ယွမ်ဖူကျန်းရန်
Vol. 10 Ch. 97
ခြံတံခါးဝတွင် တရားထိုင်နေသော ကျိုးရင်လောင်လည်း လန့်နိုးသွားသည်၊၊ သူသည် စက္ကန့်ဝက်ခန့် ကြောင်သွားပြီးနောက် မျက်နှာတွင် ပျော်ရွှင်မှုများပြည့်သွားကာ အထဲသို့ ပြေးဝင်လာသည်၊၊ မနက်ကတည်းက ဝမ်ရှန်းကို စောင့်ကြပ်ပေးခဲ့ပြီးနောက် ယခုမူ မမျှော်လင့်ထားသော ဆုလာဘ်ကို ရရှိတော့မည် ဖြစ်သည်၊၊
ကျိုးရင်လောင်သည် အစဥ်လာများကို ဂရုစိုက်မနေတော့ဘဲ ဝမ်ရှန်း၏ဘေးတွင် ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ချလိုက်သည်၊၊ ချီဝမ်က ခုံတန်းလျားလေးတစ်ခုကို အမြန်ယူလာပေးသော်လည်း ကျိုးရင်လောင်က လက်ခါပြလိုက်သည်၊၊
“ရှီရှင်းက ငါ့ရဲ့ သဘောအကျဆုံးတပည့်ပဲ၊၊ သူဟာ ဓားတာအိုကို စွဲစွဲမြဲမြဲလေ့ကျင့်ပြီး သိသာတဲ့အောင်မြင်မှုတွေ ရခဲ့တယ်၊၊ ဒါပေမဲ့ ငါ့တပည့်တွေထဲမှာ သူ့အတွက် ငါအစိုးရိမ်ဆုံးပဲ”
ယွမ်ဖူကျန်းရန်က ပြောသည်၊၊
“သူ့ရဲ့ ဓားအပေါ် အရမ်းစွဲလမ်းမှုက တစ်နေ့ကျရင်သူ့ကို ဓားထဲမှာပဲ ပိတ်မိသွားစေမှာကို ငါစိုးရိမ်မိတယ်၊၊ ဖေးယွီ မင်းလည်းဒီကိစ္စမှာ ရှီရှင်းနဲ့ ဆင်တူတယ်၊၊ ဒါကြောင့် မင်းကိုပြောစရာရှိလို့ ငါကျန်ခဲ့တာပဲ”
ဝမ်ရှန်း အနည်းငယ်ခေါင်းညိတ်လိုက်သည်၊၊ သူက အသံတိုးတိုးဖြင့် “ဆရာကြီးရဲ့ လမ်းညွှန်မှုတွေကို ကျွန်တော် မှတ်သားထားပါ့မယ်”
“မင်းရဲ့ ဆရာက မင်းဘေးမှာ ရှိနေပြီး လမ်းညွှန်ပေးနေတာဆိုတော့ ငါ သိပ်စိတ်မပူသင့်ပါဘူး”
ယွမ်ဖူကျန်းရန်သည် ဝမ်ရှန်းကို သံယောဇဉ်ရှိဟန်ဖြင့် ကြည့်ရင်း ပြောသည်၊၊
“မင်းဆရာကို ငါ့ရဲ့ တပည့်တစ်ဝက်လို့ သတ်မှတ်လို့ရတာမို့ ငါ့ကို ဆရာကြီးလို့ ခေါ်ရင်လည်း မမှားပါဘူး”
“မင်းက ဓားတာအိုကို လေ့ကျင့်တယ်၊၊ ဒါပေမဲ့ မင်းဆရာက အဲ့ဒါကို နည်းနည်းပဲထိတွေ့ဖူတယ်၊၊ သူက မသိတာကို သိသလိုဟန်ဆောင်ပြီး လမ်းပြရင် မင်းလိုရှားပါးတဲ့ ရတနာတစ်ခုက ပျက်စီးသွားမှာကို ငါစိုးရိမ်တယ်”
“ဒါကြောင့် ဒီနေ့ ငါ မင်းကို ဓားတာအိုကျင့်ကြံခြင်းအကြောင်းမျှဝေပေးမယ်၊၊ မင်းမှာ မေးစရာရှိရင် ပွင့်ပွင့်လင်းလင်းမေးနိုင်တယ်”
ဝမ်ရှန်း ခေါင်းညိတ်လိုက်သည်၊၊
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး”
“ဆရာဘိုးဘေး… ကျွန်တော်ရော...”
ကျိုးရင်လောင်က တိုးတိုးလေး မေးသည်၊၊
ယွမ်ဖူကျန်းရန်သည် မုတ်ဆိတ်ကိုသပ်ရင်း ရယ်မောလိုက်သည်၊၊
“မင်းလည်း မေးလို့ရပါတယ်၊၊ ဒါပေမဲ့ မေးခွန်းက မကောင်းရင်တော့ ငါ မင်းကို အပြစ်ပေးရလိမ့်မယ်”
ကျိုးရင်လောင် ခါးသီးစွာ ရယ်လိုက်သည်၊၊ သူသည် တကယ်တော့ သူနှင့် ဝမ်ရှန်းကြားတွင် မည်သူက ဆရာဘိုးဘေး၏ တပည့်အစစ်ဖြစ်ကြောင်း မေးချင်သွားသည်၊၊
“ငါ့မှာအရေးကြီးကိစ္စမရှိသေးတာမို့ ဒီနေ့ မင်းတို့နှစ်ယောက်လုံးကို ငါ နည်းနည်းမျှဝေပေးမယ်၊၊ အင်း... တာအိုလောကထဲက နာမည်ကြီးဓားကျင့်ကြံတဲ့ ဂိုဏ်းတွေကနေ စရအောင်”
ယွမ်ဖူကျန်းရန်သည် စိတ်ထဲပေါ်လာသမျှကို ပြောနေသည်၊၊ လွန်ခဲ့သော ခဏက ဓားကျင့်ကြံခြင်းကို လမ်းညွှန်မည်ဟု ပြောခဲ့သော်လည်း ယခုမူ အခြားအကြောင်းအရာသို့ ချက်ချင်းပြောင်းသွားပြန်သည်၊၊
“ဓားကျင့်ကြံခြင်းဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တယ်.. ဒါပေမဲ့ အဲ့ဒါက သီးခြားတာအိုလမ်းစဉ်တစ်ခုတော့ မဟုတ်ခဲ့ဘူး၊၊ အဲ့ဒါက မကြာသေးမီ နှစ်တွေအတွင်းမှာ လူကြိုက်များလာတဲ့ အခေါ်အဝေါ်တစ်ခုပဲ၊၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၊ ၂၀၀၀လောက်က ကျင့်ကြံသူတွေ အားလုံးဟာ တာအိုကျင့်ကြံသူတွေပဲ၊၊ ဓားကိုသုံးတာလား၊ ဓားမော့ကိုသုံးတာလားဆိုတာ ခွဲခြားမှုမရှိခဲ့ဘူး”
“ဒီနေ့ခေတ် ဓားကျင့်ကြံတဲ့ ဂိုဏ်းတွေအကြောင်း ပြောရရင် အဓိကကတော့ ရှုဓားဂိုဏ်းပဲ၊၊ ငါအရင်တုန်းက ရှုဂိုဏ်းကို တစ်ခါရောက်ခဲ့ဖူးတယ်၊၊ သူတို့ရဲ့ ဒဏ္ဍာရီလာဓားထိန်းချုပ်တဲ့ နည်းစနစ်တွေက ဝိညာဉ်စွမ်းအင်ကုန်ခမ်းမှုကြောင့်အားနည်းသွားပေမဲ့ ဂိုဏ်းထဲမှာတော့ စိတ်အားထက်သန်တဲ့ ဓားသမားတွေ အများကြီးရှိနေတုန်းပဲ”
“ဟွာရှန်းတောင်၊ လောင်ရှန်းတောင်နဲ့ ချင်းချန်းတောင်တွေလည်း ရှိသေးတယ်၊၊ ငါ့မျိုးဆက်ထဲက တော်တော်များများဟာ သူတို့ရဲ့ တစ်ဘဝလုံးကို ဓားအတွက်ပဲ မြှုပ်နှံထားကြတာ”
“ဆရာဘိုးဘေး… ဝူတန်းက ဘယ်အဆင့်မှာ ရှိလဲ” ကျိုးရင်လောင်က မေးသည်၊၊
ယွမ်ဖူကျန်းရန်က ရယ်မောရင်း ဆူလိုက်သည်၊၊
“မစဉ်းစားဘဲ မေးပြန်ပြီလား၊၊ သွား… ငါ့အတွက် လက်ဖက်ရည်နောက်တစ်ခွက် သွားယူချေ”
ကျိုးရင်လောင်က လက်ဖက်ရည်ယူရန် ထရပ်လိုက်စဉ်မှာပင် ချီဝမ်က လက်ဖက်ရည်အိုးဖြင့် ပြေးလာသည်၊၊ သူမ ပြန်မထွက်သွားမီ ဝမ်ရှန်းက သူမကို ခေါ်ထားလိုက်ပြီး အနားမှာနေကာ လိုအပ်တာလုပ်ပေးရန် အချက်ပြလိုက်သည်၊၊
အမှန်စင်စစ် ဤကဲ့သို့ လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်၏ သွန်သင်မှုများကို နားထောင်ခွင့်ရခြင်းသည် ချီဝမ်အတွက်လည်း အခွင့်အရေးတစ်ခုဖြစ်သည်၊၊ သူမအတွက် များစွာ အသုံးမဝင်နိုင်သော်လည်းပေါ့၊၊
“ဖေးယွီ… မင်းပဲ ယင်လောင်ရဲ့ မေးခွန်းကို ဖြေလိုက်ပါ”
ဝမ်ရှန်း ပြုံးလိုက်သည်၊၊
“ဆရာကြီး…ပြောခဲ့တာတွေက ဓားကို အဓိကထားပြီး ကျင့်ကြံတဲ့ မျိုးဆက်တွေပါ၊၊ သူတို့နဲ့ မတူတာက ဝူတန်းတောင်က ကျင့်ကြံသူတွေဟာ ဂိုဏ်းအသီးသီးရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားတာပါ၊၊ ကျွန်တော်တို့က ဓားဂိုဏ်းသက်သက်မဟုတ်တာကြောင့် တခြားတာအိုအမွေအနှစ်တွေနဲ့ တိုက်ရိုက်နှိုင်းယှဉ်လို့ မရပါဘူး”
ယွမ်ဖူကျန်းရန်သည် မုတ်ဆိတ်ကိုသပ်ကာ ရယ်မောလိုက်သည်၊၊ “မှန်လိုက်လေ… မင်းက တကယ်ကို အမြင်စူးရှတာပဲ”
ကျိုးရင်လောင်သည် မချိပြုံးဖြင့် နဖူးကို ပွတ်နေမိကာ ရုတ်တရက် ဝမ်းနည်းသလို ခံစားလိုက်ရသည်၊၊
သူ ပြန်သွားပြီး သူ့ဆရာကို မေးချင်နေမိတော့သည်၊၊
ဆရာဘိုးဘေးက ကျွန်တော့်နာမည်ကိုရော မှတ်မိသေးရဲ့လား…
တာအိုဆရာကြီးသည် ခြံထဲတွင် တည်ငြိမ်စွာထိုင်လျက် အဆက်မပြတ်ဋနေသည်၊၊ ဘေးတစ်ဖက်တစ်ချက်ရှိ တပည့်သုံးဦးမှာမူ ငြိမ်သက်စွာ နားထောင်နေကြသည်၊၊
ကံမကောင်းစွာဖြင့် ကျိုးရင်လောင်အတွက်မူ ကျင့်ကြံခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော လမ်းညွှန်ချက်မျိုးကို မကြားရသေးပေ၊၊ သူ့အတွက်မူ ယွမ်ဖူကျန်းရန်သည် ဓားကျင့်ကြံသူများနှင့် ပတ်သက်သည့် အကြောင်းအရာမျိုးစုံကို လျှောက်ပြောနေခြင်းသာဖြစ်သည်ဟု ထင်မှတ်နေမိသည်၊၊
ဝမ်ရှန်းကမူ ကျိုးရင်လောင်နှင့်မတူဘဲ အလွန်စိတ်ဝင်တစားရှိနေ၏၊၊ ယခင်ဘဝတုန်းကဆိုလျှင် ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ဤကဲ့သို့သော ကျင့်ကြံသူမျိုးနှင့် ဆုံတွေ့ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်၊၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ထံမှ အတွေ့အကြုံများကို နားထောင်ခွင့်ရဖို့ဆိုသည်မှာ ပို၍ပင် ခက်ခဲလှသည်၊၊
အမှန်စင်စစ် ဝမ်ရှန်းသည် သူ၏ ယခင်ဘဝကထက် ထူးထူးခြားခြားပြောင်းလဲသွားသည်ဟု မခံစားရပေ၊၊ သို့သော် သူ၏ အနှစ်သာရမှာ အတူတူပင်ဖြစ်သော်လည်း ယခုမူ ကြိုတင်သိမြင်မှုဟူသော အားသာချက်ရှိနေ၏၊၊ သူသည် ထိုအချက်ကို အသုံးချကာ ကံကြမ္မာကို ပြောင်းလဲခဲ့ပြီး ကံကောင်းသော အခွင့်အရေးများကို ရယူနိုင်ခဲ့ခြင်းကြောင့် မြေလှန်လိုက်သကဲ့သို့သော ပြောင်းလဲမှုကြီးဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်၊၊
ယခင်ဘဝက သူသည် အင်တာနက်မှတစ်ဆင့် ကျင့်ကြံခြင်းအပေါ် အလွန်အမင်းစွဲလန်းခဲ့ပြီး အရာအားလုံးကိုပင် စွန့်လွှတ်ခဲ့၏၊၊ ထိုအကြောင်းကြောင့်ပင် ကောင်းကင်ဘုံက သူ့ကို သနားကရုဏာသက်ကာ နောက်တစ်ကြိမ် ပြန်လည်အသက်ရှင်ခွင့်ပေးခဲ့ခြင်း ဖြစ်နိုင်လေသည်၊၊
လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ စကားပိုများလာတတ်ကြ၏၊၊
ယွမ်ဖူကျန်းရန်သည် တောင်အသီးသီးရှိ ဂိုဏ်းများမှစ၍ နာမည်ကျော်ကျွမ်းကျင်သူများအကြောင်းအထိ အကုန်ပြောပြနေသည်၊၊ ချင်ယန်ဇီ သူ့ကို ပြောပြခဲ့ဖူးသည့် အနောက်ပိုင်းနှင့် အရှေ့ပိုင်းမှ ဓားဆရာကြီးများအကြောင်းကိုပင် ထည့်သွင်းပြောဆိုနေသည်၊၊
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ မှ ၁၆၀ ခန့် (ယခုခေတ် အနောက်ကမ္ဘာဟု သိကြသော) အနောက်ဘက်အကြောင်း ရောက်သွားသောအခါ ကျိုးရင်လောင်က စပ်စုသည့်ဟန်ဖြင့် “ပင်လယ်တစ်ဖက်မှာလည်း ကျင့်ကြံသူတွေ ရှိတာလား” ဟု မေးလိုက်သည်၊၊
ယွမ်ဖူကျန်းရန်က ပြုံးလျက် သူ၏ လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်သည်၊၊ ကျိုးရင်လောင်လည်း အလိုက်တသိဖြင့် ချက်ချင်း လက်ဖက်ရည် ပြန်ဖြည့်ပေးလိုက်သည်၊၊
ယွမ်ဖူကျန်းရန်က ညင်သာစွာ ပြန်မေးသည်၊၊
“တာအိုဆိုတာ ငါတို့ဂိုဏ်းတွေထဲမှာပဲ ရှိနေမှာမလို့လား”
ဝမ်ရှန်းက ရယ်မောရင်း “တကယ်တော့ ဗုဒ္ဓဘာသာဆိုတာလည်း ရှေးဟောင်းအိန္ဒိယကနေ ဆင်းသက်လာတာပဲလေ”
“မှန်တာပေါ့” ယွမ်ဖူကျန်းရန်က ခေါင်းညိတ်လိုက်သည်၊၊
“ရှေးဟောင်းကျမ်းစာတွေကို ငါလေ့လာကြည့်သလောက် ကျင့်ကြံခြင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀နဲ့ ၂၀၀၀ကြားမှာ အထွန်းကားဆုံးပဲ၊၊ တကယ်တော့ နွေဦးနဲ့ ဆောင်းဦးကာလက အတွေးအခေါ်ကျောင်းပေါင်း ၁၀၀ဆိုတာ တာအိုဂိုဏ်းတွေပဲ”
“ဒါပေမဲ့ တောက်တယ်ကျင်းဆိုတဲ့ အနက်ရှိုင်းဆုံးနဲ့ အလျှို့ဝှက်ဆုံးကျမ်းစာကို ချန်ထားပေးခဲ့တာကတော့ လောင်ဇီ (အရှင်လီအာ)ပဲ၊၊ သူကြောင့်ပဲ တာအိုဂိုဏ်းတွေဟာ တဖြည်းဖြည်းထွန်းကားလာပြီး စစ်မှန်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဖြစ်လာခဲ့တယ်”
“အနောက်ကမ္ဘာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းကတော့ ဒီလောက်မထင်ရှားသေးဘူး၊၊ ဒါပေမဲ့ သူတို့မှာလည်း ကိုယ်ပိုင်ကျင့်ကြံသူတွေ ရှိခဲ့ပါတယ်၊၊ အဲ့ဒီတုန်းက သူတို့ဟာ ဒီဘက်က မဟာမြင့်မြတ်ကုန်းမြေနဲ့ အဆက်အသွယ်သိပ်မရှိတာကြောင့် ငါတို့လည်း သူတို့အကြောင်း သိပ်မသိခဲ့ကြတာပဲ”
“ဒါပေမဲ့ ဗုဒ္ဓဘာသာက အလယ်ပိုင်းဒေသကို စတင်ရောက်ရှိလာတဲ့အခါ တာအိုဂိုဏ်းတွေနဲ့ ပဋိပက္ခတွေ အတော်လေးဖြစ်ခဲ့တယ်၊၊ ထူးဆန်းတာက ရှေးဟောင်းမှတ်တမ်းတွေမှာ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်တဲ့ မှတ်တမ်းတွေ မရှိဘူး၊၊ ဒါပေမဲ့ နှစ်ပေါင်း ရာချီကြာအောင် လမ်းစဉ်နှစ်ခုရဲ့ ကျင့်ကြံသူတွေဟာ သဟဇာတမဖြစ်ခဲ့ကြဘူး၊၊ နောက်ဆုံးတော့ ဗုဒ္ဓဘာသာက အလယ်ပိုင်းဒေသနဲ့ တစ်သားတည်းဖြစ်သွားပြီး တာအိုနဲ့အတူ ယှဉ်တွဲပြန့်နှံ့လာခဲ့တယ်”
“အဲ့ဒီတုန်းက အင်မော်တယ်တွေက ကြားဝင်စေ့စပ်ပေးခဲ့တာ ဖြစ်နိုင်တယ်၊၊ အရင်ကတော့ အင်မော်တယ်တွေအကြောင်းကို ပုံပြင်လို့ပဲ ငါသတ်မှတ်ခဲ့တယ်၊၊၊ ဒါပေမဲ့ အခုတော့ အဲ့ဒါက အခြေအမြစ်မရှိဘူးလို့ ငါမထင်တော့ဘူး၊၊ အဆုံးမရှိတဲ့ သွေးချောင်းစီးမှုတွေကို မကြည့်ရက်လို့ မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ရှိတဲ့သူတွေက ရှေ့ထွက်ပြီး ဖြေရှင်းပေးခဲ့တာ ဖြစ်နိုင်ပါတယ်”
“ဆရာဘိုးဘေး… ဒါဆိုအရှေ့ဘက်ကရော”
လက်ဖက်ရည်အိုး ကိုင်ထားဆဲဖြစ်သော ကျိုးရင်လောင်က မေးလိုက်သည်၊၊
ယွမ်ဖူကျန်းရန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာတည်ကြည်သွားသည်၊၊
“ချင်းမင်းဆက်တုန်းက ရှုဖူက လက်မထပ်ရသေးတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၅၀၀ကို ခေါ်ပြီး ပင်လယ်ထဲကို သင်္ဘောနဲ့ ထွက်သွားခဲ့တယ်၊ ဒါပေမဲ့ ဘယ်တော့မှ ပြန်မလာတော့ဘူး၊၊ အဲ့ဒါက ပုံပြင်သက်သက်မဟုတ်ဘူး”
“အဲ့ဒီနောက်ပိုင်းမှာတော့ အရှေ့ဘက်မှာ နိုင်ငံငယ်လေးတစ်ခုပေါ်လာတယ်၊၊ သူတို့ဟာ တာအိုကျင့်ကြံခြင်းရဲ့ အပေါ်ယံပုံစံတွေကို ခိုးယူသွားပြီး သူတို့ရဲ့ မူလအရင်းအမြစ်ကိုတော့ အသိအမှတ်မပြုကြဘူး၊၊ အဲ့ဒီအစား သူတို့ခိုးယူထားတဲ့အရာတွေကိုပဲ ဂုဏ်ယူနေကြတယ်၊၊ အဲ့ဒါက တကယ်ကို ရယ်စရာကောင်းတယ်”
ယွမ်ဖူကျန်းရန် သက်ပြင်းချလိုက်သည်၊၊ ထို့နောက် သူက ဆက်ပြောသည်၊၊
“မကြာသေးခင်ကပဲ ငါတို့တပည့်တစ်ယောက်က လေ၊ မီး၊ တော၊ တောင် ဆိုတဲ့ အခေါ်အဝေါ်ဟာ နိုင်ငံခြားက လာတာလို့ ပြောနေတာကို ငါကြားလိုက်တယ်၊၊ အဲ့ဒါက ငါတို့ရဲ့ စစ်ဗျူဟာရှင်တွေ ဖန်တီးခဲ့တာဆိုတာ သူတို့ မသိကြဘူး၊၊ ‘လေကဲ့သို့ လျင်မြန်ရမယ်၊ တောကဲ့သို့ တည်ငြိမ်ရမယ်၊ မီးကဲ့သို့ ပြင်းထန်ရမယ်၊ တောင်ကဲ့သို့ မလှုပ်မယှက် ရှိရမယ်’၊၊ အဲ့ဒါကို ပြောမိတိုင်း ငါ့ရင်ထဲမှာ နောင်တအကြီးအကျယ်ရမိတယ်”
ယွမ်ဖူကျန်းရန်၏ စိတ်ခံစားချက်အပြောင်းအလဲကို သတိပြုမိလိုက်သဖြင့် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်၊၊
ဒီလူကြီးရဲ့ ငယ်ဘဝက မဟာမြင့်မြတ်ကုန်းမြေကို နိုင်ငံခြားကျူးကျော်မှုတွေခံနေရတဲ့အချိန်များလား…၊၊
ဝမ်ရှန်း စဉ်းစားနေမိသည်၊၊ အဲ့ဒီတုန်းက တာအိုကျင့်ကြံသူအမြောက်အမြားသည် တောထွက်ရာကနေ နိုင်ငံတော်ကိုကာကွယ်ဖို့ ထွက်လာခဲ့ကြပြီး အများအပြားသေဆုံးခဲ့ကြရသည်၊၊
ဘာပြောရမှန်းမသိသဖြင့် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့မှာ အသာအယာခေါင်းညိတ်ပြရုံသာတတ်နိုင်ကြသည်၊၊
ယွမ်ဖူကျန်းရန်က နောက်ထပ်သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ကို ပြန်တည်ငြိမ်အောင် ထားလိုက်သည်၊၊
“အခုက ဒါတွေ စဉ်းစားနေရမယ့် အချိန်မဟုတ်ပါဘူး၊၊ ငါဘယ်နားရောက်သွားလဲ... ယင်လောင် မင်း ငါ့စကားကို ဖြတ်မပြောနဲ့တော့”