အခန်း (၂၀၅၁-၂၀၅၂)
Vol. 206 Ch. 2051-2052
အခန်း (၂၀၅၁) ကရုဏာတောင်ကလည်း တကယ်တော့ အရည်အချင်း အနည်းငယ် ရှိရှာသားပဲ
"ကျိလင်က ဒီနှစ်ပေါင်းသုံးရာကို အလဟဿ ဖြုန်းတီးပစ်ခဲ့တာ မဟုတ်ဘူးပဲ၊ သူ့ရဲ့ စွမ်းအားတွေက တော်တော်လေးကို မြင့်တက်လာခဲ့တာ"
"ဒါကြောင့်မလို့လည်း သူက ဖန့်ချန်ကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲတာပေါ့၊ မှတ်မိသေးတယ်မလား…… သူတို့ကျောင်းတော်ကို စတင်ဝင်ရောက်လာစတုန်းက၊ သူနဲ့ မေဒေါင်ကွမ်း နှစ်ယောက်စလုံးက ဖန့်ချန်ရဲ့ လက်အောက်မှာ ရှုံးနိမ့်ခဲ့ကြတာလေ"
"အခုက အတိတ်နဲ့ မတူတော့ဘူး ဖန့်ချန်က ကရုဏာတောင်မှာ နှစ်ပေါင်းသုံးရာလုံးလုံး အချိန်တွေ ဖြုန်းတီးပစ်ခဲ့တာ၊ ကျိလင်နဲ့ မေဒေါင်ကွမ်းကတော့ ကောင်းကင်ငါးပါး စစ်မြေပြင်ထဲမှာ တိုးတက်မှုတွေ အများကြီး ရရှိခဲ့ကြတာလေ။ တစ်ယောက်က တစ်နေရာတည်းမှာတင် တုံ့ဆိုင်းနေပြီး၊ ကျန်တဲ့နှစ်ယောက်ကတော့ အသည်းအသန် ရှေ့သို့ တိုးတက်နေကြတာကို၊ ဘယ်လိုလုပ်ပြီးတော့ တူညီနိုင်ပါ့မလဲ"
"ဒါလည်း ဟုတ်တာပဲ၊ ကြည့်ရတာ ဒီနှစ်မှာ မေဒေါင်ကွမ်းက ကိုယ်တိုင်ကိုယ်ကျ လက်ရည်စမ်းဖို့ အစီအစဉ်မရှိဘဲ၊ ကျိလင်ကိုပဲ ရှေ့ထွက်ခိုင်းပြီး အတိတ်က ရန်ငြိုးတွေကို အပြတ်ရှင်းခိုင်းပုံရတယ်"
"အမြင်ချင်းက ကွာခြားသွားခဲ့ပြီလေ၊ ငါသာ သူ့နေရာမှာဆိုရင်လည်း ဒီလိုမျိုးပဲ လုပ်မှာပဲ"
လူအုပ်ကြီးက တိုးတိုးတိတ်တိတ်ဖြင့် စကားစမြည် ပြောဆိုနေကြပြီး၊ ထိုစကားများကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိကြသလို၊ ဖန့်ချန် ကြားသွားမည်ကိုလည်း ကြောက်ရွံ့ခြင်း မရှိကြချေ။
ကျောင်းသားများ၏ မိမိအပေါ် အသိအမှတ်ပြု ချီးကျူးစကားများကို ကြားသိလိုက်ရသောအခါ၊ ကျိလင်၏ မျက်ဝန်းများထဲ၌ အသာအယာ ပြုံးယောင်သန်းသွားခဲ့ပြီး၊ မိမိကိုယ်ကိုယ် ဂုဏ်ယူလေးစားစိတ်များလည်း ပိုမို၍ ပြင်းပြလာခဲ့ရသည်။
အတိအကျ နှစ်ပေါင်းသုံးရာတိုင်တိုင်၊ သူသည် အချိန်စက္ကန့်တိုင်းမှာ အသည်းအသန် ကျင့်ကြံအားထုတ်နေခဲ့ခြင်း ဖြစ်သည်။
ဘာအတွက်ကြောင့်လဲ။
ဒီနေ့လို အချိန်အခါမျိုး ရောက်ရှိလာဖို့အတွက် မဟုတ်ပါလား။
'ဖန့်ချန်ဆိုတာ ငါ့ရဲ့ ရှေ့ဆက်ရမယ့်လမ်းပေါ်က ခလုတ်ကန်သင်း ကျောက်တုံးတစ်တုံးမျှသာပဲ။ သူ့ကို ကျော်ဖြတ်ပြီးတာနဲ့၊ ငါက နောက်ထပ် ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဦးမှာ၊ အဲဒီအချိန်ကျရင် ဒီခလုတ်ကန်သင်း ကျောက်တုံးက ဘာမှတန်ဖိုးမရှိတဲ့ အရာတစ်ခု ဖြစ်သွားလိမ့်မယ်'
ကျိလင်သည် မိမိကိုယ်ကိုယ် နေ့တိုင်း ထိုကဲ့သို့ သတိပေး ဆုံးမနေခဲ့ခြင်း ဖြစ်ပြီး၊ ယနေ့တွင်တော့ သူသည် မိမိ၏ ပထမဆုံး ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်တော့မည် ဖြစ်သဖြင့်၊ စိတ်လှုပ်ရှားတက်ကြွမှုနှင့် ရင်ခုန်မှုများကြောင့် စိတ်အာရုံများပင် တုန်လှုပ်နေခဲ့ရသည်။
"မင်း နာမည်က ဖန့်ချန်လား မင်းတို့ ကရုဏာတောင်က လူတွေကတော့ သူတော်စင်တွေရဲ့ စာအုပ်တွေကိုပဲ အာရုံစိုက်ပြီး ဖတ်နေကြတာဆိုတော့၊ ကျောင်းသားအချင်းချင်းရဲ့ စိန်ခေါ်မှုကိုတောင်မှ တိုက်ရိုက် ငြင်းပယ်ပစ်လိုက်တာမျိုးတော့ မလုပ်လောက်ဘူးမလား"
ထိုက်ဆန်းကျောက်ဟွာတောင်မှ လာရောက်သော လူငယ်သည် ဖန့်ချန်ကို လှမ်းကြည့်လိုက်ကာ၊ အသာအယာ ပြုံးလျက် မေးမြန်းလိုက်သည်။
"စီနီယာအစ်ကိုကြီးကလည်း နောက်ပြောင်နေပြန်ပြီ၊ ကရုဏာတောင်က သူတော်စင်တွေရဲ့ စာအုပ်တွေကိုပဲ အာရုံစိုက်ပြီး ဖတ်နေတတ်တာ မှန်ပေမဲ့၊ ဆရာကတော့ အမြဲတမ်း မှာကြားဖူးပါတယ်၊ လူတွေကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ဆီ ရောက်ရှိအောင် လမ်းညွှန်ပေးနိုင်မယ့် အခွင့်အရေးမျိုး ရှိလာခဲ့ရင်၊ ဘယ်တော့မှ လက်လွတ်မခံပါနဲ့တဲ့"
ဖန့်ချန်က လက်ယှက်ဂါရဝပြုလိုက်ရင်း -
"ဒါမှသာ ကရုဏာတောင်ရဲ့ အတွေးအခေါ် အယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်မှာဖြစ်ပြီး၊ လူတိုင်းကလည်း လက်ခံလာကြမှာ ဖြစ်သလို၊ ကရုဏာတောင်ရဲ့ တပည့်တွေလည်း ပိုမိုများပြားလာပြီး၊ အားလုံးက ကောင်းမွန်တဲ့ လမ်းစဉ်ဆီကို လျှောက်လှမ်းနိုင်ကြမှာပါ"
ဤစကားကြောင့်၊ လူအတော်များများမှာ စိတ်ထဲမှနေ၍ တိတ်တဆိတ် ရယ်မောလိုက်ကြပြီး၊ အချို့လူများမှာမူ တိုက်ရိုက်ပင် အထင်အမြင်သေးစွာဖြင့် ရယ်မောလျက် ခေါင်းခါယမ်းလိုက်ကြတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ဖန့်ချန်နှင့် မေဒေါင်ကွမ်းတို့၏ တိုက်ပွဲကို၊ ၎င်းတို့အားလုံး အခြေခံအားဖြင့် အခင်းဖြစ်ပွားရာနေရာ၌ ကိုယ်တိုင် မျက်ဝါးထင်ထင် ကြည့်ရှုခဲ့ကြဖူးသည်။
ထိုအချိန်တုန်းက ဖန့်ချန်သည် မေဒေါင်ကွမ်းကို ရင်ဆိုင်ရာ၌ပင် တော်တော်လေးကို အသည်းအသန် ရုန်းကန်ခဲ့ရခြင်းဖြစ်ပြီး၊ အဆုံးသတ်တွင် မေဒေါင်ကွမ်းက ရန်သူကို လျှော့တွက်ပြီး ပေါ့ဆသွားခဲ့ခြင်းကြောင့်သာ ကံကောင်းပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါ နောက်ထပ် နှစ်ပေါင်းနှစ်ရာ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ၊ မိမိရှေ့မှောက်ရှိ ဤပုဂ္ဂိုလ်မှာ မေဒေါင်ကွမ်းနှင့် ကျိလင်တို့၏ ပြိုင်ဘက် လုံးဝမဟုတ်တော့သည်မှာ ရှင်းရှင်းကြီးပဲလေ။
"ဒါဆိုရင်တော့၊ မင်းက ငါနဲ့ တိုက်ခိုက်ဖို့ သဘောတူလိုက်ပြီပေါ့ ဒါဆိုရင်လည်း လာခဲ့လေ"
ကျိလင်သည် ဖန့်ချန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်လှသဖြင့်၊ ချက်ချင်းပင် မိမိ၏ အတွင်းကမ္ဘာနယ်မြေထဲဆီသို့ ခိုအောင်းဝင်ရောက်လိုက်တော့သည်။
ဖန့်ချန်သည်လည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ၊ ကိုယ်ကိုလှည့်လျက် အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဤနေရာရှိ လူအုပ်ကြီးသည်လည်း ပွဲကြည့်ရန်အတွက်၊ တစ်ဦးပြီးတစ်ဦး မိမိတို့၏ အတွင်းကမ္ဘာနယ်မြေထဲဆီသို့ အသီးသီး တက်လှမ်းဝင်ရောက်လိုက်ကြတော့သည်။
ခဏမျှအတွင်းမှာတင်၊ ထိုက်ဆန်းကျောက်ဟွာတောင်၏ တောင်ခြေတစ်ခုလုံးမှာ လုံးဝကို ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။
ထိုလူငယ်၏ မျက်ဝန်းထဲ၌ အသာအယာ ပြုံးယောင်သန်းသွားခဲ့ပြီး၊ သူသည်လည်း အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။
အတွင်းကမ္ဘာ ဟင်းလင်းပြင်
ဖန့်ချန်နှင့် ကျိလင်တို့သည် အဝေးမှနေ၍ တစ်ဦးကိုတစ်ဦး ရင်ဆိုင်အကဲခတ်နေကြပြီး၊ နှစ်ဦးစလုံးမှာ ဦးစွာ စတင်တိုက်ခိုက်ရန် စိတ်ကူးမရှိကြဘဲ၊ တစ်ဖက်လူ၏ အတွင်းကမ္ဘာနယ်မြေ မည်မျှအထိ နက်ရှိုင်းမှု ရှိမရှိကိုသာ အကဲခတ်စုံစမ်းနေကြပုံရပေသည်။
"နှမြောစရာကောင်းတာက ဒီနေ့ ရွှေရှင်းစီနီယာအစ်မကြီး ဒီနေရာမှာ မရှိတာပဲ၊ မဟုတ်ရင် ကျန်းတောက်ယွဲ့ဆီကနေ အဲဒီရွှေဟွေးတံဆိပ်ပြားတွေကို ပြန်ပြီးတော့ အနိုင်ယူနိုင်မယ့် အခွင့်အရေး ရှိတာပေါ့"
ဝေရွှင်က အနည်းငယ်မျှ နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။
"ဝေစီနီယာအစ်ကို…… ဒီတစ်ခေါက် ကျိလင်နဲ့ ဖန့်ချန်တို့ရဲ့ တိုက်ပွဲမှာ၊ အနိုင်ရနိုင်ခြေ ငါးပုံတစ်ပုံလောက် ရှိမလား"
မေဒေါင်ကွမ်းက တိုးတက်သော အသံဖြင့် မေးမြန်းလိုက်သည်။
လူတိုင်း၏ စိတ်အာရုံများမှာ လှုပ်ရှားသွားခဲ့ကြပြီး၊ တစ်ဦးပြီးတစ်ဦး ဝေရွှင်ရှိရာဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်ကြတော့သည်။
"ငါးပုံတစ်ပုံ ဟုတ်လား အဲဒါထက် ပိုပါတယ်၊ ကျိလင်က လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာက မင်းထက်တောင်မှ အများကြီး ပိုပြီးတော့ အစွမ်းထက်နေပြီ အနိုင်ရနိုင်ခြေက အနည်းဆုံးတော့ ခုနစ်ပုံလောက် ရှိတယ်၊ သူ ရန်သူကို လျှော့တွက်ပြီး ပေါ့ဆမသွားခဲ့ရင်တော့ နိုင်မှာသေချာတယ်"
ဝေရွှင်က ပြုံး၍ ဆိုလိုက်၏။
မေဒေါင်ကွမ်း၏ မျက်နှာမှာ အနည်းငယ်မျှ အိန္ဒြေပျက်သွားရသည်။
သူ ရန်သူကို လျှော့တွက်ပြီး ရှုံးနိမ့်ခဲ့ရသည့် ဤကိစ္စမှာ၊ နှလုံးသားထဲ၌ ဆူးတစ်ချောင်းအဖြစ် စွဲထင်ကျန်ရစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ၊ ကံကောင်းထောက်မစွာဖြင့် ဤနှစ်များအတွင်း၌ သူက အဆက်မပြတ် ကြိုးစားအားထုတ်လာခဲ့သည်ကို လူတိုင်း မျက်ဝါးထင်ထင် မြင်တွေ့ထားကြရသဖြင့်၊ ထို့ကြောင့်သာ ဤကိစ္စကို အကြောင်းပြုပြီး သူ့ကို နောက်ပြောင်လှောင်ပြောင်ခြင်း မပြုကြတော့ခြင်း ဖြစ်ပေသည်။
"ခုနစ်ပုံလောက်အထိ အနိုင်ရနိုင်ခြေ ရှိတယ်ဆိုတော့…… ကျိလင်ကတော့ ဒီတစ်ခေါက် တကယ့်ကိုပဲ အရှက်ပြန်ဆပ်နိုင်ပြီပေါ့"
ကျိုကျီတောင်မှ သူတော်စင်များ၏ မျက်နှာထက်၌၊ အသာအယာ ပြုံးယောင်သန်းသွားခဲ့ကြတော့သည်။
"ဖန့်ညီအစ်ကိုကတော့ ဒီတစ်ခေါက် သေချာပေါက် အရှက်ကွဲရတော့မှာပဲ"
ချိုင်စစ်ရှို့က တိုးတိုးလေး ဆိုလိုက်သည်။
လုကျိုဝမ်ကလည်း ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး -
"အရှက်ကွဲတာကတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး၊ သူက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်ဆိုတာကို စောစောကတည်းက တွေးမိထားသင့်တာ၊ အကယ်၍ သူသာ အပျင်းမကြီးဘဲ ငါတို့နဲ့အတူ ကောင်းကင်ငါးပါး စစ်မြေပြင်ဆီကို သွားရောက်ပြီးတော့ အစွမ်းသတ္တိတွေကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ခဲ့မယ်ဆိုရင်၊ ဒီနေ့လိုမျိုး အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူး"
စကားပြောပြီးသည်နှင့်၊ သူသည် အထက်မြင့်မားသော အရပ်မျက်နှာ၌ တည်ရှိနေသည့်၊ အခြေခံအုတ်မြစ် အလွန်တရာ ဆန်းကြယ်လှသော အတွင်းကမ္ဘာနယ်မြေတစ်ခုဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်ပြီး -
"ဒီတစ်ခေါက် ဖန့်ညီအစ်ကိုက အရှက်ကွဲရုံတင်မကဘူး၊ ထိုက်ဆန်းကျောက်ဟွာတောင်ရဲ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးတွေရဲ့ ရှေ့မှောက်မှာပါ အရှက်ခွဲခံရမှာ ဖြစ်လို့၊ ခန့်မှန်းရတာကတော့ အခြေခံသင်တန်းကာလ ပြီးဆုံးသွားတာနဲ့၊ သူ ကျောင်းတော်မှာ ဆက်လက်တည်ရှိနေဖို့ တော်တော်လေးကို ခက်ခဲသွားလိမ့်မယ်"
"ဟုတ်တယ်……"
ချိုင်စစ်ရှို့လည်း ထိုအချက်အပေါ် အလွန်တရာ သဘောတူညီလှပေသည်။
ယခင်တစ်ခေါက်တုန်းက ကျန်းတောက်ယွဲ့တို့အဖွဲ့ ရှိနေခဲ့ကြသည်မှာ မှန်သော်လည်း၊ ဘာပဲဖြစ်ဖြစ် ထိုတည်ရှိမှုများမှာ ကမ္ဘာတည်ဆောက်ခြင်းသူတော်စင်အဆင့်လောက်သာ ရှိသေးခြင်း ဖြစ်သည်။
သို့သော်လည်း ဒီတစ်ခေါက်မှာမူ၊ ကမ္ဘာကြီးသူတော်စင် ပုဂ္ဂိုလ်ကြီးတစ်ဦးကိုယ်တိုင် ပွဲကြည့်နေခြင်း မဟုတ်ပါလား။
အလွန်တရာ ဖြစ်နိုင်ခြေရှိသည်မှာ၊ ဤတိုက်ပွဲ၏ ရလဒ်က ထိုကောင်းကင်နိမိတ်ဖြစ်စဉ် သူတော်စင်ကြီး၏ နားထဲဆီသို့ပင် ရောက်ရှိသွားနိုင်ပေသည်။
"ဖန့်ချန်…… နှစ်ပေါင်းသုံးရာခန့်က၊ မင်း ငါ့ကို စော်ကားခဲ့တယ်၊ အထင်သေးခဲ့တယ်၊ နှိမ်ချခဲ့တယ်၊ နောက်ထပ် နှစ်ပေါင်းသုံးရာ ကြာပြီးတဲ့နောက်မှာတော့၊ မင်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါ့ရဲ့လက်အောက်မှာ ရှုံးနိမ့်ရလိမ့်မယ်ဆိုတာကို တွေးမိခဲ့ဖူးလား"
ကျိလင်သည် သွေးများဆူဝေလာခဲ့ကာ၊ ဖန့်ချန်ကို လက်ညှိုးထိုးလျက် လေးနက်တည်ကြည်စွာဖြင့် ဆိုလိုက်သည်။
"……"
ဖန့်ချန်က -
"ငါတို့ တိုက်ပွဲက မစရသေးဘူးလေ မင်းက အနိုင်အရှုံးကို ခွဲဝေပြီးသွားပြီပေါ့"
ကျိလင်၏ နှုတ်ခမ်းထောင့်စွန်းမှာ မသိမသာ ပင့်တက်သွားခဲ့ပြီး -
"ငါ ရန်သူကို လျှော့တွက်မှာ မဟုတ်သလို၊ မင်းရဲ့ အစွမ်းသတ္တိတွေကိုလည်း အထင်ကြီးနေမှာ မဟုတ်ဘူး၊ ငါက ကိုးဆလက်သီးကို နားလည်သဘောပေါက်ထားတာ ဖြစ်လို့၊ ဒီတစ်ခေါက် မင်း ငါ့ရဲ့လက်သီးတွေကို တားဆီးနိုင်မလားဆိုတာကို ကြည့်ကြသေးတာပေါ့ "
အတိုင်းအဆမဲ့ ကြီးမားလှသော အတွင်းကမ္ဘာနယ်မြေ၏ အစွမ်းသတ္တိများမှာ၊ ကျိလင်၏ ခန္ဓာကိုယ်အတွင်းဆီသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်လာခဲ့ကြသည်။
သူသည် မိမိ၏ မန္တန်စွမ်းရည်များကို ရူးသွပ်စွာဖြင့် မောင်းနှင်လိုက်တော့၏။
ကြောက်မက်ဖွယ်ကောင်းလှသော လက်သီးအရှိန်အဝါများမှာ ကမ္ဘာပျက်ကပ်ကြီး၏ အငွေ့အသက်များကို သယ်ဆောင်လျက်၊ ဟိန်းဟိန်းမြည်ကာ ဖန့်ချန်ရှိရာ အရပ်မျက်နှာဆီသို့ ဖိနှိပ်တိုက်ခိုက်လာခဲ့တော့သည်။
"တကယ်ကိုပဲ အစွမ်းထက်လွန်းတယ်၊ ကျိုကျီတောင်ကလည်း တကယ့်ကိုပဲ အရည်အချင်း ရှိသားပဲ၊ ကျိလင်က လက်ရှိအချိန်မှာ ငါ့ထက်တောင်မှ အနည်းငယ်မျှ ပိုပြီးတော့ အစွမ်းထက်နေသလိုမျိုး ခံစားရတယ်……"
လူသားမျိုးနွယ်စုမှ သူတော်စင်တစ်ဦးသည် စိတ်ထဲမှနေ၍ တုန်လှုပ်ခြောက်ခြားစွာဖြင့် ရေရွတ်လိုက်မိသည်။
သူသည် မိမိကိုယ်ကိုယ် ယခင်တုန်းက ကျိလင်ထက် အားနည်းလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ယခုအချိန်၌မူ လက်ခံလိုက်ရသည်မှာ၊ ဤကိုးဆလက်သီးကိုသာ အားကိုးလိုက်မည်ဆိုလျှင်၊ မိမိအနေဖြင့် လက်သီးအနည်းငယ်မျှကိုပင် တားဆီးနိုင်ရန် မသေချာတော့ချေ။
နောက်ထပ် ဖြစ်ပေါ်လာသော တိုက်ပွဲမြင်ကွင်းများမှာမူ၊ လူအုပ်ကြီးအတွက် အလွန်တရာ ရင်းနှီးကျွမ်းဝင်လွန်းနေခဲ့ရသည်။
ယခင်တုန်းက မေဒေါင်ကွမ်းနှင့် ဖန့်ချန်တို့၏ တိုက်ပွဲနှင့် အလွန်တရာ ဆင်တူလွန်းလှပေသည်။
ဖန့်ချန်သည် တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ၊ အသည်းအသန် အရိုက်ခံနေရရုံသာ ရှိပေသည်။
"ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့၊ ငါ ရန်သူကို လျှော့တွက်ပြီးတော့ မင်းကို အခြေအနေ ပြောင်းပြန်လှန်ခွင့် ပေးမှာ မဟုတ်ဘူး၊ ငါ့အတွက် ပျက်စီးစမ်း"
ကျိလင်က ရူးသွပ်စွာဖြင့် အော်ဟစ်ရယ်မောလိုက်ပြီး၊ လက်ထဲမှ လှုပ်ရှားမှုများမှာလည်း ပိုမို၍ မြန်ဆန်လာခဲ့တော့သည်။
တစ်ခုပြီးတစ်ခု ကြောက်မက်ဖွယ်ကောင်းလှသော ကိုးဆလက်သီး အရှိန်အဝါများမှာ၊ ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝကြီးထက်ဆီသို့ ရူးသွပ်စွာဖြင့် ကျရောက်လာခဲ့တော့သည်။
တံခါးဝကြီးမှာ ယိမ်းထိုးလှုပ်ရှားလာခဲ့ကာ ပျက်စီးလုမတတ် ဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ၊ လူအုပ်ကြီးသည် ဖန့်ချန်၏ နောက်ထပ် ကြုံတွေ့ရမည့် အဆုံးသတ်မြင်ကွင်းကို စိတ်ကူးပုံဖော်ကြည့်နိုင်ကြပြီ ဖြစ်သည်။
အတိအကျ ဤအချိန်မှာတင်၊ မြားတစ်စင်းသည် နောက်ထပ်တစ်ကြိမ် ရုတ်တရက် ပေါ်ပေါက်လာခဲ့ကာ၊ ကျိလင်ရှိရာဆီသို့ လျှပ်စီးလက်သဖွယ် ထိုးစိုက်တိုက်ခိုက်သွားခဲ့တော့သည်။
"နောက်ထပ် ဒီတစ်ကွက်ပဲလား"
မေဒေါင်ကွမ်း၏ မျက်ဝန်းထဲ၌ အေးစက်လှောင်ပြောင်ခြင်းနှင့် ကဲ့ရဲ့သရော်ခြင်း အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
"ထပ်ပြီးတော့ လာပြန်ပြီလား ဟားဟားဟား"
ကျိလင်က အော်ဟစ်ရယ်မောလိုက်ပြီး၊ သူသည် ယခင်ကတည်းက ဤတစ်ကွက်ကို ရင်ဆိုင်ရန်အတွက် အင်အားအချို့ကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်ပေသည်။
သူသည် လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ရာ၊ ယခင်ကထက် များစွာပိုမိုပြင်းထန်လှသော လက်သီးအရှိန်အဝါတစ်ခုသည် ကောင်းကင်ပစ်ခတ်ခြင်းအတတ်ပညာဆီသို့ တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်သွားခဲ့တော့သညာ။
ဖွတ်
လက်သီးအရှိန်အဝါမှာ မျက်စိတစ်မှိတ်အတွင်းမှာတင် တိုက်ရိုက် အဖောက်ခံလိုက်ရသည်။
ကျိလင်၏ ရင်ဘတ်ထက်၌လည်း ကြီးမားလှသော အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာခဲ့ရတော့သည်။
သူ၏ မျက်နှာထက်မှ ပြုံးရယ်သံများမှာလည်း၊ တဖြည်းဖြည်းချင်း တောင့်တင်းအေးခဲသွားခဲ့ရသည်။
ဖန့်ချန်သည် ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ ဆိုင်းမတွဘဲ ငါးရောင်ခြည်နတ်နဂါးကို ဆင့်ခေါ်လိုက်ပြီး၊ ကျရှုံးလုမတတ် အခြေအနေကို ပြောင်းပြန်လှန်လျက်၊ ကျိလင်၏ အတွင်းကမ္ဘာနယ်မြေဆီသို့ ဦးဆောင်ကာ စတင်တိုက်ခိုက်တော့သည်။
ဤရင်းနှီးကျွမ်းဝင်လှသော မြင်ကွင်းကြောင့်၊ လူအုပ်ကြီးမှာ တစ်ဦးပြီးတစ်ဦး မျက်နှာတစ်ခုလုံး အံ့ဩမှင်တက်ခြင်းများဖြင့် ပြည့်နှက်သွားရတော့သည်။
မေဒေါင်ကွမ်းမှာမူ လုံးဝကို မယုံကြည်နိုင်ဖြစ်သွားခဲ့ရပြီး၊ မသိစိတ်အရ ဝေရွှင်ရှိရာဆီသို့ လှမ်းကြည့်လိုက်မိသည်။
ဝေရွှင်၏ မျက်မှောင်ကြီးမှာ အနည်းငယ်မျှ တွန့်ကွေးသွားခဲ့ပြီး၊ တိုးညှင်းသော အသံဖြင့် မိမိဘာသာ ရေရွတ်လိုက်မိသည်။
"ထပ်ပြီးတော့ ရန်သူကို လျှော့တွက်မိပြန်တာလား ဒါမှမဟုတ် ငါတို့တွေ သူ့ရဲ့ မန္တန်စွမ်းရည်ရဲ့ စွမ်းအားအပေါ် ခန့်မှန်းတွက်ချက်မှု မှားယွင်းသွားခဲ့တာလား"
"တော်ပြီ၊ ဒီတိုက်ပွဲက ဒီလောက်နဲ့တင် ပြီးဆုံးပြီ၊ ကရုဏာတောင်ကလည်း တကယ်တော့ အရည်အချင်း အနည်းငယ် ရှိရှာသားပဲ"
ထိုလူငယ်သည် ဝင်ရောက်စွက်ဖက်လိုက်ပြီး၊ ဖန့်ချန်က ကျိလင်ကို ဆက်လက်တိုက်ခိုက်နေခြင်းကို တားဆီးလိုက်တော့သည်။
အတိအကျ ထိုအချိန်ကျမှသာ၊ ကျိလင်သည် စိတ်အာရုံများ ဖြည်းဖြည်းချင်း ပြန်လည်လည်ပတ်လာခဲ့ကာ၊ ပါးစပ်ထဲမှနေ၍ သွေးများကို တစ်ငုံပြီးတစ်ငုံ အဆက်မပြတ် အန်ထုတ်လိုက်ရတော့ရာ၊ မျက်ဝန်းအစုံထဲ၌မူ အလွန်တရာ ပြင်းပြလှသော မကျေနပ်မှုများနှင့် အရှက်ရမှုများဖြင့် ပြည့်နှက်နေခဲ့တော့သည်။
အခန်း (၂၀၅၂) သေခြင်းတရားမှ တစ်ဖန်ပြန်လည်ရှင်သန်ခြင်း
ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဟ
ကျိလင်၏ စိတ်နှလုံးထဲ၌ လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ပြင်းထန်စွာ ဆူဝေလှုပ်ရှားနေခဲ့ပြီး၊ မည်သို့မျှ ဖြည်းညှင်းစွာ တည်ငြိမ်သွားခြင်း မရှိနိုင်ချေ။
သူ မစဉ်းစားတတ်၊ မဝေခွဲတတ်အောင် ဖြစ်နေရသည်မှာ၊ မိမိကိုယ်ကိုယ် ဤမျှအထိ သန်မာစွမ်းအားကြီးမားလာခဲ့ပြီလေ။
အထင်အရှားပင် တစ်ဖက်လူကို အစအဆုံး ဖိနှိပ်ကာ တရစပ် ရိုက်နှက်နေခဲ့ခြင်းဖြစ်ပါလျက်၊ ဘာဖြစ်လို့ မျက်စိတစ်မှိတ်အတွင်းမှာတင် မိမိကပဲ ရှုံးနိမ့်သွားခဲ့ရတာလဲ။
'ငါ နောက်ထပ်တစ်ကြိမ် ရန်သူကို လျှော့တွက်ပြီး ပေါ့ဆမိပြန်တာလား ဒါပေမဲ့ ငါက သေချာပေါက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပါလျက်နဲ့……'
ကျိလင်သည် မသိစိတ်အရ မိမိ၏ ရင်ဘတ်ထက်မှ ပြင်းထန်လှသော ဒဏ်ရာအပေါက်ကြီးကို လှမ်းကိုင်ကြည့်လိုက်ရင်း၊ စိတ်ထဲ၌ အတိုင်းအဆမဲ့ ဝေခွဲမရခြင်းများနှင့် ပြည့်နှက်နေခဲ့ရသည်။
သူ စိတ်ထဲမှ လုံးဝ လက်ခံနိုင်ခြင်း မရှိသည်မှာ၊ မိမိ၏ ရှေ့ဆက်ရမယ့်လမ်းပေါ်က သေးငယ်လှတဲ့ ခလုတ်ကန်သင်း ကျောက်တုံးလေးတစ်ခုကိုပင် ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာပဲ။
ဒါဆိုရင် သူ ဒီနှစ်ပေါင်းသုံးရာလုံးလုံး အသည်းအသန် ကြိုးစားအားထုတ်ခဲ့ရတဲ့ အဓိပ္ပာယ်က ဘယ်နေရာမှာ ရှိတော့မှာလဲ။
"ကျိလင်က မင်းတုန်းကလိုမျိုး အမှားတစ်ခုကိုပဲ ထပ်ပြီးတော့ ကျူးလွန်ခဲ့တာပဲ၊ သူက ဖန့်ချန်ကို အလွန်အမင်း အထင်သေးခဲ့မိတုန်းပဲလေ၊ အခုကြည့်ရသလောက်တော့ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကတည်းက မင်းတို့ထက် အဆပေါင်းများစွာ ပိုပြီးတော့ သန်မာလွန်းနေခဲ့တာ။ မင်းတို့တွေ နှစ်ပေါင်းသုံးရာလုံးလုံး အသည်းအသန် ကြိုးစားခဲ့ရင်တောင်မှ၊ အဲဒီကြားထဲက ကွာဟချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲလွန်းလှတယ်"
ဝေရွှင်က တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။
သူသည် မေဒေါင်ကွမ်းကို ပြောဆိုနေခဲ့ခြင်းဖြစ်သလို၊ ကျိုကျီတောင်မှ ကျန်ရှိနေသော အခြားသူတော်စင်များကို ပြောဆိုနေခဲ့ခြင်းလည်း ဖြစ်ပုံရပြီး၊ ပို၍ပင် မိမိကိုယ်ကိုယ် ပြန်လည်ပြောဆိုနေခဲ့ခြင်းနှင့် ဆင်တူလှပေသည်။
"နှစ်ပေါင်းသုံးရာလုံးလုံး ကြိုးစားခဲ့ရင်တောင်မှ အဲဒီကြားထဲက ကွာဟချက်ကို မဖြည့်ဆည်းနိုင်ဘူးလား……"
မေဒေါင်ကွမ်းက မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း၊ သူသည် အလွန်အမင်း စိတ်ဓာတ်ကျ သွားခြင်းမျိုးတော့ မရှိချေ။
"နှစ်ပေါင်းသုံးရာနဲ့ မဖြည့်ဆည်းနိုင်သေးဘူးဆိုရင်လည်း၊ နောက်ထပ် နှစ်ပေါင်းနှစ်ရာ၊ နှစ်ပေါင်းသုံးရာလောက်အထိ အချိန်ထပ်ပေးပြီး ကြိုးစားကြတာပေါ့"
"တကယ်ကိုပဲ မျှော်လင့်မထားမိဘူး၊ ဖန့်ညီအစ်ကိုက ဒီတစ်ခေါက်လည်း ထပ်ပြီးတော့ နိုင်သွားပြန်ပြီပဲ၊ သီသီလေး ကံကောင်းပြီး နိုင်သွားခဲ့တာ မှန်ပေမဲ့၊ ဒါက ဖန့်ညီအစ်ကိုရဲ့ အစွမ်းသတ္တိတွေက ငါတို့နှစ်ယောက်ထက် အားနည်းခြင်း မရှိသေးဘူးဆိုတာကို သက်သေပြနေတာပဲ"
ချိုင်စစ်ရှို့က လုကျိုဝမ်ကို လှမ်းကြည့်လိုက်ကာ၊ မျက်ဝန်းအစုံထဲ၌ လေးနက်တည်ကြည်ခြင်း အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
၎င်းတို့သည် ဖန့်ချန်ကို အလွန်အမင်း လျှော့တွက်မိခဲ့ကြခြင်း ဖြစ်ပေသည်။
"မှန်တယ်"
လုကျိုဝမ်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး -
"ငါတို့နဲ့ ဖန့်ချန်ကြားမှာ ကွာဟချက် အနည်းငယ် ရှိနေသေးတာပဲ၊ ဒါပေမဲ့ ကွာဟချက်ကတော့ အများကြီး မကျန်တော့ပါဘူး"
ထိုအချိန်တွင်၊ ဖန့်ချန်သည် အမောတကော အသက်ရှူလျက် ထိုထိုက်ဆန်းကျောက်ဟွာတောင်မှ လူငယ်ဆီသို့ လက်ယှက်ဂါရဝပြုလိုက်ပြီးနောက်၊ မိမိ၏ အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လျက် ကိုယ်ကိုလှည့်ကာ ထွက်ခွာသွားခဲ့တော့သည်။
အတွင်းကမ္ဘာနယ်မြေထဲ၌
ချီယန်သူတော်စင်သည် ခုတင်ပဲ ဖြစ်ပွားခဲ့သော တိုက်ပွဲကို မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့်၊ ဤဖန့်ငရဲမင်းကြီးက မိမိ၏ စွမ်းအားအစစ်အမှန်ကို အဆုံးတိုင်အောင် ဖုံးကွယ်ထားရန် စိတ်ကူးထားကြောင်းကို လုံးဝ ဥဿုံ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
"ဖန့်ငရဲမင်းကြီး…… မင်းက ဒီလိုမျိုး တစ်ကြိမ်နှစ်ကြိမ် လုပ်တာကတော့ ပြောစရာမရှိပေမဲ့၊ အကြိမ်ခဏခဏ လုပ်နေမယ်ဆိုရင်တော့ တခြားလူတွေရဲ့ မျက်စိထဲမှာ မသင်္ကာစရာ အားနည်းချက်တွေ မြင်သွားဖို့ လွယ်ကူလိမ့်မယ်နော်"
ချီယန်သူတော်စင်က ဆိုလိုက်သည်။
"တစ်စုံတစ်ယောက်က သံသယဝင်ရင်လည်း ဘာဖြစ်လဲ၊ လူတွေရဲ့ သဘာဝစိတ်က စူးစမ်းသံသယပွားတတ်ကြတာပဲလေ။ ဒီနေ့ သူတို့က ငါ့ကို အစွမ်းတွေ ဖုံးကွယ်ထားတယ်လို့ သံသယဝင်ကောင်း ဝင်နိုင်ပေမဲ့၊ တချို့လူတွေကကျတော့လည်း ငါက တမင်တကာ ဒီလိုမျိုး ဟန်ဆောင်ပြနေတာဖြစ်ပြီး၊ အမှန်တကယ်တော့ ငါ့မှာ လုံလောက်တဲ့ အစွမ်းသတ္တိ မရှိဘူးလို့ပဲ သံသယပွားနေကြလိမ့်မယ်"
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
"ဒါလည်း ဟုတ်တာပါပဲ၊ တစ်ဖက်လူတွေ ခန့်မှန်းရခက်အောင် လုပ်ထားနိုင်ရင်ပဲ လုံလောက်ပါပြီ၊ နောက်ပိုင်းကျရင် သူတို့ မင်းကို စိန်ခေါ်ချင်ရင်တောင်မှ သေသေချာချာ ထပ်ဖန်တလဲလဲ စဉ်းစားတွေးတောကြရတော့မှာ ဖြစ်သလို၊ မင်းအပေါ်ကိုလည်း အလွန်အမင်း စိုးရိမ်တကြီး တားဆီးကာကွယ်နေတာမျိုးတွေ မလုပ်တော့ဘူးပေါ့"
ချီယန်သူတော်စင်က အလွန်တရာ သဘောတူညီလှပေသည်။
အတိအကျ ဤအချိန်မှာတင်၊ နှစ်ပေါင်းများစွာကြာအောင် ပေါ်ပေါက်လာခြင်း မရှိခဲ့သော ကုလားကာအလင်းပိတ်ကြီးသည်၊ နောက်ထပ်တစ်ကြိမ် ရေတံခွန်ကြီးတစ်ခုကဲ့သို့ အထက်မှနေ၍ တရဟော လိမ့်ဆင်းကျလာခဲ့တော့သည်။
ဖန့်ချန်နှင့် ချီယန်သူတော်စင်တို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး၊ ကုလားကာအလင်းပိတ်ကြီး၏ အောက်ခြေဆီသို့ အတူတကွ လျှောက်လှမ်းသွားခဲ့ကြသည်။
ကုလားကာအလင်းပိတ်ကြီးထဲ၌၊ မြင်ကွင်းတစ်ခုသာ ပေါ်ပေါက်နေခဲ့ပြီး၊ ထိုမြင်ကွင်းတစ်ခုလုံးမှာ မီးခိုးရောင်များဖြင့် မှိုင်းညို့အုံ့မှိုင်းနေခဲ့ရရာ၊ လူ့လောကကမ္ဘာနှင့် လုံးဝကို ဆင်တူခြင်း မရှိချေ။
……
"အရှင်မင်းကြီး…… ဒါက နယ်မြေကိုးခုခရီးစဉ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ လူသားမျိုးနွယ်စုတွေရဲ့ ဝိညာဉ်တွေပါ"
ရွှမ်အီ ဝိညာဉ်ဖမ်းတမန် သည်၊ မီးခိုးရောင်မြူခိုးများဖြင့် ဖုံးလွှမ်းခြင်းခံထားရသော တည်ရှိမှုတစ်ခု၏ ရှေ့မှောက်၌ အလွန်အမင်း ရိုသေကျိုးနွံစွာဖြင့် မတ်တတ်ရပ်နေခဲ့သည်။
"သိပြီ၊ သူတို့ သွားသင့်သွားထိုက်တဲ့ နေရာဆီကိုပဲ ပို့ဆောင်လိုက်ပါ"
မြူခိုးရောင်များထဲမှနေ၍ အရှိန်အဝါ အာဏာစက်များနှင့် ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရွှမ်အီ ဝိညာဉ်ဖမ်းတမန် သည် ချက်ချင်းပင် အမိန့်တော်ကို ခံယူလိုက်ပြီး၊ ထို့နောက် ကိုယ်ကိုလှည့်လျက် ပျောက်ကွယ်သွားခဲ့တော့သည်။
မကြာမီအချိန်အတွင်းမှာတင်၊ သူသည် ကြီးမားလှသော နန်းရင်ပြင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
လှပကျော့ရှင်းလှသော မိန်းမပျိုတစ်ဦး၏ ပုံရိပ်သည်၊ ရွှမ်အီ ဝိညာဉ်ဖမ်းတမန် သူရှိရာဆီသို့ လှမ်း၍ ကြိုဆိုလိုက်တော့သည်။
"ယဲ့မိတ်ဆွေ…… ဒါက မင်းအလိုရှိနေတဲ့ ဝိညာဉ်တွေပဲ"
ရွှမ်အီ ဝိညာဉ်ဖမ်းတမန် သည် တစ်ဖက်လူဆီသို့ ဝိညာဉ်ပုလင်းတစ်လုံးကို ကမ်းပေးလိုက်သည်။
ကြည့်ရသည်မှာ ဖန့်ချန်၏ လက်ထဲ၌ ရှိနေသော ဝိညာဉ်ပုလင်းနှင့် အလွန်တရာ ဆင်တူလွန်းလှသော်လည်း၊ အနည်းငယ်မျှ ကွာခြားချက်များ ရှိနေခဲ့ရသည်။
"ကျေးဇူးအများကြီး တင်ပါတယ်၊ ရွှမ်အီ မိတ်ဆွေ"
ထိုရောက်ရှိလာသော မိန်းမပျိုသည် ဝိညာဉ်ပုလင်းကို သိမ်းဆည်းလိုက်ပြီး၊ ရုပ်ဆိုးဆိုး ဝိညာဉ်ဖမ်းတမန် ဆီသို့ ကိုယ်ကိုညွတ်လျက် ဂါရဝပြုလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒီတစ်ခေါက်မှာ ငါက အပြစ်ပေး အစစ်ဆေးခံရတော့မှာ ဖြစ်လို့၊ နောင်တစ်ချိန်ကျရင် ယဲ့မိတ်ဆွေအနေနဲ့ ငါ့အပေါ်ကို ပိုပြီးတော့ အစောင့်အရှောက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ ငါ့အတွက် ကောင်းမွန်တဲ့ လမ်းဆုံးတစ်ခု ရှိနိုင်ပါစေ"
ရွှမ်အီ ဝိညာဉ်ဖမ်းတမန် က ပြုံးလျက် လက်ယှက်ဂါရဝပြုလိုက်သည်။
"စိတ်ချပါ"
မိန်းမပျိုက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
ရွှမ်အီ ဝိညာဉ်ဖမ်းတမန် ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးနောက်။
ထိုမိန်းမပျိုသည် လမ်းတစ်လျှောက်လုံး ဖြတ်သန်းလျှောက်လှမ်းလာခဲ့ပြီး၊ အဆုံးသတ်တွင် ချောက်ကမ်းပါးကြီးတစ်ခု၏ အတွင်းပိုင်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။
ချောက်ကမ်းပါးကြီး၏ နက်ရှိုင်းသော အတွင်းပိုင်းနေရာမှာမူ၊ ကြည့်ရသည်မှာ ကြီးမားလှသော မှန်ချပ်ကြီးတစ်ချပ်နှင့် ဆင်တူလှပြီး၊ ခပ်သိမ်းသော အရာအားလုံးကို ထင်ဟပ်ထွက်ပေါ်နေသည်။
"ဝိညာဉ်တွေအကုန်လုံး ယူဆောင်လာခဲ့ပြီမလား"
အဘွားအိုတစ်ဦးသည် မည်သည့်အချိန်ကတည်းက ရောက်ရှိနေခဲ့မှန်းမသိဘဲ၊ မိန်းမပျို၏ ဘေးနားဆီ၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"အမေမြတ်…… ဝိညာဉ်တွေအကုန်လုံးကို ယူဆောင်လာခဲ့ပါပြီ"
မိန်းမပျိုက ရိုသေစွာဖြင့် ဆိုလိုက်သည်။
"အင်း…… ဒါဆိုရင်လည်း ငါက အခုပဲ သူတို့ကို သံသရာစက်ဝိုင်းထဲကို ပစ်ထည့်လိုက်တော့မယ်၊ လူသားမျိုးနွယ်စုရဲ့ နတ်ဘုရားနယ်မြေ ခုနစ်ခုထဲမှာ သံသရာလည်စေပြီး၊ ဒီအချိန်ကစလို့ ရှန်းဟုန်မျိုးနွယ်စုဆိုတာ မရှိတော့ဘူးပေါ့၊ မင်းအနေနဲ့ နောင်တရမနေနဲ့ဦးနော်"
အဘွားအိုက အသာအယာ ပြုံးလျက် ဆိုလိုက်သည်။
"အမေမြတ်…… ဒီနည်းလမ်းကလွဲရင် ကျွန်မတို့ မျိုးနွယ်စုအတွက် တခြားလျှောက်လှမ်းစရာ လမ်းမရှိတော့လို့၊ သေချာပေါက် နောင်တရမှာ မဟုတ်ပါဘူး"
မိန်းမပျိုက ဆိုလိုက်သည်။
"ဒါဆိုရင်လည်း ပြီးတာပဲ၊ အချိန်ဆွဲမနေတော့ဘူး၊ ဟော်ဆွေ့ဆရာသခင်ကြီး ဒီကိစ္စကို သိရှိသွားပြီး ရှေ့ထွက်တားဆီးတာမျိုး မကြုံရအောင်လို့ပေါ့၊ သူ ဘယ်လောက်ပဲ ကောင်းကင်ကို လွှမ်းမိုးနိုင်တဲ့ အစွမ်းတွေ ရှိနေပါစေဦးတော့၊ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ ခက်ခဲသွားလိမ့်မယ်"
အဘွားအိုက အော်ဟစ်ရယ်မောလိုက်ပြီး၊ မိန်းမပျို၏ လက်ထဲမှ ဝိညာဉ်ပုလင်းကို လွှဲပြောင်းရယူလိုက်ကာ၊ အထဲမှ အရာများကို အဆက်မပြတ် သွန်မှောက်ချလိုက်တော့သည်။
မြင်တွေ့လိုက်ရသည်မှာ သိပ်သည်းဆပွနေသော ဝိညာဉ်အစုအဝေးကြီးမှာ၊ အိုးထဲသို့ ဆန်စပါးများ သွန်ထည့်လိုက်သကဲ့သို့ ဖြစ်ပေါ်နေခဲ့ရသည်။
အဆက်မပြတ် ချောက်ကမ်းပါးကြီး၏ နက်ရှိုင်းသော အတွင်းပိုင်းဆီသို့ ပြုတ်ကျသွားခဲ့ကြပြီး၊ ပြောင်ချောနေသော မှန်ချပ်ကြီး၏ အတွင်းပိုင်းထဲဆီသို့ ပျောက်ကွယ်နစ်မြုပ်သွားခဲ့ကြတော့သည်။
အချို့သော ဝိညာဉ်များမှာ မှန်ချပ်ကြီးထဲသို့ မကျရောက်မီအချိန်တွင်၊ ခန္ဓာကိုယ်အနေအထားကို ပြောင်းပြန်လှန်လျက်၊ ထိုမိန်းမပျိုနှင့် အဘွားအိုရှိရာ အရပ်မျက်နှာဆီသို့ အဝေးမှနေ၍ ရိုသေစွာဖြင့် ဦးညွှတ်ဂါရဝပြုသွားခဲ့ကြသေးသည်။
မိန်းမပျိုကလည်း တစ်ဦးချင်းစီကို ပြန်လည်၍ အလေးပြုလိုက်သည်။
ခန့်မှန်းရသလောက် အချိန်တစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီးနောက်။
ရေတွက်၍မကုန်နိုင်သော ဝိညာဉ်များအားလုံးမှာ အကုန်လုံး သွန်မှောက်ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
အတိအကျ ဤအချိန်မှာတင်၊ အဘွားအိုက ရုတ်တရက် ခေါင်းကိုမော့လျက် လှမ်းကြည့်လိုက်ရာ၊ သူ၏ မျက်ဝန်းအစုံမှာ ခပ်သိမ်းသောအရာအားလုံးကို ထိုးဖောက်ကြည့်ရှုနိုင်စွမ်း ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ကုလားကာအလင်းပိတ်ကြီးထက်မှ မြင်ကွင်းများမှာ ဤနေရာတွင်တင် အပြီးတိုင် ပြီးဆုံးသွားခဲ့တော့သည်။
ချီယန်သူတော်စင်မှာမူ ကြည့်ရှုရင်းဖြင့် တစ်ကိုယ်လုံး ချွေးစေးများ ထွက်ပေါ်လာခဲ့ရပြီး၊ ဦးနှောက်ထဲ၌မူ အဘွားအို၏ လူသားတို့၏ နှလုံးသား နက်ရှိုင်းသော နေရာအထိ ထိုးဖောက်ကြည့်ရှုနိုင်စွမ်းရှိသော ထိုမျက်ဝန်းအစုံမှာ အဆက်မပြတ် ထင်ဟပ်ပေါ်ပေါက်နေခဲ့ရတော့သည်။
"ဒါ…… ဒါက……"
သူသည် လုံးဝကို ဆွံ့အမှင်တက်စွာဖြင့် ဖန့်ချန်ကို လှမ်းကြည့်လိုက်မိသည်။
ဖန့်ချန်က မျက်ဝန်းထောင့်စွန်းမှ မျက်ရည်စများကို အသာအယာ သုတ်ဖော်လိုက်ပြီး၊ ချီယန်သူတော်စင်ကို လှမ်းကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
"ဒါက ငါတို့ ရှန်းဟုန်မျိုးနွယ်စုရဲ့ သေခြင်းတရားကနေ တစ်ဖက် ပြန်လည်ရှင်သန်ခြင်းပဲ။
လက်ရှိအချိန်မှာတော့၊ ဟော်ဆွေ့မျိုးနွယ်စုက ငါတို့ရဲ့ ခြေလှမ်းအုတ်မြစ်တွေကို ဘယ်တော့မှ အစစ်အမှန် ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး"
အတိအကျ နှစ်ပေါင်းသုံးရာလုံးလုံး စောင့်ဆိုင်းခဲ့ပြီးနောက်မှာတော့၊ သူသည် နောက်ဆုံးတွင် ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
ထိုရေတွက်၍မကုန်နိုင်သော ဝိညာဉ်များထဲ၌၊ သူနှင့် ရင်းနှီးကျွမ်းဝင်လှသော ပုံရိပ်များစွာ ပါဝင်နေခဲ့ကြပေသည်။
ထိုပုံရိပ်များအားလုံးမှာ ယခုအခါ သံသရာစက်ဝိုင်းထဲသို့ ဝင်ရောက်သွားခဲ့ကြပြီဖြစ်ရာ၊ လူသားမျိုးနွယ်စု၏ နတ်ဘုရားနယ်မြေ ခုနစ်ခုထဲ၌ တစ်ဘဝပြီးတစ်ဘဝ ကျင်လည်ကျင့်ကြံခြင်းများကို ပြီးမြောက်အောင် လုပ်ဆောင်ကြရတော့မည် ဖြစ်သည်။
အကယ်၍ အချို့လူများက ဤနေရာတွင်တင် နစ်မြုပ်သွားခဲ့ပြီး အတိတ်က အမှတ်သညာများ ပျောက်ကွယ်သွားခဲ့ပါစေဦးတော့။
သို့သော်လည်း အချို့သော တည်ရှိမှုများကိုမူ၊ သူ ယခုဘဝတွင် ဆက်လက်စောင့်ဆိုင်းနိုင်ဦးမည်ဖြစ်ပြီး၊ ၎င်းတို့နှင့် ပြန်လည်ဆုံတွေ့ကာ မြိုင်မြိုင်ဆိုင်ဆိုင် စကားစမြည် ပြောဆိုနိုင်ဦးမည် မဟုတ်ပါလား။
"တကယ်ကိုပဲ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အစီအစဉ်ပဲ၊ ဟော်ဆွေ့လိုမျိုး အင်အားကြီးမားတဲ့လူတောင်မှ မင်းတို့ ရှန်းဟုန်မျိုးနွယ်စုကို အမြစ်ပြတ်အောင် လုံးဝ တားဆီးနိုင်ခြင်း မရှိခဲ့ဘူးပဲ……"
ချီယန်သူတော်စင်က မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိရင်း -
"ငါ့မှာ စိတ်အာရုံတစ်ခု ခံစားနေရတယ်၊ မင်းတို့တွေက တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဟော်ဆွေ့နဲ့ နောက်ထပ်တစ်ကြိမ် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲကြရဦးမှာပဲ၊ အဲဒီနေ့ ရောက်လာတာကို ငါ မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရမလားဆိုတာကိုတော့ မသိရဘူးနော်"
သူသည် မူလက မီးတောက်နတ်ဘုရားမျိုးနွယ်စု၏ ရိုးရိုးတန်းတန်း သူတော်စင်တစ်ဦးမျှသာ ဖြစ်ပါလျက်၊ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော အားပြိုင်မှုကြီးထဲ၌ ဝင်ရောက်ပတ်သက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ဤကဲ့သို့သော အားပြိုင်မှုကြီးထဲ၌ ပုန်းကွယ်နေသော အခြေခံအုတ်မြစ်များမှာ၊ ကြောက်မက်ဖွယ်ကောင်းလှသော ချောက်ကမ်းပါးနက်ကြီးတစ်ခုနှင့် ဆင်တူလှပြီး၊ တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံမျှဖြင့် တစ်သက်လုံး အိပ်မက်ဆိုးများ မက်သွားစေနိုင်ပေသည်။
"အဲဒီတုန်းက မင်းတို့ လူသားမျိုးနွယ်စုတွေ ရှန်းချန်နတ်ဘုရားနယ်မြေထဲမှာ ရှိနေတုန်းကတည်းက၊ ငါက မင်းတို့ရဲ့ ထူးခြားဆန်းပြားတဲ့ အရည်အချင်းတွေကို ရိပ်မိပြီးသားပဲ "
"ဒီလိုမျိုး အခြေအနေကနေ၊ လက်ရှိအချိန်မှာ နောက်ဆုံး အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တဲ့အထိ၊ ဒီလိုမျိုး အစွမ်းသတ္တိတွေက တကယ့်ကိုပဲ အံ့ဩချီးကျူးစရာ ကောင်းလွန်းပါတယ်"
"ဖန့်ငရဲမင်းကြီး…… ကျွန်တော် ချီယန်က၊ မင်းရဲ့ခြေတော်ရင်းမှာ ထာဝရ သစ္စာခံခစားဖို့ ဆန္ဒရှိပါတယ်၊ ကြီးမြတ်လှတဲ့ ရှန်းဟုန်ရဲ့ အရှင်သခင်ကြီး…… မင်းရဲ့ ထက်မြက်လှတဲ့ သန်လျက်ဦး ညွှန်ပြတဲ့နေရာတိုင်းဆီကို၊ ကျွန်တော်က မီးပင်လယ်၊ ရေပြင်ကျယ်ပဲဖြစ်ပါစေ ဘာကိုမှ နှမြောတွန့်တိုနေမှာ မဟုတ်ပါဘူး "
ချီယန်သူတော်စင်သည် ချက်ချင်းပင် သစ္စာခံစကားကို အလျင်အမြန် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
"တော်စမ်းပါ၊ မင်း အခုအချိန်အထိ အသက်ရှင်နေသေးတာက၊ ငါက လက်ရှိအချိန်မှာ ရှိနေတဲ့ မီးနတ်ဘုရားနယ်မြေဆီကို သွားရောက်ဖို့ အခွင့်အရေး ရှိလာနိုင်တာကြောင့်ဖြစ်ပြီး၊ အဲဒီအချိန်ကျရင် မင်းကို လမ်းပြအဖြစ် အသုံးပြုဖို့ လိုအပ်နိုင်လို့ပဲ"
ဖန့်ချန်က လက်ကို ဝှေ့ယမ်းလိုက်သည်။
ချီယန်သူတော်စင်၏ မျက်နှာမှာ ချက်ချင်းပင် အနည်းငယ်မျှ အိန္ဒြေပျက်သွားရတော့သည်။
အတိအကျ ဤအချိန်မှာတင်၊ ကုလားကာအလင်းပိတ်ကြီးထက်၌ နောက်ထပ်တစ်ကြိမ် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။
၎င်းတို့နှစ်ဦးစလုံး အတူတကွ လှမ်းကြည့်လိုက်ကြရာ၊ အထက်တွင် အတိုင်းထက်အလွန် ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာဘေးတစ်စောင်း ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒါက ချင်ဝူဆန့်ပဲ ဖြစ်ပေသည်။
ကြည့်ရသည်မှာ၊ သူသည် ယခုတင် နယ်မြေကိုးခုဆီမှနေ၍ ချန်းရွှေနတ်ဘုရားနယ်မြေဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပုံရပေသည်။