အခန်း (၁၀၁၁-၁၀၁၂)
Vol. 102 Ch. 1011-1012
အခန်း (၁၀၁၁) - ကုန်းကောက်စရာမရှိတဲ့ လူပြက်၊ အဖတ်လုပ်ပြောနေဖို့ မတန်ဘူး
ဤလျှို့ဝှက်ဆန်းကြယ်လှသော တာအိုကျောင်းကြီးအတွင်းရှိ လေထုကြီးသည် ရုတ်တရက်ဆိုသလို ဓားကစားပွဲလို တင်းမာခက်ထန်သွားခဲ့ပြီ ဖြစ်သည်။
ပါးစပ်ကြီး နားရွက်အထိ ပြဲအာကာ ထက်မြက်သည့် သွားစွယ်များနှင့် ပြည့်နှက်နေပြီး အလွန် ယုတ်မာညစ်ထန်စွာ ပြုံးနေသည့် ထိုလူငယ်ရဟန်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် တရိပ်ရိပ် မြင့်တက်လာနေတော့သည်။ သူ့ကို ဗဟိုပြု၍ သိပ်သည်းလှသော သွေးရောင် အငွေ့အသက်များ ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့သည်။
သူ့ထံမှ ထွက်ပေါ်လာသည့် စွမ်းအားများက အလွန်တရာ ယုတ်မာညစ်ထန်ပြီး အေးစက်လွန်းလှသဖြင့် ဘေးလူကိုပင် စိတ်မသက်မသာ ဖြစ်သွားစေသည်။
အမူအရာ အေးစက်လှသည့် အမျိုးသားနှင့် သူ့ဘေးမှ သက်ကြီးရွယ်အို သုံးဦးတို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြပြီး နောက်သို့ အနည်းငယ် ဆုတ်ခွာလိုက်ကြသည်။ စောစောက မိမိတို့နှင့်အတူ နန်းတော်ဆောင်တစ်ခုတည်း၌ တာအိုတရား ပြိုင်တူနားလည်ခဲ့သည့် လူငယ်တာအိုဆရာသည် ယခုကဲ့သို့သော နေရာတွင် ဤမျှ ကြောက်စရာကောင်းသည့် ရန်သူနှင့် ထိပ်တိုက်တိုးလိမ့်မည်ဟု ၎င်းတို့ ထင်မထားခဲ့မိပေ။
လူငယ်ရဟန်းက ပါးစပ်ကြီး ဖြဲခြစ်ကာ နောက်တစ်ကြိမ် ပြုံးပြလိုက်ပြန်ပြီး ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် တန်ခိုးစွမ်းအား မှော်အတတ်တစ်ခုက လီယန်ချူ၏ ရင်ဘတ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
သူ ခြေလှမ်းလှမ်းလိုက်သည်နှင့်အမျှ သူ့နောက်ကွယ်တွင် သွေးမြစ်တစ်စင်း တဟုန်ထိုး စီးဆင်းလာသကဲ့သို့ ဖြစ်ပေါ်လာသည်။ ၎င်းသည် တာအိုတရားများကို အကြီးအကျယ် ဖိနှိပ်ချုပ်ခြယ်နိုင်စွမ်းရှိသည့် အလွန် ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအား မှော်အတတ်တစ်ခု ဖြစ်ပေသည်။
လီယန်ချူ၏ မျက်နှာက အေးစက်နေပြီး လက်ကို ဝေ့ယမ်းကာ လက်ဝါးတစ်ချက် စောင့်ရိုက်ထုတ်လိုက်တော့သည်။
ရွှေရောင်ဝင်းပနေသည့် လက်ဝါးရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး တကယ့် ရွှေစင်ရွှေသားအတိုင်း တောက်ပလွန်းလှသည်။
'ဝုန်း...'
ထိုလက်ဝါးရိပ်ကြီးနှင့် လူငယ်ရဟန်း၏ တန်ခိုးစွမ်းအားတို့ ထိပ်တိုက်ဆုံတွေ့သွားကြရာ... တစ်ခဏအတွင်းမှာပင် ဆီပူအိုးထဲသို့ ရေအေးလောင်းထည့်လိုက်သကဲ့သို့ အကြီးအကျယ် ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားတော့သည်။ သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သည့် တာအိုကျောင်းအတွင်း၌ အစွမ်းထက်လှသော တားမြစ်ချက်များ ရှိနေသဖြင့် လူနှစ်ဦး ဤမျှအထိ ပြင်းထန်စွာ လက်ရုံးရည်ပြိုင်ကြသော်လည်း တာအိုကျောင်းကမူ တစ်စုံတစ်ရာ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း အကောင်းပကတိ ရှိနေဆဲဖြစ်သည်။
သက်ကြီးရွယ်အို သုံးဦးသည်လည်း တန်ခိုးစွမ်းအားများကို ထုတ်ဖော်ကာ အဆိုပါ ပေါက်ကွဲမှုအရှိန်ကို ခုခံလိုက်ကြရပြီး ၎င်းတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ထင်ဟပ်သွားရသည်။
"တကယ့်ကို အစွမ်းထက်တာပဲ"
၎င်းတို့ ရှေ့မှောက်ရှိ ကာကွယ်ရေးစွမ်းအား အကာအကွယ်ကြီးသည် အစင်းကြောင်းများ ထင်ကျန်သွားခဲ့ရပြီး စောစောက ပေါက်ကွဲမှု၏ အကြွင်းအကျန် အရှိန်အဝါကြောင့် ချက်ချင်း ကြေမွပျက်စီးသွားလုနီးပါး ဖြစ်ခဲ့ရသည်။
ထိုအမူအရာ အေးစက်လှသည့် အမျိုးသား၏ မျက်ဝန်းထဲတွင်မူ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး ထိုလူနှစ်ဦးကို ကြည့်ကာ လက်ရုံးရည်ပြိုင်ချင်စိတ်များ တားမရဆီးမရ ဖြစ်လာခဲ့သည်။
သက်ကြီးရွယ်အိုတစ်ဦးက လေသံကို နှိမ့်ကာ တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။
"တာအိုသားတော်... ဒီလူနှစ်ယောက်ရဲ့ ကျင့်ကြံမှုက စူးစမ်းလို့မရအောင် နက်နဲလွန်းလှတယ်၊ မင်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"
ထိုအမျိုးသားကမူ ၎င်း၏ စကားကို ကြားဟန်မပြဘဲ ရှေ့မှောက်မှ မြင်ကွင်းကို စူးစိုက်ကြည့်နေဆဲဖြစ်ကာ မျက်ဝန်းထဲတွင်မူ တိုက်ခိုက်လိုစိတ်များ ဆူပွက်နေဆဲဖြစ်သည်။
သက်ကြီးရွယ်အို သုံးဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထပ်မံ၍ ဖျောင်းဖျလိုက်ကြသည်။
"ဒီတာအိုကျောင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမွေအနှစ်တွေ ရှိနေတာပဲ၊ သူတို့နှစ်ယောက် တိုက်ခိုက်နေတုန်း ငါတို့ တာအိုကျောင်းထဲ ဝင်ပြီး တာအိုတရား သွားရောက်နားလည်တာက ပိုကောင်းလိမ့်မယ်၊ ဒီလို အခွင့်အရေးကောင်းကို အလဟဿ အကုန်မခံသင့်ဘူး"
တာအိုသားတော်ဟု ခေါ်ဆိုအပ်သည့် ထိုအမျိုးသားက တည်ငြိမ်စွာ ပြောလိုက်သည်။
"တာအိုကျောင်းက ဒီမှာတင် ရှိနေတာပဲ၊ ပျက်စီးသွားမှာလည်း မဟုတ်ဘူး... ဒီအတိုင်း ထွက်သွားရမှာတော့ နှမြောစရာ မကောင်းဘူးလား "
မျက်နှာထား တည်ကြည်လှသည့် သက်ကြီးရွယ်အိုတစ်ဦးက ပြောလိုက်သည်။
"ယွမ်မုန့်ကျောက် ထဲမှာ ပညာရှင်တွေ ပုန်းခိုနေတာ အများကြီးပဲ၊ နောင်လည်း အခွင့်အရေး ရှိပါသေးတယ်... မင်း ဂိုဏ်းချုပ်ကြီး မှာလိုက်တဲ့စကားကို မေ့သွားပြီလား"
ထိုအမျိုးသား မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ခေတ္တမျှ စဉ်းစားတွေးတောလိုက်မိမှသာ စိတ်ထဲတွင် ဆူပွက်နေသည့် တိုက်ခိုက်လိုစိတ်များကို ပြန်လည်နှိပ်ကွပ်လိုက်တော့သည်။
"ကောင်းပြီ"
၎င်းတို့ လေးဦးစလုံး တာအိုကျောင်းအတွင်းရှိ နန်းတော်ဆောင်တစ်ခုထဲသို့ တိုက်ရိုက် ဆုတ်ခွာဝင်ရောက်သွားကြတော့သည်။
ဤတာအိုကျောင်းကို ဘယ်သူက တည်ဆောက်ခဲ့ပြီး ဘယ်အချိန်တုန်းက တည်ဆောက်ခဲ့မှန်း ဘယ်သူမျှ မသိကြချေ။ သို့သော်လည်း နန်းတော်ဆောင်ထဲ ဝင်ရောက်သွားသည်နှင့် ပြင်ပလောကရှိ အရာအားလုံးနှင့် လုံးဝ ဥဿုံ ကန့်သတ်ဖယ်ကျဉ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားရစေသည်။ ထိုသက်ကြီးရွယ်အိုများမှာ စောစောကတည်းက ဤအခြင်းအရာကို သတိပြုမိခဲ့ကြပြီးဖြစ်ရာ ဤနေရာသည် တကယ့်ကို ဆန်းကြယ်ထူးခြားလှသည့် နေရာမွန်တစ်ခု ဖြစ်ကြောင်း သေချာသွားခဲ့သည်။
ထိုအချိန်တွင် တာအိုကျောင်းပြင်ပရှိ ရင်ပြင်ကျယ်ကြီးပေါ်တွင်မူ လီယန်ချူနှင့် လူငယ်ရဟန်းတို့သည် တိုတောင်းလှသော အချိန်အတွင်းမှာပင် ကွက်တိ လက်ရုံးရည် အပြင်းအထန် ပြိုင်ဆိုင်နေကြပြီး အရှိန်အဝါများ ဝုန်းခနဲ ပေါက်ကွဲထွက်နေသည်။
သိပ်သည်းလှသော သွေးရောင် အငွေ့အသက်များကြားထဲတွင် ရွှေရောင်အလင်းတန်းများ လှုပ်ရှားနေပြီး သွေးပင်လယ်ကြီးထဲသို့ နေမင်းကြီး တစ်စင်း နစ်ဝင်သွားသကဲ့သို့ ထင်မှတ်ရစေသည်။
ခဏအကြာတွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
'ဝုန်း...'
လူရိပ်တစ်ခု လွင့်ထွက်သွားပြီး တံတိုင်းပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤတာအိုကျောင်း၏ တံတိုင်းများပေါ်တွင် ရှေးဟောင်းတားမြစ်ချက်များ ရှိနေသဖြင့် ထိုလူရိပ်၏ ပြင်းထန်လှသော ဆောင့်ကန်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး ပြိုပျက်မသွားခြင်း ဖြစ်သည်။
ထိုလူရိပ်သည် မြေပြင်ပေါ်သို့ တရွေ့ရွေ့ ဆင်းသက်လာခဲ့ပြီး မျက်နှာက ဖြူလျော်နေကာ ၎င်းမှာ အခြားသူမဟုတ်ဘဲ ထိုလူငယ်ရဟန်းပင် ဖြစ်သည်။
ယခုအချိန်တွင် ထိုယုတ်မာညစ်ထန်လှသော ရဟန်းသည် မျက်မှောင်ကြုတ်ထားမိပြီး အမူအရာက အလွန်တရာ တည်ကြည်လေးနက်နေတော့သည်။
"မတွေ့ရတဲ့ ခဏလေးအတွင်းမှာပဲ ဒီကောင်က အစွမ်းတွေ ထပ်တိုးလာပြန်ပြီပဲ"
ပိုင်ယန်တာအိုဆရာသည် ယခုရရှိထားသည့် စွမ်းအားများဖြင့် လီယန်ချူကို အပြတ်အသတ် ဖိနှိပ် ချုပ်ခြယ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လီယန်ချူ၏ ကျင့်စဉ်စွမ်းအားများက ထုနဲ့ထည်နဲ့ ဖြစ်လွန်းလှပြီး မိမိထက်ပင် ပိုမို အားကောင်းမောင်းသန် ဖြစ်နေလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့မိပေ။
လီယန်ချူ၏ မျက်ဝန်းများက အေးစက်နေပြီး လက်ကို ဝေ့ယမ်းကာ လဲ့ချွဲကောက် ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
"ဒီလောက် အစွမ်းအစ လေးနဲ့များ ငါ့ရှေ့မှာ လာကြွားဝံ့သေးတယ်"
လီယန်ချူ၏ လေသံက တည်ငြိမ်အေးဆေးလှပြီး အမူအရာမှာလည်း အလွန် တည်ငြိမ်နေသည်။
ပိုင်ယန်တာအိုဆရာသည် ချက်ချင်းပင် အကြီးအကျယ် ဒေါသထွက်သွားရတော့သည်။
သူသည် အစဉ်အမြဲ မြင့်မြတ်လှသော နေရာတွင် တည်ရှိနေခဲ့ပြီး လူ့လောကရှိ ကျင့်ကြံသူများကို ငုံ့ကြည့်ကာ လာခဲ့သူ ဖြစ်သည်။ သူ့၏ တန်ခိုးစွမ်းအား၊ သူ့၏ နတ်ဘုရားစွမ်းအင်နှင့် သူ့၏ အတွေ့အကြုံ ဗဟုသုတများအရ ဤလောကရှိ ကျင့်ကြံသူများက သူ့ကို ယှဉ်နိုင်စရာ အကြောင်းမရှိချေ။ သူသည်သာလျှင် မြင့်မြတ်လှသော အထက်လောကမှ နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။
သို့သော်လည်း တစ်ဖက်လူ၏ ယခုကဲ့သို့သော အမူအရာက မိမိကို တစ်ချက်တည်းနှင့် ကြေမွသွားမည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထားနေခြင်း မဟုတ်ပါလော။
ပိုင်ယန်တာအိုဆရာ၏ မျက်ဝန်းများက သွေးအေးလွန်းလှပြီး တစ်ဖက်လူ၏ လက်ထဲမှ လျဲ့ချွဲကောက်ကို စိုက်ကြည့်ကာ -
"မင်းရဲ့ နတ်ဘုရားလက်နက်က ဒီနေရာမှာ သုံးလို့ရဦးမယ် ထင်လို့လား "
သူ့လေသံက အလွန် အေးစက်လှပြီး နှုတ်ခမ်းထောင့်ကမူ အနည်းငယ် တွန့်ကွေးသွားရသည်။
ထို့နောက် ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံသန်းသွားပြီး သွေးရောင်စိုနေသည့် မြွေနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ လီယန်ချူဆီသို့ တဟုန်ထိုး ပြေးဝင်ကာ အစွယ်ဖြင့် ကိုက်ခဲရန် ကြိုးစားတော့သည်။
ထိုသွေးရောင် မြွေနဂါးကြီးသည် ရေပုံးခန့်သာ တုတ်ခိုင်သော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများပေါ်တွင်မူ ထူထပ်ဆန်းပြားလှသည့် ရှေးဟောင်းမန္တန်စာလုံးများ ပြည့်နှက်နေသည်။ မျက်ဝန်းအစုံတွင်မူ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး လျှပ်စီးပမာ မြန်ဆန်လှသော အရှိန်ဖြင့် လီယန်ချူ၏ လည်ပင်းကို အစွယ်ဖြင့် လှမ်းကိုက်လိုက်တော့သည်။
လီယန်ချူ လဲ့ချွဲ ချိတ်ကောက်ကို လှုံ့ဆော်လိုက်သော်လည်း ဤနေရာတွင် အစွမ်းထက်လှသော တားမြစ်ချက် ရှိနေသဖြင့် လျဲ့ချွဲကောက်ကို တစ်စုံတစ်ရာ ထုတ်ဖော်၍ မရနိုင်ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူသည် လက်သီးတစ်ချက်ကိုသာ ထိုသွေးရောင် မြွေနဂါးကြီး၏ ဦးခေါင်းဆီသို့ လှမ်း၍ ထိုးနှက်လိုက်တော့သည်။
'ဝုန်း...'
သွေးရောင် မြွေနဂါးကြီးသည် ဘေးသို့ လွင့်ထွက်သွားရသော်လည်း နောက်တစ်ခဏတွင်မူ လီယန်ချူဆီသို့ ထပ်မံ၍ အစွယ်ဖြင့် လှမ်းကိုက်လာပြန်သည်။
"နတ်ဘုရားလက်နက်ရဲ့ စွမ်းအားကိုပဲ အမှီပြုထားတဲ့ကောင်... ဒီနေ့တော့ ငါက မင်းနဲ့ နတ်ဘုရားတွေကြားထဲမှာ ဘယ်လောက်တောင် ကွာခြားချက် ရှိလဲဆိုတာ သေချာ သိအောင် လုပ်ပေးရတာပေါ့ "
သွေးရောင် မြွေနဂါးကြီးက လူ့စကားကို လှမ်း၍ ပြောလိုက်သည်။
လီယန်ချူသည် လဲ့ချွဲ ချိတ်ကောက်ကို ထုတ်ဖော်၍ မရနိုင်တော့သည့်အပြင် ခါးကြားမှ ကျန့်ကျောင်းဓားကိုပါ အသုံးပြု၍ မရနိုင်တော့ချေ။
သူသည် ဤတာအိုကျောင်းက ဘယ်လိုနေရာမျိုးလဲဆိုတာ မသိသော်လည်း ပိုင်ယန်တာအိုဆရာကမူ သိရှိပြီးသားဖြစ်သည်။
ယခုအချိန်တွင် ဤတာအိုကျောင်းက ပျက်စီးယိုယွင်းနေပြီ ဖြစ်သော်လည်း အစွမ်းထက်လှသော တားမြစ်ချက်များစွာကမူ ဤနေရာတွင် ကျန်ရှိနေဆဲဖြစ်သည်။ ရှေးယခင်တုန်းက ဤနေရာသည် ဖူးမြော်ပူဇော်ရာ မင်္ဂလာမြေတစ်ခု ဖြစ်ခဲ့ပြီး အလွန်တရာ ဆန်းကြယ်လှသည်။
ထိုနေရာသို့ ရောက်ရှိလာပါက မည်သည့် တန်ခိုးရတနာနှင့် လက်နက်ပစ္စည်းများကိုမျှ သယ်ဆောင်အသုံးပြုခွင့် မရှိပေ။
ယခုအခါ ပျက်စီးနေပြီ ဖြစ်သော်လည်း ပိုင်ယန်တာအိုဆရာ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ထိုတားမြစ်ချက် စည်းမျဉ်းက ကျန်ရှိနေဆဲဖြစ်ကြောင်း အာရုံခံမိခဲ့သည်။ ထို့ကြောင့်ပင် သူ့၏ စွမ်းအားများ အကြီးအကျယ် တိုးပွားလာပြီးနောက် လီယန်ချူကို အပြတ်အသတ် နှိပ်ကွပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့် ရှိနေခြင်း ဖြစ်သည်။
"ငါ့လက်အောက်က ရှုံးနိမ့်ဖူးတဲ့ ကောင်ကများ... လေလုံးက တော်တော်ထွားနေတာပဲ"
လီယန်ချူသည် နတ်ဘုရားလက်နက် လဲ့ချွဲ ချိတ်ကောက်နှင့် ကျန့်ကျောင်းဓားတို့ကို အသုံးမပြုနိုင်တော့သည်ကို မြင်သော်လည်း စိုးစဉ်းမျှ တုန်လှုပ်ချောက်ချားခြင်း မရှိပေ။
သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများက ချက်ချင်း ပြောင်းလဲသွားပြီး တောင်တန်းများနှင့် ပင်လယ်ပြင်ကြီးပမာ ဟာလာဟင်းလင်း ခန့်ညားထည်ဝါလာခဲ့ပြီ ဖြစ်သည်။
'ဒုန်း... ဒုန်း... ဒုန်း...'
လျှပ်စီးလက်သည့် အချိန်ကာလတိုအတွင်းမှာပင် သူသည် ထိုသွေးရောင် မြွေနဂါးကြီးနှင့် ထပ်မံ၍ အကြိမ်ပေါင်း ဆယ်ဂဏန်းမက လက်ရုံးရည်ပြိုင်လိုက်ကြပြန်သည်။
တန်ခိုးစွမ်းအား မှော်အတတ်များ တစ်ခုပြီးတစ်ခု ထိပ်တိုက်ဆုံတွေ့ ပေါက်ကွဲနေကြသည်။ အကယ်၍ ပြင်ပလောကတွင်သာဆိုလျှင် ပတ်ဝန်းကျင် မိုင်ဆယ်ဂဏန်းခန့်သည် သေချာပေါက် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားပေလိမ့်မည်၊ သို့သော် ဤတာအိုကျောင်းအတွင်း၌မူ မြေပြင်ပေါ်မှ အုတ်ခဲတစ်ခဲပင် ကြေမွပျက်စီးခြင်း မရှိချေ။
လူနှစ်ဦး၏ လက်ရုံးရည်ပြိုင်မှုကြားထဲမှ စိုးရိမ်ထိတ်လန့်စရာ အခြေအနေက အလွန်တရာ ပြင်းထန်လှပြီး စွမ်းအားကလည်း ပိုမို အားကောင်းမောင်းသန် ဖြစ်နေသည်။
မျက်နှာထား တည်ငြိမ်အေးစက်လှပြီး တာအိုသားတော်ဟု ခေါ်ဆိုအပ်သည့် ထိုအမျိုးသားသည် ယခုအချိန်တွင် တာအိုတရား နားလည်သည့် အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ပြင်ပတွင် အစွမ်းထက်လှသော ရန်သူများ ဝိုင်းရံနေပါသော်လည်း သူသည် အချိန်မရွေး တာအိုတရား နားလည်သည့် အခြေအနေထဲ ဝင်ရောက်နိုင်စွမ်း ရှိနေသည်ကို ကြည့်ခြင်းဖြင့် သူ့၏ ပါရမီနှင့် အရည်အချင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ လူကို အံ့ဩမှင်သက်သွားစေသည်။
တကယ့်ကို စိတ်နှလုံး ကြီးမားလှပေသည်။
ထိုသက်ကြီးရွယ်အို သုံးဦးကမူ သူ့ဘေးတွင် ကာကွယ်ပေးထားကြသော်လည်း မျက်ဝန်းများကမူ မသိစိတ်ကနေ ထိုတိုက်ပွဲဆီသို့ ကျရောက်သွားကြရသည်။ လူနှစ်ဦး၏ တန်ခိုးစွမ်းအား မည်မျှအထိ ပြင်းထန်လှပြီး စွမ်းပကား မည်မျှအထိ ထုနဲ့ထည်နဲ့ ဖြစ်နေကြောင်း မြင်တွေ့ရသည့်အခါတွင်မူ ၎င်းတို့လည်း အနည်းငယ် အံ့ဩသွားကြရသည်။
လူငယ်ရဟန်းအကြောင်းကိုမူ ပြောနေစရာ မလိုပါချေ၊ ပိုင်ယန်တာအိုဆရာသည် အထက်လောကမှ လာသူဖြစ်ရာ သူအသုံးပြုသည့် နည်းလမ်းများက အားလုံး အစွမ်းထက်လှသည့် နတ်ဘုရားမှော်အတတ်များ ဖြစ်ကြသည်။ သို့သော် လီယန်ချူ ယခုအသုံးပြုနေသည့် တန်ခိုးစွမ်းအားများနှင့် လက်သီးချက်၊ ခြေကန်ချက်များ၏ ပြင်းထန်မှုကလည်း ၎င်းတို့ကို အလားတူပင် ထိတ်လန့်တုန်လှုပ်သွားစေသည်။
"မင်းတို့ ထင်တာတော့... ဘယ်သူက ပိုပြီး အစွမ်းထက်ပြီး အနိုင်ရလိမ့်မလဲ"
"ငါ့အမြင်အရတော့... ဒီလူငယ်ရဟန်းရဲ့ နောက်ခံက သာမန်မဟုတ်ဘူး၊ သာမန် လူ့လောကက လူနဲ့ မတူဘူး... အနိုင်ရမှာက သေချာပေါက် သူပဲ ဖြစ်လိမ့်မယ်"
"ဟုတ်တယ်... ငါလည်း အဲ့လိုပဲ ထင်တယ်၊ ဒီတာအိုကျောင်းအကြောင်းကိုလည်း သူက ပိုပြီး နားလည်သဘောပေါက်ထားပုံရတယ်... ဒီလူ့ရဲ့ နောက်ခံက တကယ့်ကို ပဟေဠိပဲ"
သို့သော်လည်း နောက်တစ်ခဏတွင်မူ ၎င်းတို့အားလုံး ပါးစပ်အဟောင်းသားနှင့် အံ့ဩမှင်သက်သွားကြရတော့သည်။
ထိုသွေးရောင် မြွေနဂါးကြီးသည် လီယန်ချူ၏ လက်ဝါးတစ်ချက် ဖောက်ထုတ်လိုက်မှုကြောင့် တိုက်ရိုက်ပင် ကြေမွပျက်စီးသွားခဲ့ရပြီး လူရိပ်တစ်ခု နောက်သို့ လွင့်ထွက်သွားခဲ့ရပြန်သည်။
လူငယ်ရဟန်း၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ရပြီး လီယန်ချူကို မယုံနိုင်စရာ မျက်ဝန်းများနှင့် စိုက်ကြည့်နေတော့သည်။
လီယန်ချူကမူ လျှပ်စီးပမာ မြန်ဆန်လှသော အရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ သွေးချင်းချင်းနီသော အရှိန်အဝါများသည် တောက်တင်နေသည့် နေမင်းကြီးပမာ ပြင်းထန်လှကာ လက်သီးတစ်ချက်ကို ထိုလူငယ်ရဟန်း၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
လူငယ်ရဟန်း ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မီးခိုးပြာအသွင် ပြောင်းလဲကာ တိမ်းရှောင်ရန် ကြိုးစားသော်လည်း ထိုမီးခိုးပြာကြီး လုံးဝ ဥဿုံ ပျောက်ကွယ်မသွားသေးမီမှာပင် လီယန်ချူ၏ လက်သီးချက်ကြောင့် တိုက်ရိုက် ကြေမွပျက်စီးသွားခဲ့ရပြန်သည်။
လူငယ်ရဟန်း၏ ခန္ဓာကိုယ် ပုံရိပ် ထပ်မံ၍ ပေါ်ပေါက်လာခဲ့ရပြီး မျက်နှာက ဖြူလျော်နေတော့သည်။
စိတ်ဓား
စောစောက လီယန်ချူ၏ စိတ်ဓား တစ်ချက်က သူ့၏ စိတ်ဝိညာဉ်ပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။
'ဂျွတ်...'
လီယန်ချူ ခြေတစ်ချက် ပြင်းထန်စွာ နင်းချလိုက်ရာ... ထိုလူငယ်ရဟန်း၏ ခြေသလုံးရိုးကို တိုက်ရိုက်ပင် နင်းချေပြီး ကြေမွသွားစေတော့သည်။
"အား... အား... အား... အား... အား"
လူငယ်ရဟန်း အော်ဟစ်မြည်တမ်းလိုက်ရပြီး မျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်ရှုံ့တွသွားရသည်။ သူ့ခန္ဓာကိုယ် နောက်သို့ လွင့်ထွက်သွားခဲ့ရပြီး မြေပြင်ပေါ်တွင် ရှည်လျားလှသော သွေးကြောင်းကြီးတစ်ခု ထင်ကျန်ရစ်ခဲ့ရသည်။
"မင်းရဲ့ စွမ်းအားတွေက အရမ်းကို ရှုပ်ထွေးညစ်ပတ်လွန်းလှတယ်၊ အဖတ်လုပ်ပြောနေဖို့ မတန်ဘူး"
လီယန်ချူက အေးစက်စွာ လှောင်ပြုံးပြလိုက်သည်။
နောက်တစ်ခဏတွင် သူသည် လူငယ်ရဟန်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားခဲ့ပြီး လက်ဝါးတစ်ချက်ကို သူ့မျက်နှာပေါ်သို့ ပြင်းထန်စွာ ရိုက်ပုတ်လိုက်တော့သည်။
'ဖြန်း...'
စူးရှလှသော ရိုက်ချက်သံကြီးနှင့်အတူ သူ့ဦးခေါင်းသည် တိုက်ရိုက်ပင် နောက်သို့ လည်ထွက်သွားခဲ့ရတော့သည်။
လီယန်ချူ ခြေလှမ်းတစ်လှမ်း ထပ်မံ လှမ်းလိုက်ပြီး ခန္ဓာကိုယ်ကို ဘေးတိုက် တင်းကျပ်စွာ ဆွဲဆန့်လိုက်ရာ ရှေးဟောင်း လေးကြိုးကြီးတစ်စင်းကို လပြည့်ဝန်းပမာ အစွမ်းကုန် ဆွဲဆန့်လိုက်သကဲ့သို့ ဖြစ်ပေါ်လာပြီး အရှိန်အဝါအပြည့်ဖြင့် ပြင်းထန်စွာ ဝင်ဆောင့်လိုက်တော့သည်။
'ဂျွတ်... ဂျွတ်...'
လူငယ်ရဟန်း ခန္ဓာကိုယ်ပေါ်မှ အရိုးအဆစ်များအားလုံး တစ်စစီ ကြေမွပျက်စီးသွားခဲ့ရပြီး လီယန်ချူ၏ ဤမျှ ပြင်းထန်လှသော ဝင်ဆောင့်မှုကြောင့် တိုက်ရိုက်ပင် အင်္ဂါမစုံတော့ဘဲ ဒုက္ခိတဘဝသို့ ရောက်ရှိသွားခဲ့ရသည်။
ယခုအချိန်တွင် လီယန်ချူ၏ သွေးချင်းချင်းနီသော အရှိန်အဝါများသည် ပင်လယ်ပြင်ကြီးပမာ ထုနဲ့ထည်နဲ့ ဖြစ်လွန်းလှပြီး တာအိုကျောင်း၏ ရင်ပြင်ကျယ်ကြီးတစ်ခုလုံးတွင် သူ့၏ ပူပြင်းလှသော အရှိန်အဝါများဖြင့်သာ ပြည့်နှက်နေတော့သည်။ သူ လက်ဝါးနှစ်ဖက်ကို ပေါင်းစပ်လိုက်ရာ... ကျင့်စဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားလှသော လက်ဝါးကြီးတစ်ခု လေထုထဲတွင် ကွက်တိ ပေါ်ပေါက်လာခဲ့ပြီး ထိုလူငယ်ရဟန်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ရိုက်ချေပစ်လိုက်တော့သည်။
သစ်ဆွေးပင်ကို လေပြင်းတိုက်ခတ်လိုက်သကဲ့သို့ပင်... မြေပြင်ပေါ်တွင် သားငါးစိမ်း အသားစိမ်းအနှစ်များသာ ကျန်ရှိတော့သည်။
ပိုင်ယန်တာအိုဆရာ၏ စိတ်ဝိညာဉ် ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
ရုပ်ရည် သန့်ပြန့်လှသော သက်လတ်ပိုင်း တာအိုဆရာတစ်ဦးက လီယန်ချူကို အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေတော့သည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် မည်မျှလောက်များပြားလှသော သက်ရှိ သတ္တဝါများကို ဝါးမြိုခဲ့ပြီးပြီ ဖြစ်သလဲ၊ ၎င်းတင်မကဘဲ ယွမ်မုန့်ကျောက် အတွင်းရှိ ပညာရှင်များစွာကိုပါ ဝါးမြိုထားပြီးပြီဖြစ်ရာ စွမ်းအားများကို လူ့လောက၏ အမြင့်ဆုံး အထွတ်အထိပ်အဆင့်အထိ မြှင့်တင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤလူငယ်တာအိုဆရာ၏ ရှေ့မှောက်တွင်မူ တစ်ချက်တည်းနှင့်ပင် ကုန်းကောက်စရာမရှိအောင် ကြေမွပျက်စီးသွားခဲ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထို့ပြင်... တစ်ဖက်လူက မည်သည့် နတ်ဘုရားလက်နက်ကိုမျှပင် ထုတ်ဖော်အသုံးပြုခြင်း မရှိသေးချေ။
"မဖြစ်နိုင်တာ... ဒီကောင့်ရဲ့ ကျင့်စဉ်စွမ်းအားက ဘာလို့ ဒီလောက်အထိ ထုနဲ့ထည်နဲ့ ဖြစ်နေရတာလဲ"
ပိုင်ယန်တာအိုဆရာ အံ့ဩတုန်လှုပ်နေမိသည်။
ဤလူငယ်တာအိုဆရာသည် ခန္ဓာကိုယ် သန်မာအားကောင်းပြီး အနီးကပ် တိုက်ခိုက်မှု လက်သီးချက်၊ ခြေကန်ချက်များက ရက်စက်ကြမ်းကြုတ်လှကြောင်း သူ ရှေးယခင်ကတည်းက သေချာ သိရှိပြီးသားဖြစ်သည်။ သို့သော်လည်း နောက်ဆုံး လက်ချက်တွင်မူ ကျင့်စဉ်စွမ်းအားများကိုသာ အသုံးပြု၍ အပြတ်အသတ် ဖိနှိပ် ချုပ်ခြယ်သွားခဲ့ခြင်း ဖြစ်ရာ မိမိအနေဖြင့် လုံးဝ ခုခံနိုင်စွမ်းမရှိသည့် ခံစားချက်မျိုး ပေါ်ပေါက်စေခဲ့သည်။
"ကုန်းကောက်စရာမရှိတဲ့ လူပြက်၊ အဖတ်လုပ်ပြောနေဖို့ မတန်ဘူး"
လီယန်ချူက အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် လက်ကို လှမ်း၍ ဖမ်းဆွဲလိုက်ရာ ကျင့်စဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ရွှေရောင် လက်ဝါးကြီးတစ်ခု လေထုထဲတွင် ကွက်တိ ပေါ်ပေါက်လာခဲ့ပြီး ပိုင်ယန်တာအိုဆရာ၏ စိတ်ဝိညာဉ်ကို လက်ဖဝါးထဲသို့ ထည့်သွင်း ချုပ်နှောင်လိုက်တော့သည်။
တာအိုအတတ် - ဝိညာဉ်သိမ်းပိုက်ခြင်း
ပိုင်ယန်တာအိုဆရာသည် ချက်ချင်းပင် မိမိ၏ ခန္ဓာကိုယ်ကို ဓားပေါင်းသောင်းခြောက်ထောင်ဖြင့် တိုက်ရိုက် မွှန်းစုတ်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး စူးရှလှသော သံမဏိဓားများစွာက မိမိ၏ ဦးနှောက်ထဲသို့ စိုက်ဝင်သွားသကဲ့သို့ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရသည်။
"အား... အား... အား... အား... အား... အား"
ခဏအကြာတွင် သူသည် လီယန်ချူ၏ သိပ်သည်း လွန်းလှသော ကျင့်စဉ်စွမ်းအားများအောက်တွင် လုံးဝ ဥဿုံ ပျောက်ကွယ်ပျက်စီးသွားခဲ့ရတော့သည်။
ဤစိတ်ဝိညာဉ် ခန္ဓာခွဲက သူ့အတွက် အလွန်တရာ အဖိုးတန်လှသော သွေးချင်းချင်းနီသည့် ကြိုးပမ်းအားထုတ်မှုများစွာ ပါဝင်နေခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေကမ္ဘာ တံတားကြီး လုံးဝ ဥဿုံ ဆက်သွယ်ခြင်း မရှိသေးမီ အချိန်ကာလအတွင်း လူ့လောက၌ အကြီးအကျယ် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တန်ပြန်သက်ရောက်မှုများနှင့် ကံကြမ္မာ အကုသိုလ်ကံများကိုပါ ခံစားနေရခြင်း ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့သော စိတ်ဝိညာဉ် ခန္ဓာခွဲမျိုးကိုပင် လီယန်ချူက အလွယ်တကူပင် အပြတ်အသတ် ချေမှုန်းပစ်လိုက်ခြင်း ဖြစ်ပေသည်။
စောစောကမှ တာအိုတရား နားလည်မှုကို အဆုံးသတ်လိုက်သည့် မဟာမိစ္ဆာဘုရင်သည် ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် မျက်နှာပေါ်တွင် ရှုပ်ထွေးလှသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရသည်။
"ငါ ယွမ်မုန့်ကျောက် ထဲမှာ နတ်ဘုရားလက်နက်ကို ရှာဖွေတွေ့ရှိခဲ့ရင်တောင်... တကယ်ပဲ ဒီလူရဲ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား "
မဟာမိစ္ဆာဘုရင် နှုတ်ခမ်းကို အသာလေး ကိုက်ထားမိပြီး မျက်ဝန်းထဲတွင်မူ သံသယများနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။
၎င်းတင်မကဘဲ ထိုသက်ကြီးရွယ်အို သုံးဦး၏ စိတ်နှလုံးထဲတွင်လည်း အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။ စောစောက တိုက်ပွဲသည် တာအိုကျောင်းအတွင်းရှိ ရှေးဟောင်းတားမြစ်ချက်များကြောင့် ကောင်းကင်ပြိုမတတ် မြေကြီးတုန်မတတ် ပြင်းထန်လှသော အရှိန်အဝါမျိုး ထွက်ပေါ်မလာခဲ့ပါသော်လည်း လူနှစ်ဦး အပြန်အလှန် ထုတ်ဖော်ခဲ့ကြသည့် ကြောက်မက်ဖွယ် တန်ခိုးစွမ်းအား မှော်အတတ်များက လူကို စိုးရိမ်ထိတ်လန့်သွားစေရန် လုံလောက်လှသည်။ အထူးသဖြင့် ထိုလူငယ်တာအိုဆရာသည် သစ်ဆွေးပင်ကို လေပြင်းတိုက်ခတ်လိုက်သကဲ့သို့ ထိုရဟန်းကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်ခြင်းက ၎င်းတို့ကို စူးစမ်းလို့မရအောင် နက်နဲလွန်းလှသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။
၎င်းတို့ သုံးဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လေသံကို နှိမ့်ကာ ပြောလိုက်ကြသည်။
"ကံကောင်းလို့ စောစောက တာအိုသားတော်ကို တားဆီးထားနိုင်ခဲ့တာ၊ မဟုတ်ရင် အခုအချိန်မှာ မင်းရော ငါရော အားလုံး ဒီတာအိုကျောင်းထဲက သေဆုံးသွားတဲ့ ဝိညာဉ်စိမ်းတွေ ဖြစ်ကုန်ကြမှာ သေချာတယ်"
၎င်းတို့ သုံးဦးစလုံး ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ကျန်ရှိနေဆဲဖြစ်သည်။
လီယန်ချူသည် ပိုင်ယန်တာအိုဆရာ၏ ဤစိတ်ဝိညာဉ် ခန္ဓာခွဲကို ရိုက်ချေပစ်လိုက်ပြီးနောက် တိုက်ရိုက်ပင် နန်းတော်ဆောင်ကြီးတစ်ခုထဲသို့ ဝင်ရောက်ကာ တာအိုတရားကို ဆက်လက်နားလည်ရန် ပြင်လိုက်တော့သည်။ စောစောက သူ သတ်ဖြတ်ပစ်လိုက်သည်က သွေးရောင် အငွေ့အသက်များ ကောင်းကင်အထိ ထွက်ပေါ်နေပြီး ကျင့်ကြံမှုအဆင့် အလွန်မြင့်မားလှသည့် မိစ္ဆာရဟန်းတစ်ပါး မဟုတ်ဘဲ သာမန် အရေးမပါလှသည့် လူပြက်အသေးစားလေး တစ်ယောက်မျှသာ ဖြစ်သကဲ့သို့ အမူအရာက အလွန် တည်ငြိမ်လွန်းလှသည်။
"ဒီနေရာက ပျက်စီးယိုယွင်းနေတာတောင် နတ်ဘုရားလက်နက်တွေကို ဖိနှိပ် ချုပ်ခြယ်နိုင်သေးတာပဲ... တကယ့်ကို ထူးခြားဆန်းပြားလှတဲ့ နေရာမွန်တစ်ခုပဲ၊ ရှေးယခင်တုန်းက သေချာပေါက် အစွမ်းထက်တဲ့ ပါရမီရှင်ကြီးတွေ ဒီနေရာမှာ ကျင့်ကြံခဲ့ဖူးတာ ဖြစ်ရမယ်"
လီယန်ချူ စိတ်ထဲကနေ နားလည်သဘောပေါက်သွားခဲ့သည်။ နန်းတော်ဆောင်များစွာထဲတွင် တာအိုတရား နားလည်နိုင်စွမ်း ရှိနေပြီး ၎င်းအတွင်းရှိ ကျင့်စဉ် မှော်အတတ်များကိုပါ နားလည်သဘောပေါက်နိုင်ခြင်းက အကြောင်းမဲ့ မဟုတ်ပါချေ။
"ဒီနေရာမှာ ကျင့်ကြံခဲ့တာ ပါရမီရှင်ကြီး တစ်ပါးတည်းတင်မကဘဲ... တရားဓမ္မတွေ ဟောပြောပို့ချရာ နေရာတစ်ခုလည်း ဖြစ်နိုင်တာပဲ"
ဤလျှို့ဝှက်ဆန်းကြယ်လှသော တာအိုကျောင်းကြီးကို ကြည့်ပြီး လီယန်ချူ စိတ်ထဲကနေ အံ့ဩမဆုံး ဖြစ်နေမိသည်။
"ဒီလောက်အထိ ပြင်းထန်တဲ့ တိုက်ပွဲမျိုး ဖြစ်ပွားခဲ့တာတောင် တစ်စုံတစ်ရာ ပျက်စီးခြင်း မရှိဘူး... ဒါပေမယ့် အခုကျတော့ ဒီတာအိုကျောင်းကြီးက ဘာကြောင့် ဒီလောက်အထိ ပျက်စီးယိုယွင်းနေရတာလဲ၊ ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကြောင့် ဒီလို ဖြစ်သွားရတာလဲ"
အတွေးပေါင်းများစွာ လီယန်ချူ၏ ဦးနှောက်ထဲတွင် လျှပ်စီးပမာ ဖြတ်သန်းသွားခဲ့သော်လည်း ချက်ချင်းပင် ပြန်လည်နှိပ်ကွပ်လိုက်တော့သည်။ ဤနေရာတွင် ကြီးမားလှသော အခွင့်အရေးများနှင့် ကောင်းချီးများ ရှိနေသဖြင့် ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ တာအိုတရားကိုသာ ပိုမို၍ နားလည်အောင် ကြိုးစားခြင်းက ပိုမို ကောင်းမွန်ပေလိမ့်မည်။
ထူးဆန်းအံ့ဩစရာ ကောင်းသည်မှာ... ယခုကဲ့သို့သော အပြင်းအထန် လက်ရုံးရည်ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီးနောက်တွင်မူ သူ့၏ စိတ်အာရုံက အလွန် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး တိုတောင်းသော အချိန်အတွင်းမှာပင် တာအိုတရား နားလည်သည့် အခြေအနေထဲသို့ ထပ်မံ ဝင်ရောက်သွားခဲ့ရပြန်သည်။
တာအိုတရား နားလည်မှု အခြေအနေ ပြီးဆုံးသွားချိန်တွင်မူ လီယန်ချူသည် ကျင့်စဉ် အတတ်အသစ်တစ်ခုကို နားလည်သဘောပေါက်ခဲ့ရသည်။
၎င်းမှာ "တိရစ္ဆာန်များကို စေခိုင်းခြင်း အတတ်" ဖြစ်ပေသည်။
၎င်းသည် တောရိုင်း တိရစ္ဆာန်များနှင့် မိစ္ဆာသားရဲများကို နှိမ်နင်းစေခိုင်းနိုင်သည့် နည်းလမ်းဖြစ်ပြီး ဤအတတ်ပညာကို အသုံးပြု၍ ၎င်းတို့နှင့် စိတ်ဝိညာဉ် ချိတ်ဆက်မှု ထူထောင်ကာ မိမိ၏ စီးတော်ယာဉ်အဖြစ် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
"နာမည်က ရိုးရှင်းပေမယ့်... အာနိသင်ကတော့ တကယ့်ကို နတ်ဘုရားအတတ်တစ်ခုလို့ ခေါ်ဆိုနိုင်တာပဲ၊ ဒီနေရာမှာ ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်က တကယ့်ကို ထူးခြားတာပဲ"
လီယန်ချူ စိတ်ထဲကနေ တွေးလိုက်မိသည်။
ထို့နောက် သူသည် အခြားနန်းတော်ဆောင်တစ်ခုသို့ ရောက်ရှိလာခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ တာအိုတရား နားလည်သည့် အချိန်ကာလက နာရီဝက်နီးပါးအထိ ကြာမြင့်ခဲ့ပြီး ဤသည်မှာ အချိန်အကြာမြင့်ဆုံး တာအိုတရား နားလည်ခဲ့ခြင်း ဖြစ်သည်။ တိုက်ရိုက်ပင် နှစ်ပေါင်းသုံးရာစာ ကျင့်စဉ်စွမ်းအားများ တိုးပွားလာခဲ့သည်။
"ဒီနေရာမှာ နန်းတော်ဆောင်တွေ ဆယ်ဂဏန်းမက ရှိနေတာပဲ... အကယ်၍ တစ်ခုချင်းစီကနေ နှစ်ပေါင်းသုံးရာစာ ကျင့်စဉ်စွမ်းအားတွေ တိုးပွားလာမယ်ဆိုရင်... ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းကြီးတစ်ခု ဖြစ်လာမှာ"
လီယန်ချူ ၎င်းအတွင်း လျှောက်လှမ်းနေခဲ့ပြီး ဤနေရာတွင် ကျန်ရစ်ခဲ့သည့် တာအိုတရား အရိပ်အယောင်များကို ဆက်လက်အာရုံခံနေခဲ့သည်။
သို့သော်လည်း ရှေ့ပိုင်းမှ နန်းတော်ဆောင်များတွင်သာ တာအိုတရား အရိပ်အယောင်များ ကျန်ရှိနေသေးသဖြင့် လူကို တာအိုတရား နားလည်စေကာ ကျင့်စဉ် မှော်အတတ်များကို နားလည်သဘောပေါက်စေခြင်း ဖြစ်ပြီး၊ နောက်ပိုင်းတွင်မူ အလွန်တရာ ပျက်စီးယိုယွင်းနေသည့် နန်းတော်ဆောင်များစွာ ရှိနေသဖြင့် ၎င်းအတွင်း၌ အချိန်အကြာကြီး ရပ်နေပါသော်လည်း ဘာမှ ရှာမတွေ့နိုင်တော့ချေ။ နေရာအများစုတွင်မူ တားမြစ်ချက်များက အကြီးအကျယ် ဖျက်ဆီးခြင်း ခံထားရပြီးသား ဖြစ်သည်။
"ဒီနေရာရဲ့ တားမြစ်ချက်တွေက ပြင်းထန်မှုအရဆိုရင်... ရှေးယခင်တုန်းက ဒီနေရာမှာ တိုက်ခိုက်ခဲ့တဲ့ လူတွေဟာ သေချာပေါက် နတ်ဘုရားအဆင့်အတန်းမျိုး ဖြစ်ရမယ်"
လီယန်ချူ ထိုနေရာတွင် ကျန်ရစ်ခဲ့သည့် တာအိုတရား အရိပ်အယောင်များကို အာရုံခံကြည့်ရာ အလွန်တရာ ရှုပ်ထွေးပွေလီလှပြီး ဓာတ်ကြီးလေးပါး စွမ်းအားများနှင့်ယင်ယန်မဟာတာအို တရားများ ပါဝင်နေကြောင်း တွေ့ရသည်။ အဆိုပါ ကြေမွပျက်စီးနေသည့် ရှုပ်ထွေးလှသော အရှိန်အဝါများထဲကနေ ပြီးပြည့်စုံသည့် ကျင့်စဉ် အတတ်များကိုမူ နားလည်သဘောပေါက်ရန် မဖြစ်နိုင်တော့ချေ။
သို့သော်လည်း ကျင့်ကြံမှုအဆင့် မြင့်မားလာပြီး အမြင်အာရုံ ကျယ်ပြန့်လာသည်နှင့်အမျှ လီယန်ချူသည် ထိုချန်ရစ်ခဲ့သည့် အမှတ်အသားများထဲကနေ ရှေးယခင်တုန်းက လက်ရုံးရည်ပြိုင်ခဲ့ကြသည့် လူများ၏ ကြောက်မက်ဖွယ် အရှိန်အဝါအငွေ့အသက်အချို့ကိုမူ အာရုံခံမိနေရသည်။
အချိန်ကာလ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ ဤလျှို့ဝှက်ဆန်းကြယ်လှသော တာအိုကျောင်းကြီးအတွင်းသို့ ဆန်းပြားလှသည့် တခြားမျိုးနွယ် လူသားအချို့ ထပ်မံ၍ ရောက်ရှိလာကြသည်။ ၎င်းတို့အထဲတွင် နားခြောက်ဖက် ပါရှိသည့် လူမျိုးနွယ်စုများ ပါဝင်ပြီး အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အားလုံး၏ မျက်နှာအမူအရာက အလွန် အေးစက်လွန်းလှကာ မည်သည့် စိတ်ခံစားချက်မျှ ရှိမနေသကဲ့သို့ ဖြစ်နေသည်။
သို့သော် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများကမူ အလွန်တရာ အစွမ်းထက်ပြီး ထူထပ်လွန်းလှသည်။
၎င်းတို့အားလုံးသည်လည်း ဤနေရာတွင် တန်ခိုးစွမ်းအား မှော်အတတ်များကို နားလည်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုလူအများစုမှာ ရှေ့ပိုင်းတွင်သာ စုပြုံနေကြပြီး နောက်ပိုင်းမှ နန်းတော်ဆောင်များကမူ အလွန်တရာ ပျက်စီးယိုယွင်းနေသဖြင့် နန်းတော်ဆောင် အနည်းငယ်ကို ရှာဖွေစူးစမ်းကြည့်ပါသော်လည်း တစ်ခါတလေကျလျှင် တာအိုတရား လုံးဝ နားမလည်နိုင်ဘဲ ဖြစ်နေတတ်ကြသည်။
"ဒီလူတွေဟာ သေချာပေါက် တခြားကမ္ဘာက အစွမ်းထက်တဲ့ ပညာရှင်တွေ ဖြစ်ရမယ်... ယွမ်မုန့်ကျောက် က လောကတွေနဲ့ ဆက်သွယ်ထားပြီး မာန်ဟွန်းမြေကမ္ဘာကြီးနဲ့လည်း တူညီနေတာပဲ... သာမန် လျှို့ဝှက်နယ်မြေမျိုးနဲ့ မတူဘူး"
လီယန်ချူ ခေတ္တမျှ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် စိတ်ထဲကနေ ထိုသို့ တွေးလိုက်မိသည်။
သူ နန်းတော်ဆောင်အသစ်တစ်ခုထဲ ဝင်ရောက်လိုက်ချိန်တွင်မူ... ဤနန်းတော်ဆောင်ထဲတွင် သန်မာထုထည်ကြီးမားလှသည့် ဘီလူးကြီးတစ်ဦး တင်ပျဉ်ခွေထိုင်ကာ ရှေးယခင်က ချန်ရစ်ခဲ့သည့် တာအိုတရား အရိပ်အယောင်များကို အာရုံခံကာ နားလည်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ ထိုဘီလူးကြီးသည် အရပ်အမြင့် သုံးမီတာခန့် ရှိပြီး တင်ပျဉ်ခွေထိုင်နေပါသော်လည်း လူကို ကြီးမားလှသော ဖိအားကြီး ပေးစွမ်းနေဆဲဖြစ်သည်။
ဤလူက ရဟန်းတစ်ပါးကဲ့သို့ ဝတ်ဆင်ထားသော်လည်း ဆံပင်ကိုမူ ရိတ်ထားခြင်း မရှိချေ။
ရုတ်တရက်ကြီး ယခုကဲ့သို့သော ထူးဆန်းလှသည့် ပုံရိပ်မျိုးကို မြင်တွေ့လိုက်ရသဖြင့် လီယန်ချူလည်း မသိစိတ်ကနေ မျက်လုံးအနည်းငယ် ပို၍ စူးစိုက်ကြည့်မိသွားပြီး မျက်ဝန်းအစုံတွင် ကျင့်စဉ်စွမ်းအားများကို လည်ပတ်စေလိုက်သည်။
ထိုဘီလူးကြီး တင်ပျဉ်ခွေထိုင်နေစဉ် လီယန်ချူ အကြည့်တစ်ချက်ဖြင့်တင်... သူ့ဦးခေါင်းထက်တွင် လက်ဝါးနှစ်ဖက်ဖြင့် မုဒြာအနက်အဓိပ္ပာယ် ဖော်ဆောင်ထားသည့် ရဟန္တာပုံရိပ်ကြီးတစ်ပါး ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။
နတ်ဘုရားအလင်းတန်းများက ထိုဘီလူးကြီးကို လွှမ်းခြုံထားပြီး အမျိုးမျိုးသော ဆန်းကြယ်လှသည့် ထူးခြားဆန်းပြားသော မြင်ကွင်းများ ဖြစ်ပေါ်နေကာ အလွန်တရာ ဆန်းကြယ်လှသည်။
လီယန်ချူ ဤနေရာတွင် ခေတ္တမျှ ရပ်နေပါသော်လည်း တာအိုတရား နားလည်သည့် ခံစားချက်မျိုး စိုးစဉ်းမျှ ပေါ်ပေါက်မလာသဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး -
"ဒီနန်းတော်ဆောင်က တကယ့်ကို ပျက်စီးယိုယွင်းနေပြီ ဘာတာအိုတရား အရိပ်အယောင်မျှ ကျန်ရှိမနေတော့ဘူး... သူက ဒီနေရာမှာ ဘာတွေကိုများ နားလည်သဘောပေါက်သွားတာလဲ "
သူ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် ခြေလှမ်းများကို ရပ်တန့်ကာ စူးစိုက်ကြည့်နေခဲ့သည်။
ဤသို့ ကြည့်နေရင်းနှင့်ပင် နာရီဝက်နီးပါး ကုန်လွန်သွားခဲ့ရသည်။ နာရီဝက် ကုန်လွန်သွားပြီးနောက်တွင်မူ ထိုဘီလူးကြီး နိုးထလာခဲ့ပြီး မျက်ဝန်းအစုံက ရွှေဝါရောင်အဆင်း ရှိနေကာ လီယန်ချူကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်သည်။
သူ့၏ အကြည့်က လီယန်ချူ၏ ခါးကြားမှ ထိုကျန့်ကျောင်းဓားပေါ်သို့ ကျရောက်သွားပြီး -
"အမိတာဗုဒ္ဓါ... ဒကာကြီး၊ ဒီဓားရဲ့ သတ်ဖြတ်လိုစိတ် အငွေ့အသက်က အရမ်းကို ပြင်းထန်လွန်းတယ်၊ အချိန်ပြည့် ဝတ်ဆင်ထားမယ်ဆိုရင် မင်းရဲ့ တာအိုစိတ်ဝိညာဉ်ကို ထိခိုက်စေပြီး အကုသိုလ်ကံ ဝဋ်ကြွေးတွေ သယ်ဆောင်လာလိမ့်မယ်... သတိထားဖို့ လိုအပ်တယ်"
ထိုဘီလူးကြီး မျက်လုံးပွင့်လာသည်နှင့် ပထမဆုံး ပြောကြားလိုက်သည့် စကားက ဆုံးမဩဝါဒစကား ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
လီယန်ချူက ပြုံးလိုက်ရင်း -
"တာအိုမိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ"
မိမိအပေါ် စေတနာအပြည့် ရှိနေသည့် ထိုဘီလူးကြီးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ကျန့်တာလီ"
လီယန်ချူ - "..............."
သူသည် ဤဘီလူးကြီးတွင် တစ်စုံတစ်ရာသော ဘွဲ့အမည် သို့မဟုတ် တရားနာမည် ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့သော မြေစိုက် အရပ်သုံး နာမည်မျိုး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
"ကျန့်တာလီ"
လီယန်ချူ အနည်းငယ် မယုံနိုင်သကဲ့သို့ ဖြစ်နေရသည်။
ဘီလူးကြီးက အသာလေး ပြုံးလိုက်ပြီး -
"ဟုတ်ပါတယ်... ကိုရင်က ကျန့်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးရာပါ ခွန်အားကြီးမားလွန်းလှလို့ ကျန့် ဆိုတဲ့ နာမည်ကို ယူထားတာပါ"
လီယန်ချူ ခေါင်းမော့ကာ တစ်ဖက်လူကို စိုက်ကြည့်ရင်း စူးစမ်းလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ကျန့်နိုင်ငံက ဘယ်လိုနေရာမျိုးလဲ"
ထိုဘီလူးကြီးက တည်ငြိမ်စွာ ပြန်ပြောသည်
"ကျန့်နိုင်ငံဆိုတာ သဘာဝအတိုင်း ကျန့်နိုင်ငံပေါ့"
ယခုကဲ့သို့သော လူမျိုးနှင့် တွေ့ဆုံရသဖြင့် လီယန်ချူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
သူသည် ယခုကဲ့သို့သော နေရာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ၊ ဤလူသည် သေချာပေါက် တခြားလောကများစွာထဲက တစ်ခုခုကနေ လာခြင်း ဖြစ်ရမည်။
သူက တစ်ဖက်လူကို ပြုံးပြလိုက်သည်။
ဘီလူးကြီးသည်လည်း မိမိအပေါ် စေတနာအပြည့်ရှိသော အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်ပြီး ခြေလှမ်းကြီးကြီးဖြင့် ထိုပျက်စီးနေသော နန်းတော်ဆောင်ထဲကနေ ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားပြီးနောက် လီယန်ချူ ခေါင်းငုံ့ကာ ကျန့်ကျောင်းဓားကို ကြည့်လိုက်မိပြီး -
"သတ်ဖြတ်လိုစိတ် အငွေ့အသက်က ပြင်းထန်လွန်းလို့ တာအိုစိတ်ဝိညာဉ်ကို ထိခိုက်စေမယ်..."
လီယန်ချူကတော့ ဒါကို ဂရုမစိုက်ပါချေ၊ မိစ္ဆာများကို သတ်ဖြတ်ပြီး နတ်ဆိုးများကို နှိမ်နင်းခြင်းကလည်း သူ့အတွက် တာအိုတရားတစ်ခု ဖြစ်ပေသည်။
ဗုဒ္ဓဘာသာ ကျင့်ကြံသူများသည် စကားလုံးများကို ဆန်းပြားစွာ ပြောဆိုရာတွင် အလွန် ကျွမ်းကျင်ကြသည်။ ဤဘီလူးကြီးသည် ရှေးဟောင်းရိုင်းစိုင်းသည့် မျိုးနွယ်စုမှ လာသူဖြစ်ပြီး မွေးရာပါ ထူးဆန်းသော လူသားတစ်ဦး ဖြစ်ပုံရသော်လည်း ဘာကြောင့် ဗုဒ္ဓဘာသာထဲ ဝင်ရောက်သွားမှန်း မသိချေ၊ ပြောဆိုလိုက်သည့် စကားများကလည်း လူကို မိုးတိမ်ထဲ မြှင့်တင်ထားသကဲ့သို့ ဝေဝါးလွန်းလှသည်။
လီယန်ချူ နန်းတော်ဆောင်ထဲက ထွက်လာပြီးနောက်တွင်မူ လူအများအပြား ဤနေရာသို့ တဟုန်ထိုး လာရောက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့၏ ရုပ်ဆင်းသဏ္ဌာန်များက အမျိုးမျိုး အဖုံဖုံ ကွဲပြားနေကြပြီး အချို့မှာ လူသားမျိုးနွယ် မဟုတ်ကြချေ၊ အချို့မှာမူ အလွန် ထူးဆန်းလှသည့် လူသားမျိုးနွယ်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် လူစုတစ်စုသည် လူသားများနှင့် လုံးဝ ဥဿုံ တူညီပါသော်လည်း လက်မောင်းနှစ်ဖက်က သုံးမီတာခန့် ရှည်လျားလှပြီး မြေပြင်ပေါ်သို့ တရွတ်တိုက် ဆွဲနေကာ လျှောက်လှမ်းရာတွင်မူ လေပြင်းမုန်တိုင်းပမာ မြန်ဆန်လွန်းလှသဖြင့် အလွန် ဆန်းပြားလှသည်။
၎င်းတင်မကဘဲ ဂျိုတစ်ချောင်း ပါရှိသည့် မြင်းရိုင်းကြီးတစ်ကောင်လည်း ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ဆီးနှင်းပမာ ဖြူဖွေးနေကာ လူကို မွန်မြတ်သန့်စင်သည့် ခံစားချက်မျိုး ပေးစွမ်းနေပြီး ခန္ဓာကိုယ် အတိုင်းအတာကလည်း လီယန်ချူ မြင်ဖူးသမျှ မြင်းများထက်မက ပိုမို ကြီးမားလှသည်။ ထိုဂျိုတစ်ချောင်းမြင်းကြီးသည် တစ်ကောင်တည်း လာရောက်ခြင်း ဖြစ်ပြီး သူ့အနားသို့ ချဉ်းကပ်လိုက်သည်နှင့် လူ၏ စိတ်အာရုံကို အေးချမ်းမှု ပေးစွမ်းနေသလို၊ မျက်ဝန်းအစုံမှာလည်း စင်ကြယ်လွန်းလှသည်။
လီယန်ချူသည် လူအုပ်ကြီး ဦးတည်သွားရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် ပျက်စီးယိုယွင်းနေသည့် အုတ်တံတိုင်း ပျက်ကြီးများဆီသို့ ရောက်ရှိလာခဲ့သည်။
သေချာပေါက် ရှေးယခင်တုန်းက ဤနေရာသည်လည်း ကြီးမားလှသည့် နန်းတော်ဆောင်ကြီးတစ်ခု ဖြစ်ခဲ့ပြီး ဘယ်လို နတ်ဘုရားမျိုးကို ကိုးကွယ်ပူဇော်ခဲ့မှန်း မသိရတော့ချေ။ ယခုအခါတွင်မူ အမိုးက မရှိတော့ဘဲ ပတ်ပတ်လည်မှ တံတိုင်းလေးခုသာ မတ်တတ်ရပ်နေဆဲဖြစ်ရာ အလွန်တရာ ပျက်စီးယိုယွင်းနေပုံရသည်။
ယခုအချိန်တွင် ထိုပျက်စီးနေသည့် တံတိုင်းများပေါ်တွင် မှော်အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဤမှော်အစီအရင်က အလွန်တရာ ထူထပ်ဆန်းပြားလှသဖြင့် လီယန်ချူ မြင်ဖူးသမျှ မှော်အစီအရင်များထက်မက အဆပေါင်း ရာဂဏန်းမက ပိုမို ရှုပ်ထွေးလွန်းလှသည်။
လူရိပ်နှစ်ခုသည် အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်နေကြသည်။
တစ်ဦးကမူ မျက်ခုံးအစုံ အေးစက်လှသည့် ဝတ်စုံနက်ဝတ် အမျိုးသားတစ်ဦး ဖြစ်ပြီး၊ အခြားတစ်ဦးကမူ မွန်မြတ်သန့်စင်လှသော အရှိန်အဝါကြီးမားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ယခုအချိန်တွင် ထိုအမျိုးသမီး၏ လက်ထဲတွင် ရှေးဟောင်းကျမ်းစာတစ်စောင် ရှိနေပြီး ထိုရှေးဟောင်းကျမ်းစာပေါ်ကနေ ဟောင်းနွမ်းဆန်းပြားလှသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
မျက်ခုံးအစုံ အေးစက်လှသည့် ဝတ်စုံနက်ဝတ် အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်သည်။
"ပေတိုကျမ်း ကို အသာတကြည် အပ်နှံလိုက်စမ်း၊ ငါက မင်းရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်"
လီယန်ချူ ထိုမွန်မြတ်သန့်စင်လှသော အမျိုးသမီး၏ ရုပ်ရည်ကို သေချာ မြင်တွေ့လိုက်ရချိန်တွင်မူ မသိစိတ်ကနေ တစ်ချက် မှင်သက်သွားရတော့သည်။
ဤလူသည် အခြားသူမဟုတ်ဘဲ ရှေးယခင်က မိမိ၏ လက်အောက်တွင် သေဆုံးခဲ့ဖူးသည့် ကြာပန်းဖြူမယ်တော် ပင် ဖြစ်ပေသည်။
သို့သော်လည်း ယခုအချိန်တွင် ကြာပန်းဖြူမယ်တော်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် ရှေးယခင်ကနှင့် လုံးဝ ဥဿုံ ဆန့်ကျင်ကွဲပြားနေပြီး ထိုစကားကို ကြားသော်လည်း အသာလေး ပြုံးလိုက်ကာ -
"ချင်းဝေကျောင်းက ရှေးယခင်ကတည်းက ဘယ်နှစ်ကြိမ် ဖျက်ဆီးခြင်း ခံခဲ့ရမှန်း မသိဘူး၊ ဒါပေမယ့် ပေတိုကျမ်းကတော့ ငါ့ လက်ထဲ ရောက်လာတာပဲ ... ဒါဟာ ကံကြမ္မာရဲ့ အလိုတော်ပဲ၊ နင်က ကံကြမ္မာကို ဆန့်ကျင်ပြီး ကောင်းကင်ကို အာခံချင်တာလား"
ကြာပန်းဖြူမယ်တော်က လှမ်း၍ အော်ဟစ်လိုက်တော့သည်။
အခန်း (၁၀၁၂) - ရန်သူ့ရန်သူကလည်း ရန်သူ ပဲ
ဝတ်စုံနက်ဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
"ကံကြမ္မာကို ဆန့်ကျင်တယ် ဟုတ်လား... ငါက မင်းထက် ကောင်းကင်အလိုတော်ကို ပိုပြီး နားလည်သဘောပေါက်ထားတာ"
သူ့လေသံက တည်ငြိမ်အေးဆေးလှပြီး အလွန်တရာ မာနထောင်လွှား၍ ဩဇာတိက္ကမ ကြီးမားလှသည်။
ချင်းဝေကျောင်း... ဤနေရာ၏ မူလနာမည်က ချင်းဝေကျောင်း ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ လီယန်ချူသည် စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး ထိုအမျိုးသားနှင့် အမျိုးသမီးကို လှမ်းကြည့်ကာ စိတ်ထဲက တွေးလိုက်မိသည်။
"ဒီအမျိုးသမီးက အရင်ကနဲ့စာရင် တစ်စုံတစ်ရာ ပြောင်းလဲသွားပုံရတယ်"
၎င်းတို့နှစ်ဦး၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက်... ဦးခေါင်းထက်ရှိ မှော်အစီအရင်ကြီးသည် လုံးဝ ဥဿုံ ပွင့်ဟလာခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးကို အထဲသို့ လွှမ်းခြုံချုပ်နှောင်လိုက်တော့သည်။
ထိုရှေးဟောင်းကျမ်းစာစောင်သည် ကြာပန်းဖြူမယ်တော်၏ လက်ထဲတွင် ရှိနေပါသော်လည်း ဘေးလူကိုမူ အလွန်တရာ ဝေးကွာလှပြီး လေးလံထုထည်ကြီးမားလှသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
ကြာပန်းဖြူမယ်တော်၏ ခန္ဓာကိုယ်ပေါ်မှ မှိန်ပျပျ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ၎င်းကို လက်ဖဝါးထက်တွင် ပင့်တင်ထားကာ ကြာပန်းဖြူမယ်တော်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။
"နတ်ဘုရားတွေမှာလည်း သက်တမ်း ကန့်သတ်ချက် ရှိတာပဲ၊ နင်က ဒီရတနာကို အတင်းအဓမ္မ လုယူဖို့ ကြိုးစားနေတာ... နင့်အတွက် ဘယ်လို ဘေးဒုက္ခမျိုးတွေ သယ်ဆောင်လာမလဲဆိုတာ မသိနိုင်ဘူး၊ နတ်ဘုရားတွေရဲ့ ဆုတ်ယုတ်ခြင်း ဘေးငါးပါး ကို သတိထားစမ်း"
သူမ၏ စကားသံ ဆုံးသွားသည်နှင့်အမျှ... မှော်အစီအရင်ကြီးသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး သူမ၏ နောက်ကွယ်သို့ ရောက်ရှိသွားကာ ကြီးမားလှသည့် အလင်းကွင်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။
ဤမှော်အစီအရင်ကို သူမကိုယ်တိုင် စီစဉ်ဖန်တီးထားခြင်း ဖြစ်ပေသည်။
ဤမျှ ဆန်းကြယ်လှပြီး ရှေးဟောင်းထူထပ်လှသော မှော်အစီအရင်ကြောင့် ဤနေရာတွင် ရှိနေကြသည့် ပညာရှင်အများအပြားသည် ၎င်းအတွင်းရှိ အစွမ်းထက်လှသော အရှိန်အဝါများကို အာရုံခံမိသွားကြသဖြင့် တစ်ဦးပြီးတစ်ဦး မျက်လုံးများ ကျရောက်သွားကြရသည်။
၎င်းတို့နှစ်ဦး၏ အပြန်အလှန် စကားပြောဆိုမှုများကလည်း လူကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
"နတ်ဘုရား ဟုတ်လား... ဒီဝတ်စုံနက်ဝတ် အမျိုးသားက လူ့လောကကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလား"
"ဒါကြောင့်မလို့ သူ့ဆီကနေ ဒီလောက် စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနေတာကိုး၊ ဒါဆိုရင် ဒီအမျိုးသမီးကကော ဘယ်သူလဲ... ဘာလို့ ဒီလောက် များပြားတဲ့ လျှို့ဝှက်ချက်တွေကို သိနေရတာလဲ"
"ဒီအမျိုးသမီးက တကယ့်ကို ထူးဆန်းတာပဲ... တာအိုကျောင်းရဲ့ တားမြစ်ချက် စည်းမျဉ်းတွေရဲ့ သက်ရောက်မှုကို လုံးဝ မခံရသလိုပဲ"
ဤနေရာတွင် ကန်ယွမ်ကမ္ဘာမှ လူ့လောက ပညာရှင်များတင်မကဘဲ... တခြားလောကအသီးသီးမှ လာကြသည့် တခြားမျိုးနွယ်စု ပညာရှင်များစွာလည်း ရှိနေကြသည်။
ယခုအချိန်တွင် ကြာပန်းဖြူမယ်တော်သည် အလွန်တရာ အထက်တန်းကျလှပြီး ဆန်းကြယ်လှသည်ကို မြင်တွေ့နိုင်ကာ ဤသည်မှာ သူမနောက်ကွယ်မှ မှော်အစီအရင်နှင့် ဆက်စပ်နေပုံရသည်။
မျက်ခုံးအစုံ အေးစက်လှသည့် ဝတ်စုံနက်ဝတ် အမျိုးသားသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည့် ပိုးစာပင်ခန္ဓာကိုယ်ကို အမှီပြု၍ လူ့လောကသို့ ဆင်းသက်လာခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။
မျက်နှာချင်းဆိုင်မှ အမျိုးသမီးက သူ့ကို စူးစမ်းလို့မရအောင် နက်နဲလှသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
သူသည် ဤအမျိုးသမီး၏ မည်သူမည်ဝါဖြစ်ကြောင်းကို စိတ်ထဲကနေ အနည်းငယ် ရိပ်မိထားပြီး သေချာပေါက် လူဝင်စားခန္ဓာတစ်ခု ဖြစ်ရမည်။
သူမ ပြောဆိုလိုက်သည့် စကားများအရဆိုလျှင်... နတ်ဘုရားလောကတွင်လည်း ပုန်ကန်သူတစ်ဦး ဖြစ်ရမည်ဖြစ်ပြီး ဘယ်လိုမှ တရားဝင်လမ်းကြောင်းက လာသူ မဟုတ်ချေ။
ဝတ်စုံနက်ဝတ် အမျိုးသားက လှောင်ပြုံးပြလိုက်ရင်း -
"ငါ့ကို နတ်ဘုရား ဆုတ်ယုတ်ခြင်း ဘေးငါးပါးနဲ့ ကြုံတွေ့အောင် လုပ်မယ် ဟုတ်လား... မင်း လေလုံးက တော်တော်ထွားနေတာပဲ"
စကားသံ ဆုံးသည်နှင့် -
သူ လက်ကို ဝေ့ယမ်းလိုက်ရာ လေထုထဲတွင် ပျံသန်းနေသည့် ဓားတစ်လက် ပေါ်ပေါက်လာခဲ့ပြီး အလွန်တရာ ထက်မြက်လွန်းလှကာ ကြာပန်းဖြူမယ်တော်၏ မျက်ခုံးအစုံအလယ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
'ရှူး...'
ကြာပန်းဖြူမယ်တော် လက်ချောင်းကို အသာလေး တောက်လိုက်ရာ... သူမနောက်ကွယ်မှ မှော်အစီအရင်ကြီးက လည်ပတ်သွားပြီး သူမ၏ အရှိန်အဝါများသည် တရိပ်ရိပ် မြင့်တက်လာနေတော့သည်။
လက်ဖဝါးထဲတွင် ကြာပန်းဖြူတစ်ပွင့် ပေါ်ပေါက်လာခဲ့ပြီး လေထဲတွင် ဝဲပျံကာ ထိုပျံသန်းနေသည့် ဓားကို ဆီးကြို၍ ခုခံလိုက်တော့သည်။
'ဝုန်း...'
၎င်းတို့နှစ်ဦး၏ စွမ်းအားများ ထိပ်တိုက်ဆုံတွေ့သွားကြရာ... ပြင်းထန်လှသော လေပြင်းမုန်တိုင်းတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာခဲ့သည်။
ထိတ်လန့်စရာကောင်းသော စွမ်းအားလှိုင်းများစွာ ပြင်ပသို့ ရိုက်ခတ်သွားခဲ့သည်။
ထက်မြက်လှသော ဓားကျိန်စာများသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ဖြူဖွေးသော နတ်ဘုရားအလင်းတန်းများကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
လူအများအပြားသည်လည်း တန်ခိုးစွမ်းအားများကို ထုတ်ဖော်ကာ ခုခံလိုက်ကြရပြီး ဤနေရာသို့ ရောက်ရှိလာနိုင်သူများမှာ သေချာပေါက် စွမ်းပကားအချို့ ရှိကြသူများဖြစ်ရာ ဤစွမ်းအားလှိုင်းက ပြင်းထန်လှသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိချေ။
သို့သော်လည်း ထိုလူနှစ်ဦးကို တစ်ဖန် ပြန်လည်ကြည့်လိုက်သည့် မျက်ဝန်းများထဲတွင်မူ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားခဲ့ရပြီ ဖြစ်သည်။
"မြေပြင်နတ်ဘုရား"
တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
စောစောက ထိုလူနှစ်ဦး ယှဥ်ပြိုင်လိုက်ကြသည့် စွမ်းအားအဆင့်အတန်းက မြေပြင်နတ်ဘုရား အဆင့်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ အံ့ဩမဆုံး ဖြစ်နေမိတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားကမူ ဒါကို စိုးစဉ်းမျှ အံ့ဩခြင်းမရှိဘဲ တန်ခိုးစွမ်းအား မှော်အတတ်ကို ထပ်မံ၍ လှုံ့ဆော်လိုက်ရာ... ပျံသန်းနေသည့် ဓားများစွာသည် သူ့ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့သည်။
အချို့မှာ ရှည်လျားထက်မြက်လှပြီး၊ အချို့မှာ ရှေးဟောင်းလေးလံလှကာ၊ အချို့မှာမူ အလွန်တရာ ခန့်ညားထည်ဝါလှပြီး တစ်ခုနှင့်တစ်ခု မတူညီကြချေ။
ဝုန်းခနဲ မြည်သံနှင့်အတူ... တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားခဲ့ပြီး ကြာပန်းဖြူမယ်တော်ဆီသို့ တဟုန်ထိုး တိုက်ခိုက်လိုက်တော့သည်။
'ဝုန်း... ဝုန်း... ဝုန်း...'
၎င်းတို့နှစ်ဦး လက်ရုံးရည်ပြိုင်မှု၏ အရှိန်အဝါက အလွန်တရာ ထုနဲ့ထည်နဲ့ ဖြစ်လွန်းလှသဖြင့် ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးသည် ပျက်စီးယိုယွင်းနေသည့် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားတော့သည်။
စောစောက လီယန်ချူနှင့် ထိုလူငယ်ရဟန်းတို့၏ တိုက်ခိုက်မှုသည်လည်း စွမ်းအား အလွန်ပြင်းထန်လှသော်လည်း ဤနေရာကို တစ်စုံတစ်ရာ ထိခိုက်ပျက်စီးစေခြင်း မရှိခဲ့ပေ။
"သေချာပေါက် မြေပြင်နတ်ဘုရား အဆင့်အတန်းရှိတဲ့ စွမ်းအားမျိုးကမှ ဒီတာအိုကျောင်းကို ဖျက်ဆီးနိုင်တာပဲ"
'ဝုန်း...'
'ဝုန်း...'
၎င်းတို့နှစ်ဦး၏ လက်ရုံးရည်ပြိုင်မှုကြားထဲမှ စူးရှလှသော လေပြင်းမုန်တိုင်းများ ဝုန်းခနဲ ထွက်ပေါ်နေပြီး ကောင်းကင်အပြည့် မီးခိုးမီးလျှံများနှင့်အတူ ပညာရှင်အများအပြား နောက်သို့ ဆုတ်ခွာလိုက်ကြရသည်။
လူရိပ်နှစ်ခုသည် ၎င်းအတွင်း၌ အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်နေကြပြီး အမျိုးသမီးက အလွန်တရာ မြင့်မြတ်လှသော ပုံရိပ်ကို ဖော်ဆောင်ထားကာ လက်ထဲတွင် ကြာပန်းဖြူတစ်ပွင့်ကို ပင့်တင်ထားသဖြင့် မွန်မြတ်သန့်စင်လှသော ဆန်းကြယ်မှုများ ရှိနေသည်။
အမျိုးသား၏ မျက်ဝန်းများက အေးစက်နေပြီး ပျံသန်းနေသည့် ဓားများစွာက သူ့ဘေးတွင် ဝိုင်းရံနေကာ အလွန်တရာ ထက်မြက်လွန်းလှသည်။
တဖြည်းဖြည်းနှင့် ၎င်းတို့နှစ်ဦး၏ ပုံရိပ်များသည် ကောင်းကင်အပြည့် မီးခိုးမီးလျှံများကြားထဲတွင် ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်ကာ နားထဲတွင်မူ မိုးခြိမ်းသံကဲ့သို့သော ဝုန်းခနဲ မြည်ဟည်းသံများကိုသာ ကြားနေရတော့သည်။
၎င်းတင်မကဘဲ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီး ဖြစ်ပွားနေပြီး ဟာလာဟင်းလင်း ပြင်ပလောကထဲတွင် လျှပ်စီးများ ဝုန်းခနဲ ပေါက်ကွဲနေတော့သည်။
သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ စွမ်းအားအားလုံးကို ပြင်ပသို့ လွင့်စင်မသွားစေရန် ထိန်းချုပ်ထားကြပြီး တာအိုကျောင်း၏ တားမြစ်ချက်ကလည်း အတိုင်းအတာတစ်ခုအထိ အာနိသင်ရှိနေဆဲဖြစ်သည်။
မဟုတ်လျှင် ဤစွမ်းအားများဖြင့်တင် ဤနေရာကို မြေလှန်ဖျက်ဆီးပစ်ရန် လုံလောက်လှသည်။
လျှပ်စီးလက်သည့် အချိန်ကာလတိုအတွင်းမှာပင် ဖြူဖွေးသောအလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံသန်းသွားပြီး တိမ်တိုက်များဆီသို့ ဝေးလံစွာ တိမ်းရှောင်သွားခဲ့ရာ... ကပ်လျက်ဆိုသလိုပင် သွေးရောင်အလင်းတန်းတစ်ခုက နောက်ကွယ်ကနေ တရိပ်ရိပ် လိုက်လံဖမ်းဆီးသွားတော့သည်။
ဖြူဖွေးသောအလင်းတန်းက ပုံရိပ်ကို ထင်ဟပ်စေလိုက်ပြီး ကြာပန်းဖြူမယ်တော်သည် ထိုဟင်းလင်းပြင် ပင်လယ်ပြင်ကြီး၏ ရေပြင်ပေါ်သို့ အသာလေး နင်းချလိုက်ရာ... အေးစက်လှသော ရေပြင်ကြီးက သူမအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု မရှိပုံရသည်။
ခြေဖျားလေးဖြင့် အသာလေး နင်းချလိုက်ရုံမျှဖြင့်တင်... ရေနဂါးကြီးများစွာ ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံသန်းသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အကောင်ရေ ရာဂဏန်းမက ရှိလာခဲ့သည်။
သူမသည် ဤနေရာရှိ မှော်အစီအရင်ကို အသုံးချနိုင်စွမ်း ရှိနေခြင်း ဖြစ်ပေသည်။
ကောင်းကင်ထက်တွင် ဝတ်စုံနက်ဝတ် အမျိုးသားက ခန္ဓာကိုယ်ကို ထင်ဟပ်စေလိုက်ပြီး လက်ကို ဝေ့ယမ်းကာ ပြင်းထန်လှသော ဓားကျိန်စာများကို ထုတ်ဖော်လိုက်ရာ... ထိုရေနဂါးကြီးများကို တစ်စစီ ပိုင်းဖြတ်ပစ်လိုက်တော့သည်။
သူ လေထုထဲတွင် ရပ်တန့်နေခဲ့ပြီး ဤဓားကျိန်စာသည် သူ့ကို ဗဟိုပြု၍ ပတ်ဝန်းကျင်သို့ ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဩဇာတိက္ကမကို သယ်ဆောင်လာခဲ့သည်။
ကောင်းကင်အပြည့် အေးစက်လှသော ရေစက်များ ပြင်ပသို့ လွင့်စင်သွားခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ဖြစ်ပေါ်လာသည်။
"နတ်ဘုရားတွေ တိုက်ခိုက်ကြတာ လူသားတွေ ဘေးသင့်ကုန်ပြီ"
ကျင့်ကြံသူတစ်ဦးက မတတ်သာဘဲ ဆဲရေးတိုင်းထွာလိုက်မိပြီး ခန္ဓာကိုယ်ပေါ်မှ အကာအကွယ်ကို တိတ်တဆိတ် လှုံ့ဆော်ကာ ထိုအေးစက်လှသော ရေစက်များကို ခုခံလိုက်ရသည်။
ဤရေပြင်ကြီးသည် တိုက်ရိုက် သတ်ဖြတ်နိုင်စွမ်း မရှိပါသော်လည်း အကယ်၍ လူ့ခန္ဓာကိုယ်နှင့် တိုက်ရိုက် ထိတွေ့မိပါက ကျင့်စဉ်လမ်းကြောင်းကို တိုက်စားသွားစေနိုင်ပြီး လူ၏ ကျင့်ကြံမှုကိုပါ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဤနေရာတွင် ကျန်ရှိနေကြသူများမှာ အားလုံး ပညာရှင်များ ဖြစ်ကြသဖြင့် မျက်ဝန်းများကမူ ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေကြသည်။
ဝတ်စုံနက်ဝတ် အမျိုးသားက လက်ကို လှမ်း၍ ဖမ်းဆွဲလိုက်ရာ... ရေနဂါးကြီး အကောင်ရေ ရာဂဏန်းမကကို တိုက်ရိုက်ပင် ဖမ်းဆွဲခြေမှုန်းပစ်လိုက်တော့သည်။
ကြီးမားလှသော ရေတံတိုင်းကြီးတစ်ခု ကောင်းကင်သို့ တဟုန်ထိုး တက်လှမ်းသွားပြီး ချက်ချင်းပင် ဆီးကြို၍ ခုခံလိုက်ပြန်သည်။
ရေသည် အလွန်တရာ နူးညံ့လှပါသော်လည်း ရက်စက်ကြမ်းကြုတ်လှသော စွမ်းပကားများကိုလည်း သယ်ဆောင်ထားခြင်း ဖြစ်ပေသည်။
ဝတ်စုံနက်ဝတ် အမျိုးသားက ကျင့်စဉ်စွမ်းအားများဖြင့် ဖန်တီးထားသည့် လက်ဝါးကြီးသည် ထိုအေးစက်လှသော ရေပြင်ကြီး၏ တိုက်စားမှုကို ခံလိုက်ရသဖြင့် လက်ချောင်းနှစ်ချောင်းသာ ကျန်ရှိတော့ပြီး ဖြူဖွေးလှသော အရိုးများ ထွက်ပေါ်လာသည်အထိ မြင်တွေ့နေရသဖြင့် အလွန်တရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။
ကြာပန်းဖြူမယ်တော် နောက်ကွယ်မှ မှော်အစီအရင် အလင်းတန်းများသည် အကြီးအကျယ် တောက်ပလာခဲ့ပြီး ပူပြင်းလှသော အလင်းကွင်းကြီးတစ်ခုပမာ သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားတော့သည်။
ရှေးဟောင်းကျမ်းစာစောင်ပေါ်ကနေ မဟာတာအိုတရားများ၏ အငွေ့အသက်များ ထွက်ပေါ်လာခဲ့သဖြင့် ဘေးလူကို စိုးစဉ်းမျှ လျှော့တွက်ရဲခြင်း မရှိစေချေ။
သူမနောက်ကွယ်မှ မှော်အစီအရင်ကြီး လည်ပတ်သွားခဲ့ပြီး ရေပြင်ကြီးသည် ချက်ချင်းပင် ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
'ဂျွတ်... ဂျွတ်... ဂျွတ်...'
ရေခဲပြင်ကြီးက ကမ္ဘာမြေကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
ဝတ်စုံနက်ဝတ် အမျိုးသားက ကျင့်စဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီးသည် ထိုအေးစက်လှသော အငွေ့အသက်များကြောင့် တိုက်ရိုက်ပင် ရေခဲရိုက်ခြင်း ခံလိုက်ရသည်။
နောက်တစ်ခဏတွင်မူ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရတော့သည်။
သူ့မျက်နှာက အလွန်တရာ အုံ့မှိုင်းသွားပြီး -
"နင်က ဘာလို့ ဒီနေရာရဲ့ မှော်အစီအရင်ကို အသုံးချနိုင်နေရတာလဲ"
ကြာပန်းဖြူမယ်တော်က အသာလေး ပြုံးပြလိုက်ရင်း -
"နင် ဘယ်လို ထင်လဲ"
အေးစက်လှသော အငွေ့အသက်များ ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် မီးလျှံကွင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ သူ လက်ဖြင့် လှမ်း၍ ဆွဲယူလိုက်ရာ ရှေးဟောင်းလေးကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။
သူ လေးကြိုးကို ဆွဲဆန့်ကာ မြှားတစ်စင်ကို တပ်ဆင်လိုက်ပြီး ကြာပန်းဖြူမယ်တော်ဆီသို့ မြှားတစ်ချက် ပစ်လွှတ်လိုက်တော့သည်။
ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ... ကောင်းကင်ထက်တွင် ရဲရဲနီနေသည့် မီးလျှံဥက္ကာပျံကြီးတစ်ခု ဖြတ်သန်းသွားခဲ့သကဲ့သို့ ဖြစ်ပေါ်လာသည်။
အေးစက်လှသော အငွေ့အသက်များသည် ကြာပန်းဖြူမယ်တော်၏ ရှေ့မှောက်တွင် စုပြုံသွားခဲ့ပြီး ဖြူဖွေးလှသော မြွေနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်ရင်း ထိုမီးမြှားနှင့် ထိပ်တိုက်ဆုံတွေ့သွားကြတော့သည်။
'ဝုန်း...'
မီးမြှား ပေါက်ကွဲထွက်သွားခဲ့ပြီး ပြင်ပသို့ လွင့်စင်သွားခဲ့ကာ ကောင်းကင်အပြည့် မီးပွားများအဖြစ် ပြောင်းလဲသွားတော့သည်။
သို့သော်လည်း ထိုအေးစက်လှသော အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသည့် ဖြူဖွေးသော မြွေနဂါးကြီးကမူ ခေါင်းမော့ကာ ဟိန်းဟောက်နေဆဲဖြစ်ပြီး မျက်ဝန်းများထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေကာ ထိုဝတ်စုံနက်ဝတ် အမျိုးသားကို စိန်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။
သူ လေးကြိုးကို ထပ်မံဆွဲဆန့်ကာ မြှားတပ်ဆင်လိုက်ပြန်ပြီး သူ၏ စိတ်အာရုံက ဖော်ဆောင်ထားသည့် တာအိုပုံရိပ်မှာ နေမင်းကို ပစ်ချသည့် နတ်ဘုရားလေးကြီး ဖြစ်ပေသည်။
ယခုအချိန်တွင် ပြင်းထန်လှသော မြှားအစင်ပေါင်း ဆယ်ဂဏန်းမက ပေါက်ကွဲထွက်သွားခဲ့ပြီး ထိုဖြူဖွေးသော မြွေနဂါးကြီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
မြွေနဂါးကြီးက ပါးစပ်ကနေ အေးစက်လှသော အငွေ့အသက်များကို ထွေးထုတ်လိုက်ရာ... မီးမြှားများသည် လေထုထဲတွင် ကွက်တိ ရပ်တန့်သွားခဲ့ပြီး တစ်ဦးနှင့်တစ်ခု အပြန်အလှန် တောင့်ခံထားကြသည်။
ဝတ်စုံနက်ဝတ် အမျိုးသား စိတ်အာရုံ လှုပ်ရှားလိုက်ရာ... ထိုထက်မြက်လှသော မြှားများအားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားကြတော့သည်။
'ဝုန်း... ဝုန်း...'
ဤနေရာတွင် အလွန်တရာ ဆန်းပြားလှသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး မီးလျှံများသည် ရေခဲရိုက်ခြင်း ခံလိုက်ရသဖြင့် အလွန်တရာ လှပဆန်းပြားလှသည့် ပန်းပွင့်ကြီးများပမာ တောက်ပလွန်းလှသဖြင့် လူကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
၎င်းတို့နှစ်ဦး၏ တန်ခိုးစွမ်းအား မှော်အတတ်များ ပြောင်းလဲမှုက လူအများအပြား၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
"ဒါက မြေပြင်နတ်ဘုရား အဆင့်အတန်းရဲ့ စွမ်းအားမျိုးပဲ"
ကျင့်ကြံသူတစ်ဦး၏ မျက်နှာပေါ်တွင် မျှော်လင့်တောင့်တမှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး ဘေးကနေ ကြည့်ရှုရုံမျှဖြင့်တင် သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိစေကာ သူ့၏ တာအိုတရား ရှာဖွေလိုစိတ်ကိုပါ ပိုမိုခိုင်မာသွားစေသည်။
ကြာပန်းဖြူမယ်တော် နောက်ကွယ်တွင် ဝဲပျံနေသည့် ထိုမြွေနဂါးကြီးသည် ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံသန်းသွားခဲ့ပြီး ဝတ်စုံနက်ဝတ် အမျိုးသားဆီသို့ လှမ်း၍ ကိုက်ခဲလိုက်တော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသား လက်ထဲမှ ရှေးဟောင်းလေးကြီးသည် တစ်ဖန် ပြန်လည်၍ မီးလျှံကွင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့လက်ထဲတွင် ဆုပ်ကိုင်ထားကာ တိုက်ရိုက်ပင် ရိုက်ချလိုက်တော့သည်။
တောက်ပလွန်းလှသည့် နေမင်းကြီးတစ်စင်း ပေါ်ပေါက်လာခဲ့သကဲ့သို့ ဖြစ်ပေါ်လာပြီး ထိုအေးစက်လှသော အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသည့် မြွေနဂါးကြီးနှင့် ထိပ်တိုက်ဆုံတွေ့သွားကြပြန်သည်။
'ဝုန်း... ဝုန်း...'
ယခုတစ်ကြိမ် ပေါက်ကွဲမှုကြောင့် ရေခဲရိုက်နေသည့် ရေပြင်ကြီးသည် တိုက်ရိုက်ပင် ကြေမွပျက်စီးသွားခဲ့ရပြီး ကောင်းကင်အပြည့် ရေစက်များ ပြင်ပသို့ လွင့်စင်သွားခဲ့ရပြန်သည်။
ဤမီးလျှံကွင်းကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားများ ပါဝင်နေသဖြင့် ကြာပန်းဖြူမယ်တော် နောက်ကွယ်မှ မှော်အစီအရင်သည် အနည်းငယ် မှေးမှိန်သွားခဲ့ရပြီး ခန္ဓာကိုယ်သည်လည်း ပြင်ပသို့ နောက်တစ်ကြိမ် တိမ်းရှောင်သွားခဲ့ရပြန်သည်။
ဤအမျိုးသမီးသည် ထိုနေရာရှိ မှော်အစီအရင်ကို အသုံးချနိုင်စွမ်း ရှိနေခြင်းက လူကို အံ့ဩမှင်သက်သွားစေရန် လုံလောက်လှသည်။
သူမသည် ပြင်ပရှိ မြေပြင်ကြီးဆီသို့ ရောက်ရှိလာခဲ့ပြီး ထို မြေပြင်ကြီးထဲကနေ ကြီးမားလှသည့် ဘီလူးကြီးနှစ်ဦး ပေါ်ပေါက်လာခဲ့ကာ အရပ်အမြင့် ဆယ်မီတာခန့် ရှိကြပြီး ကြွက်သားများက ထုနဲ့ထည်နဲ့ ဖြစ်လွန်းလှကာ အားလုံး သဲပြင်ကြီးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
၎င်းတို့သည် ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံသန်းသွားကြပြီး ဝတ်စုံနက်ဝတ် အမျိုးသားဆီသို့ လှမ်း၍ တိုက်ခိုက်လိုက်ကြတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသဲပြင်ကြီးများဖြင့် ဖွဲ့စည်းထားသည့် သန်မာထုထည်ကြီးမားလှသော ဘီလူးကြီးနှစ်ဦးကို ရိုက်ခြေပစ်လိုက်တော့သည်။
သို့သော်လည်း ထိုသဲပြင်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ဘီလူးကြီးနှစ်ဦးသည် လျင်မြန်စွာပင် တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်ပြီး တဖြည်းဖြည်းနှင့် တစ်ဦးကိုတစ်ဦး ပေါင်းစပ်သွားကြရာ အရပ်အမြင့် မီတာသုံးဆယ်ခန့် ရှိသည့် ဘီလူးကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
'ဝုန်း... ဝုန်း...'
ဤသန်မာထုထည်ကြီးမားလှသော ဘီလူးကြီး၏ အရှိန်ဝါက လူကို ထိတ်လန့်တုန်လှုပ်သွားစေပြီး လက်သီးတစ်ချက်ကို လေထုထဲတွင် ဝေ့ယမ်းကာ ထိုးနှက်လိုက်ရာ လေထုကြီးပင် တစ်စုံတစ်ရာ တွန့်လိမ်ရှုံ့တွသွားသကဲ့သို့ ဖြစ်ပေါ်လာသည်။
ဝတ်စုံနက်ဝတ် အမျိုးသား မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး... လက်ဖဝါးထဲကနေ ကြေးနီအိုးငယ်လေးတစ်ခု ပေါ်ပေါက်လာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လေပြင်းမုန်တိုင်းပမာ ကြီးမားလာခဲ့ပြီး တောင်တန်းကြီးတစ်ခုပမာ ကြီးမားလှကာ ထိုဘီလူးကြီးဆီသို့ လှမ်း၍ ဖိနှိပ်လိုက်တော့သည်။
ကောင်းကင်အပြည့် သဲမှုန်များ ဝုန်းခနဲ ထွက်ပေါ်လာခဲ့ပြီး လက်မောင်းကြီးများစွာပမာ ထိုကြေးနီအိုးကြီးကို လှမ်း၍ ဖမ်းဆွဲလိုက်ကြရာ လျင်မြန်စွာပင် သဲတောင်ကြီးတစ်ခုအဖြစ် စုပြုံသွားခဲ့ပြီး ၎င်းကို အထဲတွင် လွှမ်းခြုံချုပ်နှောင်လိုက်တော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားက တန်ခိုးစွမ်းအား မှော်အတတ်ကို လှုံ့ဆော်လိုက်ရာ... အိုးပေါ်တွင် တောင်တန်းများနှင့် မြစ်ချောင်းများ၊ ပန်းပွင့်များနှင့် ငှက်တိရစ္ဆာန်များ၏ တာအိုပုံရိပ်များ ပေါ်ပေါက်လာခဲ့ပြီး ထိုသဲပြင်ကြီးကို တိုက်ရိုက်ပင် ရိုက်ခြေပစ်လိုက်တော့သည်။
အလင်းတန်းများက ကြာပန်းဖြူမယ်တော်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ကြာပန်းဖြူမယ်တော် ခန္ဓာကိုယ် အနည်းငယ် တုန်ရင်သွားရသည်။
ဝတ်စုံနက်ဝတ် အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျင့်ကြံမှုအဆင့်က မပြည့်စုံသေးဘဲနဲ့... ဒီနေရာမှာ ရတနာလာလုဝံ့သေးတယ်၊ ငါကတော့ မင်းရဲ့ လေလုံးတွေကြောင့် အကြောက်လွန်သွားမလို့တောင် ဖြစ်သွားတယ်"
စကားသံ ဆုံးသည်နှင့်... သူသည် တန်ခိုးစွမ်းအား မှော်အတတ်ကို ထပ်မံလှုံ့ဆော်လိုက်ရာ ကြေးနီအိုးကြီးသည် နောက်တစ်ကြိမ် ပြင်းထန်စွာ ဖိနှိပ်ချလိုက်ပြန်သည်။
သဲပြင်ကြီးများ ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ကြေးနီအိုးကြီးကို တောင့်ခံထားကြရာ ကြာပန်းဖြူမယ်တော်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ထပ်မံ၍ တုန်ရင်သွားရပြန်သည်။
"ဘာလဲ... နတ်ဘုရားတစ်ပါး ဖြစ်ပြီးတော့လည်း ကြောက်တတ်တာပဲလား"
သူမ၏ အပြုံးက တည်ငြိမ်အေးဆေးလှပါသော်လည်း ပြောဆိုလိုက်သည့် စကားများကမူ တစ်ဖက်နှင့်တစ်ဖက် ဆူးခက်ပမာ ထက်မြက်လွန်းလှသည်။
စိတ်ထဲတွင်မူ ထိုအိုမင်းလှသော အသံကြီးကို လှမ်း၍ ပြောလိုက်မိသည်။
"အဖိုးကြီး... ဒီနေ့ ငါသာ သူ့လက်ထဲမှာ သေဆုံးသွားခဲ့ရင်၊ နင်လည်း ဘေးကင်းမှာ မဟုတ်ဘူး"
စောစောက ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ အကြီးအကျယ် ဆူပွက်လာခဲ့ပြီး သူမ၏ ဝါးမြိုခြင်းကို ခံထားရသည့် ကြာပန်းဖြူဂိုဏ်းချုပ်ကြီးသည် ဤအခွင့်အရေးကို အသုံးချ၍ ဆူပူသောင်းကျန်းနေသဖြင့် ကြာပန်းဖြူမယ်တော်အနေဖြင့် စွမ်းအားအချို့ကို ထုတ်ဖော်ကာ ၎င်းကို ဖိနှိပ် ချုပ်ခြယ်နေရခြင်း ဖြစ်ပေသည်။
ကြာပန်းဖြူဂိုဏ်းချုပ်ကြီး၏ အိုမင်းလှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။
"ဒါကလည်း နင့်ရဲ့ ဝါးမြိုခြင်းကို ခံရတာထက်စာရင် ပိုပြီး ကောင်းပါသေးတယ်၊ ငါက ကြိုးပမ်းအားထုတ်မှုများစွာနဲ့ စီစဉ်ဖန်တီးထားခဲ့တာ... ဘာလို့ နင်လို ကောင်မစုတ်ရဲ့ လက်ထဲမှာ ပျက်စီးသွားရမှာလဲ"
ကြာပန်းဖြူမယ်တော် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများက နောက်တစ်ကြိမ် ထပ်မံ၍ ဆူပွက်လာခဲ့ပြန်သဖြင့် သူမအနေဖြင့် တန်ခိုးစွမ်းအားများကို ထုတ်ဖော်ကာ ဖိနှိပ်နေရပြန်ရာ... ပါးစပ်ကနေ သွေးတစ်ချက် အွတ်ခနဲ ထွက်ပေါ်လာခဲ့သော်လည်း အတင်းအဓမ္မ ပြန်လည်မြိုချလိုက်ရသည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် ကြာပန်းဖြူမယ်တော်၏ အပြင်ပန်းကသာ သန်မာပြီး အတွင်းပိုင်းက အနှစ်မရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမသည် မြေပြင်နတ်ဘုရား အဆင့်အတန်း မဟုတ်ကြောင်း သို့မဟုတ် သူမ၏ စွမ်းအားများက အရမ်းကို ရှုပ်ထွေးလွန်းနေကြောင်း သိလိုက်ရသည်။
သူ လက်ချောင်းကို အသာလေး တောက်လိုက်ရာ... လျင်မြန်လှသော စွမ်းအားတစ်ချက်သည် ကြာပန်းဖြူမယ်တော် နောက်ကွယ်မှ မှော်အစီအရင်ပေါ်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။
ကြာပန်းဖြူမယ်တော် ရှေ့မှောက်တွင် ကြီးမားလှသောအလင်းတန်းများ ပေါ်ပေါက်လာခဲ့ပြီး ဆီးကြို၍ ခုခံလိုက်ရသည်။
'ဝုန်း...'
ပြင်းထန်လှသော လေပြင်းမုန်တိုင်းများ ကောင်းကင်ထက်မှ ဝတ်စုံနက်ဝတ် အမျိုးသားဆီသို့ စုပြုံသွားကြတော့သည်။
ဤလေပြင်းမုန်တိုင်းများကို လီယန်ချူ မြင်တွေ့ဖူးပြီးသား ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသဖြင့် တတိယအဆင့် ပညာရှင်များစွာ၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် တူညီနေသည်။
ဝတ်စုံနက်ဝတ် အမျိုးသား ခန္ဓာကိုယ်ဖြင့် ခေတ္တမျှ တောင့်ခံထားလိုက်ပြီးနောက် ၎င်း၏ ထက်မြက်မှုကို တိုက်ရိုက် ထိပ်တိုက်မရင်ဆိုင်တော့ဘဲ မြေပြင်ပေါ်သို့ တရွေ့ရွေ့ ဆင်းသက်လာခဲ့တော့သည်။
သူ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီးနောက် မြေပြင်ပေါ်မှ သဲပြင်ကြီးများသည် သူ့ဆီသို့ စုပြုံသွားကြပါသော်လည်း သူ့၏ ပုံရိပ်ကမူ ဘယ်လိုမှ အောက်သို့ နစ်ဝင်သွားခြင်း မရှိဘဲ ပတ်ဝန်းကျင်တွင် ဟာလာဟင်းလင်း လေဟာနယ်တစ်ခု ဖြစ်ပေါ်နေစေသည်။
၎င်းအတွင်း၌ သဲမှုန်များ မရှိတော့သလို၊ ဝိညာဉ်စွမ်းအားများပင် မရှိတော့ချေ။
တန်ခိုးစွမ်းအား မှော်အတတ်များသည် သူ့ရှေ့မှောက် သုံးပေခန့် အရပ်သို့ ရောက်ရှိလာသည်နှင့်အမျှ ချက်ချင်းပင် ပျောက်ကွယ် ပျက်စီးသွားခဲ့ရတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် ယုံကြည်ချက်အပြည့် ရှိနေပြီး အေးစက်လွန်းလှကာ လူ့လောကတွင်ဖြစ်စေ ဤယွမ်မုန့်ကျောက် အတွင်း၌ဖြစ်စေ သူသည် အနိုင်မခံ အရှုံးမပေးသည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။
"မင်းမှာ ဘယ်လို နောက်ခံအကြောင်းအရင်းမျိုး ရှိနေပါစေ... အခုအချိန်မှာတော့ ပုရွက်ဆိတ်က လမ်းကို ပိတ်ဆို့ထားသလိုပဲ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ"
သူ၏ အသံကြီး ထွက်ပေါ်လာခဲ့ပြီး ဤကောင်းကင်နှင့် မြေကမ္ဘာကြားထဲတွင် ပဲ့တင်ထပ်နေတော့သည်။
ကြေးနီအိုးကြီးသည် နောက်တစ်ကြိမ် လေပြင်းမုန်တိုင်းပမာ ကြီးမားလာခဲ့ပြန်ပြီး နတ်ဘုရားတောင်တန်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သကဲ့သို့ ဖြစ်ပေါ်လာကာ ကြာပန်းဖြူမယ်တော်ကို အောက်တွင် ဖိနှိပ် ချုပ်နှောင်လိုက်တော့သည်။
ဤမြင်ကွင်းကြောင့် ထိုနေရာတွင် ရှိနေကြသည့် ပညာရှင်အများအပြား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြရသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို မိမိတို့အနေဖြင့် ဘယ်လို တန်ခိုးရတနာများနှင့် မှော်အတတ်များကိုမျှ အသုံးချပါသော်လည်း ဘယ်လိုမှ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
ဒါက အခြားအဆင့်အတန်းတစ်ခု၏ စွမ်းအားမျိုး ဖြစ်ပေသည်။
လူအများအပြားသည် ထိုဝတ်စုံနက်ဝတ် အမျိုးသားကို လှမ်းကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
"ယွမ်မုန့်ကျောက် ထဲကို ဘာလို့ ဒီလို ပညာရှင်ကြီးတစ်ဦး ရောက်ရှိလာရတာလဲ"
"နတ်ဘုရားတစ်ပါး လူ့လောကကို ဆင်းသက်လာတာ... ကောင်းချီးလား ဘေးဒုက္ခလားဆိုတာ မသိနိုင်တော့ဘူး"
"ဒီလူ ဒီနေရာမှာ ရှိနေတာက... အခွင့်အရေးကောင်းတွေကို လုယူဖို့အတွက် အကြီးအကျယ် သက်ရောက်မှု ရှိတယ်"
လူအများအပြား၏ မျက်နှာအမူအရာက အလွန်တရာ ရှုပ်ထွေးလှသည်။
ကြာပန်းဖြူမယ်တော် နောက်ကွယ်မှ မှော်အစီအရင်သည် တစ်ချက် ကျုံ့ဝင်သွားပြီး တစ်ချက် ပြန်လည်ကြီးမားလာခဲ့ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဦးနှောက်နောက်ကွယ်သို့ နစ်ဝင်သွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင်... ရုတ်တရက်ဆိုသလို ဝေးလံလှသော အရပ်မျက်နှာဆီကနေ မီးနဂါးကြီးများစွာ တဟုန်ထိုး ပြေးဝင်လာခဲ့ကြပြီး လူအများအပြားသည် ထိုမြေအောက်မီးလျှံများ ပေါက်ကွဲနေသည့် အရပ်မျက်နှာဆီသို့ ဖြတ်သန်းလာခဲ့ကြဖူးသည်။
ဤမီးလျှံများသည် မူလကတည်းကပင် မှော်အစီအရင်အတွင်းရှိ ထူးခြားဆန်းပြားလှသည့် မီးမျိုးစေ့များ ဖြစ်ကြသဖြင့် လူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းပျက်စီးစေနိုင်စွမ်းရှိရာ အလွန်တရာ ပြင်းထန်လှသည်။
ကြာပန်းဖြူမယ်တော်သည် ဤနေရာကို အဆုံးသတ် တိုက်ပွဲဝင်ရာ နေရာတစ်ခုအဖြစ် သတ်မှတ်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပြီး... မှော်အစီအရင်များစွာထဲမှ မြေအောက်မီးလျှံ၊ ရေပြင်၊ လေပြင်း၊ ကမ္ဘာမြေ စသည့် ဓာတ်ကြီးလေးပါး စွမ်းအားများကို လှုံ့ဆော်ကာ ဤဝတ်စုံနက်ဝတ် အမျိုးသားကို အပြတ်အသတ် ချေမှုန်းရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။
မတတ်သာဘဲ ပြောရလျှင်... မှော်အစီအရင်၊ လက်နက်သွန်းလုပ်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း စသည်တို့သည် ကျင့်ကြံသူများကို အဆင့်ကျော်၍ တိုက်ခိုက်နိုင်စေသည့် အတတ်ပညာများ ဖြစ်ကြသည်။
ယခုအချိန်တွင် ကြာပန်းဖြူမယ်တော်သည် ထိုနေရာ၏ တားမြစ်ချက် စွမ်းအားများကို အသုံးချနိုင်စွမ်း ရှိနေပြီး... ၎င်းမှာ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သော်လည်း လူကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်လှသည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် ကြာပန်းဖြူမယ်တော် ဤမျှလောက်များပြားလှသော တားမြစ်ချက် စွမ်းအားများကို လှုံ့ဆော်နိုင်သည်ကို မြင်တွေ့လိုက်ရသဖြင့် မျက်ဝန်းအစုံ အေးစက်သွားရပြီး -
"နင်က အရင်တုန်းက ချင်းဝေကျောင်းရဲ့ တပည့်တစ်ယောက်ပဲ"
စကားတစ်ခွန်းတည်းနှင့်ပင် ကြာပန်းဖြူမယ်တော်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်လိုက်ခြင်း ဖြစ်ပေသည်။
အကယ်၍ မှော်အစီအရင် ပါရမီရှင်တစ်ဦးသာဆိုလျှင်... တားမြစ်ချက် စွမ်းအားများ၏ တစ်စိတ်တစ်ပိုင်းကိုသာ လှုံ့ဆော်နိုင်လိမ့်မည် ဖြစ်သော်လည်း ယခု ကြာပန်းဖြူမယ်တော် အသုံးချနေသည့် စွမ်းအားများက အရမ်းကို များပြားလွန်းလှသည်။
ကြာပန်းဖြူမယ်တော်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း -
"ဟုတ်တယ်... အရင်တုန်းက ချင်းဝေကျောင်း ဖျက်ဆီးခြင်း ခံရတဲ့ အချိန်တုန်းက၊ ငါက မိန်းကလေးငယ်လေး တစ်ယောက်ပဲ ရှိသေးတာ... နင်တို့လို လူတွေရဲ့ မျက်နှာဖုံးတွေက တကယ့်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းလွန်းတယ်"
သူမ၏ စကားသံ ဆုံးသွားသည်နှင့်အမျှ... လူအများအပြား အကြီးအကျယ် ဆူပူသောင်းကျန်းသွားကြရပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ထင်ဟပ်သွားရသည်။
အထူးသဖြင့် လူ့လောကမှ လာကြသည့် ကျင့်ကြံသူများစွာထဲတွင် ကြာပန်းဖြူမယ်တော်ကို သိရှိကြသူများ ရှိနေကြသည်။
"သူမက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုကျောင်းရဲ့ တပည့်တစ်ယောက်လား"
"ကြာပန်းဖြူမယ်တော်က အရင်ဘဝက မှတ်ဥာဏ်တွေကို နိုးထလာခဲ့တာပဲ... သူမက တာအိုကျောင်းနဲ့ ဒီလောက်အထိ နက်နဲတဲ့ ပတ်သက်မှုမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"
လူအများအပြား အနည်းငယ် အံ့ဩသွားကြရသည်။
လီယန်ချူ၏ မျက်ဝန်းထဲတွင်လည်း အံ့ဩတုန်လှုပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး -
"ရှေးယခင်တုန်းက ဒီတာအိုကျောင်းကို ဖျက်ဆီးပစ်ခဲ့တဲ့ လူတွေက... နတ်ဘုရားတွေ ဖြစ်ပုံရတယ်"
သူ ဤဝတ်စုံနက်ဝတ် အမျိုးသားကို တစ်ချက် ကြည့်လိုက်မိပြီး... စောစောက ထိုလူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများကို အစပိုင်းတွင် သူ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားခဲ့ရသော်လည်း တိုက်ခိုက်သည်နှင့် ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။
ဟင်းလင်းပြင် ကမ္ဘာမြေကြီးအတွင်း၌... နတ်ဘုရားမ၏ စိတ်ဝိညာဉ် အကြွင်းအကျန်ကို ရိုက်ခြေဖျက်ဆီးပစ်ခဲ့သူမှာ ဤလူပင် ဖြစ်ပေသည်။
နောက်ပိုင်းတွင် မိမိနှင့် တိုက်ခိုက်ခဲ့ပြီးနောက်... လူ့ခန္ဓာကိုယ်က စွမ်းအားများကို မခံနိုင်တော့သဖြင့် နတ်ဘုရားလောကသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။
"အခုတစ်ကြိမ်မှာတော့ ဒီလူရဲ့ စွမ်းအားက ပိုအားကောင်းလာတာပဲ... ပြီးခဲ့တဲ့ တစ်ကြိမ်ကထက် အဆပေါင်းများစွာ ပို အစွမ်းထက်လာခဲ့တာပဲ၊ ဒါကမှ သူ့ရဲ့ တကယ့် စွမ်းအားအစစ်အမှန်လား"
လီယန်ချူ၏ မျက်ဝန်းများက ထက်မြက်လွန်းလှပြီး... ကျင့်စဉ်အဆင့်အတန်း ကျဆင်းသွားသည့် မြေပြင်နတ်ဘုရားများကို သူ သတ်ဖြတ်ဖူးပြီးသား ဖြစ်သည်။
ချွန်ချိုးလင်း ဂိုဏ်းချုပ်ကြီး၊ ချင်းချိုး မြေခွေးနတ်ဘုရားမ၊ လျှို့ဝှက်ဆန်းကြယ်လှသော ဂူထဲမှ ရုပ်ရည်ထူးဆန်းလှသည့် တာအိုဆရာ။
"တကယ့် မြေပြင်နတ်ဘုရား အဆင့်အတန်းရဲ့ စွမ်းအားမျိုးကတော့... လက်ကို ဝေ့ယမ်းလိုက်ရုံနဲ့တင် ထွက်ပေါ်လာတဲ့ စွမ်းအားက၊ ဝိညာဉ်စွမ်းအားထက် ပို မြင့်မားလွန်းတယ်"
မြေပြင်နတ်ဘုရား အဆင့်အတန်းသို့ တက်လှမ်းသွားပြီးနောက်တွင်မူ... ဝိညာဉ်စွမ်းအားများသည် နတ်ဘုရားစွမ်းအင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး သာမန် နတ်ဘုရားစွမ်းအင်သည်ပင် ဝိညာဉ်စွမ်းအားကို အပြတ်အသတ် ဖိနှိပ် ချုပ်ခြယ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့်ပင်... မြေပြင်နတ်ဘုရား ပညာရှင်များနှင့် တတိယအဆင့် ပညာရှင်များကြားထဲမှ ကွာခြားချက်က မိုးနှင့်မြေပမာ ကွာခြားလှသဖြင့် နတ်ဘုရားလက်နက်များကိုသာ အမှီပြု၍ ခုခံနိုင်ခြင်း ဖြစ်ပေသည်။
'ဝုန်း... ဝုန်း...'
ကွင်းပြင်ကျယ်ကြီးပေါ်မှ အခြေအနေက ခဏအကြာတွင် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
ကြာပန်းဖြူမယ်တော် နောက်ကွယ်တွင် ကြီးမားလှသော နတ်ဘုရားမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တင်ပျဉ်ခွေထိုင်ကာ လက်ထဲတွင် ကြာပန်းတစ်ပွင့်ကို ဆုပ်ကိုင်ထားသည်။
နတ်ဘုရားမက လက်ထဲတွင် ကြာပန်းကို ဆုပ်ကိုင်ထားပြီး အလွန်တရာ မွန်မြတ်သန့်စင်လှသည်။
လက်ဝါးနှစ်ဖက်ကို ဖွင့်ဟလိုက်သည်နှင့်အမျှ နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ပတ်ဝန်းကျင် မိုင်ဆယ်ဂဏန်းမက ပျံ့နှံ့သွားသဖြင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝတ်စုံနက်ဝတ် အမျိုးသား အစပိုင်းတွင် ခေတ္တမျှ မှင်သက်သွားရပြီး မျက်ဝန်းထဲတွင် စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ကာ -
"သေချာပေါက် လူဝင်စားခန္ဓာတစ်ခုပဲ"
ကြာပန်းဖြူမယ်တော်က နှုတ်ခမ်းကို အသာလေး ဖွင့်ဟကာ -
"နတ်ဘုရားတွေက လူယုတ်မာတွေကို ကူညီပြီး မကောင်းမှုတွေ ပြုလုပ်နေကြတာ... စောစောစီးစီး ေဒီလောကထဲကနေ လုံးဝ ဥဿုံ ပျောက်ကွယ် ပျက်စီးသွားကြရလိမ့်မယ်"
ဝတ်စုံနက်ဝတ် အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -
"ရယ်စရာပဲ... မင်းရဲ့ ဒီအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို အရင်ဆုံး ဂရုစိုက်ဖို့ ကြိုးစားစမ်းပါဦး"
စကားသံ ဆုံးသည်နှင့်... သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် တရိပ်ရိပ် မြင့်တက်လာနေတော့သည်ဖြစ်ရာ စောစောက သူသည် အစွမ်းကုန် ထုတ်ဖော်ခဲ့ခြင်း မရှိသေးချေ။
ယခုတစ်ကြိမ်တွင်မူ... ကြီးမားလှသော ကြေးနီအိုးကြီးတစ်ခု ကောင်းကင်ထက်မှ တဟုန်ထိုး ကျဆင်းလာခဲ့ပြီး ဟာလာဟင်းလင်း ပြင်ပလောကကြီးကို ဖြတ်သန်းကာ ယွမ်မုန့်ကျောက် အတွင်းသို့ ဆင်းသက်လာခဲ့သကဲ့သို့ ဖြစ်ပေါ်လာသည်။
ဤကြေးနီအိုးကြီးသည် အလွန်တရာ ကြီးမားထုထည်လှပြီး အပေါ်မှ တောင်တန်းများနှင့် မြစ်ချောင်းများ၊ ပန်းပွင့်များနှင့် ငှက်တိရစ္ဆာန်များ၏ အမှတ်အသားများက နက်နဲလွန်းလှသဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားများကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
ဤနေရာသို့ ဆင်းသက်လာခဲ့သည်နှင့်တစ်ပြိုင်နက်... လူအများအပြားသည် အသက်ရှူကျပ်မတတ် ဖိအားကြီးကို ခံစားလိုက်ကြရသည်။
ကောင်းကင်နှင့် မြေကမ္ဘာကြားထဲမှ ဝိညာဉ်စွမ်းအားများ အားလုံး ချက်ချင်းပင် ဖိနှိပ် ချုပ်ခြယ်ခြင်း ခံလိုက်ရသကဲ့သို့...
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤနေရာရှိ လေပြင်းမုန်တိုင်းများနှင့် မြေအောက်မီးလျှံများ အားလုံး ကွယ်ပျောက်သွားခဲ့ရပြီး တားမြစ်ချက် စွမ်းအားများ အားလုံး လုံးဝ ဥဿုံ ပျက်စီးသွားခဲ့ရတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားက တည်ငြိမ်စွာ ပြုံးလိုက်ရင်း -
"အခုတစ်ကြိမ် လူ့လောကကို ဆင်းသက်လာတဲ့ အချိန်မှာ ငါက စောစောစီးစီး ပြင်ဆင်လာခဲ့တာ... နင်လို ကောင်မစုတ်က အသာတကြည် လက်နက်ချအဖမ်းခံဖို့ ပြင်စမ်း"
ကြာပန်းဖြူမယ်တော်၏ မျက်ဝန်းများက အေးစက်နေပြီး -
"နင်ကလား"
မျက်စိတစ်မှိတ်အတွင်းမှာပင်... သူမနောက်ကွယ်မှ ကြီးမားလှသော စိတ်ဝိညာဉ်နတ်ဘုရားမကြီးသည် လက်ထဲတွင် ကြာပန်းဖြူကို ဆုပ်ကိုင်ထားရင်း အရှိန်အဝါများသည်လည်း တရိပ်ရိပ် မြင့်တက်လာနေတော့သည်။
သူမသည် လျှို့ဝှက်ဆန်းကြယ်လှသော မှော်အတတ်တစ်ခုကို အသုံးပြုနေခြင်း ဖြစ်ပြီး တိုတောင်းလှသော အချိန်အတွင်းမှာပင် မိမိ၏ ကျင့်စဉ်အဆင့်အတန်းကို အတင်းအဓမ္မ မြှင့်တင်နေခြင်း ဖြစ်ပေသည်။
ထို့ပြင် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဝတ်စုံနက်ဝတ် အမျိုးသားကို အနည်းငယ် ဖိနှိပ် ချုပ်ခြယ်သွားသကဲ့သို့ ခံစားချက်မျိုး ပေါ်ပေါက်စေသည်။
သူမ လက်ထဲမှ ကြာပန်းဖြူကို ဝေ့ယမ်းလိုက်ရာ... မဟာနတ်ဘုရားအလင်းတန်းတစ်ခု ဖြာထွက်သွားခဲ့ပြီး ထိုကြေးနီအိုးကြီး၏ ကျဆင်းလာမည့် အရှိန်အဝါကိုပါ ဆီးကြို၍ တောင့်ခံထားလိုက်တော့သည်။
ဤမြင်ကွင်းသည် ကောင်းကင်ပြိုမတတ် မြေကြီးတုန်မတတ် ပြင်းထန်လှသဖြင့် ယွမ်မုန့်ကျောက် တစ်ခုလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။
ချင်းဝေကျောင်း ပတ်ဝန်းကျင်အတွင်းရှိ ပညာရှင်အများအပြား ရင်ထဲတွင် ထိတ်လန့်သွားကြရပြီး အမူအရာက အလွန်တရာ တင်းမာခက်ထန်စွာဖြင့် ဤမြင်ကွင်းကို စူးစိုက်ကြည့်နေကြသည်။
"တစ်ဦးနဲ့တစ်ခု ထိပ်တိုက်ဆုံတွေ့နေကြပြီ"
လူတိုင်း၏ စိတ်ထဲတွင် ဤအတွေးမျိုး ထွက်ပေါ်လာခဲ့ကြပြီး... ယခုမြင်ကွင်းတွင် နတ်ဘုရားက အနိုင်ရရှိမလား သို့မဟုတ် ထိုနတ်ဘုရားမက ပိုမို အစွမ်းထက်မလားဆိုတာ မသိနိုင်တော့ချေ။
သို့သော်လည်း ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသည့် နတ်ဘုရားမ၏ စိတ်ဝိညာဉ်ပုံရိပ်ကြီးသည် ရုတ်တရက်ဆိုသလို အကြီးအကျယ် တုန်ရင်သွားခဲ့ရပြီး အလင်းတန်းများကလည်း မတည်မငြိမ် ဖြစ်လာခဲ့သည်။
ပုံစံအရဆိုလျှင် ခန္ဓာကိုယ်အတွင်းကနေ တစ်စုံတစ်ရာသော အရာတစ်ခုက ဖောက်ထွက်လာတော့မည့်အတိုင်း ဖြစ်ပေါ်လာသည်။
ဝတ်စုံနက်ဝတ် အမျိုးသား၏ မျက်ဝန်းအစုံကနေ နတ်ဘုရားအလင်းတန်းများ ဖြာထွက်သွားခဲ့ပြီး အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်ပေါ်လာကာ... သူ ဤနေရာရှိ လျှို့ဝှက်ချက်ကို သေချာ မြင်တွေ့လိုက်ရချိန်တွင်မူ မတ်တတ်ရပ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"လာစမ်း... လာစမ်း... လာစမ်း၊ ငါက နင့်ကို ဘေးကင်းအောင် ကူညီပေးရတာပေါ့"
စကားသံ ဆုံးသည်နှင့်... သူသည် နတ်ဘုရားအတတ်ကို ထုတ်ဖော်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကမ္ဘာမြေတွင် နွေဦးရာသီ ရောက်ရှိလာခဲ့သကဲ့သို့ သစ်ပင်ပန်းမန်များ အကြီးအကျယ် ရူးသွပ်စွာ ကြီးထွားလာကြတော့သည်။
ခန့်ညားထည်ဝါလှသော နတ်ဘုရားမ၏ ခန္ဓာကိုယ်အတွင်းကနေ အလင်းတန်းတစ်ခု ဝုန်းခနဲ ဖောက်ထွက်သွားခဲ့ပြီး ၎င်းမှာ မျက်မှောင်ကြုတ်ထားမိပြီး အိုမင်းလှသော လူရိပ်တစ်ခု ဖြစ်ပေသည်။
လူရိပ် ခန္ဓာကိုယ်ကနေ ဖောက်ထွက်သွားခဲ့ပြီးနောက် ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ရသဖြင့် နတ်ဘုရားမ၏ အရှိန်အဝါများသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသကဲ့သို့ လျင်မြန်စွာပင် ကျဆင်းသွားခဲ့ရပြီး လက်ထဲမှ ကြာပန်းသည်လည်း အနည်းငယ် ညှိုးနွမ်းသွားခဲ့ရသည်။
နတ်ဘုရားမ၏ မျက်ဝန်းများက အေးစက်နေပြီး ထိုအိုမင်းလှသော လူရိပ်ကို လှမ်းကြည့်ကာ -
"နင်လို အဖိုးကြီးစုတ်... နောက်ဆုံးတော့လည်း နင် ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တာပဲ"
ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဖြူဖွေးနေသည့် ထိုအဖိုးကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -
"သောက်ကောင်မ... နင်လည်း ဒီနေ့လို အခြေအနေမျိုးနဲ့ ကြုံတွေ့ရတာပဲ"
သူ့လက်ကနေ လျင်မြန်စွာ မုဒြာများကို ဖန်တီးလိုက်ပြီး... မဟာတန်ခိုးစွမ်းအား မှော်အတတ်တစ်ခု ပေါက်ကွဲထွက်သွားခဲ့ရာ ကြာပန်းဖြူမယ်တော်၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်းနှင့် မတည်မငြိမ် ဖြစ်လာခဲ့ပြီး စတင်၍ ကြေမွပျက်စီးလာတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသား ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ ပိုမို၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကြေးနီအိုးကြီးကို ရှေ့သို့ ပိုမို လျင်မြန်စွာ မြှင့်တင်လိုက်တော့သည်။
ဟင်းလင်းပြင်ကြီးကို ဖြတ်သန်းလာသည့် ကြေးနီအိုးကြီးသည် တိုက်ရိုက်ပင် နတ်ဘုရားမပေါ်မှ အလင်းတန်းများကို ရိုက်ခြေပစ်လိုက်တော့သည်။
နတ်ဘုရားမ၏ စိတ်ဝိညာဉ်သည် တရိပ်ရိပ် ကြေမွပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
လီယန်ချူသည် ထိုဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဖြူဖွေးနေသည့် အဖိုးကြီးကို မှတ်မိလိုက်သည်။
၎င်းမှာ အခြားသူမဟုတ်ဘဲ ရှေးယခင်က အော်မေ တောင်ပေါ်တွင် မိမိနှင့် တိုက်ခိုက်ခဲ့ပြီးနောက် ဆုတ်ခွာသွားခဲ့သည့် ကြာပန်းဂိုဏ်းချုပ်ကြီးပင် ဖြစ်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... သူသည် ဤနေရာရှိ အကြောင်းအကျိုး ဆက်စပ်မှုများကို သေချာ နားလည်သဘောပေါက်သွားခဲ့သည်။
"ကြာပန်းဖြူမယ်တော်က ဘာကြောင့်လဲမသိဘဲ ပြန်လည်အသက်ရှင်လာခဲ့ပြီး... ကြာပန်းဂိုဏ်းချုပ်ကြီးကို ပြန်လည်ဝါးမြိုထားခဲ့တာပဲ၊ အခု နတ်ဘုရားက ကြာပန်းဂိုဏ်းချုပ်ကြီးကို ကူညီပြီး လွတ်မြောက်အောင် လုပ်ပေးလိုက်သဖြင့် နောက်ကွယ်ကနေ ဓားနဲ့အထိုးခံလိုက်ရတာပဲ"
လီယန်ချူ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားရပြီး -
ဤလူသုံးဦးစလုံးသည် တစ်ယောက်မျှ လူကောင်းမဟုတ်ကြချေ၊ ယခုအချိန်တွင် အချင်းချင်း အပြင်းအထန် ကိုက်ခဲနေကြသဖြင့် သူလည်း ဘေးကနေ အေးဆေးစွာ ကြည့်နေခဲ့သည်။
"ရန်သူ့ရန်သူကလည်း မိတ်ဆွေ ဖြစ်ချင်မှ ဖြစ်တာ... ရန်သူ တစ်ယောက်ပဲ ဖြစ်နေနိုင်တာပဲ"
လီယန်ချူက အသာလေး ပြောလိုက်မိသည်။
မူလကတည်းကပင် နတ်ဘုရားများသည် ချင်းဝေကျောင်းကို ဖျက်ဆီးပစ်ခဲ့ကြပြီး ချင်းဝေကျောင်းအတွင်းရှိ အခွင့်အရေးများကို လုယူရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
အကယ်၍ တခြား ချင်းဝေကျောင်း တပည့်တစ်ယောက်ယောက်သာ ဤအချင်းအရာနှင့် ကြုံတွေ့ရပါက... သေချာပေါက် နတ်ဘုရားကို နောက်ကွယ်ကနေ ဓားနဲ့ထိုးရန် နည်းလမ်းရှာဖွေပြီး သူ့ကို ဒုက္ခပေးပေလိမ့်မည်။
သို့သော်လည်း ယခု အဓိက ဇာတ်ဆောင်က ကြာပန်းဖြူမယ်တော် ဖြစ်နေသဖြင့် လီယန်ချူတွင် ဤကဲ့သို့သော အတွေးမျိုး စိုးစဉ်းမျှ ရှိမနေချေ။
အကောင်းဆုံးကတော့ ဤလူအားလုံးကို တစ်ပါတည်း ပိုက်စိပ်တိုက် ချေမှုန်းပစ်လိုက်ပြီး အားလုံးကို သတ်ဖြတ်ပစ်လိုက်ခြင်းက စိတ်အေးရဆုံး ဖြစ်ပေလိမ့်မည်။
ထိုအတွေးသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်... လီယန်ချူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။