အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁)
ဒီတစ်ခါတော့ အလျှော့မပေးတော့ဘူး
သို့သော် ဤတစ်ခါတွင် နန်ချင်ဝမ်သည် ပြန်ပြီး အလျှော့ပေးမည် မဟုတ်တော့ချေ။
“သွမ့်ကျားကျားရဲ့ အုပ်ထိန်းခွင့်အတွက် ကျွန်မ အဆုံးထိ တိုက်ပွဲဝင်မယ်”
နန်ချင်ဝမ်၏ လေသံသည် အလွန် လေးနက်သည်။ ဘာတစ်ခုမှ မကျန်ဘဲ ထွက်သွားရမည်ဆိုရင်တောင်မှ သမီးဖြစ်သူကို ရအောင် ခေါ်ထုတ်သွားမည်
“မင်းငါ့ကို ဘယ်လိုယှဉ်မလဲ ကြည့်ရသေးတာပေါ့၊ မနက်ဖြန် စောစောထ၊ ငါ့မစောင့်ချင်ဘူး”
နန်ချင်ဝမ်သည် ဘာမှ ပြန်မပြောတော့ဘဲ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
အခန်းထဲသို့ ပြန်ရောက်သည်နှင့် နန်ချင်ဝမ်သည် အိပ်ယာပေါ်သို့ လှဲချလိုက်သည်။ မျက်ရည်များက ပါးပြင်ပေါ်မှ တစ်ဆင့် ခေါင်းအုံးပေါ် စီးကျသွားပြီး မကြာခင်မှာပင် ခေါင်းအုံး တစ်ခုလုံး စိုရွှဲသွားတော့သည်။
သွမ့်ဟွေကျိုနှင့် အတူရှိခဲ့စဉ်က အမှတ်တရများကို သူမ ပြန်လည်မြင်ယောင်မိသည်။ သူမ အလုပ်စလုပ်ချိန်က ပထမဆုံး စီမံခန့်ခွဲခဲ့ရသည့် အနုပညာရှင်မှာ သွမ့်ဟွေကျိုဖြစ်ပြီး ထိုစဉ်က သူ့ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ်သာ သဘောထားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သွမ့်ဟွေကျိုက သူမအပေါ်တွင် အလွန်နူးညံ့စွာ ဆက်ဆံလာခဲ့ရာ သူမ စိတ်ထဲ၌ ခံစားချက်တစ်ချို့ စတင် ဖြစ်ပေါ်လာခဲ့သည်။
နောက်ပိုင်းတွင် သွမ့်ဟွေကျို က သူ့အချစ်ကို ဖွင့်ဟလာခဲ့သည်။ သူ၏ အနေအထားကြောင့် သူမတို့နှစ်ဦးသည် ချစ်သူများအဖြစ် လျို့ဝှက်စွာ တွဲခဲ့ရသော်လည်း သွမ့်ဟွေကျိုသည် သူမ အပေါ်တွင် အလွန်ကောင်းမွန်ခဲ့၏။
သွမ့်ဟွေကျိုသည် ကျော်ကြားချင်စိတ် ပြင်းပြလိုသူ တစ်ဦးဖြစ်ကြောင်း သူမ သိထား၏။ ထို့ကြောင့် သူမသည် ဒါရိုက်တာကြီးများကို မျက်နှာသာပေးရန် အသည်းအသန် ကြိုးစားခဲ့ပြီး မကြာခဏ အရက်သောက်ရသောကြောင့် ဆေးရုံရောက်သည်အထိ ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် သွမ့်ဟွေကျိုသည် ဆန်ပြုတ်ကို ကိုယ်တိုင်ပြုတ်ကာ သူမကို ပြုစုပေးခဲ့ပြီး အလုပ်ကြိုးစားလွန်းသည်ဟုပင် ဆူပူခဲ့သေးသည်။
ကြော်ငြာစာချုပ်တစ်ခု ရရှိတိုင်း ပြုံးပျော်နေတတ်သော သွမ့်ဟွေကျိုကို ကြည့်ရင်း သူမလုပ်သမျှ အရာအားလုံးသည် အဖိုးတန်သည်ဟုသာ ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် သွမ့်ဟွေ့ကျိုသည် အမှန်တကယ်ပင် ကျော်ကြားလာခဲ့၏။
သို့သော် တစ်ချိန်က အသည်းစွဲချစ်ခဲ့ကြသည့် လူနှစ်ယောက်သည် နောက်ဆုံးတွင် တစ်ဦးနှင့်တစ်ဦး ဝေးကွာသွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
နောက်တစ်နေ့မနက်တွင် နန်ချင်ဝမ်သည် မျက်နှာသစ်ပြီး အိပ်ခန်းတံခါးဖွင့်လိုက်ချိန်တွင် ဧည့်ခန်းထဲမှ သွမ့်ဟွေကျို ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူတို့၏အကြည့်များ ဆုံမိသွားသော်လည်း မည်သူမျှ စကားမပြောကြပေ။ နှစ်ယောက်သား တိတ်ဆိတ်စွာပင် သွမ့်ကျားကျားနှင့်အတူ မနက်စာစားရန် ထမင်းဝိုင်းဆီသို့ လျှောက်သွားခဲ့ကြသည်။
မနက်စာစားပြီးနောက် နန်ချင်ဝမ် သွမ့်ကျားကျားကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးကာ ကားသမားကို ကျောင်းပို့ခိုင်းလိုက်သည်။
သွမ့်ကျားကျားက စိတ်ဆိုးစွာ ပြောလိုက်၏။
“မေမေနဲ့ဖေဖေ သမီးကို ကျောင်းလိုက်ပို့ပေးလို့ မရဘူးလား”
နန်ချင်ဝမ် နူးညံ့သော အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“ကျားကျား လိမ္မာတယ်နော်။ ဒီနေ့ အမေတို့ အလုပ်ရှိတယ်။ နောက်မှ လိုက်ပို့ပေးမယ်နော်၊ ဟုတ်ပြီလား”
သွမ့်ကျားကျား မကျေမနပ်ဖြင့် နှုတ်ခမ်းလေးစူကာ ပြန်ပြောလိုက်၏။
“အင်း… ဒါဆိုလည်း ပြီးရော”
သွမ့်ကျားကျားကို ပို့ပြီးသည်နှင့် နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုသည် စာရွက်စာတမ်းများကို ယူဆောင်ကာ ရုံးသို့ အတူတူ သွားခဲ့ကြသည်။
လမ်းတစ်လျှောက်လုံး သူတို့နှစ်ဦး စကားမပြောကြသေးပေ။ နန်ချင်ဝမ်က စကားမပြောချင်သောကြောင့်ဖြစ်ပြီး သွမ့်ဟွေ့ကျိုကတော့ နန်ချင်ဝမ် သူ့ကို ဦးစွာ တောင်းပန်မည်ကို စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်သည်။
အိမ်ထောင်ရေးရုံး အဝင်ဝသို့ ရောက်သည်အထိ နန်ချင်ဝမ်သည် သွမ့်ဟွေကျိုထံမှ မည်သည့်အရာကိုမျှ တောင်းဆိုခြင်း မရှိခဲ့ချေ။
ကားပေါ်မှ ဆင်းပြီးနောက် သွမ့်ဟွေကျိုသည် နန်ချင်ဝမ်၏ ရှေ့မှ တမင်တကာ ဦးအောင်သွားကာ ရုံးထဲသို့ ဝင်သွားလေ၏။
ရုံးဝန်ထမ်းက ကွာရှင်းရသည့် အကြောင်းရင်းကို ယဉ်ကျေးစွာ မေးမြန်းလေသည်။
နှစ်ဦးစလုံး သဘောတူညီမှုရှိကြောင်း မြင်သောအခါ နောက်ထပ် ထပ်မံမမေးတော့ပေ။
ယခုခေတ်ကြီးတွင် လူတစ်ဦးကို ကွာရှင်းဖို့ အကြံပေးသည်ဖြစ်စေ၊ အိမ်ထောင်ပြုဖို့ အကြံပေးသည်ဖြစ်စေ အညီအမျှ မှားယွင်းနိုင်သည်။ အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်မှုအတွက် အာမခံချက်မရှိသကဲ့သို့ ကွာရှင်းခြင်းသည်လည်း သာယာသည့် အနာဂတ်ဆီသို့ တက်လှမ်းမည့် အခွင့်လမ်းကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
ယခုအခါ ကွာရှင်းမှုအတွက် တစ်လ စောင့်ဆိုင်းရမည် ဖြစ်၏။ ထိုတစ်လသည် နန်ချင်ဝမ်အဖို့ သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်အတွက် သွမ့်ဟွေကျိုနှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်ဖို့ အချိန်လုံလောက်သည်။
အိမ်ထောင်ရေးရုံးမှ ထွက်လာပြီးနောက် သွမ့်ဟွေကျို သူ့မှာ ကိစ္စရှိသည်ဟု ဆိုကာ နန်ချင်ဝမ်ကို လမ်းဘေးတွင် ထားခဲ့ပြီး ကားမောင်းထွက်သွားခဲ့သည်။
လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော လူအုပ်ကို ငေးကြည့်ရင်း နန်ချင်ဝမ် မျက်ရည်များ ဝေ့တက်လာသည်။ ဤအခိုက်အတန့်တွင် သူမနှစ်ပေါင်းများစွာ ပင်ပန်းခံခဲ့သမျှ အရာအားလုံးသည် နောက်ဆုံးတွင် အချည်းနှီးဖြစ်ခဲ့ကြောင်း သဘောပေါက်သွားလေ၏။
မိုးနတ်မင်းကြီးကပင် သူမကို ကိုယ်ချင်းစာမိသည့်အလား မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။
နန်ချင်းဝမ်သည် မိုးရေထဲတွင်သာ လမ်းလျှောက်နေခဲ့ပြီး မိုးပုလဲများက သူမ ကိုယ်ပေါ်သို့ အဆက်မပြတ် ရိုက်ခတ်နေခဲ့သည်။
ထိုနေ့တွင် ယဲ့ယီသည် ရိုက်ကွင်းမှ ရှားရှားပါးပါး အနားယူထားလေ၏။အပြင်ထွက်လည်ရန် တွေးထားသော်လည်း အိမ်မှထွက်ပြီး မကြာခင်မှာပင် မိုးစရွာလာခဲ့သည်။
မလွှဲသာသည့်အဆုံး ယဲ့ယီသည် ကားပြန်မောင်းလာစဉ် လမ်းဆုံတစ်ခုတွင် မိုးရေထဲ လမ်းလျှောက်နေသော အမျိုးသမီးတစ်ဦးကို သတိထားမိလိုက်သည်။
အချစ်ရေးတွင် နာကျင်ခံစားနေရသည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ပင်။ သို့သော် ထိုအမျိုးသမီး ပုံစံကို သူမ ရင်းရင်းနှီးနှီး မြင်ဖူးနေ၏။
ကားကို ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်ပြီး ပြတင်းပေါက်မှန်ကို ချကြည့်လိုက်သောအခါ ထိုအမျိုးသမီးသည် နန်ချင်ဝမ်ဖြစ်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရတော့သည်။
ယဲ့ယီ ဟွန်းတီးလိုက်သည်။
နန်ချင်ဝမ်က အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ ယဲ့ယီကို မြင်လိုက်ရသည်။
“အစ်မချင်ဝမ်၊ လာလာ မြန်မြန်တက်”
ယဲ့ယီ ကားတံခါးကို ဖွင့်ပေးလိုက်၏။
နန်ချင်ဝမ်သည် ငြင်းဆန်မနေဘဲ ကားပေါ်သို့ တက်လိုက်လေသည်။
ကားထဲသို့ ရောက်သောအခါ နန်ချင်ဝမ်၏ စိုရွှဲနေသော အသွင်အပြင်ကို မြင်ပြီး ယဲ့ယီ စိုးရိမ်တကြီး မေးလိုက်သည်။
“မိုးက ဒီလောက်သည်းနေတာ၊ အစ်မက မိုးမခိုဘူးလား။ အအေးမိတော့မှာပဲ… အိမ်ကို အရင်လိုက်ပို့ပေးမယ်လေ”
နန်ချင်ဝမ် အသံတိုးတိုးလေးဖြင့် တောင်းဆိုလိုက်သည်။
“အစ်မ… ညီမဆီမှာ ခဏလောက်နေလို့ ရမလား”
နန်ချင်ဝမ် အဘယ့်ကြောင့် အိမ်မပြန်ချင်သည်ကို သူမ မသိသော်လည်း မေးခွန်းမထုတ်တော့ဘဲ သူမ၏ အပန်းဖြေအိမ်ဆီသို့ တန်းခေါ်သွားလိုက်သည်။
အပန်းဖြေအိမ်သို့ ရောက်သည်နှင့် ယဲ့ယီသည် မဝတ်ရသေးသော အိမ်တွင်းဝတ် ပေါ့ပေါ့ပါးပါး တစ်စုံကို ထုတ်ပေးလိုက်ပြီး အိမ်အကူကို ချင်းပြုတ်ရည်တစ်ခွက် ပြုတ်ခိုင်းလိုက်သည်။
လုပ်စရာရှိတာ လုပ်ပြီးသွားသောအခါ နန်ချင်ဝမ်နှင့် ယဲ့ယီတို့ ဆိုဖာပေါ်တွင် အတူထိုင်ရင်း တီဗီကြည့်နေကြတော့သည်။ ယဲ့ယီ သတိထားကာ မေးလိုက်သည်။
“အစ်မချင်ဝမ်… အဆင်ပြေရဲ့လား”
နန်ချင်ဝမ်က ခါးသီးစွာ ပြုံးလိုက်သည်။
“ဒီနေ့ အစ်မ သွမ့်ဟွေကျိုနဲ့အတူ အိမ်ထောင်ရေးရုံးကို သွားပြီး ကွာရှင်းဖို့ လျှောက်လွှာတင်ခဲ့တယ်”
“အမ်…”
ယဲ့ယီ တုန်လှုပ်စွာ ကြည့်လိုက်သည်။
‘သူတို့ ဘာလို့ ရုတ်တရက်ကြီး ကွာရှင်းလိုက်ကြတာလဲ’
“ဒါဆို… အိမ်ထောင်ရေးရုံးက အပြန် သွမ့်ဟွေကျိုက အစ်မကို ဒီတိုင်းထားခဲ့ပြီး မောင်းထွက်သွားတာလား”
ယဲ့ယီက သိလိုစိတ်ဖြင့် မေးလိုက်သည်။ နန်ချင်ဝမ် ကားမမောင်းတတ်မှန်း သူမ သိထားသည်။ ထို့ကြောင့် အိမ်ထောင်ရေးရုံးသို့ လာရာတွင် သွမ့်ဟွေကျိုနှင့် အတူလာမည်မှာ သေချာ၏။
နန်ချင်ဝမ် ခေါင်းညိတ်လိုက်သည်။
“တကယ် လူမဆန်တဲ့ကောင်ပါလား… လူယုတ်မာကောင်”
ယဲ့ယီ အလွန်ဒေါသထွက်သွားသည်။
သို့သော် သူမသည် သူတို့နှစ်ယောက် အဘယ်ကြောင့် ရုတ်တရက် ကွာရှင်းဖြစ်ခဲ့သည်ကို ပို၍ သိချင်မိသည်။
နန်ချင်ဝမ်သည် မနေ့ညက ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို ယဲ့ယီအား ပြန်ပြောပြလိုက်သည်။
အကြောင်းစုံကို ကြားသိပြီးနောက် ယဲ့ယီ နာကျင်စွာဖြင့် နန်ချင်ဝမ်ကို ဖက်ထားကာ နှစ်သိမ့်လေ၏။
“မစိုးရိမ်ပါနဲ့အစ်မ၊ သူ့ကို ဒီဇာတ်ညွှန်း တမင်ခိုးခွင့်ပေးခဲ့တာ ၊ အရေးမပါတဲ့ ဇာတ်ညွှန်းပါ”
“တကယ်လား”
နန်ချင်ဝမ်မှာ ယဲ့ယီသည် သူမကိုနှစ်သိမ့်ဖို့အတွက် ဤသို့ ပြောခဲ့သည်ဟု ထင်မှတ်ကာ စိုးရိမ်နေမိသည်။
ယဲ့ယီ ခေါင်းညိတ်ပြလိုက်သည်။
“တကယ်တော့ သူ ပထမအကြိမ် ဇာတ်ညွှန်းခိုးဖို့ ကြိုးစားကတည်းက ကျွန်မ သတိထားမိတယ်။ ပထမအကြိမ် မအောင်မြင်ခဲ့တော့ ဒုတိယအကြိမ်မှာ ဒီဇာတ်ညွှန်းကို တမင်ခိုးခွင့်ပေးလိုက်တာ။ သူခိုးနေတဲ့ ဖြစ်စဉ်ကိုလည်း ဗီဒီယိုမှတ်တမ်း တင်ထားတယ်လေ”
“ရှောင်ယီ… ဒီကိစ္စကို မင်းသဘောအတိုင်း လုပ်နိုင်တယ်။ အစ်မအပေါ် ထိခိုက်မှာ မစိုးရိမ်နဲ့”
အကယ်၍သာ ယဲ့ယီ အနေဖြင့် ဤဗီဒီယိုကို ထုတ်လွှင့်လိုက်ပါက သွမ့်ဟွေကျို ပြောသလိုပင် ဇနီးဖြစ်သူ နန်ချင်ဝမ်အပေါ်တွင် ထိခိုက်မည်မှာ သေချာသည်။
ယဲ့ယီ စိတ်ချအောင် ပြန်ပြောလိုက်၏။
“စိတ်ချပါ၊ သူ့ကို ဒီဇာတ်ညွှန်းခိုးခွင့်ပေးထားတော့ ဒီသက်သေလည်း တစ်ချိန်ကျ အသုံးဝင်လာမှာပါ”
နန်ချင်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
နီရဲနေသော နန်ချင်ဝမ်၏ မျက်ဝန်းများကို ကြည့်ရင်း ယဲ့ယီ သက်ပြင်းချလိုက်သည်။ ယခုလို ကွာရှင်းလိုက်ခြင်းက သူမ ယခင်ဘဝက အဆုံးသတ်ထက် အဆပေါင်းများစွာ ပိုကောင်း၏။
သွမ့်ဟွေကျို သည် သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်ကို အရယူမည့်အကြောင်း ပြန်လည် တွေးမိသောအခါ နန်ချင်ဝမ်မှာ သက်ပြင်းချလိုက်ပြန်သည်။
“ရှောင်ယီ… မင်းမှာ မိတ်ဆက်ပေးလို့ရမဲ့ ရှေ့နေ ရှိလား။ သွမ့်ဟွေကျိုက ကျားကျား အုပ်ထိန်းခွင့်အတွက် အစ်မနဲ့ပြိုင်မယ်ဆိုတော့ သူ့နဲ့ မပြိုင်နိုင်မှာကို အစ်မကြောက်တယ်”
“သူက လုပ်ရဲသေးတယ်နော်”
လန်ရွှယ်၏ အမွှန်းတင်ချီးမွမ်းခြင်း ခံရရန်အတွက် ကိုယ့်သမီး သွမ့်ကျားကျားကိုပင် ဒုက္ခရောက်အောင် လုပ်ခဲ့သေး၏။ ထိုကဲ့သို့ ယုတ်မာသည့် လုပ်ရပ်ကို လုပ်ပြီးသည့်တိုင် သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်ကို တိုက်ယူဖို့အထိ မျက်နှာပြောင် တိုက်နိုင်သည်ကို ယဲ့ယီ အံ့ဩနေမိသည်။
“မစိုးရိမ်ပါနဲ့။ နောက်မှ ကုရှီချန်းကို မေးကြည့်ပေးမယ်။ ကျားကျားအတွက် အုပ်ထိန်းခွင့်ရအောင် ကျွန်မ သေချာပေါက် ကူညီပေးပါ့မယ်”
နန်ချင်ဝမ် ယဲ့ယီကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ရှောင်ယီ၊ တကယ်ကို ကျေးဇူးတင်ပါတယ်ကွယ်”
ယဲ့ယီက ပြုံးလိုက်သည်။
“ကျားကျားက ကျွန်မသားရှောင်စဲ့ ရဲ့သူငယ်ချင်းကောင်းလေးပဲလေ”
သွမ့်ကျားကျားသည် သူမ၏ အနာဂတ်ချွေးမလောင်းလေး ဖြစ်လာနိုင်သည်ဟု ယဲ့ယီ ရင်ထဲတွင် ခံစားမိနေ၏။
အခန်း (၇၂)
လူကြိုက်များလာအောင် တည်ဆောက်ခြင်း
ယဲ့ယီ နန်ချင်ဝမ်နှင့် အတော်ကြာအောင် စကားပြောဖြစ်ခဲ့သော်လည်း နန်ချင်ဝမ်မှာ ဇာတ်ညွှန်းကိစ္စကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့အပေါ် သက်ရောက်မှုရှိသွားမည်ကို စိုးရိမ်နေဆဲဖြစ်ကာ အလွန်အမင်း အပြစ်ရှိသလို ခံစားနေရရှာသည်။
“အစ်မ တကယ်ပဲ စိုးရိမ်စရာမလိုဘူး။ ဒါက ရုပ်ရှင်အတွက် တကယ့်ကို အခမဲ့ ကြော်ငြာပေးလိုက်သလိုပါပဲ၊ ‘နိမ့်ရာကနေ မြင့်ရာကိုတက်တဲ့’ အကျိုးသက်ရောက်မှုမျိုး ရဖို့အတွက် အကောင်းဆုံး အကွက်ဆင်လိုက်တာပဲ”
ယဲ့ယီ ရှင်းပြရသည်။ သူမတို့ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို အသေးစိတ် ရှင်းပြပြီးနောက်မှသာ နန်ချင်ဝမ်မှာ မိမိကိုယ်ကို အပြစ်တင်နေခြင်းကို ရပ်တန့်သွားတော့သည်။
မွန်းလွဲပိုင်းတွင် နန်ချင်ဝမ်သည် ယဲ့ယီကို နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။ အကယ်၍ သွမ့်ကျားကျား ကျောင်းပြန်လာချိန်တွင် သူမကို မတွေ့ပါက သေချာပေါက် စိုးရိမ်နေပေတော့မည်။ ပို၍ အရေးကြီးသည်မှာ သွမ့်ဟွေကျိုသည် ကျားကျားအား မသင့်လျော်သောစကားများ ပြောလိုက်မည်ကို သူမ စိုးရိမ်မိ၏။
နန်ချင်ဝမ် အိမ်ပြန်သွားပြီးနောက် ယဲ့ယီသည် ဆိုဖာပေါ်တွင် ထိုင်ရင်း ရှေ့နေတစ်ဦး ရှာပေးဖို့အတွက် ကုရှီချန်းကို မည်သို့ အကူအညီတောင်းရမည်ကို စဉ်းစားနေမိသည်။ ကုရှီချန်း သိသော ရှေ့နေများသည် သေချာပေါက် ယုံကြည်စိတ်ချရနိုင်သည်။
သို့သော်လည်း ယဲ့ယီသည် ထိုကိစ္စကို မပြောရသေးမီမှာပင် ညစာ စားနေစဉ်အတွင်း ကုရှီချန်းက သူမအား စတင် ပြောလာခဲ့သည်။
“မင်းရဲ့ မန်နေဂျာက ကွာရှင်းတော့မှာမလား၊ ငါ့အကူအညီ လိုအပ်လား”
ကုရှီချန်း ဟင်းရည်တစ်ငုံ သောက်ရင်း သာမန်ကာလျှံကာ လေသံဖြင့် မေးလိုက်သည်။
ယဲ့ယီ ကုရှီချန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
“ရှင် ဘယ်လိုလုပ်သိတာလဲ”
ကုရှီချန်း ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဖြေကြားလိုက်၏။
“ပျင်းတာနဲ့ အင်တာနက်ပေါ် လျှောက်ကြည့်ရင်း တွေ့လိုက်တာပါ”
ကုရှီချန်း မပြောလိုက်သည့် အချက်မှာ သူသည် ပျင်း၍ လျှောက်ကြည့်နေခြင်း မဟုတ်ဘဲ ယဲ့ယီ နှင့် ပတ်သက်သမျှ အရာအားလုံးကို လူလွှတ်၍ အမြဲ စောင့်ကြည့်ခိုင်းနေခြင်းပင် ဖြစ်သည်။
ယဲ့ယီသည် ချက်ချင်းပင် သူမ၏ ဖုန်းကို ထုတ်ကာ လူမှုကွန်ရက်သို့ ဝင်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် ရုပ်ရှင်အင်ပါယာ မင်းသားကြီး သွမ့်ဟွေကျို၏ ကွာရှင်းမှု သတင်းမှာ ရေပန်းအစားဆုံး ဖြစ်နေတော့သည်။
ယဲ့ယီ ထိုသတင်းကို နှိပ်ကြည့်လိုက်၏။ ၎င်းမှာ သွမ့်ဟွေကျို ကိုယ်တိုင် တင်ထားသည့် ပို့စ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုပို့စ်တွင် သွမ့်ဟွေကျိုက သူနှင့် ဇနီးဖြစ်သူတို့သည် မပြေလည်နိုင်သော ကွဲလွဲမှုများကြောင့် တရားဝင် ကွာရှင်းရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်ကြောင်း၊ သို့သော် ကွာရှင်းပြီးနောက်တွင်လည်း သမီးဖြစ်သူ သွမ့်ကျားကျားကို အကောင်းဆုံး စောင့်ရှောက်သွားမည်ဖြစ်ပြီး နောင်တွင် သမီးဖြစ်သူအား ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်နိုင်အောင် ကူညီပေးသွားမည် ဖြစ်ကြောင်း ရေးသားထားသည်။
ပို့စ်အောက်ရှိ မှတ်ချက်များတွင်မူ လူအများက သူ့ကို နှစ်သိမ့်ပေးနေကြပြီး သွမ့်ကျားကျား ဖျော်ဖြေရေးလောကထဲ ဝင်လာမည့်အပေါ် အားပေးထောက်ခံနေကြ၏။ ကလေးတစ်ယောက်အနေဖြင့် မိဘ၏ ခြေရာကို နင်းသင့်ကြောင်း ပြောဆိုနေကြသည်။
“ဒီလူက ဘယ်လိုတောင် အရှက်မရှိရတာလဲ”
သွမ့်ဟွေကျို၏ ပို့စ်ကို ကြည့်ရင်း ယဲ့ယီ တစ်ယောက် စိတ်မထိန်းနိုင်တော့ပေ။ တရားရုံးက သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်ကို မည်သူ့ကို ပေးမည်ဖြစ်ကြောင်း မကြေညာရသေးခင်မှာပင် သူသည် လူမှုကွန်ရက်ပေါ်တွင် ထိုသို့သော အကြောင်းအရာများကို တင်နေပြီ ဖြစ်၏။
ထို့အပြင် နန်ချင်ဝမ်က သွမ့်ကျားကျားအား ဖျော်ဖြေရေးလောကထဲသို့ မဝင်စေချင်ကြောင်း ပြောပြထားသော်လည်း သွမ့်ဟွေကျိုကမူ သူ့သမီးအား ဖျော်ဖြေရေးလောကထဲ ဝင်စေချင်ကြောင်း ရည်ရွယ်ချက်ရှိရှိ တင်ခဲ့သည်။
ယင်းမှာ နန်ချင်ဝမ်အား အကြပ်ကိုင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ အကယ်၍ နောင်တွင် နန်ချင်ဝမ်က သွမ့်ကျားကျားအား ဖျော်ဖြေရေးလောကထဲသို့ ဝင်ခွင့်မပြုပါက ဖခင်ဖြစ်သူက လမ်းခင်းပေးထားပါလျက်နှင့် ကလေးအပေါ် မကောင်းသူအဖြစ် အင်တာနက် အသုံးပြုသူများ၏ အထင်အမြင် လွဲမှားခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
ယဲ့ယီသည် ကုရှီချန်း ကို ကြည့်ကာ အားနာဟန်ဖြင့် ပြောလိုက်သည်။
“ရှင် ကျွန်မကို ရှေ့နေတစ်ယောက် ငှားပေးလို့ ရမလား။ ကျားကျားလေးက အစ်မချင်ဝမ် ဘေးမှာ ရှိနေတာ အကောင်းဆုံးပဲ။ အကယ်၍ အဲ့ဒီလူ သွမ့်ဟွေကျိုနဲ့သာ နေရရင် သူ ကျားကျားကို ကောင်းကောင်း စောင့်ရှောက်မှာ မဟုတ်ဘူး”
ကုစဲ့ကလည်း ကုရှီချန်းကို သနားစဖွယ် ကြည့်ရှာ၏။
“ဖေဖေ၊ အဲ့ဒီအန်တီကို ကူညီပေးပါနော်။ ကျားကျားက သူ့ဖေဖေက သူ့အပေါ် လုံးဝ မကောင်းဘူးလို့ ပြောဖူးတယ်”
ကုရှီချန်းသည် မိန်းမ နှင့် သားဖြစ်သူ၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်သည်။
“ကိုယ် သေချာပေါက် ကူညီမှာပါ”
ထို့နောက် သူ ယဲ့ယီကို ထပ်မံကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်း ကိစ္စက ကိုယ့်ကိစ္စပဲ။ ကိုယ်ကို အားနာနေစရာ မလိုဘူး။ ဘာမဆို ပြောလို့ရတယ်”
ယဲ့ယီ အနည်းငယ် နေရခက်သွားပြီး ဘာမှ ပြန်မပြောတော့ဘဲ နှုတ်ဆိတ်စွာ ထမင်းကို ငုံ့စားနေတော့သည်။
ကုရှီချန်းသည် ကုလားအုတ်ငှက်ကဲ့သို့ ခေါင်းဝှက်ကာ ရှောင်လွှဲနေသော ယဲ့ယီကို ကြည့်ပြီး ရင်ထဲတွင် ဘာကြောင့်မှန်းမသိ သက်ပြင်းချလိုက်မိသည်။
ညစာ စားပြီးနောက် ယဲ့ယီ နန်ချင်ဝမ်ကို ဖုန်းခေါ်လိုက်ရာ တစ်ဖက်က ချက်ချင်း တန်းကိုင်၏။
သူမသည် ဖုန်းအခြားတစ်ဖက်မှ နန်ချင်ဝမ်၏ ရှိုက်ငိုနေသံကို ကြားလိုက်ရသည်။
“ရှောင်ယီ”
“ကျွန်မ အွန်လိုင်းက ကိစ္စတွေ အားလုံးကို သိပြီးပါပြီ”
နန်ချင်ဝမ်မှာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
“ရှောင်ယီ၊ အစ်မ ဘာလုပ်ရမလဲ။ အစ်မ တကယ်ပဲ ကျားကျားလေး ဒီလို ရွှံ့နွံထဲ ကျသွားတာကို ကြည့်နေရတော့မှာလား”
“မစိုးရိမ်ပါနဲ့၊ ကုရှီချန်းက ရှေ့နေရှာပေးဖို့ သဘောတူပြီးပါပြီ။ ကျွန်မတို့ ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို သေချာပေါက် အနိုင်ရမှာပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ် အစ်မ”
ယဲ့ယီ ထိုသို့သာ ပြောလိုက်ရသော်လည်း အကယ်၍ သွမ့်ဟွေကျိုကသာ သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်အတွက် နန်ချင်ဝမ်နှင့် အသေအလဲ တိုက်ပွဲဝင်လာပါက ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။
ယဲ့ယီ ဆက်လက်၍ ဖျောင်းဖျလေသည်။
“အစ်မ သန်မာနေမှ ဖြစ်မယ်။ အကယ်၍ အစ်မ တစ်ခုခုဖြစ်သွားရင် ကျားကျား ဘယ်လိုလုပ်မလဲ”
နန်ချင်ဝမ်သည် စိတ်လိုက်မာန်ပါဖြင့် တစ်ခုခု လုပ်သွားမည်ကို သူမ စိုးရိမ်မိသည်။ မူရင်းဇာတ်လမ်းထဲတွင် နန်ချင်ဝမ်သည် စိတ်ဓာတ်ကျခြင်းကြောင့် နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။
ယဲ့ယီ၏ စိုးရိမ်မှုမှာ အကျိုးသင့် အကြောင်းသင့် ရှိပေသည်။ နန်ချင်ဝမ်သည် သင်တုန်းဓားဖြင့် သူမ လက်ကောက်ဝတ်ကို လှီးဖြတ်နေပြီ ဖြစ်သော်လည်း ယဲ့ယီ၏ စကားကို ကြားလိုက်ရချိန်တွင် သူမ၏ မသိစိတ်က လှုပ်ရှားမှုများကို ရပ်တန့်လိုက်မိသည်။
‘ဟုတ်သားပဲ တကယ်လို့ သူ မရှိတော့ရင် ကျားကျား ဘာဖြစ်သွားမှာလဲ’
‘တကယ်လို့ သူ မရှိတော့တဲ့ အခါ ကျားကျား အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ’
သွမ့်ဟွေကျိုသည် ကျားကျားကို ကောင်းကောင်း စောင့်ရှောက်မည် မဟုတ်သည်မှာ သေချာသည်။
သွမ့်ကျားကျား၏ ဖောင်းအိနေသော မျက်နှာလေးကို တွေးမိကာ နန်ချင်ဝမ် နောက်ဆုံးတွင် လက်ထဲမှ သင်တုန်းဓားကို ချလိုက်တော့သည်။
နန်ချင်ဝမ် ဘက်မှ ခဏမျှ အသံတိတ်သွားသဖြင့် ယဲ့ယီမှာ စိုးရိမ်တကြီး ဖြစ်သွား၏။
“အစ်မချင်ဝမ်၊ ကျွန်မ ပြောနေတာကို နားထောင်နေသေးရဲ့လား”
နန်ချင်ဝမ် တိုးညင်းစွာ ပြန်ထူးလိုက်သည်။
နန်ချင်ဝမ် ရှိနေသေးကြောင်း ကြားလိုက်ရမှ ယဲ့ယီ၏ စိတ်မှာ အနည်းငယ် အေးချမ်းသွားခဲ့သည်။
“ဒီရက်ပိုင်း အစ်မ ကောင်းကောင်း အနားယူလိုက်ပါဦး။ ရှေ့နေ ရှာတွေ့တာနဲ့ ကျွန်မ ချက်ချင်း အကြောင်းကြားပါ့မယ်”
ဖုန်းချပြီးနောက် ယဲ့ယီ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ရုပ်ရှင်အဖွဲ့သားများအတွက် ကိစ္စရပ်များကို စတင် ကိုင်တွယ်တော့သည်။
သူမသည် ခေါင်းဆောင်မင်းသမီး၏ မွေးစားဖခင် ပါဝင်သည့် ဇာတ်ဝင်ခန်း အချို့ကို ထုတ်လွှင့်ပြသရန် စီစဉ်လိုက်သည်။
ယင်းတို့မှာ သရုပ်ဆောင်မှု အရည်အချင်း အလွန်မြင့်မားသည့် အခန်းများဖြစ်ပြီး ထိုဇာတ်ဝင်ခန်းများကို ကြည့်ပြီးနောက် ကျီချန်ဖန်သည် ရုပ်ရှင်အင်ပါယာ မင်းသားဘွဲ့ဖြင့် အမှန်တကယ် ထိုက်တန်ကြောင်း အထင်အရှား သိသွားပေလိမ့်မည်။
ထုတ်လွှင့်လိုက်သည့် ဗီဒီယိုများသည် ဤရုပ်ရှင်မှာ အမှန်တကယ်ပင် သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ကြောင်း အထင်အရှား ပြသနိုင်ခဲ့သဖြင့် ယခင်က ဖြစ်ပွားခဲ့သော အငြင်းပွားမှုများကို ဖိနှိပ်နိုင်ခဲ့၏။
လူတိုင်းနီးပါးက နောက်ဆုံးဗီလိန်ကြီးမှာ ခေါင်းဆောင်မင်းသမီး၏ မွေးစားဖခင် ဖြစ်လိမ့်မည်ဟု ယုံကြည်သွားကြသည်။
ယဲ့ယီသည် ခေါင်းဆောင်မင်းသမီး၏ ကြင်နာချင်ယောင်ဆောင်သည့် အခန်းများကိုသာ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြခဲ့ရာ ထိုဗီဒီယိုများတွင် ခေါင်းဆောင်မင်းသမီးမှာ အလွန်ကြင်နာတတ်ပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရသည်။
ဤဗီဒီယိုများ ထွက်လာပြီးနောက် ပြန်လည်မျှဝေမှု အကြိမ်ရေမှာ တစ်သောင်းကျော်အထိ လျင်မြန်စွာ ရောက်ရှိသွားပြီး သွမ့်ဟွေကျိုနှင့် နန်ချင်ဝမ်တို့၏ ကွာရှင်းမှု သတင်းများကို ဖုံးလွှမ်းသွားခဲ့သည်။
လန်ရွှယ်သည် ယဲ့ယီ အဖွဲ့မှ ထုတ်လွှင့်သည့် ဗီဒီယိုကို မြင်သောအခါ ချက်ချင်းပင် အင်တာနက် အဖျက်သမားများကို ငှားရမ်း၍ ယဲ့ယီအား အပုပ်ချခိုင်းတော့သည်။
ယဲ့ယီသည် သရုပ်ဆောင်မှု အရည်အချင်း လုံးဝမရှိ၊ အရံဇာတ်ဆောင် နေရာတွင်သာ သရုပ်ဆောင်သင့်ကြောင်း၊ ရုပ်ရှင်တစ်ခုလုံးမှာ ကျီချန်ဖန်၏ သရုပ်ဆောင်မှုဖြင့်သာ ဆက်လက် ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း ဝေဖန်ခိုင်းခဲ့သည်။
လန်ရွှယ် အကြံမှာ အင်တာနက် အသုံးပြုသူများ အနေဖြင့် ယဲ့ယီ၏ ထုတ်လုပ်ရေးအဖွဲ့အပေါ် ယုံကြည်စိတ်ချမှု မရှိစေရန် ဖြစ်သည်။ သို့သော် သူမသည် ကျီချန်ဖန် ပရိသတ်များ၏ အင်အားကို လျှော့တွက်မိသွားခဲ့သည်။
ကျီချန်ဖန်၏ပရိသတ်များသည် ကျီချန်ဖန်ကို လူမှုကွန်ရက်၏ ရေပန်းအစားဆုံး ခေါင်းစဉ်များထဲသို့ ရောက်ရှိအောင် ပြုလုပ်လိုက်ကြ၏။ထို့အပြင် ရုပ်ရှင်ရုံတင်သည်နှင့် သေချာပေါက် သွားရောက်ကြည့်ရှုကြမည်ဖြစ်ကြောင်း ကြေညာကြတော့သည်။
ထိပ်တန်းပရိသတ် အချို့ဆိုလျှင် ဤရုပ်ရှင်၏ ကြည့်ရှုနှုန်း မြင့်တက်စေရန် ရုပ်ရှင်ရုံများကိုပင် လက်မှတ်အပြတ် ဝယ်ယူပြီး အားပေးကြမည်ဟု ဆိုကြ၏။
သာမန်လူများမှာမူ ကျီချန်ဖန်၏ သရုပ်ဆောင်မှုကို မြင်ပြီးနောက် ရုပ်ရှင်ကို ပိုမို မျှော်လင့်လာကြသည်။ ယဲ့ယီနှင့် ပတ်သက်၍မူ အင်တာနက် အသုံးပြုသူများ၏ အမြင်မှာ သူမသည် လှပသော မျက်နှာလေး ရှိသူဖြစ်ပြီး ကြည့်ရသည်မှာ မျက်စိအေးသဖြင့် ရုပ်ရှင်မင်းသားကြီး၏ ဘေးတွင် အရံအဖြစ် ရှိနေခြင်းမှာလည်း မဆိုးလှကြောင်း ယူဆကြ၏။
လန်ရွှယ်သည် အင်တာနက် အဖျက်သမားများစွာကို ပိုက်ဆံပေး၍ ခက်ခဲစွာ စီစဉ်ခဲ့သော်လည်း မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ချေ။ အကျိုးမရှိရုံသာမက ယဲ့ယီတို့၏ ရုပ်ရှင်အတွက် နောက်ထပ် ကြော်ငြာလှိုင်းတစ်ခု ဖြစ်စေခဲ့သည်။
အကြိမ်ကြိမ် ရေပန်းစားလာခြင်းကြောင့် ရုပ်ရှင်မှာ မပြသရသေးသော်လည်း လူတိုင်းနီးပါး သိရှိသွားကြကာ ကျော်ကြားမှုမှာ ထိပ်တန်းသို့ ရောက်ရှိသွားတော့သည်။
ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လန်ရွှယ်၏ ရုပ်ရှင်မှာ ကြော်ငြာခများစွာ အကုန်အကျခံထားသော်လည်း သူတို့သည် ယဲ့ယီနှင့် ပတ်သက်သမျှကိုသာ အကြိမ်ကြိမ် ရေပန်းစားအောင် လုပ်နေမိသဖြင့် သူတို့ကိုယ်တိုင်မှာမူ ရေပန်းမစားတော့ပေ။ တစ်ခါတစ်ရံ ရေပန်းစားတော့မည့် ဆဲဆဲ နောက်တစ်နေ့တွင် ယဲ့ယီ၏ သတင်းများက ကျော်တက်သွားပြန်၏။
အရေးကြီးဆုံးအချက်မှာ ဤအရာအားလုံးကို လန်ရွှယ်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။ သူမသည် ယဲ့ယီအား အပုပ်ချလိုသော်လည်း လက်တွေ့တွင် ယဲ့ယီအတွက် အခမဲ့ ကြော်ငြာများကိုသာ တစ်လျှောက်လုံး လုပ်ပေးနေခဲ့ခြင်း ဖြစ်သည်။
လန်ရွှယ် သတိပြုမိသွားချိန်တွင် ယဲ့ယီ၏ ရုပ်ရှင်မှာ အောင်မြင်ကျော်ကြားနေခဲ့ပြီပင်။