အခန်း (၅၇၁-၅၇၂)
Vol. 53 Ch. 571-572
အပိုင်း (၅၇၁)
“ဒါပေမဲ့ စီးပွားရေးက စီးပွားရေး၊ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာပဲ။ ငါတို့ မဟာရှနိုင်ငံတော်က လက်တွဲကူညီပေးစေချင်ရင် မင်းတို့ မဟာလီဘက်ကလည်း ထိုက်တန်တဲ့ တန်ဖိုးတစ်ခုတော့ ပေးဆပ်ရလိမ့်မယ်...” လင်းပိုင်ဖန်က ပြောလိုက်သည်။
ကိုးယောက်မြောက်မင်းသားက ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်ပြီး - “သေချာပေါက်ပေါ့ ဆရာဘိုးဘိုး... ကျွန်တော်တို့ မဟာလီအတွက်တော့ ဆရာဘိုးဘိုး ကူညီပေးတာတင်ပဲ အလွန်တရာ ကံကောင်းလှပါပြီ၊ ဒါထက်ပိုပြီးတော့လည်း လောဘမကြီးရဲပါဘူး...”
ထိုသို့ပြောရင်း ကိုးယောက်မြောက်မင်းသားက မဟာလီဘက်မှ ပေးအပ်မည့် ကမ်းလှမ်းချက်များ ပါရှိသော စာတစ်စောင်ကို သူ၏ရင်ခွင်ထဲမှ ထုတ်ပေးလိုက်သည်။
လင်းပိုင်ဖန်က စာကို တစ်ချက်ကြည့်လိုက်ပြီး အကြမ်းဖျင်းအားဖြင့် ကျေနပ်သွားခဲ့သည်။
ကိုးယောက်မြောက်မင်းသား၏ မျက်နှာကို ထောက်ထားသောအားဖြင့် သူက သိပ်ပြီး ဈေးစစ်မနေတော့ချေ။
“ဒါပေမဲ့... ငါ နောက်ထပ် အခြေအနေတစ်ခု တိုးချင်သေးတယ်...”
“ဆရာဘိုးဘိုး... ဘာအခြေအနေမျိုးပါလဲ...” ကိုးယောက်မြောက်မင်းသားက စိုးရိမ်တကြီး မေးလိုက်သည်။
လင်းပိုင်ဖန်၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး - “ထျန်းချုံး... မင်း ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ ရည်မှန်းချက် ရှိဖူးလား...”
ကိုးယောက်မြောက်မင်းသားမှာ ဆွံ့အသွားကာ - “ကျွန်တော်မျိုးက... ဧကရာဇ် ဖြစ်ရမယ် ဟုတ်လား...”
“မှန်တာပေါ့... ငါ့ရဲ့ အခြေအနေကတော့ မင်းတို့ မဟာလီကို တိုင်းပြည်ပျက်သုဉ်းမယ့် ဘေးအန္တရာယ်ကနေ ကူညီဖြေရှင်းပေးမယ်။ အဲဒီအတွက် အလဲအလှယ်အနေနဲ့ မဟာလီအင်ပါယာက မင်းကို ‘အိမ်ရှေ့စံမင်းသား’ အဖြစ် ခန့်အပ်ပြီး နောင်တစ်ချိန်မှာ ထီးနန်းဆက်ခံသူ ဖြစ်လာစေရမယ်...” လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။
ကိုးယောက်မြောက်မင်းသားသည် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။
ဟန်တာ့ရှန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်ကာ - “အရှင်မင်းကြီး... ဘာဖြစ်လို့ ဒီအခြေအနေကို ထည့်လိုက်တာလဲ...”
လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - “ပထမတစ်ခုကတော့ လီထျန်းချုံးက ငါ့တပည့်ရဲ့ တပည့်ဖြစ်နေလို့ပဲ၊ ငါတို့ကြားမှာ ဒီသံယောဇဉ်ရှိတော့ ကူညီနိုင်ရင် ကူညီပေးလိုက်တာပေါ့။ ဒုတိယတစ်ခုကတော့ ငါတို့ မဟာရှနိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်ပဲ။ လီထျန်းချုံးသာ ထီးနန်းတက်လာရင် အမျိုးမျိုးသော ပတ်သက်မှုတွေကြောင့် သူက ငါတို့နဲ့ သဘာဝအတိုင်း ရင်းနှီးသွားမှာပဲဖြစ်ပြီး အားကိုးရတဲ့ မဟာမိတ်တစ်ဦးကို ဆွဲခေါ်လိုက်သလိုပဲ။ မိတ်ဆွေပိုများလေ လျှောက်ရတဲ့လမ်းက ပိုချောမွေ့လေပဲ မဟုတ်လား...”
“အရှင်မင်းကြီး မိန့်ကြားတာ တကယ်ကို မှန်ကန်လှပါတယ်...” ဟန်တာ့ရှန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ပြီးတော့ တတိယအချက်ကတော့... ဒီအတိုင်း ငါ့စိတ်ထဲ ပျော်လို့ပဲ...”
ကောင်းကင်အဆင့် နှစ်ဦးစလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး - “ပျော်လို့ ဟုတ်လား...”
“စဉ်းစားကြည့်လေ... တကယ်လို့ ထျန်းချုံးသာ တကယ် ဧကရာဇ် ဖြစ်လာရင် ငါ့မှာ ဧကရာဇ်တစ်ပါးကို မြေးတပည့်အဖြစ် ပိုင်ဆိုင်ရမှာလေ။ အဲဒီအကြောင်းကို ပြင်ပမှာ ပျံ့နှံ့သွားရင် ဘယ်လောက်တောင် ဂုဏ်သိက္ခာရှိလိုက်မလဲ...” လင်းပိုင်ဖန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ ဆွံ့အသွားကြရသည်။
သို့သော်လည်း ထိုသို့သာ တကယ်ဖြစ်လာခဲ့လျှင် တကယ့်ကို ဂုဏ်ယူစရာ ကောင်းမည်မှာ အမှန်ပင် ဖြစ်သည်။
မကြာမီမှာပင် ကိုးယောက်မြောက်မင်းသား လီထျန်းချုံးသည် အပြေးအလွှား ပြန်လည်ရောက်ရှိလာပြီး မဟာလီကိုယ်စား လင်းပိုင်ဖန်၏ အခြေအနေကို သဘောတူညီကြောင်း လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က ချက်ချင်းပင် ထိပ်တန်းသိုင်းပညာရှင် သုံးဦးဖြစ်သည့် ‘လှံနတ်ဘုရား’၊ ဟန်တာ့ရှန်နှင့် မိုယုယန်တို့ကို မဟာလီအား ကယ်ဆယ်ရန် စေလွှတ်လိုက်လေသည်။
အခြားလူများကို စေလွှတ်ရန် မလိုတော့ဘဲ ဤကောင်းကင်အဆင့် သုံးဦးတည်းနှင့်တင် လုံလောက်လှပေသည်။
ထိုအချိန်တွင် နိုင်ငံအသီးသီး၏ ပူးပေါင်းစစ်တပ်များသည် မဟာလီ၏ နယ်နိမိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေပြီဖြစ်ရာ နယ်မြေများမှာ တစ်ခုပြီးတစ်ခု ရန်သူ့လက်ထဲသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။
အရပ်ရပ်မှ စစ်မီးလျှံများ တောက်လောင်နေပြီး စစ်သည်များနှင့် မြင်းခွာသံများ ရှုပ်ထွေးဆူညံကာ ပရမ်းပတာ ဖြစ်နေတော့သည်။
မဟာလီ၏ နန်းတော်အတွင်းတွင် လက်ရှိ မဟာလီဧကရာဇ်သည် သူ၏ရှေ့မှောက်ရှိ စုဆောင်းထားသော စစ်မြေပြင်သတင်းများကို ကြည့်ကာ စိုးရိမ်ပူပန်မှုများဖြင့် စိတ်နှလုံး လေးလံနေခဲ့သည်။
“စစ်မီးက နေရာအနှံ့ ကူးစက်နေပြီ၊ ငါတို့ရဲ့ ဘေးပတ်ပတ်လည်မှာ ရန်သူတွေ ဝိုင်းနေတာ။ တိုင်းပြည်နဲ့ လူမျိုး ပျက်သုဉ်းဖို့က လက်တစ်ကမ်းပဲ လိုတော့တယ်။ ငါ့သား ချုံးအာတစ်ယောက် ဘေးကင်းကင်းနဲ့ ရောက်ပါ့မလား... သူ အချိန်မီ စစ်ကူတွေ ခေါ်လာနိုင်ပါ့မလား...”
“အရှင်မင်းကြီး... စိတ်အေးအေးထားတော်မူပါ၊ ကိုးယောက်မြောက်ညီတော်က မဟာရှနိုင်ငံတော်နဲ့ သံယောဇဉ် ရှိထားတာပဲ။ ဒါ့အပြင် ကျွန်တော်မျိုးတို့ဘက်ကလည်း မဟာရှနိုင်ငံတော်ရဲ့ အခြေအနေတွေကို သဘောတူထားပြီးပြီဆိုတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ အခုလောလောဆယ် ကျွန်တော်မျိုးတို့ လုပ်ရမှာက စစ်တပ်ရဲ့ စိတ်ဓာတ်ကို တည်ငြိမ်အောင်လုပ်ပြီး ကိုးယောက်မြောက်ညီတော် ပြန်လာမယ့်အချိန်ကို စောင့်ဆိုင်းဖို့ပါပဲ...”
သူ၏ဘေးတွင် ရပ်နေသော၊ တင့်တယ်ခန့်ညားသည့် အသွင်အပြင်ရှိပြီး စပါးအုန်းမြွေဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် လူတစ်ဦးက စိတ်အေးစေရန် ဝင်ရောက်လျှောက်တင်လိုက်သည်။
ထိုသူမှာ မဟာလီဧကရာဇ်၏ သားကြီးဖြစ်သူ ပထမမင်းသား ‘လီထျန်းရှင်း’ ဖြစ်ပြီး မူလက အိမ်ရှေ့စံမင်းသားအဖြစ် ထီးနန်းဆက်ခံရန် အခွင့်အလမ်းအရှိဆုံးသူ ဖြစ်သည်။
“အဲဒီအတိုင်းပဲ မျှော်လင့်ရတာပေါ့...”
မဟာလီဧကရာဇ်က သက်ပြင်းချလိုက်ပြီး သူ၏ရှေ့မှောက်ရှိ သားဖြစ်သူကို ကြည့်ကာ - “ရှင်းအာ... မင်းရဲ့စိတ်ထဲမှာ ရန်ငြိုးမထားပါနဲ့။ ငါတို့ မဟာလီက ပြိုလဲလုနီးပါး ဖြစ်နေပြီ၊ တော်ဝင်သွေးမျိုးစက်ကို ကာကွယ်ဖို့အတွက် အရင်ဆုံး ကိုယ့်နယ်မြေကို ထိန်းသိမ်းထားနိုင်ရမယ်...”
လီထျန်းရှင်းက ချက်ချင်းပင် ပြန်လည်လျှောက်တင်လိုက်သည် - “အရှင်မင်းကြီး... စိတ်ချတော်မူပါ၊ သားတော် ဘယ်အရာက ပိုအရေးကြီးလဲဆိုတာကို နားလည်ပါတယ်။ တိုင်းပြည်မရှိရင် အိမ်ဆိုတာ ဘယ်မှာရှိတော့မှာလဲ။ တကယ်လို့ ဒီဘေးဒုက္ခကို ကျော်လွှားနိုင်ခဲ့ရင် ကိုးယောက်မြောက်ညီတော်က အကြီးမားဆုံး အကျိုးပြုခဲ့တာမို့ သူ အိမ်ရှေ့စံမင်းသား ဖြစ်လာတာက တရားမျှတပါတယ်။ သားတော်အနေနဲ့ ရန်ငြိုးမရှိရုံတင်မကဘဲ အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ဒါ့အပြင် သားတော်က တိုင်းပြည်ကို ကာကွယ်ဖို့အတွက် သူ့ကို သစ္စာရှိရှိ ပံ့ပိုးကူညီသွားမှာပါ...”
“မင်း ဒီလိုတွေးနိုင်တာ အကောင်းဆုံးပဲ...” မဟာလီဧကရာဇ်က ထပ်မံသက်ပြင်းချလိုက်ပြန်သည်။
ထီးနန်းလုပွဲဟူသည် အမြဲတမ်း သွေးချောင်းစီးတတ်ပြီး ညီအစ်ကိုအချင်းချင်း သတ်ဖြတ်ခြင်းမှာ အလွန်ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သည်။
သူ့သားကြီးက ပြောသည့်အတိုင်း ကတိတည်နိုင်မလားဆိုတာ သူ မသိသော်လည်း ယခုအခါ တိုင်းပြည်ပင် မတည်မြဲတော့မည့် အခြေအနေတွင် ထိုအရာများကို တွေးတောပူပန်နေ၍ ဘာထူးတော့မည်နည်း။
“ရှင်းအာ... မင်းလည်း တခြားလူတွေလိုပဲ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းထဲမှာ သွားပုန်းနေတော့။ တကယ်လို့ တိုင်းပြည်ပျက်စီးသွားရင်တောင် ငါတို့ရဲ့ တော်ဝင်သွေးကတော့ ကျန်ရှိနေဦးမှာပဲ...”
“မဖြစ်ပါဘူး အရှင်မင်းကြီး... သားတော် မသွားနိုင်ပါဘူး။ သားတော် အရှင်မင်းကြီးနဲ့အတူ ဒီနန်းတော်မှာပဲ အတူတူ စောင့်ရှောက်ပါရစေ...” လီထျန်းရှင်းက ပြတ်သားစွာ ပြောလိုက်သည်။
“စကားတွေ အများကြီး မပြောနဲ့တော့... အခုချက်ချင်း သွားစမ်း၊ ဒါက မင်း ဇွတ်တရွတ်လုပ်ရမယ့် အချိန်မဟုတ်ဘူး...” မဟာလီဧကရာဇ်က တိုက်တွန်းလိုက်သည်။
ထိုအချိန်မှာပင် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော လူတစ်ယောက်က ကောင်းကင်ယံမှ ဝုန်းကနဲ ပြုတ်ကျလာခဲ့သည်။
ထိုသူကို မြင်လိုက်ရသောအခါ မဟာလီဧကရာဇ်မှာ လန့်ဖျတ်သွားပြီး - “စီနီယာ... စီနီယာ ဘယ်လိုဖြစ်လို့ ဒဏ်ရာတွေ ဒီလောက်ရလာတာလဲ။ ဒါကို ဘယ်သူလုပ်တာလဲ...”
ထိုသူမှာ လောလောဆယ် မဟာလီအင်ပါယာတွင် ရှိနေသည့် တစ်ဦးတည်းသော ကောင်းကင်အဆင့် ‘လင်းထျန်းယို’ ဖြစ်သည်။
သူက အရေးတကြီး ပြောလိုက်သည် - “အရှင်မင်းကြီး... အခုချက်ချင်း ထွက်ပြေးပါတော့။ သူတို့ဘက်က ကောင်းကင်အဆင်က တိုက်ခိုက်လာပါပြီ၊ ကျွန်တော် သူ့ကို လုံးဝ မယှဉ်နိုင်ဘူး...”
မဟာလီဧကရာဇ်မှာ ထပ်မံ ထိတ်လန့်သွားပြီး - “သူတို့က ဒီအထိတောင် ရောက်လာကြပြီလား။ အဲဒါ ဘယ်နိုင်ငံက ကောင်းကင်အဆင့်လဲ...”
“သူတို့ သုံးယောက်စလုံး ရောက်လာတာပါ... မြို့တော်ကိုတောင် ပိတ်ဆို့ထားလိုက်ကြပြီ၊ အခုချက်ချင်း မထွက်သွားရင် အချိန်မီတော့မှာ မဟုတ်ဘူး...”
အတိအကျပင် ထိုအချိန်၌ နန်းတော်ပြင်ပမှ မောက်မာစော်ကားသော ရယ်မောသံ သုံးသံ ထွက်ပေါ်လာခဲ့သည်။
“ပြေးချင်တယ် ဟုတ်လား... မင်းတို့ ဘယ်ကို ပြေးနိုင်ဦးမှာလဲ...”
“မင်းတို့ရဲ့ တော်ဝင်နန်းတော်ကို ငါတို့ ပတ်ပတ်လည် ဝိုင်းထားပြီးပြီ၊ မင်းတို့ထဲက တစ်ယောက်မှ လွတ်မြောက်မှာ မဟုတ်ဘူး...”
“အသက်ရှင်ချင်ရင်တော့... အသာတကြည် ထွက်ပြီး အရှုံးပေးလိုက်စမ်း...”
အပိုင်း (၅၇၂)
မဟာလီဧကရာဇ်၏ မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။
တော်ဝင်နန်းတော်အတွင်း၌ ဤမျှအထိ ရဲတင်းလှသူများသည် စီနီယာ ပြောခဲ့သည့် ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦးသာ ဖြစ်ရပေမည်။
မဟာလီဧကရာဇ်က လှမ်းကြည့်လိုက်ရာ ကောင်းကင်အဆင့်သိုင်းပညာရှင် ‘လင်းထျန်းယို’ ၏ မျက်နှာတွင် ခါးသက်သော အမူအရာများဖြင့် ပြည့်နှက်နေပြီး - “အရှင်မင်းကြီး... သူတို့ပါပဲ၊ သူတို့တွေ ရောက်လာကြပြီ...”
“အခု ဘာလုပ်ကြမလဲ ခမည်းတော်...” ပထမမင်းသား လီထျန်းရှင်းမှာ လုံးဝ ဇဝေဇဝါဖြစ်ကာ လမ်းပျောက်နေခဲ့ပြီ ဖြစ်သည်။
“မလန့်နဲ့... ငါ အပြင်ထွက်ပြီး သူတို့ကို ရင်ဆိုင်ပြီး အချိန်ဆွဲထားမယ်။ စီနီယာ... ဒီအခွင့်အရေးကို သုံးပြီး ရှင်းအာကို ခေါ်သွားတော့၊ ဝေးနိုင်သမျှ ဝေးဝေးကို ပြေးကြ...” မဟာလီဧကရာဇ်က လေးနက်သော လေသံဖြင့် မိန့်ကြားလိုက်သည်။
“ဗျာ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ အရှင်မင်းကြီး...” လင်းထျန်းယိုက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
“အရှင်မင်းကြီး... သားတော် ခမည်းတော်နဲ့အတူ အသက်အသေခံပါ့မယ်၊ ဘယ်မှ မသွားနိုင်ပါဘူး...” လီထျန်းရှင်းကလည်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“တွေဝေမနေကြနဲ့တော့... သူတို့ရဲ့ ပစ်မှတ်က ငါပဲ။ ငါ ဒီမှာ ကျန်ခဲ့မှသာ မင်းတို့ လွတ်မြောက်ဖို့ အခွင့်အရေး ရှိမှာ။ ပြီးတော့ သူတို့လက်ထဲ ကျရောက်သွားရင်လည်း ငါ ချက်ချင်း သေချင်မှ သေမှာ။ မဟာရှနိုင်ငံတော်ရဲ့ စစ်ကူတွေ ရောက်လာတာနဲ့ ငါတို့ မဟာလီက ကယ်တင်ခြင်း ခံရမှာပဲ...”
မဟာလီဧကရာဇ်၏ ကျိုးကြောင်းဆီလျော်လှသော ခွဲခြမ်းစိတ်ဖြာမှုကို ကြားရသောအခါ သူတို့နှစ်ဦးစလုံး လက်ခံသွားကြရတော့သည်။
“အရှင်မင်းကြီး... ဂရုစိုက်ပါ...”
“ခမည်းတော်... ဘေးကင်းပါစေ...”
သူတို့နှစ်ဦးသည် နှုတ်ဆက်စကား ဆိုပြီးနောက် လျှို့ဝှက်စွာ ပုန်းကွယ်လိုက်ကြတော့သည်။
အရာအားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ မဟာလီဧကရာဇ်သည် နန်းတော်ပြင်ပသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာခဲ့သည်။
ပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်လိုက်ရာ နက်ရှိုင်းလှသည့် အရှိန်အဝါများ ရှိနေသည့် သက်ကြီးရွယ်အို သုံးဦးသည် တော်ဝင်နန်းတော်၏ မတူညီသော အရပ်မျက်နှာ သုံးခုတွင် ရပ်နေကြပြီး နန်းတော်တစ်ခုလုံးကို ပိတ်ဆို့ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရသည်။
သူတို့၏ အောက်ခြေမြေပြင်တွင်မူ အလောင်းများ တောင်လိုပုံနေပြီး သွေးပင်လယ်ပြင်ကြီးတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“မင်းက လက်ရှိ အုပ်ချုပ်နေတဲ့ မဟာလီဧကရာဇ် ‘လီဟုန်ထျန်း’ လား...” ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးက ကောင်းကင်ယံထက်မှနေ၍ မဟာလီဧကရာဇ်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။
သူက ခေါင်းညိတ်ပြလိုက်ပြီး - “သေချာပေါက်ပဲပေါ့... ငါ့လို စစ်မှန်တဲ့ ဧကရာဇ်တစ်ပါးမှသာ ဒီလောက် အားကောင်းတဲ့ ဧကရာဇ်အရှိန်အဝါ ရှိနိုင်တာ...”
“မင်းက သတ္တိတော့ ရှိသားပဲ... ငါတို့ လာနေတာကို သိရက်နဲ့တောင် အပြင်ထွက်ပြီး ရင်ဆိုင်ရဲသေးတယ်။ ချီးကျူးဖို့ကောင်းတဲ့ သတ္တိပဲ၊ ငါ တကယ် သဘောကျမိတယ်...” အခြား ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးက နှုတ်ဆက်ရင်း ပြုံးလျက် ပြောလိုက်သော်လည်း သူ၏ စကားလုံးများထဲတွင် စစ်မှန်သော ရိုသေလေးစားမှု အလျင်းမရှိချေ။
တတိယမြောက်လူကမူ ဘာစကားမျှ မဆိုဘဲ မဟာလီဧကရာဇ်ကို ကြည့်ကာ ပြုံးနေခဲ့သည်။ သူက ဧကရာဇ်၏ အခြေအနေအားလုံးကို စိတ်ကြိုက် ခြယ်လှယ်နိုင်ပြီဟု တွေးတောနေပုံရသည်။
ထိုကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦး၏ စူးစိုက်ကြည့်ရှုခြင်း ခံနေရသော်လည်း မဟာလီဧကရာဇ်သည် တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်ကာ ကျယ်လောင်ပြတ်သားသော အသံဖြင့် - “ငါက မဟာလီအင်ပါယာရဲ့ လက်ရှိဧကရာဇ် ‘လီဟုန်ထျန်း’ ပဲ။ မင်းတို့က အခု ငါ့ရဲ့ တော်ဝင်နန်းတော်ကို ကျူးကျော်လာတယ်၊ ငါ့ရဲ့ ကိုယ်ရံတော်စစ်တပ်ကို သတ်ဖြတ်တယ်၊ ပြီးတော့ ငါ့ရဲ့ တော်ဝင်နန်းတွင်းကို ဖျက်ဆီးတယ်။ ငါက ဘာအပြစ်တွေ ကျူးလွန်ခဲ့လို့ ဒီလိုမျိုး ခံရတာလဲ...”
ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦးစလုံးမှာ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီးနောက် အော်ဟစ်ရယ်မောလိုက်ကြတော့သည်။
“မင်းမှာ ဘာအပြစ်ရှိလို့လဲ ဟုတ်လား... အားနည်းတာက မင်းရဲ့ အပြစ်ပဲ။ ငါတို့ မင်းကို နှိပ်စက်ရင်တောင် မင်း ဘာလုပ်နိုင်မှာလဲ...”
“မင်းကိုယ်မင်း အင်ပါယာတစ်ခုရဲ့ အရှင်သခင်လို့ ထင်နေတုန်းပဲလား... ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်မှ မရှိတော့တဲ့ မဟာလီက စွယ်ကျိုးနေတဲ့ ကျားတစ်ကောင်လိုပဲ၊ အဓိပ္ပာယ်မရှိတဲ့ ဟိန်းဟောက်သံတွေပဲ ထုတ်နိုင်တော့တာ...”
“ငါသာ မင်းနေရာမှာဆိုရင်... အခုအချိန်မှာ ဘေးကင်းမယ့် နေရာတစ်ခုခုမှာ ပုန်းနေလောက်ပြီ...”
ထိုကောင်းကင်အဆင့် သိုင်းပညာရှင်များ၏ စော်ကားမောက်မာသော စကားများကြောင့် မဟာလီဧကရာဇ်၏ မျက်နှာမှာ ညိုမှောင်သွားခဲ့သည်။
သို့သော်လည်း သူသည် ဧကရာဇ်တစ်ပါး၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် - “မှန်တယ်... မိစ္ဆာအရေးအခင်း ပြီးကတည်းက ငါတို့ မဟာလီရဲ့ နိုင်ငံတော်အင်အားက ဆုတ်ယုတ်သွားခဲ့တာ အရင်လို မသန်မာတော့ဘူး။ ဒါပေမဲ့ အင်အားချည့်နဲ့သွားတဲ့ မဟာလီက မည်သူမဆို လာပြီး နှိပ်စက်တာကို ခံလိမ့်မယ်လို့ မင်းတို့ ထင်နေသလား... မှတ်ထားပါ၊ ‘ကုလားအုတ်က ပိန်ပေမဲ့ မြင်းထက်တော့ ကြီးသေးတယ်’ ဆိုသလိုပဲ၊ သမိုင်းအစဉ်အလာရှိတဲ့ အင်ပါယာတစ်ခုဖြစ်တဲ့ မဟာလီက ဒီလောက်အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ အထဲမှာမပါဘူး...”
“ဟ... အရှင်မင်းကြီးရဲ့ လေသံကို နားထောင်ရတာ... လက်ထဲမှာ တခြားဝှက်ဖဲတွေ ရှိနေသေးတဲ့ ပုံပဲ...”
ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးက အလွန်စိတ်ဝင်စားသွားသည့် ပုံစံဖြင့် - “မင်းမှာ ဘာဗျူဟာတွေပဲ ရှိရှိ... ထုတ်သုံးလိုက်စမ်းပါ၊ ငါ ဒီမှာ အလွန်ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေတယ်...”
“မှန်တာပေါ့... မင်းမှာ ဘာအကွက်တွေရှိလဲ ထုတ်သုံးလိုက်၊ မင်း ဘယ်လိုမျိုး အခြေအနေကို ပြောင်းပြန်လှန်ပစ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...” ဒုတိယမြောက် ကောင်းကင်အဆင့် သိုင်းပညာရှင်က ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။
သူတို့သည် မဟာလီအင်ပါယာကို တိုက်ခိုက်ရန် သေချာပေါက် အဘက်ဘက်မှ ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မဟာလီတွင် ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲနိုင်မည့် မည်သည့်အင်အားမျှ ရှိလိမ့်မည်မဟုတ်ဟု သူတို့ အခိုင်အမာ ယုံကြည်ထားကြသည်။
မဟာလီဧကရာဇ်က မော့ကြည့်လိုက်ပြီး - “ငါတို့ မဟာလီရဲ့ နိုင်ငံတော်အင်အားက မင်းတို့အားလုံးကို မယှဉ်နိုင်တာတော့ အမှန်ပဲ။ ဒါပေမဲ့... လက်ရှိ ကောင်းကင်ကို ဆန့်ကျင်ပြီး ထိုးတက်လာနေတဲ့ ‘မဟာရှအင်ပါယာ’ ကိုကော မင်းတို့ ယှဉ်နိုင်ပါ့မလား...”
‘မဟာရှအင်ပါယာ’ ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှိနေသော ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦးစလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားပြီး လေးနက်တည်ကြည်သွားကြတော့သည်။
မဟာရှအင်ပါယာသည် လက်ရှိကမ္ဘာပေါ်တွင် ထိပ်တန်းအင်ပါယာတစ်ခုဖြစ်ပြီး ၎င်းတို့တွင် ကောင်းကင်အဆင့် သိုင်းပညာရှင် ရှစ်ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀၀ နီးပါးနှင့် အထူးစစ်သည်တော် အင်အား ၈ သန်းအထိ ရှိကာ ၎င်းတို့၏ အရှိန်အဝါက လူတိုင်းအပေါ် လွှမ်းမိုးထားရာ ၎င်းတို့နှင့် ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် ၎င်းတို့တွင် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်သော ‘မဟာကောင်းကင်အဆင့်’ များကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး လောက၌ ပြိုင်ဘက်ကင်းသော ‘ရွှမ်ရှောင်’ နတ်ဓားလည်း ရှိနေသည်။ ဤအချက်ကြောင့်ပင် မဟာရှအင်ပါယာသည် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အမြင့်မြတ်ဆုံး အင်အားစုကြီးအဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့ သုံးဦး အင်အားချင်း ပူးပေါင်းလျှင်ပင် မဟာရှကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။
“ဒါပေမဲ့... အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ...”
“ဆိုင်တာမှ အများကြီး ဆိုင်တာပေါ့...” မဟာလီဧကရာဇ်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
“ငါတို့က မဟာရှနိုင်ငံတော်ဆီကို စစ်ကူတောင်းဖို့ လူလွှတ်ထားပြီးပြီ၊ သူတို့ဘက်ကလည်း ကူညီဖို့ သဘောတူထားပြီး စစ်ကူတွေ စေလွှတ်နေပြီ။ မင်းတို့ရဲ့ ကောင်းစားတဲ့နေ့ရက်တွေ ကုန်ဆုံးတော့မှာပဲ...”
ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦး၏ မျက်နှာများ ချက်ချင်း ပျက်သွားပြီး- “ဘာ... မင်း လိမ်နေတာပဲ၊ ဒါ မဖြစ်နိုင်ဘူး...”
“မဟာရှက မင်းတို့ကို ဘာဖြစ်လို့ ကူညီရမှာလဲ... မင်းတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘဲနဲ့...”
“မင်း ငါတို့ကို လှည့်စားဖို့ လျှောက်ပြောနေတာပဲ ဖြစ်ရမယ်၊ ဒါကို မယုံကြနဲ့...”
“သိုင်းပညာရှင်တို့... မင်းတို့ ဘာမှမသိသေးလို့ပါ...”
မဟာလီဧကရာဇ်က ပြုံးလျက် - “မဟာလီနဲ့ မဟာရှကြားမှာ တိုက်ရိုက်ပတ်သက်မှု မရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့သား ‘ချုံးအာ’ က ပြိုင်ဘက်ကင်း လှံနတ်ဘုရားရဲ့ တပည့်ဖြစ်ပြီး၊ အဲ့ဒီ လှံနတ်ဘုရားက မဟာရှဧကရာဇ်ကို သူ၏ ဆရာအဖြစ် သတ်မှတ်ထားတာ။ တစ်နည်းပြောရရင် ငါ့ရဲ့သားက မဟာရှဧကရာဇ်ရဲ့ ‘မြေးတပည့်’ ဖြစ်ပြီး သူတို့ကြားမှာ ဆရာ-တပည့် သံယောဇဉ် ရှိနေတာပဲ။ အခု မဟာလီက ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ မဟာရှက ဒီအတိုင်း ထိုင်ကြည့်နေပါ့မလား...”
ထိုစကားကြောင့် ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦးစလုံး၏ မျက်နှာအမူအရာများ ရှုပ်ထွေးသွားခဲ့သည်။
သူတို့ထဲမှ တစ်ဦးက ဝင်ပြောလိုက်သည် - “အဲဒါ ဘာဖြစ်လဲ... မင်းပြောတာ မှန်တယ်ပဲ ထားဦးတော့၊ မင်းတို့နဲ့ မဟာရှကြားက သံယောဇဉ်က ပင့်ကူအိမ်လိုပဲ အလွန်ပါးလွှာပြီး အလွယ်တကူ ပြတ်တောက်သွားနိုင်တယ်။ မဟာရှက မင်းတို့ တစ်နိုင်ငံတည်းအတွက်နဲ့ ငါတို့ သုံးနိုင်ငံလုံးကို ရန်သူအဖြစ် သတ်မှတ်ပြီး စစ်အင်အားတွေ သုံးလိမ့်မယ်လို့ ငါ မယုံဘူး...”
အခြား ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးကလည်း ခေါင်းညိတ်ထောက်ခံရင်း မိမိကိုယ်ကို ပြန်လည်နှစ်သိမ့်လိုက်ကြသည်။
“မင်းတို့ မှားသွားပြီ... မဟာရှက ငါတို့ရဲ့ တောင်းဆိုမှုကို သဘောတူပြီးပြီ၊ သူတို့ရဲ့ စစ်ကူတွေ လမ်းခရီးမှာတောင် ရောက်နေလောက်ပြီ။ မဟာရှရဲ့ စစ်ကူတွေ ရောက်လာတာနဲ့ မင်းတို့ရဲ့ နောက်ဆုံးနေ့ပဲ ဖြစ်လာလိမ့်မယ်။ အခုချက်ချင်း စစ်တပ်တွေကို ပြန်ရုပ်သိမ်းတာက ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် မင်းတို့ ပြန်လမ်းရှိမှာ မဟုတ်တော့ဘူး...” မဟာလီဧကရာဇ်က ခြိမ်းခြောက်လိုက်သည်။
မဟာလီဧကရာဇ်၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်လိုက်ရသောအခါ ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦးစလုံးမှာ တကယ်ပင် တွေဝေတုံ့ဆိုင်းသွားကြတော့သည်။