အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃)
ငါတို့က အလျှော့ပေးမဲ့ လူစားမျိုးမဟုတ်ဘူး
နောက်ရက်အနည်းငယ်အတွင်း ယဲ့ယီ နန်ချင်ဝမ်၏ ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေသည့်အပြင် ရုပ်ရှင်ကိုလည်း ရိုက်ကူးနေရသဖြင့် ပတ်ချာလည်အောင် အလုပ်များနေခဲ့သည်။
စနေ၊ တနင်္ဂနွေ အားလပ်ရက်မှလွဲ၍ ကုရှီချန်းအနေဖြင့် သူမကို လုံးဝ မတွေ့ရတော့ပေ။
သူကိုယ်တိုင် ရိုက်ကွင်းသို့ သွားရောက်ခဲ့သော်လည်း ယဲ့ယီ သူ့ကို ဂရုစိုက်ရန်ပင် အချိန်မရှိရှာပေ။
သုံးလတာ သဘောတူညီချက်တွင် နောက်ဆုံးတစ်လသာ ကျန်တော့၏။ ကုရှီချန်း စိတ်ပျက်အားငယ်နေမိသည်။
နန်ချင်ဝမ် ဘက်တွင်မူ အိမ်ထောင်ရေးရုံးသို့ သွားခဲ့သည့်နေ့မှစ၍ သွမ့်ဟွေကျိုသည် အိမ်ပေါ်မှ ဆင်းသွားခဲ့သည်။
သူသည် ရိုက်ကူးရေးရှိသည့် စနေ၊ တနင်္ဂနွေများတွင်သာ ပြန်လာလေ့ရှိပြီး ပြန်ရောက်လာသည့်အခါတိုင်း နန်ချင်ဝမ်အား စကားလုံးများဖြင့် ရွဲ့စောင်းပြောဆိုကာ နှိပ်စက်နေခဲ့၏။
ရက်အနည်းငယ်အတွင်းမှာပင် နန်ချင်ဝမ်မှာ စိတ်ဆင်းရဲမှုကြောင့် ဆယ်ပေါင်ကျော်မျှ ပိန်ကျသွားရှာသည်။
ယခုအခါ နှစ်ဖက်စလုံးမှ ရိုက်ကူးခဲ့သည့် ဗီဒီယိုဇာတ်လမ်းတိုမှာ တည်းဖြတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
ထုတ်လုပ်ရေးအဖွဲ့ မှ ဗီဒီယိုများကို ထုတ်လွှင့်လိုက်သည်နှင့် အင်တာနက်အသုံးပြုသူ အများအပြားမှာ ပလက်ဖောင်းပေါ်တွင် စောင့်မျှော်နေကြသည်။
ဗီဒီယိုနှစ်ခုစလုံးကို တစ်ချိန်တည်းနီးပါး ထုတ်လွှင့်ခဲ့ခြင်း ဖြစ်၏။
ဗီဒီယိုများ ထွက်လာသည်နှင့် လန်ရွှယ်သည် အင်တာနက်အဖျက်သမားများကို ဆက်သွယ်၍ သူမ၏ဗီဒီယိုကို ကြိုက်နှစ်သက်မှုများစေရန် ခိုင်းစေခဲ့သော်လည်း ထုတ်လုပ်ရေးအဖွဲ့က တရားမျှတမှုရှိစေရန် အကောင့်များကို စနစ်တကျ စစ်ဆေးခဲ့၏။
ထို့ကြောင့် စစ်မှန်သော အရည်အချင်းအပေါ်တွင်သာ မူတည်သွားခဲ့သည်။
သာမန်အချိန်များတွင် ထုတ်လုပ်ရေးအဖွဲ့သည် ဤမျှအထိ တင်းကျပ်မည်မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်တွင် မည်သည့်ဘက်ကိုမျှ မလွန်ဆန်ရဲသောကြောင့် ဖြစ်၏။
ယဲ့ယီသည် လူကြိုက်နည်းသည်ဟု ဆိုသော်လည်း သူမ၏နောက်တွင် ကုရှီချန်း ရှိနေသဖြင့် ထုတ်လုပ်ရေးအဖွဲ့က သူ့ကို လွယ်လွယ်နှင့် မဆန့်ကျင်ရဲပေ။
မည်သည့်ဘက်ကိုမျှ အမျက်မပွားစေလိုသဖြင့် နှစ်ဖက်စလုံးကို မိမိတို့၏ အရည်အချင်းဖြင့်သာ ယှဉ်ပြိုင်ခိုင်းလိုက်ခြင်း ဖြစ်၏။
လန်ရွှယ်အဖွဲ့နှင့် မန်ရှင်းအဖွဲ့တို့ ပါဝင်သည့် ဗီဒီယိုအပိုင်းတို ထွက်လာသည်နှင့် လန်ရွှယ်၏ ပရိသတ်များမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားလေ၏။
“ဒါက ဘာလဲ၊ ငါတို့ရဲ့ ရွှယ်အာက ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင် မဟုတ်ဘူးလား။ အဆိုတော် မန်ရှင်းက ဘာလို့ အဓိက ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်နေရတာလဲ”
“ဒါ သေချာပေါက် နောက်ကွယ်က လုပ်ကြံမှုပဲ။ ငါတို့ ရွှယ်အာရဲ့ အဖွဲ့သားတွေကို ကြော်ငြာပေးရမဲ့အစား ဘယ်လိုအကြောင်းပြချက်နဲ့ အဆိုတော် မန်ရှင်းကို အဓိကဇာတ်ကောင် ပေးလုပ်ရတာလဲ၊ ငါတို့ ရွှယ်အာကမှ တကယ့် သရုပ်ဆောင်စစ်စစ်လေ၊ ဟုတ်တယ်မလား”
“ဟုတ်ပ၊ ဟုတ်ပ။ ငါတို့ကို ဖြေရှင်းချက်ပေးရမယ်။ ငါတို့ ရွှယ်အာက မတရား အစော်ကားခံနေရတာပဲ။ ဗီဒီယိုအတိုလေးပဲ ဆိုပေမယ့် လူတွေကို ဒီလိုမျိုးတော့ အနိုင်မကျင့်သင့်ဘူး”
“အဓိကမင်းသားက စီအီးအိုချန် ဖြစ်နေပြီးတော့ မင်းသမီးက မန်ရှင်း ဖြစ်နေတာလား။ ထုတ်လုပ်ရေးအဖွဲ့ကတော့ အတော်လေး ပြဿနာရှာတတ်တာပဲ”
“မန်ရှင်းက အဓိက မင်းသမီး လုပ်ဖို့ အရည်အချင်းရော ရှိလို့လား၊ ရယ်စရာတွေ လျှောက်မလုပ်ကြပါနဲ့”
“ငါတို့ရဲ့ ရှင်းရှင်းကလည်း တကယ် ထူးချွန်ပါတယ်နော်၊ ဟုတ်ပြီလား .. ဗီဒီယိုတောင် ထွက်လာမှတော့ သူတို့ နှစ်ဦးနှစ်ဖက် သဘောတူထားလို့ပေါ့”
“ဟုတ်တယ်။ ဗီဒီယိုအတိုလေး တစ်ခုအတွက်နဲ့ ဒီလောက်အထိ အသေအလဲ တိုက်ခိုက်နေဖို့ လိုလို့လား..လန်ရွှယ်ရဲ့ ပရိသတ်တွေက တကယ် သဘောထားသေးတာပဲ”
“အဲ့ဒီတော့ မင်းပြောချင်တာက မင်းရဲ့ခင်ပွန်းကတော့ တခြားလူနဲ့ တွဲပြီး မင်းက ဘေးကနေ အရံလုပ်ရရင်တောင် ပျော်နေမှာပေါ့ ဟုတ်လား၊ နောက်ပြီး မန်ရှင်းက သရုပ်ဆောင်တောင် မဟုတ်ဘူး”
နှစ်ဖက်ပရိသတ်များသည် မှတ်ချက်ကဏ္ဍတွင် အွန်လိုင်းစစ်ပွဲတစ်ခုအလား အပြန်အလှန် အငြင်းပွားနေကြသည်။
သို့သော် မန်ရှင်း၏ ပရိသတ်များမှာ လန်ရွှယ်၏ ပရိသတ်များကို မယှဉ်နိုင်သောကြောင့်နောက်ဆုံးတွင် လန်ရွှယ် ဘက်က အနိုင်ရသွားလေ၏။
လန်ရွှယ်၏ ပရိသတ်များ အနိုင်ရပြီးနောက်တွင် မန်ရှင်းကို နည်းမျိုးစုံဖြင့် ပုပ်ခတ်စော်ကားကြတော့သည်။
ထိုအရာကို ဒေါသထွက်သွားသည့် မန်ရှင်း၏ ပရိသတ်များမှာ ကြိုက်နှစ်သက်မှုပေးထားသည်များကို တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။
လန်ရွှယ်နှင့် မန်ရှင်းတို့က ဤဇာတ်ကောင်နေရာများကို သူတို့အချင်းချင်း ညှိနှိုင်းထားခြင်းဖြစ်ကြောင်းနှင့် ပရိသတ်များ သဟဇာတဖြစ်ကြရန် လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသော်လည်း အမျက်ဒေါသ ဖုံးလွှမ်းနေသည့် ပရိသတ်များမှာမူ တစ်ဦးနှင့်တစ်ဦး လည်ပင်းညှစ်ရန်သာ ပြင်နေကြတော့သည်။
မန်ရှင်း၏ ပရိသတ်များမှာလည်း အလျှော့ပေးမည့်သူများ မဟုတ်ပေ။
သူတို့သည် လန်ရွှယ်၏ ပရိသတ်များကို မကျော်လွန်နိုင်သော်လည်း ရှုံးနိမ့်မှုကို လက်မခံဘဲ လန်ရွှယ်၏ အရှုပ်တော်ပုံများကို စတင်ဖော်ထုတ်ကြတော့သည်။
လန်ရွှယ်၏ ပရိသတ်များကလည်း မန်ရှင်း၏ အားနည်းချက်များကို ပြန်လည် တူးဆွကြပြန်၏။
တစ်ခဏချင်းမှာပင် နှစ်ယောက်လုံး၏ အတင်းအဖျင်းနှင့် အရှုပ်ထုတ်များမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
ကံဆိုးစွာပင် သူတို့နှစ်ဦးလုံးမှာ ‘ဟိုင်ထျန်ဖျော်ဖြေရေး’ မှ ဖြစ်ကြသဖြင့် ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးဌာနမှာ ဆဲဆိုရင်းဖြင့် အလုပ်ရှုပ်နေရတော့သည်။
ပြည်သူ့ဆက်ဆံရေးဌာန တစ်ခုလုံး ညလုံးပေါက် အချိန်ပိုဆင်းပြီးနောက်မှသာ နှစ်ယောက်လုံး၏ သတင်းဆိုးများကို ဖိနှိပ်နိုင်ခဲ့သည်။
ယဲ့ယီ၏ ဗီဒီယိုတွင် ဇာတ်ကောင်ခွဲဝေမှုအပေါ် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။ သို့သော် လုံးဝမရှိသည်တော့ မဟုတ်ချေ။
သွမ့်ဟွေကျို၏ ပရိသတ်များမှာ သူတို့၏ အိုင်ဒေါက ကုတင်ပေါ်တွင် အမြဲလဲနေရသည့် အဖိုးကြီးနှင့် နှလုံးသားမရှိသော ယောက်ျားအဖြစ် သရုပ်ဆောင်ရခြင်းအပေါ် အလွန်မကျေမနပ် ဖြစ်နေကြသည်။
သို့သော် အခြား အင်တာနက်အသုံးပြုသူများက စကားတစ်ခွန်းတည်းဖြင့် သူတို့၏ပါးစပ်ကို ပိတ်လိုက်နိုင်၏။
“မင်းတို့ရဲ့ အိုင်ဒေါက စီအီးအိုကု နဲ့ ယှဉ်စရာ ဘာရှိလို့လဲ”
ထိုစကားမှာ ရင်ဝကို တည့်တည့်မှန်သွားသော ဓားတစ်စင်းကဲ့သို့ပင်။
ဘာယှဉ်စရာရှိသနည်း။
ရုပ်ရည်ချင်း ယှဉ်ရမည်ဆိုတောင် ကုရှီချန်း၏ ရုပ်ရည်မှာ အနုပညာလောကရှိ မင်းသားအားလုံးထက် အပြတ်အသတ် သာလွန်နေပြန်၏။
ချမ်းသာကြွယ်ဝမှုတွင်လည်း လခစား ဝန်ထမ်းတစ်ယောက်က သူဌေးတစ်ယောက်ကို မည်သို့ယှဉ်နိုင်မည်နည်း။
အရည်အချင်းအရ ယှဉ်ပြိုင်မည်ဆိုလည်း ကုရှီချန်းသည် ပိုက်ဆံရှာတတ်သည့် အရည်အချင်းသာ ရှိသည်မဟုတ်။
ဘာမှ ယှဉ်စရာမရှိသဖြင့် သူတို့မှာ ပါးစပ်ပိတ်နေရုံသာ ရှိတော့သည်။
သို့သော်လည်း လူအများအပြားမှာ ယဲ့ယီ၏ သရုပ်ဆောင် အရည်အချင်းကြောင့် အံ့အားသင့်သွားကြသည်။
ယခင်က ယဲ့ယီသည် လန်ရွှယ်၏ ဇာတ်ကောင်ကို လိုက်တုသည့် အခန်းမှာ အလွန်ကောင်းမွန်ခဲ့သော်လည်း ထိုစဉ်က လူတိုင်းသည် ယဲ့ယီ၏ ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီစဉ်မှု ဆိုကာ သူမ၏ သရုပ်ဆောင်မှုကို သံသယဝင်ခဲ့ကြသည်။
သို့သော် ယခုဗီဒီယိုအတိုတွင် ယဲ့ယီသည် ဇာတ်လမ်းကို သူမကိုယ်တိုင် စဉ်းစားပြီးမှ ရိုက်ကူးခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။
ရိုက်ကူးရေး လုပ်ငန်းစဉ်ကို မမြင်ရသော်လည်း ဤတစ်ချက်ကတော့ သေချာ၏။ ယင်းမှာ ကြိုတင်စီစဉ်ထားသည့် လှည့်ကွက် မဟုတ်ပေ။
ယဲ့ယီသည် ဤဗီဒီယိုကို ရိုက်ကူးရမည်ဟု ကြိုသိနေခဲ့ပါကလည်း သူမ ရိုက်ကူးခဲ့သည့် ဇာတ်လမ်းမှာ အသစ်စက်စက် ဖြစ်သဖြင့် မည်သူ့ကိုမျှ လိုက်တုထားခြင်း မရှိပေ။
သူမအနေဖြင့် သီးသန့် လေ့ကျင့်ထားခဲ့လျှင်ပင် ယင်းမှာ သူမ၏ စစ်မှန်သော သရုပ်ဆောင် အရည်အချင်းသာ ဖြစ်ပေလိမ့်မည်။
ရုတ်ချည်းဆိုသလို အင်တာနက်အသုံးပြုသူ အမြောက်အမြားမှာ ယဲ့ယီအပေါ် ထင်မြင်မှုများ ပြောင်းလဲလာကြ၏။ ယခင်က ယဲ့ယီကို ရုပ်လေးလှပြီး သရုပ်မဆောင်တတ်သူအဖြစ် သတ်မှတ်ထားကြသောကြောင့် ဒါရိုက်တာများကလည်း သူမကို သရုပ်ဆောင်ရန် မငှားရဲကြဘဲ သရုပ်ဆောင်ရန် မလိုသည့် အလှပန်းအိုးလေးကဲ့သို့ အရံနေရာများတွင်သာ ထားလေ့ရှိသည်။
သို့သော် ယခု ယဲ့ယီသည် အရည်အချင်း ရှိပြီး သူမ၏ ရူပကာနှင့် ပေါင်းလိုက်လျှင်ဖြင့် သရုပ်ဆောင်နိုင်သည့် နယ်ပယ်မှာ အလွန်ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်၏။
ဤခေတ်သည် ရုပ်အရည်အသွေးကိုသာ ကြည့်ရှုသည့် ခေတ်ဖြစ်သည်။ လူတို့သည် လှပသော အရာများကိုသာ နှစ်သက်ကြသည်။
ယခင်က ယဲ့ယီ အပုပ်ချခံရစဉ်ကပင် သူမကို လက်မလွှတ်ခဲ့သည့် ရုပ်ရည်ကြည့် ပရိသတ်များ ရှိခဲ့ဖူး၏။
ယခုတွင် သူမသည် အလှအပတင်မကဘဲ အရည်အချင်းပါ ရှိလာပြီဖြစ်ရာ ကြီးမားသော အကျိုးသက်ရောက်များ ရရှိလာပေတော့မည်။
ယဲ့ယီသည် ရှာဖွေမှုရလဒ်များတွင် ထပ်ခါတလဲလဲ ရေပန်းစားလာခဲ့သည်။
ယခင်က သူမ၏ မကောင်းသတင်းဖြင့် ရေပန်းစားခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကောင်းသတင်းများဖြင့် ချီးမွမ်းခံနေရသည်။
အပြစ်ရှာလိုသူ အချို့ရှိနေသေးသော်လည်း ယေဘုယျအားဖြင့် မှတ်ချက်အများစုမှာ ကောင်းမွန်နေ၏။
မရေတွက်နိုင်သော လူအပေါင်းတို့သည် ယဲ့ယီ၏ ဗွီဒီယိုတိုကို မျှော်လင့်လာကြသည်။
ယဲ့ယီနှင့် သူမ၏အဖွဲ့ ရိုက်ကူးထားသော ဇာတ်လမ်း သည် ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်ပြီး ပြေပြစ်လှသည်။
ကုရှီချန်းနှင့် နန်ချင်ဝမ်တို့မှာ သရုပ်ဆောင်များ မဟုတ်ကြသော်လည်း အဓိကဇာတ်ဆောင် ဖြစ်သူ ယဲ့ယီက ဗီဒီယိုတစ်ခုလုံးကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့၏။
ရလဒ်သည် ဤကဲ့သို့ မျက်စိကျစရာ ဖြစ်နေရသည်မှာ ထုတ်လုပ်ရေးအဖွဲ့၏ တည်းဖြတ်သူကိုလည်း ချီးကျူးရပေလိမ့်မည်။ တည်းဖြတ်မှုမှာ အလွန်ပင် ကောင်းမွန်လှ၏။
လန်ရွှယ် နှင့် သူမ အဖွဲ့သည် ခမ်းနားထည်ဝါသော အပြင်အဆင်တို့ကို အသုံးပြုခဲ့ပါလျက် ချန်ထျန်မင်းနှင့် မန်ရှင်းတို့မှာ သရုပ်ဆောင်များ မဟုတ်ကြသဖြင့် သူတို့၏ သရုပ်ဆောင်မှုမှာ ကျွမ်းကျင်သရုပ်ဆောင်များကို မယှဉ်နိုင်ခဲ့ပေ။
တစ်ဦးတည်းသော သရုပ်ဆောင်ဖြစ်သည့် လန်ရွှယ်ကလည်း အရံနေရာတွင်သာ ပါဝင်ခဲ့ရ၏။
တည်းဖြတ်သူ အနေဖြင့် မည်မျှပင် ကြိုးစားပါစေ ဇာတ်ညွှန်းဇာတ်အိမ်မှာ မဆိုးလှသော်လည်း သရုပ်ဆောင်နှစ်ဦး၏ သရုပ်ဆောင်မှုက အားနည်းလွန်းလှသဖြင့် ဇာတ်လမ်းကို ဆွဲချရာရောက်သွားသည်။
နောက်ဆုံးတွင် ယဲ့ယီတို့အဖွဲ့၏ ဗီဒီယို ကြိုက်နှစ်သက်မှု နှင့် မျှဝေမှုအရေအတွက်မှာ လန်ရွှယ်တို့အဖွဲ့ထက် နှစ်ဆတိတိ ပိုများသွားကာ အပြတ်အသတ် အနိုင်ရရှိသွားတော့သည်။
လန်ရွှယ်သည် ရလဒ်ကို သိလိုက်ရချိန်တွင် ရိုက်ကွင်းရှိ ပြင်ဆင်ခန်းထဲ၌ မိတ်ကပ်လိမ်းနေချိန် ဖြစ်သည်။
သူမသည် စားပွဲပေါ်ရှိ မိတ်ကပ်ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး လွှင့်ပစ်လိုက်တော့၏။
“ဒီကောင်မ မန်ရှင်း၊ သူသာ ငါနဲ့ အဓိကဇာတ်ကောင်နေရာအတွက် မပြိုင်ခဲ့ရင် ငါ ယဲ့ယီကို ရှုံးမှာမဟုတ်ဘူး။ အစကတော့ ငါ နင့်ကို သိပ်ပြီး ရန်မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ နင်က ငါ့ကို ထပ်ခါတလဲလဲ ပြဿနာပေးနေမှတော့ ငါ လန်ရွှယ်ဆိုတဲ့ မိန်းမကို အနိုင်ကျင့်လို့ မရဘူးဆိုတာ သိသွားစေရမယ်”
လန်ရွှယ်သည် လျုံရုံကို ခေါ်ကာ သူမ နား နားတွင် စကားအချို့ တီးတိုးပြောလိုက်သည်။
ပြောစကားများကို ကြားပြီးနောက် လျုံရုံမှာ ထိတ်လန့်သွားပြီး တွေဝေစွာဖြင့် မေးလိုက်၏။
“ဒါ သိပ်မကောင်းဘူး ထင်တယ်။ အစ်မတို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ”
လန်ရွှယ် စူးစူးရဲရဲဖြင့် စိုက်ကြည့်လိုက်သည်။
“ဘာကို ကြောက်နေတာလဲ၊ ကျွန်မပြောသလို လုပ်ရင် အဖမ်းခံရဖို့ မဖြစ်နိုင်ဘူး”
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လျုံရုံသည် အံကြိတ်ကာ ခေါင်းညိတ်လိုက်ပြီး လူတစ်ယောက်ကို ဆက်သွယ်ရန် ထွက်သွားလေတော့သည်။
လန်ရွှယ်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ရှိနေခဲ့သည်။
သူမ လန်ရွှယ်သည် ယနေ့လို နေရာမျိုး ရောက်လာရန်အတွက် ချန်ထျန်မင်း တစ်ဦးတည်းကိုသာ အားကိုးခဲ့သည် မဟုတ်ပေ။
အခန်း (၇၄)
သမီးလေးကို အပင်ပန်းမခံခိုင်း နိုင်ဘူး
“ကြယ်ပွင့်မိသားစု” အစီအစဉ်သစ် စတင်ရိုက်ကူးပြန်လေသည်။ ယခုတစ်ခေါက်တွင်လည်း ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်တော်များကို နေရာချင်း လဲလှယ်ကာ ရှုတင်သို့ သွားရောက်လည်ပတ်စေသည့် နည်းလမ်းဟောင်းကိုပင် ထပ်မံသုံးစွဲလာပြန်သည်။
မန်ရှင်းနှင့် သူမ သမီးဖြစ်သူမှာ ယဲ့ယီ၏ ရိုက်ကူးရေးအဖွဲ့ထံသို့ သွားရောက်လည်ပတ်ကြပြီး နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုတို့ကမူ သွမ့်ကျားကျားကို ခေါ်ဆောင်ကာ လန်ရွှယ်၏ ရိုက်ကူးရေးအဖွဲ့ထံသို့ သွားရောက်ခဲ့ကြ၏။
ဤကဲ့သို့ ထုတ်လုပ်ရေးအဖွဲ့၏ အစီအစဉ်သစ်ကြောင့် ပရိသတ်များမှာလည်း သူတို့၏ လုပ်ရပ်များကို အံ့အားသင့်ကာ ဝေဖန်နေကြတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် ကြည့်ရှုသူဦးရေမှာ ရုတ်ချည်း တိုးလာခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ လန်ရွှယ်၏ တိုက်ရိုက် ထုတ်လွှင့်မှုက ပို၍ ကြည့်ရှုသူများပြားနေသည်။ လူတိုင်းမှာ ကွာရှင်းတော့မည်ဖြစ်သော သွမ့်ဟွေကျိုနှင့် နန်ချင်ဝမ်တို့ ဇနီးမောင်နှံနှစ်ဦး မည်သို့ဆက်ဆံကြမည်ကို သိလိုသောကြောင့် စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
ယနေ့တွင် နန်ချင်ဝမ်သည် ပုံမှန်နှင့်မတူဘဲ အလှအပကို သေချာပြင်ဆင်ထားသော်လည်း သူမ၏ ပင်ပန်းနွမ်းနယ်နေသော အမူအရာကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
တခြားတစ်ဖက်တွင်မူ သွမ့်ဟွေကျိုသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ပြုမူနေလေ၏။ သူသည် သမီးဖြစ်သူ သွမ့်ကျားကျားကို အလွန် ချစ်မြတ်နိုးသည့်ပုံစံဖြင့် ကင်မရာရှေ့တွင် ဟန်ဆောင်ပြနေ၏။ အိမ်ကထွက်လာကတည်းက သူသည် သမီးဖြစ်သူကို တစ်ချိန်လုံး ချီပိုးထားခဲ့သည်။
သွမ့်ကျားကျားသည်လည်း မိဘနှစ်ဦးကြားက ဆက်ဆံရေးမှာ ထူးဆန်းနေသည်ကို သတိထားမိပြီး သွမ့်ဟွေကျို၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေမိသည်။
သို့သော် သွမ့်ဟွေကျိုက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ပုံမှန်မဟုတ်သော နူးညံ့သည့်လေသံဖြင့် ဆိုလေသည်။
“လိမ္မာပါတယ် ကျားကျားလေးရဲ့၊ မေမေက နေမကောင်းဘူးလေ၊ အဲဒါကြောင့် ဖေဖေကပဲ ချီပါရစေနော်၊ ဟုတ်ပြီလား”
သွမ့်ကျားကျားသည် နန်ချင်ဝမ်ကို စိုးရိမ်တကြီး ကြည့်လိုက်ရာ နန်ချင်ဝမ်က ပြုံးပြလိုက်သည်။
“မေမေ ဘာမှမဖြစ်ပါဘူး”
ထိုအခါမှ ကျားကျားလေးသည် သွမ့်ဟွေကျိုကို တစ်ချက်ကြည့်ကာ အလိုက်သင့်လေး ငြိမ်နေလိုက်တော့သည်။
ကားပေါ်ရောက်ပြီး ကင်မရာသမားများ မရှိတော့သည့်အချိန်တွင် သွမ့်ဟွေကျို နန်ချင်ဝမ်ကို ခြိမ်းခြောက်လေတော့၏။
“မင်း ဒီနေ့ ငါ့လုပ်တဲ့အတိုင်း အလိုက်သင့်နေ၊မဟုတ်ရင် ကျားကျားကို မင်း ဘယ်တော့မှ ထပ်တွေ့ လို့မရအောင် ငါလုပ်ပစ်မယ်”
ရုံးသို့ သွားခဲ့သည့်နေ့ကစ၍ သွမ့်ဟွေကျိုသည် ယခင်က ခံစားခဲ့ရသော အပြစ်ရှိစိတ်များ မရှိတော့ချေ။ သူသည် နန်ချင်ဝမ်ကို နှစ်ပေါင်းများစွာ ကောင်းမွန်သော ဘဝတစ်ခုကို ပေးထားခဲ့ပြီးဖြစ်၍ လုံလောက်ပြီဟု တွက်ဆထားသည်။
ယခုအခါတွင်မူ နန်ချင်ဝမ်သည် သူနှင့် လန်ရွှယ်တို့ကြားတွင် အတားအဆီး တစ်ခု ဖြစ်သည်ဟု မြင်နေလေသည်။ မည်သို့ပင်ဖြစ်စေ အနှေးနှင့် အမြန် ကွာရှင်းကြရမည်ဖြစ်ရာ အစကတည်းက အဘယ်ကြောင့် သူမ သဘောမတူခဲ့ရသနည်းဟု တွေးနေမိ၏။ နန်ချင်ဝမ်သည် သူ့ဘဝကို တမင် ဒုက္ခပေးခဲ့သည်ဟု ထင်မြင်ကာ ပို၍ပင် ရွံရှာမုန်းတီးလာတော့သည်။
သွမ့်ကျားကျားလေးသည် သူမ မိဘများကြားတွင် ဘာတွေဖြစ်ပျက်နေသည်ကို အတိအကျ မသိသော်လည်း အဖေဖြစ်သူက အမေဖြစ်သူနှင့် ပေးတွေ့မည်မဟုတ်ကြောင်း ပြောလာသဖြင့် သူမသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး နန်ချင်ဝမ်ကို ပြေးဖက်ကာ ငိုယိုလေတော့သည်။
“ကျားကျား မေမေနဲ့ မခွဲချင်ဘူး”
မိမိကို အားကိုးတကြီး ဖက်ထားသည့် သမီးငယ်လေးကို ကြည့်ရင်း နန်ချင်ဝမ် မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာခဲ့သည်။ သူမသည် သွမ့်ဟွေကျိုကို ကြည့်ကာ မေးလိုက်၏။
“ရှင် ဘာလို့ ကျားကျားကို ကျွန်မဆီက လုယူဖို့ ဒီလောက်တောင် အတင်းအကျပ် လုပ်နေရတာလဲ”
သွမ့်ဟွေကျို နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်၏။
“သူက ငါ့သမီးပဲလေ မင်းမေ့နေပြီလား။ ငါ့နားမှာနေမှ သူ့ဘဝက ပိုပြီး ကောင်းမွန်မှာ”
သွမ့်ကျားကျားသည် ကလေးငယ်တစ်ဦး ဖြစ်သော်လည်း အရာရာကို မသိနားမလည်သူ မဟုတ်ပေ။ သူမ မိဘများ ကွာရှင်းတော့မည်ဟူသော စကားကို ယခင်က ကြားဖူးခဲ့သော်လည်း နောက်ပိုင်းတွင် အဖေဖြစ်သူက သူမအပေါ် အလွန်ကောင်းမွန်နေခဲ့သဖြင့် ဟာသလုပ်နေသည်ဟုသာ သူမ ထင်မှတ်ခဲ့၏။
နောင်တွင် မိဘနှစ်ပါးလုံးနှင့် အတူတူ မနေရတော့မှန်း တွေးမိပြီး ကျားကျားလေးသည် အော်ငိုလေတော့သည်။
“ကျားကျား မေမေနဲ့ ဖေဖေကို မကွာရှင်းစေချင်ဘူး။ ဝူးးး”
သမီးဖြစ်သူ၏ ငိုကြွေးသံကို ကြားရသော်လည်း သွမ့်ဟွေကျိုမှာ သနားစိတ်မရှိဘဲ စိတ်အနှောင့်အယှက်သာ ဖြစ်သွားလေ၏။
“ဘာလို့ ငိုနေတာလဲ။ ငါနဲ့အတူ နေရရင် ကောင်းကောင်းနေ ကောင်းကောင်းစားရမယ် ဘဝနေ အဆင့်အတန်းက အရင်ထက်တောင် ပိုကောင်းလာဦးမှာ”
ကျားကျားကို ငေါက်ငမ်းလိုက်သည်။
“ဘဝ အဆင့်အတန်း” ဆိုသည်မှာ ဘာကိုဆိုလိုမှန်း ကျားကျားမသိချေ။ မေမေနှင့် မခွဲနိုင်သည်ကိုသာ သိသောကြောင့် နန်ချင်ဝမ်ကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်သည်။
နန်ချင်ဝမ်၏ ရင်ထဲတွင် အလွန် စိတ်မကောင်းဖြစ်သွားသည်။ သူမသည် သွမ့်ဟွေကျိုကို နှိမ့်ချစွာ တောင်းပန်လိုက်၏။
“ကျွန်မတို့ အတူတူရှိခဲ့တဲ့ နှစ်တွေကို ထောက်ထားပြီး ကျားကျားလေးကို ကျွန်မကိုပဲ ပေးပါနော်၊ ဟုတ်ပြီလား။ ကျွန်မ ဘာပစ္စည်းမှ မယူဘဲ ထွက်သွားပါ့မယ်။ ကျားကျားလေးကိုပဲ ပေးပါ”
ယခင်ကဆိုလျှင် သွမ့်ဟွေကျိုသည် သဘောတူကောင်း တူနိုင်သော်လည်း ရုံးသို့ သွားခဲ့သည့်ညက သူသည် လန်ရွှယ်နှင့် ဖုန်းပြောခဲ့၏။ လန်ရွှယ်က သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်ကို မရရအောင် ယူရမည်ဖြစ်ကြောင်း ပြီးနောက် ကျားကျားကို ဟိုင်ထျန်ဖျော်ဖြေရေး နှင့် စာချုပ်ချုပ်စေရမည်ဟု သူ့ကို တိုက်တွန်းခဲ့သည်။
ဟိုင်ထျန်ဖျော်ဖြေရေး၏ အရင်းအမြစ်များနှင့် သူမ၏ အဆက်အသွယ်များဖြင့် သွမ့်ကျားကျားကို နာမည်ကြီး ကြယ်ပွင့်လေးတစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်သည်ဟု ဆိုလေသည်။ နန်ချင်ဝမ်ကို ခွဲပေးရမည့် ပိုင်ဆိုင်မှုများအားလုံးကိုလည်း သွမ့်ကျားကျားက နောင်တွင် ပြန်လည်ရှာဖွေပေးနိုင်လိမ့်မည်ဟု လှည့်ဖြား ပြောဆိုခဲ့သည်။
“မင်း ရသင့်ရထိုက်တဲ့ ပိုင်ဆိုင်မှုတွေကိုငါ တစ်ပြားမကျန်ပေးမယ်။ ကျားကျားရဲ့ အုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့တော့ ဘယ်သူ့မှာ ပိုပြီး အရည်အချင်းရှိမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
သွမ့်ဟွေကျိုက ပြောလိုက်သည်။
သွမ့်ဟွေကျို၏ စကားသည် နန်ချင်ဝမ်၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ပင် ခံစားလိုက်ရပြီး သမီးလေးကို ပို၍ပင် တင်းတင်းကြပ်ကြပ် ဖက်ထားမိတော့သည်။
သူမ အသက်နှင့် လဲရလျှင်ပင် သမီးလေးကို သူမဆီက ထွက်သွားခွင့် မပြုနိုင်ချေ။
သူတို့ သုံးဦး ရိုက်ကွင်းသို့ ရောက်ရှိလာသောအခါ လန်ရွှယ် ချန်ထျန်မင်းနှင့် ချန်ဟောင်ယုတို့က အပြင်တွင် စောင့်ကြိုနေကြ၏။
သွမ့်ဟွေကျိုသည် ကားပေါ်မှ ဆင်းသည်နှင့် သွမ့်ကျားကျားကို ချီလိုက်သော်လည်း ကျားကျားလေးကမူ နန်ချင်ဝမ်ကို သူ့လက်ကလေးဖြင့် တင်းတင်းဆုပ်ကိုင်ထားကာ လွှတ်မပေးချေ။
သွမ့်ဟွေကျိုသည် ကင်မရာမရှိသည့်ဘက်တွင် ကျားကျားကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မှသာ သူမသည် လက်ကို ဝန်လေးစွာ လွှတ်ပေးလိုက်တော့သည်။
လန်ရွှယ်သည် သူမ၏ အပြုံးချိုချိုလေးများဖြင့် ရှေ့သို့တိုးလာပြီး နှုတ်ဆက်လိုက်သည်။
“ဟွေကျို၊ မမချင်ဝမ်နဲ့ ကျားကျားလေးတို့ ရိုက်ကွင်းကနေ ကြိုဆိုပါတယ်”
သူမသည် နန်ချင်ဝမ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။
သွမ့်ဟွေကျို ပြုံးပြီး ပြန်ပြောလိုက်၏။
“ငါတို့တွေက သူငယ်ချင်းတွေပဲလေ၊ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး”
ထို့နောက် သူသည် ချန်ထျန်မင်းကို နှုတ်ဆက်လိုက်သည်။
“ဥက္ကဌချန်၊ မတွေ့ရတာ ကြာပြီနော်”
ချန်ထျန်မင်းက ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။ သူ့မျက်လုံးထဲတွင်မူ သွမ့်ဟွေကျိုသည် လက်အောက်ငယ်သား တစ်ဦးမျှသာဖြစ်ပြီး သူငယ်ချင်းဟု ခေါ်ရန်ပင် မထိုက်တန်ပေ။
သွမ့်ကျားကျားက သွမ့်ဟွေကျို၏ ရင်ခွင်ထဲတွင် ရှိနေသည်ကို မြင်သောအခါ ချန်ဟောင်ယုက တမင် လှောင်ပြောင်လိုက်၏။
“ဝတုတ်မ နင်က ဒီလောက်ကြီးနေပြီကို ဘာလို့ လူကြီးတွေကို ချီခိုင်းနေသေးတာလဲ။ မရှက်ဘူးလား”
သွမ့်ကျားကျား၏ မျက်နှာလေးမှာ နီမြန်းသွားပြီး သွမ့်ဟွေကျို၏ ရင်ခွင်ထဲမှ ဆင်းရန် ရုန်းကန်တော့သည်။
ယခုတစ်ခါတွင်မူ သွမ့်ဟွေကျိုက အတင်းမဖက်ထားတော့ဘဲ သူမကို အောက်သို့ ချပေးလိုက်သည်။
သွမ့်ဟွေကျိုက တမင်တကာ ဟန်ဆောင်ကာ ဆိုလိုက်၏။
“ဒီကလေးမလေးက ကျွန်တော့်ကို အရမ်းကပ်တာလေ၊ တစ်ချိန်လုံး ကျွန်တော့်ကိုပဲ ချီခိုင်းနေတာ”
လန်ရွှယ်က ပြုံးပြလိုက်၏။
“ကလေးဆိုတာ သူတို့အပေါ် ပိုကောင်းတဲ့သူကိုပဲ ပိုကပ်တတ်တာပဲလေ”
ထိုသို့ ဖြည့်စွက်ပြောကြားရင်း နန်ချင်ဝမ်ကို တစ်ချက်ကြည့်ကာ တစ်ခုခုပြောချင်သော်လည်း ထိန်းထားသည့်ပုံစံမျိုး ပြုမူလိုက်သည်။
သွမ့်ဟွေကျို၏ ရင်ခွင်ထဲမှ ဆင်းလာပြီးနောက် သွမ့်ကျားကျားသည် ချန်ဟောင်ယုထံသို့ တန်းသွားကာ သူ့ကို တွန်းပစ်လိုက်၏။
“ငါက ဝတုတ်မ မဟုတ်ဘူး”
တခြားသူများ၏ အနိုင်ကျင့်ခြင်းကို မခံရစေရန်အတွက် ပြန်လည် တိုက်ခိုက်တတ်ဖို့ သင်ယူရမည်ဟု ကုစဲ့က သူမကို ပြောဖူးခဲ့သည်။
သွမ့်ကျားကျား၏ တွန်းထုတ်မှုသည် ချန်ဟောင်ယုကို ဘာမှ မထိခိုက်သွားစေသော်လည်း သူသည် စိတ်တိုသွားပြီး ကျားကျားလေးကို ပြန်တွန်းလိုက်၏။
ချန်ဟောင်ယုသည် ရှိသမျှအားနှင့် တွန်းလိုက်ခြင်းဖြစ်ရာ သွမ့်ကျားကျားလေးမှာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ့ လဲကျသွားလေတော့သည်။
နန်ချင်ဝမ်သည် ချက်ချင်းလက်ငင်း ဖမ်းလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကျားကျားလေးမှာ လဲကျသွားသည့် နာကျင်မှုကြောင့် အော်ဟစ် ငိုကြွေးလေတော့၏။
နန်ချင်ဝမ် သည် ရှေ့သို့တိုးကာ သမီးလေးကို ထူပေးပြီး ဒဏ်ရာရမရ သေချာ စစ်ဆေးလိုက်သည်။ ကံကောင်းထောက်မစွာ နာကျင်သွားရုံသာရှိပြီး ထိခိုက်မှုကြီးကြီးမားမား မရှိခဲ့ပေ။
နန်ချင်ဝမ်သည် ချန်ဟောင်ယုကို ကြည့်ကာ အလွန်မကျေနပ်သော လေသံဖြင့် ဆူလိုက်၏။
“ကလေးတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီလောက် လက်တကြမ်းရတာလဲ”
ချန်ထျန်မင်းနှင့် လန်ရွှယ်တို့ စကားမပြောရသေးမီမှာပင် သွမ့်ဟွေကျိုက ချန်ဟောင်ယုဘက်မှ ချက်ချင်း ကာကွယ်ပြောဆိုလေ၏။
“မင်းက ဘာလို့ ပြဿနာရှာနေရတာလဲ။ ကျားကျားသာ ဟောင်ယုကို အရင်မတွန်းခဲ့ရင် သူက ဘာလို့ ပြန်တွန်းရမှာလဲ”
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို တည်ငြိမ်စွာ ကြည့်လျက် မေးခွန်းထုတ်လိုက်၏။
“သူသာ ကျားကျားကို အရင် မစော်ကားခဲ့ရင် ကျားကျားက သူ့ကို တွန်းစရာ ဘာအကြောင်းမှ မရှိဘူး”
သွမ့်ဟွေကျိုက နန်ချင်ဝမ်ကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကလေးတွေ အချင်းချင်း စကြနောက်ကြတာ ဘာထူးဆန်းလဲ။ ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ အနေခက်အောင် မင်း လုပ်ဦးမှာလား။ မင်း ဒီလိုတွေ လုပ်နေရင် နောက်ကျရင် ဘယ်သူကမှ ကျားကျားနဲ့ ကစားရဲတော့မှာ မဟုတ်ဘူး”
ယခင်တစ်ခေါက်က ကိစ္စကို ပြန်ပြောလိုက်ခြင်းသည် နန်ချင်ဝမ်ကို ပို၍ စိတ်ထိခိုက်သွားစေခဲ့သည်။
‘အော် အဲ့တုန်းကလဲ ရှင် ချန်ဟောင်ယုကိုပဲ ကာကွယ်ပေးနေခဲ့တာ မဟုတ်လား’
နန်ချင်ဝမ်သည် သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်ကို မလွဲမသွေ ရယူမည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သွမ့်ဟွေကျို သည် သွမ့်ကျားကျားအပေါ် လုံးဝ ဂရုမစိုက်ပေ။
ထို့ကြောင့် သူမ၏ သမီးလေးကို ဆက်ပြီး အပင်ပန်းခံခွင့်ပြုမည် မဟုတ်တော့ချေ။ သွမ့်ကျားကျားသည် ဤလောကတွင် သူမ၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး သူမ၏ အသက်ကိုပင် စတေးရပါစေ သမီးလေးကို ကောင်းမွန်စွာ ကာကွယ်ပေးသွားမည်။
သူမ ကိုယ်တိုင် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရပါစေ သမီးလေးကိုတော့ လုံးဝ အပင်ပန်းခံခိုင်းမည် မဟုတ်ပေ။