ဓားတာအို၏ နယ်ပယ်ခြောက်ဆင့်
Vol. 10 Ch. 98
“ဟမ်... အာ... ဟုတ်ကဲ့”
ကျိုးရင်လောင်မှာ လက်ဖက်ရည်အိုးကိုပင် ချမထားရဲဘဲ ခေါင်းကို ငုံ့ထားလိုက်သည်၊၊
တာအိုဆရာကြီးက သူ၏ ပုံပြင်များကို ပြန်လည်ပြောပြနေပြန်သည်၊၊
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများစွာကို ကြားသိခဲ့ရသလို ရှေ့ကလူများ ကမ္ဘာဦးချီမရှိဘဲ နှစ်ပေါင်း ၁၀၀၀တိုင်အောင် တာအိုအမွေအနှစ်ကို မည်မျှခက်ခဲပင်ပန်းစွာ စောင့်ရှောက်ခဲ့ရသည်ကိုလည်း သိခဲ့ရ၏၊၊
တစ်နာရီကျော်ခန့် ထွေရာလေးပါးပြောဆိုပြီးနောက်တွင်မှ ယွမ်ဖူကျန်းရန်က ဓားအကြောင်းကို စပြောလိုက်သည်၊၊
ငိုက်မြည်းနေသော ကျိုးရင်လောင်လည်း ချက်ချင်း နိုးကြားလာ၏၊၊ ဝမ်ရှန်းလည်း တစ်လုံးမကျန်မှတ်သားရန် အာရုံစိုက်လိုက်သည်၊၊
ယွမ်ဖူကျန်းရန်သည် ဓားတာအိုထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ နစ်မျောခဲ့သည်ဟု ပြောခဲ့ဖူးသည်၊၊ အကယ်၍ သူသာ ဤပညာ၏ဆရာတစ်ယောက်မဟုတ်လျှင် မည်သူကို ဆရာဟု ခေါ်ဆိုနိုင်မည်နည်း၊၊
“ဓားတာအိုရဲ့ အနှစ်သာရအကြောင်း ပြန်သွားရအောင်… အခြေခံအားဖြင့်တော့ ဓားဆိုတာ လက်နက်တစ်ခုပဲ၊၊ သူ့ကို မြင့်မြတ်တဲ့သူတွေနဲ့ ဘယ်လောက်ပဲနှိုင်းနှိုင်း သူဟာ လူသတ်တဲ့ကိရိယာတစ်ခုပဲ”
“လက်နက်တိုင်းမှာ ခက်ထန်တဲ့ သဘာဝအငွေ့အသက်တွေ ရှိတယ်၊၊ အကယ်၍ လူတစ်ယောက်ဟာ သတ်ဖြတ်ဖို့အတွက်ပဲ ဓားကိုသုံးမယ်ဆိုရင် အဲ့ဒါက သူတို့ရဲ့ တာအိုစိတ်နှလုံးသားကို မလွဲမသွေသက်ရောက်လိမ့်မယ်၊၊ သတ်ဖြတ်မှုတွေများလာရင် ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး အတွင်းစိတ်မိစ္ဆာတွေ ဝင်လာလိမ့်မယ်”
“ဒါကြောင့် မင်းတို့နှစ်ယောက်လုံးကို ငါ ရှင်းရှင်းလင်းလင်းပြောချင်တာကတော့ မင်းတို့ ဓားတာအိုကို ကြိုက်သလောက်လေ့ကျင့်နိုင်တယ်၊၊ ဒါပေမဲ့ နောက်ဆုံးမှာ ဉာဏ်အလင်းရမှာက မင်းတို့ကိုယ်တိုင်ပဲဖြစ်ရမယ်၊၊ မင်းတို့လက်ထဲက ဓားမဟုတ်ဘူး”
ဝမ်ရှန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်၊၊
ကျိုးရင်လောင်မှာမူ အတွေးနက်နေပုံရသည်၊၊
ယွမ်ဖူကျန်းရန် ထရပ်လိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏၊၊ သူ၏ ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်များမှာ လေထဲတွင် လွင့်နေပြီး ကြည့်ရသည်မှာ တစ်ချိန်ချိန်တွင် ကိုယ်ပျောက်ပြီး ပျံတက်သွားတော့မည့်အတိုင်းပင်၊၊
“ငါ့အမြင်အရဆိုရင် ဓားတာအိုမှာ နယ်ပယ် ၆ဆင့် ရှိတယ်၊၊ ပထမအဆင့်ကတော့ ဓားနည်းစနစ်နယ်ပယ်ပဲ___ အဲ့ဒါက ဓားနည်းစနစ် အနည်းငယ်သိရုံတင် မဟုတ်ဘူး၊၊ အဲ့ဒီနည်းစနစ်တွေကို ကိုယ့်ကိုယ်တွင်းမှာ အပြည့်အဝစီးဝင်နေအောင်လုပ်ပြီး တိုက်ပွဲမှာ လိုသလိုအသုံးပြုနိုင်ရမယ်၊၊ အဲ့ဒါက ဝီရိယနဲ့ လေ့ကျင့်မှုတွေ အများကြီးလိုအပ်တယ်”
“ဒုတိယအဆင့်ကတော့ သဏ္ဌာန်မဲ့ဓားနယ်ပယ်ပဲ___ အဲ့ဒါကို ဓားဆန္ဒနယ်ပယ်လို့လည်းခေါ်တယ်၊၊ ဓားနည်းစနစ်တိုင်းမှာ ကိုယ်ပိုင်ဆန္ဒရှိတယ်၊၊ ဒါကြောင့် တစ်ခုကို သင်ယူတာဟာ သူ့ရဲ့ဆန္ဒကို နားလည်အောင်လုပ်တာပဲ၊၊ ဖေးယွီ… ငါဆိုလိုတာကို နားလည်လား”
ဝမ်ရှန်း ခေါင်းညိတ်လိုက်သည်၊၊ သူသည် လက်ရှိတွင် ဓားဆန္ဒနယ်ပယ်သို့ ရောက်နေသည် မဟုတ်ပါလား၊၊ သို့သော် သူ၏ ကျင့်ကြံခြင်းအတွေ့အကြုံအားနည်းသေးခြင်းကြောင့် စစ်မှန်သော သဏ္ဌာန်မဲ့ဓားအဆင့်ကိုတော့ အပြည့်အဝမရရှိသေးပေ၊၊
ယွမ်ဖူကျန်းရန်၏ နယ်ပယ်သတ်မှတ်ချက်များမှာ အပြည့်အဝတိကျချင်မှ တိကျမည်ဖြစ်သော်လည်း လမ်းမမှားစေရန်အတွက်တော့ သေချာပေါက်အထောက်အကူဖြစ်နိုင်၏၊၊
“တတိယနယ်ပယ်ကတော့ ဓားအရှိန်အဝါပဲ___အဲ့ဒါက သဏ္ဌာန်မဲ့ဓားရဲ့ တိုးချဲ့မှုတစ်ခုပဲ၊၊ ဓားအရှိန်အဝါဆိုတာ ကောင်းကင်နဲ့ မြေကြီးနဲ့ တစ်သားတည်းဖြစ်ခြင်းနဲ့ ဆင်တူတယ်၊၊ အဲ့ဒါက ငြိမ်ငြိမ်လေးရပ်နေရင်တောင် လောကကြီးနဲ့ တစ်သားတည်းဖြစ်နေစေပြီး ဓားကိုတောင် မထုတ်ဘဲ ပြိုင်ဘက်ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ကိုယ့်ရဲ့ တည်ရှိမှုနဲ့တင် ဖိနှိပ်ပစ်နိုင်တာမျိုးပဲ”
ဓားအရှိန်အဝါ၊၊
ပထမဆုံး နယ်ပယ်သုံးခုမှာ အစဉ်လိုက် တစ်ဆင့်ပြီးတစ်ဆင့်သွားရသည်မျိုး မဟုတ်ပုံရသည်၊၊
ဓားဆန္ဒသည် ကျယ်ပြန့်ပြီး အမျိုးစုံရှိနိုင်သည်၊၊ ဓားနည်းစနစ်များကို ပို၍ကျွမ်းကျင်လေ ဓားဆန္ဒများကို ပို၍ နားလည်လေဖြစ်သည်၊၊ အကန့်အသတ်မရှိပေ၊၊ ဝမ်ရှန်းသည် သဏ္ဌာန်မဲ့ဓားအဆင့်ကို မရောက်သေးသော်လည်း ခုနှစ်စင်ကြယ်ဓားဆန္ဒကိုမူ စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်၊၊
ဓားအရှိန်အဝါသည် လူ၊ ဓားနှင့် လောကကြီးအကြား ဆက်နွှယ်မှုအပေါ် မူတည်သည်၊၊ ၎င်းသည် ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုအပေါ်တွင် မူတည်နေလေသည်၊၊
ဝမ်ရှန်း၏ အတွေးကို အတည်ပြုပေးသည့်အလား ယွမ်ဖူကျန်းရန်က ရယ်မောရင်းပြောသည်၊၊
“ပထမ နယ်ပယ်သုံးခုဟာ တင်းကျပ်တဲ့ အစဉ်လိုက်အတိုင်းသွားတာမဟုတ်ဘူး၊၊ တစ်ခုကို အပြည့်အဝတတ်မြောက်မှ နောက်တစ်ခုကိုသွားရတာမျိုး မဟုတ်ဘူး၊၊ နည်းစနစ်၊ ဓားဆန္ဒနဲ့ အရှိန်အဝါတွေဟာ ဓားတာအိုရဲ့ အခြေခံအစိတ်အပိုင်းတွေပဲ”
“ဒါပေမဲ့ အောင်မြင်တဲ့ ဓားကျင့်ကြံသူအများစုဟာ သဏ္ဌာန်မဲ့ဓားကို အရင်ဆုပ်ကိုင်မိပြီးမှ ဓားဆန္ဒကို နားလည်ကြတယ်၊၊ အဲ့ဒီနောက်မှ ဓားအရှိန်အဝါကို ခံစားမိကြတယ်၊၊ ဒါကြောင့်မို့လို့ ဒီအစဉ်အတိုင်းသတ်မှတ်ထားကြတာပဲ”
ဝမ်ရှန်း အလွန်ရှင်းလင်းသွားသည်ဟု ခံစားလိုက်ရသည်၊၊ ၎င်းသည် သူသိချင်နေသောအရာပင် ဖြစ်သည်၊၊ ဓားတာအို၏ နယ်ပယ်ခြောက်ဆင့်တွင် ပထမသုံးဆင့်က နည်းစနစ်၊ ဓားဆန္ဒနှင့် အရှိန်အဝါဖြစ်လျှင် နောက်ဆုံးသုံးဆင့်က ဘာဖြစ်နိုင်မည်နည်း၊၊
ယွမ်ဖူကျန်းရန်က ပြုံးလျက် သူ၏ မုတ်ဆိတ်ကို ညင်သာစွာသပ်နေသည်၊၊ ဝမ်ရှန်း၏ သိလိုစိတ် ပြင်းပြနေသည်ကို မြင်ရမှသာ သူက ဆက်ပြောသည်၊၊
“စတုတ္ထနယ်ပယ်ကိုတော့ ဓားထိန်းချုပ်ခြင်းလို့ ခေါ်တယ်”
ကျိုးရင်လောင်က လွှတ်ခနဲ မေးလိုက်သည်၊၊
“ဓားထိန်းကျောင်းတဲ့ နည်းစနစ်လား”
ယွမ်ဖူကျန်းရန်က အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်၊၊
“ဟားဟားဟား… ဓားထိန်းကျောင်းတဲ့ နည်းစနစ်ဆိုတာ အရာဝတ္ထုတွေကို ထိန်းချုပ်တဲ့ တာအိုအတတ်ပညာရဲ့ တိုးချဲ့မှုတစ်ခုပဲ၊၊ ဒါပေမဲ့ အဲ့ဒါက သီးခြားဆွေးနွေးရမယ့်ကိစ္စပါ… ငါဆိုလိုတဲ့ ထိန်းချုပ်ခြင်းဆိုတာက...”
ယွမ်ဖူကျန်းရန်သည် စကားလမ်းကြောင်းကို ကျွမ်းကျင်စွာပြောင်းလိုက်ပြီး ဓားထိန်းကျောင်းသည့် နည်းစနစ်နှင့် ဓားတာအိုအကြားဆင်တူမှုနှင့် ကွဲပြားမှုများကို ရှင်းပြနေပြန်သည်၊၊
ဝမ်ရှန်းလည်း ကျိုးရင်လောင်ကို စိတ်ပျက်သည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်၊၊
ကျိုးရင်လောင်လည်း ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြုံးပြကာ လက်ဖက်ရည်နောက်တစ်ခွက်ကို ငြိမ်ငြိမ်လေးသောက်နေလေသည်၊၊ သူ့ဆရာဆီကနေ ဆရာဘိုးဘေးက စကားအရမ်းများသည်ဟု ကြားဖူးသော်လည်း ဒီလောက်အထိဖြစ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ၊၊
မည်သို့ပင်ဖြစ်စေ သူတို့သည် ဓားထိန်းကျောင်းသည့် နည်းစနစ်အကြောင်း ပိုမိုသိရှိခဲ့ရသည်၊၊
ယွမ်ဖူကျန်းရန်၏ အဆိုအရ ထိုနည်းစနစ်မှာ အရာဝတ္ထုထိန်းချုပ်သည့်နည်းစနစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်၊၊ ၎င်းသည် ရှုဒေသရှိ တာအိုဂိုဏ်းများမှ စတင်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀ ခန့်တွင် ထွန်းကားခဲ့သည်၊၊ ၎င်းကို လေ့ကျင့်ရန်အတွက် ပထမဦးဆုံး ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ပြီး ဓားသန္ဓေသားတစ်ခုကို ရွေးချယ်ကာ ဝိညာဉ်အသိစိတ်ဖြင့် အချိန်ပြည့် ပြုစုပျိုးထောင်ပေးရသည်၊၊
၃ နှစ်မှ ၇ နှစ်အကြာတွင် ထိုဓားသန္ဓေသားသည်ပြောင်းလဲသွားပြီး ကျင့်ကြံသူက ၎င်းကို စစ်မှန်သောဓားပျံအဖြစ် သန့်စင်နိုင်သည်၊၊
ဓားပျံတစ်လက်ဖြစ်လာရန်အတွက် သီးသန့်စည်းတံဆိပ်များ၊ ဓားထိန်းကျောင်းသည့် နည်းစနစ်ကို ကျွမ်းကျင်မှုနှင့် ၎င်းကို ထိရောက်စွာအသုံးပြုနိုင်ရန် ခိုင်မာသောဝိညာဉ်အသိစိတ်တို့ လိုအပ်လေ၏၊၊
“ဒါပေမဲ့ ဒါဟာ ဓားထိန်းကျောင်းတဲ့ ကျင့်ကြံမှုရဲ့ အစောပိုင်းအဆင့်တွေအတွက်လိုအပ်တဲ့ လုပ်ငန်းစဉ်ပဲရှိသေးတယ်”
ယွမ်ဖူကျန်းရန်က ပြုံးလျက် ရှင်းပြသည်၊၊
“အကယ်၍ မင်းက ဓားတာအိုရဲ့ စတုတ္ထနယ်ပယ်ကိုရောက်ပြီး မှန်ကန်တဲ့နည်းစနစ်တွေကို ရရှိခဲ့မယ်ဆိုရင် အဲ့ဒါက နှစ်ဆလောက် ပိုလွယ်သွားလိမ့်မယ်၊၊ ချက်ချင်းတောင် နားလည်သွားနိုင်တယ်”
ဝမ်ရှန်းက ပြုံး၍ “ဒါဆိုရင် ဆရာကြီး.. ဓားထိန်းချုပ်ခြင်းနယ်ပယ်ဆိုတာ ဘာလဲဆိုတာ ရှင်းပြပေးပါဦး”
“စိတ်ရှည်စမ်းပါ၊၊ ငါ သေချာရှင်းပြမယ်၊၊ ဓားတာအိုရဲ့ စတုတ္ထနယ်ပယ်ဆိုတာ ဓားကို အကြွင်းမဲ့ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုတစ်ခုပဲ၊၊ အဲ့ဒါကို လူနဲ့ဓားတစ်သားတည်းဖြစ်ခြင်းလို့ ခေါ်ရင် ပိုနားလည်လွယ်လိမ့်မယ်”
“ဓားသမားတစ်ယောက် ဓားကို စတင်ကိုင်စွဲတဲ့ အချိန်ကစပြီး သူတို့ရဲ့ ခရီးလမ်းဟာ နောက်ဆုံးမှာ ဒီနယ်ပယ်ကို ရောက်သွားမှာပဲ၊၊ ကျင့်ကြံဖို့ ချီစွမ်းအင်ရှိလာတဲ့အခါ ဒီအဆင့်ကို ရောက်ဖို့က ပိုလွယ်သွားလိမ့်မယ်၊၊ ပုံရိပ်ယောင်အမြုတေအဆင့်ကို ရောက်သွားတဲ့အခါမှာတော့ ကျင့်ကြံသူရဲ့ သက်တမ်းဟာ သိသိသာသာရှည်လာမှာဖြစ်လို့ပဲ”
“ဒါပေမဲ့ ကမ္ဘာဦးချီပျောက်ကွယ်နေတဲ့ နှစ်ပေါင်း ၁၀၀၀ အတွင်းမှာတော့ မရေမတွက်နိုင်တဲ့ ဓားသမားတွေဟာ သဘာဝအတိုင်း အိုမင်းသွားခဲ့ကြတယ်၊၊ သူတို့ဟာ နောင်တတွေနဲ့အတူ မြေကြီးထဲ ရောက်သွားခဲ့ကြရတာပဲ”
“အခု ပြောပြခဲ့တဲ့ ပထမနယ်ပယ် ၄ခုဟာ ဓားနဲ့ တိုက်ရိုက်ဆက်စပ်နေပေမဲ့ နောက်ဆုံးနှစ်ခုကတော့... ပိုပြီးတော့ ခက်ခဲနက်နဲတယ်”
ဝမ်ရှန်းက ယွမ်ဖူကျန်းရန်၏ ဆိုလိုရင်းကို အပြည့်အဝနားမလည်နိုင်သေးပေ၊၊
“အမှန်အတိုင်း ပြောရရင် တစ်နေ့မှာ မင်းရဲ့ မူလဝိညာဉ်ကို တည်ဆောက်နိုင်ပြီး စစ်မှန်တဲ့ ကျင့်ကြံသူဖြစ်လာတဲ့အခါ ဓားထိန်းချုပ်ခြင်းနယ်ပယ်ကို ရောက်သွားတာနဲ့ တခြားကာကွယ်ရေးနည်းစနစ်တွေ မလိုတော့ဘူး၊၊ လက်ထဲမှာ ဓားတစ်လက်ရှိနေရုံနဲ့ ကျင့်ကြံခြင်းလောကမှာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ သွားလာနိုင်လိမ့်မယ်”
ယွမ်ဖူကျန်းရန် ခပ်ဖွဖွသက်ပြင်းချလိုက်ပြီး ဆက်ပြောသည်၊၊
“ပဉ္စမနယ်ပယ်ကိုတော့ ဓားနှလုံးသားနယ်ပယ်လို့ ခေါ်တယ်၊၊ ငါကိုယ်တိုင်လည်း အခုမှပဲ အဲ့ဒါရဲ့လျှို့ဝှက်ချက်တွေကို စပြီးမြင်တွေ့နေရတယ်၊၊ ငါ့ရဲ့ ကျင့်ကြံခြင်းအကန့်အသတ်ကြောင့် ဒီနယ်ပယ်ထဲကို အပြည့်အဝမဝင်နိုင်သေးဘူး၊၊ ဒါပေမဲ့…”
ယွမ်ဖူကျန်းရန်က သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်၊၊ ဖြူစင်သော အလင်းတန်းများမှာ သူ၏ လက်ဖဝါးတွင် စုစည်းလာပြီး သုံးလက်မခန့်ရှိသော ဓားငယ်လေးတစ်လက်အဖြစ် ပြောင်းလဲသွားသည်၊၊ ၎င်း၏ ပုံသဏ္ဌာန်မှာ အနည်းငယ် ဝေဝါးနေသေးသော်လည်း…
၎င်းသည် ဖြည်းဖြည်းချင်းလည်ပတ်ကာ အထက်သို့ တက်သွားသောအခါ နက်ရှိုင်းသော ဓားဆန္ဒက အပြင်သို့ ပြန့်လွင့်လာ၏၊၊ တစ်ခါတစ်ရံတွင် တောင်ကျစမ်းချောင်းကဲ့သို့ နူးညံ့နေပြီး တစ်ခါတစ်ရံတွင်မူ ကောင်းကင်ကို ခွင်းနိုင်သည့် ဓားသွားကဲ့သို့ ထက်မြက်နေသည်၊၊
ဝမ်ရှန်း အလွန်အံ့အားသင့်သွားသည်၊၊ သူ့ရှေ့တွင် မြင်တွေ့နေရသည်မှာ ယွမ်ဖူကျန်းရန် နှစ်ပေါင်းများစွာ သန့်စင်ခဲ့သည့် ဓားနှလုံးသားဖြစ်သည်၊၊
ပုံသဏ္ဌာန်ရှိသော ဓားမှသည် သဏ္ဌာန်မဲ့သောနယ်ပယ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်၊၊
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် သူကိုယ်သူအလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်၊၊
အကယ်၍ သူသာ ဝူတန်တောင်ကို မရွေးချယ်ခဲ့လျှင်… အကယ်၍ သူသာ ချင်ယန်ဇီနှင့် မဆုံတွေ့ခဲ့ဘဲ ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ပထမဆုံးတာအိုအတတ်ပညာအဖြစ် မသင်ယူခဲ့ရလျှင် သူ၏ လမ်းစဉ်မှာ လုံးဝ ကွဲပြားသွားနိုင်လေသည်၊၊
အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် ယွမ်ဖူကျန်းရန်သည် သူ့အပေါ် စိတ်ဝင်စားလိမ့်မည်မဟုတ်သလို ကျင့်ကြံခြင်းအကြောင်းများကိုလည်း မျှဝေလိမ့်မည် မဟုတ်ပေ၊၊ သဏ္ဌာန်မဲ့ဓားအကြောင်းကိုလည်း လက်တွေ့ပြသလိမ့်မည် မဟုတ်ပေ၊၊
ယွမ်ဖူကျန်းရန်၏ နဖူးတွင် ချွေးစက်များ ထွက်လာသည်၊၊ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဓားနှလုံးသားကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်၊၊
“ဒါကတော့ ဓားကို ပြန်သိမ်းတဲ့ပုံစံပဲ”