အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅)
ဈေးဆစ်ခြင်း
နန်ချင်ဝမ် သွမ့်ဟွေကျိုကို ကြည့်လိုက်ပြီး စကားလုံး တစ်လုံးချင်းစီကို အလေးအနက် ပြောလိုက်သည်။
“ကျွန်မတို့ ကျားကျားမှာ အဲ့လို သူငယ်ချင်းမျိုး မလိုဘူး”
ချန်ထျန်မင်းကလည်း အေးစက်စွာ ပြန်ပြောလေ၏။
“ကျွန်တော့်သား ဟောင်ယုနဲ့ သူငယ်ချင်းဖြစ်ဖို့ဆိုတာ လူတိုင်း မရနိုင်ဘူး။ သူတို့က ဟောင်ယုနဲ့ ပေါင်းဖို့ ထိုက်တန်ရဲ့လားဆိုတာ အရင်ကြည့်ရမယ်လေ”
ရုတ်တရက်ဆိုသလို သူတို့ကြားက လေထုမှာ တင်းမာခက်ထန်သွားပြီး ထိပ်တိုက်ရင်ဆိုင်ရတော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
မှတ်ချက်ထဲရှိ အင်တာနက်အသုံးပြုသူများမှာလည်း ပူပူနွေးနွေး ဆွေးနွေးနေကြလေ၏။
[ဘာလို့ သွမ့်ဟွေကျို ချန်ဟောင်ယုဘက်ကို အရမ်း ဘက်လိုက်နေတယ်လို့ ခံစားနေရတာလဲ။ တောင်တက်တုန်းကလည်း ဒီလိုပဲ၊ အခုလည်း ဒီလိုပဲ။ မသိရင် ချန်ဟောင်ယုက သူ့သားကျနေတာပဲ]
[ငါ ချန်ဟောင်ယု ကို တကယ်မုန်းတယ်။ အချိန်တိုင်း သူကပဲ အရင် ရန်စတာ၊ ပြီးတော့ မိန်းကလေးတွေကို ဘယ်လို လေးစားရမယ်ဆို တာလည်း လုံးဝမသိဘူး]
[ရိုက်ကူးရေးအဖွဲ့က ဒီမိသားစုနှစ်စုကို တမင်တကာ ရောထားတာလား]
[ချန်ထျန်မင်းက ဘာအခွင့်အရေးနဲ့ တခြားလူတွေကို အထင်သေးနေတာလဲ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ]
[သူတို့က ချမ်းသာလို့လေ၊ ပြီးတော့ သူတို့ပြောတာလည်း မမှားဘူး။ ချန်ဟောင်ယုက ဘယ်လောက်ပဲ အမြင်ကတ်စရာ ကောင်းကောင်း သူက ချန်အုပ်စုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲလေ]
[လန်ရွှယ်နဲ့ သွမ့်ဟွေကျိုကြားမှာ တစ်ခုခု မရှင်းမလင်း ရှိနေသလို ဘာလို့ အမြဲ ခံစားနေရတာလဲ]
[အပေါ်ကလူ လျောက်စဉ်းစားမနေနဲ့ သူတို့က အိမ်ထောင်သည်တွေ ဖြစ်နေပြီ။ ပြီးတော့ ဆန့်ကျင်ဘက်လိင် သူငယ်ချင်းမရှိရဘူးလို့ ဘယ်သူက တားထားလို့လဲ]
နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့က ဝင်ရောက်ညှိနှိုင်းပေးသောအခါမှသာ တင်းမာမှုများ လျော့ကျသွားတော့၏။သို့သော်လည်း သူတို့ကြားရှိ လေထုမှာ ခက်ထန်နေဆဲပင်။
ဤဘက်တွင် အခြေအနေများ ရှုပ်ထွေးနေသဖြင့် လူအများက ယဲ့ယီတို့အဖွဲ့ ဘာများလုပ်နေမလဲဟု သိချင်လာကြ၏။ အင်တာနက်အသုံးပြုသူများမှာ ယဲ့ယီတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ကူးပြောင်းကြည့်ရှုခဲ့ကြသည်။
ယဲ့ယီတို့ဘက်တွင်မူ အခြေအနေများမှာ အတော်လေး သဟဇာတဖြစ်နေ၏။ စောစောပိုင်းက မန်ရှင်းသည် ကုရှီချန်းကို မြူဆွယ်ရန် ကြိုးစားခဲ့သည်မှအပ သူတို့ကြားတွင် မည်သည့်ပဋိပက္ခမျှ မရှိခဲ့ချေ။
ရိုက်ကူးရေးအဖွဲ့က ယနေ့လုပ်ဆောင်ရမည့် တာဝန်ကို စတင်ကြေညာလိုက်တော့သည်။
ယနေ့တာဝန်မှာ အလွန်ရိုးရှင်း၏။
ရိုက်ကူးရေးအဖွဲ့သားများအတွက် ထမင်းဘူးများ အတူတကွ ပြင်ဆင်ပေးရန်သာ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ရိုက်ကူးရေးအဖွဲ့က ဧည့်သည်များကို အခက်မတွေ့စေခဲ့ပေ။ အဖွဲ့တစ်ဖွဲ့လျှင် ယွမ်(၁၀၀၀)စီ ပေးထားသည်။ သူတို့သည် ထိုယွမ်(၁၀၀၀)ကို အသုံးပြု၍ ဈေးတွင် ကုန်စိမ်းများဝယ်ယူကာ ထမင်းဘူးများ ပြင်ဆင်ရမည်ဖြစ်ပြီး အနည်းဆုံး အသားဟင်းတစ်မျိုး ပါဝင်ရမည်။
ယဲ့ယီတို့ဘက်တွင် ဝန်ထမ်းအင်အား စုစုပေါင်း တစ်ရာခန့် ရှိ၏။ ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် အစားအသောက် ကုန်ကျစရိတ်မှာ (၇)ယွမ် သို့မဟုတ် (၈)ယွမ်ခန့်သာရှိပြီး ထိုယွမ် (၁၀၀၀) မှာ ထမင်းနှစ်နပ်စာအတွက် လုံလောက်သည်။
ချက်ပြုတ်မည့်နေရာနှင့် ပစ္စည်းများကို ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးထားသော်လည်း လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များနှင့် ပါဝင်ပစ္စည်းများအားလုံးအတွက် သူတို့ကိုယ်တိုင် ဝယ်ယူရမည် ဖြစ်သည်။ ဤသို့ တွက်ချက်ကြည့်လျှင် ယွမ်(၁၀၀၀) မှာ အလွန်အမင်း ကျပ်တည်းလွန်းလှသည်။
နေ့လယ်စာစားချိန်ရောက်ဖို့ ၃ နာရီသာ ကျန်တော့သဖြင့် သူတို့အနေဖြင့် အမြန်လုပ်ဖို့ လိုပေသည်။
ယဲ့ယီနှင့် မန်ရှင်းတို့သည် ကုန်စိမ်းအား မည်သည့်နေရာတွင် ဝယ်ယူရမည့်ကို သဘောထားကွဲလွဲလျက် ရှိသည်။
မန်ရှင်းက စူပါမားကတ်တွင်သာ ဝယ်ချင်၏။
“စူပါမားကတ်က ပါဝင်ပစ္စည်းတွေက အန္တရာယ်အကင်းဆုံးပဲ။ အစားအသောက် ဘေးကင်းလုံခြုံရေးက ပထမပဲ”
ယဲ့ယီမျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။
“စူပါမားကတ်က ပါဝင်ပစ္စည်းတွေက ဈေးကြီးလွန်းတယ်၊ ပြီးတော့ ဈေးဆစ်လို့လည်း မရဘူး။ ကျွန်မတို့ဆီမှာရှိတဲ့ ငွေနဲ့ လုံးဝမလောက်ဘူး”
မန်ရှင်း မကျေမနပ်ဖြစ်သွား၏။
“ဒါဆိုရင် ငါတို့က စျေးဟောင်းကြီးထဲကို စိုစိစိုစိ နဲ့သွားရမှာလား၊၊ အဲဒီက ပါဝင်ပစ္စည်းတွေကရော ဘေးကင်းတယ်လို့ အာမခံနိုင်လို့လား”
မန်ရှင်း၏ လေသံမှာ ဈေးဟောင်းကို နှာခေါင်းရှုံ့ အထင်သေးသည့်ပုံစံ ပေါက်နေပြီး ထိုနေရာက ဟင်းသီးဟင်းရွက်များသည် အမှိုက်ပုံထဲက ကောက်လာသည့်အလား သဘောထားနေလေ၏။
“ဈေးက ပါဝင်ပစ္စည်းတွေကိုလည်း စစ်ဆေးထားတာပဲ၊ သဘာဝအတိုင်း ရတဲ့ပစ္စည်းတွေ ဘေးမကင်းဘဲ ရှိပါ့မလား။ ကျွန်မ အာမခံနိုင်တယ်”
ယဲ့ယီ ပြန်ပြောလိုက်သည်။
မှတ်ချက်အပိုင်းရှိ အင်တာနက်အသုံးပြုသူများကလည်း ဝင်ရောက်ပြောဆိုကြသည်။
[ဈေးက ဟင်းသီးဟင်းရွက်တွေက ဘာလို့ ဘေးမကင်းရမှာလဲ၊ ငါ့မိသားစုဆိုရင် အမြဲတမ်း ဈေးမှာပဲ ဝယ်တာ]
[မန်ရှင်းက ဈေးကို ဘာလို့ အဲဒီလောက် အထင်သေးနေတာလဲ၊ သူက တကယ်ပဲ စူပါမားကတ်က ဟင်းသီးဟင်းရွက်တွေက ဈေးထက် ပိုသန့်ရှင်းတယ်လို့ ထင်နေတာလား]
[ငါကတော့ စူပါမားကတ်က ဟင်းသီးဟင်းရွက်တွေက ဈေးထက် ပိုသန့်တယ်လို့ ထင်တယ်။ ငါဆိုရင် ဈေးကို ဘယ်တော့မှ မသွားဘူး]
[ဘယ်သွားသွားပါ၊ ဒါပေမဲ့ ဈေးကို အဲဒီလောက် နှိမ်စရာမလိုပါဘူး။ သူတို့မှာ ဘတ်ဂျက်က အကန့်အသတ်ရှိတယ်လေ။ ဈေးမှာက ဈေးဆစ်လို့ရတယ်]
[ဒါပေမဲ့ သူတို့တွေ တကယ်ပဲ ဈေးဆစ်ရမှာကို ရှက်နေမလားဆိုတာ ငါသိချင်မိတယ်]
နောက်ဆုံးတွင် မန်ရှင်းသည်လည်း သူတို့နောက်သို့ လိုက်ပါလာကာ ဈေးသို့ ရောက်ချလာခဲ့သည်။ ဈေးထဲတွင် လူစည်ကားလှပြီး လူအများအပြားက သူတို့ကို မှတ်မိနေကာ လက်မှတ်ထိုးပေးရန် ဝိုင်းအော်နေကြသည်။
သို့သော် အများစုမှာ မန်ရှင်းကိုသာ မှတ်မိကြပြီး ယဲ့ယီကို သိသူမှာ နည်းပါးလှ၏။
လူအုပ်ကြီးသည် မန်ရှင်းတို့ သားအမိအနားတွင် တိုးဝှေ့နေစဉ် ယဲ့ယီသည် ကုစဲ့ လက်ကိုဆွဲကာ လူအုပ်ထဲမှ တိုးထွက်လာခဲ့လိုက်တော့သည်။
ကုရှီချန်းကလည်း သူတို့နောက်ကနေ တိတ်တဆိတ် လိုက်ပါလာကာ လူအုပ်ဒဏ်မှ ကာကွယ်ပေးထားသည်။
နေ့လယ်စာစားချိန် နီးကပ်လာပြီဖြစ်သဖြင့် ယဲ့ယီသည် ကုန်စိမ်းများကို အမြန်ဝယ်ယူပြီး ချက်ပြုတ်ချင်နေပြီ ဖြစ်သည်။
အကယ်၍ ရိုက်ကူးရေးအဖွဲ့ကို ဗိုက်ဆာအောင် ပစ်ထားမိပါက သူမ အမှားသာ ဖြစ်ပေလိမ့်မည်။ အထက်လူကြီးတစ်ယောက်အနေဖြင့် သူမသည် အနည်းဆုံးတော့ သူမ ဝန်ထမ်းများကို ဗိုက်ဝအောင် ကျွေးရပေမည်။
ယဲ့ယီသည် ပါဝင်ပစ္စည်းများကို ဂရုတစိုက် ရွေးချယ်ရန် စတင်လိုက်သော်လည်း ကံမကောင်းစွာဖြင့် သူမသည် ဟင်းမချက်တတ်သလို ကုန်စိမ်းဘယ်လိုရွေးရမည်ကိုလည်း မသိပေ။
မန်ရှင်းတို့သားအမိမှာ ပရိသတ်များကို လက်မှတ်ထိုးပေးရင်း အလုပ်ရှုပ်နေကြပြီး တာဝန်ကို လုံးဝ လျစ်လျူရှုထားကြ၏။ ယဲ့ယီ တွေဝေနေစဉ်မှာပင် ကုရှီချန်းက ဆိုလိုက်၏။
“ကိုယ်ရွေးပေးမယ်”
ကုရှီးချန်၏ စကားကို ကြားသောအခါ ယဲ့ယီသည် ကုရှီချန်း ဟင်းချက်တတ်သည်ကို သတိရသွား၏။
‘ဒါဆိုသူဆိုရင် သူ ဟင်းသီးဟင်းရွက် တော့ ရွေးတတ်မှာပါနော်’
သို့သော် ကုရှီချန်း၏ ဂုဏ်ဒြပ်ကို ပြန်စဉ်းစားမိသောအခါ ယဲ့ယီမှာ သံသယဖြစ်သွားပြန်သည်။ သူ့လို လူမျိုးက ကိုယ်တိုင်ကိုယ်ကျ ဈေးဝယ်ဖူးလိမ့်မည် မဟုတ်ချေ။
“ရှင် တကယ်ပဲ ဟင်းသီးဟင်းရွက်တွေ ရွေးတတ်လို့လား”
ယဲ့ယီ တုံ့ဆိုင်းစွာ မေးလိုက်သည်။
ကုရှီချန်းသည် ယဲ့ယီ၏ မယုံသင်္ကာဖြစ်နေသော မျက်လုံးလေးများကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလေ၏။
“ကိုယ်တိုင် လာမဝယ်ဖူးပေမဲ့ ဘာတွေလိုအပ်တယ်ဆိုတာကိုတော့ သိပါတယ်”
ဤအခြေအနေတွင် ယဲ့ယီအနေဖြင့် ကုရှီချန်းကို ယုံကြည်ရန်သာ ရှိတော့သည်။ သို့မဟုတ်ပါက နှောင့်နှေးမိပြီး ရိုက်ကူးရေးအဖွဲ့ ကို အဆာခံခိုင်းသလို ဖြစ်ပေတော့မည်။
“ဒါဆိုရင် ရှင် လိုအပ်တာတွေ ကြည့်ဝယ်လိုက်၊ ဈေးဆစ်ဖို့ကတော့ ကျွန်မ တာဝန်ထားလိုက်”
ကုရှီချန်း ယဲ့ယီကို တအံ့တဩ ကြည့်ကာ မေးလိုက်၏။
“မင်းက ဈေးဆစ်တတ်လို့လား”
“ဈေးဆစ်တာပဲလေ၊ ဘယ်သူက မဆစ်တတ်ဘဲ နေမှာလဲ”
ယဲ့ယီသည် အမှန်အားဖြင့် တစ်ခါမှ ဈေးမဆစ်ဖူးချေ။သို့သော်လည်း ယခင်ဘဝက သူမ မိခင်နောက်သို့ လိုက်ဖူးသဖြင့် ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင်ဖူးသည်ဟု ဆိုရမည်။ စကားပြောရဲသရွေ့ ဆစ်လို့မရသည့် ဈေးဟူ၍ မရှိ။
ကုရှီချန်းသည် ဘာမှပြန်မပြောပေ။
ထို့နောက် ကုရှီချန်းသည် ဆိုင်တစ်ဆိုင်သို့ လျှောက်သွားပြီး ဂေါ်ဖီထုပ်တစ်ထုပ်ကို ကောက်ကိုင်ကာ ဈေးသည်အား မေးလိုက်၏။
“ဦးလေး၊ ဒီဂေါ်ဖီထုပ်က ဘယ်လောက်လဲ”
ဈေးသည် ပြုံးလျက် ပြန်ပြော၏။
“ဒါက ဒီနေ့မှ ခူးထားတာ၊ အရမ်းလတ်ဆတ်တယ်၊ တစ်ပိဿာကို ၁.၂ ယွမ်ပဲ”
ကုရှီချန်းသည် လတ်ဆတ်သန့်ရှင်းသည့် ဂေါ်ဖီထုပ်အချို့ကို ရွေးထုတ်ကာ ဈေးသည်ကို ချိန်ခိုင်းလိုက်သည်။
အားလုံးပေါင်းလိုက်သောအခါ (၁၂၅)ယွမ် ကျလေ၏။
ကုရှီချန်း ပိုက်ဆံပေးတော့မည့်အချိန်မှာပင် ယဲ့ယီ သူ့ကို တားလိုက်ပြီး ဈေးသည်ဘက်သို့ လှည့်ကာ ဆို၏။
“ဦးလေး၊ ဈေးလေး နည်းနည်း လျှော့ပေးပါဦး”
ဈေးသည်က ရယ်မောလျက်သာ ရှိနေသည်။
“သမီးရယ်၊ ဒါက အချိုဆုံးဈေးပဲ။ မယုံရင် တခြားဆိုင်တွေမှာ သွားမေးကြည့်၊ သူတို့ဆို တစ်ပိဿာကို (၂) ယွမ်တောင် ရောင်းတာ”
ယဲ့ယီသည် ဈေးသည်၏ စကားကို လုံးဝမယုံကြည်ပေ။ဤသည်မှာ အရောင်းမြှင့်တင်ရေး နည်းဗျူဟာတစ်ခုသာ ဖြစ်လေသည်။
“ဦးလေး၊ ကျွန်မတို့က ဒါကို အလုပ်သမားတွေ စားဖို့ ဝယ်နေတာ။ ကျွန်မတို့ဆီမှာ ဘတ်ဂျက်က သိပ်မရှိလို့ပါ၊ ကျေးဇူးပြုပြီး ဈေးလေး နည်းနည်းလောက် လျှော့ပေးပါနော်”
ယဲ့ယီသည် အပြုံးချိုချိုလေးဖြင့် တောင်းဆိုလိုက်သည်။
ရိုက်ကူးရေးအဖွဲ့သားများမှာလည်း အလုပ်သမားများပင် မဟုတ်လော။
သူတို့ ဈေးဝယ်နေသည်ကို အနှောင့်အယှက် မဖြစ်စေရန် ကင်မရာသမားသည် ယဲ့ယီတို့နှင့် အနည်းငယ် ခပ်လှမ်းလှမ်းမှ ရိုက်ကူးနေလေ၏။ ထို့ကြောင့် လူတိုင်းက ကင်မရာသမားသည် မန်ရှင်းကိုသာ ရိုက်ကူးနေသည်ဟု ထင်နေကြတော့သည်။
ထို့အပြင် ဈေးသည်မှာ အသက်ကြီးသူဖြစ်သဖြင့် ယဲ့ယီကို မမှတ်မိဘဲ သာမန်လူတစ်ယောက်သာ ဖြစ်မည်ဟု ထင်မှတ်နေသည်။ သို့မဟုတ်ပါက သူသည် ဈေးဆစ်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။
“သမီးပြောတာကို ဦးလေး နားလည်ပါပြီ ၊ ကဲ... (၅) ယွမ် လျှော့ပေးမယ်၊ (၁၁၀) ပဲ ပေးတော့။”
“ဦးလေး၊ ယွမ်(၉၀) ထားပါလား”
ယဲ့ယီ က ဆက်ပြီး ဈေးဆစ်ပြန်သည်။
“(၉၀) ဆိုရင်တော့ ဦးလေး အရှုံးပေါ်သွားမှာပေါ့။ ထားပါတော့၊ ထားပါတော့၊ (၁၀၀) ဆိုရင်ရော.. ဒါက အသေးစား စီးပွားရေးလေးပဲ ဆိုတော့ ဦးလေးလည်း သိပ်မမြတ်ဘူး”
“ကောင်းပါပြီ။ ဒါဆို ဦးလေး၊ ကြက်သွန်မြိတ် လေး နည်းနည်းလောက် လက်ဆောင် ထည့်ပေးလို့ ရမလား”
ယဲ့ယီ ထပ်မေးလိုက်၏။
ဈေးသည်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။
“သမီးကတော့ တကယ်ကို စျေးစစ်တတ်တာပဲ။ ကဲ... ပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ် ဦးလေး”
နောက်ဆုံးတွင် ယဲ့ယီသည် ဂေါ်ဖီထုပ်အချို့နှင့် ကြက်သွန်မြိတ်များကို ယွမ် (၁၀၀)ဖြင့် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။
ကုရှီချန်းသည် ယဲ့ယီ တစ်ယောက် ဈေးသည်နှင့် ဈေးဆစ်နေသည်ကို ကြည့်ပြီး သူ့နှုတ်ခမ်းသားမှာ မသိမသာ ပြုံးယောင်သန်းသွားသည်။
ထိုအချိန်မှစ၍ ကုရှီချန်းသည် ဟင်းသီးဟင်းရွက် ရွေးချယ်ပြီး ယဲ့ယီက ဈေးဆစ်သည့် တာဝန်ကို ယူတော့၏။
အခန်း (၇၆)
မီးဖိုချောင် ဖျက်ဆီးရေးသမား
သူတို့နှစ်ဦးသည် အလွန် အပေးအယူ မျှတစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး များမကြာမီပင် လိုအပ်သော ပါဝင်ပစ္စည်းအားလုံးကို ဝယ်ယူနိုင်ခဲ့ကြသည်။
ယဲ့ယီ၏ ကျွမ်းကျင်လှသော ဈေးဆစ်နည်းဗျူဟာများကို ကြည့်ရှုနေကြသည့် အင်တာနက်အသုံးပြုသူများမှာ မိမိတို့၏ မိခင်အရင်းများကို ပြန်မြင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
ယဲ့ယီ၏ ဈေးဆစ်ပုံမှာ အိမ်က မိခင်ကြီးအတိုင်းပင်။ သူမသည် လူကြီးသူမများ၏ ပညာအမွေကို အမှန်တကယ် ဆက်ခံထားလေသလား အောက်မေ့ရသည်။
ယဲ့ယီနှင့် ကုရှီချန်းတို့ ဈေးဝယ်ပြီးသွားချိန်မှသာ မန်ရှင်းသည် မန်ကျစ်ထုံကို ခေါ်ဆောင်၍ ဖြည်းညှင်းစွာ ရောက်ရှိလာတော့သည်။
ကုရှီချန်းနှင့် ယဲ့ယီတို့ ဝယ်လာသည့် ပစ္စည်းပုံကြီးကို ကြည့်ပြီး မန်ရှင်း အထင်မြင်သေးစွာ မေးလိုက်၏။
“ဒါတွေပဲလား၊ ဒါတွေက တကယ်ရော စားလို့ရရဲ့လား”
ယဲ့ယီ တစ်မနက်လုံး ဈေးဆစ်ထားရသဖြင့် လည်ချောင်းများပင် ခြောက်ကပ်နေပြီ ဖြစ်သည်။ အလိုက်မသိသော မန်ရှင်းက ဤပါဝင်ပစ္စည်းများကို စားလို့ရပါ့မလားဟု မေးခွန်းထုတ်လာသဖြင့် ယဲ့ယီ ချက်ချင်း ဒေါသ ထွက်သွား၏။
“ဘာလို့ စားလို့မရရမှာလဲ၊ ဒါတွေက တောင်သူတွေ စိုက်ထားတာ မဟုတ်ဘူးလား”
ယဲ့ယီ ပြန်ချေပလိုက်သည်။
မန်ရှင်းက အထင်မြင်သေးစွာ ဆက်ပြောပြန်၏။
“ဒီဟာတွေက မသန့်ရှင်းမှာကို စိုးရိမ်လို့ပါ၊ စားပြီးရင် ဘယ်သူမှ ဗိုက်နာတာမျိုး မဖြစ်စေချင်ဘူးလေ”
ယဲ့ယီသည် မန်ရှင်းကို မျက်စောင်းထိုးကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒါဆိုရင်လည်း ရှင် မစားနဲ့လေ”
သူမသည် ဝင်ရောက်မကူညီသည့်အပြင် ဆရာကြီး လုပ်နေပြန်၏။
‘ဘယ်ကနေတောင် ရလာတဲ့ သတ္တိလဲမသိဘူး။သူ့ဘာသာ စားချင်စား မစားချင်နေ အငတ်ခံချင်လဲ သဘော’
“ကျွန်မက ရိုက်ကူးရေးအဖွဲ့ရဲ့ ကျန်းမာရေးအတွက် ပြောနေတာပါ”
မန်ရှင်းက အတောမသတ် ပွစိပွစိ လုပ်နေသော်လည်း ယဲ့ယီ သူမကို အဖက်ပင် မလုပ်တော့ချေ။
ဤနေရာတွင် စကားများနေမည့် အချိန်တွင် ဟင်းတစ်ခွက်ပင် ချက်ပြီးနေလောက်လေပြီ။
ရိုက်ကူးရေးအဖွဲ့ မှ ပြင်ဆင်ပေးထားသော မီးဖိုချောင်သို့ ရောက်ရှိလာသောအခါ ယဲ့ယီသည် ဟင်းသီးဟင်းရွက်များကို အမြန် စတင် ဆေးကြောလိုက်သည်။ ကုစဲ့ကလည်း သူမကို ကူညီပေးရန် ရောက်လာခဲ့၏။
မန်ရှင်းသည် ဘာမှမလုပ်ဘဲ နေရသည်ကို အားနာလာသဖြင့် ဟင်းသီးဟင်းရွက် ဆေးကြောရာတွင် ကူညီပေးခဲ့သော်လည်း သူမသည် အလွန်အမင်း ဇီဇာကြောင်လွန်းလှပေသည်။
‘ဒါက အဆင်မပြေဘူး ၊ ဟိုဟာက မကောင်းဘူး’ ဟု ဆိုကာ အနှောင့်အယှက် ပေးနေသောကြောင့် နောက်ဆုံးတွင် ယဲ့ယီ တစ်ယောက် သည်းမခံနိုင်တော့ဘဲ သူမကို ဟင်းသီးဟင်းရွက် လှီးခိုင်းလိုက်သည်။
သို့သော်လည်း မန်ရှင်းသည် ဟင်းသီးဟင်းရွက် များကို လုံးဝ မလှီးတတ်ပေ။ သူမ၏ ဓားကိုင်စွမ်းရည်မှာ အလွန်ပင် ဆိုးရွားလှသည်။
သူတို့ ခက်ခက်ခဲခဲ ဝယ်ထားရသော ပါဝင်ပစ္စည်းများ လေလွင့်မသွားစေရန်အတွက် ကုရှီချန်းသည် မန်ရှင်း၏ လက်ထဲမှ ဓားကို ယူကာ ကိုယ်တိုင် လှီးပေးလိုက်ရတော့သည်။
မန်ရှင်းသည် ဘေးတွင် ရပ်နေရင်း ကုရှီချန်း၏ ကျွမ်းကျင်လှသော ဓားကိုင်ပုံကို ကြည့်ကာ တမင် စကားစလိုက်၏။
“ဥက္ကဌကု၊ ရှင်က ဓားကိုင်တာ တော်တော်ကျွမ်းတာပဲ။ အိမ်မှာ ခဏခဏ ဟင်းချက်ဖြစ်တာလား “
ကုရှီးချန်ကမူ ‘အင်း’ ဟူသော အသံဖြင့်သာ တုံ့ပြန်လိုက်ပြီး သူမကို လျစ်လျူရှူထားသည်။
မန်ရှင်းကမူ ကုရှီချန်း၏ သဘောထားကို ဂရုမစိုက်ဘဲ တစ်ယောက်တည်း စကားဆက်ပြောပြန်သည်။
“ဥက္ကဌကုလို လုပ်ငန်းရှင်ကြီး တစ်ယောက်က ဟင်းချက်တတ်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။ ခဏနေရင် ဥက္ကဌကုရဲ့ လက်ရာကို မြည်းကြည့်ရဦးမယ်”
ကုရှီချန်းက မန်ရှင်းကို ခဏမျှ ခေါင်းမော့ကြည့်လိုက်၏။
“ငါချက်တဲ့ အစားအစာက ဘေးမကင်းဘူး၊ မင်းမစားတာ ပိုကောင်းလိမ့်မယ်”
“ရှင်”
မန်ရှင်းသည် ကုရှီချန်းထံမှ ထိုကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကြောင်အသွားတော့သည်။
ဟင်းသီးဟင်းရွက် ဆေးနေသော ယဲ့ယီမှာမူ ရယ်ချင်စိတ်ကို အတော်လေး အောင့်အည်းထားလိုက်ရသည်။
[ကုရှီချန်းက ဒီလောက်အထိ စကားနာထိုးတတ်မယ်လို့ ငါအရင်က ဘာလို့ သတိမထားခဲ့မိပါလိမ့်...ဟားဟား]
မန်ရှင်းသည် စောနက ပါဝင်ပစ္စည်းများကို မသန့်ရှင်းကြောင်း ပြောခဲ့သည်ကို ကုရှီချန်းက ပြန်လည် စောင်းမြောင်းပြောဆိုနေခြင်း ဖြစ်မှန်း သိရှိသွားလေ၏။
သူမသည် အနေခက်သွားကာ ကုရှီချန်းကို ဆက်ပြီး စကားမပြောရဲတော့ဘဲ ယဲ့ယီတို့ရှိရာသို့ ပြန်သွားကာ ဟင်းသီးဟင်းရွက်များကို အတူတူ ဆေးကြောနေလိုက်တော့သည်။
ကုရှီချန်း၏ လှောင်ပြောင်မှုကို ခံလိုက်ရပြီးနောက်တွင် သူမ ဘာမှ ထပ်မပြောရဲတော့ချေ။
အခြားတစ်ဖက်တွင်မူ လန်ရွှယ် ဈေးဝယ်သွားစဉ်ကလည်း အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့သေး၏။
လန်ရွှယ်သည် စူပါမားကတ်တွင်သာ ဈေးဝယ်ရမည်ဟု အတင်းအကျပ် ပြောဆိုခဲ့သည်။ သူမသည် ငါးရာဖိုးခန့် ဟင်းသီးဟင်းရွက်များ ဝယ်ခဲ့သော်လည်း ချက်ပြုတ်ပြီးသောအခါ စားချင်စဖွယ် မရှိသည့်အပြင် ပမာဏမှာလည်း အလွန်နည်းပါးသဖြင့် ဝန်ထမ်းများ စားရန် မလုံလောက်ခဲ့ပေ။
နောက်ဆုံးတွင် ဝန်ထမ်းတစ်ဦးစီအတွက် မန်ထုံပေါက်စီ တစ်လုံးစီ ထပ်ဝယ်ပေးရန် ပိုက်ဆံ ထပ်ကုန်ခဲ့ရ၏။
၎င်းသည် ယဲ့ယီတို့ဘက်မှ အစားအသောက်များနှင့် အလွန်ပင် ကွာခြားလှသည်။
အမှန်တွင် နန်ချင်ဝမ်သည် ဈေးဝယ်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ နှစ်ပေါင်းများစွာ အိမ်ရှင်မ လုပ်လာခဲ့သူဖြစ်သဖြင့် ဈေးသို့ မကြာခဏ သွားလေ့ရှိသည်။
သို့သော်လည်း လန်ရွှယ်သည် သူမ၏ “ဇနီးကောင်း၊ မိခင်ကောင်း” ဆိုသည့် ပုံရိပ်ကို ပေါ်လွင်စေရန် ကင်မရာရှေ့တွင် ဟန်ဆောင်ကာ မိသားစုအတွက် ကိုယ်တိုင်ချက်ပြုတ်ကျွေးလေ့ရှိသူအဖြစ် သရုပ်ဆောင်ခဲ့သည်။
ကံဆိုးစွာ ချက်ပြုတ်ရမည့် အချိန်ရောက်သောအခါ သူမသည် လုံးဝ ဟင်းမချက်တတ်မှန်း ဘူးပေါ်သလို ပေါ်သွားခဲ့သည်။
သို့သော် ဤအချက်က လန်ရွှယ်ကို အခက်မတွေ့စေခဲ့ပေ။ သူမသည် ကင်မရာရှေ့တွင် ရှက်သွေးဖြာကာ ပြောလိုက်၏။
“တကယ်တော့ ကျွန်မက မီးဖိုချောင် ဖျက်ဆီးရေးသမားပါ”
ချန်ထျန်မင်းကလည်း သူမကို ထောက်ခံသည့်အနေဖြင့် ကြင်နာယုယစွာ ဝိုင်းပြောပေးလေ၏။
“ရွှယ်အာ ချက်တဲ့ ဟင်းက ဘယ်လောက်ပဲ ဆိုးဆိုး၊ ကိုယ် အကုန်စားမှာပါ”
သူတို့နှစ်ဦး၏ ချစ်မေတ္တာရိပ်ကို တစ်ဖန် ပြန်လည် ပြသနေသောကြောင့် အင်တာနက်အသုံးပြုသူ များကလည်း သူတို့ကို သဘောကျနေကြတော့သည်။
ဘေးတွင် ရပ်နေသော နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုတို့မှာမူ အနည်းငယ် အနေခက်နေကြ၏။ ရိုက်ကူးရေး အဝင်ဝတွင် စကားများခဲ့ကြပြီးကတည်းက သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စကားတစ်ခွန်းမှ မပြောကြတော့ပေ။
နန်ချင်ဝမ်၏ အာရုံတစ်ခုလုံးမှာ သွမ့်ကျားကျားအပေါ်၌သာ ရှိနေပြီး အခြားအရာများကိုလည်း ဂရုမစိုက်တော့ပေ။
လန်ရွှယ်နှင့် ချန်ထျန်မင်းတို့၏ အပြန်အလှန် ဆက်ဆံမှုကို ကြည့်ရင်း သွမ့်ဟွေကျိုမှာ စိတ်မသက်မသာ ဖြစ်လာပြီး နန်ချင်ဝမ်ကို ပို၍ပင် မုန်းတီးလာမိသည်။ အကယ်၍ နန်ချင်ဝမ်သာ ထိုစဉ်က သူ့ကို ကွာရှင်းပေးခဲ့လျှင် ယခုအချိန် လန်ရွှယ်နှင့်အတူ ချစ်ကြည်နူးနေမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။
ထမင်းစားချိန် ရောက်သောအခါ နှစ်ဖက်စလုံး တစ်ချိန်တည်း စတင်စားသောက်ခဲ့ကြ၏။ ယဲ့ယီတို့ဘက်တွင် ဝန်ထမ်းတစ်ဦးချင်းစီ၏ ထမင်းဘူးများမှာ ပြည့်လျှံနေပြီး လူတိုင်းက မြိန်ရည်ယှက်ရည် စားသောက်နေလေ၏။
မန်ရှင်းသည် ပါဝင်ပစ္စည်းများကို မသန့်ရှင်းကြောင်း ပါးစပ်က ညည်းတွားသော်လည်း အစားအသောက်များ အဆင်သင့်ဖြစ်သောအခါ ထမင်းဘူးတစ်ဘူးကို ဦးအောင် ယူထား၏။
ယဲ့ယီ ထမင်းဘူးအားလုံးကို ဝေငှပြီးသောအခါ နောက်ဆုံးတစ်ဘူးသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ ယခုအခါ သူမနှင့် ကုရှီချန်းအတွက် စားစရာ မလောက်တော့ပေ။
ကုရှီချန်းကလည်း သတိထားမိပြီး ထမင်းဘူးကို ယူလိုက်၏။
ယဲ့ယီ က သူ့ကို ခိုးကြည့်ရင်း စိတ်ထဲမှ ရေရွတ်နေမိသည်။
[သူက ဒီနောက်ဆုံး ထမင်းဘူးကို တကယ်ကြီး ယူမှာပေါ့ ၊ သူ ဟင်းချက်တာ ပင်ပန်းခဲ့တာ မှန်ပေမဲ့ ငါလည်း ဘာမှမစားရသေးဘူး၊ ပြီးတော့ ငါလည်း အရမ်းဗိုက်ဆာနေပြီ]
ယဲ့ယီ၏ စိတ်ထဲမှ အသံကို ကြားလိုက်ရသဖြင့် ကုရှီချန်းသည် ရုတ်တရက် သူမကို နောက်ပြောင်ချင်စိတ် ဖြစ်ပေါ်လာသည်။
သူသည် ယဲ့ယီ၏ ရှေ့မှာပင် ထမင်းဘူးကို တမင်တကာ ဖွင့်လိုက်သည်။ မွှေးပျံ့နေသော အစားအစာများကို ကြည့်ပြီး တစ်မနက်လုံး ဗိုက်ဆာနေသော ယဲ့ယီမှာ သွားရည်များပင် ကျမတတ် ဖြစ်သွားရသည်။
‘ အား... စားချင်စရာကြီး’
ယဲ့ယီ၏ သနားစဖွယ် အကြည့်လေးကို မြင်လိုက်ရသောအခါ ကုရှီချန်းသည် ထမင်းဘူးကို သူမထံသို့ ကမ်းပေးလိုက်သည်။
“မင်းစားလိုက်၊ ကိုယ်ဗိုက်မဆာဘူး”
ယဲ့ယီသည် စားချင်စဖွယ် ထမင်းဘူးကို ကြည့်ပြီး ချက်ချင်း မယူပေ။ တစ်မနက်လုံး အလုပ်ရှုပ်ထားပြီးမှ ကုရှီချန်း ဗိုက်မဆာဘူးဆိုသည်ကို သူမ လုံးဝမယုံပေ။
သို့သော် သူမကိုယ်တိုင်လည်း အလွန် ဗိုက်ဆာနေ၏။ ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် ယဲ့ယီသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။
“တစ်ဝက်စီ ခွဲစားကြရအောင်လေ”
ထိုသို့ပြောပြီးနောက် သူမသည် ထမင်းဘူးအလွတ်တစ်ဘူးကို သွားရှာကာ အစားအသောက်အားလုံးကို နှစ်ပုံ ပုံလိုက်သည်။
ခွဲဝေပြီးသောအခါ ယဲ့ယီသည် တစ်ပုံကို ကုရှီးချန်ထံ ကမ်းပေးလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ကုရှီချန်းလည်း ငြင်းမနေတော့ပေ။
အနီးအနားရှိ ကုစဲ့သည် ယဲ့ယီနှင့် ကုရှီချန်းတို့ ထမင်းဘူးတစ်ခုတည်းကို ခွဲစားနေကြသည်ကို မြင်လိုက်ရသဖြင့် သူ၏ ထမင်းဘူးကို ယူလာပြီး ပြောလိုက်သည်။
“မေမေနဲ့ ဖေဖေ၊ သား ဒါတွေ အကုန်မစားနိုင်တော့ဘူး။ သားကို နည်းနည်းလောက် ကူစားပေးပါ့လား”
ယဲ့ယီသည် ထိုကလေး လိမ်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။ ကုစဲ့သည် သူတို့နှစ်ဦး စားစရာ မလုံလောက်မည်ကို စိုးရိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ကုရှီချန်းသည် ကုစဲ့၏ ထမင်းဘူးကို ကြည့်လိုက်ရာ ကလေးတစ်ယောက်အတွက် ဤပမာဏမှာ အမှန်တကယ်ပင် များလွန်းနေ၏။
ကုရှီချန်းသည် ကုစဲ့၏ ထမင်းဘူးကို ယူကာ ကုစဲ့ မထိရသေးသည့် အစိတ်အပိုင်းကို တူဖြင့် သီးသန့်ဖယ်ထုတ်လိုက်ပြီး ထိုအပိုင်းကို ယဲ့ယီအား ပေးရန် ပြင်လိုက်၏။
ယဲ့ယီ ကုရှီချန်းကို တားဆီးလိုက်သည်။
“ရှင်ပဲ စားလိုက်ပါ၊ ကျွန်မအတွက် ဒီလောက်ဆို တော်ပြီ”
သူမအနေဖြင့် အနည်းငယ် ဗိုက်ဆာနေဦးမည်ဖြစ်သော်လည်း ကုရှီချန်းမှာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်သဖြင့် ပိုစားရမည့်အပြင် တစ်မနက်လုံး ပင်ပင်ပန်းပန်း ချက်ပြုတ်ပေးခဲ့ရသူ မဟုတ်လော။
ယဲ့ယီ ဗိုက်မဝမည်ကို စိုးရိမ်သဖြင့် ကုရှီချန်း အကြိမ်ကြိမ် ထပ်မေးသည်။
ယဲ့ယီ ထပ်မစားတော့ကြောင်း သေချာမှသာ သူ ထမင်းများကို သူ၏ ထမင်းဘူးထဲသို့ ခပ်ထည့်လိုက်တော့သည်။
သူတို့သည် အဘယ့်ကြောင့် အသင့်စား ထမင်းဘူးများကို ဝယ်မစားကြသနည်းဟု မေးလျှင် ရိုက်ကူးရေးအဖွဲ့၏ တည်နေရာမှာ တောခေါင်လွန်း လှသဖြင့် အနီးအနားတွင် စားသောက်ဆိုင် တစ်ခုတစ်လေပင် မရှိ။သူတို့ ဝယ်လာသမျှ ပါဝင်ပစ္စည်းများမှာလည်း ကုန်သွားပြီဖြစ်သဖြင့် ထပ်မံချက်ပြုတ်ရန်မှာလည်း မဖြစ်နိုင်တော့ချေ။