← Chapters

အခန်း (၁၀၁၇-၁၀၁၈)

Vol. 102 Ch. 1017-1018

အခန်း (၁၀၁၇-၁၀၁၈)

Vol. 102 Ch. 1017-1018

အခန်း ၁၀၁၇။ ကောင်းကင်လူသား ဖြစ်ရင်ကော ဘာဖြစ်လဲ

မည်သည့်တွန့်ဆုတ်မှုမျှ လုံးဝမရှိဘဲ ကောင်းကင်လူသာူ သည် ချက်ချင်း လက်ဦးမှုရယူလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်နှုန်းဖြင့် ထို နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းဆီသို့ ပျံသန်းသွားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏လက်ဖဝါးထဲ၌ တောက်လောင်နေသော မီးဘီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုမီးဘီးအတွင်း၌ ဆန်းကြယ်သော အစီအရင်စာလုံးများ ထင်ဟပ်နေပြီး လက်ထဲတွင် နေမင်းကြီးတစ်စင်းကို ပင့်မြှောက်ထားသကဲ့သို့ပင် ဖြစ်နေတော့သည်။ သူသည် ပထမဆုံးအချိန်၌ပင် ဤအုပ်ဆောင်းကို အမိအရဖမ်းယူပြီး ကောင်းကင်ဘုံသို့ ပြန်သွားရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

ဤတာအိုဆရာက သူ့ကို ပေးစွမ်းသည့် ခံစားချက်မှာ အလွန်ပင် အန္တရာယ်များလှသည်။ မြေပြင်နတ်ဘုရားအဆင့်သို့ မရောက်သေးသော်လည်း သူ့ကို သတိကြီးစွာ ထားမိစေရန် ဖိအားပေးနေသည်။

လီယန်ချူသည်လည်း ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ပျံတက်လိုက်ရာ ရှေးဟောင်း မီးနတ်ဘုရား ကိုယ်ပွား သည် မီးနဂါးကို ခြေဖြင့်နင်းကာ သတ်ဖြတ်ရန် ရှေ့သို့ ပြေးထွက်သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် လက်ထဲမှ ကောင်းကင်ဖဲကြိုးသည် ရုတ်တရက် ပျံထွက်သွားပြီး နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းနှင့် အဝေးမှ လှမ်း၍ အချိတ်အဆက် ပြုလုပ်လိုက်သည်။

အုပ်ဆောင်းမှ နတ်မီးတောက်တစ်ချက် ပေါက်ကွဲထွက်လာပြီး ခဏချင်းအတွင်း မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုမီးတောက်များကြောင့် ကောင်းကင်လူသား ‌ ပင် ရှေ့သို့ မတိုးရဲတော့ဘဲ လက်ထဲမှ မီးဘီးကို ခန္ဓာကိုယ်ရှေ့တွင် ကြီးမားသော အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲကာ ခုခံလိုက်ရသည်။

ဝုန်း... ဝုန်း...

မီးဘီးနှင့် နတ်မီးတောက်တို့ အပြင်းအထန် ရိုက်ခတ်မိပြီး တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီး ပေါက်ကွဲတက်လာပြီး ကောင်းကင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ကောင်းကင်တစ်ခွင်လုံး ရဲရဲနီသွားတော့သည်။

ကောင်းကင်လူသား၏ ခန္ဓာကိုယ်မှာ နောက်သို့ နောက်ဆုတ်သွားရသော်လည်း ကောင်းကင်ဖဲကြိုးမှာမူ နတ်မီးတောက်၏ သက်ရောက်မှုကို လုံးဝမခံရဘဲအုပ်ဆောင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။

ကောင်းကင်လူသား၏ မျက်သူငယ်အိမ် ကျုံ့သွားပြီး စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြစ်ပေါ်လာသည်။

"သူက ကောင်းကင်ဖဲကြိုးကို သုံးပြီး နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းနဲ့ ချိတ်ဆက်ပြီး အခွင့်ကောင်းယူ သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲ "

ချက်ချင်းဆိုသလို ကောင်းကင်လူသား ‌သည် ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ပြီး လက်ထဲမှ မီးဘီးကို ရှေးဟောင်းလေးအကြီးစားအဖြစ် ပြောင်းလဲလိုက်ရာ ၎င်းထံတွင် တောက်ပသော မီးတောက်များ စီးဆင်းနေတော့သည်။ကောင်းကင်လူသား သည် လေးကြိုးကို အဆုံးအထိ ဆွဲဆန့်လိုက်ရာ လေးသည် လပြည့်ဝန်းကဲ့သို့ ဝိုင်းစက်သွားပြီး တောက်ပသော မီးမြှားတစ်စင်း ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် မြေကမ္ဘာနှင့် ကောင်းကင်ကြားရှိ ဝိညာဉ်စွမ်းအင်များသည် သူ၏ထံသို့ ရူးသွပ်စွာ တိုးဝင်လာပြီး သူ၏လက်ထဲမှ မြှားရှည်ပေါ်တွင် စုစည်းသွားတော့သည်။ သူ စိတ်ကူးပုံဖော်နေသည်မှာ နေမင်းကို ပစ်ချနိုင်သော နတ်လေးတော်ဖြစ်ပြီး ဤမြှားတစ်စင်းဖြင့် ကောင်းကင်ဖဲကြိုးနှင့် အုပ်ဆောင်းတို့၏ အချိတ်အဆက်ကို ဖြတ်တောက်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ဝုန်းဝုန်းဝုန်း...

ကောင်းကင်ထက်တွင် ကြီးမားသော မီးနဂါးတစ်ကောင် ပေါ်ထွက်လာပြီး မြှားတစ်စင်း ပစ်လွှတ်လိုက်ရာ မီတာထောင်ချီသော အကွာအဝေးကို ဖြတ်ကျော်ကာ အုပ်ဆောင်းဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

အုပ်ဆောင်းအတွင်းမှ မြင့်မြတ်ပြီး ရှေးကျလှသော ခန့်ညားထည်ဝါသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ပတ်ပတ်လည်ကို လွှမ်းခြုံထားသော နတ်မီးတောက်များသည် ခဏချင်းအတွင်း ပိုမိုပြင်းထန်လာပြီး ထိုမီးမြှားကို တိုက်ရိုက် ပြာကျသွားစေသည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းတစ်ခုသည် မိမိထံသို့ သတ်ဖြတ်ရန် ပြေးဝင်လာရာ ၎င်းမှာ လီယန်ချူက ဝမ်လင်ကွမ်း၏ နတ်ဘုရားစွမ်းအားကို ပင့်ဖိတ်ပြီး စိတ်ကူးပုံဖော်ထားသည့် ရွှေချပ်ဝတ်နတ်စစ်သူကြီး ဖြစ်သည်။ ရွှေချပ်ဝတ်နတ်စစ်သူကြီးသည် လက်ထဲမှ ရွှေတုတ်ကောက်ကို ကိုင်ဆောင်ကာ ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းပစ်တော့မည့် အရှိန်အဝါဖြင့် ပြင်းထန်စွာ ထုရိုက်ချလိုက်သည်။

ကောင်းကင်လူသား ‌ သည် လက်ဝါးနှစ်ဖက်ဖြင့် ဆီးကြိုခုခံလိုက်ရာ လက်ဖဝါးထဲတွင် ရွှေရောင်ဒိုင်းကာကြီးတစ်ခု ပေါ်လာသည်။

ဒေါင်...

ရွှေနှင့် သံမဏိတို့ ပြင်းထန်စွာ ရိုက်ခတ်သံ ထွက်ပေါ်လာပြီး ယွမ်မုန့်ကျောက် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ တိုက်ခိုက်မှုမှာ မြန်ဆန်ပြီး ပြင်းထန်လှရာ ခဏချင်းအတွင်းမှာပင် နှစ်ဦးသား အပြင်းအထန် အကြိမ်ပေါင်း ဒါဇင်ချီ ရိုက်နှက်မိသွားကြသည်။

ဝုန်း... ဝုန်း... ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဂယက်လှိုင်းများ အပြင်ဘက်သို့ ပြန့်နှံ့သွားသည်။ ဝန်းကျင်ရှိလူအားလုံးသည် မြေကမ္ဘာနှင့် ကောင်းကင်ကြားတွင် အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်ဟုသာ ခံစားရပြီး ကြောက်မက်ဖွယ် ရိုက်ခတ်သံကြီးက နားထဲတွင် လွှမ်းမိုးနေတော့သည်။ လူအများအပြားသည်လည်း ခုခံရန်အတွက် မိမိတို့၏ နတ်စွမ်းအားများနှင့် ရတနာများကို ထုတ်ဖော်လိုက်ကြရသည်။

ကောင်းကင်ထက်တွင် ထိုရှေးဟောင်း ခေါင်းလောင်းကြီးသည် တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။

ဒေါင်...

ကောင်းကင်လူသား ၏ မျက်လုံးများ ဝေဝါးသွားပြီး သူ၏ရုပ်အလောင်းထဲမှ အလင်းတန်းတစ်ခု ပျံထွက်လာရာ လူရိပ်တစ်ခုအဖြစ် ခပ်ရေးရေး မြင်တွေ့လိုက်ရသည်။ ထိုလူရိပ်မှာ အလွန်ပင် မှေးမှိန်နေပြီး ဝိညာဉ်ခြောက်ခြား ခေါင်းလောင်းသည် ကောင်းကင်လူသား အပေါ် အမှန်တကယ်ပင် ထိခိုက်ဒဏ်ရာရစေနိုင်ခြင်း ဖြစ်သည်။

ဤအချိန်တွင် သူသည် မကျေမနပ်ဖြစ်စွာဖြင့် ကောင်းကင်ထက်မှ အုပ်ဆောင်းကို လှမ်းကြည့်ကာ ပါးစပ်မှ ရှေးဟောင်းမန္တန်များကို ရွတ်ဆိုလိုက်သည်။ သို့သော် ပါးစပ်ဟလိုက်ရုံရှိသေး၊ ရွှေချပ်ဝတ်နတ်စစ်သူကြီးက သတ်ဖြတ်ရန် ရောက်ရှိလာပြီး သူ၏မျက်နှာကို တံတောင်ဆစ်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။

ဝုန်း...

ကောင်းကင်လူသား သည် ပေသုံးထောင်ခန့် နောက်သို့ လွင့်စင်သွားပြီး ရွှေချပ်ဝတ်နတ်စစ်သူကြီးသည် ကောင်းကင်သို့ ပျံတက်ကာ လက်ထဲမှ ရွှေတုတ်ကောက်ကို ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လက်သီးနှစ်ဖက်စလုံးကို ပြိုင်တူ ထိုးနှက်လိုက်ရာ ကောင်းကင်လူသား က ရွှေတုတ်ကောက်ကို ပယ်ဖျက်နိုင်ခဲ့သော်လည်း ရင်ဘတ်နှင့် ဦးခေါင်းကိုမူ ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ တိုက်ခိုက်မှု တိုက်ရိုက် ထိမှန်သွားတော့သည်။

ဒေါင် ဒေါင် ဒေါင်...

တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားရသည်။ တောက်ပသော လူဖြူရိပ်ကြီးသည် ဤရုပ်အလောင်းနှင့် အချိတ်အဆက် ပြတ်တောက်သွားတော့မည့်အတိုင်း ဖြစ်နေသည်။

ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် မီးနတ်ဘုရားကိုယ် ပွား ကွယ်ပျောက်သွားပြီး လူရိပ်တစ်ခု ကောင်းကင်သို့ ပျံတက်လာသည်။ လက်ထဲတွင် ပေရာချီရှည်သော ဖဲကြိုးနီကို ကိုင်ဆောင်ကာ အုပ်ဆောင်းဆီသို့ လက်လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။

ဤအချိန်တွင် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်၌ ခရမ်းရွှေရောင် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ဆန်းကြယ်သော စာလုံးများက ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံနေသည်။ ခရမ်းရွှေရောင်စွမ်းအားနှင့် မီးနတ်ဘုရား အမိန့်တော်တို့ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာသည်။

နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းသည် ကောင်းကင်ဖဲကြိုးနှင့် ချိတ်ဆက်နေသော်လည်း ဤကြောက်မက်ဖွယ် နတ်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ကို ဆက်လက် လောင်ကျွမ်းနေဆဲပင် ဖြစ်သည်။ သို့သော် လီယန်ချူသည် လုံးဝတုန်လှုပ်ခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ပေါ်ပေါက်လာသည်။

သုံးရောင်ခြယ်မီး ၊ နေမင်းစစ်မှန်သောမီး ၊ အကုသိုလ် မီး၊ မြေအောက်မီးများ ပေါ်လာသော်လည်း ဤမီးတောက်အားလုံးသည် နတ်မီးတောက်ကို မယှဉ်နိုင်ကြပေ။

လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ခရမ်းရောင်မီးတောက်တစ်ခု ပေါ်လာပြန်ရာ ၎င်းမှာ ရွှမ်ကျီနတ်ဘုရားမီး ဖြစ်သည်။ ဤမီးသည် လောကတွင် အားအကောင်းဆုံးမီးဖြစ်ပြီး နတ်မီးတောက်ပင်လျှင် မခုခံနိုင်ပေ။ နတ်မီးတောက်ကို လီယန်ချူက ခွဲဖျက်ပစ်လိုက်သည်။

သူသည် အဆုံးမဲ့မီးပင်လယ်ထဲသို့ တိုးဝင်သွားပြီး လက်ဖဝါးထဲမှ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာသည်။ ဦးခေါင်းထက်တွင် ရွှေကြာပန်းတစ်ပွင့် ပေါ်လာပြီး နတ်အလင်းတန်းများကို ဖြာကျစေသည်။

ဖန်တီးခြင်းရွှေကျမ်း ဖြစ်သည်။

ခဏချင်းအတွင်းမှာပင် ဤအုပ်ဆောင်းသည် တုန်ခါသွားပြီး အဆက်မပြတ် မြည်နေတော့ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ယွမ်မုန့်ကျောက်၏ ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။

ယွမ်မုန့်ကျောက် အတွင်းရှိ ရှေးဟောင်းတည်ရှိမှု အများအပြားသည် အပြင်းအထန် တုန်လှုပ်သွားကြပြီး ဟိန်းဟောက်သံများဖြင့် တုံ့ပြန်လိုက်ကြသည်။ ကျင့်ကြံသူ အများအပြားလည်း စိတ်ဝိညာဉ်များ အလွန် ထိတ်လန့်သွားကြရသည်။

"ယွမ်မုန့်ကျောက်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ တည်ရှိမှုတွေ အများကြီး ရှိနေတာလား။"

"ဒီနေရာက တကယ်တော့ ဘယ်လိုနေရာမျိုးလဲ။"

"ဒီတာအိုဆရာက နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းကို တကယ်ပဲ လုယူနိုင်ပါ့မလား။"

သူတို့သည် လီယန်ချူ၏ လက်ထဲမှ ဖဲကြိုးနီသည်လည်း နတ်လက်နက်ဖြစ်ပြီး အုပ်ဆောင်းနှင့် ချိတ်ဆက်နိုင်သည်ကို မြင်နိုင်သည်။ သို့သော် ချိတ်ဆက်နိုင်ရုံမျှဖြင့် ဤနတ်လက်နက်ကို အောင်နိုင်ပိုင်သမည်လော ဆိုသည်မှာမူ မသေချာသေးပေ။

ထိုအထဲမှ အင်္ကျီအပြာဝတ် လူတစ်ဦး၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

"ကောင်းကင်ဖဲကြိုးကို ယန့်ချီရှ လုသွားတာ မဟုတ်ဘူးလား "

"ဒီတာအိုဆရာက ယန့်ချီရှနဲ့ ဘာပတ်သက်လို့လဲ"

သူသည် အလွန်အမင်း အံ့အားသင့်နေမိသည်။ လီရှန်တာအိုကျောင်းတော်တွင် သူသည် နတ်လက်နက်များနှင့် နှစ်ကြိမ်တိုင်တိုင် လွဲချော်ခဲ့ရသည်။ ကောင်းကင်ဖဲကြိုးကို ယန့်ချီရှက လုယူသွားပြီး ဝိညာဉ်ခြောက်ခြား ခေါင်းလောင်းကို ဝူမိသားစုဘိုးဘေးက လုယူသွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားလုံးမှာ သူ၏လက်ထဲမှ လုယူခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ဤနတ်လက်နက်နှစ်ခုစလုံးသည် လီယန်ချူ၏ လက်ထဲတွင် ပေါ်လာခဲ့ချေပြီ။ အင်္ကျီအပြာဝတ်လူသည် စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေပြီး လီယန်ချူကို ကြည့်သည့် မျက်ဝန်းများမှာ ပိုမိုရှုပ်ထွေးလာတော့သည်။

လီယန်ချူသည် နတ်မီးတောက်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရပြီး လက်ဖဝါးထဲမှ တောက်ပသော မီးအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ဤမီးအလင်းတန်းသည် ခရမ်းရောင် ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ကိန်းအောင်းနေကာ နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းပေါ်သို့ ချက်ချင်း ရိုက်နှိပ်လိုက်သည်။

ရွှမ်ကျီနတ်ဘုရားမီးသည် မည်သည့်ရတနာကိုမဆို ပြာကျစေနိုင်သည်။

အုပ်ဆောင်းမှ နတ်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး လီယန်ချူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ လီရးယန်ချူ၏ ကိုယ်ပေါ်တွင် ခရမ်းရောင်နတ်ဝတ်စုံ ရှိနေသလို ကုသိုလ်မှတ် သန်းချီအဆင့်ရှိသော အစီအရင်ဝတ်စုံ လည်း ရှိနေသဖြင့် ထိုနတ်အလင်းတန်းကို တိုက်ရိုက် တားဆီးလိုက်နိုင်သည်။

ဖန်တီးခြင်းရွှေကျမ်းစာ သည် အုပ်ဆောင်းနှင့် အချိတ်အဆက် ရသွားပြီးနောက် အုပ်ဆောင်းသည် ခဏချင်းအတွင်း ငြိမ်သက်သွားတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ကောင်းကင်လူသား ၏ မျက်လုံးများမှာ ပိုမို၍ အံ့အားသင့် ထိတ်လန့်သွားရသည်။

"သူက မြေပြင်နတ်ဘုရားအဆင့်ကို တောင်မရောက်သေးတာ၊ ဘာလို့ အုပ်ဆောင်းရဲ့ နတ်မီးတောက်ကို တောင့်ခံနိုင်ရတာလဲ "

နဂါးကိုးကောင်မီးလျှံအုပ်ဆောင်းသည် နာမည်ကျော်လှသော နတ်လက်နက် ဖြစ်သည်။ အကယ်၍ ကမ္ဘာမြေကြီး၏ ကြီးမားသော ပြောင်းလဲမှုကြောင့် လူ့ပြည်သို့ ကျမလာခဲ့ပါက သူ၏အဆင့်အတန်းနှင့် လုံးဝထိတွေ့ခွင့်ရမည် မဟုတ်ပေ။ လူ့ပြည်တွင် ထိုနတ်လက်နက်သည် စစ်မှန်သော စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိဟု ဆိုစေဦးတော့၊ ဤတာအိုဆရာအနေဖြင့် မခုခံနိုင်သင့်ပေ။

ခဏချင်းအတွင်း သူ၏စိတ်ထဲတွင် အတွေးများစွာ ပေါ်ပေါက်လာသည်။ သူသည် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ အရှိန်အဝါများကို တရိပ်ရိပ် မြှင့်တင်ကာ ရွှေချပ်ဝတ်နတ်စစ်သူကြီးကို နောက်သို့ ဆုတ်သွားစေသည်။ ကောင်းကင်သို့ ပျံတက်ရန် ကြံရွယ်လိုက်စဉ်မှာပင် ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ ကန်ချက်တစ်ခုက စစ်ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သကဲ့သို့ သူ၏ခါးဆီသို့ ပြင်းထန်စွာ ရောက်ရှိလာသည်။

ဝုန်း...

ဤကဲ့သို့ အနီးကပ် တိုက်ခိုက်သည့် နည်းလမ်းကြောင့် ‌ ကောင်းကင်လူသား မှာ အလွန် ခေါင်းခဲသွားရသည်။

"သိုင်းသမားလား "

သူ၏ဦးနှောက်ထဲတွင် ဤအတွေး ပေါ်လာသည်။ ဤကဲ့သို့ အနီးကပ် သတ်ဖြတ်သည့် ကျွမ်းကျင်မှုနှင့် ထက်မြက်လှသော အသိစိတ်တို့သည် သိုင်းနတ်ဘုရားတို့၏ ပုံစံနှင့် အလွန်တူညီနေသည်။ သူသည် ချက်ချင်း သဘောပေါက်သွားတော့သည်။ ထိုတာအိုဆရာသည် ယခင်က ယွမ်မုန့်ကျောက် ထဲတွင် ကောင်းကင်သို့ လက်သီးတစ်ချက် ထိုးနှက်ပြီး ကြောက်မက်ဖွယ် လေလှိုင်းများကို ဖန်တီးခဲ့သည့် သိုင်းပညာရှင် အဆင့်မြင့် ကျွမ်းကျင်သူ ဖြစ်ပေလိမ့်မည်။

"သူ့ကို လုံးဝ အသက်ချန်ထားလို့ မဖြစ်ဘူး "

ကောင်းကင်လူသား ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာပြီး လက်မှ နတ်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဤနတ်အလင်းတန်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လီယန်ချူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ထိမှန်သွားတော့သည်။ ဤနတ်အလင်းတန်းကို ထုတ်လွှတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါသည် လျှိုမြှောင်ထဲသို့ ကျဆင်းသွားသကဲ့သို့ အပြင်းအထန် လျော့ကျသွားသည်။ သို့သော် လီယန်ချူ၏ ခန္ဓာကိုယ်မှာမူ အနည်းငယ်သာ ယိမ်းထိုးသွားပြီး မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။

"နတ်လက်နက်က ခန္ဓာကိုယ်ကို ကာကွယ်ထားတာလား"

ကောင်းကင်လူသား တုံ့ပြန်ရန် အချိန်မရခင်မှာပင် ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ လက်ဝါးရိုက်ချက်တစ်ခုက မျက်နှာပေါ်သို့ ကျရောက်လာပြီး တစ်ကိုယ်လုံး ဘေးသို့ လွင့်စင်သွားတော့သည်။

"........................"

ဤအချိန်တွင် ယွမ်မန့်ကျောက်အတွင်း၌ ကန်ယွမ်ကမ္ဘာမှ ရောက်ရှိလာသော ကျင့်ကြံခြင်း ကျွမ်းကျင်သူများ ရှိသကဲ့သို့ လောက ‌အသီးသီးမှ ရောက်ရှိလာသော ကျွမ်းကျင်သူများ၊ လူသားများနှင့် မိစ္ဆာများလည်း ရှိကြသည်။ လူအများအပြား၏ ရှေ့မှောက်တွင် သူကဲ့သို့သော ကောင်းကင်လူသား တစ်ပါးသည် ပါးရိုက်ခြင်း ခံလိုက်ရသဖြင့် သူ၏နှလုံးသားသည် ချောက်နက်ထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဒါဟာ ကြီးမားတဲ့ အရှက်ကွဲမှုပဲ။

လူတိုင်း၏ မျက်လုံးများကလည်း ထူးဆန်းသွားကြသည်။ တစ်ဖက်တွင် လီယန်ချူက အုပ်ဆောင်းကို အောင်နိုင်နေသည်ကို ကြည့်နေကြပြီး အခြားတစ်ဖက်တွင်မူ ရွှေချပ်ဝတ်နတ်စစ်သူကြီးက ကောင်းကင်လူသား ကို ပါးရိုက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"တကယ်ပဲ အဆင့်မြင့်ဆုံး တိုက်ပွဲတွေက အရိုးရှင်းဆုံး နည်းလမ်းကို သုံးတာပဲ "

မိစ္ဆာဘုရင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထိုတာအိုဆရာက သူမကို သတိမထားမိစေသော်လည်း ဤပါးရိုက်ချက်မှာမူ တကယ်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။ သူမတင်မကဘဲ ကျင့်ကြံခြင်း ကျွမ်းကျင်သူ အများအပြားသည်လည်း ဤကဲ့သို့ စိတ်ကူးမျိုး ရှိနေကြသည်။

"ယွမ်မန့်ကျောက်က ရှေးကျတယ်ဆိုပေမဲ့ ကောင်းကင်လူသား က ဒီကိစ္စထဲ ဝင်စွက်ဖက်ဖို့ မသင့်ဘူး၊ ဒါက မတရားတာပဲ။"

"ကောင်းကောင်းရိုက်တာပဲ။ ကောင်းကင်လူသား က ငါတို့နဲ့ လာပြီး အခွင့်အရေး လုနေတယ်၊ အရှက်မရှိတာ "

"ငါ့မှာသာ ဒီလိုအစွမ်းရှိရင် ဘယ်ပြန်ညာပြန် ပါးနှစ်ချက်လောက် ဆင့်ရိုက်တယ်၊ လူ့ပြည်က ကျင့်ကြံသူတွေကို အလွယ်တကူ စော်ကားလို့မရဘူးဆိုတာ သိသွားအောင် "

လူအများအပြား ဝေဖန်ပြောဆိုနေကြပြီး ကောင်းကင်လူသား ၏ အာရုံခံစားမှုက အားကောင်းလွန်းသဖြင့် ထိုအသံများသည် ဒီရေလှိုင်းကဲ့သို့ သူ၏နားထဲသို့ တိုးဝင်လာသည်။ သူ၏နှုတ်ခမ်းထောင့်များ မသိမသာ တုန်ခါသွားပြီး လက်ဖဝါးနှစ်ဖက်စလုံးတွင် ပါကွား တစ်ခုစီ ပေါ်လာသည်။ ၎င်းတို့ကို ဗဟိုသို့ ပြင်းထန်စွာ ပူးကပ်လိုက်ရာ ဝုန်းခနဲ မြည်သံကြီး ထွက်ပေါ်လာတော့သည်။

ကြောက်မက်ဖွယ် လေလှိုင်းများ ပေါ်ထွက်လာပြီး အပြင်ဘက်သို့ ပြန့်နှံ့သွားသည်။ သို့သော် ဤတိုက်ခိုက်မှုသည် ရွှေချပ်ဝတ်နတ်စစ်သူကြီးကို နောက်သို့ ဆုတ်မသွားစေခဲ့ပေ။ ရွှေချပ်ဝတ်နတ်စစ်သူကြီးသည် လက်ထဲတွင် ကြေးနီမီးအိမ်တစ်ခုကို ထုတ်ဖော်လိုက်ရာ ကြေးနီမီးအိမ်အတွင်းမှ ကြီးမားလှသော ဆုတောင်း စွမ်းအားများ ထွက်ပေါ်လာသည်။ ဤဆုတောင်းစွမ်းအားသည် နတ်ဘုရားစွမ်းအား မဟုတ်သော်လည်း ခဏချင်းအတွင်းမှာပင် ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ စွမ်းအားကို ပိုမို အစွမ်းထက်လာစေသည်။

ဆုတောင်းအရှိန်အဝါများသည် ဖဲကြိုးများအဖြစ် ပြောင်းလဲကာ သူ၏လက်မောင်းနှစ်ဖက်ကြားမှ ဖြတ်သန်း၍ ဘေးတွင် ဝဲပျံနေတော့သည်။ ရွှေချပ်ဝတ်နတ်စစ်သူကြီးသည် တစ်ဖက်တွင် ကြေးနီမီးအိမ်ကို ကိုင်ထားပြီး အခြားတစ်ဖက်တွင်မူ ရွှေတုတ်ကောက်ကို ဆုပ်ကိုင်ထားသည်။ နတ်ဘုရားအရှိန်အဝါက လွှမ်းမိုးထားပြီး လောကတွင် ပြိုင်ဘက်ကင်းလှသည်။

သူသည် ပြင်းထန်စွာ ကန်ချက်တစ်ခု ထုတ်လွှတ်လိုက်ရာ ကောင်းကင်လူသား ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။ကောင်းကင်လူသား ၏ ခန္ဓာကိုယ်က သန်မာသော်လည်း ဤခန္ဓာကိုယ်သည် ငှားရမ်းထားခြင်းသာ ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်တွင်းရှိ ထိုမကောင်းသော အရှိန်အဝါကို ပေါက်ကွဲစေနိုင်ပါက ကြီးမားသော ခြိမ်းခြောက်မှုကို ပေးနိုင်မည် ဖြစ်သည်။

သို့သော် ဝိညာဉ်ခြောက်ခြား ခေါင်းလောင်းက အထက်တွင် ရှိနေသဖြင့် ထိုမကောင်းသော အရှိန်အဝါသည် ခန္ဓာကိုယ်ထဲတွင် တိုက်ရိုက် ဖိနှိပ်ခံထားရပြီး အပြင်သို့ မပြန့်နှံ့နိုင်ပေ။

ယခုအခါ ရွှေချပ်ဝတ်နတ်စစ်သူကြီးနှင့် တိုက်ခိုက်ရာတွင် အရှိန်အဝါ ဖိအားပေးမှုဖြင့်လည်း ဝမ်လင်ကွမ်း၏ နတ်ဘုရားအရှိန်အဝါကို မဖိနှိပ်နိုင်ဘဲ အနီးကပ် သတ်ဖြတ်မှုတွင်လည်း အခြားတစ်ဖက်၏ ပြင်းထန်စွာ ဖိနှိပ်ခြင်းကို ခံနေရသည်။ ဤအချိန်တွင် ကောင်းကင်လူသား ၏ ခန္ဓာကိုယ်ထဲ၌ အလွန်အမင်း ဒေါသထွက်ခြင်းနှင့် အရှက်ရခြင်း ခံစားချက်များ ပေါ်ပေါက်လာသည်။

သူသည် လက်နှစ်ဖက်ကို အောက်သို့ ဖိချလိုက်ရာ ဟင်းလင်းပြင်တွင် တောက်လောင်နေသော မီးဖိုကြီးတစ်ခု ပေါ်လာသည်။ သို့သော် ရွှေချပ်ဝတ်နတ်စစ်သူကြီးက လက်သီးတစ်ချက်ဖြင့် ထိုမီးဖိုကို ဖျက်ဆီးပစ်လိုက်ရုံတင်မကဘဲ ကိုယ်ကိုလှည့်ကာ ကောင်းကင်လူသား ၏ နားထင်ကို ပြင်းထန်စွာ ကန်လိုက်တော့သည်။

ကောင်းကင်လူသား သည် မျက်စိထဲတွင် မြည်ဟိန်းသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင်ထွတ်နှစ်ခုကို ဝင်တိုက်ပြီးမှသာ မနည်းရပ်တန့်သွားတော့သည်။ သူ လုံးဝ သတိမဝင်လာသေးခင်မှာပင် ရွှေချပ်ဝတ်နတ်စစ်သူကြီးသည် ကောင်းကင်သို့ ပျံတက်ကာ ခြေနှစ်ဖက်ဖြင့် ပြင်းထန်စွာ နင်းချလိုက်သည်။

ခဏချင်းအတွင်း သူ၏တုံ့ပြန်မှုကို အဆုံးစွန်အထိ မြှင့်တင်လိုက်သည်။ အကယ်၍ ကောင်းကင်လူသား သည် လူအများ၏ ရှေ့မှောက်တွင် ဤနတ်စစ်သူကြီး၏ ခြေထောက်အောက်၌ နင်းခြေခြင်း ခံရပါက ကောင်းကင်ဘုံသို့ ပြန်ရောက်သည့်တိုင် သူ၏စိတ်အခြေအနေတွင် အနာအဆာများ ရှိနေပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်က ဘေးသို့ ရှောင်ထွက်သွားသော်လည်း ထိပ်ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ပြင်းထန်စွာ ကျရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ၎င်းမှာ ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ လက်ထဲမှ ရွှေတုတ်ကောက်ပင် ဖြစ်သည်။

သူ၏ခန္ဓာကိုယ် တစ်ချက် လှုပ်ခါသွားပြီး ခြေထောက်နှစ်ဖက်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲခြင်း ခံလိုက်ရသဖြင့် စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ချက်ချင်း ပေါ်လာသည်။

ဝုန်း...

ရွှေချပ်ဝတ်နတ်စစ်သူကြီးသည် ကောင်းကင်လူသား ၏ ခြေထောက်နှစ်ဖက်ကို ဖမ်းဆွဲကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။

"........................"

လူတိုင်း၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး ထိတ်လန့်ကုန်ကြသည်။ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦးသည် ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ နောက်ကွယ်မှ ဆုတောင်းစွမ်းအားများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီဆုတောင်းစွမ်းအားက ဘာလို့ ရင်းနှီးနေရတာလဲ "

ကြာပန်းဖြူမယ်တ‌ေတာ်၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်လူသား ၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး လက်နှစ်ဖက်ဖြင့် မြေပြင်ကို ထောက်ကာ ရွှေချပ်ဝတ်နတ်စစ်သူကြီး၏ ဖမ်းဆီးမှုကို ပြင်းထန်စွာ ရုန်းထွက်လိုက်သည်။ ဘယ်လက်ကို ရှေ့တွင်ထားပြီး ညာလက်ကို နောက်သို့ ပြင်းထန်စွာ ဆွဲလိုက်ရာ လက်ထဲတွင် ရှေးဟောင်းလေးအကြီးစားတစ်ခု ရှိနေသကဲ့သို့ ထက်မြက်လှသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး ထိုရွှေချပ်ဝတ်နတ်စစ်သူကြီးထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

သို့သော် ဤအချိန်တွင် ကောင်းကင်ထက်မှ အေးစက်သော အကြည့်တစ်ခု ရုတ်တရက် ကျရောက်လာသဖြင့် ကောင်ူကင်လူသား ထိတ်လန့်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် နတ်မီးတောက်များ ကိန်းအောင်းနေသော အုပ်ဆောင်းသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး သေသေချာချာ ကြည့်လိုက်သောအခါမှ ထိုတာအိုဆရာ၏ လက်ဖဝါးထဲတွင် ထိန်းချုပ်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။

ဤအချိန်တွင် ဤတာအိုဆရာသည် တစ်ဖက်တွင် နီရဲနေသော ကောင်းကင်ဖဲကြိုးကို ကိုင်ထားပြီး အခြားတစ်ဖက်တွင်မူ မီးလျှံအုပ်ဆောင်းကို ပင့်မြှောက်ထားရာ သူ၏ဟန်ပန်မှာ လောကတွင် ပြိုင်ဘက်ကင်းလှသည်။

"သူက နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းကို လုယူသွားနိုင်ရင်တောင် ပထမဆုံးအချိန်မှာ အသုံးမပြုနိုင်သေးဘူး၊ အခွင့်အရေး ရှိသေးတယ် "

ကောင်းကင်လူသား ၏ စိတ်ထဲတွင် ဤအတွေး ပေါ်လာရုံမျှရှိသေး၊ ထိုတာအိုဆရာက အုပ်ဆောင်းကို တိုက်ရိုက် ပင့်မြှောက်လိုက်သည်ကို တွေ့လိုက်ရသဖြင့် ခဏချင်းအတွင်းမှာပင် ရွှေရောင်အုပ်ဆောင်းကြီးတစ်ခုက သူ့ကို လွှမ်းခြုံသွားတော့သည်။

သူ၏ စိတ်ထဲတွင် အလွန် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ရှိ မြေကမ္ဘာနှင့် ကောင်းကင်တို့သည် ချက်ချင်း အဆက်အပြတ် ဖြစ်သွားကာ မျက်စိတစ်ဆုံးတွင် ကြောက်မက်ဖွယ် နတ်မီးတောက်များကိုသာ မြင်တွေ့ရတော့သည်။ ထို့အပြင် မီးနဂါးကိုးကောင်သည်လည်း ၎င်းအတွင်း၌ ဝဲပျံနေကြပြီး နတ်ဘုရားအရှိန်အဝါက လွှမ်းမိုးထားကာ ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသည်။ သူကိုယ်တိုင်ပင် ဤမီးနဂါးကြောင့် ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

"ရှေးဟောင်း နဂါးစစ်စစ်ပဲ"

ကောင်းကင်လူသား ၏ စိတ်ထဲတွင် ဤကြောက်မက်ဖွယ် အတွေး ပေါ်လာပြီး ဤရုပ်အလောင်းကို စွန့်လွှတ်ကာ ကောင်းကင်သို့ ပျံတက်ရန် ချက်ချင်း ကြံရွယ်လိုက်သည်။ သို့သော် ယခုအခါ အုပ်ဆောင်း၏ လွှမ်းခြုံမှုကို ခံထားရသဖြင့် သူကိုယ်တိုင်ပင် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

ယခုအခါ အမြဲတမ်း တည်ငြိမ်အေးဆေးစွာဖြင့် လောကကြီးကို ငုံ့ကြည့်နေခဲ့သော ကောင်းကင်းလူသား သည် လုံးဝ ပျာယာခတ်သွားတော့သည်။

"မကောင်းတော့ဘူး"

သူ ယခုတစ်ကြိမ် လူ့ပြည်သို့ ဆင်းသက်လာရာတွင် စိတ်ထဲ၌ အဆိုးဆုံးဟု တွေးထားခဲ့သည်မှာ ရုပ်အလောင်း ပျက်စီးသွားပြီး ကောင်းကင်ဘုံသို့ ပြန်သွားရုံမျှသာ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ကိစ္စရပ်များသည် စိတ်ကူးမယဉ်နိုင်သော အခြေအနေသို့ ဦးတည်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဒီနေရာမှာ ပိတ်မိနေခဲ့ချေပြီ။

ထိုမျှမက၊ နဂါးကိုးကောင်မီးလျှံအုပ်ဆောင်းအတွင်းရှိ နတ်မီးတောက်များသည် ဤကောင်းကင်လူသား ၏ ခန္ဓာကိုယ်ကို စတင် လောင်ကျွမ်းနေပြီ ဖြစ်သည်။ ကောင်းကင်လူသား ၏ ခန္ဓာကိုယ်ဖြစ်ပြီး နတ်စွမ်းအားများဖြင့် မထိခိုက်နိုင်ဟု ဆိုသော်လည်း ၎င်းတွင်လည်း အကန့်အသတ် ရှိပေသည်။ အနည်းဆုံးတော့ မီးလျှံအုပ်ဆောင်း၏ စွမ်းပကားကို မခုခံနိုင်ပေ။

ကောင်းကင်လူသား သည် နတ်စွမ်းအားများကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး အရောင်အသွေး စုံလင်လှသော နတ်အလင်းတန်းများဖြင့် မတူညီသော အကာအကွယ် အုပ်ဆောင်းများကို မိမိခန္ဓာကိုယ်ရှေ့တွင် ကာကွယ်လိုက်သည်။ သို့သော် အုပ်ဆောင်း၏ စွမ်းအားကို လှုံ့ဆော်ပြီးနောက် ခဏချင်းအတွင်းမှာပင် ဤအကာအကွယ်များကို ပြာကျသွားစေတော့သည်။ ထိုမျှမက၊ သူ၏ခန္ဓာကိုယ်သည် စတင် ကွဲအက်လာသည်။

ယွမ်မန့်ကျောက်ထဲတွင် အမြဲရှိနေပြီး မည်သည့်ထိခိုက်မှုမျှ မရှိခဲ့သော ကောင်းကင်လူသား ၏ ခန္ဓာကိုယ်သည် ဤအချိန်တွင် ပျက်စီးခြင်း ဘေးဒုက္ခနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

"မဖြစ်နိုင်တာ၊ ငါက မြေပြင်နတ်ဘုရားအဆင့်ကို တောင်မရောက်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ လက်ထဲမှာ ဘာလို့ ဒီနေရာမှာ အသတ်ခံရမှာလဲ "

ယနေ့ ဤတာအိုဆရာကို ရှုံးနိမ့်ခဲ့ရခြင်းသည်ပင် သူ၏အတွက် ကြီးမားသော အရှက်ကွဲမှု ဖြစ်နေပြီ ဖြစ်ရာ ဤနေရာတွင် မီးရှို့သတ်ဖြတ်ခြင်းကို မည်သို့ ခံနိုင်ပါအံ့နည်း။ ထိုကိစ္စသည် စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။

ဤအချိန်တွင် ယွမ်မန့်ကျောက် အတွင်း၌ မည်သူမျှ မဆင်မခြင် လှုပ်ရှားခြင်းမရှိဘဲ မျက်လုံးအားလုံးသည် ထိုရွှေရောင်အုပ်ဆောင်းကြီးပေါ်သို့သာ ကျရောက်နေကြသည်။

"ဒီနေ့ ကောင်းကင်လူသား က ဒီတာအိုဆရာရဲ့ လက်ထဲမှာ တကယ်ပဲ မီးရှို့သတ်ဖြတ်ခံရတော့မှာလား "

လူတိုင်း၏ စိတ်ထဲတွင် ဤကြောက်မက်ဖွယ် အတွေး ပေါ်လာပြီး အသက်ရှူရန်ပင် မေ့လျော့နေကြသည်။ ရှေးဟောင်း ဂိုဏ်းကြီးများ၏ ဆက်ခံသူများနှင့် အချို့သော ရှေးဟောင်းခေတ် ကျင့်ကြံသူများသည် ကောင်းကင်လူသား လူ့ပြည်သို့ ဆင်းသက်လာခြင်းမှာ စစ်မှန်သော ခန္ဓာကိုယ် မဟုတ်ဘဲ ကောင်းကင်ဘုံသို့ ပြန်သွားရုံသာဖြစ်ကြောင်း သိကြသည်။ ကောင်းကင်လူသား ကို အနိုင်ယူနိုင်ခဲ့သည့် ထူးချွန်ထက်မြက်သော ပါရမီရှင်များ ရှိခဲ့ဖူးသော်လည်း ကောင်ူပင်လူသား တစ်ပါးကို သတ်ဖြတ်ရန် ကိစ္စမှာမူ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။

သို့သော် ယခုအခါတွင်မူ လူတိုင်း၏ စိတ်ထဲ၌ ဤကဲ့သို့သော မျှော်လင့်ချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

"သူ့ကို သတ်ပစ်လိုက်စမ်း"

ဤကဲ့သို့ တွေးနေသည်မှာ ကျင့်ကြံသူ တစ်ယောက်တည်း မဟုတ်ပေ။ အတိအကျ ပြောရလျှင် ကောင်းကင်လူသား နှင့် လူသားမျိုးနွယ်သည် မျိုးနွယ်စုတစ်ခုတည်း မဟုတ်ကြပေ။ ထို့အပြင် ကောင်းကင်လူသား သည် ကောင်းကင်ဘုံတွင် မြင့်မားစွာ တည်ရှိပြီး မြင့်မြတ်ကာ ခန့်ညားထည်ဝါလှသဖြင့် လူ့ပြည်ရှိ ကျင့်ကြံသူအားလုံးနှင့် တစ်ဖက်သတ် အုပ်စုတူသည်ဟု ပြော၍မရပေ။ လူ့ပြည်တွင် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့် လောကဒုက္ခများ ရှိသော်လည်း ကောင်းကင်လူသား တွင်မူ မရှိဘဲ ကောင်းကင်ဘုံ၌ မြင့်မားစွာ တည်ရှိကာ ကောင်းကျိုးများကို အမြဲ ခံစားနေရသည်။

ဤကိစ္စသည် ကျင့်ကြံခြင်းကို ခံစားပြီး ထာဝရအသက်ကို ရှာဖွေနေကြသော ကျင့်ကြံသူများအတွက် အလွန် မကျေမနပ် ဖြစ်စရာ ဖြစ်နေခဲ့သည်။

သို့သော် ကောင်းကင်လူသား သည် အလွန် အစွမ်းထက်ပြီး ကောင်းကင်ဘုံတစ်ခုလုံးကို ပိုင်ဆိုင်ထားသဖြင့် အလွန် သန်မာလှသည်။ နတ်ဘုရားများ လူ့ပြည်သို့ ဆင်းသက်လာသောအခါ မည်သည့်အရာကိုမဆို ပြုလုပ်ပါစေ၊ အစွမ်းထက်သော ခွန်အားများ ရှိကြပြီး ခွန်အားဖြင့် ဖိနှိပ်ကာ ရူးသွပ်စွာ ပြုမူတတ်ကြသည်။ သို့သော် ယခုအခါတွင်မူ ကောင်ူပင်လူသား တစ်ပါး ဤနေရာတွင် မီးရှို့သတ်ဖြတ်ခံရတော့မည် ဖြစ်ရာ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ ရှိနိုင်ပါအံ့နည်း။ ရှေးပဝေသဏီကတည်းက လောကအတွက် ပထမဆုံး လုပ်ဆောင်ရဲသူများကို လူအများက လေးစားကြသည်။

ထို့ကြောင့် ဤအချိန်တွင် အမှန်တရားဂိုဏ်းဖြစ်စေ ၊ မိစ္ဆာဂိုဏ်းဖြစ်စေ၊ သို့မဟုတ် မိစ္ဆာမျိုးနွယ်နှင့် ကောင်းကင်ပြင်ပ ကျွမ်းကျင်သူများ ဖြစ်စေ၊ မည်သူမျှ လက်ဦးမှုရယူရန် စိတ်ကူးမရှိကြပေ။ သူတို့အားလုံးသည် ယွမ်မန့်ကျောက် ထဲတွင် ဤတာအိုဆရာက နဂါး ကိုးကောင် မီးလျှံအုပ်ဆောင်းကို ကိုင်ဆောင်ကာ ကောင်းကင်လူသား တစ်ပါးကို အမှန်တကယ် မီးရှို့သတ်ဖြတ်နိုင်မလား ဆိုသည်ကိုသာ မြင်တွေ့လိုကြသည်။

ယွမ်မုန့်ကျောက်အတွင်း ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေပြီး သတ္တဝါအများအပြားကို ပုံပျက်ပန်းပျက် ဖြစ်စေခဲ့သော ကောင်းကင်လူသား ၏ ရုပ်အလောင်းသည် ယခုအခါ လုံးဝ လောင်ကျွမ်းသွားပြီး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအတွင်း၌ ပုန်းကွယ်နေသော ထိုတောက်ပသည့် လူအရိပ်သည် ယခုအခါ လူရိပ်တစ်ခုအဖြစ် ထင်ရှားလာပြီး သူသည်လည်း ချောမောလှပသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုဟန်ပန်မှာ လောကရှိ ကျင့်ကြံသူများနှင့် လုံးဝကွဲပြားပြီး မြင့်မားကာ အေးစက်ပြီး ခံစားချက်ကင်းမဲ့လှသည်။

သို့သော် ယခုအခါတွင်မူ သူသည် အလွန် ပျာယာခတ်နေပြီး အုပ်ဆောင်း၏ တားမြစ်ချက်ကို ဖျက်ဆီးရန်အတွက် နတ်စွမ်းအားများကို အဆက်မပြတ် လှုံ့ဆော်နေတော့သည်။ အနည်းဆုံးတော့ သူ့ကို ကောင်းကင်ဘုံသို့ ပြန်ခွင့်ပေးရန် မျှော်လင့်နေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ မည်သို့ပင် နတ်စွမ်းအားများကို လှုံ့ဆော်ပါစေ၊ မည်သည့်အရာမျှ အသုံးမဝင်တော့ပေ။

လီယန်ချူသည် အုပ်ဆောင်း၏ စွမ်းအားကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ထိုအချိန်တွင် သူ၏မျက်နှာမှာ တည်ငြိမ်အေးစက်နေကာ မျက်ဝန်းများမှာလည်း အေးစက်လှသည်။

ရွှေချပ်ဝတ်နတ်စစ်သူကြီးသည် တစ်ဖက်တွင် ကြေးနီမီးအိမ်ကို ကိုင်ထားပြီး ဆုတောင်းစွမ်းအား များက နောက်ကွယ်တွင် ဝဲပျံနေကာ ရွှေတုတ်ကောက်ကို ဆုပ်ကိုင်ထားသည်။ ကြီးမားလှသော နတ်ဘုရားစွမ်းအားများသည် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ထောက်ပံ့ပေးနေသည်။

လီယန်ချူ၏ ခန္ဓာကိုယ်တွင်းရှိ ကျင့်ကြံမှု စွမ်းအားသည် နှစ်ပေါင်း နှစ်သောင်းကျော် ရှိနေသဖြင့် အလွန် ကြီးမားကျယ်ပြန့်လှပြီး ယခုအခါတွင်မူ သန့်စင်သော နတ်ဘုရားစွမ်းအားနှင့် ကြီးမားသော ဆုတောင်းစွမ်းအားများကိုပါ ထပ်မံဖြည့်စွက်ထားသဖြင့် သူ၏ကုန်ဆုံးမှုများကို ထောက်ပံ့ပေးရန် လုံလောက်လှသည်။

မီးလျှံအုပ်ဆောင်းအတွင်းရှိ ထိုလူရိပ်သည် လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်အပြည့် ရှိနေသော နတ်မီးတောက်များအတွင်း၌ မည်သည့်အညစ်အကြေးမျှ မရှိတော့ပေ။ ဤကောင်းကင်လူသား သည် လီယန်ချူ၏ လက်ထဲတွင် လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ကောင်းကင်ဘုံသို့ ပြန်သွားရန် အခွင့်အရေးပင် မရှိခဲ့ချေ။

လူတိုင်း အံ့အားသင့်သွားကြပြီး ယွမ်မုန့်ကျောက်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကျွမ်းကျင်သူ အများအပြားသည်လည်း အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

"ဒီကောင်းကင်လူသား က မီးရှို့သတ်ဖြတ်ခံလိုက်ရပြီ "

"မှန်တယ်၊ သူ ကောင်းကင်ဘုံကို ပြန်မသွားနိုင်ဘဲ ဒီတာအိုဆရာရဲ့ လက်ထဲမှာ လုံးဝ အသတ်ခံလိုက်ရတာ"

"အားရစရာကောင်းလိုက်တာ "

လူအများအပြားသည် စိတ်ရင်းမှန်ဖြင့် ချီးကျူးစကားများ ဆိုကြသော်လည်း တစ်ချိန်တည်းမှာပင် ထိုတာအိုဆရာ၏ လူရိပ်ကို ကြည့်သည့်အခါ၌မူ အလွန်ပင် သတိထားမိကြသည်။

"ကြီးမားတဲ့ ပြိုင်ဆိုင်မှု ခေတ်ကြီးထဲမှာ ဒီလို ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "

"မြေပြင်နတ်ဘုရားအဆင့်ကို တောင်မရောက်သေးဘဲ နတ်လက်နက်ကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်လူသား တစ်ပါးကိုပါ သတ်ဖြတ်နိုင်တယ်၊ ဒီတာအိုဆရာရဲ့ ခွန်အားက တကယ်ပဲ ကြောက်ဖို့ကောင်းလွန်းတယ် "

"သူက ဘယ်နေရာက လာတာလဲ။ ဒီလိုလူမျိုး ပေါ်ထွက်လာရအောင် "

ခဏချင်းအတွင်းမှာပင် ယွမ်မုန့်ကျောက်တစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားတော့သည်။

အခန်း ၁၀၁၈။ လူ့ပြည်၏ အထွတ်အထိပ်

ယခုကြိမ် ယွမ်မုန့်ကျောက် ပွင့်လာပြီးနောက် ဤနေရာသို့ ရောက်ရှိလာကြသည့် ကျင့်ကြံခြင်း အဆင့်မြင့် ကျွမ်းကျင်သူများသာမကဘဲ၊

ယွမ်မုန့်ကျောက် အတွင်း၌ မူလကတည်းက တည်ရှိနေခဲ့ကြသော ရှေးဟောင်း ဖြစ်တည်မှု အချို့၏ အကြည့်များသည်လည်း ဤနေရာသို့ ကျရောက်လာကြပြီး အလားတူပင် အပြင်းအထန် တုန်လှုပ်သွားကြရသည်။

"ဒီလောကကြီးတော့ ပရမ်းပတာ ဖြစ်တော့မယ်... နောက်ထပ် ကောင်းကင်လူသား တစ်ပါး ယွမ်မုန့်ကျောက် ထဲမှာ သေဆုံးသွားပြန်ပြီ။"

ယခင်ကလည်း ယွမ်မုန့်ကျောက် အတွင်း၌ ကောင်းကင်လူသား တစ်ပါး သေဆုံးခဲ့ဖူးသော်လည်း ထိုစဉ်က သတ်လိုက်သည့်သူမှာ နောက်ခံ အလွန်ကြီးမားပြီး မိစ္ဆာလောကမှ လာသူ ဖြစ်သည်။ လူ့ပြည်ရှိ ကျင့်ကြံသူတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရသည့် ကောင်းကင်လူသားဟူ၍မူ အလွန်ပင် ရှားပါးလှပေသည်။

လီယန်ချူသည် နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းကို သိမ်းဆည်းလိုက်သည်။ ဤနတ်လက်နက်ကို လှုံ့ဆော်လိုက်ခြင်းက သူ၏ စွမ်းအားအများစုကို ကုန်ဆုံးသွားစေခဲ့သဖြင့် ယခုအခါ ၎င်းကို လက်ထဲတွင် တိတ်ဆိတ်စွာ ဆုပ်ကိုင်ထားရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းက တကယ်ကို အာဏာပြင်းတာပဲ။"

လီယန်ချူသည် နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းကို ကောင်းမွန်စွာ သိမ်းဆည်းလိုက်ပြီးနောက် သူ၏ နတ်စွမ်းအားများကို လှည့်ပတ်လိုက်ရာ ကျယ်ပြန့်လှသော အဏ္ဏဝါပြင်ကဲ့သို့ နတ်စွမ်းအား အများစုမှာ ပြန်လည် ပြည့်ဖြိုးလာတော့သည်။

ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ ကြီးမားလှသော သက်စောင့်စွမ်းအားများ တစ်ဟုန်ထိုး စီးဆင်းသွားပြီး ကုန်ဆုံးသွားသော နတ်စွမ်းအားများသည်လည်း အလျင်အမြန်ပင် ပြန်လည် ဖြည့်တင်းလာခဲ့သည်။

တိုတောင်းလှသော အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများသည် ကောင်းကင်နှင့် မြေကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အလား ပြောင်းလဲသွားတော့သည်။

မိစ္ဆာဘုရင်၏ မျက်သူငယ်အိမ် ကျုံ့သွားပြီး ဖြူဝင်းသော မျက်နှာထက်တွင် အံ့အားသင့် ထိတ်လန့်ရိပ်များ ပြည့်နှက်သွားသည်။

"ဒါက ဘယ်လို ခန္ဓာကိုယ်မျိုးလဲ"

လီယန်ချူ၏ အရှိန်အဝါသည် အသက်ရှူသံ အနည်းငယ်အတွင်းမှာတင် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခြင်း ဖြစ်သည်။

ဤအချက်က မိစ္ဆာဘုရင်ကို အပြင်းအထန် တုန်လှုပ်သွားစေခဲ့သည်။

လက်ထဲရှိ များပြားလှသော နတ်ဆေးပင်များနှင့် ကောင်းကင်နှင့် မြေကြီး၏ ရတနာများကို သုံးစွဲပြီးနောက် လီယန်ချူ၏ ယခုခန္ဓာကိုယ်မှာ ထိုတာအိုခန္ဓာ၊ သန့်စင်သော ခန္ဓာစုများနှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းခြင်း လုံးဝမရှိတော့ပေ။

ဤပြောင်းလဲမှုကြောင့်ပင် အခွင့်ကောင်းယူ တိုက်ခိုက်ရန် ကြံစည်နေကြသည့် လူအများအပြား၏ စိတ်ကူးကို ရိုက်ချိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားရသည်။

ယခင်က လူအနည်းငယ်သည် လီယန်ချူ၏ အရှိန်အဝါ ကျဆင်းသွားမည့် အချိန်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်ပြီး နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းကို လုယူရန် ကြံစည်ခဲ့ကြသည်။

သို့သော် သူ၏ ကောင်းကင်လူသားကို မီးရှို့သတ်ဖြတ်ခဲ့သည့် နတ်ဘုရားအရှိန်အဝါကြောင့် ခဏမျှ တွန့်ဆုတ်သွားခဲ့ကြသည်။

မည်သူက ထင်မှတ်ထားပါအံ့နည်း၊ ဤသို့ တွန့်ဆုတ်နေသည့် ခဏတာအတွင်းမှာပင် ထိုတာအိုဆရာငယ်သည် မည်သည့် ဆေးလုံးကိုမျှ သုံးစွဲခြင်းမရှိဘဲ သူ၏ အရှိန်အဝါကို အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိစေခဲ့ချေပြီ။

"ဒါကို ဘယ်လိုလုပ် တိုက်လို့ရတော့မှာလဲ"

လူအများအပြား၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာကြပြီးနောက် ခေါင်းခါယမ်းလိုက်ကြကာ လီယန်ချူ၏ ယခုအချိန်ရှိ နတ်ဘုရား အရှိန်အဝါကို ကြောက်ရွံ့သဖြင့် ရှေ့သို့တိုး၍ လုယူရန် မဝံ့ရဲကြတော့ပေ။

မြေပြင်နတ်ဘုရား အဆင့်သို့ မရောက်သေးသော်လည်း ယွမ်မုန့်ကျောက် အတွင်းရှိ အဆင့်မြင့် ကျွမ်းကျင်သူ အများအပြားကို ကြောက်ရွံ့တုန်လှုပ်စေခဲ့ပြီ ဖြစ်သည်။

ကိုယ်ပေါ်တွင် သင်္ကန်းကို ဝတ်ဆင်ထားသော ကျန့်တာလိသည် နတ်မျက်စိဖြင့် ကောင်းကင်ထက်တွင် ရပ်တန့်နေသော လီယန်ချူကို လှမ်းကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။

"ဒီလို လူမျိုးနဲ့... ငါက ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"

သူ ဤနေရာသို့ မလာခင်က သူ့ကို လမ်းညွှန်ပြသပေးခဲ့သည့် ဆရာတော်ကြီးက သူ့ကို ယွမ်မုန့်ကျောက် အတွင်း၌ ပါရမီ အမြင့်ဆုံးသူဖြစ်ပြီး နတ်မိစ္ဆာ အလားအလာ ရှိသည်ဟု မိန့်ကြားခဲ့ဖူးသည်။

သို့သော် ဆက်တိုက်ဆိုသလို ရိုက်ခတ်မှုများကြောင့် ကျန့်တာလိသည် မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝ ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ဤတာအိုဆရာငယ် ထိုနေရာတွင် ရှိနေသရွေ့ မည်သူမျှ ပါရမီဟူသော စကားလုံးကို ထုတ်ပြောရန် မသင့်တော်တော့ပေ။

ဤအချိန်တွင် နယ်ပယ်ပြင်ပ ဂိုဏ်းကြီးတစ်ခုမှ လာသော မျက်နှာသေနှင့် အမျိုးသားတစ်ဦး၏ အကြည့်များသည်လည်း အလားတူပင် ရှုပ်ထွေးနေခဲ့သည်။

သူက ဘေးနားရှိ သူ့ကို စောင့်ရှောက်ပေးသူ သုံးဦးကို မယုံကြည်နိုင်စရာ အကြည့်များဖြင့် လှည့်ကြည့်လိုက်ပြီး၊

"ငါ မျက်စိမှားတာလား၊ ဒီလူ့ရဲ့ ကျင့်ကြံမှု အဆင့်က နတ်ဘုရား အဆင့်ကို ရောက်မနေသလိုပဲ "

သူပြောသည့် နတ်ဘုရား အဆင့်ဆိုသည်မှာ မြေပြင်နတ်ဘုရားကို ဆိုလိုခြင်း ဖြစ်သည်။

ဤအချိန်တွင် စောင့်ရှောက်သူ သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။

၎င်းတို့အထဲမှ တစ်ဦးက

"နတ်ဘုရား အဆင့်ကို လုံးဝ မရောက်သေးတာ သေချာပါတယ်။ ဒီလူ့ရဲ့ ပါရမီ အဆင့်အတန်းနဲ့ ခွန်အားက တကယ်ပဲ မယုံနိုင်စရာ ကောင်းလွန်းပါတယ်။"

ဟု ပြောလိုက်သည်။

နယ်ပယ်ပြင်ပ ဂိုဏ်းကြီးမှ ပါရမီရှင်သည် စိတ်ထဲတွင် အပြင်းအထန် တုန်လှုပ်သွားရပြီး မျက်ဝန်းများတွင် သံသယများနှင့် ထိတ်လန့်မှုများ ပြည့်နှက်သွားကာ၊

"မြေပြင်နတ်ဘုရား အဆင့်ကို မရောက်သေးတာတောင် ခွန်အားကို အားကိုးပြီး ကောင်းကင်လူသားကို ဖိနှိပ်နိုင်တယ်ဆိုတော့... ဒီကြားထဲက ကွာဟချက်ကလည်း ကျော်ဖြတ်လို့ မရတာတော့ မဟုတ်ဘူးပဲ။"

စောင့်ရှောက်သူ သုံးဦးသည် တစ်ဦးကိုတစ်ဦး ပြန်ကြည့်လိုက်ကြသည်။

တာအိုသားတော် ၏ ဤအတွေးက အလွန်ပင် အန္တရာယ်များလှသည်။

နယ်ပယ်ပြင်ပ ဂိုဏ်းကြီးမှ ဤပါရမီရှင်သည် မျက်ဝန်းများ ပြန်လည် တည်ကြည်လာပြီး၊

"မှန်တယ်... ဒီအဆင့်ကို ရောက်ရင် အဆင့်ကျော်ပြီး မတိုက်ခိုက်နိုင်ဘူးလို့ ဘယ်သူပြောလဲ "

"အဆင့်ကျော်ပြီး မတိုက်ခိုက်နိုင်ရင်... ပါရမီရှင်လို့ ဘယ်လိုလုပ် အခေါ်ခံရဲမှာလဲ။"

ထိုဂိုဏ်းကြီးမှ တာအိုသားတော် ၏ မျက်ဝန်းများသည် ယခုအချိန်တွင် အလွန်ပင် တည်ကြည်ပြီး တောက်လောင်နေတော့ရာ၊

ရှေ့ဆက်ရမည့် လမ်းပြမြေပုံကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေသည်။

ကြီးမားလှသော တိုက်ပွဲကြီးကြောင့် ယွမ်မုန့်ကျောက် တစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားခဲ့ရသည်။

လီယန်ချူသည် သူ၏ နတ်စွမ်းအားများကို ရုတ်သိမ်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် မကြာခင်မှာပင် ပျောက်ကွယ်သွားတော့သည်။

ဤနေရာရှိ အဆင့်မြင့် ကျွမ်းကျင်သူ အများအပြားသည် အကြည့်များဖြင့် အကဲခတ်နေကြသော်လည်း မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိကြပေ။

………………

ရှန့်ရှန်းနန်းတော်

ဤနေရာသည် တိမ်မြူများ ဝန်းရံနေသည့် နတ်ဘုရားတောင်တစ်ခု ဖြစ်ပြီး ၎င်းအတွင်း၌ အစွမ်းထက်သော တားမြစ်ချက် အစီအရင်များဖြင့် ကာကွယ်ထားသည်။

ဤအချိန်တွင် ရှေးဟောင်း နတ်ကွန်းအတွင်းရှိ နတ်ရုပ်တုတစ်ခုမှာ ရုတ်တရက် ကွဲအက်သံနှင့်အတူ အက်ကြောင်းများ ပေါ်ပေါက်လာသည်။

နတ်ကွန်းအတွင်း၌ ကျင့်ကြံခြင်းကို ဆင်ခြင်နေသော ရှန့်ရှန်းနန်းတော်၏ နန်းတော်သခင်သည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ မျက်ဝန်းများတွင် အံ့အားသင့်ရိပ်များ ပေါ်လာတော့သည်။

လူ့ပြည်၏ အထွတ်အထိပ် ဖြစ်သော ထိုကျွမ်းကျင်သူသည် ယခုအချိန်တွင် အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာရသည်။

ရှေးဟောင်း နတ်ရုပ်တုကြီး တစ်ခု ကွဲအက်သွားပြီးနောက် မကြာခင်မှာပင် လုံးဝ ဥဿုံ ပျက်စီးသွားကာ အပိုင်းအစများ ဖြစ်သွားတော့သည်။

ဟိန်းဟောက်သံများ

ကျယ်လောင်လှသော မြည်ဟိန်းသံများနှင့်အတူ ရှေးဟောင်း နတ်ရုပ်တုကြီးများ တစ်ခုပြီးတစ်ခု နိုးထလာကြပြီး နန်းတော်ကြီး တစ်ခုလုံးတွင် မိုးကြိုးကဲ့သို့သော ဒေါသတရားများဖြင့် ပြည့်နှက်သွားတော့သည်။

"ဘာဖြစ်တာလဲ... ဘာကိစ္စ ရှိလို့လဲ"

"ယွမ်မုန့်ကျောက် ထဲမှာ တကယ်ပဲ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ"

ဤရှေးဟောင်း အသံကြီးများ ပေါ်ထွက်လာပြီး ရှန့်ရှန်နန်းတော် သခင်၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။

လူ့ပြည်၏ အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သော်လည်း သူသည် ယခုအချိန်တွင် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ထဲမှ လှေငယ်တစ်စင်းကဲ့သို့ ခံစားနေရသည်။

ရှေးဟောင်း နတ်ကွန်းကြီး တစ်ခုလုံး ပရမ်းပတာ ဖြစ်နေစဉ်၊

သူ၏ စိတ်ထဲတွင်မူ အံ့အားသင့်ဖွယ် အတွေးတစ်ခု ပေါ်လာသည်။

"သေသွားပြီလား..."

အကယ်၍ တာဝန် မအောင်မြင်ဘဲ ရုပ်ခန္ဓာ ပျက်စီးသွားခြင်း ဖြစ်ပါက ကောင်းကင်ဘုံသို့ ပြန်သွားရုံသာ ဖြစ်သဖြင့် ဤနတ်ရုပ်တုကြီးမှာ လုံးဝ ပျက်စီးသွားစရာ အကြောင်းမရှိပေ။

သို့သော် ယခုကဲ့သို့ ဖြစ်သွားခြင်းမှာ လူ့ပြည်သို့ ဆင်းသက်လာသည့် ကောင်းကင်လူသား လုံးဝ ဥဿုံ သေဆုံးသွားခြင်းကို အဓိပ္ပာယ်ရပေသည်။

သူ၏ မျက်နှာထက်တွင် အံ့အားသင့်ရိပ်များ ပေါ်လာသော်လည်း မကြာခင်မှာပင် စိတ်ထဲ၌ တိတ်တဆိတ် ဝမ်းသာသွားမိသည်။

"ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ"

ဤအတွေးက ခဏမျှသာ ဖြတ်ပြေးသွားသည်။

ဝမ်ဖူဖုန်း ရွေးချယ်ခဲ့သည့် ကောင်းကင်လူသား၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးစွမ်းအားများ ကိန်းအောင်းနေပြီး ခွန်အား အလွန်ကြီးမားသော်လည်း အတွင်း၌မူ ဘေးအန္တရာယ်များကို ဖုံးကွယ်ထားသည်။

ရှန့်ရှန်းနန်းတော် သခင်သည် ကောင်းကင်လူသား၏ တာဝန်ကို ပျက်စီးအောင် လုပ်နိုင်လျှင်ပင် အဆင်ပြေပြီဟု တွေးထားခဲ့သော်လည်း ဤကောင်းကင်လူသား တစ်ပါး လုံးဝ သေဆုံးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ထိုက်တန်တာပဲ "

ရှန့်ရှန်းနန်းတော် သခင်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

……………………

ယွမ်မုန့်ကျောက်

ဤရှေးဟောင်း နယ်မြေကြီးသည် အပြင်းအထန် တုန်လှုပ်နေပြီး ရှေးဟောင်း ဖြစ်တည်မှု အများအပြားသည်လည်း အချုပ်အနှောင်များကို ရုန်းထွက်၍ ဤနေရာတွင် ဘာဖြစ်ခဲ့သည်ကို လာရောက် ကြည့်ရှုလိုနေကြသည်။

အချို့သော အကြည့်များသည်လည်း ဤနေရာသို့ ကျရောက်လာကြပြီး၊

တာအိုဆရာငယ်က ကောင်းကင်လူသားကို သတ်ဖြတ်လိုက်သည်ကို သတိပြုမိသွားကြကာ အလွန်ပင် အံ့အားသင့်သွားကြရသည်။

နဂါးကိုးကောင် မီးလျှံအုပ်ဆောင်း ထွက်ပေါ်လာခြင်းနှင့် ကောင်းကင်လူသား သေဆုံးခြင်း ဟူသော ဤကြီးမားသည့် ကိစ္စရပ် နှစ်ခုကြောင့် ယွမ်မုန့်ကျောက် တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

နယ်ပယ်အသီးသီးမှ အဆင့်မြင့် ကျွမ်းကျင်သူ အများအပြားသည်လည်း ထိုခန့်ညားထည်ဝါလှသော တာအိုဆရာငယ်ကို မှတ်မိသွားကြသည်။

သို့သော် ဤတာအိုဆရာငယ်သည် လောကကြီး၏ မည်သည့်နေရာမှ လာသည်ကိုမူ မည်သူမျှ မသိကြပေ။

မကြာခင်မှာပင် ကောင်းကင်ထက်၌ ကြီးမားလှသော လှိုင်းဂယက်တစ်ခု ပေါ်လာပြီး ဤလှိုင်းဂယက်မှာ ရွှေရောင် တောက်ပနေကာ ခဏချင်းအတွင်းမှာပင် ယွမ်မုန့်ကျောက် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ကြီးမားလှသော လူ့မျက်နှာကြီးတစ်ခု ပေါ်လာပြီး တိမ်ပင်လယ်နောက်ကွယ်မှ ထွက်ပေါ်လာသည်။

ဤမျက်နှာကြီးသည် အေးစက်ပြီး ရှေးကျလှကာ မျက်ဝန်းများတွင်မူ စစ်ဆေးလိုသည့် အရိပ်အယောင်များ ပါရှိနေပြီး၊

ဤနေရာ၏ အခြေအနေကို သေသေချာချာ မြင်တွေ့လိုနေပုံရသည်။

ယွမ်မုန့်ကျောက် အတွင်းရှိ နယ်ပယ်ပြင်ပ ကျင့်ကြံသူများ ဖြစ်စေ၊ မူလကတည်းက တည်ရှိနေခဲ့သော ရှေးဟောင်း ဖြစ်တည်မှုများ ဖြစ်စေ၊

အားလုံးက ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရပြီး ၎င်းမှာ ယခင်က ကောင်းကင်လူသားထက်ပင် အဆပေါင်းများစွာ သန်မာလှပေသည်။

ဤကြီးမားသော လူ့မျက်နှာကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယွမ်မုန့်ကျောက်သည် ရုတ်တရက် အပြင်းအထန် တုန်လှုပ်သွားပြီး တစ်စုံတရားသော စည်းမျဉ်းကို ထိမိသွားသည့်အလား၊

မကြာခင်မှာပင် ဤယွမ်မုန့်ကျောက် နယ်မြေကြီးသည် စတင်၍ ဝေဝါးလာတော့သည်။

တစ်လောကလုံး ဖြူဖွေးသော အလင်းတန်းများ လွှမ်းခြုံသွားပြီး ၎င်းအတွင်းရှိ လူတိုင်းသည် ဤခုခံ၍မရသော စွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရသည်။

လီယန်ချူသည် ၎င်းအတွင်း၌ ရှိနေသဖြင့် စွမ်းအားကို သဘာဝအတိုင်း ခံစားလိုက်ရသည်။

ကောင်းကင်ထက်မှ ကြီးမားသော လူ့မျက်နှာကြီးမှာ ဆယ်ပုံကိုးပုံခန့် ကောင်းကင်လူသား ဖြစ်ရမည်ဖြစ်ပြီး သူ့ကို လာရောက် ရှာဖွေခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ယွမ်မုန့်ကျောက်၏ စည်းမျဉ်းများနှင့် ပဋိပက္ခ ဖြစ်သွားပုံရသဖြင့် အလင်းတန်းတစ်ခု ဖြာကျလာပြီး လီယန်ချူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အပြင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။

နယ်ပယ်ပြင်ပအရာသည် နယ်ပယ်ပြင်ပသို့၊ ကန်ယွမ်အရာသည် ကန်ယွမ်သို့။

လီယန်ချူ ပြန်လည် မျက်စိဖွင့်ကြည့်လိုက်သောအခါ အရှေ့တောင်ဘက် ပင်လယ်ပြင်ထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် ခြေဖျားလေးဖြင့် အနည်းငယ် တွန်းကန်လိုက်ကာ ပင်လယ်ပြင်ထက်တွင် ရပ်တန့်နေပြီး အောက်သို့ နစ်မြုပ်သွားခြင်း မရှိပေ။

ကိုယ်ပေါ်ရှိ တာအိုဝတ်စုံသည် လေထဲတွင် တဖျတ်ဖျတ် မြည်နေတော့ရာ လူ့ပြည်သို့ ဆင်းသက်လာသည့် နတ်ဗြဟ္မာတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။

ဤအချိန်တွင် အဆင့်မြင့် ကျွမ်းကျင်သူ အများအပြားသည်လည်း ယွမ်မုန့်ကျောက် ထဲမှ ပို့ဆောင်ခြင်း ခံလိုက်ရကြသည်။

ယွမ်မုန့်ကျောက်သည် ကောင်းကင်ထက်တွင် ဆက်လက် တည်ရှိနေဆဲဖြစ်သော်လည်း ယခုအခါတွင်မူ ဖြူဖွေးသော အလင်းတန်းများသာ လွှမ်းခြုံနေပြီး အတွင်းမှ ကျယ်လောင်လှသော အသံကြီးတစ်သံကို ခပ်ရေးရေး ကြားနေရကာ စိတ်နှလုံးကို တုန်လှုပ်စေသည်။

ယွမ်မုန့်ကျောက် ထဲမှ ထွက်ခွာလာခဲ့ကြသော်လည်း ထိုစွမ်းအားကို ခံစားနေရဆဲပင် ဖြစ်သည်။

ဤရှေးဟောင်း ဆန်းကြယ်လှသော ယွမ်မုန့်ကျောက်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားမှ လုံးဝ ဥဿုံ ကွယ်ပျောက်သွားတော့သည်။

"ယွမ်မုန့်ကျောက် လုံးဝ ပိတ်သွားပြီ"

"နောက်ဆုံး ပေါ်လာတဲ့ မျက်နှာကြီးက ကောင်းကင်လူသားလား... အရှိန်အဝါက တကယ် သန်မာတာပဲ"

"ငါ့အထင်တော့... ဒီတာအိုဆရာငယ်က ကောင်းကင်လူသားကို သတ်လိုက်လို့ အထက်လောကရဲ့ စစ်ဆေးမှုကို ဆွဲခေါ်မိသွားတာ ထင်တယ် "

ဤအချိန်တွင် လူအများအပြား ဝေဖန်ပြောဆိုနေကြသော်လည်း၊

ပင်လယ်ပြင်ထက်တွင်မူ ထိုလူ့ပြည်၏ တာအိုဆရာကို လုံးဝ ရှာမတွေ့တော့ဘဲ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည့်အလား ဖြစ်နေတော့သည်။

…………

ဤအချိန်တွင် လီယန်ချူသည် ယွမ်မုန့်ကျောက် ထဲမှ ထွက်ခွာလာပြီးနောက် ရေစွမ်းအားကို အသုံးပြု၍ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

ပင်လယ်ပြင်ထက်တွင် ရေစွမ်းအားကို အသုံးပြုခြင်းက အရှိန်အဝါများကို အဆုံးစွန်အထိ ဖျောက်ဖျက်ပေးနိုင်ပေသည်။

မကြာခင်မှာပင် သူသည် ကုန်းမြေပေါ်သို့ ရောက်ရှိလာခဲ့သည်။

ကျင်ယွီ၏ ပိုးကောင်များ ကို သန့်စင်ပြီးနောက် ၎င်းအတွင်းမှ ဓာတ်ငါးပါး ဆေးလုံးကြီးတစ်လုံးကို ရရှိခဲ့ပြီး ၎င်းကို သုံးစွဲပြီးနောက် ဓာတ်ငါးပါးမြေလျှိုး ခြင်း စွမ်းအားကို တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လီယန်ချူသည် မြေစွမ်းအားကို အသုံးပြု၍ လမ်းခရီးကို ဆက်ခဲ့ရာ မြေစွမ်းအား၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် တစ်ရက်လျှင် မိုင်ပေါင်း ထောင်ချီ ခရီးပေါင်နိုင်ပေသည်။

ဆက်တိုက်ဆိုသလို နတ်စွမ်းအား အမျိုးမျိုးကို ပြောင်းလဲအသုံးပြုရင်း လီယန်ချူသည် နောက်ဆုံးတွင် ဝေမြို့သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ပြီး မည်သူ၏ ခြေရာခံခြင်းကိုမျှ မခံခဲ့ရပေ။

…………

ထိုက်ဖင်တည်းခိုခန်း တွင် လူများ အသွားအလာ များပြားနေပြီး လူ့လောက၏ စည်ကားမှုများဖြင့် ပြည့်နှက်နေသည်။

အချို့သော ဓားသမားများသည် ကျယ်လောင်စွာ အရက်သောက်ရင်း အချင်းချင်း ကြွားဝါပြောဆိုနေကြပြီး၊

အမျိုးသားဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောလှပသော သခင်လေးတစ်ဦးသည်လည်း အမျိုးသားဝတ်စုံ ဝတ်ဆင်ထားသည့် အစေခံမိန်းကလေးနှင့်အတူ ဘေးနားမှ စိုးရိမ်တကြီး နားထောင်နေကာ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများနှင့် စိတ်ဝင်စားမှုများ ပြည့်နှက်နေသည်။

လောကကြီးထဲတွင် လူအမျိုးမျိုး ရှိကြရာ တည်းခိုခန်းအတွင်း၌ တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူ အချို့လည်း ရှိနေကြပြီး တည်ငြိမ်စွာ ထိုင်၍ လက်ဖက်ရည်သောက်ရင်း၊

ထိုဓားသမားများ၏ ကြွားဝါမှုကို နားထောင်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးများ ပေါ်နေကြသည်။

ဆိုင်ရှင်မ သည် ကောင်တာနောက်ကွယ်တွင် ထိုင်နေပြီး သူမ၏ ကိုယ်ပေါ်တွင် နတ်စွမ်းအား အမျိုးမျိုးကို အသုံးပြုထားသဖြင့် လူအများက သူမ၏ အလွန်လှပသော မျက်နှာကို မသိစိတ်ဖြင့် လျစ်လျူရှုမိသွားကြသည်။

မဟုတ်ပါက ဤကဲ့သို့သော အရှိန်အဝါမျိုးဖြင့်ဆိုလျှင် ကျင့်ကြံသူ အများအပြား၏ စူးစမ်းခြင်းကို ခံရပေလိမ့်မည်။

စည်ကားလှသော တည်းခိုခန်းအတွင်း၌ ဆိုင်ရှင်မ သည် ထောင့်တစ်နေရာတွင် တစ်ဦးတည်း ထိုင်နေရင်း အေးဆေးစွာ အနားယူနေပြီး၊

သူမ၏ ရှေ့တွင် ပုံပြင်စာအုပ်တစ်အုပ်ကို ဖွင့်ထားကာ ၎င်းအတွင်း၌ သခင်လေးများနှင့် မိန်းမပျိုများ၊ နတ်ဘုရားများနှင့် နတ်မိစ္ဆာများ၏ အကြောင်းကို ရေးသားထားသည်။

စိတ်ဝင်စားစရာ သိပ်မကောင်းသော်လည်း စိတ်ကူးပုံဖော်မှုကမူ အလွန် ကောင်းမွန်လှသည်။

ထို့အပြင် ၎င်းအတွင်း ရေးသားထားသည်များမှာ အမှန်နှင့်အမှား ရောနှောနေပြီး အချို့မှာ ကျင့်ကြံသူများ လုပ်ဆောင်နိုင်သည့် အရာများနှင့် တူညီနေကာ အချို့မှာမူ နတ်မိစ္ဆာများ၏ လုပ်ရပ်ဖြစ်ပြီး အမှန်တရားသမားများ၏ လုပ်ရပ် မဟုတ်သည်မှာ ထင်ရှားလှသည်။

ဆိုင်ရှင်မသည် အစေ့များကို ဝါးရင်း ပုံပြင်စာအုပ်ကို လှန်လှောကြည့်ရှုနေစဉ်၊

ပေါ့ပါးသော ခြေသံတစ်ခု တိုးကပ်လာသဖြင့် သူမသည် ခေါင်းအနည်းငယ် မော့ကြည့်လိုက်ရာ ကြည်လင်လှသော မျက်ဝန်းတစ်စုံဖြင့် ကြည့်လိုက်မိသည်။

လာသူမှာ ချောမောလှပသော တာအိုဆရာငယ် ဖြစ်ပြီး ယွမ်မုန့်ကျောက် ထဲမှ ပြန်လာသည့် လီယန်ချူပင် ဖြစ်သည်။

ဆ်ုင်ရှင်မက ပြုံး၍ "ပြန်လာပြီလား။"

ဟု မေးလိုက်သည်။

လီယန်ချူက ခေါင်းငြိမ့်ပြလိုက်ပြီး ယွမ်မုန့်ကျောက် အတွင်း ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလိုက်ကာ၊

ရင်ဘတ်ထဲမှ ရွှေရောင် အုပ်ဆောင်းကြီးတစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းပေါ်တွင် ခန့်ညားလှသော နဂါးကိုးကောင်ကို ထုဆစ်ထားကာ ဆိုင်ရှင်မ၏ ရှေ့တွင် ချထားလိုက်သည်။

ဆိုင်ရှင်မ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားပြီး

"နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းလား။"

လီယန်ချူ ပြောပြသည်ကို နားထောင်ပြီးနောက် သူမ၏ မျက်ဝန်းများသည် ပိုမို၍ တောက်ပလာကာ၊

"ကောင်းတယ်... ကောင်းတယ်... အခုတော့ ငါတို့ လီတာအိုဆရာရဲ့ စွမ်းရည်က ပိုပိုပြီး ကြီးမားလာပြီပဲ၊ ကောင်းကင်လူသား တစ်ပါးကိုတောင် တိုက်ရိုက် သတ်ပစ်နိုင်ခဲ့တယ်ပေါ့ "

လီယန်ချူက လက်ကို ဖြန့်ပြလိုက်ပြီး

"ဒီအုပ်ဆောင်းက အစွမ်းထက်လို့ပါ၊ ငါလည်း မထင်ထားဘူး... အဲဒီ ကောင်းကင်လူသားကို အထက်လောကထဲ ပြန်မပြေးနိုင်အောင် တားဆီးနိုင်လိမ့်မယ်လို့။"

ဆိုင်ရှင်မက ပြုံးလိုက်ပြီး

"နဂါးကိုးကောင် မီးလျှံအုပ်ဆောင်းကို လှုံ့ဆော်နိုင်တယ်ဆိုတော့... ပြီးခဲ့တဲ့အကြိမ်က ဆေးတွေ စားခဲ့ရတာက တကယ်ကောင်းတာပဲ "

လီယန်ချူက ပြုံးလိုက်ပြီး ဆိုင်ရှင်မဖတ်နေသည့် ပုံပြင်စာအုပ်ပေါ်သို့ အကြည့် ရောက်ရှိသွားကာ၊

"ဘာလို့ ဒါကို ဖတ်ရတာ သဘောကျနေတာလဲ။"

ဆိုင်ရှင်မက သက်ပြင်းချလိုက်ပြီး

"ပျင်းလို့ပါ... နတ်လက်နက်ကို သန့်စင်ပြီးကတည်းက တခြား ရတနာတွေကို ကြည့်ရတာ စိတ်မပါတော့ဘူး၊ သတင်းပို့အဆောင် သန့်စင်ပြီးတော့ နောက်ထပ် ဘာကို ဆက်ပြီး သန့်စင်ရမလဲ မသိတော့ဘူး ဖြစ်နေတာ "

လီယန်ချူသည် ထိုပုံပြင်စာအုပ်ကို ယူ၍ အနည်းငယ် ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

"ရေးထားတာက နည်းနည်းတော့ ပရမ်းပတာ ဖြစ်နေပြီး ယုတ္တိမရှိဘူးပဲ "

ဆိုင်ရှင်မက ဆံပင်များကို နားနောက်သို့ သပ်လိုက်ရင်း ပြုံးလိုက်သည်။

"အားလုံးက ဒီလို အဆင့်အတန်းပဲမလို့... တတ်နိုင်ဘူးလေ "

လီယန်ချူက မျက်တောင်ခတ်လိုက်ပြီး

"အနောက်ဘက်သို့ ခရီးသွားခြင်း မှတ်တမ်း ကို မင်း ကြားဖူးလား။"

ဆိုင်ရှင်မက ခဏမျှ ကြောင်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။

ချန်နိုင်ငံသည် အလားတူ နေရာများစွာ ရှိသော်လည်း နတ်ဘုရား ဒဏ္ဍာရီများနှင့် အနောက်ဘက်သို့ ခရီးသွားခြင်းကဲ့သို့သော ပုံပြင်ဝတ္ထုများမူ မရှိပေ။

ဆိုင်ရှင်မ၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားရိပ်များ ပေါ်လာပြီး

"အနောက်ဘက်သို့ ခရီးသွားခြင်းက ဘာအကြောင်း ရေးထားတာလဲ။"

လီယန်ချူက

"ထန်ဆန်း နဲ့ သူရဲ့ တပည့်များ ကျမ်းစာ သွားရောက် တောင်းခံတဲ့ အကြောင်းပေါ့၊ မျောက်တစ်ကောင်က လွတ်လပ်တဲ့ဘဝကနေ နောက်ဆုံးတော့ ရာထူးနေရာ ရသွားတဲ့ အကြောင်းပေါ့ "

သူပြောသည့် စကားလုံးအချို့က ထူးဆန်းနေသော်လည်း ဆိုင်ရှင်မကမူ နားလည်နိုင်ပြီး၊

"အဲဒီ ပုံပြင်စာအုပ်က ဘယ်မှာလဲ"

လီယန်ချူက ပြုံးလိုက်ပြီး

"ငါ့ဦးနှောက်ထဲမှာ ရှိတယ်၊ ငါ တစ်ယောက်ယောက်ကို ရေးခိုင်းပြီးမှ မင်းကို ယူလာပေးမယ် "

ဆိုင်ရှင်မ၏ မျက်နှာထက်တွင် ဝမ်းသာရိပ်များ ချက်ချင်း ပေါ်လာပြီး

"ကောင်းတာပေါ့... ကောင်းတာပေါ့ "

သူမသည် အစေ့များကို ဝါးရင်း မျှော်လင့်ချက် မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။

ဆိုင်ရှင်မသည် ယခုအခါ ထိုက်ဖင်တည်းခိုခန်းကို ဖွင့်လှစ်ထားပြီး၊

လီယန်ချူ မူလက မိစ္ဆာများကို နှိမ်နင်းရာမှ ရရှိခဲ့သည့် စည်းစိမ်ဥစ္စာများသည် အလွန်ပင် များပြားလှသလို၊ နန်းတော်၏ ဆုလာဘ်များပါ ပေါင်းစပ်လိုက်လျှင်၊

လူ့ပြည်တွင် အလွန်ပင် ချမ်းသာကြွယ်ဝသော သူဌေးကြီး ဖြစ်နေပြီဟု ပြောနိုင်ပေသည်။

ဝေမြို့အတွင်းရှိ ဆေးခန်းများနှင့် စာသင်ကျောင်း အချို့ကိုလည်း ဆိုင်ရှင်မကပင် တည်ထောင်ပေးထားခြင်း ဖြစ်သည်။

သို့သော် နှစ်ဦးစလုံးက စီးပွားရေးလုပ်ရန် စိတ်မပါကြသဖြင့် စီးပွားရေး လုပ်ငန်းများကို မချဲ့ထွင်ခဲ့ကြပေ။ မဟုတ်ပါက ဝေမြို့တစ်ခုလုံး၏ စီးပွားရေးသည် ဆိုင်ရှင်မ၏ လက်အောက်သို့ ရောက်ရှိသွားပေလိမ့်မည်။

လီယန်ချူသည် မူလက စာပေတိုက်သို့ သွားရောက်၍ လူငှားကာ ရေးခိုင်းရန် ကြံစည်ခဲ့သော်လည်း၊ ပြန်လည် စဉ်းစားကြည့်သောအခါ အနည်းငယ် ရှုပ်ထွေးမည်ဟု တွေးမိလိုက်သည်။

နတ်စွမ်းအားတစ်ခုကို လှုံ့ဆော်လိုက်ပြီး ရွှေရောင် စစ်သည်တော် တစ်ဦးကို ဆင့်ခေါ်လိုက်သည်။

ဤရွှေရောင် စစ်သည်တော် ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ရိုသေစွာ ဒူးထောက်လိုက်ပြီး

"အရှင်... ကျွန်ုပ်ကို ဘာကိစ္စများ ရှိလို့ ဆင့်ခေါ်ရတာလဲ။"

ရွှေရောင် စစ်သည်တော်သည် အထူး ဖြစ်တည်မှုတစ်ခု ဖြစ်ပြီး လီယန်ချူ၏ လက်ထဲရှိ ပါကွားပုဝါသည် ရွှေရောင် စစ်သည်တော်ကို ဆင့်ခေါ်၍ ခိုင်းစေနိုင်ပေသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် ရွှေရောင် စစ်သည်တော်ကို ဆင့်ခေါ်နိုင်ပြီဆိုလျှင် အလွန် မြင့်မားသော ကျင့်ကြံမှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လီယန်ချူသည် စက္ကူနှင့် ကလောင်ကို ယူ၍ ရွှေရောင် စစ်သည်တော်အား ပေးလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ငါ ပြောပြမယ်... မင်းက လိုက်ရေး"

ရွှေရောင် စစ်သည်တော်သည် စက္ကူနှင့် ကလောင်ကို ယူလိုက်ပြီး မျက်နှာထက်တွင် ကြောင်တောင်တောင် ဖြစ်သွားသည်။

"အမိန့်အတိုင်းပါ"

လီယန်ချူသည် မူရင်း အနောက်ဘက်သို့ ခရီးသွားခြင်း၏ အသေးစိတ် အချက်အလက်များကို ပြန်လည် စဉ်းစားလိုက်သည်။

သူ သေသေချာချာ မမှတ်မိတော့သဖြင့် အကြမ်းဖျင်းသာ ပြောပြနိုင်ပြီး သူ၏ ကိုယ်ပိုင် စိတ်ကူးအချို့ကိုပါ ထည့်သွင်းလိုက်သည်။

အစွမ်းထက်သော စိတ်အသိဉာဏ်က သူ့ကို ပြိုင်ဘက်ကင်းလှသော မှတ်ဉာဏ်စွမ်းအားကို ပေးစွမ်းထားသဖြင့်၊

သူက ပြောပြပြီး ရွှေရောင် စစ်သည်တော်က လိုက်ရေးရာ၊ မကြာခင်မှာပင် အနောက်ဘက်သို့ ခရီးသွားခြင်း ပုံပြင်သည် ပိုမို စိတ်ဝင်စားစရာ ကောင်းစွာ ပေါ်ထွက်လာတော့သည်။

ရွှေရောင် စစ်သည်တော်သည် ရေးရင်းဖြင့် ရင်ဘတ်ထဲတွင် ထိတ်လန့်တုန်လှုပ်လာရသည်။

၎င်းအတွင်းရှိ နတ်ဘုရား အများအပြား၏ အမည်များကို သူ ကြားဖူးခဲ့ဖူးပြီး အားလုံးက အလွန် မြင့်မားသော ဖြစ်တည်မှုများ ဖြစ်ကြသည်။

"နတ်ဘုရားတွေ ကြားထဲမှာလည်း ဒီလောက်တောင် အကြံအစည်တွေ များတာလား။"

ဤအချိန်တွင် သူ၏ နဖူးထက်မှ ချွေးစေးများ စီးကျလာပြီး၊ အရှေ့တောင်ကျွန်းနှင့် အနောက်မြောက်ကျွန်းတို့က မည်သည့်နေရာတွင် ရှိသည်ကိုမူ သူ မသိပေ။

ထို့အပြင် ၎င်းအတွင်း ရေးသားထားသည့် စွန်းဝူခုန်း သည် သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့် ကောင်းကင်စစ်သည်တော် တစ်သိန်းကို ရင်ဆိုင်နိုင်သည်ဆိုတော့၊

တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။

လီယန်ချူသည် အနောက်ဘက်သို့ ခရီးသွားခြင်း စာအုပ်ကို ဆိုင်ရှင်မအား ပေးလိုက်သောအခါ၊ ဆိုင်ရှင်မ သည် စာမျက်နှာ တစ်မျက်နှာကိုသာ လှန်ကြည့်ရသေးသော်လည်း မျက်ဝန်းများထဲတွင် အံ့အားသင့်ရိပ်များ ပေါ်လာသည်။

လီယန်ချူကို မော့ကြည့်ပြီး

"ဒါကို ရှင် ရေးတာလား "

လီယန်ချူက တည်ငြိမ်စွာဖြင့်

"အရင်က သူများ ရေးထားတာကို ဖတ်ဖူးလို့ပါ။"

ဟု ပြောလိုက်သည်။

သူသည် ဝူချန်အန်း၏ အမည်ကို ထုတ်မပြောခဲ့သလို ဤပုံပြင်ကိုလည်း မိမိ၏ လက်ရာအဖြစ် မယူခဲ့ပေ။

ဆိုင်ရှင်မသည် အလွန်ပင် စိတ်ဝင်တစား ဖတ်ရှုနေသဖြင့် အစေ့များကိုပင် မဝါးတော့ပေ။

လီယန်ချူသည် သူမ ဤမျှအထိ စိတ်ဝင်စားနေသည်ကို မြင်သောအခါ တစ်ဦးတည်း လမ်းပေါ်သို့ ထွက်၍ လမ်းလျှောက် ထွက်ခဲ့သည်။

ဝေမြို့၏ လုံခြုံရေးမှာ အလွန်ပင် ကောင်းမွန်လှသဖြင့် သူခိုးတစ်ယောက်ကိုမျှ မမြင်တွေ့ရပေ။

ဝေမြို့တွင် မြို့တော်ဝန်အသစ် ရောက်ရှိလာပြီး

အမှုအခင်းများကို နတ်ဘုရားကဲ့သို့ ဖော်ထုတ်နိုင်သဖြင့် ယခုအခါတွင်မူ ဖမ်းဆီးရေး နတ်ဘုရားဟု အမည်ကျော်နေခဲ့ပြီ ဖြစ်သည်။

လီယန်ချူသည် လမ်းပေါ်တွင် အဆာပြေ မုန့်အချို့ကို ဝယ်လိုက်ပြီး ရာသီပေါ် သစ်သီးအချို့ကိုလည်း လက်ထဲတွင် ကိုင်ထားစဉ်၊ နားထဲသို့ ဝမ်းသာအားရ အော်ဟစ်သံတစ်ခု ဝင်ရောက်လာသည်။

"လီတာအိုဆရာ"

လှည့်ကြည့်လိုက်သောအခါ ချောမောခန့်ညားလှသော လူငယ်တစ်ဦးကို တွေ့လိုက်ရပြီး မြို့တော်ဝန် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် ဓားတစ်စင်းကို ဆွဲထားသဖြင့် အလွန်ပင် ခန့်ညားလှသည်။

ဘေးနားတွင် အစိုးရ အစေခံ ခုနစ်ယောက် ရှစ်ယောက်ခန့် လိုက်ပါလာသည်။

သူမှာ ဝေမြို့တွင် မြို့တော်ဝန် လုပ်နေသည့် ကျိန်းဟွမ်ပင် ဖြစ်သည်။

လီယန်ချူက ပြုံးပြီး

"ကျိန်းမြို့တော်ဝန်... မတွေ့ရတာ ကြာပြီ။"

ကျိန်းဟွမ်က ပြုံးပြီး

"တကယ်ပဲ မတွေ့ရတာ ကြာပြီ။"

ကျိန်းဟွမ်သည် မာန်ဟွန်းကမ္ဘာတွင် လီယန်ချူက ဝိညာဉ်ကို ပြုပြင်ပေးပြီးနောက် ပြန်လည်၍ လူအသွင် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤအစွမ်းထက်သော ကျင့်ကြံသူသည် ယခုအခါ ဝေမြို့တွင် မြို့တော်ဝန် လုပ်ရသည်ကို အလွန်ပင် သဘောကျနေပုံရသည်။

သူသည် လှည့်ကြည့်လိုက်ပြီး ဘေးနားရှိ ရဲမက်ငယ်များကို ပြောလိုက်သည်။

"မင်းတို့ ဘာသာပဲ ကင်းလှည့်လိုက်ကြတော့၊ ငါ လီတာအိုဆရာနဲ့ ပြောစရာ ကိစ္စအချို့ ရှိလို့။"

ဘေးနားရှိ ရဲမက်ငယ်တစ်ဦးက ချက်ချင်းပင်

"ကျိန်းမြို့တော်ဝန်... ဒါဆိုရင် အရင်ဆုံး စကားပြော လိုက်ပါဦး"

ဟု ပြောလိုက်သည်။

လူအနည်းငယ်သည် ချက်ချင်းပင် ဓားများကို ဆွဲကိုင်ကာ လမ်းပေါ်သို့ ကင်းလှည့်ရန် ထွက်ခွာသွားကြပြီး အားလုံးက စွမ်းအင် ပြည့်ဝနေကြသည်။

လီယန်ချူက တစ်ချက် ကြည့်လိုက်ရာ ကျိန်းဟွမ်က ရှင်းပြသည်။

"သူတို့ကို အသက်ရှူနည်း အချို့ သင်ပေးထားတာပါ၊ မဟုတ်ရင် အားနည်းလွန်းလို့ ခိုးဆိုးလုနှိုက်လောက်ပဲ ဖမ်းနိုင်လိမ့်မယ် "

လီယန်ချူက ပြုံးပြီး

"အခုတော့ လမ်းပေါ်ကလူတွေ အားလုံးက မင်းကို ဖမ်းဆီးရေး နတ်ဘုရားလို့ ခေါ်နေကြပြီ၊ နာမည်ကြီးလှချည်လား "

ကျိန်းဟွမ်က ခေါင်းနောက်ကို ကုတ်ရင်း ပြုံးလိုက်ကာ

"အာ... အားလုံးက မြှောက်ပေးကြတာပါ၊ ငါက ငါ့ရဲ့ တာဝန်ကိုပဲ လုပ်တာပါ "

လီယန်ချူက ဟားဟားဟားနှင့် ရယ်မောလိုက်ပြီး

"အရာရှိ ဖြစ်သွားတာ တကယ်ကို မတူတော့ဘူးပဲ... ဒီစကားကို နားထောင်ရတာ အရာရှိ အရှိန်အဝါ ဝင်နေသလိုပဲ "

ကျိန်းဟွမ်က

"ဒီနေ့ တာအိုဆရာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာနဲ့... ငါ အရက်တိုက်မယ် "

ဟု ပြောလိုက်သည်။

ယခုရက်ပိုင်း ရာသီဥတုက အနည်းငယ် အေးစက်နေသဖြင့် ကျိန်းဟွမ်သည် လီယန်ချူကို ခေါ်ဆောင်၍ အမဲသား ပြုတ်ဆိုင်တစ်ဆိုင်သို့ လာခဲ့သည်။

နှစ်ဦးစလုံးသည် ကြေးမီးဖိုကို ဝန်းရံ၍ ဆိတ်သားပြုတ်ကို စားသောက်နေကြရာ ဆိုင်အတွင်းရှိ အခြေအနေမှာ အလွန်ပင် စည်ကားလှသည်။

ဆိုင်ရှင်မှာ မြို့တော်မှ လာသူ ဖြစ်သည်ဟု ပြောကြပြီး စားသောက်ဆိုင်ကြီးများတွင် စားဖိုမှူး လုပ်ခဲ့ဖူးသဖြင့် ဤဆိတ်သားပြုတ်မှာ အလွန်ပင် အရသာရှိလှသည်။

အရက် သုံးခွက်ခန့် သောက်ပြီးနောက် ကျိန်းဟွမ်က

"အမှန်အတိုင်း ပြောရရင်... လီတာအိုဆရာ၊ ဒီနေ့ မင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာနဲ့ ငါ့မှာ ကူညီပေးစေချင်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ "

လီယန်ချူက ခဏမျှ ကြောင်သွားပြီးနောက်

"ဘာကိစ္စလဲ" ဟု မေးလိုက်သည်။

ကျန်းဟွမ်က အရက်တစ်ခွက်ကို မော့သောက်လိုက်သည်။

"ငါ မကြာသေးခင်က မိန်းကလေးတစ်ယောက်နဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်သွားလို့ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတယ်၊ ဒါပေမဲ့ သူမရဲ့ အိမ်က တောင်းတဲ့ တင်‌တောင်းငွေ က နည်းနည်း မြင့်နေတော့... ငါ့မှာ မရှိလို့ပါ "

လီယန်ချူသည် လက်တစ်ချက် တုန်ခါသွားပြီး နှုတ်ခမ်းထောင့်ကလည်း တွန့်သွားကာ ကျိန်းဟွမ်ကို ကြည့်လိုက်မိသည်။

ကျိန်းဟွမ်က သက်ပြင်းချလိုက်ပြီး

"မင်းလည်း သိတဲ့အတိုင်း... ရုံးတော်မှာ မြို့တော်ဝန် လုပ်တာက လစာ သိပ်မများဘူး၊ အရာရှိစစ်စစ်လည်း အစေခံလောက်ပဲ ရှိတာ၊ ပြီးတော့ ငါကလည်း တရားမဝင် ပိုက်ဆံတွေကို မယူချင်တော့... လက်ထဲမှာ နည်းနည်း ကျပ်တည်းနေလို့ပါ "

ကျိန်းဟွမ်သည် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး တစ်လောကလုံးတွင် သူ့ကို အနိုင်ယူနိုင်သူ များများစားစား မရှိပေ၊ သို့သော် သူသည် တင်တောင်းငွေအတွက် စိုးရိမ်ပူပန်နေရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။

လီယန်ချူသည် ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

"မင်းက... ပိုက်ဆံချေးချင်တာလား"

ကျိန်းဟွမ်၏ မျက်နှာထက်တွင် ရှက်ရွံ့ရိပ်များ ပေါ်လာသည်။

"အင်း"

လီယန်ချူ "………"

သူသည် ကျိန်းဟွမ် ယခင်က လူ့ပြည်တွင် လှည့်လည်သွားလာစဉ်က ပြဇာတ်ရုံများတွင် သီချင်းဆိုခဲ့ဖူးပြီး ဆိုသည့် သီချင်းစာသားများက စိတ်လှုပ်ရှားစရာ မကောင်းသဖြင့် လူအများ၏ မောင်းထုတ်ခြင်းကို ခံရကာ အလုပ်လက်မဲ့ ဖြစ်ခဲ့ဖူးသည်ကို ရုတ်တရက် သတိရမိသွားသည်။

သူသည် အရက်တစ်ခွက်ကို ယူ၍ မော့သောက်လိုက်ပြီး၊

ပိုက်ဆံချေးရန်အတွက် မျက်နှာပျက်နေသော ရှေ့မှ ကျိန်းဟွမ်ကို ကြည့်ကာ မချိပြုံး ပြုံးလိုက်မိတော့သည်။

"တကယ်ကို ရိုးသားရှာတဲ့ ကလေးပဲ..."

All Chapters