← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉)

မူးနေသူလေး

သို့သော်လည်း ကုရှီချန်းမှာ လန်ရွှယ် အလိုရှိသကဲ့သို့ လုပ်ဆောင်ပေးရန် စိတ်ကူးမရှိပေ။

ကုရှီချန်းသည် လန်ရွှယ်ကို အေးစက်တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။

“မင်း ပြောလို့ပြီးပြီလား၊ လမ်းဖယ်ပေးတော့”

လန်ရွှယ်သည် ကုရှီချန်းကို နားမလည်နိုင်စွာ ပြန်မေးမိ၏။

“ရှင် ဂရုမစိုက်ဘူးလား”

ကုရှီချန်းကဲ့သို့ လူတစ်ယောက်သည် ဤကိစ္စမျိုးကို ဂရုမစိုက်ဘဲ နေလိမ့်မည်ဟု လန်ရွှယ် မယုံကြည်ပေ။

ကုရှီချန်းသည် လန်ရွှယ်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

“မင်းရဲ့ တစ်ဖက်သတ် စကားတွေကို ငါက ဘာလို့ ယုံရမှာလဲ”

“ကျွန်မပြောတာ အကုန်အမှန်တွေပါ”

လန်ရွှယ်မှာ ပျာယာခတ်သွားတော့သည်။ သူမအနေဖြင့် ခဲရာခဲဆစ် ရရှိထားသော ရန်တိုက်ပေးမည့် အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပေ။

“မင်းပြောတဲ့ စကားတွေထက် ငါ့မျက်စိနဲ့ မြင်ရတာကို ပိုယုံကြည်တယ်”

ကုရှီချန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်၍ ပြောလိုက်သည်။

“ပြီးတော့ အတိတ်ကို အတိတ်မှာပဲထားလိုက်တော့။ ငါက သူ့ အတိတ်ကို ဂရုမစိုက်ဘူး။ ပစ္စုပ္ပန်ကိုပဲ ဂရုစိုက်တယ်”

ထိုသို့ပြောပြီးနောက် ကုရှီချန်းသည် ယဲ့ယီကို ပွေ့ချီကာ ထွက်ခွာသွားတော့၏။ လန်ရွှယ်မှာ သူ ထွက်ခွာသွားသည်ကို မယုံကြည်နိုင်စွာ ငေးကြည့်ကျန်ရစ်ခဲ့ရရှာသည်။

လန်ရွှယ် သတိပြန်ဝင်လာချိန်တွင် ကုရှီချန်းမှာ ယဲ့ယီကို ချီ၍ အဝေးသို့ ရောက်သွားပြီ ဖြစ်သည်။ သူမသည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။

‘ ဘာကြောင့်လဲ၊ ငါက ယဲ့ယီထက် ပိုကြိုးစားခဲ့တယ်လေ။ဘာလို့ အမြဲတမ်း ယဲ့ယီ အရိပ်အောက်မှာပဲ ရှိနေခဲ့ရတာလဲ။ ယဲ့ယီဆိုတဲ့ မိန်းမက ငါ့ ခြေဖဝါးအောက်မှာ ရက်ရက်စက်စက် နင်းခြေခံရဖို့ပဲ ထိုက်တန်တယ်’

ကုရှီချန်းသည် ယဲ့ယီကို ကား၏ ဘေးခုံတွင် တင်လိုက်ပြီး ထိုင်ခုံခါးပတ်ကိုပါ သေချာစွာ ပတ်ပေးလိုက်သည်။ ယဲ့ယီ၏ အိပ်စက်မှုမှာ အလွန် ကောင်းမွန်လှပေသည်။ယခုကဲ့သို့ လှုပ်ရှားနေရသည်ကိုပင် သူမ နိုးမလာပေ။

ကားထဲသို့ ရောက်သောအခါ ကုရှီချန်းသည် ကားကို ချက်ချင်း မနှိုးသေးဘဲ ယဲ့ယီ၏ မျက်နှာကို အကြာကြီး ငေးကြည့်နေမိသည်။

“ယဲ့ယီ... မင်းက တကယ်တော့ ဘယ်သူလဲ”

ကုရှီချန်းမှာ ဉာဏ်ကောင်းလွန်းသူ ဖြစ်သောကြောင့် ဤအတောအတွင်း ယဲ့ယီ၏ ပြောင်းလဲမှုများကို သတိမထားမိဘဲ မနေနိုင်ပေ။

အကယ်၍ သိမ်မွေ့သော ပြောင်းလဲမှုဆိုလျှင် အကြောင်းပြချက် ပေးနိုင်သေး၏။ သို့သော် လူတစ်ယောက်သည် တခြားတစ်ယောက်နှင့် အစားထိုးခံလိုက်ရသကဲ့သို့ ထူးဆန်းစွာ ရုတ်ခြည်း ပြောင်းလဲသွားခြင်းမှာ မဖြစ်နိုင်သောအရာပင်။

ကုရှီချန်းသည် မိမိ၏ အတွေးများမှာ အဓိပ္ပာယ်မရှိဟု ခံစားနေရ၏။ ဖြစ်ပျက်သမျှ အရာအားလုံးက သူ၏ သံသယကို ခိုင်မာစေခဲ့သည်။ ယခုအချိန်တွင် ရှိနေသော ယဲ့ယီမှာ အရင်က ယဲ့ယီ မဖြစ်နိုင်ပေ။

အိပ်မောကျနေသော ယဲ့ယီမှာမူ သူမ လျှို့ဝှက်ချက်များ ပေါ်တော့မည့်အရေးကို လုံးဝ မသိရှာပေ။

ကုရှီချန်းသည် ယဲ့ယီကို အိမ်သို့ ပြန်ခေါ်လာချိန်တွင် ညဉ့်နက်နေခဲ့ပြီ ဖြစ်သည်။ အံ့ဩစွာပင် သူမကို ကားပေါ်မှ ပွေ့ချီ၍ အဆင်းတွင် သူမ နိုးလာခဲ့၏။

ကုရှီချန်းသည် သူမကို ပွေ့ချီထားဆဲဖြစ်ရာ နှစ်ယောက်သား မျက်လုံးချင်း ဆုံမိသွားကြသည်။ ကုရှီချန်းမှာ ရုတ်တရက် နေရခက်သွားကာ ယဲ့ယီကို ပြန်ချထားရန် ပြင်လိုက်၏။ သို့သော် ယဲ့ယီက သူမ၏ လက်ဖြင့် သူ့မျက်နှာကို ပွတ်သပ်လိုက်လေသည်။

သူမ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

“ဒီမျက်နှာက တကယ်ကို ချောတာပဲ။ ကိုက်စား ချင်စရာလေး”

ကုရှီချန်း၏ နားရွက်များမှာ ချက်ချင်းပင် နီရဲသွားကာ ဘာလုပ်ရမှန်းမသိဘဲ ယဲ့ယီကို ငေးငိုင်စွာ ပွေ့ချီထားမိလေ၏။

ယဲ့ယီသည် ကုရှီချန်း၏ ပါးကို ဆက်၍ ဆွဲလိမ်ရင်း သံသယဖြင့် မေးလိုက်ပြန်သည်။

“ဒါက ဖယောင်းရုပ်လား၊ တကယ့် လူအစစ်နဲ့ တူအောင် လုပ်ထားတာပဲ။ ငါ့ကိုယ်ငါလည်း တစ်ရုပ်လောက် လုပ်ထားဦးမှ၊ မင်းသမီးလေးလို လှပတဲ့ ရုပ်ရည်ကို မှတ်တမ်းတင်ထားရမယ်”

“ဖယောင်းရုပ်”

ကုရှီချန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်နေလေ၏။

‘ဒီမိန်းမက မူးနေတာတောင် ဘာလို့ ဒီလောက်တောင် ဘဝင်မြင့်နေရတာလဲ’

“ငြိမ်ငြိမ်နေစမ်းပါ”

အပြင်မှာ ကြာကြာနေလျှင် ယဲ့ယီ အအေးမိမည်ကို စိုးရိမ်သဖြင့် ကုရှီချန်းသည် သူမကို ဗီလာထဲသို့ ချီ၍ ဝင်ခဲ့လေသည်။

ကုရှီချန်း၏အသံကို ကြားသောအခါ ယဲ့ယီသည် မျက်လုံးဝိုင်းဝိိုင်းလေးဖြင့် ကြည့်ကာ မေးလိုက်၏။

“ရှင်က စကားတောင် ပြောတတ်တာလား၊ အခုခေတ် ဖယောင်းရုပ်တွေက ဒီလောက်တောင် အဆင့်မြင့်နေပြီလား”

ကုရှီချန်းမှာ သက်ပြင်းချ လိုက်တော့သည်။

“ကိုယ်က လူသားတစ်ယောက် ဖြစ်နိုင်တာကိုရော မစဉ်းစားမိဘူးလား”

ယဲ့ယီ၏ မျက်လုံးဝိုင်းဝိုင်းလေးများမှာ ပို၍ပင် ပြူးကျယ်သွားပြီး အော်ဟစ်လိုက်တော့သည်။

“ရှင်က တကယ့်လူ အစစ်လား”

ကုရှီချန်း: ’လူ အစစ်လား ‘ဆိုတာဘာပြောတာလဲ’

မူးနေသူဖြင့် အငြင်းမပွားလိုသောကြောင့် သူ့ဟာသူ စိတ်ထဲတွင် ရေရွတ်လိိုက်ပြီး စိတ်ကို ထိန်းကာ ခြေလှမ်းများကိုသာ မြန်မြန်လှမ်းလိုက်တော့သည်။

ကုရှီချန်းမှာ လူသားတစ်ယောက် ဖြစ်ကြောင်း သိသွားပြီးနောက် ယဲ့ယီမှာ ပို၍ စူးစမ်းချင်စိတ် ပြင်းပြလာလေ၏။ သူ၏ မျက်နှာကို တစ်ခါ၊ လက်ကို တစ်ခါ အငြိမ်မနေဘဲ လိုက်ဆွဲဆိတ်နေတော့သည်။

သူမ၏ နှိပ်စက်မှုကို မခံနိုင်တော့သည့် အချိန်မှာပင် ကုရှိီချန်းသည် ယဲ့ယီ၏ အခန်းသို့ ရောက်ရှိလာခဲ့သည်။

သူသည် ယဲ့ယီကို ကုတင်ပေါ်သို့ ချပေးလိုက်သည်။

ယဲ့ယီသည် ကုတင်ပေါ်တွင် ထိုင်လျက် ကုရှီချန်းကို ခေါင်းမှ ခြေအဆုံး ကြည့်ရှုစစ်ဆေးပြီးနောက် ဖြည်းညှင်းစွာ မေးလိုက်၏။

“ကျွန်မ ရှင့် ကို ခေါ်ထားလို့ ရမလား”

ကုရှီချန်း “...”

ကုရှီချန်း စကားမပြောသည်ကို မြင်သောအခါ ယဲ့ယီ ဆက်ပြောပြန်၏။

“စိတ်မပူပါနဲ့၊ ကျွန်မမှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ ရှင့်ကိုတော့ အငတ်မထားပါဘူး”

ကုရှီချန်း၏ မျက်နှာမှာ မည်းမှောင်သွားလေ၏။ထို့နောက် အံကြိတ်လျက် မေးလိုက်သည်။

“ဒါဆို တစ်လကို ငါ့ကို ဘယ်လောက်ပေးမှာလဲ”

ယဲ့ယီက ရက်ရက်ရောရောပင် လက်ငါးချောင်းထောင်ပြလိုက်သည်။

ကုရှီချန်းက နှာခေါင်းရှုံ့လိုက်၏။

‘တစ်လ ယွမ်ငါးသောင်းပေါ့... သူ တကယ်ပဲ ချမ်းသာတာပဲ’

သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ယီသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တစ်လ ယွမ်ငါးထောင်”

ကုရှီချန်း ဒေါသထွက်လွန်း၍ ထရယ်မိ၏။

“ငါးထောင် ၊ ငါးထောင်တည်းနဲ့ သူများတွေလို ခေါ်ထားချင်နေသေးတာလား”

ယဲ့ယီ မှန်မှန်ကန်ကန်ပင် ပြောရှာ၏။

“ယွမ်ငါးထောင်ဆိုတာ အများကြီးပဲဟာ၊ ရှင်က ဘာလို့ ဒီလောက်ထိ ငွေမက်နေရတာလဲ”

ကုရှီချန်းသည် သူမကို ဟာသတစ်ခုလို ကြည့်လိုက်၏။

“မင်းက ငါ့ကို ခေါ်ထား ချင်တယ်ဆိုပြီး အခုကြတော့ ငါ့ကို ငွေမက်တယ်လို့ ပြောနေတယ်ပေါ့”

ယဲ့ယီသည် ကုရှီချန်း၏ မျက်နှာကို စိုက်ကြည့်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ထပ်ပြောလိုက်၏။

“ရှင်က ချောလွန်းနေတော့လည်း တစ်လ ရှစ်ထောင် ပေးမယ်လေ၊ ရပြီလား။ အဲ့ထက်တော့ ပိုမပေးနိုင်ဘူး”

ရှစ်ထောင်ဆိုသည်မှာ ယဲ့ယီအတွက် အသက်ထွက်မတတ် နှမြောစရာ ဖြစ်နေပုံရ၏။

ကုရှီချန်းမှာ ရယ်ရမလိုလို ဒေါသထွက်ရမလိုလို ဖြစ်နေရရှာသည်။

ယဲ့ယီမှာ ပိုက်ဆံမရှိဘူးဟု ပြောရအောင်ကလည်း သူမသည် သူ့ကို ခေါ်ထားချင်နေသည်။ ပိုက်ဆံရှိတယ် ဟု ပြောရအောင်လည်း တစ်လ ရှစ်ထောင်တည်းသာ ပေးသည်။

ရှစ်ထောင်ဆိုသည်မှာ နည်းသောပမာဏ မဟုတ်သော်လည်း ခေါ်ထားမည့်သူပေါ်တွင် မူတည်သည်။ ပိုင်ဆိုင်မှု သန်းတစ်ရာကျော်ရှိသော ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုကို ရှစ်ထောင်နှင့် ခေါ်ထားရန် ကြံစည်သူမှာ ယဲ့ယီ တစ်ယောက်သာ ရှိပေလိမ့်မည်။

ကုရှီချန်းသည် မူးနေသော မိန်းကလေးနှင့် ပြိုင်မပြောလိုသောကြောင့် သူမကို အမိန့်ပေးလိုက်၏။

“မြန်မြန် ရေသွား ချိုးတော့။ ငါ မင်းအတွက် အမူးပြေဟင်းရည် သွားလုပ်ပေးမယ်”

ထိုသို့ ပြောပြီးနောက် ယဲ့ယီမှာ ငိုင်ငိုင်ကြီး ထိုင်နေသဖြင့် သူမကို လှမ်းကြည့်လိုက်ရာ ယဲ့ယီသည် သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ကုရှီချန်းမှာ နားမလည်နိုင်ဖြစ်သွား၏။

‘ငါ စကားများ မှားသွားလို့လား’

“ရှင်တို့လိုလူတွေက အကုန်လုံး ဒီလိုပဲ ပြောတတ်ကြတာလား ၊ တကယ်တော့ ကျွန်မတို့ အရင်ဆုံး သံယောဇဉ် တစ်ခုကို တည်ဆောက်ရမယ်လေ။ ရှင်က ချောပေမဲ့ ကျွန်မ ရှင်နဲ့ အခုချက်ချင်းတော့ အတူမအိပ်ချင်သေးဘူး”

ယဲ့ယီ၏ စကားကို ကြားပြီးနောက်တွင် ကုရှီချန်းသည် ထိုအကြည့်၏ အဓိပ္ပာယ်ကို နားလည်သွားတော့၏။သူမသည် သူပြောသော စကားလုံးများထဲမှ “ရေသွားချိုး” ဆိုသည့် စကားကိုပင် ကြားလိုက်ပုံရသည်။

ကုရှီချန်းခမျာ နဖူးကို လက်ဖြင့်ဖိကာ သက်ပြင်းချလိုက်မိသည်။

“မင်းရဲ့ ခေါင်းထဲမှာ တစ်နေ့တစ်နေ့ ဘာတွေ တွေးနေတာလဲ”

ယဲ့ယီသည် မယုံကြည်စွာဖြင့် ပြောလေသည်။

“ကျွန်မက ၂၁ ရာစုရဲ့ လူငယ်နုနုထွတ်ထွတ်လေးပါ၊ ဆေးလိပ်လည်း မသောက်ဘူး၊ လောင်းကစားလည်း မလုပ်ဘူး၊ အဲ့တော့ ဟိုဟာမက်တာ ဘာမှားလို့လဲ ပြီးတော့ ရှင်လို ဒိတ်ဘွိုင်းတစ်ယောက်က မင်းသမီးလေးကို ဝေဖန်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ”

ကုရှီချန်းမှာ ယဲ့ယီကို အပြင်သို့ ကောက်ပေါက်ပစ်ချင်စိတ်ကို အောင့်အည်းလိုက်ရသည်။ သူ့လို ဂုဏ်သိက္ခာရှိသော စီအီးအိုတစ်ယောက်ကို ဤမိန်းမက ဒိတ်ဘွိုင်းဟု ခေါ်နေလေ၏။ ယခင်ကသာဆိုလျှင် သူသည် ဤမိန်းမကို ပစ်ထုတ်လိုက်မည်မှာ သေချာသည်။

ကုရှီချန်းမှာ မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ယဲ့ယီ... မင်းမှာ ယောကျ်ားရှိနေတယ်ဆိုတာကိုရော မှတ်မိသေးရဲ့လား”

“ရှင် ဘာတွေ လာပြောနေတာလဲ။ ကျွန်မက အခုထိ အပျိုစစ်စစ်လေးပါနော်”

ကုရှီချန်းမှာ အလွန် ဒေါသထွက်ကာ နောက်တစ်ကြိမ် ရယ်မိပြန်သည်။ နောင်တွင် သူတို့ ကွာရှင်းကြမည် ဖြစ်သော်လည်း ယခုအချိန်မှာတော့ သူမသည် သူ၏ ဇနီးဖြစ်နေသေး၏။

‘အိမ်ထောင်ရှိတာကို ဝန်မခံရုံတင်မကဘူး အပျိုစစ်စစ်ပါတဲ့ ... ငါ ကုရှီချန်းက သူ့အတွက် ယောကျာ်းဟောင်းအဆင့်တောင် မရှိတော့ဘူးလား”

ကုရှီချန်းသည် ယဲ့ယီကို ဆက်၍ အဖတ်မလုပ်တော့ဘဲ သူမအတွက် အမူးပြေဟင်းရည် ချက်ပေးရန် အောက်ထပ်သို့ ဆင်းသွားတော့သည်။

ဤနေရာတွင် ဆက်နေပါက သူ ဒေါသထွက်ပြီး ရူးသွားနိုင်သည်။

ကုရှီချန်းသည် ယဲ့ယီကို ဤအတိုင်းသာ အိပ်ခိုင်းလိုက်ရန် စဉ်းစားမိသော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ အမူးပြေဟင်းရည်ကို တိတ်တဆိတ် ချက်ပေးနေမိ၏။

ကုရှီချန်း ထွက်သွားပြီးနောက် ယဲ့ယီသည် ကုတင်ပေါ်တွင် ငေးငိုင်စွာ ထိုင်နေလေ၏။

ထို့နောက် တစ်စက္ကန့်အကြာတွင် ကုတင်ပေါ်သို့ လှဲချကာ အိပ်ပျော်သွားလေတော့သည်။

အခန်း (၉၀)

ယောကျ်ားလေး မော်ဒယ်လ်တွေ ဘယ်လောက်တောင် မှာလို့ ရလိုက်မလဲ

ကုရှီချန်း ပြန်လာသည့်အခါ ကုတင်ပေါ်တွင် ကန့်လန့် အိပ်မောကျနေသော ယဲ့ယီကို တွေ့လိုက်ရသည်။ သူမ၏ အိပ်စက်ပုံမှာ အမှန်တကယ်ပင် ကြည့်ရဆိုးနေသည်။

ကုရှီချန်း ရှေ့သို့တိုးကာ ယဲ့ယီကို လှုပ်နှိုးလိုက်၏။

“အရင်ထပြီး ဒီအမူးပြေဟင်းရည် သောက်လိုက်ဦး”

ယဲ့ယီသည် မှုန်ကုတ်ကုတ်ဖြင့် မျက်လုံးဖွင့်လာပြီး ကုရှီချန်း၏ လက်ထဲမှ အမူးပြေဟင်းရည်ကို သောက်ကာ ချက်ချင်းပင် ပြန်၍ အိပ်ပျော်သွားတော့သည်။

ကုရှီချန်းသည် ယဲ့ယီထံမှ နံစော်နေသော အရက်နံ့ကြောင့် အန်ချင်စိတ် ဖြစ်မိသွားသည်။ သို့သော် သူမ၏ လက်ရှိအခြေအနေမှာ ကိုယ့်ဘာသာကိုယ် ရေချိုး၍ မဖြစ်နိုင်ပေ။ အိမ်ထိန်းဒေါ်လေးလျုံကလည်း အိပ်ပျော်သွားပြီပင်။

‘ငါကိုယ်တိုင်ပဲ သူ့ကို ရေချိုးပေးရမှာလား’

ထိုမြင်ကွင်းကို တွေးမိပြီး ကုရှီချန်း၏ နားရွက်များမှာ ထိန်းမရအောင် နီရဲသွားရပြန်သည်။

အချိန်အတော်ကြာ တွေးတောပြီးနောက်တွင် ကုရှီချန်းသည် ယဲ့ယီကို ဤအတိုင်းပင် တစ်ညလုံး အိပ်ခိုင်းရန် ဆုံးဖြတ်လိုက်၏။ သူမထံမှ အနံ့အနည်းငယ် ထွက်နေသော်လည်း မည်သို့ပင်ဖြစ်စေ သူသည် သူမနှင့် တစ်ခန်းတည်း အတူအိပ်မည် မဟုတ်။ ထို့အပြင် သူမလည်း အိပ်ပျော်နေပြီ ဖြစ်သဖြင့် ဘာမှမဖြစ်နိုင်ဟု တွေးမိလေ၏။

ကုရှီချန်းသည် ယဲ့ယီကို စောင်သေချာခြုံပေးခဲ့ပြီးမှ အခန်းထဲမှ ထွက်ခွာလာခဲ့တော့သည်။

နောက်တစ်နေ့ ယဲ့ယီ နိုးလာသည့်အခါ တစ်ခေါင်းလုံး ကိုက်ခဲနေသည်ကို သူမ ခံစားလိုက်ရသည်။ သူမသည် မျက်လုံးကို ဝေဝေဝါးဝါး ဖွင့်ကြည့်လိုက်ရာ မိမိ၏ အခန်းထဲသို့ ပြန်ရောက်နေသည်ကို သိလိုက်ရသည်။

သူမသည် အပျင်းကြောဆန့်ကာ ထရန်ပြင်လိုက်စဉ် အခန်းထဲ၌ ထူးဆန်းသော အနံ့တစ်ခု ရနေသည်ကို သတိထားမိ၏။ ယဲ့ယီသည် ပတ်ဝန်းကျင်ကို အနံ့ခံကြည့်ပြီးနောက် ထိုအနံ့မှာ သူမ၏ ကိုယ်ပေါ်မှ ထွက်နေခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။

ထိုအခါမှသာ သူမသည် မနေ့က ဝတ်စုံကို ဝတ်ထားဆဲဖြစ်ကြောင်း သတိပြုမိတော့၏။ မနေ့ညက အရက် အလွန်အကျွံ သောက်သုံးခဲ့သောကြောင့် သူမ၏ အဝတ်အစားများမှာ အရက်နံ့များ စွဲနေပြီး အနံ့အသက်မှာ အလွန်ပင် ဆိုးဝါးနေတော့သည်။

ယဲ့ယီသည် သူမကိုယ်သူမ အန်ချင်စိတ်ပင် ဖြစ်လာကာ ချက်ချင်း ထ၍ ရေချိုးလိုက်၏။ ရေချိုးပြီးနောက် မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူမ စတင်စဉ်းစားကြည့်သည်။ သို့သော် သူမ၏ မှတ်ဉာဏ်မှာ လုံးဝ ပြတ်တောက်နေပြီး ဘာတစ်ခုမှ မမှတ်မိတော့ပေ။ မည်သို့ပင်ဖြစ်စေ ကုရှီချန်းရှိနေသဖြင့် သူမ လွန်လွန်ကျူးကျူး အပြုအမူမျိုး လုပ်လိမ့်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။

‘ငါ မူးလည်း အမြဲတမ်း အေးအေးဆေးဆေး ရှိတတ်တာပဲ မဟုတ်လား’

ယဲ့ယီသည် ပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာသည့်အခါ ကုရှီချန်းသည်လည်း ထိုနေရာ၌ ရှိနေလေ၏။ ကုရှီချန်းသည် သူမကို ပြန်ခေါ်လာခဲ့ခြင်းဖြစ်မည်ဟု တွေးကာ ယဲ့ယီက အားတက်သရောဖြင့် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာ နံနက်ခင်းပါ”

ကုရှီချန်း အေးစက်စက်ဖြင့်သာ တုံ့ပြန်၏။

ယဲ့ယီ သူမ၏ နေရာတွင် ဝင်ထိုင်ကာ နံနက်စာကို အရသာရှိရှိ စားသောက်နေတော့သည်။

နံနက်စာ စားပြီးနောက် ထူးဆန်းစွာ ကုရှီချန်းသည် ကုကော်ပိုရေးရှင်းသို့ ချက်ချင်းမသွားသေးဘဲ ထမင်းစားပွဲတွင် ထိုင်လျက် ယဲ့ယီကို ကြည့်နေလေ၏။

ယဲ့ယီသည် တစ်ခုခုတော့ မှားနေမှန်း မရေမရာ ခံစားလိုက်ရသည်။

[မနေ့ညက ငါမူးပြီး ဘာတွေများ လျှောက်ပြောမိလို့လဲ။ ငါက မူးရင်တောင် အပြုအမူကောင်းတယ်လို့ နာမည်ကြီးတဲ့သူပါ]

ကုရှီချန်းကမူ ဘာစကားမှမပြောဘဲ သူမကို ဤအတိုင်းသာ ကြည့်နေမြဲ ဖြစ်သည်။

နောက်ဆုံးတွင် ယဲ့ယီမှာ မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

“မနေ့ညက ကျွန်မ တစ်ခုခု လုပ်မိလို့လား”

[အဲ့ဒီလိုကြီး လာမကြည့်နဲ့။ ရှင့်အကြည့်တွေက ကျွန်မ တစ်ခုခု ဆိုးဆိုးရွားရွား လုပ်ခဲ့သလိုမျိုးပဲ]

ကုရှီချန်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်၏။

“အင်း... မင်း အများကြီးတော့ မလုပ်ပါဘူး”

ယဲ့ယီတစ်ယောက် သက်ပြင်းချကာ စိတ်အေးသွားသည်။

[ငါပြောသားပဲ... ငါက မူးရင် အမူအရာ အရမ်းကောင်းပါတယ်ဆို]

သို့သော်လည်း ကုရှီချန်း၏ နောက်ဆက်တွဲ စကားများကြောင့် ယဲ့ယီ၏ မျက်နှာပေါ်မှ အပြုံးများမှာ အေးခဲသွားသည်။

“မင်း တကယ်တော့ ဘာမှမလုပ်ပါဘူး၊ ကိုယ် ကို ခေါ်ထားချင်တယ်လို့ပဲ ပြောခဲ့တာ”

ကုရှီချန်း ထိုသို့ပြောလိုက်ချိန်တွင် ယဲ့ယီမှာ ပဲနို့သောက်နေဆဲဖြစ်ရာ မထိန်းနိုင်ဘဲ ပဲနို့များကို မှုတ်ထုတ်မိလိုက်သည်။

ကံဆိုးစွာနှင့် ထိုပဲနို့များမှာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကုရှီချန်း၏ မျက်နှာပေါ်သို့ တည့်တည့်ကြီး စင်သွားလေတော့သည်။

ကုရှီချန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွား၏။

“ယဲ့ယီ”

ယဲ့ယီ အလွန်ပင် အားနာသွားကာ စားပွဲပေါ်မှ တစ်ရှူးများကို ကောက်ယူ၍ ကုရှီချန်း၏ မျက်နှာကို သုတ်ပေးလိုက်သည်။

နောက်ဆုံးတွင်မူ ကုရှီချန်းမှာ အခန်းထဲသို့ ပြန်သွားပြီး မျက်နှာကို တစ်ခါပြန်၍ ဆေးကြောရတော့သည်။

ကုရှီချန်း အောက်ထပ်သို့ ပြန်ဆင်းလာချိန်တွင် ယဲ့ယီမှာ နံနက်စာ စားပြီးနေပြီ ဖြစ်သည်။ မူလက သူမ ထထွက်သွားရန် စီစဉ်ထားသော်လည်း ထိုလုပ်ရပ်သည် လူမဆန်ရာ ကျသည်ဟု ထင်သောကြောင့် ဆိုဖာပေါ်တွင် ကုတ်ကုတ်လေး ထိုင်နေမိသည်။

ကုရှီချန်း အောက်ထပ်ဆင်းလာသည်ကို မြင်သောအခါ ယဲ့ယီသည် ချောမော့ကာ ပြောလိုက်၏။

“ကျွန်မ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး။ မတော်တဆ ဖြစ်သွားတာပါ၊ တကယ့်ကို မတော်တဆပါ”

ကုရှီချန်း၏ အမူအရာမှာ အလွန်ပင် ဆိုးဝါးနေဆဲ ဖြစ်သည်။ ဝတ္ထုထဲက ဇာတ်လိုက်များကဲ့သို့ အလွန်အကျွံ သန့်ရှင်းကြိုက်သူ မဟုတ်သော်လည်း တစ်ယောက်ယောက်က မိမိမျက်နှာကို ပဲနို့နှင့် မှုတ်ထုတ်လိုက်သည်ကိုတော့ သူ အလွန်ပင် စိတ်မသက်မသာ ဖြစ်မိသည်။

“ဟိုလေ... ရှင်ပြောတဲ့ မနေ့ညက ကျွန်မ ရှင့်ကို ခေါ်ထားချင်တယ်ဆိုတဲ့ ကိစ္စက ဘာလဲဟင်”

ယဲ့ယီသည် သတိထားကာ မေးလိုက်သည်။

[သူ ငါ့ကို လိမ်နေတာ မဟုတ်ပါဘူးနော်။ ငါက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပဲ၊ သူများတွေလို ယောကျ်ားခေါ်ထားတဲ့ အလုပ်မျိုးကို ဘယ်လိုလုပ် လုပ်မိမှာလဲ]

ကုရှီချန်းက နှာခေါင်းရှုံ့၍ မနေ့ညက ဖြစ်ရပ်ကို ရက်ရက်စက်စက် ပြန်ပြောပြလေ၏။

“မင်းက မနေ့ညက ကိုယ်ကို ခေါ်ထားချင်တယ်လို့ ပြောခဲ့တာ။ ကိုယ်က ချောလို့ဆိုပြီး တစ်လကို ငါးသောင်း ပေးမယ်တဲ့”

ထိုသို့ ပြောပြီးနောက် ကုရှီချန်းသည် တည်ငြိမ်စွာ ယဲ့ယီကို စောင့်ကြည့်လိုက်သည်။ ဤမိန်းမသည် သူ့ကို မည်သို့ အကြောင်းပြချက် ပေးမည်ကို သူ မြင်ချင်နေမိသည်။

ယဲ့ယီမှာ စကားမပြောသော်လည်း သူမ၏ စိတ်ထဲတွင် အလွန်ပင် ရှုပ်ထွေးနေခဲ့သည်။

[ယွမ်ငါးသောင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါးထောင်ဆိုရင်တော့ ဟုတ်နိုင်သေးတယ်။ ကုရှီချန်း ရုပ်ရည် ရှိတယ်ဆိုပေမဲ့ မူးနေတုန်းမှာတောင် အဲ့ဒီလောက် ဈေးကြီးပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ တစ်လ ငါးသောင်းဆိုတော့ ဓားပြတိုက်နေတာနဲ့ ဘာကွာလို့လဲ]

ယဲ့ယီ၏ စိတ်ထဲမှ အသံကို နားထောင်ရင်း ကုရှီချန်း ဘာပြောရမှန်း မသိတော့ပေ။

ဂုဏ်သိက္ခာရှိသော ကုကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌအဖြစ် သူသည် တစ်နာရီတည်းနှင့် ငါးသောင်းထက်မက များပြားသော ဝင်ငွေကို ရှာနိုင်သူ ဖြစ်သည်။ ယခုအခါ ယဲ့ယီသည် သူ့ကို တစ်လ ငါးသောင်းနှင့် ခေါ်ထားရန်ပင် ဈေးကြီးလွန်းသည်ဟု ထင်နေလေ၏။ သူမ ကပ်စေးနည်းမှန်း သူ သိသော်လည်း ဤလောက်ထိ ကပ်စေးနည်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယဲ့ယီ က အနည်းငယ် ချောင်းဟန့်လိုက်သည်။

“မူးပြီး ပြောတဲ့ စကားတွေကို အတည်ယူလို့ မရဘူး။ ရှင်က စိတ်သဘောထား ကြီးတဲ့သူဆိုတော့ ကျွန်မလို သာမန်လူတစ်ယောက်ရဲ့ အမှားကို စိတ်ထဲမထားပါနဲ့နော်”

“ဒါပေမဲ့ မူးတဲ့အချိန်မှာ ပြောတဲ့ စကားကမှ အမှန်တွေ လို့ ကိုယ် ကြားဖူးတယ်”

ကုရှီချန်းသည် ယဲ့ယီကို အလွယ်တကူ လွှတ်ပေးရန် စိတ်ကူးမရှိချေ။

“အဟွတ်... အဟွတ်...”

ယဲ့ယီမှာ ကုရှီချန်း တစ်ယောက် ဤသို့ ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် သူမသည် ကုရှီချန်းကို ခေါ်ထားရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။

[ကျွန်မတစ်ယောက်ယောက်ကို ခေါ်ထားရမယ်ဆိုရင်တောင် အဲ့ဒါ ရှင် မဟုတ်ဘူး။ ရှင်ကသာ ကျွန်မကို ခေါ်ထားရမှာ]

ကုရှီချန်းသည် ယဲ့ယီ၏ စိတ်ထဲမှ စကားကို စိတ်ထဲတွင် အသာလေး ဖြေလိုက်၏။

“မင်း ကိုယ်ကို တကယ် ခေါ်ထားချင်တယ်ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မင်းပြောခဲ့တဲ့ တစ်လ ငါးသောင်းအတိုင်းပဲ လုပ်ကြတာပေါ့”

ကုရှီချန်းသည် ယဲ့ယီ မနေ့ညက ပြောခဲ့သော ဈေးနှုန်းတွင် သုညတစ်လုံး အတင်းတိုးကာ အရှက်မရှိ ပြောလိုက်၏။

“ရှင်က တကယ် နောက်တတ်တာပဲ။ ရှင့်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် ကျွန်မ ရှင့်ကို မွေးဖို့တောင် လိုပါဦးမလား”

ယဲ့ယီသည် သက်ပြင်းချရင်း ဆိုလိုက်သည်။

[သောက်လိုက်မိတာ မှားတာပဲ။ ယောကျ်ားတစ်ယောက်ကို ခေါ်ထားဖို့ တစ်လ ငါးသောင်း သုံးရမယ် ဟုတ်လား။ မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး၊ ငတုံးမတွေပဲ အဲ့ဒီလို လုပ်မှာ။ အဲ့ဒီ ငါးသောင်းဆိုရင် ငါ ယောကျ်ားလေး မော်ဒယ်လ်တွေ ဘယ်လောက်တောင် မှာလို့ရလိုက်မလဲ]

ကုရှီချန်း မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

‘သူ့ မျက်လုံးထဲမှာ ငါက အဲ့လို ယောကျ်ားပျက်တွေလောက်တောင် အဖိုးမတန်ဘူးပေါ့လေ ‘

‘ကောင်းပြီလေ... ‘

ကုရှီချန်းမှာ မနေ့ညက သူမအတွက် အမူးပြေဟင်းရည် ချက်ပေးခဲ့မိသည်ကို နောင်တရနေမိသည်။

သူ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာကာ နောက်ဆုံးတွင် ကုရှီချန်းတစ်ယောက် ဆူပုတ်ပုတ်ဖြင့် အိမ်မှ ထွက်သွားတော့သည်။ နေရာတွင် ယဲ့ယီတစ်ယောက်တည်းသာ ကြောင်တောင်တောင်နှင့် ကျန်ရစ်ခဲ့သည်။

‘ဘာဖြစ်တာလဲ။ သူ စိတ်ဆိုးသွားတာလား ၊ ငါ ဘာမှတောင် မပြောရသေးပါဘူး။ ‘

သူမ ဘာမှမပြောရသေးသော်လည်း ကံဆိုးစွာပင် ကုရှီချန်းသည် သူမ စိတ်ကူးကို ကြားနိုင်နေသည်။ သန်းတစ်ရာကျော် ချမ်းသာသော ဥက္ကဋ္ဌတစ်ဦးကို ယောကျ်ားလေး မော်ဒယ်လ်များနှင့် နှိုင်းယှဉ်လိုက်သောကြောင့် ကုရှီချန်း တစ်ယောက် စိတ်မဆိုးမှသာ ထူးဆန်းနေလိမ့်မည်။

ယဲ့ယီမှာ နားမလည်နိုင်အောင် ဖြစ်‌နေသည်။

‘ဘာလို့ သူ့ကို ခေါ်ထားဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ၊ သူ့မှာ ထူးဆန်းတဲ့ အစွဲအလမ်းများ ရှိနေလို့လား၊ ဒါလည်း မဖြစ်နိုင်ဘူး။ ကုရှီချန်း ကြည့်ရတာ ပုံမှန်လူတစ်ယောက်လိုပါပဲ’

All Chapters