← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉)

အတင်းအဖျင်းပြောလိုသော ဗီဇ

မကြာမီမှာပင် စိုက်ပျိုးရေးအခြေပြု အပန်းဖြေဥယျာဉ်သို့ ဆိုက်ရောက်လာခဲ့၏။ ယဲ့ယီ၏ မိသားစုသုံးယောက်နှင့် မန်ရှင်းတို့သားအမိမှာ ရောက်နှင့်နေပြီ ဖြစ်သည်။ သို့သော် လန်ရွှယ်၏ မိသားစုမှာမူ ရောက်မလာသေးပေ။

ကားပေါ်မှ ဆင်းဆင်းချင်း ချန်ထျန်မင်းကို မတွေ့ရသဖြင့် သွမ့်ဟွေကျိုသည် စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ သို့သော်လည်း ထိုသက်သာရာရမှုမှာ ကြာရှည်မခံခဲ့ပေ။ သူတို့ ရောက်ပြီး ခဏအကြာတွင် လန်ရွှယ်တို့ မိသားစု၏ ကားမှာ ဆိုက်ရောက်လာတော့သည်။

ချန်ထျန်မင်း ကားပေါ်မှ ဆင်းလာပြီး သွမ့်ဟွေကျိုနှင့် အကြည့်ချင်း ဆုံမိသွားကြသည်။ သူတို့အနားတွင်မူ ယဲ့ယီသည် ပွဲကောင်းကြည့်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေလေ၏။

[ဟင်း... ဟင်း... ဒီလို ဂန္ထဝင်ဆန်တဲ့ မြင်ကွင်းမျိုးက တကယ်ကို တွေ့ရခဲတာပဲ။ ဒီလူနှစ်ယောက် လက်သီးချင်း ဖလှယ်ကြမလား မသိဘူး။ တကယ်လို့များ ချကြမယ်ဆိုရင် လန်ရွှယ် ဘယ်သူ့ဘက်က ပါမလဲ သိချင်လိုက်တာနော်]

ယဲ့ယီ၏ စိတ်ထဲမှ အတွေးများကို ကြားလိုက်ရသော ကုရှီချန်းမှာမူ နှာခေါင်းရှုံ့လိုက်မိ၏။ သူသာ ဒါရိုက်တာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် မပြောခဲ့လျှင် သူမအနေဖြင့် ယခုကဲ့သို့ ပွဲကောင်းကို မည်သို့ မြင်တွေ့နိုင်မည်နည်း။

လန်ရွှယ်သည် ချန်ထျန်မင်း၏ နောက်မှ ဆင်းလာခဲ့သော်လည်း သူမသည် ထုံးစံအတိုင်း နွေးထွေးသော အမူအရာမျိုး မပြတော့ချေ။ လန်ရွယ်သည် သွမ့်ဟွေကျိုကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်တော့ဘဲ ချန်ထျန်မင်း၏ လက်မောင်းကိုသာ တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထား၏။

သွမ့်ဟွေကျိုသည် သူတို့၏ အကြည့်များကို ရှောင်လွှဲရန် စိတ်မကောင်းစွာ ခေါင်းလွှဲလိုက်ရတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်အပိုင်းမှာလည်း အလွန်ပင် စည်ကားနေပြီး ကြည့်ရှုသူ အရေအတွက်မှာ ယခင်အပိုင်းများထက် နှစ်ဆခန့် မြင့်တက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းမှာ ဤသို့သော အတင်းအဖျင်း အရသာကို မြည်းစမ်းလိုသောကြောင့် ဖြစ်သည်။

[ကြီးကျယ်ခမ်းနားတဲ့ ထိပ်တိုက်တွေ့ဆုံမှုကြီးပဲ။ တရားဝင်ခင်ပွန်းနဲ့ တတိယလူ]

[သွမ့်ဟွေကျိုက ဘယ်လိုမျက်နှာမျိုးနဲ့ ဒီအစီအစဉ်မှာ ပါဝင်ဖို့ လက်ခံခဲ့လဲဆိုတာ ငါ တကယ်ပဲ မသိတော့ဘူး။ ခုနက ချန်ထျန်မင်းရဲ့ မျက်နှာကြီး တစ်ခုလုံး မည်းကျသွားတာကို မြင်လိုက်ကြလား]

[လန်ရွှယ် ခုနက သွမ့်ဟွေကျိုကို ကြည့်တောင် မကြည့်ရဲဘူး။ လန်ရွှယ်က ချန်ထျန်မင်းရဲ့ လက်ကို ချိတ်ထားတာ မြင်တော့ သွမ့်ဟွေကျိုရဲ့ စိတ်ပျက်အားလျော့သွားတဲ့ မျက်နှာထားကို ဘယ်သူတွေ သတိထားမိလိုက်လဲ။ မသိရင် သူကပဲ တရားဝင် ခင်ပွန်းကျနေတာပဲ]

[ငါ့ကို မေးမယ်ဆိုရင်တော့ ဒီအစီအစဉ်ရဲ့ ဒါရိုက်တာက တကယ့်ကို ရက်စက်တဲ့သူပဲ။ ဒီလိုကိစ္စတွေ ဖြစ်ပြီးတာတောင် သွမ့်ဟွေကျိုကို ဖိတ်ရဲသေးတယ်။ သူတို့တွေ ရန်ဖြစ်ကြမှာကို မကြောက်ဘူးလား မသိဘူး]

[ယဲ့ယီရဲ့ အတင်းအဖျင်း ငတ်မွတ်နေတဲ့ မျက်နှာလေးကို ကြည့်ဦး၊ ရယ်ရလွန်းလို့ သေတော့မယ်။ သူ့လက်ထဲမှာ နေကြာစေ့အိတ်လေးသာ ပါလိုက်ရင် ပြည့်စုံသွားပြီ]

[ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို အစအဆုံး မရရအောင် ကြည့်မယ်။ စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်။ တခြား ဘယ်ဖျော်ဖြေရေး အစီအစဉ်ကများ ဒီလိုမျိုး ထုတ်လွှင့်ရဲလို့လဲ]

အခြားတစ်ဖက်တွင်မူ မန်ရှင်းသည် ချန်ထျန်မင်းကို ရင်းရင်းနှီးနှီး သွားရောက် နှုတ်ဆက်လိုက်ပြီး လန်ရွှယ်ကိုမူ သိသာထင်ရှားသော အဓိပ္ပာယ်ပြည့်ဝသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။

လန်ရွှယ် မသိမသာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှ ကြုံးဝါးလိုက်လေသည်။

‘ခဏနေရင်လည်း နင် ဒီလိုမျိုး ဆက်ပြီး ပျော်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့’

မန်ရှင်း သူ့ကို နှုတ်ဆက်လိုက်ချိန်တွင် ချန်ထျန်မင်းသည် လန်ရွှယ် ဆွဲကိုင်ထားသော သူ၏ လက်မောင်းကို ရုန်းထွက်လိုက်၏။ သူ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်ခြင်းဖြင့် သူ ဒေါသထွက်နေသည်ကို လန်ရွှယ် သိလိုက်ရတော့သည်။

လန်ရွှယ်သည် စိတ်ထဲတွင် ဒါရိုက်တာကို အလိုက်မသိတတ်သူဟု ကျိန်ဆဲနေမိတော့သည်။

‘ဘာလို့ ဒီအပိုင်းမှာ သွမ့်ဟွေကျိုကို ပါဝင်ခွင့်ပေးရတာတုန်း’

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမ အစွမ်းကုန် ကြိုးစားပြီးမှ ချန်ထျန်မင်း၏ စိတ်ကို ပြန်လည် နွေးထွေးအောင် လုပ်ထားနိုင်ခဲ့၏။ ယခုမူ ဤလုပ်ရပ်ကြောင့် သူမအပေါ် ထားရှိသော သူ၏ သဘောထားမှာ တစ်ဖန် ပြန်လည် အေးစက်သွားရပြန်၏။

သို့သော် သူမအနေဖြင့် ဒါရိုက်တာကို မည်မျှပင် ကျိန်ဆဲပါစေ အရာအားလုံးက ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်သည်။ သူမအနေဖြင့် အံကြိတ်ကာ ဤအပိုင်းကို ဆက်လက် ရိုက်ကူးရန်သာ ရှိတော့သည်။

ဒါရိုက်တာကမူ သူတို့ မည်သို့ တွေးနေကြသည်ကို ဂရုမစိုက်ဘဲ ယနေ့အတွက် လုပ်ဆောင်ရမည့် တာဝန်ကို တိုက်ရိုက် ကြေညာလိုက်တော့၏။

နောက်ဆုံးအပိုင်း ဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့မှာ သူတို့အပေါ် အတော်ပင် သက်ညှာပေးထားသည်။ ယနေ့အတွက် သူတို့၏ တာဝန်မှာ လယ်သမားများကို စပျစ်သီး ခူးရာတွင် ကူညီပေးရန်သာ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အဖွဲ့များ ခွဲပေးခြင်း မရှိဘဲ မိသားစု လေးစုလုံးမှာ မိမိတို့ အုပ်စုနှင့်မိမိ လုပ်ဆောင်ရမည် ဖြစ်သည်။ တရားမျှတမှု ရှိစေရန်အတွက် အဖွဲ့သားများက မန်ရှင်း၏ အဖွဲ့ကို ကူညီရန် ရွာသားတစ်ဦးကိုပါ ထည့်သွင်းပေးထားလေ၏။

စပျစ်သီး အများဆုံး ခူးနိုင်သော မိသားစုသည် ယနေ့ည အိပ်စက်ရမည့် အခန်းများကို ပထမဆုံး ရွေးချယ်ပိုင်ခွင့် ရရှိလိမ့်မည်။အမှန်တကယ်တွင် အခန်းအားလုံးမှာ အတူတူဖြစ်သော်လည်း ပထမရရှိသော အခန်းတွင်မူ ညဘက်၌ လှဲလျောင်းကာ ကြယ်ကြည့်နိုင်သည့် ဝရံတာလေးတစ်ခု ပါဝင်သည်။

ယခင်ဘဝက ယဲ့ယီသည် နယ်ဘက်တွင် ရုပ်ရှင်ရိုက်ကူးနေစဉ် ကြယ်များ အပြည့်ရှိသော ကောင်းကင်ယံကို မြင်တွေ့ခဲ့ဖူး၏။ ထိုနောက်တွင်မူ အလုပ်များလွန်းသဖြင့် ထိုသို့သော မြင်ကွင်းကို မြင်တွေ့ရန် အခွင့်အရေး မရခဲ့တော့ပေ။ ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက်တွင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ထပ်မံ ရရှိခဲ့သဖြင့် သူမသည် ဤအခွင့်အရေးကို လက်လွှတ်မခံရန် စိတ်ကူးထားခဲ့သည်။

အားအင်အပြည့်နှင့် ယဲ့ယီသည် ရိုက်ကူးရေးအဖွဲ့မှ စတင်ရန် ကြေညာလိုက်သည်နှင့် စပျစ်ခြံအတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားတော့၏။ စပျစ်ခြံထဲတွင် အလွန်ပင် အရသာရှိပုံရသော စပျစ်သီးခိုင်များမှာ ပြွတ်ပြွတ်သီးနေ၏။ အကယ်၍ လယ်သမားမှ မစားမီ ဆေးကြောရမည်ဟု မပြောခဲ့လျှင် ယဲ့ယီသည် ထိုနေရာမှာတင် စားပြီးနေလောက်လေပြီ။

ကုစဲ့လည်း ခြင်းတောင်းအသေးလေးကို ကိုင်ကာ ယဲ့ယီ၏ နောက်မှ တကောက်ကောက် လိုက်ပါလာပြီး အောက်ဘက်တွင် တွဲလောင်းကျနေသော စပျစ်သီးများကို ကူညီ ခူးပေးနေသည်။

အဖွဲ့လေးဖွဲ့လုံးအတွက် သတ်မှတ်ပေးထားသော နေရာများမှာ တစ်ဆက်တည်း ဖြစ်နေသဖြင့် အချင်းချင်း လုပ်ဆောင်မှုများကို မြင်တွေ့နေရ၏။ လူတိုင်းမှာ ကြိုးကြိုးစားစား လုပ်ကိုင်နေကြသော်လည်း သွမ့်ဟွေကျို တစ်ယောက်သာ လန်ရွှယ် ဘက်သို့ ခိုးကြည့်နေလေသည်။ ကင်မရာသမားသည် သူ့အမူအရာ အသေးစိတ်ကစ အမိအရ ရိုက်ကူးထားနိုင်ခဲ့၏။

[ဟင်း... ဟင်း... သွမ့်ဟွေကျိုရဲ့ လန်ရွှယ်အပေါ် ထားတဲ့ အချစ်ကတော့ တကယ်ကို စစ်မှန်ပုံရတယ်။ ဆယ်မိနစ်ကျော်အတွင်းမှာတင် သူ့ဘက်ကို အနည်းဆုံး အကြိမ် နှစ်ဆယ်လောက် လှည့်ကြည့်နေတာ]

[ဒီလူနှစ်ယောက်သာ အိမ်ထောင်မရှိကြဘူးဆိုရင် တကယ့်ကို ချစ်ခင်စရာကောင်းတဲ့ စုံတွဲတစ်တွဲ ဖြစ်နေမှာပဲ]

[တော်စမ်းပါ၊ သွမ့်ဟွေကျိုက နန်ချင်ဝမ်ကို ဘယ်လောက်တောင် အလိုလိုက်ခဲ့လဲဆိုတာ မမေ့နဲ့ဦး၊ အဆုံးမှာတော့ တခြားသူနောက် ပါသွားတာပဲလေ။ ယောက်ျားတွေဆိုတာ မရသေးခင်မှာပဲ တန်ဖိုးထားတတ်ကြတာ၊ ရသွားပြီဆိုရင်တော့ ဂရုမစိုက်တော့ဘူး]

[ချန်ထျန်မင်းက သွမ့်ဟွေကျိုရဲ့ အကြည့်တွေကို သတိမထားမိတာလား။ ငါသာဆိုရင် ကိုယ့်မိန်းမကို အဲ့ဒီလို စိုက်ကြည့်နေတဲ့သူကို လက်သီးနဲ့ ပြေးထိုးလိုက်ပြီ]

[ဟင်း မန်ရှင်းကလည်း ချန်ထျန်မင်းကို တစ်ချိန်လုံး စိုက်ကြည့်နေတာကို နင်တို့ မမြင်ကြဘူးလား]

[အမလေး... ဒါက လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြီးပါလား]

အချိန်ကြာလာသည်နှင့်အမျှ မိသားစု လေးစုလုံးမှာ ခူး၍ ပြီးသလောက် ရှိနေလေပြီ။

နောက်ဆုံးရလဒ်ကိုမူ စပျစ်သီးများကို ချိန်တွယ်ပြီးမှသာ သိရှိနိုင်မည်။

ယခုအခါ ဧည့်သည်များသည် ခူးထားသော စပျစ်သီးများကို ကွင်းပြင်တစ်ခုသို့ စတင် သယ်ယူနေကြပြီ ဖြစ်သည်။

ယဲ့ယီသည် စပျစ်သီးများကို ကြိုးစားပမ်းစား သယ်ယူနေစဉ် သွမ့်ဟွေကျိုသည် လန်ရွှယ်၏ ဘေးသို့ လျှောက်သွားသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

‘ဟော... လာပြီ၊ ပြောချင်စရာတွေ ဖြစ်တော့မယ်’

ယဲ့ယီသည် လုပ်လက်စများကို ချက်ချင်း ရပ်လိုက်ပြီး သွမ့်ဟွေကျိုနှင့် လန်ရွှယ်တို့၏ စကားပြောသံကို စတင် နားစွင့်နေတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များမှာလည်း ရယ်မောသံများဖြင့် ပြည့်နှက်နေတော့၏။

[ယဲ့ယီကို ကြည့်လိုက်စမ်း။ သွမ့်ဟွေကျို က လန်ရွှယ်ဆီ လျှောက်သွားတာ မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေက အရောင်တောက်သွားတာပဲ]

[မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အတင်း ပြောတာက လူတိုင်းရဲ့ ဗီဇပဲ ဟားဟားဟား]

[သွမ့်ဟွေကျိုက အခု ဘာလုပ်ဖို့ ကြိုးစားနေတာလဲဆိုတာ ငါ တကယ် သိချင်နေပြီ]

သွမ့်ဟွေကျိုသည် လန်ရွှယ်အနားသို့ လျှောက်သွားကာ သူမ ရှေ့ရှိ စပျစ်သီးများကို မလိုက်ရင်း ပြောလိုက်၏။

“ကိုယ် ကူသယ်ပေးမယ်လေ”

[ဟိုး... ဟိုး... သူ ဘာလုပ်နေတာလဲ။ သူ့ကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတာလား]

[သွမ့်ဟွေကျို ဦးနှောက်ထဲမှာ တစ်ခုခု လိုနေတာလား။ သူ့ခင်ပွန်းအစစ်က အဲ့ဒီမှာ ရှိနေတာကို တကယ်ပဲ အထိုးခံရမှာ မကြောက်တာလား]

[သတိထား၊ သတိထား ၊ ချန်ထျန်မင်းကတော့ နောက် ၃ စက္ကန့်အတွင်း စစ်မြေပြင်ကို ရောက်လာတော့မယ်]

လန်ရွှယ်သည် သွမ့်ဟွေကျိုကို မြင်လိုက်ရချိန်တွင် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိ၏။

‘ငါတို့ အခြေအနေ က ဒီလောက်ထိ အနေခက်နေတာကို မလုံလောက်သေးဘူးလို့များ ထင်နေတာလား’

“ရတယ် ကျေးဇူးပဲ။ ကျွန်မဘာသာကျွန်မသယ်နိုင်တယ်”

သွမ့်ဟွေကျို နာကျင်သွားသည့် ပုံစံနှင့်ပြန်ပြောလေ၏။

“ရွှယ်အာ မင်း ကိုယ့်အပေါ် ဒီလောက်တောင် စိမ်းကားနေဖို့ လိုလို့လား။ ကိုယ်တို့တွေ သူငယ်ချင်းတွေ ဖြစ်နေဦးမှာပါလို့ မင်း အရင်က ပြောခဲ့တယ်လေ”

အနားမှ နားစွင့်နေသော ယဲ့ယီမှာမူ အော်ရယ်မိမတတ် ဖြစ်သွားရ၏။

‘ သွမ့်ဟွေကျိုက တကယ်ပဲ ဦးနှောက် မရှိတာလား။ တကယ်လို့ ချန်ထျန်မင်း ပြန်ရောက်လာလို့ ဒါကို မြင်သွားရင် လန်ရွှယ်တော့ ဒုက္ခတွေ့တော့မှာပဲ’

ချန်ထျန်မင်းသည် အမှန်တကယ်ပင် ရောက်ရှိလာခဲ့၏။

“ငါ့ဇနီးကို ငါကိုယ်တိုင် ကူညီနိုင်တယ်။ မင်းသားသွမ့်က ကိုယ့်ဇနီးနဲ့ ကလေးကို သွားကူညီသင့်တာပေါ့။ ကိုယ်နဲ့ မဆိုင်တာကို မမက်မောဖို့ အကြံပေးပါရစေ”

ချန်ထျန်မင်း အေးစက်စက် ပြောလိုက်သည်။

သွမ့်ဟွေကျိုသည် ချန်ထျန်မင်းကို မြင်လိုက်ရသည့် ခဏမှာပင် အလွန်တရာ အရှက်ရသွားပြီး အမြီးကုပ်ကာ ထွက်ခွာသွားလေ၏။

သွမ့်ဟွေကျို ထွက်သွားပြီးနောက် ချန်ထျန်မင်းသည် လန်ရွှယ် ရှေ့ရှိ စပျစ်သီးများကို မယူလိုက်သည်။ အပြင်ပန်းအရ သူ မကျေမနပ် ဖြစ်ပုံမရသော်လည်း အလွန်အမင်း ဒေါသထွက်နေသည်ကို လန်ရွှယ် သိနေသည်။ သွမ့်ဟွေကျို ဆိုသည့် ရုပ်သေးလေးမှာတော့ ယခုအချိန်တွင် ကယ်တင်ရန် မဖြစ်နိုင်တော့ချေ။

လန်ရွှယ်မှာ နှမြောတသ ဖြစ်နေမိသော်လည်း သွမ့်ဟွေကျိုမှာ တကယ့်ကို အလွန်းသဖြင့် ယခုအခါ သူမကိုပါ ဒုက္ခတွင်းထဲသို့ ဆွဲချနေလေ၏။

[ဟားဟားဟား။ သွမ့်ဟွေကျို ခုနက အရှက်ရသွားတာကို ကြည့်ပြီး ငါတောင် နေစရာ မရှိအောင် ဖြစ်သွားရတယ်]

[ဦးနှောက်မရှိတဲ့သူတွေကို တွေ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိ ဖြစ်တဲ့သူမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး။ သွမ့်ဟွေကျို သူ ဒီထက်ပိုပြီး ဒုက္ခရောက်ချင်နေတာလား မသိဘူး]

[အားလုံးပဲ၊၊ ဒီလို အခိုက်အတန့်တွေကို အမိအရ ကြည့်ထားကြပါ။ ချန်ထျန်မင်း သွမ့်ဟွေကျိုကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်။ သွမ့်ဟွေကျိုလို လူမျိုးကို အနုပညာလောကမှာ နောက်တစ်ခါ မြင်ရတော့မှာ မဟုတ်ဘူး]

အခန်း (၁၀၀)

သနားစရာ ကုစဲ့လေး

ယဲ့ယီသည် ဘေးနားမှနေ၍ စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။ ထို့နောက် နောက်သို့လှည့်ကြည့်လိုက်ရာ မနီးမဝေးတွင် သူမကို ရပ်ကြည့်နေသော ကုရှီချန်းကို တွေ့လိုက်ရသဖြင့် အတော်လေး လန့်ဖြန့်သွားရလေသည်။

“အမလေး... ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ”

ကုရှီချန်း သက်ပြင်းသာချမိတော့သည်။ သူသည် ယဲ့ယီ နောက်တွင် ရပ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဤကိစ္စမှာ သူမနှင့် လုံးဝမသက်ဆိုင်ပါသော်လည်း အတင်းအဖျင်းသတင်းများကို အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်စွာ စပ်စုနေရသည်ကို ကုရှီချန်း နားမလည်နိုင်အောင် ဖြစ်နေ၏။

အကယ်၍ ယဲ့ယီသာ ကုရှီချန်း၏ အတွေးကို သိခဲ့မည်ဆိုပါက “ရှင်ကတော့ စပ်စုရတဲ့ အရသာကို ဘယ်နားလည်ပါ့မလဲ” ဟုပြန်လည်ချေပ ပြောလိမ့်မည်။

“ဆက်ပြီး စပ်စုနေမှာလား ပြိုင်ပွဲရလဒ်တွေ ထွက်တော့မယ်နော်”

ကုရီချန်း သတိပေးလိုက်သဖြင့် ယဲ့ယီ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်တော့သည်။

[အတင်းရှိရဲ့သားနဲ့ မစပ်စုရဘူးဆိုရင် ဒါ ကောင်းကင်ဘုံရဲ့ နိယာမတွေကို ဆန့်ကျင်ရာ ရောက်မှာပေါ့]

ထိုစဉ် ကုရှီချန်းသည် ယဲ့ယီ ရှေ့မှ စပျစ်သီးခြင်းများကို မ ယူကာ ရှေ့သို့ လျှောက်သွား၏။ ယဲ့ယီလည်း သူ့နောက်မှ ပျော်ရွှင်စွာ ခုန်ပေါက် လိုက်ပါသွားလေတော့သည်။

ချန်ထျန်မင်းသည် သူ့ဘက်မှ စပျစ်သီးများအားလုံးကို ရွှေ့ပြောင်းပြီးနောက် မန်ရှင်း၏ မိသားစုကို လူမှုရေးအရ သွားရောက်ကူညီပေးလိုက်သည်။

ထိုအခါ မန်ရှင်းမှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်သွားရသော်လည်း လန်ရွှယ်၏ မျက်နှာမှာမူ ဒေါသကြောင့် နီမြန်းသွားလေ၏။

မှတ်ချက်ထဲမှ အင်တာနက်ကြည့်ရှုသူများကလည်း ဤမြင်ကွင်းမှာ အလွန်ကြည့်ကောင်းကြောင်း ပြောဆိုနေကြပြီး တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူအရေအတွက်မှာလည်း ထိုးတက်သွားခဲ့လေသည်။ ဖန်သားပြင်နောက်ကွယ်မှ ဒါရိုက်တာမှာလည်း ပြုံးပျော်မဆုံး ဖြစ်နေရတော့သည်။

စီအီးအိုကု၏ အကြံပြုချက်ကို နားထောင်ပြီး သွမ့်ဟွေကျိုကို ဖိတ်ခေါ်ခဲ့ခြင်းမှာ မှန်ကန်ခဲ့သည်။ သို့မဟုတ်ပါက ဤမျှ ကောင်းမွန်သော ရလဒ်မျိုး မည်သို့မျှ မရရှိနိုင်ပေ။

လူတိုင်း စပျစ်သီးများကို ကွင်းပြင်သို့ ရွှေ့ပြောင်းပြီးသောအခါ ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက အလေးချိန်ကို စတင်တိုင်းတာလေသည်။

မချိန်တွယ်မီကပင် ကြည့်ရုံဖြင့် ယဲ့ယီတို့ဘက်က ပိုများနေသည်ဟု ထင်ရပြီး ချိန်တွယ်ပြီးနောက်တွင်လည်း ထင်ထားသည့်အတိုင်း သူတို့အဖွဲ့၏ အလေးချိန်က အများဆုံး ဖြစ်နေလေသည်။

ကျန်အဖွဲ့သုံးဖွဲ့မှ လူများမှာ စပျစ်သီးခူးနေစဉ် စိတ်လေနေကြသဖြင့် ယဲ့ယီသည် သူမ လိုချင်သော အိမ်လေးကို အောင်မြင်စွာ ရရှိသွားခဲ့သည်။

ယနေ့ည အနားယူရန် အိမ်များကို ခွဲဝေပေးပြီးနောက် ရိုက်ကူးရေးအဖွဲ့က စပျစ်သီးများကို အပုံလိုက် ရက်ရက်ရောရော ပေးအပ်ခဲ့၏။

လူတိုင်း စပျစ်သီးများကို အတူတကွ စားသုံးရင်း စိတ်လက်ပေါ့ပါးစွာ ရှိနေကြ၏။

သို့သော် ချန်ဟောင်ယုကမူ လန်ရွှယ်ကို သူ့အား အလုပ်အကျွေးပြုရန် အဆက်မပြတ် တောင်းဆိုနေတော့သည်။

“သား အခွံနွှာပြီးသား စပျစ်သီးပဲ စားချင်တာ၊ မေမေ နွှာပေးဦး”

ချန်ဟောင်ယု ခပ်ချေချေပြောရင်း စပျစ်သီးပန်းကန်ကို လန်ရွှယ်ရှေ့သို့ တွန်းပို့လိုက်သည်။

လန်ရွှယ်သည် ထိုသခင်လေးကို အလုပ်အကျွေး မပြုစုလိုပေ။ ချန်ထျန်မင်း တစ်ခုခု ပြောပေးမည်ဟု မျှော်လင့်ချက်ဖြင့် တောင်းပန်တိုးလျှိုးအကြည့်လေးဖြင့် ကြည့်လိုက်လေ၏။

သို့သော် ချန်ထျန်မင်းမှာ ဒေါသထွက်နေသဖြင့် သူမကို လျစ်လျူရှုထားလိုက်သည်။

ထိုအစား မန်ရှင်းက ပြုံး၍ လန်ရွှယ်အား ပြောလိုက်၏။

“ရွှယ်အာ၊ ညီမက ပုံမှန်ဆိုရင် ဟောင်ယုကို စပျစ်သီးနွှာမပေးဘူး ထင်တယ်နော်၊ ကျွန်မကတော့ ကျွန်မရဲ့ ကျီထုံကို ခဏခဏ နွှာပေးနေကြလေ။ ဟောင်ယုလေး... အန်တီ နွှာပေးရမလား”

ကင်မရာ မမိသော နေရာတွင် မန်ရှင်း လန်ရွှယ်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

လန်ရွှယ် ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း အပြုံးမပျက် ပြန်ပြောလိုက်လေ၏။

“ကျွန်မလည်း အိမ်မှာ ဟောင်ယုကို ခဏခဏ နွှာပေးနေကြပါပဲ။ လာ ဟောင်ယု၊ မေမေ နွှာပေးမယ်နော်”

သူတို့၏ သိမ်မွေ့သော လှုပ်ရှားမှုများကို ကင်မရာတွင် မတွေ့ရသော်လည်း အနီးနားရှိ လူများကမူ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

သို့သော် မည်သူကမျှ သူတို့အကြံအဖန်များထဲတွင် ဝင်ရောက်မပတ်သက်လိုကြပေ။

နန်ချင်ဝမ်သည် သွမ့်ကျားကျားအတွက် စပျစ်သီးနွှာပေးနေစဉ် ယဲ့ယီမှာမူ စပျစ်သီးများကို အငမ်းမရ စားနေလေ၏။

အတင်းစပ်စုရင်း စပျစ်သီးစားရသည့် အရသာမှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။

ထိုစဉ် ကုစဲ့ စပျစ်သီးတစ်ခိုင်ကို ကိုင်ကာ သူမရှေ့သို့ ရောက်လာ၏။ ယဲ့ယီ ငြင်းဆန်သော မျက်နှာပေးဖြင့် ပြောလိုက်၏။

“မင်း အဖေကို နွှာခိုင်းလိုက်။ အမေကတော့ အဲ့တာတွေ မလုပ်တတ်ဘူး”

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ယဲ့ယီ တစ်ယောက် မျက်နှာသေဖြင့် မဟုတ်မမှန် ပြောဆိုနေသည်ကို ကြည့်နေကြရသည်။

[ဒီယဲ့ယီက ဘယ်လိုတောင် ဖြစ်နေတာလဲ။ ကလေးတစ်ယောက်အတွက် စပျစ်သီးလေး နွှာပေးတာက ဘာခက်လို့လဲ။ စီအီးအိုကုရဲ့ လက်တွေက ဒေါ်လာ သန်းချီတန်တဲ့ စာချုပ်တွေ လက်မှတ်ထိုးဖို့ပဲ၊ ဒီလို အသေးအမွှားလေးတွေ လုပ်ဖို့ မဟုတ်ဘူး]

[ထင်ထားတဲ့အတိုင်းပဲ၊ ကိုယ်တိုင်မွေးထားတဲ့ သားမဟုတ်တော့ ဘယ်ချစ်ပါ့မလဲ။ ကုစဲ့လေး လိမ္မာတယ်နော်၊ မမ နွှာပေးမယ်]

[တကယ်တော့ စပျစ်သီးစားတာပဲဟာ၊ ဒီလောက်အထိ လုပ်ပေးနေဖို့ မလိုပါဘူး]

ယဲ့ယီသည် ထိုသို့ပြောသည်ကို မြင်သောအခါ လန်ရွှယ်သည် တမင်တကာ ပြဿနာရှာရန် ကြိုးစားတော့၏။

“ယဲ့ယီ မိခင်တွေအနေနဲ့ ကိုယ်စားဖို့ပဲ ကြည့်နေလို့မရဘူးလေ။ ပြီးတော့ စီအီးအိုကုကို ဒီလို အသေးအမွှားလေးတွေနဲ့ ဘာလို့ သွားဒုက္ခပေးနေမှာလဲ။ ကုစဲ့လေးကို နွှာပေးလိုက်ပါ”

ယဲ့ယီ ဆွံ့အသွားသည်။

“သူ့မှာ လက်မပါဘူးလား။ စပျစ်သီးစားဖို့အတွက်တောင် လူလိုသေးတာလား”

[သားလေး... သွား၊ မင်းအဖေကို နွှာခိုင်းလိုက်၊ မေမေကတော့ ဝအောင် မစားရသေးဘူး]

သူမ စိတ်ထဲက အတွေးကို ကြားပြီးနောက် ကုရှီချန်းမှာ ခေါင်းခါမိတော့သည်။

‘ဒီမိန်းမကတော့ ဘယ်တော့မှ အရှုံးမပေးတတ်ပါလား’

“ယဲ့ယီ နင် ရှောင်စဲ့လေးအပေါ် ဘယ်လိုလုပ် အဲ့လိုပြောနိုင်ရတာလဲ”

လန်ရွှယ်သည် သနားကရုဏာသက်ဟန်ဖြင့် ကုစဲ့ကို ကြည့်လိုက်ပြီး သူမနွှာထားသော စပျစ်သီးတစ်လုံးကို လှမ်းပေးလိုက်၏။

“ရှောင်စဲ့လေး... စိတ်မကောင်းမဖြစ်နဲ့နော်၊၊ အန်တီ နွှာပေးမယ်”

လန်ရွှယ်သည် စပျစ်သီးများကို ကုစဲ့အား ပေးမည်ပြုသောအခါ ချန်ဟောင်ယု ချက်ချင်းပင် မကျေမနပ် ဖြစ်သွားလေ၏။ ထို့နောက် စပျစ်သီးပန်းကန်ကို ဆွဲယူလိုက်ကာ အော်ပြောလိုက်တော့သည်။

“ဒါတွေက သားဟာတွေ”

“ဟောင်ယု... လိမ္မာတယ်နော်။ ညီလေးကို စပျစ်သီးပေးလိုက်၊ မေမေက နောက်ထပ် နွှာပေးဦးမှာလေ”

လန်ရွှယ်သည် ဖျောင်းဖျလိုက်သော်လည်း ချန်ဟောင်ယုက စပျစ်သီးများကို ကျောနောက်တွင် ဝှက်ထားလိုက်ပြီး ပြန်ပြောလိုက်၏။

“မပေးချင်ဘူး၊ သူ စားချင်ရင် သူ့မေမေကို နွှာခိုင်းပါ့လား”

ချန်ဟောင်ယုသည်

“ကြည့်စမ်း... ငါ့မေမေက ငါ့အတွက် နွှာပေးတယ်၊ မင်းမေမေကတော့ မင်းအတွက် မနွှာပေးချင်ဘူး”

ဆိုသည့် အကြည့်မျိုးနှင့် ကုစဲ့ကို မနာလိုဖြစ်အောင် ကြည့်လိုက်၏။

အွန်လိုင်းပေါ်မှ ပရိသတ်အများအပြားကလည်း ယဲ့ယီကို စတင် ရှုံ့ချကြတော့သည်။

[ကုစဲ့က သနားစရာလေး၊ ယဲ့ယီက ဘယ်လိုတောင် နှလုံးသားမရှိရတာလဲ]

[နှစ်ယောက်စလုံးက မိထွေးတွေဖြစ်ပေမဲ့ လန်ရွှယ်က ချန်ဟောင်ယုကို သားအရင်းလို ဆက်ဆံတယ်၊ ယဲ့ယီကတော့ မိထွေးပီသလွန်းတယ်]

[ယဲ့ယီက မိခင်တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး]

[ဒီလို အသေးအမွှားလေးတောင် မလုပ်ပေးချင်တာ။ အိမ်မှာဆိုရင် ကုစဲ့ကို ဘယ်လိုများ နှိပ်စက်နေမလဲ မသိဘူး]

လန်ရွှယ်သည် ကုစဲ့ကို အားနာသည့်ပုံစံနှင့် ပြောလိုက်၏။

“စိတ်မရှိပါနဲ့ ရှောင်စဲ့ရယ်၊ အန်တီရဲ့ ဟောင်ယုက မိခင်မေတ္တာကို မဝေမျှချင်လို့ပါ”

လန်ရွှယ်သည် မိခင်မေတ္တာဆိုသည့် စကားလုံးကို တမင်တကာ ဖိပြောလိုက်၏။

ကုစဲ့အပေါ် မိခင်မေတ္တာ မရှိကြောင်း လန်ရွှယ် တစ်ယောက် တမင်သွယ်ဝိုက်၍ စောင်းမြောင်းပြောနေသည်ကို ယဲ့ယီ သိလိုက်သည်။

ယဲ့ယီသည် စပျစ်သီးများကို ကြည့်ရင်း တံတွေးကို အသာမျိုချကာ ကုစဲ့ကို ပြောလိုက်၏။

“ဒီယူလာခဲ့။ ငါ နွှာပေးမယ်”

ကုစဲ့သည် စပျစ်သီးများကို ယဲ့ယီထံ ကမ်းပေးလိုက်သည်။ ယဲ့ယီသည် နွှာပြီးသား စပျစ်သီးများကို ထည့်ရန် ပန်းကန်အလွတ်တစ်ခုကို ရှာဖွေနေစဉ် ကုစဲ့က သူမကို တားလိုက်၏။

“သားမှာ လက်ပါတယ်။ အဲ့တာတွေ နွှာပေးဖို့ မလိုဘူး”

“ဟင်”

ကုစဲ့ ထိုသို့ ပြောလိုက်သဖြင့် ယဲ့ယီမှာ ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။

“ဒါဆို ဘာလို့ ငါ့ကို စပျစ်သီးတွေ လာပေးနေတာလဲ”

ကုစဲ့သည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်၏။

“သား မြည်းကြည့်ပြီးပြီ၊ ဒီစပျစ်သီးတွေက အရမ်းချိုတာပဲ။ အဲ့ဒါကြောင့် မေမေ့ကို စားစေချင်လို့”

အခြေအနေသည် ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသဖြင့် လူတိုင်း ခဏတာ အံ့အားသင့်သွားကြရ၏။

ယဲ့ယီသည် “အင်း” ဟုသာ အသံပြုလိုက်သော်လည်း စိတ်ထဲတွင်မူ မျက်ရည်ကျမတတ် ဝမ်းသာနေမိသည်။

[ငါ့သားလေးက ဘယ်လိုတောင် သိတတ်ရတာလဲ။ အား အရမ်းကြည်နူးဖို့ ကောင်းတာပဲ၊၊ သူ့ကို အရမ်းချစ်တယ်]

ယဲ့ယီ၏ အတွေးများကို ကုစဲ့ ကြားလိုက်ရသောအခါ သူ့မျက်နှာမှာ နီမြန်းသွားလေတော့၏။

လန်ရွှယ် အရှုံးမပေးသေးပေ။

“ရှောင်စဲ့လေး မေမေကို စပျစ်သီးနွှာခိုင်းတာ ရှက်စရာ မဟုတ်ပါဘူး၊ ရှက်မနေပါနဲ့”

ကုစဲ့က အလေးအနက်ထား၍ ပြန်ပြောလိုက်၏။

“ယောင်္ကျားလေးဆိုတာ ကိုယ့်ကိစ္စကိုယ် လုပ်ရမယ်လို့ ဖေဖေက သင်ပေးထားတယ်”

ထိုအခါ အနီးနားရှိ အခြားသော ယောင်္ကျားလေးဖြစ်သူ ချန်ဟောင်ယုမှာ ကုစဲ့၏ စကားသည် သူ့ကို ရည်ညွှန်းနေသကဲ့သို့ ခံစားလိုက်ရပြီး လန်ရွှယ်နွှာပေးထားသော စပျစ်သီးများမှာလည်း ချက်ချင်းပင် အရသာ မရှိတော့ပေ။

“သားလည်း နွှာတတ်တာပေါ့။ ခုနက... ခုနက...”

ချန်ဟောင်ယုသည် ဆင်ခြေပေးရန် ကြိုးစားသော်လည်း စကားလုံးများ ပျောက်ဆုံးနေခဲ့၏။

နောက်ဆုံးတွင် သူသည် လန်ရွှယ်နွှာပေးထားသော စပျစ်သီးများကို ဘေးဖယ်ထားလိုက်ပြီး ကိုယ်တိုင်ပင် စတင်နွှာစားလေတော့၏။

[အား ကုစဲ့က ယဲ့ယီကို စပျစ်သီးနွှာခိုင်းချင်လို့ မဟုတ်ဘူးကိုး]

[ယောင်္ကျားလေးတွေ မသိတတ်ဘူးလို့ ဘယ်သူပြောလဲ။ ကုစဲ့လို သားမျိုး နောက်ထပ် တစ်ဒါဇင်လောက် ပေးစမ်းပါ]

[ကုစဲ့က ယဲ့ယီအပေါ် အရမ်းကောင်းတာပဲ၊၊ ဒီကလေးက တကယ်ကို သိတတ်တဲ့ ကလေးလေးပဲ]

[ဟွန့်... ယဲ့ယီရဲ့ ခုနက အမူအရာကို ကြည့်ရင် ကုစဲ့ သူ့အပေါ် ကောင်းတာတွေက နှမြောဖို့ ကောင်းလိုက်တာ]

[ဒီမိန်းမ ယဲ့ယီက ကုစဲ့ရဲ့ ကောင်းကွက်တွေကို ရဖို့ မထိုက်တန်ပါဘူး]

[ကုစဲ့က ယဲ့ယီအပေါ် အရမ်းကောင်းနေတာတောင် သူကတော့ ဘာမှ မဖြစ်သလိုပဲ။ သနားစရာ ကုစဲ့လေးရယ်]

All Chapters