← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅)

အမှန်တကယ်ပင် ဦးနှောက်မရှိသူ

သွမ့်ဟွေကျို၏ မန်နေဂျာသည် သွမ့်ဟွေကျို လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် စာသားကို မြင်လိုက်ရသောအခါ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။

ထို့နောက် သွမ့်ဟွေကျို လက်ရှိတည်းခိုနေသည့် ဗီလာသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားတော့သည်။

သွမ့်ဟွေကျိုကို မြင်သည်နှင့် မန်နေဂျာဖြစ်သူ ချက်ချင်းပင် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလေတော့သည်။

“သွမ့်ဟွေကျို... မင်းဦးနှောက်ကို ခွေးစားသွားတာလား။ လိုင်းပေါ်မှာ မင်းတင်လိုက်တဲ့ အဲဒီစာက မင်းအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိသွားမလဲဆိုတာ မင်းသိရဲ့လား။ ငါ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းစဉ်းစားထားပြီးသားကို အခုတော့ မင်းက ငါ့ကို ဒီလိုမျိုး ဒုက္ခပေးလိုက်တာပေါ့ ဟုတ်လား”

မန်နေဂျာမှာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

‘ဒီလို ဦးနှောက်မရှိတဲ့ အနုပညာရှင်မျိုးကို ငါ ဘယ်လိုများ စီမံခန့်ခွဲခဲ့မိပါလိမ့်’

ချန်ထျန်မင်းသည် ဤကိစ္စကို လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်မှန်း သေချာသည်။ အကယ်၍ ဤကိစ္စကို သေချာကိုင်တွယ်ခဲ့လျှင် သွမ့်ဟွေကျိုအနေဖြင့် ချန်ထျန်မင်းကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်နိုင်ပေလိမ့်မည်။ ချန်ထျန်မင်းဘက်မှ ဒေါသတကြီးဖြင့် သူ့ကို နာမည်ပျက်စာရင်း သွင်းကောင်းသွင်းနိုင်သော်လည်း အနည်းဆုံးတော့ စာချုပ်ဖောက်ဖျက်ကြေး အမြောက်အမြား ပေးဆောင်ရမည့်အဆင့်ထိ ရောက်မည်မဟုတ်ပေ။

သွမ့်ဟွေကျိုကမူ ဂရုမစိုက်ပေ။

“ကျွန်တော့်ကိုယ်ပိုင်အချစ်စစ်ကို ရှာဖွေနေတာပဲလေ။ ကျွန်တော့်ရဲ့ ပရိသတ်တွေက ကျွန်တော့်ကို သေချာပေါက် ထောက်ခံကြမှာပါ”

မန်နေဂျာမှာ ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်မိသွား၏။

“သွမ့်ဟွေကျို... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ အခု အွန်လိုင်းမှာ မင်းကို လူတွေ ဘယ်လိုတောင် ဆဲနေကြသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ပါဦး”

သွမ့်ဟွေကျို ယုံကြည်မှုအပြည့်ဖြင့် သူ့ဖုန်းကို ထုတ်ကာ လူမှုကွန်ရက်အကောင့်ထဲသို့ ဝင်ကြည့်လိုက်သည်။ သူတင်ထားသည့် စာသားအောက်ရှိ မှတ်ချက်များကို မြင်လိုက်ရသောအခါ သွမ့်ဟွေကျို ဆွံ့အသွားပြီး မယုံနိုင်လောက်အောင် မျက်လုံးများပြူးကျယ်သွားတော့၏။

“ဒါ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ ကျွန်တော့်အချစ်ကို ရှာဖွေတာကို ထောက်ခံတယ်လို့ အရင်က ပြောခဲ့ကြတာလေ”

မန်နေဂျာ သွမ့်ဟွေကျိုအား အရူး တစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်လေ၏။

“မင်းကို ငတုံးလို့ ခေါ်ရမလား၊ အရူးလို့ ခေါ်ရမလားတောင် ငါမသိတော့ဘူး။ ပရိသတ်တွေ ပြောတာကို မင်းက အပြည့်အဝ ယုံကြည်နေတာလား။ ပြီးတော့ လူတွေက မင်းအချစ်ကို ရှာဖွေတာကို ထောက်ခံတယ်ဆိုတာက မင်းကွာရှင်းလို့တောင် မပြီးသေးခင်မှာ သူများအိမ်ထောင်ရေးကို ဖျက်ဆီးပြီး လင်ငယ်အဖြစ် အပြေးအလွှား သွားလုပ်ခိုင်းတာ မဟုတ်ဘူးလေ။ သွမ့်ဟွေကျို... သွမ့်ဟွေကျို... မင်းလိုလူမျိုးက ဒီလိုအဆင့်အတန်းတစ်ခုကို ဘယ်လိုများ ရောက်လာခဲ့ပါလိမ့်။ ငါတကယ်ပဲ စဉ်းစားလို့မရဘူး”

“ချန်လုပ်ငန်းစုက ဒီကိစ္စကို သေချာပေါက် ဖြေရှင်းမှာပဲလေ။ အချိန်တန်ရင် ဥက္ကဌချန်ကို သေချာရှင်းပြလိုက်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ အခုတော့ မင်းက ဘာလို့ ဆရာကြီး သွားလုပ်ရတာလဲ။ မင်းကို သံယောဇဉ်ကြီးတယ်လို့ ပြောရမလား၊ နှလုံးသားမရှိဘူးလို့ ပြောရမလား ငါတကယ် မသိတော့ဘူး။ မင်းမိန်းမက မင်းဘေးနားမှာ ဆယ်နှစ်ကျော်ကြာ ရှိနေပေးခဲ့တာ။ အခု မင်းအောင်မြင်ပြီး နာမည်ကြီးလာတော့ သူ့ကို လမ်းဘေးတွန်းပို့ပြီး လန်ရွှယ်နဲ့ သွားတွဲနေတယ်ပေါ့။ မင်းကတော့ တကယ်ပဲကွာ….”

မန်နေဂျာ အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။

“ကျွန်တော် ရွှယ်အာကို တကယ်ချစ်တာပါ။ ကျွန်တော်သာ ထွက်ပြီး မရှင်းပြရင် ချန်ထျန်မင်းက သူ့ကို ဆက်ပြီး ရိုက်နေမှာပေါ့”

ဤအချိန်ထိ သွမ့်ဟွေကျိုမှာ လန်ရွှယ်အတွက်သာ စဉ်းစားပေးနေဆဲပင်။

မန်နေဂျာသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။

“သွမ့်ဟွေကျို... မင်း တစ်ခုခုမလုပ်ခင် ဦးနှောက်လေး ဘာလေး သုံးလို့မရဘူးလား။ မင်းရဲ့ ရှင်းလင်းချက်ကြောင့် လန်ရွှယ်ရဲ့ နာမည်ကတော့ ရှင်းသွားပြီ၊၊ သူက အဆင်ပြေသွားပြီ။ ဒါပေမဲ့ သူ့မိန်းမကို ဗြောင်ကျကျ လုဖို့ ကြိုးစားတဲ့ မင်းကိုကော ချန်ထျန်မင်းက လွှတ်ပေးမယ်လို့ မင်းထင်နေတာလား”

“ကျွန်တော် ရွှယ်အာကို ချစ်တာ ဘာမှားလို့လဲ။ ပြီးတော့ ရွှယ်အာနဲ့ ကျွန်တော်က သူ့အပေါ်မှာ ဘာမှ မမှားခဲ့ကြဘူးလေ”

မန်နေဂျာမှာ သွမ့်ဟွေကျို၏ စကားကြောင့် ဆွံ့အသွားရပြန်သည်။

‘ဒီအခြေအနေကို ဘာမှ မမှားဘူးလို့ ခေါ်နိုင်သေးတယ်ပေါ့’

ဤကိစ္စ ပေါက်ကြားသွားသည်နှင့် ချန်ထျန်မင်းမှာ မျက်နှာပျက်သွားသည်။ ချန်ထျန်မင်းကဲ့သို့ ချမ်းသာသော မိသားစုမှ လူတစ်ယောက်အတွက် ‘ဂုဏ်သိက္ခာ’ မှာ အရေးကြီးဆုံးပင် မဟုတ်လော။

မူလက ဤကိစ္စမှာ သူတို့နှစ်ဦးစလုံး အပြစ်ဖြစ်သော်လည်း ယခုအခါ သွမ့်ဟွေကျိုက အပြစ်အားလုံးကို ခေါင်းခံလိုက်လေပြီ။ သို့ဖြစ်၍ ချန်ထျန်မင်း သူ့ကို အလွတ်ပေးတော့မည် မဟုတ်ချေ။

မန်နေဂျာမှာ သွမ့်ဟွေကျို၏ ဉာဏ်ရည်အတွက် ထပ်မံ၍ အကြီးအကျယ် စိုးရိမ်မိသွားသည်။

‘ဒီလိုလူမျိုးက ခုလိုအဆင့်ထိ ရောက်လာတာ တကယ့်ကို အံ့ဩစရာပဲ’

“ကျွန်တော့်ရဲ့ ပရိသတ်တွေက ကျွန်တော် ဆိုလိုတာကို နားမလည်ကြသေးလို့ပါ။ ကျွန်တော် လိုင်းပေါ်မှာ ထပ်ပြီး ရှင်းပြမယ်”

သွမ့်ဟွေကျိုမှာ လက်မလျှော့သေးပေ။ ယခင်က သူကွာရှင်းချင်သည်ဟု ပြောစဉ်က ပရိသတ်များက သူ့ကို အလွန်ပင် ထောက်ခံခဲ့ကြသည် မဟုတ်လော။

မန်နေဂျာ သည်းမခံနိုင်တော့ပေ။

“တော်စမ်း မင်းက အဆဲခံရတာ မဝသေးဘူးလား။ ငါ မင်းကို အကြံပေးမယ်၊ စာချုပ်ဖောက်ဖျက်ကြေးတွေ ပေးဖို့သာ အမြန်ပြင်ဆင်ထားလိုက်တော့”

သွမ့်ဟွေကျိုသည် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း မန်နေဂျာ၏ ဖုန်းမြည်လာ၏။

မန်နေဂျာသည် ဖုန်းခေါ်ဆိုသူ၏ အမည်ကို ကြည့်ကာ ခေါင်းကိုက်သွားရသည်။

‘အသက်ရှည်ဉီးမယ်’

မန်နေဂျာမှာ ဖုန်းကိုင်လိုက်ပြီး သွမ့်ဟွေကျိုပါ ကြားနိုင်ရန် စပီကာ ဖွင့်လိုက်၏။

“မင်းတို့ ဘာတွေလုပ်နေကြတာလဲ။ ဒီကိစ္စက ငါတို့ကုမ္ပဏီအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိသွားလဲဆိုတာ မင်းတို့ သိရဲ့လား။ စာချုပ်ဖောက်ဖျက်ကြေး ပေးဖို့သာ ပြင်ထားလိုက်တော့”

တစ်ဖက်လူ ပြောချင်ရာများ ပြောပြီးသည်နှင့် ပြန်ပြောခွင့်ပင် မပေးဘဲ ဖုန်းကို ချက်ချင်း ချသွားတော့သည်။

သွမ့်ဟွေကျိုမှာ သူကြားလိုက်ရသည်ကို မယုံနိုင်ဘဲ ကြောင်တောင်တောင်ဖြင့် ရပ်နေမိ၏။

နောက်တစ်စက္ကန့်အကြာတွင် မန်နေဂျာ၏ ဖုန်းထပ်မံ မြည်လာပြန်သည်။ ဖုန်းကိုင်လိုက်သောအခါတွင်လည်း အလားတူ စကားများသာ ကြားရပြန်၏။

နောက်ထပ် ဖုန်းခေါ်ဆိုမှုပေါင်း ဆယ်ကြိမ်မက လက်ခံရရှိခဲ့ပြီး အားလုံးမှာ စာချုပ်ဖောက်ဖျက်ကြေးများ ပေးဆောင်ရန်သာ ပြောဆိုကြခြင်း ဖြစ်လေသည်။

သွမ့်ဟွေကျို ပထမဆုံးအကြိမ်အဖြစ် ကြော်ငြာပေါင်းများစွာ လက်ခံထားမိသည့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးသွားမိ၏။

ယခုအချိန်တွင် သူ၏ ခဏတာ ဟန်ရေးပြမှုကြောင့် ဒုက္ခများခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ချေပြီ။

သွမ့်ဟွေကျိုတစ်ယောက် နောင်တရသွားကာ လူမှုကွန်ရက်ပေါ်ရှိ သူတင်ထားသော စာသားကို ဖျက်ရန် ဖုန်းကို အမြန်ဖွင့်လိုက်တော့သည်။

မန်နေဂျာက သူ့ကို မျက်စောင်းထိုးလိုက်သည်။

“အခုမှ ဖျက်လဲ ဘာထူးမှာလဲ။ မြားက လေးကြိုးက ထွက်သွားပြီပဲ။ မင်း ပေးရမဲ့စာချုပ်ဖောက်ဖျက်ကြေးတွေသာ အမြန်စုဆောင်းထားလိုက်တော့။ နောက်ပြီး ချန်ထျန်မင်းကလည်း မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး၊၊ အဲ့အတွက်လည်း မင်းစိတ်ကို ပြင်ဆင်ထားလိုက်ဦး”

ထိုသို့ ပြောပြီးနောက် မန်နေဂျာသည် ဗီလာမှ ထွက်ခွာရန် ပြင်ဆင်လေတော့သည်။

သွမ့်ဟွေကျို မန်နေဂျာ၏ လက်ကို ဆွဲထားကာ တောင်းပန်လိုက်၏။

“အစ်ကိုလီ… ကျွန်တော့်ကို ကူညီနိုင်မယ်မလား”

မန်နေဂျာသည် သွမ်ဟွေကျို၏လက်ကို ရက်ရက်စက်စက်ပင် ရုန်းဖယ်လိုက်၏။

သူ သွမ့်ဟွေကျိုကို သရော်လိုက်သည်။

“ရုပ်ရှင်မင်းသားကြီးသွမ့်... မင်း တစ်ခုခုလုပ်တုန်းကတော့ ငါ့ကို မတိုင်ပင်ခဲ့ဘဲနဲ့ အခု ပြဿနာတက်မှ ဘာလို့ လာမေးနေတာလဲ”

ထို့နောက်တွင်မူ သူသည် တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ ထွက်သွားလေတော့သည်။

သွမ့်ဟွေကျို ဆိုဖာပေါ်သို့ အားပျက်စွာ လဲကျသွားပြီး တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။

“သွားပြီ... အားလုံး သွားပြီ”

အခြားတစ်ဖက်တွင်မူ ယဲ့ယီသည် ရုံးခန်းအတွင်း၌ လူမှုကွန်ရက်ပေါ်မှ သတင်းများကို ဖတ်ကြည့်နေစဉ် သွမ့်ဟွေကျို တင်ထားသည့် စာသားကို တွေ့လိုက်ရသဖြင့် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။

ထိုအချိန်တွင် နန်ချင်ဝမ် စာရွက်စာတမ်းအချို့ကို ကိုင်ဆောင်ကာ ဝင်လာလေသည်။ ယဲ့ယီ ရယ်နေသည်ကို မြင်သောအခါ သူမ သိချင်စိတ်ဖြင့် မေးလိုက်၏။

“ရှောင်ယီ... ဘာတွေကြည့်ပြီး ဒီလောက်တောင် ပျော်နေရတာလဲ”

ယဲ့ယီသည် သူမ၏ဖုန်းအား နန်ချင်ဝမ်ကို ကမ်းပေးလိုက်သည်။

“သွမ့်ဟွေကျိုက ဦးနှောက်မရှိတာလား။ တကယ် ရယ်ရတယ်နော်။ ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင် ဒီလောက်အထိ ဖျက်ဆီးပစ်ချင်နေတဲ့လူမျိုး ကျွန်မ ပထမဆုံး မြင်ဖူးတာပဲ”

နန်ချင်ဝမ်သည် ယဲ့ယီ၏ဖုန်းကို ယူကြည့်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အမူအရာဖြင့် ပြောလိုက်၏။

“သူ့အပေါ်မှာ တကယ်ကို ကာကွယ်ပေးချင်တာပဲနော်”

ယဲ့ယီ၏မျက်နှာပေါ်မှ အပြုံးများ ချက်ချင်းပင် ပျောက်ကွယ်သွားရတော့သည်။

[သွားပြီ ငါတုံးလိုက်တာ၊ ဘာလို့ သူ့ရှေ့မှာ အဲဒီ အမှိုက်ကောင်အကြောင်း သွားပြောမိပါလိမ့်]

သူမသည် စိတ်ထဲတွင် တွေးမိလိုက်ပြီး နောင်တရသွားသည်။

နန်ချင်ဝမ်သည် ဖုန်းကို ယဲ့ယီအား ပြန်ပေးလိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်သည်။

“ညီမ ပြောတာ မှန်ပါတယ်၊ သူက တကယ်ကို ဦးနှောက်မရှိတာပါ”

သွမ့်ဟွေကျို လျှောက်လှမ်းခဲ့ရသော ခရီးလမ်းမှာ အလွန်ပင် ချောမွေ့လွန်းခဲ့သည်။ ယခင်က အရာအားလုံးကို နန်ချင်ဝမ်ကသာ စီစဉ်ကိုင်တွယ်ပေးခဲ့ပြီး သူ သရုပ်ဆောင်ရန်သာ အာရုံစိုက်ခဲ့ရ၏။ ထို့ကြောင့် သူသည် အနုပညာလောက၏ ရက်စက်မှုကို မသိနားမလည်ခဲ့ပေ။

“အဲဒီတုန်းက သူ့ကို အောင်မြင်အောင် ပျိုးထောင်ပေးခဲ့တာ အစ်မပဲလေ။ အခု သူက အစ်မကို နာကျင်အောင် လုပ်ခဲ့ပြီး အစ်မလည်းမရှိတော့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်နေတယ်။ဒါ ဝဋ်လည်တာပဲ “

သို့သော်လည်း ယဲ့ယီသည် သွမ့်ဟွေကျိုအား အပြစ်အားလုံးကို ခေါင်းပုံခံစေပြီး သူမကိုယ်သူမ အပြစ်ကင်းအောင် လုပ်နိုင်ခဲ့သည့် လန်ရွှယ်ကိုတိတ်တဆိတ် ချီးကျူးလိုက်မိသည်။ သူမသည် ဝတ္ထုထဲက အမျိုးသမီးဇာတ်ဆောင် ဆိုသည့်အတိုင်း ထက်မြက်ပေသည်။

သွမ့်ဟွေကျိုသည်လည်း အမျိုးသမီးဇာတ်ဆောင်အတွက် မိမိကိုယ်ကိုယ် စတေးပေးသည့် သစ္စာရှိသော ဒုတိယမင်းသားနေရာနှင့် အလွန်ပင် လိုက်ဖက်လှ၏။

‘တကယ့်ကို မြင့်မြတ်လှပါတယ်ရှင်’

“အစ်မချင်ဝမ် အခုတော့ အစ်မ တစ်နေကုန် စိတ်ပူနေစရာ မလိုတော့ဘူးနော်”

နန်ချင်ဝမ် ပြုံးလိုက်၏။

“ဒါတွေအားလုံးက ညီမ နဲ့ ဥက္ကဌကုကြောင့်ပါ။ ညီမတို့သာ မကူညီခဲ့ရင် အစ်မ အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ ကွာရှင်းစာချုပ် ရပြီဆိုရင်တော့ ကျေးဇူးတင်တဲ့အနေနဲ့ ညီမနဲ့ ဥက္ကဌကုကို သေချာပေါက် ထမင်းလိုက်ကျွေးရမယ်”

ယဲ့ယီကလည်း ချက်ချင်းပင် သဘောတူလိုက်လေ၏။

“ကောင်းပြီလေ”

အခန်း (၉၆)

မျက်နှာချိုသွေးခြင်း

သွမ့်ဟွေကျို၏ လူမှုကွန်ရက်ပေါ်မှ ထုတ်ပြန်ချက်ကြောင့် လန်ရွှယ် ရုတ်တရက်ပင် နစ်နာသူတစ်ဦး ဖြစ်သွားခဲ့ရပြီး အင်တာနက် အသုံးပြုသူများထံမှ ကိုယ်ချင်းစာနာမှုများစွာ ရရှိခဲ့လေ၏။

ချန်ထျန်မင်းလည်း ချန်လုပ်ငန်းစုနှင့် ဟိုင်ထျန် ဖျော်ဖြေရေးကုမ္ပဏီတို့၏ ပြည်သူ့ဆက်ဆံရေးဌာနများကို အသုံးချကာ ဤကိစ္စ၏ အရှိန်အဟုန်ကို နှိမ်ချရန် လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ချန်ထျန်မင်းအနေဖြင့် အကြီးအကျယ် မျက်နှာပျက်ခဲ့ရသည်မှာ အမှန်ပင်။

ရက်ပေါင်းများစွာတိုင်အောင် ချန်ထျန်မင်းသည် လန်ရွှယ်အား မျက်နှာသာပေးခြင်း လုံးဝ မရှိတော့ပေ။ အွန်လိုင်းပေါ်မှ အခြေအနေများကို သိရှိပြီးနောက် ချန်ထျန်မင်း၏ မိခင်ဖြစ်သူမှာ သူတို့အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် ချန်မိခင်ကြီးသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး လန်ရွှယ်မှာမူ ဘေးနားတွင် ရိုရိုသေသေလေး ရပ်နေရ၏။

လန်ရွှယ်သည် ချန်မိခင်ကြီးအား အတန်ငယ် ကြောက်ရွံ့မိသည်။ ဤအဘွားအိုမှာ ထင်ရှားကျော်ကြားသော ပညာတတ်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ထိုစဉ်က ချန်မိသားစုသည် မိခင်ကြီး၏ မိဘမျိုးရိုးဘက်မှ အကူအညီဖြင့်သာ တဖြည်းဖြည်း ချမ်းသာလာခဲ့ခြင်း ဖြစ်၏။ ချန်ထျန်မင်း၏ ဖခင် ကွယ်လွန်ပြီးနောက်တွင်လည်း သူမကိုယ်တိုင်ပင် ချန်မိသားစုတစ်ခုလုံးကို ဦးမော့လာအောင် ပံ့ပိုးပေးခဲ့၏။ လူအမျိုးမျိုးကို မြင်ဖူးတွေ့ဖူးသော သူမအနေဖြင့် လန်ရွှယ်လို လူတစ်ယောက်ကို အထင်သေးမည်မှာ သဘာဝကျပေသည်။

လန်ရွှယ်အနေဖြင့် ဤမိသားစုထဲသို့ ဝင်နိုင်ရန် ထိုစဉ်က များစွာ ကြိုးစားခဲ့ရသည်။

ချန်မိခင်ကြီးသည် စကားတစ်ခွန်းမှ မပြောဘဲ လက်ဖက်ရည်ကိုသာ အေးအေးဆေးဆေး သောက်နေ၏။

“မေမေ ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲဟင်”

လန်ရွှယ် သတိထားကာ မေးမြန်းလိုက်သည်။

ချန်မိခင်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြော၏။

“နင် ဒီလောက် အရှက်မရှိတဲ့ကိစ္စမျိုး လုပ်ထားပြီးတော့ ငါဘာလို့ လာရသလဲလို့ မေးရဲသေးတယ်ပေါ့”

ချန်မိခင်ကြီးသည် မူလကတည်းက လန်ရွှယ်၏ မင်းသမီးဘဝ အဆင့်အတန်းကို အထင်သေးပြီးသား ဖြစ်၏။ သို့သော်လည်း ဤမိန်းကလေးမှာ ကွယ်လွန်သွားသော သူမ ချွေးမနှင့် တူနေခြင်းကြောင့်လည်းကောင်း သားဖြစ်သူ အလွန်အမင်း နှစ်သက်နေခြင်းကြောင့်လည်းကောင်း မိသားစုထဲသို့ ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ချန်မိခင်ကြီးသည် နေအိမ်ဟောင်းတွင်သာ နေထိုင်လေ့ရှိပြီး မြေးဖြစ်သူကို လွမ်းဆွတ်မှသာ ဖုန်းခေါ်၍ ပြန်လာခိုင်းလေ့ရှိသည်။ ယခုတစ်ကြိမ်တွင် သူမသည် လန်ရွှယ်ကြောင့် အမှန်တကယ် ဒေါသထွက်နေရ၏။ သူမ တစ်သက်လုံး အလေးထားခဲ့သည်မှာ မိသားစုဂုဏ်သိက္ခာပင်ဖြစ်သည်။ဘယခုမူ လန်ရွှယ်သည် သူမ သားဖြစ်သူအပေါ် ဖောက်ပြန်ခဲ့သည့်အပြင် ထိုသတင်းက ရေပန်းစား သတင်းများတွင်ပါ ပါဝင်နေသဖြင့် သူမအနေဖြင့် ငြိမ်သက်စွာ မနေနိုင်တော့ပေ။

“မေမေ ကျွန်မ အပြစ်မရှိပါဘူး။ ဟိုလူကလည်း ဒီကိစ္စကို ရှင်းပြထားပါတယ်”

လန်ရွှယ်က ဆက်လက် ရှင်းပြနေဆဲပင်။

သို့သော် ချန်မိခင်ကြီးသည် သူမ၏ ရှင်းပြချက်ကို လုံးဝနားမထောင်ပဲ ထေ့ငေါ့ကာ ပြန်ပြောလိုက်သည်။

“နင် ဘယ်လိုလုပ် အပြစ်မရှိရမှာလဲ။ နင်သာ အဲဒီယောကျ်ားနဲ့ သင့်တော်တဲ့ အကွာအဝေးမှာ နေခဲ့ရင် သူ နင့်ကို ဘယ်လိုလုပ် အတင်းအဓမ္မ လုပ်နိုင်မှာလဲ”

လန်ရွှယ်မှာ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။

“ကျွန်မက သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်လိုပဲ တကယ် သဘောထားခဲ့တာပါ”

“ဒီလောကမှာ မိန်းမတွေ မရှိတော့ဘူးလား။ နင်က ယောကျ်ားတစ်ယောက်နဲ့မှ သူငယ်ချင်း ဖြစ်ချင်ရတာလား”

ချန်မိခင်ကြီး၏ စကားလုံးများမှာ အလွန်စူးရှလှပြီး လန်ရွှယ်အား အနည်းငယ်မျှ မျက်နှာသာမပေးခဲ့ချေ။

လန်ရွှယ်သည် ထပ်မံ ရှင်းပြချင်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲ နေလိုက်ရတော့၏။ ချန်ထျန်မင်းဘက်တွင်မူ သူမအနေဖြင့် ကလေးဆန်စွာ ဂျီကျခြင်းဖြင့် မျက်နှာချိုသွေးနိုင်ကောင်းသွေး နိုင်သော်လည်း လောကဓံကို များစွာ ကြုံတွေ့ခဲ့ဖူးသော အဘွားအိုကြီးသည် သူမ လှည့်ကွက်ကလေးများကို မည်သို့မရိပ်မိဘဲ နေမည်နည်း။

“မင်း မိသားစုထဲ ဝင်လာတာကို ငါ အစကတည်းက သဘောမတူခဲ့ဘူး။ ဒါပေမဲ့ ထျန်မင်းက မင်းကို သဘောကျနေလို့ ငါ ဘာမှမပြောခဲ့တာ။ မင်း ဝင်လာပြီးပြီဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် သေချာ ထိန်းသိမ်းရမယ်လေ။ ငါတို့ ချန်မိသားစုမှာ အရှက်မရှိတဲ့လူတွေကို နေရာမပေးနိုင်ဘူး”

ချန်မိခင်ကြီး၏ စကားများမှာ အလွန်ပြင်းထန်လွန်းလှသည်။ လန်ရွှယ်မှာ မျက်နှာ ပျက်သွားသော်လည်း ပြန်မပြောဝံ့ပေ။

“နောက်ပြီး မင်း မကြာသေးခင်က ချန်ဟောင်ယုကို ခေါ်ပြီး ရသစုံ အစီအစဉ်တစ်ခုမှာ ပါဝင်နေတယ်လို့ ကြားတယ်”

ချန်မိခင်ကြီးက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း မေးလိုက်၏။

“အဲဒီ အစီအစဉ်က ထျန်မင်းအပါအဝင် ကျွန်မတို့ သုံးယောက် အတူတူ ပါဝင်ကြတာပါ”

လန်ရွှယ်သည် ချန်မိခင်ကြီးက သူမအပေါ် အမြဲ သံသယရှိနေသည်ကို သိသဖြင့် ချန်ထျန်မင်း၏ အမည်ကို တမင် ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ထျန်မင်းက ဘယ်လိုဖြစ်လို့ မင်းနဲ့အတူ အဲဒီလို လျှောက်လုပ်နေရတာလဲ”

ချန်မိခင်ကြီး က မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။

ချန်ထျန်မင်းကဲ့သို့သော လုပ်ငန်းရှင်ကြီးတစ်ဦးက သူမနောက်လိုက်ကာ ရုပ်သံအစီအစဉ် ရိုက်ကူးနေခြင်းအပေါ် ချန်မိခင်ကြီးအနေဖြင့် မကျေမနပ် ဖြစ်နေမည်ကို လန်ရွှယ် ရိပ်မိ၏။

သူမသည် ချက်ချင်းပင် ရှင်းပြလိုက်ရသည်။

“ထျန်မင်းက ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ်တွေကို ကြော်ငြာပေးဖို့ အဓိကထားပြီး ဒီအစီအစဉ်မှာ ပါဝင်တာပါ”

ခဏမျှ တိတ်သွားပြီးနောက် သူမ ဆက်ပြောလေ၏။

“ကုကော်ပိုရေးရှင်းက ကုရှီချန်းလည်း ဒီအစီအစဉ်မှာ ပါပါတယ်”

ကုရှီချန်း၏ အမည်ကို ကြားလိုက်ရသောအခါ ချန်မိခင်ကြီးမှာ အတန်ငယ် အံ့အားသင့်သွားရသည်။

“နင် ပြောတာ ကုရှီချန်းလည်း ပါတယ်ပေါ့ ဟုတ်လား”

လန်ရွှယ် ခေါင်းညိတ်ပြလိုက်၏။

“ကုရှီချန်းရဲ့ ဇနီးကလည်း အနုပညာလောကထဲကပဲလေ”

ကုရှီချန်းပင်လျှင် အနုပညာလောကမှ လူတစ်ဦးကို လက်ထပ်ထားသည်ကို သိသွားလျှင် ချန်မိခင်ကြီး အနေဖြင့် သူမအပေါ် ထားရှိသည့် သဘောထားမှာ တိုးတက်လာလိမ့်မည်ဟု လန်ရွှယ် ထင်မှတ်ထားသည်။ သို့သော် နောက်တစ်ခဏတွင် ချန်မိခင်ကြီး ပြောလိုက်သည့် စကားကြောင့် လန်ရွှယ်မှာ ဒေါသထွက်သွားခဲ့ရသည်။

“ကုရှီချန်းလို ကောင်လေးက ရွေးချယ်တဲ့ မိန်းကလေးဆိုရင်တော့ အဲဒီကလေးမက သိပ်တော့ မဆိုးလောက်ပါဘူး”

‘ကုရှီချန်းမိန်းမက အနုပညာလောကထဲကဆိုရင် မဆိုးဘူး၊ ငါကျတော့မှ လူရာမဝင်တဲ့ သဘောပေါ့ ဟုတ်လား’

လန်ရွှယ်မှာ နာရီဝက်ခန့် မတ်တတ်ရပ်နေခဲ့ရသော်လည်း ချန်မိခင်ကြီးက သူမအား ထိုင်ရန် တစ်ခွန်းမျှ မပြောခဲ့ပေ။

လန်ရွှယ်သည် စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်မူ လိမ္မာသော ချွေးမတစ်ဦးပုံစံ အဖြစ် ဟန်ဆောင်နေရဆဲပင်။

“နောင်မှာ နင် ကလေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဟောင်ယုကသာ ကုမ္ပဏီရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဆိုတာ မှတ်ထားရမယ်။ စိတ်ထဲမှာ မရိုးသားတဲ့ အတွေးတွေ မရှိစေနဲ့။ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေမယ်ဆိုရင် ရသင့်ရထိုက်တာတွေ အားလုံးကို ရစေရမယ်။ ကဲ... ထိုင်တော့”

ထိုအခါမှသာ လန်ရွှယ်သည် ဘေးတွင် ဝင်ထိုင်လိုက်ရပြီး သူမ စိတ်မှာ အနည်းငယ် သက်သာသွားခဲ့သည်။

ချန်မိခင်ကြီး သူမ ကလေးယူမည့်အပေါ် မကန့်ကွက်သရွေ့ သူမအတွက် စိုးရိမ်စရာ မရှိချေ။ သူမသာ တကယ်တန်း ကိုယ်ဝန်ရလာမည်ဆ်ိုပါက ချန်ထျန်မင်းအနေဖြင့် ကလေးကို ဖျက်ချခိုင်းရန်မှာ မဖြစ်နိုင်ပေ။ အမွေဆက်ခံခွင့်နှင့် ပတ်သက်၍မူ ချန်ထျန်မင်းသည် ချန်ဟောင်ယုအပေါ် တဖြည်းဖြည်း စိတ်ပျက်လာသည့်အခါ အရာအားလုံးက သူမ သားဖြစ်သူဆီသို့ ရောက်မလာနိုင်စရာ အကြောင်းမရှိပေ။ ထိုအချိန်ရောက်လျှင် ဤအဘွားကြီးကလည်း သေနှင့်ပြီးဖြစ်ပေမည်။

သူမက်ို ရိုရိုသေသေ ဆက်ဆံနေသော ချွေးမသည် စိတ်ထဲတွင် သူမအား အမြန်သေရန် ဆုတောင်းနေလိမ့်မည်ဟု ချန်မိခင်ကြီး လုံးဝ ထင်မှတ်ထားလိိမ့်မည် မဟုတ်ပေ။

ချန်မိခင်ကြီးသည် လန်ရွှယ်အား အကြိမ်အနည်းငယ် ထပ်မံ သတိပေးလိုက်၏။ လန်ရွှယ်၏ သဘောထားမှာ ကောင်းမွန်နေသည်ကို တွေ့ရသဖြင့် သူမကို ဆက်လက် ဖိအားမပေးတော့ဘဲ အိမ်တွင် ရက်အနည်းငယ် နေထိုင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ချန်မိခင်ကြီးက လန်ရွှယ် တစ်ယောက် သူမ၏ မြေးဖြစ်သူအပေါ် မည်သို့ ဆက်ဆံသည်ကို စောင့်ကြည့်လိုသည်။ လန်ရွှယ် စိတ်ပျက်နေမိသော်လည်း အခန်းတစ်ခန်းကို သေချာစွာ ပြင်ဆင်ပေးလိုက်ရသေးသည်။

ကျောင်းဆင်းချိန်တွင် ချန်ဟောင်ယုသည် ချန်မိခင်ကြီးကို မြင်လိုက်ရသောအခါ သူမထံသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။

“ဘွားဘွား”

ချန်မိခင်ကြီးက ပြုံးရွှင်စွာ ချန်ဟောင်ယုကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

“ငါ့မြေးလေး... ဘွားဘွားကို လွမ်းနေတာလား”

“ဟုတ်”

ချန်ဟောင်ယု ချန်မိခင်ကြီး၏ ရင်ခွင်ထဲတွင် ချွဲနွဲ့နေလေသည်။

ချန်ဟောင်ယု၏ အပြုအမူများကြောင့် ချန်မိခင်ကြီးမှာ အလွန် ပျော်ရွှင်နေ၏။ ချန်ဟောင်ယုသည် သူ၏ ကျောင်းလွယ်အိတ်ကို လန်ရွှယ်ထံသို့ တန်းပစ်ပေးလိုက်ပြီးနောက် ချန်မိခင်ကြီးကို ဆိုဖာဆီသို့ တွဲခေါ်သွားလေသည်။

လန်ရွှယ်သည် မူလက ထိုလွယ်အိတ်ကို အိမ်ဖော်ထံ ပေးလိုက်ရန် ကြံစည်ထားသော်လည်း တစ်စုံတစ်ခုကို တွေးမိသွားကာ ချန်ဟောင်ယု၏ လွယ်အိတ်ကိုဖွင့်၍ ယနေ့ အိမ်စာများကို စစ်ဆေးကြည့်လိုက်၏။

အိမ်စာအချို့ကို ပေါ့ပေါ့ပါးပါး လှန်လှောကြည့်ပြီးနောက် လန်ရွှယ်၏ နှုတ်ခမ်းထောင့်များမှာ ကွေးညွတ်သွားသော်လည်း ထိုအပြုံးမှာ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွား၏။

မကြာမီတွင် ချန်ထျန်မင်းလည်း အလုပ်မှ ပြန်ရောက်လာခဲ့သည်။ လန်ရွှယ်သည် ချန်ထျန်မင်း၏ ကုတ်အင်္ကျီကို ကူချွတ်ပေးရန် ရှေ့သို့ တိုးသွားသော်လည်း ချန်ထျန်မင်းက သူမကို လုံးဝ လျစ်လျူရှုထား၏။ လန်ရွှယ်၏ လက်မှာ လေထဲတွင်ပင် ရပ်တန့်သွားရတော့သည်။

ညစာ စားသောက်ချိန်တွင် လန်ရွှယ်သည် မီးဖိုချောင်မှ စွပ်ပြုတ်တစ်ခွက်ကို အထူးတလည် ယူဆောင်လာပြီး ချန်မိခင်ကြီးအား ခပ်ပေးလိုက်၏။

“မေမေ ဒါက မေမေ့အတွက် ကျွန်မ အထူးတလည် ချက်ထားတဲ့ စွပ်ပြုတ်လေးပါ။ မြည်းကြည့်ပါဦး”

ချန်မိခင်ကြီးက တစ်စွန်း မြည်းကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ဒီစွပ်ပြုတ်က ကောင်းသားပဲ။ မင်း သင်ထားတာလား။ အရင်က မင်းရဲ့ လက်ရာက သိပ်မကောင်းပါဘူး”

“ကျွန်မ မေမေ့ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆေးဖက်ဝင် ဟင်းလျာအချို့ကို စားဖိုမှူးဆီမှာ အထူးတလည် သွားသင်ထားတာပါ။ မေမေ့ကို ချက်ကျွေးဖို့ အခွင့်အရေးကို စောင့်နေတာပါ”

လန်ရွှယ်သည် ပထမဆုံးအကြိမ် ဟင်းချက်စဉ်က ချန်မိခင်ကြီးထံမှ အနှိမ်ခံခဲ့ရဖူးသည်။ ထိုအချိန်မှစ၍ သူမ ဤအဘွားကြီး သူမကို အထင်ကြီးလာအောင် လုပ်မည်ဟု ဆုံးဖြတ်ကာ ဟင်းချက်နည်းကို ကြိုးစားသင်ယူခဲ့လေ၏။

ချန်မိခင်ကြီးသည် ကျန်းမာရေး အလေးထားတတ်သည်ကို သိရှိပြီးနောက် သူမသည် ဆေးဖက်ဝင် ဟင်းလျာများကိုလည်း သင်ယူခဲ့သေးသည်။ ဤအဘွားကြီးကို သူမအနေဖြင့် မျက်နှာချို မသွေးနိုင်စရာ အကြောင်းမရှိဟု ယုံကြည်ထား၏။

လက်တွေ့မှာလည်း သူမချက်ထားသော ဆေးဖက်ဝင် ဟင်းလျာကို မြည်းစမ်းပြီးနောက် သူမအပေါ် ထားရှိသည့် ချန်မိခင်ကြီး၏ သဘောထားမှာ များစွာ တိုးတက်လာပြီး ရှားရှားပါးပါးပင် ချီးကျူးစကား အနည်းငယ် ဆိုလိုက်သေး၏။

သိတတ်သော သားတစ်ဦးအနေဖြင့် မိခင်ဖြစ်သူ ပျော်ရွှင်နေသည်ကို မြင်ရသောအခါ ချန်ထျန်မင်း၏ မျက်နှာအမူအရာမှာလည်း များစွာ ပြေလျော့သွားခဲ့သည်။

All Chapters