← Chapters

ဓားဆန္ဒအပိုင်းအစလေး

Vol. 10 Ch. 100

ဓားဆန္ဒအပိုင်းအစလေး

Vol. 10 Ch. 100

ကျိုးရင်လောင် ကြောင်အမ်းအမ်းဖြစ်နေသော်လည်း ဝမ်ရှန်းကမူ နားလည်ကြောင်း ခေါင်းငြိမ့်ပြကာ ယွမ်ဖူကျန်းရန် ဆက်ပြောမည့်အရာကို စောင့်ဆိုင်းနေသည်။

ဒါဆို ဆဋ္ဌမအဆင့်က အတိအကျဘာလဲ။ ဆရာကြီးပင် စကားလုံးတွေ မှားမှာစိုးလို့ အတော်လေးသတိထားပြီး အရှည်ကြီးရှင်းပြနေပုံရသည်။

ယွမ်ဖူကျန်းရန်က ဆက်ပြောသည်။

“ကျင့်ကြံသူတစ်ဦးရဲ့ တာအိုဟာ တခြားသူနဲ့ ဆင်တူနိုင်ပေမဲ့ ဘယ်တော့မှ ထပ်တူမကျဘူး။ ဓားသွေးတဲ့အဆင့်ဆိုတာ ဓားတာအိုကို မင်းရဲ့ ကိုယ်ပိုင်တာအိုနဲ့ ပေါင်းစပ်လိုက်တာပဲ။ မင်းက ကိုယ့်ကိုယ်ကိုယ် ဓားတစ်လက်ဖြစ်အောင် သွေးနေတာမဟုတ်ဘူး၊၊ မင်းရဲ့ တာအိုကို ဓားတစ်လက်အဖြစ် သွေးယူရမှာပဲ”

“သန့်စင်သောယန်အင်မော်တယ်မန္တန်ကိုပဲ ဥပမာထားကြည့်ရအောင်။ မင်းက ဓားနှလုံးသားကို အောင်မြင်ပြီး ဓားတာအိုကို နောက်တစ်ဆင့် တက်လှမ်းချင်တယ်ဆိုရင် မင်းရဲ့ တာအိုကို မင်းရဲ့ အသက်နဲ့ ထပ်တူကျတဲ့ ဓားတစ်လက်အဖြစ် သွေးယူဖို့ သန့်စင်သောယန်အင်မော်တယ်ကို အသုံးပြုရမယ်။ မင်းရဲ့ ဓားနှလုံးသားက ဓားဝိညာဉ်ဖြစ်လာလိမ့်မယ်၊၊ မင်းရဲ့ ကျင့်ကြံတဲ့ခန္ဓာကိုယ်က ဓားဖြစ်လာလိမ့်မယ်”

“မင်း အဲ့ဒီဓားကို ထုတ်လိုက်တဲ့နေ့ဟာ ကောင်းကင်ကို ထိုးဖောက်လိုက်တဲ့နေ့ပဲ… မင်းရဲ့ တာအိုက အရာအားလုံးထက် မြင့်မားသွားမယ့်နေ့ပဲ။ အဲ့ဒီအချိန်ကျမှ မင်းရဲ့လမ်းစဉ်ကို အစစ်မှန်ဓားတာအိုလို့ ခေါ်ဆိုနိုင်မယ်။ နားလည်ရဲ့လား”

“ဟုတ်ကဲ့ ဆရာကြီး… ကျွန်တော် အများကြီးသင်ယူလိုက်ရပါတယ်”

ဝမ်ရှန်းက လေးစားစွာ အရိုအသေပြုရင်း ပြောလိုက်သည်။ သူ၏ လည်ချောင်းထဲတွင် ခြောက်ကပ်နေသလို ခံစားလိုက်ရသည်။

ဒါက ငါနောင်တစ်ချိန်မှာ လျှောက်လှမ်းရမယ့် လမ်းစဉ်ပေါ့လေ။

ဓားနှလုံးသားကို ကျင့်ကြံဖို့တောင် မဖြစ်နိုင်လောက်အောင် ခက်ခဲတယ်၊၊ အဲ့ဒါကိုမှ နောက်တစ်ဆင့်တက်ပြီး ကိုယ့်လမ်းစဉ်ကို အစစ်အမှန်ဓားတာအိုအဖြစ် သွေးယူဖို့ဆိုတာ...။ သို့သော် ဝမ်ရှန်း၏ စိတ်ထဲတွင် သံသယတစ်ခုဖြစ်ပေါ်လာသည်။ ဓားသွေးတဲ့အဆင့်ဟာ ဓားတာအိုရဲ့ အမြင့်ဆုံးအဆင့်ဆိုတာ အမှန်ပဲလား။

မဟုတ်နိုင်ဘူး… သူ ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။

ဒါဟာ ပိုပြီးကြီးမားတဲ့ ကမ္ဘာတစ်ခုဆီကို သွားမယ့် တံခါးပေါက်တစ်ခုပဲဖြစ်ရမယ်။ အဲ့ဒီတံခါးက အလှမ်းဝေးနေသေးပေမဲ့ အခုတော့ မြင်ကွင်းထဲကို ရောက်လာပြီ။

ကျိုးရင်လောင်ကလည်း လိုက်ပြီး ခေါင်းငြိမ့်နေသည်။ ဆရာဘိုးဘေးရှေ့မှာ ဘာမှမသိသလိုမျိုးမဖြစ်ချင်သော်လည်း ဆရာဘိုးဘေးအနေဖြင့် သူ့ကို ပိုပြီး အသေးစိတ်ရှင်းပြပေးစေလိုသည့် စိတ်ဆန္ဒတော့ရှိနေသည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးအဆင့်ကတော့ သူ့နာမည်အတိုင်းပါပဲ။ အခု အပြည့်အဝနားမလည်သေးရင်တောင် နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ယူရတော့မယ်။

“တာအိုကို ဓားတစ်လက်အဖြစ် သွေးယူနိုင်မယ်ဆိုရင် အဲ့ဒါက ဘယ်လိုနယ်ပယ်မျိုးဖြစ်မလဲဆိုတာ ငါသိချင်မိတယ်”

ယွမ်ဖူကျန်းရန်က ဝမ်းနည်းရိပ်သန်းနေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

“အနည်းဆုံးတော့ အဲ့ဒါက ထာဝရရှင်သန်ခြင်းလမ်းကြောင်းပေါ်ရောက်ပြီးမှ ဖြစ်နိုင်မယ့်အရာပဲ။ ငါ့ရဲ့ သက်တမ်းကလည်း နေဝင်ချိန်ရောက်နေပြီဆိုတော့ ငါ့ရဲ့ ဓားနှလုံးသားကို အချောသတ်ပြီး ဓားအရိုးကို သွေးယူနိုင်မယ့် အခွင့်အရေးရပါ့မလား မသိဘူး”

ကျိုးရင်လောင်က ချက်ချင်းပင် ပြန်ပြောလိုက်သည်၊၊

“ဆရာဘိုးဘေးက… ထာဝရရှင်သန်ခြင်းလမ်းကြောင်းကို ကျိန်းသေပေါက် ရောက်မှာပါ၊၊ ဆရာဘိုးဘေးရဲ့ စွမ်းအားက အကန့်သတ်မရှိပါဘူး”

ယွမ်ဖူကျန်းရန်၏ နှုတ်ခမ်းမှာ အနည်းငယ်တွန့်သွားသည်။ သူ့ကို လျစ်လျူရှုလိုက်ပြီး ဆက်ပြောသည်။

“ဒီနယ်ပယ် ၆ဆင့်အကြောင်းကို ငါတို့ ရှေးလူကြီးတွေဆီက သိခဲ့ရတာပဲ။ တခြားလွဲချော်နေတာတွေ ဒါမှမဟုတ် ဒါထက်ပိုပြီး နက်နဲတဲ့ နယ်ပယ်တွေလည်း ရှိနိုင်သေးတာမို့လို့ မင်းတို့ဘာသာမင်းတို့ ရှာဖွေပြီး နားလည်အောင် လုပ်ကြဖို့ ငါတိုက်တွန်းချင်တယ်။ ဒါတွေကို ပုံသေနည်းတွေလိုမျိုး မျက်စိမှိတ်ပြီး မယုံကြည်ကြနဲ့။ ကဲ ဖေးယွီ၊ ယင်လောင်… စိတ်ကို လျှော့ထားလိုက်ကြ… ငါမင်းတို့ကို ဓားဆန္ဒအပိုင်းအစလေးတစ်ခု ပေးအပ်မယ်”

ငါတို့ကို ဓားဆန္ဒ ပေးမယ်…၊၊

ဝမ်ရှန်း နားကြားမှားသလားဟု ထင်လိုက်မိသော်လည်း သူဘာမှ ပြန်မပြောနိုင်ခင်မှာပင် ယွမ်ဖူကျန်းရန်က အကျီလက်စကို ခါလိုက်သည်။ ထူးဆန်းသော တာအိုအရှိန်အဝါတစ်ခုက ဝမ်ရှန်း၊ ကျိုးရင်လောင်နှင့် ချီဝမ်တို့ကို ချက်ချင်းပင် လွှမ်းခြုံသွားသည်။

ထို့နောက်တွင် သူတို့၏ မျက်ခွံများမှာ လေးလံလာပြီး သူတို့၏ အသိစိတ်မှာ မှောင်မိုက်နေသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။

ခြံဝင်းထဲတွင် ယွမ်ဖူကျန်းရန်သည် သူ၏မုတ်ဆိတ်ကိုသပ်ရင်း ပုံစံအမျိုးမျိုးဖြင့် လဲကျသွားကြသော လူငယ်တပည့်သုံးဦးကို ကြည့်ကာ ပြုံးလိုက်သည်။ တပည့်တွေကို သင်ပေးရခြင်းမှာလည်း သူ့နည်းသူ့ဟန်နှင့်သူ ပျော်စရာပင်။ အသက်ကြီးလာသောအခါ မိမိကိုယ်ကိုယ် ပျော်ရွှင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရစမြဲပင်။

ဤနည်းလမ်းမှာ သူ၏ ချီစွမ်းအင်များကို အတော်လေးကုန်ဆုံးစေသော်လည်း ယွမ်ဖူကျန်းရန်က ဂရုမစိုက်ပေ။ သူသည် ၎င်းတို့၏ စိတ်ကို အိပ်မက်ကမ္ဘာတစ်ခုထဲသို့ ဆွဲခေါ်ပြီး ဓားဆန္ဒကို သင်ကြားပေးလိုက်ခြင်းဖြစ်သည်။ သူတို့၏ နားလည်နိုင်စွမ်း နက်ရှိုင်းလေလေ၊ အိပ်ပျော်နေမည့် အချိန်မှာ ကြာရှည်လေဖြစ်ပြီး ရရှိမည့်အကျိုးကျေးဇူးမှာလည်း ပို၍ကြီးမားလာလေဖြစ်လိမ့်မည်။

“အမ်.. ဟင်”

ချီဝမ်က သူမဘာကြောင့် လဲကျသွားရလဲဆိုသည်ကို ဇဝေဇဝါဖြစ်ကာ မျက်လုံးများကို ပွတ်ရင်း ဖြည်းဖြည်းချင်းထလာသည်။

ယွမ်ဖူကျန်းရန် ချက်ချင်းပင် မျက်နှာပျက်သွားသည်။ သူက ထိုမိန်းကလေးကို အကျိုးကျေးဇူးအချို့ပေးချင်ခဲ့သော်လည်း သူ၏ ကြိုးစားမှုမှာ အချည်းနှီးဖြစ်သွားပုံရသည်...။

…

တောင်ပေါ်တွင် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် ညနက်သည့်တိုင်အောင် တရားထိုင်နေကြသည်။

၎င်းတို့၏ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသောကြောင့် ယွမ်ဖူကျန်းရန်သည် ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်၊၊

“သူတို့ကို မနှောင့်ယှက်မိစေနဲ့”

ချီဝမ်ကို မှာကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာကြီး”

ချီဝမ်က အမြန်ပြန်ထူးလိုက်သည်။

တစ်နေ့လုံး နားပူအောင် တရားဟောနေသည့် တာအိုဆရာကြီး နောက်ဆုံးတွင် ထွက်သွားသည်ကို ကြည့်ရင်း သူမ မအောင့်နိုင်ဘဲ သမ်းဝေလိုက်မိသည်။ သူမ တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။

ယွမ်ဖူကျန်းရန် ထွက်သွားပြီး မကြာမီမှာပင် မုဝမ်ရွှမ်းက ခြံဝင်းထဲသို့ တိတ်တဆိတ်ရောက်လာသည်။ သူမသည် ဧည့်သည်များ ထွက်သွားမည့်အချိန်ကို စောင့်နေခြင်းပင်။

မုဝမ်ရွှမ်းသည် ဤကဲ့သို့သော ထူးခြားလှသည့် အခွင့်အရေးမျိုးကို တမင်တကာ ရှောင်ရှားခဲ့သည်ကိုသာ ဝမ်ရှန်း သိသွားပါက ရယ်ရမလား၊ ငိုရမလားမသိဖြစ်သွားပေမည်၊၊

သို့သော်လည်း သူတို့မှာ ရွေးချယ်စရာမရှိခဲ့ပေ။ ယွမ်ဖူကျန်းရန်က ဓားဆန္ဒပေးအပ်မည်ဟုပြောကာ သူတို့ ပြင်ဆင်ချိန်ပင်မရလိုက်ဘဲ အိပ်မက်ကမ္ဘာထဲသို့ ထည့်သွင်းခြင်း ခံလိုက်ရသည်။ မုဝမ်ရွှမ်းသည် ဓားအသုံးပြုခြင်းကို အများကြီးဝါသနာမပါသဖြင့် သူမအတွက်တော့ အရှုံးကြီးတစ်ခုမဟုတ်ပေ။

ချီဝမ်၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများကို မြင်သောကြောင့် မုဝမ်ရွှမ်းက သူမကို အထဲဝင်အိပ်ရန် လွှတ်လိုက်သည်။ ထို့နောက် ဝမ်ရှန်း၏ တရားထိုင်ဖျာကို ခြံတံခါးဝသို့ သယ်ယူလာပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေသည်။

ညရှစ်နာရီခန့်တွင် ကျိုးရင်လောင်က ဖြည်းဖြည်းချင်း နိုးလာသည်။ သူ၏ အစစ်မှန်ချီများ အနည်းငယ်ဖရိုဖရဲဖြစ်နေသဖြင့် ခဏမျှ ငြိမ်ငြိမ်လေးဆက်ထိုင်နေမိသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့မှာ လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်၊၊

သူ ဖုန်းကိုထုတ်ပြီး အချိန်ကြည့်လိုက်ရာ သုံးနာရီမှ လေးနာရီခန့်အထိ တရားထိုင်ခဲ့ကြောင်း ခန့်မှန်းမိသည်။ ထို့နောက် သူမြင်တွေ့ခဲ့ရသည့် ဓားသိုင်းကွက်များကို ပြန်လည်စဉ်းစားရင်း ရရှိခဲ့သည့် ဉာဏ်အလင်းများအပေါ် ပြန်လည်ဆင်ခြင်နေမိသည်။

သူ့စိတ်ထဲတွင် ကျေနပ်ပီတိများဖြစ်ပေါ်လာသည်။

တာအိုကို မြင်တွေ့ခွင့်ရခဲ့ပြီ… ငါ့နှလုံးသားမှာ နောင်တမရှိတော့ဘူး…။

သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် မုဝမ်ရွှမ်းမှာ သူ၏ရှေ့၌ ပေါ်လာသည်။ သူမက တိတ်တိတ်နေရန် အချက်ပြပြီး သူ၏နောက်ဘက်ကို ညွှန်ပြလိုက်ရာ ဝမ်ရှန်းမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ရှူသံမှာလည်း အလွန်ပင် တိုးညှင်းနေသည်ကို တွေ့လိုက်ရသည်။

ကျိုးရင်လောင်သည် အသက်ကိုအောင့်ကာ သတိထားပြီး ထရပ်လိုက်သည်။ ဝမ်ရှန်းကို နိုးသွားမည်စိုးသဖြင့် ခြံတံခါးဝဆီသို့ တတ်နိုင်သမျှ တိတ်တဆိတ် ခြေဖျားထောက်လျှောက်သွားသည်။

သူ ဘာမှမပြောရသေးခင်မှာပင် မုဝမ်ရွှမ်းမှာ တံခါးနောက်တွင် ရပ်နေပြီး ပြုံးလျက်နှင့် သူ့ကို ပြန်ရန် လက်ခါပြနေသည်။ ကျိုးရင်လောင်က ဝမ်ရှန်းနိုးလာလျှင် အသိအမြင်များဖလှယ်ရန် ရည်ရွယ်ထားသော်လည်း ယခုမူ ခေါင်းကုတ်ရင်း ပြန်လာခဲ့ရတော့သည်။

အံ့ဩစရာကောင်းသည်မှာ နောက်တစ်နေ့မနက် သူပြန်လာချိန်တွင်လည်း ဝမ်ရှန်းမှာ ရင်ပြင်ထဲ၌ အိပ်မောကျနေဆဲပင်။ မနေ့ညက မုဝမ်ရွှမ်းသည် သူ့ကို ပွေ့ချီ၍ ကျောမှီကုလားထိုင်ပေါ်သို့ ဂရုတစိုက်ရွှေ့ပေးခဲ့ပြီး စောင်ပါးလေးတစ်ထည် ခြုံပေးထားခဲ့သည်။ ထိုမြင်ကွင်းကို ချီဝမ်က ပါးနပ်စွာ ဓာတ်ပုံခိုးရိုက်ထားလိုက်သည်။

ကျိုးရင်လောင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

“ညီလေးဝမ်က အခုထိ မနိုးသေးဘူးလား”

သူ့ညီလေးက အိပ်ပြန်ပျော်သွားတာများလားဟု တွေးမိသော်လည်း စောင့်ကြည့်နေသည့် မုဝမ်ရွှမ်းက ဝမ်ရှန်းက တစ်ကြိမ်မှ မနိုးသေးကြောင်း ပြောပြသည်။ ထို့ပြင် မနေ့ည သန်းခေါင်ကျော်ကတည်းက သူ၏ပတ်ဝန်းကျင်တွင် တာအိုစည်းချက်များတစ်ခုပြီးတစ်ခုပေါ်လာနေသည်ဟု ပြောခဲ့သည်။

တစ်ခါတစ်ရံတွင် သူ့ပတ်လည်၌ ကြယ်ပွင့်လေးများ ဝန်းရံနေတတ်ပြီး အခြားတစ်ခါတွင်မူ အရှိန်အဝါနှစ်ခုက သူ့ကို ရစ်ပတ်နေတတ်သည်။ မုဝမ်ရွှမ်းအတွက်တော့ ထိုအရာများမှာ အလွန်ရင်းနှီးနေသည့် ယင်-ယန်ချီများပင် ဖြစ်သည်။

မုဝမ်ရွှမ်း အံ့ဩနေမိသော်လည်း ဘာလုပ်ရမှန်းမသိပေ။

ကျိုးရင်လောင် ခါးသီးစွာ ပြုံးလိုက်ရုံသာ တတ်နိုင်သည်။ သူ ပြန်ထွက်သွားရင်း ရေရွတ်နေမိသည်။

“ညီလေးဝမ်က တကယ်ရူးသွပ်တာပဲ”

ဝမ်ရှန်းသည် တစ်ရက်နှင့် နှစ်ညတိုင်တိုင် အိပ်ပျော်နေခဲ့သည်။

တတိယမြောက်နေ့ မနက်ခင်းတွင် နေမင်းမှာ အရှေ့ဘက်မှ ထွက်ပေါ်လာပြီး လောကကြီး၏ ကမ္ဘာဦးချီများမှာ နွေးထွေးမှု အငွေ့အသက်များကို ထုတ်လွှတ်နေစဉ် ဝမ်ရှန်းသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

သူ၏အကြည့်မှာ နာရီဝက်ခန့်အထိ ဗလာဖြစ်နေသည်။ ထို့နောက်တွင်မှ သူ၏မျက်ဝန်းများက တောက်ပလာသည်။

သူ၏ကိုယ်အတွင်းမှ ဓားသံများမြည်ဟည်းလာသည်။ သူ၏ တစ်ကိုယ်လုံးမှာ ဓားအိမ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ထက်မြက်သော ဓားနှစ်လက်က သူ၏မျက်ဝန်းများမှ ပွင့်ထွက်လာတော့မည့်အလား ထင်ရသည်။

ထို့နောက်တွင် သူ၏အတွင်းမှ ဓားဆန္ဒ နှစ်ခုမှာ လှိုင်းများအလား ထွက်ပေါ်လာသည်၊၊ တစ်ခုမှာ ကျယ်ပြောပြီး ကြည်လင်နေကာ နောက်တစ်ခုမှာမူ မဆုတ်မနစ်သော ဆန္ဒနှင့် အဆုံးမဲ့ရှိနေသည်။

All Chapters