အခန်း (၅၇၉-၅၈၀)
Vol. 53 Ch. 579-580
အပိုင်း (၅၇၉)
“အကြံပေး... ငါတို့ အခု ဘာဆက်လုပ်ကြမလဲ...” မဟာရှီစစ်သူကြီးက အနည်းငယ် ပျာပျာသလဲဖြင့် မေးမြန်းလိုက်သည်။
ဤမိုဂိုဏ်း၏ ခရော့စ်ဘိုးမြှားလှည်းများက အလွန်အမင်း အစွမ်းထက်လွန်းလှသည်။ သာမန်စစ်သည်များကိုသာမက ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်နေမှတော့ သူ့လူများအနေဖြင့် ဘယ်လိုလုပ် ခုခံနိုင်စွမ်း ရှိတော့မည်နည်း။
စစ်အကြံပေးမှာမူ လုံးဝ စိတ်ဓာတ်ကျသွားခဲ့သဖြင့် ဘာစကားမျှ ပြန်မပြောနိုင်တော့ချေ။
စစ်ပွဲက စရုံပဲ ရှိသေးသည်၊ မဟာရှဘက်က ဖုန်တစ်မှုန်စာမျှပင် အထိအခိုက်မရှိသေးချိန်တွင် ၎င်းတို့ဘက်ကမူ စစ်သည်အင်အား တစ်သိန်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၁၅ ဦးအထိ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ဒါက တကယ်ကို အရှက်ရစရာကောင်းပြီး စစ်ရည်စစ်သွေးကို ကျဆင်းစေကာ ဧကရာဇ်မင်းမြတ်ထံသို့ မည်သို့ မျက်နှာပြပြီး အစီရင်ခံရမည်ကိုပင် မသိတော့ချေ။
ယခုအချိန်တွင် ဤစစ်ပွဲကို အနိုင်တိုက်နိုင်မှသာ ဧကရာဇ်မင်းမြတ်၏ အမျက်တော်မှ ကင်းလွတ်ခွင့် ရရှိရန် မျှော်လင့်နိုင်တော့မည် ဖြစ်သည်။
“ဒီအခြေအနေအထိ ရောက်လာမှတော့... ငါတို့ဘက်က ကောင်းကင်အဆင့်ကို ထွက်တိုက်ခိုင်းဖို့ပဲ လမ်းရှိတော့တယ်...”
စစ်အကြံပေး၏ မျက်နှာက တည်တံ့လေးနက်သွားပြီးနောက် စစ်တပ်၏ နောက်ကွယ်ရှိ အရပ်မျက်နှာဆီသို့ ရိုသေစွာ ဦးညွှတ်လိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်တောင်းဆိုလိုက်သည် - “ ကောင်းကင်အဆင့် စီနီယာ နှစ်ဦးအား ကျွန်တော် လျှောက်ထားအပ်ပါတယ်... ကျရှုံးတော့မယ့် စစ်ရေးနိမ့်မှုကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် ကူညီပေးကြပါဦး...”
ဝှစ်... ဝှစ်... ဟူသော အသံနှစ်ချက်နှင့်အတူ စစ်တပ်ကြီး၏ နောက်ကွယ်မှ အဖိုးအိုနှစ်ဦးသည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ ပြေးထွက်လာခဲ့ကြသည်။
ပြောနေရန်ပင်မလိုပေ၊ ဤလူနှစ်ဦးမှာ မဟာဝူအင်ပါယာမှ စေလွှတ်ပေးထားသော ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးပင် ဖြစ်သည်။
ထိုစဉ် မဟာရှစစ်တပ်ဘက်မှလည်း ‘မိုယုယန်’ ဟု အမည်ရသော ကောင်းကင်အဆင့် တစ်ဦးသည်လည်း ရှေ့သို့ ပြေးထွက်လာခဲ့၏။
“မဟာရှဘက်က မင်းတစ်ယောက်တည်းကိုပဲ လွှတ်လိုက်တာလား... ကြည့်ရတာ ဒီစစ်ပွဲကတော့ မင်းတို့ ရှုံးဖို့ သေချာသွားပြီ ထင်တယ်...” မဟာဝူအင်ပါယာ၏ ကောင်းကင်အဆင့်တစ်ဦးက လှောင်ပြောင်လိုက်သည်။
“စစ်ပွဲဆိုတာ လူအင်အားများတာနဲ့ မဆိုင်ပါဘူး၊ အနိုင်ရဖို့က အဓိကပဲ...”
မိုယုယန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည် - “ရှင်တို့လို့ အဖိုးကြီးနှစ်ယောက်လုံးကို ကျွန်မတစ်ယောက်တည်းနဲ့တင် ကိုင်တွယ်ဖို့ လုံလောက်တယ်...”
မဟာဝူအင်ပါယာမှ ကောင်းကင်အဆင့်နှစ်ဦးမှာ ဒေါသထွက်သွားကြပြီး - “ရိုင်းစိုင်းလှချည်လား ကလေးမ... မင်းက ကောင်းကင်နဲ့ မြေကြီး ဘယ်လောက်ကျယ်ပြောလဲဆိုတာ မသိသေးဘူးပဲ...”
ထိုအချိန်တွင် မိုယုယန်က သူမ၏ ‘ရွှမ်ရှောင် ဓားအသေး’ ကို ဆွဲထုတ်လိုက်တော့သည်။
ဓားသွားထက်မှ စီးဆင်းလာသော အင်အားကြီးမားလှသည့် စွမ်းအင်များကို ခံစားမိလိုက်သောအခါ သူမ၏ ယုံကြည်မှုက ပိုမိုမြင့်တက်လာပြီး ဟစ်အော်လိုက်သည် - “စကားတွေ အများကြီး ပြောမနေနဲ့တော့... တိုက်ကြစမ်း...”
သူမက စတင်ဦးဆောင်ကာ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ကောင်းကင်အဆင့်နှစ်ဦးထံသို့ ပြေးဝင်သွားခဲ့သည်။
မဟာဝူအင်ပါယာမှ ကောင်းကင်အဆင့် နှစ်ဦးမှာ အံ့ဩသွားကြရသည်။
ရန်သူ့ဘက်က တစ်ယောက်တည်းဖြစ်နေတာတောင် သူတို့ကို အရင်လာတိုက်ရဲတယ်ပေါ့လေ...
၎င်းတို့ကို ပိုမိုအံ့အားသင့်သွားစေသည်မှာ ရန်သူ၏ မာန်ဟုန်မှာ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
ရန်သူ့ထံမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားက ရုတ်တရက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာပြီး ၎င်းတို့၏ စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်ကိုတောင် ခံစားလိုက်ရသည်။
ထပ်မံစဉ်းစားရန် အချိန်မရှိတော့ဘဲ ရန်သူက ရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်ရာ ၎င်းတို့လည်း ပြန်လည်ခုခံ တိုက်ခိုက်လိုက်ကြရတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်အဆင့်သုံးဦးသည် ပြင်းထန်လှသော တိုက်ပွဲကြီးကို ဆင်နွှဲနေကြပြီ ဖြစ်သည်။
လူနှစ်ယောက်က တစ်ယောက်ကို ဝိုင်းတိုက်နေခြင်းဖြစ်သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ မဟာဝူအင်ပါယာမှ ကောင်းကင်အဆင့် နှစ်ဦးစလုံးသည် မိုယုယန်ကို ယှဉ်နိုင်စွမ်း မရှိခြင်းပင်။
တိုက်ကွက် ဆယ်ကွက်ပင်မပြည့်သေးခင်မှာတင် ၎င်းတို့နှစ်ဦးမှာ အရေးနိမ့်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။
မဟာရှီစစ်တပ်မှ စစ်သူကြီးများမှာ မှင်တက်စွာဖြင့် ကြည့်နေကြရတော့၏။
“ငါတို့ရဲ့ ကောင်းကင်အဆင့်နှစ်ယောက်က သူမကို ဘယ်လိုလုပ် မယှဉ်နိုင်ရတာလဲ...”
“သူတို့နှစ်ယောက်ပေါင်းတာတောင် မိန်းမတစ်ယောက်ကို ရှုံးနေတယ်ဟုတ်လား...”
“ဒါက စိတ်ကူးယဉ် အိမ်မက်ပဲ ဖြစ်ရမယ်... ငါတော့ မယုံနိုင်ဘူး...”
မဟာဝူအင်ပါယာမှ ကောင်းကင်အဆင့်နှစ်ဦးမှာလည်း အလွန်ပင် စိတ်ဓာတ်ကျသွားခဲ့သည်။
ဒီမိန်းမက ကောင်းကင်အဆင့်ကို အသစ်စက်စက် ရောက်ရှိထားတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီလောက်အထိ အင်အားကြီးမားသွားရတာလဲ။
သူမက ကောင်းကင်ဘုံက နတ်ဆေးလုံးတွေများ သောက်ထားလို့များလား။
မိုယုယန်ကမူ တိုက်ပွဲကြာလေလေ ပိုမိုရဲရင့်တက်ကြွလာလေလေ ဖြစ်ပြီး - “မပြေးကြနဲ့ဦးလေ အဖိုးကြီးတို့ရဲ့... ကျွန်မကို တည့်တည့်ရင်ဆိုင် စမ်းပါ...”
မဟာရှနိုင်ငံတော် စစ်တပ်ဘက်တွင်မူ စစ်စိတ်စစ်မာန်များ ကောင်းကင်ယံအထိ ထပ်မံမြင့်တက်သွားခဲ့သည်။
၎င်းတို့သည် မိုယုယန်ကို အားပေးရန်အတွက် စစ်ဗုံများကို တီးခတ်ကာ မောင်းများကို ဆင့်ခတ်လိုက်ကြသည်။
ဗိုလ်ချုပ်ကြီး ချိုင်ယွီရှင်းက ဤမြင်ကွင်းကို မြင်သောအခါ စိတ်သက်သာရာ ရသွားတော့သည်။
သူမက လှံကို ရှေ့သို့ ညွှန်ပြလျက် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည် - “စစ်တပ်တစ်ခုလုံး... ရှေ့သို့ ချီတက်ကြစမ်း...။ သူတို့ကို မဟာရှနိုင်ငံတော်ရဲ့ နယ်မြေထဲကနေ မောင်းထုတ်ပစ်ကြ...။ မြှားတွေ အကုန်လွှတ်စမ်း...”
ဝှစ်... ဝှစ်... ဝှစ်...
မြှားမိုးများသည် မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟာရှီစစ်သည် သောင်းနှင့်ချီ၍ အသက်ပျောက်သွားကြရပြန်သည်။
မဟာရှီစစ်သူကြီးက အစွမ်းကုန် အော်ဟစ်လိုက်သည် - “ဆုတ်ခွာကြစမ်း...”
မဟာရှီနိုင်ငံ၏ စစ်သည်အင်အား သုံးသန်းကြီးသည် ချက်ချင်းပင် ဖရိုဖရဲ နောက်ဆုတ်ပြေးကြတော့သည်။
“မြှားတွေ ထပ်လွှတ်စမ်း...” ချိုင်ယွီရှင်းက ထပ်မံ အမိန့်ပေးလိုက်ပြန်သည်။
နောက်တစ်ကြိမ်တွင်လည်း မြှားမိုးများက ဝေဟင်မှ ရွာသွန်းလာပြန်ရာ မဟာရှီစစ်သည်များစွာ ထပ်မံလဲပြို သေဆုံးသွားကြရပြန်သည်။
မဟာရှီစစ်သူကြီးမှာ ဤမြင်ကွင်းကို ကြည့်ရင်း ဒေါသနှင့် စိတ်ပျက်မှုတို့ကြောင့် သွေးအန်မတတ်ပင် ဖြစ်သွားခဲ့ရသည်။
စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့သည့် စစ်သူကြီးတစ်ဦးအနေဖြင့် စစ်သည်များ သေဆုံးမှုကို လက်ခံနိုင်သော်လည်း ဤကဲ့သို့ အဓိပ္ပာယ်မဲ့စွာ ကပ်ဆိုးသင့်သလို ရှုံးနိမ့်မှုကိုမူ သူ ဘယ်လိုမှ လက်မခံနိုင်ချေ။
ရန်သူ့ဘက်က မြှားလှည်းများက ပစ်ခတ်နိုင်စွမ်း အကွာအဝေး အလွန်ကို ဝေးလံရုံတင်မက ဖျက်ဆီးနိုင်စွမ်းကလည်း ကြောက်ခမန်းလိလိ ဖြစ်နေသည်။ သူ့တွင် ပြန်လည်တုံ့ပြန်ရန် နည်းလမ်းမရှိချေ။
ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေကို အားကိုးဖို့ကျတော့လည်း တိုက်ပွဲထဲမှာ အလဟဿ သေဆုံးသွားနိုင်ခြေက ရှိနေပြန်သည်။
ကောင်းကင်အဆင့် သိုင်းပညာရှင်တွေကို အားကိုးဖို့ကျတော့လည်း ရန်သူ့ဘက်က ကောင်းကင်အဆင့် တစ်ဦးတည်းကပင် ၎င်းတို့နှစ်ဦးစလုံးကို ယှဥ်တိုက်ခိုက်နိုင်သဖြင့် လွတ်မြောက်အောင်ပင် မရုန်းကန်နိုင်ကြချေ။
ထို့ကြောင့် ၎င်းတို့တွင် နည်းဗျူဟာ တစ်ခုပဲ ကျန်တော့သည်။
အဲဒါကတော့ ‘ဆုတ်ခွာခြင်း’ ပင် ဖြစ်သည်။
မဟာရှီစစ်တပ်က သုတ်ခြေတင် ဆုတ်ခွာနေစဉ် မဟာရှစစ်တပ်ကမူ တစ်လှမ်းချင်း အသာစီးဖြင့် အမှီလိုက်လံ တိုက်ခိုက်နေခဲ့သည်။
ချိုင်ယွီရှင်းကမူ လုံးဝ လောဆော်ခြင်းမရှိဘဲ ရန်သူ့အင်အားကို တဖြည်းဖြည်းချင်း တိုက်ခိုက်ရန်သာ စီစဉ်ထားပြီး မည်သူက ပိုမိုခံနိုင်ရည်ရှိမလဲဆိုတာကို ကြည့်ချင်နေသည်။
၎င်းတို့ထံတွင် စစ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ အလျှံပယ်ရှိသဖြင့် ရေရှည်စစ်ပွဲ ဆင်နွှဲရန်အတွက် လုံးဝ အဆင်သင့် ဖြစ်နေသည်။
ဤအချိန်တွင် သူမသည် ‘လင်းပိုင်ဖန်’ ၏ အမြော်အမြင်ကြီးမားမှုကို အလွန်ပင် အထင်ကြီး လေးစားမိသွားတော့သည်။
သူက ဤအခြေအနေအားလုံးကို ကြိုတင်ခန့်မှန်းထားခဲ့သဖြင့် စစ်ပွဲမစခင်ကတည်းက မြှားတံများနှင့် အခြားလက်နက်များကို အမြောက်အမြား ထုတ်လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ ယခု စစ်တလင်းတွင် ၎င်းတို့က အပြတ်အသတ် အသာစီး ရရှိနေခြင်း ဖြစ်ပေသည်။
တစ်ရက်မပြည့်သေးသည့် အချိန်အတွင်းမှာပင် မဟာရှီစစ်တပ်ကြီးသည် သွေးကြွ မာန်တက်လျက် ရောက်ရှိလာခဲ့သော်လည်း အခုတော့ သံချပ်ကာများနှင့် စစ်ဦးထုပ်များကိုပင် စွန့်ပစ်ကာ ဖရိုဖရဲ ထွက်ပြေးနေကြရရှာသည်။
၎င်းတို့သည် စစ်တလင်းတွင် စစ်သည်အင်အား ငါးသိန်းမှ ခြောက်သိန်းခန့်၏ အသက်ပေါင်းများစွာကိုသာ ချန်ထားရစ်ခဲ့ကြရတော့သည်။
အခြားသော စစ်ဇုန်များတွင်လည်း ဤအတိုင်းပင် ဖြစ်ပွားနေခဲ့သည်။
ဤခရော့စ်ဘိုးမြှားလှည်းများ၏ ကျေးဇူးကြောင့် မဟာရှစစ်တပ်သည် ကြီးမားတဲ့ အားစိုက်ထုတ်မှု မလိုအပ်ဘဲ အလွယ်တကူ အောင်ပွဲ ဆင်နိုင်ခဲ့သည်။
ရန်သူ့ဘက်က ကောင်းကင်အဆင့်များကို စေလွှတ်ခဲ့လျှင်ပင် အရာမထင်ခဲ့ချေ။ မဟာရှနိုင်ငံတော်၏ ကောင်းကင်အဆင့်များသည် နတ်ဓားများကို ပိုင်ဆိုင်ထားကြသဖြင့် တစ်ဦးတည်းနှင့် ရန်သူနှစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိရာ ရန်သူ့ဘက်မှ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။
.
ဤကြီးမားလှသော စစ်ပွဲကြီး၏ သတင်းသည် တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို ဆွံ့အ မှင်တက်သွားစေခဲ့သည်။
“မဟာရှနိုင်ငံက တကယ်ပဲ နိုင်သွားတာလား...”
“ငါ ဖြစ်နိုင်ခြေပေါင်း တစ်သန်းလောက် တွေးထားခဲ့ပေမဲ့... မဟာရှဘက်က ဒီလောက်အထိ အေးအေးလူလူနဲ့ လွယ်လွယ်ကူကူ နိုင်သွားလိမ့်မယ်လို့တော့ လုံးဝ မထင်ထားမိဘူး...”
“မဟာရှက အောင်နိုင်သူ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့အပြင်... ဒီလောက်အထိ တစ်ဖက်သတ် အနိုင်ပိုင်းသွားလိမ့်မယ်လို့ မထင်ထားဘူး...”
“မဟာရှက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ... ထိပ်တန်းအင်ပါယာကြီး လေးခုပေါင်းတာတောင် သူတို့ကို ဘာမှမလုပ်နိုင်ကြဘူး...”
“ထိပ်တန်းအင်ပါယာကြီးတွေ ဟုတ်လား... ငါ သူတို့ကို အထင်ကြီးမိသွားတာပဲ...”
ထိပ်တန်းအင်ပါယာကြီး လေးခုမှ လူများသည် ကမ္ဘာတစ်ဝှမ်းရှိ လူအားလုံး၏ လှောင်ပြောင်သရော်ခြင်းကို ခံလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ပြာနှမ်းကာ အရှက်ရခဲ့ကြရတော့သည်။
မဟာရှီနိုင်ငံ၏ စစ်စခန်းအတွင်းတွင်မူ စစ်အကြံပေးက အလွန်ပင် စိတ်ပျက်လက်ပျက်ဖြင့် ပြောကြားလိုက်သည် - “သတင်းတွေက ပျံ့နှံ့သွားပြီ... ငါတို့တွေ တစ်လောကလုံးရဲ့ ရယ်စရာ ဖြစ်သွားခဲ့ရပြီ။ ဧကရာဇ်မင်းမြတ်က အလွန်အမင်း အမျက်ထွက်နေပြီး သုံးရက်အတွင်းမှာ အခြေအနေကို ပြောင်းပြန်လှန်ပြီး အပြတ်အသတ် အောင်ပွဲခံဖို့ အမိန့်ပေးလိုက်ပြီ...။ မဟုတ်ရင်တော့ သူ့ဆီကို မျက်နှာ ပြန်လာမပြဖို့ ပြောလိုက်တယ်။ စစ်သူကြီးတို့... အခု ငါတို့အားလုံးက လှေတစ်စင်းတည်းစီး၊ လက်တစ်တွဲတည်း လုပ်နေဆောင်ကြရတာမို့လို့... ကျေးဇူးပြုပြီး မင်းတို့ရဲ့ စစ်ဗျူဟာတွေကို ထုတ်ဖော်ပေးကြပါဦး...”
“ဒါပေမဲ့ ငါတို့ ဘာလုပ်နိုင်မှာလဲ...” စစ်သူကြီးတစ်ဦးက သက်ပြင်းချရင်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“ခရော့စ်ဘိုးမြှားလှည်း တစ်ခုတည်းနဲ့တင် ငါတို့ကို အပြတ်အသတ် ဖိနှိပ်ထားတာ။ အဲဒီမြှားလှည်းတွေကို မဖြေရှင်းနိုင်သရွေ့ အောင်ပွဲခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...”
“ပြီးတော့ ကောင်းကင်အဆင့် သိုင်းပညာရှင် အပိုင်းမှာလည်း မဟာရှဘက်က ဘယ်လိုလုပ်လိုက်လဲ မသိဘူး၊ သူတို့ရဲ့ ကောင်းကင်အဆင့်တွေကို အဆပေါင်းများစွာ စွမ်းအားတိုးလာအောင် လုပ်နိုင်ခဲ့ကြတယ်။ ငါတို့ရဲ့ ကောင်းကင်အဆင့်တွေက ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ဒါကို မဖြေရှင်းနိုင်ရင်လည်း စစ်ပွဲကို အောင်နိုင်ဖို့ မျှော်လင့်ချက် မရှိဘူး...”
၎င်းတို့ စကားပြောနေကြစဉ် စစ်စခန်းတစ်ခုလုံးတွင် စိတ်ပျက်အားလျော့စွာ သက်ပြင်းချသံများဖြင့် ပြည့်နှက်နေခဲ့သည်။
အစပိုင်းတွင် ၎င်းတို့အထဲမှ အများအပြားသည် ဤစစ်ပွဲသို့ ပါဝင်ရန် စိတ်အားထက်သန်စွာဖြင့် ကိုယ်တိုင် စာရင်းပေးခဲ့ကြခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိပ်တန်းအင်ပါယာကြီး လေးခု ပူးပေါင်းထားတာမှတော့ ဘယ်လိုလုပ် မနိုင်ဘဲ ရှိပါ့မလဲဟု တွေးခဲ့ကြသည်။
သို့သော် စတင်ကတည်းက ဤမျှအထိ အလဲလဲအကွဲကွဲ ရှုံးနိမ့်လိမ့်မည်ဟု ၎င်းတို့ လုံးဝ မထင်ထားခဲ့ကြချေ။
၎င်းတို့၏ ဂုဏ်သိက္ခာများသည်လည်း ဤစစ်ပွဲနှင့်အတူ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။
“ဒီအခြေအနေအထိ ရောက်မှတော့... ငါတို့ဘက်က လှည့်ကွက်အချို့ကို သုံးဖို့ပဲ လမ်းရှိတော့တယ်...” စစ်အကြံပေးက ဆိုလိုက်သည်။
အခြားလူများက မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို စိုက်ကြည့်ရင်း - “အကြံပေး... သင့်မှာ ဘာအကြံရှိလို့လဲ...”
“ငါတို့ဘက်က သိုင်းပညာရှင်အချို့ကို မဟာရှနိုင်ငံရဲ့ နယ်မြေထဲကို လျှို့ဝှက် စိမ့်ဝင်ခိုင်းပြီး အတွင်းထဲကနေ ဖျက်ဆီးခိုင်းရမယ်။ ပြီးရင် ငါတို့က အပြင်ကနေ တိုက်မယ်။ ဒီလို အပြင်ကောအတွင်းကော ညှပ်တိုက်မယ်ဆိုရင် မဟာရှဘက်က ဖရိုဖရဲ ဖြစ်သွားမှာပဲ။ အဲဒီကျရင် ငါတို့ ဘာလို့ အောင်ပွဲမရဘဲ ရှိမလဲ...” စစ်အကြံပေးက နက်နဲသော အပြုံးဖြင့် ပြောလိုက်သည်။
အခြားလူများ၏ မျက်လုံးများက တောက်ပသွားကြပြီး - “ဒီအစီအစဉ်က တကယ်ကောင်းတယ်...”
“အကြံပေး... ဒီအစီအစဉ်ကို ဘာလို့ စောစောက မပြောခဲ့တာလဲ။ ငါတို့ဘက်က စစ်သည်တွေ အများကြီး သေဆုံးကုန်ပြီး ဧကရာဇ်ရဲ့ အဆူအဆဲကိုလည်း ခံရသေးတယ်၊ တစ်လောကလုံးရဲ့ ရယ်စရာလည်း ဖြစ်ခဲ့ရပြီ...” တစ်စုံတစ်ယောက်က စောဒကတက်လိုက်သည်။
စစ်အကြံပေးက မချိုပြုံး ပြုံးလိုက်ရင်း - “မဟာရှက ဒီလောက်အထိ အင်အားကြီးလိမ့်မယ်လို့ ဘယ်သူက ကြိုသိမှာလဲ...။ ဒါပေမဲ့ ပြီးခဲ့တာတွေက ပြီးခဲ့ပြီ။ အခုကစပြီး ငါတို့ အတွင်းအပြင် ဘယ်လို ညှပ်တိုက်ကြမလဲဆိုတာကိုပဲ အာရုံစိုက်ကြရအောင်...”
တစ်ညလုံး ဆွေးနွေးတိုင်ပင်ပြီးနောက် ၎င်းတို့သည် အစီအစဉ်ကို အတည်ပြုလိုက်ကြပြီး၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ နှင့် ခန္ဓာကိုယ် လေ့ကျင့်ခြင်း သိုင်းပညာရှင် တစ်ထောင်ကျော်ကို မဟာရှနိုင်ငံတော် နယ်မြေအတွင်းသို့ လျှို့ဝှက်စွာ စိမ့်ဝင်စေခဲ့ပြီး တိုက်ခိုက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းစေခဲ့သည်။
အပိုင်း (၅၈၀)
ရလဒ်အနေဖြင့် ၎င်းတို့သည် မဟာရှနိုင်ငံတော်၏ နယ်မြေထဲသို့ ခြေချမိရုံရှိသေး၊ ‘လင်းပိုင်ဖန်’ ၏ သိရှိသွားခြင်းကို ခံလိုက်ရတော့သည်။
“ကောင်းကင်ဘုံဆီ သွားမယ့်လမ်းကို မရွေးဘဲ... ငရဲပြည်တံခါးဝဆီကိုမှ တိုးဝင်လာကြတာကိုး...” လင်းပိုင်ဖန်က သူ၏လက်ကို သာမန်ကာလျှံကာလေး ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုသူအားလုံးသည် တစ်နေရာဆီသို့ လွင့်စင်သွားကြပြီး ဘာခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားခဲ့ရတော့သည်။
ဤလူတစ်စုကို ရှင်းလင်းပြီးနောက်တွင်လည်း လင်းပိုင်ဖန်က စိတ်ကျေနပ်မှု မရှိသေးချေ။
သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ လည်ပတ်နေပြီး တစ်ခုခုကို မကောင်းကြံစည်နေသည့် အရိပ်အယောင်များ ပြသနေလေသည်။ မကြာမီမှာပင် သူသည် ကောက်ကျစ်သော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။
လေးရက်မြောက်နေ့… မဟာရှီနိုင်ငံ၏ စစ်စခန်းအတွင်းတွင်….
စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော စစ်အကြံပေးနှင့် အခြားသူများသည် စတင် သံသယဝင်လာကြပြီး - “ဟိုဘက်မှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ... အခုဆို သုံးရက်တောင် ရှိသွားပြီ။ ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ... ပြီးတော့ သူတို့နဲ့လည်း ဘာလို့ အဆက်အသွယ် ပြတ်တောက်သွားရတာလဲ...”
အစီအစဉ်ဆွဲစဉ်ကမူ နေ့တိုင်း သတင်းပို့ရန်နှင့် အနည်းဆုံး နှစ်ရက်တစ်ကြိမ်တော့ ဆက်သွယ်မှုမပြတ်စေရန် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုအခါ လေးရက်တိုင်တိုင် ဘာသတင်းမျှ မကြားရတော့ဘဲ ထိုအုပ်စုတစ်ခုလုံး လေထဲ ပျောက်ကွယ်သွားသလို ဖြစ်နေသည်။
လူတိုင်း၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ် အငွေ့အသက်များ စတင် ဝင်ရောက်လာခဲ့တော့သည်။
“သူတို့တွေ အခက်အခဲ တစ်ခုခုနဲ့များ ကြုံနေရတာများလား...” တစ်စုံတစ်ယောက်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။
“မဖြစ်နိုင်တာ...”
စစ်အကြံပေးက ယုံကြည်မှုအပြည့်ဖြင့် အခိုင်အမာ ပြောဆိုလိုက်သည် - “ငါတို့ဘက်က ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ တောင် စေလွှတ်ထားတာ။ ကောင်းကင်အဆင့်တစ်ယောက် ဝင်မပါသရွေ့ သူတို့ကို သတ်နိုင်မယ့်သူ မရှိဘူး။ ပြီးတော့ မဟာရှဘက်က သိုင်းပညာရှင်တွေ အားလုံးကလည်း စစ်မြေပြင်မှာ ဒါမှမဟုတ် မြို့တော်ကို စောင့်ရှောက်ဖို့အတွက်ပဲ တာဝန်ကျနေတာမို့လို့ ဘယ်သူ့ကိုမှ မစေလွှတ်နိုင်ဘူး...”
“ဒါတင်မကသေးဘူး... သူတို့က လမ်းကြောင်းအမျိုးမျိုးကနေ ခွဲပြီး စိမ့်ဝင်သွားကြတာ။ ငါတို့ကိုယ်တိုင်တောင် သူတို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ အတိအကျမသိတာ၊ မဟာရှဘက်က ဘယ်လိုလုပ် သိနိုင်မှာလဲ။ တကယ်လို့ သိသွားခဲ့ရင်တောင် အချို့လူတွေကတော့ လွတ်မြောက်အောင် ပြေးနိုင်ရမှာပေါ့ ဟုတ်တယ်မလား...”
“ဒါကြောင့် ငါ့အနေနဲ့ သုံးသပ်ရရင်တော့ သူတို့တွေ တစ်ခုခုကြောင့် လမ်းခရီးမှာ ကြန့်ကြာနေတာပဲ ဖြစ်လိမ့်မယ်။ ကိုယ့်ကိုကိုယ် အကြောင်းမဲ့ ခြောက်လှန့်မနေကြပါနဲ့ဦး... စိတ်ရှည်ရှည်နဲ့ပဲ စောင့်ကြည့်ကြရအောင်။ သီးချိန်တန်ရင် အသီးသီးလာမှာပါ...” စစ်အကြံပေးက လူတိုင်းကို စိတ်သက်သာရာရအောင် ဖျောင်းဖျလိုက်သည်။
အမှန်တော့ သူ့စိတ်ထဲတွင်လည်း ထိုလူတစ်စု တစ်ခုခု ဖြစ်သွားပြီဆိုတာကို ရိပ်မိနေမိသည်။
သို့သော် စစ်တပ်၏ စစ်စိတ်အားမာန်ကို ထိခိုက်စေ၍ မဖြစ်ပေ။ ခိုင်လုံသော သက်သေမရှိသရွေ့ စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးထားရမည် ဖြစ်သည်။
ထိုစဉ် စစ်သည်တစ်ဦးက ပြာပြာသလဲဖြင့် စခန်းထဲသို့ ပြေးဝင်လာခဲ့ပြီး မျက်နှာတစ်ခုလုံး ပျာနှမ်းလျက် အော်ဟစ်လိုက်သည် - “ဗိုလ်ချုပ်... အကြံပေး... မဟုတ်တာတွေ ဖြစ်ကုန်ပါပြီ။ စစ်သည် သောင်းနဲ့ချီပြီး အဆိပ်သင့်နေကြပါတယ်...”
“အဆိပ်သင့်တယ် ဟုတ်လား...” လူတိုင်း ထိတ်လန့်သွားကြရသည်။
စစ်အကြံပေးက အရေးတကြီး မေးမြန်းလိုက်သည် - “မဟာရှဘက်က လူလွှတ်ပြီး အဆိပ်ခတ်လိုက်တာလား...”
“ဒါကတော့ ကျွန်တော်တို့လည်း သေချာမသိသေးပါဘူး... ဗိုလ်ချုပ်တို့ ကိုယ်တိုင်ပဲ ထွက်ကြည့်ပေးပါဦး...”
စစ်သူကြီးများ စခန်းအပြင်သို့ ထွက်ကြည့်လိုက်သောအခါ စစ်သည် သောင်းနှင့်ချီ၍ အန်ဖတ်များ ထွက်ကာ ဝမ်းလျှောနေကြပြီး၊ မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် မြေပြင်ပေါ်တွင် ဝေဒနာပြင်းထန်စွာဖြင့် လူးလိမ့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ... သမားတော်တွေ ရော... မြန်မြန်လာပြီး ကြည့်ကြစမ်း...” မဟာရှီဗိုလ်ချုပ်က ခက်ထန်စွာ အမိန့်ပေးလိုက်သည်။
“လာပါပြီ... ရောက်ပါပြီ...”
စစ်သည်များကြားထဲမှ သမားတော်တစ်ဦးသည် ချွေးသီးများကျလျှက် ထွက်လာခဲ့သည်။
“ဗိုလ်ချုပ်... ကျွန်တော်မျိုး စစ်သည်တွေကို ဆေးကုသပေးနေတာမို့လို့ နည်းနည်း နောက်ကျသွားပါတယ်။ ခွင့်လွှတ်ပေးတော်မူပါ...”
“မင်း ဘာတွေ တွေ့ရှိခဲ့လဲ... သူတို့က ဘာဖြစ်နေကြတာလဲ...” မဟာရှီဗိုလ်ချုပ်က မြေပြင်ပေါ်တွင် လဲကျနေသော စစ်သည်များကို ညွှန်ပြရင်း မေးမြန်းလိုက်သည်။
“အခြေအနေကတော့ မကောင်းပါဘူး ဗိုလ်ချုပ်... သူတို့တွေ ကာလဝမ်းရောဂါ ကူးစက်ခံထားရတာ ဖြစ်နိုင်ပါတယ်...” သမားတော်က ရှင်းပြလိုက်သည်။
“ကာလဝမ်းရောဂါ ဟုတ်လား...” အခြားလူများက တစ်ယောက်ကိုတစ်ယောက် အံ့ဩဆွံ့အစွာဖြင့် ကြည့်လိုက်ကြသည်။
သမားတော်က ချက်ချင်းပင် - “သူတို့မှာ ခေါင်းကိုက်တာ၊ ဖျားတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းတာနဲ့ အစားအသောက် ပျက်တာတွေ ဖြစ်နေတယ်... ဒါတွေက ကာလဝမ်းရောဂါရဲ့ လက္ခဏာတွေပါပဲ။ တကယ်လို့ အချိန်မီ မကုသနိုင်ရင်တော့ ရောဂါ ပိုမိုပြင်းထန်လာပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါတယ်...”
“ ဒါဆို ထိရောက်တဲ့ ကုသနည်း ရှိလား...” စစ်အကြံပေးက မေးမြန်းလိုက်သည်။
“အကြံပေး... ကံကောင်းတာက စောစောစီးစီး သိလိုက်ရလို့ပါ။ ကျွန်တော်မျိုးရဲ့ ဆေးညွှန်းအတိုင်း သောက်သုံးပြီး ရက်အနည်းငယ်လောက် အနားယူလိုက်ရင်တော့ အားလုံး ပြန်လည်ကောင်းမွန်လာမှာပါ...” သမားတော်က ဦးညွှတ်ရင်း လျှောက်တင်လိုက်သည်။
“ဒါဆိုရင်တော့ တော်သေးတာပေါ့...” စစ်အကြံပေးက သက်ပြင်းချလိုက်သည်။
“အကြံပေးနဲ့ ဗိုလ်ချုပ်ခင်ဗျာ... အခုအချိန်က စိတ်အေးရမယ့်အချိန် မဟုတ်သေးပါဘူး။ ကာလဝမ်းရောဂါဆိုတာ ကူးစက်တတ်တဲ့ ရောဂါမျိုးမို့လို့ အချိန်မီ မထိန်းချုပ်နိုင်ရင် စစ်တပ်တစ်ခုလုံးကို ကူးစက်သွားနိုင်ပြီး စစ်တပ်ကြီးတစ်ခုလုံး လဲပြိုသွားမှာကို စိုးရိမ်ရပါတယ်...”
“ဘာလဲ... စစ်တပ်တစ်ခုလုံး ကူးစက်နိုင်တယ် ဟုတ်လား...” စစ်သူကြီးများသည် ထိုအခါမှသာ အခြေအနေ၏ ကြီးလေးမှုကို သဘောပေါက်သွားကြတော့သည်။
တကယ်လို့ စစ်တပ်တစ်ခုလုံး ရောဂါပိုး ကူးစက်ခံရပါက ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အကြီးအကျယ် ထိခိုက်စေမည် ဖြစ်သည်။ ရောဂါပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါးရှိသော်လည်း ရန်သူက ဤအခွင့်အရေးကို အသုံးချပြီး တိုက်ခိုက်လာပါက ပြန်လည်ခုခံရန် အချိန်ရတော့မည် မဟုတ်ပေ။
“ဒါဆို ငါတို့ ဘယ်လို ထိန်းချုပ်ရမလဲ...” စစ်သူကြီးတစ်ယောက်က အလောတကြီး မေးမြန်းလိုက်သည်။
သမားတော်က သူ၏ မုတ်ဆိတ်မွှေးကို သပ်ရင်း ပြောလိုက်သည် - “ရှေးလူကြီးတွေ ပြောသလိုပေါ့... ရောဂါဆိုတာ မသန့်ရှင်းတဲ့ အစားအသောက်ကနေ ဝင်လာတတ်တာပါ။ ကျွန်တော်မျိုး စုံစမ်းမေးမြန်းကြည့်ရသလောက်တော့ သူတို့တွေ မသန့်ရှင်းတဲ့ ရေကို သောက်မိလို့ ဖျားနာကုန်ကြတာ ဖြစ်ရမယ်။ ဒါကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ဆိုရင် သောက်ရေသန့်ရှင်းမှုကို အရင်ဆုံး ထိန်းချုပ်ရပါမယ်။ စစ်သည်တွေ သောက်မယ့်ရေမှန်သမျှကို ကျိုချက်ပြီးမှ သောက်သုံးစေရပါမယ်...”
“စစ်တပ်တစ်ခုလုံးအတွက် ရေနွေးကျိုပေးရမယ် ဟုတ်လား...” လူတိုင်း မျက်မှောင်ကုတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထင်းမီး အမြောက်အမြား ကုန်ကျမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထင်းဆိုသည်မှာ အလွန်ပင် စရိတ်စကကြီးမားပြီး ဤကဲ့သို့ ရေနွေးကျိုခြင်းသည် ငွေကြေးများကို မီးရှို့ဖျက်ဆီးနေသည်နှင့် တူပေသည်။
၎င်းတို့၏ စစ်သည်အင်အား နှစ်သန်းကျော်အတွက်ဆိုလျှင် ကုန်ကျမည့် ထင်းပမာဏမှာ အတော်ကြီးမားသည့် ကိန်းဂဏန်းအထိ ရှိလာနိုင်သည်။ ထို့ကြောင့်ပင် ၎င်းတို့၏ ထင်းများကို ထမင်းနှင့် ဆန်ပြုတ် ချက်ပြုတ်ရန်အတွက်သာ အသုံးပြုလေ့ရှိခြင်း ဖြစ်သည်။
သို့သော် ယခုကဲ့သို့ အရေးပေါ် အခြေအနေမျိုးတွင် ဤသို့မလုပ်ဆောင်ဘဲ စစ်တပ်တစ်ခုလုံး ကူးစက်ခံရပါက ပြဿနာက ပိုမိုကြီးထွားသွားပေလိမ့်မည်။
မဟာရှီဗိုလ်ချုပ်က ခေါင်းညိတ်လိုက်ပြီး - “ကောင်းပြီ... ချက်ချင်းပဲ စီစဉ်လိုက်ကြ...”
ဗိုလ်ချုပ်သည် ရေနွေးကျိုရန်နှင့် ဆေးဝါးများ ပြင်ဆင်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။ ပြီးနောက် မြစ်ရေသည် မသန့်ရှင်းသဖြင့် ကျိုချက်ထားသော ရေနွေးကိုသာ သောက်ကြရန် စစ်တပ်တစ်ခုလုံးကို ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ရောဂါကူးစက်မှုမှာ ကံကောင်းထောက်မစွာဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း ပြဿနာအသစ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
“ဗိုလ်ချုပ်... အကြံပေး... သတင်းဆိုးပါ... စစ်သည်တွေ ထပ်ပြီး အဆိပ်သင့်ပြန်ပါပြီ...”
“ဘယ်လိုဖြစ်လို့ ထပ်ပြီး အဆိပ်သင့်ရပြန်တာလဲ။ စစ်သည်တွေကို ရေနွေးကျိုပြီးမှ တိုက်တာ မဟုတ်ဘူးလား...”
“ဗိုလ်ချုပ်ကို လျှောက်တင်ရရင်... ဒီတစ်ခါတော့ ကာလဝမ်းရောဂါ မဟုတ်ပါဘူး၊ မြွေဆိပ်မိနေကြတာပါ...”
“မြွေဆိပ် ဟုတ်လား...”
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး စစ်စခန်းအပြင်ဘက်သို့ ပြေးထွက်ကြည့်လိုက်ကြသည်။
စစ်သည် သောင်းနှင့်ချီ၍ မြေပြင်ပေါ်တွင် လဲကျကာ ညည်းတွားနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့၏ ခြေထောက်များနှင့် လက်မောင်းများတွင် မြွေကိုက်ခံထားရသော ဒဏ်ရာများ ရှိနေပြီး၊ မျက်နှာတစ်ခုလုံး ညိုမည်းပြာနှမ်းလျက် ပြင်းထန်သော အဆိပ်အတောက်များ တက်နေသည့် အရိပ်အယောင်များ ပြသနေသည်။
“ဗိုလ်ချုပ်ကို လျှောက်တင်ရရင်... မနေ့ညက စခန်းထဲကို မြွေအမြောက်အမြား ဝင်ရောက်လာခဲ့ပါတယ်၊ အများစုက အဆိပ်ပြင်းတဲ့ မြွေတွေဖြစ်ပြီး စစ်သည်တွေလည်း အကိုက်ခံလိုက်ရတာပါ...” တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အစီရင်ခံလိုက်သည်။
မဟာရှီဗိုလ်ချုပ်၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး - “တောက်... ကံဆိုးလိုက်တာ။ ပြဿနာတစ်ခု မပြီးသေးဘူး၊ နောက်တစ်ခု ထပ်ပေါ်လာပြန်ပြီ။ ဒီမြွေတွေက ဘယ်ကနေ ရောက်လာတာလဲ... သမားတော်... စစ်သည်တွေကို ကယ်တင်နိုင်မလား...”
သမားတော်က အားကိုးရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး - “ဗိုလ်ချုပ်... ဒါက ကျွန်တော်မျိုးအတွက် တကယ်ကို ခက်ခဲလွန်းပါတယ်။ မြွေဆိပ်ဆိုတာ တစ်ကောင်နဲ့တစ်ကောင် မတူကြဘူး၊ အဆိပ်အမျိုးအစား တော်တော်များများအတွက် ဖြေဆေးမရှိသေးပါဘူး။ ကျွန်တော်မျိုးက သာမန်သမားတော်တစ်ယောက်ပဲမို့လို့ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ဖို့ အစွမ်းမရှိပါဘူး...”
ဗိုလ်ချုပ်က ခက်ထန်စွာဖြင့် - “ငါ ဒါတွေကို ဂရုမစိုက်ဘူး။ မင်းသာ သူတို့ကို မကယ်နိုင်ရင် မင်းရဲ့ အသက်ကိုပါ ငါ ယူပစ်မယ်...”
သမားတော်က သက်ပြင်းကို ထပ်မံချလိုက်ရင်း သူ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပါ့မည်ဟု ဆိုလိုက်သည်။
ထို့နောက်တွင် သမားတော်က အစွမ်းကုန် ကြိုးစားကုသပေးခဲ့သော်လည်း စစ်သည်အများစု၏ အသက်ကိုမူ ကယ်တင်နိုင်ခြင်း မရှိခဲ့ချေ။
ညဉ့်မှောင်လာသည့်အခါတွင်လည်း အဆိပ်ပြင်းမြွေများသည် ထပ်မံပေါ်ပေါက်လာပြန်ပြီး စစ်သည်သောင်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရပြန်သည်။
ဤအတိုင်း နှစ်ညဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့ဘက်က ရှားပါးဆေး အမြောက်အမြားကို ရှာဖွေအသုံးပြုနိုင်ခဲ့မှသာ အခြေအနေက အနည်းငယ် သက်သာရာ ရသွားခဲ့တော့သည်။
သို့သော်လည်း ဤအဖြစ်အပျက်များသည် စစ်သည်များ၏ စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။ ၎င်းတို့သည် နေ့ဘက်တွင်လည်း အိပ်မပျော်ကြသလို ညဘက်တွင်လည်း အဆိပ်ပြင်းမြွေ ကိုက်ခံရမည်ကို ကြောက်လန့်သဖြင့် ကောင်းကောင်းမအိပ်ရဲကြချေ။
ရက်အနည်းငယ် ကြာလွန်သွားသည့်အခါ စစ်သည်အများစုမှာ ကာလဝမ်းရောဂါ သို့မဟုတ် မြွေဆိပ်ကြောင့် မဟုတ်ဘဲ၊ လွန်ကဲလှသော စိတ်ပင်ပန်းနွမ်းနယ်မှုများကြောင့် လဲပြိုဖျားနာကုန်ကြတော့သည်။
စစ်တပ်၏ စစ်စိတ်စစ်အားမာန်မှာ လုံးဝ ဆုတ်ယုတ်ကျဆင်းသွားခဲ့ပြီး တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ချေ။
မဟာရှီဗိုလ်ချုပ်နှင့် အခြားသူများသည် ဤမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းသာ ချနိုင်ကြတော့သည်။
၎င်းတို့သည် မည်သို့သော ကံဆိုးမိုးမှောင်ကျမှုမျိုးနှင့် ရင်ဆိုင်နေရပါသနည်း။
ရန်သူကိုပင် မတိုက်ခိုက်ရသေးခင် မိမိတို့အချင်းချင်း ဖျားနာပြီး လဲပြိုကျနေမှတော့... ဤကဲ့သို့ စစ်ပွဲကို ဘယ်လိုလုပ် ဆက်လက် ဆင်နွှဲနိုင်တော့မည်နည်း။