အခန်း (၅၇၇-၅၇၈)
Vol. 53 Ch. 577-578
အပိုင်း (၅၇၇)
“အရှင်မင်းကြီး... မဟာရှီနိုင်ငံက နယ်စပ်မှာ စစ်သည်အင်အား သန်းနဲ့ချီပြီး တပ်စွဲထားပါတယ်၊ အခြေအနေက တကယ့်ကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေပါပြီ...”
“အရှင်မင်းကြီး... မဟာရှီးနိုင်ငံကလည်း နယ်စပ်မှာ စစ်သည်အင်အား သန်းနဲ့ချီပြီး တပ်စွဲထားပါတယ်၊ အခြေအနေက အလွန်တရာ အကျပ်ရိုက်နေပါပြီ...”
“အရှင်မင်းကြီး... မဟာလျောင်နိုင်ငံကလည်း နယ်စပ်မှာ စစ်သည်အင်အား သန်းနဲ့ချီပြီး တပ်စွဲထားပါတယ်၊ အခြေအနေက စိုးရိမ်ရေမှတ်ကို ရောက်နေပါပြီ...”
နယ်စပ်အရပ်ရပ်မှ ထောက်လှမ်းရေး သတင်းအချက်အလက်များသည် မဟာရှနိုင်ငံတော်၏ နန်းတော်အတွင်းသို့ လျင်မြန်စွာ စုပြုံကာ ရောက်ရှိလာခဲ့တော့သည်။
စုစုပေါင်း စစ်အင်အားမှာ ၁၀ သန်း ခန့်အထိ ရှိနေပြီး ၎င်းတို့အထဲတွင် ပါဝင်သည့် ချီဖွဲ့တည် သိုင်းပညာရှင်များနှင့် ကောင်းကင်အဆင့် သိုင်းပညာရှင် အရေအတွက်မှာမူ ယခုထက်ထိ အတိအကျ မသိရသေးချေ။
စကားတွေအများကြီး ပြောနေရန်ပင် မလိုတော့ဘဲ ထိပ်တန်းအင်ပါယာကြီး လေးခုသည် မဟာရှနိုင်ငံအပေါ် အလုံးစုံ ဖိအားပေးလာနေခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
လင်းပိုင်ဖန်ကမူ တည်ငြိမ်အေးဆေးစွာဖြင့် - “လာချင်သလောက် လာစမ်းပါ... ငါတို့ဆီမှာ မိတ်ဆွေတွေအတွက် ကောင်းမွန်တဲ့ အရက်က အသင့်ရှိသလို၊ ဝံပုလွေတွေအတွက်လည်း မြှားတွေ အသင့်ရှိတယ်။ ရာဇပလ္လင်ပေါ် တက်ကတည်းက ငါကိုယ်တော်ဟာ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး။ စစ်ပွဲအတွက် ပြင်ဆင်ကြစမ်း... သူတို့ဘက်က လာရဲရင် ငါတို့ဘက်ကလည်း တိုက်ရဲရမယ်...”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး...” ဟု အမတ်များနှင့် အရာရှိများက ပြိုင်တူ ပြန်လည်ထူးလိုက်ကြသည်။
အထူးသဖြင့် စစ်သူကြီးများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် သွေးဆူကာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီဖြစ်ရာ ဤအရာသည် ၎င်းတို့၏ အရည်အချင်းကို ပြသရန် အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်သည်။
လင်းပိုင်ဖန်သည် အရပ်မျက်နှာအသီးသီးမှ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် သူ၏ စစ်တပ်များကို ဖြန့်ကြက်ချထားလိုက်သည်။
ထိုစဉ်မှာပင် မိန်းမစိုးတစ်ဦး လောတကြီး ဝင်ရောက်လာကာ - “သတင်းပို့ပါတယ်... မဟာဟန်၊ မဟာဝူ၊ မဟာယွမ်နဲ့ မဟာချင်... ထိပ်တန်းအင်ပါယာကြီး လေးခုရဲ့ သံတမန်တွေက အရှင်မင်းကြီးကို ဝင်ရောက်တွေ့ခွင့် တောင်းနေကြပါတယ်...”
လင်းပိုင်ဖန်က မျက်နှာအမူအရာ တစ်ချက်မျှမပျက်ဘဲ - “သူတို့ကို ဝင်လာခွင့်ပေးလိုက်...” ဟု မိန့်ကြားလိုက်သည်။
လက်ဖက်ရည်တစ်ဝက် သောက်စာခန့် အချိန်ပင် မရှိသေးခင်မှာပင် သံတမန်လေးဦးသည် ခေါင်းကို မော့၊ ရင်ကိုကော့ကာ စည်းဝေးခန်းမအတွင်းသို့ ခန့်ညားစွာ ဝင်ရောက်လာကြသည်။
“မဟာရှနိုင်ငံရဲ့ ဧကရာဇ်မင်းမြတ်... သက်တော်ရာကျော် ရှည်ပါစေကြောင်း ဂါရဝပြုအပ်ပါတယ်...”
“ အခမ်းအနားတွေ လုပ်မနေကြနဲ့တော့...”
လင်းပိုင်ဖန်က မေးမြန်းလိုက်သည် - “သင်တို့အားလုံး တပြိုင်နက်တည်း ရောက်လာကြရအောင်... ဘာထူးခြားတဲ့ ကိစ္စများ ရှိလို့လဲ...”
မဟာဝူနိုင်ငံမှ သံတမန်က အခြားသူများကိုယ်စား ရှေ့သို့တိုးကာ လျှောက်တင်လိုက်သည် - “မဟာရှဧကရာဇ်မင်းမြတ်... မဟာရှီ၊ မဟာလျောင်နဲ့ မဟာရှီးနိုင်ငံတွေက မဟာရှရဲ့ နယ်စပ်မှာ စစ်တပ်တွေ လာရောက်စုရုံးထားတာကို အရှင်မင်းကြီးလည်း သိပြီးလောက်ပြီ ထင်ပါတယ်။ ကျွန်တော်မျိုးတို့ အနေနဲ့လည်း စစ်မက်ဖြစ်ပွားပြီး ပြဿနာတွေ မရှာချင်သလို၊ မဟာရှနဲ့လည်း ရန်သူမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ လက်ရှိ စပါးပြတ်လပ်မှု ဒုက္ခကြောင့်သာ ကျွန်တော်မျိုးတို့ ဒီလိုလုပ်ဖို့ အကျပ်ရိုက်ခဲ့ရတာမို့လို့ အရှင်မင်းကြီးအနေနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အရှင်မင်းကြီးတို့ဘက်က စပါးအချို့ကို မျှဝေပေးမယ်ဆိုရင် ကျွန်တော်မျိုးတို့ရဲ့ စစ်တပ်တွေကို ချက်ချင်း ပြန်လည်ရုပ်သိမ်းပေးသွားမှာပဲ ဖြစ်ပါတယ်...”
“မဟာရှဧကရာဇ်မင်းမြတ်... သေသေချာချာ ထပ်မံစဉ်းစားပေးတော်မူပါ...” ဟု ကျန်သံတမန် သုံးဦးကလည်း တညီတညွတ်တည်း လျှောက်တင်လိုက်ကြသည်။
လင်းပိုင်ဖန်ကမူ အေးစက်စက် ရယ်မောလိုက်ရင်း - “မင်းတို့တွေက ငါ့ရဲ့ အိမ်တံခါးအထိ ရောက်လာပြီးမှ ငါ့ကို သေသေချာချာ စဉ်းစားဖို့ ပြောနေတာလား။ ရွှံ့ရုပ်တုတစ်ခုမှာတောင် ဒေါသရှိသေးတာပဲ၊ ငါကိုယ်တော့်မှာ မရှိဘဲ နေမလား။ ငါကိုယ်တော် အခု ပြတ်ပြတ်သားသား ပြောလိုက်မယ်... မင်းတို့ တိုက်ချင်ရင် တိုက်ကြစမ်း။ ငါတို့ မဟာရှနိုင်ငံက ဘယ်တုန်းကမှ စစ်ပွဲကို ကြောက်ရွံ့ခဲ့တာ မဟုတ်ဘူး...”
“မင်းတို့ တိုက်ချင်ရင် တိုက်ကြစမ်း။ ငါတို့ မဟာရှနိုင်ငံက ဘယ်တုန်းကမှ စစ်ပွဲကို ကြောက်ရွံ့ခဲ့တာ မဟုတ်ဘူး...” ဟု အရပ်ဘက်နှင့် စစ်ဘက် အရာရှိအားလုံးက ဒေါသတကြီး ဟစ်အော်လိုက်ကြပြီး စစ်ဘက်မှ အရာရှိများ၏ အသံက ပို၍ပင် ကျယ်လောင်နေခဲ့သည်။
“မဟာရှဧကရာဇ်နဲ့ စစ်သူကြီးတို့... စိတ်လိုက်မာန်ပါ မဆုံးဖြတ်ကြပါနဲ့ဦး။ ဒီတစ်ကြိမ်မှာ ကျွန်တော်မျိုးတို့ ဘယ်လောက်အထိ စစ်အင်အား အလုံးအရင်း သုံးထားလဲဆိုတာ ခင်ဗျားတို့ သိကြရဲ့လား...”
လင်းပိုင်ဖန်နှင့် အခြားသူများ မေးမြန်းသည်ကိုပင် မစောင့်တော့ဘဲ မဟာဝူသံတမန်က ဆက်လက်ပြောဆိုလိုက်သည် - “ကျွန်တော်မျိုးတို့ဟာ စုစုပေါင်း စစ်သည်အင်အား ၁၀ သန်းကျော်အထိ ပြင်ဆင်ထားတာပါ။ ၎င်းတို့အထဲမှာ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၃၀,၀၀၀ ကျော် ၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀၀ ကျော်နဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေကတော့ ၁၀ ဦးအထိတောင် ရှိနေပါတယ်။ စစ်ပွဲကြီးသာ စတင်လိုက်ရင် မဟာရှတစ်ခုလုံး ပြာပုံအတိ ဖြစ်သွားရမှာဖြစ်ပြီး ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေကြရပါလိမ့်မယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ မဟာရှအရာရှိများ၏ မျက်နှာများသည် ချက်ချင်းပင် ဖြူဖျော့သွားကြတော့သည်။
၎င်းတို့အနေဖြင့် သန်းနှင့်ချီသော စစ်သည်များနှင့် ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၃၀,၀၀၀ကျော်ကို အထူးတလည် စိုးရိမ်ပူပန်ခြင်း မရှိကြသော်လည်း၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀၀ နှင့် ကောင်းကင်အဆင့် သိုင်းပညာရှင် ၁၀ ဦးဆိုသည့် အရေအတွက်မှာမူ သာမန်ကိစ္စ မဟုတ်ချေ။
တစ်နိုင်ငံလုံး အတိုင်းအတာအရ မဟာရှတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀၀ ကျော်သာ ရှိသဖြင့် ရန်သူ့ဘက်ထက် အယောက် ၁၀၀ ခန့် လျော့နည်းနေပြီး ကွာခြားချက်မှာ အလွန်တရာ ကြီးမားလှပေသည်။
ထို့ပြင် မဟာရှ၌ ကောင်းကင်အဆင့် သိုင်းရှင် ၈ ဦးသာ ရှိသဖြင့် (မိုဂိုဏ်းမှ ချူထျန်းမင်၏ ကောင်းကင်အဆင့်ကိုမူ ပြင်ပလူများ မသိကြချေ) ရန်သူ့ဘက်ထက် ၂ ဦးပင် လျော့နည်းနေသည်။
အကယ်၍ စစ်ပွဲသာ အမှန်တကယ် ဖြစ်ပွားလာပါက မဟာရှသည် အဘက်ဘက်မှ အားနည်းချက် ရှိနေပေလိမ့်မည်။
ထို့ထက် ပို၍ အရေးကြီးသော အချက်မှာ ဤစစ်ပွဲသည် မဟာရှနိုင်ငံ၏ ကိုယ်ပိုင် ပိုင်နက် နယ်မြေပေါ်တွင် ဖြစ်ပွားမည့် စစ်ပွဲ ဖြစ်နေခြင်းပင်။
မဟာရှက နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဆုံးရှုံးမှုများကတော့ အလွန်တရာ ကြီးမားလှပေလိမ့်မည် ဖြစ်သည်။
မဟာရှအမတ်ကြီးများ၏ မျက်နှာများ ပျက်ယွင်းသွားသည်ကို သံတမန်များက ရိပ်မိသွားကြပြီး စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားကြသည်။
“အခုမှ ကြောက်သွားကြပြီလား...”
သို့သော်လည်း လင်းပိုင်ဖန်ကမူ မတုန်မလှုပ်ဘဲ - “ငါကိုယ်တော် နောက်တစ်ခါ ထပ်ပြောလိုက်မယ်... မင်းတို့ တိုက်ချင်ရင် တိုက်ကြစမ်း။ ငါတို့ မဟာရှနိုင်ငံက ဘယ်တုန်းကမှ စစ်ပွဲကို ကြောက်ရွံ့ခဲ့တာ မဟုတ်ဘူး...”
သံတမန်များသည်လည်း အံ့အားသင့်သွားကြပြီး မဟာဝူသံတမန်က ဒေါသတကြီးဖြင့် - “မဟာရှဧကရာဇ်... အခုက ခေါင်းမာနေရမယ့် အချိန်မဟုတ်ဘူး။ အရှင်မင်းကြီးက မိမိရဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တကယ်ပဲ လျစ်လျူရှုတော့မှာလား။ မိမိရဲ့ တိုင်းပြည်ကိုကော မငဲ့ကွက်တော့ဘူးလား...”
လင်းပိုင်ဖန်က ဟိန်းဟောက်၍ ပြောလိုက်သည် - “ငါကိုယ်တော်က ငါ့ပြည်သူတွေကို အသက်ထက်မက တန်ဖိုးထားတယ်၊ ငါ့ရဲ့ နိုင်ငံတော်ကြီးကိုလည်း ဘယ်သူ့ရဲ့ စော်ကားဖျက်ဆီးခြင်းမှ မခံရအောင် သေချာပေါက် ကာကွယ်သွားမှာပဲ...”
“ဒါဆိုရင် အရှင်မင်းကြီးက ဘာဖြစ်လို့...”
လင်းပိုင်ဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ရင်း - “ဘာဖြစ်လို့လဲဆိုတော့... မင်းတို့တွေ ငါ့ရဲ့နယ်စပ်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ငါမယုံကြည်လို့ပဲ။ မင်းတို့တွေ မဟာရှကို အနည်းငယ်မျှတောင် ထိခိုက်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါ လုံးဝမယုံကြည်ဘူး။ စကားတွေ အများကြီး ပြောမနေကြနဲ့တော့... စစ်တလင်းပေါ်ကျမှပဲ အရှုံးအနိုင်ကို ဆုံးဖြတ်ကြတာပေါ့။ မင်းတို့တွေ အခု ထွက်သွားကြတော့...”
သံတမန်လေးဦးသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ဆုတ်ခွာသွားကြတော့သည်။
ထို့နောက်တွင်မူ လင်းပိုင်ဖန်သည် အမတ်များအား ဦးဆောင်ကာ အကြိတ်အနယ် ရှိလာမည့် စစ်ပွဲအတွက် ပြင်ဆင်မှုများကို အပြင်းအထန် လုပ်ဆောင်ကြတော့သည်။
“အမတ်တို့... ဒီစစ်ပွဲဟာ မဟာရှနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ အခက်ခဲဆုံး စစ်ပွဲကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ အကယ်၍ ငါတို့ ရှုံးနိမ့်သွားရင် မဟာရှဟာ ကြီးမားတဲ့ ဒုက္ခနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မောင်မင်းတို့အားလုံးလည်း ငါကိုယ်တော်နဲ့အတူ အရှက်ရကြရလိမ့်မယ်။ ဒါပေမဲ့... အကယ်၍ ငါတို့ အောင်နိုင်ခဲ့ရင်တော့ မဟာရှက သေချာပေါက် တိုးတက်လာမှာဖြစ်ပြီး လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေမယ့် စွမ်းအားကြီးနိုင်ငံတစ်ခု ဖြစ်လာလိမ့်မယ်...”
လင်းပိုင်ဖန်က မတ်တပ်ထရပ်လိုက်ပြီး အရက်ခွက်ကို မြှောက်ကာ - “အခြေအနေက အလွန်တရာ အရေးကြီးနေပြီ။ အခု... ငါကိုယ်တော်က စစ်သူကြီးတွေနဲ့ သူရဲကောင်းတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ အရက်တစ်ခွက်နဲ့ ဂုဏ်ပြုချင်တယ်။ အားလုံးပဲ အောင်ပွဲနဲ့အတူ ပြန်လာနိုင်ကြပါစေ၊ ငါတို့ရဲ့ မဟာရှနိုင်ငံတော်ကြီး ဂုဏ်ကျက်သရေ တိုးတက်ပါစေ...”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...” စစ်သူကြီးများသည်လည်း တည်ကြည်လေးနက်သော မျက်နှာများဖြင့် ၎င်းတို့၏ အရက်ခွက်များကို မြှောက်လိုက်ကြသည်။
ထို့နောက် အားလုံးက တကျိုက်တည်း မော့သောက်လိုက်ကြတော့သည်။
“နှုတ်ဆက်စကားတွေ အများကြီး ပြောမနေကြနဲ့တော့... ငါကိုယ်တော်က ဒီနေရာကနေ မောင်မင်းတို့ရဲ့ အောင်ပွဲသတင်းကိုပဲ စောင့်မျှော်နေမယ်...”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး...”
စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် သိုင်းပညာရှင်များသည် နှုတ်ဆက်ကာ စစ်တပ်များကို ဦးဆောင်၍ ရှေ့တန်းစစ်မျက်နှာပြင်သို့ ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။
အရပ်ဘက် အရာရှိများကလည်း စစ်ပွဲအတွက် နောက်ကွယ်မှ လိုအပ်သည်များကို ထောက်ပံ့ကူညီရန် ၎င်းတို့၏ တာဝန်များကို အသီးသီး သွားရောက် လုပ်ဆောင်ကြသည်။
မဟာရှနိုင်ငံတစ်ခုလုံးသည် စက်ယန္တရား တစ်ခုကဲ့သို့ အဆက်မပြတ် လှုပ်ရှားသက်ဝင်လာခဲ့တော့သည်။
အခြားတစ်ဖက်တွင်မူ... အင်ပါယာကြီး လေးခုမှ သံတမန်များသည် စိတ်ပျက်လက်ပျက်ဖြင့် မိမိတို့နိုင်ငံသို့ ပြန်ရောက်သွားကြပြီး ၎င်းတို့၏ ဧကရာဇ်များထံ အခြေအနေကို တင်ပြကြရာ၊ မဟာဝူဧကရာဇ်သည် နန်းဆောင်အတွင်း၌ တည်ကြည်ခက်ထန်သော မျက်နှာဖြင့် - “သူက တကယ်ပဲ အဲဒီလို ခေါင်းမာမာနဲ့ ငြင်းလိုက်တာလား။ မဟာရှက လူတွေက သင်းချိုင်းပြင်ကို မမြင်မချင်း မျက်ရည်မကျတတ်ကြသေးဘူး ထင်တယ်။ သူတို့က စစ်ပွဲကို လိုလားနေမှတော့... ငါတို့ကလည်း သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ မဟာရှရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက မြန်လွန်းနေပြီ... သူတို့ကို အရှိန်နည်းနည်း လျှော့ချပစ်ရမယ့် အချိန်ရောက်ပြီ...”
အခြား ထိပ်တန်းအင်ပါယာကြီးများ၏ ဧကရာဇ်များတွင်လည်း ဤကဲ့သို့သော အတွေးမျိုး ရှိနေကြသည်။
လွန်ခဲ့သော နှစ်များအတွင်း မဟာရှသည် ထင်မှတ်မထားလောက်အောင် အလွန်တရာ လျင်မြန်စွာဖြင့် အင်အားကြီးမားလာခဲ့ရာ ၎င်းတို့၏ အဆင့်အတန်းနှင့် တည်ရှိမှုကိုပါ ကြီးမားစွာ ခြိမ်းခြောက်လာခဲ့ချေလေပြီ။
ထို့ကြောင့် ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချကာ မဟာရှကို မှတ်လောက်သားလောက်အောင် ရိုက်နှက်ပြီး အောက်သို့ ပြန်လည်ဆွဲချရန် သို့မဟုတ် အနည်းဆုံး ၎င်းတို့၏ တိုးတက်မှုကို ဟန့်တားရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့်ပင် ထိပ်တန်း သိုင်းပညာရှင်ကြီးများ အားလုံးကို အရေးပေါ် စုဝေးစေလိုက်ကြတော့သည်။
မဟာရှနိုင်ငံ၏ နန်းတော်အတွင်း၌...
ယောင်ယောင်က လင်းပိုင်ဖန်ထံသို့ ပျာပျာသလဲ ပြေးဝင်လာပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည် -
“ကျွန်မ အခုလေးတင် မိစ္ဆာဂိုဏ်းဆီကနေ သတင်းရခဲ့တယ်။ အဲဒီ ထိပ်တန်းအင်ပါယာကြီး လေးခုက ဒီတစ်ကြိမ်မှာ တကယ်ကို အတည်အလင်း လုပ်ဆောင်တော့မှာတဲ့။ သူတို့က ဒီအခွင့်အရေးကို သုံးပြီး ကျွန်မတို့ မဟာရှကို ရာဇပလ္လင်ပေါ်ကနေ အပြတ်အသတ် ဆွဲချဖို့ ကြံစည်နေကြပြီ...”
လင်းပိုင်ဖန်က ရယ်မောလိုက်ရင်း - “ဒါက တကယ်ကို ကောင်းတာပေါ့။ ငါက သူတို့တွေ အတည်အလင်း မလုပ်မှာကိုပဲ စိုးရိမ်နေတာ...”
“ရှင်က ဒီလိုအခြေအနေမျိုးမှာတောင် ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆနဲ့ ရယ်နေနိုင်ရတာလဲ။ သူတို့ဘက်က ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀၀ နဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင် ၁၀ ယောက်အထိ စေလွှတ်ထားတာနော်။ ဒီလောကမှာ မဟာကောင်းကင်အဆင့်ကလွဲရင် ဘယ်သူမှ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”
ယောင်ယောင်က ပျာပျာသလဲဖြင့် - “ကျွန်မတို့ မိစ္ဆာဂိုဏ်းဘက်ကနေ ကူညီပေးဖို့ လိုသေးလား...”
လင်းပိုင်ဖန်က ခေါင်းကို ခါယမ်းလိုက်ပြီး အတိုင်းအဆမရှိသော မာန်မာနများဖြင့် - “မလိုပါဘူး... ငါတို့ မဟာရှနိုင်ငံက ဒီကိစ္စကို ကိုယ်တိုင်ပဲ ဖြေရှင်းနိုင်တယ်။ တစ်လောကလုံးက လူတွေကို ငါ ပြသချင်တယ်... မဟာရှရဲ့ စစ်သည်တွေ ရောက်တဲ့နေရာတိုင်းမှာ အောင်ပွဲကလွဲလို့ ဘာမှမရှိစေရဘူး ဆိုတာကိုပေါ့။ မဟာရှရဲ့ အင်အားကြီးမားလာမှုကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး...”
သူ၏ ရဲရင့်ပြတ်သားပြီး မာန်တက်နေသော ပုံရိပ်ကို ကြည့်ရင်း ယောင်ယောင်၏ နှလုံးသားတစ်ခုလုံး စွဲလန်းရစ်မူးမှုများဖြင့် ပြည့်နှက်သွားခဲ့ရလေသည်။
ဒါက ငါအချစ်ရဆုံး အမျိုးသားပဲ...
ထိုအတောအတွင်း ပြင်ပလောကကြီးတစ်ခုလုံးတွင်မူ ဖြစ်ပွားတော့မည့် စစ်ပွဲကြီးအကြောင်းနှင့်ပတ်သက်၍ ဆူညံပွက်လောရိုက်နေခဲ့ပြီ ဖြစ်သည်။
“မဟာရှက ထိပ်တန်းအင်ပါယာကြီး လေးခုနဲ့ စစ်ဖြစ်တော့မယ်တဲ့... ဘယ်သူက အရှုံးအနိုင် ရလိမ့်မယ်လို့ ထင်ကြလဲ...”
“စကားတွေ အများကြီး ပြောနေဖို့ လိုဦးမလား။ သေချာပေါက် မဟာရှပဲ ရှုံးမှာပေါ့။ အဲဒီ လေးနိုင်ငံစလုံးက ဒီခေတ်ရဲ့ ထိပ်တန်း အင်ပါယာကြီးတွေလေ။ မဟာရှက ဘယ်လောက်ပဲ အင်အားကြီးမားပါစေဦး... အင်ပါယာကြီး လေးခုကို ဘယ်လိုလုပ်ပြီး ပြိုင်နိုင်မှာလဲ။ တစ်နိုင်ငံတည်းနဲ့ လေးနိုင်ငံကို ယှဉ်ရမှာဆိုတော့ ဘယ်လိုပဲကြည့်ကြည့် ရှုံးဖို့ပဲ ရှိတာပဲ...”
“ဒါလည်း ဟုတ်တာပဲ... ငါလည်း မဟာရှအတွက် သိပ်ပြီး မျှော်လင့်ချက် မရှိလှဘူး...”
“ငါကတော့ မဟာရှဘက်ကပဲ။ မဟာရှက ‘ရွှမ်ရှောင်’ နတ်ဓားကို ပိုင်ဆိုင်ထားပြီး မိစ္ဆာကြီးကိုတောင် အောင်နိုင်ခဲ့တဲ့ နိုင်ငံတော်ရဲ့ အစွမ်းထက်ဆုံး နတ်ဓား ရှိနေတာပဲလေ၊ သူက လုံးဝ ပြိုင်ဘက်ကင်းတဲ့ အခြေအနေမှာ ရှိနေတာ...”
“ဒါပေမဲ့... အဲဒီအင်ပါယာကြီး လေးခုမှာလည်း မဟာကောင်းကင်အဆင့်တွေ ရှိကြတာပဲလေ။ အကယ်၍ မဟာကောင်းကင်အဆင့် လေးယောက် စုပေါင်းတိုက်ရင် နတ်ဓားတစ်လက်တည်းကို မနိုင်ဘဲ နေပါ့မလား...”
“တကယ်ပါပဲ... မဟာရှအနေနဲ့ ခေါင်းလေး နည်းနည်းငုံ့ပြီး စပါးအချို့ ပေးလိုက်ရင် မပြီးဘူးလား။ ဒါဆိုရင် စစ်ပွဲကနေ အလှူအတန်းတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မဟာရှမှာ စပါးတွေ ပိုလျှံနေတာပဲလေ၊ နည်းနည်းလောက် ပေးလိုက်တာ ဘာမှပြဿနာမရှိဘူးလေ...”
“ဟုတ်ပ... ဧကရာဇ်က ဘာဖြစ်လို့ ဒီလောက်အထိ ခေါင်းမာနေရလဲဆိုတာ ငါလည်း နားမလည်နိုင်တော့ဘူး...”
“ဘာပဲဖြစ်ဖြစ်... မဟာရှကတော့ အခု တကယ့်ကို အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရပြီကွ...”
အပိုင်း (၅၇၈)
မဟာရှီနိုင်ငံက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာခဲ့ရာ မဟာရှနိုင်ငံနှင့် ထိပ်တန်းအင်ပါယာကြီး လေးခုတို့အကြား ကြီးမားလှသော စစ်ပွဲကြီးသည် တရားဝင် စတင်သွားခဲ့ချေပြီ။
စစ်မျက်နှာပြင်ကို မြောက်ပိုင်း၊ တောင်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းဟူ၍ စုစုပေါင်း စစ်ဇုန်လေးခု ခွဲခြားထားသည်။ တစ်နည်းအားဖြင့်ဆိုရသော် အရှေ့ဘက် ကမ်းရိုးတန်းဒေသမှလွဲ၍ အရပ်မျက်နှာအနှံ့အပြားတွင် စစ်ပွဲများ ပြိုင်တူဖြစ်ပွားနေခြင်း ဖြစ်သည်။ တကယ့်ကို အရပ်မျက်နှာအသီးသီးမှ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသည့် အခြေအနေပင် ဖြစ်လေ၏။
အနောက်တောင်ဘက် စစ်မျက်နှာပြင်ကိုမူ မဟာရှနိုင်ငံတော်၏ ဗိုလ်ချုပ် ဖြစ်သူ ‘ချိုင်ယွီရှင်း’ က ဦးဆောင်ကွပ်ကဲနေသည်။
၎င်းတို့ထံတွင် စုစုပေါင်း အထူးစစ်သည်အင်အား တစ်သန်း၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်း သိုင်းပညာရှင် ၅,၀၀၀၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၄၀ နှင့် ကွပ်ကဲရန် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦး ရှိနေသည်။
ဤစစ်အင်အားသည် မည်သည့်နေရာတွင်မဆို အလွန်တရာ အင်အားကြီးမားလှပြီး သာမန်တိုင်းပြည် တစ်ခုကိုပင် အလွယ်တကူ အမှောက်လှန်ပစ်နိုင်သည့် အင်အားမျိုး ဖြစ်သည်။
သို့သော်လည်း ၎င်းတို့ ရင်ဆိုင်နေရသည့် ရန်သူမှာ မဟာဝူအင်ပါယာ၏ ကျောထောက်နောက်ခံကို ရရှိထားသော မဟာရှီနိုင်ငံ ဖြစ်နေသည်။
ရန်သူ့ဘက်တွင် စစ်သည်အင်အား သုံးသန်းနီးပါး၊ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် သောင်းနှင့်ချီ၍ ပါဝင်သည့်အပြင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၈၀ နှင့် ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးအထိ ပါဝင်နေသည်။
အဘက်ဘက်မှ ကြည့်မည်ဆိုပါက ရန်သူ့အင်အားက မဟာရှထက် သာလွန်နေသည်မှာ အမှန်ပင်။
ထူးခြားသည့် ဖြစ်ရပ်တစ်ခုခုသာ ပေါ်ပေါက်မလာခဲ့လျှင် ဤစစ်ပွဲသည် မဟာရှဘက်က ရှုံးနိမ့်ရန် သေချာသလောက် ရှိနေသည်။
သို့သော်လည်း ချိုင်ယွီရှင်းကမူ အပြည့်အဝ ယုံကြည်မှုရှိနေပြီး - “အားလုံးပဲ... မဟာရှီနိုင်ငံရဲ့ စစ်အင်အားက အဘက်ဘက်ကနေ ငါတို့ထက် သာနေတယ်ဆိုပေမဲ့ စစ်ရေးအသာစီးက ငါတို့ဘက်မှာ ရှိနေတယ်။ သူတို့ဘက်ကသာ ရဲရဲဝံ့ဝံ့ လာတိုက်ရဲရင် ပြန်စရာလမ်း မရှိစေရဘူးလို့ ငါ အာမခံတယ်...”
ထိုစကားအပေါ် အခြားစစ်သူကြီးများက ကန့်ကွက်ခြင်း မရှိသည့်အပြင် သဘောတူညီစွာဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။
၎င်းတို့အားလုံးသည် လက်ဖဝါးချင်း ပွတ်သပ်ရင်း တိုက်ပွဲဝင်ရန် အလွန်တရာ စိတ်အားထက်သန်နေကြပြီ ဖြစ်သည်။
“စစ်သူကြီးတို့... လောစရာမလိုပါဘူး...”
ချိုင်ယွီရှင်းက ပြုံးလျက် ဆက်ပြောလိုက်သည် - “ဒီစစ်ပွဲက ငါတို့တွေ သေချာပေါက် နိုင်မှာ။ အောက်က စစ်သည်တော်တွေကိုလည်း စွမ်းရည်ပြခွင့် ပေးရဦးမယ်လေ။ သူတို့လည်း ကြီးမားတဲ့ စစ်မှုထမ်းကောင်း တံဆိပ်တွေ ရချင်တာပဲလေ၊ အောင်မြင်ချင်တာက ငါတို့ချည်းပဲ မဟုတ်ဘူး မဟုတ်လား...”
၎င်းတို့ အဝေးသို့ လှမ်းမြော်ကြည့်လိုက်သောအခါ မိုးကုပ်စက်ဝိုင်းဆီမှ မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခု ပေါ်လာသကဲ့သို့ ရှိနေတော့သည်။
၎င်းမှာ နယ်မြေအတွင်းသို့ အရှိန်အဟုန်ဖြင့် ချီတက်ဝင်ရောက်လာနေသည့် မဟာရှီနိုင်ငံ၏ စစ်တပ်ကြီးပင် ဖြစ်လေ၏။
၎င်းတို့သည် မဟာရှစစ်တပ်၏ ရှေ့မှောက် အကွာအဝေး တောင်သုံးရာခန့်သို့ ရောက်ရှိသောအခါ ရပ်တန့်လိုက်ကြသည်။
စစ်တပ်ကို ဦးဆောင်လာသူမှာ မြင်းအမြင့်ကြီးတစ်ကောင်ပေါ်တွင် ခန့်ညားစွာ ထိုင်နေသည့် သန်မာထွားကျိုင်းသော စစ်သူကြီးတစ်ဦးဖြစ်ပြီး၊ ၎င်းက ကျားတစ်ကောင်ကဲ့သို့ စူးရှသော အကြည့်များဖြင့် ဝန်းကျင်ကို ဝေ့ကြည့်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည် - “ငါ့ရှေ့ကလူက မဟာရှနိုင်ငံရဲ့ ဗိုလ်ချုပ် စစ်သူကြီး ချိုင်ယွီရှင်း လား...”
“ဟုတ်တယ်... ငါက စစ်သူကြီး ချိုင်ယွီရှင်းပဲ။ ရှင်ကကော ဘယ်သူလဲ...” ချိုင်ယွီရှင်းက မာန်အပြည့်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“ငါက မဟာရှီနိုင်ငံရဲ့ စစ်သူကြီး ‘ကျိုးချန်မင်’ ပဲ။ ဒီနေ့ ငါ စစ်တပ်ကို ဦးဆောင်ပြီး ဒီကိုလာတာက မင်းတို့ကို...”
သူ့စကားပင် မဆုံးသေးခင်မှာတင် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော မြှားတစ်စင်းသည် သူ၏ နားရွက်ဘေးမှ ဝှစ်ခနဲ ဖြတ်သန်းသွားခဲ့သည်။
မဟာရှီစစ်သူကြီးမှာ ချွေးစေးများပင် ပြန်လာခဲ့တော့သည်။ အကယ်၍ သူသာ တုံ့ပြန်မှု မမြန်ခဲ့လျှင် ခေါင်းပြတ်သွားနိုင်ခြေ ရှိပေသည်။
သူက ရှေ့သို့ ဒေါသတကြီး စိုက်ကြည့်ရင်း - “ချိုင်ယွီရှင်း... ဒါ ဘာသဘောလဲ...”
“ဘာသဘောမှ မဟုတ်ဘူး...”
ချိုင်ယွီရှင်းက လက်ထဲမှ လေးကို အောက်သို့ ချလိုက်ရင်း မတူမတန်သည့် လေသံဖြင့် - “ခွေးတွေက ဒီက ဗိုလ်ချုပ်နဲ့ စကားပြောခွင့် မရှိဘူးဆိုတာကို သတိပေးလိုက်တာပဲ...”
“မင်း...!” မဟာရှီစစ်သူကြီးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။
မဟာရှစစ်တပ်ဘက်မှ လူများကမူ အားရပါးရ ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။
“ဗိုလ်ချုပ် ပြောတာ မှန်တယ်... ခွေးတွေမှာ ဗိုလ်ချုပ်နဲ့ စကားပြောပိုင်ခွင့် မရှိဘူး...”
“မင်းတို့နောက်ကွယ်က လူကိုပဲ ထွက်လာခိုင်းလိုက်စမ်းပါ... မင်းရဲ့ အရည်အချင်းက တကယ်ကို မပြည့်ဝသေးဘူး...”
“ခွေးဆိုရင်လည်း ငြိမ်ငြိမ်လေး ဝပ်နေစမ်းပါ။ အပြင်ထွက်ပြီး လာဟောင်မနေနဲ့...”
“ လူရယ်စရာ ဖြစ်ရုံပဲ ရှိမယ်... ဟားဟား...”
“မင်း... မင်းတို့ သေချင်းဆိုးတွေ...” မဟာရှီစစ်သူကြီး၏ ဒေါသအိုးမှာ ပေါက်ကွဲသွားလေတော့သည်။
သူသည် နိုင်ငံငယ်တစ်ခု၏ စစ်သူကြီးမျှသာဖြစ်ပြီး အဆင့်အတန်းအရ ချိုင်ယွီရှင်းနှင့် များစွာ ကွာခြားသည်ဆိုသော်လည်း အနည်းဆုံးတော့ သူ့ကို လေးစားမှု အနည်းငယ် ပြသသင့်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ့နောက်ကွယ်မှာ မဟာဝူအင်ပါယာကြီး ရှိနေသည်မဟုတ်ပါလော။
စစ်တပ်တစ်ခုလုံး၏ ရှေ့မှောက်တွင် ဤကဲ့သို့ လှောင်ပြောင် သရော်ခြင်း ခံရသည်မှာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိချေ။
သူသည် စကားစစ်ထိုးရန် စိတ်မပါတော့ဘဲ လက်ကို ချက်ချင်း ဝှေ့ယမ်းကာ စစ်တပ်ကို အမိန့်ပေးလိုက်တော့သည် - “တိုက်ကြစမ်း...”
“တိုက်...” အင်အားကြီးမားလှသော စစ်တပ်ကြီးသည် ရှေ့သို့ အလုံးအရင်းဖြင့် ပြေးဝင်လာကြသည်။
မဟာရှဘက်ကလည်း တိုက်ပွဲအတွက် အသင့်ပြင်လိုက်ပြီး ချိုင်ယွီရှင်းက အမိန့်ပေးလိုက်သည် - “မြှားတပ်ဆင်ထားတဲ့ မိုဂိုဏ်းရဲ့ ခရော့စ်ဘိုးမြှားလှည်း တွေကို ရှေ့ထုတ်ခဲ့စမ်း...”
ချက်ချင်းပင် ခရော့စ်ဘိုးမြှားလှည်း အစင်း ၅၀ သည် ရှေ့သို့ ထွက်လာပြီး ချီတက်လာနေသော မဟာရှီစစ်တပ်ဘက်သို့ အသင့် ချိန်ရွယ်လိုက်ကြသည်။
ချိုင်ယွီရှင်းက ထပ်မံ အော်ဟစ်လိုက်သည် - “မြှားတွေ လွှတ်စမ်း...”
မြှားတံပေါင်း ထောင်နှင့်ချီ၍ ဝေဟင်ထက်သို့ ပျံသန်းသွားကြတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေ့ဆုံးမှ ချီတက်လာသော မဟာရှီစစ်သည် တစ်သိန်းခန့်သည် ထိုမြှားမိုးရွာသွန်းမှုအောက်တွင် သေဆုံးသွားကြရတော့သည်။
မဟာရှီစစ်သူကြီးနှင့် သူ့လူများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရင်း - “ဒါက ဘာလက်နက်မို့လို့ ဒီလောက်အထိ ပြင်းထန်ပြီး အသက်အန္တရာယ် ပေးနိုင်နေရတာလဲ...”
၎င်းတို့ ခေါ်ဆောင်လာသော စစ်သည်များသည် အဆင့်မြင့် သံချပ်ကာအင်္ကျီများကို ဝတ်ဆင်ထားသည့် ထိပ်တန်း အထူးစစ်သည်များ ဖြစ်ကြသဖြင့် သာမန်မြှားများဖြင့်ဆိုပါက သံချပ်ကာကို ဖောက်ဝင်နိုင်ရန် မလွယ်ကူချေ။
သို့သော်လည်း ဤခရော့စ်ဘိုးမြှားလှည်းမှ ပစ်လွှတ်လိုက်သော မြှားတံကြီးများသည် အကွာအဝေး အတောင်တရာမှပင် ၎င်းတို့၏ သံချပ်ကာများကို အလွယ်တကူ ထိုးဖောက်သွားနိုင်ခဲ့သည်။
အချို့သော မြှားတံကြီးများဆိုလျှင် ပစ်မှတ်များကို တစ်ပြိုင်နက်တည်း အစီအရီ ဖောက်ထွက်သွားကြရာ ကြည့်ရသည်မှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။
“စစ်သူကြီး... ဒါက မိုဂိုဏ်းရဲ့ ခရော့စ်ဘိုးမြှားလှည်းပါ။ ဒီမြှားလှည်းက သာမန်မဟုတ်ပါဘူး၊ မျက်တောင်တစ်ခတ်အတွင်းမှာ မြှားအစင်းပေါင်း ရာနဲ့ချီ ပစ်လွှတ်နိုင်စွမ်းရှိတဲ့ စစ်တလင်းက ကြောက်စရာကောင်းတဲ့ လက်နက်ဆိုးကြီးပါ...” စစ်ဗျူဟာပညာရှင် အသွင်ရှိသော လူတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
“အော်... အဲလိုလား...” မဟာရှီစစ်သူကြီးက ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ စိုးရိမ်စိတ်တို့ ဝင်လာခဲ့သည်။
ဤခရော့စ်ဘိုးမြှားလှည်းက အလွန်ပင် ကြောက်စရာ ကောင်းလှပေသည်။ ပစ်ခတ်နိုင်သည့် အကွာအဝေးက ဝေးလံရုံသာမက ဖျက်ဆီးနိုင်စွမ်းကလည်း အံ့မခန်းပင် ဖြစ်နေခဲ့သည်။
မိမိ၏ စစ်သည်များကို ရှေ့သို့ ဆက်တိုက်ခိုင်းနေခြင်းမှာ သေတွင်းထဲသို့ သက်သက် တိုးခိုင်းနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
“အကြံပေး... သင့်မှာ ဘာအကြံပြုချက် ရှိလဲ...” မဟာရှီစစ်သူကြီးက မေးမြန်းလိုက်သည်။
သူ့ရှေ့က အကြံပေးသည် မဟာဝူအင်ပါယာမှ စေလွှတ်ပေးထားသူ ဖြစ်ပြီး အတွေ့အကြုံ ရင့်ကျက်ကာ ဗဟုသုတစုံလင်သူ ဖြစ်သဖြင့် သေချာပေါက် အဖြေတစ်ခု ရှိလိမ့်မည်ဟု ယုံကြည်နေသည်။.
“စစ်သူကြီး... စိုးရိမ်စရာမလိုပါဘူး။ ဒီခရော့စ်ဘိုးမြှားလှည်းက တကယ်ကို ထူးခြားပြီး ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေကိုတောင် ခြိမ်းခြောက်နိုင်တာ မှန်ပေမဲ့ သူ့မှာလည်း ကန့်သတ်ချက်တွေ ရှိပါတယ်။
သူ့မှာ သုံးတဲ့ မြှားက သုံးမျိုးရှိတယ်... မြှားအသေးတွေက သာမန်စစ်သည်တွေကိုပဲ အန္တရာယ်ပေးနိုင်တာ၊ မြှားအလတ်တွေက ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် သိုင်းသမားတွေကို အန္တရာယ်ပေးနိုင်ပြီး၊ ဝိညာဥ်ဖောက် မြှားကြီးတွေကမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေကို ခြိမ်းခြောက်နိုင်တာ။
ဒါကြောင့်မို့လို့ ငါတို့ဘက်က ကြယ်တာရာအဆင့်နဲ့ အထက်ရှိတဲ့ သိုင်းပညာရှင်တွေကို စေလွှတ်လိုက်မယ်ဆိုရင် သူတို့တွေ ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး...”
စစ်အကြံပေးက ယုံကြည်မှုအပြည့်ဖြင့် လက်ခုပ်တီးလိုက်ရာ ချက်ချင်းပင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၁၅ ဦး ရှေ့သို့ ထွက်လာခဲ့သည်။
၎င်းတို့အားလုံးမှာ ကြယ်တာရာချီအဆင့်နှင့် အထက်ရှိသည့် ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ကြသည်။
“သူရဲကောင်းတို့... ရှေ့သို့တက်ပြီး သူတို့ရဲ့ ခရော့စ်ဘိုးမြှားလှည်းတွေကို ဖျက်ဆီးပစ်ကြစမ်း...”
“အမိန့်အတိုင်းပါ...”
၎င်းတို့က ခေါင်းညိတ်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ် မာန်ဟုန်များဖြင့် ရှေ့သို့ ပြေးဝင်သွားကြတော့သည်။
ချိုင်ယွီရှင်းသည် ထိတ်လန့်သွားခြင်း မရှိသည့်အပြင် ဝမ်းသာအားရ ဖြစ်သွားပြီး - “ဝိညာဥ်ဖောက် မြှားကြီးတွေကို ပစ်လွှတ်စမ်း...” ဟု အော်ဟစ်လိုက်သည်။
“ဝှစ်... ဝှစ်.... ဝှစ်....”
မြှားမိုးကြီးသည် ဝေဟင်ထက်သို့ ထပ်မံ ပျံတက်သွားပြန်သည်။
ယခုတစ်ကြိမ်တွင်မူ မြှားအရေအတွက် နည်းပါးသွားသော်လည်း အရှိန်က ပိုမိုမြန်ဆန်လာပြီး ပါရှိလာသော အဖျက်စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေ့ဆုံးမှ ပြေးဝင်လာသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များသည် ထိုမြှားမိုးအောက်တွင် သွေးမြူ အတိဖြစ်သွားကြရပြီး အရိုးပင် မကျန်တော့ချေ။
မဟာရှီနိုင်ငံဘက်မှ လူများအားလုံးမှာ ဆွံ့အလျက် မှင်တက်သွားကြတော့သည်။
၎င်းတို့၏ ထိပ်တန်းသိုင်းပညာရှင်ကြီးများက ဒီလိုပဲ အဆုံးသတ်သွားသည်တဲ့လား။
မြှားတစ်သုတ်စာကိုတောင် တောင့်မခံနိုင်ကြဘူးတဲ့လား။
ဒါဆိုရင် စစ်ပွဲကို ဘယ်လိုဆက်တိုက်ရတော့မှာလဲ။
မဟာရှီစစ်သူကြီးသည် လည်ပင်း တောင့်တင်းလျက်ဖြင့် ဝေဝေဝါးဝါး ဖြစ်ကာ မေးမြန်းလိုက်သည် - “အကြံပေး... မင်းပဲ ကြယ်တာယာချီအဆင့်ရှိတဲ့ သိုင်းပညာရှင်တွေကို စေလွှတ်လိုက်ရင် သူတို့ ဘာမှမတတ်နိုင်တော့ဘူးဆို။ အခုကျတော့ ဘာလို့...”
“ဒါ... ဒါက... ကျွန်တော်လည်း ဘာဖြစ်သွားလဲဆိုတာ မသိတော့ဘူး...” အကြံပေးမှာ မျက်နှာ ပျက်ယွင်းလျက်ဖြင့် မချိတင်ကဲ ပြောလိုက်ရရှာသည်။
သူ့နောက်ကွယ်မှ ကျန်ရှိနေသော သိုင်းပညာရှင်များမှာလည်း အသည်းထိတ် အူတုန်အောင် ကြောက်လန့်သွားကြပြီး အသက်မသေချင်သဖြင့် ရှေ့သို့ ဆက်မတက်ရဲကြတော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် မဟာရှနိုင်ငံတော် စစ်တပ်၏ စိတ်ဓာတ်မှာမူ ကောင်းကင်ယံအထိ မြင့်တက်သွားခဲ့သည်။
ချိုင်ယွီရှင်းက ရဲရင့်ပြတ်သားစွာဖြင့် သူမ၏ အသံကို ဟိန်းထွက်စေလိုက်သည် - “ရဲဘော်တို့... မင်းတို့ရဲ့ ဗိုလ်ချုပ်အနေနဲ့ ပြောချင်တာက စစ်ရေးအသာစီးက ငါတို့ဘက်မှာ ရှိနေတယ်။ ငါတို့ မဟာရှစစ်တပ်ဟာ မရှုံးနိမ့်နိုင်တဲ့ စစ်တပ်ပဲ။ ငါတို့ကို အနိုင်ယူနိုင်တဲ့လူ၊ အနိုင်ယူနိုင်တဲ့ နိုင်ငံဆိုတာ မရှိဘူး။ ငါတို့ရဲ့ ဓားဦး လှည့်တဲ့နေရာတိုင်းမှာ တစ်လောကလုံးကို ယှဉ်နိုင်စွမ်း ရှိစေရမယ်...”
“ငါတို့ရဲ့ ဓားဦး လှည့်တဲ့နေရာတိုင်းမှာ တစ်လောကလုံးကို ယှဉ်နိုင်စွမ်း ရှိစေရမယ်...” မဟာရှစစ်သည်တော်များက စိတ်ဓာတ်တက်ကြွစွာဖြင့် ဟစ်အော်လိုက်ကြသည်။
ထိုစဉ် စစ်သူကြီးတစ်ဦးက ဝမ်းသာအားရဖြင့် - “ဗိုလ်ချုပ်... ဒီခရော့ဘိုးမြားလှည်းက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေကိုတောင် သတ်နိုင်တာပဲ။ ဗိုလ်ချုပ်က ဘာဖြစ်လို့ ဒီလက်နက်တွေကို အများကြီးရရှိအောင် အတင်းတောင်းဆိုခဲ့လဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ တကယ့်ကို အမြော်အမြင် ကြီးမားလှပါတယ်...”
“ဒါပေါ့...” ချိုင်ယွီရှင်းက ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမသည် ခရော့စ်ဘိုးမြားလှည်း၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသဖြင့် ထိုစဉ်ကတည်းက စွဲလန်းခဲ့ရခြင်း ဖြစ်သည်။
ခရော့စ်ဘိုးမြှားလှည်း အမြောက်အမြား ရရှိရန်အတွက် သူမသည် နန်းတော်အတွင်း၌ ညပေါင်းများစွာ ကုန်လွန်စေခဲ့ပြီး လင်းပိုင်ဖန်ထံမှ အနိုင်အထက် တောင်းဆိုခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်သာ အခြားစစ်တပ်များထက် ပိုမိုများပြားသော ခရော့စ်ဘိုးမြှားလှည်း အစင်း ၅၀ အထိ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ဤနတ်လက်နက်ကြီးများ ရှိနေခြင်းကြောင့်သာ စစ်ရေးအသာစီးက သူတို့ဘက်မှာ ရှိနေသည်ဟု သူမက ရဲရဲဝံ့ဝံ့ ကြွေးကြော်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။