျိုးဆက်သစ်အများစုသည် ပုံမှန်ရိုးရာလမ်းစဉ်ကိုသာ လိုက်နာကြသည်၊၊ အများစုမှာ ပါရမီကောင်းကြသော်လည်း တတိယမျိုးဆက်တပည့်များကို ကိုယ်စားပြုနိုင်သည့် စစ်မှန်သောပါရမီရှင်တစ်ဦးမျှ ထွက်ပေါ်မလာသေးပေ၊၊
ယွမ်ဖူကျန်းရန်သည် ဝမ်ရှန်းထံတွင် ရှားပါးသော ဓားကျင့်ကြံသူပါရမီကိုသာမက ပို၍ အဖိုးတန်သော မူလဝိညာဉ်ကိုပါ တွေ့မြင်ခဲ့ရသည်၊၊ သူသည် ဝူတန်း၏ တာအိုအမွေအနှစ်နည်းစနစ်များကို လက်ဆင့်ကမ်းခြင်းမှလွဲ၍ သူ၏ ကိုယ်ပိုင်အသိအမြင်များကို မျှဝေခြင်းမှာ ဘိုးဘေးများချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်ရာမရောက်ပေ၊၊
ဝမ်ရှန်းသည် သူ့ကို စောင့်ကြိုနေသော ကံကြမ္မာအခွင့်အရေးကို မသိသေးပေ၊၊ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းလှမ်းနိုင်ခြင်းနှင့် ကိုယ်တွင်းစွမ်းအင်လည်ပတ်မှု၏ နက်ရှိုင်းသောထူးခြားချက်များကို ခံစားနေရခြင်းတွင်သာ နစ်မျောနေသည်၊၊
အမြုတေဖွဲ့စည်းခြင်းအဆင့်သည် တာအိုခန္ဓာ၏ ရတနာများကို ဖွင့်လှစ်ပေးသည့် တတိယမြောက်ခြေလှမ်းသာဖြစ်သည်၊၊ ၎င်းသည် ကိုယ်ပိုင်တာအိုကို ခိုင်မာစေရန်အတွက် အရေးကြီးသောအဆင့်လည်းဖြစ်သည်၊၊
သူ၏ ဝိညာဉ်စင်မြင့်၌ ရှေးဟောင်းဓားတစ်လက်၏ပုံရိပ်ယောင်က စတင်ဖြစ်ပေါ်လာသည်၊၊ ဓားသွားနှင့် အနားသတ်များက အပြည့်အဝမပေါ်သေးသော်လည်း အကြမ်းဖျင်းပုံသဏ္ဌာန်ကို မြင်တွေ့နေရပြီ ဖြစ်သည်၊၊
သူသည် အစစ်မှန်ချီကို အဆက်မပြတ်လည်ပတ်စေသည်နှင့်အမျှ သူ၏ ကိုယ်တွင်းရှိ သွေးကြောများမှာ တဖြည်းဖြည်းကျယ်ပြန့်လာသည်၊၊
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရိုးရိုးလေးတက်ရောက်နိုင်ရုံဖြင့် ဝမ်ရှန်း၏ ခွန်အားမှာ သုံးဆယ်ရာခိုင်နှုန်းထက်မက တိုးလာသည်၊၊ ပြီးခဲ့သည့် ရက်သတ္တပတ်တစ်ဝက်အတွင်း ဓားတာအို၌ လျင်မြန်စွာတိုးတက်လာမှုနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ စွမ်းအားမှာ သိသိသာသာမြင့်တက်လာခဲ့သည်၊၊
အတွင်းပိုင်းစွမ်းအင်လည်ပတ်မှုကို အချိန်အတန်ကြာထိန်းသိမ်းထားပြီးနောက် ဝမ်ရှန်းသည် သူ၏ ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်သွားသည်ကို သတိပြုမိသည်၊၊ ထို့ကြောင့် သူသည် သူ၏ အတွင်းပိုင်းစွမ်းအင်လည်ပတ်မှုနှင့် ပြင်ပလောကအကြားဆက်သွယ်မှုတစ်ခုတည်ဆောက်ရန် ကြိုးစားလိုက်သည်၊၊
သူသည် သန့်စင်သောယန်အင်မော်တယ်မန္တန်ကို ရွတ်ဆိုကာ ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောဆုံမှတ်များကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်၊၊ ခပ်သဲ့သဲ့အသံတစ်ခု နားထဲတွင် ပြည့်သွားပြီး ကမ္ဘာဦးချီလှိုင်းများသည် သူ၏ တာအိုခန္ဓာကိုယ်အတွင်းသို့ ဒရကြမ်းတိုးဝင်လာကြသည်၊၊ ဆည်ကျိုးပြီး ရေများလွှမ်းသွားသကဲ့သို့ ဝမ်ရှန်း၏ ကိုယ်တွင်း၌ အစစ်မှန်ချီများမှာ မိနစ်အနည်းငယ်အတွင်း လျှံတက်လာသည်၊၊
သူ၏ ဝိညာဉ်အသိစိတ်သည် အပြင်ဘက်သို့ ပြန့်ကားသွားပြီး ခြံဝင်းလေး၏ပတ်ပတ်လည်မီတာရာပေါင်းများစွာကို ချက်ချင်း ဖုံးလွှမ်းသွားသည်၊၊ သူသည် လေထဲတွင် ရပ်နေပြီး တိမ်ကိုစီးနင်းကာ လွတ်လပ်စွာသွားလာနိုင်တော့မည့်အတိုင်း ခံစားလိုက်ရသည်၊၊
သစ်တောထဲတွင် ကျင့်ကြံနေသော စီနီယာအစ်မ၊ ခြံတံခါးအပြင်ဘက် ကျောက်တုံးကြီးပေါ်တွင် တရားထိုင်နေသော ကျိုးရင်လောင်နှင့် သူ့ဘေးတွင်ရပ်နေသော လူကြီးကိုပင် သူမြင်နိုင်သည်၊၊
ဝမ်ရှန်း လန့်သွားကာ သူ၏ ဝိညာဉ်အသိစိတ်ကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည်၊၊ သူ မျက်စိဖွင့်လိုက်သောအခါ သူ့ကို လွှမ်းခြုံထားသော အစစ်မှန်ချီအကာအကွယ်က ပျောက်ကွယ်သွားသည်၊၊
သူသည် ထရပ်လိုက်ပြီး သူ့ဘေးရှိ လူကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်သည်၊၊
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
“ဒါက.. ဘာမှမဟုတ်ပါဘူး”
ယွမ်ဖူကျန်းရန်က မုတ်ဆိတ်ကိုသပ်ရင်း ရယ်မောလိုက်သည်၊၊ သူ လှည့်ထွက်သွားပြီး ကုလားထိုင်သို့ ပြန်သွားခဲ့သည်၊၊
ဝမ်ရှန်း ကောင်းကင်ကို ကြည့်လိုက်ရာ နေဝင်တော့မည်ကို တွေ့ရသည်၊၊ သူ၏ အဆင့်တက်ခြင်းမှာ နေ့တစ်ဝက်ခန့် ကြာမြင့်သွားခဲ့သည်၊၊
“ဖေးယွီ အနားကိုလာဦး”
“ဟုတ်ကဲ့ ဆရာကြီး”
ဝမ်ရှန်း ယွမ်ဖူကျန်းရန်ထံသို့ လျှောက်သွားသည်၊၊
ယွမ်ဖူကျန်းရန်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ အိမ်မကြီး၏ထောင့်မှ တရားထိုင်ဖျာတစ်ချပ်က ဝမ်ရှန်း၏ ခြေရင်းသို့ ရောက်လာသည်၊၊ ထို့နောက် ဝမ်ရှန်းကို ထိုင်ရန် အချက်ပြလိုက်သည်၊၊
ဝမ်ရှန်းသည် သိပ်ပြီး အားနာမနေဘဲ တည်ငြိမ်စွာ ထိုင်ချလိုက်ကာ ဆရာကြီးကို မော့ကြည့်လိုက်သည်၊၊
“အပြင်ကကောင်လေး ဝင်လာခဲ့”
ထို့နောက် ယွမ်ဖူကျန်းရန်က ခေါ်လိုက်သည်၊၊