← Chapters

အခန်း (၄၆၈-၄၆၉)

Vol. 44 Ch. 468-469

အခန်း (၄၆၈-၄၆၉)

Vol. 44 Ch. 468-469

အခန်း ၄၆၈ - ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေနှင့် ကောင်းကင်ယံအား ကင်းလှည့်သော ဝိညာဉ်များ

ဝေးလံခေါင်ဖျားသောအရပ်တစ်ခုတွင် ဖြစ်၏။

အဆောက်အအုံများ ကျဲပါးစွာ ရှိနေသော ရှေးဟောင်းမြို့တော်တစ်ခု တည်ရှိနေသည်။ ဈေးတန်းထဲတွင်မူ အဆောက်အအုံ အနည်းငယ်သာမပြိုလဲသေးဘဲ မားမားမတ်မတ်ကျန်နေ၏။ မှောင်မိုက်သောညက ထိုနေရာကို လွှမ်းခြုံထားပြီး ကျင့်ကြံသူတစ်ဦးမျှပင် တွေ့ရန်မလွယ်ကူပါ။

ကျိယွမ်သည် အမှောင်ထုထဲတွင် ဝတ်ရုံခြုံကာ မတ်တပ်ရပ်နေပြီး သူ၏ မျက်နှာကို ဖုံးကွယ်ထားသည်။ သူ၏ နတ်ဘုရားအာရုံဖြင့် ဈေးတန်းတစ်ခုလုံးကို ဖြန့်ကြက် စစ်ဆေးလိုက်ပြီးနောက် သူက တီးတိုးရေရွတ်လိုက်၏။

"ဒီမှာ လူတစ်ယောက်မှတောင် မရှိသလောက်ပဲ။ ဆဋ္ဌမကောင်းကင်ဘုံနဲ့ လုံးဝ မတူဘူး"

ဆဋ္ဌမကောင်းကင်ဘုံတွင် မသေမျိုးလမ်းစဉ်ထွန်းကားသဖြင့် ဈေးတန်းတိုင်း၌ လူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေရမည် ဖြစ်ပြီး မသေမျိုးစွမ်းအင် မြူခိုးများကလည်း လွှမ်းခြုံနေရမည် ဖြစ်သည်။ သို့သော်လည်း ဤနေရာ၌မူ အရာအားလုံးက ခြောက်ကပ်ငြိမ်သက်နေပြီး ကြာမြင့်စွာကတည်းက စွန့်ပစ်ခံထားရသည့်အတိုင်း ဖြစ်နေလေသည်။

ဈေးအတွင်းရှိ လမ်းများကလည်း သန့်ရှင်းသပ်ရပ်မှု မရှိတော့ပေ။ ပျက်စီးနေသော ကျောက်ပြားများက ရွှံ့နွံများထဲတွင် ပြန့်ကြဲနေပြီး လေထုထဲ၌လည်း ဆီးနံ့တစ်ခုက သဲ့သဲ့ စွဲကျန်နေ၏။

ကျိယွမ် ဈေးကွက်ထဲသို့ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် အရှေ့ဘက်၌ သွေးပျက်ဖွယ် သရဲမီးတောက်တစ်ခုက ဝင်းခနဲ လင်းလက်သွားသည်။

ထိုစဉ် အကျည်းတန်သော ဝတ်ရုံပြာကို ဝတ်ဆင်ထားပြီး မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည့် အဘွားအိုတစ်ဦးကဲ့သို့ ကုန်းကုန်းကွကွ ပုံသဏ္ဌာန်ရှိသော ပုပြတ်ပြတ်ခန္ဓာကိုယ်နှင့် လူတစ်ယောက် ရုတ်တရက် ပေါ်လာလေသည်။

"လူငယ်လေး၊ မင်း ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှာ ကံစမ်းဖို့ လာတာလား" ဝတ်ရုံပြာအမျိုးသမီးက လည်ချောင်းကိုညစ်၍ ပြောနေသည့်အလား ခပ်ရှရှ အသံဖြင့် မေးလိုက်သည်။

ကျိယွမ်က သူမကို တစ်ချက် ကြည့်လိုက်၏။

"ကျုပ် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအတွက် လာတာ မှန်ပေမဲ့ ကံစမ်းဖို့တော့ မဟုတ်ဘူး"

"ငါ မင်းကို သတိထားဖို့ အကြံပေးပါရစေ။ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှာ ရတနာတွေ ရှိနိုင်တာ မှန်ပေမဲ့..."

ဝတ်ရုံပြာအမျိုးသမီး၏ လေသံက ဆိုးယုတ်သော အသွင်သို့ ပြောင်းလဲသွားသည်။

"အဲဒီမှာ အန္တရာယ်တွေ အများကြီး ရှိတယ်။ မင်း အသက်မဆုံးရှုံးစေနဲ့၊ မင်းရဲ့ ချစ်ရသူတွေကို ဝမ်းနည်းပူဆွေးမှုတွေနဲ့ ချန်မထားခဲ့နဲ့"

သူမသည် လေထဲတွင် တုန်ရီနေသော ဖယောင်းတိုင်မီးအလား အချိန်မရွေး သေဆုံးသွားနိုင်သည့် ပုံစံမျိုးဖြင့် ကျိယွမ်၏ အနီးနားတွင် ရပ်နေလေသည်။

"သတိပေးတာ ကျေးဇူးပဲ။ စိတ်ချပါ၊ ဆဋ္ဌမကောင်းကင်ဘုံကြီး တစ်ခုလုံး ပြိုကျပျက်စီးသွားရင်တောင် ကျုပ်ကတော့ သေမှာ မဟုတ်ဘူး"

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"မင်းတို့လို လူငယ်လူရွယ်တွေက လေပဲ ရှိကြတာ။ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေက ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာ။ ဒီက သရဲတစ္ဆေ ဝိညာဉ်တွေက ကောင်းကင်ယံကိုကင်းလှည့်ပြီး ဝင်လာတဲ့သူမှန်သမျှရဲ့ အသက်တွေကို လုပ်ကြံကြတယ်။ မင်းလည်း အဲဒီမှာပဲ အသက်ပျောက်ရလိမ့်မယ်"

အမျိုးသမီးက နိမိတ်မကောင်းသော အသံဖြင့် အော်ဂလီဆန်စွာ ပြောလိုက်ပြန်၏။

"ဟေ့..နင်က ဘယ်သူ့ကို လူငယ်လို့ ပြောတာလဲ"

ကျိယွမ်က မနေနိုင်ဘဲ ပြန်ပက်လိုက်သည်။

"နင်ကိုယ်တိုင်လည်း တော်တော် ငယ်သေးတာ မဟုတ်ဘူးလား။ လမ်းပေါ်မှာ ငါ့ကို ဒီလို လာနှောင့်ယှက်ပြီး 'လူငယ်' ဘာညာနဲ့ လာပြောနေသေးတယ်။ နင့်ခေါင်းမှာ ဆံပင်တွေစုံအောင် ပေါက်ပြီလားလို့ အရင် သွားစစ်ဆေးလိုက်ဦး"

"ဘာ..."

ဝတ်ရုံပြာအမျိုးသမီးက အံ့အားသင့်စွာဖြင့် အသက်ရှူရပ်မတတ် ဖြစ်သွားသည်။

"နင်... နင် ဘယ်လိုလုပ် ငါ ရုပ်ဖျက်ထားတာကို သိသွားတာလဲ"

သူမ၏ အသံက ခတ်ရှရှအသံမျိုး မဟုတ်တော့ဘဲ ကျောက်တုံးကို ရိုက်ခတ် စီးဆင်းသွားသော တောင်ကျစမ်းရေအလား ကြည်လင်ပြတ်သားသွားကာ လူငယ်လေးတစ်ဦး၏ အသံမျိုး ဖြစ်သွားလေသည်။

သူမ ဝတ်ဆင်ထားသော ဝတ်ရုံပြာသည် အဖိုးတန်အမွေအနှစ်ပစ္စည်းတစ်ခု ဖြစ်ပြီး ဒဏ္ဍာရီလာယန်နတ်ဘုရားကျင့်ကြံသူတစ်ဦးပင်လျှင် အလွယ်တကူ ထိုးဖောက် မမြင်နိုင်သော ရတနာ ဖြစ်သည်။ သို့သော်လည်း ဤလူငယ်လေးကမူ မည်သည့်ပြဿနာမျှ မရှိဘဲ ထိုးဖောက် မြင်သွားခဲ့၏။

သူမ အဘယ်ကြောင့် မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။

ဒဏ္ဍာရီလာယန်နတ်ဘုရားကျင့်ကြံသူတစ်ဦးက သူမ၏ စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်ရန် ကြိုးစားလျှင်ပင် သူမ၏ အဖိုးတန်အမွေအနှစ်ပစ္စည်းက တုံ့ပြန်မှု ပေးမည်ဖြစ်ရာ သူမအနေဖြင့် သိရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း ယခုမူ ရတနာက မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ပေ။

သူက ရတနာကို မလှုံ့ဆော်ဘဲ သူမ၏ စစ်မှန်သော ပုံစံကို မြင်နိုင်သည်ဟူ၍လား။ ဒါက သူက သူမကို ကော... ကျန်တဲ့အရာအားလုံးကိုပါ မြင်နိုင်တယ်လို့ ဆိုလိုတာလား။

ဤအချက်ကို သဘောပေါက်သွားသောအခါ သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ခန္ဓာကိုယ်ကို အသည်းအသန် ဖုံးကွယ်ကာ ထိတ်လန့်ခြောက်ခြားသော မျက်နှာဘေးဖြင့် လှည့်ထွက်ပြေးသွားလေတော့သည်။

သူမ ပြေးသွားသော ပုံရိပ်ကို ကြည့်ရင်း ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

"လုံးဝကို အကျိုးအကြောင်းမရှိတဲ့ဟာပဲ။ သူ ငါနဲ့ တွေ့တာ ကံကောင်းလို့။ တခြား မူလသဘောတရားအဆင့်ယန်နတ်ဘုရားတစ်ယောက်နဲ့သာ တွေ့ရင် အဲဒီရတနာကို ခဏလေးအတွင်း ဆုံးရှုံးရမှာ သေချာတယ်"

ကျိယွမ်၏ မျက်လုံးများက ဝှက်ထားသော အသေးစိတ် အချက်အလက်များကို မြင်နိုင်သဖြင့် ထိုအမျိုးသမီး ဝတ်ဆင်ထားသည့် အရှိန်အဝါဖုံးကွယ်ပေးသော ရတနာကို သဘာဝအတိုင်း သတိပြုမိခဲ့ခြင်း ဖြစ်သည်။ ၎င်းက ထူးကဲသော ဖန်ဆင်းရှင်အဆင့်ရတနာတစ်ခု ဖြစ်၏။

သာမန် ယန်နတ်ဘုရားများက ၎င်းကို သတိပြုမိမည်မဟုတ်သော်လည်း မူလသဘောတရားအဆင့်ကျင့်ကြံသူတစ်ဦး၏ မျက်လုံးကိုမူ လှည့်စားနိုင်မည်မဟုတ်ပေ။

အချို့လူများဆိုလျှင် သူမကို တိုက်ရိုက် သတ်ဖြတ်ပြီး ရတနာကိုပင် လုယူသွားကြလိမ့်မည်။ လူကြီးလူကောင်းစိတ်ဓာတ် အနည်းငယ် ရှိသူများဆိုလျှင်မူ ရတနာကို မသိမ်းပိုက်မီ လျော်ကြေးအဖြစ် မသေမျိုးကျောက်တုံး အနည်းငယ်ကို သူမထံ ပစ်ပေးကြပေလိမ့်မည်။

ကျိယွမ်ကမူ ထိုသူများနှင့် မတူပေ။

သူ့တွင် ကိုယ်ပိုင်စည်းကမ်းများ ရှိသည်။

ဤမိန်းကလေးငယ်သည် သူ၏ မျှော်လင့်ခြင်းလမင်းစံနှုန်းများနှင့် ကိုက်ညီရန် "ကြီးပြင်း" လာခြင်း မရှိသေးပေ။

မွေးရာပါ ချစ်တတ်သော စိတ်နှလုံး ရှိသော်လည်း ကျိယွမ်သည် မြင်မြင်သမျှ ကြိုက်တတ်တစ်ဦး မဟုတ်ပေ။ သူ့တွင် စံနှုန်းများ ရှိသည်။

သူမသည် သူ၏ "မျှော်လင့်ခြင်း လမင်း" ဖြစ်ရန် လိုအပ်၏။

သို့သော်လည်း ယခုတွေ့ဆုံမှုက ကျိယွမ်ကို သက်ပြင်းချမိစေသည်။

"ကျင့်ကြံခြင်းလောကရဲ့ စာရိတ္တပျက်ပြားမှုက အမြစ်တွယ်နေပြီပဲ။ ဒီအမျိုးသမီးနဲ့ တွေ့တာနဲ့တင် တခြားလူတွေ သူမရဲ့ ရတနာကို လုယူကြမယ့်အကြောင်း ငါ တန်းတွေးမိတယ်"

သူ၏ အတွေးများက ကြိုတင်တွေးဆချက် သက်သက်သာ ဖြစ်သော်လည်း ၎င်းက သူ့အမှား မဟုတ်မှန်းပေ။

အမှားက... ကျင့်ကြံခြင်းလောကကြောင့်သာ ဖြစ်၏။

"ငါ ပိုပြီး သန်မာလာတဲ့အခါ ဆဋ္ဌမကောင်းကင်ဘုံကို တရားမျှတမှု ပြန်ယူဆောင်ပေးမယ်"

ကျိယွမ်က လေးနက်စွာ တွေးလိုက်သည်။

ဤသို့ တွေးတောရင်း သူက ဈေး၏ အရှေ့ဘက်သို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေသည်။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်က ဈေး၏ အဝေးဆုံး ထောင့်စွန်းတွင် မထင်မရှား ရှိနေ၏။

ထိုအချိန်တွင် ဝှက်ထားသော ဂူတစ်ခုအတွင်း၌...

အပြုံးချိုချိုနှင့် အကြီးအကဲအဘွားအိုတစ်ဦးက သူမရှေ့ရှိမိန်းမပျိုအား မေးလိုက်သည်။

"ငါတို့ရဲ့ ယွန်းအာလေးကို ဘယ်သူက အနိုင်ကျင့်လိုက်တာလဲ"

ဝတ်ရုံပြာကို ဝတ်ဆင်ထားသော်လည်း ထျန်ယွန်း၏ အလှတရားကမူ သန့်စင်ကာ ပျက်စီးခြင်းမရှိဘဲ တောက်ပနေဆဲ ဖြစ်သည်။

"အဒေါ်လွမ်၊ ဈေးကွက်ထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက် ရှိနေတယ်"

ထျန်ယွန်းက ထိုဝတ်ရုံနက်ဝတ်ဆင်ထားသောအမျိုးသားကို ပြန်လည် မြင်ယောင်ရင်း ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောပြွမ်းနေသော စိတ်ခံစားချက်ဖြင့် ပြောလိုက်၏။

"ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေက ဝိညာဉ်ရတနာတွေ ပေါကြွယ်ဝတဲ့နေရာဆိုတော့ ကျင့်ကြံသူတွေ ရတနာရှာဖို့ လာကြတာ သဘာဝပါပဲ။ ယွန်းအာ၊ နင်က စိတ်နှလုံး ကောင်းလွန်းတယ်။ သူတို့ကို အမြဲ သတိပေးနေတတ်တာပဲ... ဒါပေမဲ့ စကားပုံ ရှိသားပဲ၊ သေရမယ့် ကံပါလာတဲ့သူတွေကို အကျိုးအကြောင်း ပြောပြလို့ မရဘူး။ တကယ်လို့ သူက ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲ ဝင်ပြီး သေကြောင်းကြံချင်တယ်ဆိုရင်လည်း လွှတ်ထားလိုက်ပါ"

အဒေါ်လွမ်က ဆန်းကြယ်မြေအကြောင်းကို ပြောရင်း သူမ၏ မျက်ဝန်းထဲ၌ ဝမ်းနည်းမှုရိပ်များ ဖြတ်ပြေးသွား၏။

အမှန်စင်စစ် သူမနှင့် ထျန်ယွန်းတို့ နှစ်ဦးစလုံးသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ မူရင်းမျိုးနွယ်များ ဖြစ်ကြ၏။

သို့သော်လည်း လူဆိုးတစ်ဦးက ထိုနယ်မြေကို လုယူသိမ်းပိုက်လိုက်သောအခါ အဒေါ်လွမ်သည် ထျန်ယွန်းကို ခေါ်ဆောင်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သဖြင့် အသက်ရှင်သန်ခွင့် ရခဲ့ကြခြင်း ဖြစ်သည်။

ထိုလူဆိုးက အလွန် အစွမ်းထက်ပြီး ၎င်းတို့၏ မျိုးနွယ်စုတစ်ခုလုံးနီးပါး သတ်ဖြတ်ချေမှုန်းခြင်း ခံခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ထိုလူဆိုးသည် ဆဋ္ဌမကောင်းကင်ဘုံထဲသို့ မဝင်ရဲပေ။ မဟုတ်လျှင်မူ ဤနေရာတွင် ပုန်းအောင်းနေခြင်းကလည်း သူတို့ကို ကယ်တင်နိုင်မည်မဟုတ်ပေ။

"အဒေါ်လွမ်၊ ဒီတစ်ခါတော့ မတူဘူး။ အဲဒီလူက... သူက သမီးတို့ မိသားစုရတနာကို ထိုးဖောက် မြင်သွားတဲ့ ပုံပဲ"

ထျန်ယွန်းက ဖြစ်ပျက်ခဲ့သမျှကို အဒေါ်လွမ်အား ပြန်ပြောပြလိုက်သည်။

ထိုစကားကို ကြားရသောအခါ အဒေါ်လွမ်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်။

"သူ တကယ် မြင်သွားတာ သေချာလား"

"ဟုတ်တယ်။ မိသားစုရတနာရဲ့ ရုပ်ဖျက်မှုကို ကျော်ပြီး သမီးရဲ့ စစ်မှန်တဲ့ မူလပုံစံကို သူ သိနေတယ်" ထျန်ယွန်းက ပြန်ဖြေ၏။

အဒေါ်လွမ်၏ မျက်နှာက တည်တံ့လေးနက်သွားသည်။ "တကယ်လို့ သူက မိသားစုရတနာကို တကယ် ထိုးဖောက် မြင်သွားတာဆိုရင် သူက သံသယဖြစ်စရာမလိုဘဲ..."

သူမ၏ မျက်နှာတွင် ကြီးမားသော စိုးရိမ်ပူပန်မှုများနှင့်အတူ ထိတ်လန့်ကြောက်ရွံ့မှုများ လွှမ်းမိုးသွားလေသည်။

သူမ တွေးမိသည်က မူလသဘောတရားအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သို့သော် ထိုမျှ အစွမ်းထက်သောသူတစ်ဦးက ထျန်ယွန်းထံမှ ရတနာကို သတိပြုမိပါက အဘယ်ကြောင့် သူမကို အသက်ရှင်ခွင့် ပေးခဲ့သနည်း။

တစ်စုံတစ်ခုသော ကြီးမားသည့် အကြံအစည် ရှိနေ၍များလား။

အဒေါ်လွမ်က မတ်တပ်ရပ်လိုက်ပြီး သူမ၏ နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"စီနီယာ ရှိနေပါသေးသလား။ ကျွန်တော်မျိုးမက ရတနာကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဆက်သပါ့မယ်။ ကျွန်တော်မျိုးမတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းပန်ပါတယ်"

သူမ၏ အသံက ကျယ်လောင်ကာ စစ်မှန်လှပြီး နှိမ့်ချမှုများ ပြည့်နှက်နေ၏။

အကယ်၍ ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးက ပုန်းအောင်းနေပါက သူမအနေဖြင့် မည်သို့မျှ သိရှိနိုင်မည်မဟုတ်ဘဲ သူမကို ခဏချင်းအတွင်း သတ်ဖြတ်နိုင်ပေသည်။

ထျန်ယွန်းလည်း အမှန်တရားကို သဘောပေါက်သွားသဖြင့် မျက်နှာ ဖြူလျော်သွား၏။

သို့သော်လည်း ပတ်ဝန်းကျင်တွင်မူ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။

အသက်ရှူကြိမ်တစ်ရာခန့် စောင့်ဆိုင်းပြီးနောက် အဒေါ်လွမ်က သက်ပြင်းချနိုင်တော့သည်။

"ဒါက... ငါတို့ လူကြီးလူကောင်းစိတ်ဓာတ် ရှိတဲ့ စီနီယာတစ်ယောက်နဲ့ တွေ့ခဲ့တာ ဖြစ်နိုင်မလား" သူမက ရေရွတ်လိုက်၏။

အကယ်၍ သူမသာ ထိုနေရာတွင် ရှိပါက သူမ၏ ကိုယ်ပိုင် လောဘစိတ်ကို ထိန်းချုပ်နိုင်ပါ့မလား သံသယရှိမိသည်။

အနည်းဆုံးတော့ "အရောင်းအဝယ်" ဟု အကြောင်းပြကာ ၎င်းကို သိမ်းပိုက်မိလိမ့်မည် ဖြစ်သည်။

ထိုစကားကို ကြားရသောအခါ ထျန်ယွန်း၏ ရှက်ကိုးရှက်ကန်း ဖြစ်မှုများ လွင့်ပျယ်သွားပြီး ကျိယွမ်အပေါ် ထားရှိခဲ့သော ဒေါသများကလည်း အားကျလေးစားမှုအသွင်သို့ ပြောင်းလဲသွားသည်။ "သူက တကယ့်ကို သီလရှိတဲ့ စီနီယာတစ်ယောက်ပဲ... ဒါပေမဲ့လည်း..."

သူမ၏ ပါးပြင်လေးများ နီမြန်းသွားပြီး အသံက တိုးဖျော့သွား၏။

မည်သို့ပင်ဆိုစေကာမူ သူက ကြီးမားသော ကျင့်ဝတ်များကို လိုက်နာသရွေ့ သူ၏ သေးငယ်သော ပုဂ္ဂိုလ်ရေး အပြစ်အနာအဆာများကို ခွင့်လွှတ်ပေးနိုင်ပါသည်။

"အဒေါ်လွမ်၊ တကယ်လို့ သူ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲ ဝင်သွားရင် အန္တရာယ် ရှိနိုင်မလား" သူမက စိုးရိမ်တကြီး မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မြင့်မြတ်အလင်းမျိုးနွယ်စုက ထိုနေရာတွင် ရှိနေသောကြောင့် ဖြစ်၏။

မြင့်မြတ်အလင်းမျိုးနွယ်စုကြောင့် ယန်နတ်ဘုရား အနည်းငယ်သာ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ ဝင်ရဲကြသည်။

ဝင်ရောက်ရန် ကြိုးစားသူအများစုမှာ အဆင့်နိမ့်ကျင့်ကြံသူများနှင့် ယင်နတ်ဘုရားများသာ ဖြစ်ကြ၏။

အဒေါ်လွမ်က လေးနက်သော မျက်နှာဘေးဖြင့် ပြန်ပြောလိုက်သည်။

"သာမန် ကျင့်ကြံသူတစ်ယောက်သာ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲ ဝင်ရင် သေမှာ သေချာသလောက်ပဲ။ ဒါပေမဲ့... အကယ်၍ သူက သွားရဲတယ်ဆိုရင် သူ့မှာ ယုံကြည်ချက် တစ်ခုခု ရှိလို့ ဖြစ်ရမယ်။ ငါတို့က အားနည်းလွန်းတော့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေရဲ့ ရည်ရွယ်ချက်ကို ကြိုတင် တွေးဆလို့ မရဘူး"

ထျန်ယွန်း၏ မျက်ဝန်းများ တောက်ပသွားလေသည်။

"ဒါဆို သူက အဲဒီလူဆိုးကို မောင်းထုတ်နိုင်မယ်လို့ ဆိုလိုတာလား။ သမီးတို့... နောက်ဆုံးတော့ အိမ်ပြန်ရတော့မှာလား"

သူမ၏ မွေးရပ်မြေဖြစ်သော ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို တွေးမိသောအခါ ထျန်ယွန်း စိတ်လှုပ်ရှားသွားသည်။ အကယ်၍ ထိုလူဆိုးသာ ကျဆုံးသွားပါက သူမ အိမ်ပြန်နိုင်မည် ဖြစ်၏။

အဒေါ်လွမ်က ခေါင်းခါလိုက်သည်။ "မြင့်မြတ်အလင်းမျိုးနွယ်စုကို အလွယ်တကူ ချေမှုန်းလို့ မရဘူး။ အဲဒီစီနီယာက သူ့ကိုယ်သူ ကာကွယ်ဖို့ပဲ တတ်နိုင်လိမ့်မယ်။ ပြောရရင် မြင့်မြတ်အလင်းမျိုးနွယ်စုနဲ့ တွေ့ရင် သူလည်းပဲ အန္တရာယ် ရှိနိုင်တယ်"

သူမက ကြိုတင်တွေးဆခြင်းကို ရှောင်ကြဉ်ရန် ပြောခဲ့သော်လည်း စိုးရိမ်စိတ်ကိုမူ မထိန်းနိုင်ခဲ့ပေ။

မြင့်မြတ်အလင်းမျိုးနွယ်စုသည် ဆဋ္ဌမကောင်းကင်ဘုံ၌ ဖြေရှင်းရန် မဖြစ်နိုင်သလောက် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သည်။

သူတို့၏ နည်းလမ်းများက ထူးဆန်းလွန်းလှသဖြင့် မူလသဘောတရားအဆင့်ကျင့်ကြံသူများပင်လျှင် သူတို့ကို တိုက်ခိုက်ရန် ရုန်းကန်ရလေသည်။

ထိုစကားကို ကြားရသောအခါ ထျန်ယွန်း စိတ်ပျက်သွား၏။

"ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေရဲ့ မူရင်းမျိုးနွယ်စုတွေကို 'ကောင်းကင်မျိုးနွယ်စု' လို့ ခေါ်တာလား"

ကျိယွမ်သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအတွင်းရှိ သင့်တော်သော နေရာတစ်ခုကို ရှာဖွေပြီးနောက် သက်တောင့်သက်သာ လဲလျောင်းနေသည်။

ကျင့်ကြံသူ အတော်များများက ဤနယ်မြေအတွင်း လှည့်လည်သွားလာနေကြ၏။

သူသည် လူအချို့နှင့် တွေ့ဆုံကာ မေးမြန်းစုံစမ်းခဲ့သဖြင့် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအကြောင်း ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။

"ကောင်းကင်ကမ္ဘာရတနာမြေ" ဟုလည်း လူသိများသော ဤဆန်းကြယ်မြေသည် ထူးခြားသော ရတနာများ ပေါကြွယ်ဝလှသည်။

"အံ့ဖွယ်ရတနာများ" ဟု ခေါ်တွင်သော ဤပစ္စည်းများသည် တိုက်ခိုက်ရေးရတနာ၊ ပံ့ပိုးမှုပေးသော ရတနာစသည်ဖြင့် ပုံစံအမျိုးမျိုး ရှိကြပြီး ထူးကဲသော ဖန်ဆင်းရှင်အဆင့်ရတနာများနှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟု ကောလာဟလများ ရှိကြ၏။

ကျိယွမ်၏ လက်ထဲတွင်မူ ခေါင်းလောင်းလေးတစ်လုံး ရှိနေသည်။

သူသည် ၎င်းကို အဘိုးအိုတစ်ဦးထံမှ ယူဆောင်ခဲ့ခြင်း ဖြစ်၏။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်လာစဉ် ထိုလူက "ရတနာရှာဖွေခ" တောင်းခံခဲ့သည်။ ကျိယွမ်က ငြင်းဆိုကာ သူ့ကို ဆုံးမပြီးနောက် ခေါင်းလောင်းကို သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

ဤခေါင်းလောင်းသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ အံ့ဖွယ်ရတနာများထဲမှ တစ်ခု ဖြစ်၏။

[ ဆန်းကြယ်သောကျောက်စိမ်းခေါင်းလောင်း - ဆန်းကြယ်လေမုန်တိုင်းပန်းပဲအတတ်ဖြင့် ထုလုပ်ထားသော ထူးခြားသည့် ဖန်ဆင်းမှု ဖြစ်သည်။ ၎င်းကို မြည်ဟီးစေသောအခါ စစ်သူရဲများသည် မိမိတို့၏ မွေးရပ်မြေမှ အသံများကို ကြားရလိမ့်မည်။ ]

ကျိယွမ်က ခေါင်းလောင်းပေါ်တွင် ထုဆစ်ထားသော လမ်းညွှန်ချက်များကို လိုက်နာကာ ၎င်းကို လှုပ်ခါလိုက်သည်။

ချက်ချင်းဆိုသလိုပင် အချိန်မြစ်ပြင်ကို ဖြတ်ကျော်လာသည့်အလား နူးညံ့ပြီး အိုမင်းရင့်ရော်သော အသံတစ်ခုက သူ၏ နားထဲသို့ တိုးဝင်လာ၏။

"မတ်လ ရောက်ပြီ။ ဖန်ချီ၊ မင်း နေကောင်းရဲ့လား။ မိသားစုလည်း အဆင်ပြေပါတယ်၊ ငါတို့ကို စိတ်မပူပါနဲ့။ လင်းနဲ့ ငါနဲ့ ကောင်းကင်ဗျူရိုမှာ ထုလုပ်ထားတဲ့ ချပ်ဝတ်တန်ဆာတွေကို ရှေ့တန်းစစ်မျက်နှာဆီ ပို့ပေးလိုက်ပြီ... ကံကြမ္မာကတော့ ကောင်းတယ်လို့ ဟောတယ်။ လင်းနဲ့ ငါနဲ့ မင်း ဘေးကင်းကင်း ပြန်လာမှာကို စောင့်နေမယ်..."

ခေါင်းလောင်းထဲတွင် မဖွင့်ရသေးသော မိသားစုပေးစာတစ်စောင် ပါရှိနေသည်။

၎င်းက ကျိယွမ်၏ လက်ထဲသို့ ရောက်ရှိလာသဖြင့် ရှေ့တန်းစစ်မျက်နှာရှိ ဖန်ချီသည် အိမ်မှ ပေးပို့သော ဤစာကို မည်သည့်အခါမျှ ရရှိသွားခြင်း မရှိခဲ့ကြောင်း ထင်ရှားလှပေသည်။

"ဒါက ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေရဲ့ သမိုင်းကြောင်းလား၊ ဒါမှမဟုတ်... " ကျိယွမ်က တွေးတောနေမိသည်။

"ဆန်းကြယ်လေမုန်တိုင်းပန်းပဲအတတ်က သူ့ကိုယ်ပိုင် ထူးခြားတဲ့ ဆွဲဆောင်မှု ရှိတာပဲ။ ဒီနေရာမှာ အချိန်က ပိုမြန်မြန် ကုန်ဆုံးတာဆိုတော့ ငါ ဒီအံ့ဖွယ်ရတနာတွေကို လေ့လာပြီး ပန်းပဲထုလုပ်နည်းတွေကို စွမ်းရည်အသစ်တစ်ခုအနေနဲ့ သင်ယူလို့ရတာပေါ့"

စွမ်းရည်များကို သင်ယူခြင်းက အရေးကြီးသည်။

ဤအံ့ဖွယ်ရတနာများသည် ပန်းပဲထုလုပ်နည်းများနှင့် ဆက်စပ်နေသဖြင့် ၎င်းတို့ကို ကျွမ်းကျင်အောင် လေ့ကျင့်ခြင်းဖြင့် အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးစေနိုင်၏။

ကျိယွမ်က ဆက်လက် တွေးတောမိသည်။ "ဒါပေမဲ့ ဒီဆန်းကြယ်မြေက ဆဋ္ဌမကောင်းကင်ဘုံကြီးတစ်ခုလုံးနဲ့တော့ မယှဉ်နိုင်ဘူး။ ဒီနေရာမှာ ဘိုးဘေးသွေးအတတ်ပညာကို လေ့ကျင့်တာက အနည်းဆုံး အဆတစ်ရာလောက် ပိုနှေးကွေးတယ်၊ အရှိန်မြှင့်ဖို့အတွက် သာမန် ဟာကွက်တွေကိုတောင် အသုံးချလို့ မရဘူး"

ထိုအတွေးများကို ဘေးဖယ်ထားပြီး ကျိယွမ်သည် ပိုမို သက်တောင့်သက်သာရှိသော အနေအထားဖြင့် လျောင်းစက်လိုက်ကာ ရှုခင်းများကြားမှတစ်ဆင့် ဝေးလံသော အရပ်ရှိ ဝိညာဉ်တစ်သောင်းတံခွန်ဆီသို့ မျက်စိကစားလိုက်သည်။

အခြားကျင့်ကြံသူများဆိုလျှင် ထိုမျှ ဝေးကွာသော နေရာမှ တံခွန်ကို မြင်နိုင်မည်မဟုတ်ပေ။ သို့သော် ကျိယွမ်ကမူ ထူးခြားသည်၊ သူ၏ အင်အားနှင့် အာရုံခံနိုင်စွမ်းက သူ့ကို အနှိုင်းမဲ့ အားသာချက်တစ်ခု ပေးထား၏။

ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ထဲ၌ အချက်အလက်များ ပေါ်လာသည်။

[ ဝိညာဉ်တစ်သောင်းတံခွန် - တစ္ဆေမျိုးတုံးအရှင်သခင်နှင့် ဆက်စပ်နေသော တိုက်ခိုက်ရေးထူးကဲရတနာ ဖြစ်သည်... ]

"အသုံးမဝင်တဲ့ အချက်အလက်တွေပဲ။ ငါက ဟာကွက်တွေ ဒါမှမဟုတ် ဝင်ရောက်နိုင်မယ့် နည်းလမ်းကို ရှာနေတာ၊ ဒါကို မဟုတ်ဘူး" ကျိယွမ်က ရေရွတ်ရင်း ထိုအချက်အလက်များကို မြန်မြန်ဆန်ဆန် ဖျောက်ဖျက်လိုက်သည်။

ပထမဆုံးရက်တွင် ဘာမှ ရှာမတွေ့ခြင်းက အံ့သြစရာ မဟုတ်ပေ။

"ကံကောင်းတာက ခွဲခြမ်းစိတ်ဖြာဖို့ အံ့ဖွယ်ရတနာတွေ အများကြီး ရှိသေးတယ်၊ စွမ်းရည်အသစ်တစ်ခုကို လေ့လာဖို့ အချိန်ပေးရတာက တန်ပါတယ်"

ကျိယွမ်သည် ပတ်ဝန်းကျင်ရှိ အံ့ဖွယ်ရတနာများအပေါ်သို့ ပြန်လည် အာရုံစိုက်လိုက်ပြီး သူ၏ အတွေးများကို စီးမျောခွင့်ပေးလိုက်သည်။ မကြာမီတွင် လေဆင်နှာမောင်းငယ်ပုံသွင်းနည်းပညာဟု လူသိများသော နည်းလမ်းတစ်ခုက သူ၏ စိတ်ထဲ၌ ပေါ်လာ၏။

အမည်အတိုင်းပင် ထိုနည်းပညာသည် အံ့ဖွယ်ရတနာများကို ပိုမို တည်ငြိမ်စေပြီး ခံနိုင်ရည် ပိုရှိစေသည်။

အံ့ဖွယ်ရတနာများကို ထုလုပ်ခြင်းတွင် ကုန်ကြမ်းရွေးချယ်ခြင်း၊ ထုနှက်ခြင်း၊ ပန်းပဲထုခြင်း၊ ပုံသွင်းခြင်း၊ အဆင်တန်ဆာဖော်ခြင်းစသည့် ရှုပ်ထွေးသော လုပ်ငန်းစဉ်များ ပါဝင်လေသည်။

အချိန်များက ကုန်ဆုံးသွားပြီး မသိလိုက်ခင်မှာပင် ကိုးလ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

အပြင်ကမ္ဘာတွင်မူ တစ်ရက်ပင် အပြည့်မရှိသေးပေ။

ကျိယွမ်၏ မျက်ဝန်းများက ကျေနပ်မှုများဖြင့် တောက်ပနေသည်။

"ဝိညာဉ်တစ်သောင်းတံခွန်ကို အကြိမ်ကြိမ် လေ့လာပြီးတဲ့နောက် နောက်ဆုံးတော့ ငါ အားနည်းချက် နည်းနည်းပါးပါကို ရှာဖွေတွေ့ရှိခဲ့ပြီပဲ။ မဆိုးပါဘူး"

သို့သော်လည်း ဤဟာကွက်များကို ရှာဖွေတွေ့ရှိရုံမျှဖြင့် တစ္ဆေတံခါးထဲသို့ မသိမသာ ဝင်ရောက်ရန် မလုံလောက်သေးပေ။ ကျိယွမ်၏ ရည်မှန်းချက်က ထိုထက်မက ပိုမို နက်ရှိုင်းလှသည်၊ သူသည် တစ္ဆေတံခါးထဲသို့ ခိုးဝင်ရုံတင်မကဘဲ ၎င်းကို အပိုင်သိမ်းပိုက်ကာ သူ၏ ကိုယ်ပိုင် လူသားဧကရာဇ်အလံအဖြစ် ပြောင်းလဲပစ်ချင်နေခြင်း ဖြစ်၏။

"ဒီနေ့ ကံတရားက တော်တော်ကောင်းတာပဲ။ ငါ ဆန်းကြယ်လေမုန်တိုင်းပန်းပဲအတတ်ကိုတောင် အပြည့်အဝ ကျွမ်းကျင်သွားပြီ။ နှမြောစရာကောင်းတာက ငါ့လက်ထဲမှာ သင့်တော်တဲ့ ကုန်ကြမ်းတွေ မရှိတာပဲ။ ရှိခဲ့ရင် ငါ့ရဲ့ စွမ်းရည်တွေကို သေချာပေါက် ပြသမိမှာ"

"ငါ ၂၁ရာစုကမ္ဘာကို ပြန်ရောက်တဲ့အခါ ဒီနည်းပညာနဲ့ ဖုန်းအတုတွေ လုပ်ပြီး အွန်လိုင်းမှာ ရောင်းရင် အများကြီး ချမ်းသာသွားမှာပဲ" ကျိယွမ်က ပြုံးရင်း တွေးလိုက်သည်။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေရှိ ဘဝက လောလောဆယ်တွင် အေးချမ်းသာယာနေဆဲ ဖြစ်၏။

ထိုစဉ် ကောက်ညှင်းထုပ်များနှင့် တူသော သစ်ရွက်များဖြင့် ထုပ်ပိုးထားသည့် စားစရာခွက်တစ်ခုကို ကိုင်ဆောင်ထားသော လူငယ်လေးတစ်ဦး ရောက်လာသည်။

"အရှင်၊ ဒါက ကျွန်တော့်အမေ ပေးခိုင်းလိုက်တာပါ"

ကောင်လေးက ပြောလိုက်၏။ သူက အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ခန့် ရှိပြီး အာဟာရချို့တဲ့နေသည့် ပုံစံမျိုး ရှိသည်။

ထိုကောင်လေး၏ အမည်မှာ ရှီဖန်း ဖြစ်ပြီး ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ မူရင်းမျိုးနွယ်စုဝင် ဖြစ်၏။

ဤနေရာရှိ လူနေမှုဘဝက ခက်ခဲလှသည်။ ဒေသခံ အများအပြားမှာ အိုးအိမ်မဲ့ ဖြစ်နေကြပြီး အမြဲတစေ ရွှေ့ပြောင်းနေထိုင်နေကြရကာ ရုန်းကန်နေကြရလေသည်။

ကျိယွမ် ခေတ္တမျှ တွေ့ဆုံခဲ့ဖူးသော ရှီဖန်း၏ မိခင်သည် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ပင်ပန်းနွမ်းနယ်မှုများက သူမ၏ လှပသော ရုပ်ရည်ကို မဖုံးကွယ်နိုင်ပေ။

ရှီဖန်း၏ ဖခင်သည် ရတနာရှာဖွေရန် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ လာရောက်ခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး "လွတ်လပ်မှု" ကို တန်ဖိုးထားသော လူတစ်ယောက် ဖြစ်၏။ သူသည် ကလေးတစ်ယောက် ရပြီးနောက် ထွက်ခွာသွားခဲ့ကာ မကြာမီမှာပင် သေဆုံးသွားခဲ့ရသည်။

လွန်ခဲ့သော သုံးလခန့်က ဒုက္ခသည်အုပ်စုတစ်စုသည် ကျိယွမ် ရှိရာ နယ်မြေအနီးတွင် အခြေချနေထိုင်ခဲ့ကြသည်။

ပထမအချက်မှာ ကျိယွမ်သည် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူ ရှိနေခြင်းက မကောင်းသော ရည်ရွယ်ချက်ရှိသည့် ကျင့်ကြံသူများကို ပြဿနာမရှာရဲအောင် ဟန့်တားထားနိုင်ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာမူ သူက စိတ်နှလုံး ကောင်းမွန်ပုံရခြင်းကြောင့် ဖြစ်၏။

ဤဒုက္ခသည်များသည် သူ့အပေါ် ကျေးဇူးတင်ရှိသလို ကြောက်ရွံ့မှုလည်း ရှိကြသည်။

ကျိယွမ်က ထိုမုန့်ထုပ်ကို လက်ခံလိုက်ပြီး ဝါးရွက်ကြီးများကို နွှာလိုက်ရာ လတ်ဆတ်သော သစ်ရွက်ရနံ့များ ထွက်ပေါ်လာသည်။

"မဆိုးပါဘူး၊ မင်းတို့ အခု အသားတောင် စားနိုင်နေပြီပဲ" ကျိယွမ်က မုန့်ထုပ်ကို ကိုက်ရင်း မှတ်ချက်ချလိုက်၏။

မုန့်ထုပ်ထဲတွင် လတ်ဆတ်ပြီး နုဖတ်နေသော အသားစိမ်းအများအပြား ပါရှိရာ ၂၁ရာစုကမ္ဘာမှ ဟင်းခတ်အမွှေးအကြိုင်များစွာ သုံးထားသည့် အသင့်စား မုန့်ထုပ်များနှင့် လုံးဝ ကွဲပြားခြားနားလှသည်။

"ဒါတွေအားလုံးက အရှင် ရှိနေလို့ပါ။ အရှင်သာ မရှိရင် ကျွန်တော်တို့..."

ရှီဖန်းက ကျိယွမ်ကို မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မော့ကြည့်ရင်း အသံ တိုးဖျော့သွားသည်။

ကောင်လေးသည် ဝတ်ရုံနက်အောက်ရှိ ကျိယွမ်၏ မျက်နှာကို မမြင်ရသော်လည်း သူ့ကို တကယ့်ကို အားကိုးကြည်ညိုနေပုံ ရ၏။ ကောင်လေး၏ မျက်ဝန်းထဲတွင် အားကျရုံတင်မကဘဲ တစ်စုံတစ်ခုကို မျှော်လင့်နေပုံရပြီး တပည့်အဖြစ် ခေါ်ယူခြင်း ခံရရန်ပင် ဆန္ဒရှိနေပုံရသည်။

ထိုသို့ ဖြစ်လာပါက ဤခက်ခဲကြမ်းတမ်းသော ဘဝမှ လွတ်မြောက်နိုင်မည် ဖြစ်ပြီး သူ၏ မိခင်နှင့် မိသားစုကိုပါ ကာကွယ်နိုင်မည် ဖြစ်သည်။

"အရှင်၊ ဒါက ကျွန်တော့်အမေ အရှင်ဝတ်ဖို့ လက်နဲ့ချုပ်ပေးလိုက်တဲ့ ဝတ်ရုံပါ။ အကယ်၍ မတော်ရင်လည်း အရှင် အဆင်ပြေသလို သုံးနိုင်ပါတယ်"

ရှီဖန်းက မျှော်လင့်ချက်နှင့်အတူ စိုးရိမ်စိတ်တို့ ရောပြွမ်းနေရင်း လက်ချုပ်ဝတ်ရုံကို ကမ်းပေးလိုက်သည်။

ကျိယွမ်က ဝတ်ရုံကို လှမ်းမယူခဲ့ပေ။

"မင်းတို့ရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ ဝတ်ရုံ မလိုပါဘူး" သူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ရှီဖန်း၏ မျက်နှာတွင် စိတ်ပျက်မှုများ ထင်ဟပ်သွား၏။

"ငါက ပွင့်လင်းတဲ့လူပါ"

ကျိယွမ်က ဆက်ပြောသည်။

"မင်းတို့ ဘာတွေးနေလဲဆိုတာ ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ တာအိုလက်တွဲဖော် ရှိပြီးသားပါ"

သူသည် အခြားသူများကို အခြေအမြစ်မရှိသော မျှော်လင့်ချက်များ ပေးပြီး မလှည့်စားလိုပေ။

ဤဒုက္ခသည်အုပ်စုထဲတွင် ရှီဖန်း၏ မိခင်သည် အလှပဆုံး ဖြစ်နိုင်ပြီး တစ်ချိန်က အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့ဖူးသည်။

သူမအနေဖြင့် ကျိယွမ်၏ မျက်နှာသာပေးမှုကို လိုလားခြင်းက ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း သူသည် ပိုမိုမြင့်မြတ်သော တည်ရှိမှုတစ်ခုကဲ့သို့ လျစ်လျူမရှုဘဲ သူမ၏ ခံစားချက်ကို လေးစားသောအားဖြင့် တိုက်ရိုက် ငြင်းပယ်ခဲ့ခြင်း ဖြစ်၏။

ရှီဖန်း၏ စိတ်ပျက်မှုက အထင်အရှားပင် ဖြစ်သည်။

"ကဲပါ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း တကယ်ပဲ အဖေအသစ်တစ်ယောက် လိုချင်နေတာလား။ ဒါက ကောင်းတဲ့ ဆန္ဒပါပဲ"

"အကယ်၍ အရှင်သာဆိုရင် ကျွန်တော် ဒုတိယအဖေအဖြစ် ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ"

ရှီဖန်းက ကလေးပီပီ ရိုးသားစွာ ပြန်ပြောလိုက်၏။

ကျိယွမ်က ရယ်မောလိုက်ပြီး သူ့ကို ခေါင်းကိုင်အဖေအဖြစ် အတင်းအကျပ် သတ်မှတ်ရန် ကြိုးစားခဲ့သည့် လူငယ်လေးကို သတိရသွားမိသည်။

"မလုပ်ပါနဲ့၊ ငါက ငယ်သေးတယ်၊ အဖေလုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူး"

ကျိယွမ်က သဘောကျစွာ ပြောလိုက်သည်။

ရှီဖန်း၏ မျှော်လင့်ချက်များ လျော့ပါးသွားသော်လည်း ၎င်းက မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွား၏။

"အရှင်၊ ဒီညက ဝိညာဉ်ကင်းလှည့်တဲ့ညပါ။ သာမန်အားဖြင့် လေဂူတွေကို ရှောင်တတ်တဲ့ ကျင့်ကြံသူတွေအတွက်တောင် အပြင်မှာက တော်တော် အန္တရာယ်များပါတယ်"

ဝိညာဉ်ကင်းလှည့်သောညအကြောင်း ပြောလိုက်သောအခါ ရှီဖန်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။

နှစ်စဉ်နှစ်တိုင်း ဝိညာဉ်ကင်းလှည့်ခြင်းက အသက်ရှင်သူများကို ရှာဖွေရန် ကောင်းကင်ယံသို့ စိတ်ဝိညာဉ်စစ်တပ်တစ်ခုကို ခေါ်ဆောင်လာတတ်သည်။

"အော်၊ အဲဒါက ဒီနေ့ ဖြစ်တာလား။ အချိန်က တကယ် မြန်တာပဲ"

ကျိယွမ်က တုန်လှုပ်ခြင်းမရှိဘဲ အေးအေးလူလူ ပြန်ပြောလိုက်၏။ အမှန်စင်စစ် ထိုဝိညာဉ်များ ရှိနေခြင်းက သူ့ကိုပင် စိတ်ဝင်စားစေသည်။

"ကျေးဇူးပြုပြီး သတိထားပါ အရှင်။ တခြား ကျင့်ကြံသူအများစုက ဒီည အနီးနားက လေဂူတွေထဲမှာ ပုန်းနေကြလိမ့်မယ်"

ရှီဖန်းက လေးနက်စွာ သတိပေးလိုက်သည်။

"သိပြီ...သိပြီ။ မင်းလည်း လေဂူထဲသွားဖို့ မင်းရဲ့ ပစ္စည်းတွေကို သွားပြင်ဆင်တော့"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။

သူသည် ပုန်းအောင်းရန် အစီအစဉ်မရှိပေ၊ ထိုဝိညာဉ်များကို စောင့်ကြည့်ရန် ဤနေရာ၌ပင် နေထိုင်ရန် ရည်ရွယ်ထားသည်။

သို့သော်လည်း ရှီဖန်းကို ထိုအကြောင်း ပြောပြပါက အသနားခံခြင်းနှင့် ဖျောင်းဖျခြင်းများစွာ ဖြစ်ပေါ်လာမည်ကို သိသဖြင့် သူ ဘာမှမပြောခဲ့ပေ။

ရှီဖန်းသည် ဝတ်ရုံကို ဆုပ်ကိုင်ကာ နောက်သို့ ဆုတ်ခွာသွားခဲ့သည်။

ကျိယွမ်သည် ဤဆန်းကြယ်သော နယ်မြေ၏ ထောင့်စွန်းတွင် တစ်ဦးတည်း ပြန်လည် ကျန်ရစ်ခဲ့လေသည်။

"ငါ့ရဲ့ ပန်းပဲကျင့်စဉ်ကို ပြန်စရမှာပဲ"

သူက ရေရွတ်ရင်း သူ၏ နည်းစနစ်များကို ဆက်လက် လေ့ကျင့်နေခဲ့ပြီး ကျိယွမ်ကျမ်းအသစ်ကိုလည်း ပြုစုနေခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မသိလိုက်ခင်မှာပင် ညအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

မြေပြင်တစ်ခုလုံး သွေးပျက်ဖွယ် တိတ်ဆိတ်သွားသည်။

အင်းဆက်များ မြည်သံပင် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။

၎င်းက လူသူကင်းမဲ့ဆိတ်သုဉ်းသော စွန့်ပစ်နယ်မြေတစ်ခုတွင် တစ်ယောက်တည်းကြီး မတ်တပ်ရပ်နေရသည့်အတိုင်း ခံစားရစေသည်။

အေးစိမ့်သော ညဦးလေကြောင့် ကျိယွမ် သန်းဝေလိုက်သည်။ "တစ်ရေးအိပ်ဖို့ အကောင်းဆုံး ရာသီဥတုပဲ"

နာနာဘာဝမြူခိုးများ တက်လာပြီး လေထုထဲတွင် သွေးပျက်ဖွယ် အအေးဓာတ်တစ်ခု ပြည့်နှက်သွား၏။

ကျိယွမ်သည် သူ၏ ရေခဲကုလားထိုင်ပေါ်တွင် လုံးဝ သက်တောင့်သက်သာဖြင့် လျောင်းစက်နေလေသည်။

ထိုစဉ် လမ်းသွားလမ်းလာ ကျင့်ကြံသူတစ်ဦးက အလင်းတန်းတစ်ခုအသွင်ဖြင့် အပြေးအလွှား ဖြတ်သန်းသွားသည်။

"မိတ်ဆွေ၊ မြန်မြန်လုပ်။ ဝိညာဉ်ကင်းလှည့်တာ မကြာခင် စတော့မယ်၊ အမြန်ဆုံး လေဂူတစ်ခု ရှာလိုက်"

ထိုလူက သတိပေးပြီးနောက် အနီးဆုံး လေဂူထဲသို့ ပျောက်ကွယ်သွားတော့သည်။

ကျိယွမ်ကမူ တည်ငြိမ်နေဆဲ ဖြစ်၏။

သူ၏ ခရမ်းရောင်နန်းတော်ထဲတွင် မရဏကမ္ဘာ ရှိနေသဖြင့် ဝိညာဉ်များကို ကြောက်ရွံ့ရန် အကြောင်းမရှိပေ။

အကယ်၍ တစ်ခုခု ဖြစ်လာပါက ဝိညာဉ်များကသာ သူ့ကို ကြောက်ရွံ့ရမည် ဖြစ်သည်။

အကယ်၍ သူတို့သာ ချဉ်းကပ်လာပါက သူသည် ထိုသူများကို လူသားဧကရာဇ်အလံအတွင်း၌ ပိတ်လှောင်ကာ ထာဝရကမ္ဘာအတွက် အခမဲ့ လုပ်အားအဖြစ် စာရိတ္တ ပြုပြင်ပြောင်းလဲမှု လုပ်ပေးမည် ဖြစ်၏။

အသက်ရှူကြိမ်တစ်ရာခန့် ကြာပြီးနောက် လေထုက ပိုမို မှောင်မိုက်သွားသည်။

မြေပြင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွား၏။

ကြည့်လိုက်လေရာရာ၌ မြေပြင်မှ မြူခိုးနက်များ လွင့်ပျံနေသည်။

ထိုတိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ စနစ်တကျ ခြေသံများက ည၏ လေထုထဲတွင် ဟိန်းဟောက်လာခဲ့သည်။

ဖပ်... ဖပ်... ဖပ်...

၎င်းက မြေအောက်ကမ္ဘာမှ ချီတက်လာသော နာနာဘာဝစစ်သည်များ၏ ခြေသံနှင့် တူလှပေသည်။

ပုံရိပ်တိုင်းတွင် သွေးကွက်များ စွန်းထင်နေသော ပျက်စီးနေသည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး ခန္ဓာကိုယ်များမှာ စုတ်ပြတ်နေကာ မျက်လုံးနေရာများမှာလည်း ဟာလာဟင်းလင်း ဖြစ်နေကြ၏။

သူတို့သည် ပြန်စရာ အိမ်မရှိသော လမ်းပျောက်နေသည့် ဝိညာဉ်များအလား ဦးတည်ချက်မရှိ ရွေ့လျားနေကြသည်။

"ဝိညာဉ်... အိမ်မရှိဘူး..."

သူတို့၏ အသံများက ဝမ်းနည်းမှုနှင့် လူသူကင်းမဲ့ဆိတ်သုဉ်းမှုများ ပြည့်နှက်နေရင်း ရေရွတ်နေကြ၏။

[ ရှေးဟောင်းစစ်မြေပြင်မှ တိုက်စားခံ နာနာဘာဝများ - နယ်စပ်ကို ကာကွယ်ရင်း သေဆုံးသွားခဲ့ရသော စစ်သူရဲများ၏ ဝိညာဉ်များ ဖြစ်ကြသည်။ ပျက်စီးနေသော အမိမြေကြောင့် သူတို့၏ ဝိညာဉ်များသည် အနားယူခွင့်မရဘဲ လှည့်လည်နေကြရခြင်း ဖြစ်သည်။ ]

အချက်အလက်များစွာက ကျိယွမ်၏ စိတ်ထဲသို့ တိုးဝင်လာရာ ဆန်းကြယ်သော ကျောက်စိမ်းခေါင်းလောင်းမှ ကြားခဲ့ရသည့် စစ်သည်တစ်ဦး၏ မိသားစုထံမှ စာကို ပြန်လည် သတိရစေသည်။

အကယ်၍ ဤနာနာဘာဝများသည် ထိုသူများသာ ဖြစ်ပါက ရှေ့တန်းစစ်မျက်နှာရှိ စစ်သူရဲများသည် လွန်ခဲ့သော အချိန်များကတည်းက စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ သူတို့၏ နယ်မြေများ ပျက်စီးသွားသဖြင့် အားလုံး သေဆုံးခဲ့ကြရခြင်း ဖြစ်၏။

"သူတို့ နိုင်ခဲ့ရင်တောင် အရေးမကြီးပါဘူး... နောက်ဆုံးတော့ အားလုံးက သေဆုံးသွားကြတာပဲ" ကျိယွမ်က သက်ပြင်းချလိုက်သည်။

သူက နာနာဘာဝစစ်သည်များကို စိုက်ကြည့်နေစဉ်မှာပင် သူတို့၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများက သူ့ထံသို့ လှည့်လာပြီး ၎င်းတို့အတွင်း၌ ဒေါသရိပ်များ တောက်လောင်လာခဲ့သည်။

ထိုစဉ် လှောင်ပြောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။

"ဝိညာဉ်ကင်းလှည့်တဲ့ညမှာ မင်းက အပြင်မှာ နေရဲတယ်ပေါ့။ မင်းရဲ့ ကံကြမ္မာကတော့ ဆုံးဖြတ်ပြီးသားပဲ"

ကျိယွမ်က ထိုအသံလာရာဘက်သို့ ကြည့်လိုက်ရာ နာနာဘာဝစစ်တပ်၏ အနောက်တွင် လိုက်ပါလာသော ခမ်းနားသော ဝေါယာဉ်တစ်စီးကို မြင်လိုက်ရသည်။

၎င်းအတွင်းမှ မာနထောင်လွှားသော အသံတစ်သံက ထွက်ပေါ်လာပြီး ထိုသူသည် အာဏာပြရသည်ကို ကျင့်သားရနေပုံ ပေါ်၏။

ကျိယွမ်က မျက်ခုံးပင့်လိုက်သည်။ "ဒီမြေက မင်းရဲ့ ကိုယ်ပိုင် ပစ္စည်း မဟုတ်ပါဘူး။ မင်းမှာ ပိုင်ဆိုင်မှုစာချုပ် ရှိလို့လား။ ငါ ဘာလို့ ဒီမှာ မနေရမှာလဲ"

"ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှာ မြင့်မြတ်အလင်းမျိုးနွယ်စုကသာ ဘုရင်ပဲ"

ဝေါယာဉ်စီးနင်းသူ၏ အသံက ကြီးစိုးကာ ရိုင်းစိုင်းလှသည်။

"ငါ့ကို ပြန်ပြောရဲတယ်ပေါ့။ မင်း ငါ့ရှေ့မှာ ဒူးထောက်သင့်တယ်။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ငါ့ရဲ့ သရဲတစ္ဆေအစေခံတွေအတွက် အာဟာရ ဖြစ်စေရမယ်"

သူ၏ အမိန့်ပေးမှုအောက်တွင် နာနာဘာဝ ရာပေါင်းများစွာက ကျိယွမ်ထံသို့ တိုးဝင်လာကြပြီး သူတို့၏ ကြောက်မက်ဖွယ် စွမ်းအင်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ထိတ်လန့်ခြောက်ခြားမှုများဖြင့် လွှမ်းခြုံသွားစေသည်။

"ဟက်၊ ဒဏ္ဍာရီလာအဆင့်ပုဂ္ဂိုလ်တွေတောင် ငါ့ရဲ့ သရဲတစ္ဆေအစေခံတွေရှေ့မှာ ကျရှုံးရတာ။ ကောင်လေး၊ နောက်ဘဝကျရင် ငါ့ကို လာမရှုပ်နဲ့"

ဝေါယာဉ်စီးနင်းသူက ကြုံးဝါးလိုက်၏။

နာနာဘာဝများ၏ ဟာလာဟင်းလင်း မျက်ဝန်းများက ဆိုးယုတ်သော အနီရောင်အဖြစ် ပြောင်းလဲသွားပြီး ကျိယွမ်ကို ဝန်းရံကာ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ကျိယွမ်ကမူ မတုန်လှုပ်ဘဲ လျောင်းစက်နေမြဲ ဖြစ်သည်။ သရဲတစ္ဆေအုပ်စုက ချဉ်းကပ်လာသောအခါ သူက တည်ငြိမ်စွာ ပြောလိုက်၏။

"ငါက မင်းတို့ရဲ့ တပ်မှူးပဲ။ မင်းတို့က ငါ့ကို ဘယ်လိုလုပ် ရန်ပြုချင်ရတာလဲ"

သူက စကားပြောရင်း "ဦးနှောက်ဆေးရန်" အတွက် မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသက်သွင်းလိုက်သည်။

သူ၏ အသံက ရှင်းပြမရနိုင်သော စွမ်းအားတစ်ခုကို သယ်ဆောင်ထားသဖြင့် နာနာဘာဝစစ်သည်များကို တုံ့ဆိုင်းသွားစေပြီး သူတို့၏ ဟာလာဟင်းလင်း မျက်ဝန်းများထဲတွင် ဝေခွဲမရမှုများ ဖြစ်ပေါ်လာစေသည်။

ဝေါယာဉ်အတွင်းရှိ လူသည် နာနာဘာဝများ၏ တုံ့ဆိုင်းမှုကို သတိပြုမိသွားသဖြင့် သူ၏ မျက်နှာအမူအရာက တုန်လှုပ်မှုအသွင်သို့ ပြောင်းလဲသွားသည်။ သူက မြန်မြန်ဆန်ဆန်ပင် အော်ဟစ်လိုက်၏။

"မင်းတို့ ဘာလုပ်နေကြတာလဲ။ သူ့ကို သတ်လိုက်စမ်း"

သူက အသည်းအသန်ဖြင့် သူ၏ လက်ထဲရှိ ခေါင်းလောင်းကို လှုပ်ခါလိုက်ရာ သွေးပျက်ဖွယ် မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ နာနာဘာဝများ၏ မျက်ဝန်းများက ပြန်လည်ကာ ဟာလာဟင်းလင်း ဖြစ်သွားပြီး ကျိယွမ်ထံသို့ ချီတက်လာကာ သူ့ကို သတ်ဖြတ်ရန် ပြင်ကြပြန်၏။ သူတို့၏ စွမ်းအားစုစုပေါင်းက သာမန်ကျင့်ကြံသူတစ်ဦးကို ချေမှုန်းရန် လုံလောက်လှပြီး ကောင်းကင်ဘုံနေရာယူအဆင့်ယန်နတ်ဘုရားတစ်ဦးပင်လျှင် ဤဆန်းကြယ်မြေအတွင်း၌ သူတို့၏ စွမ်းအားကို တိုက်ခိုက်ရန် ရုန်းကန်ရပေလိမ့်မည် (အဘယ်ကြောင့်ဆိုသော် သူတို့သည် ဒဏ္ဍာရီအဆင့်အထိ ဖိနှိပ်ခြင်း ခံထားရသောကြောင့် ဖြစ်သည်)။

ဝေါယာဉ်အတွင်းရှိ လူက ပြုံးလိုက်ပြီး စစ်တပ်က ကျိယွမ်ကို ဝန်းရံသွားသည်ကို ကြည့်ကာ သူ၏ ယုံကြည်မှုများ ပြန်လည် ရရှိလာသည်။ ဆဋ္ဌမကောင်းကင်ဘုံတွင် သူသည် အရေးမပါသော သာမန် ခရမ်းရောင်နန်းတော်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း ဤကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတွင်မူ ယန်နတ်ဘုရားများပင်လျှင် သူ့ရှေ့၌ ကျရှုံးခဲ့ဖူးသည်။ သူသည် နာနာဘာဝများကို ထိန်းချုပ်နိုင်သော ဤစွမ်းအားကို သဘောကျလှ၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ သူ၏ အောင်နိုင်သူအပြုံးက ပျောက်ကွယ်သွားရသည်။

မည်သည့်သတိပေးချက်မျှမရှိဘဲ ဝတ်ရုံနက်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက သူ၏ ဝေါယာဉ်အတွင်း၌ ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်၏။ ထိုလူစိမ်းက ခေါင်းလောင်းကို ကိုင်ဆောင်ထားပြီး စိတ်ဝင်စားစရာကောင်းသော မျက်ဝန်းများဖြင့် ကြည့်နေသည်။

"ဒါဆို မင်း သူတို့ကို ထိန်းချုပ်ဖို့ သုံးနေတာ ဒီခေါင်းလောင်းလေးပေါ့"

နာနာဘာဝများကို ထိန်းချုပ်သူ၏ မျက်နှာက ထိတ်လန့်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။

"မင်း... မင်း ဘယ်လိုလုပ် ဒီထဲ ဝင်လာတာလဲ"

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်ပါးပင်လျှင် အပြင်ဘက်ရှိ ကြောက်မက်ဖွယ် သရဲတစ္ဆေစစ်တပ်ကို ကျော်ဖြတ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦးက နာနာဘာဝများကို လုံးဝ ရှောင်ကွင်းပြီး သူ့အနားတွင် ပေါ်လာနိုင်သည်ဟူသော အချက်က သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။

"မင်း... မင်း ငါ့ကို သတ်လို့ မရဘူး။ ငါက မြင့်မြတ်အလင်းမျိုးနွယ်စုရဲ့ မြင့်မြတ်သော စေတမန်ပဲ၊ ပြီးတော့ ဒီခေါင်းလောင်းကိုလည်း ငါ့ရဲ့ သခင်က ပေးထားတာ။ မင်း ငါ့ကို ရန်ပြုရင် မျိုးနွယ်စုက မင်းကို ဖျက်ဆီးပစ်တဲ့အထိ လက်စားချေလိမ့်မယ်။ မင်း မြင့်မြတ်အလင်းမျိုးနွယ်စုရဲ့ စွမ်းအားကို သိရဲ့လား"

သူက အသည်းအသန် ခြိမ်းခြောက်လိုက်သည်။

"ငါက ခြိမ်းခြောက်ခံရတာကို တကယ် မုန်းတာပဲ၊ ဒါနဲ့ စကားမစပ်... မင်း မတတ်နိုင်တဲ့ အရာတွေနဲ့ လာပြီး မာနမထောင်နဲ့။ မင်း မိုးကြိုး အပစ်ခံရလိမ့်မယ်"

ကျိယွမ်က စိတ်ပျက်သောအသံဖြင့် ပြောလိုက်၏။

သူမ်က ဘာမှ ထပ်မပြောတော့ဘဲ တိုက်ခိုက်လိုက်ရာ သူ၏ လက်ချောင်းများမှ ခရမ်းရောင် လျှပ်စီးများ ထွက်ပေါ်လာပြီး ထိုလူ၏ ရင်ဘတ်ပေါ်သို့ကျရောက်သွားသည်။ သေးငယ်သောစွမ်းအား ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လပြီး မြင့်မြတ်သော စေတမန်ဟု ခေါ်သော လူမှာ အစအနမကျအောင် ပျက်စီးသွာတော့သည်။

ကျိယွမ်က ခေါင်းလောင်းကို ကောက်ယူလိုက်ပြီး ၎င်းအပေါ် စိတ်ဝင်စားမှုအပြည့်ဖြင့် သူ့ထံသို့ ချီတက်လာဆဲ ဖြစ်သော နာနာဘာဝများကို လှည့်ကြည့်လိုက်သည်။

"တကယ်ကို ရဲတင်းကြတာပဲ။ ငါက မင်းတို့ရဲ့ တပ်မှူးပဲ၊ မင်းတို့ ငါ့ကို တကယ်ပဲ မမှတ်မိကြဘူးလား"

သူက ပြောရင်း မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို ထပ်မံ အသက်သွင်းလိုက်ပြီး နာနာဘာဝများအပေါ် လွှမ်းမိုးမှုကို ပိုမို နက်ရှိုင်းစေခဲ့သည်။

ထူးဆန်းသည်က သူ၏ အသံတွင် ရှင်းပြမရနိုင်သော ဆွဲဆောင်မှုတစ်ခု ပါရှိနေသဖြင့် နာနာဘာဝများကို တုံ့ဆိုင်းသွားစေပြီး သူတို့၏ ဟာလာဟင်းလင်း မျက်ဝန်းများထဲတွင် ဝေခွဲမရမှုများ ဖြစ်ပေါ်လာစေသည်။ မြင့်မြတ်သော တမန်တော်၏ ခေါင်းလောင်းကလည်း မရှိတော့သဖြင့် စိတ်ကျမ်း၏ စွမ်းအားက ပိုမို ထိရောက်လာပြီး သူတို့၏ ဝေဝါးနေသော စိတ်များကို ထိုးဖောက်သွားခဲ့၏။

"မှတ်မိကြစမ်း"

ကျိယွမ်က ရေရွတ်လိုက်သည်။

"ငါ တစ်ချိန်က မင်းတို့နဲ့အတူ ရပ်တည်ပြီး အဆုံးမဲ့ ကျူးကျော်မှုတွေကနေ နယ်စပ်ကို ကာကွယ်ခဲ့တာ။ မင်းတို့ အဲဒါကို မေ့သွားကြပြီလား"

သူ၏ စကားလုံးများက နာနာဘာဝများအပေါ် ဂါထာမန္တန်တစ်ခုကဲ့သို့ သက်ရောက်သွားသည်။ သူတို့၏ ဟာလာဟင်းလင်း မျက်ဝန်းများက မှတ်မိခြင်းရိပ်များဖြင့် တောက်ပလာခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် သရဲတစ္ဆေစစ်တပ်က ဒူးတစ်ဖက် ထောက်လိုက်ကြသည်။

"တပ်မှူးကို ဂါရဝပြုပါတယ်"

သူတို့၏ အသံများက ဟာလာဟင်းလင်း ဖြစ်နေဆဲ ဖြစ်သော်လည်း မျက်ဝန်းများတွင်မူ စွမ်းအားအသစ်များဖြင့် တောက်ပနေကြ၏။

"ဒါမှ ဟုတ်တာပေါ့"

ကျိယွမ်က ကျေနပ်စွာ ပြန်ပြောလိုက်သည်။ သူက လက်ကို မြှောက်လိုက်ရာ စုတ်ပြဲနေသော်လည်း အစွမ်းထက်သော တံခွန်တစ်ခု ပေါ်လာ၏။

"ငါတို့ရဲ့ ရည်ရွယ်ချက်အတွက် အရှေ့က လမ်းက ပေးဆပ်မှုတွေ လိုအပ်တယ်။ ငါနဲ့အတူ လူသားဧကရာဇ်အလံထဲကို ဝင်ပြီး အတူတူ အောင်ပွဲဆီ ချီတက်ကြစို့"

နာနာဘာဝစစ်သည်များသည် သူ၏ တံခွန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ ဝိညာဉ်မဲ့ မျက်ဝန်းများထဲတွင် ကြာမြင့်စွာကတည်းက မေ့လျော့နေခဲ့သော သစ္စာစောင့်သိမှုများ တောက်လောင်လာခဲ့သည်။ သူတို့တစ်ဦးစီသည် ကြီးမားသော စိတ်အားထက်သန်မှုများဖြင့် သစ္စာခံရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်၏။

"အခုတော့ မဟုတ်သေးဘူး။ အရင်ဆုံး မင်းတို့ကို ဒီဆိုးယုတ်တဲ့ အင်အားစုတွေနဲ့ ချည်နှောင်ထားတဲ့ သံကြိုးတွေကို ဖျက်ဆီးပစ်ရမယ်"

ကျိယွမ်က သူတို့၏ စိတ်ဝိညာဉ်ပုံစံများထဲရှိ အကျင့်ပျက်ပြားမှု အကြွင်းအကျန်များကို ကြည့်ကာ ဖြည့်စွက်ပြောလိုက်သည်။

ထိုသံကြိုးများသည် ထိုစေတမန်ကို ခေါင်းလောင်း ပေးအပ်ခဲ့သော မြင့်မြတ်အလင်းမျိုးနွယ်စုသခင်က ပြုလုပ်ထားခြင်း ဖြစ်မည်ဟု သူ သံသယရှိမိသည်။ ထိုအနှောင်အဖွဲ့များကို မဖျက်ဆီးနိုင်သရွေ့ ဝိညာဉ်များသည် လူသားဧကရာဇ်အလံကို အကျင့်ပျက်ပြားစေမည့် အန္တရာယ် ရှိသဖြင့် အလွယ်တကူ ဝင်ရောက်ခွင့်မပေးနိုင်သေးပေ။

ကျိယွမ်က သူတို့ကို တည်ငြိမ်ပြီး အမိန့်ပေးသံဖြင့် ထပ်မံ ပြောကြားလိုက်သည်။

"မင်းတို့ ငါ့နောက်ကို လိုက်ဖို့ ရွေးချယ်တာ မှန်ကန်ပါတယ်။ အခွင့်အရေးဆိုတာ ရခဲလှတယ်။ နိုင်ငံတော်ရဲ့ အထူးရာထူးတွေလိုပဲ၊ အချို့လမ်းတွေက ကံတရား၊ စွမ်းအား... ဒါမှမဟုတ် ကံကောင်းမှု ရှိတဲ့သူတွေအတွက်ပဲ ဖွင့်ပေးထားတာ"

သူက နာနာဘာဝစစ်သည်များကို ကြည့်ရင်း လှောင်ပြုံးပြုံးလိုက်၏။

"မင်းတို့ဘဝက ဒီလိုအခြေအနေကိုတောင် ရောက်နေပြီဆိုတော့ မင်းတို့မှာ ကံတရား မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခု ငါရှိနေပြီပဲ"

နာနာဘာဝများသည် ချက်ချင်းပင် အသင့်အနေအထားဖြင့် ရပ်တည်ကာ သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။

"အခု ဒီနယ်မြေထဲမှာ လှည့်လည်နေတဲ့ ကျန်တဲ့သူတွေကို သွားစုစည်းလိုက်။ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ခေါ်လာခဲ့၊ မကြာခင် ငါတို့ အကြီးအကျယ် ချီတက်ကြမယ်"

သူ၏ စကားများကြောင့် နာနာဘာဝများသည် သူတို့၏ လမ်းပျောက်နေသော ညီအစ်ကိုများကို ရှာဖွေရန် မြူခိုးများထဲသို့ ပြန့်ကြဲသွားကြတော့သည်။ ကျိယွမ်က သူတို့ ထွက်ခွာသွားသည်ကို ကြည့်ကာ မျက်ဝန်းထဲ၌ ကျေနပ်မှုများ ရှိနေ၏။

"ဒီနေရာက တကယ့်ကို မမျှော်လင့်ထားတဲ့ ဆုလာဘ်ပဲ။ ငါ ဒီအတိုင်းဆိုရင် လူသားဧကရာဇ်အလံကို စစ်မှန်တဲ့ တိုက်ခိုက်ရေးရတနာတစ်ခုအဖြစ် ပြောင်းလဲနိုင်မှာ သေချာတယ်"

သူက မျှော်လင့်ချက်များစွာဖြင့် ရေရွတ်လိုက်သည်။

အခြားတစ်ဖက်တွင်မူ၊ လေဂူများ၏ အနက်ရှိုင်းဆုံးနေရာ၌ ဒုက္ခသည်များသည် ထိတ်လန့်ခြောက်ခြားစွာဖြင့် တိတ်ဆိတ်နေကြပြီး မှိန်ပျပျဖယောင်းတိုင်မီးက နံရံပေါ်တွင် တုန်ရီနေသော အရိပ်ရှည်ရှည်များကို ဖြစ်ပေါ်စေသည်။

ရှီဖန်းသည် သူ၏ မိခင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာတွင် စိုးရိမ်မှုနှင့် ပြတ်သားမှုတို့ ရောပြွမ်းနေ၏။ အပြင်ဘက်တွင်မူ တစ်ခါတစ်ရံ တစ္ဆေငိုကြွေးသံများ ထွက်ပေါ်နေသဖြင့် သူတို့ကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်လှသည်။

အဘိုးအိုဖြစ်သူက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"ငါ့အဘိုး ပြောဖူးတာ ငါ မှတ်မိသေးတယ်... တစ်ချိန်က ဒီဝိညာဉ်ကင်းလှည့်မှုတွေက ကောင်းချီးတစ်ခုပဲ၊ ပုန်းအောင်းနေတဲ့ စိတ်ဝိညာဉ်တွေရန်ကနေ ငါတို့ကို ကာကွယ်ပေးတဲ့ ထုံးတမ်းစဉ်လာတစ်ခုပေါ့။ အခုတော့ သူတို့က သေခြင်းတရား၏ ရှေ့ပြေးနိမိတ်တွေ ဖြစ်လာခဲ့ပြီ"

ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း လေးနက်စွာ ခေါင်းညိတ်ကြသည်။ တစ်ချိန်က ဝိညာဉ်ကင်းလှည့်ခြင်းသည် ကာကွယ်မှုနှင့် ဂုဏ်ယူစရာ ညတစ်ည ဖြစ်ခဲ့ဖူးသော်လည်း ယခုမူ ထိတ်လန့်စရာ ညတစ်ည ဖြစ်နေခဲ့ပြီ ဖြစ်၏။

ထောင့်စွန်းတွင်မူ ရှီဖန်းက သတ္တိမွေးကာ ကျင့်ကြံသူတစ်ဦးကို မေးလိုက်သည်။

"စီနီယာ၊ အပြင်မှာ ဝတ်ရုံနက်ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ကို မြင်ခဲ့မိလား... သူ ဘယ်လေဂူထဲကိုမှ မဝင်သွားဘူးလား"

.........

အခန်း ၄၆၉ - ထိတ်လန့်ခြင်းနှင့် အံ့အားသင့်ခြင်းများ

လျူရှီးသည် ရှီဖန်းကို အံ့ဩတကြီး ကြည့်လိုက်ပြီးနောက် ပြန်လည်စဉ်းစားကာ ပြောလိုက်၏။ "လေဂူထဲမဝင်ခင်က ဝတ်ရုံနက်ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ကို ငါတွေ့လို့ အထဲဝင်ဖို့ အကြံပေးခဲ့သေးတယ်။"

"ဒါပေမဲ့ ငါမဝင်ခင်အထိ သူက ဘာမှမလှုပ်ရှားသေးဘူး။ ဖြစ်နိုင်တာက... သူ တခြားဂူတစ်ခုကို သွားလိုက်တာနေမှာပါ"

ရှီဖန်း၏ မျက်နှာသည် ချက်ချင်း ဖြူလျော်သွားလေသည်။ "ဒီအနီးအနားမှာ လေဂူဆိုလို့ ဒါပဲရှိတာ... တခြားဂူတွေအကုန်လုံးက အဝေးကြီးမှာ"

သူသည် အခြေအနေကို ရိပ်မိသွားပြီးနောက် အလွန်အမင်း နောင်တရမိသွား၏။ လေဂူသို့ မထွက်ခွာမီ ထိုအကြီးအကဲကို သူ သတိပေးခဲ့သင့်သည်။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲတွင် မိမိကိုယ်မိမိ စွမ်းဆောင်ရည်ရှိသည်ဟု ယုံကြည်မှုလွန်ကဲနေသော ကျင့်ကြံသူအသစ် အများအပြားသည် နာနာဘာဝများကို လုံးဝဂရုမစိုက်ကြပေ။ သို့မဟုတ် ထိုအရာများကို စိတ်ဝင်စားစရာကောင်းသည်ဟုပင် ထင်မှတ်ကာ နာနာဘာဝကင်းလှည့်သော ညများ၌ အပြင်ဘက်တွင်ပဲ နေထိုင်ရန် ရွေးချယ်တတ်ကြသည်။ ယခုလည်း ထိုအကြီးအကဲသည် ဤလေဂူထဲသို့ အချိန်မီ ရောက်မလာခဲ့ချေ။

လျူရှီး ဂူထဲသို့ဝင်သွားသည့် အချိန်အထိ ထိုသူက ဘာမှမလုပ်ဆောင်ရသေးချေ။ ထိုမျှအချိန်တိုအတွင်း အခြားလေဂူတစ်ခုသို့ အချိန်မီရောက်ရှိရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ပြင်ပတွင်မူ နာနာဘာဝစစ်တပ်၏ ရံဖန်ရံခါ အော်ဟစ်သံကြီးများက ဟိန်းထွက်နေပြီး ဘာတွေဖြစ်ပျက်တော့မည်ကို တွေးတောမိကာ ရှီဖန်းတစ်ယောက် တုန်လှုပ်ချောက်ချားလာလေသည်။

လျူရှီး၏ လေသံကမူ တည်ငြိမ်နေဆဲပင်။ "အဲဒီမိတ်ဆွေက ဒီနေရာကို ရောက်ခါစပဲ ရှိသေးပုံရတယ်... တကယ် နှမြောစရာကောင်းတာပဲ"

သူသည် ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးပြီး ဖြစ်၏။

တစ်ကြိမ်က ယန်နတ်ဘုရား၏သားဖြစ်သောကျင့်ကြံသူတစ်ဦးသည် မိခင်ဖြစ်သူ ချန်ထားခဲ့သည့် ယန်နတ်ဘုရားလက်နက်ကို အားကိုးကာ ရတနာရှာဖွေရန် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ စွန့်စားဝင်ရောက်ခဲ့ဖူးသည်။ သူသည် မိမိ၏ခွန်အားကို ယုံကြည်စိတ်ချလွန်းသဖြင့် နာနာဘာဝများကို အမှုမထားခဲ့ချေ။

နောက်ဆုံး၌မူ သူသည်... သေဆုံးသွားခဲ့ရလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဤအရာများကို ရိုးအီနေပြီဖြစ်သော လျူရှီးအတွက်မူ သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်၏။

"မိုးလင်းဖို့ နာရီကလည်းလိုသေးတယ်။ စိတ်အေးအေးထားပါ ။စိုးရိမ်နေလည်း ဘာမှထူးမှာမဟုတ်ဘူး"

စိတ်နှလုံးကောင်းရှိသော လျူရှီးက ရှီဖန်းကို နှစ်သိမ့်ပေးလိုက်သည်။

"နေ့အလင်းရောင် ရောက်လာတဲ့အခါကျမှ သူ့အလောင်းကို သွားရှာတာပေါ့။ တကယ်လို့ သူ့အရိုးတွေက ခိုင်မာတယ်ဆိုရင် ရုပ်အကြွင်းအချို့ ကျန်ကောင်းကျန်နိုင်ပါသေးတယ်"

ရှီဖန်းက ဝမ်းနည်းစွာဖြင့် တိတ်ဆိတ်သွားလေ၏။

လေဂူအတွင်းမှနေ၍ နာနာဘာဝများ၏ အော်ဟစ်သံများကို ဆက်တိုက် ကြားနေရသည်။

ရှီဖန်းသည် စိုးရိမ်ပူပန်တုန်လှုပ်လျက် ဂူဝဆီသို့ ခေါင်းပြူ၍ ခဏခဏ ကြည့်နေမိ၏။ အပြင်သို့ ထွက်ရန်လည်း ကြောက်ရွံ့နေမိသလို ကျိယွမ်အတွက်လည်း အလွန် စိုးရိမ်နေမိလေသည်။

လျူရှီးကမူ ဘာမှမဖြစ်သကဲ့သို့ပင်။ သူသည် သင့်တော်သော နေရာတစ်ခုရှာကာ ထိုင်လိုက်ပြီး မျက်လုံးမှိတ်၍ အနားယူနေလေသည်။

...........

ထိုအချိန်တွင် တောအုပ်ပြင်ပ တောင်တန်းများပေါ်၌ မှောင်မိုက်ခြင်းက ကြီးစိုးနေပြီး မငြိမ်မသက် ဖြစ်နေလေသည်။ တစ္ဆေတစ်သောင်း၏ စိုက်ကြည့်မှုကို ခံနေရသကဲ့သို့ ဆန်းကြယ်သော စိမ်းဖန့်ဖန့် မျက်လုံးများကို ထိုအမှောင်ထုထဲတွင် ဖြတ်ခနဲ ဖြတ်ခနဲ မြင်တွေ့နေရ၏။

ထောင်ပေါင်းများစွာသော နာနာဘာဝစစ်တပ်ကြီးသည် တန်းစီလျက် ခေါင်းငုံ့ထားကြပြီး ကြေညာချက်ထုတ်ပြန်ခြင်းအခမ်းအနားတစ်ခုကို တက်ရောက်နေကြသည့်အလား ရှိနေသည်။

သူတို့၏ အပေါ်ယံတွင် ဝဲပျံနေသော ကျိယွမ်သည် နာနာဘာဝများ၏ ဝန်းရံခြင်းကို ခံထားရပြီး မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြုကာ ထိုသူတို့အား တရားဟောလျက် စည်းရုံးသိမ်းသွင်းနေ၏။

လွန်ခဲ့သောညက သာမန်ညတစ်ည မဟုတ်ခဲ့ချေ။

နာနာဘာဝစစ်တပ်ကို ဦးဆောင်ကာ ကျိယွမ်သည် လီပေါင်းများစွာကို ဖြတ်ကျော်ပြီး အနီးနားရှိ နာနာဘာဝထိန်းချုပ်သူများအားလုံးကို ရှင်းလင်းပစ်ခဲ့သည်။

ထိုအခွင့်အရေးကို အသုံးချကာ သူသည် မိမိ၏ အမိန့်ပေးမှုအောက်တွင် နာနာဘာဝစစ်တပ်ကို စုစည်းခဲ့ရာ ယခုအခါ ၎င်းတို့၏ အရေအတွက်မှာ အံ့ဩစရာကောင်းလောက်အောင် များပြားလာခဲ့ပြီ ဖြစ်၏။

သူတို့၏ အပေါ်တွင် ဝဲပျံနေရင်း ကျိယွမ်သည် မိမိ၏ စစ်တပ်အသစ်ကို မိန့်ခွန်းပြောကြားနေလေသည်။ နာနာဘာဝများ၏ မျက်နှာများတွင် စိတ်အားထက်သန်မှုနှင့် ကြည်ညိုမှုများ ပြည့်နှက်နေပြီး ၎င်းတို့၏ ဟစ်ကြွေးသံများမှာ ကမ္ဘာဂြိုဟ်ပေါ်မှဂီတဖျော်ဖြေပွဲထက်ပင် ပိုမိုပြင်းထန်ကာ ဒီရေလှိုင်းကဲ့သို့ ရိုက်ခတ်နေ၏။

"ငါ့ရဲ့ နယ်မြေကို ကာကွယ်ဖို့အတွက် ငါတို့မှာ စည်းကမ်းရှိပြီး ရိုသေထိုက်တဲ့ အင်အားတောင့်တင်းတဲ့ စစ်တပ်တစ်ခု တည်ဆောက်ရမယ်။"

သူ ခဏနားလိုက်၏။

"ရိုသေမှုရှိတယ်ဆိုတာ ဘာကိုပြောတာလဲ... ကဲ... အခုက သန်းခေါင်ယံအချိန် ဖြစ်နေပြီဆိုတော့ အသံကို တိုးတိုးလုပ်ကြပြီး တခြားသူတွေကို မနှောင့်ယှက်မိအောင် နေကြရအောင်"

ရိုသေမှုနှင့် စည်းကမ်းလား။ ကျိယွမ်ကိုယ်တိုင်ကလည်း အပြစ်ဆိုဖွယ်မရှိသော အမူအကျင့်များ ရှိနေသူမဟုတ်သလို နွားချိုမမ၏ ရန်စမှုများကိုလည်း ပြန်လည်တုံ့ပြန်လေ့ရှိသူ ဖြစ်၏။

ထို့ကြောင့် စည်းကမ်းရှိသော စစ်တပ်တစ်ခု ဖြစ်လာရန် မည်သို့လုပ်ဆောင်ရမည်ကို သူကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိလှပေ။

သို့သော်... တခြားသူများကို မနှောင့်ယှက်ခြင်းက ကောင်းမွန်သော စတင်ခြင်းတစ်ခု ဖြစ်ပုံရသည်။

ဒါမှမဟုတ်... စည်းလုံးညီညွတ်မှုလား။

ထိုအရာကတော့ လွယ်ပုံရ၏။ သူ့အမိန့်ကြောင့် စစ်တပ်တစ်ခုလုံးသည် ဒြပ်မဲ့ထိန်းချုပ်မှု စည်းတံဆိပ်တစ်ခုအောက် ရောက်သွားသကဲ့သို့ ငြိမ်သက်သွားပြီး မည်သည့်အသံမျှ ထွက်မလာတော့ချေ။

"စည်းကမ်းအပြင် ငါတို့မှာ ခွန်အားလည်း လိုအပ်တယ်။ ကဲ... ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် အဆင့်သုံးဆယ့်ခြောက်လေ့ကျင့်ရေးတပ်ရင်းရဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကနေ စကြစို့"

ကျိယွမ်သည် မိမိကိုယ်မိမိ အလွန်ဉာဏ်ကောင်းသည်ဟု ခံစားနေရသည်။

အတိတ်တုန်းက သူသည် ရုပ်မြင်သံကြားထဲတွင် သိုင်းသူရဲကောင်းများက အကွက်တစ်ကွက်တည်းဖြင့် နယ်ပယ်အသီးသီးကို အောင်နိုင်သွားသည်ကို ကြည့်ဖူးသည်။

ဤကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကလည်း ထိုအရာများထက် တစ်စက်မျှ လျော့နည်းမည်မဟုတ်ပေ။

"လိုက်ဆိုစမ်း.."

"တစ်နှစ် သုံးလေး ငါးခြောက် ခုနစ်ရှစ်...ရှစ်ခွန် ခြောက်ငါး..လေးသုံး ဆက်လုပ်.."

ထိုလေ့ကျင့်ခန်းအကွက်များကို နာနာဘာဝစစ်တပ်ထံ သင်ကြားပေးပြီးနောက် သူက တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

"နောက်တစ်ခုကတော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့၊ စစ်တန်းလျားဆောက်ဖို့နဲ့ လက်နက်တိုက်တစ်ခု တည်ထောင်ဖို့ပဲ"

ကျိယွမ်က ညွှန်ကြားချက်ပေးရင်း နာနာဘာဝများကို ကြည့်လိုက်သည်။ ထိုသူတို့ထဲမှ အချို့မှာ မြင့်မြတ်အလင်းမျိုးနွယ်စု၏ ချုပ်ချယ်မှု အကြွင်းအကျန်များအောက်တွင် ရှိနေဆဲ ဖြစ်၏။

ဤနာနာဘာဝများသည် မွေးရာပါ သတ်ဖြတ်လိုစိတ်ရှိသူများ မဟုတ်ကြသလို ကင်းလှည့်ပြီး လူသတ်ရန်လည်း မလိုအပ်ခဲ့ကြပေ။

သို့သော် မြင့်မြတ်အလင်းမျိုးနွယ်စုသည် ၎င်းတို့အား ထူးဆန်းသော ဖန်တီးမှုများဖြင့် ညစ်ညမ်းစေခဲ့ပြီး ပြောပြ၍မရသော ရည်ရွယ်ချက်တစ်ခုကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရသည်။

အဆင့်သုံးဆယ့်ခြောက်လေ့ကျင့်ခန်း အကွက်များကို သင်ကြားပေးပြီးနောက် ကျိယွမ်သည် ထိန်းချုပ်မှုခေါင်းလောင်းပေါ်ရှိ ကျိန်စာစည်းတံဆိပ်ကို စတင်ချေဖျက်ကာ နာနာဘာဝများကို ချည်နှောင်ထားသော စည်းတံဆိပ်ခတ်နှိပ်မှုကို ဖယ်ရှားလိုက်လေသည်။

"သိပ်ကောင်းတယ်။ ဒီနာနာဘာဝတွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုရင် မရဏကမ္ဘာမှနေ့ဆိုင်းအလုပ်တွေ လုပ်နိုင်ပြီး အချိန်တန်ရင် ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ထဲကိုဝင်ပြီး တိုက်ပွဲဝင်နိုင်လိမ့်မယ်။"

ကျိယွမ်သည် စိတ္တဇနာနာဘာဝများစွာက လေလွင့်သူများကဲ့သို့ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ ဖြစ်နေသည်ကို မကြည့်ရက်သော ကရုဏာရှင်တစ်ဦး ဖြစ်၏။

ထို့ကြောင့် သူသည် ၎င်းတို့အား သင့်တော်သောအလုပ်တစ်ခု ပေးခြင်းဖြင့် အလုပ်လက်မဲ့ဖြစ်ခြင်းကို လျှော့ချပေးကာ ဘဝသစ်တစ်ခုကို ဖန်တီးပေးခဲ့သည်။

ကမ္ဘာဂြိုဟ်ပေါ်တွင်သာဆိုလျှင် ဤကဲ့သို့သောအလုပ်မျိုးက သူ့ကို "အသက်ရှင်နေသော ဗောဓိသတ္တ" ဟူသည့် ဘွဲ့ထူးနှင့် ထိုက်တန်စေမည် ဖြစ်၏။

ကျိယွမ်၏ လမ်းညွှန်မှုအောက်တွင် နာနာဘာဝများသည် လျင်မြန်စွာ လူစုခွဲလိုက်ပြီး ၎င်းတို့၏ တာဝန်များကို ထိရောက်စွာ စတင်လုပ်ဆောင်ကြလေသည်။ အချို့က ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်နေကြပြီး အချို့က သစ်လုံးများကို ခုတ်လှဲနေကြကာ အချို့ကမူ စစ်တန်းလျားနှင့် ဘဏ္ဍာတိုက်ခန်းမတို့ကို တည်ဆောက်နေကြသည်။

သို့သော် ၎င်းတို့သည် တိတ်ဆိတ်စွာ နေကြပြီး စည်းကမ်းတကျနှင့် စနစ်တကျ ရှိနေကြဆဲပင်။

ဖြည်းဖြည်းချင်းပင် မိုးလင်းစပြုလာပြီ ဖြစ်၏။

လေဂူအတွင်း၌ ရှီဖန်းသည် တစ်ညလုံး မအိပ်ဘဲ စောင့်နေခဲ့ရသဖြင့် မျက်ကွင်းများပင်ညိုလျှင် ထိုင်နေရှာသည်။ သူ၏ စိတ်အစဉ်ကလည်း အလွန်ပင်ပန်းနွမ်းနယ်နေချေပြီ။

ပြင်ပတွင်မူ နာနာဘာဝစစ်တပ်၏ အော်ဟစ်သံများ ငြိမ်သက်သွားသည်မှာ ကြာပြီဖြစ်ပြီး ထူးဆန်းသောအသံအချို့သာ ရံဖန်ရံခါ ထွက်ပေါ်လာကာ ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခုက အစားထိုးဝင်ရောက်နေသည်။

ပြင်ပတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ အလွန် သိချင်နေမိပြီး တစ်ညလုံး သူတို့အား ဘေးကင်းအောင် စောင့်ရှောက်ပေးခဲ့သော အကြီးအကဲကို သွားရောက်ကြည့်ရှုရန် တောင့်တနေမိသည်။

"နေ့အလင်းရောင် ရောက်လာပြီ၊ နာနာဘာဝတွေလည်း မရှိတော့ဘူး၊ တော်ပါသေးရဲ့" လျူရှီးက ပြောလိုက်ရင်း အကြောဆန့်ကာ ထရပ်လိုက်ပြီး ဂူဝဆီသို့ ဦးတည်လျှောက်လှမ်းသွား၏။

ရှီဖန်းနှင့် တခြားသော ဒုက္ခသည်များလည်း သူ့နောက်မှ လိုက်ပါကာ အပြင်သို့ ထွက်လာကြသည်။

အထူးသဖြင့် ရှီဖန်းသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ဂူဝအနီးသို့ ရောက်သည်နှင့် သူသည် ချက်ချင်း အပြင်သို့ ပြေးထွက်သွားပြီး ကျိယွမ်ကို နောက်ဆုံးတွေ့ခဲ့ရသော နေရာဆီသို့ ဦးတည်သွားလေသည်။

"အား.........."

အသက်ရှုကြိမ်ဆယ်ကြိမ်ခန့် ကြာပြီးနောက် ရှီဖန်းသည် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။

သူ့ခြေထောက်များ ပျော့ခွေသွားပြီး အလွန်အမင်း ကြောက်ရွံ့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

"ဘာဖြစ်လို့လဲ သား" သူ့မိခင်က လေဂူထဲမှနေ၍ စိုးရိမ်တကြီး လှမ်းအော်မေးရင်း သူ့အနားသို့ ပြေးထွက်လာသည်။

"ဟိုမှာ... ဟိုမှာ နာနာဘာဝတွေ... အများကြီးပဲ" ရှီဖန်းက တုန်တုန်ရီရီဖြင့် ပြောရှာသည်။

သူ့ရှေ့ရှိ တောင်တန်းများပေါ်တွင် ကြောက်မက်ဖွယ် သဏ္ဌာန်များ ပြည့်နှက်နေ၏။

ထိုဝိညာဉ်များသည် ဖောက်ထွင်းမြင်နေရပြီး မျက်လုံးများက မီးခိုးငွေ့ကဲ့သို့ ထူးဆန်းသော စိမ်းဖန့်ဖန့်အလင်းများ တောက်ပနေသည်။

ထိုကြောက်မက်ဖွယ် သဏ္ဌာန်များသည် ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားနေကြ၏။ အချို့က သစ်ပင်များကို ခုတ်လှဲနေကြပြီး အချို့က သစ်လုံးများကို သယ်ဆောင်နေကြကာ အချို့ကမူ ထူးဆန်းပြီး ရယ်စရာကောင်းသော အကအလှတစ်ခုကို ညီညာစွာ ကပြနေကြသည့်အလား ရှိနေသည်။

ရှီဖန်းသည် နာနာဘာဝများကို တစ်ခါမျှ မမြင်ဖူးသော်လည်း သူ့စိတ်ဗီဇက ထိုသတ္တဝါများသည် နာနာဘာဝများဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

"ကလေးရာ... ဒါက နေ့ခင်းကြောင်တောင်ကြီးလေ။ အခုလိုအချိန်မှာ နာနာဘာဝတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ မင်းကတော့ ကိုယ့်ဘာသာကိုယ် ခြောက်လှန့်နေတာပဲ" လျူရှီးက ရယ်မောလိုက်ရင်း မိမိ၏ ဝတ်ရုံများကို သပ်ရပ်အောင်လုပ်ကာ ဂူထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

ရှီဖန်းက စိတ်ကူးစိတ်သန်းများဖြင့် လျှောက်တွေးနေသည်ဟု တွေးကာ ခေါင်းယမ်းမိ၏။

ကလေးတွေဆိုတော့လည်း ဖြစ်တတ်ပါတယ် ။

သို့သော် သူ အပြင်သို့ လှမ်းကြည့်လိုက်ပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင်မူ သူ့မျက်နှာအမူအရာက သွေးပျက်လျက် ဆွံ့အသွားလေတော့သည်။

ဂူထဲမှ တခြားဒုက္ခသည်များသည် လျူရှီး၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး ဂူထဲသို့ ချက်ချင်း ပြန်လည်ဆုတ်ခွာလာသည်ကို မြင်လိုက်ရ၏။

"နေ့ခင်းကြောင်တောင်ကြီးမှာ... နာနာဘာဝတွေလား" လျူရှီး၏ အသံက ဝေခွဲမရခြင်းများနှင့်အတူ တုန်ရီနေသည်။

သူသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲတွင် နှစ်ပေါင်းတစ်ရာခန့် နေထိုင်ခဲ့သော်လည်း ဤကဲ့သို့သော ထူးခြားဆန်းပြားသောအဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။

နေ့ခင်းဘက် ဖြစ်နေရုံသာမကဘဲ အကြည့်တစ်ချက်မျှဖြင့်ပင် ထိုနေရာတွင် ထောင်ပေါင်းများစွာ ရှိနေကြောင်း မြင်နိုင်သည်။

တကယ် ကြောက်စရာကောင်းလွန်းလှ၏။

"သွားပြီ... ဟိုကလေး ရှီဖန်းက အပြင်မှာ ရှိနေတုန်းပဲ..." လျူရှီး၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံ တုန်ခါသွားသည်။

လွန်ခဲ့သောညက ရှီဖန်းနှင့် စကားအများကြီး ပြောခဲ့ပြီးနောက် ထိုကလေးကို သူ သဘောကျမိသွားခြင်း ဖြစ်၏။

သို့သော် ယခုမူ နာနာဘာဝများက အပြင်ဘက်မှာတင် ရှိနေသဖြင့် ရှီဖန်းသည် သေလူတစ်ယောက် ဖြစ်နေချေပြီ။

သို့သော် ဆန်းကြယ်သည်မှာ... သူ သေမနေခြင်းပင်။

ဂူထဲမှ တခြားသူများလည်း ထိုနည်းတူပင် ဆွံ့အလျက် ရှိနေကြပြီး ၎င်းတို့၏ မျက်နှာများတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ရောပြန်းနေသည်။

"နေ့ခင်းကြောင်တောင်ကြီးမှာ နာနာဘာဝတွေ ဘယ်လိုလုပ် ရှိနေတာလဲ"

"ငါတော့ သေပြီ။ နာနာဘာဝတွေ ငါ့ကို မြင်သွားပြီ။ ငါတော့ ဘိုးဘေးတွေဆီ သွားရတော့မယ်"

မှောင်မိုက်သော တိမ်တိုက်ကြီးတစ်ခုကဲ့သို့ ၎င်းတို့ကို ဝန်းရံထားသော နာနာဘာဝများကြောင့် ၎င်းတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အမြစ်တွယ်သွားလေသည်။

လျူရှီးက အပြင်ဘက်သို့ သတိထားကာ ထပ်မံကြည့်ရှုလိုက်ပြီး ရေရွတ်လိုက်၏။

"ရှီဖန်းက ဘာလို့ အသက်ရှင်နေသေးတာလဲ။ နာနာဘာဝတွေက ငါတို့ကို သိရှိနိုင်လောက်အောင် အင်အားကြီးပေမဲ့ သူတို့က တိုက်ခိုက်မနေဘူး... သူတို့... ဘာလုပ်နေကြတာလဲ"

သူသည် နာနာဘာဝများကို ကြည့်ကာ သိသိသာသာ သံသယဝင်နေမိသည်။

ပုံမှန်မဟုတ်သော အရာတစ်ခုခု ဖြစ်ပျက်နေသည်မှာ အမှန်ပင်။

အတိအကျပင် ထိုအချိန်၌ ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

"ဘယ်သူက ငါ့ရဲ့ နာနာဘာဝတွေကို ခိုးယူရဲတာလဲ"

ခရမ်းရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်ရာ ၎င်း၏အသံက မြေပြင်ကိုပင် တုန်ခါသွားစေသည်။

လွန်ခဲ့သောညက သူသည် နာနာဘာဝစစ်တပ်ကို ဦးဆောင်နေရင်း လူသူမဲ့ချောက်ကမ်းပါးတစ်ခုထဲသို့ ရောက်သွားကာ စိတ်ကူးပေါက်သဖြင့် လူသူမဲ့လေဂူတစ်ခုအတွင်း မိမိ၏ မယားငယ်နှင့်အတူ "တိတ်ဆိတ်သော တွေ့ဆုံခြင်း" ကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သို့သော် တိတ်ဆိတ်စွာ တွေ့ဆုံပြီးနောက်တွင်မူ မိမိ၏ နာနာဘာဝအဖွဲ့ ကွယ်ပျောက်သွားကြောင်း သူ သိလိုက်ရသည်။

၄င်းက ကြီးလေးသော ကိစ္စတစ်ခု ဖြစ်၏။

မိမိ၏ ခေါင်းလောင်းပေါ်မှ အမှတ်အသားနောက်သို့ လိုက်လာရင်း သူသည် ပျောက်ဆုံးနေသော နာနာဘာဝများဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

သို့သော် ချိုင့်ဝှမ်းသို့ ရောက်သည်နှင့် တောင်စောင်းတစ်ခုလုံး ပြည့်နှက်နေသော မရေမတွက်နိုင်သော နာနာဘာဝများကို မြင်လိုက်ရသဖြင့် သူသည် ဆွံ့အသွားပြီး မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။

"အာ... ငါက ဒီအတိုင်း ဖြတ်သွားတာပါ၊ လမ်းကြုံလေး ဖြတ်သွားတာ။ ငါ မှားသွားပါတယ်" သူက ချက်ချင်း စကားပြင်ပြောလိုက်၏။

မိမိ၏ ကိုယ်ပိုင် နာနာဘာဝများချည်းသာဆိုလျှင်မူ သူသည် မြင့်မြတ်အလင်းမျိုးနွယ်စုကျောထောက်နောက်ခံကို အားကိုးရန် ဝံ့ရဲကောင်း ဝံ့ရဲလိမ့်မည်။

သို့သော် ဤနေရာ၌မူ... အရေအတွက်က မရေမတွက်နိုင်အောင် အလွန်အမင်း များပြားလွန်းလှသည်။

ချက်ချင်းပင် သူသည် ဆန့်ကျင်ဘက်အရပ်သို့ လှည့်၍ ထွက်ပြေးလေတော့သည်။

ထိုအချိန်တွင် ပျင်းရိငြီးငွေ့ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်၏။

"မနက်စောစောစီးစီး လူတွေကို လာနှိုးနေတယ်... တကယ် အားနာရမှန်းမသိဘူး"

ထိုအသံကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်နေကြသော၊ တည်ဆောက်ရေးလုပ်ငန်းများ လုပ်နေကြသော နာနာဘာဝများအားလုံး ရပ်တန့်သွားကြပြီး ထွက်ပြေးနေသော နာနာဘာဝထိန်းချုပ်သူထံသို့ ညီညာစွာ လှမ်းအော်လိုက်ကြလေသည်။

"ယဉ်ယဉ်ကျေးကျေး... နေစမ်း"

အဝေးမှနေ၍ ဤမြင်ကွင်းကို ကြည့်နေသော လျူရှီးသည် ထိတ်လန့်အံ့ဩလွန်းသဖြင့် မိမိကိုယ်မိမိ အိပ်မက်မက်နေသလားဟုပင် သံသယဝင်မိသွားသည်။

ငါ အိပ်ပျော်နေတာ ကြာသွားလို့လား။ ဒါမှမဟုတ် ကျင့်ကြံခြင်းလောကတစ်ခုလုံး တစ်ညတည်းနဲ့ ရူးသွပ်ကုန်ကြပြီလား။

နာနာဘာဝစစ်တပ်ကြီးက ဟစ်ကြွေးလိုက်သည်နှင့် ထိုနာနာဘာဝထိန်းချုပ်သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲပျက်စီးသွားပြီး သွေးမြူခိုးများအဖြစ်သို့ ပြိုကွဲသွားလေတော့သည်။

တည်ငြိမ်သောအသံတစ်ခုက မှတ်ချက်ချလိုက်၏။ "ဒါက ယဉ်ကျေးပျူငှာမှု မရှိတဲ့အတွက် ရလာတဲ့ ရလဒ်ပဲ"

ထိုလေသံက ပေါ့ပေါ့ပါးပါးရှိလှပြီး ဂရုမစိုက်မှုအချို့ပင် ပါဝင်နေသည်။

ထိုအသံကို ကြားလိုက်ရသဖြင့် ရှီဖန်း၏ မျက်နှာတွင် ဝမ်းသာအားရဖြစ်မှုများ ယှက်သန်းသွား၏။

"ဒါ... အကြီးအကဲရဲ့ အသံပဲ"

"ဘာ... မနေ့ညက ဝတ်ရုံနက်ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူလား" လျူရှီးသည် သိသိသာသာ တုန်လှုပ်သွားသည်။

နာနာဘာဝစစ်တပ်တစ်ခုတည်းကပင် ယန်နတ်ဘုရားတစ်ပါးကို အလွယ်တကူ ချေမှုန်းရန် လုံလောက်၏။သို့သော် ဤနေရာ၌ ၎င်းတို့၏အရေအတွက်က သောင်းချီ၍ ရှိနေသည်။

ထိုမျှများပြားသော နာနာဘာဝများကို ထိန်းချုပ်နိုင်ရန်အတွက် ထိုကျင့်ကြံသူသည်... မူလသဘောတရားအဆင့် ဖြစ်ရမည်။

ယန်နတ်ဘုရားဆိုသည်မှာ ၎င်းနှင့်နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ချေ။

ထိုအသိကြောင့် လျူရှီးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား၏။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် ရှီဖန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ရှီဖန်း...မင်း ငါ့ကို ရိုသေထိုက်တဲ့အရှင်နဲ့ တွေ့ဆုံဖို့ ခေါ်သွားပေးနိုင်မလား"

ရှီဖန်းသည် အံ့ဩမိသလို ဝမ်းသာလည်း သွားပြီး ခေါင်းညိတ်လိုက်၏။

"ရတာပေါ့"

အသက်ရှုကြိမ်တစ်ရာခန့် ကြာပြီးနောက် လျူရှီးသည် အလွန်သတိထားလျက် နာနာဘာဝစစ်တပ်၏ ကြားထဲမှနေ၍ ရှီဖန်းနောက်သို့ လိုက်ပါလာခဲ့ရာ နောက်ဆုံးတွင် ဝတ်ရုံနက်ဝတ်ဆင်ထားသော ကျင့်ကြံသူ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ချက်ချင်းပင် လျူရှီးသည် ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။ "လေလွင့်ကျင့်ကြံသူ လျူရှီးက အရှင့်ကို ဂါရဝပြုပါတယ်"

ရှီဖန်းကမူ မျက်လုံးများ တောက်ပလျက် မေးလိုက်သည်။

"အကြီးအကဲ... ဒီနာနာဘာဝတွေအကုန်လုံးကို ဘယ်လိုလုပ်ပြီး နှိမ်နင်းလိုက်တာလဲ"

လျူရှီးလည်း ထိုနည်းတူပင် အလွန်အမင်း သိချင်နေမိသည်။

နာနာဘာဝများသည် ယန်နတ်ဘုရားများပင် ရင်ဆိုင်ရန် ကြောက်ရွံ့ရသော ဆန်းကြယ်သည့် ဖြစ်တည်မှုများအဖြစ် လူသိများကြ၏။

ဤနေရာရှိ နာနာဘာဝများကို စိတ်ဝင်စားခဲ့ဖူးသော မူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦးအကြောင်း သူ ကြားဖူးသည်။ ထိုကျင့်ကြံသူသည် ကိုယ်တိုင်ဝင်ရောက်ရန် ကြောက်ရွံ့လွန်းသဖြင့် ရတနာမြောက်မြားစွာ ပေးကာ နာနာဘာဝတစ်ကောင်ကို ဝယ်ယူ၍ ပြန်လည်လေ့လာခဲ့ဖူးသော်လည်း နောက်ဆုံး၌မူ နာနာဘာဝများသည် နက်နဲပြီး ဆန်းကြယ်သော အန္တရာယ်ရှိကြောင်းသာ ကောက်ချက်ချနိုင်ခဲ့သည်။

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

"ငါက စိတ်နှလုံးနူးညံ့လို့ပါ။ သူတို့တွေ ညဘက်မှာ အိုးမဲ့အိမ်မဲ့သရဲတစ္ဆေတွေလို ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေကြတာကို မကြည့်ရက်လို့ ငါ ခေါ်ထားပြီး အလုပ်အကိုင်လေးဘာလေး ပေးထားလိုက်တာ"

ဤလောကတွင် စိတ်ကောင်းရှိသူများ ရှိနေသေးသည် မဟုတ်ပါလား။

အချို့သော ချမ်းသာသည့် အရှင်သခင်များသည် လေလွင့်သူများကို မောင်းထုတ်တတ်ကြသော်လည်း အချို့ကမူ ၎င်းတို့အား နေရာပြန်ချပေးတတ်ကြသည်။ ကျိယွမ်ကမူ ၎င်းတို့အား အလုပ်ပင် ပေးခဲ့သေး၏။

ဤကျေးဇူးကို ပြန်ဆပ်ရန်မှာ မဖြစ်နိုင်ပေ။

လျူရှီးသည် မပြုံးမိအောင် အတတ်နိုင်ဆုံး ထိန်းထားရရှာသည်။

ဤလေလွင့်ဝိညာဉ်များကို "လေလွင့်သူများ" ဟုသာ ခေါ်ဆိုခြင်းက အဓိပ္ပာယ်မရှိလှပေ။ ထို့အပြင် ၎င်းတို့အား "အလုပ်" ပေးသည်ဆိုသည်မှာ... ဘာကို ဆိုလိုတာလဲ။

ကျိယွမ်၏အတွေးအခေါ်ကို သူ ဘယ်လိုမှ နားမလည်နိုင်ချေ။

"ဒီနာနာဘာဝတွေက မူလက ကြင်နာတတ်ကြပါတယ်၊ ဒါပေမဲ့... လူဆိုးတွေက သူတို့ကို ညစ်ညမ်းစေခဲ့ပြီး ဒီခေါင်းလောင်းကို သုံးပြီး ထိန်းချုပ်ထားတာ ၊ ကောင်းကင်ယံကို ကင်းလှည့်ဖို့နဲ့ အသက်ရှင်နေသူတွေကို သတ်ဖြတ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့ကြတာ"

ကျိယွမ်က ခေါင်းလောင်းတစ်ခုကို မြှောက်ပြရင်း ပြောလိုက်သည်။

ရှီဖန်း၏ မျက်လုံးများ တောက်ပသွား၏။

"အဘိုးနျူ ပြောတာ မှန်တာပဲ! နာနာဘာဝတွေက အရင်တုန်းက ကျွန်တော်တို့ကို ကာကွယ်ပေးခဲ့ကြတာ။ ဒါပေမဲ့ လူဆိုးတွေ ရောက်လာပြီး သူတို့ကို ထိန်းချုပ်သွားကြတာ"

ကျိယွမ်သည် မိမိ၏ အတွေးကမ္ဘာထဲတွင် နစ်မျောနေရင်း ရှီဖန်းကို ကြည့်လိုက်သည်။

အသက်ရှင်စဉ်က ဤနာနာဘာဝများသည် နယ်စပ်ကို ကာကွယ်ခဲ့ကြသူများ ဖြစ်၏။

သို့သော် ၎င်းတို့ ရှုံးနိမ့်ခဲ့ရပြီး ၎င်းတို့၏ ကမ္ဘာကြီး ပျက်စီးကာ ၎င်းတို့၏ လူမျိုးများမှာလည်း သုညနီးပါး မျိုးတုံးခဲ့ရရှာသည်။ အနည်းငယ်သော သူများသာ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြ၏။

နာနာဘာဝများ ဖြစ်သွားသည့်တိုင်အောင် ၎င်းတို့သည် မိမိတို့၏ လူမျိုးများကို ဆက်လက်ကာကွယ်ပေးခဲ့ကြပြီး ၎င်းတို့၏ မျိုးဆက်သစ်များအတွက် အတားအဆီးများကို ရှင်းလင်းပေးခဲ့ကြသည်။

ထို့နောက်တွင်မူ မြင့်မြတ်အလင်းမျိုးနွယ်စု ရောက်လာပြီး ၎င်းတို့ကို ထိန်းချုပ်သွားခဲ့ခြင်း ဖြစ်ပုံရ၏။

လျူရှီးသည် မျက်မှောင်ကြုတ်လိုက်ပြီး အနားသို့ တိုးကာ တိုးတိုးလေး သတိပေးလိုက်သည်။ "ဒီနေရာက နာနာဘာဝစစ်တပ်ကို ထိန်းချုပ်နိုင်တဲ့သူဟာ သေချာပေါက် မြင့်မြတ်အလင်းမျိုးနွယ်စုက ဖြစ်ရမယ်။ အကြီးအကဲ... သင်ဟာ မြင့်မြတ်အလင်းမျိုးနွယ်စုကို ရန်စမိသွားပြီဖြစ်လို့ ကျေးဇူးပြုပြီး သတိထားပြီး လုပ်ဆောင်ပါ"

နာနာဘာဝများနှင့် ပတ်သက်သည့် ကောလာဟလများကို လျူရှီး ကြားဖူးသည်။

မြင့်မြတ်အလင်းမျိုးနွယ်စု၏ နောက်ကွယ်တွင် ခိုင်မာတောင့်တင်းသော မြင့်မြတ်အလင်းမျိုးဆက် ရှိနေ၏။

၎င်းတို့သည် လျှော့တွက်၍မရသော အင်အားစုတစ်ခု ဖြစ်သည်။

"အဆင်ပြေပါတယ်။ ငါက မြင့်မြတ်အလင်းမျိုးဆက်နဲ့ တော်တော်လေး ရင်းနှီးပြီးသားပါ" ကျိယွမ်က ပြုံးလျက် ပြန်ပြောလိုက်၏။

ဘာပဲဖြစ်ဖြစ် သူသည် အရှေ့ပိုင်းအရှင်သခင်တစ်ဦးကိုပင် အမဲလိုက်ခဲ့ဖူးသည် မဟုတ်ပါလား။

လျူရှီးသည် ဤအကြီးအကဲကို ပို၍ပို၍ ဆန်းကြယ်သည်ဟု ထင်မှတ်လာကာ အံ့ဩလေးစားမှုများ မြင့်တက်လာလေသည်။

ထိုအချိန်တွင် ကျိယွမ်က တစ်ခုခုကို သတိရသွားပုံရ၏။ "ကျင့်ကြံသူ... မင်း ငါ့ကို အလုပ်တစ်ခု ကူညီလုပ်ပေးနိုင်မလား"

လျူရှီးသည် ဂုဏ်ယူမိသလို ဝမ်းသာပီတိလည်း ဖြစ်သွားရသည်။

ဤအကြီးအကဲက သူ့ကို "ကျင့်ကြံသူ" အဖော်တစ်ဦးအဖြစ် ရည်ညွှန်းပြောဆိုလိုက်ခြင်းက သူ့ကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။

"ငါက ရှားပါးရတနာအချို့ကို စုဆောင်းချင်လို့ပါ။ အရည်အသွေး ကောင်းဖို့ မလိုပါဘူး၊ အရေအတွက် များများရှိရင် ရပြီ။"

"ဒီနာနာဘာဝတွေကို ငါ့အတွက် သွားစုခိုင်းဖို့ စဉ်းစားမိပေမဲ့... ကံမကောင်းစွာနဲ့ပဲ လူတွေက အမြဲတမ်း အထင်လွဲတတ်ကြတယ်။ ဒါက သူတို့အပြစ်တော့ မဟုတ်ပါဘူး။ နာနာဘာဝတွေ ပစ္စည်းလိုက်စုနေတာကို မြင်ရင် တခြားသူတွေ ထိတ်လန့်သွားမှာကို ငါစိုးရိမ်တယ်။"

သူ ခဏနားပြီးမှ ဆက်ပြော၏။ "မင်းကတော့ လူတစ်ယောက်တည်းလေ။ ငါ့အတွက် ရတနာတွေ စုဆောင်းဖို့ နာနာဘာဝအချို့ကို ဦးဆောင်ပေးနိုင်မလား။"

"ဝိညာဉ်ကျောက်စိမ်း၊ ရတနာဘာညာ... မင်းလိုအပ်တာမှန်သမျှကို ငါ ထောက်ပံ့ပေးမယ်။"

ပြောနေရင်းနှင့်ပင် ကျိယွမ်သည် သိုလှောင်အိတ်တစ်ခုကို လျူရှီးထံသို့ လှမ်းပစ်ပေးလိုက်သည်။

သူ့အတွက် ငွေကြေးကိစ္စမှာ ပြဿနာမဟုတ်ချေ။

သူသည် မိုလိုမျိုးနွယ်စု၏ စည်းစိမ်ချမ်းသာများကို မိမိကိုယ်ပိုင်အဖြစ် သိမ်းပိုက်နိုင်လောက်အောင် ယန်နတ်ဘုရား အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။

လျူရှီးသည် မျက်နှာပျက်လျက် တုံ့ဆိုင်းနေမိသည်။

အရှင်သခင်တစ်ဦးကို အလုပ်အကျွေးပြုခြင်းက အကျိုးကျေးဇူးရှိသော်လည်း အန္တရာယ်လည်း ကြီးမားလှ၏။

ယခုအရှင်သခင်သည် မြင့်မြတ်အလင်းမျိုးနွယ်စုကို တိုက်ရိုက် စိန်ခေါ်ထားသူ ဖြစ်သည်။

သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို ကြောက်ရွံ့မိသည်။

ခဏမျှ စိတ်ဒွိဟဖြစ်ပြီးနောက် လျူရှီးက ငြင်းပယ်လိုက်၏။ "တောင်းပန်ပါတယ် စီနီယာ။ ကျွန်တော်က နည်းနည်း အထီးကျန်ဆန်သူဖြစ်ပြီး တခြားသူတွေနဲ့ ဆက်ဆံတာ ရှားပါတယ်။ အလုပ်ကို ဖျက်ဆီးမိမှာ စိုးရိမ်မိပါတယ်"

လျူရှီးသည် အံကိုကြိတ်ကာ ငြင်းပယ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။

အခွင့်အရေးနှင့် ဘေးကင်းလုံခြုံမှုအကြား ရွေးချယ်ရသည့်အခါတွင်မူ သူ့အသက်က ပို၍ အရေးကြီးပေသည်။

သို့သော် ရှီဖန်းက မနေနိုင်စွာ ဝင်ပြောလိုက်၏။

"အကြီးအကဲ... ကျွန်တော် လုပ်ရင်ကော အဆင်ပြေနိုင်မလား"

ထို့သို့ပြောသော်လည်း သူသည် အလွန်စိုးရိမ်ပူပန်နေမိသည်။

ပထမအချက်မှာ သူက ငယ်ရွယ်လွန်းသေး၏။

ဒုတိယအချက်မှာ သူ၌ ကျင့်ကြံခြင်းအဆင့် မရှိသေးချေ။

ရှီဖန်း၏ ဝံ့ကြံလှသော စကားကို ကြားလိုက်ရသဖြင့် လျူရှီးသည် ရယ်ချင်စိတ်ကို အောင့်အီးထားရရှာသည်။

ထိုကလေးသည် သတ္တိရှိလှသော်လည်း စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးလွန်းလှ၏။

သို့သော် ကျိယွမ်က ခေတ္တစဥ်းစားပြီး ရှိဖန်းအားကြည့်လိုက်သည်။

"သေချာတာပေါ့... မင်း လုပ်နိုင်ပါတယ်။"

လျူပန်းထွက်ပေါ်ခဲ့သည့် ဖေးရှန်ခရိုင် သေးသေးလေးကပင်လျှင် ကြီးမြတ်သော လူစွမ်းကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သေးသည် မဟုတ်ပါလား။

ကျိယွမ်၏ အမြင်တွင် ဤကမ္ဘာ၌ ထိပ်တန်းပါရမီရှင်များအပြင် "စွမ်းဆောင်ရည်ရှိသူများ" လည်း မပြတ်လပ်ချေ။

မည်သူမဆိုအတွက် အရှားပါးဆုံးအရာမှာ အခွင့်အရေးရရန်ပင် ဖြစ်၏။

အကယ်၍ ထိုသူသည် လမ်းလွဲနေသူတစ်ယောက် မဟုတ်ပါက စမ်းသပ်ကြည့်ရန် ထိုက်တန်လှသည်။ အတွေ့အကြုံက ၎င်းတို့အား ထက်မြက်အောင် သွေးပေးသွားလိမ့်မည်။

ထို့အပြင် စွမ်းဆောင်ရည်ဆိုသည်မှာ သူ၏ အဓိက အာရုံစိုက်ရာ မဟုတ်ခဲ့ချေ။

အကယ်၍သာ စွမ်းဆောင်ရည်ကို ကြည့်မည်ဆိုပါက သူသည် နွားချိုမမကို သူ့အဖွဲ့ထဲသို့ အဘယ်ကြောင့် ပေးဝင်ပါမည်နည်း။

ရှီဖန်း၏ မျက်နှာတွင် ဝမ်းသာအားရဖြစ်မှုများ လျှံထွက်သွား၏။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

"ဒီအဆောင်စာရွက်က မင်းကို ကာကွယ်ပေးလိမ့်မယ်" ကျိယွမ်က ပြောလိုက်ရင်း အဆောင်စာရွက်တစ်ခုကို ပေါ့ပေါ့ပါးပါး လှမ်းပစ်ပေးလိုက်သည်။

"မင်းနဲ့အတူ လိုက်ပါဖို့ နာနာဘာဝအဖွဲ့တစ်ဖွဲ့ကို ငါ တာဝန်ပေးလိုက်မယ်။ အရောင်းအဝယ်ပြုလုပ်မှုအားလုံးကို မင်းပဲ ကိုင်တွယ်ပါ၊ မလိုအပ်ဘဲ ငါ့ကို လာမနှောင့်ယှက်ပါနဲ့။"

ကျိယွမ်သည် အသေးအဖွဲကိစ္စရပ်တိုင်းကို လိုက်လံစီမံရန် ရည်ရွယ်ချက်မရှိချေ။

သူ့၏ အဓိကပန်းတိုင်မှာ တစ္ဆေတစ်သောင်းတံခွန် ဖြစ်၏။

ကျန်ရှိသောအရာများမှာ ဒုတိယဦးစားပေးသာ ဖြစ်သည်။

"ဟုတ်ကဲ့ ခင်ဗျာ"

ရှီဖန်းသည် သိုလှောင်အိတ်နှင့် အဆောင်စာရွက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်၏။

"တကယ်လို့ သိုလှောင်အိတ်ကို မဖွင့်နိုင်ရင် နာနာဘာဝတစ်ကောင်ကောင်ကို ဖွင့်ခိုင်းလိုက်" ကျိယွမ်က ဆက်ပြောရင်း ကျောက်ကျိမ်းပြားတစ်ခုကို လှမ်းပစ်ပေးလိုက်သည်။

"ဒီထဲက ပညာရပ်ကို မင်းစိတ်ကြိုက် လေ့ကျင့်ပါ"

ထိုကျောက်စိမ်းပြားထဲရှိ ပညာရပ်မှာ သူ မိုလိုမျိုးနွယ်စုထံမှ ရရှိခဲ့သော အရာတစ်ခု ဖြစ်၏။

ကျိယွမ်အတွက်မူ ဤအရာမှာ ကစားစရာတစ်ခုမျှသာ ဖြစ်သည်။

သို့သော် တခြားသော ကျင့်ကြံသူများအတွက်မူ ဤပညာရပ်သည် အဆင့်နိမ့်ဝိညာဉ်များအကြား အချင်းချင်းတိုက်ခိုက်ခြင်းကိုပင် ဖြစ်ပေါ်စေနိုင်လောက်အောင် အဖိုးတန်လှ၏။

လျူရှီးသည် ရှီဖန်းကို မနာလိုစွာဖြင့် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းခါလိုက်မိသည်။

မည်သည့်ဆုလာဘ်မျှ အသက်နှင့်လဲရန် မထိုက်တန်ချေ။

.......

မြင့်မြတ်အလင်းမျိုးနွယ်စုတွင် ဖြစ်၏။

ကောင်းကင်အကြွင်းအကျန်အရှင်သည် မျက်မှောင်ကြုတ်ထားပြီး ၎င်း၏ ကုန်းကွကွ ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်နေသော အစေခံတစ်ဦးနှင့် တူလှသည်။

သူ့ရှေ့တွင်မူ ဒဏ္ဍာရီအဆင့်ကျင့်ကြံသူတစ်ဦးသည် စိုးရိမ်ပူပန်မှုများဖြင့် ချွေးပြန်လျက် ရပ်နေ၏။

လွန်ခဲ့သောညက နာနာဘာဝကင်းလှည့်မှုသည် အံ့ဩစရာကောင်းလောက်အောင် ကျရှုံးခဲ့ရပြီး ဝိညာဉ်ပေါင်း သိန်းချီ၍ ဆုံးရှုံးခဲ့ရသည်။

၄င်းက သေးငယ်သော ကိစ္စမဟုတ်ချေ။

ကောင်းကင်အကြွင်းအကျန်အရှင်၏ မျက်လုံးများက မှုန်ဝါးနေ၏။

"ဒီလောက်များပြားတဲ့ နာနာဘာဝစစ်တပ်ကို အမိန့်ပေးနိုင်တဲ့သူဟာ ငါတို့ ထိန်းချုပ်နိုင်တဲ့ အဆင့်ထက် ကျော်လွန်နေပြီ"

ဤသတင်းက သူ့ကို အံ့အားသင့်စေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် မိမိ၏ သားနောက်သို့ လိုက်လံရှာဖွေရင်း ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကာ မြင့်မြတ်အလင်းမျိုးဆက်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အစေခံအဖြစ်ခိုင်းစေခံရခြင်း သို့ ရောက်ရှိခဲ့ခြင်း ဖြစ်၏။

ကောင်းကင်ဘုံ ခြောက်ထပ်ရှိ ယန်နတ်ဘုရား အများစုသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို မြင့်မြတ်အလင်းမျိုးဆက်က အုပ်ချုပ်ထားကြောင်း သိကြသည်။

မည်သူမျှ ထိုနေရာသို့ အလွယ်တကူ စွန့်စားဝင်ရောက်ရန် ဝံ့မည်မဟုတ်ပေ။

အကယ်၍ ဝင်ရောက်ခဲ့လျှင်ပင် ၎င်းတို့သည် မြင့်မြတ်အလင်းမျိုးဆက်ကို သေချာပေါက် ရှောင်ရှားကြလိမ့်မည်။

သို့သော် ဤလူကမူ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုး လုံးဝမရှိသည့်အပြင် နာနာဘာဝများကို ဖမ်းဆီး၍ အမိန့်ပေးသည်အထိပင် လုပ်ဆောင်ခဲ့သေးသည်။

ဤယန်နတ်ဘုရားသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်နေခြင်းလော။

"စီနီယာ... ကျွန်တော်တို့ အခု ဘာဆက်လုပ်သင့်လဲ" ဒဏ္ဍာရီအဆင့်ကျင့်ကြံသူက တုန်တုန်ရီရီဖြင့် မေးလိုက်သည်။

ကောင်းကင်အကြွင်းအကျန်အရှင်က မျက်မှောင်ကြုတ်လိုက်၏။

"လောလောဆယ်တော့ နောက်တစ်ကြိမ် နာနာဘာဝကင်းလှည့်တဲ့အခါ သူ့ကို ရှောင်လိုက်ကြစို့။အရှင်သခင် တစ်ကိုယ်တော်တရားကျင့်ခြင်း ကနေ ထွက်လာတဲ့အထိ စောင့်ရမယ်"

ဤစကားကို ကြားလိုက်ရသဖြင့် ဒဏ္ဍာရီအဆင့်ကျင့်ကြံသူသည် နောက်ဆုံးတွင် သက်ပြင်းချကာ စိတ်သက်သာရာရသွားတော့သည်။

သို့သော် သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင်။

အကယ်၍ အရှင်သခင် ပြန်ရောက်လာသည့်အခါ သူ့ကို အပြစ်တင်ပါက သူသည် သေလူ ဖြစ်သွားပေလိမ့်မည်။

ဤသို့ဖြင့် နွေဦးကာလမှသည် ဆောင်းဦးကာလသို့ ကူးပြောင်းသွား၏။

အချိန်တွေ ကုန်ဆုံးသွားခဲ့သည်။

သဲနာရီထဲမှ သဲပွင့်များကဲ့သို့ ခြောက်နှစ်တာကာလသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ချေပြီ။

စစ်တန်းလျားအတွင်း၌ ကျိယွမ်သည် မသပ်ရပ်သောအမူအရာဖြင့် လဲလျောင်းနေ၏။

"ဟူး... ဒီနာနာဘာဝထိန်းချုပ်သူတွေက တော်တော်လေး ဉာဏ်ကောင်းလာကြတာပဲ။ အခုဆို သူတို့က မြေအောက်ကနေတောင် ကင်းလှည့်နေကြပြီ"

အမှန်ပင် ...လွန်ခဲ့သော နှစ်များအတွင်း ကျိယွမ်သည် တစ္ဆေတစ်သောင်းတံခွန်ကို လေ့လာနေရုံသာမက နာနာဘာဝများကိုလည်း ဆက်လက်စုဆောင်းခဲ့သည်။

ထိုလေလွင့်ဝိညာဉ်များအတွက် သင့်တော်သောအလုပ်များကိုလည်း ပေးခဲ့၏။

မြင့်မြတ်အလင်းမျိုးနွယ်စုသည် သူ မျှော်လင့်ထားသကဲ့သို့ အာဏာပြကာ ကုတ်ကတ်ခြင်းမျိုး မပြသခဲ့ကြချေ။ ၎င်းတို့၏ ကင်းလှည့်အဖွဲ့များသည် သူ့ကို တက်ကြွစွာ ရှောင်ရှားခဲ့ကြသည်။

အစပိုင်းတွင်မူ အဝေး၌ နေရုံမျှဖြင့် လုံလောက်ခဲ့သည်။

ကျိယွမ်သည် ထိုလေလွင့်နေသော နာနာဘာဝများကို လိုက်လံစုဆောင်းရန် အင်အားအမြောက်အမြား အသုံးချခဲ့ရသော်လည်း မြင့်မြတ်အလင်းမျိုးနွယ်စုကမူ ကင်းလှည့်လမ်းကြောင်းများကို ပို၍ပို၍ ဝေးရာသို့ ရွှေ့ဆိုင်းကာ သူ့ကို ရှောင်ရှားရန် လမ်းကြောင်းများကိုလည်း ဝှက်ထားခဲ့ကြသည်။

ယခုမူ ၎င်းတို့သည် ကောင်းကင်ယံ၌ ကင်းလှည့်ခြင်းမပြုတော့ဘဲ မြေအောက်မှနေ၍ ကင်းလှည့်ခြင်းကို ပြုလုပ်နေကြပြီ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ကျိယွမ်၏ စူးရှသော နားအကြားအာရုံကြောင့် ၎င်းတို့၏ သတင်းကို ကြားသိခဲ့ရသဖြင့် မြေကြီးအောက်နက်ရှိုင်းသော နေရာမှ မိမိ၏ နာနာဘာဝအဖော်များကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ဆရာ... ရှီဖန်းက တွေ့ခွင့်တောင်းပါတယ်"

အဝေးမှနေ၍ အသံတစ်ခု ဟိန်းထွက်လာပြီးနောက် မကြာမီမှာပင် အရပ်ရှည်ပြီး စိတ်ဓာတ်တက်ကြွနေသော လူငယ်တစ်ဦးသည် ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

ထိုသူမှာ ရှီဖန်း ဖြစ်၏။

လွန်ခဲ့သော ခြောက်နှစ်က ကလေးဘဝမှနေ၍ ရင့်ကျက်လာခဲ့ပြီးနောက် ယခုအခါ သူသည် အရပ်ရှည်ကာ ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

"ဝင်ခဲ့" ကျိယွမ်က ပျင်းရိစွာ ပြန်လည်ဖြေကြားလိုက်၏။

သူ့အနေဖြင့် အကျိုးအမြတ်အချို့ ရရှိခဲ့ပုံရလေသည်။

----------

All Chapters