အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃)
အမျက်ဒေါသ ချောင်းချောင်းထွက်နေသော ချန်ထျန်မင်း
အခြားတစ်ဖက်တွင် နန်ချင်ဝမ်သည် သွမ့်ကျားကျားကို အိမ်သို့ ပြန်ခေါ်လာသောအခါ သွမ့်ဟွေကျိုကို မတွေ့ရတော့ပေ။ ထိုအခါမှသာ သူမ သက်ပြင်းချနိုင်တော့သည်။
ထို့နောက် သွမ့်ကျားကျားလေးကို ရေချိုးပေးကာ သူမ ညဝတ်အင်္ကျီများကို ယူ၍ သွမ့်ကျားကျား၏ အခန်းထဲ၌ အတူတူ သန့်စင်ခန်း ဝင်လိုက်တော့သည်။
အခန်းထဲသို့ ရောက်သည်နှင့် နန်ချင်ဝမ်သည် တံခါးကို ချက်ချင်းပင် သော့ နှစ်ထပ်ခတ်လိုက်လေသည်။
သွမ့်ကျားကျားသည် မိခင်ဖြစ်သူ အဘယ့်ကြောင့် တံခါးကို သော့ခတ်နေသည်ကို နားမလည် ဇဝေဇဝါဖြင့် မေးမြန်းရှာသည်။
“မေမေ... ဘာလို့ တံခါးကို သော့ခတ်တာလဲဟင်”
နန်ချင်ဝမ် က သွမ့်ကျားကျား၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။
“ဘာလို့လဲဆိုတော့ မှောင်သွားရင် ဝံပုလွေကြီး ထွက်လာတတ်လို့လေ”
သွမ့်ကျားကျား နန်ချင်ဝမ်၏ ခြေထောက်ကို ရုတ်တရက် ပြေးဖက်လိုက်ပြီး ပြောလိုက်၏။
“အား... မေမေ သမီး ကြောက်တယ်”
“ကျားကျား မကြောက်နဲ့နော်၊ ဒီည မေမေ သမီး နဲ့အတူ အိပ်ပေးမယ် ဟုတ်ပြီလား”
နန်ချင်ဝမ် က ချော့မော့လိုက်ရာ သွမ့်ကျားကျားလေးသည် ခေါင်းကို စိတ်အားထက်သန်စွာ ငြိမ့်ပြ၏။
အစက ယဲ့ယီသည် နန်ချင်ဝမ်နှင့် သွမ့်ကျားကျားကို သူမတို့ အိမ်သို့ ခေါ်သွားရန် ရည်ရွယ်ထား၏။ သွမ့်ဟွေကျိုနှင့် ဆက်လက် နေထိုင်နေခြင်းမှာ အလွန်ပင် အန္တရာယ်များလှသည်။ သို့သော် ဤသို့လုပ်လိုက်ပါက သွမ့်ကျားကျားအပေါ် သက်ရောက်မှု ရှိမည်ကို နန်ချင်ဝမ် စိုးရိမ်နေမိသည်။
သွမ့်ကျားကျားသည် ဘာမှမသိသည့် ကလေးလေး တစ်ယောက် မဟုတ်တော့ပေ။ သူစိမ်းအိမ်တွင် ဧည့်သည်အဖြစ် သွားရောက် နေထိုင်ရပါက စိတ်မသက်မသာ ဖြစ်နေမည်ကို နန်ချင်ဝမ် သိနေ၏။
အဆုံးတွင် နန်ချင်ဝမ်ကို ဖျောင်းဖျ၍ မရသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ယီ အန္တရာယ်နှင့် ကြုံလာပါက သူမထံ ချက်ချင်း ဖုန်းဆက်ရန်သာ မှာကြားရတော့သည်။
ညတာသည် ငြိမ်သက်နေပုံ ရသော်လည်း နောက်တစ်နေ့ နံနက်တွင်မူ လူမှုကွန်ရက် စာမျက်နှာပေါ်ရှိ ရေပန်းစားနေသော သတင်းများမှာ တစ်ဖန် ပြန်လည် ပေါက်ကွဲခဲ့သည်။
ယဲ့ယီသည် နန်ချင်ဝမ်၏ ဖုန်းခေါ်သံကြောင့် နိုးလာခဲ့သည်။ ဖုန်းကို ကိုင်လိုက်သည့် အချိန်တွင် နန်ချင်ဝမ် တစ်ခုခု ဖြစ်ပြီဟု ယဲ့ယီ ထင်မှတ်ခဲ့သော်လည်း ဖုန်းလိုင်း ချိတ်ဆက်သွားချိန်တွင်မူ နန်ချင်ဝမ်၏ လေသံမှာ အလွန် စိတ်လှုပ်ရှားနေ၏။
“ရှောင်ယီ... မြန်မြန် အွန်လိုင်းပေါ် ဝင်ကြည့်လိုက်စမ်းပါ”
ယဲ့ယီ သည် လူမှုကွန်ရက်ကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ ရေပန်းစားသော သတင်းများကို နှိပ်ကြည့်လိုက်ရာ ထိပ်ဆုံး နံပါတ်တစ် နေရာတွင် ရှိနေသည်မှာ #ရုပ်ရှင်မင်းသား သွမ့်ဟွေကျိုနှင့် နာမည်ကျော် မင်းသမီး လန်ရွှယ်တို့ နှစ်ဦးသား ဖောက်ပြန်နေကြခြင်း# ဆိုသော သတင်းပင် ဖြစ်သည်။
သတင်းထဲသို့ ဝင်ကြည့်လိုက်သောအခါ သွမ့်ဟွေကျိုနှင့် လန်ရွှယ်တို့သည် သူတို့၏ အိမ်ထောင်ဖက်များ နောက်ကွယ်တွင် တိတ်တဆိတ် တွဲနေကြကြောင်း သတင်းထောက် တို့က ဖော်ထုတ်ထားကြ၏။ အောက်တွင် ဓာတ်ပုံ အများအပြားကိုလည်း တွဲတင်ထားရာ ဓာတ်ပုံတစ်ပုံမှာ သွမ့်ဟွေကျိုက ခေါင်းငုံ့၍ လန်ရွှယ်ကို နမ်းနေသည့်ပုံ ဖြစ်နေသည်။
အခြားသော ဓာတ်ပုံများတွင်လည်း သူတို့နှစ်ဦးကြားရှိ အငွေ့အသက်မှာ အလွန်ပင် မသင်္ကာဖွယ် ကောင်းလှသည်။
တစ်စုံတစ်ယောက်ဆိုလျှင် သူတို့ စားသောက်နေသည့် စားသောက်ဆိုင်မှာ နာမည်ကျော် ချစ်သူစုံတွဲများ သွားလေ့ရှိသော ဆိုင်ဖြစ်ကြောင်းကိုပါ တူးဆွ ဖော်ထုတ်လိုက်လေ၏။
ယခုအခါ သူတို့နှစ်ဦး ဖောက်ပြန်နေကြသည်မှာ အထင်အရှား သက်သေပြပြီးသား ဖြစ်သွားလေပြီ။
ထို့ပြင် သွမ့်ဟွေကျိုနှင့် နန်ချင်ဝမ်တို့၏ ကွာရှင်းစာချုပ်မှာလည်း ထွက်မလာသေးသဖြင့် သူတို့နှစ်ဦးအပြုအမူမှာ အိမ်ထောင်ရေး ဖောက်ပြန်မှု မြောက်သည်။
ယဲ့ယီ ဤသတင်းကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။ သူမသည် ကလေးအုပ်ထိန်းခွင့် ရပါ့မလားဟု စိုးရိမ်နေခဲ့သော်လည်း ယခု ကလေးအုပ်ထိန်းခွင့်သာမက သွမ့်ဟွေကျို၏ ပိုင်ဆိုင်မှုများကိုပါ ခွဲဝေရနိုင်တော့မည် ဖြစ်ပြီး ကြီးမားသော ဝေစုမှာ နန်ချင်ဝမ်ထံ ရောက်ရှိလာပေတော့မည်။ ဤနှစ်ယောက်သည် ကိုယ်သေတွင်းကို တူးခြင်းသာ ဖြစ်သည်။
လူအများအပြား သူတို့ဆက်ဆံရေးကို သံသယဝင်နေကြသော်လည်း သူတို့သည် သတင်းထောက်များ၏ ကင်မရာရှေ့သို့ ကိုယ့်သဘောနှင့်ကိုယ် တိုးဝင်သွားလေ၏။
ယဲ့ယီ ဤနှစ်ယောက်၏ ဦးနှောက် မည်သို့ အလုပ်လုပ်သည်ကိုပင် နားမလည်နိုင်တော့ပေ။
‘သူတို့ကြားမှာ တစ်ခုခုရှိနေမှန်း လူတွေ သိသွားမှာ စိုးလို့ ချစ်သူစုံတွဲတွေ သွားတဲ့ဆိုင်ကိုမှ ရွေးသွားကြတာလား’
သွမ့်ဟွေကျို သူ၏ အားနည်းချက်ကို ကိုယ်တိုင် ထုတ်ဖော်ပြလိုက်ပြီ ဖြစ်သဖြင့် သူတို့ဘက်က ဤအခွင့်အရေးကို အမိအရ အသုံးချရပေမည်။
ယဲ့ယီ သည် ချက်ချင်း ထကာ မျက်နှာသစ်၊ မနက်စာ အနည်းငယ် စားပြီးနောက် နန်ချင်ဝမ်ကို သွားကြိုတော့သည်။ ထို့နောက် နှစ်ဦးသား ချန်ရှော့၏ ဥပဒေ အကျိုးဆောင်ရုံးသို့ အတူတူ သွားရောက်ကြ၏။
ချန်ရှော့သည်လည်း ဤသတင်းကို သိရှိထား၏။
“ဒါက အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးသလိုပဲ။ ဒီကိစ္စက အစက နည်းနည်း ခက်ခဲမဲ့ပုံရှိပေမဲ့ အခု သူတို့ ဒီလို လုပ်လိုက်တော့ ပိုပြီး လွယ်သွားပြီ”
ချန်ရှော့ နန်ချင်ဝမ်ကို ကြည့်ကာဆိုလိုက်၏။
“စိတ်မပူပါနဲ့၊ ကလေးအုပ်ထိန်းခွင့်တင်မကဘဲ သူ့ကို ကောင်းကောင်းကြီး နာကျင်အောင် ကျွန်တော် လုပ်ပေးပါ့မယ်။ ခင်ဗျား ရသင့်ရထိုက်တဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ပြားတစ်ချပ်မှ လျော့မသွားစေရဘူး”
ယခင်ကဆိုလျှင် နန်ချင်ဝမ်သည် မိုက်မဲစွာ ထိုငွေများကို ငြင်းပယ်မိကောင်း မိနိုင်သော်လည်း အဖြစ်အပျက်များစွာကို ကြုံတွေ့ပြီးနောက် ဤအရာအားလုံး သူမ ရသင့်ရထိုက်သော အရာများ ဖြစ်ကြောင်း နားလည်သွားသည်။
လူမှုကွန်ရက် စာမျက်နှာပေါ်တွင်မူ သွမ့်ဟွေကျိုနှင့် လန်ရွှယ်တို့၏ အကောင့်များအောက်၌ မှတ်ချက်များမှာ ဗလပွ ဖြစ်နေတော့သည်။
ပရိသတ်များက သူတို့အား စွန့်ခွာမည်ဟု အော်ဟစ်နေကြပြီး ဟိုင်ထျန် ဖျော်ဖြေရေး ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေး ဌာနကလည်း ဤကိစ္စကို ဖုံးဖိရန် အသည်းအသန် ကြိုးစားနေသော်လည်း လုံးဝ ဖုံးဖိ၍ မရတော့ပေ။
သွမ့်ဟွေကျိုမှာ အိမ်သို့ပင် မပြန်ရဲတော့ဘဲ မြို့ပြင်ရှိ ဗီလာတစ်ခုတွင်သာ ပုန်းအောင်းနေရသည်။ သူသည်လည်း ဤကိစ္စကို ဖုံးဖိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေခဲ့သည်။ အနုပညာလောကထဲမှ သူငယ်ချင်းများကို ဆက်သွယ်သော်လည်း မည်သူကမျှ သူ့ကို မကူညီရဲကြပေ။ နောက်ပိုင်းတွင် သူ့ဖုန်းကိုပင် အဆက်အသွယ် ဖြတ်လိုက်ကြ၏။
လန်ရွှယ်သည် အနုပညာလောကမှ မင်းသမီးတစ်ဦးသာ မဟုတ်ဘဲ ချန်အုပ်စု ဥက္ကဌ၏ ဇနီးလည်း ဖြစ်သည်ကို လူတိုင်း သိထားကြသည်။
သွမ့်ဟွေကျိုသည် ယခုအခါ ချန်အုပ်စုကို အဓိက စော်ကားလိုက်ခြင်း ဖြစ်၏။ ချန်ထျန်မင်းသည် ဟိုင်ထျန်ဖျော်ဖြေရေး၏ ရှယ်ယာရှင် တစ်ဦးလည်း ဖြစ်သဖြင့် သူသည် ဟိုင်ထျန် ဖျော်ဖြေရေးကိုပါ တစ်ပြိုင်နက်တည်း အပြစ်လုပ်မိသွားတော့သည်။
သွမ့်ဟွေကျိုသည် သူနှင့် လန်ရွှယ်တို့ ဓာတ်ပုံ အရိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုအချိန်တွင် သူ အလွန်အမင်း နောင်တရနေမိသည်။ အထူးသဖြင့် နန်ချင်ဝမ်နှင့် မကြာမီ ကွာရှင်းတော့မည့် အချိန်တွင် ဤကိစ္စ ပေါက်ကြားသွားခြင်းက ပိုင်ဆိုင်မှု ခွဲဝေရာ၌ သူ့အတွက် အလွန် နစ်နာစေလိမ့်မည်။
ယခုအခါ သွမ့်ဟွေကျိုသည် နန်ချင်ဝမ် သူ့အပေါ် ရက်ရက်စက်စက် မလုပ်ပါစေနှင့်ဟုသာ ဆုတောင်းနေရတော့သည်။ သူသည် နန်ချင်ဝမ်ထံ ဖုန်းဆက်ရန် ကြိုးစားသော်လည်း သူမ သူ့ကို ဘလော့ခ်ထားသည်မှာ ကြာလှပြီပင်။
သွမ့်ဟွေကျိုသည် သူ ပို၍ ဂရုစိုက်သင့်ခဲ့ကြောင်း၊ ပေါ့ပေါ့ဆဆ မနေခဲ့သင့်ကြောင်း ယခုမှ နောင်တကြီးစွာ ရနေမိ၏။သူသည် ထိုစားသောက်ဆိုင်မှာ ရိုမန်းတစ် ဖြစ်သည်ဟုသာ တွေးမိပြီး လုံခြုံမှု ရှိ၊ မရှိကိုမူ သတိမထားမိခဲ့ပေ။
ဤသည်မှာ ‘ခြေတစ်လှမ်း အမှားက ထာဝရ နောင်တ’ ဖြစ်သွားရ၏။
အခြား ဇာတ်ကောင်ဖြစ်သူ လန်ရွှယ်မှာမူ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ ဖြစ်၏။ မနေ့ညက သူမ ပြန်ရောက်လာပြီးနောက် ချန်ထျန်မင်းကို ဝိုင်နီများ တိုက်ကာ ချော့မော့ခဲ့ပြီး နှစ်ဦးသား သန်းခေါင်ကျော်သည်အထိ လှုပ်ရှားခဲ့ကြသဖြင့် သူမမှာ အလွန် ပင်ပန်းနေသည်။
ချန်ထျန်မင်းသည် မနက် အလုပ်သွားချိန်တွင်လည်း သူမကို မနှိုးရန် အိမ်ထိန်းကို မှာကြားခဲ့သေးသည်။
ချန်ထျန်မင်း တစ်ယောက် ကုမ္ပဏီသို့ ရောက်သောအခါ ရုံးလုပ်ငန်းများကို စတင် ကိုင်တွယ်လေသည်။ အစည်းအဝေးတစ်ခုသို့ သွားသည့် အချိန်တွင်မှ သူ့ကို ကြည့်နေသည့် လူတိုင်း၏ အကြည့်များမှာ တစ်မျိုး ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်သည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် ချန်ထျန်မင်းသည် သူ၏ လက်ထောက်ကို ရုံးခန်းသို့ ချက်ချင်း ခေါ်လိုက်၏။
“ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ။ ကုမ္ပဏီက လူတွေက ငါ့ကို ဘာလို့ ဒီလောက် ထူးထူးဆန်းဆန်း ကြည့်နေကြတာလဲ”
လက်ထောက်မှာ စကားပြောရန် တွန့်ဆုတ်နေ၏။ ချန်ထျန်မင်းက စိတ်မရှည်စွာ အော်လိုက်သည်။
“ပြောစမ်း”
ထိုအခါမှ လက်ထောက်သည် သူ၏ ဖုန်းကို ထုတ်ကာ လူမှုကွန်ရက်သို့ ဝင်ပြီး လန်ရွှယ်နှင့် သွမ့်ဟွေကျိုတို့ အကြောင်း ရေးထားသည့် သတင်းကို ရှာ၍ ချန်ထျန်မင်းထံ ပေးလိုက်သည်။
ချန်ထျန်မင်းသည် သတင်းပါ အကြောင်းအရာများနှင့် ဓာတ်ပုံများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသ ပေါက်ကွဲသွားတော့သည်။
သူသည် ချန်ဂရုနှင့် ဟိုင်ထျန်ဖျော်ဖြေရေးတို့မှ ပြည်သူ့ဆက်ဆံရေး ဌာနများကို ဤသတင်းများကို ချက်ချင်း ဖယ်ရှားရန် စတင် စီစဉ်ခိုင်းလိုက်၏။
ထို့နောက် သူကိုယ်တိုင် ကားမောင်း၍ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်သို့ ရောက်သောအခါ ချန်ထျန်မင်းမှာ ဖိနပ်ပင် မလဲနိုင်တော့ဘဲ အပေါ်ထပ်သို့ တန်းတက်သွားလေ၏။
အိပ်ခန်းတံခါးကို ဖွင့်လိုက်ပြီး လန်ရွှယ်၏ အိပ်ပျော်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ချန်ထျန်မင်း၏ ဒေါသမှာ ပို၍ပင် ကြီးထွားလာခဲ့သည်။
‘ဒီမိန်းမ ငါ့ကို အရှက်ခွဲပြီး ဘာမှ မဖြစ်သလိုမျိုး ဘယ်လိုတောင် အိပ်နိုင်ရတာလဲ’
ချန်ထျန်မင်းသည် လူတစ်ယောက်ကို ရေတစ်ခွက် ယူလာခိုင်းပြီးနောက် လန်ရွှယ်၏ မျက်နှာကို လှမ်းပက်ပစ်လိုက်သည်။
လန်ရွှယ် ချက်ချင်းပင် လန့်နိုးလာသည်။ သူမ၏ ရှေ့တွင် အမျက်ဒေါသ ထွက်နေသော ချန်ထျန်မင်းကို မြင်လိုက်ရသောအခါ လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။
“ကို ... ဘာလို့ ပြန်လာတာလဲ။ ပြီးတော့ ဘာလို့ ကျွန်မကို ရေနဲ့ ပက်တာလဲဟင်”
ချန်ထျန်မင်း လန်ရွှယ်ကို ကုတင်ပေါ်မှ ဆွဲထူလိုက်ပြီး သူမ၏ အံ့သြနေသော မျက်နှာကို အားပါပါဖြင့် ဖြတ်ရိုက်လိုက်လေ၏။
ချန်ထျန်မင်းသည် အားအကုန်သုံး၍ ရိုက်လိုက်ခြင်း ဖြစ်သည်။ သူ၏ ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကြောင့် သူ၏ လက်ချက်မှာ ပြင်းလွန်းသဖြင့် လန်ရွှယ်၏ ပါးစပ်ထောင့်မှ သွေးများ ချက်ချင်းပင် စီးကျလာတော့သည်။
လန်ရွှယ်မှာ ရေနှင့် ပက်ခံရ၍ နိုးလာသည့်ဒဏ်မှ မသက်သာသေးမီ ချန်ထျန်မင်း၏ ရိုက်ချက်ကိုပါ ထပ်မံ ခံလိုက်ရပြန်သည်။
သူမသည် ဝမ်းနည်းပက်လက်ဖြစ်ကာ မေးမြန်းလိုက်သည်။
“ကို... ဘာတွေ လုပ်နေတာလဲ”
ချန်ထျန်မင်း သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“နင့်လို မိန်းမယုတ်၊ ငါ နင့်ကို အကောင်းဆုံးတွေနဲ့ ကျွေးမွေး ပြုစုထားတာကို နင်က အပြင်မှာ ငါ့ကို အရှက်ခွဲဖို့ ကြိုးစားတယ်ပေါ့လေ။ မနေ့ညက နင် ဒီလောက်တောင် စိတ်အားထက်သန်နေတာ မဆန်းပါဘူး၊ နင် ငါ့ကို သစ္စာဖောက်ခဲ့လို့ကိုး”
လန်ရွှယ်သည် မကောင်းသော အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသော်လည်း ယုန်သူငယ်လေးကဲ့သို့ ဟန်ဆောင်နေဆဲပင်။
“ကို ... ဘာတွေ ပြောနေတာလဲ ကျွန်မ နားမလည်ဘူး”
ချန်ထျန်မင်းသည် ဖုန်းကို လန်ရွှယ်၏ ရှေ့သို့ ဝုန်းခနဲ ပစ်ချလိုက်ပြီး ငေါက်ငမ်းလိုက်သည်။
“ဟန်ဆောင်မနေနဲ့တော့ ဒါ နင် ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်တော့”
အခန်း (၉၄)
ဆီလျော်သော ရှင်းလင်းချက်တစ်ခု
လန်ရွှယ်သည် ဖုန်းကို ကြည့်လိုက်ရာ သူမနှင့် သွမ့်ဟွေကျိုတို့၏ ဓာတ်ပုံများကို မြင်လိုက်ရသည်။ ထိုဓာတ်ပုံများထဲတွင် သူတို့နှစ်ဦး နမ်းနေကြသည့်ပုံပင် ပါဝင်နေပြီး အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီ ဖြစ်သည်။
လန်ရွှယ် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
“ယောင်္ကျား... ကျွန်မ ရှင်းပြပါရစေဦး ၊ ဟွေကျိုနဲ့ ကျွန်မက တကယ်ပဲ အတူတူ ထမင်းစားခဲ့ကြတာပါ။ ဒီဓာတ်ပုံက ရိုက်တဲ့ထောင့်ကြောင့် အထင်မှားစရာ ဖြစ်သွားတာပါ”
သူမသည် ကယောင်ကတမ်း ပြောဆိုလိုက်သည်။
ချန်ထျန်မင်း နှာခေါင်းရှုံ့လိုက်၏။ထို့နောက် သူသည် အေးစက်စွာ ရယ်မောလိုက်လေ၏။
“မင်းက ငါ့ကို အတယ်လို့များ ထင်နေတာလား။ မင်းတို့နှစ်ယောက် အရင်ကတည်းက မရိုးမသား ဖြစ်နေတာကို ငါသိပေမဲ့ မင်းမျက်နှာကို ထောက်ထားပြီး ဘာမှမပြောဘဲ နေခဲ့တာ။ အခုတော့ မင်းက ငါ့ကို လူပုံအလယ်မှာ အရှက်ခွဲပြီး ဖောက်ပြန်လိုက်တာပေါ့ ဟုတ်လား”
ချန်ထျန်မင်း စဉ်းစားလေလေ ပို၍ ဒေါသထွက်လေလေပင်။ မနေ့ညက လန်ရွှယ်သည် သူ့အပေါ် အလွန်အမင်း ချိုသာပြခဲ့သဖြင့် သူသည် လက်ဆောင်အဖြစ် အိတ်များဝယ်ရန် ငွေနှစ်သန်းတောင် ပေးခဲ့သေး၏။ သို့သော် ယနေ့မနက်တွင်မူ သူမသည် သူ့အား ဤကဲ့သို့ ကြီးမားလှသော ‘လက်ဆောင်ဆိုး’ ကြီး ဖြင့် တုံ့ပြန်လိမ့်မည် ဟု မထင်ထားခဲ့ပေ။
သို့သော် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ဤကိစ္စကို ဖုံးဖိရန်သာ ဖြစ်သည်။
ချန်ထျန်မင်းသည် လန်ရွှယ်ကို တစ်ချက် မျက်စောင်းထိုး ကြည့်ကာ ပြောလိုက်၏။
“မင်းနဲ့ကိစ္စကိုတော့ ငါဒါတွေ အကုန်ရှင်းပြီးမှ အေးအေးဆေးဆေး စာရင်းရှင်းကြတာပေါ့”
ထိုသို့ဆိုကာ တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်၍ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။
မည်သူမဆို ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို လက်ခံနိုင်မည်မဟုတ်ပေ။ ကိစ္စရပ်များက လူအများကြား အရှက်ရစရာ ဖြစ်သွားသည့်အတွက် ချန်ထျန်မင်းမှာလည်း အကြီးအကျယ် မျက်နှာပျက်ခဲ့ရသည်။
ချန်ထျန်မင်း ထွက်သွားသည်နှင့် လန်ရွှယ်သည် ကုတင်ဘေးရှိ သူမ၏ဖုန်းကို အမြန်ကောက်ကိုင်လိုက်၏။ ဖုန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မက်ဆေ့ချ်များမှာ ဒီရေအလား တိုးဝင်လာတော့သည်။
သွမ့်ဟွေကျိုနှင့် မန်နေဂျာ လျုံရုံတို့က တစ်ယောက်လျှင် ဆယ်ကြိမ်မက ဖုန်းခေါ်ထားကြသည်။ ထို့ပြင် အနုပညာလောကမှ သူငယ်ချင်းအချို့နှင့် စီးပွားဖက်ဟောင်းများကလည်း ဘာတွေဖြစ်နေတာလဲဟု မေးမြန်းထားသည့် မက်ဆေ့ချ်များစွာ ပေးပို့ထားကြ၏။
လန်ရွှယ် အလွန်ဒေါသထွက်သွားသည်။ သွမ့်ဟွေကျို သည် ဤမျှလောက်အထိ အားကိုးမရမှန်း သူမ မသိခဲ့ပေ။ အရင်က သူတို့နှစ်ဦး တိတ်တဆိတ် တွေ့ဆုံစဉ်က တစ်ခါမျှ အမိမခံရဖူးပေ။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ လူမိရုံသာမက နမ်းနေသည့်ပုံပါ အထင်အရှား ရိုက်ကူးခြင်း ခံလိုက်ရ၏။
ချန်ထျန်မင်းသည် သူမကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်မှန်း သေချာသည်။ မနေ့ညကမှ သူမ အလိုရှိသည့်အတိုင်း အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့၏။ သူမ ကိုယ်ဝန်ရလာသည်နှင့် ချန်လုပ်ငန်းစု၏ ဥက္ကဌကတော်နေရာမှာ ခိုင်မြဲပေတော့မည်။ သို့သော်လည်း ယခုမူ ဤပြဿနာက ပေါ်ပေါက်လာ၏။
လန်ရွှယ်သည် လျုံရုံထံသို့ ဖုန်းပြန်ခေါ်လိုက်သည်။ ဖုန်းတစ်ဖက်မှ လျုံရုံက ပျာပျာသလဲဖြင့် စိုးရိမ်တကြီး မေးမြန်းရှာသည်။
“ရွှယ်အာ... အွန်လိုင်းက သတင်းတွေက ဘယ်လိုဖြစ်ရတာလဲ။ မင်းတို့နှစ်ယောက်က ဘယ်လိုတောင် သတိမထားမိဘဲ နေနိုင်ကြတာလဲ”
ချန်ထျန်မင်း၏ ပါးရိုက်ခြင်းကို ခံထားရသဖြင့် လန်ရွှယ်မှာ ဒေါသကို အနိုင်နိုင် ထိန်းထားရသည့်ကြားမှ သူမ၏ မန်နေဂျာကပါ လာရောက် မေးခွန်းထုတ်နေသဖြင့် စိတ်မကြည်တော့ပေ။
“ဒါတွေက ရှင်မေးရမယ့် ကိစ္စမဟုတ်ဘူး။ ရှင့်အလုပ်က ဒီကိစ္စကို ငြိမ်သွားအောင် လုပ်ဖို့ပဲ”
လျုံရုံမှာ ငိုရမလို ဖြစ်သွားပြီး တုန်တုန်ရင်ရင် မေးလိုက်သည်။
“အစ်မမှာ အဲဒီလောက် လုပ်နိုင်စွမ်း ဘယ်မှာရှိမှာလဲ။ အခု အစ်မတို့ဆီမှာ ကြော်ငြာရှင် အများကြီးက ဆီလျော်တဲ့ ရှင်းလင်းချက် တောင်းနေကြပြီ။ မဟုတ်ရင် စာချုပ်ဖောက်ဖျက်ကြေး ပေးရလိမ့်မယ်။ ဥက္ကဌချန်က ဒါကို ဖြေရှင်းပေးမှာမလား”
လန်ရွှယ်က ‘အင်း’ဟု ခပ်တိုးတိုးသာ ဖြေလိုက်သည်။ထို့နောက် ညွှန်ကြားလိုက်၏။
“ခဏနေရင် ကျွန်မ အကောင့်ထဲကို ဝင်ပြီး ကြေညာချက်တစ်ခု တင်လိုက်။ အပြစ်အားလုံးကို သွမ့်ဟွေကျိုအပေါ်မှာပဲ ပုံချလိုက်။ဘကျွန်မက သူ့ရဲ့ အချစ်ရေးဆိုတာကို ငြင်းပယ်လိုက်လို့ သူက ကျွန်မကို အတင်းအဓမ္မ နမ်းခဲ့တာလို့ ပြောလိုက်”
“ဟင်... အဲဒါဆို သွမ့်ဟွေကျိုက ပြဿနာရှာလာရင် ဘယ်လိုလုပ်မလဲ”
လျုံရုံ မေးလိုက်သည်။ လန်ရွှယ် မည်မျှအထိ ရက်စက်နိုင်သည်ကို သူမ ထပ်မံ သိရှိလိုက်ရပြန်သည်။
“သွမ့်ဟွေကျိုကိုတော့ ကျွန်မပဲ ကိုင်တွယ်လိုက်မယ်။ ရှင်က ကျွန်မပြောတဲ့အတိုင်းသာ လုပ်စမ်းပါ။ ဒါနဲ့ အရင်တစ်ခေါက်က ကျွန်မခိုင်းထားတဲ့ ကိစ္စကော ဘယ်အဆင့် ရောက်နေပြီလဲ”
လန်ရွှယ် မေးလိုက်၏။ သွမ့်ဟွေကျိုကသာ အတင်းအဓမ္မ နမ်းခဲ့သည်ဟု ဝန်ခံလိုက်ပါက သူမ၏ နာမည်နှင့် ဂုဏ်သတင်းကို ပြန်လည် ဆယ်ယူနိုင်လိမ့်မည်။ သူမ၏ အခြားသော အစီအစဉ်များကို အစပျိုးလိုက်သည်နှင့် ဤကိစ္စမှာ ပျောက်ကွယ်သွားလိမ့်မည်။
လန်ရွှယ်သည် သွမ့်ဟွေကျိုအပေါ်တွင် အလွန်မကျေနပ်သော်လည်း သူ့ထံမှ ရယူစရာ အကျိုးအမြတ်များစွာ ကျန်ရှိနေသေး၏။ ထို့ကြောင့် ဤရုပ်သေးရုပ်လေးကို သူမ ချက်ချင်း စွန့်မပစ်သေးချေ။
“အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ဗီဒီယိုတွေရော အကုန်လုံး ရထားပြီးသားပါ”
လျုံရုံ က ပြန်ဖြေ၏။
“အဲဒါကို ရသစုံအစီအစဉ် လွှင့်တဲ့အချိန်ကျမှ ထုတ်လွှင့်လိုက်”
လန်ရွှယ် သရော်လိုက်သည်။ သူမကို စော်ကားခဲ့သူ မှန်သမျှ လွယ်လွယ်နှင့် လွှတ်ပေးရန် အစီအစဉ် မရှိပေ။
ဖုန်းချပြီးနောက် လန်ရွှယ်သည် သွမ့်ဟွေကျိုထံ ဖုန်းခေါ်လိုက်သည်။
တစ်ဖက်က ဖုန်းကို ချက်ချင်းတန်းကိုင်လိုက်၏။
“ရွှယ်အာ... မင်းအဆင်ပြေရဲ့လား။ တစ်မနက်လုံး ဖုန်းခေါ်နေတာ မရလို့ ကိုယ် အရမ်းစိုးရိမ်နေတာ”
သွမ့်ဟွေကျို က အလောတကြီး မေးလာသည်။
လန်ရွှယ်သည် အသံကို တမင်တကာ တုန်ရီအောင် လုပ်ကာ ရှိုက်ကြီးတငင်ဖြင့် ပြန်ပြောလိုက်၏။
“ချန်ထျန်မင်း... သူ ကျွန်မကို ရိုက်တယ်”
“ဘာ၊ သူ မင်းကို ရိုက်ရဲတယ်ပေါ့ ဟုတ်လား”
သွမ့်ဟွေကျို ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
လန်ရွှယ်က ဆက်လက်၍ ငိုသံကြီးနှင့်ပြောရှာသည်။
“သူ အွန်လိုင်းက သတင်းတွေကို မြင်သွားလို့လေ”
ဤကိစ္စကြောင့် လန်ရွှယ် အရိုက်ခံရသည်ဟု ကြားလိုက်ရသောအခါ သွမ့်ဟွေကျို နောင်တနှင့် အားနာစိတ်များကြောင့် မွမ်းကြပ်သွားရသည်။
“ရွှယ်အာ... ကိုယ် တောင်းပန်ပါတယ်။ ကိုယ် ပေါ့ဆမိသွားတယ်။ အဲဒီမှာ သတင်းထောက်တွေ ရှိနေမယ်လို့ ကိုယ် မထင်ထားမိဘူး”
“ကျွန်မ ရှင်ကို အပြစ်မတင်ပါဘူး”
ဤစကားကို ကြားရသောအခါ သွမ့်ဟွေကျိုမှာ ပို၍ပင် အားနာသွားရ၏။
“စိတ်မပူပါနဲ့ ရွှယ်အာ... ကိုယ် ဒါကို သေချာပေါက် ဖြေရှင်းပေးပါ့မယ်”
သို့သော် သူကိုယ်တိုင်ပင် မနည်းကာကွယ်နေရသည့် အခြေအနေဖြစ်သဖြင့် ဤစကားမှာ နှစ်သိမ့်ရုံသက်သက်သာ ဖြစ်လေသည်။
လန်ရွှယ်ကမူ စိတ်ထဲတွင် သရော်နေမိသည်။ သွမ့်ဟွေကျို ဤကိစ္စကို မဖြေရှင်းနိုင်မှန်း သူမ ကောင်းကောင်း သိ၏။ သို့သော်လည်း သူမသည် ဟန်ဆောင်ပန်ဆောင် လုပ်ပြောလိုက်သေး၏။
“ဟွေ့ကျို... ရှင့်ကို ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းမှာတော့ ကျွန်မ ရှင့်ကို မြူဆွယ်တယ်လို့ ပြောနေကြတယ်။ ကျွန်မ တကယ်ပဲ ဘာလုပ်ရမှန်း မသိတော့ဘူး... ချန်ထျန်မင်းကလည်း အရမ်း ဒေါသထွက်နေတယ်”
“စိတ်မပူနဲ့... ကိုယ် နည်းလမ်းတစ်ခုခု စဉ်းစားလိုက်မယ်”
သွမ့်ဟွေကျိုမှာ သူမ၏ ဝမ်းနည်းနေသောအသံကို ကြားလိုက်ရသဖြင့် ရင်ထဲတွင် နာကျင်ခံစားလိုက်ရ၏။
“ဟွေ့ကျို... ရှင့်မှာ တကယ်ပဲ နည်းလမ်းရှိလို့လား။ ကျွန်မ ချန်ထျန်မင်းကို တောင်းပန်ပြီး သတင်းတွေ ဖြုတ်ခိုင်းရမလား မသိဘူး။ အဆိုးဆုံး ဖြစ်လာရင်တော့ ကျွန်မ အနုပညာလောကကနေပဲ ထွက်လိုက်ပါ့မယ်”
လန်ရွှယ်၏ အလျှော့ပေးဟန်ဖြင့် တိုက်စစ်ဆင်သည့် နည်းဗျူဟာကြောင့် သွမ့်ဟွေကျို၏ ကာကွယ်လိုစိတ်များမှာ ချက်ချင်း နိုးကြားလာတော့သည်။
“ကိုယ် အခုချက်ချင်းပဲ လိုင်းပေါ်မှာ ဒါတွေအားလုံးက ကိုယ့် အပြစ်ပါလို့ ဝန်ခံလိုက်မယ်။ ကိုယ် လည်း ကွာရှင်းဖို့ ကြေညာထားပြီးသားပဲ။ ကိုယ့်ရဲ့ အချစ်ကို ရှာဖွေတာ ဘာမှားလို့လဲ”
သွမ့်ဟွေကျိုသည် လန်ရွှယ်အား အနစ်နာခံစရာ မလိုစေရန် အပြစ်အားလုံးကို သူ၏ ပခုံးပေါ်သို့ တင်ယူလိုက်လေသည်။
လန်ရွှယ်ကမူ သူမ ထင်ထားသည့်အတိုင်း သွမ့်ဟွေကျိုသည် ဦးနှောက်မရှိသူတစ်ဦး ဖြစ်သည်ဟု တွေးတောကာ ပြုံးလိုက်မိ၏။
သူမသည် သွမ့်ဟွေကျိုမှ အပြစ်အားလုံးကို လွှဲပြောင်းယူရန် ပို၍ စိတ်ပိုင်းဖြတ်လာအောင် သနားစဖွယ် ဟန်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်နေလိုက်သည်။
ဖုန်းချပြီးနောက် သွမ့်ဟွေကျို ချက်ချင်းပင် လူမှုကွန်ရက်ပေါ်သို့ စာတစ်စောင် တင်လိုက်၏။ သူသည် လန်ရွှယ်ကို သူကိုယ်တိုင် လိုက်လံ ပိုးပန်းနေခြင်း ဖြစ်ကြောင်းနှင့် နမ်းသည့်ကိစ္စမှာလည်း သူ၏ စိတ်ကို မထိန်းနိုင်ဘဲ လုပ်ဆောင်မိခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။ စာ၏ အဆုံးတွင် စာတိုလေးတစ်ခုရေးခဲ့သေး၏။
“အချစ်ဆိုတာ အသစ် အဟောင်းတွေ မရှိပါဘူး... လူတိုင်းမှာ ကိုယ့်အချစ်ကို ရှာဖွေပိုင်ခွင့် ရှိပါတယ်”
သွမ့်ဟွေကျိုသည် သူ၏ ပရိသတ်များက သူ့ကို နားလည်ပေးလိမ့်မည်ဟု ထင်မှတ်နေခဲ့၏။ သို့သော် သူသည် အလွန်ပင် ကလေးဆန်လွန်းလှသည်။ သူသည် ကွာရှင်းပြတ်စဲရန် သတ်မှတ်ထားသော ကာလအတွင်း၌သာ ရှိသေးပြီး တရားဝင် ကွာရှင်းရသေးသည် မဟုတ်ပေ။ ထို့ပြင် လန်ရွှယ်ကလည်း အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူ၏ လုပ်ရပ်မှာ အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးနေခြင်းသာ ဖြစ်၏။
သွမ့်ဟွေကျို စာတင်ပြီးသည်နှင့် တစ်ပြိုင်နက် အင်တာနက် အသုံးပြုသူပေါင်းများစွာသည် သူ့အား အရှက်မရှိဟု ဆဲဆို ဝေဖန်ကြတော့သည်။
အရှက်မရှိသူများမှာ အောင်နိုင်သူများဖြစ်သည် : “အချစ်မှာ အသစ် အဟောင်း မရှိပေမဲ့ အမှားနဲ့ အမှန်တော့ ရှိတယ်။ အိမ်ထောင်ရှိလျက်နဲ့ ဖောက်ပြန်တာကို ဒီလောက် ဗြောင်ကျကျ ပြောရဲတဲ့လူမျိုး ငါ ပထမဆုံး မြင်ဖူးတာပဲ”
စပ်စုမလေး :”သွမ့်ဟွေကျိုနဲ့ လန်ရွှယ်က သူငယ်ချင်းကောင်းတွေလို့ ထင်နေခဲ့တာ။ သူတို့ ဒီလောက်အထိ ရွံစရာကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ စကားတောင် ပျောက်ဆုံးသွားပြီ”
မုန်လာထုပ်နံ့ ကွတ်ကီး : “သူက ဘယ်လိုမျက်နှာမျိုးနဲ့ ဒီလို ပြောရဲတာလဲ။ သူများမိန်းမကို လိုက်နေတာကို သူက မှန်တယ်လို့ ထင်နေတာလား။ တတိယလူ လုပ်တဲ့သူမှန်သမျှ ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အရှက်မရှိတဲ့လူတွေပဲ။ အရင်က သူ့ကို ကြိုက်ခဲ့မိပေမဲ့ အခုတော့ အရမ်း မုန်းသွားပြီ”
ဝမ်းနည်းနေတဲ့ မျောက်လေး :”သွမ့်ဟွေကျိုက လန်ရွှယ်ရဲ့ နာမည်ပျက်မှာ စိုးလို့ အပြစ်အားလုံးကို ခေါင်းခံလိုက်တာပဲ။ ကိုယ့်သေတွင်းကိုယ် တူးတဲ့လူတွေ အများကြီး တွေ့ဖူးပေမဲ့ ဒီလိုလူမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး။ လန်ရွှယ်ကတော့ ချန်လုပ်ငန်းစုရဲ့ နောက်ခံ ရှိသေးတယ်။ သူကတော့ အပြစ်အားလုံးကို ယူပြီး နောက်ပိုင်း လျော်ကြေးတွေ ပေးရမယ့်ကိစ္စကိုကော စဉ်းစားမိရဲ့လား”
ဖောက်ပြန်သူများ အားလုံး သေပါစေ : “နန်ချင်ဝမ် အတွက် တကယ်ပဲ စိတ်မကောင်းဘူး။ သွမ့်ဟွေကျိုက တကယ်ပဲ တိရစ္ဆာန် သာသာလူပဲ။ သူက အချစ်အကြောင်းပဲ ပြောနေပေမဲ့ သူ့ဇနီးနဲ့ ကလေးအကြောင်းကိုကော တစ်ခါလောက်များ စဉ်းစားဖူးရဲ့လား”