ဆဋ္ဌမအဆင့်၊ ဓားသွေးခြင်း
Vol. 10 Ch. 99
ဓားနှလုံးသားကို သိမ်းဆည်းလိုက်ပြီးနောက်...
ဝမ်ရှန်းသည် ယွမ်ဖူကျန်းရန်၏ စွမ်းဆောင်ရည်အပေါ် အမှန်တကယ်ပင် အံ့ဩလေးစားမိသွားသည်။ ယွမ်ဖူကျန်းရန်က ဓားတာအိုလမ်းစဥ်ရဲ့ နယ်ပယ်များအကြောင်းကို ဆက်လက်ရှင်းပြနေစဉ် ဝမ်ရှန်း၏ ကြည်ညိုလေးစားမှုများမှာလည်း ပို၍နက်ရှိုင်းလာခဲ့သည်။
ယခုအခါတွင် ကမ္ဘာဦးချီများပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ကျင့်ကြံခြင်းဖြင့် နယ်ပယ်အသစ်များကို အဆက်မပြတ်တိုးတက်အောင်လုပ်ဆောင်နိုင်သလို သက်တမ်းကိုလည်း ရှည်လာစေနိုင်သည်။ တာအိုလမ်းစဉ်မှာ ရှင်းလင်းနေပြီး ကျင့်ကြံရသည်မှာလည်း အရင်ကထက်စာလျှင် ပို၍လွယ်ကူလာပြီဖြစ်သည်။
သို့သော်လည်း ဤတာအိုဆရာကြီးမှာ ကမ္ဘာဦးချီမရှိသည့်ခေတ်… အနည်းငယ်မျှသော အတွင်းအားရရှိရန် အတော်ကြိုးစားခဲ့ရသည့် ခေတ်ကာလကတည်းက တောင်ပေါ်တွင် တာအိုနှင့် ဓားပညာကို ကျင့်ကြံခဲ့သူဖြစ်သည်။ ရှေ့ဆက်ရမည့်လမ်းမှာ အထီးကျန်ခြင်း၊ အိုမင်းခြင်းနှင့် မြေကြီးထဲရောက်ရုံသာရှိမည်ကို သိပါလျက်နှင့် သူသည် သူ၏တာအို၌ အခိုင်အမာရပ်တည်ခဲ့သည်။
ထိုသူမှာ အမှန်တကယ်ပင် လေးစားထိုက်သူပင်။
ယနေ့ ဝမ်ရှန်းရရှိခဲ့သည့် လမ်းညွှန်မှုများသည် နောင်တစ်ချိန်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ကာ ကျင့်ကြံမှုလမ်းခရီးတွင် လမ်းမှားရောက်ခြင်းမှလည်း ကင်းဝေးစေမည်ဖြစ်သည်။
ဓားနှလုံးသားကို လက်တွေ့ပြသပြီးနောက် ယွမ်ဖူကျန်းရန်သည် သက်ပြင်းတစ်ချက်ချကာ ရှေ့နောက်လျှောက်ရင်း ဆက်၍ဆွေးနွေးနေ၏၊၊
ဤမျှအထိရောက်လာပြီးမှတော့ နောက်ဆုံးဖြစ်သော ဓားတာအိုနယ်ပယ်ကို မပြောပြဘဲနေရန် အကြောင်းမရှိတော့ပေ။
“ဖေးယွီ၊ ယင်လောင်… ငါမေးမယ်… ဓားလမ်းစဥ်ရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲ”
ဝမ်ရှန်း ရုတ်တရက် အဖြေရှာမရဘဲ ဖြစ်သွားသည်။
ယွမ်ဖူကျန်းရန်က သဘောကျစွာ ရယ်မောလိုက်သည်။ သူ၏ ပုံစံမှာ လောကီလူသားတို့နှင့်မတူဘဲ နတ်ဘုရားတစ်ပါး လူ့ပြည်ဆင်းလာသည့်အလားထင်မှတ်ရသည်။
သူသည် မုတ်ဆိတ်ကိုသပ်ရင်း အနက်ရှိုင်းဆုံးနားစွင့်သူဓားကို လှမ်းကြည့်လိုက်သည်။ ချွင်ခနဲ အသံနှင့်အတူ ဓားက သုံးလက်မခန့် အလိုအလျောက် ဓားအိမ်ပြင်ပသို့ ထွက်လာပြီး အေးစက်သော အလင်းတန်းမှာ နှလုံးသားကို ထိုးခွင်းလုနီးပါးပင်၊၊
“မင်းရဲ့ဓားက သာမန်အဆင့်နိမ့်လက်နက်တစ်ခုပဲရှိသေးတယ်၊၊ ဘာမှထူးခြားတဲ့ ရတနာမဟုတ်ဘူး။ ယင်လောင်… ဖေးယွီအတွက် သင့်တော်တဲ့ဓားတစ်လက်လိုနေတယ်ဆိုတာ မင်းရဲ့ဆရာကို ပြောလိုက်ဦး”
ယွမ်ဖူကျန်းရန်က ညွှန်ကြားလိုက်၏။ ထို့နောက် သူစကားလမ်းကြောင်းလွဲသွားသည်ကို သတိထားမိပြီး ခေါင်းခါလိုက်သည်။
“ဟုတ်ကဲ့ပါ ”
ကျိုးရင်လောင်က အလျင်အမြန် တုံ့ပြန်လိုက်သည်။
ဂိုဏ်းချုပ် (လက်ရှိဂိုဏ်းချုပ်- ကျိုးရင်လောင်၏ဆရာ) အနေဖြင့် ဝမ်ရှန်းကို ရတနာတစ်ခုမပေးအပ်မီတွင် ဝမ်ရှန်းသည် ဓားတာအိုကို ထူးထူးခြားခြားနားလည်ထားသော်လည်း တာအိုမျိုးဆက်၏ တရားဝင်တပည့်တစ်ဦးဟုတ်သည်ကို ထည့်သွင်းစဉ်းစားခဲ့ပုံရသည်။ ထို့ကြောင့် ဝမ်ရှန်းကို ဝူတန်း၏ ဓားမျိုးဆက်များထဲမှ ဓားတစ်လက်ပေးမည့်အစား အဆင့်နိမ့်လက်နက်ဖြစ်သော အနက်ရှိုင်းဆုံးနားစွင့်သူသာ ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအခါ ယွမ်ဖူကျန်းရန်ကိုယ်တိုင်ပြောလိုက်ပြီဖြစ်ရာ ဂိုဏ်းချုပ်အနေဖြင့် ငြင်းဆန်ရဲမည်မဟုတ်ပေ။ အဆုံးတွင်တော့ သူသည်လည်း ယွမ်ဖူကျန်းရန်၏တပည့်ပင် မဟုတ်ပါလား။
ဝမ်ရှန်းသည် ယွမ်ဖူကျန်းရန်၏ စေတနာကို အထွေအထူးမစဉ်းစားဘဲ လက်ခံလိုက်သည်။ ယနေ့ ဆရာဘိုးဘေးပေးသည့် လမ်းညွှန်မှုများမှာ ပါရမီကို လေးစားရုံသက်သက်မဟုတ်ဘဲ ရေရှည်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ကျိုးရင်လောင်ပင် ရိပ်မိနေသည်။
သူကဲ့သို့ အကြီးအကဲများမှာ သူတို့မရှိတော့သည့် အချိန်ကာလများအထိ ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။ ယခုအခါ သက်တမ်းရှည်လာပြီဖြစ်သော်လည်း သူသည် မကြာမီတွင် သေဆုံးသွားနိုင်သည်ဟု ခံစားနေရဆဲပင်။ ထို့ပြင် သူ၏ အိုမင်းရင့်ရော်နေသော ခန္ဓာကိုယ်သည် ရွှေအမြုတေအဆင့်သို့တက်လှမ်းရာတွင် မအောင်မြင်ပဲ ကျရှုံးပါက ထိုဒဏ်ကို ခံနိုင်ရည်ရှိ၊မရှိ မည်သူမျှမသိနိုင်ပေ။
ယခုလက်ရှိတွင် ငယ်ရွယ်အားကောင်းနေဆဲဖြစ်သော ချင်ယန်ဇီသည် အဆင့်ကျော်ဖြတ်ရန် ကြိုးစားဖို့ ကျုံးနန်တောင်တွင် ကျင့်ကြံခြင်းမပြုမီ စာတစ်စောင်သာချန်ထားခဲ့သည်။ သို့သော် ယွမ်ဖူကျန်းရန်ကဲ့သို့သောသူများအတွက်မူ တစ်ကြိမ်သာအခွင့်အရေးရှိနိုင်သဖြင့် အလွန်သတိထားရမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ရှန်းကို ပညာပေးခြင်းနှင့် ရတနာပေးအပ်ရန် တပည့်ကို ညွှန်ကြားခြင်းဖြင့် နောင်တစ်ချိန်တွင် ထင်ပေါ်လာမည့်သူတစ်ဦးနှင့် ရင်းနှီးမှုရယူထားခြင်းပင် ဖြစ်သည်။
ယွမ်ဖူကျန်းရန်သည် အနက်ရှိုင်းဆုံးနားစွင့်သူဓားကိုကြည့်ရုံဖြင့် ဝမ်ရှန်း၏ စိတ်နေစိတ်ထားကို သိရှိနိုင်သည်။ ဓားတာအိုလမ်းစဉ်ကို လမ်းပြပေးခဲ့သည့် ကျေးဇူးနှင့်ယှဉ်လျှင် လက်နက်တစ်ခုဆိုသည်မှာ အရေးမပါလှပေ။
ဆရာကြီးဆီက ပညာတွေ အများကြီးရခဲ့ပြီပဲ၊၊ ဓားတစ်လက်ကိုလည်း လက်ခံလိုက်တာ မကောင်းတဲ့အရာမဟုတ်ပါဘူး၊၊
ခဏအကြာတွင် ယွမ်ဖူကျန်းရန်က ပြုံးလိုက်သည်။
“ဘာလဲ… အဖြေမရှိသေးဘူးလား။ ဖေးယွီ… မင်းက ဓားတာအိုကို နက်နက်ရှိုင်းရှိုင်းကျင့်ကြံထားပြီးတာတောင် ဘာကိုဦးတည်နေလဲဆိုတာ မသိဘူးလား”
ဝမ်ရှန်း ခဏလောက် စဉ်းစားလိုက်သည်။
“တာအိုကို ကာကွယ်ဖို့လား”
ယွမ်ဖူကျန်းရန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်၏။
“တာအိုကို ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဓားက အဲ့ဒီထဲက တစ်ခုပဲ။ ပြန်စဉ်းစားကြည့်ဦး”
“ဟင်” ကျိုးရင်လောင်က တုံ့ဆိုင်းနေသည်။
“ကိုယ်ကျင့်တရားကောင်းအောင်နဲ့ စိတ်ဓာတ်ကို ထိန်းကျောင်းဖို့လား”
ယွမ်ဖူကျန်းရန်က သူ၏မြေးတပည့်ကို စိတ်ပျက်သလို ကြည့်လိုက်၏။ ကျိုးရင်လောင်က ခေါင်းကုတ်ရင်း ဆရာကြီး၏ ခွက်ထဲမှ အေးစက်နေသော လက်ဖက်ရည်များကို သွန်လိုက်ပြီး အသစ်တစ်ခွက်ပြန်ထည့်ပေးလိုက်သည်။
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ ထပ်မံစဉ်းစားကြပြန်သည်။
ဤမေးခွန်းမှာ ၁ နှင့် ၁ ပေါင်းလျှင် ဘာကြောင့် ၂ ရသလဲဟု မေးနေသကဲ့သို့ပင်။ အဖြေကို ဘယ်လိုပေးရမှာလဲ။
သူတို့ဘာကြောင့် ဓားကို ကျင့်ကြံရန် ရွေးချယ်ခဲ့ကြသနည်း။ ဆရာများက တပည့်ဖြစ်သူများကို ပညာသင်ပေးသဖြင့် ရှေ့ကခင်းထားသည့် လမ်းအတိုင်း လျှောက်လှမ်းခဲ့ကြခြင်းသာဖြစ်သည်။
အချိန်အတော်ကြာစဉ်းစားပြီးနောက် နှစ်ဦးသားခေါင်းခါလိုက်ကြသည်။
ယွမ်ဖူကျန်းရန်က ပြုံးလိုက်ရာ သူထံမှ ဖိအားအချို့ ထွက်ပေါ်လာသည်။ သူက တည်ငြိမ်သော်လည်း မာန်ပါသောလေသံဖြင့် ပြောလိုက်သည်။
“ဓားဆိုတာ လက်နက်ပဲ။ အသွားနှစ်ဖက်ပါတယ်၊ ဖြောင့်တန်းတယ်၊ ချွန်ထက်တယ်၊ ချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်ပြီး ပိုင်းဖြတ်နိုင်တယ်။ ဒါကြောင့် လက်နက်အားလုံးရဲ့ ဘုရင်လို့ အမွှမ်းတင်ခံရတာပဲ”
“မင်းစိုးရာဇာတွေရဲ့ အသုံးအဆောင်အနေနဲ့ ဘယ်လောက်ပဲ တန်ဆာဆင်ထားပါစေ၊၊ ဒါဟာ ဒဏ်ရာရစေတဲ့၊ သေစေနိုင်တဲ့ ကိရိယာတစ်ခုပဲ။ ကျင့်ကြံသူတွေက ဓားတာအိုကို ဘယ်လောက်ပဲ မြှင့်တင်ပြောဆိုကြပါစေ… အဆုံးမှာတော့ ဒါဟာ သတ်ဖြတ်ခြင်းလမ်းစဉ်ပဲလို့ လူတွေပြောတာ ငါခဏခဏကြားဖူးတယ်”
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့၏ ထိတ်လန့်သွားသော မျက်နှာများကို မြင်လိုက်ရသောကြောင့် ယွမ်ဖူကျန်းရန်က လေသံကို လျှော့လိုက်သည်။
“ဒါပေမဲ့ အကုန်လုံးက အမှန်တရားမဟုတ်ဘူး။ တိုက်ခိုက်ခြင်းဆိုတာ ဓားတာအိုရဲ့ အခြေခံအကျဆုံးပန်းတိုင်ဖြစ်တယ်ဆိုတာကို ငါ ၁၀ နှစ်လုံးလုံး စဉ်းစားပြီးမှ နားလည်ခဲ့တယ်။ ဒါကို သတ်ဖြတ်ခြင်းလမ်းစဉ်သက်သက်ပဲလို့ တစ်ယောက်ယောက်က ငြင်းခုံမယ်ဆိုရင်လည်း အဲ့ဒီအမြင်က လုံးဝမှားတယ်လို့တော့ ပြောလို့မရဘူး”
“ဒါပေမဲ့ လောကမှာ ဘယ်အရာမှ အတပ်ပြောလို့မရဘူး။ ဘယ်အကြောင်းအရာကိုမဆို စကားတစ်ခွန်းတည်းနဲ့ အဆုံးအဖြတ်ပေးလို့ မရဘူး။ အဆောင်တွေကလည်း သတ်နိုင်တာပဲ၊ အစီအရင်တွေကလည်း သတ်နိုင်တာပဲ။ အစွမ်းထက်တဲ့ရတနာတွေ အများကြီးကလည်း အသက်ကို နှုတ်ယူနိုင်ကြတာပဲ။ အဲ့ဒါတွေကိုရော သတ်ဖြတ်ခြင်းလမ်းစဉ်လို့ ခေါ်ရမှာလား”
“သတ်ဖြတ်လိုတဲ့ စိတ်ဆိုတာ လူ့နှလုံးသားထဲက လာတာပဲ။ ဓားတာအိုဆိုတာ ကျင့်ကြံသူတွေ အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ။ ဒါဟာ သေခြင်းတရားတွေနဲ့ ပြည့်နှက်နေတယ်လို့ တစ်ယောက်ယောက်ကပြောမယ်ဆိုရင် ဓားကိုအပြစ်တင်မယ့်အစား အဲ့ဒီဓားကို ကိုင်ထားတဲ့သူရဲ့ လူသတ်ချင်တဲ့စိတ်ကို အပြစ်တင်တာက ပိုမှန်လိမ့်မယ်”
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ မသိလိုက်မသိဘာသာဖြင့် ခေါင်းငြိမ့်မိသွားကြသည်။
ဝမ်ရှန်း ပြန်စဉ်းစားကြည့်လိုက်သောအခါ ယွမ်ဖူကျန်းရန်၏ စကားမှာ ငြင်းမရအောင် မှန်ကန်နေသည်။ အကျိုးအကြောင်းမှာ ရိုးရှင်းသော်လည်း ဝမ်ရှန်းအတွက်မူ နက်ရှိုင်းသော အတွေးများကို ရရှိစေခဲ့ပြီး သူ့နှလုံးသားထဲတွင်ရှိနေသော သံသယအချို့ကိုလည်း ပြေပျောက်စေခဲ့သည်။
ဓားဆိုသည်မှာ နောက်ဆုံးတွင် လက်နက်တစ်ခုသာဖြစ်သည်။ သတ်ဖြတ်ခြင်းကို ပြုလုပ်သည်မှာ ဓားမဟုတ်၊ ဓားကို ကိုင်ဆောင်ထားသူသာလျှင် ဖြစ်သည်။
ယွမ်ဖူကျန်းရန်က ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း သူ၏လေသံမှာ ပို၍ပင် တရားသဘောဆန်လာသည်၊၊
“မတူညီတဲ့ လက်တွေထဲက ဓားဟာ အသက်ကိုလည်း ကယ်နိုင်သလို… နာကျင်အောင်နဲ့ သတ်ဖြတ်အောင်လည်း လုပ်နိုင်တယ်။ ဓားလမ်းစဥ်ဆိုတာလည်း ဒီလိုပါပဲ”
ဝမ်ရှန်းက ယွမ်ဖူကျန်းရန်ကို မော့ကြည့်လိုက်ပြီး တိုးညှင်းသော လေသံဖြင့် မေးလိုက်၏။
“ဆရာကြီး ဆဋ္ဌမအဆင့်က အတိအကျဆိုရင် ဘာလဲ။ ကျွန်တော့်ကို အများကြီးသင်ပြပေးခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက ဒါတွေကို နားလည်ဖို့အတွက် အရမ်းနိမ့်ကျနေသေးတယ်လို့ ခံစားနေရတယ်”
“ငါကတော့ ဒါကို…” ယွမ်ဖူကျန်းရန်က ပြန်ဖြေသည်။
“ဓားသွေးတဲ့အဆင့်လို့ ခေါ်တယ်”
ဓားသွေးတာ…၊၊
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ အံ့အားသင့်သွားကြသည်။
“အဲ့ဒါက ကိုယ့်ကိုယ်ကိုယ်ဓားတစ်လက်ဖြစ်အောင် လုပ်တာကို ပြောတာလား။ ဟိုလေ… အဲ့ဒါဆိုရင် လူက ဓားလူသားကြီး ဖြစ်သွားမှာလား”
ကျိုးရင်လောင် လွှတ်ခနဲ မေးလိုက်မိသည်။
“ဟားဟားဟား… မင်းက တကယ့်ကောင်ပဲ… ဘယ်လိုတွေတောင် လျှောက်တွေးနေတာလဲ”
ယွမ်ဖူကျန်းရန်က သူ၏မုတ်ဆိတ်ကိုသပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။ ဝမ်ရှန်းလည်း လိုက်ရယ်မိသွားသည်။
“ဓားတာအိုရဲ့ ဆဋ္ဌမအဆင့်ကို ပိုပြီး နားလည်အောင်လို့ ငါဒါတွေအားလုံးကို ပြောပြနေတာပဲ။ အရှင်းဆုံးပြောရရင် လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ်တွေရှိကြတယ်”
ယွမ်ဖူကျန်းရန်က ရှင်းပြသည်။
“ငါတို့ရဲ့ ဝူတန်းတာအိုအစဉ်အလာကိုပဲ ကြည့်လေ”
“ငါတို့ရဲ့ တာအိုကျင့်စဉ်အမျိုးမျိုးက အစစ်မှန်ကိုယ်ခံပညာအမြင်တွေအပေါ်မှာ အခြေခံပြီး ကျင့်ကြံတာပဲ။ ဒီလိုပဲ ချင်ယန်ဇီနဲ့ ဖေးယွီတို့ကလည်း သန့်စင်သောယန်အင်မော်တယ်မန္တန်နဲ့ ကျင့်ကြံကြတယ်”
“မင်းတို့ရဲ့ တာအိုအခြေခံဟာ မင်းတို့လိုက်နာတဲ့ ကျင့်စဉ်ပေါ်မှာ မူတည်တယ်။ မင်းတို့ ဓားနှလုံးသားအဆင့်ကို ရောက်ခဲ့ရင်တောင် ဒါဟာ ရန်သူကို အနိုင်ယူဖို့ ဓားကို ထိန်းချုပ်တဲ့နည်းလမ်းတစ်ခုပဲ ရှိသေးတယ်။ ဒါကြောင့် မင်းရဲ့ ဓားနှလုံးသားက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ… နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကိုတောင် သတ်နိုင်ပါစေဦး… ဒါဟာ အပြင်ခွန်အားပဲ ဖြစ်လိမ့်မယ်”
“ဒါပေမဲ့ မင်းရဲ့ ကျင့်စဉ်ကတော့ မင်းရဲ့ တာအိုနယ်ပယ်ကို အဆုံးအဖြတ်ပေးနိုင်တယ်။ အဲ့ဒါကမှ မင်းရဲ့ အစစ်အမှန်အတွင်းစိတ်အနှစ်သာရပဲ။ ဓားတာအိုလမ်းစဥ်က မင်းကို အဆင့်ကျော်ဖြတ်ဖို့ ကူညီပေးနိုင်ပေမဲ့ မင်းရဲ့ အခြေခံအုတ်မြစ်ကိုတော့ အစားထိုးလို့မရဘူး”