အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)
လူစိတ်မရှိသူ
ကုရှီချန်း မေးခွန်းကို ဖြေကြားနေစဉ် ယဲ့ယီကို တစ်ချက် လှမ်းကြည့်လိုက်၏။ ယဲ့ယီဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့ရသောအခါ သူ့နှလုံးသားထဲတွင် ဖော်မပြတတ်သည့် ခါးသီးမှုဝေဒနာကို ခံစားလိုက်ရသည်။
မေးခွန်းများအားလုံး ဖြေကြားပြီးသောအခါ အချိန်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ အားလုံး ယနေ့ညစာအတွက် စတင်ပြင်ဆင်ကြရတော့၏။
သို့သော်လည်း နံနက်ခင်းက အတွေ့အကြုံကြောင့် ယဲ့ယီသည် ဈေးဆစ်ရာတွင် ပိုမိုကျွမ်းကျင်လာပြီး ငွေအနည်းငယ်ဖြင့် ပစ္စည်းများစွာကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။ သူမ လက်ထဲတွင် ငွေအနည်းငယ် ပိုလျှံနေသေးသဖြင့် ကလေးနှစ်ယောက်အတွက် ထန်ဟူလူ (သကြားရည်သုတ်ထားသော ဆီးသီးအချောင်း) တစ်ချောင်းစီပင် ဝယ်ပေးနိုင်ခဲ့သေး၏။
အမှန်စင်စစ် ကုစဲ့သည် ထန်ဟူလူ စားရသည်ကို မကြိုက်ချေ။ ပုံမှန်အားဖြင့်လည်း ကုရှီချန်းက သူ့ကို ထိုကဲ့သို့သောအရာများ စားခွင့်မပြုပေ။ သို့သော် ယဲ့ယီဝယ်ပေးခြင်းဖြစ်သောကြောင့် သူသည် ထိုသကြားလုံးကို အကုန်စားလိုက်ပြီး ကုရှီချန်းကလည်း ထိုအရာနှင့်ပတ်သက်၍ တစ်ခွန်းမျှ မဟခဲ့ပေ။
တစ်ဖက်ရှိ လန်ရွှယ်တို့အုပ်စုတွင် နံနက်ပိုင်းက စူပါမားကတ်တွင် ဘတ်ဂျက် ကျော်လွန်ကာ သုံးစွဲခဲ့သဖြင့် ငွေအနည်းငယ်သာ ကျန်တော့ပြီး လက်ကျန်ငွေကို အကျိုးရှိရှိ သုံးစွဲရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ယခုတစ်ကြိမ်တွင် သူတို့သည် စူပါမားကတ်သို့ မသွားတော့ဘဲ ဈေးသို့သာ သွားခဲ့ကြသည်။
ဈေးရှိ ပါဝင်ပစ္စည်းများမှာ အမှန်တကယ်ပင် ပို၍ ဈေးသက်သာသော်လည်း သူတို့၌ ငွေအနည်းငယ်သာ ရှိသဖြင့် ပစ္စည်းအနည်းငယ်သာ ဝယ်ယူနိုင်ခဲ့၏။
သွမ့်ဟွေကျို၊ လန်ရွှယ်နှင့် ချန်ထျန်မင်းတို့ သုံးဦးစလုံးမှာ ဈေးမဆစ်ခဲ့ကြပေ။ ချန်ထျန်မင်းမှာ ဈေးသို့ တစ်ခါမျှ မရောက်ဖူးသဖြင့် ဈေးဆစ်ရမှန်းပင် မသိချေ။
လန်ရွှယ်နှင့် သွမ့်ဟွေ့ကျိုတို့မှာ သူတို့မာန်မာနကြောင့်သာ ဖြစ်လေ၏။ ဝယ်ယူနေသော ပစ္စည်းများမှာ နောက်တစ်ကြိမ် မလောက်မငှ ဖြစ်တော့မည်ကို မြင်သောအခါ နန်ချင်ဝမ်သည် ရိုက်ကူးရေးအဖွဲ့သားများကို အားနာမိသဖြင့် ဈေးသည်နှင့် သွားရောက်ဈေးဆစ်ခဲ့ရာ ဈေးနှုန်းကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့၏။
လန်ရွှယ် ချီးကျူးသလိုလို နှင့် ဆိုလိုက်၏။
“အစ်မချင်ဝမ်က ဈေးဆစ်တတ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ အစ်မ စောစောက ဘာမှမပြောတော့ ဈေးမဆစ်တတ်ဘူးလို့ ထင်နေတာ”
လန်ရွှယ်၏ စကားမှာ နန်ချင်ဝမ်သည် ဈေးဆစ်တတ်ပါလျက်နှင့် တမင်တကာ နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်ကြောင်း စောင်းမြောင်းပြောဆိုလိုက်ခြင်းနှင့် အတူတူပင်။
“ဘာလို့ စောစောက ဝင်မပြောတာလဲ၊ မင်းသာ ဈေးဆစ်တတ်မှန်း စောစောပြောရင် ငါတို့ ခုနက ပိုက်ဆံအများကြီး ကုန်မှာမဟုတ်ဘူး”
သွမ့်ဟွေကျို နန်ချင်ဝမ်ကို အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်ကာ ဆိုလေ၏။
နန်ချင်ဝမ်က အေးအေးဆေးဆေးပင်။
“ကျွန်မကလည်း မွေးကတည်းက ဈေးဆစ်တတ်လာတာ မဟုတ်ပါဘူး၊ လူတိုင်းက အချိန်ကြာလာတာနဲ့အမျှ သင်ယူရတာပဲလေ။ ရှင်တို့ကိုယ်တိုင် မကြိုးစားကြည့်ဘဲနဲ့ ဈေးမဆစ်တတ်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ”
နန်ချင်ဝမ် သူ့ကို စောင်းမြောင်းပြောဆိုရဲသည်ကို တွေ့ရသောအခါ သွမ့်ဟွေကျိုမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားတော့သည်။
“ငါတို့က နေ့တိုင်း အလုပ်တွေအများကြီးနဲ့ အလုပ်ရှုပ်နေတာ၊ မင်းလိုပဲ တစ်နေ့ကုန် ကလေးနောက် တကောက်ကောက် လိုက်နေရတယ်လို့ ထင်နေတာလား”
နန်ချင်ဝမ်မှာ ထိုစကားကို ကြားပြီး ရယ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူမသည် နေ့တိုင်း စောစောထကာ နံနက်စာပြင်ဆင်ပေးခြင်း၊ ကလေးကို ကျောင်းလိုက်ပို့ခြင်းနှင့် အိမ်သန့်ရှင်းရေးလုပ်ခြင်းတို့ကို လုပ်ဆောင်ရသည်။ အိမ်တွင် အိမ်ဖော်တစ်ယောက်မျှမရှိဘဲ အရာအားလုံးကို သူမကိုယ်တိုင် လုပ်ကိုင်ရသော်လည်း သွမ့်ဟွေကျို၏ မျက်လုံးထဲတွင်မူ သူမသည် တစ်နေ့ကုန် ကလေးနောက်တွင်သာ လိုက်နေသူအဖြစ် မြင်နေ၏။
သို့သော်လည်း နန်ချင်ဝမ်သည် သူ့နှင့် ထပ်မံ၍ အငြင်းမပွားလိုတော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းအတွက် သွမ့်ဟွေ့ကျိုအပေါ် ထားရှိခဲ့သော သူမ သံယောဇဉ်ကြိုးများမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှစ၍ ဈေးဝယ်သည့် တာဝန်အားလုံးကို နန်ချင်ဝမ်ကသာ တာဝန်ယူရ၏။ သူမသည် ဈေးသည်များနှင့် အပြတ်အသတ် ဈေးဆစ်ခဲ့ပြီး နောက်ဆုံးတွင် ယနေ့ညစာအတွက် လုံလောက်သော ပါဝင်ပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။
သူတို့ ပြန်ရောက်လာသောအခါ ချက်ပြုတ်သည့် တာဝန်ကို နန်ချင်ဝမ်ထံသို့သာ လွှဲပြောင်းပေးလိုက်ကြပြန်၏။
“ချင်းဝမ်၊ ကျွန်မရဲ့ဟင်းချက်လက်ရာက တကယ်ကို လိုအပ်ချက်ရှိနေလို့ ညစာအတွက်တော့ အစ်မ ကိုပဲ ဒုက္ခပေးရတော့မယ်”
လန်ရွှယ်သည် ထိုသို့ အားနာပါးနာနှင့် ပြောလိုက်သော်လည်း နန်ချင်ဝမ်ကို ဝိုင်းဝန်းကူညီရန် စိတ်ကူးပင် မရှိပေ။
အင်တာနက်အသုံးပြုသူများ၏ ဝေဖန်မှုကို မခံရစေရန်အတွက် နောက်ဆုံးတွင် သွမ့်ဟွေ့ကျိုသည် နန်ချင်ဝမ်ကို ကူညီရန် ရောက်လာခဲ့၏။ သို့သော် သွမ့်ဟွေကျို၏ ကူညီခြင်းဆိုသည်မှာ ပန်းကန်တစ်ခုခု ကမ်းပေးခြင်းလောက်သာ ဖြစ်လေသည်။
မီးဖိုချောင်မှာ အတော်လေး သေးငယ်သဖြင့် ကင်မရာသမားသည် အပြင်ဘက်မှသာ ရိုက်ကူးနိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူတို့၏ ကျောပြင်ကိုသာ မြင်တွေ့ရ၏။
သွမ့်ဟွေကျိုသည် အသံကိုနှိမ့်ကာ နန်ချင်ဝမ် ဘေးနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
“မင်း ဒီနေ့ ဘာတွေလုပ်နေတာလဲ၊ ချန်ထျန်မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်တာက နောက်ပိုင်း အနုပညာလောကမှာ ဘယ်လောက်အထိ သက်ရောက်မှုရှိမယ်ဆိုတာ မင်းသိရဲ့လား”
နန်ချင်ဝမ်ကမူ သူမဘာသာ ဟင်းကို ဆက်ချက်နေလေ၏။
“အဲဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ”
“ကျားကျားကသာ ချန်ဟောင်ယု နဲ့ ရင်းနှီးအောင် ပေါင်းနိုင်ရင် သူ့တစ်ဘဝလုံး စားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူးဆိုတာ မင်းသိရဲ့လား”
နန်ချင်ဝမ်သည် ဟင်းသီးဟင်းရွက် လှီးဖြတ်နေရာမှ ရပ်တန့်လိုက်ပြီး ဓားကို စဉ်းနှီတုံးပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ကာ ဒေါသတကြီးဖြင့် သွမ့်ဟွေကျိုကို စိုက်ကြည့်လိုက်၏။
“သွမ့်ဟွေကျို၊ ရှင် လူစိတ်ရော ရှိသေးရဲ့လား၊ ကျားကျားက အခုမှ ခုနစ်နှစ်ပဲ ရှိသေးတဲ့ ကလေးလေး၊ ရှင့်ရဲ့အတွေးတွေက ဘာလို့ ဒီလောက်တောင် ညစ်ပတ်နေရတာလဲ”
“ငါ့အတွေးတွေက ဘယ်လို ညစ်ပတ်နေလို့လဲ၊ ငါက သူကောင်းစားဖို့အတွက် လုပ်နေတာ”
သွမ့်ဟွေကျို ဇွတ်အတင်း ပြန်ပြောလေသည်။
နန်ချင်ဝမ် လှောင်ပြောင်ကာ ရယ်မောလိုက်၏။
“ရှင့်ဘာသာ ကောင်းစားဖို့အတွက် လုပ်နေတာလို့ပဲ ကျွန်မ ထင်တယ်။ သွမ့်ဟွေကျို၊ ရှင်က ကိုယ့်သမီးကိုတောင် အသုံးချရဲတဲ့ တိရစ္ဆာန်ထက် မသာတဲ့လူမျိုးမှန်း ကျွန်မ အရင်က ဘာလို့ သတိမထားမိခဲ့တာလဲ”
သွမ့်ဟွေကျိုသည် နန်ချင်ဝမ်၏ စကားကြောင့် အနာပေါ် တုတ်ကျသွားလေတော့သည်။
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ချန်မိသားစုနဲ့ ဆက်ဆံရေးရဖို့ လူဘယ်လောက်က ခေါင်းကွဲမတတ် ကြိုးစားနေရတယ်ဆိုတာ မင်းသိရဲ့လား။ ကျားကျား ချန်မိသားစုထဲကို အိမ်ထောင်ဖက်အဖြစ် မဝင်နိုင်ရင်တောင် ချန်ဟောင်ယု နဲ့ သူငယ်ချင်းကောင်း ဖြစ်နိုင်ခဲ့ရင် သူ့အနာဂတ် အနုပညာလမ်းကြောင်းက ချောမွေ့သွားမှာ မဟုတ်ဘူးလား”
“သွမ့်ဟွေကျို၊ ကျားကျားကို အနုပညာလောကထဲ ပေးဝင်ဖို့ လုံးဝ မစဉ်းစားနဲ့”
နန်ချင်ဝမ် သွမ့်ဟွေကျိုကို ဒေါသတကြီး စိုက်ကြည့်ကာ ဟန့်တားလိုက်၏။
“နန်ချင်ဝမ်၊ ကျားကျားကို မင်းကိုယ်တိုင် မွေးတာရော ဟုတ်ရဲ့လားကွာ။ သူကောင်းစားတာကို မင်းက ဘာလို့ ဒီလောက်တောင် မမြင်ချင် ဖြစ်နေရတာလဲ”
“ကျွန်မက ကျားကျား ကောင်းစားတာကို မမြင်ချင်ဘူး ဟုတ်လား”
နန်ချင်ဝမ်သည် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သမီးဖြစ်သူအား အခြားသူများကို ကပ်ဖားယပ်ဖား လုပ်ရသည့် အပြင် အနုပညာလောကဟူသော ရေညစ်ထဲသို့ မဝင်ရောက်စေလိုပေ။
ထိုအချက်များကြောင့် ယခု သူမက လူဆိုးမကြီး ဖြစ်နေပြီလော။
“သွမ့်ဟွေကျို၊ ရှင် ဘယ်လိုတောင် ပြောရဲရတာလဲ၊ ရှင့်ကိုယ်ရှင် ပြန်မေးကြည့်စမ်းပါ၊ ရှင်က ကျားကျားကို တကယ်ပဲ ဂရုစိုက်နေတာလား၊ ဒါမှမဟုတ် ကျားကျားကို အသုံးချပြီး ရှင့်အတွက် အကျိုးအမြတ် ရဖို့ပဲ ကြည့်နေတာလား”
သွမ့်ဟွေကျို၏ စိတ်ရင်းကို နန်ချင်ဝမ်က ဖော်ထုတ်လိုက်သော်လည်း သူသည် ဝန်မခံဘဲ ငြင်းဆန်ပြန်၏။
“ကျားကျားက ငါ့သမီးပဲ၊၊ ငါက သူ့အဖေတစ်ယောက်အနေနဲ့ ဂရုစိုက်တာပေါ့”
နန်ချင်ဝမ်က ရယ်မောလိုက်၏။
“ရှင့်ရဲ့ ဂရုစိုက်မှုဆိုတာက ကျားကျား နေမကောင်းဖြစ်တုန်းက တစ်ခါမှ ပြုစုမပေးခဲ့တာလား၊ ဒါမှမဟုတ် သူ သုံးနှစ်သားကတည်းက မွေးနေ့မှာတောင် အတူရှိပေးဖို့ အချိန်မပေးခဲ့တာလား”
“ငါက အလုပ်တွေနဲ့ အလုပ်ရှုပ်နေတာလေ မဟုတ်ဘူးလား”
သွမ့်ဟွေကျို အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။
အမှန်တကယ်တွင် သွမ့်ကျားကျား နေမကောင်းဖြစ်ခဲ့စဉ်က နန်ချင်ဝမ်သည် သူမကို သေချာပေါက် ဂရုစိုက်မည်ကို သိသောကြောင့် သူသည် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်ပြီး သူမ၏မွေးနေ့တွင်မူ လန်ရွှယ်၏မွေးနေ့က သွမ့်ကျားကျား၏မွေးနေ့နှင့် တစ်ရက်တည်း ကျရောက်နေခြင်းကြောင့် ဖြစ်လေသည်။
လန်ရွှယ်နှင့် သိကျွမ်းခဲ့ပြီးကတည်းက သူသည် လန်ရွှယ်၏ မွေးနေ့တိုင်းကို သူမနှင့်အတူ ဖြတ်သန်းခဲ့၏။
“ဒါဆိုရင် ကျားကျားကို တစ်ကြိမ်ပြီးတစ်ကြိမ် စိတ်ဒဏ်ရာရအောင် လုပ်နေတာကရော။ သွမ့်ဟွေကျို၊ ရှင့်ကိုယ်ရှင်အတွက် ဘာလို့ အကြောင်းပြချက်တွေ အများကြီး ရှာနေရတာလဲ”
နန်ချင်ဝမ်သညိ သွမ့်ဟွေကျိုကို လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်၏။
တစ်ချိန်က ရှိခဲ့ဖူးသော အချစ်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ယခုအခါ သွမ့်ဟွေကျိုအပေါ် မုန်းတီးမှုသာ ကျန်ရှိတော့၏။
“မင်း ဘာပဲပြောပြော၊ ကျားကျားကို စောင့်ရှောက်ခွင့်ရဖို့ ငါ အဆုံးထိ ကြိုးစားမှာပဲ”
သွမ့်ဟွေကျိုက အခိုင်အမာ ပြောဆိုလိုက်သည်။
နန်ချင်ဝမ်သည် သူမ၏လက်ထဲရှိ မီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်ကာ ပြန်ပြောလိုက်၏။
“ရှင့်ကို လုံးဝ ပေးမှာမဟုတ်ဘူး။ ရှင့်လိုလူမျိုးက ကျားကျား အဖေဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး”
သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်၏။
“ဒါဆို ဘယ်သူ အနိုင်ရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဒါပေမဲ့ ကျားကျား ငါ့နောက်လိုက်လာရင်တော့ မင်းကို သူနဲ့ ထပ်ပေးတွေ့မှာ မဟုတ်ဘူး။ ငါ့သမီးက မင်းရဲ့လွှမ်းမိုးမှုတွေ ခံရမှာကို ငါအလိုမရှိဘူး”
“သွမ့်ဟွေကျို၊ ရှင်က တကယ်ကို လူစိတ်မရှိတဲ့သူပဲ”
နန်ချင်ဝမ်သည် အလွန်အမင်း ဒေါသထွက်နေသဖြင့် မျက်ဝန်းများပင် နီမြန်းလာကာ ဤလူယုတ်မာ သွမ့်ဟွေကျိုကို မီးဖိုချောင်သုံးဓားဖြင့် ခုတ်သတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
အပြင်ဘက်တွင်မူ သွမ့်ကျားကျားလေးမှာ သူမ၏ မိဘနှစ်ပါးသည် သူမကို စောင့်ရှောက်ခွင့်ရရန်အတွက် တရားရင်ဆိုင်ရတော့မည်ကို လုံးဝ မသိရှာပေ။
နန်ချင်ဝမ်၏ ဟင်းချက်လက်ရာမှာ အမှန်တကယ်ပင် ကောင်းမွန်လှသဖြင့် ရိုက်ကူးရေးအဖွဲ့သားများမှာ နောက်ဆုံးတွင် ဗိုက်ဝအောင် စားသောက်နိုင်ခဲ့ကြသည်။
ချန်ထျန်မင်း သည် ချန်ဟောင်ယုကို ဘာတွေပြောခဲ့မှန်း မသိသော်လည်း ချန်ဟောင်ယု သည် ယခုတစ်ကြိမ်တွင် လိမ်မာစွာ ထမင်းဘူးကို စားသောက်ခဲ့သည့်အပြင် နံနက်ပိုင်းက သူ၏ အပြုအမူအတွက်လည်း ပြန်လည်သုံးသပ်ပြခဲ့၏။ ဤအချက်သည် အင်တာနက်ပရိသတ်အချို့၏ သူအပေါ်ထားရှိသော အထင်အမြင်ကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
စားသောက်နေစဉ်အတွင်း နန်ချင်ဝမ်သည် သွမ့်ကျားကျားကို သူမ ဘေးတွင်သာ ခေါ်ထား၏။ အကြည့်တစ်ချက် လွှဲမိသွားချိန် ကျားကျားလေးပျောက်သွားပြီး နောက်တစ်ကြိမ် မတွေ့ရတော့မည်ကို သူမ စိုးရိမ်နေမိသည်။
အခန်း (၈၀)
အမုန်းတရားများ
ဖျော်ဖြေရေးအစီအစဉ် ရိုက်ကူးရေး ပြီးဆုံးသွားချိန်တွင် လန်ရွှယ်သည် လူမှုကွန်ရက်စာမျက်နှာထက်သို့ လော့ဂ်အင်ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် လူစားထိုးတစ်ဦးသာ ဖြစ်သည်ဟူသော ခေါင်းစဉ်မှာ ရေပန်းအစားဆုံး သတင်းများစာရင်းထဲသို့ တိုက်ရိုက် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
သူမ ဒေါသအလိပ်လိပ် ထွက်လာပြီး လက်ကိုင်ဖုန်းကို လွှင့်ပစ်လိုက်မိတော့သည်။
သို့သော်လည်း ချန်ထျန်မင်းကို မည်သည့်စကားတစ်ခွန်းမှ မပြောရဲသဖြင့် နာကျည်းမှုကို မျိုသိပ်ထားရုံမှတစ်ပါး အခြားမရှိပေ။
သူမနှင့် မတည့်ကြသည့် အနုပညာလောကထဲမှ နာမည်ကျော်အချို့ကလည်း သူမကို လှောင်ပြောင်ရန် တမင်သက်သက် စောင်းမြောင်းရေးကာ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ကြသည်။
ယခုအခါတွင် သူမသည် လူစားထိုး သရုပ်ဆောင်တစ်ဦးသာ ဖြစ်ကြောင်း တစ်လောကလုံးက သိရှိသွားကြပြီး အချို့က သူမနှင့် ချန်ထျန်မင်းတို့ အနှေးနှင့်အမြန် ကွာရှင်းကြလိမ့်မည်ဟုပင် ဆိုနေကြတော့သည်။
ဤကိစ္စကပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေပြီ ဖြစ်သော်လည်း ‘ကံဆိုးသွားရာ မိုးလိုက်လို့ရွာ’ဆိုသကဲ့သို့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တွင်လည်း ပြဿနာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။
ချန်ထျန်မင်းမှ အတင်းအကျပ် ထည့်သွင်းပေးထားသော သူဌေးသားလေး စုယန်သည် ရိုက်ကူးရေးကွင်း၌ လူတစ်ယောက်ကို ရိုက်နှက်ခဲ့ခြင်းပင်။
သရုပ်ဆောင်တစ်ဦးက သူ့သရုပ်ဆောင်ကွက်မှာ အဆင့်မမီကြောင်း ပြောဆိုလိုက်မိရုံမျှဖြင့် စုယန်မှာ အရှက်ရသွားပြီး ဒေါသအချောင်းချောင်းထွက်လျက် ထိုလူကို မြေပြင်ပေါ်သို့ ဖိနှိပ်ကာ ထိုးကြိတ်လေတော့သည်။
စုယန်သည် ယခင်က လက်ဝှေ့ပညာကို သင်ယူဖူးသူဖြစ်ရာ ထိုအနုပညာရှင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး မျက်နှာပင် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည်။
အဆိုးဝါးဆုံးအချက်မှာ ထိုဖြစ်ရပ်ကို ပါပါရာဇီသတင်းထောက်များက မှတ်တမ်းတင်နိုင်ခဲ့ခြင်းပင်။
မူလက စုယန်သည် အခြားရိုက်ကူးရေးတစ်ခုတွင် လူရိုက်နှက်ခဲ့သည့် ကိစ္စကို စုချန်ချင်းက ငွေကုန်ကြေးကျခံကာ ဖုံးဖိထားခဲ့သော်လည်း၊ ယခုအခါတွင် အရင်က ကိစ္စဟောင်းများပါ ပြန်လည်တူးဆွခံလိုက်ရတော့၏။
အင်တာနက်အသုံးပြုသူများမှာ ရုပ်ရှင်အဖွဲ့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ အလုံးအရင်းနှင့် ရောက်ရှိလာပြီး သူ့ကို အစားထိုး လဲလှယ်ပေးရန် တောင်းဆိုကြတော့သည်။
သို့သော်လည်း စုယန်မှာ ဒုတိယမင်းသားနေရာမှ သရုပ်ဆောင်နေခြင်းဖြစ်ပြီး ဇာတ်ဝင်ခန်း တော်တော်များများကို ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်သည်။ အကယ်၍ နောက်ဆုံးမိနစ်မှ အစားထိုးမည်ဆိုပါက ကုန်ကျစရိတ်ကို ထည့်မဆိုခင် ရိုက်ကူးရေးအဖွဲ့အတွက် အချိန်အလုံအလောက် မရှိတော့ပေ။
လန်ရွှယ်သည် “ကြယ်ပွင့်မိသားစု” အစီအစဉ်၏ နောက်ဆုံးအပိုင်းအပြီးတွင် ရရှိလာမည့် လူကြိုက်များမှုကို အခွင့်ကောင်းယူကာ ဤရုပ်ရှင်ကို ချက်ချင်းဖြန့်ချီရန် စီစဉ်ထား၏။
ယခုလို အခြေအနေမျိုးတွင် လူစားမလဲပေးပါက အင်တာနက်အသုံးပြုသူများမှာ ကျေနပ်ကြလိမ့်မည် မဟုတ်ပေ။ လန်ရွှယ်မှာ အတော်လေး စိတ်ညစ်နေသည်။
ဤအဖြစ်အပျက်အပြီးတွင် စုချန်ချင်းနှင့် ဟိုင်ထျန်ဖျော်ဖြေရေးအဖွဲ့၏ တရားဝင်အကောင့်တို့မှ ရေပန်းစားနေသည့် သတင်းများကို ချက်ချင်းဖုံးဖိရန် ကြိုးစားခဲ့သော်လည်း လူမှုကွန်ရက်အသုံးပြုသူများမှာ အသေးစိတ်အချက်အလက်များကို သိရှိသွားကြပြီဖြစ်ရာ ရှာဖွေမှုရလဒ်များကို ပိတ်ပင်ထားခြင်းသည် အလကားသာ ဖြစ်သွားခဲ့သည်။
စုချန်ချင်းသည် ချန်လုပ်ငန်းစုဆီသို့ တိုက်ရိုက်သွားရောက်ကာ ချန်ထျန်မင်းကို ထပ်မံရှာဖွေခဲ့၏။
“ဥက္ကဌချန်... ဒီကိစ္စမှာ ကျွန်တော့်ကို ကူညီဖို့ နည်းလမ်းတစ်ခုခု ရှာပေးရမယ်။ သားက ဒီရုပ်ရှင်ရိုက်ဖို့ အတော်လေး ကြိုးစားခဲ့တာ၊ အကယ်၍ နောက်ဆုံးအချိန်ကျမှ အစားထိုးခံလိုက်ရရင် သူ သေချာပေါက် လက်ခံနိုင်မှာ မဟုတ်ဘူး”
စုချန်ချင်းသည် စုယန်အတွက် အမှန်တကယ်ပင် အောက်ကျနောက်ကျ တောင်းဆိုနေ၏။
ချန်ထျန်မင်းသည်လည်း ဤကဲ့သို့ အကျိုးအမြတ်ရမည့် အခွင့်အရေးကို လက်လွှတ်မခံပေ။ သူသည် စုယန်ကို အစားထိုးမည်မဟုတ်သကဲ့သို့ ဇာတ်ဝင်ခန်းများကိုလည်း ဖြတ်တောက်ပစ်မည် မဟုတ်ကြောင်း ကတိပေးခဲ့သည်။
အပြန်အလှန်အားဖြင့် စုချန်ချင်းဘက်မှ လုံလောက်သော အကျိုးအမြတ်များကို ပြန်ပေးဆပ်ခဲ့ရသည်။ စုချန်ချင်းမှာ အခြားရွေးချယ်စရာမရှိဘဲ စီမံကိန်းအချို့ကို ချန်ထျန်မင်းထံ အခမဲ့ လွှဲပြောင်းပေးခဲ့ရတော့သည်။
အိမ်သို့ပြန်ရောက်သောအခါ ချန်ထျန်မင်းသည် လန်ရွှယ်ကို ထိုအကြောင်းကို ပြောပြလေ၏။
“စုယန် နေရာကို အစားထိုးမှ ရလိမ့်မယ်၊ ကျွန်မရဲ့ ပရိသတ်တွေက ကျွန်မပို့စ်တွေအောက်မှာ ဆူပူနေကြပြီ။ အကယ်၍ စုယန်ကို အစားမထိုးရင် ပရိသတ်တွေ အများကြီး လျော့သွားလိမ့်မယ်”
လန်ရွှယ်သည် ချန်ထျန်မင်း၏ လုပ်ရပ်ကို လုံးဝ သဘောမတူပေ။ ဤကဲ့သို့သောသူကို ရိုက်ကူးရေးအဖွဲ့တွင် ဆက်ထားမည်ဆိုပါက ထုတ်လုပ်ရေးအဖွဲ့အပေါ် အလွန်ကြီးမားသော သက်ရောက်မှုကို ဖြစ်စေလိမ့်မည်။
ချန်ထျန်မင်း စိတ်ပြောင်းမည့်ပုံမပေါ်သည်ကို တွေ့သောအခါ လန်ရွှယ်က အလျှော့ပေးသည့်အနေဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ... အစားထိုးမလဲဘူးဆိုရင်တောင် သူ့ရဲ့ ဇာတ်ဝင်ခန်းတချို့ကိုတော့ ဖြတ်ထုတ်ရမယ်။ သူက ဒုတိယမင်းသားနေရာမှာ မရှိသင့်တော့ဘူး”
လန်ရွှယ်သည် သူမအနေဖြင့် အတော်လေး လိုက်လျောပေးလိုက်ပြီဖြစ်၍ ချန်ထျန်မင်းဘက်မှ ကျေနပ်လိမ့်မည်ဟု ထင်ခဲ့သည်။ မမျှော်လင့်ဘဲ ချန်ထျန်မင်းက မျက်မှောင်ကြုတ်ကာ ဆိုလေ၏။
“ဇာတ်ဝင်ခန်းတွေကို ဖြတ်လို့မရဘူး။ ငါ ဥက္ကဌစုကို ကတိပေးပြီးသွားပြီ”
လန်ရွှယ်၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း ဒေါသကို ထိန်းချုပ်ကာ နူးညံ့သောအသံဖြင့် ပြောလိုက်ပြန်သည်။
“ အစားထိုးလို့လည်း မရဘူး ၊ ဇာတ်ဝင်ခန်းတွေကိုလည်း မဖြတ်ဘူးဆိုရင် သူ့လုပ်ရပ်က ရိုက်ကူးရေးအဖွဲ့အပေါ်မှာ သက်ရောက်မှု အရမ်းများသွားလိမ့်မယ်။ အခုဆို အင်တာနက်အသုံးပြုသူတွေက ရိုက်ကူးရေးအဖွဲ့ရဲ့ တရားဝင်အကောင့်မှာ သူ့ကို အစားထိုးဖို့ တောင်းဆိုနေကြပြီ။ အကယ်၍ ဘာမှမလုပ်ဘူးဆိုရင် ရုပ်ရှင်ရဲ့ ဝင်ငွေကို သေချာပေါက် ထိခိုက်လိမ့်မယ်”
“ဒါကို ပြည်သူ့ဆက်ဆံရေးဌာနက ကိုင်တွယ်လိမ့်မယ်၊ မင်း ဘာလို့ ဒီလောက်ကြီးကျယ်နေရတာလဲ”
ချန်ထျန်မင်း စိတ်မရှည်သော အကြည့်ဖြင့် ပြောလိုက်သည်။
“ဒီကိစ္စက နေရာတိုင်းမှာ ပျံ့နေတာလေ၊ သူတို့က ဘယ်လိုလုပ် ကိုင်တွယ်နိုင်မှာလဲ။ သူ့ရဲ့ ဒုတိယမင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို ပြောင်းလဲရမယ်၊ မဟုတ်ရင် ကျွန်မအပေါ်မှာရော ပရိသတ်တွေရဲ့ အမြင်အပေါ်မှာပါ အကျိုးသက်ရောက်မှု အရမ်းကြီးလိမ့်မယ်”
လန်ရွှယ်သည် ချန်ထျန်မင်း၏ ဂရုမစိုက်သော အမူအရာကို မုန်းတီးနေမိသည်။ သူမ တည်ဆောက်ထားသော ပုံရိပ်မှာ နူးညံ့သိမ်မွေ့သော “ကြာဖြူမလေး” ကဲ့သို့ဖြစ်ပြီး ဤဇာတ်ညွှန်းကို သူမ တာဝန်ယူထားကြောင်း လူတိုင်း သိကြသည်။ အကယ်၍ စုယန်အပေါ် မည်သည့်အရေးယူမှုမှ မရှိပါက သူမအပေါ်တွင် သက်ရောက်မှု ရှိလာနိုင်သည်။
“ငါ ပြောပြီးပြီလေ၊ ဥက္ကဌစုကို ငါ ကတိပေးထားပြီးသား။ ဥက္ကဌစုက ကုမ္ပဏီအတွက် ဘယ်လောက်တောင် အကျိုးအမြတ်တွေ ယူဆောင်ပေးခဲ့သလဲဆိုတာ မင်းသိလား။ မင်းဘက်က နည်းနည်းပါးပါး အနစ်နာခံရတာ ဘာဖြစ်လို့လဲ”
ချန်ထျန်မင်းက စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။ ယခုအခါ လန်ရွှယ်သည် အခြေအနေအရပ်ရပ်ကို နားမလည်ဘဲ ဂျစ်ကန်နေသည်ဟု သူ ခံစားနေရသည်။ သူမ၏ ဂုဏ်သိက္ခာက ကုမ္ပဏီ၏ အကျိုးအမြတ်နှင့် မည်သို့ယှဉ်နိုင်မည်နည်း။
လန်ရွှယ်သည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိ၏။
ပြီးခဲ့သည့်အကြိမ်က ဖျော်ဖြေရေးအစီအစဉ်တွင်လည်း ချန်ထျန်မင်းသည် သူမ မျက်နှာကို မထောက်ထားခဲ့ပေ။ ယခုတွင်လည်း ကုမ္ပဏီ၏ အကျိုးစီးပွားအတွက် သူမကို စတေးနေပြန်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချန်ထျန်မင်း၏ နှလုံးသားထဲတွင် မိမိသည် အရေးမပါလှပေ။ သူ ဂရုစိုက်သည်မှာ ထိုအတောမသတ်နိုင်သည့် မိန်းမနှင့် ထိုမိန်းမက မွေးထားသော သားကိုသာ ဖြစ်သည်။
လန်ရွှယ် ခေါင်းငုံ့ကာ ငြိမ်သက်နေသည်ကို ကြည့်ရင်း ချန်ထျန်မင်းသည် မျက်မှောင်ကြုတ်လိုက်၏။
“ကဲပါ... မင်းအရင်က ဝယ်ချင်နေတဲ့ အိတ်ရှိတယ်မလား။ ခဏနေရင် ငါ ပိုက်ဆံလွှဲပေးလိုက်မယ်”
လန်ရွှယ်သည် ယခင်က သိန်း ငါးဆယ်ကျော်တန်ဖိုးရှိသော အိတ်တစ်လုံးကို သဘောကျခဲ့သော်လည်း ချန်ထျန်မင်းက ဈေးကြီးလွန်းသည်ဟု ယူဆကာ ဝယ်မပေးခဲ့ပေ။
အကယ်၍ ယခင်ကသာ ဖြစ်ပါက လန်ရွှယ် အလွန်ဝမ်းသာနေမည် ဖြစ်သော်လည်း ယခုအခါတွင်မူ ဤသည်မှာ သူမ ပါးကိုရိုက်ပြီးမှ ပစ္စည်းဝယ်ပေးကာ ချော့မြှူခြင်းသာ ဖြစ်လေတော့သည်။
အဆုံးသတ်တွင် စုယန်မှာ အစားထိုးမခံရသည့်အပြင် သူ၏ ရိုက်ကွက်များမှာလည်း တစ်ကွက်မှ ဖြတ်တောက် မခံခဲ့ရပေ။
သူ၏ ရိုက်နှက်မှုနှင့် ပတ်သက်၍မူ ရိုက်ကူးရေးအဖွဲ့က ပေးသော ရှင်းလင်းချက်မှာ ၎င်းတို့ နှစ်ဦးအကြားတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခများရှိနေခြင်းကြောင့် ဖြစ်ပြီး ထိုအနုပညာရှင်ကသာ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းထားသည်။
ထို့အပြင် စုယန်သည် ထိုသူကို တောင်းပန်ခဲ့ပြီး ဆေးကုသစရိတ်အားလုံးကိုလည်း တာဝန်ယူမည်ဖြစ်ကြောင်း ဖော်ပြခဲ့လေ၏။
စုချန်ချင်းသည်လည်း ထိုအနုပညာရှင်ကို ငွေအမြောက်အမြားပေးကာ မိမိကသာ စတင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခိုင်းခဲ့၏။
အင်တာနက်အသုံးပြုသူအချို့မှာ ထိုရှင်းလင်းချက်ကို ယုံကြည်ကြသော်လည်း ဖျော်ဖြေရေးလောကအကြောင်း နားလည်သူများကမူ ဤသည်မှာ ငွေဖြင့် အမှန်တရားကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ကြောင်း သိကြလေသည်။
လန်ရွှယ်၏ ထိပ်တန်းပရိသတ်များထဲတွင် အနုပညာလောကထဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူတစ်ဦးရှိပြီး ရိုက်ကူးရေးအဖွဲ့က စုယန်ကို တမင်သက်သက် ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း သူမ ချက်ချင်း ရိပ်မိခဲ့၏။
ထိုပရိသတ်မှာ အာဏာကို အလွဲသုံးစားလုပ်ကာ အခြားသူများအပေါ် နှိပ်စက်သူများကို အလွန် မုန်းတီးသူဖြစ်၏။ သူမသည် မူလက လန်ရွှယ်၏ ပရိသတ် ဖြစ်လာရခြင်းမှာ လန်ရွှယ်သည် ဖျော်ဖြေရေးအစီအစဉ်တစ်ခုတွင် နာမည်မရှိသော အနုပညာရှင်ငယ်လေးတစ်ဦးဘက်မှ ကာကွယ်ပေးခဲ့ပြီး အရင်းရှင်များကို ဘယ်သောအခါမှ မမြှောက်ပင့်ခဲ့သောကြောင့် ပင်။
ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် သူမသည် လူမှုကွန်ရက်ပေါ်မှတစ်ဆင့် လန်ရွှယ်ထံသို့ စာတိုတစ်စောင် ချက်ချင်း ပေးပို့ခဲ့သည်။ လန်ရွှယ်အနေဖြင့် ထိုကဲ့သို့သောသူကို ရိုက်ကူးရေးအဖွဲ့မှ သေချာပေါက် နှင်ထုတ်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သို့သော်လည်း ရိုက်ကူးရေးအဖွဲ့က ဆင်ခြေတစ်ခုပေးကာ ကိစ္စကို ဖုံးဖိလိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
လန်ရွှယ်ကိုယ်တိုင်ကလည်း ဤဆုံးဖြတ်ချက်များမှာ ရိုက်ကူးရေးအဖွဲ့ဝင်များ၏ ဆွေးနွေးမှုရလဒ်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သော်လည်း ထိုပရိသတ်ကမူ ဤထုတ်လုပ်ရေး၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူမှာ လန်ရွှယ်၏ ခင်ပွန်းဖြစ်ပြီး သူသည် ဟိုင်ထျန်ဖျော်ဖြေရေး၏ ရှယ်ယာရှင်တစ်ဦးလည်း ဖြစ်ကြောင်း သိထားလေ၏။ ဤဆုံးဖြတ်ချက်ကို လန်ရွှယ် မသိရှိနိုင်ခြင်းမှာ မဖြစ်နိုင်ပေ။
ထိုထိပ်တန်းပရိသတ်သည် လူမှုကွန်ရက်ပေါ်တွင် သူမအနေဖြင့် လန်ရွှယ်ပရိသတ်အဖွဲ့ကြီးထဲကနေ ထွက်ခွာလိုက်ပြီဖြစ်ကြောင်းနှင့် လန်ရွှယ်အကြောင်း မြှောက်ပင့် ဆွေးနွေးကြသည့် အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တိုက်ရိုက် ကြေညာခဲ့လေ၏။ ထိုထိပ်တန်းပရိသတ် ထွက်ခွာသွားသည်ကို မြင်သောအခါ အခြားပရိသတ် များစွာကလည်း လိုက်လံထွက်ခွာသွားကြတော့သည်။
လန်ရွှယ်၏ ပရိသတ်အရေအတွက်မှာ အယောက် (၂၀၀၀၀) ကျော်ခန့် လျော့ကျသွားတော့၏။
လန်ရွှယ်သည် အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း ပရိသတ်အချို့ကို ပြန်လည်ထိန်းသိမ်းနိုင်ရန် သူမ၏ လှပသော ဓာတ်ပုံများကို ဆက်တိုက်တင်ရုံမှတစ်ပါး အခြားမရှိပေ။
သို့သော်လည်း သူမ ဘာပဲလုပ်လုပ် အများပြည်သူကြားရှိ သူမ၏ ဂုဏ်သတင်းမှာ အလွန်ထိခိုက်သွားခဲ့ပြီဖြစ်ရာ အချို့က သူမ၏ စရိုက်လက္ခဏာမှာ အစစ်အမှန် ဟုတ်မဟုတ်ကိုပင် သံသယဝင်လာကြတော့၏။
နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့သမျှ အရာအားလုံးသည် ပျက်စီးသွားခဲ့သဖြင့် ချန်ထျန်မင်းအပေါ် ထားရှိသော လန်ရွှယ်၏ အမုန်းတရားမှာ ပို၍ပင် နက်ရှိုင်းလာခဲ့လေတော့သည်။