အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇)
ပရိယာယ်များ
အားလုံး စားသောက်ပြီး၍ ထမင်းစားပွဲမှ ထရန် ပြင်ဆင်နေကြစဉ် လန်ရွှယ် ဘာမှမဆိုင်သလိုနှင့် စကားစလိုက်သည်။
“ဟောင်ယု မင်း ဘာလို့ အခုတလော ကျောင်းစာတွေ မလုပ်တာလဲ။ လေ့ကျင့်ခန်းစာအုပ်က လုံးဝ ဗလာဖြစ်နေတာကို မေမေ သတိထားမိတယ်”
“ကျွန်တော့် ကျောင်းလွယ်အိတ်ကို မွှေနှောက်ဖို့ ခင်ဗျားမှာ ဘာအခွင့်အရေးရှိလို့လဲ”
ချန်ဟောင်ယုက လန်ရွှယ်ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် မိခင်ကြီးချန်ထံသို့ လှည့်ကာ တန်းတိုင်လေတော့သည်။
“အဘွား ကြည့်ပါဦး... သူ သားကို အနိုင်ကျင့်နေတယ်”
မိခင်ကြီးချန်က လန်ရွှယ်ကို မကျေမနပ် ကြည့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လန်ရွှယ်က စကားဖြတ်ပြောလိုက်၏။
“မေမေ... ကျွန်မက ဟောင်ယုရဲ့ ပညာရေးအတွက် စိတ်ပူလို့ပါ။ နောက်ဆို သူက ကုမ္ပဏီကို ဆက်ခံရမဲ့သူပဲလေ၊ ဆော့တာ သိပ်များနေရင် မကောင်းဘူး မဟုတ်လား”
လန်ရွှယ်၏ စကားကို နားထောင်ပြီးနောက် ချန်ထျန်မင်း ခဏတာ စဉ်းစားကာ ပြောလိုက်သည်။
“ကျောင်းက အခြေအနေကို မေးကြည့်ဖို့ ငါ သူ့ဆရာမဆီ ဖုန်းဆက်လိုက်မယ်။ အနည်းဆုံးတော့ သူ ငါ့ကို မျက်နှာပျက်အောင် မလုပ်သင့်ဘူး”
ချန်ထျန်မင်းသည် ဆရာမထံ ဖုန်းဆက်မည်ဟု ကြားလိုက်ရသဖြင့် ချန်ဟောင်ယု ချက်ချင်းပင် ထိတ်လန့်သွားပြီး မိခင်ကြီးချန်၏ အဝတ်အစားများကို ဆွဲကာ သူ့ဘက်မှ ကူပြောပေးရန် အကူအညီ တောင်းလေတော့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ မိခင်ကြီးချန်က သူ့ကို မကာကွယ်သည့်အပြင် ချန်ထျန်မင်း၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံနေလေသည်။
ဆရာမထံ ဖုန်းဆက်ပြီးနောက် ချန်ထျန်မင်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားတော့သည်။
ချန်ထျန်မင်း အလွန်အမင်း ဒေါသထွက်နေပြီး ချန်ဟောင်ယုကို ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
“ငါ မင်းကို ကျောင်းပို့ထားတာ အဲဒီမှာ နေ့တိုင်း အိပ်နေဖို့လား။ ချန်ဟောင်ယု... မင်းကတော့ တကယ့် ကလေးပဲကွာ”
ကျောင်းတွင် ရှိနေစဉ် ချန်ဟောင်ယုသည် အိပ်ရုံသာသိပြီး ပြဿနာ ရှာတတ်ကြောင်း စာကို စနစ်တကျ မသင်ယူကြောင်း ဆရာမက ပြောပြခဲ့လေ၏။ သူသည် ဂုဏ်သရေရှိ ပုဂ္ဂလိကကျောင်းတွင် တက်ရောက်နေရသဖြင့် မိဘများက ဦးဆောင်ကာ မမေးမြန်းမချင်း ဆရာများ သူ့ကို အာရုံစိုက်မည် မဟုတ်ပေ။
အထူးသဖြင့် ချန်ဟောင်ယု၏ အဆင့်မှာ တစ်ခန်းလုံးတွင် အညံ့ဆုံး ဖြစ်နေသည်။ တိုက်ဆိုင်စွာပင် ကုစဲ့သည်လည်း ထိုကျောင်း၌ပင် တက်ရောက်နေပြီး အတန်းလည်းတူနေ၏။ သို့သော် ကုစဲ့သည် အမြဲတမ်း အဆင့် ၁ ရသူ ဖြစ်နေခဲ့သည်။
ချန်ထျန်မင်းနှင့် ကုရှီချန်းတို့သည် မူလတန်းမှ အထက်တန်းအထိ ကျောင်းအတူတူ တက်ခဲ့ကြပြီး အတန်းဖော်များ ဖြစ်ကြသည်။ သို့သော် သူသည် အမြဲတမ်း ဒုတိယသာ ရရှိခဲ့ပြီး မည်မျှပင် ကြိုးစားစေကာမူ ကုရှီချန်းကို ဘယ်သောအခါမှ မကျော်ဖြတ်နိုင်ခဲ့ပေ။ ယခုအခါ သူ့သားသည် ကုရှီချန်း၏ သားနှင့် ကျောင်းအတူတူ ဖြစ်နေပါလျက် ကုရှီချန်း၏ သားထက် ထူးချွန်မလာသည့်အပြင် သိသိသာသာ နောက်ကောက်ကျနေသည်ကို သိလိုက်ရသောကြောင့် သူ ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။
လန်ရွှယ်သည် ဤကိစ္စကို ရည်ရွယ်ချက်ရှိရှိ စကားစခဲ့ခြင်းမှာ သူမ ဤအရာအားလုံးကို ကြိုတင် သိရှိထားသောကြောင့် ဖြစ်၏။ ချန်ထျန်မင်း ဂရုအစိုက်ဆုံး အရာကို သူမ ကောင်းကောင်း သိသည်။ သို့သော် ချန်ဟောင်ယုမှာမူ ကုစဲ့နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ ထို့ကြောင့် ချန်ထျန်မင်းသည် ချန်ဟောင်ယုအပေါ် တဖြည်းဖြည်း စိတ်ကုန်သွားပေလိမ့်မည်။
သို့သော် မိခင်ကြီးချန်ကမူ သူမ၏ အဖိုးတန် မြေးလေး အရိုက်ခံရမည်ကို မည်သို့ ကြည့်ရက်နိုင်မည်နည်း။ သူမသည် ချက်ချင်းပင် ဝင်တားလိုက်သည်။
“ကလေးကို အမြဲတမ်း ရိုက်ဖို့ပဲ မစဉ်းစားနဲ့။ သူက ဆော့ချင်တဲ့ အရွယ်ပဲ ရှိသေးတာ။ သူ့ကို သေချာလေး ကြည့်ပေးဖို့ ဆရာမကိုသာ ပြောလိုက် ဒါမှမဟုတ်ရင်လည်း အိမ်တိုင်ရာရောက် ကျူရှင်ဆရာ ငှားပေးလို့ ရတာပဲ”
လန်ရွှယ်ကလည်း အချိန်ကိုက်ပင် ဝင်ပြောလိုက်၏။
“ဟောင်ယုက အရမ်း တော်တာပဲ၊ သူသာ သေသေချာချာ စာလုပ်မယ်ဆိုရင် တခြားသူတွေကို မြန်မြန်ဆန်ဆန် ကျော်တက်နိုင်မှာပါ”
လန်ရွှယ်သည် သူ့အား ချီးကျူးနေသည်ကို ကြားလိုက်ရသောအခါ ချန်ဟောင်ယု ချက်ချင်းပင် မာန်တက်သွားပြီး ကြွားလုံးထုတ်လေတော့သည်။
“ဟုတ်တယ်၊ ဟုတ်တယ် ဆရာမ သင်နေတာတွေကို ကျွန်တော်က သိပြီးသားမို့လို့ နားမထောင်ချင်ရုံပဲ။ ကျွန်တော်သာ တကယ် စာလုပ်ရင် သူတို့ကို ကျိန်းသေပေါက် ကျော်နိုင်တယ်”
မိခင်ကြီးချန်သည် ချန်ဟောင်ယု၏ ခေါင်းကို ပွတ်သပ်ကာ ဂုဏ်ယူစွာဖြင့် ဆိုလေ၏။
“ငါ့မြေး ဟောင်ယုက ငယ်ငယ်လေးကတည်းက တော်တာ။ သူသာ စာကို ကြိုးစားမယ်ဆိုရင် တောက်ပတဲ့ အနာဂတ် ရှိလာမှာပါ။ ကုမ္ပဏီကိုလည်း ပိုပြီး ကြီးပွားအောင် လုပ်နိုင်မှာပါ”
ချန်ဟောင်ယု၏ မာနမှာ ကောင်းကင်သို့ ထိုးတက်မတတ် ဖြစ်နေတော့၏။
ဤမြင်ကွင်းကို ကြည့်ရင်း လန်ရွှယ်သည် စိတ်ထဲကနေ ပြုံးလိုက်မိသည်။ ချန်ဟောင်ယု မည်မျှပင် ဂုဏ်ယူနေပါစေ၊ စာမေးပွဲရလဒ်များ ထွက်လာသောအခါ ချန်ထျန်မင်းသည် ပို၍ စိတ်ပျက်သွားပေလိမ့်မည်။
ချန်ဟောင်ယု စာကြိုးစားလိမ့်မည်ဟု သူမ မယုံကြည်ပေ။ ချန်ဟောင်ယုသည် သာမန်ကလေးထက် အနည်းငယ် ပို၍ ဉာဏ်ကောင်းသည်မှာ မှန်သော်လည်း မည်မျှပင် ပါရမီရှိပါစေ ပျင်းရိနေပါက ထိုပါရမီမှာ အသုံးမကျသော အရာသာ ဖြစ်သွားပေလိမ့်မည်။
ညဘက် အိပ်စက်ချိန် ရောက်သောအခါ ချန်ထျန်မင်းသည် ဧည့်ခန်းတွင် အိပ်နေရာမှ မာစတာ အိပ်ခန်းသို့ ပြန်လာခဲ့သည်။ လန်ရွှယ်လည်း ကြိုတင် ရေချိုးထားပြီး ဆွဲဆောင်မှုရှိသော ညအိပ်ဝတ်စုံကို ဝတ်ကာ ကုတင်ပေါ်တွင် ချန်ထျန်မင်းကို စောင့်နေခဲ့၏။
ချန်ထျန်မင်းမှ ကိုယ်လက်သန့်စင်ပြီးသည်နှင့် တစ်ပြိုင်နက် သူမသည် ကုတင်ပေါ်တွင် ညှို့ယူဖမ်းစားနိုင်သော ပုံစံဖြင့် နေလိုက်သည်။
သာမန်အချိန်ဆိုလျှင် ချန်ထျန်မင်းသည် ချက်ချင်းပင် သူမအပေါ်သို့ ခုန်အုပ်မိမည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ချန်ထျန်မင်းသည် လျစ်လျူရှုထားပြီး သူမကို စိုက်ကြည့်ရုံသာ ကြည့်နေ၏။
ထိုနည်းလမ်းမှာ အလုပ်မဖြစ်သည်ကို မြင်ပြီး လန်ရွှယ်သည် ကုတင်ပေါ်မှ ဆင်းကာ ချန်ထျန်မင်း၏ ရှေ့သို့ သွားပြီး သူ့မျက်နှာကို လက်ဖြင့် ထိတွေ့ရန် ကြိုးစားလိုက်သည်။
ချန်ထျန်မင်းက သူမ လက်ကို ချက်ချင်းပင် ပုတ်ထုတ်လိုက်တော့သည်။
“ဟန်ဆောင်နေတာတွေကို ရပ်လိုက်စမ်း။ ရွံစရာကောင်းတယ်”
လန်ရွှယ်သည် ဤကဲ့သို့သော အရာများကို တခြားသူတစ်ယောက်နှင့် လုပ်ဆောင်ခဲ့ဖူးသည် ဟူသော အတွေးက ချန်ထျန်မင်းကို ပုံမှန်ထက် ပို၍ စက်ဆုပ်ရွံရှာစေ၏။
လန်ရွှယ်သည် ချက်ချင်းပင် မျက်ရည်များ ဝဲလာပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။
“ယောကျာ်းရယ် ရှင် ကျွန်မကို တကယ်ပဲ အထင်သေးနေတာလား။ အဲဒီနေ့က သူ ကျွန်မကို အတင်းအကျပ် ဖွင့်ပြောခဲ့တာပါ။ ကျွန်မ နှလုံးသားထဲမှာ ရှင့်တစ်ယောက်တည်း ရှိတာပါ”
လန်ရွှယ်၏ ပုံစံကို ကြည့်ပြီး ချန်ထျန်မင်း စိတ်အနည်းငယ် ပျော့ပြောင်းသွားသည်။
“မင်း သူနဲ့ မလုပ်သင့်တာတွေ မလုပ်ခဲ့ဘူးဆိုတာ သေချာလား”
“ယောကျာ်း... ကျွန်မ တကယ် မလုပ်ခဲ့ပါဘူး။ ရှုတင်မှာ ရိုက်ကူးရေး ရှိတာကလွဲရင် ကျွန်မ ဘယ်တုန်းကမှ အပြင်မှာ မအိပ်ဘူး။ ပြီးတော့ ဘယ်သွားသွား ကျွန်မ မိန်းကလေးသူငယ်ချင်းတွေနဲ့ပဲ သွားတာပါ။ မယုံရင် သူတို့ကို မေးကြည့်လို့ ရပါတယ်။ ကျွန်မ သွမ့်ဟွေကျိုကို သူငယ်ချင်းလိုပဲ သဘောထားခဲ့တာပါ။ သူ အဲ့လိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်မ မသိခဲ့ဘူး”
လန်ရွှယ် ပြောသမျှမှာ အမှန်တရားများသာ ဖြစ်သည်။ ချန်ထျန်မင်းနှင့် လက်ထပ်ပြီးကတည်းက သူမသည် သူ့အပေါ် သစ္စာဖောက်သည့် အပြုအမူမျိုး နည်းနည်းလေးမှ မလုပ်ခဲ့ပေ။ သွမ့်ဟွေကျိုနှင့် ဆက်ဆံရေးမှာလည်း ဝေဝါးသော အခြေအနေတွင်သာ ရှိနေခဲ့၏။
လန်ရွှယ်သည် ပါးလွှာသော အဝတ်အစားကို ဝတ်ထားပြီး ယခုကဲ့သို့ ငိုနေသည်မှာ အလွန် သနားဖွယ်ရာ ကောင်းလှသည်။ သူမ အရည်လဲ့လဲ့ မျက်ဝန်းများဖြင့် ကြည့်နေသည်ကို မြင်သောအခါ ချန်ထျန်မင်း၏ ဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားရတော့သည်။
“နောက်ဆို သူ့ကို ထပ်ပြီး အဆက်အသွယ် မလုပ်နဲ့တော့”
“ဟုတ်ကဲ့ပါ”
လန်ရွှယ်သည် သူမ ဖုန်းကို ထုတ်ကာ ချန်ထျန်မင်း ရှေ့တွင်ပင် သွမ့်ဟွေကျို၏ အချက်အလက်အားလုံးကို ဖျက်ပစ်လိုက်သည်။
သို့သော် ချန်ထျန်မင်း မသိခဲ့သည်မှာ သူတို့ ပုံမှန် ဆက်သွယ်သည့် WeChat နှင့် ဖုန်းနံပါတ်များသည် မူလနံပါတ်များ မဟုတ်ပေ။ သူတို့ နှစ်ဦးစလုံးတွင် WeChat အကောင့် နှစ်ခုစီ ရှိထားသည်။
လန်ရွှယ်၏ အပြုအမူက ကောင်းမွန်နေသဖြင့်ချန်ထျန်မင်းမှာ ဆက်၍ စိတ်မဆိုးနိုင်တော့ပေ။
လန်ရွှယ်သည် ရှေ့သို့ တိုးလာပြီး ချန်ထျန်မင်း၏ ကော်လာကို လက်ညှိုးဖြင့် ဆွဲကာ ညှို့ယူသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
“စောစောအိပ်တော့”
ချန်ထျန်မင်းသည် လန်ရွှယ်ကို ခွင့်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ တစ်မျိုးကြီး ဖြစ်နေသေးသဖြင့် ထိုကိစ္စကို လုပ်ဆောင်ရန် စိတ်မပါသေးပေ။
လန်ရွှယ်ကမူ အရှုံးမပေးသေးချေ။ ချန်ထျန်မင်း က သူမနှင့် ဆက်ဆံရေးပြုရန် ငြင်းဆန်နေသရွေ့ သူမအတွက် အလွန် နစ်နာပေလိမ့်မည်။
သို့သော် သူမအနေဖြင့် မည်မျှပင် ဆွဲဆောင်ပါစေ ချန်ထျန်မင်းမှာ တုတ်တုတ်မျှပင် မလှုပ်။
ထို ‘အာဏာရှင် စီအီးအို’ ကြီး၏ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ တကယ်ပင် ထူးခြားသည်ဟုသာ ဆိုရပေလိမ့်မည်။
နောက်ဆုံးတွင် လန်ရွှယ် တစ်ယောက် လက်လျှော့လိုက်ရပြီး ချန်ထျန်မင်း ဘေးတွင် အသာတကြည် လှဲလျောင်းနေလိုက်ရသည်။ သို့သော် ဤအခွင့်အရေးကိုတော့ သူမ အလဟဿ အဖြစ်မခံလိုချေ။
သူမသည် အိပ်ပျော်နေသကဲ့သို့ ဟန်ဆောင်ကာ ချန်ထျန်မင်း၏ ဘက်သို့ ခေါင်းကို အလိုက်သင့် မှီလိုက်၏။
လန်ရွှယ်သည် ချန်ထျန်မင်း၏ သဘောထားကို စမ်းကြည့်နေခြင်း ဖြစ်သည်။ ချန်ထျန်မင်းသည် သူမအပေါ် တွင် သံသယများ ရှိနေသေးပါက သူမအနေဖြင့် တခြားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရလိမ့်မည်။
ကံကောင်းထောက်မစွာ ချန်ထျန်မင်းသည် သူမကို စိတ်ပျက်အောင် မလုပ်ခဲ့ဘဲ သူ၏ ရင်ခွင်ထဲသို့ အလိုက်သင့်လေး ဆွဲသွင်းလိုက်လေ၏။
အမှောင်ထုထဲတွင် လန်ရွှယ်မှာ တစ်ချက် ပြုံးလိုက်လေ၏။ ချန်ထျန်မင်း သူမ ပြောသမျှကို ယုံကြည်သွားခဲ့ပြီပင်။
ယခုမှစ၍ သူမသည် သူ့ကို ရက်အနည်းငယ်ခန့် အလိုလိုက် ယုယပေးလိုက်လျှင် ဤကိစ္စကို မကြာမီ မေ့လျော့သွားလိမ့်မည်ဟု သူမ တွက်ဆထား၏။
သွမ့်ဟွေကျိုနှင့် ပတ်သက်၍မူ အလွန်ဆုံးရှိလှ ခဏ အဆက်အသွယ် ဖြတ်ထားရုံသာ ဖြစ်သည်။ သူမအနေဖြင့် ဤရုပ်သေးရုပ်လေးကို သိမ်းထားရပေဦးမည်။ ထိုရုပ်သေးရုပ်လေးသည် တစ်နေ့နေ့တွင် သူမ ကြိုးဆွဲသည့်အတိုင်း ကပြရပေဦးမည်။
အခန်း (၉၈)
ဇာတ်သိမ်းပိုင်း
နောက်ပိုင်းရက်များတွင် မိခင်ကြီးချန်သည် ထိုအိမ်၌ပင် ဆက်လက်နေထိုင်ခဲ့သည်။ လန်ရွှယ်သည် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၏ ကိစ္စအဝဝကို ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမထံ လွှဲအပ်ထားပြီး မိခင်ကြီးချန် အနား၌သာ အဖော်ပြုနေထိုင်၏။
ဤရက်များအတွင်း သူမသည် လိမ္မာယဉ်ကျေးသော ချွေးမတစ်ဦး၏ ပုံရိပ်ကို အစွမ်းကုန်ထိန်းသိမ်းထားပြီး မိခင်ကြီးချန်အပေါ် လုံးဝ အလျှော့ပေး နာခံသည်။ ရံဖန်ရံခါတွင်လည်း မိခင်ကြီးနှင့်အတူ ရိုးရာတေးဂီတများကို နားထောင်ပေးခြင်း၊ လက်ဖက်ရည် သောက်ပေးခြင်းများ ပြုလုပ်ခဲ့သေး၏။ ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ သူမအပေါ်ထားရှိသော မိခင်ကြီးချန်၏အမြင်မှာ သိသိသာသာပင် ပြောင်းလဲသွားသည်။
မိခင်ကြီးသည် သူမကို အထက်တန်းလွှာပွဲတစ်ခုသို့ပင် ခေါ်သွားခဲ့သေး၏။ ယခင်က ချန်ထျန်မင်းသည် သူမကို ပွဲလမ်းသဘင်အချို့သို့ ခေါ်သွားဖူးသော်လည်း ထိုပွဲများသည် စီးပွားရေးပွဲများသာ ဖြစ်ကြသည်။ ယခု မိခင်ကြီးချန် တက်ရောက်သော ပွဲများမှာ စစ်မှန်သော အထက်တန်းလွှာ အသိုင်းအဝိုင်း၏ ပွဲများဖြစ်ကြပြီး တက်ရောက်လာသူများ၏ မိသားစုနောက်ခံများမှာလည်း ချမ်းသာကြွယ်ဝသူများ သို့မဟုတ် သြဇာအာဏာရှိသူများသာ ဖြစ်ကြသည်။
လန်ရွှယ်သည် ဤအခွင့်အရေးကို အသုံးချကာ ချမ်းသာကြွယ်ဝသော ကတော်များစွာနှင့် ရင်းနှီးအောင် ကြိုးစားခဲ့၏။ ထိုသူတို့သည် စိတ်ထဲတွင် သူမကို အထင်သေးနေကြမှန်း သူမ သိသော်လည်း ထိုအချက်မှာ အရေးမကြီးပေ။ သူမအနေဖြင့် ထိုသူတို့ကို သိကျွမ်းသွားသည်နှင့်တပြိုင်နက် သူမ၏ ‘ချန်ကတော်’ ဆိုသည့် ဂုဏ်ပုဒ်မှာလည်း အပြည့်အဝ အသိအမှတ်ပြုခြင်း ခံရပေလိမ့်မည်။
အချိန်တို့သည် လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပိတ်ရက်သို့ ရောက်ရှိလာခဲ့လေပြီ။ ဤသည်မှာ “ကြယ်ပွင့်မိသားစု” အစီအစဉ်၏ နောက်ဆုံးအပိုင်း ဖြစ်သကဲ့သို့ ရုပ်ရှင်မှာလည်း တစ်ပြိုင်နက်တည်း တရားဝင် ရုံတင်ပြသတော့မည် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် အစီအစဉ်ရိုက်ကူးရေးအဖွဲ့သည် ဧည့်သည် အုပ်စုလေးစုလုံးကို စိုက်ပျိုးရေးအခြေပြု ခရီးသွားဥယျာဉ်တစ်ခုသို့ သွားရောက်ရန် စီစဉ်ထားခဲ့သည်။
မူလက ဒါရိုက်တာသည် သွမ့်ဟွေကျို၏ မိသားစုကို ဤအပိုင်းတွင် ပါဝင်ရိုက်ကူးစေလိုစိတ် မရှိခဲ့ပေ။ ထိုကဲ့သို့ ကြီးကြီးမားမား ပြဿနာတစ်ခု ဖြစ်ပွားပြီးနောက် သွမ့်ဟွေကျိုသည်လည်း နာမည်ပျက်သွားပြီ ဖြစ်ကာ ချန်ထျန်မင်းကလည်း သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။
ဤလူများ အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားလိုက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း ရိုက်ကူးရေးမစတင်မီ ကုရှီချန်းသည် သူ့ကို အထူးတလည် ဆက်သွယ်လာပြီး သွမ့်ဟွေကျိုကို ဤအပိုင်းတွင် မဖြစ်မနေ ပါဝင်ခိုင်းခဲ့သည်။ ဒါရိုက်တာ အလွန်ပင် ဒွိဟဖြစ်သွားရသည်။ သွမ့်ဟွေကျိုကို ပါဝင်ခွင့်ပြုခြင်းမှာ ချန်ထျန်မင်း၏ ပါးကို ဖြတ်ရိုက်လိုက်သည်နှင့်အတူတူပင်။
သို့သော်လည်း ကုရှီချန်းသည် နောက်ရာသီအတွက် ရင်းနှီးမြှုပ်နှံပေးနိုင်သည်ဟု ပြောလာသောကြောင့် ဒါရိုက်တာသည် ထိုအချက်ကို အရေးမလုပ်တော့ပေ။ ငွေရှိခြင်း မရှိခြင်းမှာ အရေးမကြီးဘဲ ပရိသတ်များကို ပျော်ရွှင်မှု ပေးနိုင်ရန်မှာသာ အဓိကဖြစ်သည်ဟု သူ တွေးလိုက်သည်။
ဤသို့ဖြင့် သွမ့်ဟွေကျိုသည် ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်လာခဲ့ရသည်။ ယခင်ကဆိုလျှင် သွမ့်ဟွေကျိုသည် ငြင်းဆန်နိုင်စွမ်း ရှိကောင်းရှိနိုင်လိမ့်မည်။ ယခုမူ နှစ်ပေါင်းများစွာ ရှာဖွေထားသမျှ ဝင်ငွေအားလုံးကို စာချုပ်ဖောက်ဖျက်ကြေးတွင် ပေးဆောင်လိုက်ရသောကြောင့် သူ့တွင် ငြင်းဆန်ပိုင်ခွင့် မရှိတော့ဘဲ အံကြိတ်ကာ အစီအစဉ်တွင် ပါဝင်လာရခြင်းဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များသည် သွမ့်ဟွေကျိုကို မြင်တွေ့လိုက်ရသောအခါ ကဲ့ရဲ့ရှုတ်ချမှုများသည် လှိုင်းလုံးကြီးသဖွယ် နောက်တစ်ကြိမ် တက်လာခဲ့ပြန်၏။
[သွမ့်ဟွေ့ကျိုက ဘယ်လိုတောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ။ အခုလို အခြေအနေမျိုးမှာတောင် ဒီအစီအစဉ်မှာ ပါဝင်ရဲသေးတယ်။ ချန်ထျန်မင်း ဒေါသထွက်ပြီး သူ့ကို blacklistထဲ ထည့်လိုက်မှာ မကြောက်ဘူးလား]
[တကယ့် လူယုတ်မာပဲ။ နန်ချင်ဝမ်ကို ရုတ်တရက် သနားမိသွားတယ်။ နန်ချင်ဝမ်ကပဲ သွမ့်ဟွေကျိုကို အစပိုင်းမှာ မြေတောင်မြှောက်ပေးခဲ့တာလေ၊ အခုတော့ ဒီကောင်က အသုံးချပြီးတာနဲ့ သူ့ကို လွှင့်ပစ်လိုက်တာပဲ]
[သွမ့်ဟွေကျိုရဲ့ ပရိသတ်လေးတွေ ဘာလို့ ဘာမှမပြောကြတော့တာလဲ။ နင်တို့ရဲ့ ‘ကိုကို’ က ဘယ်လောက်တောင် ကောင်းကြောင်း ပြောနေကြတာ မဟုတ်လား။ သူက တကယ်ကို ‘ကောင်း’ လွန်းပါတယ်၊ ကောင်းလွန်းလို့တောင် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်နဲ့တောင် လူသိရှင်ကြား ဖောက်ပြန်နေတာလေ]
[တကယ်တော့ လန်ရွှယ်ကလည်း လူကောင်းမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်လိင် တစ်ယောက်က ချစ်သူများစားသောက်ဆိုင်မှာ စားဖို့ ဖိတ်ပြီဆိုကတည်းက ဘာကို ဆိုလိုတာလဲဆိုတာ ဦးနှောက်ရှိတဲ့သူတိုင်း သိကြတာပဲ]
[ချန်ထျန်မင်း သွမ့်ဟွေ့ကျိုကို တွေ့တဲ့အခါ ဘယ်လို မျက်နှာပေးမျိုး ဖြစ်နေမလဲဆိုတာကို ငါတကယ် မြင်ချင်မိတယ်]
ဤကာလအတွင်း သွမ့်ဟွေကျိုသည် အိမ်သို့ပင် မပြန်ရဲခဲ့ပေ။ ကိစ္စများ ပေါက်ကြားသွားပြီးနောက် နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုတို့ ပထမဆုံးအကြိမ် ဆုံတွေ့ကြခြင်း ဖြစ်၏။
နန်ချင်ဝမ်သည် သူ့ကို ကြည့်ရုံနှင့်ပင် ရွံ့ရှာနေမိသည်။ ထို့ကြောင့် သွမ့်ကျားကျား၏ လက်ကို ဆွဲထားကာ သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ပြတ်ပြတ်သားသားနေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နန်ချင်ဝမ်သည် သွမ့်ကျားကျားကို သူတို့ကွာရှင်းမည့် အကြောင်း ပြောပြထားပြီး ဖြစ်၏။ မိဘများ အဘယ်ကြောင့် ကွာရှင်းကြသည်ကို သွမ့်ကျားကျား မသိသော်လည်း သူမသည် နန်ချင်ဝမ်၏ ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးသည်။
ကားပေါ်သို့ ရောက်ရှိပြီး ကင်မရာသမားများ၏ ရိုက်ကူးမှု မရှိချိန်တွင် သွမ့်ဟွေကျို နန်ချင်ဝမ်ကို မျှမျှတတ လုပ်ဆောင်နေသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။
“ငါ မင်းကို ကျားကျားရဲ့ အုပ်ထိန်းခွင့် ပေးမယ်၊၊ ဒါပေမဲ့ မင်းကတော့ ဒီအိမ်ထောင်ရေးကနေ ဘာပိုင်ဆိုင်မှုမှ မယူဘဲ ထွက်သွားရမယ်”
နန်ချင်ဝမ် ရယ်လိုက်၏။
“သွမ့်ဟွေကျို ဒီလောက် ရှက်စရာကောင်းတဲ့ ကိစ္စမျိုး လုပ်ထားပြီးတော့ ဒီလိုစကားမျိုး ပြောဖို့ ရှင် ဘယ်လိုတောင် သတ္တိရှိနေရတာလဲ။ ကျွန်မ ပြောလိုက်မယ်။ ကျွန်မ ကျားကျားရဲ့ အုပ်ထိန်းခွင့်ကိုလည်း ယူမယ်၊ ကျွန်မနဲ့ ထိုက်တန်တဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ယူသွားမှာပဲ”
“မင်း အရင်က ပြောတော့ ကျားကျားရဲ့ အုပ်ထိန်းခွင့် ရရင် ဘာမဆို စွန့်လွှတ်နိုင်တယ် ဆို”
သွမ့်ဟွေ့ကျိုသည် နန်ချင်ဝမ် တစ်ယောက် ယခုလို စိတ်ပြောင်းသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“ရှင် ပြောသလိုပဲလေ၊ အဲ့ဒါက အရင်ကပေါ့။ အခု ကျွန်မ အသိဝင်လာပြီလို့ ပြောရမလား။ ကျွန်မနဲ့ ထိုက်တန်တာကို ဘာလို့ မယူရမှာလဲ”
နန်ချင်ဝမ်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ သွမ့်ဟွေကျိုသည် လေသံပျော့ပျော့ဖြင့် ချော့မော့ရန် ကြိုးစားလိုက်ပြန်သည်။
“ရှောင်ဝမ် ငါ့မှာ စာချုပ်ဖောက်ဖျက်ကြေးတွေ အများကြီး ပေးဖို့ တာဝန်ရှိနေတာ မင်းလည်း သိသားပဲ။ ငါ အရာအားလုံး ဆုံးရှုံးသွားတာကို မင်း ကြည့်ရက်လို့လား”
ယခင် နန်ချင်ဝမ်သာ ဆိုလျှင် စိတ်ပျော့သွားနိုင်သော်လည်း ယခု သူမသည် နိုးကြားတက်ကြွသော နန်ချင်ဝမ် ဖြစ်နေပြီပင်။
နန်ချင်ဝမ် အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။
“ကျွန်မ ဘာလို့ မရက်စက်နိုင်ရမှာလဲ။ ရှင်ကို လန်ရွှယ်နဲ့ သွားပတ်သက်ဖို့ ကျွန်မ ခိုင်းခဲ့တာလား၊၊ လိုင်းပေါ်မှာ သူရဲကောင်း ဟန်ဆောင်ပြီး စာတင်ဖို့ ကျွန်မ ပြောခဲ့လို့လား။ ပြီးတော့ ကျွန််မက ကျွန်မနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကိုပဲ ယူမှာပါ”
“ဒီနှစ်တွေတစ်လျှောက်လုံး အိမ်မှာ မင်းကို ငါ ရှာကျွေးခဲ့တာ။ ဒီပိုက်ဆံတွေ အားလုံးက ငါရှာထားတာလေ။ မင်းက ဘယ်လိုမျက်နှာမျိုးနဲ့ တောင်းရဲရတာလဲ”
သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို လက်ဗလာဖြင့်သာ ထွက်သွားစေချင်သည်။ သူ ရှာဖွေထားသမျှ ငွေကြေးတို့မှာ စာချုပ်ဖောက်ဖျက်ကြေး ပေးဆောင်ရာတွင် ကုန်ဆုံးသွားပြီ ဖြစ်ရာ နန်ချင်ဝမ်သာ ပိုင်ဆိုင်မှု ထက်ဝက်ကို ယူလိုက်ပါက သူ့တွင် ဘာမှ ကျန်တော့မည် မဟုတ်ပေ။
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို မျက်နှာသာမပေးတော့ချေ။
“သွမ့်ဟွေကျို၊ ရှင် ဒီနေ့လို အခြေအနေကို ရှင့်ဘာသာရှင် တစ်လှမ်းချင်း တက်လှမ်းခဲ့တာလို့ တကယ်ကြီး ထင်နေတာလား။ ရှင် အဲ့ဒီ ဇာတ်ကောင်တွေ ရဖို့အတွက် ဒါရိုက်တာတွေဆီမှာ ကျွန်မ တစ်ယောက်ချင်း လိုက်တောင်းပန်ခဲ့ရတာတွေကို မမေ့နဲ့ဦး။ အခု ကျွန်မတို့ နေနေတဲ့ ဗီလာအိမ်ကြီးတောင် ကျွန်မမိဘတွေ ထားခဲ့တဲ့ အမွေနဲ့ ဝယ်ထားတာ။ ကျွန်မ နန်ချင်ဝမ်သာ မရှိရင် ရှင်လိုကောင်က ဘာဖြစ်နေမလဲဆိုတာ တွေးကြည့်စမ်း”
ဤသည်မှာ နန်ချင်ဝမ် သွမ့်ဟွေ့ကျို၏ မျက်နှာကို စေ့စေ့ကြည့်ကာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဤကာလအတွင်း ယဲ့ယီ၏ အစဉ်တစိုက် သွန်သင်ပြသမှုများကြောင့် သူမသည် လုံးလုံးလျားလျား နိုးကြားလာခဲ့လေပြီ။
ယဲ့ယီ ပြောသည်မှာ မှန်ကန်သည်။ သူမနှင့် ထိုက်တန်သော အရာများကို ဤလူယုတ်မာထံ အဘယ်ကြောင့် ချန်ထားခဲ့ရမည်နည်း။
အကယ်၍ သွမ့်ဟွေကျို၏ အပြုအမူကို အိမ်ထောင်ရေး ဖောက်ပြန်မှုအဖြစ် ဥပဒေအရ အတည်မပြုနိုင်လျှင်ပင် နန်ချင်ဝမ်သည် သူ့ကို လက်ဗလာဖြင့်သာ ထွက်သွားစေချင်မိသည်။
သွမ့်ဟွေကျိုမှာ နန်ချင်ဝမ်၏ စကားများကို ခဏတာ ပြန်လည် မချေပနိုင်ဘဲ ဖြစ်သွားရ၏။ အတော်ကြာမှသာ သူသည် ယုံကြည်မှု ကင်းမဲ့စွာ ပြန်ပြောလေ၏။
“ဒါပေမဲ့ ကျားကျား မွေးပြီးကတည်းက မင်း အလုပ်မလုပ်တော့တာ၊၊ ငါပဲ ရှာကျွေးခဲ့တာလေ”
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို မဲ့ပြုံးပြုံးနှင့် ကြည့်လိုက်သည်။
“အလုပ်ထွက်ပြီး ကလေးကို ပြုစုဖို့ ကျွန်မကို ပြောခဲ့တာ ရှင်ပဲလေ။ အဲ့ဒီတုန်းက ကျွန်မလစာ ဘယ်လောက်ရလဲဆိုတာ ရှင့်ကို ကျွန်မပြောနေဖို့ မလိုဘူး ထင်တယ်။ ရှင်က အဲ့ဒီလို တွက်ချက်ချင်တယ် ဆိုရင်လည်း ကျွန်မတို့ စျေးကွက် ပေါက်စျေးအတိုင်း တွက်ကြတာပေါ့။ ကလေးထိန်း တစ်ယောက် ငှားရင် တစ်လကို သောင်းနဲ့ချီ ပေးရတယ် မဟုတ်လား။ အဲ့ဒီ နှစ်တွေတစ်လျှောက်လုံးအတွက် ကျွန်မလုပ်အားခကို ရှင် ပေးနိုင်ရင်တော့ ဗီလာကလွဲလို့ တခြားပိုင်ဆိုင်မှုတွေအတွက် ကျွန်မ မတိုက်ခိုက်တော့ဘူး”
အချစ်အပေါ် အစွဲအလမ်း ကင်းစင်သွားသော နန်ချင်ဝမ်သည် ယခင်ကကဲ့သို့ ထက်မြက်ပြီး ပြတ်သားသော လုပ်ငန်းရှင် အမျိုးသမီး ပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။ သူမသည် နူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိသော်လည်း အလွန်ထက်မြက်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သွမ့်ဟွေကျိုနှင့် တွေ့ဆုံပြီးနောက်မှသာ သူမ ထက်မြက်မှုများကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
သွမ့်ဟွေကျို၏ မျက်နှာမှာ ဖြူဖျော့သွား၏။ထို့နောက် ဖျက်ခနဲ နီမြန်းလာပြန်သည်။ ခုနစ်နှစ် ရှစ်နှစ်စာ လုပ်အားခမှာ တစ်သန်း သို့မဟုတ် နှစ်သန်းခန့် ရှိပေလိမ့်မည်။ စာချုပ်ဖောက်ဖျက်ကြေးများ ပေးဆောင်ပြီးနောက် သူ၏ လက်ရှိ ပိုင်ဆိုင်မှု အားလုံးပေါင်းမှ ထိုပမာဏခန့်သာ ရှိတော့သည်။ အကယ်၍ ဗီလာကိုပါ နန်ချင်ဝမ်အား ပေးလိုက်ရမည်ဆိုပါက သူ့အတွက် ဘာမှမကျန်တော့သည်နှင့် အတူတူပင်။
သွမ့်ဟွေကျို၏ မျက်နှာအမူအရာမှာ အချိန်အတော်ကြာ ပြောင်းလဲနေပြီးနောက် နောက်ဆုံးတွင် သူသည် စကားတစ်ခွန်းသာ ညည်းတွားလိုက်တော့သည်။
“မင်း ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လောဘကြီးသွားရတာလဲ”
နန်ချင်ဝမ်မှာမူ သူ့ကို ဆက်၍ အဖက် မလုပ်ချင်တော့ပေ။ သူမသည် သွမ့်ကျားကျားကို ပွေ့ဖက်ထားလိုက်ပြီး လမ်းတစ်လျှောက်ရှိ ရှုခင်းများကိုသာ ကြည့်ရှုနေတော့သည်။ သွမ့်ကျားကျားကလည်း လိမ္မာစွာ နန်ချင်ဝမ်၏ ရင်ခွင်ထဲ၌ ငြိမ်သက်နေပြီး သွမ့်ဟွေကျိုကို လှည့်၍ပင် မကြည့်ပေ။
ဤသို့ဖြင့် သွမ့်ဟွေကျိုမှာ ထိုသားအမိ နှစ်ယောက်၏ လျစ်လျူရှုခြင်းကို ခံလိုက်ရလေတော့သည်။