အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း (၈၅)
အပြစ်ကင်းစင်သော စီအီးအို
ကုရှီချန်းသည် ယဲ့ယီ၏ အခန်းတံခါးဝသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။သူ တံခါးခေါက်ရန် သင့်၊ မသင့် ဝေခွဲမရ ဖြစ်နေမိ၏။ ခဏတာ တွေဝေနေပြီးနောက်တွင်မူ သူ တံခါးခေါက်လိုက်တော့သည်။
အတော်ကြာအောင် စောင့်ဆိုင်းပြီးမှ ယဲ့ယီသည် တံခါးကို ဖြည်းညှင်းစွာ လာရောက်ဖွင့်ပေးခဲ့သည်။
ယဲ့ယီကို မြင်လိုက်ရသည့် ခဏတွင် ကုရှီချန်းမှာ အံ့အားသင့်သွားရသည်။ သူမ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော့နေပြီး ကိုယ်ကို ကိုင်းထားကာ မည်သည့်အချိန်တွင်မဆို မေ့လဲသွားနိုင်မည့် အသွင်ရှိနေ၏။
ကုရှီချန်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“မင်းမျက်နှာက ဘာလို့ ဒီလောက်တောင် ဖြူဖတ်ဖြူလျော့ ဖြစ်နေရတာလဲ။ ဆရာဝန် ခေါ်ပေးရမလား”
ယဲ့ယီက ခေါင်းခါပြရင်း ပြန်ဖြေ၏။
“မလိုပါဘူး၊ ကျွန်မ ဆေးသောက်ထားပြီးပြီ။ ခဏလောက် အိပ်လိုက်ရင် သက်သာသွားမှာပါ”
ကုရှီချန်းသည် သူမ၏ ဗိုက်ကို ဖိထားသော ယဲ့ယီ၏ လက်ကို ကြည့်ကာ သူမ ဘာဖြစ်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
“ဒါဆိုလည်း မင်း အနားယူလိုက်တော့”
ယဲ့ယီ၏ အခန်းထဲမှ ထွက်လာပြီးနောက် ကုရှီချန်းသည် သူ၏ အခန်းသို့ တန်းမသွားဘဲ မီးဖိုချောင်သို့ ဦးတည်လိုက်၏။
မကြာမီမှာပင် သူသည် သကြားညိုရည် တစ်ခွက်ကို ပြင်ဆင်လိုက်သည်။ ယဲ့ယီ ထမင်းစားစဉ်က နည်းနည်းသာ စားခဲ့သည်ကို သတိရသဖြင့် ကြက်ဥတစ်လုံးအပြင် ဆီးသီးခြောက်နှင့် ဂိုဂျီသီး များကိုပါ အထူးတလည် ထည့်ပေးလိုက်သေး၏။ ဤအရာကို သူသည် ထိုဝတ္ထုထဲမှ သင်ယူခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ မြန်မြန်ဆန်ဆန် အသုံးဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကုရှီချန်းသည် သကြားညိုရည်များကို ခွက်ထဲသို့ လောင်းထည့်ပြီးနောက် ယဲ့ယီ၏ တံခါးကို နောက်တစ်ကြိမ် ထပ်မံခေါက်လိုက်သည်။
ယဲ့ယီမှာမူ တံခါးခေါက်သံကို ထပ်မံကြားလိုက်ရသောအခါ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။ သူမသည် တစ်ကိုယ်လုံး မအီမသာ ဖြစ်နေသည့်ကြားမှ ညသန်းခေါင်ယံအချိန်တွင် လာရောက်နှောင့်ယှက်နေသဖြင့် စိတ်တိုနေမိ၏။
ယဲ့ယီသည် တံခါးကို ဆောင့်ဖွင့်လိုက်ပြီး ငေါက်လိုက်သည်။
“ဘာလဲ ညကြီးမင်းကြီး လူတစ်ယောက်ကို အေးအေးဆေးဆေး အိပ်ခွင့်မပေးနိုင်ဘူးလား”
ကုရှီချန်းမှာ သကြားညိုရည်ခွက်ကို ကိုင်ထားရင်း ခဏတာ နေရခက်သွားသည်။ သို့သော် ယဲ့ယီမှာမူ ဗိုက်နာလွန်းသဖြင့် နောက်ထပ် ဘာမှမပြောချင်တော့ဘဲ တံခါးပိတ်ရန် ပြင်လေတော့၏။
ကုရှီချန်းက တံခါးပိတ်မရအောင် တားလိုက်ပြီး သကြားညိုရည်ခွက်ကို သူမထံ လှမ်းပေးလိုက်၏။
“ဒါက အိမ်ထိန်းလျုံကို ဖျော်ခိုင်းထားတဲ့ သကြားညိုရည်ပဲ၊ မအိပ်ခင် သောက်လိုက်ဦး”
ယဲ့ယီမှာ မတ်တပ်ပင် မရပ်နိုင်တော့သည်ကို မြင်သောအခါ ကုရှီချန်းသည် မေးလိုက်သည်။
“ကိုယ် အထဲအထိ ယူလာပေးဖို့ လိုမလား”
ယဲ့ယီလည်း အားအင်ကုန်ခမ်းနေပြီ ဖြစ်သဖြင့် မငြင်းခဲ့ပေ။ ကုရှီချန်းသည် သကြားညိုရည်ခွက်ကို အိပ်ရာဘေးရှိ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
“ခွက်ကိုတော့ မနက်ကျမှ အိမ်ထိန်းလျုံကို လာသိမ်းခိုင်းလိုက်မယ်။ ဒါကို သောက်ပြီး အနားယူလိုက်တော့”
ယဲ့ယီသည် နာကျင်မှုကို အောင့်ထားရင်း တိုးတိုးလေးပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ကုရှီချန်း အသိအမှတ်ပြုသည့် အနေဖြင့် အသံတစ်ချက်ပေးကာ အပြင်သို့ ထွက်သွားပြီး တံခါးကိုပါ တစ်ပါးတည်း ပိတ်ပေးခဲ့သည်။
ယဲ့ယီလည်း သကြားညိုရည်ကို သောက်ပြီးနောက် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက် မနက်စာစားချိန်အထိ ယဲ့ယီ နိုးမလာသေးချေ။ ကုရှီချန်းသည် အိမ်ထိန်းကို သူမအတွက် မနက်စာ မချန်ထားခိုင်းခဲ့သလို သူမကို သွားနှိုးရန်လည်း မပြောခဲ့ပေ။
ကုစဲ့ သည် ယဲ့ယီကို ထမင်းစားပွဲဝိုင်းတွင် မတွေ့သဖြင့် စိုးရိမ်တကြီးဖြင့် မေးလေ၏။
“ဖေဖေ၊ မေမေ ဘာဖြစ်နေတာလဲ”
“သူက ပင်ပန်းနေရုံပါ၊ မင်းကတော့ ကျောင်းသွားပြီး လိမ္မာအောင်နေ၊ စိတ်မပူနဲ့”
ကုရှီချန်း ယခုလိုပြောလိုက်သောအခါမှ ကုစဲ့ စိတ်အေးသွားပြီး ကျောင်းသို့ လိမ်လိမ်မာမာ သွားတော့သည်။
ယဲ့ယီ နိုးလာချိန်တွင် ကုရှီချန်းမှာ အလုပ်သို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။
ယဲ့ယီ၏ အခန်းထဲရှိ ပြောင်သလင်းခါနေသော ခွက်ကို မြင်သောအခါ အိမ်ထိန်းလျုံက ပြုံးရင်း ပြောလိုက်သည်။
“သခင်လေးက မမလေးအတွက် သကြားညိုရည်ကို ကိုယ်တိုင်တောင် ဖျော်ပေးခဲ့တာပဲ။ မမလေးကတော့ တကယ်ကို ကံကောင်းတာပဲ”
ယဲ့ယီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေ၏။
“ဒါကို အစ်မလျုံဖျော်ပေးတာ မဟုတ်ဘူးလား”
အိမ်ထိန်းလျုံက ပြုံးလျက် ရှင်းပြ၏။
“သခင်လေးက သူကိုယ်တိုင် ဖျော်ပေးတယ်လို့ ပြောဖို့ ရှက်နေတာ ဖြစ်မှာပါ။ မနေ့ညက သခင်လေးကို မီးဖိုချောင်ထဲမှာ တွေ့တော့ သူဗိုက်ဆာလို့ ထင်နေတာ၊ ကျွန်မကိုတောင် အထဲဝင်ခွင့်မပေးဘူးလေ။ ဒီမနက်လည်း မမလေးအတွက် စားစရာတွေ ချန်ထားဖို့ သူကိုယ်တိုင်မှာသွားတာ”
ယဲ့ယီသည် ပြောင်လက်နေသော ခွက်ကို ကြည့်ရင်း အတွေးထဲ နစ်ဝင်သွားမိသည်။
‘ဒါဆို မနေ့ညက သကြားညိုရည်က တကယ်ပဲ သူဖျော်ပေးတာပေါ့’
အိမ်ထိန်းလျုံ ဆက်ပြောလေသည်။
“သခင်လေးက ပုံမှန်ဆို အေးစက်စက် နေတတ်ပေမဲ့ သူဂရုစိုက်တဲ့ လူတွေအပေါ်ကျရင်တော့ တကယ်ကို အသေးစိတ်ကအစ ဂရုစိုက်တတ်တာပါ။ ဒါပေမဲ့ သခင်လေးကလည်း ခက်တော့ခက်သား၊ သူကိုယ်တိုင် လုပ်ပေးတာကို ဘာလို့ ဝန်ခံဖို့ ရှက်နေရတာလဲ မသိဘူး”
ယဲ့ယီ၏ ရင်ထဲတွင် ဖော်ပြရခက်သော ထူးဆန်းသည့် ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေ၏။
တစ်ညလုံး အိပ်လိုက်သဖြင့် ယဲ့ယီ၏ ဗိုက်နာဝေဒနာမှာ မနေ့ကလောက် မဆိုးတော့သော်လည်း ယနေ့တွင် ရိုက်ကူးရေးသို့ မသွားရောက်သေးချေ။
သို့သော် ရိုက်ကူးရေးသို့ မသွားသော်လည်း သူမ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးသည်။ သူမသည် တစ်နေ့ခင်းလုံး စောင်လေးကို ခြုံကာ ကွန်ပျူတာရှေ့တွင် ထိုင်ကာ အလုပ်လုပ်နေခဲ့၏။
ကျောင်းဆင်းသောအခါ ကုစဲ့သည် ကျောပိုးအိတ်ကို ချလိုက်သည်နှင့် ယဲ့ယီ၏ အနားသို့ ချက်ချင်း ပြေးလာသည်။ သူ့အိတ်ထဲမှ ချိုချဉ်တစ်လုံးကို ထုတ်ကာ သူမကိုပေးလိုက်၏။
“မေမေ၊ ဒီမှာ ချိုချဉ်စားလိုက်။ နေမကောင်းဖြစ်နေချိန်မှာ ချိုချဉ်စားရင် နေရတာ သက်သာတယ်လေ”
ယဲ့ယီသည် ကုစဲ့ကို အားရပါးရ နမ်းလိုက်ချင်သော်လည်း သူမ၏ ပုံစံကို ထိန်းသိမ်းရမည်ဖြစ်သဖြင့် အေးစက်စက်ပင် ဆက်လက် ဟန်ဆောင်နေခဲ့သည်။
“ကလေးတွေပဲ ချိုချဉ်စားရတာ ကြိုက်တာ”
သို့သော်လည်း သူမသည် ထိုချိုချဉ်ကို လက်ခံလိုက်သေး၏။ ကုစဲ့သည် ဤအခြေအနေကို ကျင့်သားရနေပြီ ဖြစ်၏။ သူ၏ မေမေသည် အဖေဖြစ်သူကဲ့သို့ပင် ခေါင်းမာတတ်သူ ဖြစ်သည်။
ကုစဲ့သည် ယဲ့ယီနှင့်အတူ ခဏနေပေးပြီးနောက် ကုရှီချန်း အလုပ်မှ ပြန်ရောက်လာမှသာ သူ့ အခန်းထဲသို့ ပြန်သွားပြီး အိမ်စာများကို လုပ်တော့၏။
ကုရှီချန်းသည် ယဲ့ယီ၏ မျက်နှာကို ကြည့်ကာ မနေ့ကလောက် မဆိုးတော့သည်ကို တွေ့ရသောကြောင့် စိတ်အေးသွားရသည်။
“နည်းနည်း သက်သာရဲ့လား”
ယဲ့ယီ ခေါင်းညိတ်ပြရင်း ပြုံးကာ ပြောလိုက်၏။
“မနေ့က သကြားညိုရည်ကို ကိုယ်တိုင်ကိုယ်ကျ ဖျော်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
ယဲ့ယီသည် “ကိုယ်တိုင်ကိုယ်ကျ” ဟူသော စကားလုံးကို တမင်တကာ ဖိပြောလိုက်၏။
ကုရှီချန်း၏ နားရွက်များမှာ ချက်ချင်းပင် နီရဲသွားပြီး ရှက်ကိုးရှက်ကန်းပြောလိုက်သည်။
“ဒါက ကြုံလို့ လုပ်ပေးလိုက်တာပါ”
ယဲ့ယီသည် သူ့ကို ပြုံးကြည့်နေပြီး ဘာမှမပြောသော်လည်း စိတ်ထဲတွင်မူ အားရပါးရ ဟာသလုပ်နေမိ၏။
[အေးပါကွာ ကိုယ်တိုင်လုပ်ပေးပြီးတော့မှ ဝန်ခံဖို့ ရှက်နေတာပေါ့။ ကု ကော်ပိုရေးရှင်းရဲ့ သိက္ခာရှိတဲ့ စီအီးအိုကြီးက ယုန်သူငယ်လေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ]
ကုရှီချန်း၏ နားရွက်များမှာ ပို၍ပင် နီရဲလာတော့သည်။
နောက်ဆုံးတွင် သူသည် အကြောင်းပြချက်တစ်ခု ပေးကာ စာကြည့်ခန်းထဲသို့ ပြေးဝင်သွားတော့သည်။
ကုရှီချန်း တစ်ယောက် ရှက်ပျာပျာနှင့် ထွက်ပြေးသွားသည်ကို ကြည့်ပြီး ယဲ့ယီသည် အော်ဟစ်ကာ ရယ်မောလိုက်တော့၏။
စာကြည့်ခန်းသို့ ရောက်သောအခါ ကုရှီချန်းသည် ရုံးလုပ်ငန်းများကို ကိုင်တွယ်ရန် ပြင်လိုက်သော်လည်း စာတစ်လုံးမှ ခေါင်းထဲသို့ မဝင်ချေ။
နောက်ဆုံးတွင် သူ လက်လျှော့လိုက်ရတော့သည်။ သူ၏ စိတ်ထဲတွင် ကုစဲ့ ပြောခဲ့သော စကားများသာ ပဲ့တင်သံထပ်နေ၏။
‘သူ ယဲ့ယီကို တကယ်ပဲ ချစ်မိသွားပြီလား’
အမှန်စင်စစ် သူကိုယ်တိုင်လည်း မသိပေ။
သူ အရင်က ယဲ့ယီကို မုန်းတီးခဲ့သည်။ သို့သော် ယဲ့ယီ ပြောင်းလဲသွားပြီးနောက်တွင်မူ သူမအပေါ် ထားရှိသော သူ၏ အမြင်မှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့သည်။
သူမသည် အလုပ်နားချင်သည်ဟု ခဏခဏ ပြောတတ်သော်လည်း ကုမ္ပဏီတစ်ခုကို သူမလက်ထဲ အပ်လိုက်ချိန်မှာတော့ အပြင်ပန်းတွင် ဘာမှမပြောသော်လည်း သူမ စိတ်ထဲတွင်မူ ကုမ္ပဏီ၏ အနာဂတ်အတွက် အမြဲတမ်း စီစဉ်ပေးနေတတ်၏။ သူမသည် ပျင်းရိနေပုံ ပေါက်နေသော်လည်း အလုပ်လုပ်ချိန်တွင်မူ အလွန်အမင်း အလေးအနက် ထားတတ်ပေသည်။
ယခင်က ယဲ့ယီနှင့် ယခု ယဲ့ယီမှာ တကယ့်ကို လူနှစ်ယောက်ကဲ့သို့ ကွဲပြားနေလေ၏။ သူမ ဘာကြောင့် ဤမျှအထိ ပြောင်းလဲသွားရသည်ကို ကုရှီချန်း မသိသော်လည်း ယခုလက်ရှိ ယဲ့ယီကိုမူ သူ အမှန်တကယ် နှစ်သက်နေမိပုံရ၏။
သို့သော် သတ်မှတ်ထားသော အချိန်သုံးလပြည့်ရန်မှာ နီးကပ်လာပြီဖြစ်ကြောင်း တွေးမိသောအခါ ကုရှီချန်း မျက်မှောင်ကြုတ်သွားမိသည်။ ယဲ့ယီသည် သူ့အပေါ် ဘာခံစားချက်မှ မရှိသေးပေ။ သူသည် ကုမ္ပဏီကိစ္စများကို ကိုင်တွယ်ရာတွင် ပြတ်သားမြန်ဆန်သော်လည်း အချစ်ရေးနှင့် ပတ်သက်လာလျှင်မူ လုံးဝ လမ်းပျောက်နေသကဲ့သို့ ခံစားနေရတော့သည်။
သူ စစ်တပ်ထဲတွင် ရှိစဉ်က အမျိုးသမီးများနှင့် ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးခဲ့၏။ စစ်တပ်မှ ထွက်လာပြီးနောက် ကုမ္ပဏီကို ချက်ချင်း လွှဲပြောင်းရယူခဲ့ရသဖြင့် အမြဲတမ်း အလုပ်များနေကာ အိမ်ထောင်ပြုရန်ပင် မစဉ်းစားခဲ့မိပေ။ ယဲ့ယီနှင့် လက်ထပ်ခဲ့ခြင်းမှာလည်း ယခင်က ခင်မင်မှုကို ထိန်းသိမ်းရန်အတွက်သာ ဖြစ်လေသည်။
ယခုအခါ တစ်စုံတစ်ဦးကို ချစ်မိသွားပြီဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသောအခါ သူ ဘာလုပ်ရမည်ကို မသိတော့ချေ။
ထမင်းစားချိန်သို့ ရောက်သောအခါတွင်လည်း ကုရှီချန်းသည် ဤကိစ္စကိုသာ စဉ်းစားနေမိသဖြင့် အစားပေါ်တွင် အာရုံမရှိချေ။ ထိုအပြုအမူက ယဲ့ယီအား စောစောက သူမ စနောက်လိုက်သဖြင့် သူ စိတ်ဆိုးနေသည်ဟု သံသယဝင်စေ၏။
ဖခင်ဖြစ်သူ၏ တင်းမာသော မျက်နှာထားကို မြင်သောအခါ ကုစဲ့မှာလည်း သူတို့နှစ်ဦး ရန်ဖြစ်ထားကြသည်ဟု ထင်ကာ ဘာမှမပြောဝံ့တော့ပေ။ ထမင်းစားပွဲမှာ လုံးဝ တိတ်ဆိတ်နေခဲ့ပြီး ထမင်းစားပြီးသောအခါ သူတို့ သုံးဦးစလုံးသည် ကိုယ့်အခန်းအသီးသီးသို့ ပြန်သွားကြလေတော့သည်။
အခန်း (၈၆)
ပျော်ရွှင်ဖွယ်ရာ ရိုက်ကူးရေးပြီးဆုံးခြင်း
ကုရှီချန်း အနေဖြင့် ရက်အတော်ကြာ ဝေခွဲမရဖြစ်ပြီးနောက် နောက်ဆုံးတွင် သူသည် ယဲ့ယီကို အမှန်တကယ်ပင် ချစ်မြတ်နိုးနေမိပြီဖြစ်ကြောင်း လက်ခံလိုက်တော့၏။
သူ၏ခံစားချက်များကို အသေအချာ သိရှိသွားပြီးနောက်တွင် လွန်ခဲ့သော ရက်အနည်းငယ်က မှိုင်းညှို့နေခဲ့သော ကုရှီချန်း၏ စိတ်ကလေးမှာ ချက်ချင်းပင် လန်းဆန်းတက်ကြွသွားတော့သည်။
ကုရှီချန်း ခဏတာ စဉ်းစားလိုက်ပြီးနောက် ယဲ့ယီအား သူ့ကို ကွာမရှင်းစေရန် အတွက် တစ်ခုခုလုပ်ဆောင်ရမည်ဟု ဆုံးဖြတ်လိုက်၏။
တိုက်ဆိုင်စွာပင် ယဲ့ယီရိုက်ကူးနေသော ရုပ်ရှင်မှာလည်း ရိုက်ကူးရေးပြီးဆုံးရန် နီးကပ်နေပြီဖြစ်ရာ ကုရှီချန်းသည် ရိုက်ကူးရေးပြီးဆုံးခြင်း အောင်ပွဲခံသည့် ပါတီပွဲတွင် အစီအစဉ်တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ယဲ့ယီသည် ကုရှီချန်း မကြာသေးမီက ထူးဆန်းစွာ ပြုမူနေသည်ကို သတိပြုမိခဲ့သည်။ သူသည် ရိုက်ကူးရေးကွင်းသို့ မကြာခဏ လာရောက်ရုံသာမက ရောက်ရှိပြီးနောက်တွင်လည်း ဒါရိုက်တာနှင့်အတူ အချိန်အတော်ကြာ နေလေ့ရှိသည်။
ထိုသူနှစ်ဦးမှာ တစ်ခုခုကို လျှို့ဝှက်ကြံစည်နေကြသည်ဟု ခံစားနေမိသည်။
ကုစဲ့အား ရိုက်ကူးရေးပြီးဆုံးသည့် ပါတီပွဲတွင် ပါဝင်နိုင်စေရန်အတွက် ယဲ့ယီသည် ထိုပွဲကို စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ လက်ရှိပြသနေသည့် ရသစုံအစီအစဉ်မှာလည်း ဒုတိယနောက်ဆုံးအပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ သူမသည် ထိုအခွင့်အရေးကို အသုံးချ၍ ရုပ်ရှင်ကို ကြော်ငြာရန် ဆုံးဖြတ်ခဲ့၏။
ယဲ့ယီသည် “လမ်းကြုံလိုက်ခြင်း” ဟူသော အယူအဆကို အစွန်းကုန် အသုံးချနိုင်သူဟု ဆိုရပေမည်။ ဤရုပ်ရှင်ကို ကြော်ငြာရန်အတွက် တစ်ပြားတစ်ချပ်မျှ အသုံးမပြုခဲ့ရသော်လည်း ၎င်း၏ လူကြိုက်များမှုမှာ အလွန်ပင် မြင့်မားနေတော့သည်။
လန်ရွှယ်သည် ယဲ့ယီနှင့် သူမ၏အဖွဲ့သားများ ပါတီပွဲကို အားလပ်ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြားသိရသောအခါ သူမ၏ ပါတီပွဲကိုလည်း ထိုရက်တွင်ပင် ပြုလုပ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့၏။
သို့သော်လည်း သူမ ယခင်က ဒဏ်ရာရရှိခဲ့စဉ်က အချိန်အတော်ကြာ နှောင့်နှေးခဲ့သဖြင့် ရိုက်ကူးရန် ဇာတ်ဝင်ခန်းများစွာ ကျန်ရှိနေသေး၏။
လန်ရွှယ်သည် ထိုအခက်အခဲကို ဂရုမစိုက်ဘဲ နောက်ပိုင်းတည်းဖြတ်မှုတွင် အထူးပြုလုပ်ချက် ရုပ်ပုံတုများကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမတို့က ထိုအပြင်ရိုက်ကွင်းများသည် အလွန်အရေးကြီးသဖြင့် အထူးပြုလုပ်ချက်များ အသုံးပြုပါက ရလဒ်မှာ မျှော်လင့်ထားသလို ဖြစ်လာမည်မဟုတ်သဖြင့် ကန့်ကွက်ခဲ့၏။သို့သော် လန်ရွှယ်သည် သူတို့၏ စကားကို လုံးဝဂရုမစိုက်ဘဲ အထူးပြုလုပ်ချက်များ သုံးရန်သာ ဇွတ်အတင်း အခိုင်အမာ ပြောဆိုနေတော့သည်။
ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမတို့မှာ သူမနှင့် ပြိုင်၍ ရန်မဖြစ်နိုင်သောကြောင့် သဘောမတူချင်ဘဲ တူလိုက်ရတော့၏။ ဤရုပ်ရှင်မှာ ကျိန်းသေပေါက် ကျရှုံးတော့မည်ဟု သူတို့နှစ်ဦးစလုံး ခံစားမိသည်။
ယခုတစ်ခေါက် အပိုင်းအတွက် “ကြယ်ပွင့် မိသားစု” ရိုက်ကူးရေးအဖွဲ့သည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အထူးတလည် မြှင့်တင်ကြော်ငြာခဲ့ရာ ဤအပိုင်း၏ လူကြိုက်များမှုမှာ မကြုံစဖူး ထိပ်ဆုံးသို့ ရောက်ရှိခဲ့လေ၏။
ရိုက်ကူးရေးပြီးဆုံးသည့် ပါတီပွဲနှင့် ပတ်သက်၍ ဒါရိုက်တာက ယဲ့ယီအတွက် အံ့အားသင့်စရာ လက်ဆောင်တစ်ခုက စောင့်ကြိုနေသည်ဟု ဆိုကာ သူမအား ပါဝင်ပတ်သက်ခွင့် မပေးဘဲ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ယဲ့ယီမှာမူ မည်သည့်အလုပ်မျှ လုပ်စရာမလိုဘဲ ကောင်းကောင်းမွန်မွန် အနားယူခွင့်ရသည့်အတွက် အလွန်ပင် ဝမ်းသာနေတော့သည်။
သို့သော် ယခုတစ်ခေါက်တွင်မူ ယဲ့ယီနှင့် ကုစဲ့တို့နှစ်ဦးသာ အတူတူသွားခဲ့ကြသည်။ ကုရှီချန်းမှာမူ ကုမ္ပဏီတွင် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များ ရှိနေသေးသည်ဟု ဆိုကာ ကုမ္ပဏီသို့ ပြန်သွား၏။
လန်ရွှယ်ဘက်တွင်မူ မိသားစုသုံးယောက်စလုံး ရိုက်ကူးရေးကွင်းသို့ အတူတူ လာရောက်ခဲ့ကြသည်။
မှတ်ချက်အပိုင်းရှိ အမုန်းပွားသူများက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ယဲ့ယီအား စတင်လှောင်ပြောင်ကြတော့သည်။
[ယဲ့ယီက တကယ် သနားဖို့ကောင်းတာပဲ။ စီအီးအိုကုက ရိုက်ကူးရေးပြီးတဲ့ ပါတီကိုတောင် လိုက်မလာဘူး]
[ ကျွန်မအမြင်အရတော့ စီအီးအို ကုက ပြီးခဲ့တဲ့အကြိမ်က ဟန်ဆောင်နေတာပဲ။ သူနဲ့ ယဲ့ယီက ဒီအစီအစဉ်ပြီးတာနဲ့ ကျိန်းသေပေါက် ကွာရှင်းကြမှာ]
[ အပေါ်ကလူကလည်း... စီအီးအိုကုက ကုမ္ပဏီမှာ အလုပ်ရှိလို့ သွားတာလို့ပဲ ပြောတာလေ၊ နောက်ကျရင် လိုက်မလာဘူးလို့ မပြောပါဘူး]
[အပေါ်ကလူက ရိုးအ လွန်းနေတာပဲ။ ဒါက သိသိသာသာကို ဆင်ခြေပေးတာလေ။ ပါတီပွဲပြီးတဲ့အထိ မစောင့်နိုင်လောက်အောင် ဘာအလုပ်တွေ အရေးကြီးနေလို့လဲ။ ဒါ့အပြင် စီအီးအို ချန်ကို ကြည့်ဦး၊ သူက လန်ရွှယ်တို့နဲ့ အတူရှိနေတာပဲ မဟုတ်လား]
[ ဟုတ်ပ၊ ဟုတ်ပ။ စီအီးအိုချန်ကသာ ငါတို့ ရွှယ်အာအပေါ် တကယ်ကောင်းတဲ့သူ။]
[ လန်ရွှယ်ရဲ့ ဖန်တွေ ရယ်စရာတွေ လာမပြောနဲ့ဦးနော်။ နင့်တို့အိုင်ဒေါက အစားထိုးခံရသူမှန်း အားလုံးသိတယ်]
[ နင်တို့အားလုံးက ငါတို့ ရွှယ်အာကို မနာလိုဖြစ်နေကြတာ]
[အစားထိုးခံရတဲ့သူကို ဘာ မနာလိုဖြစ်စရာ ရှိလို့လဲ]
ဤသို့ဖြင့် ပရိသတ်အဖွဲ့နှစ်ဖွဲ့မှာ တစ်ဖန် ပြန်လည် အငြင်းပွားကြပြန်သည်။
ယဲ့ယီ၏ ပါတီပွဲကို ဟိုတယ်တစ်ခုတွင် ကျင်းပရန် စီစဉ်ထားပြီး တိုက်ဆိုင်စွာပင် လန်ရွှယ်တို့အဖွဲ့သည်လည်း ထိုဟိုတယ်၌ပင် ဘိုကင်တင်ထားလေ၏။ ထို့ကြောင့် အဖွဲ့နှစ်ဖွဲ့မှာ ဟိုတယ်အဝင်ဝတွင် ထိပ်တိုက် တိုးကြလေတော့သည်။
[အားပါးပါး၊ ထိပ်တိုက်တွေ့ဆုံပွဲကြီးပဲ]
[ဒါက အရမ်းတိုက်ဆိုင်လွန်းတယ်၊ အဖွဲ့နှစ်ဖွဲ့လုံးက ပါတီကို ဟိုတယ်တစ်ခုတည်းမှာ လုပ်ကြတာ။ အကယ်၍ တစ်ဖက်ဖက်က ပါတီက အခြေအနေ ပိုဆိုးသွားရင်တော့ တကယ် အရှက်ရမှာပဲ။]
[ကျွန်တော်ကတော့ လန်ရွှယ်တို့ဘက်က ပိုသာမယ်လို့ ထင်တယ်။ သူတို့ရဲ့ သရုပ်ဆောင်အင်အားကို ကြည့်ဦး၊ ပြီးတော့ ယဲ့ယီတို့ဘက်ကို ကြည့်လိုက်ရင် ဘယ်သူမှ နာမည်ကြီးတာ မပါဘူး]
[တကယ်ပဲ၊ ယဲ့ယီတို့ဘက်က အင်အားက တကယ့်ကို အညံ့စားလေးတွေပဲ ၊ နာမည်မရှိတဲ့ ဒါရိုက်တာရယ်၊ လူမသိတဲ့ သရုပ်ဆောင်တစ်သိုက်ရယ်]
[ဒါပေမဲ့ ဒီအဖွဲ့နှစ်ဖွဲ့က တစ်ချိန်တည်းမှာ ရိုက်ကူးရေးပြီးတာ ထူးဆန်းတယ်။ ကြည့်ရတာ အဖွဲ့နှစ်ဖွဲ့က တကယ်ကို ပြိုင်ဆိုင်နေကြတာပဲ။ ဘယ်ဘက်က ပိုကောင်းအောင် ရိုက်နိုင်မလဲဆိုတာပဲ ကြည့်ရတော့မယ်]
[ဒါက ပြောနေစရာတောင် လိုလို့လား၊ လန်ရွှယ်တို့ဘက်က ကျိန်းသေပေါက် ပိုကောင်းမှာပေါ့။ သူတို့ဒါရိုက်တာက ‘နတ်ဘုရားသတ်ပွဲ’ ကို ရိုက်ခဲ့တဲ့သူလေ]
[ အဲဒါတော့ မသေချာဘူးနော်။ ယဲ့ယီတို့အဖွဲ့က အင်အားနည်းပေမဲ့ ရိုက်ကူးရေးမှာ တကယ်ကို အလေးအနက်ထားခဲ့ကြတာ။ ပြီးတော့ သူတို့ အရင်က ရိုက်ခဲ့တဲ့ ဗီဒီယိုအတိုလေးတွေကလည်း တော်တော်ကောင်းတယ်]
[ဗီဒီယိုအတိုက ရုပ်ရှင်နဲ့ ဘယ်လိုယှဉ်လို့ ရမှာလဲ ပြီးတော့ ပြီးခဲ့တဲ့တစ်ခေါက်က မန်ရှင်းကြောင့် သူတို့ နာမည်ပျက်ခဲ့ရတာ မဟုတ်လား]
[မငြင်းကြပါနဲ့တော့။ ရုပ်ရှင်တွေ ထွက်လာရင် သိရမှာပေါ့]
ကုစဲ့သည် ယဲ့ယီ၏လက်ကို တစ်ချိန်လုံး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ မနေ့ညက ဖခင်ဖြစ်သူသည် ယနေ့တွင် မိခင်အတွက် အံ့အားသင့်စရာတစ်ခု ပြင်ဆင်ထားမည် ဖြစ်ကြောင်း သူ့ကို တိုးတိုးလေး ပြောပြခဲ့၏။ အကယ်၍ မိခင်ဖြစ်သူ စိတ်လှုပ်ရှားသွားပါက သူ့ဖေဖေနှင့် မေမေတို့ ကွာရှင်းကြလိမ့်မည် မဟုတ်ပေ။
ကုရှီချန်းသည် ယဲ့ယီ ဘေးတွင် မရှိသည်ကို မြင်သောအခါ လန်ရွှယ် တမင်တကာ လှောင်ပြောင်လိုက်လေ၏။
“ရှောင်ယီ ဒီနေ့က ရိုက်ကူးရေးပြီးတဲ့ ပါတီပွဲလေ။ ဒီလို အရေးကြီးတဲ့နေ့မှာ စီအီးအိုကုက လိုက်မလာပေးဘူးလား”
သူမ၏ မျက်လုံးများထဲတွင် အောင်နိုင်သူတစ်ယောက်၏ အမူအရာများဖြင့် လျှံထွက်နေတော့သည်။
‘တွေ့လား ယဲ့ယီ... နင် ငါ့ကို ဘယ်တော့မှ မယှဉ်နိုင်ဘူး။ မျှော်လင့်ထားတဲ့အတိုင်း ကုရှီချန်းက နင့်ကို စိတ်မဝင်စားပါဘူး’
သို့သော် ယဲ့ယီကလည်း အလွယ်တကူ အနိုင်ကျင့်ခံမည် မဟုတ်ပေ။ သူမသည် ပြန်ပြုံးပြလိုက်ပြီး သက်ပြင်းချပြလိုက်၏။
“ဘာမှမတတ်နိုင်ဘူးလေ၊ ကုမ္ပဏီရဲ့ အလုပ်တွေက အရမ်းများနေတာကိုး။ အေးအေးဆေးဆေး ရှိနေတဲ့ စီအီးအိုချန်နဲ့တော့ မတူဘူးပေါ့”
[ဘုရားရေ၊ ယဲ့ယီက ချန်လုပ်ငန်းစုမှာ ဘာအလုပ်မှမရှိဘူးလို့ သွယ်ဝိုက်ပြောလိုက်တာ မဟုတ်လား]
[ယမ်းနံ့တွေက တကယ်ကို ပြင်းထန်နေတာပဲ]
[ ဒီနှစ်ယောက်က တကယ်ကို သူငယ်ချင်းဟောင်းတွေပဲ။ တစ်ယောက်နဲ့တစ်ယောက် အထိနာဆုံးနေရာတွေကို ထိုးနှက်ပြီး ပြောနေကြတာဟ]
ချန်ထျန်မင်း၏ မျက်နှာ အလွန်ပင် ပျက်ယွင်းသွားတော့သည်။ သူသည် ကုရှီချန်းနှင့် မယှဉ်နိုင်ဟု အပြောခံရခြင်းကို အမုန်းဆုံးဖြစ်လေသည်။
“ချန်လုပ်ငန်းစုမှာလည်း အလုပ်တွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့ ငါ့ရဲ့ ခင်ပွန်းလေးက ငါ့ဘေးမှာ ရှိနေပေးဖို့က ပိုအရေးကြီးတယ်လို့ ခံစားရလို့ပါ”
လန်ရွှယ် ဆက်လက်၍ လှောင်ပြောင်လေ၏။ သူမ၏ စကားများက ကုရှီချန်း၏ မျက်လုံးထဲတွင် ယဲ့ယီမှာ အရေးမပါသူဖြစ်ကြောင်း ဆိုလိုလိုက်သည်နှင့် အတူတူပင်။
“အို”
ယဲ့ယီသည် လန်ရွှယ်နှင့် ဆက်လက် အငြင်းမပွားတော့ဘဲ ထိုစကားတစ်ခွန်းသာ ပြန်ပြောလိုက်သည်။
လန်ရွှယ်မှာ အလွန်ပင် ဒေါသထွက်သွားတော့၏။
မှတ်ချက်အပိုင်းမှ အင်တာနက်အသုံးပြုများမှာမူ ရယ်မော၍ မဆုံးနိုင်ကြတော့ပေ။
[ရယ်ရလွန်းလို့ သေတော့မယ်။ ယဲ့ယီက လူတွေကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်နိုင်မှန်း အရင်က မသိခဲ့ဘူး။ တစ်ယောက်က တမင်လာကြွားနေတာကို သူက ‘အို’ တစ်လုံးတည်းနဲ့ ပြန်တုံ့ပြန်လိုက်တော့ လန်ရွှယ်ရဲ့ မျက်နှာက ဒေါသကြောင့် မည်းမှောင်သွားတာပဲ]
[ယဲ့ယီ - ငါ ဂရုမစိုက်သရွေ့ ဒေါသထွက်ရမှာက ငါမဟုတ်ဘူး]
[ငါသာ လန်ရွှယ်နေရာမှာဆိုရင် အခုလောက်ဆို ဒေါသကြောင့် ရူးသွားလောက်ပြီ။ ယဲ့ယီကသာ ပြန်ငြင်းရင် တော်သေးတယ်၊ အခုတော့ လုံးဝ ဂရုမစိုက်တဲ့ အမူအရာနဲ့ ‘အို’ တဲ့]
[အခံရခက်ဆုံးကတော့ တစ်ဖက်လူက ဂရုစိုက်လိမ့်မယ်လို့ ထင်ထားပေမဲ့ သူတို့က နင့်ကို လုံးဝ အဖက်မလုပ်တဲ့ အချိန်ပဲ]
ယဲ့ယီ၏ အမူအရာကို မြင်သောအခါ လန်ရွှယ်မှာ အမှန်တကယ်ပင် ဒေါသထွက်သွားလေ၏။ သူမသည် နှာခေါင်းရှုံ့ကာ ထွက်ခွာသွားတော့သည်။
ယဲ့ယီသည် အောင်နိုင်သူတစ်ဦးကဲ့သို့ ဆံပင်များကို ဝှေ့ယမ်းလိုက်သည်။
‘ဟွန့်... ငါကတော့ ဂရုမစိုက်ဘူး။ နင် ဒေါသထွက်ပြီး သေသွားအောင် လုပ်ပြမယ်”
ယဲ့ယီလည်း ကုစဲ့ကို ခေါ်ဆောင်၍ ဘိုကင်လုပ်ထားသော ခန်းမဆီသို့ သွားခဲ့သည်။
သို့သော် သူတို့ အပေါ်ထပ်သို့ ရောက်သောအခါ တံခါးမှာ ပိတ်ထားသည်ကို တွေ့လိုက်ရ၏။ ယဲ့ယီ တံခါးကို ခေါက်ကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
သူမသည် လိပ်စာမှားသွားသလားဟု ဒါရိုက်တာကို ဖုန်းဆက်မေးရန် ပြင်နေစဉ်မှာပင် တံခါးမှာ ရုတ်တရက် ပွင့်လာလေ၏။
ထို့နောက် လူတစ်စုသည် ပါတီပွဲသုံး ယမ်းပေါက်ကွဲစက်များကို ဖောက်လိုက်ကြပြီး မရေမတွက်နိုင်သော ဖဲကြိုးများမှာ သူမနှင့် ကုစဲ့ပေါ်သို့ လွင့်ပျံကျလာခဲ့လေသည်။
ဖဲကြိုးများ ရှင်းလင်းသွားသောအခါမှ ယဲ့ယီသည် သူမ၏ ရှေ့တွင် ရှိနေသော လူကို မြင်လိုက်ရတော့၏။
နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် နှင်းဆီပန်းစည်းကို ကိုင်ဆောင်ထားလေ၏။
ထိုသူကား အခြားသူမဟုတ်ပေ။ ကုမ္ပဏီသို့ အလုပ်ကိစ္စဖြင့် သွားရမည်ဟု ဆိုခဲ့သော ကုရှီချန်းပင်တည်း။ သူ ကုမ္ပဏီသို့ သွားရမည်ဟု လိမ်ပြောရခြင်းမှာ သူတို့ထက် အရင် ဤနေရာသို့ ရောက်ရှိနေရန်အတွက်သာ ဖြစ်သည်။
ယဲ့ယီ၏ စူးရှရှအကြည့်များ အောက်တွင် ကုရှီချန်းသည် သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီးနောက် လက်ထဲမှ ပန်းစည်းကို ကမ်းပေးလိုက်၏။ ထို့နောက် သူ၏ နှုတ်ခမ်းပါးလေးကို အနည်းငယ်ဟ၍ ပြောလိုက်လေသည်။
“ယဲ့ယီ... ရိုက်ကူးရေးပြီးဆုံးသွားလို့ ကိုယ် ဝမ်းသာပါတယ်နော်”