← Chapters

သူမ၏ ဆန္ဒ

Vol. 10 Ch. 92

သူမ၏ ဆန္ဒ

Vol. 10 Ch. 92

လောင်နူးသည် အခန်းထဲမှ အမြန်ထွက်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်၊၊ ထို့နောက် တိုက်ပွဲပလက်ဖောင်းကို ပိတ်လိုက်ကာ ၎င်း၏တပ်ဆင်ထားသည့်ဖိုင်များနှင့် လမ်းကြောင်းများကိုပါ ဖျက်ပစ်လိုက်ပြီး ပုံမှန်ဂိမ်းတစ်ခုထဲသို့ ပြန်ဝင်လိုက်တော့သည်၊၊

ထိုမြို့ထဲရှိ နွေးထွေးစွာ ပြင်ဆင်ထားသော အိပ်ခန်းတစ်ခုအတွင်း အခြားသော ကွန်ပျူတာတစ်လုံးပေါ်တွင်လည်း အလားတူ လုပ်ဆောင်ချက်မျိုးကို ပြုလုပ်နေသည်၊၊

ဒေါက် ဒေါက်၊၊

ကွန်ပျူတာရှေ့မှ လူငယ်မှာ လန့်သွားပြီး ကွန်ပျူတာကြိုးကို ချက်ချင်း ဆွဲဖြုတ်လိုက်ကာ အသက်ကို ဖြည်းဖြည်းချင်းရှူလိုက်သည်၊၊

အိပ်ခန်းအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ဗြစ်တောက်ဗြစ်တောက်သံက ထွက်ပေါ်လာသည်၊၊

“ထမင်းစားလို့ရပြီ… လီပင်း… အလုပ်က ပြန်လာတာနဲ့ အဲဒီဂိမ်းအသုံးမကျတာတွေကိုပဲ ထိုင်ဆော့နေတာပဲ၊၊ ငါ ဘယ်တော့မှ မြေးချီရမှာလဲ”

လူငယ်က သက်ပြင်းချလိုက်မိသည်၊၊

“လာပြီ အမေ… အမေကလည်း တစ်နေ့ကို ဘယ်နှစ်ခါလောက် ပြောနေမှာလဲ”

“နင်သာ တကယ် ရည်းစားရှာဖို့ကြိုးစားမယ်ဆိုရင် ငါ ဒီလောက်ပြောနေစရာမလိုပါဘူး”

သူက အိပ်ခန်းတံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်မှ လျှပ်စစ်မီးရောင်က အခန်းထဲသို့ ဖြာကျလာပြီး တံခါးဘေးရှိ အင်္ကျီချိတ်ကို လင်းထိန်သွားစေသည်၊၊ ထိုနေရာတွင် ရဲယူနီဖောင်းတစ်စုံနှင့် ဦးထုပ်တစ်လုံး ချိတ်ထားပြီး ဦးထုပ်ပေါ်မှ တံဆိပ်မှာ မီးရောင်အောက်တွင် စူးရှစွာ တောက်ပနေသည်၊၊

****

ဝူတန်းတောင်ရှိ သေးငယ်သော ခြံဝင်းလေး၊၊

နေဝင်ရီတရောအချိန်တွင် ငှက်ကလေးများမှာ သူတို့၏ အသိုက်ဆီသို့ ပြန်လာကြသည်၊၊ မုဝမ်ရွှမ်းနှင့် ချီဝမ်တို့သည် ခြံထဲရှိ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြ၏၊၊

ထိုအချိန်တွင် အပြင်ဘက်၌ တရားထိုင်နေသော ဝမ်ရှန်းသည် မုရွှယ်ထံမှ မက်ဆေ့ချ်တစ်ခုရရှိခဲ့သည်၊၊ လူတစ်ဦးကို ခြေရာခံရန်အတွက် အသုံးပြုနိုင်သည့် တာအိုပညာရပ်များ ရှိ၊မရှိကို သူမက မေးမြန်းထားခြင်း ဖြစ်သည်၊၊

မီးသူတော်စင်ကို အခုထိ ဖမ်းမမိသေးဘူးလား...၊၊

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုတာ သူ မှတ်မိနေတဲ့ အဖွဲ့မျိုးရော ဟုတ်ရဲ့လား၊၊ သူတို့က ထင်ထားတာထက် အနည်းငယ် အစွမ်းအစနည်းနေသယောင်ရှိသည်၊၊

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှန်းသည် မုရွှယ်ထံသို့ ဖုန်းခေါ်လိုက်သည်၊၊

“မီးသူတော်စင်ကို အခုထိ ဖမ်းမမိသေးဘူးလား… တစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာခဲ့တာ မဟုတ်ဘူးလား”

မုရွှယ်က သက်ပြင်းချလိုက်သည်၊၊

“သူက တစ်နည်းနည်းနဲ့ မြို့ထဲကနေ ထွက်သွားပြီးလောက်ပြီ၊၊ ရှာဖွေမှုတွေမှာလည်း ဘာသဲလွန်စမှ မတွေ့ရဘူး.. အခုတော့ အားလုံးက ရပ်တန့်နေတဲ့ အခြေအနေမှာပဲရှိနေတယ်၊၊ ကပ္ပတိန်ကလည်း တစ်နေ့ကို ကိုးကြိမ်လောက် အစည်းအဝေးခေါ်ပြီး ဒေါသတွေ ထွက်နေတယ်”

“ခင်ဗျားတို့ရဲ့ အဆင့်မြင့် နည်းပညာတွေကရော ဘာမှအလုပ်မဖြစ်ဘူးလား”

“ကျွန်မတို့ အလွန်အားကောင်းတဲ့ ဂြိုဟ်တုပုံရိပ်တွေကို အသုံးပြုခဲ့သလို အနီးနားက ရဲအရာရှိအများအပြားရဲ့ အင်အားကိုလည်းသုံးခဲ့တယ်၊၊ သုတေသနဌာနက... ဆောရီး အဲဒါက လျှို့ဝှက်ချက်မို့လို့ ပြောလို့ မရဘူး”

မုရွှယ်၏ အသံမှာ အတော်လေးကို စိတ်ပျက်အားငယ်နေပုံရသဖြင့် ဝမ်ရှန်းမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ၊၊

“ဒါဆို ဘာတိုးတက်မှုမှ မရှိဘူးပေါ့”

“နည်းနည်းတော့ ရှိပါတယ်၊၊ ကျန်နေတဲ့ အကြီးအကဲ ၁၆ ယောက်နဲ့ အမာခံ အဖွဲ့ဝင်နှစ်ယောက်ကိုတော့ ဖမ်းမိထားတယ်၊၊ ဒါပေမဲ့ မီးသူတော်စင်နဲ့ ကျန်တဲ့နှစ်ယောက်ကတော့ အခုထိ လွတ်နေတုန်းပဲ၊၊ ဖမ်းမိထားတဲ့သူတွေကို စစ်မေးပေမဲ့ သူတို့က ဘာအချက်အလက်မှ မပေးနိုင်ကြဘူး၊၊ မီးသူတော်စင်က အရာအားလုံးကို သေချာပြင်ဆင်ထားပုံရတယ်၊၊ ဆက်သွယ်တဲ့နည်းလမ်းတွေကိုလည်း အမြဲတမ်းပြောင်းလဲနေတယ်”

“ကျွန်မတို့ ဝေချီယွဲ့ကိုလည်း အဆုံးစွန်ထိစစ်မေးပြီးသွားပြီ၊၊ သူက သဘာဝလွန်ဖြစိရပ်မှန်ရှာဖွေရေးအသင်းရဲ့ ဒုတိယခေါင်းဆောင်လိုဖြစ်နေခဲ့တာတောင် ဘာမှမသိဘူး”

မုရွှယ်၏ အသံတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်၊၊

“မီးသူတော်စင်က လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ၊၊ ကျန်တဲ့နှစ်ယောက်က ဘယ်သူတွေလဲဆိုတာတောင် ကျွန်မတို့ အခုထိ ခွဲခြားလို့ မရသေးဘူး၊၊ ဒါက ထူပိန်းနေတဲ့ မြူတောကြီးကို စိုက်ကြည့်နေရသလိုပဲ”

ဒါက တိုးတက်မှုအချို့ ရှိနေတာပဲ မဟုတ်ဘူးလား၊၊ အခုဆိုရင် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ အထက်ပိုင်းက လူ သုံးယောက်ပဲ ကျန်တော့တယ်လေ၊၊

မီးသူတော်စင်ကို ဖမ်းရခက်နေခြင်းအပေါ် ဝမ်ရှန်း မအံ့သြမိတော့ပေ၊၊ သူတို့နှစ်ဦးမှာ တစ်ခါမှ မဆုံဖူး၊ မတိုက်ခိုက်ဖူးကြသော်လည်း ထိုလူမှာ သာမန်လူတစ်ဦးမဟုတ်ကြောင်း သူခံစားမိသည်၊၊

မီးသူတော်စင်ဆိုတဲ့ နာမည်က တစ်ခုခုကို ဆိုလိုနေပုံရသည်၊၊

“တာအိုဆရာဝမ်… လူတစ်ယောက်ကို ခြေရာခံဖို့အတွက် အသုံးပြုနိုင်တဲ့ တာအိုပညာရပ်တွေ ရှိလား”

ဝမ်ရှန်း ခဏမျှ စဉ်းစားလိုက်သည်၊၊

“ကျွန်တော် သိသလောက်ဆိုရင် ရှာဖွေရေးအဆောင်တွေကို အသုံးပြုတဲ့ ပညာရပ်တစ်ခုတော့ ရှိတယ်၊၊ ဒါပေမဲ့ ဒီမှာတော့ အဆောင်ကျွမ်းကျင်တဲ့သူ ကျွန်တော် မသိဘူး မော်ရှန်းတောင် ဒါမှမဟုတ် လုံဟူရှန်းတောင်က တာအိုဆရာတွေကို ခင်ဗျားတို့ မေးကြည့်သင့်တယ်”

မုရွှယ် ရုတ်တရက် စိတ်ဝင်စားသွားပုံရသည်၊၊

“အဲဒီလိုမျိုး တကယ်ရှိတာလား၊၊ ကောင်းပြီ ကျွန်မ သူတို့ကို ချက်ချင်းမေးကြည့်လိုက်ပါ့မယ်၊၊ ကျေးဇူးတင်ပါတယ်”

“ရပါတယ—"

သူ စကားပင်မဆုံးသေးခင် ဖုန်းမှာ ကျသွားခဲ့ပြီ ဖြစ်သည်၊၊

သူတို့ တကယ်ကို အသည်းအသန်ဖြစ်နေပုံရသည်၊၊ ကျင့်ကြံခြင်းနောက်ခံရှိတဲ့ လူလိမ်တစ်ယောက်တည်းကတင် မြို့ထဲက ထိပ်တန်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလောက်အထိ အလုပ်ရှုပ်စေနိုင်တာပဲ၊၊

ကံကောင်းတာက လက်ရှိအချိန်မှာ ကျင့်ကြံခြင်းလောကက တည်ငြိမ်နေသေးသည်၊၊ ကျင့်ကြံသူအများစုက သီးသန့်ကျင့်ကြံနေကြသလို ယင်ယန်ဂိုဏ်းကလည်း မကြာသေးခင်ကမှ ပေါ်ပေါက်ခဲ့ပြီးနောက် လုံးဝ ပျောက်ကွယ်နေသည်၊၊ ထို့ကြောင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အခြားသောအမှုကြီးများမရှိသေးပေ၊၊

တကယ်လို့ မီးသူတော်စင်လွတ်သွားခဲ့ရင် ဒါမှမဟုတ် ပြဿနာကြီးကြီးမားမားတွေဖြစ်လာခဲ့ရင် တစ်ဖွဲ့လုံးအဖြေပေးရပေလိမ့်မည်၊၊

ဝမ်ရှန်းကမူ ထပ်ပြီး ကူညီပေးရန် ရည်ရွယ်ချက် မရှိပေ၊၊ သူသည် လူခြေရာခံသည့်နေရာတွင် ပါရမီမရှိ၍ တောင်ပေါ်မှာပဲ နေပြီး ကျင့်ကြံနေခြင်းကသာ သူနှင့် ပို၍ သင့်တော်ပေသည်၊၊

“စီနီယာအစ်ကို ဘာဖြစ်လို့လဲ”

ချီဝမ်က နောက်မှ မေးလိုက်သည်၊၊

ဝမ်ရှန်းသည် သူ၏ ဖုန်းကို သိမ်းလိုက်ကာ သူမကို ပြုံးပြလိုက်သည်၊၊

“ဘာမှ... မဟုတ်ပါဘူး”

“အော် ထမင်းစားလို့ ရပြီနော်”

ချီဝမ်က မုဝမ်ရွှမ်း ထမင်းစားဖို့ပြင်နေသည့် ခြံဝင်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်၊၊

ဝမ်ရှန်း ပြုံးလိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး စီနီယာအစ်ကိုကြီးတစ်ဦးကဲ့သို့ ရင်ပြင်ထဲသို့ လျှောက်လှမ်းသွားသည်၊၊

ကံကောင်းတာက သူ၏ ဂျူနီယာညီမလေးသည် တစ်နေ့ထက်တစ်နေ့ စိတ်အခြေအနေကောင်းမွန်လာသည်၊၊ တကယ်လို့ သူမသာ စိတ်ကျရောဂါလိုမျိုးဖြစ်သွားခဲ့ရင် သူ၏ ဆရာကို ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ၊၊

လွန်ခဲ့သော နှစ်ရက်က မုဝမ်ရွှမ်းသည် ဂျူနီယာညီမလေး၏ သွေးကြောများကို ဖွင့်ပေးရန် စတင်ကူညီပေးခဲ့သည်၊၊ ဝမ်ရှန်းကလည်း ကူညီပေးရန် ရည်ရွယ်ထားသော်လည်း ချီဝမ်က ရှက်နေသဖြင့် သူမကို ထိခွင့်မပေးခဲ့ပေ၊၊ ဝမ်ရှန်းလည်း စိတ်ထဲတွင် သူအလုပ်နည်းသွားခြင်းဟုသာ တွေးနေလေသည်၊၊

မုဝမ်ရွှမ်းသည် ဝမ်ရှန်းနှင့် ထိုကိစ္စကို တိတ်တဆိတ် ဆွေးနွေးခဲ့သေးသည်၊၊ ချီဝမ်၏ ပါရမီမှာ ထူးခြားလှသည်မဟုတ်ကြောင်း သူမ တွေ့ရှိခဲ့ရသည်၊၊ သွေးကြောများကို ဖွင့်ပေးထားသည့်တိုင် သူမ၏ ကျင့်ကြံခြင်းပါရမီမှာ သာမန်အဆင့်သာရှိလိမ့်မည်၊၊ နောင်တစ်ချိန်တွင် ချီဝမ်က သူတို့နှင့်အမှီမလိုက်နိုင်မည်ကို သူမ စိုးရိမ်နေခြင်းဖြစ်သည်၊၊

သို့သော်လည်း သာမန်အဆင့်ဆိုသည်မှာ မဆိုးလှပေ၊၊ ကြိုးစားအားထုတ်မည်ဆိုပါက သူမသည် ရွှေအမြုတေအဆင့်သို့ရောက်ရှိနိုင်ကာ စစ်မှန်သော ထာဝရရှင်သန်ခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ပါသေးသည်၊၊

သူတို့၏ ဆရာမှာ ဘက်စုံကျွမ်းကျင်သူဖြစ်သဖြင့် သူမ၏ အရည်အချင်းမှာ ပြဿနာမဟုတ်ဟု ဝမ်ရှန်း ယူဆပေသည်၊၊ ထို့ကြောင့် သူ၏ စီနီယာအစ်မကို စိုးရိမ်စရာမလိုကြောင်းသာ သူ နှစ်သိမ့်ပေးခဲ့ရသည်၊၊

ညစာတွင် သတ်သတ်လွတ်ဟင်းလျာအချို့နှင့် ထမင်းသုံးပန်းကန်ပါဝင်သည်၊၊ ၎င်းမှာ ချီဝမ် တောင်ပေါ်သို့ မလာခင်က စားခဲ့ရသည်များထက် ပို၍ ကောင်းမွန်လှသည်၊၊

ချီဝမ် ငယ်စဉ်ကတည်းက စည်းကမ်းကြီးစွာဖြင့် ကြီးပြင်းလာခဲ့ရပုံရသည်၊၊ သူမသည် ထမင်းကို တအိအိနှင့် ဖြည်းဖြည်းချင်းစားနေသဖြင့် ကျင့်ကြံခြင်းနှင့် မဆိုင်သောအရာများတွင် အချိန်မဖြုန်းရန် ဝမ်ရှန်း သတိပေးချင်နေမိ၏၊၊

သို့သော်လည်း သူမအပေါ် အများကြီး မျှော်လင့်ထား၍ မရသေးပေ၊၊

ပန်းကန်များ ဆေးကြောနေစဉ် ချီဝမ်က တိုးညင်းစွာ မေးလိုက်သည်၊၊

“စီနီယာအစ်မ… စီနီယာအစ်ကို... ကျွန်မ အဖေက ဘယ်တော့ပြန်လာမှာလဲ”

“မသိဘူး… မနက်ဖြန်လည်း ဖြစ်နိုင်သလို.. သုံးလေးငါးလလောက်လည်း ကြာနိုင်တယ်”

ဝမ်ရှန်းက ခေါင်းယမ်းလိုက်သည်၊၊

“ဆရာက အခု ရွှေအမြုတေအဆင့်ကို တက်ဖို့ ကြိုးစားနေတယ်၊၊ အဲဒါက ကျင့်ကြံခြင်းလမ်းစဉ်မှာ အကြီးမားဆုံးအတားအဆီးတစ်ခုပဲ”

“အို”

ချီဝမ်က တိုးညင်းစွာ အသံပြုလိုက်ပြီး တစ်ခုခုကို နက်နက်ရှိုင်းရှိုင်းတွေးတောနေပုံရသည်၊၊

ဝမ်ရှန်းက မေးလိုက်သည်၊၊

“ဘာတွေ တွေးနေတာလဲ တစ်ခုခုဆို ငါ့ကို ဒါမှမဟုတ် စီနီယာအစ်မကို ပြောပြလို့ ရတယ်”

မုဝမ်ရွှမ်းကလည်း ထောက်ခံသည့်အနေဖြင့် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊၊

“အွန်း”

ချီဝမ် နှုတ်ခမ်းကို ကိုက်လိုက်ကာ ဝမ်ရှန်းကို မော့ကြည့်လိုက်သည်၊၊

“ကျွန်မ မြန်မြန်သင်ယူချင်တယ်”

သူမ သိလိုက်သည်မှာ သူတို့၏ စီနီယာအစ်မက အသန်မာဆုံးဖြစ်သော်လည်း သူမသည် စီနီယာအစ်ကို၏ စကားကို အမြဲနားထောင်လေ့ရှိသည်၊၊ ဝမ်ရှန်းကသာ သူတို့၏ မိသားစုတွင် တကယ့် အဓိကကျောရိုးဖြစ်သည်၊၊

ချီဝမ်က ဆက်ပြောသည်၊၊

“ကျွန်မ.. ကျွန်မရဲ့ အပြစ်တွေကို ပြန်ပေးဆပ်ချင်နေတာပါ၊၊ ကျွန်မ အမေအတွက်လည်း မခက်ခဲစေချင်ဘူး၊၊ သူ့အလုပ်တွေကိုလည်း မထိခိုက်စေချင်ဘူး၊၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ မြန်မြန်သင်ယူပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲကို ဝင်ချင်တယ်”

ဝမ်ရှန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ၊၊ သူ၏ ဂျူနီယာညီမလေး၏ စိတ်ပိုင်းဖြတ်ထားခြင်းက ကောင်းမွန်လှသည်၊၊ ၎င်းက သူမကို ကာကွယ်ပေးရန် သူတို့ ကြိုးစားခဲ့ရသည့် အခက်အခဲများအတွက် ထိုက်တန်စေသည်၊၊

သို့သော်လည်း သူမသာ ပြန်သွားခဲ့လျှင် အလုပ်ဖြစ်တာထက် ဒုက္ခပေးတာက ပိုများလိမ့်မည်ဟု သူ ခံစားနေရသည်၊၊ သူမအနေဖြင့် အခုလောလောဆယ် တောင်ပေါ်မှာပဲ နေပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ကာ သူမ၏ စိတ်အခြေအနေကို ပြုပြင်ပြောင်းလဲနေခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်၊၊

All Chapters