အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း(၈၇)
ကွာရှင်းပြီးသားလေ
“ဟာ... စီအီးအိုကု တကယ်ကြီး ရောက်လာတာပဲ။ အလုပ်ကိစ္စတွေ ကိုင်တွယ်ဖို့ ကုမ္ပဏီသွားရမယ်ဆိုတာက ယဲ့ယီအတွက် အံ့အားသင့်စရာတစ်ခု ကြိုတင်ပြင်ဆင်ပေးဖို့ စောစောရောက်နေခဲ့တာပေါ့လေ။ ဒါကတော့ တကယ်ကို ရိုမန်တစ်ဆန်လွန်းပါတယ်ကွာ”
“ဒါကို ဂရုမစိုက်ဘူးလို့ ပြောနေကြသေးတာလား”
“ဟာ... စီအီးအို ကု က တကယ်ကို ချောတာပဲ”
“ငါ့ရဲ့ ယဲ့ပေါင်ကို စောစောက လှောင်ပြောင်နေတဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲ၊ ဆက်ပြီး လှောင်ကြလေ”
“အားကျလိုက်တာ... ယဲ့ယီဘဝက ကံကောင်းလွန်းတယ်။ အရမ်းချောတဲ့ ခင်ပွန်းရှိတာတင်မကဘူး၊ သူ့ရဲ့ သားကပါ အဲ့ဒီလောက် ချောနေတာ။သူ လူပြန်ဝင်စားတုန်းကများ အပိုကြေးတွေ ပေးခဲ့ရတာလား”
“စီအီးအိုကု ယဲ့ယီကို ဂရုမစိုက်ဘူးလို့ ဘယ်သူပြောတာလဲ၊ ဒါကို ဂရုမစိုက်ဘူးလို့ ခေါ်တာလား”
“ချမ်းသာတယ်၊ ချောတယ်၊ ပြီးတော့ ရိုမန်တစ်လည်း ဆန်တတ်သေးတယ် ၊ ဒီလိုလူမျိုး တစ်ဒါဇင်လောက် ပေးပါလားရှင်”
“လန်ရွှယ် နဲ့ ယဲ့ယီ တို့ရဲ့ ဒီပွဲမှာတော့ လန်ရွှယ်က အရှုံးကြီး ရှုံးသွားပြီ”
ယဲ့ယီသည် ကုရှီချန်းကို ရင်ထဲ၌ ဖော်ပြမတတ်သာသော ခံစားချက်တို့ဖြင့် ကြည့်နေမိသည်။ ကုရှီချန်းသည် ယနေ့ လာလိမ့်မည်မဟုတ်ကြောင်း သူမ အမှန်တကယ်ပင် ထင်မှတ်ထား၏။
ကုရှီချန်း လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူမ ဂရုမစိုက်သော်လည်း သူ့ကို မြင်လိုက်ရသည့် ခဏတာ အခိုက်အတန့်လေးတွင် စိတ်လှုပ်ရှားသွားမိသည်ကိုတော့ သူမ ဝန်ခံရလိမ့်မည်။
ယဲ့ယီသည် ကုရှီချန်း၏ လက်ထဲမှ ပန်းစည်းကို လှမ်းယူလိုက်ပြီး ညင်သာစွာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ဘေးနားရှိ ကုစဲ့ကတော့ ခိုးပြီး ရယ်နေရှာသည်။ သူ၏ မိခင်ဖြစ်သူမှာ စိတ်လှုပ်ရှားသွားပြီဖြစ်ကြောင်း သူ သိလိုက်၏။ သူတို့တွေ ကွာရှင်းဖြစ်တော့မည် မဟုတ်ဟု တွေးကာ ကြည်နူးနေမိသည်။
ထိုစဉ် ဒါရိုက်တာနှင့် အခြားသူများလည်း ရှေ့သို့ လျှောက်လာကြလေသည်။
ဒါရိုက်တာက ပြုံးကာ ပြောလိုက်၏။
“ရှောင်ယီ... ဒီဇာတ်ကား ရိုက်ကူးပြီးဆုံးတဲ့ ပါတီအတွက် စီအီးအိုကု ဘယ်လောက်တောင် အချိန်ပေး ပြင်ဆင်ခဲ့ရလဲဆိုတာ မင်းမသိပါဘူး”
တုန်မင်ရွှမ်ကလည်း ဝင်၍ ထောက်ခံတော့သည်။
“ဟုတ်တယ်၊ ဟုတ်တယ်... စီအီးအိုကု က အစ်မ ကို အံ့အားသင့်စေချင်လို့ ကျွန်တော်တို့ကိုတောင် လျှို့ဝှက်ထားခိုင်းထားတာ။ အစ်မမှာ ဒီလို ချောမောပြီး ရိုမန်တစ်ဆန်တဲ့ ခင်ပွန်းရှိတာကို ကျွန်တော်တောင် အားကျမိတယ်ဗျာ”
ယဲ့ယီ ရယ်မောမိလိုက်သည်။
“ဒါဆိုရင် မင်းလည်း သွားရှာလိုက်လေ”
ထို့သို့ ပြန်ပြောလိုက်သောကြောင့် တုန်မင်ရွှမ်က ယဲ့ယီကို မျက်စောင်းထိုးကြည့်လိုက်သည်။
“အစ်မ ယဲ့... အစ်မက ဒီလိုဆိုရင်တော့ ကျွန်တော် အစ်မ နဲ့ မကစားတော့ဘူး။ ကျွန်တော်က ယောကျ်ားစစ်စစ်ပါ၊ ယောကျ်ားစစ်စစ်”
တုန်မင်ရွှမ် ယခုလို ပြောလိုက်သည့် အတွက် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး ပွဲကျသွားလေတော့သည်။
ကုရှီချန်း၏ နားရွက်များမှာလည်း ရှက်သွေးဖြာကာ နီရဲလာပြန်၏။
ယဲ့ယီတို့ ရောက်လာပြီး မကြာမီမှာပင် နန်ချင်ဝမ်သည် သွမ့်ကျားကျားကို ခေါ်ဆောင်၍ ရောက်ရှိလာသည်။ သူမသည် မိတ်ကပ်လိမ်းထားသော်လည်း မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများကိုတော့ မြင်တွေ့နေရဆဲပင်။
နန်ချင်ဝမ် ယဲ့ယီကို ပန်းစည်းပေးရင်း နှုတ်ဆက်လိုက်၏။
“ရှောင်ယီ... ရိုက်ကူးရေး ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာပါတယ်”
သွမ့်ကျားကျားလေးကလည်း ဝက်ဝံရုပ်လေးကို ပိုက်ပြီး ယဲ့ယီအနားသို့ လျှောက်လာကာ ပါးချိုင့်လေးနှစ်ဖက် ပေါ်အောင်ပြုံးပြလျက် ပြောရှာသည်။
“အန်တီယဲ့... ရိုက်ကူးရေး ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာပါတယ်”
ယဲ့ယီသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ သွမ့်ကျားကျား၏ ခေါင်းလေးကို ပုတ်ပေးရင်း ဆိုလိုက်၏။
“ကျေးဇူးပါ ကျားကျားလေး”
ထိုအခါ သွမ့်ကျားကျားက ရှက်ပြုံးလေး ပြုံးပြီး ကုစဲ့နှင့် သွားကစားလေသည်။ ကလေးနှစ်ယောက်မှာ ယခုအခါ အလွန်ခင်မင်နေကြပြီ ဖြစ်သည်။
နန်ချင်ဝမ်ကို မြင်သော်လည်း သွမ့်ဟွေကျိုကို မတွေ့ရသဖြင့် သွမ့်ဟွေကျိုမှာ လန်ရွှယ်ထံသို့ တစ်ဖန် မျက်နှာချိုသွေးရန် သွားနေပြန်ပြီဖြစ်ကြောင်း ယဲ့ယီ သိလိုက်ရသည်။
သွမ့်ဟွေကျိုသည် လန်ရွှယ်တို့ဘက်မှ ရိုက်ကူးရေးပြီးဆုံးမှု ပါတီတွင် အမှန်တကယ်ပင် ရောက်ရှိနေလေ၏။ တစ်ဖက်တွင် သူသည်လည်း ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူဖြစ်သကဲ့သို့၊ အခြားတစ်ဖက်တွင်မူ မျက်နှာလိုမျက်နှာရ လုပ်လိုသောကြောင့် ဖြစ်သည်။
သွမ့်ဟွေကျိုသည် လန်ရွှယ်အတွက် ပန်းစည်းတစ်စည်းကိုပင် အထူးမှာယူပေးခဲ့၏။
တကယ်တမ်း ပန်းစည်းပေးခြင်းမှာ ကိစ္စမရှိသော်လည်း ချန်ထျန်မင်းက ပန်းစည်းမမှာထားသဖြင့် အခြေအနေမှာ အနည်းငယ် ကသိကအောင့် ဖြစ်သွားသည်။
ချန်ထျန်မင်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
ကံကောင်းထောက်မစွာ သွမ့်ဟွေကျိုက လျှင်မြန်စွာ တုံ့ပြန်လိုက်၏။ သူသည် ရိုက်ကူးရေးအဖွဲ့ရှိ အမျိုးသမီးအားလုံးအတွက် ပန်းစည်းများ မှာယူထားခြင်းဖြစ်ကြောင်း လန်ရွှယ်၏ ပန်းစည်းကိုသာ ပထမဆုံး သွားယူမိခြင်းဖြစ်ကြောင်း ပြောလိုက်မှသာ ချန်ထျန်မင်း၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
သို့သော် မျက်စိရှင်သူ မည်သူမဆို သူတို့နှစ်ဦးကြားတွင် တစ်ခုခု ထူးခြားနေသည်ကို သိမြင်နိုင်သည်။ သို့မဟုတ်ပါက အဘယ်ကြောင့် လန်ရွှယ် တစ်ဦးတည်းကိုသာ ထူးထူးခြားခြား ဆက်ဆံနေမည်နည်း။
ထမင်းစားနေစဉ်တွင် ချန်ထျန်မင်းသည် သွမ့်ဟွေကျိုကို သွယ်ဝိုက်၍ မေးလိုက်သည်။
“ယောကျ်ားတစ်ယောက်က ကိုယ့်ပန်းကန်ထဲကဟာကို စားနေရင်းနဲ့ အိုးထဲကဟာကိုပါ မျက်စိကျနေမယ်ဆိုရင် နောက်ဆုံးမှာ ဘာမှမကျန်ဘဲ ဖြစ်သွားလိမ့်မယ်။ ဟွေ့ကျို မင်းရော သဘောတူလား”
သွမ့်ဟွေကျို၏ မျက်နှာမှာ ချက်ချင်းပင် မည်းကျသွားသော်လည်း ချန်ထျန်မင်း၏ စကားကို ပြုံးလျက် ထောက်ခံလိုက်သည်။
“တောက်... သွမ့်ဟွေကျို နဲ့ လန်ရွှယ် ကြားမှာ တစ်ခုခုတော့ ရှိနေတာ သေချာတယ်”
“သွမ့်ဟွေကျို လန်ရွှယ်ကို ကြိုက်နေတာ သိသာနေတာပဲကိုး ၊ အခု ပန်းစည်းကိစ္စတင် မကဘူး၊ အရင်တုန်းက နန်ချင်ဝမ်နဲ့ လန်ရွှယ်တို့ ပြဿနာဖြစ်တုန်းကလည်း သူက လန်ရွှယ်ဘက်က ကာကွယ်ပေးခဲ့တာပဲ မဟုတ်လား”
[သွမ့်ဟွေကျိုက တကယ့် လူယုတ်မာပဲ]
[ငါ့ရဲ့ ဟွေ့ကျိုက ဘာလို့ လူယုတ်မာဖြစ်ရမှာလဲ၊ ယောကျ်ားနဲ့ မိန်းမကြားမှာ စင်ကြယ်တဲ့ သူငယ်ချင်းသံယောဇဉ် မရှိနိုင်ဘူးလား နင်တို့တွေ စိတ်ပုပ်စိတ်ယုတ်တွေနဲ့ တွေးနေတာကို ရပ်ကြစမ်းပါ]
[သူတို့မှာ စင်ကြယ်တဲ့ သူငယ်ချင်းသံယောဇဉ် ရှိတယ်ဆိုတာကို ငါတော့ မယုံဘူး။ သွမ့်ဟွေကျိုရဲ့ မျက်လုံးထဲက အချစ်ရိပ်တွေက အပြင်ကိုတောင် လျှံထွက်နေပြီ]
[အဲ့ဒါက ငါတို့ရဲ့ ရွှယ်အာအပေါ် သွမ့်ဟွေကျိုက တစ်ဖက်သတ် စိတ်ကစားတာလေ။ ငါတို့ ရွှယ်အာက သူ့ခင်ပွန်းတစ်ယောက်တည်းကိုပဲ ချစ်တာ]
[လန်ရွှယ် သွမ့်ဟွေကျိုအပေါ် ထားတဲ့ သဘောထားကိုတော့ သိတဲ့သူတွေ သိကြမှာပါ]
ထမင်းစားပွဲတွင် ချန်ထျန်မင်းသည် မိမိ၏ အခွင့်အာဏာကို ပြသသည့်အနေဖြင့် လန်ရွှယ်၏ ပန်းကန်ထဲသို့ ဟင်းများ အဆက်မပြတ် ထည့်ပေးနေ၏။
သွမ့်ဟွေကျိုသည် မိမိရှေ့ရှိ အစားအစာများမှာ မျိုချရခက်ခဲလာသဖြင့် နောက်ဆုံးတွင် အကြောင်းပြချက်တစ်ခုပေးကာ အရင်ဆုံး ထွက်ခွာလာခဲ့တော့သည်။
သူ အပြင်သို့ ထွက်လာစဉ်၊ နန်ချင်ဝမ်သည် သွမ့်ကျားကျားကို ပြန်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။ သွမ့်ကျားကျားလေးမှာ မနက်ဖြန်တွင် ကပွဲသင်တန်းရှိသဖြင့် နန်ချင်ဝမ်သည် ဟိုတယ်တွင် ကြာကြာမနေရန် ဆုံးဖြတ်ထားသော်လည်း သွမ့်ဟွေကျိုနှင့် ဆုံလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နန်ချင်ဝမ် သူ့ကို မမြင်ချင်ယောင်ဆောင်ကာ သွမ့်ကျားကျား၏ လက်ကိုဆွဲ၍ ထွက်ခွာရန် ပြင်လိုက်သည်။
သွမ့်ဟွေကျိုက သူတို့အနားသို့ ခပ်သွက်သွက် လျှောက်လာ၏။
“အတူတူ ပြန်ကြတာပေါ့”
နန်ချင်ဝမ်သည် သူနှင့် အတူမသွားချင်သော်လည်း သွမ့်ကျားကျား ရှေ့တွင် ပြဿနာ မရှာလိုသဖြင့် သွမ့်ဟွေကျိုနှင့်အတူ ပြန်လာခဲ့ရသည်။
အိမ်ပြန်ရောက်သောအခါ နန်ချင်ဝမ်သည် သွမ့်ကျားကျားကို အိပ်ပျော်အောင် ချော့သိပ်ပြီးမှ မိမိအခန်းသို့ ပြန်၍ ရေချိုးသန့်စင်ကာ အိပ်ရန် ပြင်ဆင်လိုက်၏။ သို့သော် ရေချိုးခန်းမှ ထွက်လာသည့်အခါ အခန်းထဲတွင် မဖိတ်ခေါ်ဘဲ ရောက်ရှိနေသည့် ဧည့်သည်တစ်ဦးကို တွေ့လိုက်ရတော့သည်။
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို ကြည့်ကာ မကျေမနပ်ဖြင့် မေးလိုက်သည်။
“ရှင့်ကို ဒီကို ဘယ်သူလာခိုင်းလို့လဲ”
သွမ့်ဟွေကျို က ပြုံးကာ ကုတင်ပေါ်တွင် တ
ဝင်ထိုင်လိုက်၏။
“ဒီအခန်းက မင်းတစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ။ ငါက ဘာလို့ ဝင်လို့မရ ရမှာလဲ”
နန်ချင်ဝမ်သည် သူနှင့် ထပ်မံ မငြင်းခုံလိုသဖြင့် သွမ့်ကျားကျားနှင့်အတူ သွားအိပ်ရန် ပြင်လိုက်၏။သို့သော် သူမ ထွက်သွားရန် ပြင်စဉ်မှာပင် သွမ့်ဟွေကျိုက သူမ၏ လက်ကို လှမ်းဆွဲလိုက်သည်။
“ရှင် ဘာလုပ်တာလဲ”
နန်ချင်ဝမ်သည် သူမ၏လက်ကို ရုန်းထွက်ရန် ကြိုးစားသော်လည်း သွမ့်ဟွေကျိုက အတင်းဆုပ်ကိုင်ထားလေ၏။
သွမ့်ဟွေကျိုသည် အားဖြင့် ဆွဲလိုက်သဖြင့် နန်ချင်ဝမ်သည် သူ၏ ရင်ခွင်ထဲသို့ ရောက်သွားတော့သည်။ထို့နောက် သူသည် ခေါင်းငုံ့ကာ သူမကို နမ်းရှိုက်လိုက်တော့သည်။
နန်ချင်ဝမ် မှာ ကြောင်အ သွားသည်။သူမ သတိဝင်လာသည့်အခါ သွမ့်ဟွေကျိုကို ချက်ချင်း တွန်းထုတ်ကာ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်၏။
“သွမ့်ဟွေကျို... ရှင် ရူးနေတာလား”
သွမ့်ဟွေကျိုသည် အရိုက်ခံလိုက်ရသည့် ပါးကို ကိုင်ကာ နန်ချင်ဝမ်ကို ကြည့်လျက် လှောင်ပြောင် ပြောလိုက်၏။
“အရင်တုန်းက ငါ နမ်းတာကို မင်း သိပ်ကြိုက်ခဲ့တာ မဟုတ်ဘူးလား အခုမှ ဘာလို့ ဟန်ဆောင်နေတာလဲ”
“ရှင်”
နန်ချင်ဝမ်မှာ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ သူမကို အကြိမ်ကြိမ် နာကျင်အောင် လုပ်ခဲ့ပြီးမှ သူ့ကို ယခင်လို ချစ်နေဦးမည်ဟု ထင်နေလေသလော။
သူမ နန်ချင်ဝမ်သည် အရူးတစ်ယောက် မဟုတ်ပေ။
နန်ချင်ဝမ်သည် သူနှင့် ဆက်၍ မပတ်သက်လိုတော့သဖြင့် သူ့ကို တွန်းဖယ်ကာ ထွက်သွားရန် ပြင်လိုက်၏။
သို့သော် သွမ့်ဟွေကျိုက နန်ချင်ဝမ်ကို တစ်ဖန် ပြန်လည် ဖမ်းဆွဲကာ ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး သူမအပေါ်မှ အုပ်မိုးလိုက်တော့သည်။
နန်ချင်ဝမ်မှာ ထိတ်လန့်သွားကာ အော်ဟစ်လိုက်၏။
“သွမ့်ဟွေကျို... ရှင် တိရစ္ဆာန်ထက် မိုက်တဲ့လူပဲ၊ ကျွန်မတို့ ကွာရှင်းထားပြီးပြီလေ”
သွမ့်ဟွေကျိုက ပြုံးလျက် နန်ချင်ဝမ်၏ အဝတ်အစားများကို စတင် ချွတ်ချလေတော့သည်။
“နန်ချင်ဝမ်... ကွာရှင်းစာချုပ် ထွက်မလာသေးသရွေ့ မင်းက ငါ သွမ့်ဟွေကျိုရဲ့ ဇနီးပဲ။ ငါ့ဇနီးနဲ့ ငါ အတူနေတာ ဘာဖြစ်လို့လဲ”
နန်ချင်ဝမ်၏ မျက်နှာမှာ ဖြူလျော့သွား၏။ သူမသည် လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန်ကာ ရုန်းကန်သော်လည်း သူမ၏ ခွန်အားမှာ သွမ့်ဟွေကျိုကို မယှဉ်နိုင်ပေ။
နန်ချင်ဝမ်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေ၏။ တစ်ချိန်က ချစ်ခဲ့သလောက် ယခုတွင် သွမ့်ဟွေကျိုကို သူမ အလွန်မုန်းတီးမိသည်။
သွမ့်ဟွေကျိုသည် သူမ၏ လည်ပင်းကို နမ်းရန် ခေါင်းငုံ့လိုက်သည့် အချိန်တွင် နန်ချင်ဝမ်သည် သူ၏ နားရွက်ကို အားကုန် သုံး၍ ကိုက်လိုက်၏။ ရုတ်တရက်ဆိုသလို သူမ၏ ပါးစပ်ထဲတွင် သွေးညှီနံ့များ ပြည့်သွားသော်လည်း သူမသည် အလျှော့မပေးဘဲ တင်းတင်းကြပ်ကြပ် ကိုက်ထားလေသည်။
သွမ့်ဟွေကျိုသည် နာကျင်မှုဒဏ်ကို မခံစားနိုင်တော့သဖြင့် နန်ချင်ဝမ်ကို ရိုက်ပုတ်ကာ အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။
အခန်း (၈၈)
ကောလာဟလများ
သွမ့်ဟွေကျို ထွက်သွားပြီးနောက် နန်ချင်ဝမ်မှာ ကြမ်းပြင်ပေါ် သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။ သူမ နှလုံးသားတစ်ခုလုံး ကြေကွဲမတတ် ငိုကြွေးလေတော့၏။
သူမ သွမ့်ဟွေကျိုနှင့် ဆုံစည်းခဲ့မိသည်ကို ယခုအခါ အမှန်တကယ်ပင် နောင်တရမိသည်။ သို့သော် ကံဆိုးသည်မှာ ဤလောကတွင် နောင်တအတွက် ဆေးမရှိပေ။လူတိုင်းသည် မိမိတို့၏ ရွေးချယ်မှုအတွက် ထိုက်တန်သော တန်ဖိုးကို ပေးဆပ်ကြရစမြဲ ဖြစ်လေသည်။
နန်ချင်ဝမ် ရင်ဖွင့်တိုင်ပင်ရန် လူတစ်ယောက်ကို အသည်းအသန် ရှာဖွေချင်မိသော်လည်း သူမသည် ဒေသခံတစ်ယောက် မဟုတ်သည့်အပြင် လူမှုဆက်ဆံရေးတွင်လည်း ရှက်ရွံ့တတ်သူဖြစ်ရာ ရင်းနှီးသော သူငယ်ချင်းဟူ၍ မရှိသလောက်ပင်။ သူငယ်ချင်းဟု ခေါ်ဆိုနိုင်သူမှာ ယဲ့ယီတစ်ယောက်သာ ရှိသော်လည်း ယခုကဲ့သို့ အချိန်တွင် ယဲ့ယီမှာ အနားယူနေလောက်ပြီဖြစ်၍ သူမ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူတစ်ပါး အနားယူချိန်ကို မနှောင့်ယှက်လိုတော့ပေ။
နောက်ဆုံးတွင် သူမသည် ရေချိုးခန်းထဲသို့ဝင်ကာ ပါးစပ်ထဲ၌ သွေးညှီနံ့များ မကျန်တော့သည်အထိ အရူးအမူး ဆေးကြောပစ်လိုက်၏။ ဆေးကြောသန့်စင်ပြီးချိန်တွင် မနက်တစ်နာရီကျော် သွားလေပြီ။ သို့သော် သူမ အိပ်ချင်စိတ် လုံးဝမရှိတော့ချေ။
ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း မျက်ရည်များက အထိန်းအကွပ်မရှိ မျက်ရည်ချောင်းပမာ စီးကျလာတော့သည်။ ခေါင်းအုံးမှာလည်း တဖြည်းဖြည်း စိုရွှဲလာ၏။
အခြားတစ်ဖက်တွင်မူ ယဲ့ယီနှင့် အခြားသူများသည် သန်းခေါင်ယံတိုင်အောင် ပါတီပွဲ၌ ပျော်ပါးနေကြသည်။ ကုစဲ့မှာ နောက်တစ်နေ့တွင် ကျောင်းတက်ရန် ရှိသဖြင့် ကိုးနာရီကျော်သည်နှင့် ကုရှီချန်းက ဒရိုင်ဘာကို ခေါ်၍ သူ့အား အိမ်သို့ ပြန်ပို့ခိုင်းလိုက်သည်။ကုရှီချန်း ကိုယ်တိုင် အဘယ်ကြောင့် လိုက်မပို့သည်ကို ကျန်သူများကတော့ ရိပ်မိကြပေလိမ့်မည်။
လူတစ်စုမှာ အတူထိုင်ကာ စားသောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။ လက်တွေ့တွင် နာမည်ကြီး ကြယ်ပွင့်ကြီးများ မပါဝင်သော ရိုက်ကူးရေးအဖွဲ့၏ အားသာချက်မှာ အဆင့်အတန်း ခွဲခြားမှုများ မရှိခြင်းပင်။လူတိုင်းမှာ အမည်မရှိ “လူသစ်လေးများ” သာ ဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး နှိပ်စက်ညှဉ်းပန်းခြင်းမျိုးလည်း မရှိချေ။ ကျီချန်ဖန်မှာ နာမည်ကြီးသရုပ်ဆောင်တစ်ဦး ဖြစ်သော်လည်း ဖော်ရွေသူဖြစ်ရာ အဖွဲ့သားအားလုံးက သူ့ကို ခင်မင်ကြလေသည်။
စကားပြောရင်းနှင့် အဖွဲ့သားများ၏ စကားဝိုင်းမှာ ယဲ့ယီထံသို့ ဦးတည်လာလေ၏။
ဝိုင်အနည်းငယ် သောက်ထားကြသဖြင့် လူတိုင်းသည် ဟန်ဆောင်မှုကင်းကာ ပွင့်လင်းကြသည်။ ထိုစဉ် အမျိုးသမီး သရုပ်ဆောင်တစ်ဦးက တည့်တိုး ပြောလိုက်သည်။
“မမယဲ့... ကျွန်မ အစ််မကို တောင်းပန်ချင်ပါတယ်။ တကယ်တော့ အရင်က ကျွန်မ အစ်မကို မကြိုက်ဘူး၊ ဒီဇာတ်ကားမှာ လာရိုက်တာကလည်း ပိုက်ဆံရဖို့ သက်သက်ပဲ။ ဒါပေမဲ့ အတူတူ အလုပ်လုပ်ကြည့်တဲ့အခါမှာတော့ အင်တာနက်ပေါ်က သတင်းတွေက ကောလာဟလတွေပဲဆိုတာ သိလိုက်ရတယ်။ အစ်မက တကယ်ကို စိတ်ထားကောင်းတဲ့လူပဲ။ တောင်းပန်ပါတယ်နော်။ ဒီဝိုင်တစ်ခွက်နဲ့ပဲ အစ်မကို ဂုဏ်ပြုပါရစေ။ မမယဲ့နဲ့ စီအီးအိုကုတို့ တစ်သက်လုံး ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ပြောပြီးသည်နှင့် ထိုမင်းသမီးသည် စားပွဲပေါ်မှ ဝိုင်ခွက်ကိုယူကာ တစ်ကျိုက်တည်း မော့ချလိုက်၏။
ယဲ့ယီက ပြုံးလိုက်သည်။
“ကောလာဟလတွေဆိုတာ ပညာရှိတဲ့သူတွေနားမှာ ရပ်တန့်သွားတတ်တာပါပဲ။ ငွေစက္ကူတောင် လူတိုင်းရဲ့ အကြိုက်ကို မဆောင်နိုင်တာ၊ ကျွန်မလို လူမျိုးဆိုရင် ပိုတောင် ဆိုးသေးတာပေါ့”
ထိုသို့ဆိုကာ သူမသည် ဝိုင်ခွက်ကို မြှောက်၍ အနည်းငယ် သောက်လိုက်၏။
တုန်မင်ရွှမ်က စနောက်လိုက်သည်။
“ငါတို့ မမယဲ့က သရုပ်ဆောင်ပိုင်းမှာရော အလှအပမှာပါ ပြည့်စုံတာဆိုတော့ နောင်ကျရင် သူ့ကို ကြိုက်တဲ့သူတွေ အများကြီး ရှိလာမှာပါ။ ဒါ့အပြင် ငါ့ရဲ့ မမယဲ့က ဖျော်ဖြေရေးလောကကနေ အနားယူသွားရင်တောင် စီအီးအိုကု ရှိသေးတာပဲ မဟုတ်လား”
ထို့နောက် ကုရှီချန်းနှင့် ယဲ့ယီတို့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
ယဲ့ယီသည် စိတ်ထဲကနေ သက်ပြင်းချမိလိုက်သည်။
‘ဒီကလေးကတော့ တကယ်ကို ရိုးအလွန်းသေးတာပဲ’
[စီအီးအိုကု နဲ့ ငါက ကွာရှင်းတော့မှာ ဖြစ်နေတာ နှမြောစရာပဲ။ ယောကျ်ားတွေကို အားကိုးလို့ မရဘူး၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတာကမှ စိတ်ချရဆုံးပဲ]
ကုရှီချန်းသည် ယဲ့ယီ၏ စိတ်ထဲမှ အသံကို ကြားလိုက်ရပြီးနောက် ဘာမှမပြောဘဲ ဝိုင် တစ်ငုံ သောက်လိုက်၏။
တုန်မင်ရွှမ်၏ စကားကို ကြားပြီးနောက် အခြားသူများကလည်း ကုရှီချန်းနှင့် ယဲ့ယီကို တစ်ယောက်တစ်မျိုး ဝိုင်း၍ စနောက်ကြတော့သည်။ ယဲ့ယီသည် အပြင်ပန်းတွင် ပြုံးနေသော်လည်း အတွင်းစိတ်မှာမူ အလွန်ပင် နေရခက်နေ၏။
[မောင်လေးတို့ ညီမလေးတို့ရယ်... ဆက်မပြောကြပါနဲ့တော့။ ငါတို့သာ တကယ် ကွာရှင်းလိုက်ရင် ငါတော့ ရှက်လွန်းလို့ သေရချေရဲ့]
ကုရှီချန်းမှာမူ လူတိုင်း၏ စနောက်မှုကို နားထောင်ရင်း စိတ်ကြည်လင်နေပုံရ၏။သူသည် ယခင်က သိမ်းဆည်းထားသော ဝိုင်များကိုပင် စားပွဲထိုးအား သွားယူခိုင်းလိုက်သေးသည်။
ဝိုင်များ ထွက်လာသည့်အခါ မှတ်ချက်အပိုင်း တွင်လည်း တစ်ဖန် ဆူညံသွားပြန်သည်။
[ဘုရားရေ... ငါ အင်္ဂလိပ်စာ မတတ်ပေမဲ့ ဒီဝိုင်တွေက ကြည့်လိုက်တာနဲ့ အဆင့်မြင့်ပစ္စည်းတွေမှန်း သိသာတယ်]
[စီအီးအိုကု က တကယ်ကို လက်ဖွာတာပဲ၊ ငါ ဒီဝိုင်တွေအကြောင်း အနည်းအကျဉ်း သိတယ်။ ပြောရရင် ဒီထဲက အပေါဆုံး ဝိုင်တစ်ပုလင်းရဲ့ တန်ဖိုးက တိုက်ခန်းတစ်ခန်းတောင် ဝယ်လို့ရတယ်]
[ဘုရားရေ... ကျွန်တော် ခင်ဗျားကို ‘ဘိုးဘိုး’ လို့ မခေါ်တော့ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက ကျွန်တော့်ကို မြေးတစ်ယောက်လို တစ်ခါမှ မဆက်ဆံခဲ့လို့ပဲ။ ငါ့ဘဝက ဘာလို့ ဒီလောက်ထန သနားဖို့ကောင်းနေရတာလဲ ၊ ငါ ဆယ်စုနှစ်ချီပြီး ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေကို သူတို့က တစ်နပ်တည်းနဲ့ သောက်ပစ်နေကြပြီ]
[ယဲ့ယီကို အားကျရတဲ့ နောက်ထပ် နေ့တစ်နေ့ပဲ။ ဒီလောက် ချမ်းသာတဲ့ စီအီးအို ခင်ပွန်းရှိနေတာ၊ ဖျော်ဖြေရေးလောကမှာ ဘာလို့ ရုန်းကန်နေဦးမှာလဲ ၊ အိမ်မှာပဲ အေးအေးဆေးဆေး နေလိုက်တာ မကောင်းဘူးလား]
[သူဌေးတွေရဲ့ ဘဝက ငါ့ရဲ့ အိပ်မက်ပဲ]
အားကျသည့် မှတ်ချက်များကြားတွင် သူဌေးများကို မုန်းတီးသူများလည်း ရှိနေပြန်သည်။
[ဒီပိုက်ဆံတွေကိုသာ ဆင်းရဲတဲ့ တောင်ပေါ်ဒေသက ကလေးတွေကို လှူလိုက်ရင် သူတို့ ဘယ်လောက် ပျော်ကြမလဲ၊ နင်တို့တွေ စားရတာ စိတ်လုံကြရဲ့လား]
[တောက်... ငါတို့တစ်သက်လုံး ကြိုးစားတာက သူတို့ရဲ့ ထမင်းတစ်နပ်စာလောက်တောင် မရှိပါလား။ ထင်တဲ့အတိုင်းပဲ၊ ရင်းနှီးမြှုပ်နှံမှုတွေက အရင်းရှင်တွေလက်ထဲမှာ ရောက်ကုန်တာပဲ]
[ဒီလောက် ဈေးကြီးတဲ့ ဝိုင်တွေ သောက်နေတာ၊ ကု ကော်ပိုရေးရှင်းက ပိုက်ဆံတွေ ဘယ်ကရလဲ၊ အခွန်တွေရော မှန်မှန်ဆောင်ရဲ့လားဆိုတာ သိချင်မိတယ်]
[ဒါက ဖြုန်းတီးတာပဲ၊ ဘာလို့ ဒီလောက် ဈေးကြီးတဲ့ ဝိုင်တွေကို သောက်ရတာလဲ၊ နိုင်ငံခြား ဝိုင်တွေက အဲ့ဒီလောက်တောင် ကောင်းလို့လား၊ ငါတို့ တရုတ်ဝိုင်တွေကရော မကောင်းလို့လား၊ ဒီလူတွေက နိုင်ငံခြားကို အထင်ကြီးလွန်းနေကြတာ၊ ပြင်းပြင်းထန်ထန် ဝေဖန်သင့်တယ်]
သို့သော် အင်တာနက်ပေါ်တွင် မည်သို့ပင် ပြောဆိုနေကြပါစေ၊ ထိုဝိုင်များကို ရိုက်ကူးရေးအဖွဲ့သားများက သောက်ပြီးသွားကြလေပြီ။
ရိုက်ကူးရေးအဖွဲ့ရှိ လူတိုင်း ယနေ့တွင် အလွန် ပျော်ရွှင်နေကြ၏။ အကယ်၍ ယနေ့တွင် ကုရှီချန်းသာ မရှိပါက သူတို့ တစ်သက်လုံး ဤကဲ့သို့သော ဝိုင်မျိုးကို သောက်ခွင့်ရကြလိမ့်မည် မဟုတ်ပေ။ အချို့သော ဝိုင်များမှာ ငွေရှိရုံဖြင့်ပင် ဝယ်၍မရ၊ သောက်လေရှားပါးလေ ဖြစ်ရာ ကုရှီချန်း၏ ရက်ရောမှုကို လူတိုင်း ပို၍ လေးစားသွားကြလေသည်။
ယဲ့ယီသည် သူမ၏ အရင်ဘဝကလည်း ရိုက်ကူးရေး မရှိသည့်အချိန်များတွင် ဝိုင်သောက်ရသည်ကို ဝါသနာပါပြီး ကိုယ်တိုင်လည်း ဝိုင်ကောင်းများကို အမြောက်အမြား စုဆောင်းထားခဲ့သူဖြစ်သည်။ သို့သော် ကုရှီချန်း ထုတ်ပေးသည့် ဝိုင်မျိုးမှာမူ အမှန်တကယ်ပင် ရှားပါးလွန်း၏။ ယဲ့ယီမှာ အသောက်လွန်သွားသဖြင့် မျက်နှာတစ်ခုလုံး ရဲတက်လာတော့သည်။
ပါတီပွဲ ပြီးဆုံးသည့်အခါ ကုရှီချန်းသည် လူတိုင်း ဘေးကင်းစွာ ပြန်သွားကြပြီဟု အတည်ပြုပြီးမှ ယဲ့ယီနှင့်အတူ ပြန်ရန် ပြင်ဆင်လိုက်တော့သည်။ ယဲ့ယီမှာမူ သူမ၏ ထိုင်ခုံပေါ်တွင် အိပ်ပျော်နေ၏။ သူမ ယခင်ဘဝကဆိုလျှင် ယခုကဲ့သို့ မဆင်မခြင် သောက်ရဲမည် မဟုတ်ပေ။
ဤအနုပညာလောကတွင် အသောက်လွန်သွားခြင်းသည် တစ်ဖက်လူအား မိမိကို အခွင့်ကောင်းယူရန် အခွင့်အရေး ပေးလိုက်သည်နှင့် အတူတူပေ။
ယခုတစ်ကြိမ်တွင်မူ သူမကိုယ်သူမ အလိုလိုက်ပြီး သောက်ရဲခြင်းမှာ တစ်ဖက်တွင် အစီအစဉ်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်နေသဖြင့် မည်သူမျှ မရိုးမသား လုပ်ရဲမည်မဟုတ်ချေ။
အခြားအကြောင်းရင်းမှာ ကုရှီချန်းသည် ဤနေရာတွင် ရှိနေခြင်းကြောင့်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူမသည် ကု ကော်ပိုရေးရှင်း၏ စီအီးအိုကတော် ဖြစ်နေဆဲပင်။
အကယ်၍ သူမ တစ်ခုခုဖြစ်သွားလျှင် ကု ကော်ပိုရေးရှင်း၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေလိမ့်မည်။ကုရှီချန်း သူမအပေါ် မကောင်းကြံစည်လိမ့်မည်ကိုတော့ သူမ လုံးဝ မစိုးရိမ်ပေ။ ယဲ့ယီတွင် ထိုမျှလောက်တော့ သတိရှိ၏။
ကုရှီချန်း၏ မကြာသေးမီက အပြုအမူများမှာ သူမကို ဇနီးအဖြစ် ဆက်ထားချင်နေပုံရသော်လည်း ထိုရည်ရွယ်ချက်မှာ ကုစဲ့အတွက် ပြီးပြည့်စုံသော မိသားစုတစ်ခု ဖြစ်စေချင်ရုံသာ ဖြစ်လိမ့်မည်။
ကုရှီချန်းသည် သူမ ကို မကွာရှင်းအောင် လုပ်ရန် သက်သက်နှင့် မိမိ၏ ခန္ဓာကိုယ်ကို လာထိမည့်သူ မဟုတ်ချေ။ အကယ်၍ သူမ မူးပြီး ကုရှီချန်းကို အတင်းဖက်တွယ်ဖို့ ကြိုးစားလျှင်ပင် သူမအား ကန်မထုတ်ရင်ကို ကံကောင်းလှလေပြီ။
“ယဲ့ယီ... ထတော့”
ကုရှီချန်း ယဲ့ယီကို လှုပ်နှိုးလိုက်၏။ ယဲ့ယီသည် နှစ်ကြိမ်မျှ ညည်းညူပြီးနောက် တစ်ဖက်သို့ပင် လှည့်ကာ ဆက်အိပ်နေလေသည်။ ကုရှီချန်းမှာ ခေါင်းခါလိုက်သည်။ထို့နောက် ယဲ့ယီကို မင်းသမီးလေးတစ်ပါးပမာ ပွေ့ချီလိုက်တော့သည်။
ယဲ့ယီမှာမူ သိတတ်လွန်းစွာဖြင့် ကုရှီချန်း၏ လည်ပင်းကို လက်ဖြင့် သိုင်းဖက်ထားလိုက်၏။ကုရှီချန်း၏ နားရွက်များမှာ တစ်ဖန် ထိန်းမရအောင် နီရဲလာပြန်သည်။
သို့သော် ရှေးစကားတစ်ခုဖြစ်သည့် “ရန်သူအချင်းချင်း လမ်းချင်းဆုံသည်” ဆိုသကဲ့သို့ပင်။ ကုရှီချန်းသည် ယဲ့ယီကို ချီ၍ အပြင်သို့ ထွက်လာစဉ် လန်ရွှယ်နှင့် တည့်တည့် တိုးတော့သည်။
ထူးဆန်းသည်မှာ လန်ရွှယ်၏ ဘေးတွင် ချန်ထျန်မင်း ရှိမနေခြင်းပင်။
ကုရှီချန်းသည် ယဲ့ယီအား ပွေ့ချီထားသည်ကို မြင်သောအခါ လန်ရွှယ်၏ မျက်လုံးထဲတွင် မနာလိုရိပ်များ ဖြတ်ပြေးသွားတော့သည်။ ထို့နောက် ကုရှီချန်းကို သူမက ဦးအောင် နှုတ်ဆက်လိုက်လေ၏။
“စီအီးအိုကု... ရှောင်ယီ မူးသွားတာလား”
ကုရှီချန်သည် လန်ရွှယ်ကို ဂရုမစိုက်လိုသော်လည်း တစ်ခုတည်းသော လမ်းကို သူမက ပိတ်ရပ်ထားသဖြင့် ရပ်လိုက်ရ၏။ လန်ရွှယ်ကမူ ကုရှီချန်း အမူအရာ ပျက်ယွင်းနေသည်ကို မမြင်ချင်ယောင်ဆောင်ကာ ဆက်ပြောလေသည်။
“ရှောင်ယီက ဝိုင်သိပ်မသောက်နိုင်ဘူး။ အရင်တုန်းက သူ ဘားတွေမှာ သွားလည်ပြီး မူးတဲ့အခါတိုင်း ယောကျ်ားလေးတွေပဲ သူ့ကို အမြဲ အိမ်ပြန်ပို့ပေးခဲ့တာ”
ထိုသို့ဆိုပြီးနောက် သူမ စကားမှားသွားသလို ဟန်ဆောင်ကာ ပြန်လည် ရှင်းပြလေ၏။
“စီအီးအိုကု... အထင်မလွဲပါနဲ့နော်။ ရှောင်ယီက အဲ့ဒီလူတွေနဲ့ တကယ်ကို သူငယ်ချင်းကောင်းတွေပါ”
သို့သော် သူမ၏ မျက်လုံးထဲမှ ကဲ့ရဲ့လိုသော အကြည့်များကိုတော့ ဖုံးကွယ်၍ မရချေ။ ကုရှီချန်းကဲ့သို့ လူမျိုးသည် ယဲ့ယီ အခြားယောကျ်ားများနှင့် ပတ်သက်ခဲ့သည်ကို သိရှိသွားပါက သူမကို ကျိန်းသေ ရွံရှာသွားလိမ့်မည်ဟု သူမ ယုံကြည်နေ၏။
သူမသည်လည်း လိမ်ပြောနေခြင်း မဟုတ်ပေ။ ယခင်က ယဲ့ယီသည် သူမနှင့်အတူ ဘားများသို့ မကြာခဏ သွားခဲ့ဖူး၏။
သို့သော်လည်း ထိုအချိန်က ယဲ့ယီမှာ သေမတတ် ကြောက်နေသဖြင့် ယောကျ်ားလေး မော်ဒယ်များ၏ အနားသို့ပင် မကပ်ရဲခဲ့ချေ။