← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း (၃) ပင်မတာဝန်

ချန်ချင်းနှင့် ချန်ရှုံးတို့ ဧကရာဇ်နန်းတော်သို့ အလျင်စလို သွားနေချိန်တွင် နန်းတော်အတွင်းရှိ တော်ဝင်စာကြည့်ဆောင်၌...

"မင်းသမီး... အရှင်မင်းမြတ်က..."

"ဖယ်စမ်း..."

မင်းသမီးသည် လှေကားထစ်များကို အလျင်အမြန် တက်သွားပြီး ပတ်ဝန်းကျင်ရှိ လူများ၏ တားဆီးမှုများကို ဂရုမစိုက်ဘဲ တော်ဝင်စာကြည့်ဆောင်၏ တံခါးကို လက်နှစ်ဖက်ဖြင့် တွန်းဖွင့်ကာ အတင်းဝင်ရောက်သွားသည်။ ဆူညံသံများကို ကြားသဖြင့် မော့ကြည့်လိုက်ရာ သမီးဖြစ်သူ၏မျက်နှာပေါ်ရှိ ဒေါသနှင့် မကျေနပ်မှုများကို မြင်သောအခါ မဟာဝူသိုင်းပညာဧကရာဇ် ရှားချန်သည် သက်ပြင်းချလိုက်ပြီး သူ၏ အစီရင်ခံစာများ စစ်ဆေးရာတွင် အသုံးပြုသော စုတ်တံကို ချထားလိုက်၏။

သူက သိသိကြီးဖြင့် မေးလိုက်သည်။

"မင်း မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ မလုပ်ဘဲ... ငါ့ဆီကိုလာတာ ဘာကိစ္စများ ရှိလို့လဲ..."

"ခမည်းတော်... သမီး လုံးဝလက်မထပ်နိုင်ဘူး..."

ရှားချင်းယွဲ့က ပြတ်သားစွာ ကြေညာလိုက်သည်။

ရှားချန်သည် ဤအရာကို အံ့သြမနေချေ။ ရှားချင်းယွဲ့၏ တုံ့ပြန်မှုကို သူ ကြိုတင်မျှော်လင့်ထားပြီး ​ဖြစ်သဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"မင်း မဖြစ်မနေ လက်ထပ်ရမယ်..."

ရှားချန်၏ သဘောထားသည် ရှားချင်းယွဲ့ထက်ပင် ပို၍ပြတ်သားနေခဲ့ပေ၏။

"ခမည်းတော်... သမီးကို ချန်ချင်းလို အသုံးမကျတဲ့လူဆီကို တကယ်ပဲ ရက်ရက်စက်စက် လက်ထပ်ပေးတော့မလို့လား..."

"တကယ်လို့ ခမည်းတော်က သမီးကို ဒီလို ယုတ်မာပြီး အရှက်မရှိတဲ့လူနဲ့ လက်ထပ်ဖို့ အတင်းအကြပ် ဖိအားပေးနေမယ်ဆိုရင် သမီးရဲ့ သန့်စင်မှုကို ကာကွယ်ဖို့ သေရတာကမှ ပိုကောင်းပါလိမ့်မယ်..."

ရှားချင်းယွဲ့သည် ချန်ချင်းနှင့် များစွာမဆက်ဆံဖူးချေ။ သို့သော် အချိန်အများစုတွင် အတိတ်ဘဝက မှတ်ဉာဏ်များ ပြန်မရသေးသော ချန်ချင်းသည် သူမ၏ အလှတရားကို စွဲလမ်းကာ နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်နေတတ်သည်။ ထို့ပြင် အများပြည်သူ၏ ထင်မြင်ချက်များနှင့် ပတ်ဝန်းကျင်ရှိ လူများ၏ ချန်ချင်းအပေါ် အကဲဖြတ်မှုများအပေါ် အခြေခံ၍ ရှားချင်းယွဲ့သည် သူ့အပေါ်တွင် အကောင်းမြင်စိတ် မရှိရုံသာမက အလွန်အမင်း ရွံရှာမုန်းတီးနေခဲ့ပေ၏။

ပြည်သူများနှင့် နိုင်ငံတော်ကို အန္တရာယ်ပြုသော ဤကဲ့သို့ ကပ်ပါးကောင်မျိုးကို ဖယ်ရှားပစ်သင့်သည်ဟု သူမ ယုံကြည်ထားသည်။ ယခုအချန်တွင် သူမအား ချန်ချင်းနှင့် လက်ထပ်ရန် ရှားချန်၏ အမိန့်ကို ကြားရသောအခါ မာနကြီးသော ရှားချင်းယွဲ့သည် သဘာဝကျစွာပင် ငြင်းဆန်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ရှားချင်းယွဲ့၏ နှလုံးသားထဲတွင် တခြားလူတစ်ဦး ရှိနေနှင့်ပြီး ဖြစ်သောကြောင့်ပင်။

"အရမ်းကောင်းတယ်... အစေခံတွေ... မင်းသမီးအတွက် ပိုးကြိုးဖြူတစ်ချောင်း ယူလာခဲ့စမ်း..."

"..."

ရှားချင်းယွဲ့သည် ကိုယ့်ကိုယ်ကိုယ် သတ်သေမည်ဟု ခြိမ်းခြောက်ခြင်းဖြင့် သူမကို အမြဲတစေ အလိုလိုက်တတ်သော ဖခင်ဖြစ်သူက အမိန့်ကို ပြန်လည်ရုပ်သိမ်းမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် အံ့အားသင်ါစရာကောင်းစွာပင် ရှားချန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။

ရှားချင်းယွဲ့ စကားမပြောနိုင်မီမှာပင် ရှားချန်က လက်ဦးမှုရယူလိုက်သည်။

"စိတ်ချပါ... မင်း ထွက်သွားပြီးတာနဲ့ မင်းရဲ့အဖေနဲ့ ရှားမိသားစုတစ်ခုလုံးလည်း မကြာခင် မင်းရဲ့နောက်ကို လိုက်လာခဲ့မယ်..."

ဤစကားကို ကြားသောအခါ တည်ငြိမ်သွားသော ရှားချင်းယွဲ့သည် နန်းတွင်း၌ ချန်မိသားစု၏ ကြီးမားသော အာဏာနှင့် ပတ်သက်သည့် ကောလာဟလများသည် လုပ်ကြံဖန်တီးထားခြင်း မဟုတ်ကြောင်း နောက်ဆုံးတွင် နားလည်သွားပေ၏။ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သော ချန်ရှုံးသည် သူမ၏ဖခင်ကို ဖိအားပေးကာ သူမတို့ ဆွေမျိုးစုတစ်ခုလုံး၏ အသက်နှင့် မဟာဝူနိုင်ငံ၏ ကံကြမ္မာကို ခြိမ်းခြောက်ပြီး ရှားချန်ကို အရှုံးပေးကာ သူမအား လက်ထပ်ပေးရန် အတင်းအကြပ် ခိုင်းစေခဲ့ကြောင်း သူမ ကောက်ချက်ချလိုက်သည်။

ဤအရာကို သဘောပေါက်သွားသောအခါ ရှားချင်းယွဲ့သည် ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်လုံးများသည် ခံစားချက်ကင်းမဲ့သွားကာ သူမ၏ ကံကြမ္မာကို လက်ခံရန် တိတ်ဆိတ်စွာ ရွေးချယ်လိုက်၏။ သူမ၏ ပါးလျသော နှုတ်ခမ်းများကို အနည်းငယ် ဖွင့်ဟထားပြီး သူမက ပြောလိုက်သည်။

"တကယ်လို့ သမီးတစ်ယောက်တည်းရဲ့ အသက်နဲ့ ဆွေမျိုးစုတစ်ခုလုံး အသက်ရှင်ဖို့ အခွင့်အရေးနဲ့ မဟာဝူနိုင်ငံရဲ့ တော်ဝင်အာဏာ တည်မြဲဖို့အတွက်ဆိုရင်... သမီး လက်ထပ်ပါ့မယ်..."

ရှားချင်းယွဲ့က ဤစကားများကို အံ့ကြိတ်ပြီး ပြောဆိုလိုက်သည်ကို မြင်သောအခါ ရှားချန်၏ စိတ်နှလုံးသည် ကြေကွဲသွားရပြီး အာဏာကြီးမားသော ဝန်ကြီးကို မခုခံနိုင်သည့် သူ၏ စွမ်းဆောင်ရည်ကင်းမဲ့မှုကို သူ မုန်းတီးမိလေ၏။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းကာ ပိုးကြိုးဖြူ ယူလာသော မိန်းမစိုးအိုကြီးအား ထွက်သွားရန် အချက်ပြလိုက်သည်။

တော်ဝင်စာကြည့်ဆောင် တစ်ခုလုံးတွင် သားအဖနှစ်ဦးသာ ကျန်ရစ်ခဲ့တော့၏။

"ချင်းယွဲ့... ရှားမိသားစုမှာ မင်း နစ်နာမှုတွေ မခံစားရစေဖို့အတွက် မင်းရဲ့အဖေက အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."

ဤအရာထက်ပို၍ ရှားချန်သည် ရှားချင်းယွဲ့ကို အမှန်တကယ် ကတိမပေးနိုင်တော့ချေ။ ရှားချင်းယွဲ့သည် 'အင်း' ဟု တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ပြောလိုက်သည်။

"ဒါဆိုရင် သမီးကို သွားခွင့်ပြုပါအုံး.."

ချန်သားအဖနှစ်ဦးသည် အဓိက တရားခံများဖြစ်ကြောင်း သူမ ရှင်းလင်းစွာ နားလည်ထားသ​ည်။ တခြားသူများကို အပြစ်တင်နေခြင်းက အသုံးမဝင်ချေ။ ဤဖြစ်ရပ်ပြီးနောက် ချန်ချင်းနှင့် ချန်ရှုံးတို့အပေါ် သူမ၏ မရှိသလောက်ဖြစ်နေသော အကောင်းမြင်စိတ်များသည် အနုတ်လက္ခဏာအထိ တိုက်ရိုက် ထိုးကျသွားခဲ့သည်။

ချန်ချင်းသည် သူမ၏ ခန္ဓာကိုယ်ကို ရရှိခဲ့လျှင်ပင် သူမ၏နှလုံးသားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ကြောင်း သူမ ကျိန်ဆိုလိုက်၏။ သူမ၏နှလုံးသားကို ထိုလူတစ်ဦးတည်းကသာ ထာဝရ ပိုင်ဆိုင်ပေမည်။

တော်ဝင်စာကြည့်ဆောင်မှ ထွက်ခွာလာပြီးနောက် သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ ချက်ချင်း စီးကျလာခဲ့သည်။ သူမ၏ စိတ်ထဲတွင် တွေးတောလိုက်သည်။

'အစ်ကိုဖုန်း... ချင်းယွဲ့က ဒီဘဝမှာ အစ်ကိုနဲ့ ရေစက်မပါဘူး ထင်ပါတယ်... နောက်ဘဝဆိုတာ ရှိခဲ့ရင် ချင်းယွဲ့ အစ်ကို့ကို စိတ်ပျက်အောင် လုံးဝမလုပ်တော့ပါဘူး...'

မင်္ဂလာပွဲကို အလျင်စလို စီစဉ်ခဲ့ရသော်လည်း အတိုင်းအတာသည် လုံးလုံးလျားလျား မသေးငယ်ချေ။ နန်းတွင်းအရာရှိများအားလုံး အပြည့်အဝ တက်ရောက်ခဲ့ကြသည်။ ပုံမှန်အားဖြင့် ချန်ရှုံးနှင့် အဆင်မပြေသော ဝန်ကြီးများပင်လျှင် သိုင်းပညာဧကရာဇ်၏ မျက်နှာကို ထောက်ထား၍ လာရောက်ခဲ့ကြ၏။

အဓိကလူများဖြစ်သော ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို မတွေ့ရသည့် အကြောင်းအရင်းကို လူတစ်ဦးက ချန်ရှုံးအား မေးမြန်းသောအခါ သူက ဝိုင်ခွက်ကို မြှောက်ကာ ရယ်မောလိုက်သည်။

"ဒီကောင်လေးက စိတ်လောနေတယ်လေ... မင်္ဂလာဦးညအတွက် ပြင်ဆင်ဖို့ သူ့ကို ခေါ်သွားနှင့်ပြီ..."

ဤစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ချန်ချင်းအား အသုံးမကျသူအဖြစ် လူတိုင်း၏ အထင်အမြင်မှာ အဆင့်အနည်းငယ် ပို၍နက်ရှိုင်းသွားခဲ့ပေ၏။

ချန်ချင်းသည် ဤအရာများကို ဂရုမစိုက်နိုင်သလို သူ့အပေါ်ထားရှိသော သူတို့၏ ပုံသေကားချပ်အမြင်ကို ပြောင်းလဲရန်လည်း ရည်ရွယ်ချက် မရှိချေ။

ချန်ချင်း၏ အမြင်တွင် စနစ်က အသိအမှတ်ပြုသော လက်ထပ်ခြင်း လုပ်ငန်းစဉ်ကို တစ်စက္ကန့် စော၍ ပြီးစီးခြင်းက တစ်စက္ကန့်စော၍ ပြီးစီးခြင်းပင်။ သူသည် သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို အမြန်ဆုံး ရယူရပေမည်။ ဤအရာကို မရရှိသေးပါက ချန်ချင်း၏ စိုးရိမ်ပူပန်နေသော စိတ်နှလုံးသည် မည်သည့်အခါမျှ တည်ငြိမ်နိုင်မည် မဟုတ်ချေ။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌...ချန်အိမ်တော်တွင်...

ချန်ချင်းသည် အိပ်ခန်းတံခါးအပြင်ဘက်တွင်ရပ်ကာ အသက်ပြင်းပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ တောက်ပသော အနီရောင်ဖြင့် တန်ဆာဆင်ထားသည့် မင်္ဂလာအခန်းကို တွန်းဖွင့်လိုက်၏။ သူ ဝင်ရောက်သွားသည်နှင့်တပြိုင်နက် စနစ် မျက်နှာပြင်သည် သူ၏မျက်စိရှေ့တွင် ပေါ်လာပြီး တစ်ချိန်တည်းမှာပင် စနစ်၏အသံသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"အိမ်ရှင်... တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ပြီး သေကြေပျက်စီးခြင်းမဲ့သော ခန္ဓာကိုယ်တစ်ခုကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."

"သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို ချက်ချင်း ချိတ်ဆက်လိုပါသလား..."

'ချိတ်ဆက်မယ်...'

သူ၏ရှေ့တွင် ထွက်ပေါ်လာသော ရွေးချယ်စရာ နှစ်ခုကို မြင်သောအခါ ချန်ချင်းသည် သူ၏စိတ်ထဲတွင် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ အဖြေပေးလိုက်၏။

"သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်နဲ့ ချိတ်ဆက်နေပါတယ်..."

"သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို ချိတ်ဆက်မှု အောင်မြင်ပါတယ်..."

'ဒါပဲလား...'

ချန်ချင်းသည် ချိတ်ဆက်ခြင်း မတိုင်မီနှင့် အပြီးတွင် ထင်ရှားသော ကွာခြားမှုကို မခံစားရချေ။ ဤခန္ဓာကိုယ်သည် ယခင်ခန္ဓာကိုယ်အတိုင်းသာ ဖြစ်သည်ဟု သူ ခံစားရလေ၏။

ချန်ချင်း၏ သံသယများကို ဖြေဖျောက်ပေးရန်အတွက် စနစ်က ချက်ချင်း ပြောဆိုလာသည်။

"အိမ်ရှင်... ကျေးဇူးပြုပြီး စိတ်ချပါ... သေကြေပျက်စီးခြင်းမဲ့သော ခန္ဓာကိုယ်ကို အောင်မြင်စွာ ချိတ်ဆက်ပြီးဖြစ်သလို အသက်ဝင်နေပါပြီ..."

'ဒါဆိုလည်း ပြီးတာပါပဲလေ...'

စနစ်က ထိုသို့ပြောလာသဖြင့် ချန်ချင်းသည် သံသယများကို ဖယ်ရှားကာ ဆက်လက်မေးခွန်းထုတ်မနေတော့ချေ။ စနစ်မျက်နှာပြင်ကို ယာယီ ဖျောက်ထားလိုက်ပြီး သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ် ပြဿနာကို ဖြေရှင်းပြီးနောက် ချန်ချင်း၏ရှေ့တွင် ပြဿနာအသစ်တစ်ခု ထွက်ပေါ်လာခဲ့ပေ၏။

သူ၏ မှတ်ဉာဏ်များ ပြန်မရမီက မင်းသမီး ရှားချင်းယွဲ့နှင့် ပတ်သက်သည့် မှတ်ဉာဏ်များအပေါ် အခြေခံ၍ သူ၏အတိတ်က အပြုအမူများကို ထည့်သွင်းစဉ်းစားလိုက်သည်။ ဤအမျိုးသမီးက သူ့ကို စိတ်နှလုံးအကြွင်းမဲ့ပေး၍ ဆက်ဆံလိမ့်မည်ဟု တွေးထင်လောက်အောင် ချန်ချင်း မမိုက်မဲချေ။ သူမသည် ကံကြမ္မာ ဇာတ်လိုက်မဖြစ်ပြီး ကောင်းကင်အမိန့်တော် ဧကရီ ဇာတ်ညွှန်းများ ရှိနေသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။

သူမသည် အာလူးပူတစ်လုံးနှင့် မခြားနားချေ။ လွှင့်ပစ်ရန်က နှမြောစရာကောင်းပြီး သိမ်းထားရန်ကလည်း ပြဿနာများလှသည်။ သေကြေပျက်စီးခြင်းမဲ့ခန္ဓာကိုယ်ကို ရရှိပြီးနောက် ရှားချင်းယွဲ့ကို ကွာရှင်းရန် ချန်ချင်း စဉ်းစားခဲ့ဖူး၏။ သို့ရာတွင် အကယ်၍ သူသာ အမှန်တကယ်လုပ်လိုက်ပါက စနစ်သည် ချက်ချင်း အဆက်အသွယ် ဖြတ်သွားပေမည်။ သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို ပြန်လည်ရုပ်သိမ်းမည် မဟုတ်သော်လည်း ဇာတ်လိုက်နှင့် ယှဉ်ပြိုင်ရန်နှင့် သေရမည့် ဇာတ်ညွှန်းမှ လွတ်မြောက်ရန်အတွက် ထိုအရာတစ်ခုတည်းကိုသာ အားကိုးရန်မှာ အလွန်ခက်ခဲလွန်းသည်ဟု သူ ခံစားရပေ၏။

ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် ချန်ချင်းသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ ဇာတ်လိုက်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန် နောက်ထပ် နှစ်ဆယ့်ကိုးနှစ် ကျန်သေးသဖြင့် ဇာတ်လိုက်နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် စနစ်ထံမှ အကျိုးအမြတ်များ ပို၍ထုတ်ယူနိုင်ရန် ဤအမျိုးသမီးကို ဦးစွာအသုံးချရမည်။ တခြားကိစ္စများကို အင်အားတောင့်တင်းလာပြီးနောက်မှ သူ စဉ်းစားပေမည်။

ဝတ္ထုဝါသနာရှင်တစ်ဦးအနေဖြင့် ရှန်းရှကမ္ဘာ၏ နိယာမဖြစ်သောအင်အားသည်သာ အရာရာဖြစ်သည် ဆိုသည့်အချက်ကို တခြားသူများထက် သူ ပို၍နားလည်ထားသည်ဟု ချန်ချင်း ယုံကြည်ထားလေ၏။ သူ၏အတွေးများ လွင့်မျောနေစဉ်မှာပင် အိပ်ချင်နေချိန် ခေါင်းအုံးလာပေးသည်ဆိုသည့် အဓိပ္ပာယ်ကို စနစ်က အပြည့်အဝ သက်သေပြလိုက်သည်။

"ပင်မတာဝန် ချမှတ်ထားပါသည်... ကြည့်ရှုလိုပါသလား..."

'ပင်မတာဝန်လား... ကြည့်မယ်...'

စနစ်က သူ့အပေါ်တွင် ယခုတစ်ကြိမ် မည်ကဲ့သို့ အနှောင့်အယှက်များ ပေးလာမည်ကို ချန်ချင်း သိချင်နေခဲ့၏။

"ပင်မတာဝန် ...ရှားချင်းယွဲ့ကို သင့်အပေါ် လိုလိုလားလား အတူနေထိုင်လာစေပြီး လင်မယား ဆက်ဆံရေးကို ပြည့်ဝအောင် လုပ်ဆောင်ပါ..."

လင်မယား ဆက်ဆံရေးကို လိုလိုလားလား ပြည့်ဝအောင် လုပ်ဆောင်ရမည်...

စနစ်သည် သူ့အတွက် တမင်သက်သက် ထောင်ချောက်ဆင်နေသည်ဟု ချန်ချင်း သံသယမဝင်ဘဲ မနေနိုင်တော့ချေ။ ကလေးဘဝ ချစ်သူနှင့် သူရဲကောင်းက အလှမယ်လေးကို ကယ်တင်ခြင်းဆိုသည့် နှစ်ထပ်ကွမ်း ဇာတ်ကွက်များအပြင် ဇာတ်လိုက်၏အရှိန်အဝါများလည်း ရှိနေသဖြင့် ကံကြမ္မာ ဇာတ်လိုက်မ ဖြစ်သော ရှားချင်းယွဲ့က သူနှင့် လိုလိုလားလား လက်ထပ်ပြီး လင်မယား ဆက်ဆံရေးကို ပြည့်ဝအောင် လုပ်ဆောင်လာလိမ့်မည်ဆိုသည်ကို ချန်ချင်း လုံးလုံးလျားလျား စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။

ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ပင်မတာဝန်သာ ဖြစ်ပေ၏။ ပင်မတာဝန် ရှိနေသဖြင့် ချန်ချင်း၏ အမြင်တွင် အရန်တာဝန်များလည်း သေချာပေါက် ရှိနေရပေမည်။ သို့ရာတွင် ချန်ချင်းသည် ထပ်မံ၍ မလေ့လာရ သို့မဟုတ် မစဉ်းစားရသေးမီမှာပင် ပင်မတာဝန်၏ဆုလာဘ်သည် သူ၏စိတ်အာရုံကို ပြင်းထန်စွာ ဖမ်းစားသွားခဲ့သည်။

"ပင်မတာဝန် ပြီးမြောက်ခြင်း ဆုလာဘ်...ဧကရာဇ်အဆင့် ကျင့်ကြံခြင်းကို ရရှိနိုင်တယ်..."

.... **

All Chapters