အခန်း (၄၇၄-၄၇၅)
Vol. 44 Ch. 475-475
အခန်း ၄၇၄ - အရပ်လေးမျက်နှာ တည်ခင်းဧည့်ခံပွဲနှင့် ဧကရာဇ်ခန်းမတမန်တော်ကို လိုက်လံအမဲလိုက်ခြင်း
တစ္ဆေစိုးမိုးကောင်းကင်အတွင်းမှ ဒေါသတကြီး အော်ဟစ်သံတစ်သံသည် မိုင်ပေါင်းသန်းချီ၍ ဟိန်းထွက်သွားလေသည်။ ၎င်းနှင့်အတူ နားလည်နိုင်စွမ်းမရှိလောက်အောင် အလွန်ပြင်းထန်လှသည့် မှောင်မိုက်သောအလင်းတန်းတစ်ခု ဖြာထွက်လာ၏။
ကောင်းကင်နှင့် မြေကမ္ဘာသည် တုန်ခါသွားပြီး ဝိညာဉ်စွမ်းအင်များသည် ဒီရေလှိုင်းများကဲ့သို့ လှိုင်းထလျက်ရှိရာ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများသည် ကြောက်ရွံ့တုန်လှုပ်နေကြ သို့မဟုတ် ငေးမှိုင်ကြည့်နေကြလေသည်။
"ဒီစွမ်းအားအဆင့်က..."
"ငါတို့ ဘယ်လိုအဆင့်ရှိတဲ့ စွမ်းအားကြီးကို တွေ့နေရတာလဲ"
ယန်နတ်ဘုရားများထဲမှ တစ်ပါးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"အဲဒါ...တစ္ဆေစိုးမိုးကောင်းကင်ဘုံလား။ တံခွန်သခင် လှုပ်ရှားလိုက်တာလား"
"ဧကန္တ... ဧကရာဇ်ခန်းမတမန်တော် ထပ်လုပ်ပြန်ပြီလား"
"နေဦး... တစ္ဆေတစ်သောင်းတံခွန်က ဘယ်ရောက်သွားတာလဲ"
ဟင်းလင်းပြင်ထဲတွင် ယန်နတ်ဘုရားတစ်ပါးသည် အံ့ဩတုန်လှုပ်စွာ မျက်တောင်ခတ်ရင်း စိတ်ရှုပ်ထွေးနေလေသည်။ နတ်ဆိုးတောင်ကြားတွင်ရှိနေသော ကျင့်ကြံသူများသည်လည်း တစ္ဆေစိုးမိုးကောင်းကင်ဘုံဘက်သို့ လှည့်ကြည့်နေကြ၏။
"ဟ.. ဧကရာဇ်ခန်းမတမန်တော်က တကယ်ပဲ အောင်မြင်အောင် လုပ်သွားတာပဲ။ သူ တစ္ဆေတစ်သောင်းတံခွန်ကို လုသွားပြီ"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် မှိုများစားနေရင်းမှ မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် တအံ့တသြ ရေရွတ်လိုက်သည်။
"ဒါဆိုရင် ဒါက ငါတို့ တစ္ဆေစိုးမိုးကောင်းကင်ဘုံကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလား"
အန်းရွှန်းလုသည် အချစ်စိတ်ကူးယဉ်တတ်သော်လည်း လက်တွေ့ဆန်သူဖြစ်ရာ ချက်ချင်းထပ်ပြောလိုက်သည်။
"အဲဒီဧကရာဇ်ခန်းမတမန်တော်လို လူမျိုးနဲ့... သွေးဝတ်စုံက သူ့ကိုယ်သူ နှိုင်းယှဉ်ရဲသေးတယ်ပေါ့"
ခရမ်းရောင်ကံကြမ္မာရှောင်လုသည် အန်းရွှန်းလုကို စူးစိုက်ကြည့်လိုက်သော်လည်း သူမက သွေးဝတ်စုံဘက်မှ မည်သို့ကာကွယ်ပြောရမည်ကို မစဉ်းစားနိုင်ခဲ့ပါ ။ သူမ၏ ဝတ်စုံစကိုသာ စိုးရိမ်တကြီး လိမ်ကျစ်နေပြီး ခေါင်းငုံ့နေ၏။
တစ္ဆေတစ်သောင်းတံခွန် ပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရမှ ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ၎င်းကိစ္စမှာ အစ်ကိုသွေးဝတ်စုံအတွက် သူမ လုပ်ဆောင်ပေးခဲ့သော ယခင်တာဝန်နှင့် ဆက်စပ်နေသည်ကို ရိပ်မိလိုက်၏။ ထိုစဉ်က ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတွင် တစ္ဆေတစ်သောင်းတံခွန်ထံသို့ မည်သို့ဝင်ရောက်နိုင်သည်ကို သူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သည်။
အစ်ကိုသွေးဝတ်စုံသည် ဧကရာဇ်ခန်းမတမန်တော်ကို သေချာပေါက် သိနေရမည်။
တမန်တော်၏ ထူးခြားပြောင်မြောက်သော လုပ်ရပ်တွင် သွေးဝတ်စုံ၏ပါဝင်ကူညီမှုနှင့် သူမ၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ သေချာပေါက် ရှိနေလိမ့်မည်။
သို့သော်လည်း သူမသည် သွေးဝတ်စုံအား ပေးထားသော ကတိကြောင့် နှုတ်ဆိတ်နေလေသည်။ အကယ်၍ အန်းရွှန်းလုသာ အမှန်တရားကို သိသွားပါက အံ့ဩမှင်သက်သွားပေလိမ့်မည်။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ကတော့နှင်းခဲဓားကို ကြည့်ကာ သက်ပြင်းချလိုက်၏။
"တကယ်လို့ တခြားအချိန်သာဆိုရင် ငါတို့ တွန့်ဆုတ်မနေဘဲ အတင်းဝင်တိုက်မှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ မဟူရာနတ်ဆိုးချောက်က ထိုက်ဟွမ်နန်းတော်ကို ဦးညွှတ်ထားရတော့ ငါတို့ ဘာအကြောင်းပြချက်နဲ့ လှုပ်ရှားရမှာလဲ"
တစ္ဆေစိုးမိုးကောင်းကင်၏ ပရမ်းပတာဖြစ်ရပ်သည် အခွင့်ကောင်းယူ တိုက်ခိုက်ရန် အကောင်းဆုံး ဖြစ်သည်။ သို့သော် သူတို့၏ချောက်နက်သခင်သည် ယခုအချိန်တွင် ငြိမ်သက်စွာနေနေရသဖြင့် သူတို့ ရှေ့တန်းတက်ပါက သေတွင်းထဲသို့ တိုက်ရိုက်တိုးဝင်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ အန်းရွှန်းလု၏ မျက်ဝန်းများတွင် ပြတ်သားမှုများ တောက်ပလာ၏။
"အစ်ကိုဓားနက် မဟာမူလသဘောတရားအဆင့်ကို ရောက်လို့ မဟူရာနတ်ဆိုးချောက်ကို အမိန့်ပေးနိုင်တဲ့အခါ ငါတို့ ဒီလိုအရှက်ခွဲခံရမှုတွေကို သည်းခံနေမှာ မဟုတ်တော့ဘူး"
အခြားလူငယ်စစ်သည်တော်များလည်း ထောက်ခံသည့်အနေဖြင့် တိုးတိုးတိတ်တိတ် လက်ခံကြလေသည်။ သူတို့သည် ဓားနက်ကို ယုံကြည်ကိုးစားကြကြောင်း ထင်ရှားလှ၏။ သူသည် မဟူရာနတ်ဆိုးချောက်၏ တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်သော်လည်း သူ၏ တိုးတက်မှုသည် ကျင့်ကြံဆဲအဆင့်တွင်သာ ရှိသေးသည်။ သူ အပြည့်အဝ စွမ်းအားမရရှိသေးခင်အထိ ချောက်နက်အနေဖြင့် သည်းခံစောင့်ဆိုင်းရမည် ဖြစ်၏။
"ဧကရာဇ်ခန်းမတမန်တော် တစ်ယောက်တည်းတင် တစ္ဆေစိုးမိုးကောင်းကင်ဘုံတစ်ခုလုံးကို တုန်လှုပ်စေနိုင်တာ။ တကယ်လို့ အစ်ကိုဓားနက်သာ မဟာမူလသဘောတရားအဆင့်ကို ရောက်သွားရင် ထိုက်ဟွမ်နန်းတော်တောင် ငါတို့ကို ရိုသေရလိမ့်မယ်"
စစ်သည်တော်တစ်ဦးက အားရပါးရ ပြောသည်။
အမှန်တကယ်ပင် မဟူရာနတ်ဆိုးချောက်အတွင်း၌ သတင်းများ ပျံ့နှံ့နေခဲ့ပြီ ဖြစ်၏။ ချောက်နက်သခင်သည် ဓားနက်ကြီးထွားလာရန် အချိန်ဝယ်ရန်အတွက် ထိုက်ဟွမ်နန်းတော်ထံ ဦးညွှတ်ခဲ့ခြင်းဟူ၏။ လင်းယာအသွင်ပြောင်းလဲခြင်းတွင် မဟာမူလသဘောတရားအဆင့်ရှိသူ မရှိပါက သူတို့သည် ပြောပိုင်ခွင့်မရှိသော နယ်ရုပ်များသာ ဖြစ်ကြသည်။ ချောက်နက်သခင်၏ ယာယီဆုတ်ခွာမှုသည် ပိုမိုအားကောင်းသော အနာဂတ်ကို ရရှိစေပြီး သူတို့ကို ကျော်လွန်တက်လှမ်းခွင့် ပေးလိမ့်မည်။
အားနည်းသော ဂိုဏ်းများ၌ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားနေသော်လည်း မဟာမူလသဘောတရားအဆင့်များ ဦးဆောင်သော ရှေးဟောင်းအင်အားစုများသည် တောင်တန်းကြီးများကဲ့သို့ ငြိမ်သက်လျက်ပင် ရှိနေကြသည်။
ယခုအခါ ယန်နတ်ဘုရားများပင် ဧကရာဇ်ခန်းမတမန်တော်က တစ္ဆေတစ်သောင်းတံခွန်ကို လုယူသွားသည့် သတင်းအား စိတ်ဝင်စားနေကြ၏။ ထိုမျှ ကြီးမားလှသော ရတနာဖြစ်၍ ယန်နတ်ဘုရားတိုင်း အံ့အားမသင့်ဘဲ မနေနိုင်ကြချေ။ မည်သည့်မြင့်မြတ်နယ်မြေကမျှ မိမိတို့၏ အထွတ်အထိပ်လက်နက်ကို ရန်သူ့လက်ထဲ ကျရောက်ခွင့်ပေးမည် မဟုတ်သော်လည်း တမန်တော်သည် ဤမဖြစ်နိုင်သော အမှုကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် အံ့ဩလေးစားမှုနှင့် ကြောက်ရွံ့မှုကို တစ်ပြိုင်နက် ဖြစ်ပေါ်စေခဲ့သည်။
"ဒီဧကရာဇ်ခန်းမတမန်တော်က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ"
"သူက သတ္တိလွန်နေတာ။ လင်းယာအသွင်ပြောင်းလဲခြင်း စတင်တာနဲ့ ထိုက်ဟွမ်နန်းတော်က သူ့ကို အရင်ဆုံး ရှင်းပစ်မှာ သေချာတယ်"
"သမိုင်းမှတ်တမ်းတွေမှာလည်း သူ့ရဲ့ ဂိုဏ်းအကြောင်း တစ်ခါမှ မပါဖူးဘူး"
ထိုအချိန်တွင် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ ပြန်ရောက်နေသော ကျိယွမ်က စိတ်ချလက်ချ သက်ပြင်းချလိုက်၏။
"ဟီးဟီး...ငါ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ"
သူ့လက်ထဲတွင် ရှိနေသော သုံးပုံတစ်ပုံမျှရှိသည့် တစ္ဆေတစ်သောင်းတံခွန်ကို ကြည့်ရင်း သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာသည်။ သူ၏ တစ်ဝက်တစ်ပျက် ပြီးစီးနေသော လူသားဧကရာဇ်တံခွန်နှင့် ပေါင်းစပ်လိုက်ပါက အားကောင်းသော တိုက်ခိုက်ရေးမှော်လက်နက်တစ်ခုကို သွန်းလုပ်ရန် အဆင်သင့် ဖြစ်လုနီးပါး ဖြစ်ပေလိမ့်မည်။ ၎င်းနှင့်အတူ သူ၏ အလွန်ကြီးမားသော မဟာအစီအစဉ်ကြီးသည်လည်း ပုံဖော်ရန်နီးစပ်လာပေတော့မည်။
အချိန်မဖြုန်းတော့ဘဲ ကျိယွမ်သည် တစ္ဆေတစ်သောင်းတံခွန်ကို သန့်စင်ရန် အာရုံစိုက်လိုက်သည်။ ရုတ်တရက် တံခွန်အတွင်းမှ ကြောက်မက်ဖွယ် ရုပ်အလောင်းတစ်ခု ထွက်ပေါ်လာပြီး ခြိမ်းခြောက်နေသော အရှိန်အဝါများကို ထုတ်လွှတ်ကာ သူ့ကို တိုက်ခိုက်ရန် ပြေးဝင်လာလေသည်။
ဆန်းကြယ်နယ်မြေရှိ အဆင့်နိမ့်ကျင့်ကြံသူများပင် ပျက်စီးခြင်းသို့ ရောက်တော့မည့် နိမိတ်ဆိုး အသိအာရုံကို ခံစားလိုက်ရ၏။
"ဘာတွေဖြစ်နေတာလဲ"
"ဒါ... ယန်နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါလား"
သို့သော် ကျိယွမ်သည် တစ္ဆေတစ်သောင်းတံခွန်၏ ရုန်းကန်မှုကို ရယ်မောလိုက်၏။
"မင်းက ငါ့အိမ်ထဲ ရောက်နေတာတောင် ငါ့ကို အာခံချင်သေးတာလား"
ကျယ်ပြန့်နက်နဲသော ဖိအားတစ်ခုသည် နယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ကျိယွမ်သည် မဟာမူလသဘောတရားအဆင့်ရှိ တိုက်ခိုက်မှုကို အားစိုက်စရာမလိုဘဲ ဖျက်ဆီးပစ်လိုက်လေသည်။
"မင်းက ဘာတွေမာန်ထောင်နေတာလဲ ၊ ငါ့ကို တံခွန်သခင်များ မှတ်နေလား "
သူက ပြောပြောဆိုဆိုပင် တံခွန်ကိုကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ကာ ခြေဖြင့်ကြမ်းကြမ်းတက်နင်းပြီး ၎င်း၏ ဝိညာဉ်ကို တစ်နေရာတည်းတွင် ချုပ်နှောင်လိုက်၏။ ထိုမှော်လက်နက်သည် ရုန်းကန်နေသော်လည်း အားနည်းနေသော အခြေအနေကြောင့် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
အပြင်ဘက်မှ မငြိမ်မသက်မှုများကို သတိထားမိသဖြင့် ကျိယွမ်က အော်ပြောလိုက်သည်။
"အားလုံးပဲ စိတ်မပူကြနဲ့။ ငါ ရတနာတစ်ခုကို သန့်စင်နေတာ။ နည်းနည်းတော့ ဆူညံနိုင်ပေမဲ့ မင်းတို့ ဘာမှမဖြစ်ပါဘူး။ တကယ်လို့ အိပ်မပျော်ရင် စိတ်ထဲကနေ အိပ်မယ်လို့ပဲ တွေးလိုက်။ ငါ ချက်ချင်း အိပ်ပျော်သွားအောင် ကူညီပေးမယ်"
သူသည် ဆန်းကြယ်နယ်မြေရှိ သာမန်လူများအနေဖြင့် ရုန်းရင်းဆန်ခတ်မှုနှင့် ဆူညံသံများကြောင့် အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် အတတ်နိုင်ဆုံး ငဲ့ညှာပေးခြင်း ဖြစ်သည်။ သူ၏စကားများကို ကြားရသောအခါမှ အားလုံး စိတ်သက်သာရာရသွားကြ၏။
"ဒါက အရှင်သခင်ကိုယ်တိုင်ပဲ"
"သူက ကြီးကျယ်တဲ့ ရတနာတစ်ခုကို သွန်းလုပ်နေတာလား"
"လာလာမိန်းမ ..ငါတို့ပြန်အိပ်ကြရအောင် ....ဟဲဟဲ ..."
"ဘာ..ဟဲဟဲလဲ ၊ ရှင်နော် ..."
ထို့နောက်ပိုင်း ရက်များသည် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ နေ့စဉ်ရက်ဆက် နတ်ဘုရားဂီတနှင့် တူသော အသံများသည် လေထုထဲတွင် ပြည့်နှက်နေ၏။ ထောင်ပေါင်းများစွာသော အရှင်များသည် သူတို့၏ အတွေးအခေါ်များကို ငြင်းခုံနေကြသလို၊ သောင်းပေါင်းများစွာသော ဗုဒ္ဓများသည် ကျမ်းစာများကို ရွတ်ဖတ်နေကြပြီး နယ်မြေတစ်ခုလုံးတွင် တစ္ဆေအူသံများဖြင့် ဟိန်းနေလေသည်။
ပထမဆုံး ခြောက်လသည် စိုးရိမ်တုန်လှုပ်ဖွယ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အရှေ့မြောက်ဘက်ရှိ ထူးဆန်းသော မြင်ကွင်းများနှင့် အသံများသည် ရိုးအီနေသော တခြားကမ္ဘာတစ်ခု၏ ပြကွက်ကဲ့သို့ ဖြစ်လာခဲ့သည်။
"ဒါက တကယ်ပဲ ယန်နတ်ဘုရားလက်နက်ပဲ။ တကယ့်ကို ခန့်ညားထည်ဝါတာပဲ"
"ဒီအရှိန်အဝါရဲ့ အသေးငယ်ဆုံး အငွေ့အသက်လေးကတောင် ကောင်းကင်ကမ္ဘာအားလုံးကို ပရမ်းပတာ ဖြစ်သွားစေနိုင်တယ်"
"ဒါပေမဲ့... တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ။ တစ္ဆေစိုးမိုးကောင်းကင်ဘုံရဲ့ တစ္ဆေတစ်သောင်းတံခွန်နဲ့ တူနေတယ်"
"ဒီအရှင်က တကယ်ပဲ တစ္ဆေကောင်းကင်ဘုံက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာလား"
တစ်ချိန်တည်းတွင် တစ္ဆေစိုးမိုးကောင်းကင်ဘုံ၌ တံခွန်သခင်သည် ဟင်းလင်းပြင်ထက်တွင် မြင့်မားစွာ မျောလွင့်နေပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် တစ္ဆေတစ်သောင်းတံခွန်သည် တုန်ခါနေ၏။ သူ၏ မျက်ဝန်းများက ခြိမ်းခြောက်မှုများဖြင့် တောက်လောင်နေပြီး အနီးနားရှိ ယန်နတ်ဘုရားများသည် တံခွန်သခင်၏ တောက်လောင်နေသော ဒေါသကြောင့် ကြောက်ရွံ့လျက် မျက်နှာလွှဲထားကြလေသည်။
"မင်း ဆန်းကြယ်နယ်မြေတစ်ခုထဲမှာ ပုန်းနေရုံနဲ့ ငါ့လက်ကနေ လွတ်မယ်လို့ ထင်နေတာလား"
သူက ဟိန်းဟောက်လိုက်သည်။ တစ္ဆေတစ်သောင်းတံခွန်နှင့် ချိတ်ဆက်မှုမှတစ်ဆင့် တံခွန်သခင်သည် ဧကရာဇ်ခန်းမတမန်တော်သည် ဆန်းကြယ်နယ်မြေများထဲမှ တစ်နေရာရာတွင် ပုန်းကွယ်နေကြောင်း ခံစားမိလိုက်၏။ တိကျသော တည်နေရာကို မသိရသေးသော်လည်း သူ မကြာမီ ရှာဖွေတွေ့ရှိလိမ့်မည် ဖြစ်သည်။
"တစ္ဆေတစ်သောင်းတံခွန်ကို လုယူတဲ့အတွက် ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရမယ်"
အကူအညီမရရန် ထိုက်ဟွမ်နန်းတော်ထံ ဆက်သွယ်ရင်း သူသည် ဧကရာဇ်ခန်းမတမန်တော်ကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။ မသတ်နိုင်ခဲ့လျှင်ပင် သူ့ကို ထာဝရ ပိတ်လှောင်ထားမည် ဖြစ်၏။
ခဏအကြာတွင် တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ အထက်၌ ဝိညာဉ်အရိပ်တစ်ခု ပေါ်လာသည်။ ယန်နတ်ဘုရားတိုင်းက ရိုသေစွာ ဦးညွှတ်ကြလေသည်။
"စစ်မှန်မူလအရှင်ကို ကြိုဆိုပါတယ်"
တံခွန်သခင်က ရိုသေစွာ ပြောလိုက်သည်။
စစ်မှန်မူလအရှင်သည် ထိုက်ဟွမ်နန်းတော်၏ မဟာနေမင်းကြီး၏ အောက်တွင် အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်၏။
"မဟာနေမင်းက ဧကရာဇ်ခန်းမတမန်တော်ဟာ မဟာမူလသဘောတရားအဆင့် မဟုတ်ဘူးလို့ အတည်ပြုလိုက်ပြီ"
စစ်မှန်မူလအရှင်သခင်က ခန့်ညားသော အသံဖြင့်ပြောလိုက်သည်။
စုဝေးနေသော ယန်နတ်ဘုရားများ အံ့ဩသွားကြ၏။
"သူက မဟာမူလသဘောတရားအဆင့် မဟုတ်ဘူးလား။"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ မဟုတ်ရင် သူက မူလသဘောတရားအဆင့်ကို ဘယ်လိုလုပ် အလွယ်တကူ သတ်နိုင်မှာလဲ။"
"တကယ်လို့ သူလိုလူကတောင် မဟာမူလသဘောတရားအဆင့် မဟုတ်ရင် ငါတို့က ဘာတွေဖြစ်ကုန်ပြီလဲ "
မူလသဘောတရားအဆင့်ယန်နတ်ဘုရားတစ်ပါးက ခါးသီးစွာ ညည်းညူလိုက်သည်။
တံခွန်သခင်လည်း မယုံကြည်နိုင် ဖြစ်နေ၏။ အကယ်၍ ဧကရာဇ်ခန်းမတမန်တော်သာ မဟာမူလသဘောတရားအဆင့် မဟုတ်ပါက သူတို့၏ လက်ထဲမှ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။
"မဟာမူလသဘောတရားအဆင့် အရေအတွက်က တိုးမလာသလို လျော့လည်း မသွားဘူး။ ဒါ့အပြင် သူ့မှာ အထွတ်အထိပ်အမှတ်အသား မရှိတာကို ငါ သတိထားမိတယ်။ သူက ကောင်းကင်ဘုံအပြင်ဘက်က ထူးဆန်းတဲ့သူ ဖြစ်နိုင်ပြီး မဟာမူလသဘောတရားအဆင့် မဟုတ်ဘဲ အဲဒီစွမ်းအားကို သုံးနိုင်နေတာ ဖြစ်လိမ့်မယ်"
စစ်မှန်မူလအရှင်သခင်က ကောက်ချက်ချလိုက်သည်။
ဤသတင်းကြောင့် တံခွန်သခင်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။
"အထွတ်အထိပ်အမှတ်အသား မရှိဘူးဆိုတော့... ငါ သူ့ကို သတ်လို့ရတယ်ပေါ့။"
မဟာမူလသဘောတရားအဆင့်ရှိသူများအတွက် အထွတ်အထိပ်အမှတ်အသားသည် သူတို့ကို ကောင်းကင်ဘုံတာအိုနှင့် နက်ရှိုင်းစွာ ဆက်သွယ်ပေးထားသဖြင့် သာမန်အခြေအနေတွင် တစ်ဦးကိုတစ်ဦး ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။ တိုက်ခိုက်ရေးနတ်ဘုရားလက်နက်များသာလျှင် အခြားမဟာမူလသဘောတရားအဆင့်၏ အထွတ်အထိပ်အမှတ်အသားကို ဖျက်ဆီးနိုင်သည်။ အကယ်၍ အထက်တန်း အရှင်သခင်သာဆိုပါက ၎င်းကို တိုက်ရိုက်ဖျက်ဆီးပြီး သတ်ပစ်နိုင်၏။
သို့သော် တံခွန်သခင်သည် တစ်ခုခုကို တွေးမိကာ ခေါင်းခါလိုက်သည်။သတ်ရန်ဆိုလျှင် အရင်ဆုံးဖမ်းမိရန်လို၏။ လက်ရှိအနေအထားက ဧကရာဇ်ခန်းမတမန်တော်ကို ဖမ်းမိရန်မှာ မဖြစ်နိုင်သလောက် ရှိနေသေးသည်။
"ဒါက ထိုက်စီး အဆောင်စာရွက်ပဲ။ ဒါက ထာဝရလျှပ်တစ်ပြက် သို့မဟုတ် တိုတောင်းတဲ့ ထာဝရကာလကို ဖန်တီးပေးနိုင်တယ်။ တကယ်လို့ သူသာ စစ်မှန်တဲ့ အထွတ်အထိပ်အဆင့် စွမ်းအားမရှိရင် သေချာပေါက် ပိတ်မိပြီး ထွက်သွားနိုင်မှာ မဟုတ်ဘူး"
စစ်မှန်မူလအရှင်သခင်က ပြောရင်း သာမန်မျှသာရှိသော အဆောင်စာရွက်ကို ကမ်းပေးလိုက်သည်။
ပတ်ဝန်းကျင်ရှိ ယန်နတ်ဘုရားများ အံ့ဩသွားကြ၏။
"ထိုက်စီး အဆောင်စာရွက်။"
"မဟာနေမင်းကိုယ်တိုင် ဖန်တီးထားတဲ့ အဆောင်စာရွက်ပဲ။ ဧကရာဇ်ခန်းမတမန်တော်... သူ သေရတော့မယ်။"
အဆောင်စာရွက်ကို လက်ခံလိုက်ရင်း တံခွန်သခင်၏ မျက်ဝန်းများတွင် ပြတ်သားမှုများ တောက်ပလာသည်။
"စိတ်ချပါ စစ်မှန်မူလအရှင်သခင်။ ဒီထိုက်စီး အဆောင်စာရွက်နဲ့ ငါကိုယ်တိုင် သူ့ကို ကွပ်မျက်ပါ့မယ်။"
တံခွန်သခင်သည် ဧကရာဇ်ခန်းမတမန်တော်ကို ပိတ်မိအောင်လုပ်ပြီး သူ၏ တိုက်ခိုက်ရေးနတ်ဘုရားလက်နက်ဖြင့် ဖြည်းဖြည်းချင်း နှိပ်စက်သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။ စစ်မှန်မူလအရှင်သခင်သည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ပုံရိပ်က ပျောက်ကွယ်သွားရာ တံခွန်သခင်သည် သူ၏ နောက်လိုက်များဘက်သို့ ယုံကြည်မှုအပြည့်ဖြင့် လှည့်ကြည့်လိုက်၏။
"အရပ်လေးမျက်နှာက ငါတို့ရဲ့ မဟာမိတ်တွေကို ဖိတ်ကြားလိုက်စမ်း။ ငါ ဧကရာဇ်ခန်းမတမန်တော်ကို ကွပ်မျက်တော့မယ်။"
ထိုကြေညာချက်သည် ကောင်းကင်ဘုံတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ မြင့်မြတ်နယ်မြေအသီးသီးမှ ခေါင်းဆောင်များသည် တံခွန်သခင်၏ စုဝေးပွဲသို့ တက်ရောက်ရန် ပြင်ဆင်ကြသော်လည်း မဟာမူလသဘောတရားအဆင့် အများစုကမူ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်ရမည်ကို စိုးရိမ်သဖြင့် ဝေးဝေးမှသာ စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် ဆန်းကြယ်နယ်မြေအတွင်း၌ ကျိယွမ်သည် သူ၏ အလုပ်တွင် အာရုံစိုက်နေခဲ့သည်။ သူ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အစီအစဉ်များကို မသိရှိဘဲ လူသားဧကရာဇ်တံခွန်ကိုသာ ဆက်လက်ဖန်တီးနေ၏။ ယခင်က တံခွန်အတွင်းရှိ နာကျင်နေသော ဝိညာဉ်များသည် ယခုအခါ မြင့်မြတ်သောအလင်းရောင်များ တောက်ပလာပြီး မြင့်မြတ်သောကင်းစောင့်ရဲမက်များအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့၏ မကောင်းသောစွမ်းအင်များကို သန့်စင်ပေးခဲ့ပြီး ဖြောင့်မတ်သောစွမ်းအင်များဖြင့် အစားထိုးပေးခဲ့ခြင်း ကြောင့်ဖြစ်လေ၏။
နောက်ဆုံးတွင် ကျိယွမ် ပြီးဆုံးသွားခဲ့လေပြီ။
"အရိပ်ကောင်းကင်တပ်ရင်းကြီး... ငါ့အမိန့်ကို နာခံစမ်း။"
သူက လှမ်းအော်လိုက်သောအခါ ဝိညာဉ်စစ်သည်များသည် မြင့်မြတ်သောအလင်းရောင်များကို ထုတ်လွှတ်လိုက်ပြီး သေမင်းများအဖြစ်မှ ကောင်းကင်ဘုံကို စောင့်ရှောက်သည့် တောက်ပပြောင်မြောက်သောစစ်သည်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ထဲကို ဝင်ပြီး ငါတို့ရဲ့ နယ်မြေတွေကို ကာကွယ်ကြစမ်း။"
ဟိန်းဟောက်သံများပဲ့တင်ထပ်သံားကာ လူသားဧကရာဇ်တံခွန်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။ မှော်လက်နက်သည် အလင်းရောင်များ တောက်ပလာပြီး စုတ်ပြဲကာ သွေးစွန်းနေသလို ပုံစံရှိသော်လည်း ထာဝရ တည်တံ့သော စွမ်းအား အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ကျိယွမ် ကျေနပ်စွာ ပြုံးလိုက်သည်။
"ဒီတံခွန်နဲ့ ရိုက်ရင်တော့ ဒဏ်ရာဖြစ်သွားစေရမယ်။"
နောက်ဆုံးတွင် ကျိယွမ်သည် မိမိကိုယ်ပိုင် နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်သဖြင့် ဆဌမကောင်းကင်ဘုံ၏ ဘေးအန္တရာယ်များကို ယုံကြည်မှုအပြည့်ဖြင့် ရင်ဆိုင်နိုင်ပေတော့မည်။
ငါလာပြီကွ ။
.........
အခန်း ၄၇၅ - သူသည် မိစ္ဆာတစ်ကောင် ဖြစ်သဖြင့် သုတ်သင်ရှင်းလင်းရမည်
တစ္ဆေတံခါး၌ အားကောင်းသော ပုဂ္ဂိုလ်များ စုဝေးရောက်ရှိနေကြပြီး သူတို့၏ အရှိန်အဝါများသည် လေထုထဲ၌ အချိန်မှန်မှန် လှိုင်းထလျက်ရှိသည်။ ကြယ်တာရာနယ်ပယ်မှ ကြယ်ရောင်များသည်ပင် ဤနေရာသို့ ဆွဲငင်ခံထားရသကဲ့သို့ ရှိနေပြီး ပုံမှန်အားဖြင့် မှုံမှိုင်းနေတတ်သော တစ္ဆေတံခါးပေါ်သို့ နတ်ဆိုးဆန်သော အလင်းရောင်များ ဖြာကျနေစေ၏။
တိုတောင်းလှသော နေ့တစ်ဝက်အတွင်း၌ပင် ခြောက်ခြားဖွယ်ရာ ကောင်းပြီး ဖိစီးမှုများပြည့်နှက်နေသော လေထုသည် မသေမျိုးစွမ်းအင်များ၏ ခိုလှုံရာနေရာတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ နတ်ဘုရားဘုံဆန်သော အငွေ့အသက်များဖြင့် အစားထိုးသွားလေသည်။
"နတ်မင်းတစ်ပါး သီတင်းသုံးနေလျှင် တောင်တစ်တောင်သည် မြင့်မားနေရန် မလိုပါ" ဟူသောဆိုရိုးစကားအတိုင်းပင် ယခုနေရာလေး၏အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ်အသွင်ကို ဆောင်နေ၏။
"ရှန်လော့ကောင်းကင်ဘုံသခင်... မတွေ့ရတာ ကြာပြီပဲ။ ဒါပေမဲ့ မင်းရဲ့ ခန့်ညားထည်ဝါမှုကတော့ အရင်အတိုင်း မပြောင်းလဲသေးဘူးနော်"
အဆုံးမဲ့ချောက်နက်၏ ချောက်နက်သခင်က လှမ်းပြောလိုက်သည်။ သူသည် အဆုံးအစမရှိ ကျယ်ပြန့်နေသော ပုံသဏ္ဌာန်မဲ့သတ္တဝါကြီးတစ်ကောင် ဖြစ်၏။ သူ၏ မျိုးနွယ်စုသည် ဆဌမကောင်းကင်ဘုံ၌ အလျှို့ဝှက်ဆန်းကြယ်ဆုံး နယ်ပယ်တစ်ခုဖြစ်သည့် ချောက်နက်အတွင်း၌ မှီတင်းနေထိုင်ကြသည်။
ရှန်လော့ကောင်းကင်ဘုံသခင်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
"မိတ်ဆွေဟောင်းကြီးကလည်း နောက်ဆုံးတော့ ပြန်ပေါ်လာခဲ့ပြီပဲပေါ့"
ထိုချောက်နက်သခင်သည် နောက်ဆုံးအကြိမ် လင်းယာအသွင်ပြောင်းလဲခြင်း ကာလကတည်းက ပေါ်မလာခဲ့ခြင်း ဖြစ်သည်။
"မဟာမူလသဘောတရားအဆင့်ရှိသူတစ်ယောက် မဆိတ်သုဉ်းတာ ကြာပြီဆိုတော့ ငါလည်း လာပြီး ပျော်ပွဲလေးဆင်နွှဲကြည့်တာပါ"
သူက ပြန်ပြောလိုက်၏။ နောက်ဆုံး ဆိတ်သုဉ်းသွားခဲ့သော မူလသဘောတရားအဆင့်ရှိသူမှာ ဗုဒ္ဓနိုင်ငံတော်၏ မဟာနေမင်းအလင်းဗုဒ္ဓ ဖြစ်သည်။
သူတို့ပတ်ဝန်းကျင်ရှိ ယန်နတ်ဘုရားများသည် တိတ်ဆိတ်သွားကြပြီး အချို့က မိုးကောင်းကင်ဘုရားကျောင်း၏ မူလသဘောတရားအဆင့်ရှိသူထံသို့ မသိမသာ ဝေ့ဝဲကြည့်လိုက်ကြ၏။ မိုးကောင်းကင်ဘုရားကျောင်းသည် ကောင်းကင်ဘုံသုံးခုအနက် အားအကောင်းဆုံး အင်အားစုတစ်ခုအဖြစ် လူသိများပြီး ထိုနေရာတွင် အထက်တန်းအရှင်သခင် ရှိလေသည်။ ထိုအရှင်သည် ပျက်စီးသွားသော ဗုဒ္ဓနှင့် နက်ရှိုင်းသော ဆက်စပ်မှုရှိပြီး ဗုဒ္ဓ တရားသိမြင်ခြင်းမရမီ တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း သွန်သင်ဆုံးမပေးခဲ့ဖူး၏။ ဤချိတ်ဆက်မှုကြောင့်သာ ဗုဒ္ဓနိုင်ငံတော် တည်တံ့နေခြင်း ဖြစ်နိုင်သည်။
အကယ်၍ ကာကွယ်ပေးမည့် မဟာမူလသဘောတရားအဆင့်ရှိသူ မရှိပါက ထိုက်ဟွမ်နန်းတော်သည် ၎င်းကို အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ဖြစ်လိမ့်မည်။
မိုးကောင်းကင်ဘုရားကျောင်းမှ မူလသဘောတရားအဆင့်ရှိသူသည် တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားပြီး ချောက်နက်သခင်၏ စကားများကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိပေ။ ထိုစဉ် နဂါးဖြူချောက်နက်သခင်က မှတ်ချက်ချသည်။
"ဗုဒ္ဓနိုင်ငံတော်မှာ ဗုဒ္ဓအသစ်တစ်ပါး ပေါ်ထွန်းလာတယ်လို့ ငါကြားတယ်။ ဒီတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်းက သူတို့အတွက် နောက်ထပ် မဟာမူလသဘောတရားအဆင့်တစ်ယောက်ကို ယူဆောင်လာပေးမလား မသိဘူး"
ဆဌမကောင်းကင်ဘုံတွင် ခန်းမတစ်ခု၊ နန်းတော်နှစ်ခု၊ ကောင်းကင်ဘုံသုံးခု၊ ချောက်နက်လေးခုနှင့် မြင့်မြတ်နယ်မြေများစွာ ဟူသော အင်အားစုများ ရှိကြသည်။ အကယ်၍ ဗုဒ္ဓနိုင်ငံတော်သာ နောက်ထပ် မူလသဘောတရားအဆင့်တစ်ယောက်ကို ရရှိခဲ့ပါက ဤအင်အားစုကြီးများ၏ အဆင့်အတန်းအတွင်းသို့ သေချာပေါက် ပြန်လည်ရောက်ရှိလာမည် ဖြစ်၏။
"ဒါပေမဲ့ ဒီတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်းက ထိုက်ဟွမ်နန်းတော်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ ရှိနေတယ်။ ဗုဒ္ဓနိုင်ငံတော်ကတော့... အန္တရာယ်ရှိနေပြီ"
ချောက်နက်သခင်က တိုးညင်းစွာ သုံးသပ်ပြလိုက်သည်။
"ဟူး... ထိုက်ဟွမ်နန်းတော်က လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်ပိုင်ခွင့် ရှိနိုင်ပေမဲ့ အဲဒါက သူတို့ကို မတရားသဖြင့် သတ်ဖြတ်ပိုင်ခွင့် ပေးထားတာမှ မဟုတ်တာ"
ခိုင်မြဲသော အရှိန်အဝါရှိသည့် အဖိုးအိုတစ်ဦး၏ အသံက လှောင်ပြောင်လိုက်လေသည်။ စကားပြောသူမှာ မူလသဘောတရားအသင်းမှ ယန်နတ်ဘုရားတစ်ပါး ဖြစ်၏။ ထိုအသင်းသည် ယခင်အကြိမ် လင်းယာအသွင်ပြောင်းလဲခြင်း ကာလတွင် ဦးဆောင်လေ့ရှိသောအင်အားစု ဖြစ်ခဲ့ပြီး ရေတွက်၍မရနိုင်သော မူလသဘောတရားအဆင့်များစွာ ပေါ်ထွက်လာစေရန် မျှော်မှန်းချက်ကို ဖော်ဆောင်ခဲ့သည်။ သူတို့၏ ဟန်ချက်ညီစေသော လွှမ်းမိုးမှုကြောင့် ပြီးခဲ့သည့်အကြိမ်က ဆိတ်သုဉ်းသွားသော ယန်နတ်ဘုရား အရေအတွက်မှာ အတော်ပင် နည်းပါးခဲ့သည်။
ဤစကားကို ကြားသောအခါ တစ္ဆေစိုးမိုးကောင်းကင် တံခွန်သခင်က ဝင်ပြော၏။
"ဒီလိုဆို ဧကရာဇ်ခန်းမတမန်တော်ဆိုတဲ့ကောင်က ငါတို့ တစ္ဆေစိုးမိုးကောင်းကင်က ယန်နတ်ဘုရားများစွာကို ဘာညှာတာမှုမှမရှိဘဲ သတ်ဖြတ်သွားခဲ့တာ။ အသင်းအနေနဲ့ ဘယ်တော့မှ တရားမျှတမှုကို ဖော်ဆောင်ပြီး ဒီတမန်တော်ကို ကွပ်မျက်ပေးမှာလဲလို့ ငါ သိချင်မိတယ်"
သူ၏ လေသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေပြီး ၎င်းက တစ္ဆေစိုးမိုးကောင်းကင်သည် ထိုက်ဟွမ်နန်းတော်နှင့် မဟာမိတ်ပြုထားသဖြင့် အသင်းကို ဆန့်ကျင်ဘက်ပြုကြောင်း ပြသနေသည်။ယခုလာမည့် လင်းယာအသွင်ပြောင်းလဲခြင်းတွင် ထိုက်ဟွမ်နန်းတော်၏ ဒုတိယမြောက် ရည်မှန်းချက်မှာ ယန်နတ်ဘုရားများကို ခန်းမတစ်ခုသို့ တိုးမြှင့်ပေးရန်အပြင် အသင်း၏ လွှမ်းမိုးမှုကို လျှော့ချရန်နှင့် ဆဌမကောင်းကင်ဘုံ၌ ၎င်း၏ အချုပ်အခြာအာဏာအဆင့်အတန်းကို ခိုင်မာစေရန် ဖြစ်သည်။
မူသဘောတရားအသင်း၏ မူလသဘောတရားအဆင့်ရှိသူသည် ပြန်လည်တုံ့ပြန်ခြင်းမရှိဘဲ နှာခေါင်းရှုံ့ကာ တိတ်ဆိတ်စွာသာ နေလိုက်လေသည်။ သူတို့အသင်းအတွက်မူ တစ္ဆေစိုးမိုးကောင်းကင်သည် ကောင်းကင်ဘုံအတွင်းရှိ ကင်ဆာကျိတ်တစ်ခုကဲ့သို့ ဖြစ်ပြီး ထိုက်ဟွမ်နန်းတော်၏ ပံ့ပိုးကူညီမှုသာ မရှိပါက သူတို့က ၎င်းကို သုတ်သင်ရှင်းလင်းခဲ့သည်မှာ ကြာပြီ ဖြစ်၏။
ထိုအခိုက် နဂါးဖြူချောက်နက်သခင်သည် စိတ်ဝင်တစားဖြင့် တံခွန်သခင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါ သိချင်မိတယ် တံခွန်သခင်။ မင်း ဒီဧကရာဇ်ခန်းမတမန်တော်ကို ဘယ်လို နှိမ်နင်းဖို့ ရည်ရွယ်ထားတာလဲ။ ထိုက်ဟွမ်နန်းတော်ရဲ့ အထွတ်အထိပ်အရှင်သခင်ကိုယ်တိုင်က လူကိုယ်တိုင် ဆင်းသက်လာဖို့ သဘောတူလိုက်တာမျိုးများလား"
အထက်တန်း အရှင်သခင်တစ်ဦးသာလျှင် မဟာမူလသဘောတရားအဆင့်ရှိသူကို သတ်ဖြတ်ရန် မျှော်လင့်နိုင်ပေသည်။
တံခွန်သခင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကိုတော့ ထုတ်ဖော်လို့ မရသေးပါဘူး"
နဂါးဖြူချောက်နက်သခင်က ရယ်မောလိုက်သည်။
"ဒီဧကရာဇ်ခန်းမတမန်တော်... သူ ဘယ်ကနေ ရောက်လာတာလဲဆိုတာ ငါ တကယ် စိတ်ဝင်စားမိတယ်"
မကြာသေးမီက ဤတမန်တော်သည် တစ္ဆေစိုးမိုးကောင်းကင်ကို ပြောင်းပြန်လန်အောင် ပြုလုပ်ခဲ့သဖြင့် ထိပ်တန်းကျင့်ကြံသူအများအပြား၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ကိစ္စနှင့် ပတ်သက်၍ ကောလာဟလများ ပျံ့နှံ့နေခဲ့ပြီး မြင့်မြတ်နယ်မြေအချို့ကမူ မည်သည့်နေရာမှ စတင်ရမှန်းမသိသော်လည်း သူနှင့် မိတ်ဆွေဖွဲ့ရန်ပင် မျှော်လင့်နေကြသည်။
"ဖြစ်နိုင်တာက... သူဟာ ငါတို့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ"
ရှန်လော့ကောင်းကင်ဘုံသခင်က လူအုပ်ကြီးကို အကဲခတ်သည့် မျက်ဝန်းများဖြင့် ကြည့်ရင်း အကြံပြုလိုက်သည်။ ဆဌမကောင်းကင်ဘုံသည် မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုးကို ခံစားနေရခြင်းသာ ဖြစ်၏။ လင်းယာအသွင်ပြောင်းလဲခြင်း စတင်သည်နှင့် အငြင်းပွားမှုမီးဖိုကြီးသည် စတင်တောက်လောင်လာပေလိမ့်မည်။
အခြားမူလသဘောတရားအဆင့်ရှိသူများသည် တစ်ဦးကိုတစ်ဦး စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး ဧကရာဇ်ခန်းမတမန်တော်၏ လျှို့ဝှက်ဆန်းကြယ်သော မည်သူမည်ဝါဖြစ်ကြောင်းကို တွေးနေကြသည်။ ထိုအချိန်တွင် တံခွန်သခင်သည် တစ္ဆေတစ်သောင်းတံခွန် ရှိနေမည့် တည်နေရာကို ရှာဖွေရန် အာရုံစိုက်နေ၏။
အချိန်များ ကုန်ဆုံးသွားပြီး စုဝေးရောက်ရှိနေသော ယန်နတ်ဘုရားများသည် အချင်းချင်း စကားဆိုနေကြသော်လည်း ပြိုင်ဆိုင်လိုသော စိတ်အခံများကလည်း နက်ရှိုင်းစွာ တည်ရှိနေသည်။ အတန်ကြာသော် တံခွန်သခင်၏ မျက်ဝန်းများထဲတွင် ထက်မြက်သော အရိပ်အယောင်တစ်ခု ပေါ်လာ၏။
"ရှာတွေ့ပြီ"
ယန်နတ်ဘုရားတိုင်းက မျှော်လင့်ချက်အပြည့်ဖြင့် သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"သူ ရှိနေတာက... ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှာပဲ"
ယန်နတ်ဘုရားများ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားလေသည်။
"သူက ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှာ ရှိနေတယ် ဟုတ်လား"
"ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီထဲမှာ မြင့်မြတ်အလင်းမျိုးနွယ်စု ရှိနေတာလေ"
မူလသဘောတရားအဆင့်ရှိသူများမှာ အံ့အားသင့်သွားကြ၏။ သူတို့ထဲမှ ပို၍သိရှိထားသူများသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေရှိ အစစ်အမှန် ခြိမ်းခြောက်မှုမှာ မြင့်မြတ်အလင်းမျိုးနွယ်စု မဟုတ်ဘဲ ဝတ်ရုံအစုတ်ဝိညာဉ် ဖြစ်ကြောင်း နားလည်ထားကြသည်။ ထိုဖြစ်တည်မှုနှစ်ခုလုံးမှာ မည်သူမျှ မဆွရဲသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
"သူက အဲဒီဆန်းကြယ်နယ်မြေထဲကို ဘယ်လို ဝင်သွားတာလဲ"
"တံခွန်သခင်... မင်း ဒီတစ်ခေါက်တော့ တကယ့်ကို အခက်တွေ့ရမယ့် အလုပ်ကို လုပ်ရတော့မှာပဲ"
အချို့မူလသဘောတရားအဆင့်ရှိသူအချို့က တံခွန်သခင်ကို စနောက်သလို ရယ်မောလိုက်ကြသည်။
ထိုနေရာက အခြားဆန်းကြယ်နယ်မြေများနှင့်မတူပါ ။ တံခွန်သခင်သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ အလွယ်တကူ ဝင်ရောက်ကာ တမန်တော်ကို သတ်ပစ်ရန် သို့မဟုတ် ဆန်းကြယ်နယ်မြေကို ဝါးမြိုပစ်ရန် မဖြစ်နိုင်ချေ။ ဤနေရာတွင်မူ သူကိုယ်တိုင်ပင် အန္တရာယ်ရှိနိုင်လေသည်။
တံခွန်သခင်၏ အမူအရာက ခက်ထန်သွား၏။
"ငါတို့ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို သွားကြမယ်။ တကယ်လို့သူ ထွက်လာဖို့ ငြင်းဆန်ရင် ငါ ဝင်ပေါက်ကို ပိတ်ပစ်ပြီး သူ့ကို အဲဒီထဲမှာပဲ ထာဝရ ပိတ်မိနေအောင် လုပ်မယ်"
သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရင်း တံခွန်သခင်သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေဘက်သို့ ဦးဆောင်ထွက်ခွာသွားတော့သည်။ ယန်နတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချို့က ရယ်မောချင်ကြသလို အချို့ကလည်း စိုးရိမ်သော အမူအရာများဖြင့် နောက်မှ လိုက်ပါသွားကြ၏။
နဂါးဖြူချောက်နက်သခင်က ပြုံးလိုက်ပြီး ဤမြင်ကွင်းကို သဘောကျနေပုံရသည်။ တံခွန်သခင်အနေဖြင့် ဤပိတ်ဆို့နေသော အခြေအနေကို မည်သို့ကျော်ဖြတ်မည်ကို သူမ စိတ်ဝင်တစား စောင့်ကြည့်ချင်နေ၏။
ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်သည် အလွယ်တကူ ပိတ်ဆို့နိုင်သော အရာမဟုတ်ကြောင်း သူမ ကောင်းစွာ သိလေသည်။
ဤစုဝေးပွဲ သတင်းသည် ဆဌမကောင်းကင်ဘုံတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မြင့်မြတ်နယ်မြေအသီးသီးထံသို့ ရောက်ရှိသွားသည်။ နေ့တစ်ဝက်ခန့် ကြာပြီးနောက် ခရမ်းရောင်ကံကြမ္မာရှောင်လုသည်လည်း အခြေအနေကို သိရှိသွားပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွား၏။
"ဧကရာဇ်ခန်းမတမန်တော်က... တကယ်ပဲ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှာ ရှိနေတာလား... ဒါ တကယ်ကို ဆိုးတာပဲ"
သူမ စိုးရိမ်တုန်လှုပ်နေမိသည်။ ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား။ ထိုသို့ဖြစ်ရန်မှာ အလွန်ပင် တိုက်ဆိုင်လွန်းလှသည်။
"ငါ့ရဲ့ အစ်ကိုသွေးဝတ်စုံလေး ဆန်းကြယ်နယ်မြေထဲမှာ ဧကရာဇ်ခန်းမတမန်တော်နဲ့ အတူရှိမနေပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ"
သူမသည် အတွေးဖြင့်သာ မိမိကိုယ်ကိုယ် နှစ်သိမ့်နိုင်တော့သည်။ ယခုအချိန်တွင် သူမ အကူအညီတောင်းရန် လည်း မည်သူမျှ မရှိတော့ချေ။ အကယ်၍ သူမ တစ်စုံတစ်ဦးထံ ရောက်ရှိနိုင်ခဲ့လျှင်ပင် မည်သူ့ကို ယုံကြည်ရမည်နည်း။ မဟူရာနတ်ဆိုးချောက်မှ အထက်လူကြီးများသည် သွေးဝတ်စုံ သေဆုံးသွားသည်ကို မြင်တွေ့ရပါက ဝမ်းမြောက်ကြလိမ့်မည်။
စီနီယာအစ်ကိုဓားနက်ပင်လျှင် အစီအစဉ်များကြားတွင် ပိတ်မိနေရသဖြင့် သူတို့အနေဖြင့် သွေးဝတ်စုံကို ပို၍ပင် ဂရုစိုက်ကြမည် မဟုတ်ချေ။ အခြားအားကိုးရာမရှိသဖြင့် သူမသည် သူ၏ ဘေးကင်းလုံခြုံမှုအတွက်သာ ဆုတောင်းပေးနိုင်တော့သည်။
တစ်ချိန်တည်းတွင် နေ့တစ်ဝက်မျှ ကာလပတ်လုံး ယန်နတ်ဘုရားများအုပ်စုသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး တံခွန်သခင်မှာမူ စိုးရိမ်စိတ်ဖြင့် လမ်းလျှောက်နေကာ ဇွတ်တရုတ် မလှုပ်ရှားခဲ့ပါ။ အတွင်း၌ ရှိနေသော ဖြစ်တည်မှုများသည် သူ့ကို ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်စေသည်။ သူ၏ ဝေခွဲမရဖြစ်နေမှုသည် စုဝေးနေသော မူလသဘောတရားအဆင့်ရှိသူများအကြား ကွဲပြားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး အချို့က ရယ်မောကာ စောင့်ကြည့်နေကြသလို အချို့ကလည်း ကိုယ်ချင်းစာစိတ် အနည်းငယ် ခံစားရသည်။
"ဒီဧကရာဇ်ခန်းမတမန်တော်က ဒီလောက် သတ္တိရှိနေတာ မဆန်းပါဘူး။ သူက အကောင်းဆုံး ခိုအောင်းရာနေရာကို ရှာထားတာကိုး"
အဆုံးမဲ့ချောက်နက်၏ ချောက်နက်သခင်က လှောင်ပြုံးဖြင့် မှတ်ချက်ပြုသည်။ အကယ်၍ သူသာ မြင့်မြတ်အလင်းမျိုးနွယ်စုကို နှိမ်နင်းနိုင်ပြီး ဝတ်ရုံအစုတ်ဝိညာဉ်၏ ထောက်ခံမှုကို ရရှိခဲ့မည်ဆိုပါက သူကိုယ်တိုင်လည်း သူ၏ မျိုးနွယ်စုကို ဆန်းကြယ်နယ်မြေထဲသို့ ရွှေ့ပြောင်းရန် စဉ်းစားမိပေလိမ့်မည်။
တံခွန်သခင်သည် ဤမြင်ကွင်းကို ကြည့်ရင်း မျက်နှာ ညိုမည်းသွားပြီး သူ၏ အကြည့်သည် အနီးနားရှိ ဈေးသို့ ကျရောက်သွားသည်။ ထိုနေရာသည် လူသားများနှင့် ကျင့်ကြံသူများဖြင့် စည်ကားနေပြီး သူတို့ ရှိနေခြင်းမှာ သူ၏ မျက်စိထဲတွင် အနှောင့်အယှက်တစ်ခု ဖြစ်နေ၏။
"ဒီအင်းဆက်ပိုးမွှားတွေကို သုတ်သင်ပစ်စမ်း"
သူက အမိန့်ပေးလိုက်သည်။ သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လူပေါင်းသောင်းချီ၏ အသက်များကို မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားစေခဲ့၏။ သူ့အတွက်မူ ၎င်းမှာ ယင်ကောင်တစ်ကောင်ကို ရိုက်သတ်ရသကဲ့သို့ လွယ်ကူလှပေသည်။
အခြားမူလသဘောတရားအဆင့်ရှိသူများသည် တုန်လှုပ်ခြင်းမရှိဘဲ သူတို့၏ အမူအရာများမှာ အေးစက်လျက်ပင် ရှိနေကြသည်။ ပုံမှန်အားဖြင့် စနစ်တကျရှိမှုကို ထောက်ခံတတ်သော မူလသဘောတရားအသင်းနှင့် တစ်ဖက်တည်းဖြစ်သူများပင် မည်သည့်စကားမျှ မဆိုကြချေ။
သာမန်လူသားများ၏ အသက်အတွက်နှင့် တံခွန်သခင်ကို သွားရောက်ရန်စခြင်းမှာ ပညာရှိရာမကျပေ။ ထို့အပြင် အသင်း၏ ရည်မှန်းချက်မှာ ယန်နတ်ဘုရားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်သာ ဖြစ်ပြီး လူသားများနှင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက် မဟုတ်ပေ။ သေဆုံးသွားသူများသည် မည်သည့်နာကျင်မှု သို့မဟုတ် သတိပေးချက်မျှမရှိဘဲ ချက်ချင်းပင် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။
"သူ အဲဒီထဲမှာ ထာဝရ ပုန်းနေလို့ မရပါဘူး"
တံခွန်သခင်က စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်ရင်း ဤပိတ်ဆို့မှုကို ဖြိုခွဲရန် နည်းလမ်းအတွက် ထိုက်ဟွမ်နန်းတော်ထံသို့ ဆက်သွယ်လိုက်၏။
"ငါသာ သူဆိုရင်တော့ ပုန်းနေရတာကိုပဲ ပျော်ပျော်ကြီး ရွေးချယ်မှာပဲ"
နဂါးဖြူချောက်နက်သခင်က ရယ်မောရင်း ပြောလိုက်သည်။
မူလသဘောတရားအသင်း၏ မူလသဘောတရားအဆင့်ရှိသူကလည်း သဘောတူသလို ခေါင်းညိတ်လိုက်ပြီး လှောင်ပြုံးပြုံး၏။
"ကြည့်ရတာ တံခွန်သခင်... မင်းရဲ့ တည်ခင်းဧည့်ခံပွဲက အတွက်အချက် မှားသွားပုံပဲ။ မင်း ဆဌမကောင်းကင်ဘုံမှာ သက်တမ်းအရှည်ဆုံး ပွဲတော်အဖြစ် စံချိန်တင်ဖို့ မျှော်လင့်နေတာလား"
သူ၏ စကားများထဲတွင် ကဲ့ရဲ့လှောင်ပြောင်ရိပ်များ ထင်ရှားနေသဖြင့် တံခွန်သခင်၏ မျက်နှာမှာ ပို၍ ညိုမည်းသွားသည်။ ထိုစဉ် ဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်၌ မြင်နေကြပုံရိပ်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်သည်သွေးများစီးကျနေသလိုထင်ရသောဝတ်စုံကို ဝတ်ဆင်ထားပြီး ဆူးခက်များပါရှိသော ခရမ်းရောင်သလင်းကျောက် ဒိုင်းကာများဖြင့် ဖုံးလွှမ်းထားရာ စိုးရိမ်ဖွယ်ရာ ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ အားလုံးမှာ သူ၏ မျက်နှာဖုံးအောက်မှ အေးစက်ပြီး ညှာတာမှုမရှိသော မျက်ဝန်းများကိုသာ မြင်တွေ့ရ၏။ သူ၏ လက်ထဲတွင် သွေးရောင်ဓားတစ်လက်ကို ကိုင်စွဲထားပြီး လောဘ၊ မနာလိုမှုနှင့် ကာမရာဂတို့၏ အရှိန်အဝါများဖြင့် ပတ်သတ်နေရာ ၎င်းလက်နက်မှာ မြေအောက်ကမ္ဘာ၏ အဆိပ်ငွေ့များဖြင့် ပြည့်နှက်နေသကဲ့သို့ ရှိနေသည်။
သူတို့သည် ငရဲမှ ထွက်ပေါ်လာသော မိစ္ဆာနတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ အရှိန်အဝါသည် ငရဲသားများထက်ပင် ပိုမိုမှောင်မိုက်ပြီး ပိုမိုဆိုးယုတ်လှပေသည်။
ယန်နတ်ဘုရားတိုင်းသည် ချက်ချင်းပင် ထိုသွေးဝတ်စုံဝတ်ဆင်ထားသူထံသို့ အာရုံစိုက်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် အံ့ဩမှုနှင့် စိတ်ဝင်စားမှုများ ပြည့်နှက်သွားသည်။
"ဒီလူကတော့ အပြစ်တရား မကောင်းမှုတွေနဲ့ နံစော်နေတာပဲ... လောဘ၊ အလိုရမ္မက်ကြီးမှု၊ သတ်ဖြတ်မှု။ကာမတဏှာ... ဒီဧကရာဇ်ခန်းမတမန်တော်က မူလအပြစ်တရားတွေရဲ့ ကိုယ်စားလှယ်ပဲ"
ချောက်နက်သခင်က သွေးရောင်ပုံရိပ်အားကြည့်ကာ မှတ်ချက်ပြု၏။
"ဒီလောက် ထူထပ်တဲ့ ဆိုးယုတ်စွမ်းအင်တွေနဲ့ဆိုရင် သူက တကယ်ပဲ သေထိုက်ပါတယ်"
ရှန်လော့ကောင်းကင်ဘုံသခင်ကလည်း ဟိန်းနေသောအသံဖြင့် ပြောလိုက်သည်။
နဂါးဖြူချောက်နက်သခင်သည် စိတ်ဝင်တစားဖြင့် သူမ၏ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်၏။
"ဒီလောက် ရင်းနှီးသလိုလို ခံစားချက်မျိုး... သူက ငါတို့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေတာလား"
ရင်းနှီးသော နာမည်များ ခေါင်းထဲပေါ်မလာသော်လည်း မှတ်မိနေသည့် ခံစားချက်ကို သူမ ဖျောက်ဖျက်၍ မရပေ။
"ဒီလောက် ကြီးမားတဲ့ မိစ္ဆာတစ်ကောင်... ရွှီချီ၊ ငါ သူ့ကို ခုတ်ဖြတ်ပစ်ရင် မင်းမှာ ကန့်ကွက်စရာ မရှိဘူးမလား"
တံခွန်သခင်က မူလသဘောတရားအသင်း၏ မူလသဘောတရားအဆင့်ရှိသူကို ရည်ညွှန်း၍ မေးလိုက်သည်။
အသင်းဝင် ရွှီချီက လက်လျှော့သည့်အနေဖြင့် ပုခုံးတွန့်ပြလိုက်၏။
သွေးဝတ်စုံဝတ်ဆင်ထားသူသည် သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ် အရှိန်အဝါများစွာကြောင့် တုန်လှုပ်သွားခြင်း မရှိပေ။ သူ၏ သွေးရောင်ဓားကို အသင့်ပြင်ထားရင်း သူက တည်ငြိမ်စွာ မေးလိုက်သည်။
"မင်းတို့က ဘယ်လိုအစီအစဥ်ရှိတာလဲ ၊ တစ်ယောက်ပြီးတစ်ယောက်လား ၊ ဒါမှမဟုတ် အားလုံးက ငါ့ကို တပြိုင်တည်းလာတိုက်ကြမှာလား"
မူလသဘောတရားအဆင့်ရှိသူများ အံ့ဩတုန်လှုပ်စွာဖြင့် မှင်သက်သွားကြပြီး သူတို့၏ ရယ်မောချင်စိတ်များ ပျောက်ကွယ်သွား၏။
"ဒီဧကရာဇ်ခန်းမတမန်တော်က ငါတို့အားလုံးကို တစ်ခါတည်းပြိုင်တိုက်နိုင်မယ်လို့ ထင်နေတာလား"
နဂါးဖြူချောက်နက်သခင်က ရယ်မောလိုက်သည်။
"နင် နားလည်မှုလွဲနေပြီ တာအိုကျင့်ကြံသူ။ ငါတို့က ဒီနေရာကို ပွဲကြည့်ဖို့ လာတာ။ နင့်ရဲ့ ရန်သူက တံခွန်သခင်ပဲ"
တံခွန်သခင်သည် တစ္ဆေတစ်သောင်းတံခွန်ကို မြှောက်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေ၏။
"မင်းက ငရဲတံခါးဝထဲကို မင်းဘာသာမင်း လှမ်းဝင်လာတာပဲ။ ဒီနေ့... မင်း သေရမယ်"
သူ၏ ပြိုင်ဘက်မှာ မဟာမူလသဘောတရားအဆင့် မဟုတ်ကြောင်း သိရှိရကတည်းက သူသည် ယုံကြည်မှုများ ပြန်လည်ရရှိလာခဲ့ပြီး လက်ထဲတွင်လည်း ထိုက်စီး အဆောင်စာရွက် ရှိနေသဖြင့် သူ လွတ်မြောက်သွားမည်ကို စိုးရိမ်ရန် မလိုတော့ပေ။
သွေးဝတ်စုံဝတ်ဆင်ထားသူသည် သူ့ပတ်ဝန်းကျင်ရှိ ပျက်စီးယိုယွင်းမှုများကို ကြည့်လိုက်သော်လည်း တည်ငြိမ်နေဆဲဖြစ်ကာ သူ၏ အမူအရာကို ခန့်မှန်းရခက်လှသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက သက်ပြင်းချလိုက်၏။
"ကျင့်ကြံခြင်းလောကရဲ့ ကျင့်ဝတ်တွေကတော့... တကယ်ကို နိမ့်ကျသွားခဲ့ပြီပဲ"
အာဏာရှိသူများ၏ ပေါ့ဆမှုသည် ရေတွက်၍မရနိုင်သော အသက်များကို ပျက်စီးသွားစေနိုင်ပြီး သမိုင်းမှတ်တမ်းများတွင်မူ "ငတ်မွတ်ခေါင်းပါးသောနှစ်တွင် လူသားများသည် တစ်ဦးကိုတစ်ဦး စားသုံးခဲ့ကြသည်" ဟူသော စာတစ်ကြောင်းမျှဖြင့်သာ ကျန်ရစ်ပေလိမ့်မည်။
သွေးဝတ်စုံဝတ်ဆင်ထားသူသည် သူ၏ ဓားကိုကိုင်ထားရင်း အရင်အတိုင်း အေးစက်သောအမူအရာ ရှိနေ၏။
မိမိထက်ပင် ပိုမိုဆိုးယုတ်လှသော အမှောင်စွမ်းအင်များ၏ အရှိန်အဝါများ ဖုံးလွှမ်းနေသည်ကို မြင်သောအခါ တံခွန်သခင်က လှောင်ပြုံး ပြုံးလိုက်သည်။
"မင်းက ငါ့ထက်တောင် ပိုပြီး ဆိုးယုတ်နေတာကို ကျင့်ဝတ်အကြောင်း ပြောရဲသေးတယ်ပေါ့။ မင်း ငါ့ကို ရန်စပြီး ဒီအတိုင်း လွတ်လွတ်လပ်လပ် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား"
"မင်း အစစ်အမှန် စွမ်းအားရဲ့ အဓိပ္ပာယ်ကို သိရတော့မယ်... မဟာမူလသဘောတရားရဲ့ စွမ်းအားပေါ့"
သူ စကားပြောလိုက်သည်နှင့် ကြယ်ရောင်များသည် ပိုမိုပြင်းထန်လာ၏။ သူ၏ လက်ချောင်းများကို တစ်ချက် တောက်ခေါက်လိုက်သည်နှင့် ထိုက်စီး အဆောင်စာရွက်က ရုတ်တရက် ကျရောက်လာပြီး စစ်မြေပြင်တစ်ခုလုံးကို မျက်စိကျိန်းမတတ် အရှိန်အဟုန်ဖြင့် လွှမ်းမိုးသွားလေသည်။
ယန်နတ်ဘုရားများမှာ ရင်သပ်ရှုမောသွားကြပြီး အားလုံးက ကြောက်မက်ဖွယ်ကောင်းသော ထိုက်စီး အဆောင်စာရွက်ကို ချက်ချင်းမှတ်မိသွားကြ၏။
"ဒါဆို တံခွန်သခင်က တကယ်ပဲ ပြင်ဆင်လာခဲ့တာပေါ့"
ကြယ်ရောင်များ ဝန်းရံနေစဉ် သွေးဝတ်စုံဝတ်ဆင်ထားသူ၏ ဒိုင်းကာသည် ပိုမိုရဲရဲတောက်လာသည်။ သူက တံခွန်သခင်ကို စိတ်ဝင်တစား စကြည့်လိုက်၏။
"စိတ်ဝင်စားဖို့ကောင်းတဲ့ အဆောင်စာရွက်ပါလား။ မင်းကို ပိုပြီး ရိုက်နှက်ချင်စိတ် ပေါက်လာအောင် လုပ်နေတာပဲ"
တံခွန်သခင်သည် တစ္ဆေတစ်သောင်းတံခွန်ကို အထက်သို့ မြှောက်ကိုင်ထားပြီး သူ၏ အသံတွင် ခြိမ်းခြောက်မှုနှင့် ဝမ်းမြောက်မှုများ ရောပြွန်းနေ၏။
"အချိန်ဆွဲဖို့ ကြိုးစားနေတာလား။ ထွက်ပြေးဖို့ နည်းလမ်းမရှိရင်တော့ မင်း ဒီနေ့ သေရုံပဲ ရှိတော့တယ်"
ထိုအခိုက် နဂါးဖြူချောက်နက်သခင်က ပျင်းရိစွာဖြင့် မှတ်ချက်ပြုသည်။
"ထွက်ပြေးဖို့ အစီအစဉ်မရှိရင်တောင် နင် သူ့ကို တကယ် သတ်နိုင်ပါ့မလားဆိုတာ ငါ သိချင်မိတယ်"
မူလသဘောတရားအဆင့်ရှိသူအချို့ကလည်း ဤသံသယကိုပင် ခံစားမိနေကြသည်။
တံခွန်သခင်သည် သူ၏ ရန်သူကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်၏။
"တကယ်လို့ သူ့မှာ မူလသဘောတရားစည်းတံဆိပ်အမှတ်အသား မရှိရင် သူက စဉ်းတီတုံးပေါ်က သားကောင်သက်သက်ပါပဲ"
ထိုစကားကို ကြားသောအခါ စုဝေးနေသော မူလသဘောတရားအဆင့်ရှိသူများသည် အံ့ဩတုန်လှုပ်စွာဖြင့် တိတ်ဆိတ်သွားကြသည်။
တစ္ဆေစိုးမိုးကောင်းကင်ကို ဖျက်ဆီးခဲ့တဲ့လူက မဟာမူလသဘောတရားအဆင့်တောင် မရှိသေးဘူးတဲ့လား။
သွေးဝတ်စုံဝတ်ဆင်ထားသူက မြှောက်မလိုပြင်ထားသော ဓားကို စိတ်ပျက်စွာပြန်ချ၏။
"စကားတွေ အများကြီး ပြောမနေဘဲ တိုက်ကြရအောင်လား"
တံခွန်သခင်၏ မျက်ဝန်းများ သိသိသာသာကျဉ်းမြောင်းသွားလေသည်။
"မင်းက အစစ်အမှန် မူလသဘောတရားရဲ့ စွမ်းအားကို လုံးဝ နားမလည်သေးဘဲ ကြီးကျယ်နေတာပဲ"
သူ၏ လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် တစ္ဆေတစ်သောင်းတံခွန်သည် ဖျက်ဆီးနိုင်စွမ်းကြီးမားခွင့်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ၄င်းက သူ၏ ပင်မခန္ဓာကိုယ်မှ အပြည့်အဝ စွမ်းအားဖြစ်ပြီး တစ္ဆေတစ်သောင်းတံခွန်ကိုယ်တိုင်၏ စွမ်းအားမြှင့်တင်မှု ပါဝင်သဖြင့် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေသည်။
မဟာမူလသဘောတရားအဆင့်ရှိသူတစ်ဦး၏ ဒိုင်းကာပင်လျှင် ဤကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် အက်ကွဲသွားနိုင်ပေသည်။
"သေလိုက်တော့...."
-----------