အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း (၈၁)
ရိုက်ကူးရေး
ယဲ့ယီသည် လန်ရွှယ်၏ ရိုက်ကူးရေးအဖွဲ့မှ ကိစ္စရပ်များကို အာရုံစိုက်ရန်အချိန်မရှိပေ။ အမှန်အတိုင်း ပြောရပါက လန်ရွှယ်၏အဖွဲ့ ပိုမိုရှုပ်ထွေးလေ သူမတို့အတွက် ပို၍ပင် အကျိုးရှိလေဖြစ်သည်။
ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများမှာ များစွာ မကျန်တော့သော်လည်း အလွန် အရေးကြီးသောနေရာ၌ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းတစ်ခန်း ကျန်ရှိနေသေး၏။
ဤရိုက်ကူးရေးမှာ တောင်တက်လာသူ တစ်ဦးသည် ခရီးဆောင်လက်ဆွဲ သေတ္တာအိတ် တစ်လုံးကို တွေ့ရှိခဲ့ပြီး ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် အလောင်းတစ်လောင်း တွေ့ရှိသွားရာမှ ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ရသည့် အကြောင်းအရာပင် ဖြစ်သည်။
ခေါင်းဆောင်မင်းသမီးမှာလည်း ရဲအရာရှိတစ်ဦးနှင့်အတူ ထိုတောင်ပေါ်သို့ တောင်တက်လာချိန်နှင့် တိုက်ဆိုင်နေခဲ့၏။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် သူတို့နှစ်ဦးမှာ အလောင်းစွန့်ပစ်ရာ နေရာသို့ လိုက်ပါသွားခဲ့ကြရာမှ ထိုအလောင်းမှာ ခေါင်းဆောင်မင်းသမီး၏ မွေးစားဖခင် ဖြစ်နေသည်ကို ရှာဖွေတွေ့ရှိသွားကြတော့သည်။
ရိုက်ကူးရေးအဖွဲ့နှင့် အနီးဆုံးတောင်မှာ ကီလိုမီတာ ၅၀ ကျော် ဝေးကွာနေသေးသဖြင့် အဖွဲ့သားများသည် တဲများနှင့် အခြားလိုအပ်သော ပစ္စည်းကိရိယာများကို ယူဆောင်လျက် တောင်ပေါ်တွင် စခန်းချရန် ပြင်ဆင်ကြသည်။
ယဲ့ယီသည် ပစ္စည်းများ ထုပ်ပိုးနေစဉ်တွင် ကုရှီချန်းက မေးမြန်းလာ၏။ သူမသည် အပြင်တွင် ရိုက်ကူးရေး လုပ်ရမည့်အကြောင်း သိရှိပြီးနောက် ကုရှီချန်းက သူပါ လိုက်မည်ဟု ချက်ချင်းပင် ဆိုလေတော့သည်။
ယဲ့ယီ ကုရှီချန်းကို ဝေခွဲမရသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
“ရှင်က ဘာလိုက်လုပ်မှာလဲ”
[သူ့လို အလုပ်များတဲ့ စီအီးအိုကြီးက ကုမ္ပဏီကိစ္စတွေကို မစီမံဘဲ ရိုက်ကူးရေးအဖွဲ့နောက်ကို လိုက်ချင်နေတယ်ပေါ့။ ကုမ္ပဏီ ဒေဝါလီခံရမှာကို သူ မကြောက်ဘူးလား မသိဘူး]
“လူဆိုတာ အလုပ်အပြင် အနားယူရတယ်တဲ့၊ မင်းတို့နဲ့အတူ ရှုခင်းတွေ သွားကြည့်ဖို့ အခွင့်ကောင်းပဲပေါ့”
ကုရှီချန်းသည် သဘာဝကျကျ ပြောလိုက်သည်။
“ဒါဆို ကုစဲ့ကရော”
“အိမ်မှာ ကလေးထိန်းရှိတာပဲ၊ သူ ထမင်းငတ်မှာ မဟုတ်ပါဘူး”
ကုရှီချန်းက သူ့သားဖြစ်သူကို တုံ့ဆိုင်းမှုမရှိ ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။
ကုရှီချန်းဘက်မှ ထိုသို့ပြောလာသဖြင့် ယဲ့ယီလည်း ဘာမှ ထပ်မပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ ကုရှီချန်းသည် ရိုက်ကူးရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို ထိခိုက်လိမ့်မည် မဟုတ်ပေ။
ယဲ့ယီသည် မိုးလေဝသခန့်မှန်းချက်ကို အထူးတလည် စစ်ဆေးကြည့်ရာ ယနေ့ တောင်ပေါ်တွင် မိုးဖွဲဖွဲရွာနိုင်ကြောင်း ပြသနေသဖြင့် ၎င်းမှာ သူတို့ ရိုက်ကူးမည့် အကြောင်းအရာနှင့် အလွန်ပင် တိုင်ဆိုင်နေခဲ့၏။
ကုရှီချန်းသည် သူ၏ ကားဂိုဒေါင်ထဲမှ တောလမ်းမောင်း ကားတစ်စီးကို အထူးထုတ်ယူလာခဲ့သည်။ ကုရှီချန်း ကိုယ်တိုင် မောင်းနှင်မည်ဖြစ်သဖြင့် ယဲ့ယီလည်း မျက်နှာသာပေးသည့်အနေဖြင့် သူနှင့်အတူ လိုက်ပါစီးနင်းခဲ့သည်။
သို့သော် ရိုက်ကူးရေးအဖွဲ့တွင် လူဦးရေ များပြားလွန်းလှပြီး မူလပြင်ဆင်ထားသော ကားများမှာ လူမဆံ့သဖြင့် ကျီချန်ဖန်နှင့် တုန်မင်ရွှမ်တို့လည်း ကုရှီချန်း၏ ကားပေါ်တွင် လိုက်ပါစီးနင်းခဲ့ကြရသည်။
လမ်းတစ်လျှောက်တွင် ထိုသုံးဦးမှာ ရုပ်ရှင်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုသာ ဆွေးနွေးနေကြသဖြင့် ကုရှီချန်းမှာ ကားဆရာတစ်ဦးသဖွယ် ဖြစ်နေလေတော့၏။
ကားဆရာကု မှာ အကူအညီမဲ့နေသော်လည်း အခြားနည်းလမ်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် အလုပ်အကြောင်း ဆွေးနွေးနေကြခြင်းဖြစ်သောကြောင့် သူ့အနေဖြင့် ဘာတတ်နိုင်မည်နည်း။
စိတ်အေးအေးထားကာ ကားကိုသာ မှန်မှန်မောင်းနေခဲ့ရသည်။
တောင်ပေါ်တွင် လမ်းများရှိသော်လည်း မြေသားလမ်းများသာ ဖြစ်ကြ၏။ ကံကောင်းထောက်မစွာဖြင့် မိုးဖွဲဖွဲသာ ရွာသွန်းခဲ့သည်။
အကယ်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါက သူတို့ အားလုံး တောင်ပေါ်သို့ တက်နိုင်ကြမည် မဟုတ်ပေ။
တောင်ပေါ်သို့ ရောက်ရှိပြီးနောက် ရိုက်ကူးရေးအဖွဲ့သည် ရိုက်ကွင်းပြင်ဆင်မှုများကို ချက်ချင်း စတင်ခဲ့ကြသည်။ ယဲ့ယီသည် ဒါရိုက်တာနှင့်အတူ ပြင်ဆင်မှုများကို အလုပ်ရှုပ်ခံကာ ညွှန်ကြားနေခဲ့ပြီး ကုရှီချန်းမှာလည်း အငြိမ်မနေဘဲ အဖွဲ့သားများကို ရိုက်ကွင်းပြင်ဆင်ရာတွင် ကူညီပေးနေခဲ့သည်။
ကုရှီချန်းသည် အားလုံးနှင့်အတူ တက်ကြွစွာ ကူညီလုပ်ကိုင်ပေးနေသည်ကို ကြည့်ရင်း သူအပေါ်ထားရှိသော ယဲ့ယီ၏အမြင်မှာ အတန်ငယ် တိုးတက်လာခဲ့၏။ကုရှီချန်းသည် ကြီးကျယ်သော ဉက္ကဌကြီး ဖြစ်သော်လည်း ရိုက်ကူးရေးအဖွဲ့တွင် ဘဝင်မြင့်ခြင်း အလျဉ်းမရှိပေ။ စကားနည်းသော်လည်း အလွန်ပင် ပေါင်းသင်းရ လွယ်ကူသူဖြစ်၏။
ရိုက်ကွင်းပြင်ဆင်ပြီးသည်နှင့် ရိုက်ကူးရေးကို နှောင့်နှေးမှုမရှိဘဲ စတင်ခဲ့ကြသည်။ မိုးဖွဲဖွဲရွာနေသော်လည်း အဖွဲ့သားများမှာ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ကြပြီး သရုပ်ဆောင်များမှာလည်း အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် သူတို့၏ ခွန်အားများကို အပြည့်အဝ ထုတ်သုံးကာ တစ်ခါတည်းနှင့် အောင်မြင်အောင် ကြိုးစားခဲ့ကြ၏။
သို့သော် ရာသီဥတုကြောင့် မှုခင်းဆေးပညာရှင်အဖြစ် သရုပ်ဆောင်ရသည့် မင်းသမီးတစ်ဦးမှာ ဇာတ်ကောင်ထဲသို့ စီးမျော၍မရဘဲ ထပ်ခါတလဲလဲ ရိုက်ကူးခဲ့ရသည်။
အရှိကိုအရှိအတိုင်း ပုံဖော်နိုင်ရန်အတွက် မွေးစားဖခင်အဖြစ် သရုပ်ဆောင်ရသော ကျီချန်ဖန်သည် အလောင်းအဖြစ် သရုပ်ဆောင်ခဲ့ရသည်။ မင်းသမီးမှာ အမှားအယွင်းများနေသဖြင့် ကျီချန်ဖန်သည် မိုးရေထဲတွင် ကြာရှည်စွာ လဲလျောင်းနေခဲ့ရ၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆီးနှင်းများကြားတွင် ရိုက်ကူးရေးပြုလုပ်ခဲ့ဖူးသဖြင့် ကျီချန်ဖန်၏ ခြေထောက်တွင် နာတာရှည် ရောဂါဝေဒနာတစ်ခု စွဲကပ်ခဲ့ရာ မိုးရွာတိုင်း နာကျင်တတ်၏။ ယခုကဲ့သို့ မိုးရေထဲတွင် စိမ်နေရခြင်းမှာ ပို၍ပင် ဆိုးဝါးစေခဲ့သည်။ ကျီချန်ဖန်၏ မျက်နှာမှာလည်း နာကျင်မှုကြောင့် ဖြူဖျော့လာခဲ့၏။
ထိုမင်းသမီးမှာ ပို၍ပင် ထိတ်လန့်သွားကာ အမှားအယွင်းများ တစ်ခုပြီးတစ်ခု လုပ်မိလေတော့၏။
မင်းသမီးမှာ ငိုမတတ် ဖြစ်သွားပြီး ချက်ချင်းတောင်းပန်လိုက်တော့သည်။
“တောင်းပန်ပါတယ် ရုပ်ရှင်ဧကရာဇ်ကျီ.. ကျွန်မ တောင်းပန်ပါတယ်”
အကယ်၍ အခြားသူသာဆိုလျှင် သေချာပေါက် ဒေါသထွက်မိမည် ဖြစ်သော်လည်း ကျီချန်ဖန်၏ စိတ်နေစိတ်ထားမှာ အမြဲတမ်း ကောင်းမွန်လှသည်။ သူသည် မင်းသမီးကို ပြုံးပြလိုက်၏။
“မစိုးရိမ်ပါနဲ့၊ မင်းရဲ့စိတ်ကို အရင်ဆုံး တည်ငြိမ်အောင်ထားပြီး ဒီဇာတ်ကောင်ကို မင်းရဲ့နှလုံးသားနဲ့ ခံစားကြည့်လိုက်ပါ”
မင်းသမီးသည် မျက်ရည်ဝိုင်းလျက် ခေါင်းညိတ်ပြကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“ဒီတစ်ခါတော့ ကျွန်မ သေချာပေါက် လုပ်နိုင်စေရမယ်”
သူမ ပြောသည့်အတိုင်းပင် ဤတစ်ကြိမ်တွင်မူ တစ်ခါတည်းနှင့် အောင်မြင်သွားခဲ့၏။
ဒါရိုက်တာက ရိုက်ကူးရေး ရပ်နားလိုက်သည့်အခါ ဝန်ထမ်းများက ကျီချန်ဖန်ကို ထူပေးရန် ချက်ချင်း ရောက်ရှိလာကြသည်။ ကျီချန်ဖန်မှာ အလွန်အမင်း နာကျင်နေသဖြင့် လမ်းပင် မလျှောက်နိုင်တော့ပေ။
ယဲ့ယီသည် အနားသို့ လှမ်းလာပြီး စိုးရိမ်တကြီးမေးလိုက်၏။
“ရုပ်ရှင်ဧကရာဇ်ကျီ၊ ရှင့်ခြေထောက် အဆင်ပြေရဲ့လား။ ရှင့်ကို တောင်အောက်ကို အရင် ပြန်ပို့ပေးရမလား။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ အလောင်းရဲ့ မျက်နှာက ပြမှာမဟုတ်တော့ဘူးဆိုတော့ လူစားထိုး သရုပ်ဆောင်တစ်ယောက်ကို သုံးလိုက်လို့ ရပါတယ်”
ကျီချန်ဖန် က အားတင်းကာ ခေါင်းခါလိုက်သည်။
“ပရိသတ်တွေကို လှည့်စားလို့ မဖြစ်ဘူးလေ။ အလောင်းတစ်လောင်းပဲ ဖြစ်နေပါစေဦး၊ ငါ အကောင်းဆုံး သရုပ်ဆောင်ရမယ်။ လူစားထိုး သုံးလိုက်ရင် ဘယ်ကြည့်ကောင်းပါ့မလဲ”
ရိုက်ကူးရေး ပြုလုပ်သည့်အခါ မည်သည့်အခန်းမျိုး ဖြစ်ပါစေ ကျီချန်ဖန်သည် ကိုယ်တိုင်သာ လုပ်ဆောင်လေ့ရှိပြီး လူစားထိုး လုံးဝ မသုံးခဲ့ပေ။ သူ၏ ရုပ်ရှင်ဧကရာဇ် ဟူသော ဘွဲ့ထူးမှာ ကြိုးစားအားထုတ်မှုများဖြင့် တစ်ဆင့်ချင်း တည်ဆောက်ယူခဲ့ခြင်း ဖြစ်၏။
ယဲ့ယီသည် ကျီချန်ဖန်၏ အလုပ်အပေါ် ထားရှိသော စိတ်ဓာတ်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ယခုခေတ် ဖျော်ဖြေရေးလောကတွင် ကျီချန်ဖန် ကဲ့သို့ လုပ်ဆောင်နိုင်သည့် သရုပ်ဆောင်များမှာ အမှန်တကယ်ပင် ရှားပါးလှသည်။
ယဲ့ယီသည် ကျီချန်ဖန် အနားယူရန်အတွက် ဘေးနားရှိ တဲတစ်ခုသို့ ကူညီပို့ဆောင်ပေးလိုက်သည်။ နောက်ထပ် ရိုက်ကူးရမည့် အခန်းမှာ သူမနှင့် တုန်မင်ရွှမ်တို့၏ အခန်းဖြစ်လေ၏။
ဤနေရာတွင် ရိုက်ကူးရန် လိုအပ်သည်မှာ ခေါင်းဆောင်မင်းသမီးနှင့် ရဲအရာရှိတို့ တောင်ပေါ်သို့ တက်လာသည့် ဇာတ်ဝင်ခန်း ဖြစ်ရာ တောင်ခြေမှ စတင်၍ ရိုက်ကူးရလေ၏။ ကုရှီချန်းမှာလည်း ကင်မရာဆရာများနောက်မှ လိုက်ပါလာခဲ့သည်။
ဤဇာတ်ဝင်ခန်းတွင် ခေါင်းဆောင်မင်းသမီးမှာ တောင်မတက်နိုင်တော့သဖြင့် ရဲအရာရှိက သူမကို ကျောပိုး၍ တက်ရသည့် အခန်း ပါဝင်ခဲ့သည်။
ရိုက်ကူးရေး မစတင်မီတွင် ယဲ့ယီက တုန်မင်ရွှမ်ကို တမင်သက်သက် ပြောလိုက်၏။
“မင်း အစ်မကို ပိုးနိုင်ပါ့မလား။ အစ်မကို ပြုတ်မကျစေနဲ့ဦးနော်”
တုန်မင်ရွှမ်က သူ၏ ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်ပြလိုက်ပြီး အာမခံလိုက်၏။
“စိတ်ချပါ၊ ကျွန်တော် အမြဲတမ်း အားကစား လုပ်နေကျဆိုတော့ အစ်မကို လုံးဝ ပြုတ်မကျစေရပါဘူး”
ထိုသို့ ပြောပြီးနောက်တွင် သူပြောသည်မှာ မှန်ကန်ကြောင်း သက်သေပြရန် ယဲ့ယီကို သူ၏ လက်မောင်းကြွက်သားများကိုပါ တမင်ပြလိုက်သေး၏။
ယဲ့ယီမှာ မနေနိုင်ဘဲ လှမ်းဆွဲလိုက်ကာ ကိုင်ကြည့်မိသည်။
“မောင်လေး ကြွက်သားတွေက တော်တော်လေး ကျစ်လျစ်တာပဲ”
တုန်မင်ရွှမ်မှာ ချက်ချင်းပင် မျက်နှာနီမြန်းသွားရသည်။ ဤမျှ လှပသော အမျိုးသမီးတစ်ဦး၏ ထိတွေ့မှုကို ခံလိုက်ရသဖြင့် သူ အနည်းငယ် ရှက်သွားခြင်း ဖြစ်သည်။
ကုရှီချန်း၏ မျက်နှာမှာမူ ချက်ချင်းပင် မည်းမှောင်သွားတော့၏။
‘ဒီ မိန်းမက တခြား ယောကျ်ားတစ်ယောက်ကို ဒီလို လွယ်လွယ်ကူကူ ထိတွေ့ရအောင် စည်းစောင့်ရကောင်းမှန်း မသိဘူးလား’
“ဟတ်ချိုး”
ယဲ့ယီမှာ သူမ နှာခေါင်းကို ပွတ်လိုက်မိသည်။
[ဘယ်သူကများ ငါ့နောက်ကွယ်မှာ အတင်းပြောနေတာလဲ မသိဘူး]
“အတင်းပြောနေသည့်လူ” ကုရှီချန်းမှာ သူမနှင့် တုန်မင်ရွှမ်တို့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေ၏။
ရိုက်ကူးရေး စတင်လိုက်သည့်အခါ သူတို့နှစ်ဦးမှာ ဇာတ်ကောင်ထဲသို့ အလျင်အမြန် စီးမျောသွားကြပြီး လူငယ်စုံတွဲများအကြားရှိ သံယောဇဉ်နှောင်ကြိုးကို တကယ့်စုံတွဲများအလား ပုံဖော်နေကြတော့သည်။
ကုရှီချန်း၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်လာသည်။ အကယ်၍ သူတို့သာ ဤအတိုင်း ဆက်လက် သရုပ်ဆောင်နေကြမည်ဆိုပါက ဇာတ်လမ်းကြောင့် အပြင်မှာပါ တကယ် ချစ်သွားနိုင်သည်။ ဖျော်ဖြေရေးလောကတွင် ဇာတ်လမ်းကြောင့် သံယောဇဉ်ဖြစ်ကာ လက်တွဲသွားကြသူများစွာ ရှိခဲ့သည် မဟုတ်လော။
ဤအကြောင်းကို တွေးမိသည့်အခါ ကုရှီချန်း၏ စိတ်အခြေအနေမှာ အကြောင်းပြချက်မရှိဘဲ စိတ်တိုနေတော့၏။
တုန်မင်ရွှမ်မှာ ယဲ့ယီကို ပြုတ်မကျအောင် ပိုးထားနိုင်သော်လည်း အချို့နေရာများတွင် ခံစားချက်မှာ လိုအပ်နေသေးသဖြင့် အကြိမ်ကြိမ် ပြန်လည်ရိုက်ကူးခဲ့ရသည်။ ထို့ကြောင့် ကုရှီချန်းသည် ယဲ့ယီက အခြားအမျိုးသားတစ်ဦး၏ ကျောပေါ်သို့ ထပ်ခါတလဲလဲ တက်နေသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။
ကုရှီချန်း တစ်ယောက် ပို၍ စိတ်တိုလာခဲ့ပြီး တုန်မင်ရွှမ်ကို အစိမ်းလိုက် ဝါးစားမတတ် စိုက်ကြည့်နေခဲ့၏။
တုန်မင်ရွှမ်မှာလည်း အမှန်တကယ် သနားစရာ ကောင်းလှပေသည်။ သူသည် ဇာတ်ညွှန်းအတိုင်းသာ သရုပ်ဆောင်နေခြင်း ဖြစ်၏။ အမှားအယွင်း အနည်းငယ် ရှိသည်မှာ ဖြစ်တတ်သည် မဟုတ်လော။သူသည် ယဲ့ယီကို အခွင့်ကောင်းယူရန် တမင်သက်သက် လုပ်နေခြင်း မဟုတ်ပေ။
ယဲ့ယီသည် အလုပ်လုပ်ရာတွင် အလွန်ပင် စည်းကမ်းကြီးသူဖြစ်သည်။ တုန်မင်ရွှမ် တစ်ဦးတည်းသာမက ရိုက်ကူးရေးအဖွဲ့ရှိ လူတိုင်းအားလုံးနီးပါး ဒါရိုက်တာနှင့် ကျီချန်ဖန် မှအပ ယဲ့ယီကို အနည်းငယ် ကြောက်လန့်နေကြရသည်။ ဇာတ်ညွှန်းရေးဆရာမထံမှ ထွက်ပေါ်လာသော ဖိအားမှာ ပြင်းထန်လွန်းလှသဖြင့် သူတို့ အနေဖြင့် မကိုင်တွယ်နိုင်ပေ။
အခန်း (၈၂)
အပြစ်ကင်းစင်သော မင်းသမီးလေး
ကုရှီချန်း၏ စူးရှသော အကြည့်များအောက်တွင် ယဲ့ယီနှင့် တုန်မင်ရွှမ်တို့သည် နောက်ဆုံးတွင် ရိုက်ကူးရေးကို အဆုံးသတ်နိုင်ခဲ့ကြသည်။
မိုးမှာ ပို၍ သည်းထန်လာ၏။ ယဲ့ယီ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ကြိုတင်ခံစားနေရသည်။ အကယ်၍ မိုးသာ အလွန်အမင်း သည်းထန်သွားပါက လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် သူတို့အားလုံး တောင်ပေါ်တွင် ပိတ်မိသွားနိုင်ချေ ရှိသည်။
ယဲ့ယီသည် ဤအကြောင်းကို ဒါရိုက်တာနှင့် ဆွေးနွေးကြည့်ခဲ့သည်။ သူမ၏ အကြံပြုချက်မှာ ယနေ့အတွက် ရိုက်ကူးရေးကို ရပ်နားပြီး နောက်တစ်ခေါက်မှ ပြန်လာစေချင်၏။ အကယ်၍ မိုးဖွဲဖွဲရွာရုံသာ ဆိုပါက လူတိုင်း ညအိပ်တည်းခိုရန် ပြဿနာမရှိသော်လည်း မုန်တိုင်းကဲ့သို့ မိုးသည်းထန်စွာ ရွာချပါက တောင်ပေါ်တွင် ရှိနေခြင်းက မလုံခြုံနိုင်ပေ။
ဒါရိုက်တာသည် ယဲ့ယီ၏ စိုးရိမ်မှုကို နားလည်သော်လည်း သူတို့တွင် အချိန်သိပ်မကျန်တော့သည့်အပြင် ယနေ့ရွာသော မိုးမှာ ရိုက်ကူးရေးအတွက် အလွန်ပင် အံကိုက်ဖြစ်နေ၏။ နောက်တစ်ကြိမ်တွင် ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံချင်မှ ကြုံရတော့မည်။ ထို့ကြောင့် ဒါရိုက်တာက တောင်ပေါ်မှ မဆင်းမီ အခန်းကို အပြီးသတ် ရိုက်ကူးချင်သည်။
နောက်ဆုံးတွင် ယဲ့ယီသည် လူတိုင်းကို ကိုယ်တိုင်ဆုံးဖြတ်ခွင့် ပေးလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ ကျန်ရှိသော အခန်းများကို အပြီးသတ်ရန် ထုတ်လုပ်ရေးအဖွဲ့နှင့်အတူ နေခဲ့ချင်သူများ နေခဲ့နိုင်ပြီး၊ မနေချင်သူများက ချက်ချင်း ပြန်ဆင်းသွားနိုင်ကြောင်း သူမ ပြောကြားလိုက်သည်။
“မင်းကရော ဘယ်လိုလုပ်မှာလဲ”
ကုရှီချန်းက ယဲ့ယီကို ကြည့်ကာ မေးလိုက်၏။
“ကျွန်မက ဇာတ်ညွှန်းရေးဆရာမလေ၊ ဒါကြောင့် ထုတ်လုပ်ရေးအဖွဲ့နဲ့အတူ နေရမှာပေါ့”
ယဲ့ယီက ပြတ်သားသော သဘောထားဖြင့် ပြန်ဖြေသည်။
ကုရှီချန်းသည် သူမကို မတားမြစ်တော့ဘဲ သူမ၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ယဲ့ယီ က သူ့ကို တအံ့တဩ ကြည့်လိုက်၏။
“ရှင် တောင်ပေါ်က မဆင်းဘူးလား”
“မင်းကို ငါကိုယ်တိုင် ကားမောင်းပြီး ခေါ်လာတာဆိုတော့၊ ငါကိုယ်တိုင်ပဲ တောင်အောက်ကို ပြန်ပို့ပေးရမှာပေါ့”
ကုရှီချန်းသည် သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်တည်ငြိမ်ငြိမ်ပင်။
ယဲ့ယီသည် နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်း အားနာစွာ ပြောလိုက်တော့သည်။
“တကယ်တော့ ရှင် ဒီလိုလုပ်ဖို့ မလိုပါဘူး”
ကုရှီချန်း၏ မကြာသေးမီက ထူးခြားသော အပြုအမူများကို ယဲ့ယီ သတိမထားမိသည်တော့ မဟုတ်ပေ။ သို့သော် သူမအနေဖြင့် သူနှင့် ထပ်မံ ပတ်သက်ရန် ဆန္ဒမရှိတော့ချေ။ သူမသည် အချစ်ရေးကိစ္စများတွင် စိတ်မဝင်စားဘဲ ငွေရှာရခြင်းကသာ သူမအတွက် ပို၍ ဆွဲဆောင်မှု ရှိနေ၏။
ကုရှီချန်းသည် ယဲ့ယီကို ပြန်မဖြေတော့ပေ။
ရိုက်ကူးရေးအဖွဲ့သားများကို လိုက်လံကူညီကာ ပစ္စည်းများ စတင်ရွှေ့ပြောင်းပေးနေခဲ့၏။
ယဲ့ယီလည်း ခေါင်းကို ခါယမ်းလိုက်ရင်း သူ့သဘောအတိုင်း လွှတ်ထားလိုက်သည်။
ရိုက်ကူးရေးအတွက် လိုအပ်သော သရုပ်ဆောင်များမှလွဲ၍ ကျန်လူအများစုမှာ တောင်အောက်သို့ ဆင်းသွားလိုကြသဖြင့် ယဲ့ယီကလည်း ဘာမှ ထွေထွေထူးထူး မပြောဘဲ သူတို့ကို ချက်ချင်း ပြန်ခိုင်းလိုက်၏။
နောက်ဆုံးတွင် လူ အနည်းငယ်ခန့်သာ ကျန်ရစ်ခဲ့၏။ ထို့ကြောင့် ယဲ့ယီသည် အားလပ်ချိန်တိုင်းတွင် ပစ္စည်းထိန်းသိမ်းသူကို ကူညီပေးနေရတော့သည်။
ကုရှီချန်းသည်လည်း အလကားမနေဘဲ တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီပေးနေ၏။
ထိုစဉ် တုန်မင်ရွှမ်က ယဲ့ယီ၏ အနားသို့ တိုးတိုးလေး ကပ်လာပြီး ကျီစယ်သော မျက်လုံးလေးများဖြင့် ပြောလိုက်၏။
“ စီအီးအိုကုက အစ်မအပေါ် တကယ်ကောင်းတာပဲနော်။ နာမည်ကြီး ကုမ္ပဏီအုပ်စုရဲ့ အာဏာရှင် စီအီးအိုကြီးက အစ်မကြောင့် ဒီလို တောနက်ထဲအထိ လိုက်လာတယ်ဆိုတော့ အစ်မကတော့ ကိုယ့်ယောကျ်ားကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ တကယ် သိတာပဲ”
ယဲ့ယီ သူ့ခေါင်းကို ရိုက်လိုက်ကာ ငေါက်လိုက်၏။
“မင်းခေါင်းထဲမှာ တစ်နေ့ကုန် အတင်းအဖျင်းတွေချည်းပဲ ရှိနေတာလား။ ဇာတ်ညွှန်းရော ကျက်ပြီးပြီလား”
တုန်မင်ရွှမ် က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေ၏။
“ကျက်ပြီးပေါ့၊ အလွတ်တောင် ရနေပြီ”
ယဲ့ယီ သူ့ကို စိုက်ကြည့်လိုက်၏။
“သေချာလို့လား။ ဒါဆို ငါ မေးကြည့်မယ်။ တစ်ကြောင်းမှားတာနဲ့ အဲဒီစာကြောင်းကို အခါတစ်ရာ ကူးရမယ်”
တုန်မင်ရွှမ်မှာ ချက်ချင်းပင် ခြေဖျားလက်ဖျားများ အေးစက်သွားပြီး ထွက်ပြေးရန် ပြင်တော့သည်။
“ကျွန်တော် သေချာ နားမလည်သေးတဲ့ အပိုင်းလေးတွေ ရှိသေးသလိုပဲ၊ သွားပြီး ပြန်လေ့လာလိုက်ဦးမယ်နော်”
ထိုသို့ ပြောပြီးနောက် ယဲ့ယီ ဆွဲထားမည်ကို ကြောက်သဖြင့် အမြန်ပင် လစ်ထွက်သွားတော့သည်။
ယဲ့ယီသည် ကျေနပ်စွာ ပြုံးလိုက်ရင်း စိတ်ထဲမှလည်း ရေရွတ်နေမိသည်။
[ဒီကောင်လေး ငါ့အကြောင်း အတင်းပြောချင်တယ်ပေါ့၊ အသက်ပြည့်တဲ့ထိ မနေချင်တော့ဘူးနဲ့တူတယ်]
ရိုက်ကူးရေး ပြုလုပ်နေစဉ်အတွင်း မိုးမှာ ပို၍ သည်းထန်လာသဖြင့် အချိန်နှင့် အပြိုင် အပြေးအလွှား ရိုက်ကူးခဲ့ကြရ၏။
ကံကောင်းထောက်မစွာ နောက်ဆုံးအခန်းကို မိုးအကြီးအကျယ် မရွာသွန်းမီ အပြီးသတ်နိုင်ခဲ့သော်လည်း အမှောင်ထုက ဖုံးလွှမ်းနေပြီ ဖြစ်၏။
ယနေ့ညတွင် တောင်ပေါ်မှ ဆင်းရန် မဖြစ်နိုင်တော့ပေ။ မိုးသည်းထန်လွန်းသဖြင့် လမ်းတွင် မြေပြိုမှုများ ဖြစ်ပေါ်နိုင်၏။ သို့သော် သူတို့ကောင်းကောင်း ကြိုတင်ပြင်ဆင်လာခဲ့သဖြင့်အစားအသောက်အတွက်တော့ စိုးရိမ်စရာ မရှိခဲ့ချေ။
သို့သော် တဲများ ခွဲဝေရာတွင် ပြဿနာတစ်ခု ပေါ်လာသည်။ တဲတစ်လုံး လိုနေခဲ့သည်။ လူများကို အတတ်နိုင်ဆုံး စုပြုံထည့်သော်လည်း အမျိုးသားတစ်ဦးအတွက် နေရာမရှိချေ။ အမျိုးသမီးများထဲတွင်လည်း အပြည့်ထည့်မည်ဆိုလျှင်ပင် လူတစ်ယောက်အတွက် နေရာလိုအပ်နေသေး၏။
တစ်နည်းအားဖြင့်ဆိုသော် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် တဲတစ်လုံးတည်းတွင် အတူတူနေ မှ ရတော့မည် ဖြစ်သည်။
ထိုသူနှစ်ဦးမှာ အခြားသူမဟုတ်ဘဲ ယဲ့ယီနှင့် ကုရှီချန်းတို့သာ ဖြစ်၏။ ကျန်ရှိနေသော လူများထဲတွင် သူတို့နှစ်ဦးမှာ တစ်ဦးတည်းသော တရားဝင် ဇနီးမောင်နှံများ ဖြစ်နေသဖြင့် ငြင်းဆန်ရန် အကြောင်းမရှိပေ။
အစပိုင်းတွင် ယဲ့ယီ သည် သူမကိုယ်သူမ ဖျောင်းဖျလိုက်သည်။
“ဘာမှမဟုတ်ပါဘူးလေ၊ အရင်ကလည်း ကုတင်တစ်လုံးတည်းမှာ အတူတူ အိပ်ဖူးတာပဲ၊ ဒါဘာဆန်းလို့လဲ”
သို့သော် ထိုစဉ်က သူမ အိပ်ပျော်နေခဲ့သဖြင့် ဘာမှမသိခဲ့ချေ။ ယခုမူ ကုရှီချန်းနှင့်အတူ ကျဉ်းမြောင်းသော နေရာလေးထဲတွင် နှစ်ယောက်တည်း ရှိနေရသဖြင့် အနည်းငယ် ရှက်သွေးဖြာနေမိ၏။
သူမ စိတ်ထဲတွင် တစ်ဖန်ပြန်၍ တွေးလိုက်ပြန်သည်။
[ဘာကိုရှက်နေတာလဲ၊ တစ်ခုခု ဖြစ်သွားရင်တောင် ငါပဲ အမြတ်ထွက်မှာပဲ မဟုတ်လား။ ကုရှီချန်းလို လူမျိုးနဲ့ဆို ငါက ပိုပြီး အမြတ်ထွက်တာပေါ့]
ကုရှီချန်းသည် ယဲ့ယီ၏ အတွေးများကို ကြားနေရသော်လည်း အပြင်ပန်းတွင် တည်တည်ငြိမ်ငြိမ် ဟန်ဆောင်နေ၏။ သို့သော် ယဲ့ယီသာ မော့ကြည့်လိုက်မည်ဆိုပါက သူ့နားရွက်လေးများမှာ ချက်ပြုတ်ထားသကဲ့သို့ နီတွတ်နေသည်ကို တွေ့ရပေလိမ့်မည်။
တဲထဲသို့ ရောက်သောအခါ ယဲ့ယီနှင့် ကုရှီချန်းတို့မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသဖြင့် အခြေအနေမှာ အနည်းငယ် အနေရခက်နေကြ၏။
နောက်ဆုံးတွင် ယဲ့ယီသည် သူမ အိတ်ထဲမှ ကွတ်ကီးဘူးလေးကို ထုတ်ကာ ကုရှီချန်းကို ကမ်းပေးလိုက်ပြီး မေးလိုက်၏။
“ရော့၊ စားမလား”
ကုရှီချန်းသည် မငြင်းဘဲ ကွတ်ကီးကို ယူစားလိုက်၏။သို့သော် တစ်လုပ်စားပြီးသည်နှင့် မျက်မှောင်ကြုတ်သွားတော့သည်။
“မကောင်းလို့လား”
ယဲ့ယီသည် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ သူမကိုယ်တိုင် မစားရသေးသော်လည်း ကြည့်ရသည်မှာ အရသာ မဆိုးလှပေ။ ယဲ့ယီသည် ကွတ်ကီးတစ်ခုကို ယူစားကြည့်လိုက်၏။
“ကောင်းသားပဲ၊ ရှင်က ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ”
ကုရှီချန်းသည် ကွတ်ကီးဘူးကို ယဲ့ယီထံ ပြန်ပေးလိုက်သည်။
“ကိုယ် အချိုတွေ သိပ်မကြိုက်ဘူး”
“အော်... အဲဒါဆိုလည်း ပြီးတာပဲ”
ထိုသို့ဆိုကာ ယဲ့ယီသည် သူမဘာသာ ဆက်စားနေတော့သည်။ သို့သော် သူမတစ်ယောက်တည်း စားနေပြီး ကုရှီချန်းအတွက် ဘာမှမရှိသဖြင့် အားနာမိသောကြောင့် သူမ၏ ကျောပိုးအိတ်ထဲမှ မုန့်မျိုးစုံကို ထပ်မံ ထုတ်လိုက်ပြန်သည်။
ယဲ့ယီ၏ အိတ်ထဲမှ မုန့်များ တစ်ခုပြီးတစ်ခု ထွက်လာသည်ကို ကြည့်ရင်း ကုရှီချန်း သံသယဝင်လာတော့သည်။
“မင်းအိတ်ထဲမှာ မုန့်တွေချည်းပဲ ထည့်ထားတာလား”
ယဲ့ယီ ခေါင်းညိတ်ပြရင်း ဖြေလိုက်၏။
“ဟုတ်တယ်၊ အစ်မ နန်ချင်ဝမ်က သင်ပေးထားတာ၊ အပြင်သွားရင် စားစရာတွေ အများကြီး အမြဲပြင်ထားရမယ်တဲ့”
ကုရှီချန်းသည် ယဲ့ယီထုတ်ထားသော ပစ္စည်းများကို ကြည့်ရင်း သက်ပြင်းချမိသည်။ နန်ချင်ဝမ်က အပြင်သွားလျှင် နေကြာစေ့များကိုပါ အမြဲဆောင်ထားရန်တော့ ပြောခဲ့လိမ့်မည် မဟုတ်ပေ။
‘သူ အမြဲတမ်း အတင်းပြောဖို့ အသင့်ပြင်ထားတာလား မသိဘူး’
ယဲ့ယီကမူ သူမ ပြင်ဆင်လာသည်များမှာ ဘာအမှားအယွင်းမှ မရှိကြောင်း ယူဆထားသည်။
‘နေကြာစေ့က စားလို့ကောင်းတယ်လေ။ ယူလာတော့ဘာဖြစ်လဲ’
ကုရှီချန်းသည် မုန့်အနည်းငယ်ကိုသာ ရွေးစားပြီး နေကြာစေ့များမှာမူ ယဲ့ယီ၏ ပါးစပ်ထဲသို့သာ အဆက်မပြတ် ရောက်ရှိသွားတော့သည်။
ထိုစဉ် ယဲ့ယီသည် ကျောပြင်မှ အေးစိမ့်မှုကို ခံစားလိုက်ရ၏။အပေါ်အင်္ကျီကို ချွတ်ကြည့်လိုက်သောအခါ မိုးရေ စိမ့်ဝင်ပြီး စိုနေသည်ကို တွေ့လိုက်ရတော့သည်။
ဆက်ဝတ်ထားပါက အအေးမိနိုင်သဖြင့် ယဲ့ယီသည် ထိုအင်္ကျီကို ချွတ်လိုက်၏။ အင်္ကျီချွတ်လိုက်သောအခါ သူမ တစ်ကိုယ်လုံး တုန်လာတော့သည်။
မိုးသည်းလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူမ၏ အတွင်းမှ ဝတ်ဆင်ထားသော အင်္ကျီမှာ အလွန်ပါးလွှာနေပြီး၊ သရုပ်ဆောင်ဝတ်စုံမှာလည်း စိုရွှဲနေခဲ့၏။
အိပ်ရာထဲသို့ ဝင်လိုက်ပါက နွေးထွေးသွားမည် ဖြစ်သော်လည်း ယခုအချိန်တွင် သူမ ဗိုက်ဆာနေသဖြင့် ရှဉ့်လေးတစ်ကောင်ကဲ့သို့ ကွေးကွေးလေးထိုင်ကာ မုန့်များကိုသာ စားနေမိတော့သည်။
သူမ စားနေစဉ်တွင် သူမ ကိုယ်ပေါ်သို့ တစ်ခုခု လာတင်သည်ကို ခံစားလိုက်ရ၏။ မော့ကြည့်လိုက်သောအခါ ကုရှီချန်းသည် သူ၏ အပေါ်အင်္ကျီကို ချွတ်ကာ သူမအား ခြုံပေးထားလေ၏။
“ဝတ်ထားလိုက်၊ အအေးမိမယ်”
ကုရှီချန်းသည် အာဏာရှင် စီအီးအိုတစ်ဦး၏ ပုံစံအတိုင်း ပြောလိုက်သည်။
ယဲ့ယီသည် ထိုအချိန်တွင် သူမကိုယ်သူမ စီအီးအို အချစ်ဝတ္ထုထဲမှ အပြစ်ကင်းစင်သော မင်းသမီးလေး တစ်ပါးကဲ့သို့ ခံစားလိုက်ရလေတော့သည်။