အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁)
လျှို့ဝှက်တွေ့ဆုံမှု
ယဲ့ယီသည် နောက်ထပ်မတွေးတော့ဘဲ ကုမ္ပဏီသို့ တန်းထွက်ခွာလာခဲ့သည်။ ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းများ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ရုံတင်ပြသရန်အတွက် လုပ်ဆောင်စရာ နောက်ဆက်တွဲကိစ္စရပ်များစွာက ကျန်ရှိနေသေး၏။
ယဲ့ယီ ရောက်ရှိသွားသောအခါ နန်ချင်ဝမ်၏ ရုံးခန်းတံခါးမှာ ပွင့်လျက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူမသည် အထဲသို့ တန်းဝင်သွားလိုက်သည်။
သို့သော်လည်း နန်ချင်ဝမ်ကို မြင်လိုက်ရသည့် ခဏအတွင်းမှာပင် ယဲ့ယီ အံ့ဩသွားရသည်။ တစ်ညတာမျှသာ ကုန်ဆုံးသွားခဲ့သော်လည်း နန်ချင်ဝမ်၏ မျက်နှာသွင်ပြင်မှာ သိသိသာသာ ဆိုးရွားနေပြီး လေတိုက်လျှင်ပင် လွင့်ပါသွားတော့မည့်အတိုင်း ဖြစ်နေရှာသည်။ သူမ မျက်ဝန်းအစုံမှာလည်း သစ်ကြားသီးနှစ်လုံးကဲ့သို့ ဖူးရောင်နေလေသည်။
“မမချင်ဝမ်... ဘာဖြစ်လို့လဲဟင်”
ယဲ့ယီ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
နန်ချင်ဝမ် အားတင်း၍ ပြုံးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး... မနေ့ညက အိပ်ရေးမဝလို့ပါ”
ယဲ့ယီသည် သူမအတွက် ရှေ့နေတစ်ဦး ငှါးရမ်းပေးထားသည်နှင့်ပင် လုံလောက်လှပြီဖြစ်ရာ သူမအနေဖြင့် ထပ်မံ၍ ဒုက္ခမပေးလိုတော့ပေ။
သို့သော် ယဲ့ယီကမူ “ဒါကို ကျွန်မ ယုံမယ်ထင်နေတာလား” ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေသဖြင့် နန်ချင်ဝမ်မှာ တိတ်တဆိတ် ခေါင်းငုံ့ထားရ၏။
ယဲ့ယီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ခန့်မှန်းထားသည့်အတိုင်းသာဆိုလျှင် ဤကိစ္စမှာ သွမ့်ဟွေကျိုနှင့်သာ သက်ဆိုင်ပေလိမ့်မည်။
“သွမ့်ဟွေကျိုက အစ်မ အပေါ် မကောင်းတာ တစ်ခုခုလုပ်ခဲ့ရင် အစ်မ ထုတ်ပြောရမယ်နော်။ ဒါမှ ရှေ့နေက ကျားကျားရဲ့ အုပ်ထိန်းခွင့်အတွက် ပိုပြီးထိရောက်အောင် တိုက်ပွဲဝင်ပေးနိုင်မှာ”
“အုပ်ထိန်းခွင့်” ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် နန်ချင်ဝမ်၏ မျက်ဝန်းအစုံမှာ မျက်ရည်များဖြင့် ပြည့်လျှံလာလေ၏။
“အစ်မ တကယ်ပဲ ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို ရနိုင်ပါ့မလား”
သူမက ငိုရှိုက်ရင်း မေးရှာသည်။
ယဲ့ယီသည် ရှေ့သို့တိုးကာ သူမကို ဖက်ထားပေးလိုက်သည်။
“စိတ်မပူပါနဲ့၊ ညီမ အစွမ်းကုန် ကူညီပေးမှာပါ။ ဒါနဲ့...ဘာတွေဖြစ်ခဲ့တာလဲဟင်”
နန်ချင်ဝမ်မှာ မိမိကိုယ်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ငိုကြွေးမိတော့သည်။ ရှိုက်ကြီးတငင် ငိုကြွေးရင်း မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ယဲ့ယီအား အကုန် ပြောပြလိုက်တော့၏။
သွမ့်ဟွေကျို နန်ချင်ဝမ်အပေါ် အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ကြားလိုက်ရသည့်အခါ ယဲ့ယီမှာ ထိုသကောင့်သားအား ယခုချက်ချင်း သွားရောက်ကာ သတ်ပစ်ချင်မိသည်။ သူသည် တကယ့်ကို တိရစ္ဆာန်သာသာ ပင်။
“ရှောင်ယီ... အစ်မ အရမ်းကြောက်တာပဲ၊ သူ့ကို အနိုင်ရပါ့မလား။ အကယ်၍ နောင်မှာ ကျားကျားနဲ့ မတွေ့ရတော့ဘူးဆိုရင် အစ်မတကယ်ပဲ သေသွားလိမ့်မယ်”
နန်ချင်ဝမ် သူမ ရင်ထဲ၌ ကြိတ်မှိတ်ခံစားခဲ့ရသမျှ မကျေနပ်ချက်များကို အကုန် ရင်ဖွင့်ငိုကြွေးလိုက်၏။ ဤအချိန်၌ ယဲ့ယီတစ်ဦးတည်းသာ သူမ အားကိုးရာ ဖြစ်လေသည်။
ယဲ့ယီသည် သူမ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့၊ နည်းလမ်းတစ်ခုခုတော့ သေချာပေါက် ရှိမှာပါ”
တစ်ချိန်တည်းမှာပင် သူတို့ စကားဝိုင်း၏ အဓိကဇာတ်ဆောင်ဖြစ်သူ သွမ့်ဟွေကျိုမှာ စားသောက်ဆိုင်တစ်ခု၌ လန်ရွှယ်ကို စောင့်ဆိုင်းနေလေ၏။
သွမ့်ဟွေကျို၏ နားရွက်တွင် ပတ်တီးစည်းထားသဖြင့် ကြည့်ရသည်မှာ အတော်ပင် ရယ်စရာကောင်းနေသည်။ သူသည် ယနေ့တွင် အလွန်အရေးကြီးသော ကိစ္စတစ်ခုကို လုပ်ဆောင်တော့မည်ဖြစ်ရာ အလွန်ခန့်ညားသော ဝတ်စုံကို အထူးတလည်ပင် ဝတ်ဆင်လာခဲ့၏။
သွမ့်ဟွေကျိုအနေဖြင့် အကြာကြီး မစောင့်ဆိုင်းလိုက်ရဘဲ လန်ရွှယ် ရောက်ရှိလာသည်။ သူမသည် အစဉ်အမြဲဖြူစင်လှပသော “ပန်းဖြူကလေး” ပုံစံမျိုးကို ဖမ်းထားနိုင်ဆဲပင်။
သွမ့်ဟွေကျို သည် ရှေ့သို့တိုးကာ လန်ရွှယ်အတွက် ထိုင်ခုံကို ဆွဲပေးလိုက်၏။
လန်ရွှယ် ထိုင်ပြီးနောက်တွင် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
“ဒီတစ်ခေါက် ဘာလို့ ရုတ်တရက်ကြီး စားသောက်ဆိုင် ပြောင်းလိုက်ရတာလဲ”
သွမ့်ဟွေကျို က လန်ရွှယ်အတွက် ရေတစ်ခွက် ငှဲ့ပေးရင်း ပြန်ပြောလိုက်သည်။
“တစ်ခါတလေ အပြောင်းအလဲလေး ဖြစ်သွားအောင်လို့ပါ။ ဒီဆိုင်က ဟင်းတွေလည်း တော်တော်ကောင်းတယ်လေ”
လန်ရွှယ် နောက်ထပ် ဘာမှမပြောတော့ပေ။
သူမ ဆိုင်ထဲသို့ ဝင်လာကတည်းက အကဲခတ်ပြီးလေပြီ။ ဆိုင်၏ အတွင်းပိုင်းအပြင်ပိုင်း ပြင်ဆင်ထားပုံအရ ဤနေရာ၏ စျေးနှုန်းမှာ မနည်းနိုင်ကြောင်း သူမ သိလိုက်သဖြင့် အတော်ပင် စိတ်ကျေနပ်သွားမိ၏။
သွမ့်ဟွေကျိုသည် တကယ့်ကို အရည်အချင်းရှိသော ငပေါလေးတစ်ဦးပင်။ သူမ၏ အကြိုက်များ အားလုံးကို သေသေချာချာ မှတ်မိနေသည့်အပြင် အခမ်းအနားအစီအစဉ်များတွင်လည်း လိုလေသေးမရှိအောင် ပြင်ဆင်တတ်သူဖြစ်၏။ အကယ်၍ သွမ့်ဟွေကျို၏ မိသားစုနောက်ခံသာ ချန်ထျန်မင်းနှင့် ယှဉ်နိုင်ခဲ့ပါက သူ့ကို လက်ထပ်လိုက်ခြင်းက သူတစ်ပါး၏ မိထွေးလုပ်နေရခြင်းထက် ပို၍ ကောင်းမွန်ပေလိမ့်မည်။
“ဟွေ့ကျို၊ ရှင့် နားရွက်က ဘာဖြစ်တာလဲ”
လန်ရွှယ် ထိုင်ချလိုက်ပြီးနောက် သွမ့်ဟွေကျို၏ နားရွက်တွင် ပတ်တီးစည်းထားသည်ကို သတိပြုမိသွားသည်။
သွမ့်ဟွေကျို သည် မနေ့ညက နန်ချင်ဝမ် သူ့ကို ကိုက်လိုက်သည့် ဖြစ်ရပ်ကို ပြန်တွေးမိသွားသည်။ သူမသည် သူ၏နားရွက်ကို ပြတ်ထွက်တော့မတတ် အင်တိုက်အားတိုက် ကိုက်ခဲ့လေ၏။
“မတော်တဆ တိုက်မိသွားလို့ပါ၊ ဘာမှမဖြစ်ပါဘူး”
လန်ရွှယ်က သူ့အပေါ် အနည်းငယ် စိုးရိမ်ပြလိုက်သည် နှင့် သွမ့်ဟွေကျို၏ သူမအပေါ်ထားရှိသော စွဲလမ်းမှုမှာ ပို၍ပင် နစ်ဝင်သွားရတော့သည်။
မကြာမီမှာပင် ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာ၏၊ အပြင်အဆင်ပိုင်း၌ သူတို့ ပုံမှန်သွားနေကျ နေရာထက် ပိုမိုလှပသဖြင့် လန်ရွှယ် စိတ်ကျေနပ်စွာ ပြုံးလိုက်မိသည်။
ဟင်းပွဲအားလုံး စုံလင်သွားသည့်အခါ အနီးအနား၌ တယောထိုးပေးမည့်သူ တစ်ဦးပါ ရှိနေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုမန့်တစ်ဆန်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
သူတို့နှစ်ဦးသည် တယောသံနှင့်အတူ အချစ်ငွေ့တို့ နစ်မွန်းနေကြသော စုံတွဲလေးတစ်တွဲပမာ အစားအသောက်များကို စတင်သုံးဆောင်ကြလေသည်။
အစားအသောက်များ ကုန်ခါနီးအချိန်တွင် ဝန်ထမ်းတစ်ဦးက ငန်းပုံစံ အချိုပွဲတစ်ခုကို လန်ရွှယ်ထံ ယူဆောင်လာပေးခဲ့၏။
“ဒီငန်းလေးက အရမ်းလှတာပဲ”
လန်ရွှယ်က အံ့ဩသလိုလိုနှင့် ပြောလိုက်သည်။ သူမသည် ငန်းများကို နှစ်သက်ကြောင်း ယခင်က ပြောခဲ့ဖူးသဖြင့် ဤအချိုပွဲမှာ သွမ့်ဟွေကျို သူမအတွက် အထူးပြင်ဆင်ပေးထားခြင်း ဖြစ်ကြောင်း သူမ ခန့်မှန်းမိသည်။
“အရသာ ဘယ်လိုလဲဆိုတာ မြည်းကြည့်ပါဦး”
မိမိ၏ နတ်သမီးလေးက မိမိ အထူးတလည် ပြင်ဆင်ထားသည့် လက်ဆောင်ကို သဘောကျနေသဖြင့် သွမ့်ဟွေကျိုမှာ ပြုံး၍ မဆုံးနိုင်အောင် ဖြစ်နေတော့သည်။
လန်ရွှယ်သည် ဇွန်းလေးကို ကိုင်ကာ အနည်းငယ် ခပ်ယူပြီး ပါးစပ်ထဲ ထည့်ကြည့်လိုက်သည်။ အရသာမှာ အမှန်တကယ် ကောင်းမွန်သဖြင့် သူမ နောက်ထပ် တစ်ဇွန်း ထပ်ခပ်လိုက်သည်။
သွမ့်ဟွေကျိုကမူ သူမကို အလွန် မျှော်လင့်တကြီးဖြင့် ကြည့်နေခဲ့သည်။
တတိယမြောက် ဇွန်းကို စားလိုက်သည့်အခါတွင်မူ လန်ရွှယ်သည် သွမ့်ဟွေကျို သူမအတွက် ပြင်ဆင်ထားသော လျှို့ဝှက်လက်ဆောင်ကို ရရှိသွားခဲ့သည်။
လန်ရွှယ်သည် ပါးစပ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရပြီး ထွေးထုတ်ကြည့်လိုက်သောအခါ စိန်လက်စွပ်တစ်ကွင်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
လန်ရွှယ် က သွမ့်ဟွေကျိုကို အံ့သြတကြီး ကြည့်လိုက်တော့သည်။
သွမ့်ဟွေကျို သညိ သူ၏ ရင်ထဲမှ စကားများကို စတင်ဖွင့်ဟလာလေ၏။
“ရွှယ်အာ... ကိုယ် မင်းကို စတွေ့တဲ့ ပထမဆုံး အချိန်ကတည်းက ချစ်ခဲ့တာပါ။ မင်းနဲ့ တွေ့ပြီးမှပဲ အချစ်စစ် ဆိုတာ ဘာလဲဆိုတာ ကိုယ် သိခဲ့ရတာ။ ရွှယ်အာ... မင်းကို စောင့်ရှောက်ခွင့်ပေးပါနော်”
သွမ့်ဟွေကျို သည် လန်ရွှယ်ကို အလွန်တည်ကြည်စွာဖြင့် ကြည့်ရင်း ပြောလိုက်သည်။
လန်ရွှယ်သည် သွမ့်ဟွေကျို ဤကဲ့သို့ လုပ်ဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် ဖောက်ပြန်ရန် ရည်ရွယ်ချက်မရှိချေ။ သူ့ကို မြှူဆွယ်ထားရုံသက်သက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ တစ်ဖက်လူသည် ဤမျှအထိ အလေးထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
လန်ရွှယ် ပြန်ဖြေရန် အခက်တွေ့နေသလိုလို လုပ်ပြလိုက်၏။
“ဒါပေမဲ့ ဟွေ့ကျို... ကျွန်မတို့နှစ်ယောက်စလုံးမှာ ကိုယ့်မိသားစုနဲ့ကိုယ် ရှိနေပြီလေ”
“ကိုယ် နန်ချင်ဝမ်နဲ့ မကြာခင်မှာ ကွာရှင်းနိုင်တော့မှာပါ”
သွမ့်ဟွေကျို က စိတ်မရှည်စွာ ပြောလိုက်၏။
လန်ရွှယ်ကမူ ထိုသူကို တုံးအသူ တစ်ယောက်ဟု စိတ်ထဲက ကျိန်ဆဲနေမိသည်။ ‘ရှင်ကသာ ကွာရှင်းမှာ၊ ကျွန်မကတော့ ကွာရှင်းဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး’
“ဟွေ့ကျို... ကျွန်မက အိမ်ထောင်သည် တစ်ယောက် ဖြစ်နေပြီ။ ကျွန်မတို့ တစ်သက်လုံး သူငယ်ချင်းကောင်းတွေအဖြစ်ပဲ နေသွားလို့ မရဘူးလား”
“မရဘူး”
သွမ့်ဟွေကျို မစဉ်းစားဘဲ ချက်ချင်း ပြောချလိုက်၏။
“မနေ့ညက မင်း သူ့ဘေးမှာ ကပ်ပြီးနေနေတာကို မြင်ရတဲ့အခါ ကိုယ် ဘယ်လောက် ဝမ်းနည်းခဲ့ရလဲ မင်းမသိပါဘူး။ မင်းဘေးမှာ ရပ်နေရမဲ့သူက ကိုယ် ဖြစ်သင့်တာ ရွှယ်အာ... ကိုယ် မင်းကို တကယ် အရမ်းချစ်တာပါ။ သူငယ်ချင်းအဖြစ်နဲ့တင် မနေချင်ဘူး”
ထိုယောကျာ်း၏ ချစ်စကားများကို ကြားရသောအခါ လန်ရွှယ်မှာ မိမိ၏ ဆွဲဆောင်မှုအတွက် အလွန်ပင် ဂုဏ်ယူနေမိ၏။ သို့သော်လည်း သူမကဲ့သို့ သူဌေးဇနီးတစ်ဦး၏ ဂုဏ်သိက္ခာကို သွမ့်ဟွေကျိုကဲ့သို့သော သူအတွက်နှင့် မစွန့်လွှတ်နိုင်ပေ။
“ဟွေ့ကျို... လွဲချော်သွားတဲ့ အရာတွေက လွဲချော်သွားတာပါပဲ။ ကျွန်မ ကွာရှင်းလို့ မရဘူး၊ ကျွန်မတို့ သူငယ်ချင်းတွေပဲ ဖြစ်လို့ရမယ်။ ရှင်က အရမ်းကောင်းတဲ့သူပါ၊ နောင်မှာ ကျွန်မထက်သာတဲ့သူကို သေချာပေါက် တွေ့မှာပါ”
သွမ့်ဟွေကျို နာကျင်စွာ ပြော၏။
“ကိုယ် တခြားဘယ်သူ့ကိုမှ ရှာမှာမဟုတ်ဘူး။ ကိုယ် မင်းကိုပဲ လိုချင်တာ”
လန်ရွှယ်ကမူ သူမ၏ ဆွဲဆောင်မှုအပေါ် ပို၍ပင် စိတ်ကျေနပ်သွားမိပြန်သည်။
“ဟွေ့ကျို... ရှင်က ဘာလို့ ကျွန်မကိုပဲ ဒီလောက်တောင် စွဲလမ်းနေရတာလဲ။ ကျွန်မတို့က အခုထိ သူငယ်ချင်းကောင်းတွေပဲလေ”
လန်ရွှယ် ဝမ်းနည်းသလို ဟန်ဆောင်ပြီး ပြောလိုက်၏။သူမ သူ့ကို ချစ်သော်လည်း အိမ်ထောင်ရှိနေ၍ ငြင်းပယ်နေရသည့်ပုံစံ အလား ဟန်ဆောင်လိုက်လေ၏။
သွမ့်ဟွေကျို ရှေ့သို့တိုးကာ လန်ရွှယ်၏ လည်ပင်းကို ဆွဲကိုင်ပြီး သူမကို မြတ်နိုးစွာ ကြည့်လိုက်၏။
“ရွှယ်အာ... ကိုယ် မင်းကို ခဏလောက် ပိုင်ဆိုင်ပါရစေနော်”
ထိုသို့ ပြောပြီးနောက် သူမကို နမ်းရှိုက်ရန် ခေါင်းငုံ့လိုက်၏။
လန်ရွှယ်ကလည်း မငြင်းဆန်ဘဲ သွမ့်ဟွေကျိုကို နမ်းခွင့်ပေးလိုက်သည်။ သူ့ကို အမှန်တကယ် ထိန်းချုပ်ထားနိုင်ရန်အတွက် မက်လုံးအချို့ ပေးရမည်ကို သူမ ကောင်းကောင်း သိလေသည်။
နမ်းပြီးသွားသောအခါ သွမ့်ဟွေကျို နာကျင်စွာပြောလိုက်၏။
“ကိုယ် မင်းကို အခက်တွေ့အောင် မလုပ်တော့ပါဘူး။ ကိုယ်တို့ သူငယ်ချင်းကောင်းတွေအဖြစ် ဆက်နေကြမယ်၊ ဒါပေမဲ့ ကိုယ်ကတော့ မင်းနောက်မှာ အမြဲတမ်း ရှိနေမှာပါ”
လန်ရွှယ် ညင်သာစွာ ပြန်ပြောလိုက်၏။
“ကျေးဇူးပါပဲ ဟွေ့ကျို”
ထို့နောက်တွင် သူတို့နှစ်ဦး စားသောက်ဆိုင်မှ ထွက်ခွာသွားကြတော့သည်။ လက်စွပ်ကိုမူ သွမ့်ဟွေကျိုက လန်ရွှယ်၏ လက်ထဲသို့ ဇွတ်အတင်း ထည့်ပေးလိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦး မသိလိုက်သည်မှာ သူတို့ ပြုလုပ်ခဲ့သမျှ အရာအားလုံးသည် မှတ်တမ်းတင်ပြီးသားဖြစ်လေသည်။
အခန်း (၉၂)
ဘေးလူတွေက ပိုပြီး မြင်ရတယ်
မွန်းလွဲပိုင်းအချိန်တွင် ယဲ့ယီ နန်ချင်ဝမ်နှင့်အတူ ရှေ့နေတစ်ဦးနှင့် တွေ့ဆုံရန် လိုက်ပါသွားခဲ့သည်။ ကုရှီချန်း စီစဉ်ပေးထားသော ထိုရှေ့နေမှာ ပြည်ပမှ ပြန်လာသည်မှာ မကြာသေးပေ။ နာမည်ကျော် ပညာရှင်တစ်ဦးဖြစ်ပြီး တစ်သက်တွင် တစ်ခါမျှ အမှုမရှုံးဖူးသည့် ကျော်ကြားသည့် ရှေ့နေ့တစ်ဉီးဖြစ်လေသည်။
ယခင်က နန်ချင်ဝမ်သည် သူနှင့် WeChat မှတစ်ဆင့်သာ ဆက်သွယ်ခဲ့ဖူးပြီး လူချင်း မတွေ့ဆုံဖူးသဖြင့် တစ်ဖက်လူ၏ ရုပ်ရည်ကို မမြင်ဖူးပေ။ ထို့ကြောင့် သူမတို့ နှစ်ဦးသည် လိပ်စာအတိုင်း မြို့လယ်ရှိ ရုံးအဆောက်အအုံတစ်ခုအတွင်း ဥပဒေအကျိုးဆောင်လုပ်ငန်းသို့ သွားရောက်ခဲ့ကြ၏။
မြို့လယ်ခေါင်တွင် ရှိသောကြောင့် လူအများအပြား ဝင်ထွက်သွားလာလျက် ရှိသည်။
ယဲ့ယီနှင့် နန်ချင်ဝမ်တို့ အထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ဉီးက လာရောက်ကြိုဆိုကာမေးမြန်းလေ၏။
“ဘယ်သူနဲ့ တွေ့ချင်လို့လဲခင်ဗျာ”
နန်ချင်ဝမ် လေသံပျော့ပျော့လေးဖြင့် ဆိုလိုက်သည်။
“ရှေ့နေချန်ရှော့နဲ့ တွေ့ချင်လို့ပါ”
“အစ်မနန်ချင်ဝမ် ဖြစ်ရမယ်၊ ရှေ့နေချန်က ရုံးခန်းထဲမှာ စောင့်နေပါတယ်၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”
ထိုသို့ ပြောပြီးနောက် ခေါ်ဆောင်သွားသည်။
ရှေ့နေချန်၏ ရုံးခန်းရှေ့သို့ ရောက်သောအခါ လိုက်ပို့ပေးသူက တံခါးခေါက်လိုက်၏။ ထို့နောက် အတွင်းမှ သြဇာညောင်းသော အမျိုးသားတစ်ဉီး၏ အသံထွက်ပေါ်လာသည်။
“ဝင်ခဲ့ပါ”
“သွားနှင့်ကြပါ၊ ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်”
လမ်းပြပေးသည့် လူငယ်လေးက ထိုသို့ဆိုကာ ထွက်ခွာသွားလေ၏။
ယဲ့ယီနှင့် နန်ချင်ဝမ်တို့ နှစ်ဦးသား ရုံးခန်းထဲသို့ ဝင်လိုက်သောအခါမှ နာမည်ကျော် ရှေ့နေချန်၏ ရုပ်ရည်ကို မြင်တွေ့လိုက်ရတော့သည်။
သူသည် နက်မှောင်သော ဝတ်စုံကို ဆင်မြန်းထားပြီး ဘောင်တစ်ဝက်သာပါသော မျက်မှန်ကို တပ်ဆင်ထားရာ ယဉ်ကျေးသိမ်မွေ့သော ပုံစံမျိုး ပေါက်နေ၏။ သို့သော် သူ၏ သိမ်မွေ့မှုမှာ ကျီချန်ဖန်ကဲ့သို့ မဟုတ်ဘဲ နူးညံ့သောအသွင်အောက်တွင် မသိမသာ ခံစားရသည့် ပြတ်သားရက်စက်သော အငွေ့အသက်မျိုး ကိန်းအောင်းနေလေ၏။
“ထိုင်ကြပါဦး”
ချန်ရှော့ သူမတို့နှစ်ဦးကို ထိုင်ခိုင်းလိုက်၏။
သူတို့ ထိုင်ပြီးသည်နှင့် ချန်ရှော့က နန်ချင်ဝမ်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ဆိုလေ၏။
“ မိနိးကလေးနန်ချင်ဝမ် ထင်ပါတယ်”
မေးခွန်းပုံစံဖြစ်သော်လည်း သူ၏ လေသံမှာ အသေအချာ သိနေသည့်ပုံမျိုး ဖြစ်သည်။
နန်ချင်ဝမ် အံ့အားသင့်စွာ မေးလိုက်၏။
“ရှေ့နေချန်က ကျွန်မကို ဘယ်လို သိတာလဲဟင်”
WeChatတွင် သူငယ်ချင်းဖြစ်နေသော်လည်း နန်ချင်ဝမ်သည် သူမ၏ ဓာတ်ပုံများကို တစ်ခါမျှ တင်လေ့မရှိပေ။
“မကြာသေးခင်ကမှ ခင်ဗျားပါဝင်ထားတဲ့ ရသစုံအစီအစဉ်ကို ကျွန်တော် ကြည့်မိလို့ပါ”
နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုတို့၏ အခြေအနေကို ပိုမိုနားလည်နိုင်ရန်အတွက် ချန်ရှော့သည် ဤအမှုကို လက်ခံပြီးနောက် ‘ကြယ်ပွင့် မိသားစု’ အစီအစဉ်၏ နောက်ဆုံးအပိုင်းများကို အသေအချာ လေ့လာထားလေ၏။
ထို့နောက် ချန်ရှော့က ယဲ့ယီဘက်သို့ လှည့်ကြည့်ကာ ဆို၏။
“မင်းက ရှီချန်းရဲ့ ဇနီးဖြစ်မှာပေါ့။ ငါတို့သူငယ်ချင်းအုပ်စုထဲမှာ အဲဒီကောင်က အရင်ဆုံး အိမ်ထောင်ပြုလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ယဲ့ယီက ယဉ်ကျေးစွာ ပြုံးပြလိုက်သော်လည်း စိတ်ထဲတွင်မူ ကြိတ်၍တွေးနေမိ၏။
[သူက အရင်ဆုံး လက်ထပ်ရုံတင်မကဘူး၊ အရင်ဆုံး ကွာရှင်းရမဲ့သူလည်း ဖြစ်တော့မှာ]
မိတ်ဆက်မှုများ ပြီးဆုံးသွားသောအခါ ချန်ရှော့က လိုရင်းကိုသာ တိုက်ရိုက်ပြောလေ၏။
“ခင်ဗျားတို့ နှစ်ယောက်ရဲ့ အခြေအနေကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ လက်ရှိမှာ ကလေးအုပ်ထိန်းခွင့် ရဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခင်ဗျားရဲ့ ခင်ပွန်းဟောင်း ဖောက်ပြန်နေတဲ့ သက်သေကို ရှာဖို့ပဲ။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ခင်ဗျားရဲ့ ခင်ပွန်းဟောင်းနဲ့ လန်ရွှယ်ဆိုတဲ့ အမျိုးသမီးရဲ့ ဆက်ဆံရေးက သိပ်မရိုးသားဘူး”
ရွှေတံဆိပ်ရ ရှေ့နေဟု ဆိုရလောက်အောင် ချန်ရှော့သည် ရသစုံအစီအစဉ်ကို ကြည့်ရုံမျှဖြင့် လန်ရွှယ်နှင့် သွမ့်ဟွေကျိုတို့ကြားက မသင်္ကာစရာများကို ရိပ်မိနေ၏။
“သွမ့်ဟွေကျိုက လန်ရွှယ်ကို သဘောကျတာ မှန်ပေမဲ့ သူတို့ကြားမှာ စည်းကျော်တဲ့ အပြုအမူမျိုးတော့ မရှိခဲ့ပါဘူး”
သွမ့်ဟွေကျိုနှင့် လန်ရွှယ်တို့ကြားက မရိုးမသား ဆက်ဆံရေးမှာ ထင်ရှားနေသော်လည်း သူတို့သည် အမှန်တကယ်ပင် အကန့်အသတ်ထက် ကျော်လွန်၍ ဘာမျှ မလုပ်ခဲ့ကြပေ။ ထို့ကြောင့် သူတို့ဆက်ဆံရေးမှာ ပုံမှန်မဟုတ်ကြောင်း သက်သေပြရန်မှာ မလွယ်ကူလှပေ။
ထိုအချိန်တွင် သူတို့ လိုအပ်နေသော သက်သေကို တစ်စုံတစ်ယောက်က လာရောက် ပေးအပ်တော့မည်အကြောင်း သူတို့ မသိကြသေးချေ။
“စိတ်ချပါ၊ ကလေးအုပ်ထိန်းခွင့် ရအောင် ကျွန်တော် အသေအချာ ကူညီပေးပါ့မယ်။ ဒါက ပြည်ပက ပြန်လာပြီးနောက် ကျွန်တော့်ရဲ့ ပထမဆုံး အမှုပဲ၊ ခင်ဗျားတို့ကြောင့် ကျွန်တော့်ဂုဏ်သတင်းကို အပျက်မခံနိုင်ပါဘူး”
ချန်ရှော့၏ စကားကြောင့် နန်ချင်ဝမ် စိတ်အနည်းငယ် သက်သာရာရသွားခဲ့သည်။ဘထို့နောက် သူ့ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ရှေ့နေချန်”
ချန်ရှော့ ယဲ့ယီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“ကျေးဇူးတင်ရမှာက ကျွန်တော့်ကို မဟုတ်ပါဘူး၊ ကျွန်တော်က တစ်စုံတစ်ယောက်ရဲ့ အပ်နှံမှုကြောင့် လုပ်ပေးတာပါ။ လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ လူတစ်ယောက်က ဖုန်းဆက်ပြီး ဒီအမှုကို လက်ခံပေးဖို့ အတင်းတောင်းဆိုနေတာ။ သူ့မိန်းမကို မျက်နှာသာရဖို့အတွက် ကျွန်တော့်ကို အနားတောင် မပေးဘူးဗျာ”
ယဲ့ယီ အနည်းငယ်ကြောင်အမ်းသွားပြီးနောက် ရယ်မောမိသည်။ ဤအရာကြောင့် ကုရှီချန်းအပေါ် သူမ အကြွေးတင်သွားခဲ့ပြီပင်။ နောက်မှ ပြန်လည် ပေးဆပ်ရန် နည်းလမ်းရှာရလိမ့်မည်။
ထို့နောက် ချန်ရှော့သည် ဥပဒေရေးရာ နည်းဗျူဟာများကို သူတို့နှင့် ဆွေးနွေးခဲ့သည်။ သွမ့်ဟွေကျိုဘက်မှ သွမ့်ကျားကျား၏ အုပ်ထိန်းခွင့်ကို မိမိသဘောဖြင့် စွန့်လွှတ်ရန်မှာ မဖြစ်နိုင်တော့သဖြင့် ဤတရားစွဲဆိုမှုမှာ မလွဲမသွေ ဖြစ်လာလိမ့်မည်။
ရုံးခန်းမှ ပြန်ထွက်လာချိန်တွင် ကျောင်းဆင်းချိန်နှင့် နီးကပ်နေလေပြီ။
ယဲ့ယီသည် နန်ချင်ဝမ်ကို ခေါ်ကာ သွမ့်ကျားကျားနှင့် ကုစဲ့တို့ကို သွားကြိုသည်။
သွမ့်ကျားကျားနှင့် ကုစဲ့တို့မှာ တစ်ကျောင်းတည်း မဟုတ်သော်လည်း ကျောင်းချင်းနီးကြ၏။ ကလေးနှစ်ယောက်လုံးကို ကြိုပြီးနောက် ယဲ့ယီ လက်ဝှေ့ယမ်းပြကာ အားလုံးကို ဟော့ပေါ့ သွားစားရန် ခေါ်ဆောင်သွားသည်။
ကုရှီချန်း အိမ်ပြန်ရောက်သောအခါ ယဲ့ယီရော ကုစဲ့ပါ အိမ်တွင် မရှိသည်ကို တွေ့လိုက်ရ၏။
“ဒေါ်လေးလျုံ၊ ဒီနေ့ ကုစဲ့ကို ဘယ်သူသွားကြိုတာလဲ။ ဘာလို့ အခုထိ ပြန်မလာကြသေးတာလဲ”
အိမ်ထိန်းလျုံက ပြုံးလျက် ပြောပြ၏။
“မမလေးကး စောစောက ဖုန်းဆက်ပါတယ်။ သူကိုယ်တိုင် သွားကြိုမှာမလို့ ညစာ အပြင်မှာပဲ စားမယ်တဲ့။ သခင်လေးကို မပြောဘူးလားရှင့်”
ကုရှီချန်းသည် ဖုန်းကို အလိုအလျောက် ဖွင့်ကြည့်လိုက်သည်။ ယဲ့ယီသည် သူ့ကို ဖုန်းမဆက်သည့်အပြင် WeChatမှာပင် စာမပို့ထားချေ။ အတိအကျ ပြောရပါက သူငယ်ချင်းအဖြစ် လက်ခံလိုက်သည့် အချိန်မှလွဲ၍ သူတို့နှစ်ဦး WeChat တွင် တစ်ခါမျှ စကားမပြောဖူးကြပေ။
ဘာမှမရှိသော စာပေးပို့သည့် နေရာကို ကြည့်ရင်း ကုရှီချန်း က စာတစ်စောင် ရေးလိုက်၏။ သို့သော်လည်း နောက်ဆုံးတွင် မပိို့ဖြစ်လိုက်ပေ။
သုံးယောက်အတူ စားနေကျ ဖြစ်သောကြောင့် ကုရှီချန်း တစ်ယောက်တည်း ထမင်းစားပွဲတွင် ထိုင်နေရသဖြင့် စားချင်စိတ် ပျောက်သွားရ၏။
ထိုစဉ် ချန်ရှော့ထံမှ စာတစ်စောင် ရောက်လာခဲ့သည်။
[မင်းမိန်းမ ဒီနေ့ ငါ့ရုံးခန်းကို လာသွားတယ်။ ဒါနဲ့ ပြောရဦးမယ်၊ ငါပြန်လာတာ ကြာလှပြီ၊ မင်း ငါ့ကို ထမင်းတစ်နပ်လောက် မကျွေးသင့်ဘူးလား]
ကုရှီချန်းသည် ထိုစာကို လျစ်လျူရှုလိုက်သည်။ အခြားတစ်ဖက်တွင်မူ ယဲ့ယီနှင့် ကုစဲ့တို့မှာ ဟော့ပေါ့ဆိုင်တွင် ပျော်ရွှင်စွာ စားသောက်နေကြပြီး အိမ်တွင် တစ်ယောက်တည်း ကျန်ရစ်သူကို လုံးဝ မေ့လျော့နေကြ၏။
ယဲ့ယီနှင့် ကုစဲ့တို့ အိမ်ပြန်ရောက်သောအခါ ကုရှီချန်းသည် ဆိုဖာပေါ်တွင် တစ်ယောက်တည်း အထီးကျန်စွာ ထိုင်နေလေသည်။
ယဲ့ယီ အပေါ်ထပ်သို့ တန်းသွားရန် ကြံရွယ်သော်လည်း မမျှော်လင့်ဘဲ ကုရှီချန်းက လှမ်းခေါ်လိုက်သည်။
“မင်းတို့ နှစ်ယောက် ဘယ်သွားနေကြတာလဲ”
“ကလေးကို အပြင်ခေါ်ကျွေးတာပါ”
ထိုသို့ ပြောပြီးနောက် ကုစဲ့ကို ခိုးခေါ်သွားသည်ဟု ကုရှီချန်း ထင်မည်စိုးသဖြင့် ထပ်ပြောလိုက်၏။
“ကားဆရာနဲ့ အစ်မလျုံကိုတော့ ပြောခဲ့ပါတယ်”
ယဲ့ယီ ကုရှီချန်းကို မော့ကြည့်လိုက်သောအခါ သူ၏ မျက်နှာမှာ မသာမယာ ဖြစ်နေဆဲပင်။
[သူက အပြင်စာတွေ မသန့်ဘူးလို့ ထင်နေတာလား မသိဘူး]
ယဲ့ယီသည် သူမ၏ ခန့်မှန်းချက် မှန်လိမ့်မည်ဟု ယူဆကာ ပြောလိုက်၏။
“တကယ်တော့ တစ်ခါတစ်လေ အပြင်မှာ စားတာ ဘာမှမဖြစ်ပါဘူး၊ နောက်ဆိုရင်တော့ သူ့ကို မခေါ် သွားတော့ပါဘူး”
ယဲ့ယီ၏ စကားအဆုံးတွင် ကုရှီချန်း၏ မျက်နှာမှာ ပို၍ပင် ပုပ်သိုးသွား၏။
ယဲ့ယီမှာ ဝေခွဲမရ ဖြစ်သွားရသည်။
‘အပြင်စာစားလို့ ဒီလောက်တောင် ဖြစ်ပျက်သွားတာလား’
စကားတွေ အများကြီး ပြောနေသော်လည်း ယဲ့ယီသည် သူ့အကြောင်းကို တစ်ချက်ကလေးမှ ထည့်မပြောသည်ကို မြင်လိုက်ရသဖြင့် ကုရှီချန်း အလွန်အမင်း စိတ်ပျက်သွားရသည်။
‘ငါ တကယ်ပဲ သူ့အတွက် ဘာမှ အရေးမပါတာလား’
နောက်ဆုံးတွင် ကုရှီချန်းသည် ဘာစကားမှ မဆိုဘဲ အပေါ်ထပ်သို့ တက်သွား၏။ ယဲ့ယီ ကြောင်တောင်တောင်ဖြင့်သာ ကျန်ရစ်နေခဲ့သည်။
ကံကောင်းထောက်မစွာ ကုစဲ့က အခြေအနေကို ရိပ်မိသွားလေ၏။
‘ဖေဖေက သူ့ကို မခေါ်လို့ သဝန်တိုနေတာများလား’
“မေမေ၊ ဖေဖေက သားတို့ကို စိတ်ဆိုးနေတာ ထမင်းသွားစားတုန်းက သူ့ကို မခေါ်လို့ ထင်တယ်”
“ဟမ်... မဖြစ်နိုင်တာ”
ယဲ့ယီ ကုစဲ့ကို မယုံကြည်သလို ကြည့်လိုက်သည်။
‘အဲဒီကိစ္စလေးနဲ့ပဲလား’
‘ကုရှီချန်းလို လူမျိုးက အရသာရှိတဲ့ အစားအသောက်တွေ အများကြီး စားဖူးတာပဲ၊ဟော့ပေါ့ သွားစားတာလေးကို သူ့ကို မခေါ်လို့ စိတ်ဆိုးပါ့မလား’
ကုစဲ့ ယဲ့ယီကို ကြည့်ပြီး သက်ပြင်းချကာ ခေါင်းခါလိုက်၏။ အဖေဖြစ်သူ ဂရုစိုက်နေသည်မှာ အစားအသောက် မဟုတ်သည်ကို အမေဖြစ်သူက နားမလည်သေးပုံရ၏။ ကလေးဖြစ်သူ သူတောင် မြင်နေရသည်ကို အမေဖြစ်သူက အဘယ့်ကြောင့် မမြင်နိုင်သနည်း။
‘မေမေက ခါတိုင်းဆို တော်တော်လေး ပါးနပ်ပါတယ်’
နောင်နှစ်ပေါင်းများစွာ ကြာမှသာ ကုစဲ့သည် ဤအခြေအနေကို နားလည်သွားလေတော့သည်။
ဘေးလူက ပိုပြီး မြင်နေရသော်လည်း ကာယကံရှင်များမှာမူ အမြင်ကွယ်နေတတ်ကြသည်။