← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း(၈၃)

အတင်းတုတ်ခြင်း

“ကျေးဇူးပါ”

ယဲ့ယီသည် ကုရှီချန်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် စိတ်ကူးမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ တကယ်ပင် ချမ်းနေခဲ့ခြင်းကြောင့် ဖြစ်သည်။ ကုရှီချန်းနှင့် ပတ်သက်၍မူ သူသည် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်ရာ အအေးဒဏ် အနည်းငယ်ကို ခံနိုင်ရည်ရှိပေသည်။

ယဲ့ယီသည် ကုရှီချန်း ကမ်းပေးသော အင်္ကျီကို ဝတ်လိုက်သည်။ အရပ် (၁.၉) မီတာရှိသော အမျိုးသားတစ်ဦး၏ အင်္ကျီမှာ (၁.၇) မီတာသာရှိသော သူမအတွက် အနည်းငယ် ကြီးမားနေသော်လည်း ဤသို့ဝတ်ထားခြင်းက ပို၍ နွေးထွေးမှုကို ပေးစွမ်းနိုင်လေသည်။

သူတို့နှစ်ဦး နောက်ထပ် စကားမပြောဖြစ်ကြတော့ဘဲ တိတ်ဆိတ်နေကြပြန်သည်။ ယဲ့ယီသည် ဟမ်စတာလေးတစ်ကောင်ကဲ့သို့ ပါးစပ်ထဲသို့ မုန့်များကိုသာ အဆက်မပြတ် သွတ်သွင်းနေပြီး၊ ကုရှီချန်းမှာမူ ဘယ်ကရလာမှန်းမသိသော စာအုပ်တစ်အုပ်ကို ကိုင်ကာ တိတ်ဆိတ်စွာ ဖတ်နေတော့၏။

ယဲ့ယီသည် သူ့ကို ခိုးကြည့်လိုက်မိသည်။ အမျိုးသားများမှာ အာရုံစူးစိုက်မှု အပြည့်ဖြင့် အလုပ်လုပ်နေချိန်တွင် အချောဆုံးဖြစ်သည်ဆိုသော အချက်ကို သူမ လက်ခံမိသည်။ သူမကိုယ်သူမ သတိမထားမိခင်မှာပင် သူ့ကို ငေးကြည့်နေမိတော့သည်။

ငေးကြည့်ရင်းနှင့်ပင် စိတ်ထဲမှလည်း ကုရှီချန်းကို ချီးမွမ်းနေမိ၏။

[ဒီကုရှီချန်းက တကယ်ကို ချောတာပဲ။ ငါကသာ လောလောဆယ် ရည်းစားမထားချင်သေးလို့၊ မဟုတ်ရင် သူက တကယ်ကို ရွေးချယ်သင့်တဲ့ သူပဲ။ အကယ်၍ ညဘက်ကျရင် သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကိုင်ပြီး အိပ်ခွင့်ရမယ်ဆိုရင်၊ နေ့တိုင်း စံအိမ်ကြီးတွေမှာနေပြီး ဇိမ်ခံကားတွေ စီးရမယ်ဆိုရင်တောင် လုပ်မှာပဲ]

ကုရှီချန်းသည် ယဲ့ယီ၏ အတွေးများကို ကြားလိုက်ရသောအခါ အနည်းငယ် ရယ်ချင်သွား၏။ ဤအမျိုးသမီးမှာ သူမကိုယ်သူမ အရှုံးအမြတ် တွက်ချက်ရာတွင် အလွန်ပင် ကျွမ်းကျင်လှသည်။ သူမ ရနိုင်မည့် အကျိုးကျေးဇူးမှန်သမျှကို တွေးတောနေပုံမှာ အံ့ဩစရာပင်။

ယဲ့ယီမှာမူ သူမ၏ အတွေးများ ကုရှီချန်း ကြားနိုင်သည်ကို လုံးဝ မသိဘဲ စိတ်ကူးယဉ်မှုများကို ဆက်လက် နယ်ချဲ့နေပြန်၏။

[နှာတံ မြင့်တဲ့သူတွေက ဟိုကိစ္စမှာ တော်တော်လေး... ဟဲဟဲ... တော်ကြတယ်လို့ ကြားဖူးတယ်]

“အဟွတ်၊ အဟွတ်၊ အဟွတ်”

ယဲ့ယီ၏ ရဲတင်းလှသော အတွေးများကို ကြားလိုက်ရသောအခါ ကုရှီချန်းမှာ သီးသွားရတော့သည်။ သူ၏ နားရွက်များမှာလည်း မထိန်းနိုင်ဘဲ နီရဲလာတော့၏။

ယဲ့ယီသည် ထူးခြားသောအရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ဖြစ်သွားလေ၏။

[ဟာ... သူ့နားရွက်တွေ နီသွားတာပဲ၊ သူများ တစ်ခုခုကို မြင်သွားလို့လား။ ငါ့စာအုပ်က တော်တော်လေး ရိုးရိုးသားသား ရေးထားတာပါ၊ ဒါမှမဟုတ် ငါများ စာအုပ် မှားယူလာမိတာလား]

အမှန်စင်စစ် ကုရှီချန်း ဖတ်နေသော စာအုပ်မှာ ယဲ့ယီ၏ စာအုပ်ဖြစ်ပြီး အမည်မှာ “ စီအီးအိုက ဒီနေ့လည်း ငါ့ကို ထပ်ပြီး ချစ်မိသွားရင် ငါဘာလုပ်ရမလဲ” ဟူ၍ ဖြစ်သည်။

ကုရှီချန်းသည် ယဲ့ယီကို ကြည့်ကာ စကားတစ်ခွန်း ပြောချင်သော်လည်း တွေဝေနေမိသည်။

ဤစာအုပ်ထဲမှ အကြောင်းအရာများမှာ လုံလောက်စွာပင် ပွင့်လင်းနေပြီဟု သူခံစားရသော်လည်း ယဲ့ယီကမူ ရိုးရိုးသားသား ဇာတ်လမ်းလေးဟု ခေါ်နေခြင်းကြောင့် သူမ

ဖတ်သော အခြားစာအုပ်များမှာ မည်မျှအထိ ပြင်းထန်နေမည်ကို သူ မတွေးဝံ့တော့ချေ။

သာမန်အချိန်တွင် အချစ်ရေး၌ စိတ်မဝင်စားသော ယဲ့ယီမှာ ကွယ်ရာတွင် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာများကို ဖတ်ရှုလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ယဲ့ယီအပေါ် ထားရှိသော ကုရှီချန်း၏ အမြင်မှာလည်း အနည်းငယ် စတင် ပြောင်းလဲလာခဲ့တော့သည်။

ယဲ့ယီမှာမူ သူမကိုယ်သူမ သစ္စာဖောက်မိသွားပြီဖြစ်ကြောင်း အခုထိ မသိသေးချေ။

ကုရှီချန်းသည် အစပိုင်းတွင် အချိန်ဖြုန်းရန်အတွက်သာ ထိုစာအုပ်ကို ဖတ်ခဲ့ခြင်း ဖြစ်သော်လည်း ယခု ယဲ့ယီ၏ အတွေးများကို ကြားလိုက်ရသောအခါ ဤစာအုပ်ကို သေချာလေ့လာရန် ဆုံးဖြတ်လိုက်၏။ ယဲ့ယီ မည်သို့သော အမျိုးသားမျိုးကို အမှန်တကယ် နှစ်သက်သည်ကို သူ သိချင်လာသည်။

ကုရှီချန်းသည် လက်ထဲမှ စာအုပ်ကို ဆက်လက် ဖတ်ရှုနေပြီး ယဲ့ယီမှာ သူ့ကို ခေတ္တမျှ စောင့်ကြည့်နေပြီးမှ အကြည့်လွှဲကာ မုန့်များကိုသာ ဆက်စားနေတော့၏။

ယဲ့ယီ၏ မုန့်စားသံများနှင့်အတူ ကုရှီချန်းသည် စာအုပ်ထဲမှ အကြောင်းအရာများကို စိတ်ပါလက်ပါ လေ့လာနေမိသည်။ သူဖတ်ရှုနေရင်း ကမ္ဘာသစ်တစ်ခုသို့ တံခါးခေါက်မိသွားသည့်အလား ခံစားလိုက်ရသည်။

မိန်းကလေးတစ်ယောက်က “ဟင့်အင်း” ဟု ပြောလျှင် “ဟုတ်တယ်” ဟု ဆိုလိုခြင်း ဖြစ်သည်။ မိန်းကလေးတစ်ယောက်ကို ဆက်ဆံရန် အကောင်းဆုံးနည်းလမ်းမှာ သူမအတွက် အရာအားလုံးကို “ဝယ်ပေး၊ ဝယ်ပေး၊ ဝယ်ပေး” ရန် ဖြစ်သည်။ အာဏာရှင် စီအီးအိုတို့၏ နာမည်ကြီး စကားစုများကို အလွတ်ကျက်ထားပါ စသည်ဖြင့် ရေးသားထား၏။

ကုရှီချန်း၏ စာဖတ်နှုန်းမှာ ပို၍ မြန်ဆန်လာလေသည်။ သူ မြန်မြန်ဖတ်နေသော်လည်း သူ၏ ထူးကဲသော မှတ်ဉာဏ်စွမ်းရည်ကြောင့် ထိုအကြောင်းအရာအားလုံးကို အလွတ်ရသွားခဲ့၏။

အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ထူးကဲသော မှတ်ဉာဏ်ကို ယခုကဲ့သို့ စိတ်ကူးယဉ် ဇာတ်လမ်းများ ကျက်မှတ်ရန် အသုံးပြုနေသည်ကို သိသွားပါက အော်ဟစ်မိကြပေလိမ့်မည်။

‘မင်းရဲ့ ပါရမီကို ပညာရပ်ဆိုင်ရာ ဗဟုသုတ တွေမှာ အသုံးမပြုဘဲ အချစ်ဝတ္ထုတွေ ကျက်ဖို့ သုံးနေတာပေါ့ ဟုတ်လား’

ယဲ့ယီ၏ မလျှော့သော ဇွဲလုံလကြောင့် ထိုမုန့်များအားလုံးမှာ ပြောင်သလင်းခါသွားတော့သည်။

သို့သော် မုန့်များ ကုန်သွားသောအခါ ယဲ့ယီ စတင်၍ ပျင်းရိလာလေ၏။အချိန်ဖြုန်းရန် ရှိသော တစ်အုပ်တည်းသော စာအုပ်မှာလည်း ကုရှီချန်း၏ လက်ထဲတွင် ဖြစ်နေပြီး၊ ဖုန်းလိုင်းမှာလည်း အလွန်ညံ့ဖျင်းသဖြင့် ဗီဒီယိုများ ကြည့်၍မရပေ။ အိပ်ရန်မှာလည်း စောလွန်းနေသေးသဖြင့် သူမ ပျင်းရိနေမိသည်။

ယဲ့ယီသည် အခွံဖြစ်နေသော မုန့်အိတ်ကို ကြည့်ရင်း မုန့် မြန်မြန်စားမိသည်ကို နောင်တရနေမိသည်။ သူမသာ ကြိုသိခဲ့ပါက နည်းနည်းချင်းစီ အရသာခံစားသင့်သည်ဟု တွေးနေမိ၏။

သူမသည် ကုရှီချန်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူသည် သူမစာအုပ်ကို အလွန်ပင် အလေးအနက်ထား၍ ဖတ်နေသည်ကို တွေ့လိုက်ရသည်။

မသိသောသူများအဖို့ သူသည် ဘဏ္ဍာရေးဆိုင်ရာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်ဟုပင် ထင်မှတ်ကြပေလိမ့်မည်။ ပြင်ပလောကမှ စစ်မှန်သော အာဏာရှင် စီအီးအိုကြီး တစ်ဦးက စီအီးအို အချစ်ဝတ္ထုကို ဖတ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ကုရှီချန်းမှာ စာအုပ်ထဲတွင် နစ်မြုပ်နေသဖြင့် ယဲ့ယီကို လေထဲမှ ဖုန်မှုန့်တစ်ခုကဲ့သို့ပင် သဘောထားနေတော့သည်။

ယဲ့ယီမှာ အလွန်အမင်း ပျင်းလာသောကြောင့် တဲထဲမှ ထွက်လာခဲ့သည်။

ဤနေရာတွင် ကြောင်တောင်တောင် ထိုင်နေမည့်အစား အခြားသူများ ဘာလုပ်နေကြသည်ကို သွားကြည့်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

တဲအပြင်သို့ ထွက်လာသောအခါ ရိုက်ကူးရေး အဖွဲ့သားများအားလုံး စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ ဘာတွေ ပြောနေကြသည်ကို မသိရသော်လည်း သိသိသာသာပင် ပျော်ရွှင်နေကြ၏။

‘ကောင်းပြီလေ၊ ငါ့ကိုတောင် မခေါ်ကြဘူး။ ငါ့ကို ဝိုင်းပယ်ထားကြတာပေါ့ ‘

ယဲ့ယီသည် တုန်မင်ရွှမ်၏ နောက်သို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ တုန်မင်ရွှမ်၏ ရှေ့မှ မိန်းကလေးနှစ်ဦးမှာ ယဲ့ယီကို သတိထားမိပြီး သူ့ကို သတိပေးရန် ပြင်လိုက်ကြသော်လည်း ယဲ့ယီက ခေါင်းခါပြကာ အသံမထွက်ရန် အချက်ပြလိုက်၏။

ယဲ့ယီသည် တုန်မင်ရွှမ်၏ ပုခုံးကို လက်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။

တုန်မင်ရွှမ်သည် ချက်ချင်း သတိမထားမိဘဲ စိတ်မရှည်သော ဟန်ဖြင့် ယဲ့ယီ၏ လက်ကို ပုတ်ထုတ်လိုက်၏။

ယဲ့ယီက ထပ်မံ ပုတ်လိုက်သောအခါမှ တုန်မင်ရွှမ်သည် စိတ်မရှည်စွာဖြင့် လှည့်ကြည့်လာပြီး အော်လိုက်တော့သည်။

“ဘာလဲဗျာ”

ယဲ့ယီကို မြင်လိုက်ရသောအခါ သူ အလွန်ပင် ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ ခွေကျမတတ် ဖြစ်သွားလေ၏။

“အမလေး အစ်မယဲ့၊ ဘယ်တုန်းက ကျွန်တော့်နောက်ကို ရောက်နေတာလဲ”

ယဲ့ယီက မျက်စောင်းထိုးပြ လိုက်၏။

“အဲဒီလောက်အထိ တုံ့ပြန်ဖို့ လိုလို့လား။ ဒါမှမဟုတ် ငါ့အကြောင်း အတင်းပြောနေရင်းနဲ့ လူမိသွားလို့ လိပ်ပြာမလုံဖြစ်နေတာလား”

တုန်မင်ရွှမ် သည် ချက်ချင်းပင် ငြင်းဆိုတော့သည်။

“မဖြစ်နိုင်တာ၊ ကျွန်တော်က ကွယ်ရာမှာ အတင်းပြောတတ်တဲ့ လူမျိုးမှ မဟုတ်တာ”

ကျီချန်ဖန်ကမူ တုန်မင်ရွှမ်၏ စကားကို အားမနာတမ်းပင် ဖော်ထုတ်လိုက် တော့၏။

“ဒီကလေးက အခုလေးတင် မင်းနဲ့ စီအီးအိုကု အကြောင်းကို အတင်းပြောနေတာ”

ယဲ့ယီသည် တုန်မင်ရွှမ်ကို ကြည့်လိုက်သောအခါ သူသည် အပြစ်ရှိသော ပုံစံလေးနှင့်ဆို၏။

“အစ်မယဲ့၊ ကျွန်တော် ပြောတာကို... အဲ... ကျွန်တော့်ရဲ့ ရှင်းပြချက်ကို နားထောင်ပါဦး၊ ကျွန်တော် တကယ် ဘာမှမပြောပါဘူး”

“ဟုတ်လို့လား”

တုန်မင်ရွှမ်က ခေါင်းကို အဆက်မပြတ် ညိတ်ပြရင်း ပြန်ဖြေ၏။

“တကယ်ပါ”

ဤတွင် ကျီချန်ဖန်က သနားညှာတာမှုမရှိဘဲ ဆက်၍ ဖော်ထုတ်ပြန်သည်။

“ဟုတ်တယ်၊ သူ ဘာမှမပြောဘူး၊ သူက မင်းနဲ့ စီအီးအိုကုတို့ တဲထဲမှာ ဘာလုပ်နေကြလဲဆိုတာကို သိချင်နေရုံလေးပါ”

“အဟွတ်၊ အဟွတ်၊ မင်းသားကြီးကျီရယ်၊ ကျွန်တော့်ကို ဒီလိုကြီးတော့ မဖော်ပါနဲ့”

တုန်မင်ရွှမ်သည် ယဲ့ယီကို အပြစ်ရှိသော မျက်နှာလေးဖြင့် ကြည့်နေ၏။ယဲ့ယီက သူ့ကို လူသတ်တော့မည့် အပြုံးဖြင့် ပြုံးပြလိုက်ရာ တုန်မင်ရွှမ်မှာ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ခါသွားတော့၏။

‘အကြည့် ကြီးက ကြောက်စရာကြီး’

“ဒီမှာ အတင်းပြောဖို့ အချိန်ရနေသေးတယ်ဆိုတော့၊ မင်း ဇာတ်ညွှန်းတွေ ကျက်ရတာ မလောက်သေးဘူး ထင်တယ်”

တုန်မင်ရွှမ်သည် ယဲ့ယီကို သနားစဖွယ် ကြည့်ရင်း တောင်းပန်လေ၏။

“အစ်မယဲ့၊ ကျွန်တော် မှားသွားပါတယ်”

ယဲ့ယီ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို ဂရုမစိုက်တော့ဘဲ ထိုင်စရာ နေရာတစ်ခု လိုက်ရှာလိုက်သည်။

ယဲ့ယီ ထိုင်လိုက်ပြီးနောက် တုန်မင်ရွှမ်သည် ယဲ့ယီ ဝတ်ထားသော အပေါ်အင်္ကျီမှာ သူမ၏ အင်္ကျီမဟုတ်ဘဲ ကုရှီချန်း၏ အင်္ကျီဖြစ်နေသည်ကို သတိထားမိသွားသည်။

တုန်မင်ရွှမ်၏ အတင်းပြောလိုသည့် ဝိညာဉ်မှာ ပြန်လည် နိုးထလာပြန်ပြီး ယဲ့ယီကို မသိမသာ ခိုးကြည့်နေတော့၏။

ယဲ့ယီသည် သူမ၏ အင်္ကျီကို ကြည့်နေသော တုန်မင်ရွှမ်၏ အကြည့်ကို မြင်သည်နှင့် ထိုကောင်လေးမှာ တစ်ခုခုကို လျှောက်တွေးနေပြန်ပြီဖြစ်ကြောင်း သိလိုက်၏။

ယဲ့ယီသည် တုန်မင်ရွှမ်ကို စိုက်ကြည့်ကာ ဟောက်လိုက်သည်။

“မင်း ဘာတွေ ထပ်တွေးနေတာလဲ ကောင်လေး။ ငါ့အင်္ကျီက ခုနက မိုးမိပြီး စိုသွားလို့။ မင်းရဲ့ စိတ်ကို နည်းနည်းလောက် သန့်သန့်ရှင်းရှင်း ထားလို့မရဘူးလား။ နည်းနည်းလောက် ပိုပြီး အပြစ်ကင်းစင်လို့ မရဘူးလား”

တုန်မင်ရွှမ် က သူ၏ နှာခေါင်းကို ပွတ်လိုက်ရင်း ဆိုလေ၏။

“ကျွန်တော် ဘာမှမပြောဘူးလေ”

သူပြောဖို့တောင် မလိုပေ။ သူ၏ အတင်းအဖျင်း မျက်လုံးလေးများကို ကြည့်ရုံနှင့်ပင် ဘာတွေးနေသည်မှာ သိသာလှသည်။

တုန်မင်ရွှမ် အဘယ်ကြောင့် ဤမျှ အတင်းအဖျင်း ဝါသနာပါရသည်ကို ယဲ့ယီ တကယ်ပင် နားမလည်နိုင်တော့ချေ။

မည်သည့် အမျိုးသား အနုပညာရှင်ကမှ သူ့လို တစ်နေ့ကုန် သတင်းများကို လိုက်လံ စပ်စုနေလိမ့်မည် မဟုတ်ပေ။ တုန်မင်ရွှမ် တစ်ယောက် ဤအနုပညာလောကထဲသို့ ရောက်လာခြင်းမှာ အလွန်ပင် နှမြောစရာကောင်းပြီး သူသည် ပါပါရာဇီ သတင်းထောက်သာ ဖြစ်သင့်သည်ဟု ယဲ့ယီ ခံစားမိလိုက်သည်။

အခန်း(၈၄)

ညီမလေးကို အစွဲကြီးနေသော သူလေး

ထို့နောက် တုန်မင်ရွှမ်သည် သူ၏ အနုပညာအသိုင်းအဝိုင်းအတွင်း မကြာသေးမီက ကြားသိခဲ့ရသော အတင်းအချို့ကို လူတိုင်းအား စတင်ပြောပြတော့သည်။

လူတိုင်းကလည်း သူ၏ စကားများကို အာရုံစိုက် နားထောင်နေကြပြီး အခါအားလျော်စွာ “ဟမ်”

“ဟာ... မဟုတ်တာ”

“သူတို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“သူက ကွယ်ရာမှာ တကယ်ပဲ အဲဒီလိုမျိုးလား” စသည်ဖြင့် တအံ့တဩ ရေရွတ်နေကြ၏။

သူတို့အားလုံးမှာ အတင်းအဖျင်းများကြားတွင် အလွန်ပင် ပျော်မွေ့နေကြသည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်၏။

“မင်ရွှမ်၊ မင်းက ဒီသတင်းတွေကို ဘယ်လိုလုပ် အကုန်သိနေတာလဲ”

တုန်မင်ရွှမ်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏ ဖုန်းကို ထုတ်လိုက်ပြီး WeChat ကို ဖွင့်ကာ သူဝင်ထားသော အဖွဲ့ များကို လူတိုင်းအား လိုက်ပြတော့သည်။

ဘုရားရေ...

ဤကောင်လေးသည် အတင်းတုတ်သော အဖွဲ့ ပေါင်း နှစ်ဆယ်ကျော်တွင် ပါဝင်နေလေ၏။

လူတိုင်းက သူ့ကို လက်မထောင်၍ ချီးကျူးလိုက်ကြရသည်။ အကယ်၍ ဤကလေးသာ ပါပါရာဇီသတင်းထောက် လောကထဲသို့ ဝင်သွားပါက အခြားသော သတင်းထောက်များမှာ အလုပ်ပြောင်းရနိုင်ချေ ရှိသည်။

ကောင်လေးသည် အတင်းအဖျင်း ပြောရသည်ကို ဝါသနာကြီးလွန်းလှသည်။

တုန်မင်ရွှမ်သည် ပြောလေ စိတ်ပါလေ ဖြစ်လာပြီး သူသိသမျှ အတင်းအဖျင်း အားလုံးကို အကုန် ပြောပြချင်နေတော့၏။ လူတိုင်းကလည်း နေကြာစေ့သာ လိုတော့သည့်အလား အရသာခံ၍ နားထောင်နေကြတော့သည်။

သူတို့သည် ဤသို့ဖြင့် သန်းခေါင်ယံအချိန်အထိ စကားစမြည် ပြောဖြစ်ခဲ့ကြ၏။

ကုရှီချန်းသည် သူဖတ်နေသော စာအုပ်ကို အဆုံးသတ်လိုက်ပြီး မော့ကြည့်လိုက်သောအခါ ယဲ့ယီသည် တဲထဲတွင် မရှိတော့သည််ကို သတိပြုမိသွားသည်။ သူ ထသွားကြည့်ရန် ပြင်လိုက်စဉ်မှာပင် ယဲ့ယီသည် တဲထဲသို့ ပြန်လည် ရောက်ရှိလာလေ၏။

ကုရှီချန်းကို မြင်သောအခါ ယဲ့ယီက စနောက်လိုက်၏။

“ရှင်လည်း အချစ်ဝတ္ထုတွေ ဖတ်ရတာ ဝါသနာပါလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”

“ဒါ ကိုယ်ပထမဆုံးအကြိမ် ဒီလိုစာအုပ်မျိုး ဖတ်ဖူးတာပါ။ ဇာတ်လမ်းက နည်းနည်းတော့ ယုတ္တိမရှိဘူး။ ပြီးတော့ ဥပဒေရေးရာ အသိပညာတွေလည်း အားနည်းနေပေမဲ့ အချိန်ဖြုန်းဖို့အတွက်တော့ မဆိုးပါဘူး”

ကုရှီချန်းသည် သူ၏ အမြင်ကို ရိုးသားစွာ ပြောပြသည်။

ယဲ့ယီ ရယ်ချင်သွား၏။

‘ဒီလူ တကယ်ပဲ စာအုပ်ကို အဆုံးထိ ဖတ်ခဲ့တာလား’

“ညဉ့်နက်နေပြီ၊ အနားယူကြရအောင်”

ကုရှီချန်း တိုက်တွန်းလိုက်သည်။

ယဲ့ယီသည်လည်း နာခံစွာဖြင့် သူမ၏ အိပ်ရာထဲသို့ ဝင်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် အိပ်ပျော်သွားတော့သည်။

ကုရှီချန်းမှာမူ ချက်ချင်း အိပ်မပျော်သေးဘဲ ယဲ့ယီကို ခေတ္တမျှ ငေးကြည့်နေပြီးမှ အသံမထွက်ဘဲ တိုးတိုးလေး နှုတ်ဆက်လိုက်လေ၏။

“ဂွတ်နိုက် “

နောက်တစ်နေ့ နံနက် သူတို့ နိုးလာသောအခါ မိုးလည်း တိတ်သွားခဲ့ပြီ ဖြစ်သည်။ တစ်ညလုံး မိုးရွာထားသဖြင့် တောင်အောက်ဆင်းသော လမ်းတစ်လျှောက်တွင် ရွှံ့ဗွက်အိုင်များ နေရာအနှံ့ ရှိနေသည်။

တောင်အောက်သို့ ဆင်းကြရာတွင် လူတိုင်းမှာ ကားကို ခဏခဏ ဆင်းတွန်းကြရ၏။ တောင်အောက်ခြေသို့ ရောက်သောအခါ လူအတော်များများမှာ ရွှံ့ရုပ်လေးများအလား ဖြစ်နေကြပြီး ယဲ့ယီသည်လည်း ထိုထဲတွင် အပါအဝင်ဖြစ်သည်။

ကုရှီချန်းမှာမူ ကားပေါ်မှ မဆင်းခဲ့ရပေ။ သူသည် တမင်မဆင်းဘဲ နေခြင်းမဟုတ်ဘဲ ကားမောင်းနိုင်သူ နည်းပါးလှသဖြင့် သူသည် ကားမောင်းသူအဖြစ် တာဝန်ယူခဲ့ရခြင်း ဖြစ်၏။ အချို့သော မိန်းကလေးများမှာ ကားမောင်းလိုင်စင် ရှိသော်လည်း လမ်းမှာ အလွန်ဆိုးရွားလွန်းသဖြင့် မည်သူမျှ မမောင်းရဲကြချေ။

ယဲ့ယီနှင့် ကုရှီချန်းတို့ အိမ်သို့ ပြန်ရောက်သောအခါ ကုစဲ့ ကျောင်းမှ ပြန်ရောက်နေချိန်နှင့် တိုက်ဆိုင်သွား၏။ ရွှံ့ရုပ်လေး ဖြစ်နေသော ယဲ့ယီကို မြင်သောအခါ သူ ခဏတာ အံ့အားသင့်သွားပြီး ကုရှီချန်းကို အလေးအနက်ထား၍ ကြည့်လိုက်သည်။

“ဖေဖေ၊ ဖေဖေ ကားမောင်းပြီး မေမေ့ကို ရွှံ့ဗွက်ထဲ ပစ်ချလိုက်တာလား”

ကလေးများ၏ စိတ်ကူးစိတ်သန်း ကြွယ်ဝပုံကို ယဲ့ယီ သဘောကျသွား၏။

ကုစဲ့သည် ကုရှီချန်းထံမှ ရှင်းပြချက်ကို မရရအောင် တောင်းဆိုမည့်ဟန်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

ကုရှီချန်း အားကိုးရာမဲ့စွာ ရှင်းပြလိုက်ရတော့သည်။

“မင်းရဲ့ ခေါင်းသေးသေးလေးထဲမှာ ဘာတွေ လျှောက်တွေးနေတာလဲ။ ငါက သူ့ကို ကားပြတင်းပေါက်ကနေ အပြင်ကို ပစ်ချပါ့မလား။ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အပြင်ကို ပစ်ထုတ်လို့ရမယ် ထင်လို့လား”

ထိုစကားမှာ အမှားအယွင်း မရှိသော်လည်း ယဲ့ယီမှာမူ ဤလူသည် သူမကို ဝသည်ဟု လှောင်ပြောင်နေသကဲ့သို့ ခံစားလိုက်ရ၏။

ကုစဲ့လည်း ခဏ စဉ်းစားကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။

ယဲ့ယီသည် ညစ်ပတ်နေသော ဒဏ်ကို မခံနိုင်တော့သဖြင့် ရေချိုးရန် သူမ၏ အခန်းသို့ အမြန်ပြေးဝင်သွားလေသည်။

ရေချိုးပြီး ပြန်ထွက်လာသောအခါ အိမ်တော်ထိန်းက ဂျင်းပြုတ်ရည် တစ်ခွက်ကို ယူဆောင်လာပေး၏။

“မမလေး၊ ဒါက သခင်လေးက မမလေး အအေးမမိအောင် ဖျော်ပေးခိုင်းလိုက်တဲ့ ဂျင်းပြုတ်ရည်ပါ။ ပူတုန်းလေး သောက်လိုက်ပါဦး”

ယဲ့ယီ ထိုဂျင်းပြုတ်ရည်ခွက်ကို ကြည့်ရင်း သူမ၏ မျက်ခုံးနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိလုနီးပါး ဖြစ်သွားရသည်။ သူမသည် ဂျင်းအရသာကို အမုန်းဆုံး ဖြစ်သည်။

သို့သော် ဖျော်ပြီးသားဖြစ်သဖြင့် နှမြောသောကြောင့် နှာခေါင်းကို ပိတ်ကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်ပစ်လိုက်၏။

သောက်ပြီးသွားသောအခါ သူမ၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားရတော့သည်။ ဤအရာကို သောက်သုံးရန် အလွန်ခက်ခဲလှ၏။

သောက်ပြီးသည်နှင့် ယဲ့ယီသည် မီးဖိုချောင်ရှိ ရေခဲသေတ္တာထဲသို့ ပြေးဝင်ကာ နို့တစ်ပုလင်းကို ယူသောက်လိုက်မှသာ ဂျင်းအရသာကို ဖုံးလွှမ်းသွားနိုင်ခဲ့သည်။

ယဲ့ယီသည် မနေ့က တစ်နေ့လုံး ရိုက်ကူးရေး လုပ်ထားရသည့်အပြင် ညဘက်တွင်လည်း တဲထဲတွင်သာ အိပ်ခဲ့ရသဖြင့် အလွန်ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။အိပ်ရေးပျက်ထားသဖြင့် သူမသည် အိပ်ရာထဲသို့ တန်းဝင်သွားတော့၏။

သူမ ညစာစားချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နိုးလာသောအခါ ဝမ်းဗိုက်ထဲတွင် အနည်းငယ် နာကျင်နေသကဲ့သို့ ခံစားရသော်လည်း သူမ အလေးမထားမိခဲ့ပေ။

ထမင်းစားနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ နွေးခနဲ စီးဆင်းသွားသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ယဲ့ယီသည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

“သေပြီ”

သူမသည် ထမင်းစားလက်စ တူကို ချက်ချင်းချလိုက်ပြီး သူမ၏ အခန်းထဲသို့ ခြေကုန်သုတ် ပြေးဝင်သွားတော့သည်။

ကုရှီချန်းနှင့် ကုစဲ့တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြသည်။

ယဲ့ယီ ထမင်းစားပွဲသို့ ပြန်ရောက်လာသောအခါ သူမ၏ အင်္ကျီပေါ်တွင် ထူထဲသော အပေါ်အင်္ကျီ တစ်ထည်ကို ထပ်ဝတ်ထားလေ၏။

ကုရှီချန်းက သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အပြင်ဘက်တွင် နေသာနေဆဲဖြစ်ပြီး ယနေ့ အပူချိန်မှာ ၂၀ ဒီဂရီကျော် ရှိ၏။

“အဲဒီလောက်အထိ အထပ်ထပ်ဝတ်ထားတာ မပူဘူးလား”

“မပူပါဘူး”

ယဲ့ယီက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

[ကျွန်မ ဒီလို ဝတ်ချင်တယ်ထင်လို့လား]

ကုရှီချန်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ အကယ်၍ မဝတ်ချင်ပါက ဘာကြောင့် ဝတ်ထားရသနည်း။ မိန်းကလေးများမှာ အတော်လေး နားလည်ရခက်သော သတ္တဝါများပင် ဖြစ်သည်။

ယဲ့ယီသည် ထမင်းကို အနည်းငယ်သာ စားပြီးနောက် ဆက်မစားနိုင်တော့ပေ။ ဝမ်းဗိုက်ထဲမှ နာကျင်မှုကို သူမ သည်းမခံနိုင်လောက်အောင် ဖြစ်လာခဲ့သည်။

သူမသည် အခန်းထဲသို့ တန်းပြန်သွားတော့သည်။

အခန်းထဲသို့ ရောက်သောအခါ ယဲ့ယီသည် အိပ်ရာပေါ်တွင် လူးလိမ့်နေမိ၏။

‘တောက်... ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေထဲမှာတော့ ရာသီလာရင် ဗိုက်နာတတ်တယ်လို့ မပါပါဘူး။ ဒီဝေဒနာက ငါနဲ့အတူ ကူးပြောင်းလာတာလား’

သူမ၏ ယခင်ဘဝတွင် ညဉ့်နက်သည်အထိ အလုပ်လုပ်ရခြင်းနှင့် ရိုက်ကူးရေးအတွင်း ရေထဲသို့ မကြာခဏ ဆင်းရခြင်းတို့ကြောင့် ရာသီလာတိုင်း အလွန်အမင်း နာကျင်တတ်၏။

မူလပိုင်ရှင်မှာ ရာသီလာလျှင် ဗိုက်မနာတတ်ကြောင်း သိလိုက်ရစဉ်က သူမ အလွန်ဝမ်းသာနေခဲ့ပြီး ဤဒုက္ခမှ ကင်းဝေးပြီဟု ထင်ထားခဲ့သည်။ ယခုမူ ဤဝေဒနာမှာ သူမနောက်သို့ လိုက်ပါလာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

အမှန်စင်စစ် ဤဝေဒနာမှာ သူမနောက်သို့ လိုက်ပါလာခြင်း မဟုတ်ဘဲ မကြာသေးမီက သူမသည် နေ့တိုင်း ညဉ့်နက်သည်အထိ နေခြင်းနှင့် မနေ့က မိုးမိခဲ့ခြင်းတို့ကြောင့် ယနေ့တွင် ယခုကဲ့သို့ မအီမသာ ဖြစ်နေရခြင်း ဖြစ်လေသည်။

ယဲ့ယီမှာ နာကျင်လွန်းသဖြင့် ချွေးများပင် တသီးသီး ထွက်လာပြီး မိနစ်တိုင်းတွင် သေချင်စိတ် ပေါက်လာတော့၏။ ရာသီလာစဉ် ဗိုက်နာဖူးသူများသာလျှင် ဤခံစားချက်မှာ မည်မျှဆိုးရွားသည်ကို သိကြပေလိမ့်မည်။

ယဲ့ယီ ထွက်သွားပြီးနောက် ကုစဲ့သည် ကုရှီချန်းကို ပြောလိုက်သည်။

“ဖေဖေ၊ မေမေ နေမကောင်းဖြစ်နေပုံရတယ်။ ဖေဖေ ခဏနေရင် သွားကြည့်ပေးလိုက်ဦးနော်”

ကုရှီချန်းလည်း ယခုလေးတင် ယဲ့ယီ မျက်နှာမကောင်းသည်ကို သတိထားမိ၏။ သူ ထမင်းစားပြီးလျှင် သွားမေးရန် စိတ်ကူးထားသော်လည်း ကုစဲ့က ပြောလာသောအခါ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

သူသည် ခေါင်းမာစွာ ပြန်ပြောလိုက်၏။

“ငါက ဘာလို့ သွားကြည့်ရမှာလဲ”

ကုစဲ့က သူ့ဖခင်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။

“ဖေဖေ၊ ဖေဖေ မိန်းမရတာကိုက တကယ်ကို အံ့ဩစရာပဲ။ အခု ဖေဖေ ကောင်းကောင်း မပြုမူဘူးဆိုရင်၊ မေမေ နောက်တစ်ယောက်နဲ့ ပါသွားတဲ့အခါကျမှ ဖေဖေ ငို မနေနဲ့”

ကုစဲ့သည် အသက်မကြီးသေးသော်လည်း လူကြီးလေးကဲ့သို့ နားလည်လှသည်။

“သူ တစ်ခြားတစ်ယောက်နောက်ကို လိုက်သွားချင်ရင်လည်း လိုက်သွားပေါ့။ ငါက ဘာလို့ ဂရုစိုက်ရမှာလဲ”

ကုရှီချန်းက ခေါင်းမာနေဆဲပင်။

“ဖေဖေ နောက်ပိုင်း သေသွားလို့ မီးသင်္ဂြိုဟ်တဲ့အခါ ဖေဖေ့ရဲ့ ပါးစပ်ပဲ ကျန်ခဲ့လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဖေဖေ့ပါးစပ်က မာလွန်းလို့လေ”

ကုရှီချန်းသည် ကုစဲ့ကို စိတ်တိုတိုဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

“မင်းက အခုကတည်းက ငါ့ကို သေစေချင်နေပြီပေါ့ ဟုတ်လား”

ကုစဲ့ ရယ်လိုက်၏။

“ဘယ်သူက ဖေဖေ့ကို ဒီလောက် ခေါင်းမာခိုင်းနေလို့လဲ။ မြန်မြန်သွားပြီး မေမေ့ကို သွားကြည့်လိုက်ပါ”

ဤတစ်ကြိမ်တွင်မူ ကုရှီချန်း ပြန်မပြောတော့ဘဲ ထိုင်ရာမှထကာ ယဲ့ယီ၏ အခန်းသို့ သွားလိုက်သည်။

ကုစဲ့လည်း အခြေအနေကို နားလည်သူလေး ဖြစ်သဖြင့် နောက်ကနေ လိုက်မသွားတော့ပေ။ သူသည် အွန်လိုင်းတွင် ဖတ်ဖူးသည်မှာ ဇနီးမောင်နှံကြား ဆက်ဆံရေး တိုးတက်စေရန်အတွက် သူတို့နှစ်ဦးတည်းကို သက်သက်အချိန် ပေးရမည်ဟု သိထား၏။ ထို့အပြင် နောက်ပိုင်းတွင် ညီမလေး တစ်ယောက်ပါ ရလာနိုင်သည်ဟု အင်တာနက်တွင် ဖတ်ခဲ့ရ၏။

ကုစဲ့သည် သူ၏ အနာဂတ် ညီမလေးမှာ မည်သို့ ပုံစံဖြစ်မည်ကို စတင် စိတ်ကူးယဉ်နေမိတော့သည်။

သူ၏ ဘေးချင်းကပ် ထိုင်ခုံမှ သူငယ်ချင်းတွင် ချစ်စရာကောင်းသော ညီမလေး တစ်ယောက် ရှိထားပြီး သူ အလွန်ပင် အားကျခဲ့ရသည်။

သို့သော် ကုစဲ့ကမူ သူသည် အလွန်ချောမောသဖြင့် သူ၏ ညီမလေးမှာလည်း အလှဆုံး ဖြစ်လိမ့်မည်ဟု တွေးနေသည်။

သူသည် ညီမလေးကို ကောင်းမွန်စွာ စောင့်ရှောက်ကာ မည်သည့်ဒုက္ခမှ မတွေ့အောင် ကာကွယ်ပေးမည်ဟု ဆုံးဖြတ်ထားလေ၏။

ညီမလေး မရောက်လာသေးခင်မှာပင် ကုစဲ့သည် ညီမလေးကို အစွဲအလမ်းကြီးသော အစ်ကိုကြီး တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

All Chapters