အခန်း (၅၇၅-၅၇၆)
Vol. 53 Ch. 575-576
အပိုင် (၅၇၅)
အချိန်တွေက မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့လေသည်။
ဤနှစ်လတာကာလအတွင်း လင်းပိုင်ဖန်သည် အစိုးရရေးရာကိစ္စရပ်များတွင် အာရုံစိုက်ခြင်းမရှိဘဲ လက်လွှတ်စပယ် ထားခဲ့လေသည်။ သူသည် နန်းတော်ထဲတွင်သာ အချိန်ကုန်လွန်စေပြီး သူ၏ မိဖုရား၊ မောင်းမမိဿံများ၏ အခြံအရံများအကြားတွင် လောကီစည်းစိမ်ကို အားရပါးရ ခံစားနေခဲ့သဖြင့် လူ့လောကအပြင်ဘက်သို့ ပြန်လည်ခြေဆန့်ရန်ပင် စိတ်ကူးမရှိတော့ချေ။
သို့သော်လည်း မဟာရှအင်ပါယာသည် ဆက်လက်၍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေဆဲပင်။
လူတိုင်းက စိတ်ရှုပ်ထွေးနေကြသည်။ သူသည် ဤအရာကို မည်သို့ စီမံခန့်ခွဲနိုင်ခဲ့ပါသနည်း။ တိုင်းပြည်က ပိုမိုကြီးမားလာပြီး လူဦးရေကလည်း ပိုမိုများပြားလာသည်နှင့်အမျှ ဧကရာဇ်တစ်ပါးအနေဖြင့် အုပ်ချုပ်ရေး ကိစ္စရပ်များတွင် ပိုမို၍ ဝန်ပိနေရမည် မဟုတ်ပါလော။ သူက အဘယ်ကြောင့် ပြောင်းပြန်ဖြစ်နေရသနည်း။ ထို့အပြင် သူသည် အာဏာစက်ကိုလည်း မိမိလက်ခုပ်ထဲကရေလို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။ ဤအရာက တကယ်ကို အံ့ဩစရာ ကောင်းလှပေသည်။
လူအများက လင်းပိုင်ဖန်၏ အုပ်ချုပ်မှုပုံစံတွင် ထူးခြားသော အချက်အချို့ ရှိနေရမည်ဟု ယုံကြည်ကြသဖြင့် စတင်လေ့လာ ဆန်းစစ်လာကြတော့သည်။
တစ်ခါက ဧကရာဇ်တစ်ပါးသည် လင်းပိုင်ဖန်၏ အုပ်ချုပ်မှုပုံစံကို အတုယူရန် ကြိုးစားခဲ့ဖူးပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော်အရေးကိစ္စများကို ပစ်ပယ်ထားပြီး အရာရှိများထံ လွှဲအပ်ထားခဲ့သည်။ သူသည် ပျော်ပါးအေးဆေးစွာ နေထိုင်ခဲ့သော်လည်း သုံးလပင်မပြည့်မီမှာတင် သူ၏အာဏာအားလုံးကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ အချိန်မီ အာဏာကို ပြန်မသိမ်းနိုင်ခဲ့ပါက သူ၏ ရာဇပလ္လင်ပါ ဆုံးရှုံးသွားနိုင်ခြေ ရှိသည်။
ဤအချက်ကို ကြည့်ခြင်းဖြင့် လင်းပိုင်ဖန်၏ အုပ်ချုပ်ရေးနည်းလမ်းသည် အတုယူ၍မရနိုင်ကြောင်း ထင်ရှားလှပေသည်၊ လိုက်လံအတုယူခြင်းက ဘေးဒုက္ခကိုသာ ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။
ယခုအခါတွင်မူ ဆောင်းဦးရာသီသို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ရာ ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းသော ရာသီပင် ဖြစ်သည်။
ဘဏ္ဍာရေး ဝန်ကြီး ဟီရှန်းက ဝမ်းမြောက်ဝမ်းသာဖြင့် လာရောက်အစီရင်ခံလေသည် - "အရှင်မင်းကြီး... ဒီနှစ်မှာလည်း ကျွန်တော်မျိုးတို့ တိုင်းပြည်က ကောက်ပဲသီးနှံတွေ အကြီးအကျယ် ဖြစ်ထွန်းအောင်မြင်ခဲ့ပြန်ပါပြီ။ ကနဦး ခန့်မှန်းချက်တွေအရ စပါးထွက်နှုန်းက အတိုင်းအဆမရှိ များပြားလှပြီး လူဦးရေ သန်း ၈၀၀ ကို ကျွေးမွေးဖို့ လုံလောက်ပါတယ်။ မဟာရှရဲ့ လက်ရှိလူဦးရေက သန်း ၃၆၀ ခန့်ပဲ ရှိတဲ့အတွက် အခုထွက်ရှိတဲ့ စပါးတွေဟာ တစ်နိုင်ငံလုံးက ပြည်သူတွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ရုံတင်မကဘဲ နောက်ထပ် နှစ်နှစ်စာအထိပါ ပိုလျှံနေမှာ ဖြစ်ပါတယ်..."
လင်းပိုင်ဖန်သည်လည်း အလွန်ဝမ်းမြောက်သွားကာ - "အလွန်ကောင်းတယ်..." ဟု ဆိုလိုက်သည်။
ဟီရှန်းက စိတ်လှုပ်ရှားစွာဖြင့် - "အရှင်မင်းကြီး... ရှေးခေတ်ကနေ အခုအချိန်အထိ ဘယ်နိုင်ငံကမှ ဒီလောက်အထိ များပြားတဲ့ စပါးထွက်နှုန်းကို မရရှိခဲ့ဖူးပါဘူး။ ကျွန်တော်မျိုးတို့ဟာ သမိုင်းသစ်တစ်ခုကို လမ်းဖောက်လိုက်တာဖြစ်ပြီး သမိုင်းဝင်မှတ်တမ်းတွေထဲမှာ ရေးထိုးထိုက်တဲ့ မကြုံစဖူး ထူးခြားတဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်..."
လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း - "အလွန်ကောင်းတယ်... ဒါပေမဲ့ ဒါက အဆုံးသတ် မဟုတ်သေးဘူးလို့ ငါကိုယ်တော် ယုံကြည်တယ်။ အနာဂတ်မှာ မဟာရှဟာ ဒီထက်မကတဲ့ စပါးတွေကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပိုမိုကြီးမားတဲ့ အံ့ဖွယ်တွေကို ဖန်တီးနိုင်ဦးမှာ..."
"ကျွန်တော်မျိုးလည်း အဲဒီအတိုင်း အခိုင်အမာ ယုံကြည်ပါတယ်..." ဟု ဟီရှန်းက ဝမ်းမြောက်စွာ ပြန်လည်လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး - "ဒီသတင်းကို ချက်ချင်း ကြေညာလိုက်ပါ၊ ပြည်သူတွေအားလုံး ဒီဝမ်းသာစရာ သတင်းကို အတူတူ မျှဝေခံစားကြပါစေ..."
"မှန်လှပါ အရှင်မင်းကြီး..." ဟီရှန်းက ဦးညွှတ်၍ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ထိုခဏ၌ပင် ရင်းနှီးနေသော အသံတစ်ခုက လင်းပိုင်ဖန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဒင်!... ကစားသမား၏ နိုင်ငံတော်အင်အား တိုးမြင့်လာသည်နှင့်အမျှ သင်၏ ခွန်အားသည်လည်း တစ်ပြိုင်နက်တည်း တိုးမြင့်သွားခဲ့သည်။ သင်သည် ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက်ကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်...”
ဤ ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက်သည် ကြီးမြတ်သောကမ္ဘာတစ်ခု၏ လျှို့ဝှက်အက္ခရာ ၉ ခုထဲမှ တစ်ခုဖြစ်ပြီး အမြန်ဆုံးသော လျှို့ဝှက်သိုင်းပညာရပ် ဖြစ်သည်။ အကယ်၍ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ပါက အချိန်ကိုပင် ခေတ္တရပ်တန့်ထားနိုင်သည့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်တစ်ခု ဖြစ်ပေသည်။
လင်းပိုင်ဖန်သည် ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက်ကို လျင်မြန်စွာပင် တတ်မြောက်သွားခဲ့သည်။
ဤသိုင်းပညာရပ်က တကယ်ကို အစွမ်းထက်လှပေသည်။
ယခင်က သူသည် ဓားထိန်းချုပ်ခြင်းသိုင်းပညာရပ်ကို ပိုင်ဆိုင်ထားသဖြင့် မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီ ခရီးနှင်နိုင်ခဲ့သည်။ ယခုမူ ဤ ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက်အသစ်ကြောင့် သူသည် ယခင်ကထက် ပိုမိုမြန်ဆန်လာခဲ့ပြီ ဖြစ်သည်။
သိုင်းလောကတွင် စကားပုံတစ်ခု ရှိသည် - ‘လောက၌ အားလုံးကို ဖျက်ဆီးနိုင်သော လက်နက်ဟူ၍ မရှိ၊ သို့သော် အမြန်ဆုံး အရှိန်ကိုမူ မည်သူမျှ မယှဉ်နိုင်’ ဆိုသကဲ့သို့ပင်။
အမြန်နှုန်းကို အထွတ်အထိပ်သို့ တွန်းပို့လိုက်သောအခါ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားကို ဖြစ်ပေါ်စေနိုင်ပေသည်။
လင်းပိုင်ဖန်သည် သူ၏ ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက်ကို အပြည့်အဝ အသုံးပြုလိုက်ပါက မည်မျှအထိ အစွမ်းထက်လာမည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။
"အနည်းဆုံးတော့... ငါဟာ နတ်သားရဲတစ်ကောင်ရဲ့ တိုက်ကွက်ပေါင်း ဒါဇင်ချီကို ခံနိုင်ရည်ရှိမှာပဲ..." လင်းပိုင်ဖန်က တွေးဆလိုက်သည်။
သူသည် အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်ရာ ပြသနေသော အချက်အလက်များက သိသာထင်ရှားစွာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
အင်ပါယာ မြေပုံ ( စူပါအဆင့် )
ပိုင်နက်နယ်မြေ ဧရိယာ: ၃၂.၅ သန်း စတုရန်းလီ ( စိုက်ပျိုးနိုင်သောမြေ ၁၈.၂ သန်း စတုရန်းလီ )
ပြည်တွင်း သယံဇာတ: ၅.၉၂ ဘီလီယံ (ရွှေတွင်း ၁၄ တွင်း၊ ငွေတွင်း ၂၅ တွင်း၊ ကြေးတွင်း ၄၀၊ သံတွင်း ၇၀)
လူဦးရေ: သန်း ၃၆၀ ( လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၆၆%၊ ဆင်းရဲသား ၃၃%)
စစ်အင်အား: ၈.၁ သန်း ( ကောင်းကင်အဆင့် ၉ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၂၁၂ ဦး၊ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၄၅,၀၀၀ ဦး)
စုစုပေါင်း နိုင်ငံတော် အင်အား: ၅၃,၀၀၀ ( နတ်ဘုရားအင်ပါယာအဆင့် နီးပါး)
စုစုပေါင်းအရေအတွက်မှာ သိသိသာသာ ပြောင်းလဲခြင်းမရှိသော်လည်း အရည်အသွေးပိုင်းကမူ ပိုမိုမြင့်မားလာခဲ့သည်။
ဥပမာအားဖြင့် လူဦးရေပိုင်းတွင် သာမန်ပြည်သူနှင့်အထက် အရေအတွက်သည် သုံးပုံနှစ်ပုံအထိ ရှိလာခဲ့ရာ ဆိုလိုသည်မှာ နိုင်ငံအတွင်းရှိ ပြည်သူ သန်း ၂၄၀ ခန့်သည် ဆင်းရဲတွင်းမှ လွတ်မြောက်ကာ ချမ်းသာကြွယ်ဝရာ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအရာက အလွန်ပင် ဝမ်းမြောက်စရာကောင်းသော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။ ထို ထိပ်တန်းအင်ပါယာကြီး လေးခုတွင်ပင် ဤမျှလောက်များပြားသော လူဦးရေကို ဆင်းရဲတွင်းမှ ကယ်ထုတ်နိုင်ခြင်း မရှိကြချေ။ ထိုနိုင်ငံများတွင် လူဦးရေ ထက်ဝက်ကျော်ခန့် ဆင်းရဲတွင်းမှ လွတ်မြောက်လျှင်ပင် အတော်ကောင်းနေပြီ ဖြစ်ပြီး လူဦးရေအများစုမှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။
စစ်အင်အားပိုင်းတွင် စုစုပေါင်းအရေအတွက်မှာ ပြောင်းလဲခြင်းမရှိသော်လည်း ယခုအခါ ကောင်းကင်အဆင့် နှစ်ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ငါးဆယ်ကျော်နှင့် ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ထောင်ပေါင်းများစွာ ထပ်မံတိုးပွားလာခဲ့သည်။
ဤစစ်အင်အားသည် လောကကြီးကို ငုံ့ကြည့်နိုင်လောက်အောင်ပင် အစွမ်းထက်လှပေသည်။
ထို့ကြောင့် စုစုပေါင်း နိုင်ငံတော်အင်အားသည် နောက်ဆုံးတွင် ၅၀,၀၀၀ စံချိန်ကို ကျော်ဖြတ်ကာ ၅၃,၀၀၀ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုမျှလောက်သော နိုင်ငံတော်အင်အားသည် နတ်ဘုရားအင်ပါယာ တစ်ခုကဲ့သို့သာမက နတ်ဘုရားအင်ပါယာထက်ပင် သာလွန်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ ခန့်က ထင်ရှားခဲ့သော ကောင်းကင်ခန်၏ အင်ပါယာပင်လျှင် လင်းပိုင်ဖန်၏ အင်ပါယာနှင့် ယှဉ်လျှင် အရောင်မှိန်သွားရပေလိမ့်မည် ဖြစ်သည်။
ထို့အပြင် လင်းပိုင်ဖန်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဘက်စုံညီညွတ်ပြီး မည်သည့်အားနည်းချက်မျှ မရှိဘဲ အားသာချက်များစွာ ရှိနေသည်။
ပန်းတိုင်က ပို၍နီးကပ်လာခဲ့လေပြီ ဖြစ်သည်။ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးကိုသာ မွေးထုတ်ပေးနိုင်ပြီး လောကကြီးကို တုန်လှုပ်စေနိုင်မယ်ဆိုရင် ငါ နတ်ဘုရားအဆင့် အင်ပါယာတစ်ခုကို တည်ထောင်နိုင်ပြီ။ ဒါက မကြုံစဖူး ရွှေခေတ်ကြီးတစ်ခု ဖြစ်လာမှာပဲ။
ဤအချက်ကို တွေးမိရုံမျှဖြင့် လင်းပိုင်ဖန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
သို့သော်လည်း ဤအခြေအနေနှစ်ခုကို ပြည့်မီရန်မှာ လုံးဝမလွယ်ကူချေ။
မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးကို ပါးစပ်ကပြောရုံမျှဖြင့် မွေးထုတ်ပေးနိုင်ခြင်းမရှိဘဲ ပါရမီ၊ အခွင့်အလမ်းနှင့် ကြိုးစားအားထုတ်မှုအားလုံး မရှိမဖြစ် လိုအပ်သည်။ ယနေ့ခေတ် သိုင်းလောကတွင်လည်း မဟာကောင်းကင်အဆင့် သိုင်းပညာရှင် ဆယ်ဦးထက်မက ရှိနေပြီး ၎င်းတို့အားလုံးမှာ ကိုယ်ပိုင်အင်အားစုများ ရှိကြသည်။ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးကို ပိုင်ဆိုင်ရန်အတွက် မိမိကိုယ်တိုင် ပြိုးထောင်ရမည်ဖြစ်ရာ ဤအရာက ဧကန်မုချ လွယ်ကူသောအလုပ် မဟုတ်ပေ။
ဒုတိယအခြေအနေဖြစ်သော လောကရှိ နိုင်ငံများ၏ သုံးပုံနှစ်ပုံကျော်ထံမှ အသိအမှတ်ပြုခြင်းကို ခံရရန်အတွက်မူ...
စကားပုံ ရှိသည်အတိုင်း ‘စာပေတွင် ပထမဟူ၍မရှိ၊ သိုင်းပညာတွင် ဒုတိယဟူ၍မရှိ’ ဆိုသကဲ့သို့ ထိုထိပ်တန်းအင်ပါယာကြီး လေးခုသည် သူတို့ကို သေချာပေါက် အသိအမှတ်ပြုမည် မဟုတ်ချေ။ အကယ်၍ ထိုနိုင်ငံကြီးများက အသိအမှတ်မပြုပါက ၎င်းတို့၏ လက်အောက်ခံနိုင်ငံများကလည်း အသိအမှတ်ပြုကြမည် မဟုတ်ပေ။
အဆုံးတွင်မူ သူတို့၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် မလွှဲမရှောင်သာ တိုက်ပွဲဝင်ရပေလိမ့်မည်။
"အခွင့်အရေးက မကြာခင် ရောက်လာတော့မှာပါ..." လင်းပိုင်ဖန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ထိုခဏ၌ပင် မဟာရှအင်ပါယာ၏ ကောက်ပဲသီးနှံများ နောက်တစ်ကြိမ် ထပ်မံအောင်မြင်ဖြစ်ထွန်းခဲ့သည့် သတင်းသည် လောကတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။
“မဟာရှရဲ့ ကောက်ပဲသီးနှံတွေက နောက်တစ်ကြိမ် ဖြစ်ထွန်းပြန်ပြီတဲ့ကွာ၊ တကယ်ကို ကောင်းကင်က ကောင်းချီးပေးထားတဲ့ နိုင်ငံပဲ...”
“ငါကြားတာတော့ ဒီတစ်ကြိမ် ကောက်ပဲသီးနှံထွက်နှုန်းက အတိုင်းအဆမရှိ များပြားပြီး လူဦးရေ သန်း ၈၀၀ ကိုတောင် ကျွေးမွေးဖို့ လုံလောက်တယ်တဲ့၊ တကယ်ကို ကြောက်စရာကောင်းလိုက်တာ...”
“ဒီလောက်တောင် များတာလား။ ငါတို့မဟာရှရဲ့ လူဦးရေက သန်း ၃၀၀ ကျော်ပဲ ရှိတာဆိုတော့...”
“ဟုတ်တယ်လေ၊ ဒါကြောင့် နောက်ထပ် နှစ်နှစ်အတွင်းမှာ ငါတို့တွေ ငတ်ပြတ်မှာကို စိုးရိမ်စရာမလိုတော့ဘူး...”
“ဆက်ပြီး ကြိုးစားကြရအောင်၊ ငါတို့ရဲ့ ဘဝတွေက ပိုပိုပြီး ကောင်းမွန်လာတော့မှာ...”
“ငါတို့နိုင်ငံက တကယ်ကို အံ့ဩစရာကောင်းတယ်။ မဟာရှရဲ့ ပြည်သူတစ်ယောက် ဖြစ်ရတာ တကယ်ကို ကံကောင်းတာပဲ...”
လူတိုင်းက ပြုံးရွှင်နေကြပြီး သီချင်းဆို ကခုန်နေကြကာ မဟာရှအင်ပါယာအပေါ် ထားရှိသော သစ္စာစောင့်သိမှုနှင့် ဂုဏ်ယူမှုကလည်း ပိုမိုခိုင်မာလာခဲ့သည်။
သို့သော်လည်း တခြားနိုင်ငံများ၏ အခြေအနေမှာမူ ဤမျှလောက် မလှပခဲ့ချေ။
မဟာဝူအင်ပါယာ၏ နန်းတော်အတွင်း၌...
မဟာဝူဧကရာဇ်သည် သူ၏ အမတ်၊ စစ်သူကြီးများကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ - “အခုက ရိတ်သိမ်းချိန်ပဲ၊ ဒီနှစ် ငါတို့ရဲ့ ထွက်နှုန်းက ဘယ်လိုရှိလဲ..."
အောက်တွင်ရှိသော အရာရှိများသည် တုန်တုန်ရင်ရင်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး မည်သူမျှ စကားမပြောရဲကြချေ။
"ဝန်ကြီးလီ... မင်းက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးပဲ၊ ပြောစမ်း..."
"မှန်လှပါ... အရှင်မင်းကြီး..."
အဆင့်မြင့်အရာရှိကြီးတစ်ဦးသည် မျက်နှာတွင် ချွေးစေးများဖြင့် ထရပ်ကာ အရိုအသေပေးရင်း တုန်တုန်ရင်ရင်ဖြင့် - "အစီရင်ခံ... အစီရင်ခံပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ရဲ့ ဒီနှစ် ကောက်ပဲသီးနှံထွက်နှုန်းက ကနဦးခန့်မှန်းချက်က... ရောက်ရှိ... ရောက်ရှိနေပါတယ်ခင်ဗျာ..."
မဟာဝူဧကရာဇ်၏ မျက်နှာထားက ပို၍ပင် နက်မှောင်သွားပြီး အေးစက်စက် လေသံဖြင့် - “ငါကိုယ်တော် မှတ်မိသလောက်တော့ မနှစ်က ကောက်ပဲသီးနှံထွက်နှုန်းက အများကြီး ရှိခဲ့တာလေ။ ဒါက ဒီနှစ် စပါးထွက်နှုန်းက မနှစ်ကထက် ၇၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာပေါ့၊ ငါကိုယ်တော် ပြောတာ မှားလား..."
ဘဏ္ဍာရေးဝန်ကြီးက နဖူးမှ ချွေးများကို သုတ်လိုက်ရင်း - "အရှင်မင်းကြီး... အရှင်မင်းကြီး ပြောတာ... မှန်ပါတယ်..."
“ငါကိုယ်တော် ပြောတာ တကယ်ပဲ မှန်တာလား..."
မဟာဝူဧကရာဇ်က စာပွဲခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်သည် - "ဒါက ၇၀% လျော့နည်းသွားတာလား၊ ဒါမှမဟုတ် ၈၀% လျော့နည်းသွားတာလား။ အကယ်၍ မောင်မင်းက အမှန်အတိုင်း မပြောဘဲ ဖုံးကွယ်ဖို့ ကြိုးစားနေဦးမယ်ဆိုရင် ငါကိုယ်တော် မောင်မင်းကို ဧကရာဇ်ကို လိမ်လှည်တဲ့ ရာဇဝတ်မှုနဲ့ ချက်ချင်း ခေါင်းဖြတ်သတ်ပစ်မယ်..."
ထိုအရာရှိသည် ကြောက်လန့်တကြားဖြင့် ဒူးထောက်လိုက်ပြီး - "အရှင်မင်းကြီး... ၈၀% ပါ။ ကျွန်တော်မျိုး စောစောက မှားပြောမိတာပါ။ ဒီနှစ် စပါးထွက်နှုန်းက မနှစ်ကထက် ၈၀% လျော့နည်းသွားပါတယ်။ ဒီလောက်အထိ အများကြီး လျော့နည်းသွားရတဲ့ အကြောင်းရင်းကတော့ အားလုံးက..."
မဟာဝူဧကရာဇ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဒေါသတကြီးဖြင့် - “ငါကိုယ်တော် မောင်မင်းရဲ့ ဆင်ခြေတွေကို မကြားချင်ဘူး။ စပါးထွက်နှုန်း ၈၀% လျော့နည်းသွားရင် ဘာဖြစ်လာမလဲဆိုတာ မောင်မင်း သိလား။ ပြည်သူ ဘယ်လောက်များများ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံရမလဲဆိုတာ မောင်မင်း သိလား။ သူတို့တွေ ဝမ်းမဝတဲ့အခါ ဘယ်လို စိတ်ပျက်စရာကောင်းတဲ့ ကိစ္စတွေကို လုပ်မိမလဲဆိုတာ မောင်မင်း သိလား။ ဒါက ငါတို့နန်းတော်အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိမလဲဆိုတာကိုရော နားလည်ရဲ့လား..."
"အရှင်မင်းကြီး... ခွင့်လွှတ်ပေးတော်မူပါ၊ ဒါပေမဲ့ ဒါက တကယ်ပဲ ကျွန်တော်မျိုးရဲ့ အပြစ်မဟုတ်ပါဘူး..." ဘဏ္ဍာရေးဝန်ကြီးက အသနားခံလိုက်သည်။
မဟာဝူဧကရာဇ်က အော်ဟစ်လိုက်သည် - "မင်းရဲ့အပြစ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ်... မောင်မင်းက ဘဏ္ဍာရေးဝန်ကြီးဖြစ်ပြီး ငါတို့ရဲ့ စပါးထောက်ပံ့မှုကို သေချာအောင် မလုပ်နိုင်ခဲ့တာက မောင်မင်းရဲ့အပြစ်ပဲ။ ထပ်ပြီး ဆင်ခြေပေးမနေနဲ့တော့၊ မောင်မင်းရဲ့ အသက်နဲ့ပဲ အပြစ်ပေးဆပ်လိုက်တော့..."
"အရှင်မင်းကြီး... မလုပ်ပါနဲ့။ ကျွန်တော်မျိုးက အရှင်မင်းကြီးအပေါ်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့တာပါ၊ ကြီးမားလှတဲ့ အကျိုးပြုမှု မရှိရင်တောင်မှ ကြိုးစားအားထုတ်မှုတွေကတော့ ရှိခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ အသက်ကို ချမ်းသာပေးပါ..." ဘဏ္ဍာရေးဝန်ကြီးက နဖူးကို ကြမ်းပြင်နှင့် စောင့်ကာ တောင်းပန်နေတော့သည်။
မဟာဝူဧကရာဇ်က စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး - "သူ့ကို ခေါ်ထုတ်သွားလိုက်။ မောင်မင်းရဲ့ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တာကို ထောက်ထားပြီး သိက္ခာရှိရှိ သေဆုံးနိုင်ဖို့အတွက် အဆိပ်အရက် ပေးသနားတော်မူမယ်..."
"အရှင်မင်းကြီး..."
မကြာမီမှာပင် နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တော့သည်။
မည်သည့်အရာရှိမျှ ဝင်ရောက်တောင်းပန်ပေးရန် မဝံ့ရဲကြချေ။
လူတိုင်းက စပါးထွက်နှုန်း လျော့နည်းရသည့် အကြောင်းရင်းကို သိကြသော်လည်း တစ်ဦးဦးကတော့ အပြစ်တင်ခံရမည်ပင် ဖြစ်သည်။ ထိုအတွက် အသင့်တော်ဆုံးလူမှာ ဘဏ္ဍာရေးဝန်ကြီးသာ ဖြစ်ပေသည်။ ထို့ကြောင့် သူမဟုတ်လျှင် အခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။
နိုင်ငံရေးဆိုသည်မှာ ဤမျှလောက်ပင် သွေးအေးပြီး ရက်စက်လွန်းလှပေသည်။
အပိုင်း (၅၇၆)
"အမတ်မင်းတို့... ဝန်ကြီးလီက သူ့အပြစ်အတွက် အသက်နဲ့ လဲလှယ်ပေးဆပ်သွားခဲ့ပြီ ဆိုပေမဲ့ ဆန်စပါးပြဿနာကတော့ ပြေလည်မသွားသေးဘူး။ အကယ်၍ ငါတို့တွေ ဒီစပါးကိစ္စကို မဖြေရှင်းနိုင်ရင် ငါတို့ရဲ့ မဟာဝူအင်ပါယာဟာ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ မောင်မင်းတို့မှာ ဘာအကြံဉာဏ်ကောင်းတွေ ရှိကြသေးလဲ..." မဟာဝူဧကရာဇ်က မေးမြန်းလိုက်သည်။
အောက်တွင်ရှိသော အရာရှိများသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး မည်သူမျှ စောစီးစွာ စကားမပြောရဲကြချေ။
မဟာဝူဧကရာဇ်က နာမည်ခေါ်ယူလိုက်သည် - “ဝန်ကြီးချုပ်... မောင်မင်းက အရာရှိအားလုံးရဲ့ အကြီးအကဲပဲ၊ မတ်တပ်ရပ်ပြီး အရင်ပြောစမ်း..."
ဝန်ကြီးချုပ်သည် မျက်နှာတွင် ချွေးစေးများ စီးကျနေလျက် ထရပ်ကာ - "အရှင်မင်းကြီး... အကယ်၍ မဟာဝူမှာ စပါးမရှိရင် ကျွန်တော်မျိုးတို့အနေနဲ့ တခြားနိုင်ငံတွေဆီကနေပဲ ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေဟာလည်း ဒီနှစ်မှာ မဟာရှရဲ့ အထွက်နှုန်းကောင်းတဲ့ ကောက်ပဲသီးနှံတွေကို စိုက်ပျိုးခဲ့ကြတာမို့လို့ သူတို့ရဲ့ အခြေအနေကလည်း ကျွန်တော်မျိုးတို့နဲ့ ထပ်တူပါပဲ။ သူတို့ဆီမှာလည်း ပိုလျှံတဲ့ စပါးတွေ အများကြီးမရှိမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်..."
မဟာဝူဧကရာဇ်သည်လည်း အလွန်တရာ စိုးရိမ်ပူပန်သွားကာ - "ဒါက ငါကိုယ်တော့်ရဲ့ စိုးရိမ်စိတ်လည်း ဖြစ်တယ်..."
မိမိတို့၏ မဟာဝူအင်ပါယာသည် လောကကြီးတွင် စိုက်ပျိုးနိုင်ဆုံးသော မြေသြဇာအကောင်းဆုံး ပိုင်နက်ကို သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း စပါးထွက်နှုန်းမှာ ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ရာ အခြားနိုင်ငံများ၏ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားနိုင်ပေသည်။
အကယ်၍ ၎င်းတို့က လုယက်တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုလျှင်ပင် စပါးအမြောက်အမြားကို ရရှိနိုင်မည်မဟုတ်ချေ။
ထို့အပြင် မဟာဝူ၏ ကြီးမားလှသော လူဦးရေအရ မိမိတို့၏ ပြည်သူများကို ကျွေးမွေးရန်အတွက် စပါးမည်မျှအထိ လုယက်ရန် လိုအပ်မည်နည်း။
အခြားနိုင်ငံများတွင်လည်း လုံလောက်သော စပါးများ မရှိကြရာ ၎င်းတို့က အဘယ်ကြောင့် ပေးကမ်းကြမည်နည်း။
ထိုအချိန်ကျရောက်ပါက ပြင်းထန်သော စစ်ပွဲကြီးတစ်ခု မလွဲမသွေ ဖြစ်ပွားလာမည်ဖြစ်ပြီး မိမိတို့၏ နိုင်ငံတော်အင်အားကို တဖန်ပြန်လည် အားနည်းသွားစေကာ တိုင်းပြည်၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေနိုင်ပေသည်။
"ဟူး..." မဟာဝူဧကရာဇ်က သက်ပြင်းချလိုက်ပြီး တကယ့်ကို ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
အကယ်၍ ဤဘေးဒုက္ခကို ကျော်လွှားနိုင်ခြင်း မရှိပါက မဟာဝူသည် တဖန်ပြန်လည် ဆုတ်ယုတ်သွားပေလိမ့်မည် ဖြစ်သည်။
သူသည် အဘယ်ကြောင့် မနှစ်ကတည်းက မဟာဝူသည် တစ်ခုပြီးတစ်ခု အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
ပထမဦးစွာ သူ၏သားတော်သည် နားမလည်နိုင်သော အကြောင်းရင်းဖြင့် သေဆုံးခဲ့ရပြီး ယခုထက်ထိ လူသတ်သမားကို ရှာမတွေ့သေးချေ။
ထို့နောက် တိုင်းပြည်တစ်ခုလုံးတွင် မိစ္ဆာအန္တရာယ်ဆိုးနှင့် ကြုံတွေ့ခဲ့ရပြီး တနိုင်ငံလုံး ထိုမိစ္ဆာ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ယခုအခါတွင်မူ ဤစပါးငတ်မွတ်မှု အကျပ်အတည်းနှင့် ထပ်မံရင်ဆိုင်နေရပြန်ပြီ ဖြစ်သည်။
စိန်ခေါ်မှုတစ်ခုချင်းစီက ယခင်ကထက် ပိုမိုခက်ခဲလာသယောင် ရှိနေသဖြင့် သက်ပြင်းကိုသာ အဖန်ဖန် ချနေမိတော့သည်။
ထိုခဏ၌ပင် မဟာဝူဧကရာဇ်သည် ရုတ်တရက် အတွေးတစ်ခု ရသွားခဲ့သည် - "ဒါနဲ့... ဒီနှစ် မဟာရှရဲ့ စပါးရိတ်သိမ်းမှုက ဘယ်လိုရှိလဲ..."
ဝန်ကြီးချုပ်က ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် လျှောက်တင်လိုက်သည် - "အရှင်မင်းကြီး... မဟာရှကတော့ ဒီနှစ်မှာလည်း ကောက်ပဲသီးနှံတွေ အကြီးအကျယ် ဖြစ်ထွန်းအောင်မြင်ခဲ့ပြန်ပြီးတော့ လူဦးရေ သန်း ၈၀၀ ကို ကျွေးမွေးဖို့ လုံလောက်တဲ့အထိ ထွက်ရှိခဲ့ပါတယ်..."
မဟာဝူဧကရာဇ်၏ မျက်နှာသည် ချက်ချင်းပင် စိမ်းဖန်သွားကာ - "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ များပြားနိုင်ရတာလဲ..."
ဝန်ကြီးချုပ်က ကြောက်လန့်တကြား တုန်ရင်နေလျက် - "အရှင်မင်းကြီး... ဒါက သူတို့ရဲ့ နန်းတော်ကနေ တရားဝင် ကြေညာထားတဲ့ အချက်အလက်တွေမို့လို့ သေချာပေါက် တိကျပါလိမ့်မယ်။ သူတို့ရဲ့ ပိုင်နက်နယ်မြေက စတုရန်းလီ သန်း ၃၀ ကျော်သွားပြီဖြစ်ပြီး အားလုံးမှာ အထွက်နှုန်းကောင်းတဲ့ စပါးတွေကို စိုက်ပျိုးထားတာပါ။ နွေဦးရာသီ စကတည်းက ရာသီဥတုက မျှတကောင်းမွန်ခဲ့တာမို့လို့ စပါးထွက်နှုန်း နှစ်ဆတိုးလာတာက လုံးဝ ဖြစ်နိုင်ပါတယ်..."
"မတရားလိုက်တာ... တကယ်ကို မတရားတာပဲ..." မဟာဝူဧကရာဇ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
ဤလောကတွင် လူသားတို့သည် ရှားပါးမှုကို မကြောက်ကြသော်လည်း မညီမျှမှုကိုမူ နာကျည်းတတ်ကြပေသည်။
တူညီသော စပါးမျိုးစေ့ကို စိုက်ပျိုးခဲ့ကြသော်လည်း အခြားသူများက ထွက်နှုန်းတိုးတက်ပြီး မိမိတို့ကမူ လျော့နည်းသွားခဲ့ရသည်။
သူတို့၏ စပါးများက တစ်နိုင်ငံလုံးကို နှစ်နှစ်စာအထိ ကျွေးမွေးရန် လုံလောက်နေပြီး မိမိတို့မှာမူ သုံးလစာပင် မရှိချေ။
သူသည် ပို၍တွေးမိလေလေ၊ ပို၍ ဒေါသထွက်လေလေ ဖြစ်လာခဲ့သည်။
မဟာဝူဧကရာဇ်သည် မနာလိုဝန်တိုမှုများကြောင့် မျက်နှာတစ်ခုလုံး စိမ်းဖတ်နေပြီး မျက်လုံးများပါ နီမြန်းလာခဲ့ရသည်။
"တောက်.... သူတို့တွေ တကယ်ကို သေချင်းဆိုးနဲ့ သေသင့်တာ..."
"မဟာရှဟာ သေသင့်တာ..."
သူ၏ဒေါသများကို လျှံထွက်အောင် ပေါက်ကွဲပြီးနောက်တွင်မူ မဟာဝူဧကရာဇ်သည် နောက်ဆုံးတွင် စိတ်အေးသွားခဲ့ပြီး ယခုအချိန်က စိတ်လိုက်မာန်ပါ လုပ်ရမည့်အချိန် မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
သူက အမတ်များအား ပြောလိုက်သည် - "မဟာရှမှာ စပါးတွေ ပိုလျှံနေတာမို့လို့ ငါတို့ရဲ့ စပါးပြဿနာကို ဖြေရှင်းဖို့ သူတို့ဆီကနေ စပါးအချို့ သွားရောက်တောင်းခံသင့်တယ်..."
"ဒါပေမဲ့... ကျွန်တော်မျိုးတို့က မဟာရှနဲ့ သံတမန်ဆက်ဆံရေး မရှိသလောက်ပါပဲ၊ သူတို့က သဘောတူမှာ မဟုတ်ပါဘူး..." ဟု ဝန်ကြီးချုပ်က လျှောက်တင်လိုက်သည်။
"သူတို့ သဘောမတူရင်... ငါတို့က အင်အားသုံးပြီး လုယူလို့မရဘူးလား..." ဟု မဟာဝူဧကရာဇ်က ဆိုလိုက်သည်။
"ဒါပေမဲ့ အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ မဟာရှကို သွားရောက်ပြီး ရန်မစသင့်ပါဘူး..." ဝန်ကြီးချုပ်က ပျာပျာသလဲဖြင့် ပြန်လည်လျှောက်တင်လိုက်သည်။
မဟာရှ... တကယ်ပင် သွားရောက်မစော်ကားဝံ့သည့် နိုင်ငံဖြစ်သည်။
မဟာဝူဧကရာဇ်က မကျေမနပ်ဖြင့် ပြောလိုက်သည် - "ဒါကြောင့် ငါကိုယ်တော်က အရင်ဆုံး သံတမန်နည်းလမ်းကို သုံးမယ်၊ ပြီးမှ လိုအပ်ရင် စစ်ရေးနည်းလမ်းကို သုံးမယ်။ အကယ်၍ သူတို့က ငါတို့ကို စပါးပေးဖို့ သဘောတူရင် ငါတို့ဘက်က ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆောင်နိုင်တယ်။ အကယ်၍ သူတို့ ငြင်းဆန်ရင်တော့... မဟာရှက အားကောင်းတယ်ဆိုပေမဲ့ သူတို့က ပြိုင်ဘက်ကင်းလောက်တဲ့ အထိတော့ မဟုတ်ဘူး..."
မဟာဝူဧကရာဇ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း - "မဟာဟန်နဲ့ မဟာယွမ်တို့မှာလည်း စပါးတွေ ပြတ်လပ်နေတာပဲလေ..."
အမတ်ကြီးများသည် တွေးဆမိသွားကြပြီး ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက်တွင်မူ မဟာဝူအင်ပါယာသည် မဟာရှနိုင်ငံထံသို့ သံတမန်များကို ချက်ချင်း စေလွှတ်လိုက်ပြီး စပါးအချို့ ပံ့ပိုးပေးရန်အတွက် ဖျောင်းဖျရန် ကြိုးပမ်းကြတော့သည်။
လင်းပိုင်ဖန်သည် ထိုသံတမန်များကို လက်ခံတွေ့ဆုံခဲ့သော်လည်း ၎င်းတို့က မည်သို့ပင် ပြောဆိုပါစေ၊ သူက လုံးဝ သဘောမတူခဲ့ချေ။
အဆုံးတွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် မဟာဝူမှ သံတမန်က ခြိမ်းခြောက်လိုက်သည် - "မဟာရှရဲ့ ဧကရာဇ်မင်းမြတ်... အရှင်မင်းကြီးအနေနဲ့ သေချာစဉ်းစားပြီး စိတ်လိုက်မာန်ပါ မလုပ်ဖို့ မျှော်လင့်ပါတယ်။ ကျားနှစ်ကောင် သတ်ပုတ်ရင် တစ်ကောင်ကတော့ ဒဏ်ရာရမှာ အသေအချာပါပဲ။ အကယ်၍ ကျွန်တော်မျိုးတို့ နိုင်ငံနှစ်ခု ပဋိပက္ခဖြစ်ရင် ဒါက လောကကြီးအတွက် ကောင်းမှာ မဟုတ်ပါဘူး။ အရှင်မင်းကြီးတို့မှာ စပါးတွေ ပိုလျှံနေတာမို့လို့ မဟာဝူကို အနည်းငယ်လောက် ဘာလို့ မမျှဝေနိုင်ရတာလဲ၊ အထူးသဖြင့် ကျွန်တော်မျိုးတို့ဘက်က တန်ဖိုးပေးဖို့ အသင့်ရှိနေတာကိုပဲ..."
“မောင်မင်းတို့ဘက်က ပြောတာတော့ တကယ်ကို လွယ်ကူလိုက်တာ..."
လင်းပိုင်ဖန်က အေးစက်စက် ရယ်မောလိုက်ရင်း - "ဘယ်လောက်ပဲ ကြီးမားတဲ့ တန်ဖိုးဖြစ်ပါစေ၊ ဒါက စပါးရဲ့ တန်ဖိုးနဲ့ ယှဉ်နိုင်ပါ့မလား။ ငါကိုယ်တော် သိသလောက်တော့ လောကတစ်ခုလုံးမှာ စပါးတွေ ပြတ်လပ်နေပြီး ဝယ်လိုအားက ထုတ်လုပ်နိုင်စွမ်းထက် ကျော်လွန်နေတာမို့လို့ စပါးဈေးနှုန်းတွေက အလိုအလျောက် ထိုးတက်နေတာ။ မင်းတို့ပြောတဲ့ တန်ဖိုးဆိုတာက အဲဒီအရာကို အစားထိုးနိုင်မှာမို့လို့လား။ ဒါ့အပြင်ကိုမှ ဒီစပါးပြဿနာကြောင့် အနာဂတ်မှာ စစ်ပွဲကြီးတစ်ခု မလွဲမသွေ ဖြစ်ပွားလာမှာမို့လို့ ငါကိုယ်တော့်ရဲ့ စပါးတွေကို ငါကိုယ်တော် ကာကွယ်ရမယ်..."
"အကယ်၍ အရှင်မင်းကြီးကသာ မဟာဝူကို စပါးပေးမယ်ဆိုရင် ကျွန်တော်မျိုးတို့ဟာ အနာဂတ် မရေရာမှုတွေကို ရင်ဆိုင်ဖို့အတွက် မဟာမိတ်တွေ ဖြစ်လာဖို့ အသင့်ရှိပါတယ်..." ဟု မဟာဝူသံတမန်က ဆိုလိုက်သည်။
“ငါကိုယ်တော် စိတ်မဝင်စားဘူး..."
လင်းပိုင်ဖန်က လက်ကို စိတ်ပျက်လက်ပျက် ဝှေ့ယမ်းလိုက်ပြီး - "မင်းတို့ရဲ့ ဧကရာဇ်ကို ပြန်ပြောလိုက်ပါ၊ မင်းတို့ဘက်က စကားချိုချိုနဲ့ပဲ လာလာ၊ ခြိမ်းခြောက်မှုနဲ့ပဲ လာလာ... ငါကိုယ်တော်ကတော့ တုန်လှုပ်မှာ မဟုတ်ဘူး။ ရာဇပလ္လင်ပေါ် တက်ကတည်းက ငါကိုယ်တော်ဟာ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုကိုမှ မခံခဲ့ဖူးဘူး..."
ထိုအတောအတွင်း အခြားအင်ပါယာကြီးများသည်လည်း စပါးအချို့ရရှိရန် မျှော်လင့်ချက်ဖြင့် ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ကြသည်။
သို့သော်လည်း လင်းပိုင်ဖန်ကမူ ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့သည်။
မည်သူလာလာ အလကားပဲ။ ငါ့ရဲ့စပါးကို ငါကိုယ်တိုင်ပဲ စီမံခန့်ခွဲမှာဖြစ်ပြီး ငါ့အိတ်ကပ်ထဲက စပါးတစ်စေ့ကိုတောင် ယူဖို့ မမျှော်လင့်ကြနဲ့။ ထို့ကြောင့် နိုင်ငံအသီးသီးမှ သံတမန်များသည် ဒေါသတကြီးဖြင့် ပြန်လည်ဆုတ်ခွာသွားကြရတော့သည်။
လင်းပိုင်ဖန်သည်လည်း ဒေါသတကြီးဖြင့် နန်းဆောင်သို့ ပြန်လာခဲ့ပြီး သူ၏ ချစ်လှစွာသော မိဖုရားများထံတွင် နှစ်သိမ့်မှုကို ရှာဖွေတော့သည်။
ယောင်ယောင်က သစ်သီးကို စားနေရင်း တွေးတောစွာဖြင့် ပြောလိုက်သည် - "ရှင်က တမင်သက်သက် ပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်နေသလိုပဲနော်..."
လင်းပိုင်ဖန်ကမူ အပြစ်ကင်းစင်ဟန်ဖြင့် ပြန်ပြောလိုက်သည် - "ဒါက မတော်တဆ ဖြစ်သွားတာပါ..."
ယောင်ယောင်က ခေါင်းကို အဖန်ဖန် ညိတ်လိုက်ရင်း - "ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ တမင်သက်သက် မတော်တဆ ဖြစ်တာပေါ့လေ..."
လင်းပိုင်ဖန် - "..."
ယောင်ယောင်က ပိုမိုနီးကပ်စွာ တိုးကပ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး မေးလိုက်သည် - "ကျွန်မကို အမှန်အတိုင်းပြောပါ၊ ရှင် တစ်ခုခု ကြံစည်နေတာ မဟုတ်လား။ စိတ်မပူပါနဲ့... ကျွန်မ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ပါတယ်၊ ဘယ်သူ့ကိုမှ မပြောဘူး..."
လင်းပိုင်ဖန်က သူ့ရှေ့ရှိ နုနယ်လှပသော မျက်နှာလေးကို ကြည့်ကာ ပြောလိုက်သည် - "ငါက ဘာတွေ ကြံစည်နေရမှာလဲ။ ငါအများဆုံး လုပ်နိုင်တာက မင်းအပေါ်ကိုပဲ ကြံစည်နိုင်တာ..."
ပြောပြောဆိုဆိုဖြင့် သူသည် ယောင်ယောင်ကို ပွေ့ချီလိုက်တော့သည်။
ယောင်ယောင်က ပျာပျာသလဲဖြင့် - "ဟေး... ရှင် ဘာလုပ်မလို့လဲ။ ကျွန်မကို အမြန်ချပေး..."
"တစ်နာရီလောက်ကြာမှ အဲဒီအကြောင်းကို ဆက်ပြောကြတာပေါ့..."
သူတို့နှစ်ဦးသည် နန်းဆောင်အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားကြပြီး ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်မတတ် ကြီးမားလှသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့တော့သည်။
တစ်ပတ်ခန့် ကြာပြီးနောက် မဟာဝူအင်ပါယာ နန်းတော်အတွင်း၌...
မဟာဝူဧကရာဇ်သည် အလွန်အံ့ဩသွားခဲ့ပြီး - "သူက တကယ်ပဲ အဲဒီလိုပြောတာလား။ ဘာပဲဖြစ်ဖြစ် စပါးအနည်းငယ်ကိုတောင် မပေးနိုင်ဘူးလို့ ငြင်းဆိုလိုက်တာလား..."
သံတမန်က စိတ်မကောင်းစွာ ပြုံးလိုက်ရင်း - "မှန်လှပါ အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း အတတ်နိုင်ဆုံး ဖျောင်းဖျပြောဆိုခဲ့ပြီး ဈေးကွက်ပေါက်ဈေးထက် ၁.၅ ဆအထိ ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ သူက သဘောမတူခဲ့ပါဘူး။ ဒါ့အပြင် တခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေ လာရောက်တာလည်း ဒီလိုရလဒ်မျိုးပဲ ဖြစ်ခဲ့ပါတယ်..."
"ဘယ်သူ့ကိုမှ သဘောမတူဘူးဆိုတော့... သူက လောကတစ်ခုလုံးနဲ့ ရန်သူဖြစ်ရမှာကို မကြောက်ဘူးလား..." မဟာဝူဧကရာဇ်က ပို၍ပင် အံ့ဩသွားခဲ့ရသည်။
အကယ်၍သာ သူ၏နေရာတွင် ဖြစ်ပါက မည်သို့ပင်ဖြစ်စေ စပါးအချို့ကို ထုတ်ပေးခဲ့မည် ဖြစ်သည်။
သူသည် အခြားနိုင်ငံငယ်များကို လျစ်လျူရှုနိုင်သော်လည်း အခြား ထိပ်တန်းအင်ပါယာကြီးများကိုမူ လျစ်လျူမရှုဝံ့ချေ။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် စပါးအချို့ ဆုံးရှုံးသွားနိုင်သော်လည်း ငြိမ်းချမ်းမှုကို ရရှိရန်အတွက် ထိုက်တန်ပေသည်။
မဟုတ်ပါက ၎င်းတို့အားလုံး ပူးပေါင်းပြီး သူ့ကို ဆန့်ကျင်လာကြလျှင် သူက မည်မျှပင် အစွမ်းထက်စေကာမူ တောင့်ခံနိုင်မည် မဟုတ်ချေ။
သို့သော်လည်း မဟာရှကမူ ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်။
မဟာရှဧကရာဇ်က အဘယ်အရာကို တွေးတောနေပြီး ဤမျှလောက် ဆင်ခြင်တုံတရားမဲ့စွာ ပြုမူနေရပါသနည်း။
ဤအရာတွင် တစ်စုံတစ်ခုသော လှည့်ကွက်များ ရှိနေနိုင်သလော။
မဟာဝူဧကရာဇ်က သေသေချာချာ တွေးတောလိုက်သည်။ လှည့်ကွက်များနှင့် လှည့်စားမှုများ ရှိနေလျှင်ပင် ၎င်းက အလကား ဖြစ်ပေလိမ့်မည်။
ဤသို့ပြုမူခြင်းဖြင့် သူသည် လောကရှိ နိုင်ငံအားလုံးကို ပြစ်မှားမိပြီးသား ဖြစ်သွားခဲ့ချေပြီ။
သူက လောကတစ်ခုလုံးကို မည်သို့ ဆန့်ကျင်နိုင်မည်နည်း။
လောကရှိ ပြည်သူအားလုံးက သူ့ကို ပူးပေါင်းဆန့်ကျင်ကြမည်ကို မကြောက်ရွံ့သလော။
မဟာဝူဧကရာဇ်သည် အချိန်အတော်ကြာ တွေးတောခဲ့သော်လည်း လင်းပိုင်ဖန်က အဘယ်ကြောင့် ဤသို့လုပ်ဆောင်သည်ကို အဖြေရှာမရသဖြင့် ဆက်လက်မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။
"မဟာရှက လူမဆန်မှတော့... ငါကိုယ်တော်ကိုလည်း မတရားဘူးလို့ မပြစ်တင်နဲ့တော့..."
သူသည် သံတမန်များကို နောက်တစ်ကြိမ် ထပ်မံစေလွှတ်လိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် မဟာရှထံသို့ မဟုတ်ဘဲ ထိပ်တန်းအင်ပါယာကြီး သုံးခုဖြစ်သော မဟာဟန်၊ မဟာချင်နှင့် မဟာယွမ်တို့ထံသို့ စေလွှတ်လိုက်ပြီး မဟာရှကို ဖိအားပေးရန်အတွက် ပူးပေါင်းတပ်ဦးတစ်ခု ဖွဲ့စည်းရန် တိုက်တွန်းလိုက်သည်။
ထိုအင်ပါယာကြီး သုံးခုသည်လည်း တူညီသော ရည်ရွယ်ချက် ရှိကြသဖြင့် ၎င်းတို့သည် အရှက်မရှိ ပူးပေါင်းကြံစည်ကြပြီး ၎င်းတို့၏ အထူးကျွမ်းကျင်သူ သိုင်းပညာရှင်များကို စေလွှတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် မဟာရှ၏ အိမ်နီးနားချင်းနိုင်ငံမှ စစ်တပ်များသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကြသည်။